← Chapters

အခန်း (၂၁၂၅)

Vol. 153 Ch. 2125

အခန်း (၂၁၂၅)

Vol. 153 Ch. 2125

“မင်းငယ်ငယ်တုန်းက သွေးစွမ်းအား မရှိခဲ့ဘူးဟုတ်လား”

ကျီရွမ်ရီ တစ်ခဏမျှ မှင်တက်သွားခဲ့သည်။

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. မင်းမှာ ကျန်းမျိုးနွယ်စုနဲ့ ကျီမျိုးနွယ်စုရဲ့ သွေးမျိုးရိုးတွေ သိသိသာသာ ရှိနေတာပဲလေ”

“ဘာလို့လဲတော့မသိဘူး ဒီသွေးစွမ်းအားတွေက ပကတိနတ်ဘုရား အဆင့်ကို ထိုးဖောက်ပြီး နတ်ခန္ဓာပုံရိပ်ကို စုစည်းနိုင်တဲ့အခါမှ ပေါ်လာခဲ့တယ်”

ကျန်းချန်က ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

ကျီရွမ်ရီက အနည်းငယ် စဥ်းစားပြီးမှ ကျန်းချန်ကို ပြောလိုက်သည်။

“ကြည့်ရတာ ပကတိနတ်ဘုရားအဆင့်ကို မရောက်မချင်း အသက်ဝင်မလာအောင် မင်းရဲ့ သွေးစွမ်းအားကို ချိတ်ပိတ်ထားတာ ဖြစ်မယ်”

“ချိတ်ပိတ်ခံထားရတာလား”

ကျန်းချန်က အံ့အားသင့်သွားခဲ့သည်။

သူ၏မိဘများသည် အဆင့်နိမ့် နယ်မြေတွင် ထိပ်ဆုံးအဆင့်တွင် ရှိသော်လည်း ဤမျှ အစွမ်းထက်သည့် သွေးစွမ်းအားကို ချိတ်ပိတ်ထားနိုင်စွမ်း မရှိကြပေ။

ထို့ကြောင့် သူ၏ သွေးစွမ်းအားကို သူ့မိဘများက ချိတ်ပိတ်ထားခြင်းမှာ မည်သို့မျှမဖြစ်နိုင်ပေ။

ကျန်းချန်က သူ၏ သွေးစွမ်းအား မည်ကဲ့သို့ ချိတ်ပိတ်ခံထားရသည်ကို အမှန်တကယ်ပင် နားမလည်နိုင် ဖြစ်နေခဲ့သည်။

“ခေါင်းဆောင်ကျီ.. ကျွန်တော့်အဖေ ကျန်းဝူရက ကျွန်တော့်ထက် စောပြီး နတ်ဘုရားနယ်မြေကို ရောက်နေတယ်.. အဖေက လူသားဧကရာဇ်နန်းတော်နဲ့ ပတ်သက်မှုတစ်ခုခု ရှိနေလောက်တယ် ခေါင်းဆောင်ကျီ.. အဖေ့ရဲ့သဲလွန်စကို ရှာဖွေပေးဖို့ မျှော်လင့်ပါတယ်”

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့ပြီး ဖခင်ဖြစ်သူ၏ ကိစ္စကို ရုတ်တရက် သတိရသွားခဲ့ကာ ကျီရွမ်ရီကို အလေးအနက် ပြောလိုက်သည်။

သူက ရွှယ်လင်ကုန်းမြေတိုက်တွင် အချိန်အကြာကြီး မနေခဲ့ဖူး၍ ရွှယ်လင်ကုန်းမြေတိုက်မှ လူသားမျိုးနွယ်စု၏ သမိုင်းကြောင်းကို အသေးစိတ် မလေ့လာခဲ့ဖူးပေ။

ထို့ကြောင့် ကိစ္စရပ် တော်တော်များများတွင် သူ့အဖေ ကျန်းဝူရသည် သူ့ထက် ပိုမို သိနေမည်မှာ သေချာ၏။

အကယ်၍သာ ဖခင်ဖြစ်သူ၏ သဲလွန်စကို ရှာမတွေ့ခဲ့လျှင် မဟာမြေရိုင်းနယ်မြေသို့ ပြန်သွားပြီး မိခင်ဖြစ်သူ ကျီဝူရွှယ်ကို ရှာရပေလိမ့်မည်။

