အခန်း (၂၁၁၄)
Vol. 152 Ch. 2114
ကျန်းချန်က လေထဲကနေ ဆင်းသက်လာခဲ့ပြီး ရှန်းထူကို အေးစက်စက် တစ်ချက်ကြည့်လိုက်သည်။
“မင်းအသက်ရှင်ချင်တယ်ဆိုရင် ဝိညာဥ်ကို အပ်နှံပြီး င့ါဆီမှာ အညံ့ခံစမ်း”
ကျန်းချန်၏ စကားကိုကြားလျှင် ရှန်းထူ၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလိုပင် အလွန်တရာ အကျည်းတန်သွားခဲ့သည်။
ဝိညာဥ်အပ်နှံခြင်း ဟူသော အဓိပ္ပါယ်မှာ နောင်တွင် ကျန်းချန်၏ ထိန်းချုပ်မှုကို ခံရတော့မည် ဆိုလိုခြင်းပင် ဖြစ်သည်။
ထို့အပြင် ကျန်းချန်သည် နတ်ကုန်းမြေတိုက်မှ ကျင့်ကြံသူ တစ်ဦးဖြစ်၍ ကျန်းချန်ထံတွင် အညံ့ခံခြင်းသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို သစ္စာဖောက်ခြင်းနှင့် အတူတူပင် ဖြစ်၏။
ဤကိစ္စသာ ပေါ်ပေါက်သွားခဲ့လျှင် သူ၏ ကံကြမ္မာသည် အလွန်တရာ ဆိုးရွားသွားပေလိမ့်မည်။
သို့သော်လည်း အညံ့မခံရန် ရွေးချယ်လျှင်သူ့ရှေ့မှ လူငယ်သည် သူ့ကို အလွယ်တကူ အလွှတ်ပေးမည် မဟုတ်ပေ။
အညံ့ခံလျှင် အသက်ရှင်ရန် မျှော်လင့်ချက် ရှိနိုင်သော်လည်း အညံ့မခံလျှင်မူ ယခုချက်ချင်း သေရမည် ဖြစ်သည်။
သူ၏ အသက် ဆက်လက် ရှင်သန်နိုင်ရေး အတွက် ရှန်းထူသည် အဆုံးသတ်တွင် သူ၏ ဝိညာဥ်ကို အပ်နှံပြီး ကျန်းချန်ထံတွင် အညံ့ခံရန် ရွေးချယ်လိုက်ရတော့သည်။
ကျန်းချန်က ထုံးစံအတိုင်းပင် ရှန်းထူကို ထိန်းချုပ်ရန် အတွက် ရှန်းထူ၏ ဝိညာဥ်ပေါ်တွင် ဝိညာဥ် အမှတ်အသား ခပ်နှိပ်လိုက်၏။
“ဒီလို ဖြစ်လာလိမ့်မယ်လို့ မထင်ထားမိဘူး”
ခေါင်းဆောင်ရှန်းထူသည်လည်း သူကဲ့သို့ပင် ကျန်းချန် ထံတွင် အညံ့ခံလိုက်ရသည်ကို မြင်လျှင် ဟေးယွင်သည် စိတ်ထဲကနေ ခါးသီးစွာ ပြုံးလိုက်မိသည်။
ကျန်းချန်က မြေကြီးအရှင် အဆင့်သာ ရှိသေး၍ တိုက်ခိုက်ရေးစွမ်းရည် မည်မျှပင် အစွမ်းထက်နေပါစေ၊ ပထမအဆင့်နတ်ဆိုးနတ်ဘုရား ဖြစ်သည့် ရှန်းထူကို ယှဥ်နိုင်လိမ့်မည်မဟုတ်ဟု မူလက ထင်မှတ်ထားခဲ့သည်။
ရှန်းထူသာ ကျန်းချန်ကို အနိုင်ယူနိုင်ခဲ့လျှင် သူ၏ ဝိညာဥ်ပေါ်တွင် ကျန်းချန် ခပ်နှိပ်ထားသော ဝိညာဥ်စည်းတံဆိပ်သည်လည်း အလိုအလျောက် ပျက်ပြယ်သွားလိမ့်မည် ဖြစ်၏။
သို့သော်လည်း မျှော်လင့်ချက်က ကြီးကျယ်သလောက် လက်တွေ့ကမူ အလွန်တရာပင် ခါးသီးလှသည်။
ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအားက ဤမျှအထိ သန်မာနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ပထမအဆင့် နတ်ဆိုးနတ်ဘုရား ရှန်းထူပင်လျှင် ကျန်းချန်၏ ရှေ့တွင် ပြန်လည် တိုက်ခိုက်နိုင်စွမ်းမရှိဘဲ ဤကဲ့သို့ပင် အဆုံးသတ်သွားခဲ့ရ၏။
“ရှန်းထူ..မင်းဒီနေရာကို ဆက်ပြီး စောင့်ကြပ်ပါ.. အကယ်၍ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက ဒီနေရာကနေ တစ်ဆင့် နတ်ကုန်းမြေတိုက်ကို ဝင်ရောက်ဖို့ ကြိုးစားလာမယ်ဆိုရင် မင်းတတ်နိုင်သမျှ အချိန်ဆွဲထားရမယ်.. မဟုတ်ရင်တော့ မင်းရဲ့ခန္ဓာကိုယ်ကို ငါဖျက်ဆီးပစ်မယ်”
ကျန်းချန်က ရှန်းထူကို ထိန်းချုပ်ပြီးနောက်တွင် အေးစက်စက် အမိန့်ပေးလိုက်သည်။
“အမိန့်အတိုင်းပါ သခင်”
ရှန်းထူက ကျန်းချန်၏ အမိန့်ကို မငြင်းဆန်ရဲဘဲ ရိုသေစွာ ပြန်ဖြေလိုက်သည်။
ယခုအခါတွင် သူ၏ အသက်မှာ ကျန်းချန်၏ လက်ထဲတွင် ရှိနေသဖြင့် ကျန်းချန်ထံတွင် အရင်ဆုံး အညံ့ခံပြီးမှ နောက်ထပ်ခြေလှမ်းများကို စဥ်းစားရလိမ့်မည် ဖြစ်သည်။
ရှန်းထူကို အောင်နိုင်ပြီးနောက်တွင် ကျန်းချန်၏ အကြည့်သည် သူ၏ရှေ့ရှိ ပေထောင်ချီ မြင့်မားသော ပျားအုံပုံစံ အဆောက်အဦး ဆီသို့ ကျရောက်သွားခဲ့သည်။
ထိုခဏဝယ် သူ၏ မျက်ဝန်းတွင် အံ့သြသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
သူနှင့် ရှန်းထူတို့၏ အစောပိုင်းက တိုက်ပွဲသည် မိုင်ပေါင်းထောင်ချီ ပတ်ဝန်းကျင်ကို ဘာမှမကျန်ရှိတော့သည်အထိ ပျက်စီးသွားစေခဲ့သည်။
သို့သော်လည်း သူ့ရှေ့မှ ဟင်းလင်းပြင်နတ်ဆိုးအသိုက်ကမူ ထိုက်စန်းတောင် ကဲ့သို့ပင် မလှုပ်မယှက် တည်ရှိနေဆဲ ဖြစ်ပြီး မည်သည့် ထိခိုက်မှုမျှ ရှိမနေခဲ့ပေ။
ထိုအချိန်က နတ်ကုန်းမြေတိုက်၏ ကျင့်ကြံသူများပင်လျှင် ဤဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံကို မဖျက်ဆီးနိုင်ခဲ့မှန်း ပြန်လည် စဥ်းစားမိသောအခါမှ ကျန်းချန် စိတ်သက်သာရာ ရသွားခဲ့သည်။
ဆိုရလျှင် ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံကို ဖျက်ဆီးရန်မှာ လုံးဝမလွယ်ကူသော အလုပ်ပင်ဖြစ်၏။
ကျန်းချန်က ဟင်းလင်းပြင် နတ်ဆိုး အသိုက်အမြုံကို အကဲခတ် ကြည့်လိုက်ပြီးနောက်တွင် ရှန်းထူကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။
“ထာဝရဟင်းလင်းပြင်နဲ့ ဒီနေရာကို ချိတ်ဆက်ထားတဲ့လမ်းကြောင်းက ဒီအသိုက်ထဲမှာ မဟုတ်လား.. ငါ့ကို လိုက်ပြပေးစမ်း”
