← Chapters

အခန်း (၂၁၁၂)

Vol. 152 Ch. 2112

အခန်း (၂၁၁၂)

Vol. 152 Ch. 2112

နတ်ဆိုးတားမြစ်နယ်မြေသည် အပေါ်ယံကြည့်လျှင် သာမန်ချိုင့်ဝှမ်းလေး တစ်ခုဟုသာ ထင်ရသော်လည်း အတွင်းဘက်တွင်မူ အလွန် ကျယ်ပြောသော ကမ္ဘာငယ်လေး တစ်ခုဖြစ်သည်။

နတ်ဆိုးတားမြစ်နယ်မြေ၏ အတွင်းဘက် အကျဆုံးနေရာတွင် ပေပေါင်း‌ထောင်ချီ မြင့်မားပြီး ကတ္တရာစေး ကဲ့သို့ မည်းနက်နေသော ဧရာမ အဆောက်အအုံကြီးတစ်ခု ရှိ၏။

ထိုအဆောက်အအုံ၏ ပုံသဏ္ဌာန်သည် အလွန်ပင် ထူးခြားလှပြီး အဝေးမှကြည့်လျှင် ဧရာမပျားအုံကြီး တစ်ခုနှင့်ပင် ဆင်တူနေခဲ့သည်။

ဆိုရလျှင် ထိုဧရာမပျားအုံကြီးနှင့် ဆင်တူသော အဆောက်အအုံသည် နတ်ကုန်းမြေတိုက်တွင် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုက တည်ဆောက်ထားသော ဟင်းလင်းပြင်နတ်ဆိုး အသိုက်အမြုံပင် ဖြစ်၏။

ဟင်းလင်းပြင်နတ်ဆိုး အသိုက်အမြုံသည် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုများ နေထိုင်သော နေရာ ဖြစ်ရုံသာမက ထာဝရဟင်းလင်းပြင်နှင့် နတ်ကုန်းမြေတိုက် တို့ကို ချိတ်ဆက်ထားသည့် တံတားတစ်စင်း ဆိုလည်း မမှားပေ။

၎င်းသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ထာဝရဟင်းလင်းပြင်မှ တစ်ဆင့် နတ်ကုန်းမြေတိုက် ဆီသို့ တိုက်ရိုက် ဆင်းသက်စေနိုင်စွမ်း ရှိသည်။

ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုများ နတ်ကုန်းမြေတိုက်ကို ကျူးကျော်လာသောအခါတွင် နတ်ကုန်းမြေတိုက်မှ ကျင့်ကြံသူများသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုများကို ပြန်လည် တိုက်ထုတ်နိုင်ခဲ့သော်လည်း ဤဟင်းလင်းပြင်နတ်ဆိုး အသိုက်အမြုံကိုမူ ဖျက်ဆီးနိုင်ခြင်း မရှိခဲ့ကြပေ။

ထို့ကြောင့် အဆုံးသတ်တွင် နတ်ကုန်းမြေတိုက်မှ အင်အားစုများသည် ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံကို စည်းတံဆိပ်ခတ်ကာ ပိတ်ဆို့ခဲ့ရသည်။

ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံ၏ နတ်ဆိုးစွမ်းအင် ပြည့်နှက်နေသော ခန်းမတစ်ခုတွင် အရပ်ရှည်ကာ သန်မာထွားကျိုင်းသော အနက်ရောင်ပုံရိပ် တစ်ခုသည် ခန်းမ၏ အမြင့်ဆုံးနေရာတွင် ထိုင်နေခဲ့သည်။

သူ၏ မျက်နှာက ရက်စက်ကြမ်းကြုတ်ပြီး မျက်လုံးများကမူ နက်ရှိုင်းလှ၏။

ခန္ဓာကိုယ် တစ်ခုလုံးကို အနက်ရောင် ချပ်ဝတ်တန်ဆာဖြင့် ဖုံးအုပ်ထားပြီး ချပ်ဝတ်ပေါ်တွင် မရေမတွက်နိုင်သော အစီအရင်သင်္ကေတများ ရှိနေခဲ့ကာ နှလုံးတုန်စရာ ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့၏။

