← Chapters

အခန်း (၂၁၁၅)

Vol. 152 Ch. 2115

အခန်း (၂၁၁၅)

Vol. 152 Ch. 2115

“ဒီတစ်ခေါက်တော့ တကယ့်ရတနာတစ်ပါးကို ရှာတွေ့ခဲ့ပြီပဲ.. မထင်မှတ်ဘဲ ဒီဓားကျိုး အစုအပုံတွေထဲမှာ ဒီလောက်အဆင့်အတန်းမြင့်တဲ့ နတ်ဓားတစ်လက် ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

သူ့လက်ထဲမှ ရှေးဟောင်းရွှေရောင်ဓားကို ကြည့်ကာ ကျန်းချန်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူက နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ရန် ဓားလမ်းစဥ်ကို ရွေးချယ်ခဲ့ပြီးနောက်တွင် သူနှင့် သင့်တော်မည့် လက်နက်တစ်ခုကို လိုအပ်နေခဲ့သည်။

ယခု သူအသုံးပြုနေသော လက်နက်သည် မဟာမြေရိုင်းဒေသတွင် သူရရှိခဲ့သည့် ကောင်းကင်မီးနတ်ဓား ဖြစ်သည်။

ဤကောင်းကင်မီးနတ်ဓားသည် နယ်မြေနတ်ဘုရား အဆင့် လက်နက်တစ်ခု ဖြစ်ပြီး ဓားလမ်းစဥ်ကို အထူးပြုသော သာမန် နယ်မြေနတ်ဘုရား အတွက် ဆိုလျှင် ‌ကောင်းမွန်သော လက်နက်တစ်ခု ဖြစ်သည်။

သို့သော်လည်း ကျန်းချန်သည် သာမန် နယ်မြေနတ်ဘုရားတစ်ပါးမဟုတ်ပေ။

သူက လက်ရှိအချိန်တွင် မြေကြီးအရှင်အဆင့်တွင်သာ ရှိနေသေးသော်လည်း သူရင်ဆိုင်နေရသော ပြိုင်ဘက်များသည် နတ်ဘုရင်အဆင့်များ ဖြစ်ကြသည်။

ထိုအဆင့်ရှိ ပုဂ္ဂိုလ်များနှင့် ရင်ဆိုင်ရာတွင် ကောင်းကင်မီးနတ်ဓားသည် သိသိသာသာပင် မလုံလောက်တော့ပေ။

ဆိုရလျှင် ရှေးဟောင်း ရွှေရောင်ဓားသည် ကောင်းကင်မီးနတ်ဓားထက် သံသယဖြစ်ဖွယ်ရာမရှိ အဆပေါင်းများစွာ ပိုမိုအားကောင်းသည် အနှိုင်းမဲ့ နတ်လက်နက်တစ်ခု ဖြစ်၏။

အရေးအကြီးဆုံးအချက်မှာ ရွှေရောင်ဓားသည် သူ့အတွက် ဖန်တီးပေးထားသကဲ့သို့ပင် သူနှင့် အလွန် လိုက်ဖက်ညီသည်ဟု ခံစားနေရခြင်းပင်။

ဤရှေးဟောင်း ရွှေရောင်ဓားဖြင့်သာ ဆိုလျှင် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် နောက်ထပ် အဆင့်တစ်ဆင့်သို့ အမှန်တကယ် မြင့်တက်သွားပေလိမ့်မည်။

ရွှေရောင်ဓားကို သိမ်းဆည်းပြီးနောက်တွင် ကျန်းချန်သည် ကျန်ရှိနေသော ဓားအကျိုးအပဲ့များကို ခဏမျှ ကြည့်ရှုခဲ့ပြီး မည်သည့်အရာမျှ မတွေ့ရှိတော့မှသာ ဘဏ္ဍာတိုက်ထဲမှ ထွက်ခွာခဲ့သည်။

ကျန်းချန်က ဟင်းလင်းပြင် နတ်ဆိုး အသိုက်အမြုံထဲတွင် ကြာရှည်စွာ မနေထိုင်ခဲ့ပေ။

ရှန်းထူကို ကိစ္စတချို့ ညွှန်ကြားပြီးနောက်တွင် ကျန်းချန်သည် နတ်ဆိုးတားမြစ်နယ်မြေ၏ ထွက်ပေါက်သို့ ဦးတည်၍ ထွက်လာခဲ့သည်။

