← Chapters

အခန်း (၂၁၃၀)

Vol. 153 Ch. 2130

အခန်း (၂၁၃၀)

Vol. 153 Ch. 2130

ကျန်းချန်၏ မျက်ဝန်းများတွင် အနည်းငယ် တွေဝေသွားသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူကျင့်ကြံထားသော ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်သည် ကျီထျန်းယွမ် ချန်ထားရစ်ခဲ့သော ကျင့်စဥ်များထက် မနိမ့်ကျ၍ ကျင့်စဥ် ပြောင်းလဲရန် မလိုအပ်ပေ။

အမွေအနှစ် ခရစ္စတယ်နှင့် ပတ်သက်၍မူ သူ၏ ခန္ဓာကိုယ်ထဲတွင် အဆ ၁၀၀ စနစ်ရှိနေပြီး အဆင့်များကို ထိုးဖောက်ရာတွင် အမြဲတစေ အတားအဆီး မရှိခဲ့ပေ။

ထို့ကြောင့် ဤအရာသည် သူ့အတွက် သိပ်အသုံးမဝင်လှချေ။

အကယ်၍ ထိုအမွေအနှစ် ခရစ္စတယ်ကိုသာ ကောင်းကင်အရှင် အထွတ်အထိပ်အဆင့်ရှိ ဓားလမ်းစဥ် ကျင့်ကြံသူတစ်ဦးအား ပေးအပ်လိုက်မည်ဆိုလျှင် ထိုလူသည် အချိန်တိုအတွင်း ဓားလမ်းစဥ် အထူးပြုသည့် နတ်ဘုရင်တစ်ပါးဖြစ်လာပေလိမ့်မည်။

လက်ရှိအချိန်တွင် ကျန်းချန်သည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို လျင်မြန်စွာ မြှင့်တင်ပေးနိုင်သော မဟာဓားကန်ကို အရေးတကြီး လိုအပ်နေသည်မှာ သံသယဖြစ်စရာမရှိပေ။

အကယ်၍သူသာ မဟာဓားကန်ကို အသုံးပြု၍ သူ၏ကျင့်ကြံခြင်းအဆင့်ကို ကြယ်လေးပွင့် ကောင်းကင်အရှင်အဆင့်သို့ မြှင့်တင်နိုင်ခဲ့မည်ဆိုလျှင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် အဆင့်သစ် တစ်ခုသို့ သေချာပေါက် ရောက်ရှိသွားလိမ့်မည်ဖြစ်၏။

ယင်းအပြင် ကျီထျန်းယွမ် ချန်ထားရစ်ခဲ့သော ဓားနည်းစနစ်အများအပြားရှိနေခဲ့ရာ ကျန်းချန် အနေဖြင့် သင့်တော်သော ဓားနည်းစနစ် တစ်ခု၊ နှစ်ခုကို ‌ရွေးချယ်ကျင့်ကြံနိုင်ဦးမည်ဖြစ်သည်။

သေချာစဥ်းစားကြည့်လျှင် နတ်ဘုရင်အဆင့် ဓားနည်းစနစ် ဟူ၍ ကျန်းချန်ထံတွင် ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်း တစ်မျိုးတည်းသာ ရှိသည်။

ဓားလမ်းစဥ်ကို အထူးပြုသော ကျင့်ကြံသူ တစ်ဦးအတွက် ဓားလမ်းစဥ် တိုက်ခိုက်ရေးနည်းစနစ် အရေအတွက်သည် အမှန်တကယ်ပင် အလွန်တရာ နည်းပါးလွန်းနေခဲ့သည်။

“ဘယ်လိုပဲဖြစ်ဖြစ် မဟာဓားကန်ကို အသုံးပြုပြီး ကောင်းကင်အရှင်အဆင့်ကို အရင်ထိုးဖောက်ရမယ်”

ထိုအတွေးကို ရလိုက်သည်နှင့် ကျန်းချန်သည် ချက်ချင်းပင် သူ့‌ရှေ့ရှိ ဓားကန်ထဲသို့ ခုန်ဆင်းလိုက်သည်။

ဤမဟာဓားကန်သည် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေတွင် တွေ့ခဲ့ရသော ရေကန်နှင့် ဆင်တူ၏။

