အခန်း (၂၁၁၆)
Vol. 152 Ch. 2116
“ကျန်းချန်”
နတ်ဆိုးတားမြစ်နယ်မြေထဲကနေ ပျံသန်း၍ ထွက်လာသည့် ပုံရိပ်ကို မြင်လျှင် ဟွမ်ရှ၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ယခုလိုအချိန်တွင် ကျန်းချန်သည် နတ်ဆိုးတားမြစ်နယ်မြေထဲကနေ ထွက်လာလိမ့်မည်ဟု သူ အမှန်တကယ် မမျှော်လင့်ထားခဲ့ပေ။
ဤပုံအတိုင်းဆိုလျှင် ကျန်းချန်ကို နတ်ဆိုးတားမြစ်နယ်မြေတွင် ပိတ်လှောင်ထားမည့် သူ၏ အကြံအစည်သည် အကောင်အထည်ဖော်ရန် မဖြစ်နိုင်တော့ချေ။
“ဒီကောင်လေး နောက်ဆုံးတော့ ထွက်လာပြီပဲ”
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ကျီရွမ်ရီ၏ စိုးရိမ်ပူပန်နေသော စိတ်များသည် အနည်းငယ် လျော့ပါးသွားခဲ့သည်။
ယခုအခါတွင် ဟောင်ထျန်းဓားဂိုဏ်း၏ ဘိုးဘေးကပါ ပြောဆိုလာပြီ ဖြစ်ရာ ကျန်းချန်သာ နတ်ဆိုးတားမြစ်နယ်မြေကနေ ထွက်မလာခဲ့လျှင် ကျိရှောင်နတ်ဘုရင်တို့ စည်းတံဆိပ်အားဖြည့်သည်ကို သူ မည်သို့မှ တားနိုင်တော့မည် မဟုတ်ပေ။
ကျန်းချန် ပေါ်လာသည်ကိုမြင်လျှင် ကျိရှောင်နတ်ဘုရင်သည် အချိန်ထပ်မဖြုန်းတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။
“အားလုံးပဲ အစီအရင်ကို အသက်သွင်းဖို့ ပြင်ကြစို့”
ထိုစကားကို ကြားလိုက်ပြီးနောက်တွင် လူတိုင်းသည် သူတို့၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို ဒြပ်စင်ငါးပါး ကောင်းကင်တားမြစ် အစီအရင်ထဲသို့ တညီတညွတ်တည်း ထည့်သွင်းလိုက်ကြသည်။
“ဝုန်း..”
ဒြပ်စင်ငါးပါး ကောင်းကင် တားမြစ်အစီအရင်ကနေ တောက်ပသော နတ်အလင်းတန်း တစ်ခုသည် တစ်ခဏအတွင်းမှာပင် ပွင့်ထွက်လာခဲ့သည်။
ထိုနတ်အလင်းတန်းများသည် လေထဲတွင် ဆက်တိုက်ဆိုသလို လှည့်ပတ်နေခဲ့ပြီး အဆုံးသတ်တွင် အားကောင်းသော စည်းတံဆိပ်စွမ်းအား အဖြစ် ပြောင်းလဲကာ နတ်ဆိုးတားမြစ်နယ်မြေ၏ အထက်ရှိ ဟင်းလင်းပြင်ထဲသို့ ပေါင်းစပ်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ပျက်ပြယ်ကာနီးပြီ ဖြစ်သော စည်းတံဆိပ်၏ စွမ်းအားသည် ပြန်လည် တည်ငြိမ်သွားခဲ့၏။
“ဂိုဏ်းချုပ်ကျိရှောင်.. စည်းတံဆိပ်ကို အားဖြည့်တာ ပြီးသွားပြီဆိုတော့ ငါထွက်သွားတော့မယ်”
စည်းတံဆိပ်ကို အားဖြည့်ရန်အတွက် ဒြပ်စင်ငါးပါး ကောင်းကင်တားမြစ် အစီအရင်ကို အသက်သွင်းပြီးနောက်တွင် ဟွမ်ရှသည် ကျန်းချန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက်တွင် ဤနေရာ၌ ဆက်လက် မနေတော့ဘဲ အနက်ရောင်အလင်းတန်း အဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။
