← Chapters

အခန်း (၂၁၂၆)

Vol. 153 Ch. 2126

အခန်း (၂၁၂၆)

Vol. 153 Ch. 2126

“ဒါအရှေ့ဘက်ဒေသလား.. ကျွန်တော်တို့ အလယ်ပိုင်းဒေသနဲ့ ယှဥ်ရင် အ‌တော်လေး ချာတာပဲ”

အပြာနုရောင်ဓားပေါ်မှ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ခန့်ညားသော လူငယ်တစ်ဦးသည် ပတ်ဝန်းကျင်မှ အခြေအနေကို အာရုံခံလိုက်ကာ မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

သူ၏ မျက်နှာထက်တွင် အထင်သေးသော အမူအရာများ ပြည့်နှက်နေခဲ့၏။

ထိုအဖြူရောင်ဝတ်စုံဝတ် လူငယ်၏ နံဘေးမှ ဆံပင်အနီရောင်ရှိပြီး အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော နောက်ထပ် ပါရမီရှင် တစ်ဦးသည်လည်း မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။

“အမှန်ပဲ...အရှေ့ဘက်ဒေသရဲ့ ကျီမျိုးနွယ်စုက ငှက်တောင်ဥမဥတဲ့ ဒီလိုနေရာမျိုးမှာ နေထိုင်ပြီး ငါတို့နဲ့ ယှဥ်ပြိုင်ဖို့ စိတ်ကူးယဥ်နေသေးတယ်.. သူတို့ ငါတို့ကို ဘယ်လိုမျိုး ယှဥ်ပြိုင်မလဲဆိုတာ ငါတကယ် နားမလည်တော့ဘူး”

“ပြိုင်ဘက်ကို အထင်မသေးနဲ့.. အရှေ့ဘက်ဒေသရဲ့ ကျီမျိုးနွယ်စု ထိန်းချုပ်ထားတဲ့ မှော်ရတနာက ငါတို့ ကျီမျိုးနွယ်စုအတွက် အရမ်းကို အရေးကြီးတယ်.. ဒီတစ်ခေါက် မင်းတို့ရဲ့ပေါ့ဆမှုကြောင့် အရှေ့ဘက်ဒေသရဲ့ ကျီမျိုးနွယ်စုကို ရှုံးနိမ့်သွားခဲ့ရင် ပြန်ရောက်တဲ့အခါကျရင် ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ မင်းတို့ ကောင်းကောင်းကြီး နားလည်ထားသင့်တယ်”

ထိုအချိန်တွင် အပြာရောင်ဝတ်စုံဝတ် အဘိုးအိုက ရုတ်တရက် ပြောလိုက်သည်။

“အကြီးအကဲ စိတ်မပူပါနဲ့.. ဒီတစ်ခေါက်ပြိုင်ပွဲမှာ အရှေ့ဘက်‌ဒေသ ကျီမျိုးနွယ်စု သေချာပေါက် ရှုံးနိမ့်စေရမယ်”

အဖြူရောင်ဝတ်စုံဝတ် လူငယ်က ယုံကြည်ချက် ပြည့်နှက်နေသော လေသံဖြင့် ပြောလိုက်သည်။

အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု ဆိုသည်မှာ သူတို့ အလယ်ပိုင်း ကျီမျိုးနွယ်စု၏ အစိတ်အပိုင်း အသေးလေး တစ်ခုသာ ဖြစ်သည်။

ဆိုရလျှင် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ အင်အားသည် အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုထက် တစ်ဆင့်မက နိမ့်ကျ၏။

ထို့အပြင် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ ကျင့်ကြံခြင်းအရင်းအမြစ်နှင့် ပတ်ဝန်းကျင်သည် အလယ်ပိုင်းဒေသနှင့် ယှဥ်လျှင် အလွန်အမင်း ကွာခြားသည်။

အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုတွင် ပါရမီထူးကဲသည့် တပည့်များ ပေါ်ထွက်လာခဲ့လျှင်ပင် အရင်းအမြစ်များနှင့် ပတ်ဝန်းကျင် ကန့်သတ်ချက်များကြောင့် ၎င်းတို့၏ ကြီးထွားနှုန်းသည် သူတို့ကို ဘယ်လိုနည်းနှင့်မျှ မီနိုင်မည် မဟုတ်ချေ။