ရွှေတောင်ပံ နတ်လင်းယုန်မျိုးနွယ်စုရှိ ဘိုးဘွားမြေ၏ ရေကန်သည် နတ်ရွှေလိပ် မျိုးနွယ်စု၏ သန်မာသော ကျင့်ကြံသူတစ်ဦး ကျဆုံးခဲ့သည့်နေရာ ဖြစ်သောကြောင့် မြေကြီးစွမ်းအင်များ မွေးဖွားလာခဲ့ပြီး ရေကန် တစ်ခုလုံးတွင် မြေကြီးစွမ်းအင်များ ပါဝင်နေခဲ့ခြင်း ဖြစ်သည်။

ယခု သူ့ရှေ့မှ မဟာဓားကန်ကမူ ကျီထျန်းယွမ် ကိုယ်တိုင် ဖန်တီးထားခြင်း ဖြစ်သည်။

နတ်ဘုရင်နဝမအဆင့်၏ မဟာဓားလမ်းစဥ် စွမ်းအားများဖြင့် မဟာဓားကန်ကို ဖန်တီးထားခြင်း ဖြစ်ရာ ဓားကန်အတွင်းရှိ‌ ရေများတွင် ထူးခြားသော ဓားလမ်းစဥ်စွမ်းအားများ ပါဝင်နေခဲ့သည်။

ထိုမဟာဓားကန်ထဲမှ ဓားလမ်းစဥ် စွမ်းအားများသည် အလွန်တရာပင် နူးညံ့သိမ်မွေ့ပြီး နယ်မြေနတ်ဘုရားများအနေဖြင့် အလွယ်တကူ သန့်စင်စုပ်ယူနိုင်ကာ နယ်မြေနတ်ဘုရား မူလရင်းမြစ်စွမ်းအား အဖြစ် ပြောင်းလဲနိုင်မည်ဖြစ်သည်။

ကျန်းချန်က တုံ့ဆိုင်းမနေဘဲ မဟာဓားကန် အတွင်းတွင် တင်ပျဥ်ခွေ၍ ထိုင်လိုက်ပြီး စတင် ကျင့်ကြံလိုက်သည်။

အလွန်လျင်မြန်စွာပင် စနစ်၏ အသိပေးချက်သည် ကျန်းချန်၏ စိတ်ထဲတွင် မြည်ဟည်းလာခဲ့သည်။

“ဒင်.. သင်က မဟာဓားကန် အတွင်းရှိ ဓားလမ်းစဥ်စွမ်းအင်များကို စုပ်ယူပြီး နယ်မြေနတ်ဘုရား အတွေ့အကြုံရမှတ် သိန်းတစ်ရာကို အဆ ၁၀၀ ရရှိပါတယ်”

ကျီထျန်းယွမ် ချန်ထားရစ်ခဲ့သော မဟာဓားကန်သည် ကျန်းချန်ကို စိတ်မပျက်စေခဲ့ပေ။

မဟာဓားကန်မှ အတွေ့အကြုံ ရရှိမှု အရှိန်အဟုန်သည် ဟောင်ထျန်းဓားဂိုဏ်းတွင် ကျင့်ကြံစဥ်ကထက် သုံးဆမက ပိုမို မြန်ဆန်နေခဲ့သည်။

ကျန်းချန်သည် အလွန်တရာ ဝမ်းသာသွားပြီး မဟာဓားကန်အတွင်းမှ ဓားစွမ်းအားများကို အစွမ်းကုန် စတင် စုပ်ယူခဲ့၏။

“ဒင်.. သင်က မဟာဓားကန်အတွင်းရှိ ဓားလမ်းစဥ်စွမ်းအင်များကို စုပ်ယူပြီး နယ်မြေနတ်ဘုရားအဆင့် အတွက် အတွေ့အကြုံရမှတ် သိန်းတစ်ရာကို အဆ ၁၀၀ ရရှိပါတယ်”

“ဒင်.. သင်က မဟာဓားကန်အတွင်းရှိ ဓားလမ်းစဥ်စွမ်းအင်များကို စုပ်ယူပြီး နယ်မြေနတ်ဘုရားအဆင့် အတွက် အတွေ့အကြုံရမှတ် သိန်းတစ်ရာကို အဆ ၁၀၀ ရရှိပါတယ်”

“...............”

