← Chapters

အခန်း (၂၁၁၉)

Vol. 152 Ch. 2119

အခန်း (၂၁၁၉)

Vol. 152 Ch. 2119

“ကူရွှယ်သောင်း.. ချင်းယဲ့ဂိုဏ်းက ယဲ့ချင်းလန် လာရောက်လည်ပတ်တယ်.. ကျေးဇူးပြုပြီး ထွက်လာပေးပါ”

ကျယ်လောင်သော အသံက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အထက် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့ရာ ကူရွှယ်သောင်းနှင့် အစည်းအဝေးခန်းမထဲမှ အကြီးအကဲများ၏ မျက်နှာအမူအရာသည် ရုတ်တရက်ဆိုသလို အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

“ချင်းယဲ့ဂိုဏ်းက လူတွေ ရောက်လာကြပြီပဲ”

“အတော်မြန်တာပဲ.. ကြည့်ရတာ ချင်းယဲ့ဂိုဏ်းက တိုက်ပွဲကို အမြန် အဆုံးသတ်ဖို့ ကြံရွယ်ထားပုံရတယ်.. အားလုံးပဲ ကျုပ်နဲ့အတူ ချင်းယဲ့ဂိုဏ်းကို သူသေကိုယ်သေ တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြပါ”

စကားဆုံးသည်နှင့် ကူရွှယ်သောင်း၏ ပုံရိပ်သည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အထက် ကောင်းကင်ယံတွင် တစ်ခဏအတွင်း ပေါ်လာခဲ့သည်။

ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ဂိတ်တံခါး အပြင်ဘက်တွင် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက်သည် ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်နှင့် အတူ ဝင့်ကြွားစွာ ရပ်နေသည်ကို မြင်လိုက်ရသည်။

“ယဲ့ချင်းလန်.. မင်းဘာကြောင့် ကျုပ်ရဲ့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို ရောက်လာရတာလဲ”

ကူရွှယ်သောင်းက ယဲ့ချင်းလန်ကို အေးစက်စက် ကြည့်လိုက်သည်။

သူ၏ အမူအရာက အလွန်ပင် အေးစက်နေခဲ့၏။

“ကျုပ်က ချင်းယဲ့ဂိုဏ်းနဲ့ ထိုက်တန်တဲ့ ဂုဏ်သိက္ခာကို ပြန်ယူဖို့အတွက် လာခဲ့တာပဲ”

ယဲ့ချင်းလန်က အေးစက်စက်ပြုံးကာ ပြောလိုက်သည်။

“ကူရွှယ်သောင်း.. မင်းတို့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက ကျုပ်တို့ ချင်းယဲ့ဂိုဏ်းရဲ့ နေရာကို သိမ်းပိုက်ထားတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ.. အခု ကျုပ်တို့ဆီ ပြန်လွှဲပေးဖို့ အချိန်ရောက်ပြီ”

ချင်းယဲ့ဂိုဏ်းသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းထက် သမိုင်းကြောင်း ပိုရှည်လျားသည့် အင်အားစု ဖြစ်ပြီး အတိတ်တုန်းက ဆိုလျှင် ဤနယ်မြေကိုပင် စိုးမိုးခဲ့သော ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်သည်။

အကယ်၍သာ ချင်းယဲ့ဂိုဏ်း၏ ဆုံးဖြတ်ချက် အမှားကြောင့် ချင်းယဲ့ဂိုဏ်းမှ အစွမ်းထက် ကျင့်ကြံသူများ အားလုံး တစ်နေရာတည်းတွင် ကျဆုံး မသွားခဲ့လျှင် ချင်းယဲ့ဂိုဏ်း၏ အင်အားသည် ပြတ်တောက်သွားမည် မဟုတ်ဘဲ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း အတွက် ချင်းယဲ့ဂိုဏ်း နေရာကို အစားထိုးဝင်ရောက်ရန် အခွင့်အရေးပင် ရှိမည် မဟုတ်ပေ။

