← Chapters

အခန်း (၂၁၂၂)

Vol. 153 Ch. 2122

အခန်း (၂၁၂၂)

Vol. 153 Ch. 2122

လီဆွန်းနတ်ဘုရင်က ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်နေခဲ့သည်။

သူ၏ ခန္ဓာကိုယ်မှ လူသတ်‌ငွေ့များသည် ကောင်းကင်ယံ တစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားခဲ့၏။

နှစ်ပေါင်းမည်မျှ ကြာမြင့်သွားပြီမှန်း သူကိုယ်တိုင် မသိတော့သော်လည်း လီဆွန်းနတ်ဘုရင်သည် ယခုလိုမျိုး လူတစ်ယောက်ကို ပြင်းပြင်းထန်ထန် သတ်ပစ်ချင်စိတ် ပေါ်ပေါက်လာသည်အထိ တစ်ခါမှ မဖြစ်ဖူးခဲ့ပေ။

သူ့ရှေ့မှ ကောင်လေးသည် အမှန်တကယ်ပင် နတ်ဆိုးဆန်လှသော ပါရမီရှင်တစ်ဦး ဖြစ်သည်။

မြေကြီးအရှင်အဆင့်ဖြင့် နတ်ဘုရင် တတိယအဆင့် ကျင့်ကြံသူကိုပင် ယှဥ်တိုက်နိုင်သည့် ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထား၏။

အကယ်၍ ထိုကောင်လေးသာ ကောင်းကင်အရှင် အဆင့်ကို ရောက်ရှိသွားခဲ့လျှင် သူကိုယ်တိုင်ပင်လျှင် ထိုကောင်လေး၏ ပြိုင်ဘက် ဖြစ်နိုင်တော့မည် မဟုတ်ပေ။

ယခုအခါတွင် သူက ကျန်းချန်ကို သူ၏ ရန်သူအဖြစ် ‌‌ရွေးချယ်ပြီးပြီဖြစ်ရာ မည်သည့် အဖိုးအခပင် ပေးဆပ်ရပါစေ ယနေ့တွင် အပြတ်ရှင်းပစ်ရပေလိမ့်မည်။

သို့မဟုတ်လျှင် ထိုကောင်လေးသည် သူတို့ ဝိညာဥ်နန်းတော်ကို ဘေးအန္တရာယ်ကြီး သေချာပေါက် ယူဆောင်လာလိမ့်မည် မဟုတ်ပါလား။

ကျန်းချန်က ဘာစကားမျှ ပြန်မပြောဘဲ ဆေးလုံးတစ်လုံးကို အမြန်ထုတ်ကာ မျိုချလိုက်ပြီး ခန္ဓာကိုယ်ထဲမှ ကုန်ခမ်းသွားသော အားအင်များကို ပြန်လည်ဖြည့်တင်းလိုက်သည်။

နတ်ဘုရင် တတိယအဆင့်သည် မြေကြီးအရှင် အဆင့်သာ ရှိသေးသည့် ကျန်းချန် အတွက် ရင်ဆိုင်ရ အနည်းငယ် ခက်ခဲနေခဲ့၏။

သူက လီဆွန်းနတ်ဘုရင်ကို သူ တတ်မြောက်ထားသည့် ကိုယ်ခံပညာရပ်များအား အစွမ်းကုန် ထုတ်သုံးခဲ့သည့်တိုင် မနည်း ရင်ဆိုင်ခဲ့ရသည်။

အကယ်၍သာ သူ၏ ထူးခြားသော ခန္ဓာကိုယ် တည်ဆောက်ပုံနှင့် အသက်သစ်ကိုင်းသာ မရှိခဲ့လျှင် ဤမျှ အထိ တောင့်ခံနိုင်ရန်မှာ မလွယ်လောက်ပေ။

ယခုအခါတွင် သူ၏ ခန္ဓာကိုယ်ထဲမှ အားအင်များသည် ထက်ဝက်ကျော်ခန့် ကုန်ခမ်းနေခဲ့ချေပြီ။

“ငါ့ရဲ့ အခုလက်ရှိတိုက်ခိုက်ရေးစွမ်းရည်နဲ့ဆိုရင် သာမန်နတ်ဘုရင်ဒုတိယအဆင့်ကို အနိုင်ယူဖို့ ဖိအားသိပ်ရှိမှာ မဟုတ်ဘူး.. ဒါပေမဲ့ နတ်ဘုရင် တတိယအဆင့်နဲ့ ရင်ဆိုင်ရမယ် ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်တောင် မနည်း ကာကွယ်နေရမဲ့ အခြေအနေပဲ”

