အခန်း (၂၁၂၀)
Vol. 152 Ch. 2120
“ကျန်းချန် မင်းဘာလို့ပြန်လာခဲ့တာလဲ”
သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသည့် ကျန်းချန်ကို မြင်လျှင် ကူရွှယ်သောင်း၏ မျက်နှာအမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
ကောင်းကင်နှင့်မြေကြီးကြားတွင် အေးစက်စက်အသံ တစ်သံ ပဲ့တင်ထပ်သွားသည်နှင့်အမျှ တောက်ပသော အလင်းတန်းတစ်ခုသည် အဝေးရှိ ကောင်းကင်ယံကနေ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အထက်ကောင်းကင်ယံ ဆီသို့ တစ်ခဏအတွင်း ရောက်ရှိလာခဲ့သည်။
ယနေ့တွင် ဝိညာဥ်နန်းတော်မှ နတ်ဘုရင်နှစ်ပါး ရောက်ရှိနေသည့် အဓိက အကြောင်းအရင်းမှာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို အသုံးချပြီး ဟောင်ထျန်းဓားဂိုဏ်းတွင် ရှိနေသည့် ကျန်းချန်ကို ထွက်လာရန် အတင်းအကျပ် ဖိအားပေးဖို့အတွက်သာ ဖြစ်သည်။
ဤကဲ့သို့ အချိန်မျိုးတွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို ပြန်လာခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးသည်နှင့် မခြားပေ။
ယနေ့ခေတ်တွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း အတွက် ကျန်းချန်က အရေးအပါဆုံး ဆိုသည်မှာ သံသယဖြစ်စရာ မလိုပေ။
ကျန်းချန်သာ အသက်ရှင်နေမည်ဆိုလျှင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက ပျက်စီးသွားခဲ့လျှင်ပင် နောင်တစ်ချိန်၌ ပြန်လည်တည်ဆောက်ရန် မျှော်လင့်ချက် ရှိသေးသည် မဟုတ်ပါလော။
သူက ကျန်းချန်ကို အကြောင်းမကြားခဲ့ခြင်းသည် ကျန်းချန်ကို ယခုလို အချိန်မျိုးတွင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသို့ ပြန်မလာစေချင်သောကြောင့် ဖြစ်သည်။
သို့သော်လည်း မထင်မှတ်ဘဲ ကျန်းချန်သည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသို့ ပြန်ရောက်လာခဲ့ချေပြီ။
“ဆရာ.. ကျွန်တော်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ နတ်ဘုရားသားတော်ပါ...အခုလို ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း အခက်အခဲ တွေ့နေတဲ့အချိန်မှာ ကျွန်တော်က ဘယ်လိုလုပ်ပြီး ထိုင်ကြည့်နေနိုင်မှာလဲ”
ကျန်းချန်က ဆန့်ကျင်ဘက်တွင် ရှိသည့် လီဆွန်းနတ်ဘုရင်တို့နှစ်ယောက်ကို လှမ်းကြည့်ကာ ကူရွှယ်သောင်းကို တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒါ့အပြင် ဒီနှစ်ယောက်က ကျွန်တော့်အတွက် ရောက်လာကြတာပဲ”
