← Chapters

အခန်း (၂၁၂၉)

Vol. 153 Ch. 2129

အခန်း (၂၁၂၉)

Vol. 153 Ch. 2129

ကျန်းချန်သည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ရှေးဟောင်း ရွှေရောင်ဓားကို ဆွဲထုတ်ကာ သူ၏ခန္ဓာကိုယ်အတွင်းမှ မြေကြီးအရှင်အဆင့် စွမ်းအားများကို အစွမ်းကုန်လှုံ့ဆော်လိုက်ပြီး ဓားချက် တစ်ချက်တည်းဖြင့် ခုတ်ပိုင်းလိုက်သည်။

နောက်ထပ် ခြေလှမ်းအနည်းငယ် အတွင်း ကျန်းချန်သည် တတ်နိုင်သမျှ နည်းလမ်း အားလုံးကို အသုံးပြုခဲ့၏။

နောက်ဆုံးခြေလှမ်းသို့ ရောက်သောအခါတွင် ကျန်းချန်သည် နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားကို ထုတ်ဖော်လိုက်သည်။

အဆုံးသတ်တွင်မူ ကျန်းချန်သည် ထျန်းယွမ်ခန်းမ၏ တံခါးဝသို့ ရောက်ရှိသွားခဲ့၏။

ထိုအချိန်မှာပင် ပိတ်ထားသော ထျန်းယွမ်ခန်းမ၏ ရှေးဟောင်း ကျောက်တံခါးသည် ကျယ်လောင်သော အသံနှင့်အတူ ပွင့်သွားခဲ့သည်။

ကျန်းချန်က တုံ့ဆိုင်းမနေဘဲ ထျန်းယွမ်ခန်းမ၏ အတွင်းသို့ ခပ်သွက်သွက်ပဲ ဝင်ရောက်သွားခဲ့သည်။

“သူ တကယ်ပဲ ထျန်းယွမ်ခန်းမရဲ့ အမွေအနှစ်ကို ရသွားခဲ့ပြီ”

သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ကျီကျိလင်၏ မျက်နှာထက်တွင် စိတ်ပျက်အားငယ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူက ထျန်းယွမ်ခန်းမကို မကြာခဏ လာရောက်ကာ စမ်းသပ်လေ့ရှိပြီး ဘိုးဘေးကျီထျန်းယွမ်၏ ဓားလမ်းစဥ် အမွေအနှစ်ကို ဆက်ခံရန် အမြဲတစေ ဆန္ဒရှိခဲ့သည်။

သို့သော်လည်း သူ အရမ်းလိုချင်တောင့်တခဲ့သည့် အမွေအနှစ်ကို ကျန်းချန်က ယူဆောင်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“ကျီကျိလင် နင်နဲ့ ထိုက်တန်တဲ့အရာက နင့်ဆီ ရောက်လာမှာပဲ.. မထိုက်တန်တဲ့အရာကို အတင်းအကျပ် မယူချင်ပါနဲ့”

စိတ်ပျက်လက်ပျက်ဖြစ်နေသော ကျီကျိလင်ကို ကြည့်ကာ ကျီလင်ဝေက အေးစက်စက် ပြောလိုက်သည်။

“ငါနင့်ကို အကြံပေးပါရစေ.. ကောက်ကျစ်တဲ့ အတွေးတွေ မတွေးတာ အကောင်းဆုံးပဲ.. မဟုတ်ရင်တော့ အဲဒီအတွက် နင်ပေးဆပ်ရလိမ့်မယ်”

ကျီကျိလင်က ကျီလင်ဝေကို လျစ်လျူရှုလိုက်ပြီး မည်သည့်စကားတစ်ခွန်းမျှ မပြောတော့ဘဲ ထွက်ခွာသွားခဲ့သည်။

ကျီလင်ဝေက ခေါင်းခါရမ်းလိုက်ပြီး ချက်ချင်းဆိုသလိုပင် သူမရှေ့ရှိ ထျန်းယွမ်ခန်းမကို ကြည့်လိုက်သည်။

သူမ၏ လှပသော မျက်လုံးလေးတွင် မျှော်လင့်ချက်အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။

ထျန်းယွမ်ခန်းမ၏ အမွေအနှစ်သည် ကျီမျိုးနွယ်စု၏ အစွမ်းအထက်ဆုံး အမွေအနှစ်များထဲမှ တစ်ခုဖြစ်သည်။