“စန်းယိုနတ်ဘုရင်ရဲ့ အကြံအစည်က မဟာမြေရိုင်းဒေသအတွက် ကပ်ဘေးတစ်ခု ဖြစ်လာနိုင်တယ်.. ငါ့ရဲ့လက်ရှိစွမ်းရည်နဲ့ဆိုရင် ဒီကိစ္စကို လုံးဝ ကိုင်တွယ်နိုင်ပြီ...ကြည့်ရတာ မဟာမြေရိုင်းနယ်မြေကို ခဏလောက်တော့ ပြန်ရမယ်ထင်တယ်”

ကျန်းချန်က သူ့ဘာသာသူ စိတ်ထဲတွင် တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။

ကျီရွမ်ရီက လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်ပြီးကျန်းချန်ကို ပြောလိုက်သည်။

“စိတ်မပူပါနဲ့ မင်းအဖေရဲ့ သတင်းကို စုံစမ်းဖို့အတွက် ငါ့ရဲ့လူတွေကို ခိုင်းလိုက်ပါ့မယ်”

ကျန်းချန်၏ ဖခင်သည် ထိုအချိန်က ပါရမီရှင် နှစ်ဦးနှင့် ဆက်စပ်မှု ရှိနေလောက်ပြီး ကျန်းချန်ထက်ပင် ပိုမို သိရှိနိုင်ခြေရှိသည်။

အကယ်၍သာ ထိုနှစ်က ပျောက်ကွယ်သွားခဲ့သော ထိုနှစ်ဦး၏ သဲလွန်စကို ရှာတွေ့နိုင်လျှင် လူသားဧကရာဇ် နန်းတော်၏ လက်ရှိ အခြေအနေကို သေချာပေါက် ပြောင်းလဲနိုင်လိမ့်မည်ဖြစ်၏။

“ကျေးဇူးတင်ပါတယ်”

ကျန်းချန်က ကျေးဇူးတင်စကား ပြောဆိုပြီးနောက်တွင် ကျီရွမ်ရီကို မေးလိုက်သည်။

“ခေါင်းဆောင်ကျီ ကျွန်တော့်ဆီက အကူအညီတောင်းစရာကိစ္စရှိတယ်လို့ ပြောခဲ့တယ်ဆိုတော့ ဘယ်လိုကိစ္စလဲ ဆိုတာ သိလို့ရမလား”

“ဒီကိစ္စက အလယ်ပိုင်းဒေသက ကျီမျိုးနွယ်စုနဲ့ ပတ်သက်နေတယ်”

ထိုအကြောင်းကို ထုတ်ဖော် ပြောဆိုလိုက်သည်နှင့် ကျီရွမ်ရီ၏ မျက်နှာအမူအရာသည် ချက်ချင်းပင် အလွန်တရာ လေးနက်သွားခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း သန်းချီက ကျီမျိုးနွယ်စုတွင် အတွင်းပိုင်း သဘောထားကွဲလွဲမှုများ ရှိခဲ့သည်။

အချို့က လူသားဧကရာဇ် နန်းတော်တွင် ကျန်ရစ်ခဲ့ကြပြီး အချို့ကမူ ကျီရွမ်ရီတို့ မျိုးရိုးမှ ဦးဆောင်ကာ အလယ်ပိုင်းဒေသကနေ အရှေ့ဘက်ဒေသသို့ ပြောင်းရွှေ့လာခဲ့ကြသည်။

ဤအရှေ့ဘက်ဒေသမှ ကျီမျိုးနွယ်စုဝင်များသည် ကျီမျိုးနွယ်စု၏ အလွန် အရေးပါသော မှော်ရတနာ တစ်ခုကို လက်ဝယ် ပိုင်ဆိုင်ထားကြသည်။

အလယ်ပိုင်း‌ဒေသမှ ကျီမျိုးနွယ်စုသည် ထိုမှော်ရတနာကို အမြဲတစေ ပြန်လည် ရယူလိုခဲ့သော်လည်း အရှေ့ဘက်ဒေသရှိ ကျီမျိုးနွယ်စု ဘိုးဘေးကို ကြောက်ရွံ့သဖြင့် အင်အားသုံးကာ တိုက်ခိုက်ရဲခြင်း မရှိခဲ့ပေ။

ပြီးခဲ့သည့် နှစ်များအတွင်း အရှေ့ဘက်ဒေသ၏ ကျီမျိုးနွယ်စုဘိုးဘေးသည် အသက်အရွယ် တဖြည်းဖြည်း ကြီးရင့်လာခဲ့ပြီး ကွယ်လွန်မည့်အချိန်နှင့် နီးကပ်လာခဲ့သည်။

