အခန်း (၂၉၈၁-၂၉၈၅)
Vol. 129 Ch. 2981-2985
အပိုင်း (၂၉၈၁)
ဘာသာပြန်သူ_တိမ်တိုက်
“မင်းအစ်မကြီးကို ဒီကိုခေါ်လိုက်…” ရန်ကိုင်က ကျုလဲ့ဘက်သို့လှည့်၍ အမိန့်ပေးလိုက်သည်။
ကျုလဲ့က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်၏။ ရန်ကိုင်၏ ဆရာလုပ်သည့်ပုံစံနှင့် ပတ်သက်၍ သိပ်မကြိုက်ပါသော်ငြား ထိုကိစ္စအပေါ် ဆက်၍ ပြဿနာရှာမနေခဲ့ပေ။ အကြောင်းစုံကို ကြားပြီးသွားပြီဖြစ်သည့်အတွက်ကြောင့် နဂါးစွမ်းအားကို လှည့်ပတ်၍ လက်ကွက်များကိုထုတ်ကာ ဘာမှန်းမသိရသော စကားအချို့ကို ရေရွတ်လိုက်လေသည်။
ရန်ကိုင်သည် ကဝေနတ်ဆိုးဘက်သို့လှည့်၍ ပြုံးကာ မေးလိုက်လေ၏။ “ဒီနတ်ဆိုးဘုရင်တွေထဲမှာ ခင်ဗျား ဘယ်သူ့ကိုသတ်ချင်လဲလို့ ကျုပ်မေးလာလို့ရှိရင် ခင်ဗျား ဘယ်သူ့ကိုရွေးမလဲ…”
ထိုစကားကိုကြားသည့်အခါ ကဝေနတ်ဆိုး၏အမူအယာ ပြောင်းလဲသွားပြီး ချက်ချင်းပဲ အထိတ်တလန့်ဖြင့် ပြန်မေးလိုက်လေ၏။ “ဆရာ ဘာပြောချင်တာလဲ…”
“ကျုပ် ဒီအတိုင်း မေးကြည့်ရုံပါ… ခင်ဗျား ဘယ်သူ့ကို ကြည့်မရဆုံးလဲ…”
ကဝေနတ်ဆိုးက အားတင်းပြုံးလျက် “မနောက်ပါနဲ့ဆရာရယ်… ကျွန်မတို့အကုန်လုံးက နတ်ဆိုးမျိုးနွယ်စုတွေပဲလေ… ကျွန်မတို့ ဒီမှာ အတူတကွရှိလာတာ အကြာကြီးရှိနေပြီ… ရှင်းရှင်းပြောရရင် ကျွန်မတို့အားလုံးက ညီအစ်ကိုမောင်နှမတွေပဲ… ဘယ်လိုလုပ်ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်မရဖြစ်ရမှာလဲ…”
ထိုစကားကိုကြားသည့်အခါ အခြားသောနတ်ဆိုးဘုရင်များသည်လည်း သူတို့အားလုံးသည် သေအတူရှင်မကွာ ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည့်အလား ရင်ကော့၍ပြလိုက်သည်။ ရန်ကိုင် ဘာကြောင့် ဤမေးခွန်းအား မေးနေသလဲဆိုသည်ကို မည်သူမျှ မသိကြပါသော်ငြား တစ်ခုခုမှားယွင်းနေသည်ဟု အားလုံး၏စိတ်ထဲ ခံစားနေကြရသည်။
ဤလူသားသည် သူတို့အပေါ် မကောင်းသည့်ရည်ရွယ်ချက် ရှိနေသည့်ပုံပင်။ သူ့မျက်နှာမှာ ပြုံးပြုံးရွှင်ရွှင်နှင့် ရှိနေပါသော်ငြား သူ့စိတ်ထဲတွင် တွေးနေသည့် အတွေးများမှာတော့ လုံးဝကို ကောင်းမွန်ခြင်း မရှိချေ။ ဤလူသားသည် သိုးယောင်ဆောင်နေသည့် ဝံပုလွေသာ ဖြစ်လေသည်။
ရန်ကိုင်က မျက်မှောင်ကျုံ့လျက် ပြန်ပြောလိုက်သည်။ “အခွင့်အရေးက ခင်ဗျားလက်ထဲမှာနော်… ခင်ဗျား မဆုပ်ကိုင်လိုက်လို့ရှိရင် လွတ်သွားမှာ…”
ကဝေနတ်ဆိုးသည် စကားတစ်ခွန်းမှမပြောဘဲ တစ်ခဏမျှ တုံ့ဆိုင်းနေခဲ့လေသည်။ နောက်မှသာလျှင် ကောင်းကင်စိတ်အာရုံမှတစ်ဆင့် တိုးတိုးတိတ်တိတ်ပြောလိုက်လေ၏။
ရန်ကိုင် မျက်ခုံးပင့်၍ တစ်ခုသောဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ နတ်ဆိုးဘုရင်တစ်ပါးကို တွေ့လိုက်ရလေသည်။ ထိုနတ်ဆိုးဘုရင်သည် သွေးချီတို့ဖြင့် လွှမ်းခြုံနေလေရာ သူ့ခန္ဓာကိုယ်တစ်ဝိုက် အနီရောင်အရောင်အဝါတို့ပင် ထွက်ပေါ်နေခဲ့သည်။ ကြည့်ရသလောက် ထိုနတ်ဆိုးမှာ သွေးနတ်ဆိုးကလန်မှ နတ်ဆိုးတစ်ကောင် ဖြစ်သည့်ပုံပင်။ လက်ရှိအချိန်တွင် ထိုနတ်ဆိုးသည် တစ်ခုခုအား စိတ်ပူနေသည့်အလား သူ့မျက်နှာအမူအယာမှာ မသာမယာ ဖြစ်နေခဲ့လေသည်။
ရန်ကိုင်မှ သူ့ဘက်သို့ လှည့်ကြည့်လာသော် ထိုနတ်ဆိုးသည် ချက်ချင်းပဲ အံကိုတင်းတင်းကြိတ်၍ ကဝေနတ်ဆိုးဘက်သို့လှည့်ကာ ဒေါမာန်တကြီးဖြင့် အော်ပြောလိုက်လေ၏။ “ခွေးမ… နင် ငါ့ကို သစ္စာဖောက်ရဲတယ်ပေါ့ ဟုတ်လား…”
ကဝေနတ်ဆိုးမှာ တုန်တုန်ရီရီဖြင့် နှုတ်ခမ်းလေးကိုသာကိုက်ပြီး နေနေခဲ့ကာ ဘာမျှပြန်မပြောခဲ့ပေ။
သွေးနတ်ဆိုးမှာ ပို၍ပင် ဒေါသူပုန်ထလာခဲ့လေသည်။ “ကျေးဇူးမသိတတ်တဲ့ခွေးမ… ငါ့ပေါင်ကြားအောက်မှာတုန်းကတော့ ငါမျက်နှာသာပေးတာ ခံရဖို့အရေး ဘာမဆိုလုပ်လိုက်တာ… အခု နည်းနည်းလေး ပိုပြီး အဆင့်မြင့်သွားလည်း မြင့်သွားရော ငါ့ကို ပြန်သတ်ချင်နေတယ်ပေါ့ ဟုတ်လား… နင့်လိုမိန်းမပျက်မမျိုးကို ဘယ်တော့မှမယုံသင့်မှန်း ငါသိခဲ့သင့်တာ…”
ကဝေနတ်ဆိုးမှာ ရှက်ရှက်ဖြင့် ဒေါသထွက်လာပြီး အံကြိတ်ကာ ပြန်ပြောလိုက်လေသည်။ “ငါက ကဝေနတ်ဆိုးဆိုပေမယ့် မိန်းမပျက်မ မဟုတ်ဘူး… နင်သာ ငါ့ကို တွန်းအားမပေးခဲ့လို့ရှိရင် ငါ ဘာလို့…”
“ဟား ဟား ဟား…” သွေးနတ်ဆိုးသည် ရုတ်တရက် ဝါးလုံးကွဲအော်ရယ်မောရင်းမှ ပြန်ပြောလိုက်သည်။ “အပိုစကားတွေ လာပြောမနေနဲ့… ကဝေနတ်ဆိုးကလန်တစ်ခုလုံးက မိန်းမပျက်မတွေပဲ… ငါကူညီပေးတာကြောင့်သာ မဟုတ်လို့ရှိရင် နင့်အရည်အချင်းနဲ့ နတ်ဆိုးဘုရင်အဆင့်ကို ဘယ်လိုလုပ်ပြီး ရောက်မှာလဲ… ငါ့အပြင်ကိုမှ အခြားသူတွေကို နင်လိုက်ပြီးတော့ ဖျားယောင်းနေသေးတယ်ဆိုတာကိုရော ငါမသိဘူးများ မှတ်နေလား… အဲ့ဒါကိုတောင် နင့်ကိုနင် မိန်းမပျက်မဟုတ်ဘူးလို့ ပြောရဲသေးတယ်… ဟုတ်လား… ရှင်းရှင်းပြောရရင် နင်က ခွေးရိုင်းတွေတောင် အနံ့မရှူချင်တဲ့ အသားပုပ်မကြီး… နင် ငါ့ရှေ့မှာ လာဒူးထောက်ပြီး တောင်းပန်မယ်ဆိုရင်တောင် ငါ နင့်ကို ထိမှာမဟုတ်ဘူး…”
“အပိုစကားတွေ လာပြောမနေနဲ့…” ကဝေနတ်ဆိုးက ထအော်လိုက်ပြီးသည့်နောက် ရန်ကိုင်ဘက်သို့လှည့်၍ တောင်းဆိုလိုက်လေသည်။ “ဆရာ… ဆရာ ဘာလုပ်ချင်နေလဲ ကျွန်မမသိပေမယ့် ဆရာ တစ်ယောက်ယောက်ကို သတ်ချင်တယ်ဆိုရင် ကျေးဇူးပြုပြီး သူ့ကိုပဲ သတ်လိုက်ပါ… နောက်ပိုင်း ဆရာခိုင်းတာမှန်သမျှ ကျွန်မ လုပ်ပေးပါ့မယ်…”
“နင်က ငါ့ကို သတ်ချင်နေတယ် ဟုတ်လား… နင် ငါ့ကို မသတ်ခင် ငါ နင့်ကို အရင်သတ်မှာ ခွေးမရဲ့…” ထိုသို့ပြောပြီးသည့်နောက်တွင် သွေးနတ်ဆိုးသည် ရုတ်တရက် သူ့လက်ကိုမြှောက်လိုက်ရာ သွေးနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကဝေနတ်ဆိုးဆီသို့ တိုးဝင်သွားခဲ့လေသည်။ ထို့နောက်တွင် ထိုအလင်းတန်းသည် လေထဲတွင် ပေါက်ကွဲထွက်သွားခဲ့ပြီး သွေးမိုးစက်များအဖြစ်သို့ ပြောင်းလဲသွားကာ နေရာကျယ်ကြီးတစ်ခုလုံးဆီသို့ ကြွေဆင်းကျလာခဲ့လေ၏။
ထိုသွေးမိုးများသည် အလွန်ကိုမှ တိုက်စားနိုင်စွမ်းပြင်းထန်လှကာ လေထဲ ပျံသန်းနေရင်းမှပင်လျှင် တရှဲရှဲမြည်သံများ ပြုနေခဲ့လေသည်။
ကဝေနတ်ဆိုးမှာလည်း ကြောက်လန့်တကြားဖြင့် ချက်ချင်း ထအော်လေ၏။ သူမ၏ကျင့်ကြံခြင်းမှာ သွေးနတ်ဆိုးထက် နိမ့်ကျနေသည့်အတွက်ကြောင့် ထိုတိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ဘာမှန်းမသိရသော နတ်ဆိုးစကားလုံးများကို ရေရွတ်ရင်းမှ လက်ကွက်များကို ဖန်တီး၍ နတ်ဆိုးချီများကို အဆက်မပြတ် ပစ်လွှတ်ကာ သွေးမိုးစက်များကို တားဆီးရန် ကြိုးစားခဲ့ပါသော်ငြား အချည်းနှီးသည်သာ။
“ရှဲ ရှဲ ရှဲ…”
သွေးမိုးစက်များ သူမကိုယ်ပေါ်သို့ ကျရောက်လာခဲ့ရာ သူမ၏အဝတ်အစားများ အငွေ့ပျံ အရည်ပျော်ကုန်ကြရလေသည်။ တစ်ချိန်တည်းတွင်လည်း အဝတ်အစားများ မရှိတော့သည့်နောက် သူမ၏အသားကို ဆက်လက်ထိမှန်လာခဲ့ရာ သူမ၏အသားသည်ပင်လျှင် စတင်အရည်ပျော်ကျလာခဲ့ရလေ၏။ အချို့သောနေရာများဆိုလျှင် အရိုးများကိုပင်လျှင် မြင်လာရလေသည်။
“သေလိုက်ပေတော့ ခွေးမ…” ထိုသို့ပြောပြီးသည့်နောက် သွေးနတ်ဆိုးသည် ကဝေနတ်ဆိုးအား ပြန်တိုက်ခိုက်မည့်အခွင့်အရေးကို မပေးဘဲ ကဝေနတ်ဆိုးဆီသို့ တဟုန်ထိုး ပြေးဝင်လာခဲ့လေသည်။ ကြည့်ရသလောက် ကဝေနတ်ဆိုးအား တစ်ခါတည်း အပြီးသတ် ရှင်းလင်းပစ်ချင်သည့်ပုံပင်။
ကဝေနတ်ဆိုး၏မျက်နှာ ကြောက်ရွံ့မှုကြောင့် ဖြူလျော်သွားခဲ့လေသည်။ အတတ်နိုင်ဆုံး ပြန်လည်တိုက်ခိုက်ရန် ကြိုးစားခဲ့ပါသော်ငြား သွေးနတ်ဆိုး သူမဆီသို့ ပြေးဝင်လာနေသည်ကို လုံးဝ တားဆီးနိုင်ခဲ့ခြင်း မရှိချေ။ သေခြင်းတရားသည် သူမဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေသည်ဟု ကဝေနတ်ဆိုးစိတ်ထဲ ခံစားနေရသည်။
ရုတ်တရက်ဆိုသလို သွေးနတ်ဆိုးသည် ပျံသန်းနေရင်းမှ သွေးလှိုင်းလုံးများအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားလေ၏။ သွေးဆူနာမီလှိုင်းလုံးကြီးသည် အလွန်တရာကိုမှ အားကောင်းလှသလို ဖျက်အားပြင်းထန်လှပေသည်။ သွေးဆူနာမီလှိုင်းလုံး၏ မျက်နှာစာတွင်တော့ သွေးနတ်ဆိုး၏မျက်နှာ တဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။ လက်ရှိအချိန်တွင် သွေးနတ်ဆိုးမှာ လှိုင်းလုံးများကိုစီးကာ ရန်ကိုင်ဆီသို့ ပြေးဝင်လာနေသည့်အလား။
ကဝေနတ်ဆိုးအား တိုက်ခိုက်ခြင်းသည် ဟန်ပြသာဖြစ်ပြီး သူ၏တကယ့်ပစ်မှတ်မှာ ရန်ကိုင်သာ ဖြစ်လေသည်။
သူ့အနေဖြင့် ရန်ကိုင်နှင့် ပြဿနာမဖြစ်ချင်ပါသော်ငြား ကဝေနတ်ဆိုးကြောင့် မတတ်သာတော့ဘဲ ရန်ကိုင်ဆီသို့ မြားဦးလှည့်လာရသည်။ သူ့အနေဖြင့် လက်ရှိအဖြစ်အပျက်မှာ အသက်ရှင်လိုလျှင် ဦးစွာတိုက်ခိုက်ရုံသာ ရှိတော့ပေသည်။
ဆံနီနှင့်လူမှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိပ်တန်းနတ်ဆိုးဘုရင်သည်ပင်လျှင် တမုဟုတ်ချည်း အသတ်ခံလိုက်ရလေရာ သွေးနတ်ဆိုးမှာ ဆံနီနှင့်လူကိုတော့ သွားမတိုက်ခိုက်ရဲခဲ့ပေ။
ရန်ကိုင်သည် နတ်ဆိုးဘုရင်အချို့ကို သတ်လိုက်ပါသော်ငြား ခေါင်းလောင်း၏အကူအညီဖြင့် သတ်ပစ်ခဲ့ခြင်းသာ ဖြစ်သည့်အတွက်ကြောင့် သွေးနတ်ဆိုး၏ အမြင်တွင် ရန်ကိုင်၏ခွန်အားမှာ ထိုမျှ မြင့်မားခြင်း မရှိချေ။ ယခုကဲ့သို့ သူ၏မှော်ရတနာဖြစ်သော ခေါင်းလောင်းကို မထုတ်ယူထားစဉ်အချိန်အခါသည် ရန်ကိုင်အား သတ်ပစ်နိုင်ရန်အတွက် အကောင်းဆုံးအချိန် ဖြစ်ပေသည်။
(ငါသာ ဒီလူသားကို ဖမ်းဆီးလိုက်နိုင်လို့ရှိရင် ချက်ချင်း အသာစီးရသွားမှာ…) ထိုသို့တွေးလိုက်ပြီးသည့်နောက် သွေးနတ်ဆိုး ချက်ချင်း လှုပ်ရှားတော့လေ၏။ ထို့အပြင် သူ့ကိုယ်သူ အောင်မြင်လိမ့်မည်ဟုလည်း အတော်လေး ယုံကြည်နေပေသည်။
ထိုအခိုက်အတန့်မှာပင် ရန်ကိုင်မျက်နှာထက် အပြုံးတစ်ပွင့် ရှိနေကြောင်းကို သွေးနတ်ဆိုး သတိထားမိခဲ့သည်။ ရန်ကိုင်၏အပြုံးကို မြင်ပြီးသည့်နောက် သွေးနတ်ဆိုးစိတ်ထဲ မကောင်းသည့်ခံစားချက်တို့ ရလာခဲ့ပြီး သူ့ကိုယ်သူ အမှားတစ်ခုလုပ်လိုက်သည်ဟုလည်း ထင်မြင်မိလာလေသည်။
သူ့စိတ်ထဲ တုံ့နှေးနေမှုသည် သွေးလှိုင်းလုံးအား ယာယီမျှ ရပ်တန့်သွားစေခဲ့သည်။
ရန်ကိုင်သည် သူ့လက်ကိုမြှောက်၍ လက်ချောင်းကို တောက်ချလိုက်သည်။
“ရွှစ်… ရွှစ်… ရွှစ်…”
လဓါးသွားများ ထွက်ပေါ်လာခဲ့ပြီး သွေးလှိုင်းလုံးများကို ဖြတ်တောက်သွားခဲ့လေ၏။
လဓါးသွားများ ဖြတ်တောက်သွားသည့်အလျောက် သွေးနတ်ဆိုးမှာ အဆက်မပြတ် အော်ငြီးနေခဲ့ကာ သွေးလှိုင်းလုံး၏အရွယ်အစားမှာလည်း တဖြည်းဖြည်း သေးငယ်သွားခဲ့လေသည်။
လဓါးသွား ခုနှစ်စင်း ရှစ်စင်းခန့် ဖြတ်ကျော်သွားပြီးသည့်နောက်တွင် သွေးလှိုင်းလုံးကြီးမှာ လုံးဝနီးပါး ပျောက်ကွယ်သွားခဲ့ပြီး သွေးနတ်ဆိုး၏ပုံရိပ် ပြန်ပေါ်လာခဲ့လေသည်။
ရန်ကိုင်သည် အလေးအနက်အမူအယာဖြင့် လက်ကွက်များကို ဖန်တီးလိုက်ရာ သူ့ခန္ဓာကိုယ်ဆီမှ အချိန်နိယာမစွမ်းအားတို့ ဖြာထွက်လာခဲ့လေ၏။
အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်…။
ရန်ကိုင်သည် လက်ဝါးကို ရိုက်ထုတ်လိုက်ရာ အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်သည် စိတ်လွတ်နေသလို ဖြစ်နေသော သွေးနတ်ဆိုးအား သွားရောက်ထိမှန်လေသည်။ သွေးနတ်ဆိုးမှာ သွေးအပွက်ပွက်အန်ထုတ်ရင်း ကြိုးပြတ်သွားသည့် စွန်တစ်စင်းပမာ လွင့်စင်ထွက်သွားခဲ့လေ၏။ အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်၏ ထိမှန်ခြင်း ခံလိုက်ရပြီးသည့်နောက် သွေးနတ်ဆိုးမှာ အသိပြန်ဝင်လာကာ ချက်ချင်းပဲ သွေးအလင်းတန်းတစ်ခုအသွင်သို့ ပြောင်း၍ ဘက်ပေါင်းစုံသို့ ပြေးထွက်သွားလေ၏။
ခဏလေးသာ တိုက်ခိုက်လိုက်ခြင်း ဖြစ်ပါသော်ငြား သွေးနတ်ဆိုးဘုရင်ရလိုက်သည့်ဒဏ်ရာများမှာ အတော်လေးကိုမှ ပြင်းထန်လှပေသည်။ ယခုမှသာလျှင် သူ့ရန်သူကို အကြီးအကျယ် အထင်သေးမိကြောင်းလည်း သွေးနတ်ဆိုး နားလည်သွားရသည်။ သူသည် ရန်ကိုင်၏ပြိုင်ဘက် လုံးဝကို မဖြစ်နိုင်ချေ။ ထို့အတွက်ကြောင့် ယခုအချိန်တွင် သူ့စိတ်ထဲ ထွက်ပြေးရန်အတွေးသာ ရှိတော့သည်။