ဤနှစ်တွေအတွင်း ချင်းယဲ့ဂိုဏ်းသည် တစ်နေ့နေ့တွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို အနိုင်ယူကာ ယခင် ဂုဏ်ကျက်သရေကို ပြန်လည်ရရှိရန် အတွက် အင်အားများကို တိတ်တဆိတ် စုဆောင်းနေခဲ့သော်လည်း အခွင့်အရေးမရခဲ့ပေ။

သိပ်မကြာခင်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် နတ်ဘုရင်ကူစန်း ကျဆုံးသွားခဲ့သော်လည်း နတ်ဘုရင်အဆင့် ကျင့်ကြံသူကိုပင် အနိုင်ယူနိုင်သည့် ပါရမီရှင်တစ်ဦး ထပ်မံ ထွက်ပေါ်လာသောကြောင့် ချင်းယဲ့ဂိုဏ်းသည် မဆင်မခြင် မလှုပ်ရှားဝံ့ခဲ့ချေ။

ဆိုရလျှင် သူတို့၏ ယခင် ဂုဏ်ကျက်သရေများကို ပြန်လည်ရယူရန်အတွက် ချင်းယဲ့ဂိုဏ်းသည် မျှော်လင့်ချက် လုံးဝ မဲ့နေခဲ့၏။

ကျန်းချန် ရှိနေသရွေ့ သူတို့ ချင်းယဲ့ဂိုဏ်း အနေဖြင့် ခေါင်းပြန်ထောင်နိုင်မည့် အခွင့်အရေး လုံးဝမရှိဟု မူလက သူတို့ ထင်ထားခဲ့သည်။

မမျှော်လင့်ဘဲ လွန်ခဲ့သော ရက်အနည်းငယ်ခန့်တွင် ဝိညာဥ်နန်းတော်မှ လူများသည် သူတို့ကို ရုတ်တရက် လာရှာခဲ့ပြီး ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို တိုက်ခိုက်ရာတွင် အကူအညီပေးမည်ဟု ကမ်းလှမ်းလာခဲ့သည်။

ယဲ့ချင်းလန်က သဘာဝကျစွာပင် ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့၏။

ဝိညာဥ်နန်းတော်က သူတို့ကို မည်သည့် ရည်ရွယ်ချက်ဖြင့် အကူအညီပေးချင်နေမှန်း မသိသော်လည်း ယင်းသည် ချင်းယဲ့ဂိုဏ်း အတွက် အလွန်တရာ ကောင်းမွန်သည့် အခွင့်အရေးဖြစ်သည် မဟုတ်ပါလော။

ထို့ကြောင့် ယဲ့ချင်းလန်သည် တွေဝေမနေဘဲ သဘောတူလိုက်သည်။

“မင်းက ဒီလောက်တောင် ယုံကြည်မှုအပြည့် ရှိနေတာဆိုတော့ မင်းရဲ့ နောက်ကွယ်မှာ တစ်စုံတစ်ယောက် ရှိနေပုံပဲ”

ကူရွှယ်သောင်းက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်ပြီး လေထုတစ်နေရာကို စူးစိုက်၍ ကြည့်လိုက်သည်။

“ဝိညာဥ်နန်းတော်က မိတ်ဆွေနှစ်ယောက်...မင်းတို့တွေ ဒီကိုရောက်နေပြီ ဆိုတာ ကျုပ်သိတယ် ရောက်လာပြီ ဆိုမှတော့ ပုန်းမနေပါနဲ့တော့”

ကူရွှယ်သောင်း၏ စကားအဆုံးမှာပင် လေထုထဲတွင် အနက်ရောင် ပုံရိပ်နှစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုအနက်ရောင် ပုံရိပ်နှစ်ခုမှာ ဝိညာဥ်နန်းတော်၏ ဘိုးဘေးဖြစ်သည့် လီဆွန်းနတ်ဘုရင်နှင့် ဟွမ်ရှ တို့ပင် ဖြစ်သည်။

“မိတ်ဆွေတို့.. ကျုပ်တို့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းနဲ့ ဝိညာဥ်နန်းတော်ကြားမှာ အရင်က ရန်ငြိုးမရှိခဲ့သလို အခုထိလည်း ဘာရန်ငြိုးမှ မရှိခဲ့ဘူး.. ဒါ့အပြင် ပတ်သက်မှု ဆိုတာလည်း မရှိသလောက်ပဲ.. ကျုပ်သိချင်တာက ခင်ဗျားတို့အနေနဲ့ ဘာကြောင့် ချင်းယဲ့ဂိုဏ်းကို ရုတ်တရက် အကူအညီပေးရတာလဲ”