ယခုအခါတွင် သူတို့ နှစ်ယောက်လုံး၏ ကျင့်ကြံခြင်း အဆင့်သည့် ကြယ်သုံးပွင့် ကောင်းကင်အရှင် အဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ထို့အပြင် ကျီမျိုးနွယ်စု၏ ထိပ်တန်း ပါရမီရှင်များ ဖြစ်သောကြောင့် သူတို့ နှစ်ယောက်တွင် ထူးခြားသော သွေးစွမ်းအား အမွေအနှစ်ရှိပြီး ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့် ထဲတွင်ပင် သူတို့၏ တိုက်ခိုက်‌ရေးစွမ်းရည်သည် အကောင်းဆုံးများထဲမှ တစ်ယောက် ဖြစ်သည်။

သာမန် နတ်ဘုရင် ပထမအဆင့်ပင် သူတို့၏ ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ပေ။

နတ်ဘုရင်ဒုတိယအဆင့်ကိုပင် သူတို့နှစ်ယောက်ပေါင်းပြီး ရင်ဆိုင်နိုင်စွမ်း ရှိသည်။

အရှေ့ဘက် ဒေသတစ်ခုလုံးကို ကြည့်လျှင်ပင် မျိုးဆက်တူထဲတွင် သူတို့ကို ယှဥ်နိုင်သည့် ပြိုင်ဘက်မှာ မရှိသလောက်ပင်။

ဤတစ်ကြိမ် အရှေ့ဘက်ဒေသမှ မျိုးဆက်သစ်များနှင့် ယှဥ်ပြိုင်ခြင်းသည် သူတို့အတွက်မူ ပန်းခြံထဲတွင် လမ်းလျှောက်သကဲ့သို့သာ ဖြစ်ပြီး မည်သည့်ဖိအားမျှ ရှိမနေခဲ့ပေ။

“ခြင်္သေ့က ယုန်ကို ဖမ်းရင်တောင် သူ့ရဲ့ အစွမ်းအစ အားလုံးကို ထုတ်သုံးလေ့ရှိတယ်.. မင်းတို့တွေ ပေါ့ပေါ့တန်တန် သဘောမထားဖို့ ငါမျှော်လင့်တယ်.. ဒီလိုမှပဲ မြောင်းထဲမှာ လှေမှောက်တာမျိုး မဖြစ်မှာ”

အပြာရောင်ဝတ်စုံဝတ် အဘိုးအိုက အေးစက်စက် ပြောလိုက်သည်။

“အရှေ့ဘက်ဒေသက ကဏ္ဍပေါင်းစုံမှာ အလယ်ပိုင်းဒေသကို မမီဘူး ဆိုပေမဲ့ ဆရာသခင်စန်းမင်လို ပုဂ္ဂိုလ်က ဒီနေရာကနေ ထွက်ပေါ်လာခဲ့တာကို မမေ့နဲ့ဦး”

အပြာရောင်ဝတ်စုံဝတ် အဘိုးအို၏ နှုတ်မှ ဆရာသခင်စန်းမင် ဟူသော စကားကိုကြားလျှင် မျိုးနွယ်စုမှ ပါရမီရှင်နှစ်ယောက်လုံး၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ဆရာသခင်စန်းမင်သည် လက်ရှိ နတ်ကုန်းမြေတိုက်၏ ဒဏ္ဍာရီတစ်ခု ဖြစ်သည်။

သူက အရှေ့ဘက်ဒေသကနေ ကောင်းကင်ဥပဒေသကို ဆန့်ကျင်ပြီး ထွန်းတောက်လာခဲ့သူ ဖြစ်ကာ ယခုဆိုလျှင် ဤကမ္ဘာပေါ်၌ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်နေခဲ့ချေပြီ။

ထို့အပြင် ဆရာသခင်စန်းမင်သည် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ ဘိုးဘေးနှင့် ပတ်သက်မှုတချို့ ရှိခဲ့သည်။

အလယ်ပိုင်းဒေသမှ ကျီမျိုးနွယ်စုက အရှေ့ဘက် ကျီမျိုးနွယ်စုကို မနှောင့်ယှက်ရဲသည့် အဓိက အကြောင်းအရင်းမှာ ဆရာသခင်စန်းမင်ကို ကြောက်ရွံ့၍ ဖြစ်သည်။