ဝိညာဥ်နန်းတော်နှင့် ကျန်းချန်တို့၏ကြားတွင် ရန်ငြိုးများ ရှိနေသည်ကို ကျိရှောင်နတ်ဘုရင်ကလည်း ကောင်းစွာသိထားခဲ့သည်။
အကယ်၍ ဟွမ်ရှသာ ဤနေရာတွင် ဆက်လက် ရှိနေမည်ဆိုလျှင် ကျန်းချန်နှင့် ပြဿနာ ဖြစ်နိုင်ခြေ အလွန်များ၍ သူကလည်း သဘာဝကျစွာပင် မတားဆီးခဲ့ပေ။
ကျိရှောင် နတ်ဘုရင်က ခေါင်းခါရမ်းလိုက်ပြီး နံဘေးတွင် ရှိသည့် ကျန်းချန်ကို ကြည့်ကာ အလေးအနက် မေးလိုက်သည်။
“နတ်ဘုရားသားတော်ကျန်း.. နတ်ဆိုးတားမြစ်နယ်မြေထဲမှာ အခြေအနေဘယ်လိုရှိလဲ”
သူတို့က စည်းတံဆိပ်ကို အားဖြည့်ဖို့ အတွက် ဒြပ်စင်ငါးပါးကောင်းကင်းတားမြစ်အစီအရင်ကို အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့သော်လည်း ယင်းသည် နတ်ဆိုးတားမြစ် နယ်မြေ၏ ခြိမ်းခြောက်မှုကနေ လုံးဝ လွတ်ကင်းသွားပြီဟု မဆိုလိုပေ။
ဤအတွက်ကြောင့် ကျိရှောင်နတ်ဘုရင်သည် နတ်ဆိုးတားမြစ်နယ်မြေ၏ အခြေအနေကို သိချင်နေခဲ့၏။
အခြေအနေကို ကြိုသိထားလျှင် အနာဂတ်တွင် ထပ်မံ၍ အပြောင်းအလဲများ ရှိလာလျှင်ပင် သူ့အနေဖြင့် အလောတကြီး ဖြစ်စရာမလိုတော့ပေ။
“ဂိုဏ်းချုပ်ကျိရှောင်.. လတ်တလောတော့ နတ်ဆိုးတားမြစ်နယ်မြေရဲ့ အခြေအနေက စိတ်ချထားလို့ရပါပြီ.. နတ်ဆိုးတားမြစ်နယ်မြေထဲမှာ ဟင်းလင်းပြင်နတ်ဆိုး အနည်းငယ်လောက်ပဲ ရှိတော့တယ်.. သူတို့ရဲ့ခေါင်းဆောင်က ပထမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားတစ်ပါးပဲ.. သူက ဟောင်ထျန်းဓားဂိုဏ်းကို ဘယ်လို ခြိမ်းခြောက်မှုမှ မပေးနိုင်ဘူး.. ဒါ့အပြင် ထာဝရဟင်းလင်းပြင်နဲ့ ချိတ်ဆက်ထားတဲ့လမ်းကြောင်းမှာလည်း ပြဿနာအချို့ ရှိနေတဲ့ အတွက် အချိန်တိုအတွင်းမှာ သူတို့တွေ အလုံးအရင်းနဲ့ ဝင်လာနိုင်ဦးမှာမဟုတ်ဘူး”
ကျန်းချန်က ပြုံး၍ ရှင်းပြလိုက်သည်။
သူက ကျိရှောင်နတ်ဘုရင်ကို နတ်ဆိုးတားမြစ်နယ်မြေ ထဲရှိ အခြေအနေ တချို့ကိုသာ ရှင်းပြခဲ့ပြီး သူကိုယ်တိုင် အထဲတွင် မည်သည့်အရာများ လုပ်ဆောင်ခဲ့သည်ကို အကုန်အစင် မပြောပြခဲ့ပေ။
ထိုစကားကို ကြားလိုက်ရလျှင် ကျိရှောင်နတ်ဘုရင်သည် စိတ်အေးသွားခဲ့ပြီး သက်ပြင်းချလိုက်သည်။
ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုသာ အလုံးအရင်းနှင့် မလာသရွေ့ တားမြစ်နယ်မြေထဲတွင် ကျန်ရှိနေသည့် နတ်ဆိုးများသည် အားဖြည့်ထားသော စည်းတံဆိပ်ကို ဖျက်ဆီးဖို့ ခက်ခဲပေလိမ့်မည် မဟုတ်ပါလော။
အနည်းဆုံးတော့ အချိန်ကာလတစ်ခုအထိ နတ်ဆိုးတားမြစ်နယ်မြေထဲတွင် မည်သည့်ပြဿနာမှ ရှိလာနိုင်မည်မဟုတ်ပေ။