ကျန်းချန်သည် သူ၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်ကို ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့သည်။

“ကောင်လေး.. မင်းရဲ့ပါရမီက ငါ့အတွက် စိုးရိမ်စရာပဲ.. ငါ ဒီနေ့ မင်းကို မသတ်နိုင်ရင် စိတ်အေးရမှာ မဟုတ်ဘူး.. ဒါကြောင့် သေဖို့သာ ပြင်ထားလိုက်တော့”

အစောပိုင်းက တိုက်ခိုက်မှု အပြီးတွင် ကျန်းချန်သည် အားအင်ကုန်သလောက် ဖြစ်နေသည်ကို လီဆွန်းနတ်ဘုရင် ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။

ထို့ကြောင့် ဤအချိန်သည် ကျန်းချန်ကို သတ်ပစ်ရန်အတွက် အကောင်းဆုံး အချိန်ပင် ဖြစ်ရာ လီဆွန်းနတ်ဘုရင်သည် ကျန်းချန်ကို အသက်ရှူဖို့ပင် အခွင့်အရေးမပေးတော့ပေ။

သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် အနက်ရောင်အလင်းများ ဖုံးလွှမ်းသွားခဲ့ပြီး သူ၏ ကျောဘက်တွင် ပေပေါင်း သုံးသောင်း တစ်ထောင် မြင့်သော နတ်ဘုရင်လမ်းစဥ် ပေါ်ထွက်လာခဲ့သည်။

ထိုနတ်ဘုရင်လမ်းသည် ငရဲပြည်ကို သွားသည့် လမ်းတစ်ခုလို ဖြစ်ပေါ်နေခဲ့ပြီး တုန်လှုပ် ချောက်ချားစရာကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့၏။

နတ်ဘုရင်လမ်းစဥ်ကို ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် လီဆွန်းနတ်ဘုရင်၏ အရှိန်အဝါသည် တစ်ခဏ အတွင်းမှာပင် အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့သည်။

သူက ငရဲဘုရင်ကဲ့သို့ ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် ဆန်းကြယ်သော အနက်‌ရောင်အလင်းတန်းများ ဖြစ်ပေါ်လာခဲ့၏။

သာမန် နယ်မြေနတ်ဘုရား တစ်ပါးသာ ဆိုလျှင် သူ၏ အကြည့်ဖြင့် ရင်ဆိုင်မိသည်နှင့် တစ်ခဏအတွင်းမှာပင် စိတ်ဝိညာဥ်သည် ဘာမှမကျန်ရှိတော့သည် အထိ ပျက်စီးသွားမည်မှာ သေချာသလောက်ပင်။

နတ်ဘုရင်လမ်းစဥ်ကို ထုတ်ဖော်လိုက်သည့် လီဆွန်းနတ်ဘုရင်ကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။

“နတ်ခန္ဓာပုံရိပ် လူသားဧကရာဇ်ဓား”

ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို လှုံ့ဆော်လိုက်ရာ သူ၏ ကျောဘက်တွင် ရွှေရောင်အလင်းတန်းများ ဖြစ်ပေါ်လာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ထိအောင် မြင့်မားသည့် ဧရာမရွှေရောင်ဓား အဖြစ်သို့ စုစည်းသွားခဲ့သည်။

နတ်ခန္ဓာပုံရိပ်ဖြစ်သည့် လူသားဧကရာဇ်ဓားကို စုစည်းလိုက်သည့်အချိန်မှာပင် ကျန်းချန်၏ လက်ထဲမှ ရှေးဟောင်းရွှေရောင်ဓားသည် အင်အား တစ်စုံတစ်ရာ၏ ဆင့်ခေါ်မှုကို ခံလိုက်ရသလိုမျိုး ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့၏။

တစ်ချိန်တည်းမှာပင် သူ၏ကျောဘက်မှ နတ်ခန္ဓာပုံရိပ်ဖြစ်သည့် လူသားဧကရာဇ်ဓားသည် တစ်စုံတစ်ရာသောအင်အား၏ ဆွဲဆောင်မှုကို ခံလိုက်ရသလိုမျိုး သူ၏ လက်ထဲမှ ရှေးဟောင်း ရွှေရောင်ဓားနှင့် ပေါင်းစည်းတော့မည့် အရိပ်လက္ခဏာများကို ပြသလာခဲ့သည်။

“ဒါက..”

