အခန်း (၂၉၈၆-၂၉၉၀)
Vol. 129 Ch. 2986-2990
အပိုင်း (၂၉၈၆)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်တို့အဖွဲ့သားလေးဦးတွင် ရန်ကိုင်သည် ခွေးပေါက်လေးကိုကိုင်၍ ရှေ့ဆုံးမှသွားနေပြီး ကျုမောင်နှမနှစ်ဦးမှာတော့ အလယ်မှ လိုက်လာနေကာ လီကျောက်မှာတော့ နောက်ဆုံးမှ လိုက်လာနေကြသည်။ သူတို့ကြားရှိ အကွာအဝေးမှာ ခြေသုံးလှမ်းထက် မပိုကြပေ။
ပတ်ဝန်းကျင်တစ်ခုလုံးမှာတော့ နှင်းဖြူရောင်သန်းနေခဲ့လေသည်။ သူတို့၏ ကောင်းကင်စိတ်အာရုံသည်ပင်လျှင် မီတာနှစ်ရာထက်ပို၍ မဖြန့်ကျက်နိုင်ပေ။ သို့တိုင် လမ်းပျောက်မည်ကိုတော့ ရန်ကိုင်စိတ်မပူ။ သူ့အနေဖြင့် ရေခဲနတ်ဆိုးချီများ တိုက်ခတ်နေရာလမ်းကြောင်းအတိုင်း လျှောက်သွားလိုက်ရုံဖြင့် သူသွားချင်နေသည့်နေရာဆီသို့ ရောက်သွားပေလိမ့်မည်။
တစ်ရက်ကြာပြီးသည့်နောက်တွင် ပုံမှန်မဟုတ်သည့် လက္ခဏာများကို ရန်ကိုင်တို့ စတင်သတိထားမိလာရသည်။
အားကောင်းလှသည့် လေဟာနယ်နိယာမစွမ်းအင်တို့သည် ထိုအရပ်ဆီမှ ဖြာထွက်နေခဲ့သည်။ ရန်ကိုင် စိတ်လှုပ်ရှားသွားပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။ “ငါတို့ ရောက်တော့မယ်…”
ရန်ကိုင်၏စကားကိုကြားသော် သုံးဦးစလုံး၏အမူအယာ လေးနက်သွားခဲ့ကြသည်။ အထူးသဖြင့် လီကျောက်ပင်။ သူ့ဆီမှ ဖြာထွက်နေသည့် ဧကရာဇ်ချီမှာလည်း အလွန်ကိုမှ ကြမ်းကြုတ်နေကာ သူ့စိတ်ထဲတွင်လည်း အတွေးတစ်ခုကိုသာ တွေးနေခဲ့သည်။ (ငါ ဒီကနေထွက်သွားနိုင်ပြီဆိုတာနဲ့ မီးနဂါးနန်းတော်ဆီပြန်ပြီး လုံးဝ ထွက်မလာတော့ဘူး…)
ထိုသို့ တွေးနေရင်းမှ သူ့သွေးများ စတင်၍ ဆူပွက်လာပြီး သူ့ရင်ထဲ မျှော်လင့်ချက်အရိပ်အယောင်တို့ဖြင့် ပြည့်လာခဲ့လေသည်။
ခွေးပေါက်လေး အနီးပတ်လည်၌ လေထုမှာလည်း အေးသည်ထက် အေးစက်လာခဲ့ပြီး ခွေးပေါက်လေး၏ကိုယ်ထက်တွင် ရေခဲစများ စတင်၍ ဖြစ်ပေါ်လာခဲ့သည်။ ကျယ်လောင်စွာဟထားသော ခွေးပေါက်လေး၏ ပါးစပ်လေးမှာလည်း သေးသထက် သေးလာနေခဲ့သည်။
ရန်ကိုင်တို့ရှိနေရာဆီမှ မီတာတစ်ထောင်ခန့်အကွာတွင် ရေခဲနတ်ဆိုးချီများ အဆက်မပြတ် စီးထွက်လာနေသည့် ပင်မအရင်းအမြစ်တစ်ခု ရှိနေသည့်ပုံပင်။ ထိုနေရာတွင်ရှိနေသည့် ယင်လေများသည် ယင်လေတောင်ပေါ်တွင်ရှိနေသည့် မည်သည့်ယင်လေထက်မဆို ပို၍ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
နောက်ဆုံးခြေလှမ်းသည် အခက်ခဲဆုံး ခြေလှမ်းတစ်ခု ဖြစ်ပေသည်။ ထိုနေရာအကြောင်းကို ယခင်တစ်ခေါက် ဤနေရာသို့ လာစဉ်ကတည်းက ရန်ကိုင်တွေ့ထားဖူးခြင်း ဖြစ်သည့်အတွက်ကြောင့် ထိုနေရာသည် ထွက်ပေါက်ရှိနေသည့်နေရာမှန်း ပြောနိုင်ခဲ့သည်။ ခွေးပေါက်လေးသည် လွန်ခဲ့သောရက်များအတွင်း အတော်လေးကိုမှ အားကောင်းလာခဲ့ရာ သူတို့အား ထိုဝင်ပေါက်ဆီသို့ ခေါ်သွားကောင်း ခေါ်သွားပေးနိုင်လောက်ပေသည်။
ရန်ကိုင်သည် ခွေးပေါက်လေးအား အဆက်မပြတ်ကို အားပေးစကားပြောနေခဲ့သည်။
ခွေးပေါက်လေးသည်လည်း ရန်ကိုင်ပြောသည့်စကားကို နားလည်သည့်အလား ရုတ်တရက်ဆိုသလို ခပ်သဲ့သဲ့ မာန်သွင်းအော်ဟစ်လျက် ၎င်း၏ပါးစပ်ကို ယခင်ကထက် ပိုကျယ်အောင် ဟလိုက်လေသည်။
ထိုသို့ဖြင့် တိုးဝင်လာနေသည့် ရေခဲနတ်ဆိုးချီအားလုံးကို ဝါးမျိုပစ်လိုက်ရာ ရန်ကိုင်တို့ ခံစားနေရသည့် ဖိအားမှာ သိသိသာသာကို လျော့ကျသွားခဲ့ရသည်။ ရန်ကိုင်တို့လည်း ချက်ချင်း အရှိန်တင်လိုက်လေ၏။