ထိုအနက်‌ရောင်ပုံရိပ်သည် ဤနေရာ၏ တစ်ဦးတည်းသော နတ်ဆိုးနတ်ဘုရား ဖြစ်သည့် ပထမအဆင့် နတ်ဆိုးနတ်ဘုရား ဖြစ်သည့် ရှန်းထူပင်ဖြစ်သည်။

“ရှန်းရီ.. မင်းတစ်ယောက်ပဲ ပြန်လာတာလား.. ဒီတစ်ခေါက် အပြင်ထွက်ပြီး စူးစမ်းတာ ဘာတွေသိခဲ့ရလဲ”

နတ်ဆိုးနတ်ဘုရား ရှန်းထူက ခန်းမထဲမှ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး ခန်းမအလယ်တွင် ရပ်နေသော အနက်ရောင်ပုံရိပ်ကို မေးလိုက်သည်။

အကယ်၍ ကျန်းချန်သာ ဤနေရာတွင် ရှိနေလျှင် ထိုအနက်ရောင်အရိပ်သည် အပြင်ဘက်ကနေ တားမြစ်နယ်မြေထဲသို့ ထွက်ပြေးလာခဲ့သည့် ဟင်းလင်းပြင် နတ်ဆိုးအရှင်သခင်ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့်ပင် သိနိုင်မည် ဖြစ်သည်။

“တင်ပြပါတယ် ခေါင်းဆောင်.. အပြင်ဘက်မှာ နတ်ကုန်းမြေတိုက်က စွမ်းအားကြီးမားတဲ့ ကျင့်ကြံသူတွေ စောင့်ကြပ်နေကြတယ်.. ကျွန်တော်တောင် ကံကောင်းလို့ လွတ်လာခဲ့တာပဲ”

ဟင်းလင်းပြင် နတ်ဆိုးအရှင်သခင် ရှန်းရီက တရိုတသေဖြင့် လျှောက်တင်လိုက်သည်။

“အပြင်မှာ‌ စောင့်ကြပ်နေတဲ့ ကျင့်ကြံသူတွေအားလုံးက ဓားလမ်းစဥ် ကျင့်ကြံသူတွေပဲ.. ကျွန်တော် ထင်တာ မမှားဘူးဆိုရင် ဒီနေရာကို စောင့်ကြပ်နေတဲ့သူတွေက ကျွန်တော်တို့ရဲ့ရန်သူဟောင်းဖြစ်တဲ့ ဟောင်ထျန်းဓားဂိုဏ်းပဲ ဖြစ်ရမယ်”

“ဟောင်ထျန်းဓားဂိုဏ်းလား”

နတ်ဆိုးနတ်ဘုရား ရှန်းထူ၏ မျက်ဝန်းများသည် အနည်းငယ်ကျဥ်းမြောင်းသွားခဲ့သည်။

ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်ကို တစ်ချိန်က အကြီးအကျယ် ကျူးကျော်ခဲ့ဖူးသဖြင့် နတ်ကုန်းမြေတိုက်မှ အင်အားစုများ အကြောင်းကို ကောင်းစွာသိရှိထားခဲ့သည်။

သူတို့ မျိုးနွယ်စု၏ မှတ်တမ်းများအရ အရှေ့ဘက်ဒေသကို သူတို့ တိုက်ခိုက်ရာတွင် အကြီးမားဆုံး အဟန့်အတားမှာ ဟောင်ထျန်းဓားဂိုဏ်း ဖြစ်သည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာပင် ဟောင်ထျန်းဓားဂိုဏ်းသည် သူတို့ကို စောင့်ကြပ်နေဆဲ ဖြစ်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သူတို့သာ အရှေ့ဘက်ဒေသကို ကျူးကျော်ချင်လျှင် ဟောင်ထျန်းဓားဂိုဏ်း ဟူသည့် ဧရာမ အတားအဆီးကို ဦးစွာ ဖယ်ရှားရလိမ့်မည် ဖြစ်၏။

နတ်ဆိုးနတ်ဘုရားရှန်းထူက သက်ပြင်းတစ်ချက် ချလိုက်ပြီး လေးနက်သော လေသံဖြင့် မေးလိုက်သည်။

“ဟောင်ထျန်းဓားဂိုဏ်းက ဘယ်လောက်အထိ အင်အားရှိလဲ”