ကျန်းချန်၏ ခွန်အားသည် နဂိုကတည်းကပင် ကောင်းကင်ကို ဆန့်ကျင်နိုင်လောက်သည်အထိ အစွမ်းထက်နေပြီ ဖြစ်ရာ အကယ်၍သာ ထျန်းယွမ်ခန်းမမှ အမွေအနှစ်များကို ရရှိခဲ့လျှင် အလွန်တရာ ထိတ်လန့်စရာ‌ကောင်းသော အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည် မဟုတ်ပါလော။

“လင်ဝေ.. သခင်လေးကျန်းချန် ဘယ်မှာလဲ”

ထိုအချိန်တွင် အဘိုးအိုတစ်ဦးသည် ကောင်းကင်ယံကနေ ကျီလင်ဝေ၏ ရှေ့သို့ တိုက်ရိုက်ပင် ဆင်းသက်လာခဲ့သည်။

“အစ်ကိုကျန်းချန်က စမ်းသပ်မှုကို အောင်မြင်ပြီး ထျန်းယွမ်ခန်းမထဲကို ဝင်သွားခဲ့ပြီ”

ကျီလင်ဝေက ထျန်းယွမ်ခန်းမကို လက်ညှိုးညွှန်ပြကာ ‌လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“အကြီးအကဲချုပ် အလယ်ပိုင်းဒေသက ကျီမျိုးနွယ်စု ရောက်လာလို့လား”

ကျီမျိုးနွယ်စုက ကျန်းချန်ကို ဖိတ်ခေါ်ခဲ့ခြင်းသည် အဓိကအားဖြင့် အလယ်ပိုင်းဒေသမှ ကျီမျိုးနွယ်စုနှင့် ယှဥ်ပြိုင်ရန်ဖြစ်ကြောင်း သူမကောင်းစွာ သိထားခဲ့သည်။

ယခု အကြီးအကဲချုပ်က ကျန်းချန်ကို အလောတကြီး ရှာဖွေနေသည်ဖြစ်ရာ အလယ်ပိုင်းဒေသရှိ ကျီမျိုးနွယ်စုမှ ကိုယ်စားလှယ်များ ရောက်ရှိလာခြင်း ဖြစ်ရန် အလားအလာအလွန်များသည် မဟုတ်ပါလော။

“ဟုတ်တယ်.. အလယ်ပိုင်းဒေသက ကျီမျိုးနွယ်စု ကိုယ်စားလှယ်တွေ ရောက်နေကြပြီ”

အကြီးအကဲချုပ်က မချိပြုံးပြုံးကာ ပြောလိုက်သည်။

ကျန်းချန်သည် ထျန်းယွမ်ခန်းမ၏ စမ်းသပ်မှုကို ဤမျှအထိ မြန်မြန်ဆန်ဆန် အောင်မြင်ပြီး ထျန်းယွမ်ခန်းမထဲကို ဝင်ရောက်သွားနိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။

ဆိုရလျှင် အလယ်ပိုင်းဒေသမှ ကျီမျိုးနွယ်စု ကိုယ်စားလှယ်များနှင့် ကျန်းချန်သည် အချိန်ကိုက်ပင် လွဲချော်သွားခဲ့သည်။

ယခု ကျန်းချန်က ထျန်းယွမ်ခန်းမထဲတွင် အမွေအနှစ်ကို ဆက်ခံနေပြီဖြစ်ရာ မည်သည့်အချိန်တွင် ပြန်ထွက်လာနိုင်မည်ကို မည်သူမျှ မသိနိုင်ပေ။

ကျန်းချန်၏ အကူအညီ မပါလျှင် ဤတစ်ကြိမ်တွင် သူတို့သည် သေချာပေါက် ရှုံးနိမ့်သွားပေလိမ့်မည်။

“အကြီးအကဲချုပ်.. အလယ်ပိုင်းဒေသရဲ့ ကျီမျိုးနွယ်စု ပါရမီရှင်တွေအားလုံးက မောက်မာတဲ့သူတွေချည်းပဲ.. အကြီးအကဲချုပ် အမှန်အတိုင်းသာ ပြောပြလိုက်ပါ.. သူတို့တွေ အစ်ကိုကျန်းချန် ထျန်းယွမ်ခန်းမထဲကနေ ထွက်လာတာကို သေချာပေါက် စောင့်ကြပါလိမ့်မယ်”