ထို့ကြောင့် အလယ်ပိုင်းဒေသမှ ကျီမျိုးနွယ်စု၏ လှုပ်ရှားမှုများသည် ပိုမို၍ စိတ်လာခဲ့၏။

အရှေ့ဘက်ဒေသမှ ကျီမျိုးနွယ်စု ဘိုးဘေးသည် သူကွယ်လွန်ပြီးနောက်တွင် အလယ်ပိုင်းဒေသမှ ကျီမျိုးနွယ်စုက အင်အားသုံးလာမည်ကို စိုးရိမ်သဖြင့် မျိုးနွယ်စု အတွင်းရှိ မျိုးဆက်သစ်များကို ယှဥ်ပြိုင်စေပြီး ထိုမှော်ရတနာ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးရန် သဘောတူညီချက် တချို့ ရယူခဲ့သည်။

အကယ်၍ အရှေ့ဘက်ဒေသရှိ ကျီမျိုးနွယ်စုသာ အနိုင်ရရှိခဲ့လျှင် ထိုမှော်ရတနာကို အရှေ့ဘက်‌ဒေသတွင်သာ ဆက်လက်ထားရှိခွင့်ရမည် ဖြစ်သည်။

အကယ်၍ အရှေ့ဘက်ဒေသရှိ ကျီမျိုးနွယ်စုသာ ရှုံးနိမ့်သွားခဲ့လျှင်မူ အလယ်ပိုင်းဒေသမှ ကျီမျိုးနွယ်စုသည် ထိုမှော်ရတနာကို ပြန်လည် ယူဆောင်သွားပေလိမ့်မည်။

ယခုအခါတွင် အရှေ့ဘက်‌ဒေသရှိ ကျီမျိုးနွယ်စုသည် ကဏ္ဍပေါင်းစုံတွင် အလယ်ပိုင်းဒေသရှိ ကျီမျိုးနွယ်စုထက် နိမ့်ကျနေခဲ့သည်။

ထို့ကြောင့် မျိုးဆက်သစ် လူငယ်ချင်း ယှဥ်မည် ဆိုလျှင် အနိုင်ရနိုင်ခြေမှာ မရှိသလောက်ပင်။

ဤအကြောင်းကြောင့် မှော်ရတနာကို အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုတွင် ဆက်လက် ထားရှိနိုင်ရန်အတွက် ကျီရွမ်ရီသည် ကျန်းချန်ကို လာရောက် အကူအညီတောင်းရခြင်းပင် ဖြစ်၏။

“ခေါင်း‌ဆောင်ကျီ.. ကျွန်တော် ဟိုတစ်ခေါက်က ကျီလင်ဝေကို သက်‌စောင့်ဝိညာဥ်သစ်သီး တစ်လုံး ပေးလိုက်တယ် မဟုတ်လား.. အဲဒီ သက်စောင့်ဝိညာဥ်သစ်သီးက ခေါင်းဆောင်ကျီတို့ ဘိုးဘေး အတွက် အသုံးမဝင်ဘူးလား”

ကျန်းချန်က အနည်းငယ် နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

“သက်စောင့်ဝိညာဥ်သစ်သီးက အသက်အဆီအနှစ်တွေ ပါဝင်တဲ့ နတ်သစ်သီးပါ.. အဲဒါက ဘိုးဘေးရဲ့ သက်တမ်းကို အများကြီး တိုးစေခဲ့ပါတယ်.. ဒါပေမဲ့ လင်ဝေ ပြန်မရောက်ခင်မှာ အလယ်ပိုင်းဒေသရဲ့ ကျီမျိုးနွယ်စုက အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုဆီ တမန်တော်တချို့ စေလွှတ်ခဲ့တယ်.. ဘိုးဘေးက သက်စောင့်ဝိညာဥ်သစ်သီးကို ရရှိဖို့ မျှော်လင့်ချက် သိပ်မရှိဘူးလို့ ယူဆပြီး အလျှော့ပေးဖို့ ရွေးချယ်ခဲ့တာပဲ.. လင်ဝေ ပြန်ရောက်လာပြီးတဲ့နောက်မှာတော့ ဒီကိစ္စက အပြီးသတ်ဆုံးဖြတ်ချက် ချပြီးသား ဖြစ်နေတဲ့အတွက် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုအနေနဲ့ ပြန်ပြင်လို့ မရတော့ဘူး”