“သွေးအရိပ်လွတ်မြောက်ခြင်းပညာရပ်လား…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “သွေးနတ်ဆိုးကလန်ရဲ့ အရိပ်လွတ်မြောက်ခြင်းပညာရပ်ဆိုတော့ ဒီသခင်လေး နည်းနည်းပါးပါး အားစိုက်ရင် အားစိုက်ရဦးမယ်… ဒါပေမယ့် သွေးအရိပ်လွတ်မြောက်ခြင်းပညာရပ်လောက်နဲ့ ဒီသခင်လေးလက်ကနေ ထွက်ပြေးချင်တယ် ဟုတ်လား… ခင်ဗျားကိုယ်ခင်ဗျား သိပ်အထင်ကြီးနေတာပဲ…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ထွက်ပြေးသွားသော သွေးအလင်းတန်းများအား အာရုံစိုက်လိုက်လေသည်။ ထို့နောက်တွင် သူ့အကြည့်သည် တစ်ခုသောသွေးအလင်းတန်းဆီသို့ ရောက်သွားခဲ့ပြီး ထိုသွေးအလင်းတန်းကို လက်ညှိုးဖြင့် ချိန်ရွယ်လိုက်သည်။
ချက်ချင်းဆိုသလို လေဟာနယ်နိယာမစွမ်းအားတို့ ဖြာထွက်လာခဲ့ပြီး သွေးအလင်းတန်း ပျံသန်းနေသည့် နေရာတစ်ခုလုံးကို မြင်နိုင်သည့် လှောင်အိမ်တစ်ခုအဖြစ်သို့ ပြောင်းလဲပစ်လိုက်လေသည်။
သွေးအလင်းတန်းမှာ မမြင်နိုင်သည့် လေဟာနယ်အတားအဆီးကို သွားရောက်ထိမှန်ပြီး ပြန်ကန်ထွက်လာခဲ့သည်။ ထိုသို့ဖြစ်သွားပြီးသည့်နောက် သွေးအလင်းတန်းမှ ဖြူဖတ်ဖြူလျော်နေသော သွေးနတ်ဆိုးအသွင်သို့ ပြန်ပြောင်းသွားခဲ့လေသည်။
“ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…” သွေးနတ်ဆိုး အလန့်တကြား ထအော်လေသည်။
သွေးအရိပ်လွတ်မြောက်ခြင်းပညာရပ်သည် သွေးနတ်ဆိုးကလန်၏ မွေးရာပါပညာရပ်တစ်ခုဖြစ်ကာ ထွက်ပြေးရာတွင် အသုံးများလေ့ရှိသည့် ပညာရပ်တစ်ခုလည်း ဖြစ်ပေသည်။ သာမန်လူတစ်ဦးသည်သာ ထိုစွမ်းရည်မျိုးနှင့် ကြုံတွေ့ရမည်ဆိုလျှင် မည်သည့်သွေးအလင်းတန်းသည် တကယ့်ခန္ဓာကိုယ်အစစ် ဖြစ်သလဲ ဆိုသည်ကို ခွဲခြားနိုင်လိမ့်မည် မဟုတ်ချေ။
ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော ဤလူသားသည် သူ၏ သွေးအလင်းတန်းကို ဖောက်မြင်သွားနိုင်လိမ့်မည်ဟု သွေးနတ်ဆိုး မထင်ထားခဲ့ပေ။
လူငယ်လေးပြောသွားသည့်စကားမှာ သွေးနတ်ဆိုးအား ပို၍ပင် ကြောက်ရွံ့တုန်လှုပ်သွားစေခဲ့သည်။ သွေးအရိပ်လွတ်မြောက်ခြင်းပညာရပ်နှင့် အရိပ်လွတ်မြောက်ခြင်းပညာရပ်တို့သည် သွေးနတ်ဆိုးကလန်နှင့် အရိပ်နတ်ဆိုးကလန်၏ မွေးရာပါပညာရပ်များ ဖြစ်ကြပေသည်။ နတ်ဆိုးမျိုးနွယ်စု၏ နတ်ဆိုးဘုရင်များသည်ပင်လျှင် ထိုပညာရပ်များအား ထွင်းဖောက်မြင်နိုင်ဖို့ရာ အတော်လေးကိုမှ ခက်ခဲလှသည်။ သို့သော်ငြား ဤလူသား၏လေသံကို ကြည့်ရသလောက် သူသည် နတ်ဆိုးမျိုးနွယ်စု၏ မွေးရာပါပညာရပ်များအကြောင်းကို အတော်လေး သိနေသည့်ပုံပင်။
သွေးနတ်ဆိုးမှာ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေခဲ့လေရာ ခြေဖျားလက်ဖျားများပင် အေးစက်လာခဲ့ရသည်။
သွေးအရိပ်လွတ်မြောက်ခြင်းပညာရပ်ကို နောက်တစ်ကြိမ် ထပ်သုံးရန် ကြိုးစားလိုက်ပါသော်ငြား သူမသုံးနိုင်သေးခင်မှာပင် ရန်ကိုင်သည် သူ့ရှေ့တည့်တည့်၌ ပေါ်လာခဲ့လေသည်။
သွေးနတ်ဆိုး ကြောက်လန့်တကြားဖြင့် အလျင်စလို နောက်သို့ ဆုတ်လိုက်လေသည်။
“ကျုပ်ကို ကြည့်လိုက်စမ်း…” ရန်ကိုင်က ထအော်ပြောလိုက်သည်။ ရန်ကိုင်၏လေသံထဲ ငြင်းဆန်မရသည့် စွမ်းအားတစ်မျိုးမျိုး ပါဝင်နေသည့်အလား သွေးနတ်ဆိုးသည်လည်း ရန်ကိုင်၏စကားကို ကြားပြီးသည့်နောက် ရန်ကိုင်၏မျက်လုံးတည့်တည့်သို့ လှမ်းကြည့်မိလိုက်သည်။ ထိုကဲ့သို့ ကြည့်လိုက်သည့်အခိုက်မှာပင် ရန်ကိုင်၏ ဘယ်ဘက်မျက်လုံးသည် ရွှေရောင်သန်းလာပြီး သူ့မျက်ဆံမှာ ဒေါင်လိုက်မျက်ဆံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကြောင်း တွေ့လိုက်ရသည်။ တစ်ချိန်တည်းတွင် ရန်ကိုင်ဆီမှ အားကောင်းလှသည့် စိတ်စွမ်းအင်တို့ ဖြာထွက်လာခဲ့ပြီး သူ့မျက်လုံးထဲ ကြာဖူးတစ်ပွင့် ထွက်ပေါ်လာခဲ့သည်။ ထိုကြာဖူးသည် ချက်ချင်းဆိုသလို သွေးနတ်ဆိုး၏ အသိစိတ်ပင်လယ်ထဲသို့ ပျံသန်းရောက်ရှိသွားလေသည်။
ထိုသို့ဖြစ်သွားပြီးသည့်နောက် သွေးနတ်ဆိုးမှာ ဘာကိုမှ မစဉ်းစားနိုင်တော့ဘဲ မိုးကြိုးပစ်ခံထားရသည့်ပမာ ရပ်နေသည့်နေရာတွင်သာ မလှုပ်မယှက် တောင့်တောင့်ကြီး ဖြစ်နေလေ၏။
လက်ရှိအချိန်တွင် သွေးနတ်ဆိုး၏အသိစိတ်ပင်လယ်မှာ ပျက်စီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် သွေးနတ်ဆိုးသည် လမ်းလျှောက်နေသည့် အလောင်းတစ်လောင်းနှင့် မခြားတော့ချေ။
ထိုအခိုက်အတန့်တွင် ပုံရိပ်တစ်ခုသည် ဓါးမြှောင်တစ်ချောင်းကိုကိုင်ရင်း မုန်းတီးမှုအပြည့်ဖြင့် သွေးနတ်ဆိုးဆီသို့ ပြေးဝင်လာလေသည်။ ထိုဓါးမြှောင်မှာ သားရဲတစ်ကောင်ကောင်၏ အရိုးဖြင့် လုပ်ထားသည့်ပုံမပေါ်။ ထိုအစား လူသား သို့မဟုတ် နတ်ဆိုးမျိုးနွယ်စုမှ ပညာရှင်တစ်ဦးဦး၏ အရိုးဖြင့် လုပ်ထားသည့် ဓါးမြှောင်တစ်ချောင်းနှင့်ပင် ပိုတူနေသည်။
ဓါးမြှောင်ဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာလည်း အတော်လေးကိုမှ ကောင်းမွန်လှသည်။ ထိုပုံရိပ်သည် တောင့်တောင့်ကြီးဖြစ်နေသည့် သွေးနတ်ဆိုးအနားသို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် သွေးနတ်ဆိုး၏ ခေါင်းတည့်တည့်သို့ ဓါးဖြင့် ထိုးချလိုက်လေသည်။
ရန်ကိုင်သည် ထိုပုံရိပ်အား လက်ဝါးတစ်ချက်ဖြင့် ရိုက်ထုတ်လိုက်ရာ ကဝေနတ်ဆိုးမှာ နောက်သို့ လွင့်စင်ထွက်သွားခဲ့လေ၏။ ထို့နောက် ကုန်းရုန်း၍ပြန်ထလာလျက် ရန်ကိုင်အား ကြည့်ကာ သံသယမကင်းအမူအယာဖြင့် မေးလိုက်လေသည်။ “ဆရာ…”
လက်ရှိအချိန်တွင် ကဝေနတ်ဆိုးမှာ အတော်လေးကိုမှ အဖြစ်ဆိုးနေခဲ့လေသည်။ သူမ၏အဝတ်အစားများမှာ စုတ်ပြဲနေခဲ့ပြီး အသားများလည်း ဟိုပေါ်ဒီပေါ်ဖြစ်နေခဲ့သည်။ သူမ၏အသားပေါ်တွင် အပေါက်အပေါက်များ ထွက်ပေါ်နေခဲ့ပြီး ထိုအပေါက်များဆီမှ သွေးများ အဆက်မပြတ် ယိုစီးကျနေခဲ့လေသည်။
ကဝေနတ်ဆိုးသည် သွေးနတ်ဆိုးထက် အများကြီး ပိုအားနည်းပေသည်။ သွေးနတ်ဆိုး၏ ရုတ်တရက်တိုက်ခိုက်မှုနှင့်ပင်လျှင် အသတ်ခံရကာနီး ဖြစ်သွားခဲ့ရသည်။ ထို့အတွက်ကြောင့် သူမစိတ်ထဲ သွေးနတ်ဆိုးအား အတော်လေးကိုမှ မကျေမချမ်း ဖြစ်နေခဲ့ကာ လက်စားပြန်ချေလိုခြင်း ဖြစ်လေသည်။
သို့သော်ငြား ရန်ကိုင် သူမအား ဘာကြောင့် တားလိုက်မှန်းကို ကဝေနတ်ဆိုးနားမလည်။ ရန်ကိုင်သည် ဤနတ်ဆိုးများထဲတွင် သူမ မည်သူ့ကို သတ်ချင်သလဲဟု ပထမဦးဆုံး မေးမြန်းခဲ့ခြင်းပင် မဟုတ်လေလော။
“ခင်ဗျား ဘာလုပ်နေတာလဲ…” ရန်ကိုင်သည် ကဝေနတ်ဆိုးအား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လိုက်လေသည်။
ရန်ကိုင်၏ ရွှေရောင်တောက်နေသည့် မျက်လုံးကို လှမ်းကြည့်မိလိုက်သော် ကဝေနတ်ဆိုး၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်တုန်ရီရီဖြစ်သွားခဲ့ပြီး ချက်ချင်းပဲ အလျင်စလို ပြန်ရှင်းပြလိုက်သည်။ “ဆရာပဲ သူ့ကို သတ်ချင်နေတာမဟုတ်ဘူးလား…. ကျွန်မ ဝင်ကူညီပေးရုံပါပဲ…”
“ကျုပ် တစ်ယောက်ယောက်ကို သတ်ချင်တယ်ဆိုရင် ကျုပ်ဘာသာကျုပ်လုပ်မယ်… ခင်ဗျား ဝင်ကူညီပေးစရာမလိုဘူး…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်၏။
ကဝေနတ်ဆိုးက တုန်တုန်ရီရီဖြင့် သူမ၏အမှားကို ဝန်ခံလိုက်လေသည်။ “ကျွန်မ မှားသွားပါတယ် ဆရာ… ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့…”
သူမအနေဖြင့် အသက်ရှင်လိုပါက တစ်ဖက်လူပြောသည့်အတိုင်း နာခံရမည်ဖြစ်ကြောင်းကို ကဝေနတ်ဆိုးသိထားခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်အပေါ် ဒေါသမထွက်ရဲသလို မကျေနပ်သည့်ပုံစံမျိုးလည်း လုပ်မပြရဲပေ။
ရန်ကိုင်ကမူ သူမအား လျစ်လျူရှုထားခဲ့ပြီး အနားတွင်ရှိနေသော ကျုလဲ့ဆီသို့သာ လှမ်းကြည့်လိုက်သည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၈၂)
ဘာသာပြန်သူ_တိမ်တိုက်
ကျုလဲ့သည် သူမူလထိုင်နေခဲ့သည့် နေရာတွင်သာ မလှုပ်မယှက် ထိုင်နေခဲ့သည်။ သို့သော်ငြား သူ့ဆီမှ ဖြာထွက်နေသည့် နဂါးဖိအားမှာတော့ အထွဋ်အထိပ်ကို ရောက်ရှိနေခဲ့လေသည်။ သူ့ရှေ့တွင် ရပ်နေကြသည့် နတ်ဆိုးဘုရင်အားလုံးမှာလည်း ဇောချွေးပြန်နေကြပြီး ကျင့်ကြံခြင်းအဆင့်နိမ့်သည့် နတ်ဆိုးဘုရင်များဆိုလျှင် ဖြူဖတ်ဖြူလျော်မျက်နှာများဖြင့် တုန်တုန်ရီရီပင် ဖြစ်နေကြလေသည်။ လက်ရှိအချိန်တွင် နတ်ဆိုးဘုရင်များအားလုံးမှာ သူတို့အပေါ်သို့ တောင်တစ်လုံး ပြိုဆင်းကျလာသလို ခံစားနေခဲ့ရကာ အသက်ရှူရပင် ခက်ခဲနေခဲ့သည်။
ရန်ကိုင်နှင့် သွေးနတ်ဆိုးကြားရှိတိုက်ပွဲမှာ အလွန်ကိုမှ တိုတောင်းပါသော်ငြား ကျုလဲ့သာ တားမထားခဲ့လျှင် ထိုနတ်ဆိုးဘုရင်များအားလုံး ဤအတိုင်း ရပ်ကြည့်နေလိမ့်မည်မဟုတ်ချေ။ မည်သို့ပင်ဖြစ်စေကာမူ သူတို့အားလုံးသည် နတ်ဆိုးများဖြစ်ကြသည့်အတွက်ကြောင့် သူတို့၏ကလန်သားတစ်ဦး အသတ်ခံနေရသည်ကို ဤအတိုင်း ရပ်ကြည့်နေလိမ့်မည်မဟုတ်ချေ။
တကယ့်တကယ်တွင်တော့ သွေးနတ်ဆိုးအား ဝင်ရောက်ကူညီပေးချင်ကြသည့် နတ်ဆိုးဘုရင်များစွာ ရှိပေသည်။ သို့သော်ငြား ကျုလဲ့ကြောင့် လုံးဝကို မလှုပ်ရှားနိုင် ဖြစ်ခဲ့ကြသည်။
ဆံနီနှင့်လူဆီမှ ကြီးစွာသောဖိအားကို နတ်ဆိုးဘုရင်များ ခံစားနေခဲ့ရလေသည်။ ထို့ပြင် ထူးဆန်းသောလူသားဆီမှ ခံစားနေရသည့်ဖိအားမှာလည်း လုံးဝကို အားနည်းခြင်းမရှိ။ ဤလူနှစ်ဦး၏ တိုက်ခိုက်မှုများကို သူတို့အနေဖြင့် မည်သို့မျှ ခုခံနိုင်လိမ့်မည်မဟုတ်ကြောင်း နတ်ဆိုးဘုရင်များ သိနေကြလေသည်။ ထို့အတွက်ကြောင့် ပြဿနာဆက်မတက်ပါစေတော့နှင့်ဟုသာ သူတို့စိတ်ထဲ ကြိတ်၍ ဆုတောင်းနေကြလေသည်။
တိုက်ပွဲမှာ တစ်ခဏလေးအတွင်း ပြီးသွားခဲ့ပြီး သွေးနတ်ဆိုးမှာလည်း ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့သည်။ လက်ရှိသွေးနတ်ဆိုးမှာ အသက်ရှင်နေကောင်း ရှင်နေနိုင်သေးပါသော်ငြား လမ်းလျှောက်နေသည့် အလောင်းတစ်လောင်း ဖြစ်နေခဲ့လေပြီ။ ထိုအဖြစ်အပျက်သည် အခြားသောနတ်ဆိုးဘုရင်များကို ရင်ထဲအသည်းထဲထိ ကြောက်ရွံ့တုန်လှုပ်သွားစေခဲ့လေ၏။ သူတို့ကိုရော မည်ကဲ့သို့သော ကံကြမ္မာမျိုးမှ စောင့်ကြိုနေမလဲဆိုသည်ကို တွေးရင်း နတ်ဆိုးဘုရင်အားလုံးမှာ အထိတ်ထိတ်အလန့်လန့် ဖြစ်နေကြလေသည်။
“မင်း ဘာလုပ်ချင်နေတာလဲ…” ကျုလဲ့သည် မျက်မှောင်ကျုံ့၍ ရန်ကိုင်အား လှမ်း၍ကြည့်လိုက်သည်။
ပထမဦးစွာ ရန်ကိုင်သည် နတ်ဆိုးအမျက်မြို့တော်သို့ လာ၍ ထူးဆန်းသည့်သားရဲတစ်ကောင်အကြောင်းကို နတ်ဆိုးဘုရင်များအား မေးမြန်းခဲ့သည်။ ထို့နောက် နတ်ဆိုးဘုရင်တစ်ပါးကို မပြောမဆိုနှင့် တိုက်ခိုက်တော့လေ၏။ ရန်ကိုင်အနေဖြင့် သွေးနတ်ဆိုးကို သတ်ပစ်လိုက်လျှင် ကိစ္စမရှိပါသော်ငြား ယခုမူ မသတ်ပစ်ဘဲ သေခါနီးတစ်ပိုင်းဖြစ်သွားအောင် လုပ်ခဲ့သည်။ ရန်ကိုင်၏လုပ်ပုံမှာ အတော်လေးကိုမှ ခေါင်းခြောက်စရာ ကောင်းနေလေ၏။
“မင်း မကြာခင် သိလိမ့်မယ်…” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။ ထိုအခိုက်အတန့်မှာပင် ကျုချင်း ပျံသန်းလာနေကြောင်းကို ရန်ကိုင် သတိထားမိသွားခဲ့သည်။ လီကျောက်မှာမူ ကျုချင်းနောက်မှ လိုက်လာရင်း ခေါင်းကို တညိတ်ညိတ် လုပ်နေလေ၏။ အပြုံးကြီးလည်း ပြုံးထားသေး၏။ သို့သော်ငြား ကျုချင်းကမူ မျက်နှာသေဖြင့်သာ ရှိနေခဲ့လေသည်။
ဤနေရာသို့ ရောက်လာပြီးသည့်နောက်တွင် လီကျောက်သည် ရန်ကိုင်အား အလျင်စလို လာရောက်နှုတ်ဆက်လေသည်။
“ဘာတွေဖြစ်နေတာလဲ…” ကျုချင်းသည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်းမှ မေးလိုက်သည်။ ဤနေရာတွင် ဘာတွေဖြစ်လို့ဖြစ်နေမှန်း သူမ မသိ။ တိုက်ခိုက်သံများကိုတော့ ဤနေရာသို့ လာနေရင်းမှ ကြားခဲ့ရလေသည်။
“ဘာမှမဖြစ်ဘူး…” ထိုသို့ပြန်ပြောလိုက်ပြီးသည့်နောက် ရန်ကိုင်သည် ကျုချင်း၏ရင်ခွင်ထဲတွင် ရှိနေသော ခွေးပေါက်လေးကိုကြည့်၍ “အခြေအနေဘယ်လိုလဲ…”
“အဆင်ပိုပြေလာပြီ… ဒါပေမယ့် အားနည်းနေတုန်းပဲ…” ကျုချင်းသည် ခွေးပေါက်လေး၏ခေါင်းကို ပွတ်ပေးရင်းမှ ပြောလိုက်သည်။
အခြေအနေမှာ အမှန်တကယ်ကို တိုးတက်လာခဲ့ပေသည်။ ရန်ကိုင်ထွက်လာစဉ်က ခွေးပေါက်လေးမှာ လုံးဝကို အေးခဲနေခဲ့သည်။ သို့သော်ငြား ယခုအချိန်တွင်တော့ ခွေးပေါက်လေး၏ကိုယ်ထက် ရေခဲစများ ရှိနေသေးသည့်တိုင် ယခင်ထက် အများကြီး ပိုအဆင်ပြေနေခဲ့လေပြီ။
ထိုအခိုက်အတန့်မှာပင် ခွေးပေါက်လေးသည် အရသာရှိသည့် စားစရာတစ်ခု၏ အနံ့ကို ရလိုက်သည့်အလား အနားတွင်ရှိနေသော နတ်ဆိုးဘုရင်များဘက်သို့ ချက်ချင်း ခေါင်းထောင်ကြည့်လာခဲ့သည်။ သွားရည်များမှာလည်း သူ့ပါးစပ်မှ စီးကျနေလေ၏။
