← Chapters

အခန်း (၂၁၁၈)

Vol. 152 Ch. 2118

အခန်း (၂၁၁၈)

Vol. 152 Ch. 2118

ကူရွှယ်သောင်းသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းနှင့် ပတ်သက်သော ကိစ္စတော်တော်များများကို စီမံခန့်ခွဲပြီးနောက်တွင် သူ၏ အင်အားကို မြှင့်တင်ရန်အတွက် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ရှေးဘိုးဘေးများ ဥာဏ်အလင်းပွင့်ခဲ့သည့် သူတော်စင်နယ်မြေသို့ ရောက်လာခဲ့သည်။

နတ်ဘုရင်ကူစန်း ကွယ်လွန်သွားပြီးကတည်းကပင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အင်အားသည် အကြီးအကျယ် အားနည်းသွားခဲ့သည်။

ဤသည်မှာ ဂိုဏ်းတည်ထောင်စဥ် ကတည်းက နတ်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ယောက်မှ မရှိတော့သည့် ပထမဆုံး အကြိမ်လည်း ဖြစ်သည်။

ဆိုရလျှင် လက်ရှိအချိန်တွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို နတ်ဘုရင် အင်အားစုဟုပင် ခေါ်ဆို၍ မရတော့ပေ။

အကယ်၍ ထိုနေ့က ဂိုဏ်းချုပ်တင်မြှောက်ပွဲ အခမ်းအနားတွင် ကျန်းချန်သာ နတ်ဘုရင်ကူစန်းနှင့် တိုက်ခိုက်ပြီး နတ်ဘုရင်အဆင့်နှင့် ယှဥ်နိုင်သော စွမ်းရည်အား မပြသခဲ့လျှင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် လက်ရှိ အနေအထားကိုပင် ထိန်းထားနိုင်မည် မဟုတ်ချေ။

အဆုံးသတ်တွင် ရှေး‌ဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ထိန်းချုပ်မှုအောက်ရှိ မိုင်ပေါင်းသန်းချီ နယ်မြေအတွင်း၌ အစွမ်းထက်အင်အားစု အများအပြား ရှိနေသေးသည်။

ဥပမာအားဖြင့် ချင်းယဲ့ဂိုဏ်း ဆိုလျှင် ၎င်းတို့၏ သမိုင်းကြောင်းသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းထက်ပင် ပို၍ ရှည်လျားပြီး ဤနယ်မြေ၏ အရှင်သခင်ပင် ဖြစ်ခဲ့ဖူးသည်။

နောက်ပိုင်းတွင် ချင်းယဲ့ဂိုဏ်းသည် တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ပြီး နတ်ဘုရင်အသစ် တစ်ယောက် မွေးထုတ်ပေးနိုင်ခဲ့သည့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် ချင်းယဲ့ဂိုဏ်း၏ နေရာတွင် အစားထိုး ဝင်ရောက်ကာ နယ်မြေ၏ အရှင်သခင်ဖြစ်လာခဲ့သည်။

သို့ရာတွင် ချင်းယဲ့ဂိုဏ်းက ဆုတ်ယုတ်နေသည် ဆိုသော်လည်း ဆင်ပိန်လျှင် ကျွဲလောက်တော့ ကျန်ပါသေးသည် ဟူသော စကားအတိုင်းပင် ယနေ့ခေတ်တွင် ချင်းယဲ့ဂိုဏ်းသည် နတ်ဘုရင်အဆင့်၏ အခြေခံအုတ်မြစ်များ ရှိနေဆဲဖြစ်သည့် ထိပ်တန်းအင်အားစု တစ်ခု ဖြစ်နေဆဲပင်။

ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည်လည်း ပြီးခဲ့သည့် နှစ်တွေအတွင်း အကျဘက်ကိုသာ ဦးတည်နေခဲ့သည်။

နတ်ဘုရင်ကူစန်း ကျဆုံးသွားပြီးနောက်တွင် မကြုံစဖူး အနိမ့်ဆုံး အခြေအနေသို့ ရောက်ရှိသွားပြီး ချင်းယဲ့ဂိုဏ်းထက်ပင် သိပ်မသာတော့ပေ။