ကျီရွမ်ရီက မချိပြုံး ပြုံးကာ ပြောလိုက်သည်။

“ဒီလိုကိုး”

ကျန်းချန်က ယုံကြည်မှုအပြည့်ဖြင့် ပြုံး၍ ပြောလိုက်သည်။

“ခေါင်းဆောင်ကျီ စိတ်မပူပါနဲ့.. တကယ်လို့ လူငယ်မျိုးဆက်သစ်တွေနဲ့ အနိုင်၊ အရှုံးကို ဆုံးဖြတ်မယ်ဆိုရင် အဲဒီမှော်ရတနာကို အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုမှာ ဆက်လက်ရှိနေစေရမယ်လို့ ကျွန်တော် ကတိပေးပါတယ်”

ကျီရွမ်ရီသည် ကျန်းချန်၏ ကတိစကားကို ယုံကြည်မှုအပြည့်ရှိနေခဲ့သည်။

အလယ်ပိုင်းဒေသမှ ကျီမျိုးနွယ်စု၏ ပါရမီရှင်များသည် အလွန်တရာ ထူးချွန်ကြသော်လည်း ကျန်းချန်၏ ပါရမီသည် ၎င်းတို့ထက်ပင် ပိုမို၍ ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။

အထူးသဖြင့် ကျန်းချန်နှင့် လီဆွန်းနတ်ဘုရင်တို့၏ တိုက်ပွဲကို မြင်တွေ့ခဲ့ရပြီးနောက်တွင် ကျန်းချန်၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်သည် မည်မျှအထိ ကြောက်မက်ဖွယ်ရာကောင်းသည်ကို ကျီရွမ်ရီထက် ပိုသိသူ ရှိမည် မဟုတ်ပေ။

အလယ်ပိုင်းဒေသမှ ကျီမျိုးနွယ်စုကို အသာထား၊ အလယ်ပိုင်း‌ဒေသတစ်ခုလုံးကို ကြည့်လျှင်ပင် ကျန်းချန်နှင့် ယှဥ်နိုင်သည့် လူငယ်မျိုးဆက် အနည်းငယ်သာ ရှိပေလိမ့်မည်။

“ကျန်းချန်.. မင်းက လီဆွန်းနတ်ဘုရင်နဲ့ တိုက်ပွဲဝင်ထားရတော့ အင်အားအများကြီး သုံးထားရမှာပဲ.. ငါမင်းကို ကျီမျိုးနွယ်စုထဲမှာ အနားယူဖို့ စီစဥ်ပေးမယ်.. မနက်ဖြန်ကျရင် လင်ဝေကို မင်းဆီလွှတ်ပြီး နေရာတစ်ခု ခေါ်သွားခိုင်းမယ်.. အဲဒီနေရာမှာ မင်းက ကောင်းကင်အရှင်အဆင့်ကို အမြန်ဆုံးထိုးဖောက်နိုင်လိမ့်မယ်”

ထိုစကားကို ပြောပြီးသည်နှင့် ကျီရွမ်ရီသည် ကျန်းချန်ကို ခြံဝန်းတစ်ခုဆီသို့ အလျင်အမြန်ပင် ခေါ်ဆောင်သွားခဲ့သည်။

------------------------

အရှေ့ဘက်ဒေသ၏ အစွန်ဆုံးရှိ အနောက်ဘက်အရပ်တွင် ကျယ်ပြန့်စွာ စီးဆင်းနေသော မြစ်ကြီးတစ်စင်း ရှိသည်။

ထိုမြစ်ကြီးသည် ကမ္ဘာလောကကြီးကို နှစ်ဖက်ပိုင်းခြားထားသကဲ့သို့ နယ်နမိတ်မျဥ်းကြီး တစ်ခုနှယ် ရှိနေခဲ့၏။

ဆိုရလျှင် ဤမြစ်သည် နတ်ကုန်းမြေတိုက်၏ နာမည်ကျော် ရွှယ်ထျန်းမြစ်ပင်ဖြစ်သည်။

‌ရှေးခေတ်ကာလက မဟာကပ်ဘေးကြီး ဖြစ်ပွားပြီးနောက်တွင် နတ်ဘုရားနယ်မြေသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