ရှေးဟောင်းရွှေရောင်ဓား၏ ထူးခြားမှုကို ခံစားရလျှင် ကျန်းချန်၏ မျက်ဝန်းထဲ၌ အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ဤရှေးဟောင်း ရွှေရောင်ဓားသည် သူ၏ နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားနှင့် အမှန်တကယ်ပင် တုံ့ပြန်မှု ရှိနေခဲ့၏။

နတ်ဆိုး အသိုက်အမြုံတွင် ရှေးဟောင်း ရွှေရောင်ဓားကို အာရုံခံနိုင်ခဲ့ခြင်းသည် သူက နတ်ခန္ဓာပုံရိပ် ဖြစ်သော လူသားဧကရာဇ်ဓားကို စုစည်းထားနိုင်၍ ဖြစ်နိုင်ပါသလော။

သို့ရာတွင် ယခုအချိန်က နတ်ဘုရင်လမ်းစဥ်ကို ထုတ်ဖော်ထားသည့် လီဆွန်းနတ်ဘုရင်နှင့် ရင်ဆိုင်နေရသောအချိန် ဖြစ်၍ ကျန်းချန် အတွက် စဥ်းစားနေဖို့ အချိန်မရှိခဲ့ပေ။

သူက လက်ထဲမှ ရှေးဟောင်း ရွှေရောင်ဓားကို တိုက်ရိုက်ပင် လွှတ်လိုက်သည်။

နောက်ထပ် တစ်ခဏမှာပင် ရှေးဟောင်း ရွှေရောင်ဓားသည် ကောင်းကင်ယံကို ထိုးခွင်းသွားခဲ့ပြီး သူ၏ ကျောဘက်ရှိ နတ်ခန္ဓာပုံရိပ် ဆီသို့ တိုးဝင်သွားခဲ့သည်။

“ဝုန်း..”

ကျန်းချန်၏ ကျောဘက်မှ ကောင်းကင်ထိအောင် မြင့်မားသည့် ဧရာမ ဓားကြီးဆီကနေ ပိုမိုတောက်ပသော ‌ရွှေရောင်အလင်းများ‌ ပေါက်ကွဲထွက်လာခဲ့သည်။

ရှေးဟောင်း ရွှေရောင်ဓားနှင့် ပေါင်းစည်းလိုက်ပြီးနောက်တွင် သူ၏ နတ်ခန္ဓာပုံရိပ်က အဆင့်သစ် တစ်ခုကို ရောက်ရှိသွားပြီမှန်း ကျန်းချန်ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။

ယခုအခါတွင် နတ်ဘုရင် တတိယအဆင့်ဖြင့် ရင်ဆိုင်နေရသော်လည်း ကျန်းချန်သည် ဓားချက် တစ်ချက်တည်းဖြင့်ပင် သတ်ဖြတ်နိုင်သည် ဟူသော ယုံကြည်မှုများ ရှိနေခဲ့၏။

“ဒီကောင်လေးက ဘယ်လိုလုပ်ပြီး ဒီအဆင့်အထိ သန်မာနေရတာလဲ”

ကျန်းချန်၏ ကျောဘက်မှ ကောင်းကင်ထိအောင် မြင့်မားသည့် ဧရာမ ဓားကြီးကိုမြင်လျှင် လီဆွန်းနတ်ဘုရင်၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။

သူ၏ နတ်ဘုရင်တတိယအဆင့် ကျင့်ကြံခြင်းဖြင့်ပင် ဧရာမရွှေရောင်ဓားထံကနေ အလွန် အန္တရာယ်များသော အရှိန်အဝါကို ခံစားနေရ၏။

လီဆွန်းနတ်ဘုရင်က တုံ့ဆိုင်းမနေတော့ဘဲ အလျားပေ သုံးသောင်းတစ်ထောင် ရှိသော အနက်ရောင် နတ်ဘုရင်လမ်းစဥ်ကို လှုံ့ဆော်၍ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

“ပိုင်းဖြတ်စမ်း”

ကျန်းချန်က အနည်းငယ်လေးမျှပင် ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။

သူက နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားကို ထိန်းချုပ်ကာ လီဆွန်းနတ်ဘုရင်၏ နတ်ဘုရင်လမ်းစဥ်ကို ခုတ်ပိုင်းချလိုက်သည်။

“ဝုန်း..”