မီတာခုနှစ်ရာ…။
မီတာငါးရာ…။
မီတာသုံးရာ…။
မီတာတစ်ရာသာ ကျန်တော့သည့်နောက်တွင် ထွက်ပေါက်သည် မည်ကဲ့သို့သောပုံစံမျိုး ဖြစ်သလဲဆိုသည်ကို တွေ့သွားခဲ့လေသည်။ ထွက်ပေါက်မှာ အခြားမဟုတ် ဟင်းလင်းပြင်ထဲတွင်ရှိနေသော အက်ကြောင်းကြီးတစ်ခုသာ ဖြစ်လေသည်။ ထိုအက်ကြောင်းကြီးဆီမှ သိပ်သည်းလှသည့် ရေခဲနတ်ဆိုးချီများအပြင် အလွန်တရာကိုမှ အေးစက်လှသော အရှိန်အဝါတို့မှာလည်း အဆက်မပြတ် စီးထွက်နေခဲ့လေသည်။
ထိုအက်ကြောင်းကြီးသည် မီတာပေါင်းများစွာ ရှည်လျားပြီး ယင်လေတောင်ထိပ်ပေါ်တွင် တည်ရှိနေခြင်း ဖြစ်လေ၏။
ရှင်းရှင်းပြောရသော် ဤကဲ့သို့သော အက်ကြောင်းမျိုးသည် အချိန်အကြာကြီး တည်ရှိမနေသင့်ပေ။ အကြောင်းမှာ လောကနိယာမများသည် ထိုကဲ့သို့သော အက်ကြောင်းမျိုးကို အလိုလိုပြန်ပြင်သွားလိမ့်မည် ဖြစ်သည့်အတွက်ကြောင့်ပင်။ သို့သော်ငြား ဒွိလောကကမ္ဘာသည် အတော်လေးကိုမှ ထူးဆန်းလှကာ နတ်ဆိုးနယ်မြေနှင့် ကြယ်တာရာအစုအဝေးကြားရှိ ဟင်းလင်းပြင်အက်ကြောင်းထဲတွင် တည်ရှိနေပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ကမ္ဘာနှစ်ခု၏ဆွဲအားကြောင့် အက်ကွဲကြောင်းမှာ ပြန်မပိတ်သွားဘဲ တောက်လျှောက်ကို ပွင့်နေခဲ့ရခြင်း ဖြစ်လောက်သည်။
တစ်နေ့နေ့၌ တစ်ခုသောကမ္ဘာ၏ ဆွဲအားမှာ ရုတ်တရက် ပိုမိုအားကောင်းလာခဲ့သည်ရှိသော် ထိုဆွဲအားသည် ဒွိလောကကမ္ဘာကြီးတစ်ခုလုံးကို တစ်စစီဖြစ်သွားအောင် ဆွဲချေပစ်လိုက်ပေလိမ့်မည်။ ထိုအခါတွင် ဒွိလောကကမ္ဘာကြီး၌ နေနေကြသော သက်ရှိအားလုံး ပျောက်ကွယ်သွားကြရပေလိမ့်မည်။
ယခုကဲ့သို့သော အက်ကွဲကြောင်းမျိုးသည် လူများအတွက် ဖြတ်သန်းသွားချင်တိုင်း ဖြတ်သန်းသွား၍ ရသည့် အက်ကြောင်းမျိုး မဟုတ်ချေ။ အကြောင်းမှာ အက်ကြောင်းထဲရှိ လေဟာနယ်နိယာမစွမ်းအားတို့သည် ဖြတ်သန်းသွားသူများအပေါ် မမျှော်လင့်ထားသည့် အကျိုးသက်ရောက်မှုများ ဖြစ်လာနိုင်သည့်အတွက်ကြောင့်ပင်။ တစ်စုံတစ်ဦးသည် ဤအက်ကွဲကြောင်းအား မည်သည့်ပြဿနာမှမရှိဘဲ ဖြတ်သန်းကောင်း ဖြတ်သန်းသွားနိုင်သလို အခြားတစ်ဦးမှ ဤအက်ကွဲကြောင်းကိုပင် ထပ်မံဖြတ်သန်းရန် ကြိုးစားပါက လေဟာနိယာမစွမ်းအားများ၏ တစ်စစီဆုတ်ဖြဲခြင်း ခံရကောင်းလည်း ခံရသွားနိုင်ပေသည်။
ထိုအတွက်ကြောင့် အက်ကွဲကြောင်းအား လုံလုံခြုံခြုံ ဖြတ်သန်းသွားနိုင်မလားဆိုသည်မှာ ကံပေါ်တွင်သာ မူတည်နေ၏။
သို့သော်ငြား မည်သူပင်ဖြစ်နေပါစေ ဤကဲ့သို့သော အက်ကွဲကြောင်းမျိုးကို လုံလုံခြုံခြုံ ဖြတ်သန်းသွားလိုလျှင် လုံခြုံသည့် ဝင်ပေါက်တစ်ခုကို ဖန်တီးရန် လိုအပ်ပေသည်။
အမျိုးမျိုးသောအတွေးတို့ ရန်ကိုင်စိတ်ထဲ ဖြတ်ပြေးသွားခဲ့သည်။ ဤနေရာသို့ မလာခင်တည်းက မည်ကဲ့သို့ဖြစ်မလဲဆိုသည်ကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်သည့်အလား ရန်ကိုင်မှာ အစီအစဉ်တစ်ခုကို ကြိုတင်စီစဉ်ထားပြီးသွားခဲ့လေပြီ။ ထို့အတွက်ကြောင့် အော်ပြောလိုက်လေ၏။ “ငါ ဝင်ပေါက်ကို တည်ငြိမ်အောင်လုပ်ထားပေးမယ်… ဒါပေမယ့် အကြာကြီးတော့ ထိန်းထားနိုင်မှာမဟုတ်ဘူး… အများဆုံး အသက်သုံးရှိုက်စာပဲ… ဒီတော့ ဟင်းလင်းပြင်ထဲအက်ကွဲကြောင်းထဲ ပျောက်မသွားအောင်လို့ မင်းတို့ ငါထိန်းထားတဲ့အချိန်အတွင်း မြန်မြန်လေးလှုပ်ရှားကြ…”