ထိုသားရဲလေး၏ စိုက်ကြည့်ခြင်း ခံလိုက်ရသည့်အခိုက် နတ်ဆိုးဘုရင်များမှာ သူတို့၏ မွေးရာပါရန်သူတော်ကြီးတစ်ဦးနှင့် တွေ့လိုက်ရသည့်အလား ခြေဖျားလက်ဖျားများ အေးစက်လာကြပြီး ချက်ချင်းပဲ ခွေးပေါက်လေးဆီမှ အကြည့်လွှဲဖယ်လိုက်ကြလေသည်။
“စားချင်လို့လား…” ရန်ကိုင်က ပြုံး၍ မေးလိုက်သည်။
“ဝုတ်…” ခွေးပေါက်လေးသည် ရုတ်တရက် ထဟောင်လေသည်။ ထို့နောက် ကျုချင်း၏လက်ထဲမှ ကုန်းရုန်းထရန် ကြိုးစားတော့လေ၏။
“စားချင်တိုင်း လျှောက်စားမနေနဲ့…” ကျုချင်းက မျက်မှောင်ကျုံ့ရင်း ဆူပူလိုက်သည်။ အားဝမ် နတ်ဆိုးမျိုးနွယ်စုဝင်နှစ်ဦးကို မျိုပစ်လိုက်သည်ကို မြင်စဉ်ကတည်းက ကျုချင်းမှာ ထိုကဲ့သို့ ပြောချင်နေခြင်း ဖြစ်ပေသည်။ သို့သော်ငြား ထိုစဉ်က ပြောရန် နောက်ကျလွန်းနေခဲ့၏။ ယခု ခွေးပေါက်လေးသည် ယခင်အတိုင်း ထပ်လုပ်ချင်နေသည်ကို မြင်သော် ကျုချင်းသည် ခွေးပေါက်လေး၏ခေါင်းကို ကောက်ထုလိုက်လေသည်။
ခွေးပေါက်လေးမှာ တအီအီမြည်ရင်း ခေါင်းပြန်ငုံ့သွားခဲ့သည်။
ရန်ကိုင်သည် ကျုချင်း၏လက်ထဲမှ ခွေးပေါက်လေးကို လှမ်းယူ၍ ပြောလိုက်သည်။ “ချင်းအာ… ငါတို့ ဒီနေရာက ထွက်သွားချင်တယ်ဆိုရင် သူ့ကို ပိုစားခိုင်းမှရမယ်…”
“ဟမ်…” ကျုချင်း မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ရန်ကိုင် ဘာကိုပြောချင်လို့ ပြောချင်နေမှန်း သူမ နားမလည်။
ထို့နောက်တွင် ရန်ကိုင်သည် ခွေးပေါက်လေးအား မလှုပ်မယှက်ရပ်နေသော သွေးနတ်ဆိုးဆီသို့ ပစ်လိုက်ကြောင်းကို တွေ့လိုက်ရလေသည်။
သွေးနတ်ဆိုးဆီသို့ ပျံသန်းသွားနေသည့်အခိုက် ခွေးပေါက်လေး၏မျက်လုံးများ တလက်လက်တောက်ပလာခဲ့လေသည်။ ထို့နောက်တွင် သွေးနတ်ဆိုးအနားသို့ ရောက်သည့်အခိုက် ၎င်း၏ပါးစပ်အား တံခါးပေါက်တစ်ခုအရွယ်နီးပါးသို့ ဟကာ သွေးနတ်ဆိုးအား တစ်ကျိုက်တည်း မျိုချပစ်လိုက်လေ၏။
“ဟူး…”
သက်ပြင်းရှိုက်သံများ နတ်ဆိုးဘုရင်များဆီမှ အသီးသီး ထွက်ပေါ်လာခဲ့ကြသည်။ လက်ရှိအချိန်တွင် နတ်ဆိုးဘုရင်များသည် ခွေးပေါက်လေးအား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်ရင်းမှ တုန်တုန်ရီရီ ဖြစ်နေကုန်ကြလေ၏။ ရန်ကိုင် သူတို့အား မေးခဲ့သည့် ကြောက်စရာသားရဲကြီးသည် လက်ရှိအချိန်တွင် သူတို့ရှေ့၌ မျက်ဝါးထင်ထင် ထွက်ပေါ်လာနေခဲ့လေပြီ။
“မရဏသားရဲ…” ကဝေနတ်ဆိုး၏ ကြောက်လန့်တကြားအော်ဟစ်သံ ဟိန်းထွက်လာခဲ့သည်။ ယခုလေးတင်မှ အနည်းငယ် အဆင်ပြေလာသော ကဝေနတ်ဆိုးမှာ မရဏသားရဲကို မြင်ပြီးသည့်နောက် မျက်နှာတစ်ပြင်လုံး သွေးမရှိတော့သည့်အလား ဖြူလျော်သွားကာ မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားခဲ့လေသည်။
အခြားသော နတ်ဆိုးဘုရင်များမှာ ကဝေနတ်ဆိုးနှင့်စာလျှင် အခြေအနေ ပိုကောင်းနေသေးပါသော်ငြား သူတို့အားလုံးမှာလည်း အကြောက်ကြီးကို ကြောက်နေကြလေသည်။ ထိတ်လန့်တုန်လှုပ်မှုတို့သည် နတ်ဆိုးဘုရင်များ၏ ရင်ထဲ စတင်၍ ထွက်ပေါ်လာကုန်ကြပြီး အကုန်လုံးမှာ စိတ်ကို တည်ငြိမ်အောင် မထိန်းနိုင်တော့အောင်ကို ဖြစ်နေကြသည်။
သေသွားပြီဟု ထင်မှတ်ရသော ဒဏ္ဍာရီလာ မွန်းစတားသားရဲကြီးသည် သူတို့ရှေ့တွင် ရုတ်တရက်ကြီး ပြန်ပေါ်လာခဲ့သည်။ မရဏသားရဲ အသက်ရှင်နေသေးသည့် ကိစ္စနှင့်ပတ်သက်၍ နတ်ဆိုးဘုရင်များမှာ လုံးဝကို မယုံကြည်နိုင်အောင် ဖြစ်နေကြလေသည်။ တကယ်တော့ နတ်ဆိုးမျိုးနွယ်စု၏ သမိုင်းမှတ်တမ်းများအရ မရဏသားရဲသည် ပျက်စီးခြင်းကို ကိုယ်စားပြုသည့် သားရဲကြီးတစ်ကောင် မဟုတ်ပေလော။ နတ်ဆိုးနယ်မြေ၏ သုံးပုံတစ်ပုံလောက်မှာ ဤသားရဲကြီးကြောင့် ပျက်စီးသွားခဲ့ရခြင်း ဖြစ်ပေသည်။ လက်ရှိ ဆိုးရွားလှသော နတ်ဆိုးနယ်မြေ၏ ပတ်ဝန်းကျင်မှာလည်း ဤသားရဲကြီးနှင့် ပတ်သက်နေပေသေးသည်။
မရဏသားရဲ မည်ကဲ့သို့ အသက်ရှင်နေသေးကြောင်းကို နတ်ဆိုးဘုရင်များ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေကြလေသည်။ မရဏသားရဲသည် မဟာနတ်ဆိုးနတ်ဘုရားသတ်လိုက်၍ သေသွားပြီမဟုတ်လေလော။ သူတို့ကြားနေရသည့် ကောလဟာလများမှာ အမှန်တကယ်ကြီးများ ဖြစ်နေလေသလား။ မရဏသားရဲသည် သေချင်ယောင်ဆောင်၍ တစ်နေ့ သူတို့ဆီသို့ ပြန်လာရန် ကြံနေခြင်းပေလော။ ထိုသို့သာဆိုလျှင်တော့ ပြဿနာများသွားပြီဟု ပြော၍ရပေသည်။ လက်ရှိနတ်ဆိုးနယ်မြေသည် နည်းနည်းလေးမှ အထိခံ၍ မရတော့သည့် နယ်မြေတစ်ခု ဖြစ်နေလေပြီ။
ဤနေရာတွင်ရှိနေသော နတ်ဆိုးဘုရင်အားလုံးသည် ဤသားရဲကို မရဏသားရဲဟု ပြောနေခြင်းဖြစ်သည့်အတွက်ကြောင့် မည်သူမျှ အထင်မှားနေခြင်းမဟုတ်သည်မှာ သိသာလှသည်။ မရဏသားရဲသည် ပုံမှန်အားဖြင့် သာမန်သားရဲတစ်ကောင်ပုံစံသာ ပေါက်ပါသော်ငြား ၎င်း၏ သိသာထင်ရှားလှသည့် အချက်များမှာတော့ အခြား မည်သည့်သားရဲတွင်မှ မရှိသည့် အချက်များ ဖြစ်ပေသည်။
တစ်နည်းဆိုရသော် ဤ အလွန်ကိုမှ သာမန်ဖြစ်သယောင်ထင်ရသော ခွေးပေါက်လေးသည် ကျိန်းသေကို မရဏသားရဲဖြစ်ပေသည်။ ထို နတ်ဆိုးနယ်မြေတစ်ခုလုံးကို ဆိုးဆိုးရွားရွားဖြစ်အောင် လုပ်သွားခဲ့သည့် ကြောက်မက်ဖွယ်ရာ သားရဲကြီးဖြစ်လေသည်။
(ဒီလူသား ဒါကြောင့် မရဏသားရဲအကြောင်းကို သိချင်နေတာကိုး…) ဤလူသားမှ သူသည် မရဏသားရဲတစ်ကောင်ကို ပျိုးထောင်နေသည်ဟု ပြောခြင်းမှာ အလကားသက်သက် လျှောက်ပြောနေခြင်းမဟုတ်။ ဤလူသားသည် တကယ်ကြီးကို မရဏသားရဲအား ပျိုးထောင်နေခြင်း ဖြစ်လေသည်။
ထိုအချက်ကို စဉ်းစားမိလိုက်သည့်အခိုက် နတ်ဆိုးဘုရင်များ၏မျက်နှာ ဒယ်အိုးဖင်နှယ် မည်းမှောင်သွားကုန်ကြလေသည်။
နတ်ဆိုးဘုရင်အားလုံးသည် ရန်ကိုင်အား ကြောက်ကြောက်ရွံ့ရွံ့ဖြင့် မရဏသားရဲနှင့် ပတ်သက်သည့် အကြောင်းစုံကို ထုတ်ပြောခဲ့ကြလေသည်။
ထို့အတွက်ကြောင့် မရဏသားရဲနှင့် ပတ်သက်၍ အရေးကြီးသည့် အကြောင်းအရာများကို ပြောလိုက်မိသော နတ်ဆိုးဘုရင်များမှာ ပို၍ပင် နောင်တရနေကြလေသည်။ ထိုကဲ့သို့သော စကားမျိုးကို ပြောခဲ့သည့် သူတို့ပါးစပ်ကိုပင် သူတို့ ပြန်ဖြတ်ရိုက်ချင်စိတ်များ ထွက်ပေါ်လာရလေသည်။
နတ်ဆိုးဘုရင်များ ထိတ်လန့်တုန်လှုပ်နေစဉ်မှာပင် ခွေးပေါက်လေးသည် သွေးနတ်ဆိုးအား ဝါးမျိုလို့ ပြီးသွားခဲ့လေပြီ။ ခွေးပေါက်လေး၏ ပါးစပ်မှာလည်း ပုံမှန်အရွယ်အစားသို့ ပြန်ပြောင်းသွားခဲ့ပြီး ခွေးပေါက်လေးသည် ကျေနပ်နေသည့်အမူအယာဖြင့် ရှိနေလေ၏။ သွေးနတ်ဆိုးကို ဝါးမျိုပြီးသည့်နောက် ခွေးပေါက်လေး၏ကိုယ်ထက်တွင် ရှိနေသော ရေခဲစများမှာ အငွေ့ပျံ ပျောက်ကွယ်ကုန်ကြပြီး ခွေးပေါက်လေးဆီမှ အေးစက်စက်ချီတို့ ဖြာထွက်လာခဲ့လေရာ ပတ်ဝန်းကျင်အပူချိန်မှာ သိသိသာသာကို ထိုးကျသွားခဲ့ရသည်။
ထို့အပြင် ခွေးပေါက်လေးမှ သွေးနတ်ဆိုးကို ဝါးမျိုလိုက်သည့်အခိုက် ၎င်း၏အဆင့်သည် အဆင့်ခြောက်မွန်းစတားသားရဲတစ်ကောင်၏ အဆင့်သို့ ရောက်ရှိသွားကြောင်းကို ရန်ကိုင် သေချာ သတိထားမိလိုက်လေသည်။
သွေးနတ်ဆိုးအား ဝါးမျိုပြီးသည့်နောက် ခွေးပေါက်လေးမှာ ယခင်ကလောက် အားနည်းခြင်း မရှိတော့ချေ။ ယခင်ကနှင့်စာလျှင် အများကြီး ပိုအဆင်ပြေလာပြီး ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာရင်းမှ နတ်ဆိုးဘုရင်များအား ၎င်း၏မျက်လုံးကြီးများဖြင့် ဝေ့ကြည့်လိုက်လေသည်။
“ဟမ်…” ကျုချင်းသည် ခွေးပေါက်လေးအား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်လေသည်။ နတ်ဆိုးဘုရင်တစ်ပါးကို ဝါးမျိုလိုက်ခြင်းသည် ခွေးပေါက်လေးအပေါ် ဤမျှ အကူအညီ ဖြစ်စေလိမ့်မည်ဟု သူမ မထင်ထားသည့်ပုံပင်။
ရန်ကိုင်က ရှင်းပြလိုက်လေ၏။ “ဒီကောင်လေးက နတ်ဆိုးနယ်မြေက သားရဲတစ်ကောင်ပဲ… နတ်ဆိုးနယ်မြေမှာ တော်တော်လေး နာမည်ကျော်တယ်လို့ ပြောလို့ရတယ်… ဒီနတ်ဆိုးဘုရင်တွေပြောတာတော့ အဲ့ခွေးပေါက်လေးရဲ့ကိုယ်ထဲမှာ ဟင်းလင်းပြင်တစ်ခု ရှိတယ်တဲ့… အဲ့ကောင်က သူဝါးမျိုလိုက်တဲ့အရာတွေအကုန်လုံးကို အဲ့ဟင်းလင်းပြင်ထဲမှာ သွားထည့်သိမ်းထားတာ… ပြီးတော့ သူက နတ်ဆိုးမျိုးနွယ်စုနဲ့ ပတ်သက်တဲ့ဟာတွေမှန်သမျှကို ဝါးမျိုနိုင်တယ်.. အဲ့လိုဝါးမျိုလိုက်ပြီဆိုရင် သူ့ခွန်အားက ပိုပြီးတော့ တိုးလာတယ်…”
ကျုချင်းက တွေးတွေးဆဆဖြင့် ပြောလိုက်သည်။ “ဒါဆိုလို့ရှိရင် သူ မျိုပစ်လိုက်တဲ့ ယင်လေတွေအကုန်လုံးကလည်း အဲ့ဟင်းလင်းပြင်ထဲမှာ ရှိနေတာလား…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “အဲ့လိုဖြစ်လောက်တယ်… ပြီးတော့ အဲ့ဟင်းလင်းပြင်က သူ့ခွန်အားနဲ့လည်း သက်ဆိုင်နေသေးတယ်… သူသာ အရမ်းကြီး အားမကောင်းဘူးဆိုရင် အဲ့ဟင်းလင်းပြင်ရဲ့အရွယ်အစားက သေးသေးလေးပဲ…. ဒီတော့ အတိုင်းအတာတစ်ခုအထိ ဝါးမျိုပြီးသွားရင် ဆက်ပြီးတော့ မဝါးမျိုနိုင်တော့ဘူး…”
“တကယ်ကို အံ့ဩဖို့ကောင်းတာပဲ…” ကျုချင်း အံ့အားသင့်နေခဲ့လေသည်။ ယခုအချိန်တွင်တော့ ကျုချင်းကိုယ်တိုင်မှာလည်း ခွေးပေါက်လေးအား နောက်တစ်ကြိမ် သေသေချာချာ ပြန်လည်စစ်ဆေးကြည့်နေမိလေသည်။ ယင်လေတောင်တွင် သူမတို့ကြုံခဲ့ရသည့် ယင်လေမှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုအေးစက်လှသည့် ရေခဲနတ်ဆိုးချီတို့မှာ အပေါ်သို့ရောက်လာသည့်အလျောက် ပိုပို၍ ပြင်းထန်လာကာ သူမနှင့် ရန်ကိုင်သည်ပင်လျှင် ထိုရေခဲနတ်ဆိုးချီများကို ခုခံနိုင်ခဲ့ခြင်း မရှိချေ။ သို့သော်ငြား ခွေးပေါက်လေးသည် ထိုရေခဲနတ်ဆိုးချီများကို ဝါးမျိုရင်းမှ သူမတို့အား ယင်လေတောင်ပေါ်သို့ နောက်ထပ် မီတာတစ်ထောင်ခန့် ထပ်တက်နိုင်အောင် ကူညီပေးနိုင်ခဲ့သည်။
“ဒီတော့ မင်းက သူ ငါတို့ကို ယင်လေတောင်ထိပ်ဖျားကို ခေါ်သွားပေးနိုင်တဲ့ထိ အားကောင်းလာအောင် လုပ်ချင်တာလား…” ကျုလဲ့က မျက်မှောင်ကျုံ့၍ မေးလိုက်လေသည်။ ယခုအချိန်တွင်တော့ ရန်ကိုင် ဘာလုပ်ချင်နေသလဲဆိုသည်ကို သူသိသွားခဲ့လေပြီ။ ယခုနေမှ မသိသေးလျှင်တော့ သူ အလွန်ကိုမှ တုံးအသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
“ဟုတ်တယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “အခုလောလောဆယ် အားဝမ်က ငါတို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲ… အားဝမ်သာ လုံလောက်အောင် အားကောင်းနေလို့ရှိရင် သူ့ဗိုက်ထဲက ဟင်းလင်းပြင်ကလည်း အကြီးကြီးဖြစ်နေမှာ… အဲ့ခါကြရင် ငါတို့ကို အပြင်ကို ခေါ်ထုတ်ပေးသွားနိုင်လိမ့်မယ်…”
ကျုလဲ့က တစ်ခဏမျှစဉ်းစားနေပြီးသည့်နောက် သဘောတူလိုက်သည်။ “ဟုတ်တယ်… ဒါ ငါတို့အတွက် မျှော်လင့်ချက်ပဲ… ဒါပေမယ့် အဲ့လိုမလုပ်ခင် ဒီကောင် အစားအများကြီး စားဖို့လိုသေးတယ်…” ထိုသို့ပြောပြီးသည့်နောက် ကျုလဲ့သည် နတ်ဆိုးဘုရင်များကို ဝေ့ကြည့်လိုက်လေသည်။
နတ်ဆိုးဘုရင်များစွာ၏ မျက်နှာများမှာမူ ခါးသက်သက်အမူအယာဖြင့် ရှိနေကြလေသည်။ သူတို့အနေဖြင့် ခုခံချင်ပါသော်ငြား ခုခံနိုင်စွမ်း ရှိမနေခဲ့။
ကဝေနတ်ဆိုးမှာမူ မြေပြင်ထက် ထိတ်လန့်တုန်လှုပ်စွာဖြင့် ထိုင်နေလေ၏။ သူမအား ဤကဲ့သို့သော ကံကြမ္မာမျိုးမှ စောင့်ကြိုနေလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်းမရှိချေ။ ယခုအခြေအနေမှ မည်ကဲ့သို့ အသက်ရှင်နိုင်တော့မလဲ ဆိုသည်ကို ခေါင်းခြောက်မတတ် စဉ်းစားခဲ့ပါသော်ငြား အဖြေရမလာခဲ့။ သွေးနတ်ဆိုးကြောင့်သာ မဟုတ်လျှင် သူမအနေဖြင့် ရန်ကိုင်အား ဖျားယောင်းသွေးဆောင်ရန် ကြိုးစားနိုင်ပေသေးသည်။ သို့သော်ငြား အစောပိုင်းကတိုက်ပွဲသည် သူမအား အတော်လေးကိုမှ ဆိုးဆိုးရွားရွား ထိခိုက်သွားစေလေရာ ကဝေနတ်ဆိုးအဖို့ ပြန်ကောင်းလာလိုပါက တစ်လနှစ်လခန့် အချိန်ယူရနိုင်ပေသည်။ သို့သော်ငြား ကံကြမ္မာသည် သူမအား ဤမျှ အချိန်မပေးခဲ့ပေ။
ရန်ကိုင်က ထပ်ပြောလိုက်သည်။ “ဒါက ငါ့ခန့်မှန်းချက်သက်သက်ပဲ ရှိသေးတယ်… တကယ်အလုပ်ဖြစ်မဖြစ်ကို သေချာသွားအောင် အတည်ပြုကြည့်ရဦးမယ်…”
“ဘယ်လိုအတည်ပြုမှာလဲ…” ကျုချင်းက မေးလိုက်သည်။
ရန်ကိုင်က ပြုံး၍ ခွေးပေါက်လေးကို ဆွဲယူလိုက်လေသည်။ ခွေးပေါက်လေးမှာတော့ ကြောင်တောင်တောင်အမူအယာဖြင့်သာ ရှိနေလေ၏။
