အခန်း (၂၁၁၁)
Vol. 152 Ch. 2111
ကျန်းချန် ထုတ်ဖော်လိုက်သည့် အနက်ရောင် ဓားစွမ်းအင်ကိုမြင်လျှင် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူက လက်ထဲတွင် ကိုင်ထားသော အနက်ရောင်လှံကို ဝှေ့ယမ်းလိုက်ရာ လှံ၏ ထိပ်ဖျားကနေ အလွန်တရာနက်မှောင်သော အလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် လေထုထဲတွင် စွမ်းအင် လှိုင်းဂယက်များ ဖြစ်ပေါ်လာခဲ့ပြီး လှံအလင်းတန်းနှင့် ကျန်းချန်၏ ဓားစွမ်းအင် တို့သည် ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။
“ဝုန်း..”
လေထုက တုန်ခါသွားခဲ့ပြီး နေရာလွတ်များပင် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် အမျိုးသားက မြေပြင်ပေါ်သို့ ခြေလှမ်းများစွာဖြင့် နောက်ဆုတ်သွားခဲ့ရသည်။
သူနောက်သို့ ခြေလှမ်း တစ်လှမ်း ဆုတ်လိုက်သောအခါတိုင်းတွင် ခြေဖဝါးအောက်ရှိ မြေပြင်ကနေ တောင်များ တုန်ခါသွားသကဲ့သို့ အသံများ ထွက်ပေါ်လာခဲ့ပြီး မြေပြင်ပေါ်တွင် ပင့်ကူအိမ်ကဲ့သို့ ကြီးမားသော အက်ကြောင်းများ ပျံ့နှံသွားခဲ့သည်။
“ဒီကောင်လေးရဲ့ အင်အားက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနေရတာလဲ”
အနက်ရောင်ဝတ်စုံဝတ် အမျိုသားက သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို တည်ငြိမ်အောင် ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက်တွင် ခန္ဓာကိုယ်အတွင်းရှိ မတည်မငြိမ် ဖြစ်နေသော စွမ်းအင်များကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။
သူ၏ ရင်ထဲတွင် အတော်လေး ထိတ်လန့်တုန်လှုပ်နေခဲ့၏။
သူကဲ့သို့ ကြယ်သုံးပွင့် ကောင်းကင်အရှင်နှင့်ပင် ယှဥ်နိုင်သည့် ကောင်းကင်အဆင့် ဟင်းလင်းပြင် နတ်ဆိုးအရှင်သခင် နှောင်းပိုင်းအဆင့်သည် ယခုအခါတွင် မြေကြီးအရှင် အဆင့်သာ ရှိသည့် ကောင်လေးတစ်ယောက်၏ အနိုင်ယူခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
နတ်ကုန်းမြေတိုက်မှ ကျင့်ကြံသူများသည် ထိုကောင်လေးကဲ့သို့ပင် ကောင်းကင်ကိုပင် အလွန်အမင်း ဆန့်ကျင်နေသည်အထိ သန်မာနေကြပါသလော။
အကယ်၍ ထိုအတိုင်းသာဆိုလျှင် သူတို့ ဟင်းလင်းပြင်နတ်ဆိုးများ အနေဖြင့် နတ်ကုန်းမြေတိုက်ကို သိမ်းပိုက်ရန်မှာ သူတို့ မှန်းဆထားသည်ထက်ပင် များစွာပို၍ ခက်ခဲပေလိမ့်မည်။
အနက်ရောင်ဝတ်စုံဝတ် အမျိုးသား စိတ်ပျက်လက်ပျက် ဖြစ်နေစဥ်မှာပင် ကျန်းချန်သည် သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ တောက်ပသော ဓားအလင်း တစ်ခုသည် လေထုကိုဖြတ်သန်းသွားခဲ့ပြီး အနက်ရောင်ဝတ်စုံဝတ် အမျိုးသား ဆီသို့ တန်းတန်းမတ်မတ်ပင် တိုးဝင်လာခဲ့သည်။