လွန်ခဲ့သော ရက်အနည်းငယ်က ဝိညာဥ်နန်းတော်မှ နတ်ဘုရင်နှစ်ပါးသည် ဟောင်ထျန်းဓားဂိုဏ်းသို့ လာရောက်ပြီး လူလာတောင်းသည့် ကိစ္စနှင့် ပတ်သက်၍ ကျိရှောင်နတ်ဘုရင်သည် သူ့ကို ဘာမှ ဖုံးကွယ်မထားဘဲ ပြောပြခဲ့သည်။
လီဆွန်းနတ်ဘုရင်က ဤအတိုင်း လက်လျှော့သွားမည် မဟုတ်မှန်း ကျန်းချန် သိနေသောကြောင့် ဟောင်ထျန်းဓားဂိုဏ်းကို လီဆွန်းနတ်ဘုရင်၏ လှုပ်ရှားမှုများအား စောင့်ကြည့်ခိုင်းထားခဲ့သည်။
ထို့ကြောင့် လီဆွန်းနတ်ဘုရင်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို စတင် တိုက်ခိုက်နေပြီမှန်း သိသိချင်းမှာပင် သူအမြန်ဆုံး ပြန်ရောက်လာခဲ့ခြင်းပင်။
“ကျန်းချန် မင်းနောက်ဆုံးတော့ ဟောင်ထျန်းဓားဂိုဏ်းကနေ ထွက်လာခဲ့ပြီပေါ့”
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို ရုတ်တရက် ပြန်ရောက်လာသည့် ကျန်းချန်ကို ကြည့်ပြီး လီဆွန်းနတ်ဘုရင်၏ မျက်ဝန်းထဲတွင် ကောက်ကျစ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုကောင်လေးသည် သူ၏ ကိုယ်ပွားကို သတ်ကာ သူ၏အစီအစဥ်ကို ဖျက်ဆီးခဲ့သည်။
ယခုအခါတွင် ရှေးဟောင်း သူတော်စင် နဂါးမျိုးနွယ်စုသည် ထိုကောင်လေးကို ဆုကြေး အများအပြားဖြင့် အလိုရှိနေသည်ဖြစ်ရာ သူ၏ ဆုံးရှုံးမှုများကို ကာမိစေရန် အတွက် ထိုကောင်လေးကို ဖမ်းပြီး ရှေးဟောင်း သူတော်စင် နဂါးမျိုးနွယ်စုတွင် ဆုကြေးနှင့်လဲလှယ်ရန် ဆုံးဖြတ်ထားခဲ့သည်။
ကျန်းချန်က လီဆွန်းနတ်ဘုရင်ကို စူးစိုက်၍ ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“ကျုပ် ဟောင်ထျန်းဓားဂိုဏ်းကနေ ထွက်မလာတာက ခင်ဗျားကို တစ်ခဏလောက် ပိုအသက်ရှင်ခွင့်ပေးထားချင်လို့ပဲ.. ဒါပေမဲ့ ခင်ဗျားက အသက်ရှင်ရမှာကို ငြီးငွေ့ပြီး သေမင်းခံတွင်းဝ အထိ အရောက်လာလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး”
“ကောင်လေး.. မင်းက တော်တော်လေး လေလုံးထွားတာပဲ.. မင်းရဲ့ ကျင့်ကြံခြင်း အဆင့်လောက်နဲ့ နတ်ဘုရင်ကို အနိုင်ယူနိုင်တာ ဆိုတော့ မင်းက တကယ်ကို ထူးခြားတဲ့ ပါရမီရှင်တစ်ယောက် ဆိုတာတော့ ငါဝန်ခံရလိမ့်မယ်.. ဒါပေမဲ့ ငါ့ရှေ့မှာ လာပြီး ရမ်းကားချင်တယ် ဆိုရင်တော့ မင်းမှာ အဲဒီလောက်ထိ အရည်အချင်း မရှိသေးဘူး”
လီဆွန်းနတ်ဘုရင်က လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
“မင်းသာ အခြေအနေကို နားလည်မယ်ဆိုရင် အဖမ်းခံလိုက်ပါ.. ဒါဆိုရင် ငါက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို အလွှတ်ပေးဖို့ စဥ်းစားပေးနိုင်တယ် မဟုတ်ရင်တော့ ဒီနေ့ကစပြီး အရှေ့ဘက်ဒေသမှာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းဆိုတာ လုံးဝ ရှိတော့မှာမဟုတ်ဘူး”