“အင်း…” ကျုချင်း ခေါင်းညိတ်လိုက်သည်။ ကျုလဲ့နှင့် လီကျောက်တို့၏ အမူအယာမှာလည်း လေးနက်တည်ကြည်သွားကြလေသည်။ အကုန်လုံးမှာ အချိန်မရွေး လှုပ်ရှားနိုင်ရန် ပြင်ဆင်ထားကြလေ၏။
လေဟာနယ်တာအိုနှင့် ဆက်စပ်သည့် အရာများနှင့် ပတ်သက်လာသည့်အခါများတွင် သူတို့ မည်မျှပင် အားကောင်းနေစေကာမူ လုံးဝကို ကူကယ်ရာမဲ့ရတော့လေသည်။ ထို့အတွက်ကြောင့် သူတို့အနေဖြင့် ရန်ကိုင်အပေါ် အားကိုးရုံသာ တတ်နိုင်တော့လေ၏။
ရန်ကိုင်၏အမူအယာ လေးနက်တည်ကြည်သွားခဲ့ပြီး လေဟာနယ်နိယာမစွမ်းအားတို့ သူ့ဆီမှ ဖြာထွက်လာခဲ့လေသည်။ လက်ရှိရန်ကိုင်သည် မူလရပ်နေသည့်နေရာတွင်သာ ရပ်နေပါသော်ငြား ရန်ကိုင်သည် သူသည် အနီးတွင် ရှိနေသလိုလို အဝေးတွင် ရှိနေသလိုလို ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့သည်။
“ပွင့်လိုက်စမ်း…”
ထိုသို့အော်ပြောလိုက်ပြီးသည့်နောက် မမြင်နိုင်သည့် လေဟာနယ်နိယာမစွမ်းအားတို့ စုဝေးလာခဲ့ပြီး လှိုင်းတစ်လှိုင်းအသွင်သို့ ပြောင်းကာ ဟင်းလင်းပြင်အက်ကြောင်းဆီသို့ တိုးဝင်သွားလေ၏။
ထိုအခိုက်အတန့်တွင် ဟင်းလင်းပြင်အက်ကြောင်းပေါ်မှ တစ်ခုသောနေရာရှိ လေဟာနယ်မှာ တည်ငြိမ်သွားခဲ့လေသည်။
“ချင်းအာ… မြန်မြန်…” ရန်ကိုင်က အော်ပြောလိုက်သည်။
ယခင်ကတည်းက အဆင်သင့်ပြင်ထားသော ကျုချင်းသည် ချက်ချင်းပဲ ဂိတ်ပေါက်ဆီသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေ၏။
ကျုလဲ့သည်လည်း စကားတစ်ခွန်းမှပင် ပြောမနေခဲ့ပဲ ချက်ချင်း ပြေးထွက်သွားခဲ့လေသည်။
လီကျောက်သည်လည်း ရှေ့နှစ်ဦးနည်းတူ သူ့ခွန်အားကိုလှည့်ပတ်၍ အက်ကြောင်းဆီသို့ ပြေးဝင်သွားလေသည်။ သို့သော်ငြား လီကျောက်မှ ခွေးပေါက်လေး၏ ကာကွယ်မှုစက်ကွင်းမှ အပြင်သို့ ထွက်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့တစ်ကိုယ်လုံး ရုတ်ချည်း တောင့်တင်းသွားခဲ့လေသည်။ သူ၏ဧကရာဇ်ချီကိုပင်လျှင် မလှည့်ပတ်နိုင်တော့ဘဲ တစ်ကိုယ်လုံးမှာ တောင့်တောင့်ကြီး ဖြစ်နေလေ၏။
သွေးလည်ပတ်နှုန်းမှာလည်း စတင်၍ အေးခဲလာခဲ့ပြီး မျက်လုံးများမှာပင် ပြူးကျယ်လာခဲ့လေသည်။
ယခုတစ်ကြိမ်တွင်တော့ သူသွားပြီမှန်း လီကျောက်သိလိုက်သည်။ သူသည်သာ ဤအခွင့်အရေးကို လွဲချော်လိုက်ရမည်ဆိုလျှင် ဤနေရာမှ ဘယ်တော့မှ ထွက်သွားနိုင်တော့လိမ့်မည်မဟုတ်ဘဲ ဤနေရာတွင်သာ အေးခဲ၍ သေသွားရပေလိမ့်မည်။
ထိတ်လန့်တုန်လှုပ်မှုတို့ လီကျောက်၏ရင်ထဲ စတင်၍ ကိန်းအောင်းလာခဲ့ပြီး ရန်ကိုင်အား တောင်းပန်တိုးလျှိုးသည့်အမူအယာဖြင့် လှမ်း၍ ကြည့်လိုက်လေသည်။
“အမှိုက်ကောင်…” ရန်ကိုင်က ဒေါသတကြီး အော်ဆဲလိုက်လေ၏။ လီကျောက်မှာ ခွေးပေါက်လေး၏အပြင်ဘက်သို့ ထွက်ထွက်ချင်းမှာပင် ချက်ချင်းအေးခဲသွားလိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်း မရှိချေ။ ရန်ကိုင်မှာ လီကျောက်ကို ထား၍ ထွက်သွားခဲ့ချင်ပါသော်ငြား အဆုံးတွင်တော့ ထိုသို့မလုပ်ခဲ့ပဲ လီကျောက်ကိုဆွဲကာ ခွေးပေါက်လေးနှင့်အတူ အက်ကြောင်းဆီသို့ ပြေးဝင်သွားလေ၏။
အသက်သုံးရှိုက်စာမှာ ပြည့်နေပြီဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်လုပ်ထားသည့် အက်ကြောင်းပေါ်ရှိ တည်ငြိမ်နေသည့်အစိတ်အပိုင်းမှာ စတင်၍ ပျက်စီးသွားတော့လေ၏။
