အခန်း (၂၁၂၁)
Vol. 153 Ch. 2121
“ကောင်လေး ငါ့ရဲ့စွမ်းအားကို မြည်းစမ်းကြည့်လိုက်စမ်း”
လီဆွန်းနတ်ဘုရင်၏ အကြည့်က အေးစက်နေခဲ့သည်။
သူ၏ ပတ်ဝန်းကျင်မှ ကမ္ဘာ့စွမ်းအားများသည် တစ်ခဏအတွင်းမှာပင် စုစည်းသွားခဲ့ပြီး အငွေ့အသက်များ ထွက်ပေါ်နေသည့် မရေမတွက်နိုင်သော အနက်ရောင် သံကြိုးတန်းများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ကျန်းချန် ဆီသို့ တိုးဝင်လာခဲ့သည်။
အဝေးကနေကြည့်လျှင် ထိုအနက်ရောင် သံကြိုးတန်းများသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ချိတ်ဆွဲထားသည့် ကြီးမားသော အနက်ရောင်ပင့်ကူအိမ်ကြီးနှင့်ပင် ဆင်တူနေခဲ့သည်။
ပင့်ကူအိမ်ကဲ့သို့ အနက်ရောင်သံကြိုးတန်းများသည် ရှေးခေတ်ကနေ နိုးထလာသည့် ကောင်းကင်နတ်ဆိုး တစ်ပါးနှယ် ဖြစ်နေခဲ့သည်။
“ဝိညာဥ်တစ်ထောင် ကောင်းကင်ချုပ်နှောင်ခြင်း တိုက်ကွက်”
လီဆွန်းနတ်ဘုရင်၏ အေးစက်စက် ကြုံးဝါးသံနှင့်အတူ ပင့်ကူအိမ်နှင့် ဆင်တူသော အနက်ရောင်သံကြိုးတန်းများသည် ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးအုပ်သွားခဲ့ပြီး အောက်ဘက်ရှိ ကျန်းချန်ကို ဖိနှိပ်လိုက်သည်။
ဤအချိန်တွင် အနက်ရောင်သံကြိုးတန်းများဖြင့် လွှမ်းခြုံခံထားရသော ပတ်ဝန်းကျင်သည် ကြောက်မက်ဖွယ်ရာကောင်းသော အင်အားတစ်ခု၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရသလိုပင်။
ထိုကဲ့သို့ ချုပ်နှောင်မှုသည် ရိုးရှင်းသော ရုပ်ပိုင်းဆိုင်ရာ ချုပ်နှောင်မှုမျိုး မဟုတ်ပေ။
အကယ်၍သာ သာမန် နယ်မြေနတ်ဘုရားတစ်ပါး ဆိုလျှင် ထိုအင်အား၏ အောက်၌ စိတ်ဝိညာဥ်ပါ အေးခဲသွားနိုင်ခြေ ရှိသည်။
“ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်”
ကျန်းချန်က သူ၏ ဦးခေါင်းအထက်မှ အနက်ရောင် သံကြိုးတန်းများကို ကြည့်လိုက်ပြီးနောက်တွင် လက်ဟန်များကို ထုတ်ဖော်လိုက်ပြီး အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ် တစ်ခုကို အလျင်အမြန် စုစည်းလိုက်ကာ ကောင်းကင်ယံသို့ ပို့လွှတ်၍ ဧရာမ အနက်ရောင်သံကြိုးတန်းများကို ရင်ဆိုင်လိုက်သည်။
“ဝုန်း..”
အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် လေထုထဲရှိ အနက်ရောင် သံကြိုးတန်းများကို ပြင်းထန်စွာ ဝင်ဆောင့်လိုက်၏။
သို့သော်လည်း အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်သည် ပင့်ကူအိမ်ကဲ့သို့ သွယ်တန်းနေသော အနက်ရောင်သံကြိုးများကို အနည်းငယ်သာ တုန်ခါသွားစေခဲ့ပြီး အနက်ရောင် သံကြိုးများ၏ ဖိအားအောက်တွင် ပြိုကွဲသွားခဲ့ကာ အနက်ရောင် အလင်းတန်းများအဖြစ် ပြောင်းလဲ၍ ပျောက်ကွယ်သွားခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
နတ်ဘုရင် တတိယအဆင့်သည် အမှန်တကယ်ပင် သာမန် မဟုတ်ပေ။
ဝိညာဥ်လမ်းစဥ်ကို နှိမ်နင်းနိုင်သည့် ရှေးဟောင်း လူသားဧကရာဇ် စည်းတံဆိပ်ပင်လျှင် လီဆွန်းနတ်ဘုရင်၏ စွမ်းအားကို မနှိမ်နင်းနိုင်ခဲ့ပေ။
ကျန်းချန်က လက်နှစ်ဖက်ကို ဖြန့်လိုက်ရာ သူ၏ ဘယ်ဘက်လက်တွင် ကျူးရှန်းစည်းတံဆိပ် ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ်စွမ်းအားနှင့် အတူ အနက်ရောင် သံကြိုးတန်းများကို ရိုက်ချလိုက်သည်။
တစ်ချိန်တည်းမှာပင် ကျန်းချန်၏ ညာဘက် လက်ဖဝါးပေါ်တွင် ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ် ပေါ်ထွက်လာခဲ့ပြီး အနှိုင်းမဲ့ စွမ်းအားများနှင့်အတူ အနက်ရောင် သံကြိုးတန်းကိုပင် ရိုက်ချလိုက်၏။
ကျန်းချန်က ဘယ်ဘက်လက်က ကျူးရှန်း စည်းတံဆိပ်ကို အသုံးပြုကာ ညာဘက်လက်က ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်ကို တစ်ပြိုင်နက် အသုံးပြုလိုက်ခြင်း ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းချန်သည် လူသားဧကရာဇ် စည်းတံဆိပ်၏ ဒုတိယနှင့် တတိယမြောက် စည်းတံဆိပ်ကို အစွမ်းကုန် ထုတ်သုံးလိုက်သည်။
ကမ္ဘာကြီးကိုပင် ဖျက်ဆီးနိုင်လောက်သော အစွမ်းများ ကိန်းအောင်းနေသည့် နတ်စည်းတံဆိပ် နှစ်ခုစလုံးသည် ပင့်ကူအိမ် ကဲ့သို့ သွယ်တန်းနေသော ဧရာမ အနက်ရောင်သံကြိုးတန်းများပေါ်သို့ ကျရောက်သွားခဲ့သည်။
“ဝုန်း..ဝုန်း..”
ကျန်းချန်၏ စည်းတံဆိပ်သုံးခု စွမ်းအားကို ဆက်တိုက်ဆိုသလို ခံရပြီးနောက်တွင် အနက်ရောင် သံကြိုးတန်းကနေ အက်ကွဲသံများ ထွက်ပေါ်လာခဲ့ပြီး လေထုထဲတွင် ပေါက်ကွဲထွက်သွားခဲ့သည်။
“သေစမ်း”
ကျန်းချန်က ဧရာမ အနက်ရောင် သံကြိုးတန်းကို ဖျက်ဆီးပြီးနောက်တွင် လီဆွန်း နတ်ဘုရင်ကို အသက်ရှူချိန်ပင် မပေးခဲ့ပေ။
သူက ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ စွမ်းအားပုံရိပ်များကို ထုတ်ဖော်လိုက်ပြီး လီဆွန်းနတ်ဘုရင်ကို တိုက်ခိုက်လိုက်၏။
နတ်ဘုရင် တတိယအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်နေရ၍ ကျန်းချန်သည် ဘာမှ ထိန်ချန်မထားဘဲ သူတတ်မြောက်ထားသည့် နည်းစနစ်များကို အဆက်မပြတ် ထုတ်ဖော်လိုက်သည်။
“ဝုန်း.. ဝုန်း.. ဝုန်း..”