ယခု သူက ဤနေရာသို့ ရောက်ရှိလာပြီ ဖြစ်ရာ ဟင်းလင်းပြင်နတ်ဆိုးများက ထာဝရဟင်းလင်းပြင် နှင့် နတ်ကုန်းမြေတိုက်ကို ချိတ်ဆက်ထားသည့် လမ်းကြောင်းအား သွားရောက်ကြည့်ရှုသင့်သည် မဟုတ်ပါလော။
အကယ်၍ ထာဝရဟင်းလင်းပြင် နှင့် နတ်ကုန်းမြေတိုက်တို့ကြားရှိ လမ်းကြောင်းကို ဖျက်ဆီးနိုင်မည် ဆိုလျှင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ နတ်ကုန်းမြေတိုက် အရှေ့ဘက်ဒေသသို့ ပေးစွမ်းနေသည့် ခြိမ်းခြောက်မှုကို အပြီးတိုင် ဖြေရှင်းနိုင်လိမ့်မည် ဖြစ်သည်။
ရှန်းထူက တုံ့ဆိုင်းမနေဘဲ ကျန်းချန်ကို ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံ ထဲသို့ တိုက်ရိုက်ပင် ဦးဆောင်ခေါ်သွားခဲ့သည်။
ဟင်းလင်းပြင် နတ်ဆိုးအသိုက်သည် အပေါက်ပေါင်း ထောင်ချီ ရှိသော ဧရာမပျားအုံကြီး တစ်ခုလို ဖြစ်နေခဲ့၏။
စင်စစ် ထိုအပေါက် တစ်ခုစီတိုင်းသည် သီးခြား နေရာလွတ် ခန်းမများ ဖြစ်ကြသည်။
ရှန်းထူ၏ ဦးဆောင်မှုဖြင့် ကျန်းချန်သည် အသိုက်အမြုံ၏ အလယ်ဗဟိုရှိ အပေါက်တစ်ခု ဆီသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
ဤသို့ဖြင့် ကျန်းချန်တို့သည် မီတာတစ်ရာခန့် ကျယ်ဝန်းသော မှောင်မည်းနေသည့် ကျောက်ခန်း တစ်ခုအတွင်းသို့ ရောက်ရှိသွားခဲ့ကြသည်။
အခန်းထဲတွင် ဟင်းလင်းပြင် လှိုင်းဂယက်များ ဖြာထွက်နေသော ဆန်းကြယ်သည့် အလင်းတံခါးတစ်ချပ် ရှိနေခဲ့၏။
ထိုအလင်းတံခါးသည် မည်သည့်နေရာကို ဦးတည်နေမှန်း မည်သူမှ မသိနိုင်ပေ။
ကျန်းချန်က စဥ်းစားနေစရာပင် မလိုဘဲ ထိုအလင်းတံခါးသည် ဤနေရာနှင့် ထာဝရဟင်းလင်းပြင်ရှိ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုကို ချိတ်ဆက်ပေးထားသည့် တံတားဖြစ်ကြောင်း သိလိုက်သည်။
သို့သော်လည်း ကျန်းချန်ကို ဇဝေဇဝါဖြစ်စေသည့် တစ်ခုတည်းသော အချက်မှာ ဤဆန်းကြယ်သော အလင်းတံခါးထံမှ မည်သည့် အစီအရင် အရှိန်အဝါကိုမျှ မခံစားရခြင်းဖြစ်သည်။
သူက ရှန်းထူကို ကြည့်၍ မေးလိုက်သည်။
“မင်းတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတွေက ဒီအလင်းတံခါးကနေ တစ်ဆင့် ဒီကို လာကြတာလား”
“ဟုတ်ပါတယ် သခင်.. ဒါက ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုတွေ ဒီကို လာတဲ့လမ်းပါ.. ဒီအလင်းတံခါးက ကျွန်တော်တို့ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုရဲ့ အထွတ်အမြတ်ရတနာတစ်ပါး ဖြစ်ပြီး နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူတွေတောင် ဘယ်လိုမှ ဖျက်ဆီးနိုင်မှာမဟုတ်ဘူး"