ကျန်းချန်က ထျန်းယွမ်ခန်းမထဲတွင် ကျင့်ကြံနေသည့် တစ်ချိန်တည်းမှာပင် ကျီမျိုးနွယ်စု၏ ဧည့်ခန်း၌ ကျီရွမ်ရီနှင့် ကျီမျိုးနွယ်စုမှ အကြီးအကဲများစွာ စုဝေးနေခဲ့ကြသည်။

သူတို့၏ မျက်နှာချင်းဆိုင်တွင် အပြာရောင်ဝတ်စုံဝတ် အဘိုးအို တစ်ဦးနှင့် အထက်တန်းဆန်သော အသွင်အပြင် ရှိသည့် လူငယ်နှစ်ဦး ရှိနေခဲ့၏။

ထိုသုံးဦးမှာ မကြာသေးမီကမှ ရွှယ်ထျန်းမြစ်ကို ဖြတ်ကျော်ကာ အလယ်ပိုင်းဒေသကနေ ရောက်ရှိလာသော ကျီမျိုးနွယ်စုဝင်များ ဖြစ်ကြသည်။

“ခေါင်းဆောင်ကျီတို့ အရှေ့ဘက်‌ဒေသ ကျီမျိုးနွယ်စုက ကျွန်တော်တို့နဲ့ ယှဥ်ပြိုင်ရဲတာ သေချာလို့လား.. တကယ်လို့ မယှဥ်ရဲရင်လည်း တစ်ခါတည်း အရှုံးပေးလိုက်ပြီး ကျီမျိုးနွယ်စုရဲ့ မှော်ရတနာကို လက်လွှဲပေးလိုက်ပါ.. အလကားနေရင်း အချိန်မကုန်တော့ဘူး‌ပေါ့”

အဖြူရောင်ဝတ်စုံဝတ် လူငယ်က ကျီရွမ်ရီကို ကြည့်ကာ မထီမဲ့မြင် ပြုံး၍ ပြောလိုက်သည်။

ကျီရွမ်ရီက ထိုလူငယ်ကို လျစ်လျူရှုလိုက်ပြီး အပြာရောင် ဝတ်စုံဝတ် အဘိုးအိုကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“အကြီးအကဲချင်ကျန့်.. ဒါက လက်ရှိ ကျီမျိုးနွယ်စုမျိုးဆက်သစ်တွေထဲမှာ အထူးချွန်ဆုံး တပည့်လား.. ကျုပ်အမြင်အရတော့ နည်းနည်းစိတ်ပျက်စရာပဲ”

“ဟုတ်လား.. ဒါဆိုလည်း မင်းတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက ပါရမီရှင်တွေကို ထွက်လာပြီး တိုက်ခိုက်ခိုင်းလိုက်လေ”

အပြာရောင်ဝတ်စုံဝတ် အဘိုးအိုက မဲ့ပြုံးပြုံးရင်း ပြောလိုက်သည်။

“ကျီရွမ်ရီ.. ဒီယှဥ်ပြိုင်မှုကို မင်းတို့ရဲ့ ဘိုးဘေးကိုယ်တိုင် သဘောတူထားတာနော်.. မင်းအခုမှ နောင်တရလို့ မရဘူး”

ထိုစကားကိုကြားလျှင် ကျီရွမ်ရီက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“မစိုးရိမ်ပါနဲ့.. ကျုပ်တို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုက မင်းတို့လောက် အင်အားမကြီးဘူး ဆိုပေမဲ့ ကတိမတည်တဲ့လူစားတော့ မဟုတ်ဘူး.. အကြီးအကဲချင်ကျန့်က ဘာတွေဒီလောက်တောင် လောနေရတာလဲ”

“မျိုးနွယ်စုခေါင်းဆောင်ကျီ.. တကယ်ပဲ ယှဥ်ပြိုင်ချင်တယ်ဆိုရင် ဘာလို့ အချိန်ဆွဲနေတာလဲ”