အကယ်၍ သူသာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အခြေအနေကို တည်ငြိမ်အောင် လုပ်ဆောင်ချင်လျှင် နတ်ဘုရင်အဆင့်ကို အမြန်ဆုံး ရောက်ရှိအောင် ကြိုးစားရလိမ့်မည် ဖြစ်၏။

ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ တစ်ချိန်က အနှိုင်းမဲ့ ပါရမီရှင်တစ်ယောက် အနေဖြင့် ကူရွှယ်သောင်း၏ ပါရမီသည် သံသယဖြစ်စရာ မလိုလောက်အောင်ပင် ကောင်းမွန်သည်။

ထိုအချိန်က ကူရွှယ်သောင်းသည် ကူထျန်းလင်း၏ လုပ်ကြံမှုကို ခံခဲ့ရပြီး ဒဏ်ရာ အပြင်းအထန် ရရှိကာ မဟာမြေရိုင်းနယ်မြေလို ဝေးလံသည့် နယ်မြေအထိ ထွက်ပြေးခဲ့ရသည်။

သို့သော်လည်း သူ၏ အင်အားတိုးတက်မှုသည် ကူထျန်းလင်းထက် သိပ်မနှေးကွေးခဲ့ပေ။

အကယ်၍ သူသာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် ဆက်လက် ရှိနေပြီး ကူထျန်းလင်း ကဲ့သို့ ကျင့်ကြံခြင်းအရင်းအမြစ်များ ခံစားရမည်ဆိုလျှင် ကူထျန်းလင်းသည် သူ၏ အဝေး၌ ပြတ်ကျန်ရစ်ခဲ့မည်မှာ သေချာ၏။

ယခုအခါတွင်မူ ကူရွှယ်သောင်းသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို အုပ်ချုပ်နေပြီ ဖြစ်သောကြောင့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အရင်းအမြစ် အားလုံးကို အသုံးပြုနိုင်နေပြီဖြစ်သည်။

သူ့ကိုသာ အချိန်အနည်းငယ် ပေးမည်ဆိုလျှင် မဟာလမ်းစဥ်ကို နားလည်သဘောပေါက်ပြီး နတ်ဘုရင်အဆင့်ကို ရောက်ရှိနိုင်မည်ဟု ကူရွှယ်သောင်းသည် ယုံကြည်မှု အပြည့် ရှိနေခဲ့သည်။

သူတော်စင်နယ်မြေတွင် ကူရွှယ်သောင်း တိတ်တဆိတ် ကျင့်ကြံနေသည်မှာ အချိန်မည်မျှ ကြာသွားမှန်းပင် မသိတော့ပေ။

မျက်စိမှိတ်၍ ကျင့်ကြံနေသော ကူရွှယ်သောင်းသည် ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံစားမိလိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်သည်။

“လီကျန့်က ငါ့ကို ခေါ်နေပါလား.. ကြည့်ရတာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှာ ကိစ္စကြီးတစ်ခုခု ဖြစ်နေတဲ့ပုံပဲ”

ကူရွှယ်သောင်းသည် အနည်းငယ် မျက်နှာပျက်သွားခဲ့သည်။

ကူရွှယ်သောင်းသည် သူ၏ ကျင့်ကြံမှုကို မည်သူမျှ လာမနှောင့်ယှက်ရန် မှာထားခဲ့ပြီး လီကျန့် လက်ထဲတွင် ရှိသည့် တံဆိပ်ပြားတစ်ခုကသာ သူနှင့် ဆက်သွယ်နိုင်စွမ်း ရှိသည်။

ဆိုရလျှင် အရေးပါသောကိစ္စ မဟုတ်သရွေ့ လီကျန့်သည် သူ့ကို အလွယ်တကူ ဆင့်ခေါ်မည် မဟုတ်ပေ။

ထို့ကြောင့် ကူရွှယ်သောင်းက တွေဝေမနေတော့ပေ။

သူ၏ ပုံရိပ်သည် တစ်ခဏ အတွင်းမှာပင် နေရာမှ ပျောက်ကွယ်သွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် ကူရွှယ်သောင်း၏ပုံရိပ်သည် ရှေးဟောင်းဝိညာဥ်ခန်းမ၏ အစည်းအဝေးခန်းမထဲတွင် ပေါ်လာခဲ့၏။