စည်းတံဆိပ်ကို အားဖြည့်သော ကိစ္စပြီးသွားပြီးနောက်တွင် ကျီရွမ်ရီနှင့် တခြားသူများသည် ဟောင်ထျန်းဓားဂိုဏ်းတွင် ဆက်လက်မနေတော့ဘဲ ကျိရှောင်နတ်ဘုရင်ကို နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့ကြသည်။
ကျီရွမ်ရီသည် ထွက်မသွားခင် ကျီမျိုးနွယ်စု ဆီသို့ ကျန်းချန်ကို ဖိတ်ခေါ်ခဲ့သော်လည်း ကျန်းချန်သည် လိုက်မသွားခဲ့ပေ။
အဆုံးသတ်တွင် ကျီမျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်၏ အင်အားအကြီးဆုံး လူသားမျိုးနွယ်စု ဖြစ်သည့် လူသားဧကရာဇ်နန်းတော်မှ ဖြစ်ပြီး လူသားဧကရာဇ်နန်းတော်၏ တော်ဝင်မိသားစု ဖြစ်သည့် ကျန်းမျိုးနွယ်စုနှင့် ကြားတွင် မကျေလည်သည့် ပြဿနာအချို့ ရှိခဲ့ပုံရသည်။
အကယ်၍ သူသာ ကျီမျိုးနွယ်စုဆီကို သွားမည်ဆိုလျှင် လူသားဧကရာဇ်နန်းတော်၏ မျက်စိအောက်သို့ မကြာခင်မှာပင် ရောက်ရှိသွားနိုင်ပေသည်။
အကယ်၍ လူသားဧကရာဇ်နန်းတော်သာ သူ၏ တည်ရှိမှုကို သိသွားခဲ့လျှင် သူ့အတွက် အဆုံးမရှိသော ဒုက္ခများ ဖြစ်လာနိုင်သည်ဟု ကျန်းချန် ခံစားမိခဲ့၏။
ထို့ကြောင့်လည်း ကျန်းချန်သည် ကျီမျိုးနွယ်စုကို အလောတကြီး လိုက်မသွားခဲ့ခြင်းပင်။
သူက ဟောင်ထျန်းဓားဂိုဏ်းတွင် ဆက်လက် ကျင့်ကြံရန် ရည်ရွယ်ထားခဲ့ပြီး ဟောင်ထျန်းဓားဂိုဏ်း၏ သူတော်စင်နယ်မြေရှိ ဓားလမ်းစဥ်စွမ်းအားကို အသုံးချကာ ကောင်းကင်အရှင်အဆင့်ကို အမြန်ဆုံး ထိုးဖောက်ရန် ဆုံးဖြတ်ထားခဲ့သည်။
ထိုအချိန်သို့ရောက်လျှင် နတ်ဘုရင် စတုတ္ထအဆင့်အောက်တွင် မည်သူကမှ သူ့ကို ခြိမ်းခြောက်နိုင်တော့မည်မဟုတ်ပေ။
ဟွမ်ရှက ဟောင်ထျန်းဓားဂိုဏ်းကနေ ဝိညာဥ်နန်းတော်ဆီသို့ ပြန်ရောက်လာပြီးနောက်တွင် အနက်ရောင်ပုံရိပ် တစ်ခုသည် သူ၏ရှေ့တွင် တစ္ဆေတစ်ကောင် ကဲ့သို့ ရိပ်ခနဲ ပေါ်လာခဲ့သည်။
“နန်းတော်သခင်.. နန်းတော်သခင် စုံစမ်းခိုင်းထားတဲ့ကိစ္စအတွက် သတင်းရပါပြီ”
ထိုစကားကို ကြားလျှင် ဟွမ်ရှ၏ မျက်ဝန်းထဲတွင် အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားခဲ့ပြီး သူ၏ ရှေ့မှ အနက်ရောင်ပုံရိပ်ကို ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။
“အဲဒီကောင်လေးက တကယ်ပဲ လူသားဧကရာဇ်နန်းတော်နဲ့ ပတ်သက်မှု ရှိနေတာလား”
အနက်ရောင်ပုံရိပ်က ပြန်ဖြေလိုက်သည်။