ကျီလင်ဝေက ခပ်ယဲ့ယဲ့ပြုံးကာ အကြံပေးလိုက်သည်။

“တကယ်လို့ သူတို့ မစောင့်ချင်ဘူးဆိုရင်လည်း ထျန်းယွမ်ခန်းမဆီ ခေါ်လာပြီး ထျန်းယွမ်ခန်းမထဲမှာ အစ်ကိုကျန်းချန်ကို သွားရှာခိုင်းလိုက်ပေါ့”

-------------------

ထျန်းယွမ်ခန်းမထဲတွင် ကျန်းချန်သည် ငြိမ်သက်စွာ ရပ်နေခဲ့သည်။

သူ၏ ရှေ့ မလှမ်းမကမ်းတွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသော အနက်ရောင်ဝိညာဥ် ပုံရိပ်တစ်ခု ရှိနေခဲ့သည်။

ထိုအနက်ရောင်ဝိညာဥ်ပုံရိပ်သည် သူ စမ်းသပ်မှုတွင် ရင်ဆိုင်ခဲ့သောပြိုင်ဘက်နှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။

ထိုအနက်ရောင်ဝိညာဥ်ပုံရိပ်သည် ထျန်းယွမ်ခန်းမတွင် ကျီထျန်းယွမ် ချန်ထားရစ်ခဲ့သော ကျီထျန်းယွမ်၏ ဝိညာဥ် ဖြစ်သည်မှာ ထင်ရှား၏။

“နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတော့ ကျီမျိုးနွယ်စုမှာ ငါချန်ထားရစ်ခဲ့တဲ့ စမ်းသပ်မှုကို အောင်မြင်ပြီး ထျန်းယွမ်ခန်းမဆီကို ရောက်လာနိုင်တဲ့ ဓားလမ်းစဥ်ပါရမီရှင် တစ်ယောက် နောက်ဆုံးတော့ ပေါ်ထွက်လာခဲ့ပြီပေါ့”

ကျီထျန်းယွမ်၏ အသံက ခန်းမထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

“ကျန်းချန်က စီနီယာကို ဂါဝရပြုပါတယ်”

ကျန်းချန်က ကျီထျန်းယွမ်ကို ကြည့်ကာ တရိုတသေဦးညွှတ်၍ ပြောလိုက်သည်။

“မင်းရဲ့မျိုးရိုးက ကျန်းလား”

ထိုမေးခွန်းကို မေးလိုက်ပြီးနောက်တွင် ကျီထျန်းယွမ်သည် ကျန်းချန်ကို အကဲခတ်ကြည့်လိုက်သည်။

ထိုအခါ သူ၏ မျက်လုံးထဲတွင် အံ့အားသင့်သောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

“မင်းဆီမှာ ကျန်းနဲ့ ကျီ မျိုးနွယ်စုရဲ့သွေးမျိုးရိုးတွေ တစ်ပြိုင်နက် ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”

“ကျွန်တော့်ဆီမှာ ကျန်းမိသားစုနဲ့ကျီမိသားစုရဲ့ သွေးမျိုးရိုးရှိနေတာအမှန်ပါပဲ.. ဒါပေမဲ့ ဘာတွေဖြစ်နေတာလဲ ဆိုတာ ကျွန်တော်လည်း အခုထိ ရှင်းရှင်းလင်းလင်း မသိသေးဘူး”

ကျန်းချန်က ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

“ကျန်းမျိုးနွယ်စု နဲ့ ကျီမျိုးနွယ်စုရဲ့သွေးမျိုးရိုးတွေ မင်းဆီမှာ စုစည်းနေတာက မကောင်းတဲ့အရာတော့ မဟုတ်ပါဘူး.. အဲဒါကြောင့် ဘာမှ စိုးရိမ်သောကရောက်မနေပါနဲ့”