နတ်ဘုရားနယ်မြေ၏ အလယ်ဗဟိုရှိ နတ်ကုန်းမြေတိုက်တွင် ကျင့်ကြံသူပေါင်း များစွာကို ကြောက်ရွံ့စေသည့် တားမြစ်နယ်မြေများစွာ ထွက်‌ပေါ်လာခဲ့သည်။

ဆိုရလျှင် နတ်ကုန်းမြေတိုက်ကို ဒေသငါးခု အဖြစ် ပိုင်းခြားထားခြင်းမှာ ဤတားမြစ်နယ်မြေများကြောင့် ဖြစ်သည်။

ရွှယ်ထျန်းမြစ်သည် အရှေ့ဘက်ဒေသနှင့် အလယ်ပိုင်းဒေသတို့ကို ကန့်သတ်ပိုင်းခြားထားသည့် တားမြစ်နယ်မြေတစ်ခုလည်း ဖြစ်၏။

ယေဘုယျအားဖြင့်ဆိုရလျှင် နတ်ဘုရင်အဆင့် ကျင့်ကြံသူ မဟုတ်သရွေ့ မည်သူကမျှ ရွှယ်ထျန်းမြစ်ကို ဖြတ်ရဲကြမည်မဟုတ်ပေ။

ရွှယ်ထျန်းမြစ်၏ ရေစီးသန်မှုသည် အံ့သြစရာကောင်းလောက်အောင် ပြင်းထန်လွန်းပြီး မြစ်အထက် ကောင်းကင်ယံ တစ်ခုလုံးတွင်လည်း နယ်မြေနတ်ဘုရားများကိုပင် အလွယ်တကူ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေနိုင်သည့် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင်မုန်တိုင်းများ ဖုံးလွှမ်းနေခဲ့သည်။

သို့သော်လည်း ယခုအချိန်တွင် ရွှယ်ထျန်းမြစ်၏ အထက်ကောင်းကင်ယံတွင် ဆယ်ပေကျော် ရှည်လျားသည့် အပြာနုရောင် ဓားတစ်စင်းသည် အနောက်ကောင်းကင်ယံကနေ ပျံသန်းလာခဲ့သည်။

ထိုအပြာနုရောင်ဓားရှည်ပေါ်တွင် ပုံရိပ်သုံးခု ရပ်နေကြ၏။

ဦးဆောင်လာသူမှာ အေးစက်စက် မျက်နှာထားရှိသော အပြာရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦး ဖြစ်သည်။

ထိုအဘိုးအို၏ ခန္ဓာကိုယ်ကနေ မှိန်ဖျော့ဖျော့ အစိမ်းရောင် အလင်းတန်းများ တဖျပ်ဖျပ် လင်းလက်နေခဲ့သည်။

အဘိုးအိုက ဓားဖျားတွင် ငြိမ်သက်စွာ ရပ်နေခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကနေ မဟာလမ်းစဥ်စွမ်းအားများကို ထုတ်လွှတ်နေခဲ့သည်။

အဘိုးအို၏နောက်တွင်မူ မောက်မာသော မျက်နှာပေးနှင့် ခန့်ညားသော လူငယ်နှစ်ဦး ရှိနေခဲ့သည်။

ထိုလူငယ်နှစ်ဦး၏ အရှိန်အဝါသည် အားနည်းခြင်းမရှိပေ။

စင်စစ် လူနှစ်ဦးလုံးသည် ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

သူတို့ သုံးယောက် အပြာနုရောင် ဓားရှည်ပေါ်တွင် ငြိမ်သက်စွာ ရပ်နေကြပြီး ရွှယ်ထျန်းမြစ်၏ အထက်ကောင်းကင်ယံကို လျင်မြန်စွာ ဖြတ်သန်းလာခဲ့ကြသည်။

သူတို့က ပတ်ဝန်းကျင်ရှိ အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင်မုန်တိုင်း၏ သက်ရောက်မှုကို လုံးဝ မခံရသကဲ့သို့ပင်။

သိပ်မကြာခင်မှာပင် အပြာနုရောင် ဓားသည် သူတို့ သုံးဦးကို သယ်ဆောင်လာခဲ့ပြီး မိုင်ပေါင်း သုံးထောင်ခရီး ရှိသော ရွှယ်ထျန်းမြစ်ကို ဖြတ်ကျော်ကာ တစ်ဖက်ကမ်း၏ အထက်သို့ ရောက်လာခဲ့သည်။

အခန်း(၂၁၂၅)ပြီး၏။

All Chapters