ဤနှစ်တွေအတွင်း အလယ်ပိုင်းဒေသရှိ ကျီမျိုးနွယ်စုသည် ကျီမျိုးနွယ်စု၏ မှော်ရတနာကို ပြန်ယူချင်နေသော်လည်း အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို အင်အားသုံးရန် မဝံ့ရဲခဲ့ပေ။

သူတို့က အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုဘိုးဘေး၏ အစွမ်းအစအပြင် ဆရာသခင်စန်းမင် ဟူသည့် အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးကို ရန်စမိမည်အား စိုးရိမ်နေခဲ့ကြသည်။

“အကြီးအကဲချင်ကျန့်.. ဆရာသခင်စန်းမင်လို ပုဂ္ဂိုလ်ကြီးမျိုးက နတ်ကုန်းမြေတိုက်ရဲ့သမိုင်းမှာ အနည်းငယ်လောက်ပဲ ရှိတာပါ.. အရှေ့ဘက်ဒေသလို ဆိုးဝါးတဲ့ နယ်မြေက ဘယ်လိုလုပ်ပြီး ဆရာသခင်စန်းမင်လို လူမျိုးကို ထပ်မံ မွေးထုတ်နိုင်မှာလဲ”

အဖြူရောင်ဝတ်စုံဝတ် လူငယ်က ခေါင်းခါရမ်းလိုက်ပြီး မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် မင်းတို့ရဲ့ပြိုင်ဘက်ကို အထင်မသေးမိစေနဲ့”

ရှေးခေတ်ကာလက မဟာကပ်ဘေးကြီး အပြီးတွင် နတ်ကုန်းမြေတိုက်သည် အဓိက ဒေသကြီးငါးခုအဖြစ် ကွဲသွားခဲ့ပြီး အရှေ့ဘက်ဒေသတွင် ဆရာသခင်စန်းမင် ကဲ့သို့ ပုဂ္ဂိုလ် တစ်ယောက်သာ ပေါ်ထွက်ခဲ့သည်။

ထို့ကြောင့် အရှေ့ဘက်ဒေသရှိ ကျီမျိုးနွယ်စုကနေ ထိုကဲ့သို့ အနှိုင်းမဲ့ ပါရမီရှင်မျိုး မွေးဖွားလာနိုင်လိမ့်မည်ဟု သူ အမှန်တကယ် မယုံကြည်ပေ။

“မဟုတ်ရင်တော့ မင်းတို့ရဲ့ မောက်မာမှုအတွက် တစ်ချိန်မဟုတ် တစ်ချိန် ပေးဆပ်ရလိမ့်မယ်”

အပြာရောင်ဝတ်စုံဝတ် အဘိုးအိုက ခေါင်းခါရမ်းကာ ပြောလိုက်သည်။

သူနှင့်အတူ ပါလာသည့် ကျီမျိုးနွယ်စုမှ ပါရမီရှင် နှစ်ယောက်က မည်မျှပင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေမှန်း သူ ကောင်းစွာသိသည်။

သူ့အနေဖြင့် ထပ်ပြောနေလည်း အပိုသာဖြစ်ရာ ဆက်လက်ပြောမနေတော့ဘဲ အပြာနုရောင်ဓားကို ထိန်းချုပ်လိုက်ပြီး အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲ၍ ပျံသန်းသွားခဲ့သည်။

ကျန်းချန်သည် ကျီရွမ်ရီ၏ စီစဥ်ပေးမှုဖြင့် ကျီမျိုးနွယ်စုတွင် တည်းခိုခဲ့သည်။

နောက်တစ်နေ့ နံနက်စောစောတွင် ကျန်းချန် အခန်းထဲမှ ထွက်လာသောအခါ ရင်းနှီးသော ပုံရိပ်တစ်ခုကို ဧည့်ခန်းထဲတွင် တွေ့လိုက်ရသည်။

ထိုပုံရိပ်က တခြားသူ မဟုတ်ပေ။

မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေတွင် ကျန်းချန်နှင့် တွေ့ဆုံခဲ့သည့် ကျီလင်ဝေ ဖြစ်သည်။

“အစ်ကိုကျန်းချန်.. အစ်ကို ကျီမျိုးနွယ်စုကို တကယ်ပဲ ရောက်လာတယ်လား”

