အခန်း (၂၁၂၄)
Vol. 153 Ch. 2124
အရှေ့ဘက်ဒေသ၏ မြောက်ဘက် အစွန်းပိုင်းနယ်မြေ ဖြစ်သည့် စန်းမင်တောင်သည် လွန်ခဲ့သော နှစ်ပေါင်း သန်းသုံးဆယ်ခန့်က အရှေ့ဘက်ဒေသ၏ ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့် ဆရာသခင် စန်းမင် ဥာဏ်အလင်းပွင့်ခဲ့သော နေရာ ဖြစ်သည်။
ဆရာသခင် စန်းမင်သည် မဟာကပ်ဘေးကြီး အပြီးတွင် အရှေ့ဘက်ဒေသ၏ နံပါတ်(၁) ပါရမီရှင် ဖြစ်ခဲ့သည်။
ထိုပုဂ္ဂိုလ်သည် မည်သည့် နောက်ခံအင်အားမှ မရှိသည့် သာမန်မျိုးရိုးကနေ ဆင်းသက်လာသူ ဖြစ်သည်။
သို့သော်လည်း ဆရာသခင် စန်းမင်သည် ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့်ဖြင့် နတ်ဘုရင် အဆင့်ကို ဝင်ရောက်နိုင်ခဲ့သူ ဖြစ်သည်။
ထို့ကြောင့် ဆရာသခင်စန်းမင် နေထိုင်သည့် စန်းမင်တောင်သည် အရှေ့ဘက်ဒေသ၏ သူတော်စင်နယ်မြေ တစ်ခုလည်း ဖြစ်ခဲ့သည်။
နောက်ပိုင်းတွင် ဆရာသခင်စန်းမင် အရှေ့ဘက်ဒေသကနေ ထွက်ခွာသွားသောအခါ သူနေထိုင်ခဲ့သော စန်းမင်တောင်သည်လည်း တဖြည်းဖြည်း မေ့လျော့ခံ ဖြစ်လာခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းသန်းချီက ကျီမျိုးနွယ်စုသည် အလယ်ပိုင်းဒေသကနေ အရှေ့ဘက်ဒေသကို ရောက်လာခဲ့ပြီး စန်းမင်တောင်တွင် အခြေချခဲ့သည်။
ဤသို့ဖြင့် စန်းမင်တောင်သည် အရှေ့ဘက်ဒေသ၏ နတ်ဘုရင်အင်အားစု ငါးစုထဲတွင် တစ်စု အပါအဝင်ဖြစ်သည့် ကျီမျိုးနွယ်စု၏ အခြေစိုက်စခန်း ဖြစ်လာခဲ့သည်။
သို့သော်လည်း ကျီမျိုးနွယ်စု ရောက်ရှိလာခြင်းသည် အရှေ့ဘက်ဒေသ၏ အခြေအနေကို မပြောင်းလဲစေခဲ့ပေ။
သူတို့က စန်းမင်တောင်တွင်သာ အမြဲတစေ တသီးတသန့် နေထိုင်ခဲ့ကြပြီး အရှေ့ဘက်ဒေသမှ အဓိက အင်အားစုများ၏ တိုက်ခိုက်မှုများတွင် မည်သည့်အခါမှ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိခဲ့ချေ။
အထူး အခြေအနေတချို့မှလွဲ၍ ပေါ်ထွက်လာလေ့ မရှိပေ။
စန်းမင်တောင်၏ အပြင်ဘက် ကောင်းကင်ယံကနေ လူရိပ်နှစ်ခု ဖြည်းဖြည်းချင်း ပျံသန်းလာခဲ့သည်။
ထိုနှစ်ယောက်မှာ ကျန်းချန်နှင့် ကျီရွမ်ရီ တို့ပင် ဖြစ်သည်။
“ခေါင်းဆောင်ကျီ ဒါက စန်းမင်တောင်လား.. ဒီနေရာက ဆရာသခင်စန်းမင် ဥာဏ်အလင်း ပွင့်ခဲ့တဲ့ နေရာလို့ ကျွန်တော် ကြားဖူးတယ်.. ဆရာသခင်စန်းမင်က နောင်တစ်ချိန်မှာ ပြန်ရောက်လာပြီး ကျီမျိုးနွယ်စုကို ပြဿနာရှာမှာ ခေါင်းဆောင်ကျီတို့ မကြောက်ဖူးလား”
ကျန်းချန်က သူ၏ ရှေ့မှ စန်းမင်တောင်ကို ကြည့်ကာ စူးစမ်းသော အမူအရာဖြင့် မေးလိုက်သည်။