ထို့အတွက်ကြောင့် ရန်ကိုင်မှာလည်း မတတ်သာတော့ဘဲ လေဟာနယ်နိယာမစွမ်းအားကို ထပ်မံထုတ်သုံးကာ သူ့ရှေ့ပတ်လည်တွင် အနည်းငယ်လုံခြုံလောက်မည့် နေရာတစ်ခုကို ဖန်တီး၍ အက်ကြောင်းထဲသို့ တိုးဝင်သွားလေ၏။
လေပြင်းတိုက်ခတ်သံများ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဗြုန်းစားကြီး တိတ်ဆိတ်သွားခဲ့သည်။ ဘေးပတ်ဝန်းကျင်တွင် မည်သည့်အလင်းရောင်မှမရှိ။ မည်သည့်မိုးမြေစွမ်းအင်မှလည်းမရှိဘဲ ဗလာနတ္တိသာ ရှိနေခဲ့သည်။
ဆူညံယောက်ယက်ခတ်နေသည့် နေရာတစ်ခုမှ လုံးဝကို ငြိမ်သက်တိတ်ဆိတ်မှောင်မိုက်နေသော နေရာတစ်ခုကို ရောက်လာခြင်းသည် လူတစ်ဦး၏စိတ်ကို အနည်းငယ် ဂနာမငြိမ် ဖြစ်စေနိုင်ပေသည်။ ဤကဲ့သို့သောနေရာမျိုးတွင် ကောင်းကင်စိတ်အာရုံသည်ပင်လျှင် အသုံးမဝင်ချေ။
“ချင်းအာ…” ရန်ကိုင်က အော်ခေါ်လိုက်ပါသော်ငြား သူ့အသံသည် ဘေးပတ်ပတ်လည်သို့ ပျံ့နှံ့သွားခြင်းမရှိချေ။ ကံကောင်းစွာဖြင့် ကျုချင်း၏အရှိန်အဝါကို အာရုံခံမိသွားခဲ့ပြီး ချက်ချင်း လီကျောက်ကိုချကာ ကျုချင်းဘေးနားသို့ ပြေးသွားလိုက်လေသည်။
“နင်အဆင်ပြေလား…” ရန်ကိုင်က ကောင်းကင်စိတ်အာရုံမှတစ်ဆင့် မေးလိုက်သည်။
“အဆင်ပြေတယ်…” ကျုချင်းက ပြန်ပြောလိုက်သည်။ သူမသည် ဤနေရာသို့ ပထမဦးဆုံး ဝင်လာသည့်လူ ဖြစ်သည့်အတွက်ကြောင့် ဘာဆိုဘာမှမဖြစ်ခဲ့။ သို့သော်ငြား စိုးရိမ်နေသည့်ရန်ကိုင်ကိုကြည့်ရင်း ကျုချင်း၏ရင်ထဲ နွေးထွေးသွားရပြီး ပြန်မေးလိုက်လေသည်။ “ဒါ ဟင်းလင်းပြင်အက်ကြောင်းကြီးလား…”
“ဟုတ်တယ်… ဒါ ဟင်းလင်းပြင်အက်ကြောင်းပဲ…”
ဤသည်မှာ ရန်ကိုင်အဖို့ ပထမဦးဆုံးအကြိမ်အဖြစ် ဤနေရာသို့ ရောက်ဖူးခြင်း ဖြစ်လေသည်။ ဟင်းလင်းပြင်အက်ကြောင်းသည် နေရာအနှံ့တွင် ရှိနေကြပြီး မည်သူမဆို ထိုဟင်းလင်းပြင်အက်ကြောင်းထဲသို့ မည်သည့်နေရာမှမဆို ဝင်နိုင်ပေသည်။ နေရာတိုင်းတွင်ရှိနေသည့် ဟင်းလင်းပြင်အက်ကြောင်းများမှာ အတူတူသာဖြစ်ပါသော်ငြား ဟင်းလင်းပြင်အက်ကြောင်းသည် အလွန်တရာကိုမှ ကျယ်ပြောလွန်းလှကာ လူအများစုအတွက် ဟင်းလင်းပြင်အက်ကြောင်းများသည် အလွန်တရာကိုမှ အန္တရာယ်များသည့်နေရာများ ဖြစ်ကြသည်။ တစ်စုံတစ်ဦးသည်သာ ဤကဲ့သို့သော ဟင်းလင်းပြင်အက်ကြောင်းထဲသို့ ရောက်သွားမည်ဆိုလျှင် လမ်းပျောက်ကာ ဟင်းလင်းပြင်ထဲတွင်သာ တစ်သက်လုံး ပိတ်မိနေရပေလိမ့်မည်။
လေဟာနယ်တာအိုတွင် ကျွမ်းကျင်ထားသူများသည်သာလျှင် ဤကဲ့သို့သော ဟင်းလင်းပြင်များထဲ လှုပ်ရှားသွားနိုင်ကြပေသည်။
ထိုအချိန်တွင် ကျုလဲ့နှင့် လီကျောက်တို့သည်လည်း ရန်ကိုင်အနားသို့ ရောက်လာကြလေသည်။ ကျုလဲ့မှာ အဆင်ပြေနေပါသော်ငြား လီကျောက်မှာမူ တုန်တုန်ရီရီဖြင့် အေးခဲတော့မည့် ဖြစ်နေခဲ့လေသည်။ သူ့မျက်နှာထက်တွင်တူ အကြောက်မပြယ်သေးသည့် အရိပ်အယောင်တို့ကို မြင်တွေ့နေရသေးသည်။
ရန်ကိုင်ဆီမှ ကောင်းကင်စိတ်အာရုံလှိုင်းတို့ ဖြာထွက်လာခဲ့ပြီး အားလုံးကို သတိပေးလိုက်လေသည်။ “ဟင်းလင်းပြင်အက်ကြောင်းထဲမှာ လေဟာနယ်စီးကြောင်းတွေအများကြီးပဲ… အဲ့ဒါတွေကို သွားထိမိလို့ရှိရင် အဲ့ထဲပါသွားပြီးတော့ အခြား ကြုံရာနေရာတစ်ခုစီ ရောက်သွားနိုင်တယ်… ဒီတော့ တစ်ခုခု ထူးဆန်းတာတွေမြင်ရင်တောင် သွားစစ်ဆေးဖို့ မကြိုးစားနဲ့နော်… အဲ့လိုထူးဆန်းတဲ့အရာတွေကနေ ဝေးနိုင်သမျှ ဝေးအောင်သာနေ…”