ကျန်းချန်သည် မြေကြီးအရှင် အဆင့်ကို မရောက်ရှိခင်ကပင် ကောင်းကင်အဆင့် ဟင်းလင်းပြင် နတ်ဆိုးအရှင်သခင် နှောင်းပိုင်းအဆင့် ဖြစ်သော မိုယဲ့ကို အလွယ်တကူပင် ဖိနှိပ်နိုင်ခဲ့သည်။
ယခုအခါတွင် သူက မြေကြီးအရှင် အဆင့်သို့ ထိုးဖောက်ခဲ့ပြီဖြစ်ရာ သူ၏ ခွန်အားသည် ယခင်ကထက် ဆယ်ဆမက သန်မာနေခဲ့ချေပြီ။
ထို့ကြောင့် ကောင်းကင်အဆင့် ဟင်းလင်းပြင်နတ်ဆိုးအရှင်သခင် နှောင်းပိုင်းအဆင့်သည် ကျန်းချန်၏ ရှေ့တွင်မူ အနည်းငယ် ကြီးမားသော ပုရွက်ဆိတ် တစ်ကောင်ထက် မပိုပေ။
ကျန်းချန်၏ ဓားအလင်းထဲတွင် ကိန်းအောင်းနေသည့် ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားကို ခံစားလိုက်ရလျှင် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားသည် သူ၏ ဟင်းလင်းပြင် နတ်ဆိုးစွမ်းအင်များကို အပြည့်အဝ ထုတ်ဖော်ကာ လက်ထဲမှ လှံကို ဝှေ့ယမ်း၍ ရင်ဆိုင်လိုက်သည်။
“ဝုန်း..”
ဤတိုက်ခိုက်မှုအောက်တွင် ကမ္ဘာကြီးပင် ပျက်စီးတော့မလို ထင်မှတ်ရသည်။
ပတ်ဝန်းကျင်ရှိ နေရာလွတ်များသည် ထို ထိုးနှက်ချက်ကြောင့် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ရပြီး ကမ္ဘာတစ်ခုလုံးသည် ရှုပ်ထွေးကာ မည်းမှောင်သွားခဲ့သည်။
သို့သော်လည်း အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ ကမ္ဘာပျက်မတတ် ပြင်းထန်သော တိုက်ခိုက်မှုသည် ကျန်းချန်၏ ဓားအလင်းကို အနည်းငယ်မျှပင် တုန်ခါအောင် မလုပ်နိုင်ခဲ့ပေ။
ဓားအလင်းက နက်မှောင်ကာ ရှုပ်ထွေးနေသည့် လေထုကို တိုက်ရိုက် ထိုးခွဲသွားပြီး အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
“ဝုန်း..”
ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီးနောက်တွင် အနီရောင်ဝတ်စုံဝတ် အမျိုးသား၏ ပုံရိပ်သည် ကျန်းချန်၏ ဓားအလင်း လက်ချက်ဖြင့် ပေပေါင်းသောင်းချီ အကွာအဝေးသို့ လွင့်စင်သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်ဝတ်စုံသည် အစိတ်စိတ်အမွှာမွှာ ပျက်စီးနေခဲ့ပြီး ခန္ဓာကိုယ်တွင်လည်း အက်ကွဲကြောင်းများ စတင်ပေါ်ပေါက်နေပြီ ဖြစ်ကာ မည်းနက်သော နတ်ဆိုးသွေးများသည် ထိုအက်ကွဲကြောင်းများကနေ အဆက်မပြတ် စိမ့်ထွက်လာခဲ့သည်။
“မင်း မင်းဘယ်သူလဲ”
ထိုအခိုက်အတန့်တွင် အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ မျက်ဝန်းထဲ၌ ထိတ်လန့်သော အရိပ်အယောင်များ မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ စွမ်းအားများကို အသုံးပြု၍ ထုတ်ဖော်လိုက်သော တိုက်ကွက်သည်ပင် ကျန်းချန်ကို ရင်မဆိုင်နိုင်ခဲ့ပေ။