ယင်းအချိန်တွင် ဟင်းလင်းပြင်က ပြိုကျသွားခဲ့ပြီး နေနှင့်လပင် ဗြောင်းဆန်သွားခဲ့သည်။

ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းဂယက်များသည် လေထုထဲတွင် ပျံ့နှံ့သွားခဲ့ပြီး နေရာလွတ်များကို ပိုင်းဖြတ်ကာ မိုင်ပေါင်းသောင်းချီ အထိ ရိုက်ခတ်သွားခဲ့၏။

ထိုမြင်ကွင်းကြောင့် ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးသည် တုန်လှုပ်သွားခဲ့ကြသည်။

အောက်ဘက်တွင် ကျီရွမ်ရီ နှင့် ရင်ဆိုင်နေရသည့် ဟွမ်ရှ၏ မျက်နှာသည် ပို၍ပင် သုန်မှုန်လာခဲ့သည်။

ဟွမ်ရှသည် သူက ကျီရွမ်ရီ၏ ပြိုင်ဘက် မဟုတ်မှန်း သိနေသောကြောင့် ကျီရွမ်ရီကို ထိန်းထားရုံသာ တတ်နိုင်ခဲ့ပြီး တိုက်ပွဲကို စောင့်ကြည့်နေခဲ့သည်။

ယခုတော့ ဟင်းလင်းပြင် အထက်တွင် သူ၏ ဘိုးဘေးသည် ကျန်းချန်၏ ဖိအားပေးမှုကြောင့် နတ်ဘုရင်လမ်းစဥ်ကိုပင် အသုံးပြုနေရပြီ ဖြစ်၏။

အောက်ဘက်ရှိ ချင်းယဲ့ဂိုဏ်းနှင့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတို့ကြားမှ တိုက်ပွဲတွင်လည်း ချင်းယဲ့ဂိုဏ်းသည် အသာစီးမရသေးပေ။

အကယ်၍ ဘိုးဘေးသာ ကျန်းချန်ကို မနှိမ်နင်းနိုင်ခဲ့လျှင် သူတို့၏ ဤတစ်ခေါက် လှုပ်ရှားမှုသည် လုံးဝ ကျရှုံးသွားဖို့ ဖြစ်နိုင်ခြေ များ၏။

“လူသားဧကရာဇ်ဓားကို နတ်ခန္ဓာပုံရိပ် အဖြစ် အသုံးပြုနိုင်ပုံကို ထောက်ရင် ဒီကောင်လေးက အဲဒီနှစ်ယောက်ရဲ့ မျိုးဆက် ဆိုတာ သေချာသွားပြီ”

လေထုထဲမှ လူသားဧကရာဇ်ဓားကိုမြင်လျှင် ကျီရွမ်ရီ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

လူသားဧကရာဇ်ဓားကို နတ်ခန္ဓာပုံရိပ်အဖြစ် အသုံးပြုနိုင်သော ကျန်းမျိုးနွယ်စုဝင်များသည် လူသားဧကရာဇ် နန်းတော်တွင် ဂုဏ်သိက္ခာအရှိဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ယနေ့တွင်မူ လူသားဧကရာဇ်နန်းတော်သည် ပြိုကွဲနေခဲ့ပြီး တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် တိုက်ခိုက်နေကြသည်။

ကျန်းချန် ပေါ်ထွက်လာခြင်းသည် လူသားဧကရာဇ်နန်းတော်၏ လက်ရှိ အခြေအနေကို ပြောင်းလဲပေးနိုင်မည့် ကျီမျိုးနွယ်စု ရင်ဆိုင်နေရသည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟု သူ မျှော်လင့်နေခဲ့၏။

ကျီရွမ်ရီ၏ အကြည့်အောက်မှာပင် ဟင်းလင်းပြင်ထဲရှိ မိုင်ပေါင်းသောင်းချီ နေရာလွတ်သည် ဖြည်းဖြည်းချင်း ပြန်လည်ငြိမ်သက်လာခဲ့ပြီး လေထုထဲတွင် ပုံရိပ်နှစ်ခု ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်၏ အဝတ်အစားများသည် အတော်လေး စုတ်ပြဲနေခဲ့ပြီး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်ကာ ပါးစပ်ထောင့်ကနေလည်း သွေးများ အဆက်မပြတ် စီးကျနေခဲ့သည်။