“ကျုပ် နန်းတော်သခင်ရန်ပြောတဲ့အတိုင်း လိုက်လုပ်ပါ့မယ်…” လီကျောက်က ဆန့်ကျင်ခြင်းမရှိ ခေါင်းညိတ်သဘောတူလိုက်လေသည်။
ယခုကဲ့သို့ အခြေအနေမျိုးတွင် ရန်ကိုင်ချီးပေါက်လျှင်ပင် သူ့အနေဖြင့် ရန်ကိုင်၏ချီးနံ့ကြီးကို ဝမ်းပန်းတသာဖြင့် ရှုရှိုက်ပေလိမ့်မည်။ သူ့တွင် ရွေးချယ်စရာမရှိချေ။ ရန်ကိုင်အား အကြွေးများစွာ တင်ထားရုံမက ယခုလေးတင်လည်း ရန်ကိုင်ကြောင့်သာလျှင် အသက်ရှင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် လီကျောက်မှ ကြယ်တာရာအစုအဝေးသို့ ပြန်သွားလိုသော သူ၏မျှော်လင့်ချက်အားလုံးကို ရန်ကိုင်အပေါ်တွင် စုပုံထားရန်သာ ရှိတော့သည်။ ရန်ကိုင်ကိုသာ အားမကိုးရလျှင် မည်သူ့ကို သွားအားကိုးရမည်နည်း။
“ဒီနေရာမှာ လမ်းပျောက်ဖို့လွယ်တယ်… ကျုပ်တို့ အခုလိုမျိုး နီးနီးလေး ရှိနေတယ်ဆိုရင်တောင် တစ်ချက်လောက် သတိလစ်သွားရုံနဲ့ တစ်ခါတည်း အခြားတစ်နေရာဆီ ရောက်သွားနိုင်တယ်… ဒီတော့ တစ်ယောက်လက် တစ်ယောက် ကိုင်ထားတာ အကောင်းဆုံးပဲ…”
“နန်းတော်သခင်ရန်ပြောတာ တကယ်ကောင်းတယ်…” လီကျောက်မှာ လုံခြုံသလို ခံစားရနိုင်စေရန်အတွက် နည်းလမ်းတစ်ခုရှာနေခြင်းဖြစ်ကာ ရန်ကိုင်၏အကြံသည် သူဖြစ်ချင်နေသည့်အရာကို ချက်ချင်း တန်းဖြစ်သွားစေခဲ့လေသည်။
ထို့အတွက်ကြောင့် လီကျောက်မှာ ကျုလဲ့ဆီသို့ လှမ်း၍ကြည့်လိုက်၏။
ကျုလဲ့က အေးစက်စက်မျက်နှာထားဖြင့် “မင်း ငါ့နား ကပ်လာရဲ ကပ်လာကြည့်… သေပြီသာမှတ်…”
“အဟမ်း… ဒါက နန်းတော်သခင်ရန်ရဲ့ အကြံလေ…” လီကျောက်မှာ ထိုကဲ့သို့ ပြန်ပြောလိုက်ပါသော်ငြား ကျုလဲ့နားတော့ ကပ်မသွားရဲခဲ့ပေ။
ကျုလဲ့သည် မျက်မှောင်ကျုံ့သည် သူ့သိုလှောင်လက်စွပ်ထဲမှ ဖဲကြိုးကဲ့သို့သော အရာတစ်ခုကို ထုတ်ယူလိုက်သည်။
ထိုဖဲကြိုးပေါ်လာသည့်အချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ချည်း တောက်ပသွားခဲ့လေသည်။ ကြည့်ရသလောက် ထိုဖဲကြိုးသည် ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုဖြစ်ကာ အမျိုးသမီးများအတွက် အတော်လေးကိုမှ သင့်တော်သည့် ဧကရာဇ်အဆင့်မှော်ရတနာတစ်ခု ဖြစ်သည့်ပုံပင်။
“ဒါကိုသုံး…” ကျုလဲ့က အကြံပေးလိုက်သည်။
“အဲ့ဒါလည်း အဆင်ပြေတယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
ကျုလဲ့သည် ချက်ချင်းပဲ ဖဲကြိုး၏ အစွန်ဖျားတစ်ဖက်ကို ရန်ကိုင်ဆီသို့ ပစ်လိုက်လေသည်။ ရန်ကိုင်သည် ဖဲကြိုးကိုကိုင်၍ သူ့ခါးတွင် ချည်လိုက်သည်။ ကျုလဲ့သည်လည်း ကျန်တစ်ဖက်ကို သူ့ခါးတွင် ချည်လိုက်လေ၏။
လီကျောက်သည် ကျုလဲ့အား ကြည့်ရင်းမှ “နည်းနည်းလောက်… ကျုပ်အတွက် နည်းနည်းလောက်ပဲ ချန်ထားပေးနော်…”
ကျုလဲ့ နှာခေါင်းရှုံ့လိုက်လေသည်။ သူ့စိတ်ထဲ သိပ်၍မကျေနပ်ပါသော်ငြား လီကျောက်အား အခက်တွေ့အောင်လုပ်မနေခဲ့ဘဲ လီကျောက်အတွက် နည်းနည်းလေး ချန်ထားပေးလိုက်လေသည်။ လီကျောက်သည် ထိုအပိုင်းအစကို သူ့ခါးတွင် အမြန်ကောက်ချည်လိုက်လေ၏။
ဤသို့ဖြင့် ရန်ကိုင်တို့သုံးဦးမှာ တစ်ဦးနှင့်တစ်ဦး ဆက်သွားကြတော့လေသည်။ ဖဲကြိုး၏အရည်အသွေးမှာ အတော်လေးကောင်းမွန်သည့်အတွက်ကြောင့် အလွယ်တကူ ပြတ်သွားလိမ့်မည်မဟုတ်ချေ။