ဤကဲ့သို့သော စွမ်းအားသည် မြေကြီးအရှင်အဆင့် ကျင့်ကြံသူ တစ်ယောက်တွင် ရှိသင့်သော စွမ်းအားမျိုး အမှန်တကယ် ဟုတ်ပါသလော။
အနက်ရောင်ဝတ်စုံဝတ် အမျိုးသားသည် ဤအခိုက်အတန့်တွင် ခံစားချက် တစ်ခုကို ရရှိနေခဲ့သည်။
ယင်းမှာ သူ၏ ရှေ့မှ လူငယ်နှင့် ရင်ဆိုင်နေရသည်မှာ ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားနှင့် ရင်ဆိုင်နေရသည်ထက်ပင် ပို၍ ခက်ခဲနေသည်ဟု ခံစားမိနေခြင်းပင်။
“ငါဘယ်သူလဲဆိုတာ မင်းသိဖို့ မလိုဘူး”
ကျန်းချန်က အနက်ရောင်ဝတ်စုံဝတ် အမျိုးသားကို အေးစက်သော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။
“မင်းငါမေးတဲ့ မေးခွန်းကို လိမ်လိမ်မာမာဖြေမလား ဒါမှမဟုတ် အသေခံမလား”
အနက်ရောင်ဝတ်စုံဝတ် အမျိုသားက ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။
“မင်းဘာမေးချင်တာလဲ”
သူက ကောင်းကင်အဆင့် ဟင်းလင်းပြင် နတ်ဆိုးအရှင်သခင် နှောင်းပိုင်းအဆင့် ဖြစ်ပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတွင် သူ၏ အဆင့်အတန်းမှာ မနိမ့်ကျပေ။
နောက်တစ်ဆင့် တက်လှမ်းနိုင်သည်နှင့် သူက ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား ဖြစ်လာနိုင်ပေသည်။
ဤတစ်ကြိမ် သူက အဝင်ဝကို စောင့်ကြပ်ရန် ရောက်လာရခြင်းသည် နတ်ကုန်းမြေတိုက်မှ ကျင့်ကြံသူ အချို့ကို အခွင့်အရေး ရှာဖွေကာ သတ်ဖြတ်၍ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုတွင် နေရာ တစ်နေရာ ရရန် ရည်ရွယ်ထားခဲ့သည်။
သို့သော်လည်း အနက်ရောင်ဝတ်စုံဝတ် အမျိုးသားသည် ဤတစ်ခေါက်တွင် ထူးခြားသော ပါရမီရှင်နှင့် တွေ့ဆုံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထိုပါရမီရှင်သည် မြေကြီးအရှင်အဆင့် ကျင့်ကြံခြင်းဖြင့်ပင် သူ့ကို ပြန်လည် မတိုက်ခိုက်နိုင်သည် အထိ ဖိနှိပ်ထားခဲ့သည်။
သူတို့အနေဖြင့် အသက်ရှင်ချင်လျှင် တစ်ခုတည်းသော နည်းလမ်းမှာ သူ့ရှေ့မှ ကောင်လေး၏ အလိုကို လိုက်လျောရန်သာ ရှိပေတော့သည်။
ကျန်းချန်က အပိုစကားများ ပြောမနေဘဲ အနက်ရောင်ဝတ်စုံဝတ် အမျိုးသားကို တိုက်ရိုက်ကြည့်ကာ မေးလိုက်သည်။
“မင်းတို့ဆီမှာ ဟင်းလင်းပြင်နတ်ဆိုး အရေအတွက် ဘယ်လောက်ရှိလဲ.. အင်အားကရော ဘယ်လောက်ထိ သန်မာကြလဲ”
“လက်ရှိမှာ စုစုပေါင်း အရေအတွက် တစ်ထောင်ကျော် ရှိတယ် ခေါင်းဆောင်ကတော့ ရှန်းထူလို့ ခေါ်တဲ့ ပထမအဆင့် နတ်ဆိုးနတ်ဘုရားတစ်ပါးပဲ.. နတ်ဆိုးအရှင်သခင် အဆင့်ကတော့ တစ်ရာဝန်းကျင်လောက် ရှိတယ်”