ကျန်းချန် အနိုင်ယူခဲ့သည့် နတ်ဘုရင် ကူစန်းသည် သက်တမ်းကုန်ခါနီးနေပြီ ဖြစ်သော နတ်ဘုရင်အိုကြီး တစ်ပါးသာဖြစ်သည်။
ဟောင်ထျန်းဓားဂိုဏ်းတွင် ရှိစဥ်ကလည်း ရှေးဟောင်းလူသားဧကရာဇ် စည်းတံဆိပ်၏ ဝိညာဥ်လမ်းစဥ် စွမ်းအားကို နှိမ်နင်းနိုင်သော စွမ်းရည်အား အသုံးပြုကာ ဟွမ်ရှကို အနိုင်ရခဲ့ခြင်း ဖြစ်သည်။
လီဆွန်းနတ်ဘုရင်၏ အမြင်တွင် ကျန်းချန်သည် တကယ့် နတ်ဘုရင် ပထမအဆင့် ကျင့်ကြံသူကို အနိုင်မယူဖူးသေးပေ။
သူက နတ်ဘုရင် တတိယအဆင့် ကျင့်ကြံသူ ဖြစ်ရာ နို့နံ့တောင် မစင်သေးသည့် ကျန်းချန် ကဲ့သို့ ကောင်လေးတစ်ယောက်ကို အဘယ်ကြောင့် မျက်စိထဲ ထည့်ရပါမည်နည်း။
“ဟားဟား လီဆွန်းနတ်ဘုရင်.. မင်းက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို ဖျက်ဆီးချင်တယ် ဆိုရင်တော့ ငါတို့ ကျီမျိုးနွယ်စုသဘောတူမတူ အရင်မေးရလိမ့်မယ်”
လီဆွန်းနတ်ဘုရင်၏ စကားအဆုံးမှာပင် ဟက်ဟက်ပက်ပက် ရယ်မော၍ ပြောလိုက်သော အသံတစ်သံသည် ပတ်ဝန်းကျင်တွင် ရုတ်တရက် ပဲ့တင်ထပ်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် အစိမ်းရောင်ဖျော့ဖျော့ အလင်းတန်းများ လွှမ်းခြုံနေသည့် မီးခိုးရောင်ဝတ်စုံဝတ် လူတစ်ဦးသည် ကောင်းကင်ယံကနေ အလျင်အမြန် လှမ်းထွက်လာခဲ့ပြီး ကျန်းချန်၏ နံဘေးတွင် တိုက်ရိုက်ပေါ်လာခဲ့သည်။
“ကျီရွမ်ရီပါလား”
ရောက်ရှိလာသူကို မြင်လိုက်ရလျှင် လီဆွန်းနတ်ဘုရင်သည် မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။
ကျန်းချန်ကို ဟောင်ထျန်းဓားဂိုဏ်းကနေ ဆွဲထုတ်နိုင်သရွေ့ ကျန်းချန်ကို အနိုင်ယူဖို့ ဆိုသည်မှာ အလွန်တရာ လွယ်ကူလိမ့်မည်ဟု မူလက သူထင်ထားခဲ့သည်။
သို့သော်လည်း မမျှော်လင့်ဘဲ ကျီမျိုးနွယ်စုသည် ကျန်းချန်ကို ကူညီပေးရန် ရောက်ရှိလာခဲ့သည်။
အလယ်ပိုင်းဒေသကနေ ပြောင်းရွှေ့လာသည့် ဤလျှို့ဝှက်ဆန်းကြယ်သော မိသားစုနှင့် ပတ်သက်လျှင် လီဆွန်းနတ်ဘုရင်သည် အနည်းငယ် ကြောက်ရွံ့မှု ရှိနေခဲ့သည်။
အကယ်၍သာ ကျီမျိုးနွယ်စုက ဤကိစ္စတွင် ပါဝင်ပတ်သက်မည်ဆိုလျှင် သူ့အနေဖြင့် ကျန်းချန်ကို ဖမ်းဆီးရန် ဆိုသည်မှာ လွယ်ကူသော အလုပ်တစ်ခု မဖြစ်နိုင်တော့ပေ။
“ငါက အလကားစိုးရိမ်နေမိတာပဲ ဒီကောင်လေးက အဆင်သင့်ပြင်ဆင်ထားပြီးသားကိုး”
ကျီမျိုးနွယ်စု၏ ခေါင်းဆောင် ကျီရွမ်ရီ ရုတ်တရက် ရောက်လာသည်ကိုမြင်လျှင် ကူရွှယ်သောင်းသည် အံ့အားသင့်သွားခဲ့ပြီး အစောပိုင်းက စိတ်ကျဥ်းကျပ်မှုများသည် အနည်းငယ် လျော့ကျသွားခဲ့သည်။