လွန်ခဲ့သော နှစ်ပေါင်းသန်းချီက ကြယ်သုံးပွင့် ကောင်းကင်အရှင် အဆင့်ဖြင့် နတ်ဘုရင်အဆင့်ကို တက်လှမ်းနိုင်ခဲ့သော ဆရာသခင် စန်းမင်သည် နတ်ဘုရင်အဆင့်ကို စတင်ဝင်ရောက်စဥ်မှာပင် နတ်ဘုရင်စတုတ္ထ အဆင့်သို့ တစ်ခါတည်း ရောက်ရှိသွားခဲ့သည်။
ယခုဆိုလျှင် နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီ ဖြစ်ရာ ဆရာသခင်စန်းမင်၏ ပါရမီဖြင့်သာ ဆိုလျှင် နတ်ကုန်းမြေတိုက်၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်နေလောက်ပေပြီ။
ထို့ကြောင့်လည်း အရှေ့ဘက်ဒေသကနေ ဆရာသခင် စန်းမင် ထွက်ခွာသွားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင် စန်းမင်တောင်ကို မည်သူမျှ မထိပါးရဲခြင်း ဖြစ်သည်။
ကျီမျိုးနွယ်စုက အရှေ့ဘက်ဒေသကို ပြောင်းရွှေ့လာပြီးနောက်တွင် ဆရာသခင်စန်းမင် နေထိုင်ခဲ့သည့် စန်းမင်တောင်ကို သိမ်းပိုက်လိမ့်မည်ဟု ကျန်းချန် လုံးဝ မထင်ထားခဲ့ပေ။
“အဲဒီလူတော့ ဘယ်တော့မှမဖြစ်နိုင်ဘူး.. ဘာဖြစ်လို့လည်းဆိုတော့ ငါတို့ ကျီမျိုးနွယ်စုက ဆရာသခင် စန်းမင်နဲ့ ပတ်သက်ဆက်နွှယ်မှုတချို့ ရှိနေလို့ပဲ.. စန်းမင်တောင်မှာ ဆရာသခင်စန်းမင် ကိုယ်တိုင် စီရင်ထားတဲ့ အစီအရင်တစ်ခုရှိတယ်.. အဲဒီအစီအရင်ကို ဖွင့်လိုက်ရင် နတ်ဘုရင်စတုတ္ထအဆင့် ကျင့်ကြံသူတောင် အလွယ်တကူ ဖြိုခွင်းနိုင်မှာ မဟုတ်ဘူး.. ဆရာသခင်စန်းမင်က ဒီအစီအရင်ကို ထိန်းချုပ်တဲ့နည်းလမ်းနဲ့ အတူ စန်းမင်တောင်ကိုပါ ကျီမျိုးနွယ်စုဆီ လွှဲပြောင်းပေးခဲ့တာပါ.. အဲဒါကြောင့်လည်း ကျီမျိုးနွယ်စုက ဒီနေရာမှာ အခြေချခဲ့တာပဲ”
ကျီရွမ်ရီက ကျန်းချန်ကို ရှင်းပြရင်း စန်းမင်တောင် ဆီသို့ ခေါ်သွားခဲ့သည်။
အရှေ့ဘက်ဒေသတွင် အစဥ်အဆက် အမွေဆက်ခံလာသည့် ဟောင်ထျန်းဓားဂိုဏ်းနှင့် တခြားသော နတ်ဘုရင် အင်အားစုများနှင့် နှိုင်းယှဥ်လျှင် ကျီမျိုးနွယ်စု၏ အစီအရင်သည် ပို၍ ရိုးရှင်းသည်မှာ အမှန်ပင်။
သိပ်မကြာခင်မှာပင် ကျီရွမ်ရီသည် ကျန်းချန်ကို ကျီမျိုးနွယ်စုထဲသို့ ခေါ်သွားခဲ့သည်။
ထိုခဏဝယ် ကျန်းချန်သည် ကျီမျိုးနွယ်စုထဲမှ သူ့ကို လှမ်းပြီး စစ်ဆေးနေသည့် အားနည်းသည့် အရှိန်အဝါများကို ခံစားမိလိုက်သည်။
ထိုအရှိန်အဝါ အများစုသည် ကောင်းကင်နတ်ဘုရား အဆင့်တွင်သာ ရှိ၏။
ထိုအထဲတွင် ကျီမျိုးနွယ်စု၏ တားမြစ်နယ်မြေကနေ ထွက်ပေါ်လာသည့် အရှိန်အဝါတစ်ခုသာ ရှိပြီး ထိုအရှိန်အဝါမှာ အလွန်တရာပင် နက်ရှိုင်းလှသည်။