အနက်ရောင်ဝတ်စုံဝတ် အမျိုးသားက ဖုံးကွယ်မထားရဲဘဲ အမှန်အတိုင်းပင် ပြောပြလိုက်ရသည်။
ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ပထမအဆင့် နတ်ဆိုးနတ်ဘုရား.. ဟုတ်လား”
အနက်ရောင်ဝတ်စုံဝတ် အမျိုးသားက ခေါင်းညိတ်၍ ပြောလိုက်သည်။
“ပထမအဆင့် နတ်ဆိုးနတ်ဘုရား ဆိုတာက မင်းတို့ နတ်ကုန်းမြေတိုက်ရဲ့ ကျင့်ကြံခြင်းစနစ်နဲ့ ဆိုရင် နတ်ဘုရင်ပထမအဆင့်နဲ့ ညီမျှတယ်”
“မင်းပြောတဲ့ ပထမအဆင့် နတ်ဆိုးနတ်ဘုရားက အခု ဘယ်မှာလဲ”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။
ဤနေရာရှိ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အင်အားသည် အားမနည်းလှသော်လည်း ကျန်းချန်အတွက်မူ မည်သည့် ခြိမ်းခြောက်မှုမျှ မရှိပေ။
အကယ်၍သာ ဤနေရာရှိ ဟင်းလင်းပြင်နတ်ဆိုးများကို ဖြေရှင်းနိုင်ပြီး နတ်ဆိုးတားမြစ်နယ်မြေ၏ စည်းတံဆိပ်ကို အားဖြည့်နိုင်မည် ဆိုလျှင် ဟင်းလင်းပြင်နတ်ဆိုးအသိုက်အမြုံသည် အရှေ့ဘက်ဒေသကို အချိန်တစ်ခုအထိ ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ပေ။
“မင်းက ခေါင်းဆောင်ရှန်းထူဆီ သွားချင်လို့လား.. မင်း သူနဲ့တွေ့ချင်ရင် ငါလိုက်ပို့ပေးနိုင်ပါတယ်”
ထိုစကားကို ပြောနေစဥ် အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ မျက်ဝန်းထဲ၌ အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
ခေါင်းဆောင်ရှန်းထူသည် ပထမအဆင့် နတ်ဆိုးနတ်ဘုရား တစ်ပါးသာ ဖြစ်သော်လည်း သာမန် ပထမအဆင့် နတ်ဆိုးနတ်ဘုရား မဟုတ်ပေ။
ထို့အပြင် သူတို့၏ ဟင်းလင်းပြင်နတ်ဆိုး အသိုက်အမြုံထဲတွင်လည်း နတ်ဆိုးအရှင်သခင် တစ်ရာကျော်ခန့် ရှိသည်။
ထိုကောင်လေး၏ တိုက်ခိုက်ရေးစွမ်းရည်က ပြိုင်ဘက်ကင်းနေသည့်တိုင် ဟင်းလင်းပြင်နတ်ဆိုးအသိုက်အမြုံ ထဲသို့ တစ်ယောက်ထဲ ဝင်ရောက်မည်ဆိုပါက သေလမ်းတစ်လမ်းသာ ရှိပေလိမ့်မည်။
“ကောင်းပြီ မင်းငါ့ကို လိုက်ပို့ပေးရမယ်”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး အနက်ရောင်ဝတ်စုံဝတ်အမျိုးသားကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။
“ဒါပေမဲ့ ဟင်းလင်းပြင်နတ်ဆိုး အသိုက်အမြုံကို မသွားခင်မှာ မင်း ငါ့ကို တစ်ခုတော့ လုပ်ပေးရမယ်”
“မင်း ငါ့ကို သတ်မလို့လား”
အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ အမူအရာက ချက်ချင်းပင် ပြောင်းလဲသွားခဲ့ပြီး ချက်ချင်း ပေတစ်ထောင်ခန့် နောက်ဆုတ်လိုက်ကာ ကျန်းချန်ကို သတိကြီးစွာဖြင့် ကြည့်လိုက်သည်။
“မစိုးရိမ်ပါနဲ့.. ငါမင်းကို မသတ်ဘူးလို့ ပြောပြီးပြီပဲ”