ခန်းမထဲတွင် လီကျန့်နှင့် ကောင်းကင်အရှင်များ အပါအဝင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အဆင့်မြင့် ပုဂ္ဂိုလ်အများအပြား စုဝေးနေခဲ့ကြသည်။

သူတို့အားလုံး၏ အမူအရာက အလွန်ပင် လေးနက်နေပုံရ၏။

“ဂိုဏ်းချုပ်”

ကူရွှယ်သောင်း ပေါ်လာသည်ကိုမြင်သည်နှင့် အားလုံးက အလျင်အမြန်ပင် နှုတ်ဆက်လိုက်ကြသည်။

ကူရွှယ်သောင်းက ခေါင်းညိတ်ပြလိုက်ပြီး လူတိုင်းကို ဝေ့ကြည့်လိုက်သည်။

“ငါ့ကို ပြောပြပါ.. ဘယ်လို အရေးကြီးကိစ္စများ ရှိနေလို့လဲ”

ကူရွှယ်သောင်းက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“ဂိုဏ်းချုပ်.. ချင်းယဲ့ဂိုဏ်းက မကြာသေးခင်ကပဲ ရှေးဟောင်းနတ်ဝိညာဥ်မြို့တော်မှာ ကျင့်ကြံသူ အများအပြားကို စုစည်းနေတယ်.. ဒါက တော်တော်လေးကို ထူးဆန်းနေတယ်.. ကျွန်တော် ခန့်မှန်းတာ မမှားဘူးဆိုရင် သူတို့တွေက ကျွန်တော်တို့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို လာတိုက်တော့မဲ့ပုံပဲ”

ထိုစကားကို ကြားလျှင် ကူရွှယ်သောင်းသည် ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

“ငါ ခန့်မှန်းတာမမှားရင် ချင်းယဲ့ဂိုဏ်းကို အကူအညီပေးနေတဲ့သူ သေချာပေါက်ရှိရမယ်.. အ‌ရှေ့ဘက်ဒေသရဲ့ ဘယ်အင်အားစုကြီးကများ ချင်းယဲ့ဂိုဏ်းကို အကူအညီ ပေးလိုက်သလဲ မသိဘူး”

နတ်ဘုရင်ကူစန်း ကျဆုံးသွားပြီးနောက်တွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် နတ်ဘုရင်အဆင့် ကျင့်ကြံသူ မရှိတော့သော်လည်း ကျန်းချန် ဟူသည့် နတ်ဘုရင်ကိုပင် ယှဥ်နိုင်သော ပါရမီရှင်တစ်ယောက် ရှိသောကြောင့် ပတ်ဝန်းကျင်ရှိ အင်အားစုအားလုံးကို ခြောက်လှန့်ရန် လုံလောက်ခဲ့သည်။

ချင်းယဲ့ဂိုဏ်း၏ အင်အားက အားမနည်းသော်လည်း အကူအညီပေးမည့်သူ မရှိဘဲ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို အလွယ်တကူ တိုက်ခိုက်ဝံ့မည် မဟုတ်ပေ။

ထို့အပြင် အကူအညီပေးမည့်သူသည် ကျန်းချန်ကို ရင်ဆိုင်နိုင်သည့် စွမ်းရည် ရှိရပေမည်။

ကျန်းချန်ကို ရင်ဆိုင်နိုင်ဖို့ဆိုလျှင် အနည်းဆုံး နတ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်ကို စေလွှတ်ရလိမ့်မည် ဖြစ်၏။

အရှေ့ဘက်ဒေသ တစ်ခုလုံးတွင် နတ်ဘုရင်အဆင့်ကို စေလွှတ်နိုင်သည့် နတ်ဘုရင် အင်အားစုကြီး လေးခုသာ ရှိသည်။