ကျန်းချန် အိပ်ခန်းထဲမှ ထွက်လာသည်ကို မြင်လျှင် ဧည့်ခန်းတွင် ထိုင်နေသည့် ကျီလင်ဝေသည် ကျန်းချန်ကို တအံ့တဩနှုတ်ဆက်လိုက်သည်။

“အင်း ဒါနဲ့ လင်ဝေက ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကိုတောင် ရောက်နေပြီပဲ”

ကျန်းချန်က ကျီလင်ဝေကို အနည်းငယ် အကဲခတ်ကာ ပြုံး၍ ပြောလိုက်သည်။

မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေတွင် ရှိစဥ်က ကျီလင်ဝေသည် ကောင်းကင်နတ်ဘုရား တတိယအဆင့် ကျင့်ကြံသူသာ ဖြစ်သည်။

လွန်ခဲ့သည့် နှစ်နှစ်၊ သုံးနှစ် အတွင်း ကျီလင်ဝေသည် ကောင်းကင်နတ်ဘုရား တတိယအဆင့်ကနေ ဆဋ္ဌမအဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပုံကို ထောက်လျှင် သူမသည် ကျီမျိုးနွယ်စုတွင် အဆင်ပြေပြေ နေထိုင်ခဲ့ရသည်မှာ သေချာ၏။

ကျီလင်ဝေက ချိုသာစွာ ပြုံး၍ ‌ပြောလိုက်သည်။

“ဒါက အစ်ကိုကျန်းချန်ရဲ့ ကျေးဇူးတွေကြောင့်ပါ”

သူမ၏ ကိုယ်ခံပညာ ပါရမီသည် ကျီမျိုးနွယ်စု ထဲတွင် သာမန် အဆင့်လောက်သာ ဖြစ်သည်။

သို့သော်လည်း သူမသည် ကျန်းချန်၏ အကူအညီဖြင့် သက်စောင့်ဝိညာဥ် သစ်သီးကို ယူဆောင်လာနိုင်ခဲ့သည်။

ထို့ကြောင့် ကျီလင်ဝေသည် ကျီမျိုးနွယ်စုကနေ အရင်းအမြစ်များစွာကို ထောက်ပံ့ခံလိုက်ရပြီး ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကို အမြန်ဆုံး ရောက်ရှိလာခဲ့သည်။

“မင်းကို ပြန်ပို့ပေးတဲ့ လိပ်ကြီးကော သူကျီမျိုးနွယ်စုကနေ ထွက်သွားပြီလား”

ကျန်းချန်က ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေကနေ သူ ခေါ်လာသည့် လိပ်ကြီးကို ကျီလင်ဝေ၏ နံဘေးတွင် မတွေ့သောကြောင့် စူးစမ်းစွာ မေးလိုက်သည်။

ကျီလင်ဝေက ‌ခေါင်းခါရမ်း၍ ပြန်ဖြေလိုက်၏။

“စီနီယာလိပ်က ကျီမျိုးနွယ်စုကို ရောက်ပြီး သိပ်မကြာခင်မှာပဲ ခန္ဓာကိုယ်က သွေးစွမ်းအားတွေ နိုးထလာတဲ့ အတွက် အဆင့်တက်လာခဲ့တယ်.. အခု သူက ကျီမျိုးနွယ်စုမှာ အိပ်ပျော်နေတယ်”

ကျီလင်ဝေ၏ စကားကိုကြားလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။

ထိုလိပ်ကြီးသည် နတ်ရွှေလိပ် မျိုးနွယ်စုမှ အင်အားကြီးမားသော ကျင့်ကြံသူ တစ်ယောက် သေဆုံးသွားသည့်နေရာတွင် မွေးဖွားလာ၍ ကံအလွန်ကောင်းသည်ဟု ဆိုရမည်။

“အစ်ကိုကျန်းချန် မျိုးနွယ်စုခေါင်းဆောင်က အစ်ကိုကျန်းချန်ကို ထျန်းယွမ်ခန်းမဆီ ခေါ်သွားပေးဖို့ မှာထားတယ်...အခု ကျွန်မတို့ အဲဒီကို သွားကြမလား”