ကျီထျန်းယွမ်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ငါ ထျန်းယွမ်ခန်းမမှာ ချန်ထားရစ်ခဲ့တဲ့ ဒီပုံရိပ်က တစ်ခါပေါ်လာရင် အချိန်အကြာကြီးခံမှာ မဟုတ်ဘူး.. ဒါကြောင့် အတိုချုံ့ပြီးပဲ ပြောကြရအောင်.. ဒီထျန်းယွမ်ခန်းမထဲမှာ ငါ့ရဲ့ကျင့်စဥ်တွေနဲ့ နတ်ဘုရင်အဆင့်ရဲ့ မဟာနည်းစနစ်တွေ အပြင် အဓိကအရာ နှစ်ခုရှိသေးတယ်.. တစ်ခုက မဟာဓားကန်ပဲ.. အဲဒီမဟာဓားကန်ထဲမှာ ငါ ချန်ထားရစ်ခဲ့တဲ့ သန့်စင်တဲ့စွမ်းရည်တွေ ရှိတယ်.. မင်းသာ အဲဒီစွမ်းရည်တွေကို စုပ်ယူပြီး သန့်စင်နိုင်မယ်ဆိုရင် ကောင်းကင်အရှင် အထွတ်အထိပ်အဆင့်ကို အမြန်ဆုံး ရောက်နိုင်လိမ့်မယ် မဟာဓားကန်အပြင် အမွေအနှစ် ခရစ္စတယ်တစ်ခုလည်း ရှိတယ်.. အဲဒီထဲမှာ နတ်ဘုရင်လမ်းစဥ်နဲ့ ပတ်သက်တဲ့ ငါ့ရဲ့နားလည်သဘောပေါက်မှုတွေ ပါဝင်တယ်.. အဲဒါက မင်းကို နတ်ဘုရင်အဆင့်ဆီ အောင်အောင်မြင်မြင် ရောက်ရှိစေဖို့ လုံလောက်တယ်”

ကျီထျန်းယွမ်၏ စကားကို ကြားလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။

နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူ ချန်ထားရစ်ခဲ့သည့် အမွေအနှစ်သည် အမှန်တကယ်ပင် ထူးကဲလှ၏။

ထိုအမွေအနှစ်သည် နတ်ဘုရင်အဆင့်ကိုပင် အမြန်ဆုံးပို့ဆောင်ပေးနိုင်သည့် စွမ်းရည် ရှိနေခဲ့သည်။

“ကောင်လေး ကြိုးစားပါ...ဒီနတ်ကုန်းမြေတိုက်ရဲ့ လောကကြီးမှာ မငြိမ်မသက်မှုတွေ ကျရောက်လာတော့မယ်.. မင်းအတွက် အချိန်အများကြီး မကျန်တော့ဘူး.. နောင်တစ်ချိန် မင်းနဲ့ငါ ပြန်လည် ဆုံတွေ့ခွင့်ရဖို့ ငါမျှော်လင့်ပါတယ်”

ထိုစကားကို ပြောပြီးနောက်တွင် ကျီထျန်းယွမ်၏ ပုံရိပ်သည် တဖြည်းဖြည်း ဝေဝါးသွားခဲ့ပြီး ကျန်းချန်၏ ရှေ့မှောက်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ကျီထျန်းယွမ်၏ စကားကို နားထောင်ပြီးနောက်တွင် ကျန်းချန်သည် အံ့အားသင့်နေခဲ့သည်။

ကျီထျန်းယွမ်၏ လေသံအရ နောင်တစ်ချိန်တွင် သူတို့နှစ်ဦးသည် ပြန်လည် တွေ့ဆုံရန် အခွင့်အရေး ရှိနေသည်ဟု ဆိုလိုနေခဲ့သည်။

သို့ဆိုလျှင် ကျီထျန်းယွမ်သည် ဤကမ္ဘာလောကကြီးတွင် အသက်ရှင်လျက် ရှိနေသေးသည့် အဓိပ္ပါယ်ပင် မဟုတ်ပါလော။

သေချာစဥ်းစားကြည့်လျှင် ကျီထျန်းယွမ်၏ ခေတ်ကာလကနေ ရေတွက်လျှင် နှစ်ပေါင်းသန်းချီ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ ကျီထျန်းယွမ်၏ နတ်ဘုရင်နဝမအဆင့် ကျင့်ကြံမှုဖြင့်ပင် ယခုအချိန်အထိ အသက်ရှင်ရန် မဖြစ်နိုင်ပေ။

သို့မဟုတ်လျှင် ကျီထျန်းယွမ်သည် နတ်ဘုရင် နဝမအဆင့်ကို ကျော်လွန်ကာ ပိုမို မြင့်မားသောအဆင့် ဖြင့်သည့် အုပ်စိုးသူအဆင့်ကို ရောက်ရှိသွားခဲ့ပါသလော။