ထိုအချိန်တွင် လီကျန့်က ဝင်ပြောလိုက်သည်။

“အစ်ကိုကူ ကျွန်တော် စုံစမ်းရသလောက်ဆိုရင် သူတို့ကို အကူအညီပေးနေတာ ဝိညာဥ်နန်းတော်ပဲ ဖြစ်ရမယ်.. ဝိညာဥ်နန်းတော်ရဲ့ဘိုးဘေးနဲ့ နန်းတော်သခင် ဟွမ်ရှတို့က ရှေးဟောင်းနတ်ဝိညာဥ်မြို့တော်ဆီကို ရောက်နေကြပြီ”

“လက်စသတ်တော့ ဝိညာဥ်နန်းတော်ရဲ့ လက်ချက်ကိုး”

လီကျန့်ဆီမှ စကားကိုကြားပြီးနောက်တွင် ကူရွှယ်သောင်း၏ မျက်နှာ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

အရှေ့ဘက်ဒေသတွင် နတ်ဘုရင်အင်အားစုငါးစု ရှိသည့်အနက် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် အမြဲတစေ အင်အားအနည်းဆုံး ဖြစ်ခဲ့ပြီး ထိုအထဲတွင် ဟောင်ထျန်းဓားဂိုဏ်းသည် ပထမနေရာတွင် ရှိခဲ့သည်။

ကျန်ရှိသည့် အင်အားစု သုံးစုကမူ အင်အားချင်း အတူတူလောက်သာ ဖြစ်၏။

ထိုအင်အားစု သုံးစုထဲတွင် ဝိညာဥ်လမ်းစဥ်ကို အထူးကျင့်ကြံသည့် ဝိညာဥ်နန်းတော်သည် ရင်ဆိုင်ရ အခက်ခဲဆုံး ဖြစ်သည်။

ဆိုရလျှင် ဝိညာဥ်နန်းတော်သည် ဟောင်ထျန်းဓားဂိုဏ်း ပြီးလျှင် အရှေ့ဘက်ဒေသတွင် ကြောက်စရာအကောင်းဆုံး အင်အားစုလည်း ဖြစ်၏။

ချင်းယဲ့ဂိုဏ်း၏ နောက်ကွယ်မှ လူက ဝိညာဥ်နန်းတော် ဖြစ်နေလိမ့်မည်ဟု ကူရွှယ်သောင်း လုံးဝ မမျှော်လင့်ထားပေ။

“ဂိုဏ်းချုပ်.. ဝိညာဥ်နန်းတော်ရဲ့ နတ်ဘုရင်အဆင့် ကျင့်ကြံသူကို ကျန်းချန်တစ်ယောက်ပဲ ရင်ဆိုင်နိုင်လိမ့်မယ်.. ကျန်းချန်ကို ဂိုဏ်းဆီ အမြန်ဆုံး ပြန်ခေါ်လိုက်ပါ.. မဟုတ်ရင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းအတွက် တကယ်ပဲ အန္တရာယ် ရှိလာလိမ့်မယ်”

ကောင်းကင်အရှင် တစ်ပါးက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက အင်အားမသေးသော်လည်း ဝိညာဥ်နန်းတော်၏ ထောက်ပံ့မှုကို ရရှိထားသည့် ချင်းယဲ့ဂိုဏ်းနှင့် ရင်ဆိုင်ရန်မှာမူ အတော်လေး ခက်ခဲပေလိမ့်မည်။

ကောင်းကင်အရှင်၏ စကားကို ကြားလိုက်ရသော်လည်း ကူရွှယ်သောင်းသည် ဘာမှ ပြန်မပြောခဲ့ပေ။

ဝိညာဥ်နန်းတော်မှ နတ်ဘုရင်နှစ်ပါး ရှေးဟောင်းဝိညာဥ်နတ်မြို့တော်သို့ ရောက်လာခြင်းသည် ချင်းယဲ့ဂိုဏ်းကို အကူအညီပေးပြီး ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို ဖျက်ဆီးရန် ဖြစ်သည်မှာ ထင်ရှား၏။

ကျန်းချန်က နတ်ဘုရင်အဆင့် ကျင့်ကြံသူနှင့် ယှဥ်နိုင်သော်လည်း နှစ်ယောက် တစ်ယောက် တိုက်ဖို့ ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။