ထွက်ခွာသွားသော ကျန်းချန်၏ ကျောပြင်ကို ကြည့်ရင်း ဟေးယွင်သည် သူ၏ နံဘေးရှိ ရှန်းထူကို မျက်နှာ မသာမယာဖြင့် ပြောလိုက်သည်။

“ခေါင်းဆောင်ရှန်းထူ.. ဟိုကောင်လေးရဲ့ ဝိညာဥ် အမှတ်အသားကို ဖယ်ရှားဖို့အတွက် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုဆီကို ပြန်ကြမလား”

“အဲဒီလောက်ထိ ဘယ်လိုလုပ် လွယ်ကူနိုင်မှာလဲ.. ဝိညာဥ်အမှတ်အသားကို ဖယ်ရှားဖို့ ကြိုးစားလိုက်တာနဲ့ အဲဒီကောင်လေးက တစ်ခါတည်း သိသွားလိမ့်မယ်.. အဲဒီအချိန်ကျရင် သူ့ရဲ့ အတွေးတစ်ချက်နဲ့တင် မင်းနဲ့ငါ သေပွဲဝင်ရမှာပဲ”

ရှန်းထူက ခေါင်းခါရမ်းလိုက်ပြီး မချိပြုံး ပြုံးကာ ပြောလိုက်သည်။

ထိုစကားကို ကြားလျှင် ဟေးယွင်၏ မျက်ဝန်းထဲတွင် နောင်တရသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

“ဒီကောင်လေး သေသွားတာ ဒါမှမဟုတ် မင်းနဲ့ ငါက သူ့ထက်ပိုပြီး သန်မာလာတာမျိုး မဟုတ်သရွေ့ ဒီကောင်လေးရဲ့ထိန်းချုပ်မှုကနေ လွတ်မြောက်ဖို့ ခက်ခဲလိမ့်မယ်”

ထိုကဲ့သို့ ဆန်းကြယ်သည့် ပါရမီရှင်မျိုး ဤနေရာတွင် ပေါ်လာမည်ကို သိလျှင် သူက ဟင်းလင်းပြင်နတ်ဆိုး အသိုက်အမြုံသို့ လာခဲ့မိမည် မဟုတ်ပေ။

ကျန်းချန်က နတ်ဆိုးတားမြစ်နယ်မြေ အတွင်းသို့ ဝင်ရောက်ကာ တစ်ကိုယ်တော် စွမ်းရည်ဖြင့် နတ်ဆိုးတားမြစ်နယ်မြေအတွင်းမှ ဟင်းလင်းပြင်နတ်ဆိုးများကို နှိမ်နင်းနေသည့် အချိန်တွင် နတ်ဆိုးတားမြစ်နယ်မြေ၏ အပြင်ဘက်တွင် ကျီရွမ်ရီနှင့် အခြားသူများသည် ကျိရှောင်နတ်ဘုရင် ထံမှ သတင်းများကို ရရှိခဲ့ကြပြီး စုဝေးနေခဲ့ကြသည်။

နတ်ဆိုးတားမြစ်နယ်မြေ၏ အထက်တွင် ကောင်းကင်အရှင်အဆင့် အစီအရင်သခင်သည် ဒြပ်စင်ငါးပါး ကောင်းကင်တားမြစ် အစီအရင်ကို တစ်ဖန် ပြန်လည် တည်ဆောက်ထား၏။

“အားလုံးပဲ အစီအရင်ကို တည်ဆောက်ပြီးသွားပြီ ဆိုတော့ အချိန်မနှောင်းခင် တားမြစ်နယ်မြေရဲ့ စည်းတံဆိပ်ကို အားဖြည့်ပြီး အစီအရင်ကို အသက်သွင်းလိုက်ကြရအောင်”

“မဖြစ်ဘူး.. ကျန်းချန်က အထဲမှာ ရှိနေသေးတယ်”

ဟွမ်ရှက လေထဲတွင် စုစည်းနေသော ဒြပ်စင်ငါးပါး ကောင်းကင်တားမြစ် အစီအရင်ကို ကြည့်ကာ ပြောလိုက်သည်။

“စည်းတံဆိပ်ကို အားမဖြည့်ခင် သူထွက်လာတာကို ငါတို့စောင့်ရလိမ့်မယ်”

