အခန်း (၂၁၂၈)
Vol. 153 Ch. 2128
“ထွက်သွားစမ်း”
ကျန်းချန်က မျက်နှာထား တင်းမာသွားခဲ့ပြီး ချက်ချင်းပင် လက်တစ်ဖက်ကို မြှောက်ကာ အသာအယာ ဝှေ့ယမ်းလိုက်ရာ ကျီကျိလင်၏ ပုံရိပ်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် နောက်တစ်ကြိမ် လွင့်စင်ထွက်သွားခဲ့သည်။
“ကျီမျိုးနွယ်စုရဲ့မျက်နှာကို ထောက်ထားလို့ မင်းကို ငါခွင့်လွှတ်ပေးလိုက်မယ်.. ဒီလိုမှမဟုတ်ဘဲ မင်းငါ့ကို ဆက်ပြီး နှောင့်ယှက်နေမယ် ဆိုရင် ငါ့ကို ရက်စက်တယ် ဆိုပြီး အပြစ်မတင်နဲ့တော့”
ထိုစကားကို ပြောဆိုပြီးနောက်တွင် ကျန်းချန်သည် ကျီကျိလင်ကို လျစ်လျူရှုလိုက်ကာ ထျန်းယွမ်ခန်းမ ဆီသို့ ခြေလှမ်းဆက်လှမ်းလိုက်သည်။
“ကျီကျိလင် စိတ်ကို နည်းနည်းလောက်ပြန်ပြီး စုစည်းထားစမ်းပါ.. ဒီလို အဓိပ္ပါယ်မရှိတဲ့ ကိစ္စတွေမှာ အချိန်မဖြုန်းစမ်းပါနဲ့.. တကယ်တော့ ထျန်းယွမ်ခန်းမထဲကို ဝင်ပြီး ဘိုးဘေးကျီထျန်းယွမ်ရဲ့ ဓားလမ်းစဥ် အမွေအနှစ်ကို ရရှိဖို့ မဖြစ်နိုင်မှန်း နင့်စိတ်ထဲမှာလည်း သိနေမှာပါ"
"တကယ်လို့ နင်က ဒီကိစ္စအပေါ်မှာပဲ မျှော်လင့်ချက်တွေ ပုံအောထားမယ်ဆိုရင် ဒီတစ်သက်လုံး နင် ဒီအဆင့်မှာတင် ရပ်တန့်သွားလိမ့်မယ်.. နတ်ဘုရင်အဆင့်ကို ဘယ်တော့မှ တက်လှမ်းနိုင်မှာမဟုတ်ဘူး”
ကျီလင်ဝေက ကျီကျိလင်ကို ကြည့်ကာ ခေါင်းခါရမ်း၍ ပြောလိုက်သည်။
ပါရမီအရဆိုလျှင် ကျီကျိလင်သည် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုထဲတွင် နံပါတ်တစ် ပါရမီရှင်ဟုပင် ဆိုနိုင်သည်။
သို့သော်လည်း ကျီကျိလင်သည် ထျန်းယွမ်ခန်းမ၏ အမွေအနှစ် အပေါ်တွင် အာရုံစိုက်လွန်းနေပြီး သူ၏ စိတ်ကို ငြိမ်းငြိမ်းချမ်းချမ်း မထားနိုင်ခဲ့ပေ။
အဆုံးသတ်တွင် အောင်မြင်မှုကို အလောတကြီး လိုချင်စောဖြင့် သူတော်စင် ကောင်းကင်နတ်ဘုရားအဆင့်ကို စိတ်ရှည်ရှည် မတက်လှမ်းဘဲ နယ်မြေနတ်ဘုရား အဆင့်သို့ ထိုးဖောက်ခဲ့သည်။
အကယ်၍ ကျီကျိလင်သာ ထျန်းယွမ်ခန်းမ၏ အမွေအနှစ်အပေါ်တွင် စွဲလမ်းနေဦးမည် ဆိုလျှင် ဤဘဝတွင် အဆင့်တက်ရန်မှာ အလွန်တရာ ခက်ခဲသွားလိမ့်မည် ဖြစ်သည်။
“ကျီလင်ဝေ.. မင်းငါ့ကို ဆရာလာမလုပ်စမ်းနဲ့.. ငါ့ကိစ္စမှာ မင်းဝင်ပါစရာ အကြောင်းမရှိဘူး”
ကျီကျိလင်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်ပြီး ချက်ချင်းဆိုသလိုပင် ကျန်းချန်ကို မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်လိုက်သည်။