“အဲ့လူတွေကို သေချာကြည့်ထား… ဘယ်သူ့ကိုမှ ထွက်သွားခွင့်မပေးနဲ့…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့လေ၏။
ကျုလဲ့သည် တွေးတွေးဆဆဖြင့် ယင်လေတောင်ရှိရာဆီသို့ လှမ်းကြည့်လိုက်သည်။
တစ်ခဏအကြာတွင် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ထိုင်ချလိုက်လေသည်။
ကဝေနတ်ဆိုးမှာတော့ ပျာယာကို ခတ်နေလေ၏။ သူမစိတ်ထဲ ထွက်ပြေးချင်နေပါသော်ငြား ထွက်ပြေးရဲသည့်သတ္တိ သူမတွင် ရှိမနေခဲ့ပေ။ ထို့အတွက်ကြောင့် အားတင်းကာ ထရပ်၍ အခြားသောနတ်ဆိုးဘုရင်များဆီသို့သာ လျှောက်သွားလိုက်ရသည်။
ထိုသို့သွားနေရင်းမှ ကဝေနတ်ဆိုးသည် ကျုလဲ့အား လှမ်းလှမ်း၍ ကြည့်နေခဲ့သည်။ ကျုလဲ့ သူမအား တားမည့်အရိပ်အယောင်ကို မမြင်သည့်အခါမှသာ စိတ်သက်သာရာ ရသွားခဲ့ရသည်။
နတ်ဆိုးဘုရင်များမှာမူ အချင်းချင်း ကောင်းကင်စိတ်အာရုံဖြင့် ဆက်သွယ်နေကြလေသည်။ ဤအရေးမှ မည်ကဲ့သို့ အသက်ရှင်အောင် လုပ်ရမလဲဆိုသည်ကို ဆွေးနွေးတိုင်ပင်နေကြသည့်ပုံပင်။
မကြာမကြာဆိုသလို နတ်ဆိုးဘုရင်များဆီမှ မှိန်ဖျသည့် သတ်ဖြတ်လိုစိတ်တို့ ထွက်ပေါ်လာခဲ့သည်။
တကယ်တော့ နတ်ဆိုးဘုရင်များသည် အားနည်းသူများမဟုတ်ကြ။ သူတို့သည်သာ ဘာမှပြန်မလုပ်ပဲ ငြိမ်ခံနေမည်ဆိုပါက မရဏသားရဲ၏အစာ ဖြစ်လာရပေလိမ့်မည်။
နတ်ဆိုးအမျက်မြို့တော် ဒွိလောကကမ္ဘာကြီးထဲ တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်း သိန်းနှင့်ချီနေခဲ့လေပြီ။ ထိုအချိန်အတောအတွင်း နတ်ဆိုးမျိုးနွယ်စုဝင်များသည် လူသားအင်ပါယာမြို့တော်နှင့် အဆက်မပြတ် တိုက်ပွဲဖြစ်နေခဲ့ကြရသည်။ သို့တိုင် ယခုကဲ့သို့သော သေရေးရှင်ရေးအခြေအနေမျိုးနှင့် တစ်ခါမှ ကြုံခဲ့ရဖူးခြင်း မရှိချေ။
ယနေ့တွင်တော့ ဘယ်ကမှန်းမသိ ရုတ်တရက်ပေါ်လာသည့် ထူးဆန်းသောလူသားသည် သူတို့အား လုံးဝကို ထိတ်လန့်ခြောက်ခြားသွားအောင် လုပ်နေခဲ့လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၈၃)
ဘာသာပြန်သူ_တိမ်တိုက်
နတ်ဆိုးဘုရင်များ အချင်းချင်း ဆွေးနွေးတိုင်ပင်နေကြစဉ် ကျုမောင်နှမမှာတော့ အေးအေးဆေးဆေးသာ ရှိနေကြလေသည်။ လက်ရှိ လီကျောက်မှာတော့ ဂိုဏ်းချုပ်တစ်ဦးပုံစံနှင့်ပင် မတူတော့။ သူ့စိတ်ထဲ နဂါးနှစ်ကောင်ကို အတတ်နိုင်ဆုံး သွားရောက်ဖားယားချင်ပါသော်ငြား နဂါးနှစ်ကောင်ကို သွားစကားမပြောရဲသည့်အတွက်ကြောင့် ပြဿနာတက်နေရလေ၏။
တစ်နာရီခန့် ကြာပြီးသည့်နောက် ရန်ကိုင် ရုတ်တရက် ပေါ်လာခဲ့လေသည်။ ရန်ကိုင်သယ်လာသည့် ခွေးပေါက်လေးမှာ အခြေအနေ သိပ်မဟန်လှပါသော်ငြား ရန်ကိုင်ကိုယ်တိုင်မှာမူ ဝမ်းသာအားရ ဖြစ်နေခဲ့သည်။
ရန်ကိုင်၏ပုံစံကို မြင်ပြီးသည့်နောက် ရန်ကိုင်၏ခန့်မှန်းချက်မှာ မှန်ကန်သွားပြီဖြစ်ကြောင်းကို ကျုချင်းနှင့် ကျုလဲ့တို့နှစ်ဦးစလုံး ချက်ချင်း သိလိုက်ကြသည်။ ထိုသို့သာမဟုတ်ပါက ရန်ကိုင် ထိုကဲ့သို့ ဝမ်းသာနေလိမ့်မည်မဟုတ်ချေ။ နှစ်ဦးစလုံးမှာလည်း ကြိတ်၍ ဝမ်းသာသွားကြလေ၏။
ရန်ကိုင်တို့မှာ ပျော်နေပါသော်ငြား နတ်ဆိုးဘုရင်များမှာတော့ ထိတ်လန့်တုန်လှုပ်နေကြလေသည်။
လက်ရှိအချိန်တွင် ရန်ကိုင်၏ လက်ထဲတွင် ရှိနေသော မရဏသားရဲ၏ကိုယ်ထက်တွင် ရေခဲစများ ရှိနေခဲ့လေသည်။ သူတို့၏ ယခင်အတွေ့အကြုံအရ ထိုရေခဲစများကို ဖယ်ရှားဖို့ရာမှာ လွယ်ကူပေသည်။ သို့သော်ငြား ထိုနည်းလမ်းသည် နတ်ဆိုးဘုရင်များ မျှော်လင့်နေသည့် အရာတော့ မဟုတ်ပေ။
ရန်ကိုင်သည် ကျုချင်းအား ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် သားသတ်သမားတစ်ဦးပမာ နတ်ဆိုးဘုရင်အုပ်ကြီးအား ဝေ့ကြည့်လိုက်လေသည်။ ကျုလဲ့နှင့် ကျုချင်းတို့မှာလည်း ထိုင်ရာမှ ထ၍ ရန်ကိုင်တို့သုံးဦးသည် တြိဂံပုံစံမျိုးဖြင့် နတ်ဆိုးဘုရင်များကို ဝိုင်းထားလိုက်ကြသည်။
လီကျောက်မှာလည်း တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ချက်ချင်းပဲ သူ၏ ဧကရာဇ်ဖိအားကို ထုတ်လွှတ်၍ ခက်ထန်သည့် အမူအယာဖြင့် နတ်ဆိုးဘုရင်များကို စိုက်ကြည့်လိုက်လေ၏။
“ဆရာတို့… ကျေးဇူးပြုပြီး ခဏလောက်နေပါဦး…” ကဝေနတ်ဆိုးက ရှေ့တက်၍ အလျင်စလို ပြောလိုက်လေသည်။ “ဆရာတို့ ဒီကနေထွက်သွားလို့ရအောင် မရဏသားရဲကို ပိုသန်မာလာအောင် လုပ်ပေးနိုင်မယ့် နည်းလမ်းတစ်ခုကို ကျွန်မတို့ စဉ်းစားထားပါတယ်…”
“အို…” ရန်ကိုင် မျက်ခုံးပင့်သွားပြီးသည့်နောက် စိတ်အားထက်သန်စွာဖြင့် “ခင်ဗျားတို့ စိတ်လိုလက်ရ ပူးပေါင်းလာတာ တကယ်စိတ်ဝင်စားစရာပဲ… ဒါပေမယ့် ကျုပ်က ခင်ဗျားတို့ရဲ့ဆန္ဒကို မဖြည့်ဆည်းပေးရင် အဆင်ပြေမှာမဟုတ်ဘူး… ကဲ… ဒီတော့ ဘယ်သူ အရင်ဆုံးသေချင်လဲ…”
ကဝေနတ်ဆိုးသည် နဖူးထက်ဝေ့သီလာသော ချွေးအေးများကို သုတ်လိုက်ရင်းမှ ချက်ချင်းပဲ အားတင်းပြုံး၍ ပြန်ပြောလိုက်လေသည်။ “မရဏသားရဲက နတ်ဆိုးမျိုးနွယ်နဲ့ ပတ်သက်တဲ့ အရာမှန်သမျှကို စားသုံးတာ ဆရာ… ဒီတော့ နတ်ဆိုးချီကိုစားရင်လည်း သူ့ခွန်အားက တိုးတက်လာနိုင်တယ်… ကျွန်မတို့နတ်ဆိုးတွေကို စားမှမဟုတ်ဘူး…”
“ကျုပ်သိတယ်…” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် “ဒါပေမယ့် ခင်ဗျားတို့တွေကို စားလိုက်တာက အထိရောက်ဆုံးနဲ့ အလွယ်ဆုံးနည်းလမ်းပဲလေ…”
ကဝေနတ်ဆိုးက ပြန်ပြောလိုက်သည်။ “အလွယ်ဆုံးကတော့ ဟုတ်ပါတယ်… ဒါပေမယ့် အထိရောက်ဆုံးတော့မဟုတ်ဘူး…”
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးရင်းမှ ပြန်မေးလိုက်သည်။ “ဘယ်လိုလုပ်ပြီး မထိရောက်ရမှာလဲ…”
ကဝေနတ်ဆိုးသည် စိတ်ကို တင်းထားရင်းမှ ပြန်ပြောလိုက်သည်။ “ကျွန်မတို့နတ်ဆိုးအမျက်မြို့တော်တစ်မြို့လုံးမှာ ဒီနတ်ဆိုးဘုရင်တွေပဲရှိတာ… ဒီကနတ်ဆိုးဘုရင်တွေကုန်သွားလို့ မရဏသားရဲက ဆရာတို့ကို ဒီကနေထွက်သွားအောင် လုပ်ပေးနိုင်မယ့်ခွန်အားကို ရမလာခဲ့ရင် ဆရာတို့ ဘာလုပ်မှာလဲ…”
ရန်ကိုင်က မျက်မှောင်ကျုံ့၍ ပြန်ပြောလိုက်သည်။ “ဒီမြို့ထဲမှာ နတ်ဆိုးဘုရင်တွေဆိုလို့ ခင်ဗျားတို့ပဲ ရှိတာဆိုပေမယ့် အခြားနတ်ဆိုးတွေ ရှိနေသေးတယ်လေ… သူတို့ကိုပါ ထပ်ပြီးတော့ စားလိုက်ရင် အဆင်ပြေသွားမှာပေါ့…”
ကဝေနတ်ဆိုးက ဆက်ပြောလိုက်သည်။ “အဲ့နတ်ဆိုးတွေက ကျွန်မတို့နဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ ဆရာရယ်… ဆရာလည်း ပညာရှင်တစ်ယောက်ပဲ… ဒီတော့ ကျွန်မတို့ကြားက ခွန်အားကွာခြားချက်ကို အရေအတွက်နဲ့ ဖာထေးလို့မရဘူးဆိုတာကို သိမှာပေါ့…”
ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။ “ခင်ဗျားပြောတာ ယုတ္တိရှိတယ်… ကောင်းပြီလေ… ခင်ဗျားတို့စဉ်းစားထားတဲ့နည်းလမ်းကို တစ်ချက်ပြောပြကြည့်…”
ကဝေနတ်ဆိုး အံ့အားသင့်သွားခဲ့ပြီး ချက်ချင်းပဲ ပြန်၍ပြောလိုက်လေသည်။ “လူသားတွေကြားမှာ ဆိုရိုးစကားတစ်ခုရှိတာကို ကျွန်မသိတယ်… ငန်းဥ ဥပေးတဲ့ ငန်းကို မသတ်နဲ့တဲ့… အခုကြုံနေရတဲ့အဖြစ်ကလည်း အဲ့အတိုင်းပဲ… ဆရာက ငန်းဥတွေကို လိုချင်လို့ရှိရင် အဲ့ဥတွေကို ဥပေးတဲ့ ငန်းတွေကို သတ်လို့မဖြစ်ဘူးလေ…”
“ခင်ဗျားတို့က ဥ ဥပေးတဲ့ ငန်းတွေ ဖြစ်မှာမို့လို့လား…”
ကဝေနတ်ဆိုးက ပြုံးလျက် “ဒါပေမယ့် တိုက်ရိုက်သေသွားတာထက်စာရင်တော့ ငန်းဖြစ်ရတာ ပိုအဆင်ပြေတာပေါ့… ကျွန်မတို့အကုန် ပူးပေါင်းပြီးတော့ မရဏသားရဲကို ကျွန်မတို့ရဲ့ နတ်ဆိုးချီကို ကျွေးပါ့မယ်… အဲ့နည်းလမ်းက ကျွန်မတို့ကို တိုက်ရိုက်စားပစ်လိုက်တာလောက် မမြန်ဘူးဆိုပေမယ့် အရမ်းကြီးတော့လည်း မဆိုးပါဘူး… သူ့အနေနဲ့လည်း တောက်လျှောက်ကို နတ်ဆိုးချီတွေ အဆက်မပြတ် ရနေမှာလေ… ကျွန်မတို့သာ အသက်ရှင်နေသေးသရွေ့ မရဏသားရဲက သူကြီးထွားဖို့လုံလောက်တဲ့ နတ်ဆိုးချီတွေကို အဆက်မပြတ်ရနေမှာ… ဒီတော့ ဆရာလည်း သေသေချာချာစဉ်းစားကြည့်ပေါ့… ဒီနည်းလမ်းက ပထမနည်းလမ်းထက် ပိုကောင်းလား မကောင်းလားဆိုတာ…”
ရန်ကိုင်က နှာခေါင်းရှုံ့လိုက်ပြီး ထူးမခြားနားဟန်ဖြင့် ပြန်မေးလိုက်လေသည်။ “ဒါပေမယ့် ကျုပ်က ဥဥပေးတဲ့ငန်းတွေကို သတ်ချင်နေသေးတယ်ဆိုရင်ရော…”
ကဝေနတ်ဆိုးသည် အောက်နှုတ်ခမ်းလေးကို ကိုက်ရင်းမှ အခြားသောနတ်ဆိုးဘုရင်များကို ကြည့်လိုက်သည်။ ထို့နောက် ပြန်၍ပြောလိုက်လေသည်။ “ဆရာက ကျွန်မတို့ကို သတ်ချင်နေသေးတယ်ဆိုရင်တော့ ကျွန်မတို့ဘက်ကလည်း ပြန်တိုက်ခိုက်ရမှာပေါ့… ကျွန်မတို့ ဆရာတို့ကို နိုင်မှာမဟုတ်မှန်း သိတယ်… ဒါပေမယ့် ကျွန်မတို့အားလုံးသာ သေသွားခဲ့မယ်ဆိုရင် မရဏသားရဲလည်း ဘာအကျိုးအမြတ်မှ ရတော့မှာမဟုတ်ဘူး… ဆရာ မသိလောက်ဘူးလို့ ထင်တယ်နော်… မရဏသားရဲက အရှင်ကိုပဲစားတာ… အသေတွေမစားဘူး…”
ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်အား စိုးရိမ်တကြီးဖြင့် ကြည့်လိုက်လေသည်။ အခြားသောနတ်ဆိုးဘုရင်များသည်လည်း တိတ်နေကြလေ၏။
ရန်ကိုင်၏မျက်နှာ လေးနက်တည်ကြည်လာခဲ့လေသည်။ တစ်ခဏမျှ စဉ်းစားပြီးသည့်နောက် တစ်ခုခုနားလည်သွားဟန်ဖြင့် “အရင်တုန်းက ဒီကောင် အဲ့နတ်ဆိုးတွေကို မစားတာ မဆန်းတော့ပါဘူး… ဒီကောင်က တော်တော် အစားကြေးများတဲ့ကောင်ပဲ…”
ရန်ကိုင်၏စကားကြောင့် ကဝေနတ်ဆိုး ကြောင်သွားခဲ့လေသည်။ ရန်ကိုင် မျက်နှာတည်ကြီးဖြင့် စဉ်းစားနေသည်ကိုမြင်သော် ရန်ကိုင်များ သူမ၏ ကမ်းလှမ်းချက်ကို တကယ်အလေးထား စဉ်းစားနေသလားဟု တွေးမိသွားခဲ့သည်။ သို့သော်ငြား ရန်ကိုင် ဤကဲ့သို့သော ဘာမဆိုင် ညာမဆိုင် အကြောင်းအရာကြီးကို ရုတ်တရက် ထပြောလာလိမ့်မည်ဟု ထင်ထားခြင်းမရှိပေ။
ကဝေနတ်ဆိုးမှ ပြန်ပြောတော့မည်အပြု ရန်ကိုင်က ဆက်၍ပြောလိုက်သည်။ “ကျုပ် ခင်ဗျားတို့ရဲ့ကမ်းလှမ်းချက်အတိုင်း ခင်ဗျားတို့ကို မသတ်ပဲ ထားပေးလို့ရတယ်… တကယ်တော့ တစ်မြို့လုံးကနတ်ဆိုးတွေအကုန်လုံးကို သတ်ပစ်လိုက်တာက ကောင်းကင်အလိုကို ဆန့်ကျင်နေတာပဲလေ… ဒီတော့ အခြားနည်းလမ်းတစ်ခု ရှိနေလို့ရှိရင် ဒီသခင်လေး ခင်ဗျားတို့အကုန်လုံးကို ရှင်းမပစ်ချင်ဘူး… ဒါပေမယ့် ခင်ဗျားတို့သေမလားရှင်မလားဆိုတာကတော့ ခင်ဗျားတို့ရဲ့စွမ်းဆောင်ရည်ပေါ် မူတည်နေမှာနော်…”
ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ခွေးပေါက်လေးကို ပစ်ပေးလိုက်လေသည်။
ခွေးပေါက်လေး သူတို့ဆီသို့ ပျံသန်းလာနေသည်ကိုမြင်သော် နတ်ဆိုးဘုရင်များ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပြီး ချက်ချင်း အလိုလို ရှောင်မိလိုက်ကြသည်။ ခွေးပေါက်လေးမှာ သွေးနတ်ဆိုးအား တစ်ချက်တည်း ဝါးမျိုသွားသည်ကို မြင်ပြီးသည့်နောက် နတ်ဆိုးဘုရင်များအားလုံးကို ခွေးပေါက်လေးကို အတော်လေး လန့်နေကြလေ၏။
နောက်ဆုံးတွင်တော့ ကဝေနတ်ဆိုးမှာ အခြားနတ်ဆိုးဘုရင်များထက် ပို၍ အားကိုးရသည်ဟု ပြော၍ရပေမည်။ အားအနည်းဆုံးဖြစ်သည့်တိုင် ရဲရဲတင်းတင်းဖြင့် ခွေးပေါက်လေးကို သွားဖမ်းလိုက်သည်။
ခွေးပေါက်လေးမှာလည်း ကဝေနတ်ဆိုး သူ့ဆီသို့ ရောက်လာသည်ကို မြင်သည်နှင့်တစ်ပြိုင်နက် ၎င်း၏ပါးစပ်ကို အကျယ်ကြီး ဟလိုက်ရာ ကဝေနတ်ဆိုးမှာ သွေးပျက်မတတ် ကြောက်လန့်သွားခဲ့ပြီး တစ်ကိုယ်လုံး ပျော့ခွေသွားခဲ့လေသည်။ သူမအနေဖြင့် ထွက်ပင်မပြေးနိုင်တော့ဘဲ ခွေးပေါက်လေး သူမအား ဝါးမျိုသွားမည်ကိုသာ ကြည့်နေရလေ၏။
ထိုစဉ် ရန်ကိုင်သည် ခွေးပေါက်လေး၏ခေါင်းကို ကောက်ရိုက်ချလိုက်ရာ ခွေးပေါက်လေးသည် တအီအီမြည်သံပြုလျက် ၎င်း၏ပါးစပ်လေးကို ချက်ချင်း ပြန်ပိတ်လိုက်လေသည်။ ထိုအခါမှသာလျှင် ကဝေနတ်ဆိုးလည်း သက်ပြင်းချနိုင်တော့သည်။
“နင် သူ့ကို စားလို့မရဘူး…” ရန်ကိုင်က အလေးအနက်အမူအယာဖြင့် “ရူးချင်ယောင်ဆောင်မနေနဲ့… စားလို့မရဘူးဆို စားလို့မရဘူးပဲ…”
ခွေးပေါက်လေး၏မျက်နှာ ညှိုးကျသွားခဲ့သည်။
“ကဲ… အခု အဆင်ပြေသွားပြီ…” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ကဝေနတ်ဆိုးကို လှမ်းကြည့်လိုက်လေသည်။
ကဝေနတ်ဆိုးမှာတော့ ရပ်နေသည့်နေရာတွင်သာ တောင့်တောင့်ကြီး ဖြစ်နေသေး၏။ အချိန်အတန်ကြာသွားသည့်အခါမှသာ အသိပြန်ဝင်လာခဲ့ပြီး ပြန်၍ပြောလိုက်လေသည်။ “ကျွန်မ နည်းနည်း နုံးချင်သလို ဖြစ်နေပြီ… ရှင်တို့ထဲက ဘယ်သူ အရင်လာချင်လဲ…”