လေထုထဲတွင် သူတို့နှစ်ယောက်သည် အကြိတ်အနယ် တိုက်ခိုက်နေခဲ့ကြပြီး တိုက်ခိုက်မှုတိုင်းတွင် ကောင်းကင်နှင့်မြေကြီးသည် တုန်ခါသွားခဲ့ကာ နေရာလွတ်များပင် ပြိုကျသွားခဲ့သည်။
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အထက် ကောင်းကင်ယံရှိ မိုင်ပေါင်း သောင်းချီ နေရာလွတ်သည် သူတို့နှစ်ဦး၏ အပြန်အလှန် တိုက်ခိုက်မှုအောက်တွင် ပရမ်းပတာ ဖြစ်သွားခဲ့သည်။
“ဒီကောင်လေးက တကယ်ကို ထူးခြားတဲ့ ပါရမီရှင်ပဲ”
ကောင်းကင်ယံတွင် လီဆွန်းနတ်ဘုရင်နှင့် အကြိတ်အနယ် ရင်ဆိုင်နေသည့် ကျန်းချန်ကို ကြည့်ကာ ကျီရွမ်ရီသည် စိတ်ထဲကနေ အံ့သြမဆုံး ဖြစ်နေခဲ့သည်။
လီဆွန်းနတ်ဘုရင်သည် အရှေ့ဘက်ဒေသတွင် ပြိုင်ဘက်ကင်း ကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီး နတ်ဘုရင်တတိယအဆင့် ကျင့်ကြံသူလည်း ဖြစ်သည်။
ကျီမျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်သည့် သူက နတ်ဘုရင်ပထမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်သော်လည်း ကျီမျိုးနွယ်စုတွင် မွေးဖွားလာခြင်း ဖြစ်သည်။
ကျီမျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်၏ ထိပ်ဆုံးတွင် ရပ်တည်နေသည့် ရှေးဟောင်း မျိုးနွယ်စု တစ်စု ဖြစ်ခဲ့ဖူးသောကြောင့် ထူးခြားသည့် အမွေအနှစ်များကို ပိုင်ဆိုင်ထား၏။
ထို့ကြောင့် သူ၏ အင်အားသည် သာမန် နတ်ဘုရင်ပထမအဆင့် အထွတ်အထိပ်များထက် အဆများစွာ ပိုမို အစွမ်းထက်သည်။
သို့တိုင် ကျီရွမ်ရီသည် သာမန် နတ်ဘုရင် ဒုတိယအဆင့်ကိုသာ ရင်ဆိုင်နိုင်ပြီး နတ်ဘုရင် တတိယအဆင့် ရှိသည့် လီဆွန်းနတ်ဘုရင်ကို မယှဥ်နိုင်မှန်း သိထား၏။
သို့သော်လည်း ကျီမျိုးနွယ်စု၏ ခေါင်းဆောင် တစ်ယောက်အနေဖြင့် ကျီရွမ်ရီ၏ ကိုယ်ပေါ်တွင် ကျီမျိုးနွယ်စု၏ အမွေအနှစ် နတ်ပစ္စည်း တစ်ခု ရှိနေခဲ့သည်။
သူ၏ အစွမ်းနှင့် ထိုအမွေအနှစ်ကိုသာ အစွမ်းကုန် အသုံးပြုလိုက်လျှင် နတ်ဘုရင် စတုတ္ထအဆင့် ကျင့်ကြံသူပင်လျှင် သူ့ကို ထိခိုက်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့်လည်း ကျန်းချန်ဆီမှ သတင်းကို ရရချင်း ကျီရွမ်ရီသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း ဆီသို့ တစ်ယောက်တည်း ရဲရဲဝံ့ဝံ့လာခဲ့ခြင်းပင်။
မူလတွင် သူက ကျီမျိုးနွယ်စု၏ အမွေအနှစ်နတ်ပစ္စည်းအစွမ်းကို အသုံးပြုပြီး ကျန်းချန်ကို အကူအညီပေးကာ နတ်ဘုရင် တတိယအဆင့် ရှိသည့် လီဆွန်းနတ်ဘုရင်ကို တားဆီးပေးရန် စီစဥ်ထားခဲ့သည်။
သို့သော်လည်း ကျန်းချန်သည် သူ၏ ကိုယ်ပိုင် အစွမ်းအစဖြင့်ပင် လီဆွန်းနတ်ဘုရင်ကို တားဆီးနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကျီရွမ်ရီသည် အလယ်ပိုင်းဒေသတွင် နေထိုင်စဥ်က ထူးကဲ့သည့် ပါရမီရှင် အများအပြားကို တွေ့ဖူးသော်လည်း နယ်မြေနတ်ဘုရား အဆင့်ဖြင့် နတ်ဘုရင် တတိယအဆင့်ကို ရင်ဆိုင်နိုင်သည့် အစွမ်းထက် ပါရမီရှင်မျိုးကို တစ်ခါမှ မမြင်ဖူးသေးပေ။