ကျန်းချန်က ခပ်အေးအေးပင် ပြောလိုက်သည်။
“မင်းရဲ့ဝိညာဥ်မှာ အမှတ်အသား လုပ်ရုံလေးပါပဲ”
ထိုစကားကို ကြားလျှင် အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ မျက်နှာအမူအရာသည် ချက်ချင်းပင် အလွန်တရာ အကျည်းတန်သွားခဲ့သည်။
“မင်း.. မင်းက ငါ့ကို ထိန်းချုပ်ချင်တာလား”
သူ၏ စိတ်ဝိညာဥ်တွင်သာ ထိုကောင်လေးက အမှတ်အသားပြုလုပ်လိုက်လျှင် သူ့တစ်သက်လုံး ထိုကောင်လေး၏ ကျေးကျွန် ဖြစ်သွားပေလိမ့်မည်။
ထို့အပြင် သူ၏ သေခြင်းရှင်ခြင်း အရာအားလုံးသည် ထိုကောင်လေး၏ အတွေး တစ်ချက်တွင်သာ မူတည်တော့မည်မဟုတ်ပါလော။
“ဘာလဲ.. မင်းက သဘောမတူချင်တာလား.. မင်းမှာ အခုရွေးချယ်စရာနှစ်ခုပဲ ရှိတယ် အသက်ရှင်ဖို့အတွက် ငါတောင်းဆိုတာကို လက်ခံမလား ဒါမှမဟုတ် မင်းကို အပြင်ပို့ပေးလိုက်ရမလား”
ကျန်းချန်က အနက်ရောင်ဝတ်စုံဝတ် အမျိုးသားကို အေးစက်စက်ကြည့်လိုက်သည်။
“ငါက မင်းကို မသတ်ဘူးလို့ ပြောထားပေမဲ့လည်း အပြင်ဘက်မှာ ရှိတဲ့ နတ်ကုန်းမြေတိုက်က လူတွေကတော့ မင်းကို မသတ်ဘူးလို့ မဆိုလိုဘူးနော်”
“ငါ ငါ သဘောတူပါတယ်”
အနက်ရောင်ဝတ်စုံဝတ် အမျိုးသားက ခဏမျှ တိတ်ဆိတ်သွားခဲ့ပြီး အဆုံးသတ်တွင် ကျန်းချန်၏ အဆိုကို သဘောတူရန် ရွေးချယ်လိုက်ရသည်။
သို့မဟုတ်လျှင် ထိုကောင်လေး၏ လက်ထဲတွင် သေဆုံးသွားမည်မှာ သေချာသလောက်ပင်။
စိတ်ဝိညာဥ်တွင် အမှတ်အသား ပြုလုပ်ခံရခြင်းကို ဝိညာဥ်အပ်နှံခြင်းဟုလည်း ခေါ်ကြသည်။
ဝိညာဥ်အပ်နှံခံရခြင်းသည် ကျန်းချန်၏ ထိန်းချုပ်မှုကို ယာယီအားဖြင့် ခံရမည် ဖြစ်သော်လည်း ကျန်းချန်ကို ဟင်းလင်းပြင်နတ်ဆိုးအသိုက်အမြုံ ဆီသို့ ခေါ်သွားပြီး ပထမအဆင့် နတ်ဆိုးနတ်ဘုရား ရှန်းထူအား သတ်ခိုင်းလိုက်မည် ဆိုလျှင် သူ့အနေဖြင့် လွတ်လပ်မှုကို ပြန်လည်ရရှိနိုင်မည် ဖြစ်သည်။
တစ်ဖက်က သဘောတူသည်နှင့် ကျန်းချန်သည် အချိန်မဖြုန်းတော့ဘဲ အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ ဝိညာဥ်ပေါ်တွင် ဝိညာဥ်အမှတ်အသားကို စည်းတံဆိပ် ခတ်လိုက်ပြီး အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ ဝိညာဥ်ကို ထိန်းချုပ်လိုက်သည်။
“ကဲ ငါ့ကို ဟင်းလင်းပြင်နတ်ဆိုး အသိုက်အမြုံဆီ ခေါ်သွားတော့”
အနက်ရောင်ဝတ်စုံဝတ် အမျိုးသား၏ ဝိညာဥ်ကို ထိန်းချုပ်လိုက်ပြီးနောက်တွင် ကျန်းချန်က အေးစက်စက် အမိန့်ပေးလိုက်သည်။
အနက်ရောင်ဝတ်စုံဝတ် အမျိုးသားက ဘာမှ အထွန့်မတတ်ရဲဘဲ ကျန်းချန်ကို ဤနေရာရှိ အတွင်းဘက် အကျဆုံး နေရာဆီသို့ ဦးဆောင်၍ ခေါ်သွားခဲ့သည်။
အခန်း(၂၁၁၁)ပြီး၏။