ကျီရွမ်ရီ၏ မျက်နှာ အမူအရာက ပြောင်းလဲသွားခဲ့ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“ဒါ့အပြင် စည်းတံဆိပ်ကို အားဖြည့်ဖို့အတွက် ကျန်းချန်က ငါတို့နဲ့အတူ လှုံ့ဆော်ပေးဖို့ လိုအပ်တယ်”

ယခုအခါတွင် ကျန်းချန်သည် နတ်ဆိုးတားမြစ်နယ်မြေ ထဲတွင် ရှိနေဆဲဖြစ်ရာ အကယ်၍ စည်းတံဆိပ်ကို အားဖြည့်လိုက်လျှင် ကျန်းချန်သည် နတ်ဆိုးတားမြစ်နယ်မြေ ထဲကနေ ပြန်ထွက်လာနိုင်တော့မည် မဟုတ်ပေ။

ဆိုရလျှင် ဟွမ်ရှက ကျန်းချန်ကို သတ်ပစ်ချင်နေသည်မှာ အလွန်ပင် သိသာနေခဲ့သည်။

“သူ့ဘာသာ ဖင်ယားပြီး နတ်ဆိုးတားမြစ်နယ်မြေထဲကို ဝင်သွားတာ ငါတို့နဲ့ ဘာဆိုင်လို့လဲ.. နတ်ဆိုးတားမြစ်နယ်မြေထဲမှာ ဘာတွေ ဖြစ်ပျက်နေလဲဆိုတာ ငါတို့တွေလည်း မသိဘူး.. ပြောရရင် သူအသက်ရှင်နေသေးလား ဆိုတာတောင် မသေချာဘူး.. ဘာလဲ.. သူပြန်ထွက် မလာမချင်း ငါတို့က စည်းတံဆိပ်ကို အားမဖြည့်ဘဲ စောင့်နေရမှာလား”

ဟွမ်ရှက နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

ထို့နောက် သူက ကျိရှောင်နတ်ဘုရင်ကို ပြောလိုက်၏။

“ဂိုဏ်းချုပ်ကျိရှောင်.. မတော်တဆဖြစ်ရပ်တွေ ထပ်ပြီး မဖြစ်ပွားရအောင် ဟောင်ထျန်းဓားဂိုဏ်း အနေနဲ့ နောက်ထပ် နတ်ဘုရင် တစ်ပါးကို ဆင့်ခေါ်ပြီး စည်းတံဆိပ်ကို ချက်ချင်း အားဖြည့်ဖို့ ငါ အကြံပြုချင်တယ်”

ကျိရှောင်နတ်ဘုရင်ကလည်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ခဏလောက်တော့ ထပ်စောင့်ကြည့်ပါဦး”

နတ်ဆိုးတားမြစ်နယ်မြေ ထဲသို့ ကျန်းချန် ဝင်ရောက်သွားခြင်းကို သူကိုယ်တိုင် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် စည်းတံဆိပ်ကို အားဖြည့်လိုက်လျှင် ကျန်းချန်သည် နတ်ဆိုးတားမြစ်နယ်မြေ ထဲတွင် ပိတ်မိသွားမည် ဖြစ်ရာ ကျိရှောင်နတ်ဘုရင်သည် စိတ်သက်သာရာ ရနိုင်မည်မဟုတ်ပေ။

ပို၍ အရေးကြီးသည်မှာ သူသာ ထိုသို့ လုပ်ဆောင်ခဲ့လျှင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် သေချာပေါက် အလျှော့ပေးမည် မဟုတ်ဘဲ ကျီမျိုးနွယ်စု ပင်လျှင် ဟောင်ထျန်းဓားဂိုဏ်းကို ဆန့်ကျင်လာနိုင်၏။

ယင်းက ဟောင်ထျန်းဓားဂိုဏ်း အတွက် အလွန်ခေါင်းကိုက်စရာ ကိစ္စတစ်ခုပင် ဖြစ်လာနိုင်သည်။