နတ်ဆိုးဘုရင်များသည် တုံ့ဆိုင်းနေသည့်အမူအယာများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေကြလေသည်။ အဆုံးတွင် အရိုးနတ်ဆိုးတစ်ကောင် ရှေ့သို့ထွက်လာပြီး ပြောလိုက်လေ၏။ “ငါ အရင်သွားလိုက်မယ်…”
ထိုသို့ပြောပြီးသည့်နောက်တွင် ခွေးပေါက်လေးဆီသို့ လျှောက်သွားလိုက်ပြီး သူ၏နတ်ဆိုးချီကို လှည့်ပတ်လိုက်လေသည်။ ချက်ချင်းဆိုသလို အရိုးနတ်ဆိုးဆီမှ သိပ်သည်းလှသည့် နတ်ဆိုးချီတို့ ဖြာထွက်လာပြီး ခွေးပေါက်လေးဆီသို့ တရဟော တိုးဝင်သွားလေ၏။
ခွေးပေါက်လေးမှာ ရုတ်တရက်ဆိုသလို စိတ်လှုပ်ရှားလာခဲ့ပြီး ၎င်း၏ပါးစပ်ကို အကျယ်ကြီး ဟလိုက်လေသည်။ အရိုးနတ်ဆိုးဆီမှ ဖြာထွက်နေသည့် နတ်ဆိုးချီအားလုံးမှာ ခွေးပေါက်လေး၏ပါးစပ်ထဲသို့ စီးဝင်သွားကုန်လေ၏။
ထိုသို့ဖြင့် အရိုးနတ်ဆိုးနှင့် ခွေးပေါက်လေးကြား အနက်ရောင်မျဉ်းကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး နတ်ဆိုးချီများမှာ ခွေးပေါက်လေး၏ကိုယ်ထဲသို့ အလျဉ်းမပြတ် စီးဝင်နေခဲ့လေသည်။ အရိုးနတ်ဆိုး၏ နတ်ဆိုးချီများကို စုပ်ယူနေသည်နှင့်အမျှ ခွေးပေါက်လေး၏ကိုယ်ထက်တွင်ရှိနေသော ရေခဲစတို့မှာလည်း စတင်၍ အရည်ပျော်ကျလာလေ၏။
အရိုးနတ်ဆိုး၏ကျင့်ကြံခြင်းမှာ မဆိုးလှချေ။ သူ့အရှိန်အဝါအရ အရိုးနတ်ဆိုးသည် ဧကရာဇ်ဒုတိယအဆင့်နှင့် တတိယအဆင့်ကြားတွင် ရှိနေသည်ဟု ပြော၍ရသည်။ ရှင်းရှင်းပြောရသော် အရိုးနတ်ဆိုးသည် မြို့ထဲရှိ ထိပ်တန်းနတ်ဆိုးဘုရင်ဆယ်ပါးအနက် တစ်ပါးအပါအဝင် ဖြစ်ရပေလိမ့်မည်။
သို့သော်ငြား ထိုကဲ့သို့သော နတ်ဆိုးဘုရင်သည်ပင်လျှင် အမွှေးတိုင်တစ်ချောင်းစာလောက်သာ တောင့်ခံနိုင်ခဲ့လေသည်။
အရိုးနတ်ဆိုးမှ နတ်ဆိုးချီများကို မည်မျှ ပို့လွှတ်နေစေကာမူ ခွေးပေါက်လေးသည် ထိုနတ်ဆိုးချီအားလုံးကို ပြောင်စင်အောင် စုပ်ယူသွားခဲ့သည်။ မသိလျှင် ၎င်း၏ဝမ်းဗိုက်သည် ဘယ်လောက်မျိုမျို မပြည့်နိုင်သည့် အဆုံးမဲ့တွင်းနက်ကြီးတစ်ခုပမာ။
အမွှေးတိုင်တစ်ချောင်းစာခန့် ကြာပြီးသည့်နောက် နတ်ဆိုးချီများကို တောက်လျှောက်ပို့လွှတ်ပေးနေရသည့် အရိုးနတ်ဆိုးမှာ ဒယီးဒယိုင် ဖြစ်သွားခဲ့လေသည်။ သူ့မျက်လုံးထဲရှိ အစိမ်းရောင်တစ္ဆေမီးတောက်တို့မှာလည်း သိသိသာသာကို မှိန်ကျသွားခဲ့သည်။ ဤသို့ဖြစ်ရခြင်းမှာ စွမ်းအင်အလွန်အကျွံ သုံးစွဲလိုက်ရသည့် အတွက်ကြောင့်ပင်။
အရိုးနတ်ဆိုးသည် ဒယီးဒယိုင်ဖြင့် ဘေးတစ်ဖက်ဆီသို့ လျှောက်သွားလိုက်ပြီးသည့်နောက် တင်ပလင်ခွေထိုင်ချကာ အားပြန်ဖြည့်လေ၏။
ပထမတစ်ဦးက နမူနာလုပ်ပြပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် အခြားသောနတ်ဆိုးဘုရင်များသည်လည်း ခွေးပေါက်လေးဆီသို့ တစ်ယောက်ချင်း လျှောက်သွားလိုက်ကြသည်။
ထိုသို့ဖြင့် ခွေးပေါက်လေးဆီသို့ တစ်ယောက်ချင်းလျှောက်သွားသည့် နတ်ဆိုးဘုရင်အားလုံးမှာ အားအင်ကုန်ခမ်းလုမတတ် နတ်ဆိုးချီများကို တောက်လျှောက် ထုတ်ပေးလိုက်ရသည်။
အားအကောင်းဆုံးသော နတ်ဆိုးသည်ပင်လျှင် အမွှေးတိုင်နှစ်ချောင်းစာခန့်သာ တောင့်ခံနိုင်ပြီးသည့်နောက် အားကုန်သွားခဲ့ရသည်။
သုံးနာရီခန့် ကြာပြီးသည့်နောက်တွင် နတ်ဆိုးဘုရင်အားလုံး မြေပြင်ပေါ်၌ တန်းစီကာ ထိုင်နေကြလေပြီ။
ရန်ကိုင်၏မျက်နှာမှာမူ သုန်မှုန်နေခဲ့သည်။ ခွေးပေါက်လေး ပို၍အားကောင်းလာမှန်း သိပါသော်ငြား လက်ရှိခွေးပေါက်လေး၏ခွန်အားသည် သူတို့အား ဤနေရာမှ ခေါ်ထုတ်သွားပေးနိုင်လောက်အောင် အားကောင်းခြင်း မရှိသေးချေ။
ကဝေနတ်ဆိုးသည် ရန်ကိုင်၏အမူအယာကို အဆက်မပြတ် အာရုံစိုက်နေခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်၏မျက်နှာ သုန်မှုန်နေသည်ကိုမြင်သော် ချက်ချင်းပဲ အားတင်း၍ ဝင်ပြောလိုက်လေ၏။ “ကျွန်မ မြို့ထဲမှာရှိတဲ့ အခြားနတ်ဆိုးဗိုလ်ချုပ်မှူးတွေအားလုံးကို ခေါ်လိုက်ပါမယ်… သူတို့တွေက အားနည်းတယ်ဆိုပေမယ့် အရေအတွက်များတော့ နည်းနည်းပါးပါးတော့ အကူအညီဖြစ်လောက်မှာပါ…”
ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ ထိုအခါ ကဝေနတ်ဆိုးသည်လည်း မြို့ထဲတွင်ရှိနေသော နတ်ဆိုးဗိုလ်ချုပ်မှူးအားလုံးကို ဆင့်ခေါ်လိုက်လေသည်။
မကြာမီတွင် မြို့ထဲမှ နတ်ဆိုးဗိုလ်ချုပ်မှူးများ တစ်ယောက်ပြီးတစ်ယောက် ရန်ကိုင်တို့ရှိနေရာအရပ်ဆီသို့ ရောက်လာကြလေ၏။
ကဝေနတ်ဆိုးပြောသကဲ့သို့ပင် နတ်ဆိုးဗိုလ်ချုပ်မှူးများမှာ နတ်ဆိုးဘုရင်များနှင့်ယှဉ်လိုက်သော် ပို၍အားနည်းပါသော်ငြား သူတို့၏အရေအတွက်မှာ နတ်ဆိုးဘုရင်များထက် အများကြီး ပိုများပေသည်။ ထို့အတွက်ကြောင့် အနည်းနှင့်အများတော့ ခွေးပေါက်လေးကို ပိုမိုအားကောင်းလာအောင် လုပ်ပေးနိုင်ပေလိမ့်မည်။
နတ်ဆိုးဗိုလ်ချုပ်မှူးများ ရောက်ရှိလာကြသည့်အခါ နတ်ဆိုးဘုရင်များ ဖြစ်ပျက်နေသည့်ပုံစံကို မြင်ပြီးသည့်နောက် အကုန်လုံး အံ့အားသင့်သွားကုန်ကြလေသည်။ တစ်ချိန်တည်းတွင်လည်း နတ်ဆိုးဗိုလ်ချုပ်မှူးများ၏ ရင်ထဲ စတင်၍ ထိတ်လန့်လာကြလေ၏။
ကဝေနတ်ဆိုးသည် အားအကောင်းဆုံးသော နတ်ဆိုးဗိုလ်ချုပ်မှူးတစ်ဦးကို သူမနားသို့ ခေါ်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။ ကဝေနတ်ဆိုးပြောသည်ကို ကြားပြီးသည့်နောက် ထိုနတ်ဆိုးဗိုလ်ချုပ်မှူး၏မျက်နှာ ဖြူလျော်သွားခဲ့လေ၏။ ထို့နောက်တွင် နတ်ဆိုးဗိုလ်ချုပ်မှူးမှာ ခွေးပေါက်လေးဆီသို့ လှမ်းကြည့်လိုက်လေသည်။
မကြာမီ နတ်ဆိုးဗိုလ်ချုပ်မှူးအားလုံး သူတို့အား ဘာကြောင့်ခေါ်လိုက်သလဲဆိုသည်ကို နားလည်သွားကုန်ကြလေသည်။
နတ်ဆိုးဘုရင်များသည်ပင်လျှင် ယခုကဲ့သို့ လုပ်ပေးနေခဲ့ရလေရာ သူတို့သည်လည်း မလုပ်ဘဲ နေလို့ရလိမ့်မည်မဟုတ်မှန်း သိနေကြသည်။ ထို့အတွက်ကြောင့် ခွေးပေါက်လေးရှေ့တွင် တန်းစီ၍ သူတို့၏ နတ်ဆိုးချီများကို ခွေးပေါက်လေးဆီသို့ ပို့လွှတ်ပေးလိုက်ကြလေသည်။
နတ်ဆိုးဗိုလ်ချုပ်မှူးများမှာ နတ်ဆိုးဘုရင်များထက် အများကြီးပိုဆိုးလှသည်။ ရှင်းရှင်းပြောရသော် နတ်ဆိုးဗိုလ်ချုပ်မှူးများမှာ တာအိုသခင်အဆင့်နှင့် ယှဉ်နိုင်သည့် နတ်ဆိုးများသာ ဖြစ်ကြသည့်အတွက်ကြောင့် ခွေးပေါက်လေးရှေ့တွင် တစ်ခဏလေးသာ တောင့်ခံနိုင်ခဲ့လေသည်။
ထိုသို့ဖြင့် နတ်ဆိုးဗိုလ်ချုပ်မှူးများ တစ်ယောက်ပြီးတစ်ယောက် အားကုန်ကုန်ကြလေ၏။
တစ်ရက်ကြာပြီးသည့်နောက်တွင် နတ်ဆိုးဗိုလ်ချုပ်မှူးများ၏အလှည့် ပြီးသွားခဲ့သည်။ လက်ရှိအချိန်တွင် မြေကွက်လပ်ကြီးထဲရှိ မြင်မြင်ရာနေရာအရပ်တွင် တင်ပလင်ခွေထိုင်နေသော နတ်ဆိုးမျိုးနွယ်စုဝင်များကို မြင်တွေ့နိုင်ကြပေသည်။
သို့သော်ငြား တစ်ရက်ဟူသော အချိန်ကာလသည် နတ်ဆိုးဘုရင်များအဖို့ အပြည့်အဝ အားပြန်ပြည့်ဖို့ရာ လုံလောက်ခြင်းမရှိပေ။
ခွေးပေါက်လေးမှာ စိတ်မရှည်ဟန်ဖြင့် ငြီးတွားလိုက်လေသည်။ သူ့အနေဖြင့် မွေးဖွားလာသည့်အချိန်မှစ၍ ဤမျှလောက် မြိန်ရေယှက်ရေ စားခဲ့ရဖူးခြင်းမရှိ။ နတ်ဆိုးချီများကို အဆက်မပြတ် စားနေရသည်မှာ နတ်ဆိုးဘုရင်များကို တိုက်ရိုက်စားရသည်လောက် အရသာမရှိပါသော်ငြား ဤနည်းလမ်းသည် သူ့အနေဖြင့် အဆက်မပြတ် စားနေနိုင်သည့် နည်းလမ်းမျိုး ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ခွေးပေါက်လေးမှာ အတော်လေးကိုမှ ဝမ်းသာကျေနပ် ဖြစ်နေမိသည်။
ပထမဦးဆုံးစားခဲ့သည့် အရိုးနတ်ဆိုးမှာ လူကုန်သွားပြီဖြစ်သည့်အတွက်ကြောင့် အားမပြည့်သေးသည့်တိုင် မူလလုပ်ခဲ့သည့်အတိုင်း ပြန်စလုပ်ရတော့လေသည်။
ရန်ကိုင်သည် ထိုမြင်ကွင်းတစ်ခုလုံးကို အေးစက်စက်အမူအယာဖြင့် စောင့်ကြည့်နေခဲ့သည်။ ယခုနည်းလမ်းသည် နတ်ဆိုးများအတွက် အတော်လေးကိုမှ ခံရခက်လိမ့်မည်မှန်း သူသိနေခဲ့လေသည်။ သူတို့အား ပေးထားသည့် အချိန်ပမာဏသည် နတ်ဆိုးမျိုးနွယ်စုဝင်များအဖို့ အားပြန်ပြည့်ရန် မလုံလောက်ချေ။ ထို့အတွက်ကြောင့် သူတို့အနေဖြင့် ခွေးပေါက်လေးဆီသို့ ပေးနိုင်မည့် နတ်ဆိုးချီမှာလည်း တဖြည်းဖြည်းနှင့် နည်းပါးသထက် နည်းပါးလာရပေလိမ့်မည်။
အကျိုးအမြတ်များကို ချင့်တွက်နေပြီးသည့်နောက် ရန်ကိုင်သည် အားပြန်ပြည့်ဆေးအချို့ကို ထုတ်၍ ကဝေနတ်ဆိုးကို ပေးလိုက်သည်။ ထိုဆေးလုံးများကို အခြားနတ်ဆိုးများဆီ လိုက်လံဝေငှပေးရန် ပြောလိုက်လေ၏။
ကဝေနတ်ဆိုးမှာ ရန်ကိုင်ပေးလိုက်သည့် ဆေးလုံးများကို မြင်ပြီးသည့်နောက် အနည်းငယ် တုံံ့ဆိုင်းနေမိလေသည်။ ထိုဆေးလုံးများမှာ ဘာဆေးလုံးများဖြစ်သလဲဆိုသည်ကို သွားမေးလိုက်ချင်ပါသော်ငြား မမေးရဲခဲ့။
ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် ဆေးလုံးများ၏ အာနိသင်ကို ရှင်းပြလိုက်လေသည်။
ထိုအခါမှသာလျှင် ကဝေနတ်ဆိုး စိတ်သက်သာရာ ရသွားခဲ့ပြီး ဆေးလုံးများကို အခြားသောနတ်ဆိုးဘုရင်များအား လိုက်လံဝေပေးတော့လေ၏။ ဆေးလုံးများကိုသောက်ပြီးသည့်နောက် နတ်ဆိုးဘုရင်များ ဝမ်းသာအားရ ဖြစ်ကုန်ကြလေသည်။ အကြောင်းမှာ သူတို့၏ အားပြန်ပြည့်နှုန်း သိသိသာသာကို မြန်ဆန်လာသည့်အတွက်ကြောင့်ပင်။
ကဝေနတ်ဆိုးသည် ရန်ကိုင်ဆီသို့ လျှောက်လာပြီး တိုးတိုးလေး ပြောလိုက်လေသည်။ “ဆရာ… ကျေးဇူးပြုပြီး အရမ်းကြီးစိတ်မပူပါနဲ့… အခုလောလောဆယ် လောကနိယာမတွေက ကြယ်တာရာအစုအဝေးထဲက လောကနိယာမတွေနဲ့ တူနေလို့ပါ… ဒါပေမယ့် လောကနိယာမတွေသာ နတ်ဆိုးနယ်မြေဘက်ကို ယိမ်းသွားမယ်ဆိုရင် ကျွန်မတို့အားပြန်ပြည့်နှုန်း ပိုပြီးမြန်လာမှာပါ… အဲ့အခါကျရင် အခုလိုမျိုး အကြာကြီး စောင့်နေစရာမလိုတော့ပါဘူး…”
“ကျုပ်လည်း အဲ့လိုမျိုးပဲ မျှော်လင့်ရတာပဲ…” ရန်ကိုင်ကမူ စိတ်မပါဟန်ဖြင့်သာ ပြန်ပြောလိုက်လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၈၄)
ဘာသာပြန်သူ_တိမ်တိုက်
ဒွိလောကကမ္ဘာထဲရှိ လောကနိယာမများသည် ကြယ်တာရာအစုအဝေးဘက်သို့ ယိမ်းသွားလိုက် နတ်ဆိုးနယ်မြေဘက်သို့ ယိမ်းသွားလိုက် ရှိနေလေသည်။ မည်သည့်အချိန်တွင် မည်သည့်ဘက်သို့ ယိမ်းမလဲ ဆိုသည်ကို ပုံသေတွက်ထား၍မရပေ။ ထိုသို့ဖြစ်ရခြင်းမှာ ဒွိလောကကမ္ဘာသည် ကမ္ဘာကြီးနှစ်ခုကြားရှိ ဟင်းလင်းပြင်အက်ကြောင်းထဲတွင် ရှိနေသည့် အတွက်ကြောင့်ပင်။
သို့သော်ငြား လောကနိယာမများ ပြောင်းလဲခါနီးတွင် သိသာထင်ရှားသည့် သဘာဝလက္ခဏာများ ဖြစ်ပေါ်လာလေ့ရှိပေသည်။ လူသားအင်ပါယာမြို့တော်ထဲရှိ လူသားမျိုးနွယ်စုသည် ထိုလက္ခဏာများကို အားကိုးရင်းမှ အန္တရာယ်ကို ရှောင်ရှားကြခြင်း ဖြစ်သည်။
ရန်ကိုင်မှ ပေးလာသည့် ဆေးလုံးများ၏ အကူအညီကြောင့် နတ်ဆိုးဘုရင်များ အားပြန်ပြည့်သည့်နှုန်းမှာ အမှန်တကယ်ကို မြန်ဆန်လာခဲ့လေသည်။ သို့သော်ငြား ခွေးပေါက်လေး၏ လိုအပ်ချက်မှုကို မဖြည့်ဆည်းပေးနိုင်သေးပေ။
ယခုဆိုလျှင် ရန်ကိုင်သည် သူ့မျှော်လင့်ချက်အားလုံးကို ပြောင်းလဲသွားမည့် လောကနိယာမများအပေါ်အတွင်သာ ပုံအပ်ထားရတော့လေသည်။
လောကနိယာမများ ပြောင်းလဲရန်အတွက် လဝက်ခန့် ကြာသွားခဲ့သည်။
ထိုလဝက်အတောအတွင်း နတ်ဆိုးဘုရင်များနှင့် နတ်ဆိုးဗိုလ်ချုပ်များမှာ ခွေးပေါက်လေးအား တစ်ဦးလျှင် နတ်ဆိုးချီများကို ဆယ်ကြိမ်တိုင်တိုင် လွှဲပြောင်းပေးခဲ့ရသည်။
သို့သော်ငြား မည်သည့်ပညာရှင်မှ ထိုကဲ့သို့သော ဒုက္ခမျိုးကို မခံစားနိုင်ကြချေ။ ရန်ကိုင်ပင်လျှင် ခြွင်းချက်မဟုတ်။ ထို့အတွက်ကြောင့် လဝက်ကြာပြီးသည့်နောက်တွင် နတ်ဆိုးဘုရင်နှင့် နတ်ဆိုးဗိုလ်ချုပ်မှူးများ၏ မျက်နှာများမှာ လုံးဝကို ဖြူလျော်နေခဲ့ပြီး သူတို့ခန္ဓာကိုယ်တစ်ဝိုက်တွင်လည်း သေခြင်းချီများ ရစ်သိုင်းလာကြလေသည်။ အချို့သောနတ်ဆိုးဘုရင်များနှင့် နတ်ဆိုးဗိုလ်ချုပ်မှူးများဆိုလျှင် သူတို့၏ကျင့်ကြံခြင်းများသည်ပင်လျှင် လျှောကျသွားခဲ့ရသည်။ သူတို့အနေဖြင့် မူရင်းခွန်အားကို ပြန်ရနိုင်မလား မသေချာတော့ချေ။
နတ်ဆိုးဘုရင်များမှာ ဤအလုပ်ကို ဆက်၍မလုပ်နိုင်ကြတော့။ သို့သော်ငြား ထွက်ပြေးဖို့ကလည်း မဖြစ်ပြန်။ ထွက်ပြေးနိုင်လျှင် အစောကြီးတည်းက ထွက်ပြေးပြီးနေလေပြီ။ သူတို့အား ကြောက်မက်ဖွယ်ကောင်းလှသော မရဏသားရဲ၊ နဂါးကလန်သားနှစ်ဦးနှင့် ရန်ကိုင်ဆိုသည့်လူသားတို့မှ မျက်ခြေမပြတ် စောင့်ကြည့်နေလေရာ သူတို့အနေဖြင့် မည်သို့များ ထွက်ပြေးနိုင်ပါမည်နည်း။