ထျန်းယွမ်ခန်းမ၏ အမွေအနှစ်ကို ရရှိရန်မှာ မည်မျှပင် ခက်ခဲမှန်း ကျီကျိလင် ကောင်းစွာသိထားခဲ့သည်။
ထို့ကြောင့် သူ့ရှေ့မှ ကောင်လေးသည် ထျန်းယွမ်ခန်းမ၏ ဓားလမ်းစဥ် အမွေအနှစ်များကို အလွယ်တကူ ရရှိနိုင်မည်ဟု သူ မယုံကြည်ခဲ့ပေ။
---------------
ကျန်းချန်က ထျန်းယွမ်ခန်းမ၏ အရှိန်အဝါ သက်ရောက်သော ဧရိယာထဲသို့ ခြေချလိုက်သည့် တစ်ခဏဝယ် သူ၏ ရှေ့မှ မြင်ကွင်းများသည် ဝေဝါးသွားခဲ့ပြီး လူတစ်ကိုယ်လုံးသည် ဆန်းကြယ်သော ကမ္ဘာတစ်ခုထဲကို ရောက်ရှိသွားသလို ခံစားလိုက်ရသည်။
ထိုကမ္ဘာထဲရှိ လေထုထဲတွင် ဓားတစ်လက်ကို ကိုင်ဆောင်ထားသော အနက်ရောင်ပုံရိပ် တစ်ခုသည် ဝင့်ကြွားစွာ ရပ်နေခဲ့၏။
ထိုအနက်ရောင်ပုံရိပ်က နေရာမှာပင် ငြိမ်သက်စွာ ရပ်နေခဲ့သော်လည်း ကျန်းချန်သည် ၎င်းထံတွင် အရှိန်အဝါအနည်းငယ်ကိုမျှ မခံစားခဲ့ရပေ။
အနက်ရောင်ပုံရိပ်က ကောင်းကင်နှင့်မြေကြီးတို့နှင့် တစ်သားတည်းဖြစ်နေသကဲ့သို့ လုံးဝ တည်ရှိမနေသလို ခံစားခဲ့ရသည်။
ထိုကဲ့သို့ ခံစားချက်သည် ကျန်းချန်၏ စိတ်နှလုံးကို တုန်လှုပ်စေခဲ့၏။
“ငါက ကျီထျန်းယွမ်ပဲ.. ငါ့ရဲ့စမ်းသပ်မှုကို အောင်မြင်တဲ့သူတွေက ထျန်းယွမ်ခန်းမထဲကို ဝင်ရောက်နိုင်ပြီး ငါ့ရဲ့ ဓားလမ်းစဥ် အမွေအနှစ်ကို အမွေဆက်ခံနိုင်လိမ့်မယ်”
အနက်ရောင်ပုံရိပ်က ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီးနောက်တွင် လက်တစ်ဖက်ကို မြှောက်လိုက်ရာ ဓားအလင်းတစ်ခုသည် လေထုကို ထိုးဖောက်လာခဲ့ပြီး ကျန်းချန်ဆီသို့ သက်ရောက်လာခဲ့သည်။
ထိုဓားအလင်း၏ စွမ်းအားသည် အလွန်တရာပင် ထူးခြားလှ၏။
သာမန် နယ်မြေနတ်ဘုရားသာ ဆိုလျှင် ထိုဓားအလင်း၏ အောက်တွင် ချက်ချင်းဆိုသလို သေဆုံးသွားလိမ့်မည်ဖြစ်သည်။
သို့သော်လည်း ဤအဆင့်ရှိ စွမ်းအားသည် ကျန်းချန်ကို လုံးဝ အန္တရာယ်မပေးနိုင်ခဲ့ပေ။
သူက လက်ချောင်းမှ ဓားစွမ်းအားကို ထုတ်ဖော်လိုက်ရာ လျှပ်စီးကဲ့သို့ မြန်ဆန်လှသော သူ၏ ဓားစွမ်းအားသည် သူ့ထံသို့ သက်ရောက်လာသော ဓားအလင်းကို အလွယ်တကူပင် ချေမှုန်းပစ်လိုက်သည်။
ဓားအလင်းကို ဖြိုခွဲပြီးသည်နှင့် ပတ်ဝန်းကျင်ရှိ ကမ္ဘာလောကသည် ဘာမှမရှိတော့သည့်အလား ပျောက်ကွယ်သွားခဲ့ပြီး ကျန်းချန်သည် ထျန်းယွမ်ခန်းမကို သူ၏မြင်ကွင်းထဲတွင် ပြန်လည်မြင်တွေ့လိုက်ရသည်။
“ဒီထျန်းယွမ်ခန်းမရဲ့ စမ်းသပ်မှုက စိတ်ဝင်စားဖို့ကောင်းသားပဲ”
ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ထျန်းယွမ်ခန်းမ ဆီသို့ နောက်ထပ်တစ်ကြိမ် ထပ်မံ လျှောက်လှမ်းလိုက်သည်။
ရုတ်တရက် ကျန်းချန်၏ ကမ္ဘာလောကသည် ပြောင်းလဲသွားပြန်ပြီး ကျန်းချန်သည် ဆန်းကြယ်သော ကမ္ဘာတစ်ခုတွင် ထပ်မံပေါ်လာခဲ့သည်။
ထိုကမ္ဘာတွင်လည်း ကောင်းကင်ယံထက်တွင် ဓားတစ်စင်းကို ကိုင်စွဲကာ ရပ်နေသော အနက်ရောင်ပုံရိပ် ရှိနေခဲ့သည်။
ဤတစ်ကြိမ်တွင်မူ အနက်ရောင်ပုံရိပ်သည် ဘာစကားမျှ ပြောမနေတော့ဘဲ ကြောက်မက်ဖွယ် ဓားချက်တစ်ချက်ကို ထုတ်ဖော်ကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
ကျန်းချန်က ယခင်အတိုင်းပင် လက်ချောင်းမှ ဓားစွမ်းအင်ဖြင့် ပစ်ခတ်ကာ ချေမှုန်းပစ်လိုက်ပြီး ထျန်းယွမ်ခန်းမဆီသို့ ဆက်လက် လျှောက်လှမ်းလာခဲ့သည်။
ထျန်းယွမ်ခန်းမ၏ ပေတစ်ရာ ပတ်လည်ရှိ နယ်နမိတ်သည် ကျီထျန်းယွမ် ချန်ထားရစ်ခဲ့သော စမ်းသပ်မှု ဖြစ်သည်မှာ သိသာလှသည်။
အစမ်းသပ်ခံမည့်သူသည် ခြေလှမ်းတိုင်းတွင် ကျီထျန်းယွမ် ချန်ထားရစ်ခဲ့သော ဓားချက်ကို ကြံကြံခံ ရင်ဆိုင်ရမည်ဖြစ်သည်။
ထိုမျှသာ မကသေးဘဲ ထျန်းယွမ်ခန်းမနှင့် ပို၍ နီးကပ်လာလေလေ ကျီထျန်းယွမ်၏ ဓားကွက်က ပို၍ နက်ရှိုင်းကာ အစွမ်းထက်လာလေလေ ဖြစ်သည်။
ထျန်းယွမ်ခန်းမ၏ အခြေအနေကို အကြမ်းဖျင်း နားလည်းပြီးနောက်တွင် ကျန်းချန်သည် ထျန်းယွမ်ခန်းမ၏ တံခါးပေါက်ဆီသို့ ရောက်ရှိရန် သူ၏ စွမ်းအင် အားလုံးကို အသုံးချကာ စတင် လျှောက်လှမ်းလာခဲ့သည်။
သူက ခြေလှမ်းများကို ဆက်တိုက်ဆိုသလို လှမ်းနိုင်ခဲ့ပြီး မည်သည့် အတားအဆီးမှ မရှိသကဲ့သို့ အေးအေးလူလူပင် လျှောက်လှမ်းနေခဲ့သည်။
ခြေလှမ်းသုံးဆယ်ခန့်တွင် ကျန်းချန် လှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် ရင်ဆိုင်ရသော တိုက်ခိုက်မှုများသည် အဆင့်သင့်တစ်ခုသို့ မြင့်တက်သွားခဲ့ပြီး ကျန်းချန်၏ အရှိန်အဟုန်သည်လည်း အတော်အတန် နှေးကွေးသွားခဲ့သည်။
သို့ရာတွင် ထျန်းယွမ်ခန်းမ၏ စမ်းသပ်မှုက ပိုမိုပြင်းထန်လာသော်လည်း နတ်ဘုရင်တတိယအဆင့်ဖြင့်ပင် ရင်ဆိုင်နိုင်သော ကျန်းချန် အတွက်မူ ကိုင်တွယ်ရန် မခက်ခဲခဲ့ပေ။
သိပ်မကြာခင်မှာပင် ထျန်းယွမ်ခန်းမ၏ဝင်ပေါက်ကနေ ပေတစ်ရာ အကွာအဝေး၏ ထက်ဝက်ကျော်ကို ကျန်းချန်သည် တစ်ခဏအတွင်း ဖြတ်ကျော်သွားခဲ့သည်။
“ဒီကောင်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနေရတာလဲ”