ကျုချင်းကမူ သူမနှင့်ပတ်သက်၍ စိတ်ပူစရာမလို။ လက်ရှိအချိန်တွင် ကျုချင်းသည် ရန်ကိုင်၏လက်ကို ဖက်တွယ်ထားခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် ကျုချင်းမှာ အလုံခြုံဆုံးနေရာတွင် ရှိနေသည်ဟုပင် ပြော၍ရသည်။ သို့သော်ငြား ယခုကဲ့သို့ အခြားသူများရှေ့တွင် ရန်ကိုင်နှင့် နီးနီးကပ်ကပ် နေရသည့်အပေါ် သိပ်၍ အသားမကျသည့်အတွက်ကြောင့် ရှက်သွေးဖြာနေလေ၏။
“ကောင်းပြီ… ထွက်ပေါက်ကို ရှာကြရအောင်…” ရန်ကိုင်က ပြောလိုက်သည်။
“ထွက်ပေါက်ဘယ်မှာလဲ မင်းသိလား…” ကျုလဲ့က မေးလိုက်သည်။
“နည်းနည်းပါးပါးတော့ အာရုံခံမိတယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် တစ်ခုသောဘက်သို့ လှမ်းကြည့်ရင်းမှ ထိုအရပ်ဆီသို့ လမ်းလျှောက်သွားလေ၏။ ကျုလဲ့နှင့်လီကျောက်တို့မှာလည်း ရန်ကိုင်နောက်မှ အမြန်လိုက်သွားကြလေသည်။
တစ်ခဏကြာအောင် လမ်းလျှောက်လာနေပြီးသည့်နောက် တစ်ခုခုမှားယွင်းနေသည်ဟု ကျုလဲ့စိတ်ထဲ ခံစားလိုက်ရသည်။
လူချင်းကွာမသွားအောင် ဖဲကြိုးကိုသုံး၍ လုပ်ထားခြင်းသည် တစ်ယောက်လက်တစ်ယောက် ကိုင်ထားခြင်းထက် ပို၍ အဆင်ပြေပါသော်ငြား ကျုလဲ့ကမူ ရန်ကိုင်မှ တိရစ္ဆာန်နှစ်ကောင်ကို ကြိုးဖြင့်ဆွဲ၍ ရှေ့မှသွားနေသည်ဟု ခံစားနေရလေသည်။
ထိုကဲ့သို့ စဉ်းစားမိလိုက်သည်နှင့်တစ်ပြိုင်နက် ကျုလဲ့၏မျက်နှာကြီး သုန်မှုန်သွားခဲ့သည်။
လီကျောက်မှာလည်း စတင်၍ ထိတ်လန့်လာခဲ့ပြီး ပုတီးစေ့တမျှ ကြီးမားလှသော ချွေးသီးချွေးပေါက်တို့မှာ သူ့နဖူးထက် ဝေ့သီလာတော့လေ၏။ အကြောင်းမှာ ကျုလဲ့ဆီမှ သတ်ဖြတ်လိုစိတ်တို့ကို ခံစားမိလိုက်သည့်အတွက်ကြောင့်ပင်။
(ငါ သူ့ကိုလည်း သွားရန်မစပါဘူး… ဘာတွေဖြစ်နေတာလဲ…) လီကျောက် နားမလည်နိုင် ဖြစ်နေလေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၈၇)
ဘာသာပြန်သူ_တိမ်တိုက်
အဆုံးမဲ့ဟင်းလင်းပြင်ကြီးထဲ ဟင်းလင်းပြင်စီးကြောင်းအသွယ်သွယ်ကို ဖြတ်ကျော်လာ၍ အတန်ကြာအောင် လျှောက်လှမ်းလာပြီးသည့်နောက်တွင် ရန်ကိုင်တို့လေးဦးသည် ထူးဆန်းသောနေရာတစ်ခုဆီသို့ ရောက်လာခဲ့သည်။
ထိုနေရာသည် အပိုင်းနှစ်ပိုင်း ကွဲထွက်နေခဲ့လေသည်။ အပေါ်ပိုင်းနှင့် အောက်ပိုင်း တစ်ခုချင်းစီသည် ဧရာမဝဲကတော့ကြီးတစ်ခုစီနှင့် ဆက်သွယ်ထားလေ၏။ ထိုဝဲကတော့ကြီးနှစ်ခုမှာ ပိန်းပိန်းပိတ် မည်းမှောင်နေပြီး တိုးဝင်လာသမျှ အရာအားလုံးကို ဝါးမျိုပစ်နိုင်သယောင် ထင်မှတ်ရကာ မြင်လိုက်ရသည့်လူတိုင်းကို ကြက်သီးမွေးညင်း ထသွားစေနိုင်ပေသည်။ လက်ရှိအချိန်တွင် ဝဲကတော့ကြီးနှစ်ခုလုံးသည် ငြိမ်သက်နေသည့်အခြေအနေတွင် ရှိနေပါသော်ငြား ထိုဝဲကတော့ကြီးနှစ်ခုဆီမှ ကြောက်မက်ဖွယ်ရာဆွဲငင်အားတို့ကို လူတိုင်း ခံစားမိနေကြလေသည်။
လက်ရှိအချိန်တွင် ရန်ကိုင်တို့နှစ်ဦးသည် ထိုဝဲကတော့နှစ်ခု၏ အလယ်တွင် ရပ်နေကြခြင်း ဖြစ်လေ၏။
ဝဲကတော့နှစ်ခုကို အတန်ကြာအောင် သေချာ အသေးစိတ် လေ့လာပြီးသည့်နောက်တွင် ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။ “ဒီနှစ်ခုက ထွက်ပေါက်တွေပဲ… ငါထင်တာမမှားလို့ရှိရင် တစ်ခုက ကြယ်တာရာအစုအဝေးကို ဦးတည်နေပြီး အခြားတစ်ခုက နတ်ဆိုးနယ်မြေကို ဦးတည်နေတာ…”
လီကျောက်က မေးလိုက်လေသည်။ “ဘယ်တစ်ခုကို ရွေးရမှာလဲ…”