အလယ်ပိုင်းဒေသ၏ ထိပ်တန်း ပါရမီရှင်များပင် ထိုထက်ပို၍ အစွမ်းထက်လောက်မည် မဟုတ်ဟု သူထင်ခဲ့၏။
“ကျန်းချန် ထုတ်ဖော်လိုက်တဲ့ တိုက်ခိုက်ရေးစွမ်းရည် အရဆိုရင် ကြယ်သုံးပွင့် အဆင့်ကို ကျော်လွန်နေတာ သေချာသလောက်ပဲ.. ကျန်းချန်က အလယ်ပိုင်းဒေသရဲ့ အင်အားကြီးအဖွဲ့အစည်းတွေက မဟုတ်တဲ့ အတွက် ပြင်ပကမ္ဘာကို သွားဖို့ အခွင့်အရေးလည်း မရှိနိုင်ဘူး.. ဒါဆို သူက ဘယ်လိုလုပ်ပြီး ဒီအဆင့်အထိ ရောက်အောင် လုပ်နိုင်ခဲ့တာလဲ”
ကျီရွမ်ရီက စိတ်ထဲတွင် အံ့ဩ တုန်လှုပ်နေခဲ့သည်။
နတ်ဘုရားနယ်မြေ၏ ကောင်းကင်ဥပဒေသများ အရ ကောင်းကင်နတ်ဘုရား အဆင့်တွင် သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ထက် ကျော်လွန်သည်ကို လုံးဝ ခွင့်မပြုထားပေ။
ထိုအဆင့်ကို ကျော်လွန်ပြီး ကန့်သတ်ချက်ကို ချိုးဖျက်ချင်သည့် ပါရမီရှင်များ ပင်လျှင် အဆုံးသတ်၌ ကျရှုံးသွားခဲ့ရသည်ချည်း ဖြစ်သည်။
အကယ်၍သာ သူ ထင်မှတ်ထားသလို ကျန်းချန်သည် ကောင်းကင်နတ်ဘုရား အဆင့်တွင် သူတော်စင် ကောင်းကင် နတ်ဘုရားအဆင့်ကို အမှန်တကယ် ကျော်လွန်အောင် ကျင့်ကြံနိုင်ခဲ့သည်ဆိုလျှင် ယင်းမှာ တကယ်ကို မယုံနိုင်စရာပင်ဖြစ်၏။
“ဒီကောင်လေးက နတ်ဘုရားနယ်မြေရဲ့ ကျင့်ကြံခြင်းစနစ်အပေါ် ငါ့ရဲ့ အသိအမြင်တွေကို ထပ်ခါတလဲလဲ အသစ်ဖြစ်အောင် လုပ်နေတော့တာပဲ”
ကူရွှယ်သောင်းကလည်း မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ခေါင်းခါရမ်း၍ မချိပြုံး ပြုံးလိုက်သည်။
ကျန်းချန်နှင့် တွေ့ကတည်းက စ၍ ကျန်းချန်၏ တိုးတက်လာမှုများသည် သူ၏ အသိအမြင်များကို ထပ်ခါတလဲလဲ အသစ်ဖြစ်စေခဲ့သည်။
သူက မည်သည့် ကံကောင်းမှုများနှင့် ကြုံတွေ့ခဲ့၍ မဟာမြေရိုင်းနယ်မြေ ကဲ့သို့ ဝေးလံခေါင်သီသည့် နေရာမျိုးတွင် ကျန်းချန်လို ပါရမီရှင်နှင့် တွေ့ဆုံခဲ့ရမှန်း ကူရွှယ်သောင်း အမှန်တကယ် မသိတော့ပေ။
“ဘိုးဘေးတောင်မှ ဒီကောင်လေးကို အလွယ်တကူ မနိုင်ပါလား.. ဒီကောင်လေးရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ သန်မာနေရတာလဲ”
ကောင်းကင်ပေါ်ရှိ ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ပွဲကို ကြည့်ကာ ဟွမ်ရှ၏ မျက်ဝန်းထဲတွင် ထိတ်လန့်သောအမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။
သိထားရမည့် အချက်မှာ သူတို့၏ ဘိုးဘေးသည် နတ်ဘုရင် တတိယအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။
နတ်ဘုရင် ပထမအဆင့်ဖြင့် ရင်ဆိုင်နိုင်သည် ဆိုလျှင် ဟွမ်ရှအနေဖြင့် လက်ခံနိုင်သည့် အတိုင်းအတာထဲတွင် ရှိနေပါသေး၏။
သို့သော်လည်း နယ်မြေနတ်ဘုရား အဆင့်ဖြင့် နတ်ဘုရင်တတိယ အဆင့်ကို ရင်ဆိုင်နိုင်သည်မှာ နှစ်ပေါင်း ဆယ်သန်း၊သန်း နှစ်ဆယ်ခန့် အသက်ရှင်သန်ခဲ့သည့် ဟွမ်ရှ အတွက် တစ်ခါမှ မကြားဖူးသည့် အဓိပ္ပါယ်မရှိလှသော ကိစ္စကြီးတစ်ရပ်ပင်။
“ယဲ့ချင်းလန်.. ငါက ကျီရွမ်ရီကို ထိန်းထားပေးမယ်.. မင်းက အခုချက်ချင်း ချင်းယဲ့ဂိုဏ်းကို ဦးဆောင်ပြီး ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို တိုက်ခိုက်ပါ”