အကုန်လုံးမှာ လောကနိယာမများ ပြောင်းလဲမည့် အချိန်ကိုသာ စောင့်ဆိုင်းနေကြလေသည်။
နေ့ဝက်ခန့်ကြာပြီးသည့်နောက် လောကနိယာမများ စတင်၍ ပြောင်းလဲလာခဲ့လေ၏။ ကျယ်လောင်လှသည့် မိုးခြိမ်းသံကြီးသည် အသက်ထွက်ခါနီးနီးကို ခံစားနေခဲ့ရသော နတ်ဆိုးမျိုးနွယ်စုဝင်များအတွက် မျှော်လင့်ချက် လင်းရောင်ခြည်တစ်ခု ဖြစ်လာခဲ့ရလေသည်။ မိုးခြိမ်းသံကြီးကို ကြားလိုက်သည့်အခိုက် နတ်ဆိုးများ ဝမ်းသာအားရဖြင့် ထခုန်ကြတော့လေ၏။ လောကကြီးတစ်ခုလုံး တသိမ့်သိမ့် တုန်ခါလာခဲ့ပြီး သိပ်သည်းလှသည့် မိုးမြေစွမ်းအင်များမှာ စတင်၍ ပြောင်းလဲလာတော့လေသည်။
ထိုအချိန်တွင် လီကျောက်သည် ရန်ကိုင်နားသို့ရောက်လာပြီး ဝမ်းနည်းနေသည့်အမူအယာဖြင့် တောင်းဆိုလိုက်လေသည်။ “နန်းတော်သခင်ရန်… ကျုပ်ကိုကူညီပါဦး…”
“ဘာဖြစ်လို့လဲ…”
လီကျောက်က ပြန်ပြောလိုက်သည်။ “ကျုပ်ကို နတ်ဆိုးချီတွေ ကူးစက်နေလို့…. ဒီတစ်လောလုံး ကျုပ်ကိုယ်ထဲမှာရှိတဲ့ နတ်ဆိုးအဆီအနှစ်တွေက တဖြည်းဖြည်းနဲ့ အားကောင်းလာနေတယ်… ကျုပ်ကိုယ်ကျုပ် အသိစိတ်မပျောက်သွားအောင် မနည်းထိန်းနေရတယ်… အခု လောကနိယာမတွေက ပြောင်းလဲလာပြီဆိုတော့ ကျုပ်သာ ပုန်းမဲ့နေရာတစ်ခု ရှာမတွေ့လို့ရှိရင် အနှေးနဲ့အမြန်ဆိုသလို နတ်ဆိုးဖြစ်သွားတော့မှာ…”
ယခင်တစ်ကြိမ် ဤကမ္ဘာကြီးထဲသို့ ရောက်လာစဉ်က ကျုလဲ့နှင့်အတူ အပြင်ဘက်တွင် လျှောက်သွားခဲ့သည်။ ထိုစဉ်က လောကနိယာမများမှာ နတ်ဆိုးနယ်မြေဘက်သို့ အလေးသားနေသည့်အတွက်ကြောင့် ပုန်းခိုစရာမရှိသည့် လီကျောက်မှာ နတ်ဆိုးချီများ၏ ကူးစက်ခြင်း ခံရတော့လေသည်။ လီကျောက်သည် သူ၏အားကောင်းလှသည့် ကျင့်ကြံခြင်းဖြင့် သူ့ကိုယ်ထဲတွင် ဖြစ်တည်လာသော နတ်ဆိုးအဆီအနှစ်များကို ဖိနှိပ်ထားသည့် အတွက်ကြောင့်သာ မဟုတ်ပါက ယခုအချိန်လောက်ဆိုလျှင် သူ့အနေဖြင့် နတ်ဆိုးတစ်ကောင်အဖြစ်သို့ လုံးလုံးပြောင်းနေခဲ့လေပြီ။ ကံကောင်းစွာဖြင့် နတ်ဆိုးတစ်ကောင်အဖြစ်သို့ မပြောင်းလဲသွားခဲ့ပါသော်ငြား ယခု ထပ်မံပြောင်းလဲလာသည့် လောကနိယာမများသည် သူ့အား နတ်ဆိုးတစ်ကောင်အဖြစ်သို့ ပြောင်းအောင် ထပ်လုပ်ပေတော့မည်။
ထို့အတွက်ကြောင့် လီကျောက်အဖို့ လုံးဝကို အသက်ရှင်ဖို့ရာ မဖြစ်နိုင်ချေ။ လောကနိယာမများသာ အပြီးတိုင် ပြောင်းလဲသွားခဲ့မည်ဆိုလျှင် သူ့အနေဖြင့် လုံးဝကို နတ်ဆိုးဖြစ်သွားရပေလိမ့်မည်။
“အဲ့ဒါဆို နေရာတစ်ခုသွားရှာပြီး ပုန်းနေလိုက်လေ… အဲ့ဒါကို ဘာလို့ ခင်ဗျားကိုကယ်ဖို့ ကျုပ်ကို လာပြောနေရတာလဲ…” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။
လီကျောက်က ဝမ်းနည်းနေသည့်အမူအယာဖြင့် “ဒါပေမယ့် ကျုပ် ဘယ်ကိုသွားရမှာလဲ… နန်းတော်သခင်ရန်ပြောတာတော့ ဒီနေရာမှာ လူသားအင်ပါယာမြို့တော်ဆိုတဲ့ မြို့တစ်ခုရှိတယ်ဆို… အဲ့ကိုများ…”
“လူသားအင်ပါယာမြို့တော်ဆီသွားဖို့ စဉ်းကိုမစဉ်းစားနဲ့… အဲ့နေရာက ဒီကနေသိပ်မဝေးဘူးဆိုပေမယ့် ခင်ဗျား အဲ့ကို အချိန်မီရောက်နိုင်မှာမဟုတ်ဘူး…”
လီကျောက် စတင်၍ ထိတ်လန့်တုန်လှုပ်တော့လေသည်။ “ဒါဆို နန်းတော်သခင်ရန် ဘယ်လိုလုပ်ချင်တာလဲ…”
ရန်ကိုင်က ပုခုံးတွန့်လျက် ပြန်ပြောလိုက်သည်။ “ခင်ဗျား အသက်ရှင်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကို အားကိုးမှပဲရမယ်…”
လီကျောက်၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး အော်ငိုလုမတတ် ဖြစ်လာတော့လေသည်။ “နန်းတော်သခင်ရန်… ကျုပ်သေမှာကို ဒီတိုင်းကြီး ရပ်ကြည့်နေလို့မဖြစ်ဘူးလေ… ဒီလီ ဒီကိုရောက်လာတာ နန်းတော်သခင်ကြောင့်လေ…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကျုပ်သာ ခင်ဗျားကိုကယ်နိုင်လို့ရှိရင် ကယ်မှာပေါ့… ဒါပေမယ့် ကျုပ် ဘာမှလုပ်နိုင်တာမှမဟုတ်တာ…”
လီကျောက်၏မျက်နှာ သုန်မှုန်သွားခဲ့လေ၏။ ဤနေရာတွင်ရှိနေသည့်လူများအနက် နဂါးကလန်သားနှစ်ဦးသည် နတ်ဆိုးချီကူးစက်ခံရမည်ကို စိုးရိမ်စရာမလိုပေ။ တကယ်တော့ နဂါးများ၏ ခန္ဓာကိုယ်သည် အလွန်ကိုမှ နတ်ဆိုးချီအား ခုခံနိုင်စွမ်း မြင့်မားသည် မဟုတ်ပေလော။ လောကနိယာမများ ပြောင်းလဲသွားခြင်းကို မဆိုထားနှင့် ထိုနဂါးနှစ်ကောင်အား နတ်ဆိုးနယ်မြေထဲသို့ ပစ်ထည့်လိုက်မည်ဆိုလျှင်ပင် နတ်ဆိုးချီကူးစက်သွားခံရမည်ကို စိတ်ပူစရာမလိုပေ။
ရန်ကိုင်ကိုလည်း သာမန်ဟု သွားတွက်၍မရ။ ရန်ကိုင်သည် သူ့ကိုယ်သူ အန္တရာယ်ကင်းကင်းနှင့် ရှိနေနိုင်မည်ဟု ဘာကြောင့် ယုံကြည်ချက်ရှိနေသလဲဆိုသည်ကို လီကျောက်မသိပါသော်ငြား ရန်ကိုင်၏ပုံစံကို ကြည့်ရသလောက် သူ့တွင် ဤကပ်ဘေးမှ လွတ်မြောက်နိုင်သည့် နည်းလမ်းတစ်ခု ရှိနေမှန်း လီကျောက်ပြောနိုင်ပေသည်။
ရန်ကိုင်သည် သူ့ကိုယ်သူသာ ဂရုစိုက်တတ်ပြီး အခြားလူများသေသေရှင်ရှင်ကို ဂရုမစိုက်ဟုတွေးကာ လီကျောက်စိတ်ထဲ ဒေါသထွက်လာမိခဲ့လေသည်။
“ခင်ဗျားကို ကျုပ် ပြောပြီးသွားပြီမဟုတ်ဘူးလား… ခင်ဗျားဘာသာခင်ဗျား အဲ့အခွင့်အရေးကို မဖမ်းဆုပ်တတ်တာလေ…”
လီကျောက်က အလျင်အမြန် ပြန်ပြောလိုက်လေသည်။ “နန်းတော်သခင်ရန်… အဲ့လိုမျိုးကြီးတော့ မလုပ်နဲ့လေ… နန်းတော်သခင်ရန်က နဂါးသွေးကို သွားတောင်းဖို့ ပြောနေတာဟာကြီးကို… ဒီလီသာ နဂါးသွေးကို တကယ်ကြီး သွားတောင်းလိုက်လို့ရှိရင် ဒုက္ခရောက်သွားမှာပေါ့…”
“ခင်ဗျားက နတ်ဆိုးဖြစ်တော့မှာကို ဒုက္ခရောက်မှာတွေ ဘာတွေ စိတ်ပူနေသေးတယ်ပေါ့…”
“နန်းတော်သခင်ရန်… တကယ်ကြီး ကျုပ်သေမှာကို ထိုင်ကြည့်နေမှာလား…” လီကျောက်၏မျက်နှာမှာ ရုတ်တရက်ဆိုသလို ခက်ထန်လာခဲ့ပြီး သူ့ခန္ဓာကိုယ်မှလည်း နတ်ဆိုးချီတို့ ဖြာထွက်လာခဲ့လေသည်။ မကောင်းသည့်အတွေးများမှာ သူ့စိတ်ထဲ စတင်၍ နေရာယူလာတော့လေ၏။ လီကျောက်မှာ ဒေါသလည်းထွက်နေသလို ရန်ကိုင်အပေါ်လည်း မကျေမနပ်ဖြစ်နေလေရာ နတ်ဆိုးအဆီအနှစ်သည် သူ့စိတ်ထဲ ပို၍လျင်မြန်စွာ ဖြစ်တည်လာရတော့လေသည်။
ရန်ကိုင်က လှောင်ပြုံးပြုံးလျက် လီကျောက်အားကြည့်ရင်းမှ “ဘာလဲ… ကျုပ်ကို လာအပြစ်တင်နေချင်တာလား…”
“ငါ့လခွမ်းပဲ…” လီကျောက်မှာ သည်းမခံနိုင်တော့သည့်အဆုံး ခက်ထန်ကြမ်းကြုတ်သည့်အမူအယာဖြင့် ထအော်တော့လေသည်။ ထို့နောက် အံကိုတင်းတင်းကြိတ်၍ အော်ပြောလိုက်လေ၏။ “နန်းတော်သခင်ရန်ကြောင့်သာ မဟုတ်လို့ရှိရင် ဒီလီ ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ပိတ်မိနေမှာလဲ… နန်းတော်သခင်ရန်က ဒီလောက်တောင်သွေးအေးတယ်ဆိုမှတော့ ဒီလီကို နန်းတော်သခင်ရန်ကို မျက်နှာသာမပေးလို့ဆိုပြီး လာအပြစ်မတင်နဲ့ပေါ့…” ထိုသို့ပြောပြီးသည့်နောက်တွင် လီကျောက်၏ခန္ဓာကိုယ်တစ်ဝိုက်၌ အနက်ရောင်ချီများ ရစ်သိုင်းလာခဲ့ပြီး သူ့မျက်လုံးများမှာလည်း နီရဲသွားခဲ့လေသည်။ လီကျောက်၏ခေါင်းသည် ဘယ်ညာယိမ်းထိုးနေပြီးသည့်နောက်တွင် ဧရာမရေနဂါးခေါင်းတစ်ခုအသွင်သို့ ပြောင်းသွားခဲ့ပြီး ရန်ကိုင်အား ကိုက်ချလိုက်လေသည်။
နတ်ဆိုးချီကူးစက်ထားခြင်း ခံရသည့်အတွက်ကြောင့် လီကျောက်မှာ သူ့အသိစိတ်ကို မနည်းထိန်းနေခဲ့ရသည်။ ရန်ကိုင်ဆီမှ မည်သည့်အကူအညီမှ တောင်းမရသည့်နောက် ဒေါသတဖြည်းဖြည်းနှင့် ထွက်လာခဲ့ရာ လီကျောက်မှာ သူ့စိတ်သူ မထိန်းနိုင်တော့ဘဲ နတ်ဆိုးချီ၏လွှမ်းမိုးခြင်းကို ခံလိုက်ရလေ၏။
“ကျုပ်ရှေ့မှာများ လာပြီးတော့ အခုလိုတွေလုပ်ရဲတယ်ပေါ့ ဟုတ်လား လီကျောက်… ခင်ဗျားသတ္တိက မသေးပါလား…”
လီကျောက်၏တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရပါသော်ငြား ရန်ကိုင်မှာ ရယ်သာရယ်လိုက်ပြီးသည့်နောက် ရွှေနဂါးအမြုတေစွမ်းအားကိုသုံး၍ လီကျောက်၏နဖူးတည့်တည့်သို့ သူ့လက်ကို ချိန်ရွယ်လိုက်လေသည်။
ရန်ကိုင်၏လက်ချောင်းထိပ်တွင် ရွှေရောင်အလင်းတို့ စတင်၍ တောက်ပလာခဲ့လေ၏။ ထိုရွှေရောင်အလင်းမှာ မျက်စိကျိန်းမတတ် တောက်ပနေခြင်းမရှိ။ သို့သော်ငြား ရွှေရောင်အလင်းကို မြင်လိုက်သည့်အခိုက် လီကျောက်မှာ သူ၏ အကြီးမားဆုံးသော ရန်သူတော်ကို တွေ့လိုက်ရသည့်နှယ် ဖြစ်သွားခဲ့လေသည်။ ကြောက်လန့်တကြားအော်ဟစ်ရင်းမှ လီကျောက်ထုတ်သုံးထားသည့် ရေနဂါးခေါင်းသည် မူလအရွယ်အစားသို့ ပြန်ပြောင်းသွားခဲ့လေ၏။ ထို့အပြင် သူ့ခမျာ အသက်ရှူရ ခက်လာခဲ့ပြီး ဧကရာဇ်ချီမှာလည်း ကောင်းကောင်းလည်ပတ်နိုင်ခြင်း မရှိတော့ချေ။
ရန်ကိုင်လက်ချောင်းထိပ်တွင် စုဝေးနေသည့် ရွှေရောင်အလင်းကို မြင်ပြီးသည့် အခါမှသာလျှင် လီကျောက် အသိပြန်ဝင်လာခဲ့လေသည်။
အသိပြန်ဝင်လာပြီးသည့်နောက် အလွန်ကိုမှ ကြောက်ရွံ့သွားခဲ့သည်။ သူ့အနေဖြင့် ရန်ကိုင်အား သွား၍ တိုက်ခိုက်မိလိမ့်မည်ဟု လုံးဝ ထင်ထားခဲ့ခြင်းမရှိ။ သူ့အနေဖြင့် ထိုကဲ့သို့လုပ်မိရခြင်းမှာ သူ့ဘာသာသူ လုပ်ချင်သည့်အတွက်ကြောင့် မဟုတ်ဘဲ နတ်ဆိုးချီ၏ လွှမ်းမိုးခြင်း ခံလိုက်ရသည့်အတွက်ကြောင့် ဖြစ်ပါသော်ငြား ရန်ကိုင် သူ့အား ချမ်းသာပေးမည်လား ချမ်းသာမပေးဘူးလားဆိုသည်မှာ ပြော၍မရချေ။
သူ့ကျင့်ကြံခြင်းသည် ရန်ကိုင်ထက် အဆင့်နှစ်ဆင့်ပိုမြင့်ပါသော်ငြား သွေးမျိုးဆက်ဖိနှိပ်ခြင်းကြောင့် ကွာခြားချက်မှာ သူ့အတွက် လုံးဝ အသာရနေခြင်းမရှိတော့ချေ။ ရန်ကိုင်သည်သာ သူ့အား သတ်ပစ်လိုပါက ကြက်ကလေးငှက်ကလေးကို သတ်ပစ်သလို သတ်ပစ်နိုင်ပေသည်။ လီကျောက်တွင် ခုခံရန် လုံးဝ အခွင့်အရေးမရှိချေ။
ဤသည်မှာ နဂါးကလန်မှမျိုးဆက်များအတွက် ဝမ်းနည်းဖွယ်ရာအချက်တစ်ချက် ဖြစ်လေသည်။ နဂါးကလန်၏ သွေးမျိုးဆက်သည် နဂါးကလန်မျိုးဆက်များအား အခြားသူများထက် ပိုမိုမြင့်မားသည့်အဆင့်သို့ရောက်အောင် တက်လှမ်းစေနိုင်ခဲ့သည်။ ထိုအကြောင်းကြောင့်ပင်လျှင် လီကျောက်မှာ ဧကရာဇ်တတိယအဆင့်သို့ ရောက်ရှိနေနိုင်ခြင်းဖြစ်သည်။ နဂါးကလန်၏သွေးမျိုးဆက်ကိုသာ ပိုင်ဆိုင်ထားခြင်းမရှိပါက လီကျောက်အနေဖြင့် ဧကရာဇ်တတိယအဆင်သို့ ရောက်နိုင်ဖို့ရာ အလွန်ကိုမှ ခက်လှပေသည်။
သို့သော်ငြား တစ်ဖက်ပြိုင်ဘက်သည် သွေးသန့်နဂါးကလန်သားတစ်ဦး ဖြစ်နေမည်ဆိုပါက ကျင့်ကြံခြင်းမှာ အရေးမပါတော့ချေ။ သွေးမျိုးဆက်ဖိနှိပ်ခြင်းသည် အဓိကအရေးအပါဆုံး အချက်တစ်ချက် ဖြစ်လာခဲ့လေသည်။
လီကျောက်၏ခန္ဓာကိုယ်တစ်ခုလုံး ဇောချွေးပြန်သွားခဲ့ပြီး ချက်ချင်းပဲ အလျင်စလို တောင်းပန်လိုက်လေသည်။ “နန်းတော်သခင်ရန်… ကျုပ်မှားပါပြီ… ကျေးဇူးပြုပြီး ချမ်းသာပေးပါ…”
ရန်ကိုင်မှာ လီကျောက်အား အမှန်တကယ်ရှင်းပစ်တော့မည့်အလား ရယ်သာရယ်လျက် ဘာမှပြန်မပြောခဲ့ပေ။
လီကျောက်မျက်နှာ သုန်မှုန်သွားခဲ့ပြီး သူများ သေရတော့မလားဟု တွေးရင်း နောင်တရမိသွားခဲ့သည်။
(ငါ့ရဲ့မီးနဂါးနန်းတော်လေး၊ ငါ့ရဲ့မိန်းမလှလှလေးတွေနဲ့ ငါ့ရဲ့ကိုယ်လုပ်တော်လေးတွေ… သူတို့တွေ ဘာတွေဖြစ်သွားကုန်မှာလဲ… ငါမရှိတော့ရင် သူတို့တွေကို ဘယ်သူက အဖော်ပြုပေးတော့မှာလဲ…)
အမျိုးမျိုးသောအတွေးများသည် လီကျောက်၏စိတ်ထဲ ထွက်ပေါ်လာခဲ့သည်။ သို့သော်ငြား အချိန်ကြာသွားသည့်တိုင် သူ့ခမျာ ငရဲတံခါးဝကို မမြင်ရသေးချေ။ ရန်ကိုင်၏လက်ချောင်းသည် သူ့နဖူးအား ချိန်ရွယ်ထားသေးပါသော်ငြား ရန်ကိုင်ဆီမှ မည်သည့်သတ်ဖြတ်လိုစိတ်မှ ဖြာထွက်လာခဲ့ခြင်းမရှိခဲ့။
ထို့အစား ရန်ကိုင်သည် လှောင်ပြုံးသာ ပြုံးနေခဲ့လေသည်။
ရုတ်တရက်ဆိုသလို ရန်ကိုင်ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာ အပြောင်းလဲကြီး ပြောင်းလဲသွားသလို လီကျောက် ခံစားလိုက်ရသည်။ လက်ရှိ ရန်ကိုင်၏ အရှိန်အဝါသည် ရှေးကျသည့် အရှိန်အဝါတို့ကို ပေးစွမ်းနေခဲ့လေ၏။
မန္တန်ရွတ်သံတို့ ရန်ကိုင်ဆီမှ ထွက်ပေါ်လာခဲ့ပြီး လီကျောက်အား ချိန်ရွယ်ထားသည့် ရန်ကိုင်၏လက်ချောင်းလေးမှာ အလင်းများ တလက်လက် တောက်ပလာခဲ့လေသည်။ တစ်ခဏအကြာတွင် ထိုအလင်းများသည် လီကျောက်တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့သည်။
ချက်ချင်းဆိုသလို လီကျောက်၏ခန္ဓာကိုယ် တုန်တက်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်ဆီမှ တဂျွတ်ဂျွတ်မြည်သံများ ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် လီကျောက်၏ခန္ဓာကိုယ်ကြီးသည် မူလကထက် အရွယ်အစား နှစ်ဆမက ကြီးထွားလာခဲ့ပြီး အားကောင်းလှသည့်သွေးချီတို့မှာလည်း သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာကာ သူ့ကိုယ်ထဲတွင်ရှိနေသော နတ်ဆိုးချီတို့ကို စတင်၍ တွန်းလှန်တိုက်ခိုက်တော့သည်။