"ဒါပေမဲ့ အခုအချိန်မှာတော့ ဒီရတနာက ပြဿနာအချို့ ရှိနေပုံပဲ.. တစ်ကြိမ် အသုံးပြုဖို့အတွက်တောင် အချိန်အတော်ကြာ စောင့်ဆိုင်းရတယ်”
ရှန်းထူက ကျန်းချန်ကို ရှင်းပြလိုက်သည်။
ကျန်းချန်က ခေါင်းကိုညိတ်လိုက်ပြီး ဓားလမ်းစဥ်မူလစွမ်းအားကို အသုံးပြု၍ အလင်းတံခါးကို ခုတ်ချလိုက်သော်လည်း အလင်းတံခါးသည် အနည်းငယ်မျှပင် တုန်ခါသွားခြင်းမရှိပေ။
“ဒီအလင်းတံခါးက သန္ဓေတာအိုရတနာ တစ်ခုကနေ ဖန်တီးထားတာဖြစ်နိုင်တယ်”
ထိုသို့တွေးမိပြီးနောက်တွင် ကျန်းချန်၏ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
ဤနေရာရှိ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ လမ်းကြောင်းကို ဖျက်ဆီးရန်မှာ မဖြစ်နိုင်သလောက်ပင်။
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး အလင်းတံခါးကို ဖျက်ဆီးမည့် အကြံအား လက်လျှော့လိုက်သည်။
ထို့နောက် သူက ရှန်းထူ၏ ဦးဆောင်မှုဖြင့် ရတနာများ သိမ်းဆည်းထားသည့် အခြားသော နေရာလွတ် အခန်းတစ်ခန်း ဆီသို့ သွားခဲ့ကြသည်။
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်ကို ကျူးကျော်စဥ်တွင် နတ်ကုန်းမြေတိုက်ရှိ မရေမတွက်နိုင်သော အရင်းအမြစ်များနှင့် ရတနာများကို သိမ်းကြုံးယူခဲ့ကြသည်။
ဟင်းလင်းပြင် နတ်ဆိုးများသည် ထာဝရဟင်းလင်းပြင်သို့ ဆုတ်ခွာကြရာတွင် ရတနာအများစုကို ယူဆောင်သွားခဲ့ကြသော်လည်း တချို့တလေကမူ ဟင်းလင်းပြင်နတ်ဆိုးအသိုက်အမြုံတွင် ကျန်ရှိခဲ့သည်။
ကျန်းချန်က မြင်သမျှ အရာအားလုံး နီးပါးကို မဟာနဂါးနန်းတော် အတွင်း ထည့်၍ သိမ်းဆည်းလိုက်သည်။
မကြာမီမှာပင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ဘဏ္ဍာတိုက်အတွင်း၌ ကျန်းချန် သဘောမကျသည့် အရာမှလွဲလျှင် ကျိုးပဲ့နေသော ဓားများနှင့် အသုံးမပြုနိုင်တော့သည့် ပစ္စည်းတချို့သာ ကျန်ရှိတော့သည်။
ကျန်းချန်က ကျိုးပဲ့နေသော ဓားများကို လျစ်လျူရှုပြီး ထွက်သွားရန် ပြင်လိုက်စဥ်မှာပင် တစ်စုံတစ်ရာကို ရုတ်တရက် ခံစားမိလိုက်၏။
ကျန်းချန်က ချက်ချင်းဆိုသလိုပင် ဓားကျိုးများ စုပုံနေသော နေရာကို ကြည့်လိုက်သည်။
သူ၏ အကြည့်သည် အလွန်လျင်မြန်စွာပင် ရိုးရှင်းသော ဓားရှည်တစ်လက် ပေါ်သို့ ကျရောက်သွားခဲ့သည်။
ထိုဓားက မူလတွင် ရွှေရောင်ဖြစ်ပုံရသော်လည်း အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့သဖြင့် သံချေးများ တက်နေပြီး အကွက်အပျောက်များပင် ဖြစ်နေခဲ့ချေပြီ။