“ပြီးရင် ကူရွှယ်သောင်းကို အရှင်ဖမ်းထားလိုက်”
ဟွမ်ရှက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက်တွင် သူ၏ စိတ်ထဲမှ ထိတ်လန့်မှုများကို ဖိနှိပ်ကာ ယဲ့ချင်းလန်ကို လှမ်းပြောလိုက်သည်။
ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်က အလွန်တရာ မြင့်မားလွန်းသောကြောင့် ဘိုးဘေး ကိုယ်တိုင်ပင် အလွယ်တကူ မဖမ်းနိုင်မည်ကို သူစိုးရိမ်မိသည်။
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည့် ကူရွှယ်သောင်းသည် ကျန်းချန်၏ ဆရာ ဖြစ်သောကြောင့် ကျန်းချန်၏ စိတ်ထဲတွင် အရေးပါသော နေရာတွင် သေချာပေါက် ရှိနေလိမ့်မည် ဖြစ်သည်။
အကယ်၍သာ ကူရွှယ်သောင်းကို အရှင်ဖမ်းနိုင်လျှင် ကျန်းချန်ကို အညံ့ခံခိုင်း၍ ရနိုင်လိမ့်မည် မဟုတ်ပါလော။
“ချင်းယဲ့ ဂိုဏ်းသားတွေအားလုံး ငါ့အမိန့်ကို နားထောင်ကြ.. ငါနဲ့ အတူ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို တိုက်ခိုက်ပြီး ချင်းယဲ့ဂိုဏ်းနဲ့ ထိုက်တန်တဲ့ ဂုဏ်သိက္ခာကို ပြန်ယူကြစို့”
ယဲ့ချင်းလန်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့ပြီး သူ၏ လက်အောက်ငယ်သားများကို တိုက်ရိုက်ပင် အမိန့်ပေးကာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို စတင် တိုက်ခိုက်လိုက်သည်။
ကျီရွမ်ရီ ပေါ်ထွက်လာမှုနှင့် အတူ ကျန်းချန်၏ ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် တိုက်ခိုက်ရေး စွမ်းအားများကြောင့် ယဲ့ချင်းလန်သည် မကောင်းသော ခံစားချက်များကို ရရှိနေပြီ ဖြစ်သည်။
သို့သော်လည်း အခြေအနေက ဤအဆင့်အထိပင် ရောက်ရှိလာပြီ ဖြစ်ရာ လေးတင်ပြီသားမြား ကဲ့သို့ ပစ်လွှတ်ဖို့သာ ရှိပေတော့သည်။
အကယ်၍ ချင်းယဲ့ဂိုဏ်းက ဤအခြေအနေတွင် ထွက်သွားမည် ဆိုလျှင်ပင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် နောက်ပိုင်းတွင် သူတို့ကို အလွယ်တကူ အလွှတ်ပေးမည် မဟုတ်လောက်ပေ။
ယင်းအတွက်ကြောင့် သူ့အနေဖြင့် တိုက်ခိုက်ဖို့က လွဲပြီး တခြားရွေးချယ်စရာ မရှိတော့ချေ။
“ဂိုဏ်းကို ကျူးကျော်လာတဲ့လူတွေကို တစ်ယောက်မှ အရှင်မထားနဲ့”
ကူရွှယ်သောင်းက ကျယ်လောင်စွာ အမိန့်ပေးလိုက်ပြီး ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ကျင့်ကြံသူများနှင့် အတူ ချင်းယဲ့ဂိုဏ်းမှ လူများကို တိုက်ခိုက်လိုက်သည်။
အောက်ဘက်တွင် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေချိန်တွင် လေထုထဲတွင် ကျန်းချန်သည် လီဆွန်းနတ်ဘုရင်၏ တိုက်ကွက် တစ်ကွက်ကြောင့် နောက်သို့ ခြေလှမ်းပေါင်း များစွာ ဆုတ်လိုက်ရသည်။
လီဆွန်းနတ်ဘုရင်က ကျန်းချန်ကို စူးစိုက်၍ ကြည့်နေခဲ့၏။
သူ၏ တစ်ကိုယ်လုံးတွင် လူသတ်ငွေ့များ လွှမ်းခြုံနေခဲ့သည်။
“ကောင်လေး.. မင်းက တကယ်ကို အံ့သြစရာကောင်းတာပဲ.. ငါ အဘိုးကြီး မင်းကို အထင်သေးခဲ့မိပြီ ထင်တယ်”
အခန်း(၂၁၂၁)ပြီး၏။