ဆိုရလျှင် လီဆွန်းနတ်ဘုရင်ထက်ပင် ပို၍ အစွမ်းထက်နေလိမ့်မည်ဟု သူထင်ခဲ့၏။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ထိုအရှိန်အဝါ၏ ပိုင်ရှင်သည် ကျီလင်ဝေ၏ နှုတ်ကနေ ကြားခဲ့ရသည့် သက်တမ်းကုန်ခါနီးပြီ ဖြစ်သော ကျီမျိုးနွယ်စု၏ဘိုးဘေး ဖြစ်လောက်သည်။
ကျီလင်ဝေက မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေထဲတွင် သက်စောင့်ဝိညာဥ်သစ်သီးကို သွားရောက် ရှာဖွေသည်မှာ ထိုအဘိုးအို၏ သက်တမ်းကို တိုးမြှင့်စေဖို့သာ ဖြစ်ရပေမည်။
ကျီမျိုးနွယ်စုက အားမနည်းဘဲ အရှေ့ဘက်ဒေသ၏ နံပါတ်တစ် အင်အားစုဖြစ်သည့် ဟောင်ထျန်းဓားဂိုဏ်းနှင့်ပင် ရင်ဘောင်တန်းနိုင်သော်လည်း ကျန်းချန် အတွက်မူ အနည်းငယ် ထူးဆန်းနေခဲ့သည်။
မည်သို့ပင်ဖြစ်စေကာမူ ကျီမျိုးနွယ်စုသည် အလယ်ပိုင်းဒေသ၏ လူသားဧကရာဇ်နန်းတော်ကနေ ဆင်းသက်လာခြင်းဖြစ်ပြီး အလယ်ပိုင်းဒေသတွင်ပင် ထိပ်တန်းအဆင့် မျိုးနွယ်စုတစ်ခုဖြစ်ခဲ့သည်။
ယခုလို နတ်ဘုရင်နှစ်ပါးသာ ရှိနေခြင်းသည် အနည်းငယ်အားနည်းနေသလို ဖြစ်နေခဲ့သည်။
“လူသားဧကရာဇ်နန်းတော်ရဲ့နောက်ဆုံးလူသားဧကရာဇ်ပျောက်ကွယ်သွားပြီးတဲ့နောက်မှာ လူသားဧကရာဇ်နန်းတော်က ဝါးအစီးပြေသွားသလို ဖြစ်သွားခဲ့ပြီး အာဏာအတွက် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် တိုက်ခိုက် လုပ်ကြံခဲ့ကြတယ်...အထူးသဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းချီက ဖြစ်ရပ်တစ်ခုမှာ လူသားဧကရာဇ်နန်းတော်က လုံးဝ ပြိုကွဲလုနီးပါးဖြစ်သွားခဲ့ပြီး ငါတို့ ကျီမျိုးနွယ်စု အတွင်းပိုင်းမှာတောင် နှစ်ခြမ်းကွဲသွားခဲ့တယ်.. ငါတို့က လူသားဧကရာဇ်နန်းတော်ရဲ့ ကျီမျိုးနွယ်စုက လူတချို့ကို ခေါ်ထုတ်လာပြီး အရှေ့ဘက်ဒေသကို ရောက်လာခဲ့တယ်.. ဒါပေမဲ့ ကျီမျိုးနွယ်စုဝင် တချို့ကတော့ လူသားဧကရာဇ် နန်းတော်မှာပဲ ကျန်နေခဲ့ကြတယ်.. သူတို့ရဲ့အင်အားက ငါတို့ထက် ပိုပြီး အများကြီး အစွမ်းထက်တယ်”
ကျီရွမ်ရီက ကျန်းချန်၏ အတွေးများကို ခန့်မှန်းမိသဖြင့် အသေအချာ ရှင်းပြလိုက်သည်။
ကျန်းချန်က ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
“ခေါင်းဆောင်ကျီ.. လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းချီက လူသားဧကရာဇ်နန်းတော်မှာ ဘာကိစ္စတွေ ဖြစ်ပျက်ခဲ့တာလဲ”
မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေတွင် ရှိစဥ်က ကျီလင်ဝေ ပြောပြခဲ့သည်ကို ကြားဖူးသော်လည်း သူ၏ စိတ်ထဲတွင် သံသယများစွာ ရှိနေသေးသည်။