ဓားရှည်၏ ထိပ်ဖျားတွင် ခြောက်သွေ့နေသော သွေးကွက်တစ်ကွက်ပင် ကျန်ရှိနေသေး၏။
ထိုသွေးကွက်က ခြောက်သွေ့နေပြီ ဖြစ်သော်လည်း ကျန်းချန်သည် သွေးကွက်ကနေ ရှန်းထူ၏ သွေးစွမ်းအားနှင့် အတော်ပင် ဆင်တူလှသည့် ပြင်းထန်သော နတ်ဆိုးစွမ်းအင်ကို ခံစားခဲ့ရသည်။
“ဒီသွေးက ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားရဲ့ သွေးဖြစ်ရမယ်.. ဒါပေမဲ့ သာမန် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားရဲ့သွေးတော့ မဟုတ်လောက်ဘူး”
ကျန်းချန်က ရုတ်တရက် အံ့အားသင့်သွားခဲ့သည်။
ဤရှေးဟောင်းရွှေရောင်ဓား၏ ယခင်ပိုင်ရှင်သည် အစွမ်းထက် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားများကိုပင် သတ်ဖြတ်နိုင်သည့် အလွန်တရာစွမ်းအားကြီးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်လောက်သည်။
ကျန်းချန်ကို အံ့အားအသင့်စေဆုံးအရာမှာ ထိုရွှေရောင်ဓားနှင့်သူ့ကြားတွင် ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်ခု ရှိနေသည်ကို သိလိုက်ရခြင်းပင်။
ကျန်းချန်က သက်ပြင်းတစ်ချက်ကို ချလိုက်ပြီးနောက်တွင် ဓားလမ်းစဥ်၏ မူလအရင်းအမြစ် စွမ်းအားကို အသုံးပြု၍ ရှေးဟောင်းရွှေရောင်ဓားကို ဆုပ်ကိုင်လိုက်သည်။
“ဝုန်း..”
ရှေးဟောင်းရွှေရောင်ဓားပေါ်ရှိ သံချေးများသည် ချက်ချင်းဆိုသလို ကွာကျသွားခဲ့ပြီး တောက်ပသော ရွှေရောင်ဓားအလင်းများ ပေါက်ကွဲထွက်လာခဲ့သည်။
“ဒီဓားက အရမ်းကို အစွမ်းထက်လွန်းတာပဲ”
ရှေးဟောင်းရွှေရောင်ဓားအတွင်းရှိ ကြောက်မက်ဖွယ်ရာကောင်းသောစွမ်းအားကို ခံစားမိလျှင် ကျန်းချန်သည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး အစောပိုင်းက ရှေးဟောင်းရွှေရောင်ဓားအတွင်းသို့ ထည့်သွင်းထားသော ဓားလမ်းစဥ် မူလအရင်းအမြစ်စွမ်းအားကို အလျင်အမြန်ပင် ပြန်လည် ရုတ်သိမ်းလိုက်သည်။
ထိုအခါ ရွှေရောင်ဓားသည် ချက်ချင်းဆိုသလို ပြန်လည် တည်ငြိမ်သွားခဲ့ပြီး ယခင်ကဲ့သို့ပင် မှိန်ဖျော့သောအခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့၏။
ကျန်းချန်က စိတ်ထဲတွင် အတိုင်းမသိ ဝမ်းသာသွားခဲ့သည်။
ဤရှေးဟောင်းရွှေရောင်ဓားသည် နတ်ဘုရင်အဆင့် လက်နက်ထက် မနိမ့်ကျသော ရတနာတစ်ပါး ဖြစ်သည်မှာ ထင်ရှားနေသည် မဟုတ်ပါလော။
အခန်း(၂၁၁၄)ပြီး၏။