“အသေးစိတ်တော့ မသိရသေးဘူးခေါင်းဆောင်.. ဒါပေမဲ့ ကျွန်တော့်အထင် အားမနည်းလောက်ဘူး.. ကျွန်တော်တို့ရဲ့ လက်ရှိအင်အားနဲ့ ဆိုရင်တောင် ဟောင်ထျန်းဓားဂိုဏ်းကို ယှဥ်ဖို့ ခက်ခဲလိမ့်မယ် ထင်တယ်”

ရှန်းရီက ခေါင်းခါရမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

“ခေါင်း‌ဆောင်.. အခု ဒီနေရာကို စည်းခတ်ထားတဲ့စည်းတံဆိပ်က တဖြည်းဖြည်း အားနည်းလာခဲ့ပြီ.. ဟောင်ထျန်းဓားဂိုဏ်းက ဒီစည်းတံဆိပ်ကို ပြန်လည်အားဖြည့်မှုတွေ လုပ်တော့မယ်ထင်တယ်.. ကျွန်တော်တို့အခု ဘာဆက်လုပ်သင့်လဲ”

“နတ်ဆိုးအရှင်သခင်တွေ အားလုံးကို ထွက်ပေါက်မှာ စုဝေးဖို့ အမိန့်ပေးလိုက်.. နတ်ကုန်းမြေတိုက်က ကျင့်ကြံသူတွေ စည်းတံဆိပ်ကို အားဖြည့်ဖို့ လုပ်တာနဲ့ တစ်ခါတည်း တိုက်ခိုက်ကြမယ်”

နတ်ဆိုးနတ်ဘုရား ရှန်းထူ၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

အရှေ့ဘက်ဒေသရှိ ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံသည် နတ်ကုန်းမြေတိုက်ရှိ ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံများ ထဲတွင် စည်းတံဆိပ်၏ စွမ်းအား ပထမဆုံး စတင် လျော့ရဲလာသည့် နေရာ ဖြစ်သည်။

“ခေါင်းဆောင်ရဲ့ အမိန့်အတိုင်း ဆောင်ရွက်လိုက်ပါ့မယ်”

မည်သို့ပင်ဖြစ်စေကာမူ နတ်ကုန်းမြေတိုက်က စည်းတံဆိပ်ကို အားဖြည့်မည့် ကိစ္စကို သူက တားဆီးရမည် ဖြစ်ပြီး စည်းတံဆိပ် လုံးဝ ပျောက်ကွယ်သွားသည် အထိ အချိန်ဆွဲကာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုများကို နတ်ကုန်းမြေတိုက်ဆီ ဆင်းသက်နိုင်မည့် လမ်းကြောင်းအား ဖွင့်ပေးရလိမ့်မည် မဟုတ်ပါလော။

ရှန်းရီက တရိုတသေ ပြောလိုက်ပြီး နတ်ဆိုးနတ်ဘုရားရှန်းထူ၏ အမိန့်ကို သွားရောက် အကြောင်းကြားရန် ပြင်နေစဥ်မှာပင် ခန်းမအပြင်ဘက်ကနေ ပုံရိပ် တစ်ခုသည် ထိတ်လန့်တကြား ပြေးဝင်လာခဲ့သည်။

ထိုပုံရိပ်သည် ခန်းမ အတွင်းသို့ ပြေးဝင်လာပြီး နတ်ဆိုးနတ်ဘုရား ရှန်းထူ၏ ရှေ့တွင် ထိတ်လန့်တကြား ဒူးထောက်လိုက်၏။

“ခေါင်းဆောင်.. အခြေအနေမကောင်းတော့ဘူး”

နတ်ဆိုးနတ်ဘုရားရှန်းထူက မျက်မှောင်ကြုတ်သွားခဲ့သည်။

“ဘာလို့ ဒီလောက်တောင် ထိတ်လန့်နေရတာလဲ”

“ဟေးယွင်က ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို သစ္စာဖောက်လိုက်ပြီ.. သူက နတ်ကုန်းမြေတိုက်က လူတစ်ယောက်ကို ခေါ်လာပြီး ကျွန်တော်တို့လူတွေကို သတ်ဖြတ်နေတယ်...ကျွန်တော်တို့ လူတွေ အများအပြား နတ်ကုန်းမြေတိုက်က လူရဲ့ လက်ထဲမှာ သေကုန်ကြပြီ”