ကူရွှယ်သောင်းက လီဆွန်းနတ်ဘုရင်တို့နှစ်ယောက်ကို ကြည့်ကာပြုံး၍ မေးလိုက်သည်။

“ငါတို့ ဒီနေ့ ဒီနေရာကိုလာတာက မင်းတို့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းအတွက် မဟုတ်ဘူး”

လီဆွန်းနတ်ဘုရင်က တည်ငြိမ်စွာ ပြောလိုက်သည်။

“အစကနေ အဆုံးအထိ ကျုပ်တို့ရဲ့ပန်းတိုင်က ကျန်းချန်တစ်ယောက်တည်း အတွက်ပဲ”

“လက်စသတ်တော့ ဝိညာဥ်နန်းတော်က ကျန်းချန်ကို ဦးတည်ပြီး လာတာကိုး”

လီဆွန်းနတ်ဘုရင်၏ စကားကိုကြားလျှင် ကူရွှယ်သောင်း၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

“မင်းတို့ရဲ့ လုပ်ရပ်က မဟုတ်သေးဘူး.. ကျန်းချန်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှာ ရှိမနေတာ မင်းတို့လည်း သိနေတာပဲ.. ဘာလို့ ကျန်းချန်ကို ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှာ လာရှာရတာလဲ.. ဒါ့အပြင် ကျန်းချန်အတွက် လာတာဆိုရင်လည်း ချင်းယဲ့ဂိုဏ်းကို ကူညီပြီး ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို တိုက်ခိုက်ဖို့ အထိတော့ မလိုအပ်ဘူး မဟုတ်လား”

လီဆွန်းနတ်ဘုရင်က ခေါင်းညိတ်၍ ပြောလိုက်သည်။

“မင်းပြောသလို အဲဒီလောက်အထိ လုပ်ဖို့ မလိုအပ်တာတော့အမှန်ပဲ.. ဒါပေမဲ့ အဲဒီကောင်လေးက ဟောင်ထျန်းဓားဂိုဏ်းထဲမှာပဲ ပုန်းနေခဲ့တယ်.. ဒါကြောင့် ကျုပ်အနေနဲ့ သူ့ကို ထွက်လာအောင်လုပ်ဖို့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို အသုံးချရုံကလွဲပြီး တခြားနည်းလမ်း မရှိဘူး”

ဤအချိန်တွင် ကူရွှယ်သောင်းသည် ရုတ်တရက် နားလည်သွားခဲ့သည်။

ကျန်းချန်နှင့် ဝိညာဥ်နန်းတော်ကြားတွင် ရန်ငြိုးအချို့ ရှိနေပုံရပြီး လီဆွန်းနတ်ဘုရင်သည် ကျန်းချန်ကို ရင်ဆိုင်ချင်သော်လည်း ကျန်းချန်သည် ယခုအခါ ဟောင်ထျန်းဓားဂိုဏ်းတွင် ရှိနေခဲ့သည်။

ဟောင်ထျန်းဓားဂိုဏ်းသည် လီဆွန်းနတ်ဘုရင် တို့ကို သူတို့၏ ဂိုဏ်းထဲ အထိ ဝင်ရောက်ဖမ်းဆီးခွင့် ပေးမည် မဟုတ်ပေ။

ထိုအတွက်ကြောင့် လီဆွန်းနတ်ဘုရင်တွင် တခြား နည်းလမ်း မရှိတော့၍ ကျန်းချန်ကို ထွက်လာအောင် အတင်းအကျပ် လုပ်ရန် အတွက် ချင်းယဲ့ဂိုဏ်းကို ကူညီကာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို တိုက်ခိုက်ခိုင်းခဲ့ခြင်းပင်။