ကျီမျိုးနွယ်စု ဆိုသည်မှာ လွန်ခဲ့သော နှစ်ပေါင်းသန်းချီက အလယ်ပိုင်းဒေသကနေ ပြောင်းရွှေ့လာသည့် လျှို့ဝှက်ဆန်းကြယ်သော မိသားစုတစ်စု ဖြစ်ပြီး အရှေ့ဘက်ဒေသရှိ ဒေသခံ အင်အားစုများနှင့် ပတ်သက်မှု သိပ်မရှိပေ။
ကျန်းချန်က ကျီမျိုးနွယ်စုခေါင်းဆောင် ကျီရွမ်ရီကိုပင် အကူအညီ အဖြစ် ဖိတ်ခေါ်နိုင်လိမ့်မည်ဟု ကူရွှယ်သောင်းလုံးဝ မထင်ထားခဲ့ပေ။
“ကျီရွမ်ရီ.. မင်းတို့ ကျီမျိုးနွယ်စုက အလယ်ပိုင်းဒေသက ပြောင်းရွှေ့လာတာ ဆိုတော့ ကျုပ်အကြံတစ်ခု ပေးချင်တယ်.. အလယ်ပိုင်းဒေသကို သွားပြီး အခြေအနေကို အရင်စုံစမ်းကြည့်လိုက်ပါဦး”
ဟွမ်ရှ၏ မျက်ဝန်းများက သုန်မှုန်နေခဲ့သည်။
ဟောင်ထျန်းဓားဂိုဏ်းတွင် ရှိနေစဥ်ကလည်း ကျီရွမ်ရီသည် ကျန်းချန် ဘက်ကနေ အကြိမ်ကြိမ် ကာကွယ်ပေးခဲ့သည်။
“ဒီနေ့ ဒီကိစ္စမှာ ဝင်ပါမယ်ဆိုရင် မင်းတို့ ကျီမျိုးနွယ်စုကို ဘေးဒုက္ခတွေ ကျရောက်လာလိမ့်မယ်ဆိုတာ မြဲမြဲမှတ်ထားပါ”
သို့သော်လည်း ကျီရွမ်ရီသည် ကျန်းချန် တစ်ယောက် အတွက်ဖြင့် သူတို့ ဝိညာဥ်နန်းတော်နှင့် ရင်ဆိုင်ရန် ရွေးချယ်လိမ့်မည်ဟု ဟွမ်ရှ ဘယ်လိုမှ မထင်ထားခဲ့ပေ။
“မင်းတို့ ဝိညာဥ်နန်းတော်က ဘာလို့ ဒီတစ်ခေါက် ဒီလောက်အထိ အပင်ပန်းခံနေရတာလဲဆိုတာ ကျုပ်သိပြီ.. လက်စသတ်တော့ မင်းတို့က ရှေးဟောင်း သူတော်စင် နဂါးမျိုးနွယ်စုရဲ့ ခွေးကျွန်တွေ ဖြစ်ကုန်ကြပြီကိုး”
ကျီရွမ်ရီက မထီမဲ့မြင် ပြုံးကာ ခပ်ထေ့ထေ့ ပြောလိုက်သည်။
“ဟွမ်ရှ. မင်းငါ့ကို ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုက လူတွေနဲ့ လာမခြိမ်းခြောက်နဲ့.. ကျုပ်တို့ ကျီမျိုးနွယ်စုရဲ့ဘိုးဘေးတွေက သူတို့ကို မသတ်ဖူးတာလည်း မဟုတ်ဘူး”
ကျီမျိုးနွယ်စု၏ ခေါင်းဆောင်တစ်ယောက် အနေဖြင့် ကျီရွမ်ရီထံတွင် အလယ်ပိုင်းဒေသမှ ကိစ္စများကို သိရှိနိုင်သည့် နည်းလမ်း အများအပြား ရှိသည်။
ကျန်းချန်ကို ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုက ဖမ်းမိန့်ထုတ်ထားသည့် ကိစ္စနှင့် ပတ်သက်ပြီး ကျီရွမ်ရီသည် သာမန်လူများထက်ပင် ပို၍ အသေးစိတ်ကျသော သတင်း အချက်အလက်များအား သိရှိထားခဲ့သည်။
သို့သော်လည်း ကျန်းချန်၏ အဆင့်အတန်းသည် ထူးခြားလှပြီး သူတို့ ကျီမျိုးနွယ်စု၏ အနာဂတ်နှင့်ပင် ပတ်သက်နေနိုင်ခြေ ရှိသည်။
ထို့ကြောင့် ကျီမျိုးနွယ်စု အနေဖြင့် ကျန်းချန်ကို ထိခိုက်အောင်လုပ်ရန် မည်သူ့ကိုမှ ခွင့်ပြုမည် မဟုတ်ပေ။
“ကျီရွမ်ရီ.. ကြည့်ရတာ မင်းက ဒီနေ့ကိစ္စမှာ ပါဝင်ဖို့ ဆုံးဖြတ်ထားတဲ့ပုံပဲ”