ထိုအဖြစ်အပျက်ကြောင့် လီကျောက်မှာ ကြောင်နေလေ၏။ ရန်ကိုင် သူ့အား ဘာလုပ်လိုက်သလဲဆိုသည်ကို သူမသိပါသော်ငြား သူ့ခွန်အားမှာ အကြီးအကျယ် တိုးတက်လာသည်ကိုတော့ ပြောနိုင်ပေသည်။ ထို့အပြင် အလွန်ကိုမှ သွေးဆာလှသည့် အတွေးများမှာလည်း သူ့စိတ်ထဲ အဆက်မပြတ် ထွက်ပေါ်လာနေလေ၏။ ထိုအတွေးများသည် သူ့အား စိတ်မသက်မသာ ဖြစ်စေပါသော်ငြား ထိုအတွေးများကြောင့်ပင် နတ်ဆိုးချီများ၏ သူ့အပေါ်လွှမ်းမိုးမှုမှာ သိသိသာသာကို အားနည်းသွားခဲ့ရသည်။
လက်ရှိအချိန်တွင် လီကျောက်သည် အရောင်နှစ်မျိုးနှင့် လူတစ်ဦးပုံစံ ပေါက်နေလေသည်။ နတ်ဆိုးချီနှင့် သွေးချီတို့မှာ လီကျောက်၏ကိုယ်ထဲ အပြန်အလှန် တွန်းလှန်တိုက်ခိုက်နေခဲ့ကြသည်။ ထို့အတွက်ကြောင့် အနီရောင်နှင့် အနက်ရောင်တို့ တောက်နေသော လီကျောက်၏ပုံစံမှာ အလွန်ကိုမှ ထူးဆန်းနေလေသည်။
“ဒါ…” လီကျောက်မှာ လုံးဝကို မင်သက်နေခဲ့သည်။ ယခုမှသာလျှင် ရန်ကိုင်သည် သူ့အား သတ်ရန် ရည်ရွယ်ထားခြင်းမဟုတ်မှန်း လီကျောက် နားလည်သွားတော့သည်။ ရန်ကိုင် သူ့အား ဤကဲ့သို့လုပ်လိုက်ခြင်းသည် သူ့ကိုပင် ကူညီပေးနိုင်ပေသေးသည်။ သို့သော်ငြား ရန်ကိုင်သည် မည်ကဲ့သို့သောနည်းလမ်းဖြင့် သူ့အား ကူညီပေးနေမှန်းကို လီကျောက် နားမလည်ခြင်းသာ ရှိလေသည်။ ရန်ကိုင်သည်သာ ယခုကဲ့သို့မျိုး လုပ်နိုင်သည်ဆိုပါက ဘာကြောင့်များ အစောကြီးတည်းက မလုပ်ဘဲ သူ့အား လှည့်ပတ်ဆော့ကစားနေခဲ့ရလေသနည်း။
“သွေးလောင်ကျွမ်းခြင်းပညာရပ်ပဲ…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ဒါက လူသားတွေကိုယ်ထဲကို ကျူးကျော်လာတဲ့ နတ်ဆိုးချီတွေအပေါ် အရမ်းအကျိုးသက်ရောက်မှုရှိတယ်… ရှေးခေတ်အချိန်တုန်းက မှော်ဆရာတွေက ဒီနည်းလမ်းတွေကိုသုံးပြီး သူတို့ရဲ့ကလန်သားတွေကို ကယ်ဆယ်ခဲ့တာ… ဒါပေမယ့် အဲ့ခေတ်တုန်းက လောကနိယာမတွေနဲ့ အခုခေတ်လောကနိယာမတွေက သိပ်တူတော့တာမဟုတ်ဘူး… ဒီတော့ ခင်ဗျားကိုယ်ထဲက နတ်ဆိုးချီကို အပြီးအပြတ်ရှင်းထုတ်ဖို့က နည်းနည်း အခက်အခဲရှိတယ်… ခင်ဗျားကိုယ်ထဲမှာရှိတဲ့ နတ်ဆိုးအဆီအနှစ်တွေကိုသာ လုံးဝ ရှင်းမထုတ်ပစ်ဘူးဆိုရင် ပြဿနာတက်လာနိုင်တယ်… ဒီတော့ အကောင်းဆုံးနည်းလမ်းက ခင်ဗျားကိုယ်ထဲမှာရှိတဲ့ နတ်ဆိုးအဆီအနှစ်တွေကို အပြည့်အဝပေါက်ကွဲထွက်လာအောင် လုပ်ဖို့ပဲ… ဒါမှပဲ တစ်ခါတည်း ရှင်းထုတ်ပစ်လို့ရမှာ… မဟုတ်လို့ရှိရင် အန္တရာယ်တွေက ကပ်ကျန်နေနိုင်သေးတယ်… တံခါးပိတ်ကျင့်စဉ်ဝင်နေရင်းနဲ့ ကျင့်ကြံခြင်းသွေဖည်တာတို့ ဘာတို့ ခင်ဗျားမကြုံချင်ဘူးမလား…”
လီကျောက်သည် ရန်ကိုင်အား အထင်အမြင်တကြီးဖြင့် ကြည့်လျက် “ဒါကြောင့်ပဲ နန်းတော်သခင်ရန်က ဒီရက်ပိုင်း ကျုပ်ကို လုံးဝ လျစ်လျူရှုထားတာကို… တမင်သက်သက် ကျုပ် ဒေါသ မထွက်ထွက်လာအောင် စိတ်ဆွပေးချင်နေတာ…”
ထိုအကြောင်းကြောင့်သာ မဟုတ်ပါက သူ့ကိုယ်ထဲရှိ နတ်ဆိုးအဆီအနှစ် ဤမျှလျင်မြန်စွာ ပေါက်ကွဲထွက်လာလိမ့်မည်မဟုတ်ချေ။
ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “ကျုပ်တို့ ဒီကို အတူလာတယ်ဆိုမှတော့ အတူပဲထွက်သွားရမှာပေါ့… ပြီးတော့ ခင်ဗျားရဲ့ မီးနဂါးနန်းတော်က ကျုပ်ကို အရင်းအမြစ်ကျောက်တွေ အများကြီး အကြွေးတင်နေသေးတယ်… ဒီတော့ ကျုပ် ခင်ဗျားကို ဒီမှာ သေခွင့်မပေးနိုင်သေးပါဘူး…”
“နန်းတော်သခင်ရန်ရဲ့ ကျေးဇူးကို ဒီလီ သေသေချာချာ မှတ်ထားပါမယ်…” လီကျောက်မှာ လုံးဝကို စိတ်လှုပ်ရှားနေခဲ့လေသည်။ အစကတော့ ယနေ့တွင် သေရတော့မည်ဟု ထင်ခဲ့ပါသော်ငြား အခြေအနေသည် ယခုကဲ့သို့ ရုတ်တရက်ကြီး ပြောင်းလဲသွားတော့သည်။ သူ့တွင် အသက်ရှင်နိုင်သည့်မျှော်လင့်ချက်တို့ ရှိလာရုံမက နတ်ဆိုးချီနှင့် ပတ်သက်သည့် ဘေးထွက်ဆိုးကျိုးများကိုလည်း စိတ်ပူနေစရာမလိုတော့ချေ။
“အရမ်းကြီးစိတ်လှုပ်ရှားမနေနဲ့ဦး… ကျုပ်ပြောသလိုပဲ… အခုလက်ရှိ လောကနိယာမတွေက အရင်ခေတ်နဲ့သိပ်တူတာမဟုတ်ဘူး… ဒီတော့ လူတွေလည်း တူကြတော့တာမဟုတ်ဘူး… ဒီနည်းလမ်းက ရှေးခေတ်တုန်းက လူသားတွေအတွက် အလုပ်ဖြစ်ကောင်းဖြစ်ခဲ့ပေမယ့် ခင်ဗျားပေါ်မှာ အလုပ်ဖြစ်မလားဆိုတာတော့ မပြောတတ်ဘူး… ဒါကြောင့် နောက်ပိုင်းကျင့်ကြံမယ်ဆိုရင် သေသေချာချာ သတိထားပြီးတော့ ကျင့်ကြံ…”
“ဟုတ် ဟုတ် ဟုတ်… ဒီလီ သေချာမှတ်ထားပါမယ်…” လီကျောက်က တုံ့ဆိုင်းခြင်းမရှိ ခေါင်းညိတ်ပြလိုက်သည်။
ရုတ်တရက်ဆိုသလို ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး မန္တန်ကိုပြောင်း၍ သူ့လက်ကိုမြှောက်ကာ လီကျောက်အား ပုတ်လိုက်လေသည်။ “နတ်ဆိုးဖိနှိပ်ခြင်း…”
ရန်ကိုင်မှ လီကျောက်အား သူ့လက်ဖြင့် ပုတ်လိုက်သည်နှင့် တစ်ပြိုင်နက် လီကျောက်ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေသော နတ်ဆိုးချီသည် တစ်စုံတစ်ခု၏ ဖိနှိပ်ခြင်း ခံလိုက်ရသည့်အလား ရုတ်ချည်း တည်ငြိမ်သွားခဲ့လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၈၅)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်သည် ရွတ်ဆိုနေသည့်မန္တန်ကို ပြောင်းလဲရွတ်ဆိုလိုက်ပြီးသည့်နောက် လီကျောက်အား လက်ဝါးဖြင့် ရိုက်လိုက်လေ၏။ “နတ်ဆိုးသန့်စင်ခြင်း…”
ထိုအခိုက်အတန့်တွင် အလင်းများ တဖျတ်ဖျတ် တောက်ပလာခဲ့ပြီး လီကျောက်၏ကိုယ်ထဲမှ အနက်ရောင်ချီတို့ တရှဲရှဲမြည်သံများနှင့်အတူ အပြင်သို့ စိမ့်ထွက်လာခဲ့ရလေသည်။
ထိုအနက်ရောင်ချီသည် အပြင်ဘက်တွင် အတန်ကြာအောင် ရှိနေပြီးသည့်နောက် အပြီးတိုင် ရှင်းထုတ်ခံလိုက်ရလေ၏။ နတ်ဆိုးချီတို့ ရှင်းထုတ်ခံလိုက်ရသည့်နောက် လီကျောက်၏မျက်လုံးထဲ ဝမ်းသာရိပ်တို့ ထွက်ပေါ်လာခဲ့လေသည်။
သူ့အခြေအနေကို သူသာလျှင် အသိဆုံးဖြစ်သည်။ လွန်ခဲ့သည့်ရက်များအတွင်း သူသည် နတ်ဆိုးချီ၏ တောက်လျှောက် ဒုက္ခပေးခြင်း ခံခဲ့ရသည်။ ထိုနတ်ဆိုးချီသည် အားကောင်းလှခြင်း မရှိသည့်တိုင် သူ၏ ဧကရာဇ်တတိယအဆင့်ကျင့်ကြံခြင်းဖြင့် ထိုနတ်ဆိုးချီကို မရှင်းထုတ်ပစ်နိုင်ခဲ့ပေ။
သို့သော်ငြား ယခုတွင်မူ ရန်ကိုင်သည် ဆန်းကြယ်သော နည်းလမ်းများကို သုံး၍ သူ့ကိုယ်ထဲမှ နတ်ဆိုးချီကို ရှင်းပစ်ခဲ့လေသည်။ လွန်ခဲ့သည့်ရက်များအတွင်း သူ့အား တောက်လျှောက် စိတ်ဒုက္ခပေးနေခဲ့သည့် နတ်ဆိုးချီများ သူ့ကိုယ်ထဲမှ ပျောက်ကွယ်သွားပြီဖြစ်ကြောင်းကို လီကျောက် အတိုင်းသား ခံစားနေမိသည်။ ထို့အတွက်ကြောင့် သူ့စိတ်ခံစားချက်များကိုလည်း နတ်ဆိုးချီများမှ လွှမ်းမိုးနိုင်ခြင်း မရှိတော့ဘဲ သူ့စိတ်အစုံသည် အကောင်းပကတိအတိုင်း ကြည်လင်နေတော့လေသည်။
“ကျေးဇူးအများကြီးတင်ပါတယ် နန်းတော်သခင်ရန်…” လီကျောက်မှာ အလွန်ကိုမှ ကျေးဇူးတင်နေလေသည်။
ထိုကဲ့သို့ပြောပြီးသည့်နောက်မှာပင် ရန်ကိုင်သည် သူ့အား အပြုံးကြီးပြုံးလျက် သူ့တည့်တည့်သို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လာကြောင်းကို တွေ့လိုက်ရသည်။ သို့သော်ငြား ထိုလက်ဝါးချက်သည် နတ်ဆိုးချီကို ထုတ်ဖယ်မည့် လက်ဝါးချက်မျိုးမဟုတ်ပေ။ အကြောင်းမှာ ထိုလက်ဝါးချက်သည် အတော်လေးကိုမှ အားကောင်းလှသည့် အတွက်ကြောင့်ပင်။ အရေးအကြီးဆုံးအချက်မှာ ထိုလက်ဝါးချက်ထဲတွင် သူ၏နဂါးသွေးမျိုးဆက်ကို ဖိနှိပ်နေသော ဖိအားတစ်မျိုး ပါဝင်နေခဲ့လေသည်။
လီကျောက်မှာ ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူတစ်ဦးပင် ဖြစ်လင့်ကစား တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ရန်ကိုင်၏လက်ဝါးချက်ကြောင့် တစ်ခါတည်း သတိလစ်သွားခဲ့ရသည်။
ထို့နောက်တွင် ရန်ကိုင်သည် သူ့လက်ကိုဆန့်ထုတ်၍ လီကျောက်အား ကိုင်ကာ တစ်ခုသောနေရာဆီသို့ ပစ်သွင်းလိုက်လေ၏။ ထို့နောက်တွင် လီကျောက်သည် အားလုံး၏မြင်ကွင်းမှ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့လေသည်။
ထိုအဖြစ်အပျက်ကို အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်နေသော ကျုလဲ့၏မျက်လုံးများ ရုတ်ချည်း မှေးစင်းသွားခဲ့သည်။ ရန်ကိုင် လီကျောက်အား မည်သည့်နေရာသို့ ပို့လိုက်လို့ ပို့လိုက်မှန်းကို သူနားမလည်။
ကျုချင်းတစ်ယောက်သည်သာ လီကျောက်သည် ထူးခြားသော ဟင်းလင်းပြင်ထဲသို့ ရောက်သွားကြောင်းကို သိနေပေသည်။ လောကနိယာမများမှာ ပြောင်းလဲတော့မည်ဖြစ်သည်။ လီကျောက်၏ကိုယ်ထဲရှိ နတ်ဆိုးချီများမှာ ရှင်းထုတ်ခံလိုက်ရပြီဖြစ်ပါသော်ငြား သူသည်သာ ပုန်းနိုင်မည့်နေရာတစ်ခုကို အချိန်မီမရှာပါက နတ်ဆိုးချီ၏ ထပ်မံကျူးကျော်ြခင်း ခံရပေလိမ့်မည်။ လူသားအင်ပါယာမြို့တော်သည် ဤနေရာနှင့် အလွန်ကိုမှ ကွာလှမ်းသည်။ နတ်ဆိုးအမျက်မြို့တော်တွင်လည်း လီကျောက်အတွက် ပုန်းစရာနေရာမရှိ။ ထို့အတွက်ကြောင့် ထိုသီးခြင်းဟင်းလင်းပြင်တစ်ခုသည်သာ လီကျောက်အတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်နေခဲ့သည်။
ထိုဟင်းလင်းပြင်ထဲတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြန်စဉ်းစားမိလိုက်သော် ကျုချင်း၏မျက်နှာလေး နီမြန်းသွားခဲ့လေသည်။
လက်ရှိအချိန်တွင် လောကနိယာမများ၏ ပြောင်းလဲမှုမှာ အလွန်ကိုမှ သိသာလာခဲ့လေသည်။ မိုးမြေစွမ်းအင်ထဲ နတ်ဆိုးချီတို့ စတင်၍ ကိန်းအောင်းလာခဲ့လေ၏။
ဤအခြေအနေကို စောင့်ဆိုင်းနေကြသော နတ်ဆိုးဘုရင်များနှင့် နတ်ဆိုးဗိုလ်ချုပ်မှူးများမှာတော့ အလွန်ကိုမှ စိတ်လှုပ်ရှားနေကြလေ၏။ ဤအငွေ့အသက်သည် သူတို့ဘိုးဘေးများ၏မွေးရပ်မြေမှ အငွေ့အသက်ဖြစ်ပေသည်။ ဒွိလောကကမ္ဘာကြီးထဲရှိ လောကနိယာမများ နတ်ဆိုးနယ်မြေဘက်သို့ ယိမ်းလာသည့်အခါ သူတို့၏ကျင့်ကြံနှုန်းနှင့် အားပြန်ပြည့်သည့်နှုန်းမှာ ပိုမို၍ မြန်ဆန်လာရသည်။
ခွေးပေါက်လေးသည်လည်း အလွန်ကိုမှ စိတ်လှုပ်ရှားနေခဲ့ပြီး သူ့ပါးစပ်ကို ကျယ်ကျယ်ဟကာ အနီးအနားတွင်ရှိနေသော နတ်ဆိုးချီများကို အဆက်မပြတ် စုပ်ယူနေခဲ့လေသည်။
တစ်ခဏကြာပြီးသည့်နောက် ကမ္ဘာကြီးတစ်ခုလုံး အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။ ပတ်ဝန်းကျင်တစ်ခုလုံး သိပ်သည်းလှသည့် နတ်ဆိုးချီများဖြင့် ပြည့်လာခဲ့ပြီး ကမ္ဘာတစ်ခုလုံးမှာလည်း မှိုင်းညို့အုံ့ဆိုင်းလာခဲ့လေသည်။ အဖက်ဖက်တွင် နတ်ဆိုးချီများဖြင့် ပြည့်နေလေရာ ဤဒွိလောကကမ္ဘာကြီးသည် နတ်ဆိုးနယ်မြေတစ်ခုအလားပင် ထင်မှတ်ရတော့လေသည်။
နတ်ဆိုးနယ်မြေ မည်သို့မည်ပုံရှိသလဲဆိုသည်ကို ရန်ကိုင်မသိပါသော်ငြား လက်ရှိ ဒွိလောကကမ္ဘာကြီးနှင့် သိပ်ကွာလိမ့်မည်မဟုတ်မှန်းတော့ ပြောနိုင်ပေသည်။
လောကနိယာမများသည် သုံးရက်ကြာအောင် ပြောင်းလဲသွားခဲ့သည်။ ထိုသုံးရက်အတောအတွင်း နတ်ဆိုးအမျက်မြို့တော်မှ ပညာရှင်ပေါင်းများစွာ အတော်လေး ပြန်လည်သက်သာလာခဲ့ကြသည်။ သို့သော်ငြား ခွေးပေါက်လေး၏ ဆာလောင်မှုကိုတော့ ဖြည့်ဆည်းမပေးနိုင်ခဲ့ပေ။ သို့တိုင် ယခင်နှင့်စာလိုက်သော် အတော်လေးကိုမှ အဆင်ပြေလာခဲ့သည်။
သုံးရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် ခွေးပေါက်လေးကိုခေါ်၍ ယင်လေတောင်ဆီသို့ ပြန်သွားလေသည်။ သို့သော်ငြား ပြန်လာသည့်အခါတွင် ရန်ကိုင် မျက်မှောင်ကြီးကျုံ့နေခဲ့လေသည်။ နတ်ဆိုးဘုရင်နှင့် နတ်ဆိုးဗိုလ်ချုပ်မှူးများ၏ စိတ်ပျက်အားလျော့နေသည့် အကြည့်အောက်တွင် ရန်ကိုင်သည် ခွေးပေါက်လေးအား အောက်သို့ ချပေးလိုက်လေသည်။ ထို့နောက် ခွေးပေါက်လေးအား နတ်ဆိုးချီများကို ဆက်လက်စုပ်ယူနေစေ၏။
“အခြေအနေဘယ်လိုလဲ…” ကျုလဲ့က ခေါင်းမော့၍ မေးလိုက်သည်။
“ထွက်ပေါက်ကို အခုထိ မတွေ့ရသေးဘူး…” ရန်ကိုင် ခေါင်းခါလိုက်သည်။
ယခုတစ်ကြိမ်တွင် ရန်ကိုင်သည် ယခင်ကထက်ပို၍ မြင့်မြင့်တက်နိုင်ခဲ့ပါသော်ငြား ထွက်ပေါက်ကိုမူ မတွေ့ရသေးပေ။ တစ်နည်းဆိုရသော် ခွေးပေါက်လေး၏ လက်ရှိခွန်အားသည် သူတို့အား ဤနေရာမှ ခေါ်ထုတ်သွားနိုင်လောက်အောင် မြင့်မားသေးခြင်းမရှိ။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ ခွေးပေါက်လေးကို ဆက်၍ အားကောင်းလာအောင် လုပ်ရန်သာ ရှိတော့လေသည်။