ထိုဟင်းလင်းပြင်နတ်ဆိုးက အလျင်အမြန်ပင် လျှောက်တင်လိုက်သည်။

“ဟေးယွင် ဟုတ်လား”

နတ်ဆိုးနတ်ဘုရား ရှန်းထူ၏ မျက်နှာသည် ချက်ချင်းဆိုသလိုပင် သုန်မှုန်သွားခဲ့သည်။

ဟေးယွင် ဆိုသူသည် သူတို့ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုတွင် နာမည်ကျော်ကြားသော ပါရမီရှင်တစ်ဦး ဖြစ်သည်။

ဟေးယွင်က အသက် သိပ်မကြီးသေးသော်လည်း ကောင်းကင်အဆင့် ဟင်းလင်းပြင် နတ်ဆိုးအရှင်သခင် နှောင်းပိုင်းအဆင့်ကို ရောက်ရှိနေပြီ ဖြစ်၏။

ဆိုရလျှင် ဟေးယွင်၏ အဆင့်အတန်းသည် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုတွင် နတ်ဆိုးနတ်ဘုရား တစ်ပါး ဖြစ်သည့် သူနှင့် သိပ်မကွာခြားပေ။

“ငါတို့ သွားကြည့်ကြစို့”

ဟေးယွင်က ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုကို သစ္စာဖောက်ကာ နတ်ကုန်းမြေတိုက်မှ ကျင့်ကြံသူနှင့် ပူးပေါင်း၍ ပြန်လည်တိုက်ခိုက်လာမည်ဟု နတ်ဆိုးနတ်ဘုရား ရှန်းထူသည် လုံးဝမယုံကြည်နိုင်ခဲ့ပေ။

စကားဆုံးသည်နှင့် နတ်ဆိုးနတ်ဘုရား ရှန်းထူ၏ ပုံရိပ်သည် ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံ၏ အထက်တွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။

အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ဟင်းလင်းပြင်နတ်ဆိုးများစွာ၏ ဝိုင်းရံမှုကို ခံထားရသော်လည်း အလွန်ပင် တည်ငြိမ်မှု ရှိနေခဲ့သည်။

ထိုအခါ ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံ၏ အရှေ့တည့်တည့်တွင် ဟင်းလင်းပြင် နတ်ဆိုးဒါဇင်ပေါင်း များစွာသည် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးအား ဝိုင်းရံထားသည်ကို သူတွေ့လိုက်ရသည်။

ထိုလူငယ်က နီရဲသော ဓားရှည် တစ်လက်ကို ကိုင်ဆောင်ထားပြီး လေထဲတွင် အေးအေးလူလူပင် ဝှေ့ယမ်းနေခဲ့သည်။

သူ ဓားချက် တစ်ချက် ဝှေ့ယမ်းတိုင်းတွင် ဟင်းလင်းပြင်နတ်ဆိုးတစ်ပါးသည် သွေးအိုင်ထဲသို့ လဲကျသွားခဲ့၏။

ထိုအထဲတွင် ပါဝင်နေသည့် ဟင်းလင်းပြင်နတ်ဆိုးအရှင်သခင် တချို့ပင်လျှင် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ဓားချက်ကို မည်သို့မျှ မတားဆီးနိုင်ကြပေ။

အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ပတ်ပတ်လည်တွင် ဟင်းလင်းပြင် နတ်ဆိုး အလောင်းတစ်ဒါဇင်ကျော် ရှိနေခဲ့ပြီး ပတ်ဝန်းကျင် တစ်ခုလုံးသည် သွေးကွက်များဖြင့် ပြည့်နှက်နေခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် နတ်ဆိုးနတ်ဘုရား ရှန်းထူ၏ မျက်နှာသည် အလွန်တရာပင် အကျည်းတန်သွားခဲ့သည်။

ဟေးယွင်က နတ်ကုန်းမြေတိုက်မှ ကျင့်ကြံသူ တစ်ယောက်ကို အမှန်တကယ်ပင် ခေါ်လာပြီး ဟင်းလင်းပြင် နတ်ဆိုးများကို ဖရဲသီး အစိတ်ခံရသလို သတ်ဖြတ်ခိုင်းနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။