ရန်ကိုင်က တစ်ခုကို ညွှန်ပြလျက် ပြန်ပြောလိုက်သည်။ “အပေါ်တစ်ခုပဲ… နှစ်ခုစလုံးက တူတယ်ထင်ရပေမယ့် အောက်ဘက်ကနေ နတ်ဆိုးချီတွေ စီးထွက်လာနေတာ… ဒီတော့ အောက်ကတစ်ခုက နတ်ဆိုးနယ်မြေကို ဦးတည်နေတဲ့ ထွက်ပေါက်ပဲ…”
“သွားရမယ့်နေရာကို သိပြီဆိုမှတော့ သွားကြတာပေါ့…” ကျုလဲ့က တိုက်တွန်းလိုက်သည်။
ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “မင်းတို့ကို ကြယ်တာရာအစုအဝေးဆီ ပြန်ခေါ်သွားပေးမယ်… ဒါပေမယ့် ဝဲကတော့ထဲကို ဖြတ်သွားနေတုန်းတော့ မင်းတို့ရဲ့လုံခြုံရေးကို ငါ အာမ မခံနိုင်ဘူးနော်… အဲ့ထဲမှာ ငါတို့မမျှော်လင့်ထားတဲ့အရာတွေ ဖြစ်ရင် ဖြစ်လာနိုင်သေးတယ်…”
“ဒီအခြေအနေထိ ရောက်လာပြီဆိုမှတော့ ထပ်ပြောနေလို့လည်း အပိုပဲ…”
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်သည်။ “အဲ့ဒါဆို သွားကြတာပေါ့… မင်းတို့ ငါ့နောက်ကနေ အနီးကပ်လိုက်လာခဲ့…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ဝဲကတော့ဆီသို့ ပြေးသွားလေသည်။ လေဟာနယ်နိယာမစွမ်းအားတို့ ရန်ကိုင်ဆီမှ ဖြာထွက်လာခဲ့ပြီးသည့်နောက် မမြင်နိုင်သည့် စွမ်းအားတစ်ခုအသွင်သို့ ပြောင်းလျက် ဝဲကတော့ဆီသို့ တိုးဝင်သွားလေ၏။ ထို့နောက်တွင် ဝဲကတော့ထက် ရန်ကိုင်တို့ဖြတ်သွားရန် လုံခြုံသည့် လမ်းကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
ချက်ချင်းဆိုသလို လမ်းကြောင်းပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် မမျှော်လင့်ထားသည့်အဖြစ်အပျက်များ ဖြစ်ပေါ်လာခဲ့လေသည်။ တည်ငြိမ်နေသော ဝဲကတော့ကြီး လျင်မြန်စွာ လည်ပတ်လာခဲ့ပြီး ကြောက်မက်ဖွယ်ရာ လေဟာနယ်နိယာမစွမ်းအားတို့မှာ ဘက်ပေါင်းစုံမှ ဖြာထွက်လာခဲ့ကြလေသည်။
ထိုပုံစံကြီးသည် ရန်ကိုင်မှ နှစ်ပိုင်းကွဲထွက်နေသည့် ပင်လယ်ပြင်ကြီးကို ဖြတ်ကူးရန် ကြိုးစားနေပြီး ရန်ကိုင်တို့ဖြတ်သွားသည့် လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော နှစ်ပိုင်းပြတ်ထွက်နေသည့် ပင်လယ်ပြင်ကြီးမှာ ရုတ်တရက် အချင်းချင်း ပြန်ဆက်သွားသည့် ပုံစံမျိုးပင် ပေါက်နေလေသည်။
ထို့အတွက်ကြောင့် ကျုလဲ့နှင့် လီကျောက်တို့မှာ တဖြည်းဖြည်း ပြန်ဆက်သွားနေသည့် လေဟာနယ်စီးကြောင်းများထဲ ပိတ်မိမသွားစေရန် ရန်ကိုင်နောက်မှ အနီးကပ် အမြန်လိုက်လာခဲ့ကြရသည်။
ကံကောင်းစွာဖြင့် ဤနေရာတွင်ရှိနေသည့် လူတိုင်းမှာ ပညာရှင်များဖြစ်ကြပြီး သူတို့အားလုံးကို ဧကရာဇ်မှော်ရတနာတစ်ခုမှ ချိတ်ဆက်ထားခဲ့သည်။ ထို့အပြင် ယခုကဲ့သို့သော အရေးကြီးသည့် အခြေအနေမျိုးတွင် မည်သူမျှ အမှားမလုပ်ကြချေ။
ရန်ကိုင်သည် လေဟာနယ်နိယာမစွမ်းအားကို အဆုံးစွန်ထိ လှည့်ပတ်ရင်း သူ့ရှေ့ရှိ အတားအဆီးအားလုံးကို ထိုးဖောက်၍ ဖြတ်ကျော်သွားနေခဲ့သည်။
ဝဲကတော့ထဲ အတန်ကြာအောင် သွားနေပြီးသည့်နောက်တွင် အလွန်ကိုမှ မာကျောသည့် အရာတစ်ခု သူ့ရှေ့တည့်တည့်တွင် ရှိနေသည်ကို ရန်ကိုင်ခံစားမိလိုက်သည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ သူ့ကိုယ်သူ သံပြားတစ်ပြားနှင့် ဝင်တိုးမိသည်ဟုပင် ခံစားလိုက်ရလေသည်။ ရန်ကိုင်၏သွေးများ ဆူပွက်လာခဲ့ပြီး လှမ်းကြည့်လိုက်ရာ ဘေးပတ်လည်၌ ကြယ်ရောင်စုံ လင်းလက်တောက်ပနေကြောင်း တွေ့လိုက်ရလေသည်။