ကျီလင်ဝေက မျိုးနွယ်စုခေါင်း‌ဆောင် ကျီရွမ်ရီ မှာထားသည်ကို သတိရသွားပြီး ကျန်းချန်ကို မေးလိုက်သည်။

ကျန်းချန်က သိချင်စိတ်ဖြင့် မေးလိုက်၏။

“လင်ဝေ ထျန်းယွမ်ခန်းမက ဘယ်လိုနေရာမျိုးလဲ”

ကျီမျိုးနွယ်စုကို ရောက်မလာခင်က ကျီရွမ်ရီသည် ကျီမျိုးနွယ်စုတွင် ကျန်းချန်၏ အစွမ်းအစကို အလျင်အမြန် တိုးတက်စေမည့် နေရာတစ်ခု ရှိသည်ဟု ပြောခဲ့ဖူးသည်။

ထိုနေရာသည် ကျီလင်ဝေပြောသည့် ထျန်းယွမ်ခန်းမများ ဖြစ်နိုင်ပါ‌သလော။

“ထျန်းယွမ်ခန်းမ ဆိုတာက အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုရဲ့ ဘိုးဘေးတစ်ယောက် ဖြစ်တဲ့ ကျီထျန်းယွမ် နေထိုင်ခဲ့တဲ့နေရာပဲ.. ဘိုးဘေး ကျီထျန်းယွမ်က ရှေးခေတ်ကာလက မဟာကပ်ဘေးကြီး အပြီးမှာ ကျီမျိုးနွယ်စုကနေ နတ်ဘုရင် နဝမအဆင့်ကို ရောက်ရှိခဲ့တဲ့ တစ်ဦးတည်းသော ဓားသမားပဲ.. ထျန်းယွမ်ခန်းမထဲမှာ ဘိုးဘေး ကျီထျန်းယွမ်ရဲ့ တစ်ဘဝစာ အမွေအနှစ်တွေ ရှိတယ်လို့ ဆိုကြတယ်”

ကျီလင်ဝေက လေးနက်စွာ ရှင်းပြလိုက်သည်။

ကျီလင်ဝေ၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်နှာထက်တွင် စိတ်ဝင်စားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ဓားလမ်းစဥ်ကို အထူးပြုသည့် နတ်ဘုရင် နဝမအဆင့်၏ တစ်သက်တာ အမွေအနှစ်သည် ကျန်းချန် အတွက် သေချာပေါက် စိတ်ဝင်စားစရာ ဖြစ်သည်။

“ဒါပေမဲ့ ကျီမိသားစုမှာ ဓားပါရမီရှင်တွေ မပေါ်ထွက်တာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်တဲ့အတွက် ထျန်းယွမ်ခန်းမရဲ့ အမွေအနှစ်တွေက အခုအချိန်အထိ ဖုန်တက်နေဆဲပဲ”

အကယ်၍ သူသာ ထျန်းယွမ်ခန်းမကို ဖွင့်လှစ်နိုင်ပြီး အထဲမှ အမွေအနှစ်များကို ရရှိခဲ့လျှင် သူ၏ စွမ်းရည်ကို အဆင့်သစ်တစ်ခုဆီ သေချာပေါက် တိုးမြှင့်နိုင်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း ဤမျှနှစ်ပေါင်းများစွာ ကြာသည်အထိ ကျီမျိုးနွယ်စုတွင် ထျန်းယွမ်ခန်းမကို မည်သူမှ မဖွင့်နိုင်ပုံထောက်လျှင် နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူ၏ အမွေအနှစ်ကို ရရှိဖို့ဆိုသည်မှာ လွယ်ကူသော ကိစ္စတစ်ခု မဟုတ်လောက်ပေ။

ထို့နောက်တွင် သူက တုံ့ဆိုင်းမနေတော့ဘဲ ကျီလင်ဝေကို ပြောလိုက်၏။

မည်သို့ပင်ဖြစ်စေကာမူ ကျီရွမ်ရီက သူ့ကို ဤအခွင့်အရေးပေးလိုက်သည် ဖြစ်ရာ ကျန်းချန်သည် ထျန်းယွမ်ခန်းမသို့ သွား၍ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်ထားခဲ့သည်။

“လင်ဝေ.. ငါ့ကို ထျန်းယွမ်ခန်းမဆီ လမ်းပြပေးပါဦး”

အခန်(၂၁၂၆)ပြီး၏။

All Chapters