အထူးသဖြင့် ဝိညာဥ်နန်းတော်၏ ဘိုးဘေး ဖြစ်သည့် လီဆွန်းနတ်ဘုရင်သည် အရှေ့ဘက်ဒေသ၏ အစွမ်းအထက်ဆုံးကျင့်ကြံသူ အနည်းငယ်ထဲမှ တစ်ဦး ဖြစ်ပြီး သာမန် နတ်ဘုရင်များ ယှဥ်နိုင်ရန် ခက်ခဲသည်။

ထို့ကြောင့် ကျန်းချန်က ရှေးဟောင်း ဝိညာဥ်နတ်ဂိုဏ်းကို ပြန်လာလျှင်ပင် ရလဒ်ကို ပြောင်းလဲနိုင်မည် မဟုတ်လောက်ချေ။

ကျန်းချန်ကို ပြန်ခေါ်ကာ အသေခံခိုင်းမည့် အစား ကျန်းချန်ကို အပြင်မှာသာ ဆက်လက် အသက်ရှင်ခွင့်ပေးလိုက်သည်ကို ပို၍ ကောင်းမွန်မည် မဟုတ်ပါလော။

ကျန်းချန်သည် သူ၏ တပည့်ဖြစ်သလို ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နတ်ဘုရားသားတော်လည်း ဖြစ်သည်။

ထို့ကြောင့် ကျန်းချန် မသေသရွေ့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် ပျက်စီးမည် မဟုတ်ပေ။

ထို့အပြင် ကျန်းချန်သည် တစ်နေ့နေ့တွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို မကြုံစဖူး အမြင့်ဆုံးနေရာ အထိ ပို့ဆောင်ပေးနိုင်လိမ့်မည်ဟု သူ ယုံကြည်ခဲ့၏။

“ကျန်းချန်ကို ပြန်ခေါ်မဲ့ ကိစ္စကိုတော့ ပြီးမှပဲ ထပ်ဆွေးနွေးကြတာပေါ့”

ကူရွှယ်သောင်းက လက်တစ်ဖက်ကို ဝှေ့ယမ်း၍ ပြောလိုက်သည်။

“ဝိညာဥ်နန်းတော်က ချင်းယဲ့ဂိုဏ်းကို ရုတ်တရက် အကူအညီပေးတာ တစ်ခုခုတော့ မူမမှန်သလိုပဲ.. ဘာကြောင့် အကူအညီပေးရသလဲ ဆိုတာကို စုံစမ်းပြီး ဝိညာဥ်နန်းတော်ကို ဒီကိစ္စမှာ ဝင်မပါအောင် လုပ်နိုင်ရင် ချင်းယဲ့ဂိုဏ်းက ငါတို့ကို ဘာမှမလုပ်နိုင်ပါဘူး”

ယခုအချိန်တွင် အရေးအကြီးဆုံးမှာ ဝိညာဥ်နန်းတော်သည် ချင်းယဲ့ဂိုဏ်းကို အဘယ်ကြောင့် အကူအညီပေးရသလဲ သိရှိရန် ဖြစ်သည်။

ဝိညာဥ်နန်းတော်သာ မကူညီလျှင် ချင်းယဲ့ဂိုဏ်းသည် သူတို့ကို ဘာမှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

အကယ်၍သာ ဝိညာဥ်နန်းတော်ကို မတားမြစ်နိုင်လျှင် ကျန်းချန်ကို ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသို့ ပြန်ခေါ်သည့်တိုင် ရှေးဟောင်း ဝိညာဥ်နတ်ဂိုဏ်းသည် ရှုံးနိမ့်နေဦးမည်သာ ဖြစ်သည်။

ထိုသို့ ကူရွှယ်သောင်းနှင့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ အကြီးအကဲများ ဆွေးနွေးနေကြစဥ်မှာပင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အထက် ကောင်းကင်ယံတွင် ကျယ်လောင်သော အသံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်လာခဲ့၏။

“ဂိုဏ်းချုပ်ကူ ချင်းယဲ့ဂိုဏ်းက ယဲ့ချင်းလန်က လာရောက်လည်ပတ်ပါတယ်.. ကျေးဇူးပြုပြီး ထွက်လာပေးပါဦး”

အခန်း(၂၁၁၈)ပြီး၏။

All Chapters