“ယဲ့ချင်းလန် မင်းမြင်ပြီလား.. ဍသူတို့က မင်းကို ကူညီပြီး ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို ကူတိုက်ပေးဖို့ ဘယ်တုန်းကမှ မစဥ်းစားခဲ့ဘူး မင်းကအသုံးချခံလိုက်ရတာပဲ”

ကူရွှယ်သောင်းက ယဲ့ချင်းလန်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။

“အဲဒီတော့ ဘာဖြစ်လဲ”

ယဲ့ချင်းလန်က အေးစက်စက် ပြောလိုက်၏။

ဝိညာဥ်နန်းတော်မှလူများ သူ့ကို လာရောက် ရှာဖွေစဥ်ကတည်းကပင် ဝိညာဥ်နန်းတော်သည် သူ့ကို အမှန်တကယ် ကူညီနေခြင်း မဟုတ်မှန်း ယဲ့ချင်းလန် ခန့်မှန်းမိပြီးသား ဖြစ်သည်။

သို့သော်လည်း ဝိညာဥ်နန်းတော်သည် သူ၏ ချင်းယဲ့ဂိုဏ်းနှင့် တူညီသော ပန်းတိုင်တစ်ခု ရှိနေသည်ကပင် လုံလောက်နေခဲ့ချေပြီ။

ယနေ့ အချိန်အခါတွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းထဲတွင် ချင်းယဲ့ဂိုဏ်း အကြောက်ရဆုံးသူမှာ နတ်ဘုရင်အဆင့်ကိုပင် အနိုင်ယူနိုင်သည့် ကျန်းချန် ဖြစ်သည်။

ဝိညာဥ်နန်းတော်မှ လူများသာ ကျန်းချန်ကို ဖယ်ရှားပေးသရွေ့ သူတို့ ချင်းယဲ့ဂိုဏ်းကို ဆက်လက် အကူအညီမပေးတော့လျှင်ပင် လက်ရှိ ချင်းယဲ့ဂိုဏ်း၏ အင်အားဖြင့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို အနိုင်ယူဖို့ဆိုသည်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

“ကောင်းပြီ အပိုစကားတွေ ထပ်မပြောနဲ့တော့”

လီဆွန်းနတ်ဘုရင်က ကူရွှယ်သောင်းကို စိတ်မရှည်သော ဥအမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ကျုပ်က ချင်းယဲ့ဂိုဏ်းကို အမှန်တကယ် ကူညီနေတာ မဟုတ်ဘူးဆိုပေမဲ့ မင်းတို့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက ကျန်းချန်ကို ပြန်မခေါ်ဘူး ဆိုရင်တော့ မင်းတို့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းအနေနဲ့ ပျက်သုဥ်းဖို့ တစ်လမ်းပဲ ရှိတယ်”

“အစီအရင်ကို အသက်သွင်းလိုက်တော့”

ကူရွှယ်သောင်းက အပိုစကားများ ပြောမနေတော့ဘဲ ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

ချက်ချင်းဆိုသလိုပင် သူ၏ အနောက်ရှိ ကောင်းကင်အရှင်ဆယ်ယောက်ကျော်သည် ဟင်းလင်းပြင်ထဲကို စွမ်းအားများ တစ်ပြိုင်နက် ပေးပို့လိုက်ကြသည်။

နောက်ထပ် တစ်ခဏမှာပင် ရွှေရောင်ဖျော့ဖျော့အစီအရင် အကာအကွယ် အလွှာသည် လေထုထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း တစ်ခုလုံးကို ဖုံးအုပ်လိုက်သည်။

“ဒီလို အစီအရင်လေးနဲ့ ကျုပ်ကို တားဆီးဖို့ ကြံရွယ်တာက စိတ်ကူးယဥ်နေတာပဲ”

လီဆွန်းနတ်ဘုရင်က မထီမဲ့မြင် ပြုံးလိုက်ပြီး သူ၏ လက်တစ်ဖက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။

“ဝုန်း..”