ကျုချင်းသည် ရန်ကိုင်နားသို့ ရောက်လာပြီး ရန်ကိုင်၏လက်ကို ကိုင်ကာ နှစ်သိမ့်ပေးလိုက်လေသည်။ “စိတ်မပူနဲ့… ငါတို့ တစ်နေ့နေ့ကျရင် ဒီနေရာက ထွက်သွားနိုင်မှာ… စောတာနဲ့ နောက်ကျတာပဲ ကွာသွားမှာ…”
ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ငါ ဘာမှစိတ်ပူတာမဟုတ်ဘူး… ဒီနေရာကြီးက နေချင်စရာကို မကောင်းလို့သာ… ငါ ဒီက မြန်မြန်ထွက်သွားနိုင်မှပဲ ငါစိတ်အေးနိုင်မှာ…”
ကျုချင်းက တစ်ခဏတာမျှ တုံ့ဆိုင်းနေပြီးသည့်နောက် ပြန်မေးလိုက်လေသည်။ “ငါတို့ ဒီနေရာက ထွက်မသွားနိုင်ရင်ရော…”
ရန်ကိုင်သည် ကျုချင်း၏လက်ကို ကိုင်၍ ပြန်ပြောလိုက်သည်။ “ဒါဆို ငါတို့ ဒီမှာပဲ အတူတူ သေတဲ့ထိ နေသွားကြမှာပေါ့…”
ကျုချင်းမှာ ရှက်သွေးလေးဖြာလျက် ခေါင်းလေးငုံ့လိုက်လေသည်။
“မင်းတို့နှစ်ယောက် ငါ့ကို ငကန်းများ မှတ်နေတာလား…” ကျုလဲ့က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ဝင်ပြောလိုက်သည်။
ရန်ကိုင်အား အတန်တန် သတိပေးခဲ့ပါသော်ငြား ရန်ကိုင်ကမူ သူ့စကားကို လုံးဝ အလေးမထားခဲ့ချေ။
ရန်ကိုင်သည် ကျုချင်း၏ပုခုံးပေါ် လက်တင်ရင်းမှ ပြန်ပြောလိုက်လေသည်။ “မင်း ဒီမှာ ခဏစောင့်ကြည့်ထားလိုက်… ငါ မင်းအစ်မနဲ့ လမ်းလျှောက်ထွက်လိုက်ဦးမယ်…”
ထိုသို့ပြောပြီးသည့်နောက် ကျုချင်းကိုခေါ်ကာ ထွက်သွားလေ၏။
လီကျောက်က စိုးရိမ်တကြီးဖြင့် လှမ်းအော်ပြောလိုက်လေသည်။ “နန်းတော်သခင်ရန်… ကျေးဇူးပြုပြီး မြန်မြန်ပြန်လာနော်…”
ရန်ကိုင်သာမရှိလျှင် လောကနိယာမများ နောက်တစ်ဖန် ပြောင်းလဲလာသည့်အခါ သူ့အနေဖြင့် နတ်ဆိုးချီတိုက်စားမှုကို မည်သည့်နည်းနှင့်မျှ ခုခံနိုင်လိမ့်မည်မဟုတ်ချေ။ ယခင်တစ်ကြိမ် ရန်ကိုင် သူ့အား ဘာလုပ်လိုက်သလဲဆိုသည်ကို လီကျောက်မသိပါသော်ငြား သတိလစ်နေရာမှ နိုးလာချိန်တွင် နတ်ဆိုးချီတိုက်စားထားခံရသည့် မည်သည့်အရိပ်အယောင်ကိုမှ မတွေ့ရကြောင်း တွေ့ရှိလိုက်ရလေသည်။
သူသည်သာ ဤနေရာတွင် အသက်ရှင်လိုပါက ရန်ကိုင်ကို အားကိုးရန်သာ ရှိတော့သည်။
“ငါတို့ဘယ်သွားမှာလဲ…” ရန်ကိုင် သူ့အား အကြောင်းအရင်းတစ်ခုခုကြောင့် ခေါ်သွားသည်ဟု ကျုချင်း ယုံကြည်နေမိလေသည်။
“ဘယ်သူမှမရှိတဲ့နေရာပေါ့…”
ရန်ကိုင်မှ လုံးဝကို ပွင့်ပွင့်လင်းလင်းကြီး ပြောလာသဖြင့် ကျုချင်း ရှက်သွေးဖြာသွားခဲ့လေသည်။
ဤသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကြာသွားခဲ့ရာ ရန်ကိုင်တို့အဖွဲ့ နတ်ဆိုးအမျက်မြို့တော်သို့ ရောက်နေသည်မှာ သုံးလခန့်ပင် ရှိသွားခဲ့လေပြီ။
ထိုသုံးလအတောအတွင်း နတ်ဆိုးအမျက်မြို့တော်ရှိ နတ်ဆိုးဘုရင်များနှင့် နတ်ဆိုးဗိုလ်ချုပ်မှူးများ၏ဘဝမှာ သေသည်ထက်ပင် ဆိုးရွားနေခဲ့သည်။ သူတို့ခမျာ အားပြန်ပြည့်လိုက် အားပြန်ကုန်သွားလိုက်နှင့် သံသရာကို လည်နေရ၏။ ပိုဆိုးသည့်အရာမှာ သူတို့၏ခွန်အား သုံးဆယ်ရာခိုင်နှုန်းပင် မပြည့်တတ်သေးခင်မှာပင် ခွေးပေါက်လေးအား နတ်ဆိုးချီကျွေးရန်အတွက် တန်းစီရခြင်းပင်။
ထိုသုံးလအတောအတွင်း နတ်ဆိုးဘုရင်နှင့် နတ်ဆိုးဗိုလ်ချုပ်မှူးများ၏ ကျင့်ကြံခြင်းမှာ အဆင့်သေး တစ်ဆင့်နှစ်ဆင့်ခန့် လျှောကျသွားခဲ့ရလေသည်။
ဤသည်မှာ သူတို့၏အသားကို ဓါးဖြင့် ပါးပါး ခွာလှီးနေသည်နှင့်ပင် တူနေသေးသည်။ ယခုကဲ့သို့သောဘဝမျိုးသည် သေသည်ထက်ပင်လျှင် ပိုဆိုးနေပေသေးသည်။ တစ်ခါတစ်ရံ နတ်ဆိုးဘုရင်များမှာ သေချင်သေပါစေ ရန်ကိုင်နှင့် တိုက်ခိုက်ပစ်ချင်စိတ်များ ထွက်ပေါ်လာခဲ့လေသည်။ သို့သော်ငြား အသက်ရှင်နေသည့်ခွေးတစ်ကောင်၏ဘဝမှာ သေနေသည့် ခြင်္သေ့တစ်ကောင်၏ဘဝထက် ပိုကောင်းသေးကြောင်း ပြန်စဉ်းစားမိလိုက်သည့်နောက် ဆက်၍သည်းခံရန်သာ ဆုံးဖြတ်လိုက်လေ၏။ သူတို့ဘိုးဘေးများသည် နတ်ဆိုးအမျက်မြို့တော်အတွင်း နှစ်ပေါင်း သိန်းနှင့်ချီတိုင်အောင် နေထိုင်ခဲ့သည်။ ထို့အတွက်ကြောင့် သူတို့လက်လက် ရောက်မှသာလျှင် သူတို့ဘိုးဘေးများ ချန်ရစ်ခဲ့သည့် အမွေအနှစ်ကို ပြတ်တောက်သွားအောင် လုပ်၍ မဖြစ်ချေ။
ခွေးပေါက်လေးသည် ယခင်အတိုင်းသာ အဆင့်ခြောက်မွန်းစတားသားရဲတစ်ကောင်၏ အရှိန်အဝါကိုသာ ထုတ်လွှတ်နေပေသေးသည်။ သို့သော်ငြား လက်တွေ့စမ်းသပ်ထားသည့်အတွက်ကြောင့် ခွေးပေါက်လေးမှာ ယခင်ကထက် အများကြီး ပိုသန်မာလာနေပြီဖြစ်ကြောင်းကို ရန်ကိုင်ပြောနိုင်ပေသည်။
ခွေးပေါက်လေး၏ ဗိုက်ထဲတွင် ရှိနေသော ထူးဆန်းသည့်ဟင်းလင်းပြင်သည် ယခင်ထက် အဆတစ်ရာမက ပိုမိုကြီးမားနေခဲ့လေပြီ။ ယခုဆိုလျှင် ခွေးပေါက်လေးသည် ရန်ကိုင်အား ယခင်ထက် ပိုမိုမြင့်မားသည့်နေရာဆီသို့ ခေါ်သွားနိုင်လေ၏။
ထိုသုံးလအတောအတွင်း ရန်ကိုင်နှင့် ကျုချင်းသည် တစ်ခါတစ်ရံ လျှောက်ပတ်သွားပြီး နှစ်ရက်သုံးရက်လောက်ကြာမှသာ ပြန်လာတတ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ကျုလဲ့မှာ မကျေမချမ်းဖြစ်ကာ ရန်ကိုင်တို့အား လှောင်ပြောင်ပြောဆိုလေ၏။ သူမမောင်လေး၏ လှောင်ပြောင်စကားကိုကြားတိုင်း ကျုချင်းမှာ လိပ်ပြာမလုံသလို ဖြစ်သွားခဲ့ပါသော်ငြား ရန်ကိုင်ကမူ ကျုလဲ့ပြောသည့်စကားကို ရှိသည်ဟုပင် သဘောမထားဘဲ မသိချင်ယောင်သာ ဆောင်နေခဲ့လေသည်။
လီကျောက်မှာမူ သူ့ဘဝကို သူနေလိုသည့်အတိုင်း နေ၍မရတော့ချေ။ အကြောင်းမှာ လောကနိယာမများ နတ်ဆိုးနယ်မြေဘက်သို့ ယိမ်းလာသည့်အခါတိုင်း ရန်ကိုင်၏ အမှောက်သိပ်ခြင်းခံရကာ လောကနိယာမ ပြန်လည်ပြောင်းလဲသည့်အခါမှသာလျှင် ပြန်နိုးလာနိုင်သည့် အတွက်ကြောင့်ပင်။
ယနေ့ထိတိုင် ရန်ကိုင်မှ သူ့အား နတ်ဆိုးချီတိုက်စားမခံရအောင် မည်ကဲ့သို့ ကူညီပေးနေသလဲဆိုသည်ကို လီကျောက် မသိသေးချေ။ မည်သို့ပင်ဖြစ်နေစေကာမူ တစ်နေ့ထက်တစ်နေ့ ရန်ကိုင်အား ပိုပို၍ ကျေးဇူးတင်လာနေမိလေ၏။
ယခုအချိန်တွင်တော့ ရန်ကိုင်မှာ ခွေးပေါက်လေးအား နတ်ဆိုးဘုရင်များကို မဝါးမျိုပစ်ခိုင်းခဲ့သည့်အပေါ် ကြိတ်၍ ဝမ်းသာနေမိလေသည်။ အကြောင်းမှာ ထိုသို့သာ လုပ်လိုက်မည်ဆိုပါက ခွေးပေါက်လေးသည် သုံးလအတောအတွင်း ဤမျှ အားကောင်းလာနိုင်လိမ့်မည် မဟုတ်သည့်အတွက်ကြောင့်ပင်။
ဥ ဥပေးသည့်ငန်းအား မသတ်လိုက်ဘဲ ထားခြင်းသည် သတ်လိုက်ခြင်းထက် ပို၍ကောင်းပေသည်။
နတ်ဆိုးဘုရင်များ၏ ဒုက္ခနေ့ရက်များမှာ မကြာခင် အဆုံးသတ်ပေတော့မည်။ အကြောင်းမှာ ယခင်တစ်ကြိမ် ရန်ကိုင် ယင်လေတောင်ဆီမှ ခွေးပေါက်လေးနှင့် အတူပြန်လာစဉ် ထွက်ပေါက် မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို အကြမ်းဖျင်းသိသွားပြီဟု ပြောလာသည့်အတွက်ကြောင့်ပင်။ ခွေးပေါက်လေးသည်သာ ယခုထက် အနည်းငယ်လေးပို၍ အားကောင်းလာမည်ဆိုပါက ရန်ကိုင်တို့အနေဖြင့် ဤနေရာမှ ထွက်သွားနိုင်ပေလိမ့်မည်။
ထိုသတင်းကို ကြားပြီးသည့်နောက် နတ်ဆိုးမျိုးနွယ်စုများမှာ အလွန်ကိုမှ ဝမ်းသာနေကြလေသည်။ လွန်ခဲ့သည့်သုံးလလုံးလုံး ကြိုးစားခဲ့ရသည်မှာ ယနေ့အတွက်သာ ဖြစ်လေသည်။ ယခုဆိုလျှင် သူတို့အကုန်လုံးမှာ မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရပြီ ဖြစ်သည့်အတွက်ကြောင့် ပြန်လည်ကောင်းမွန်လာရန်အတွက် ယခင်ကထက်ပို၍ ကြိုးစားလာကြတော့လေ၏။
ယခင်က မသုံးရက်ခဲ့သော အဖိုးတန်လှသည့် နတ်ဆိုးအသီးများကိုလည်း ထုတ်ယူလာပြီး သူတို့၏စွမ်းအားကို မြန်နိုင်သမျှမြန်မြန် ပြန်ဖြည့်ကြတော့လေသည်။
လောကနိယာမများ တစ်ဖန်ပြောင်းလဲသွားပြီးသည့်နောက် ရန်ကိုင်သည် လီကျောက်ကို ကမ္ဘာငယ်လေးထဲမှ ပြန်ဆွဲခေါ်၍ နှိုးလိုက်သည်။
မြေကွက်လပ်ကြီးထဲတွင် နတ်ဆိုးဘုရင်များနှင့် နတ်ဆိုးဗိုလ်ချုပ်မှူးများသည် တင်ပလင်ခွေထိုင်ရင်းမှ အားနည်းဖျော့တော့သည့်အမူအယာများဖြင့် ရန်ကိုင်အား ကြည့်နေကြလေသည်။
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် အော်ပြောလိုက်လေ၏။ “ဟိုးရှေးခေတ်တွေတည်းက လူသားတွေနဲ့ နတ်ဆိုးတွေဆိုတာ ရန်သူတွေဖြစ်လာခဲ့ကြတာ… ရှင်းရှင်းပြောရရင် မျိုးနွယ်စုနှစ်ခုကြားမှာ မကျေချမ်းနိုင်တဲ့ ရန်ငြိုးတွေရှိနေတယ်… အဲ့ဒါကြောင့် ပုံမှန်အတိုင်းသာဆိုရင်တော့ ကျုပ် ခင်ဗျားတို့အားလုံးကို သတ်ပြီးတော့ ပြဿနာတွေကို ရှင်းပစ်သင့်တာ…”
ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် နတ်ဆိုးမျိုးနွယ်စုဝင်များ၏ အမူအယာများ ပြောင်းလဲသွားခဲ့ကြလေသည်။ သို့သော်ငြား ရန်ကိုင်သည် သူပြောသည့်အတိုင်း လုပ်လိမ့်မည်မဟုတ်မှန်း သိနေသည့်အတွက်ကြောင့် ထိတ်လန့်တုန်လှုပ်နေခြင်းမရှိချေ။
“ဒါပေမယ့် လွန်ခဲ့တဲ့လတွေအတွင်းမှာ ကျုပ်ကို ကူညီပေးခဲ့တာတွေကို ထောက်ထားပြီးတော့ ခင်ဗျားတို့အားလုံးရဲ့အသက်ကို ချမ်းသာပေးမယ်…”
“ကျေးဇူးအများကြီးတင်ပါတယ်ဆရာ…” ကဝေနတ်ဆိုးက အော်ပြောလိုက်လေသည်။ သို့သော်ငြား အခြားနတ်ဆိုးများဆီမှတော့ မည်သည့်အသံမှ ထွက်မလာခဲ့ချေ။
ရန်ကိုင်က ပြုံး၍ ပြောလိုက်လေသည်။ “ကျုပ်တို့ နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်မတွေ့ကြတာပေါ့…”
(ဘယ်သူကရော မင်းနဲ့တွေ့ချင်နေလို့လဲ…) နတ်ဆိုးဘုရင်များနှင့် နတ်ဆိုးဗိုလ်ချုပ်မှူးများ စိတ်ထဲမှ ကြိတ်၍ တွေးလိုက်သည်။
“နှုတ်ဆက်ပါတယ်…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ခွေးပေါက်လေးကိုသယ်၍ ယင်လေတောင်ဆီသို့ ပျံသန်းသွားလေသည်။
ကျုချင်း၊ ကျုလဲ့နှင့် လီကျောက်တို့မှာလည်း ရန်ကိုင်နောက်မှ အလျင်စလို လိုက်လာကြသည်။
“ဆရာ့ရဲ့ခရီး ကံကောင်းပြီးတော့ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်…” ကဝေနတ်ဆိုးက အားတက်သရောဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။ သူမ၏ မျက်လုံးလေးများမှာတော့ အနည်းငယ် စိုထိုင်းထိုင်း ဖြစ်နေလေ၏။
(နောက်ဆုံး… နောက်ဆုံးတော့ ကပ်ဘေးကောင်ကြီးတွေ ထွက်သွားပြီ…) နတ်ဆိုးဘုရင်များနှင့် နတ်ဆိုးဗိုလ်ချုပ်မှူးများ ကြိတ်ကာ ဝမ်းသာနေကြလေသည်။
ရန်ကိုင်သည် ယင်လေတောင်ဆီသို့ အခေါက်ပေါင်းများစွာ ရခဲ့ဖူးသည်။ အကြိမ်တိုင်းတွင် ခွေးပေါက်လေး၏စွမ်းအားကို လာလာ၍ စမ်းသပ်ရသည့်အတွက်ကြောင့် ဤနေရာသို့ ထပ်ခါတလဲလဲကို ရောက်ဖူးနေလေ၏။
ထို့အတွက်ကြောင့် ယင်လေတောင်ပေါ်သို့ မည်ကဲ့သို့ တက်ရမလဲဆိုသည်နှင့် ပတ်သက်၍ အတော်လေးကိုမှ ကျွမ်းကျင်နေပြီဟု ပြော၍ရပေသည်။
တောင်ထိပ်ဖျားဆီမှ အေးစက်လှသော ရေခဲနတ်ဆိုးချီတို့သည် တောင်အောက်ဆီသို့ အဆက်မပြတ် တိုက်ခတ်နေခဲ့သည်။ အပေါ်သို့ရောက်လေရောက်လေ ထိုလေများမှာ ပို၍ ကြောက်မက်ဖွယ်ကောင်းလေပင်။ အစပိုင်းတွင် အကုန်လုံးမှာ အဆင်ပြေပြေနှင့် ရှိနေကာ ရေခဲနတ်ဆိုးချီများကို သူတို့၏ခွန်အားသက်သက်ဖြင့် ခုခံနိုင်ပါသော်ငြား မီတာတစ်ထောင်အမြင့်သို့ တက်လိုက်ပြီးသည့်နောက်တွင် ထိုသို့လုပ်ဖို့ရာ ခက်ခဲလာခဲ့ရလေသည်။ ထို့နောက်တွင် ခွေးပေါက်လေး၏ အကူအညီမပါဘဲ မည်သူမျှ မီတာတစ်ထောင်ကျော်သို့ ဆက်မတက်နိုင် ဖြစ်သွားခဲ့ရသည်။
ခွေးပေါက်လေးသည်လည်း ယခုအဖြစ်အပျက်နှင့်ပတ်သက်၍ ရင်းနှီးနေခဲ့လေပြီ။ မီတာတစ်ထောင်အမြင့်သို့ ရောက်လာပြီးသည့်နောက်တွင် ၎င်း၏ပါးစပ်ကိုဟ၍ တိုက်ခတ်လာနေသော ရေခဲနတ်ဆိုးချီများကို စတင်၍ စုပ်ယူပစ်တော့သည်။
မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်တို့လေးဦး ခံစားနေရသည့်ဖိအားမှာ အကြီးအကျယ်ကို လျော့ကျသွားခဲ့ရသည်။ ရှင်းရှင်းပြောရသော် တိုက်ခတ်လာနေသော ရေခဲနတ်ဆိုးချီ၏ ကိုးဆယ်ရာခိုင်နှုန်းလောက်ကို ခွေးပေါက်လေးမှ စုပ်ယူသွားခဲ့ပြီး ကျန်ဆယ်ရာခိုင်နှုန်းမှာ ပြန့်ကားထွက်လာသည့်အတွက်ကြောင့် ရန်ကိုင်နှင့်အခြားသူများအဖို့ အလွန်ကိုမှ ခံရသက်သာလှသည်။
အပေါ်သို့ ဆက်တက်လာသည်နှင့်အမျှ ရေခဲနတ်ဆိုးချီများမှာ ပိုပို၍ ပြင်းထန်လာခဲ့လေသည်။ သို့သော်ငြား ခွေးပေါက်လေးမှာမူ တိုက်ခတ်လာနေသမျှ ရေခဲနတ်ဆိုးချီအားလုံးကို စုပ်ယူပစ်နိုင်နေဆဲ။
မီတာနှစ်ထောင်ကျော်အောင် တက်လာပြီးသည့် အခါမှသာလျှင် ခွေးပေါက်လေး၏ကိုယ်ထက် ရေခဲစများ စတင်ဖြစ်ပေါ်လာခဲ့ရသည်။ ရေခဲနတ်ဆိုးချီသည် ခွေးပေါက်လေးအပေါ်တွင်ပင် စတင်၍ အကျိုးသက်ရောက်မှု ရှိလာခဲ့လေပြီ။