ဟွမ်ရှက အေးစက်စက် ပြုံးကာ ပြောလိုက်သည်။

“ဂိုဏ်းချုပ်ကျိရှောင်.. အခုအချိန်က စည်းတံဆိပ်ကို အားဖြည့်ဖို့ အခွင့်ကောင်းပဲ.. အကယ်၍ စည်းတံဆိပ်ကို အားမဖြည့်မိဘဲ မတော်တဆ ဖြစ်ရပ်တွေ ဖြစ်လာခဲ့ရင် ကျွန်တော်တို့တွေက ခေတ်အဆက်ဆက် အပြစ်သားတွေ ဖြစ်သွားမှာ စိုးရိမ်မိတယ်”

“ဟွမ်ရှ.. ဒီနေရာရဲ့ ဆုံးဖြတ်ချက်က မင်းချမှတ်ရမှာ မဟုတ်ဘူး”

ကျိရှောင်နတ်ဘုရင်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

“တစ်စုံတစ်ခု မှားယွင်းသွားခဲ့ရင် ငါတို့ ဟောင်ထျန်းဓားဂိုဏ်းက အားလုံး တာဝန်ယူတယ်.. မင်း ဒီအတွက် ဘာမှ စိုးရိမ်နေဖို့မလိုဘူး”

“ဝုန်း..”

ကျိရှောင်နတ်ဘုရင်တို့ စကားပြောဆိုနေစဥ်မှာပင် ဆန်းကြယ်သော နေရာလွတ် လှိုင်းလုံးတစ်ခုသည် လေထုထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ကျီရွမ်ရီနှင့် အခြားသူများ၏ မျက်နှာအမူအရာများသည် ပြောင်းလဲသွားခဲ့၏။

“ဟင်းလင်းပြင်နတ်ဆိုးတွေပဲ.. သူတို့က ဒြပ်စင်ငါးပါး ကောင်းကင်တားမြစ် အစီအရင်ကို နောက်တစ်ကြိမ် ဖျက်ဆီးချင်နေကြတဲ့ပုံပဲ”

ကျိရှောင်နတ်ဘုရင်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

မကြာမီမှာပင် အနက်ရောင် ဓားအလင်းတန်း တစ်ခုသည် လေထုထဲကနေ ပေါက်ကွဲထွက်လာခဲ့ပြီး လေထဲတွင် တည်တံ့နေသည့် ဒြပ်စင်ငါးပါး ကောင်းကင်တားမြစ် အစီအရင်ဆီသို့ ဦးတည်လာခဲ့သည်။

“မစိုးရိမ်ပါနဲ့.. ပြီးခဲ့တဲ့တစ်ခေါက်က သူတို့တွေ အောင်မြင်သွားတာ ငါ့ရဲ့ပေါ့ဆမှုကြောင့်ပါ.. ဒီတစ်ကြိမ်တော့ သူတို့တွေ အခွင့်အရေးရတော့မှာ မဟုတ်ဘူး”

ကျိရှောင်နတ်ဘုရင်၏ စကားဆုံးသည်နှင့် နတ်ဘုရင်လမ်းစဥ်၏ မဟာစွမ်းအားတစ်ခုသည် လေထုတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားခဲ့ပြီး ဒြပ်စင်ငါးပါး ကောင်းကင်တားမြစ်အစီအရင် ဆီသို့ ခုတ်ပိုင်းလာသော ဓားအလင်းကို ရပ်တန့်သွားစေခဲ့သည်။

ယင်းနောက်တွင် ထိုအနက်ရောင်ဓားအလင်းသည် လေထုထဲတွင် တိုက်ရိုက်ပင် ပျောက်ကွယ်သွားခဲ့၏။

“ကျိရှောင်.. အချိန်မဖြုန်းဘဲ စည်းတံဆိပ်ကို ချက်ချင်းအားဖြည့်လိုက်တော့”

ထိုအချိန်တွင် အိုမင်းသော အသံတစ်သံသည် လေထုထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ဂိုဏ်းချုပ်ကျိရှောင်.. မင်းတို့ ဟောင်ထျန်းဓားဂိုဏ်းရဲ့ ဘိုးဘေးကတောင် ပြောနေပြီ.. အခုအချိန်မှာ စည်းတံဆိပ်ကို အားမဖြည့်ရင် ဘယ်အချိန်အထိ စောင့်နေရဦးမှာလဲ”

ဟွမ်ရှက ပြောလိုက်ပြီး သူ၏ ပုံရိပ်သည် ဒြပ်စင်ငါးပါး ကောင်းကင်တားမြစ် အစီအရင်၏ အထက်တွင် တစ်ခဏအတွင်း ပေါ်လာခဲ့သည်။