“တခြား ဘာများရှိဦးမှာလဲ...ဒါက အာဏာနဲ့ အကျိုးစီးပွားကြောင့် ဖြစ်ပေါ်လာတဲ့ တိုက်ပွဲကြီး တစ်ခုပါပဲ”
ကျီရွမ်ရီက ခေါင်းခါရမ်းလိုက်ပြီး မချိပြုံး ပြုံးကာ ခဏမျှ တိတ်ဆိတ်နေပြီးမှ ကျန်းချန်ကို ရှင်းပြခဲ့သည်။
လူသားဧကရာဇ်နန်းတော်၏ နောက်ဆုံး လူသားဧကရာဇ် ပျောက်ကွယ်သွားပြီးနောက်တွင် လူသားဧကရာဇ်နန်းတော်မှ ကျန်းမိသားစုဝင် အများအပြားသည် လူသားဧကရာဇ် ရာထူးကို မျက်စိကျခဲ့ကြသည်။
သူတို့က အချင်းချင်း ပေါ်ပေါ်ထင်ထင်ရော၊ တိတ်တဆိတ်ပါ တိုက်ခိုက်ခဲ့ကြသော်လည်း မည်သူကမျှ လူအများ၏ ယုံကြည်မှုရအောင် မလုပ်နိုင်ခဲ့၍ လူသားဧကရာဇ် အရိုက်အရာကို မဆက်ခံနိုင်ခဲ့ကြပေ။
သို့သော်လည်း လွန်ခဲ့သော နှစ်ပေါင်းသန်းချီခန့်တွင် ဤအခြေအနေသည် လူတစ်ယောက်ကြောင့် ပြောင်းလဲသွားခဲ့သည်။
လူသားဧကရာဇ်နန်းတော်၏ တော်ဝင်မိသားစု ဖြစ်သည့် ကျန်းမျိုးနွယ်စုတွင် လူသားဧကရာဇ်ဓားကို နတ်ခန္ဓာပုံရိပ်အဖြစ် အသုံးပြုနိုင်သည့် ဆန်းကြယ်သော ပါရမီရှင် တစ်ယောက် ထပ်မံ ပေါ်ထွက်လာခဲ့သည်။
သက်တမ်းနှစ်တစ်ထောင် မပြည့်ခင်မှာပင် ထိုပါရမီရှင်သည် ကြယ်သုံးပွင့် ကောင်းကင်အရှင် အဆင့်ဖြင့် နတ်ဘုရင်အဆင့်ကို ဝင်ရောက်နိုင်ခဲ့ပြီး လူသားဧကရာဇ် နေရာကို ဆက်ခံနိုင်မည့် အရည်အချင်းကို ပြသနိုင်ခဲ့သည်။
နောက်ပိုင်းတွင် ကျန်းမျိုးနွယ်စုသည် ထိုအနှိုင်းမဲ့ ပါရမီရှင်ကို ထိုအချိန်က ကျီမျိုးနွယ်စု၏ နတ်ဘုရားမနှင့် ပေါင်းစည်းပေးခဲ့ပြီး လူသားဧကရာဇ်နန်းတော်၏ မျိုးဆက်သစ် လူသားဧကရာဇ် အဖြစ် တင်မြှောက်ရန် စီစဥ်ခဲ့သည်။
သို့သော်လည်း ဤအရာအားလုံးသည် လူအချို့၏ အကျိုးစီးပွားကို သွားပြီး ထိခိုက်စေခဲ့သည်။
ထို့နောက်တွင်မူ လူသားဧကရာဇ်နန်းတော် တည်ထောင်ပြီး နောက်ပိုင်း၌ ပထမဆုံးအကြိမ်အဖြစ် အတွင်းပိုင်း စစ်ပွဲကြီး ဖြစ်ပွားခဲ့သည်။
ကျန်းတော်ဝင်မိသားစုမှ ထိုအနှိုင်းမဲ့ပုဂ္ဂိုလ်နှင့် သူတို့ ကျီမိသားစု၏ နတ်ဘုရားမ တို့သည် ထိုတိုက်ပွဲအတွင်း လုံးဝပျောက်ကွယ်သွားခဲ့ကြသည်။
သူတို့ ကျီမျိုးနွယ်စုသည်လည်း ထိုကိစ္စကြောင့် သဘောထား ကွဲလွဲခဲ့ပြီး အချို့က လူသားဧကရာဇ် နန်းတော်တွင် ဆက်လက် နေထိုင်ရန် ရွေးချယ်ခဲ့ကာ အချို့ကမူ လူသားဧကရာဇ်နန်းတော်ကနေ ထွက်ခွာလာကြပြီး အရှေ့ဘက်ဒေသကို ပြောင်းရွှေ့လာခဲ့ကြသည်။
ကျီရွမ်ရီက ရှင်းပြရင်း ကျန်းချန်ကို ကြည့်လိုက်သည်။