ထျန်းယွမ်ခန်းမနှင့် တဖြည်းဖြည်း နီးကပ်လာသော ကျန်းချန်ကို ကြည့်ရင်း ကျီကျိလင်၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ထျန်းယွမ်ခန်းမ၏ စမ်းသပ်မှုသည် အဓိကအားဖြင့် ပါရမီနှင့် အလားအလာကို ရည်ရွယ်ခြင်း ဖြစ်ပြီး ခွန်အားအပေါ်တွင် အမှီပြုထားခြင်းမျိုး မဟုတ်ပေ။
ကောင်းကင်နတ်ဘုရား အဆင့်ကနေ လက်ရှိ ကြယ်နှစ်ပွင့် အရှင်အဆင့်ကို ရောက်သည်အထိ ကျီကျိလင်သည် သူ၏ ကျင့်ကြံခြင်း အဆင့် မြင့်တက်လာတိုင်းတွင် ဤနေရာ၌ လာရောက်စမ်းသပ်လေ့ ရှိသည်။
ရလဒ်အနေဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသည်နှင့်အမျှ စမ်းသပ်မှု၏ အခက်အခဲသည်လည်း လိုက်ပါမြင့်တက်လာသည်ကို သူသတိပြုမိခဲ့သည်။
လက်ရှိအချိန်တွင် ကျီကျိလင်သည် ကောင်းကင်နတ်ဘုရားနယ်ပယ်အဆင့်တွင် ရှိစဥ်ကထက် ခြေလှမ်း ဆယ်လှမ်းခန့် ပိုမို လျှောက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
ယင်းမှာ ထျန်းယွမ်ခန်းမနှင့် အကွာအဝေး၏ သုံးပုံတစ်ပုံခန့်တွင်သာ ရှိနေသေးသည်။
သို့သော်လည်း သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကမူ သူ့ထက်သာလွန်သော ခြေလှမ်းများကို မည်သည့်အားစိုက်မှုမှမရှိဘဲ ဖြတ်ကျော်သွားခဲ့သည်။
“ဒီကောင်က သာမန် မြေကြီးအရှင်အဆင့် ကျင့်ကြံသူမဟုတ်ဘဲ ကြယ်သုံးပွင့် မြေကြီးအရှင်အဆင့် ဖြစ်မယ်ထင်တယ်.. ကြယ်နှစ်ပွင့်နဲ့ကြယ်သုံးပွင့်ကြားက ကွာဟချက်က ဒီလောက်အထိတောင် ကြီးမားနေတယ်လား”
ဤအချိန်တွင် ကျီကျိလင်သည် ပထမဆုံးအကြိမ်အဖြစ် နောင်တရမိသွားသည်။
ထိုမျှအထိ ကွာခြားသည်ကို ကြိုသိခဲ့လျှင် သူက နယ်မြေနတ်ဘုရားအဆင့်ကို အလောတကြီး တက်လှမ်းမိမည် မဟုတ်ချေ။
သူတော်စင် ကောင်းကင်နတ်ဘုရားအဆင့်ကို တက်လှမ်းပြီးမှ နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့လျှင် သူ့အနေဖြင့် ထျန်းယွမ်ခန်းမ၏ အမွေအနှစ်ကို ရရှိပြီးလောက်ပြီ ဖြစ်သည်။
“အစ်ကိုကျန်းချန် အောင်မြင်တော့မယ်ထင်တယ်”
သူမရှေ့မှ အခြေအနေကို ကြည့်ကာ ကျီလင်ဝေသည် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
သူမသည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေတွင် ကျန်းချန်နှင့် အချိန်အတော်ကြာ အတူရှိနေခဲ့၍ ကျန်းချန်၏ အံ့ဖွယ်စွမ်းရည်များကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။
ထို့ကြောင့် ကျန်းချန်၏ ပါရမီက မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသည်ကို သူမ ကောင်းစွာ သိရှိထားခဲ့သည်။