“အားလုံးပဲ အစီအရင်ကို အားဖြည့်ဖို့ တက်လာခဲ့ကြပါ”

ကျန်းချန်က လူသားဧကရာဇ်နန်းတော်နှင့် ပတ်သက်မှုရှိနိုင်မှန်း သိရှိပြီးကတည်းကပင် ဟွမ်ရှသည် ကျန်းချန်ကို အလွန်တရာ ကြောက်ရွံ့နေခဲ့သည်။

ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ကျန်းချန်က လူသားဧကရာဇ်နန်းတော်နှင့် အမှန်တကယ် ပတ်သက်နေလျှင်ပင် လူသားဧကရာဇ်နန်းတော်သည် ထိုကိစ္စအတွက် ဝိညာဥ်နန်းတော်၏ ခေါင်းပေါ်သို့ အပြစ်ပုံချနိုင်မည် မဟုတ်ပေ။

ယခုအခါတွင် ကျန်းချန်က နတ်ဆိုးတားမြစ်နယ်မြေ ထဲသို့ ဝင်ရောက်ကာ ကိုယ့်သေတွင်းကိုယ်တူးနေသည် ဖြစ်ရာ ကျန်းချန်ကို နတ်ဆိုးတားမြစ်နယ်မြေ ထဲတွင် စည်းတံဆိပ်ခတ်ထားနိုင်သရွေ့ ကျန်းချန်၏ ခြိမ်းခြောက်မှုကို လုံးဝ ဖယ်ရှားပစ်နိုင်လိမ့်မည် မဟုတ်ပါလား။

“စည်းတံဆိပ်ကို အားဖြည့်ကြစို့”

ကျိရှောင်နတ်ဘုရင်က အနည်းငယ် တုံ့ဆိုင်းနေခဲ့သော်လည်း အဆုံးသတ်တွင် ဒြပ်စင်ငါးပါး ကောင်းကင်တားမြစ် အစီအရင်ကို အားဖြည့်ရန်အတွက် လေထဲသို့ ခုန်တက်လိုက်သည်။

နတ်ဘုရင်အားလုံး ထဲတွင် ကျီရွမ်ရီ တစ်ယောက်တည်းသာလျှင် မလှုပ်မယှက် ရပ်နေဆဲ ဖြစ်၏။

ကျန်းချန်သည် သူတို့ ကျီမျိုးနွယ်စု အတွက် သံသယဖြစ်ဖွယ်ရာမရှိ အလွန်တရာ အရေးကြီးသောသူ ဖြစ်ရာ နတ်ဆိုးတားမြစ်နယ်မြေ ထဲတွင် ကျန်းချန် စည်းတံဆိပ်ခတ်ခံရမည်ကို သူ့အနေဖြင့် ထိုင်ကြည့်နေမည် မဟုတ်ပေ။

“ကျီရွမ်ရီ နတ်ဆိုးတားမြစ်နယ်မြေရဲ့ စည်းတံဆိပ်ကို အားဖြည့်ဖို့က နတ်ကုန်းမြေတိုက်ရဲ့ လုံခြုံရေးနဲ့ ပတ်သက်နေတဲ့ အဓိကကိစ္စပဲ.. ကျန်းချန်ကို စတေးရမယ် ဆိုရင်တောင် အဲဒါက ထိုက်တန်ပါတယ်”

ဟွမ်ရှက ကျီရွမ်ရီကို လှောင်ပြုံးပြုံး၍ စိုက်ကြည့်ကာ ပြောလိုက်သည်။

“ဘာလဲ မင်းမပါရင် စည်းတံဆိပ်ကို အားမဖြည့်နိုင်တော့ဘူးလို့ ထင်နေတာလား”

သို့သော်လည်း ဟွမ်ရှ၏ စကားဆုံးသော အချိန်မှာပင် အောက်ဘက်ရှိ နတ်ဆိုးတားမြစ်နယ်မြေ ထဲကနေ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“မေဘေး အဘိုးကြီး.. မင်းက ငါ့ကို ဒီလိုနည်းနဲ့ နတ်ဆိုးတားမြစ်နယ်မြေထဲမှာ ပိတ်လှောင်ထားချင်တာလား”

အခန်း(၂၁၁၅)ပြီး၏။

All Chapters