“သူနဲ့ လူသားဧကရာဇ်နန်းတော် ပတ်သက်မှု ရှိ၊မရှိတော့ လောလောဆယ် မရှင်းလင်းသေးဘူး.. ဒါပေမဲ့ ကျွန်တော်တို့ အလယ်ပိုင်းဒေသမှာ အဲဒီကောင်လေး အကြောင်းကို စုံစမ်းရင်း တခြားကိစ္စတစ်ခုကိုပါ သိလာခဲ့ရတယ်.. အဲဒီကောင်လေးက ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုက ဖမ်းဝရမ်းထုတ်ခံထားရတဲ့သူပဲ”
“ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စုရဲ့ ဖမ်းဝရမ်းထုတ်ခြင်းကို ခံရတဲ့သူလား”
ဟွမ်ရှ၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်တွင် ထိပ်တန်းအဆင့် သတ်မှတ်ခံထားရသည့် ရှေးဟောင်းမျိုးနွယ်စုကြီး ဖြစ်ပြီး ၎င်းတို့၏ အင်အားသည် လူသားဧကရာဇ်နန်းတော်ထက် များစွာ မနိမ့်ကျပေ။
အကယ်၍ ကျန်းချန်သာ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု အလိုရှိနေသည့်သူ အမှန်တကယ်ဖြစ်မည်ဆိုလျှင် ကျန်းချန်က လူသားဧကရာဇ်နန်းတော်နှင့် ပတ်သက်မှု ရှိမရှိ ဆိုသည်မှာ သိပ်အရေးမကြီးတော့ပေ။
သူတို့က ကျန်းချန်ကို ဖမ်းပြီး ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုနှင့် ဆက်ဆံရေး တည်ဆောက်ထားသ၍ လူသားဧကရာဇ်နန်းတော် ဖြစ်နေလျှင်ပင် ဝိညာဥ်နန်းတော်ကို ဘာမျှ လုပ်နိုင်တော့မည် မဟုတ်ချေ။
“ဒီကိစ္စက အရမ်းအရေးကြီးတယ်.. အဲဒီကောင်လေးက ရှေးဟောင်းသူတော်စင်နဂါးမျိုးနွယ်စုရဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့သူ ဆိုတာ သေချာရဲ့လား”
ဟွမ်ရှက သက်ပြင်းရှည်ကိုချလိုက်ပြီးနောက်တွင် အနက်ရောင်ပုံရိပ်ကို ကြည့်ကာ လေးနက်စွာ မေးလိုက်သည်။
အနက်ရောင်ပုံရိပ်က ဟွမ်ရှ၏ မေးခွန်းကို ပြန်ဖြေလိုက်၏။
“ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စုက မြင့်မားတဲ့ ဆုကြေးငွေနဲ့ အမှန်တကယ်ပဲ ကျန်းချန်ကို ဖမ်းမိန့်ထုတ်ထားတာပါ.. ဒါ့အပြင် ကျန်းချန်က အလယ်ပိုင်းဒေသရဲ့ အလိုရှိသူစာရင်းထဲမှာလည်း ပါဝင်နေပါတယ်”
“ကောင်းပြီ.. ဒါဆို ငါဘိုးဘေးကို သွားတွေ့လိုက်ဦးမယ်.. ဝိညာဥ်နန်းတော်မှာရှိတဲ့ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူအားလုံးကို အချိန်မရွေး အသင့်ပြင်ထားဖို့ အသိပေးထားလိုက်”
ဟွမ်ရှက စကားဆုံးသည်နှင့် မိုင်ပေါင်းထောင်ချီနေရာလွတ်ကို ဖြတ်ကျော်ကာ အနက်ရောင်မြူခိုးများ ဖုံးလွှမ်းနေသည့် တောင်တစ်လုံး ဆီသို့ ရောက်ရှိသွားခဲ့သည်။
သူက တောင်အတွင်းပိုင်းကို တရိုတသေကြည့်ကာ ပြောလိုက်၏။
“ကျန်းချန်ရဲ့ အထောက်အထားနဲ့ ပတ်သက်ပြီး ဘိုးဘေးကို တင်ပြစရာရှိပါတယ်”
ထို့နောက်တွင် ဟွမ်ရှသည် သူ ရရှိထားသော သတင်းများကို ဖုံးကွယ်မထားဘဲ ပြောပြလိုက်သည်။
“ဝုန်း..”