ထျန်းယွမ်ခန်းမ၏ စမ်းသပ်မှုသည် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းသော်လည်း ကျန်းချန်ကို တားဆီးရန် အတွက်မူ မဖြစ်နိုင်ပေ။
သူမ၏အမြင်အရ ကျန်းချန်ပင်လျှင် ထျန်းယွမ်ခန်းမကို ဝင်ရောက်ပြီး ဘိုးဘေး ကျီထျန်းယွမ်၏ အမွေအနှစ်ကို ရယူရန် အရည်အချင်းမရှိလျှင် ဤကမ္ဘာပေါ်တွင် မည်သူကမှ ဘိုးဘေး၏ အမွေအနှစ်ကို ရယူရန် အရည်အချင်း ရှိတော့မည် မဟုတ်ပေ။
ဤသို့ဖြင့်ပင် ကျန်းချန်သည် ထျန်းယွမ်ခန်းမ ဆီသို့ ဖြည်းဖြည်းချင်း ဆက်လက် လျှောက်လှမ်းသွားခဲ့သည်။
သိပ်မကြာခင်မှာပင် ကျန်းချန်သည် ထျန်းယွမ်ခန်းမနှင့် ခြေဆယ်လှမ်း အကွာသို့ ရောက်ရှိလာခဲ့သည်။
ကျန်းချန်က ခြေလှမ်းကို ထုံးစံအတိုင်း လှမ်းလိုက်ရာ သူ၏ တစ်ကိုယ်လုံးသည် ကြယ်တာရာ ကောင်းကင်ယံ တစ်ခုထဲသို့ ရောက်ရှိသွားခဲ့သည်။
ထိုကြယ်တာရာ ကောင်းကင်ယံ၏ အထက်တွင် အနက်ရောင်ပုံရိပ် တစ်ခုသည် ကျန်းချန်ကို အေးစက်စက်ကြည့်နေခဲ့သည်။
ထို့နောက်တွင် သူက လက်တစ်ဖက်ကို မြှောက်၍ ဓားအလင်းကို ထုတ်ဖော်ကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
ထိုဓားအလင်းသည် ရိုးရှင်းပုံရပြီး အရှိန်အဝါ အနည်းငယ်မျှ မရှိသော်လည်း ၎င်းထံတွင် ရှင်းပြ၍ မရနိုင်သော ဓားလမ်းစဥ်စွမ်းအားများ ပါဝင်နေခဲ့သည်။
ဤဓားအလင်းသည် နတ်ဘုရင်တစ်ပါး၏ တိုက်ခိုက်မှုနှင့်ညီမျှပြီး သာမန် ကြယ်သုံးပွင့် ကောင်းကင်အရှင် တစ်ပါးကိုပင် ခြိမ်းခြောက်နိုင်ရန် လုံလောက်၏။
“နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူ ချန်ထားရစ်ခဲ့တဲ့ စမ်းသပ်မှုနဲ့ ထိုက်တန်ပါပေတယ်.. တကယ်ကို အဆင့်အတန်းမြင့်လွန်းတာပဲ”
ကျန်းချန်က စိတ်ထဲတွင် သက်ပြင်းချကာ ရေရွတ်လိုက်သည်။
စမ်းသပ်မှု၏ နောက်ဆုံး ခြေလှမ်း ဆယ်လှမ်းမြောက်တွင်ပင် ဤမျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းနေပြီ ဖြစ်ရာ ကျန်ရှိသော ခြေလှမ်းကိုးလှမ်းမှာ တစ်လှမ်းထက် တစ်လှမ်း ပို၍ ခက်ခဲလာလိမ့်မည်မှာ သေချာသလောက်ပင်။
ထျန်းယွမ်ခန်းမသည် ကျီမျိုးနွယ်စုတွင် နှစ်သန်းပေါင်းများစွာ ကြာမြင့်သည်အထိ တည်ရှိနေခဲ့သည်မှာ မထူးဆန်းတော့ပေ။
ဆိုရလျှင် ထျန်းယွမ်ခန်းမ၏ စမ်းသပ်မှုကို ကြယ်သုံးပွင့် ကောင်းကင်အရှင် အဆင့်ကို ရောက်ရှိနေသည့် ပါရမီရှင် တစ်ယောက် ဖြစ်နေလျှင်ပင် ဖြတ်ကျော်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။
အခန်း(၂၁၂၈)ပြီး၏။