အဖြူရောင်ဝတ်စုံဝတ် လူငယ်က မောက်မာသော အမူအရာဖြင့် ပြောလိုက်သည်။

“ဒီလိုလုပ်ရအောင် ခေါင်း‌ဆောင်ကျီတို့ အရှေ့ဘက်ကျီမျိုးနွယ်စုက တစ်ယောက်ယောက်ကို လွှတ်လိုက်ပါ.. အဲဒီလူက ကျွန်တော်တို့ထဲက တစ်ယောက်ကို အနိုင်ယူနိုင်တာနဲ့ ခေါင်းဆောင်ကျီတို့ အနိုင်လို့ သတ်မှတ်ပေးမယ်.. ဘယ်လိုသဘောရလဲ”

ထိုစကားကိုကြားလျှင် အပြာရောင်ဝတ်စုံဝတ် အဘိုးအိုက မျက်မှောင်ကြုတ်သွားသော်လည်း မည်သည့်စကားမျှ ဝင်မပြောခဲ့ပေ။

အဖြူရောင်ဝတ်စုံဝတ် လူငယ်၏ လုပ်ရပ်သည် အနည်းငယ်မောက်မာလွန်းနေသည် မဟုတ်ပါလော။

သူ၏အမြင်တွင် ကျီရွမ်ရီသည် ရည်ရွယ်ချက်ရှိရှိ အချိန်ဆွဲနေပုံရ၏။

ထို့ကြောင့် မတော်တဆ ဖြစ်ရပ်များ ဖြစ်မလာခင် ဤယှဥ်ပြိုင်မှုကို စောစောစီးစီး အဆုံးသတ်လိုက်သည်က ပို၍ ကောင်းမည်ဟု သူ ယူဆခဲ့သည်။

“မင်း သိပ်ပြီး ဘဝင်မောက်မနေနဲ့.. ငါ မင်းနဲ့တိုက်မယ်”

ထိုအချိန်တွင် ခရမ်းရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် ခန်းမတံခါးဝတွင် ပေါ်လာခဲ့သည်။

ထိုသူမှာ ထျန်းယွမ်ခန်းမကနေ ထွက်လာခဲ့သော ကျီကျိလင်ပင်ဖြစ်သည်။

ကျီကျိလင် ပေါ်လာသည်ကိုမြင်လျှင် ကျီရွမ်ရီနှင့်အခြားသူများသည် အနည်းငယ် အံ့သြသွားသော်လည်း တားဆီးခြင်း မပြုခဲ့ကြပေ။

ကျီကျိလင်သည် အလယ်ပိုင်းဒေသရှိ ကျီမျိုးနွယ်စုမှ ပါရမီရှင်နှစ်ဦး၏ ပြိုင်ဘက် မဟုတ်နိုင်ကြောင်း သူတို့ သိထားကြသည်။

သို့သော်လည်း ကျီကျိလင်ကို အချိန်ခဏလောက် ဆွဲခိုင်းထားပြီး အလယ်ပိုင်းဒေသမှ ကျီမျိုးနွယ်စု ပါရမီရှင်နှစ်ဦး၏ အခြေအနေကို အကဲခတ်နိုင်ခြင်းသည်လည်း သိပ်မဆိုးပေ။

အဖြူရောင်ဝတ်စုံဝတ် လူငယ်က ကျီကျိလင်ကို အကဲခတ်ကြည့်လိုက်ပြီးနောက်တွင် မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။

“မင်းက အရမ်းအားနည်းလွန်းတယ်.. မင်းထက် ပိုသန်မာတဲ့သူကိုပဲ ထွက်လာခိုင်းလိုက်ပါ”

ထိုစကားကြောင့် ကျီကျိလင်၏ မျက်ဝန်းများတွင် ဒေါသရိပ်များ ပြည့်နှက်သွားခဲ့သည်။

သူသည်လည်း အရှေ့ဘက် ကျီမျိုးနွယ်စု၏ ထိပ်တန်းပါရမီရှင်များထဲမှ တစ်ဦး ဖြစ်သည်။

သို့သော်လည်း ယခုအခါတွင် ကျန်းချန်နှင့် အလယ်ပိုင်းကျီမျိုးနွယ်စုမှ ပါရမီရှင်များသည် အားနည်းလွန်းသည်ဟု သူ့ကို လှောင်ပြောင်နေကြခြင်း ဖြစ်ရာ သူ၏ နှလုံးသားထဲတွင် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။