“ရပ်လိုက်စမ်း”

နတ်ဆိုးနတ်ဘုရားရှန်းထူ၏ ဒေါသတကြီး ကြုံးဝါသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။

ကျန်းချန်က ခေါင်းကို အနည်းငယ်မော့၍ ကြည့်လိုက်ရာ သူ၏အကြည့်သည် နတ်ဆိုးနတ်ဘုရား ရှန်းထူ၏ ခန္ဓာကိုယ်ပေါ်သို့ တန်းတန်းမတ်မတ်ပင် ကျရောက်သွားခဲ့သည်။

“မင်းက နတ်ဆိုးနတ်ဘုရားရှန်းထူ ဆိုတာလား”

“ဟုတ်တယ်.. ငါက ရှန်းထူပဲ”

ရှန်းထူက ကျန်းချန်ကို စူးစိုက်၍ ကြည့်လိုက်သည်။

သူ၏ ခန္ဓာကိုယ်ကနေ သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာခဲ့၏။

“ကောင်လေး.. ငါတို့ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုရဲ့ နယ်မြေထဲကို ဝင်လာရဲတယ် ဆိုတော့ မင်းက သတ္တိကောင်းသားပဲ”

“ဟားဟား နတ်ဆိုးနတ်ဘုရား တစ်ပါးလောက်ပဲ ဦးဆောင်တဲ့ အမာခံတပ်စခန်း တစ်ခုလောက်ကို ငါက ဘာလို့ မလာရဲရမှာလဲ”

ကျန်းချန်က မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။

“နတ်ဆိုးနတ်ဘုရားရှန်းထူ.. မင်းကို ရွေးချယ်စရာ အခွင့်အရေးတစ်ခုပေးမယ်.. အခုပဲ ငါ့ဆီမှာ လိမ်လိမ်မာမာလေး အညံ့ခံလိုက် ဒါဆိုရင် မင်းကို အသက်ရှင်ခွင့်ပေးမယ်.. မဟုတ်ရင်တော့ ငါ့ကို မညှာတာဘူး ဆိုပြီး အပြစ်မတင်နဲ့”

ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုများ နတ်ကုန်းမြေတိုက် ပေါ်သို့ ဆင်းသက်ရန်အတွက် တံတားတစ်စင်း ဖြစ်သည်။

အကယ်၍ သူသာ နတ်ဆိုးနတ်ဘုရားရှန်းထူ နှင့် အခြားသူများကို သတ်ဖြတ်လိုက်လျှင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် မကြာမီမှာပင် ပိုမို သန်မာသော ဟင်းလင်းပြင်နတ်ဆိုးများကို စေလွှတ်နိုင်ခြေ ရှိသည်။

ထိုအတိုင်းသာ ဖြစ်လာလျှင် သူတို့ နတ်ကုန်းမြေတိုက် အတွက် အလွန်ပင် နစ်နာစရာ ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် ကျန်းချန်သည် နတ်ဆိုးနတ်ဘုရား ရှန်းထူနှင့် အဖွဲ့ကို အညံ့ခံခိုင်းရန်သာ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

ယင်းမှာ ၎င်းတို့ကို လက်နက်တစ်ခု အဖြစ် အသုံးချပြီး နတ်ဆိုးတားမြစ်နယ်မြေမှ အရှေ့ဘက်ဒေသသို့ ပေးစွမ်းနေသည့် ခြိမ်းခြောက်မှုကို လုံးဝ အမြစ်ပြတ် ဖြေရှင်းရန် ဆိုလည်း မမှားပေ။

“ဟမ့်.. မင်းဆီမှာ အညံ့ခံရမယ်ဟုတ်လား”

“မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ.. ဒီနေရာအထိ ရောက်လာမှတော့ မင်းရဲ့ အသက်ကို ငါ့ဆီမှာ ထာဝရထားခဲ့လိုက်တော့”

နတ်ဆိုးနတ်ဘုရားရှန်းထူက ကောက်ကျစ်စွာ ပြုံးလိုက်သည်။

ယင်းနောက်တွင် သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာကောင်းသော ဟင်းလင်းပြင် နတ်ဆိုးစွမ်းအားများ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့၏။

အခန်း(၂၁၁၂)ပြီး၏။

All Chapters