မမြင်ရသော စွမ်းအားတစ်ခုသည် အစီအရင် အကာအကွယ်ပေါ်သို့ ကျရောက်သွားခဲ့ပြီး အစီအရင် အကာအကွယ်သည် လေထုထဲတွင် တစ်ခါတည်း ပေါက်ကွဲထွက်သွားခဲ့သည်။

ထို့နောက်တွင်မူ အစီအရင်ကို နောက်ကွယ်ကနေ စွမ်းအားများ ထောက်ပံ့ထားသည့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ကောင်းကင်အရှင်အဆင့် အကြီးအကဲ ဆယ်ယောက်ကျော်သည် ခန္ဓာကိုယ် တုန်ယင်သွားခဲပြီး ပါးစပ်ကနေ သွေးများကို အန်ထုတ်လိုက်ကြရသည်။

“ဂိုဏ်းကာကွယ်ရေး အစီအရင်တောင် မတားဆီးနိုင်ခဲ့ဘူးပဲ”

သူရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ကူရွှယ်သောင်းသည် သက်ပြင်းချကာ ရေရွတ်လိုက်သည်။

လီဆွန်းနတ်ဘုရင်သည် အရှေ့ဘက်ဒေသ၏ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်း အဆင့်သည် အနည်းဆုံး နတ်ဘုရင် တတိယ အဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။

သူတို့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အစီအရင်သည် သာမန် နတ်ဘုရင် တစ်ပါး ဆိုလျှင် အချိန်အတိုင်းအတာ တစ်ခုအထိ ခုခံနိုင်လိမ့်မည် ဖြစ်သော်လည်း လီဆွန်းနတ်ဘုရင် ကဲ့သို့ ပုဂ္ဂိုလ်မျိုးနှင့် ရင်ဆိုင်ရသောအခါတွင် မည်သို့မျှ မတတ်နိုင်ခဲ့ပေ။

“ကူရွှယ်သောင်း.. အလကားနေရင်း အင်အားအကုန်ခံနေမှာလား”

လီဆွန်းနတ်ဘုရင်က ကူရွှယ်သောင်းကို အထက်စီးဆန်စွာ ကြည့်၍ ပြောလိုက်သည်။

“ကျန်းချန်ကိုသာ အခုချက်ချင်း ပြန်ခေါ်လိုက်ပါ.. ဒါက မင်းတို့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း ရှင်သန်ရေးအတွက် နောက်ဆုံး အခွင့်အရေး ဖြစ်ကောင်းဖြစ်လိမ့်မယ်”

လီဆွန်းနတ်ဘုရင်သည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း တစ်ဂိုဏ်းလုံးကို သတ်ပစ်ရန် အထိ မလုပ်ဆောင်လိုသေးပေ။

သူ ဤတစ်ခေါက် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို ရောက်လာသည်မှာ ဟောင်ထျန်းဓားဂိုဏ်းကနေ ကျန်းချန် ထွက်လာစေရန် အတင်းအကျပ် ဖိအားပေးရန်သာ ဖြစ်သည်။

အကယ်၍ ကူရွှယ်သောင်းနှင့် တခြားသူများကိုသာ သတ်ဖြတ်လိုက်လျှင် ကျန်းချန်ကို အကျပ်ကိုင်ရန် မည်သည့်အရာကို အသုံးပြုရပါမည်နည်း။

ကူရွှယ်သောင်းက လီဆွန်းနတ်ဘုရင်၏ စကားကို လျစ်လျူရှုထားလိုက်ပြီး ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အခြေခံအုတ်မြစ်ကို စတေးကာ အစွမ်းကုန် ခုခံရန် ပြင်လိုက်သည့်ခဏမှာပင် အေးစက်စက် အသံတစ်သံသည် ပတ်ဝန်းကျင်တွင် ရုတ်တရက် ပဲ့တင်ထပ်သွားခဲ့သည်။

“လီဆွန်းနတ်ဘုရင်.. ဟောင်ထျန်းဓားဂိုဏ်းကနေ ကျုပ်ထွက်လာအောင် ခင်ဗျား အတင်းအကျပ် ဖိအားပေးချင်နေတယ်မဟုတ်လား.. အခု ကျုပ် ဒီမှာ ရှိနေပြီ.. ခင်ဗျား ကျုပ်ကို ဘာလုပ်ချင်လဲ”

အခန်း(၂၁၁၉)ပြီး၏။

All Chapters