“ပါးစပ်နဲ့ ပြောနေလို့တော့ အပိုပဲ.. သတ္တိရှိရင် ကျုပ်နဲ့အတူ စိန်ခေါ်ပွဲ စင်မြင့်ပေါ်ကို လိုက်ခဲ့ပါ.. မင်းငါ့ကို ဘယ်လိုအနိုင်ယူမလဲ ဆိုတာ ကြည့်ချင်သေးတယ်”

“မင်းက တကယ်ပဲ ငါနဲ့ တိုက်ချင်တယ် ဆိုရင်တော့ မင်းနဲ့ကစားပေးမယ်.. ဒါပေမဲ့ စင်ပေါ်အထိ သွားနေဖို့တော့ မလိုဘူး.. မင်းကို အနိုင်ယူဖို့အတွက် တစ်ကွက်တည်းနဲ့တင် လုံလောက်တယ်...စင်ပေါ်ကို ဘာသွားလုပ်ရမှာလဲ”

စကားအဆုံးမှာပင် အဖြူရောင်ဝတ်စုံဝတ် လူငယ်၏ ပုံရိပ်သည် နေရာမှာပင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

သူ၏ အာရုံခံစားမှုကနေ အဖြူရောင်ဝတ်စုံဝတ် လူငယ် လုံးဝပျောက်ကွယ်သွားသည်ကို မြင်လျှင် ကျီကျိလင်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး စိတ်နှလုံးထဲတွင် အေးစက်မှုကို ခံစားလိုက်ရသည်။

သူလှုပ်ရှားရန် ပြင်လိုက်စဥ်မှာပင် မမြင်ရသော စွမ်းအားတစ်ခုသည် သူ၏ ခန္ဓာကိုယ်နှင့် ပတ်ဝန်းကျင် နေရာလွတ်ကို တစ်ခဏအတွင်း ပိတ်ဆို့လိုက်သည်။

ထိုခဏတွင် ကျီကျိလင်၏ လှုပ်ရှားမှုများသည် ရပ်တန့်သွားခဲ့ရသည်။

ကျီကျိလင်၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည့်အချိန်မှာပင် သူ၏ရှေ့ရှိ နေရာလွတ်ကနေ လက်ဝါးရိုက်ချက်တစ်ချက် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ကျီကျိလင်က တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ရုတ်တရက် ထွက်ပေါ်လာသော လက်ဝါးရိုက်ချက်ကို ခံလိုက်ရကာ ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ခန်းမ အပြင်ဘက်သို့ နောက်ပြန် လွင့်စင်သွားခဲ့သည်။

အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ ပါရမီရှင် သုံးဦးထဲမှ တစ်ဦးဖြစ်သူ ကျီကျိလင်သည် တစ်ကွက်တည်းဖြင့်ပင် ရှုံးနိမ့်သွားခဲ့ရသည်။

ဤမြင်ကွင်းကိုမြင်လျှင် ကျီရွမ်ရီနှင့် အခြားသူများ၏ မျက်နှာထက်တွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ကျီကျိလင် ရှုံးနိမ့်မည်ကို သူတို့ ကြိုတင်ခန့်မှန်းထားခဲ့သော်လည်း အဖြူရောင်ဝတ်စုံဝတ် လူငယ်၏ ရှေ့မှောက်တွင် ကျီကျိလင်အနေဖြင့် ပြန်လည်ဘတိုက်ခိုက်နိုင်စွမ်းပင် လုံးဝမရှိသည်ကို သူတို့ မြင်တွေ့ခဲ့ရသည်။

ရှင်းလင်းစွာ ဆိုရလျှင် အရှေ့ဘက်ဒေသရှိ ကျီမျိုးနွယ်စုမှ ပါရမီရှင်များသည် အလယ်ပိုင်းဒေသရှိ ကျီမျိုးနွယ်စုမှ ပါရမီရှင်များနှင့် ယှဥ်လျှင် အမှန်တကယ်ပင် အလွန်တရာ နိမ့်ကျနေခဲ့သည်။

အခန်း(၂၁၃၀)ပြီး၏။

All Chapters