“ဒီနှစ်တွေ တစ်လျှောက်လုံး ငါတို့ ကျီမျိုးနွယ်စုက အဲဒီလူနှစ်ယောက်ရဲ့ သဲလွန်စတွေကို လိုက်ရှာနေခဲ့ပေမဲ့ ဘာသတင်းမှ မရခဲ့ဘူး.. အရင်ကတော့ သူတို့ တကယ်ပဲ ကျဆုံးသွားလောက်ပြီလို့ ငါတို့ထင်ထားခဲ့တယ်.. ဒါပေမဲ့ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေကနေ ကျီလင်ဝေ ပြန်ရောက်လာပြီး မင်းအကြောင်းကို ပြောပြတော့မှ သူတို့ မကျဆုံးသေးဘူးဆိုတာ ငါတို့ အသေအချာ သိလိုက်ရတာပဲ.. ဘာလို့လည်းဆိုတော့ သူတို့နှစ်ယောက်ရဲ့ မျိုးဆက်က လွဲလို့ ဒီကမ္ဘာပေါ်မှာ ကျန်းမျိုးနွယ်စုနဲ့ ကျီမျိုးနွယ်စုရဲ့ သွေးနှစ်မျိုးလုံးကို တစ်ပြိုင်တည်းရှိဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်လို့ပဲ”
ထိုစကားကိုကြားလျှင် ကျန်းချန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင်ကျီ.. ကျွန်တော်က အဆင့်နိမ့် နယ်မြေကပါ.. သူတို့နှစ်ယောက် တကယ်ပဲ မကျဆုံးဘူး ဆိုရင်တောင် အဆင့်နိမ့် နယ်မြေမှာ ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲမဟုတ်လား”
“တချို့အရာတွေက မင်းမဖြစ်နိုင်ဘူးလို့ ထင်ရုံနဲ့ မဖြစ်နိုင်ဘူးလို့ အတပ်ပြောလို့မရဘူး.. ဥပမာပြောရရင် မင်းက ကောင်းကင်နတ်ဘုရား အဆင့်မှာ သူတော်စင်နတ်ဘုရားအဆင့်ကို ကျော်လွန်နေတာမျိုးပေါ့.. အဲဒါကလည်း လူအများရဲ့အမြင်မှာ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပဲ မဟုတ်လား”
ကျီရွမ်ရီက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“အခြေအနေတွေကို တိတိကျကျ ငါတို့ မသိပေမဲ့ သေချာတာတစ်ခုကတော့ မင်းဆီမှာ ကျီမျိုးနွယ်စုနဲ့ ကျန်းမျိုးနွယ်စုရဲ့ သွေးနှစ်မျိုးလုံး ပါဝင်နေတယ် ဆိုတာကတော့ ငြင်းလို့မရတဲ့အမှန်တရားပဲ”
ကျန်းချန်က ခါးသီးစွာ ပြုံးလိုက်သည်။
“ဒါပေမဲ့ ကျွန်တော် နားမလည်နိုင်တဲ့ ကိစ္စတစ်ခု ရှိသေးတယ်.. ကျွန်တော် ငယ်ငယ်တုန်းက ဘာလို့ ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ ဘာသွေးစွမ်းအားမှ မရှိရတာလဲ”
သူ ဤခန္ဓာကိုယ်ထဲကို ရောက်လာစဥ်က သူသည် လုံးဝ အမှိုက်ကောင် တစ်ယောက်သာ ဖြစ်သည်။
တကယ်လို့သာ သူ့တွင် အဆ ၁၀၀ စနစ် မရှိခဲ့လျှင် အခုလိုအောင်မြင်မှုမျိုး ဘယ်တော့မှ ရလာမည် မဟုတ်ပေ။
ကျန်းမျိုးနွယ်စုနှင့် ကျီမျိုးနွယ်စု ဆိုသည်မှာ နတ်ကုန်းမြေတိုက်၏ ထိပ်တန်း မျိုးနွယ်စုကြီးများ ဖြစ်သည်။
အကယ်၍ သူ့တွင်သာ ဤသွေးနှစ်မျိုးလုံး ရှိနေခဲ့သည်ဆိုလျှင် ကျန်းမိသားစုတွင် အဘယ်ကြောင့် အနှိမ်ခံရပါမည်နည်း။
အခန်း(၂၁၂၄)ပြီး၏။