ထို့အပြင် သူ၏ တစ်ကိုယ်လုံးသည် အနည်းငယ် ယိုင်နဲ့နေခဲ့၏။

ကျန်းချန်၏ တစ်ဖက်မှ လီဆွန်းနတ်ဘုရင်ကမူ ကျန်းချန်ထက်ပင် ပို၍ ထိခိုက် ဒဏ်ရာရထားခဲ့သည်။

သူ၏ တစ်ကိုယ်လုံးက သွေးများ ဖုံးလွှမ်းနေခဲ့ပြီး ခန္ဓာကိုယ်တွင်လည်း အကောင်းပကတိ ရှိသောနေရာ ဟူ၍ မကျန်ရှိသလောက်ပင်။

“ဒီကောင်လေးက ဘယ်လိုလုပ်ပြီး ဒီလောက် ထိတ်လန့်စရာကောင်းတဲ့ အင်အားမျိုးကို ပိုင်ဆိုင်နေရတာလဲ”

သူ၏ခန္ဓာကိုယ်မှ အခြေအနေကို ခံစားမိလျှင် လီဆွန်းနတ်ဘုရင်၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်၏ အစောပိုင်းက ဓားချက်သည် သူ့ကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့ရုံသာမက သူ၏ နတ်ဘုရင် လမ်းစဥ်ကိုပါ အပြင်းအထန် ထိခိုက်စေခဲ့သည်။

အကယ်၍ သူသာ သူ၏ ဒဏ်ရာများကို အချိန်မီ မကုသနိုင်လျှင် မသေသွားခဲ့တိုင် ဤဘဝတွင် ထပ်မံအဆင့်တက်ရန်မှာ ခက်ခဲသွားပေလိမ့်မည်။

ယခုအခါတွင် လီဆွန်းနတ်ဘုရင်သည် ကိုယ့်ကိုယ်ကိုယ်ပင် မကာကွယ်နိုင်တော့သည် ဖြစ်ရာ ကျန်းချန်ကို မည်ကဲ့သို့ ဂရုစိုက်နိုင်ပါမည်နည်း။

သူက အောက်ဘက်ရှိ ဟွမ်ရှကို စိတ်ချင်းဆက်သွယ်၍ နောက်ဆုတ်ရန် ပြောဆိုပြီးနောက်တွင် ကောင်းကင်ယံထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။

“ကျီရွမ်ရီ.. ဒီနေ့ကိစ္စအတွက် မင်းနောင်တမရဖို့ မျှော်လင့်ပါတယ်”

ဟွမ်ရှက ကျီရွမ်ရီကို သုန်မှုန်သော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ကျီရွမ်ရီ၏ ရှေ့ကနေ တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။

ချင်းယဲ့ဂိုဏ်းကို ဦးဆောင်ပြီး ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို အစွမ်းကုန် တိုက်ခိုက်နေသည့် ယဲ့ချင်းလန်သည် ဤအချိန်တွင် လုံးဝ မျက်စိမျက်နှာပျက် ဖြစ်နေခဲ့သည်။

ဝိညာဥ်နန်းတော်မှ နတ်ဘုရင်နှစ်ပါး၏ အကူအညီဖြင့်သာ ဆိုလျှင် ချင်းယဲ့ဂိုဏ်း၏ အတိတ်တစ်ချိန်က ဂုဏ်ကျက်သရေများကို ပြန်လည်ရရှိအောင် လုပ်ဆောင်နိုင်မည်ဟု သူမူလက ထင်ထားခဲ့သည်။

သို့သော်လည်း သူ၏ ဆုံးဖြတ်ချက်သည် ချင်းယဲ့ဂိုဏ်းကို အဆုံးမဲ့ ချောက်နက်ထဲသို့ ပို့ဆောင်ပေးလိုက်မည်ဟု သူ မထင်ထားခဲ့ပေ။

ဤတစ်ခေါက်တွင် သူတို့ ချင်းယဲ့ဂိုဏ်းသည် လုံးဝအဆုံးသတ်ရန် နီးစပ်သွားခဲ့ပြီ ဖြစ်သည်။

အခန်း(၂၁၂၂)ပြီး၏။

All Chapters