အကယ်၍ ကျီထျန်းယွမ်သာ အုပ်စိုးသူအဆင့်ကို အမှန်တကယ် ထိုးဖောက်ပြီး ဓားလမ်းစဥ်၏ အထွတ်အထိပ် ဆရာသခင် ဖြစ်လာခဲ့လျှင် နတ်ကုန်းမြေတိုက်ကြီးတွင် ကျီထျန်းယွမ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များသည် အဘယ်ကြောင့် မရှိရပါသနည်း။

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး သူ၏ အတွေးများကို ရှင်းထုတ်လိုက်ကာ ထျန်းယွမ်ခန်းမ၏ အတွင်းပိုင်း ဆီသို့ လှမ်းကြည့်လိုက်သည်။

ထျန်းယွမ်ခန်းမသည် မီတာတစ်ထောင်ခန့် ကျယ်ဝန်းပြီး အတွင်းပိုင်း ပြင်ဆင်မှုသည် အလွန်ပင် ဟာလာဟင်းလင်း ဖြစ်နေခဲ့သည်။

ပတ်ပတ်လည်ရှိ နံရံများပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော ပုံသဏ္ဌာန်များစွာ ရှိနေခဲ့ပြီး ပုံသဏ္ဌာန် တစ်ခုချင်းစီတွင် နတ်ဘုရင်အဆင့်၏ မဟာနည်းစနစ် တစ်ခုစီ ပါဝင်နေခဲ့၏။

ယင်းမှာ ကျီထျန်းယွမ် ချန်ထားရစ်ခဲ့သော အနှိုင်းမဲ့ထူးခြားသည့် နည်းစနစ်များ ဖြစ်သည်မှာ ထင်ရှား၏။

ထို့အပြင် ပင်မခန်းမဆောင်တွင် အထင်ရှားဆုံးအရာမှာ ဘယ်ဘက်ရှိ ဆယ်မီတာခန့် ကျယ်ဝန်းသော ကန်ကြီးတစ်ကန်ဖြစ်သည်။

ကန်အတွင်းရှိ ရေများသည် ကြည်လင်‌တောက်ပပြီး လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါများ ထုတ်လွှတ်နေခဲ့၏။

ကန်၏ အထက်တွင်မူ ဓားလမ်းစဥ်စွမ်းအားများ ခပ်ရေးရေးထွက်ပေါ်နေခဲ့သည်။

သံသယဖြစ်စရာ မလိုလောက်အောင်ပင် ထိုကန်သည် ကျီထျန်းယွမ် ပြောခဲ့သည့် မဟာဓားကန်ပင် ဖြစ်ရပေမည်။

မဟာဓားကန်၏ ဘေးတွင် သုံးပေခန့်မြင့်သော ကျောက်စင်မြင့် တစ်ခုရှိပြီး ထိုစင်မြင့်ပေါ်တွင် လက်သီးဆုပ် အရွယ်ရှိ ဆန်းကြယ်သော ခရစ္စတယ် တစ်ခု တင်ထားသည်။

ယင်းမှာ ကျီထျန်းယွမ် ချန်ထားရစ်ခဲ့သော အမွေအနှစ်ခရစ္စတယ် ဖြစ်ပုံရ၏။

ထိုအရာနှစ်ခုသည် ကျီထျန်းယွမ်က ထျန်းယွမ်ခန်းမတွင် ချန်ထားရစ်ခဲ့သော ရတနာများ ဖြစ်ပြီး အချိန်တိုအတွင်း နတ်ဘုရင် အဆင့်ကို ပို့ဆောင်ပေးနိုင်သော အမွေအနှစ်များလည်း ဖြစ်သည်။

ရှင်းလင်းစွာဆိုရလျှင် ထိုအရာနှစ်ခုကို ပိုင်ဆိုင်လိုက်သည်နှင့် မဟာလမ်းစဥ်ကို နားလည်သဘောပေါက်ပြီး နတ်ဘုရင်အဆင့်ကို တက်လှမ်းရန်မှာ အလွန်တရာ လွယ်ကူသွားပေလိမ့်မည်။

အခန်း(၂၁၂၉)ပြီး၏။

All Chapters