ဤအချိန်တွင် မိုင်ပေါင်းထောင်ချီ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီးသည် လုံးဝ တိတ်ဆိတ်သွားခဲ့ပြီး နေ့ခင်းဘက်ကြီးကနေ ရုတ်တရက် မှောင်အတိ ကျသွားခဲ့၏။
ဟွမ်ရှ၏ စကားအဆုံးတွင် ခန့်ညားထည်ဝါသော ဝိညာဥ်လမ်းစဥ် စွမ်းအားသည် တောင်ထဲကနေ ရုတ်တရက် ပွင့်ထွက်လာခဲ့ပြီး လေထုထဲတွင် အဆက်မပြတ် ပေါက်ကွဲသွားခဲ့သည်။
မကြာမီမှာပင် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသည် တောင်ထဲကနေ ဖြည်းညင်းစွာ လမ်းလျှောက်၍ ထွက်လာခဲ့သည်။
ထိုအဘိုးအိုမှာ တခြားသူ မဟုတ်ပေ။
ဝိညာဥ်နန်းတော်၏ ဘိုးဘေး ဖြစ်သည့် လီဆွန်းနတ်ဘုရင် ဖြစ်ပြီး အရှေ့ပိုင်းဒေသ၏ နတ်ဘုရင် တတိယအဆင့် ကျင့်ကြံသူအနည်းငယ်ထဲမှ တစ်ယောက်လည်း ဖြစ်သည်။
လီဆွန်းနတ်ဘုရင်က တောင်အောက်တွင် ရှိနေသည့် ဟွမ်ရှကို အေးစက်စက် မျက်နှာထားဖြင့် ကြည့်ကာမေးလိုက်၏။
“အဲဒီ ကျန်းချန် ဆိုတဲ့ကောင်လေး အခုဘယ်မှာလဲ”
သူက ဝိညာဥ်နန်းတော်၏ ဆန်းကြယ်သော နည်းလမ်းကို အသုံးပြုကာ သူ၏ ဝိညာဥ်ကို ခွဲထုတ်၍ ပြန်လည် မွေးဖွားစေခဲ့သည်။
ထို ပြန်လည် မွေးဖွားလာသော ဝိညာဥ် ပြန်လည် ကြီးထွားလာသောအခါတွင် ဝါးမျိုလိုက်ခြင်းအားဖြင့် သူ၏ စွမ်းအားကို တိုးမြှင့်နိုင်လိမ့်မည် ဖြစ်၏။
သို့သော်လည်း ပြန်လည် မွေးဖွားလာသော ဝိညာဥ်သည် ကျန်းချန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်ရာ သူ၏ အစီအစဥ်များသည် သဲထဲရေသွန် ဖြစ်သွားခဲ့ရသည်။
ယခု ကျန်းချန်ကို ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုက အလိုရှိနေမှန်း သိလိုက်ရပြီ ဖြစ်၍ လီဆွန်းနတ်ဘုရင်သည် ကျန်းချန်ကို မည်သည့်နည်းနှင့်မဆို ဖမ်းဆီးရန် ဆုံးဖြတ်လိုက်တော့သည်။
အချိန်တန်လျှင် ကျန်းချန်ကို ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုဆီ ဖမ်းခေါ်သွားပြီး အကျိုးအမြတ်အချို့ ရယူကာ သူ၏ ကျင့်စဥ်အဆင့်ကို သေချာပေါက် တိုးတက်အောင် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပါလား။
ဟွမ်ရှက ခပ်သွက်သွက် ပြန်ဖြေလိုက်သည်။
“ဘိုးဘေး.. အဲဒီကောင်လေးက လတ်တလောတော့ ဟောင်ထျန်းဓားဂိုဏ်းမှာပဲ ကျင့်ကြံနေတယ်.. ဟောင်ထျန်းဓားဂိုဏ်းကနေ အချိန်တိုအတွင်းတော့ ထွက်လာမဲ့ပုံ မရဘူး”
“ဒီလိုဆိုရင်လည်း ငါကိုယ်တိုင် ဟောင်ထျန်းဓားဂိုဏ်းကို သွားပြီး လူတောင်းရသေးတာပေါ့”
စကားဆုံးသည်နှင့် လီဆွန်းနတ်ဘုရင်က ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ရာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် တစ်ခဏအတွင်းမှာပင် ကောင်းကင်ယံထဲ တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။
အခန်း(၂၁၁၆)ပြီး၏။