လီဆွန်းနတ်ဘုရင်က ကျီရွမ်ရီကို စူးစိုက်၍ ကြည့်ကာ ပြောလိုက်သည်။
သူ၏ မျက်နှာအမူအရာက ပို၍ပင် အေးစက်လာခဲ့၏။
“အဘိုးကြီး.. ခင်ဗျား အပိုစကားတွေ ပြောမနေနဲ့.. ခင်ဗျား ကျုပ်ကို ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုဆီ ဖမ်းခေါ်သွားပြီး ဆုကြေး ထုတ်ယူချင်တယ် ဆိုရင် ခင်ဗျားမှာ အဲဒီလို အရည်အချင်း ရှိ၊မရှိ ကြည့်ရသေးတာပေါ့”
စကားဆုံးသည်နှင့် ကျန်းချန်၏ ခန္ဓာကိုယ်သည် လင်းလက်သွားခဲ့ပြီး လီဆွန်းနတ်ဘုရင် ဆီသို့ တိုးဝင်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှေးဟောင်း ရွှေရောင်ဓားတစ်လက်သည် ကျန်းချန်၏လက်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က ထိုရွှေရောင်ဓားရှည်ဖြင့် ဓားချက် တစ်ချက်ကို ထုတ်ဖော်ကာ လီဆွန်းနတ်ဘုရင်ကို တိုက်ခိုက်လိုက်သည်။
“ကျန်းချန် သတိထား.. လီဆွန်းနတ်ဘုရင်က နတ်ဘုရင်တတိယအဆင့် ကျင့်ကြံသူပဲ”
ထိုမြင်ကွင်းကိုမြင်လျှင် ကျီရွမ်ရီ၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ကို အလျင်အမြန်ပင် သတိပေးလိုက်သည်။
ကျန်းချန်၏ ကျင့်ကြံခြင်း အရှိန်အဟုန်သည် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းပြီး ယခုဆိုလျှင် မြေကြီးအရှင်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော်လည်း ကျန်းချန်၏ လက်ရှိခွန်အားဖြင့် နတ်ဘုရင်တတိယအဆင့် ကျင့်ကြံသူကို ရင်ဆိုင်ရန် ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။
“မိုက်မဲလိုက်တဲ့ ကောင်လေးပဲ”
ကျန်းချန်က သူ့ကို အရင် စတင် တိုက်ခိုက်လာသည်ကို မြင်လျှင် လီဆွန်းနတ်ဘုရင်သည် မထီမဲ့မြင် လှောင်ပြုံး ပြုံးလိုက်ပြီး လက်ဝါးရိုက်ချက် တစ်ချက်ကို အသာအယာ ထုတ်ဖော်လိုက်သည်။
“ဝုန်း..”
ကျန်းချန်၏ ဓားအလင်းသည် လီဆွန်းနတ်ဘုရင်၏ လက်ဝါးရိုက်ချက်အောက်တွင် ဘာမှမကျန်ရှိတော့သည် အထိ ပျောက်ကွယ်သွားခဲ့ပြီး ကျန်းချန်၏ ပုံရိပ်သည်လည်း ထိုလက်ဝါးရိုက်ချက်၏ ခွန်အား သက်ရောက်မှုဖြင့် နောက်သို့ခြေလှမ်း သုံးလှမ်းခန့် ဆုတ်လိုက်ရသည်။
ဤအချိန်တွင် လီဆွန်းနတ်ဘုရင်ကို ကြည့်နေသည့် ကျန်းချန်၏ အကြည့်သည် ပို၍ပင် လေးနက်လာခဲ့သည်။
နတ်ဘုရင်အဆင့်၏ အဆင့်ကိုးဆင့်တွင် အဆင့်တစ်ဆင့်နှင့်တစ်ဆင့်ကြားတွင် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြား၏။
သူ့ရှေ့မှ လီဆွန်းနတ်ဘုရင်သည် နတ်ဘုရင် တတိယအဆင့်ကို ရောက်ရှိနေပြီဖြစ်ရာ နတ်ဘုရင် ပထမအဆင့် ကျင့်ကြံသူပင်လျှင် မည်သို့မျှ ယှဥ်နိုင်မည် မဟုတ်ပေ။
အခန်း(၂၁၂၀)ပြီး၏။