“ကမ္ဘာအတားအဆီးပဲ…”
ကမ္ဘာနှစ်ခု တစ်ခုနှင့်တစ်ခု ချိတ်ဆက်မသွားရခြင်းမှာ ကမ္ဘာအတားအဆီးများ ရှိနေသည့်အတွက်ကြောင့်ပင်။ ဤကမ္ဘာအတားအဆီးသည် ကမ္ဘာတစ်ခုအား အခြားကမ္ဘာများနှင့် ပိုင်းခြားထားသည့် အကာအရံတစ်ခုဖြစ်ကာ မဟာဧကရာဇ်များသည်ပင်လျှင် ဤကမ္ဘာအတားအဆီးကို မဖျက်ဆီးနိုင်ကြချေ။
ရန်ကိုင်သိရသလောက် နတ်ဆိုးနယ်မြေ၏ မဟာနတ်ဆိုးနတ်ဘုရားသည် တစ်ချိန်က ကမ္ဘာအတားအဆီးကို ဖျက်ဆီးခဲ့ဖူးလေသည်။ ထို့အတွက်ကြောင့်ပင်လျှင် နတ်ဆိုးနယ်မြေမှ ပညာရှင်များ ကြယ်တာရာအစုအဝေးထဲသို့ ရောက်ရှိလာနိုင်ကြခြင်း ဖြစ်လေ၏။
ကမ္ဘာအတားအဆီးသည်သာ ပုံမှန်အခြေအနေမျိုးတွင် ရှိနေမည်ဆိုပါက ရန်ကိုင်အနေဖြင့် လေဟာနယ်နိယာမစွမ်းအားကို ကျွမ်းကျင်ထားမည်ဆိုလျှင်ပင် ကမ္ဘာအတားအဆီးကို ဖျက်ဆီးနိုင်လိမ့်မည်မဟုတ်ချေ။ တကယ်တော့ သူ့ကျင့်ကြံခြင်းသည် အလွန်ကိုမှ နိမ့်ကျနေသည် မဟုတ်ပေလော။
သို့သော် ဒွိလောကကမ္ဘာကြီးမှာ ကြယ်တာရာအစုအဝေးနှင့် နတ်ဆိုးနယ်မြေကြားတွင် လွင့်မျောနေသည့်အတွက်ကြောင့် အတားအဆီးများမှာ ပြီးပြည့်စုံနေခြင်း မရှိတော့ပေ။ ထို့အတွက်ကြောင့် မျော်လင့်ချက်အချို့ ထွက်ပေါ်လာနေရလေ၏။
ကမ္ဘာအတားအဆီးနှင့် ဝင်တိုက်မိချိန် ရန်ကိုင်မှာ အနည်းငယ် တုန်လှုပ်သွားခဲ့ရပါသော်ငြား ချက်ချင်းပဲ ထိုအတားအဆီးကို မည်ကဲ့သို့ ထိုးဖောက်ရမလဲဆိုသည်အား နည်းလမ်းရှာတွေ့သွားခဲ့လေသည်။
ရုတ်တရက်ဆိုသလို ရန်ကိုင်၏အသိစိတ်ပင်လယ်ထဲမှ ခုနှစ်ရောင်စင်အလင်းတို့ ပေါက်ကွဲထွက်လာခဲ့ပြီး ရန်ကိုင်၏စိတ်စွမ်းအင်ကို တည်ငြိမ်သွားအောင် လုပ်လိုက်လေသည်။ တစ်ချိန်တည်းတွင် ရန်ကိုင်သည် လဓါးသွားပေါင်းများစွာကို ဖန်တီး၍ ရှေ့တည့်တည့်သို့ တစ်စင်းပြီးတစ်စင်း ပစ်လွှတ်လိုက်လေသည်။
မရေမတွက်နိုင်သော လဓါးသွားများ ဥက္ကာခဲမိုး ရွာကျသည့်နှယ် တစ်ပြိုင်တည်း တိုးဝင်လာခဲ့ကြရာ မကြာမီတွင် ရန်ကိုင်ရှေ့ရှိ ခိုင်ခံ့လှသော ကမ္ဘာအတားအဆီးပေါ်၌ အပေါက်တစ်ပေါက် ဖြစ်ပေါ်လာခဲ့လေ၏။
ရန်ကိုင် ဝမ်းသာသွားခဲ့ပြီး အကုန်လုံးကိုဦးဆောင်ကာ ထိုအပေါက်ဆီသို့ ပြေးဝင်သွားလေသည်။
သို့သော်ငြား ထိုအခိုက်အတန့်မှာပင် မမျှော်လင့်ထားသည့် အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့လေသည်။ ကမ္ဘာအတားအဆီးပေါ် အပေါက်တစ်ပေါက်ပေါ်လာသည့်နောက်တွင် ဟင်းလင်းပြင်စီးကြောင်းများမှာ ရုတ်တရက်ဆိုသလို ကသောင်းကနင်း ဖြစ်လာပြီး အကုန်လုံးအား တမုဟုတ်ချည်း လွှမ်းခြုံသွားလေသည်။
ရန်ကိုင်လည်း အလစ်အငိုက်မိကာ ဟင်းလင်းပြင်စီးကြောင်းထဲ ပါသွားခဲ့ရသည်။ ရန်ကိုင် အသိပြန်ဝင်လာချိန်တွင် ကျုချင်းကို မည်သည့်နေရာတွင်မှ မတွေ့ရတော့ချေ။
ရန်ကိုင်၏မျက်နှာ ချက်ချင်း ဖြူလျော်သွားခဲ့ပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်ပါသော်ငြား မည်သူ့ကိုမှ မတွေ့ရတော့ကြောင်း တွေ့လိုက်ရလေသည်။ ကျုချင်းသာလျှင် ပျောက်သွားခြင်းမဟုတ်ဘဲ ကျုလဲ့နှင့် လီကျောက်တို့ကိုလည်း မည်သည့်နေရာတွင်မှ မတွေ့ရတော့။ ခွေးပေါက်လေးသည်ပင်လျှင် ပျောက်ချင်းမလှ ပျောက်နေခဲ့လေသည်။
ရန်ကိုင် ဇောချွေးပြန်သွားခဲ့ပြီး တောင့်တောင့်ကြီး ရပ်နေမိလေ၏။
သူ့စိတ်ထဲ နောက်သို့ ပြန်လှည့်ကာ ကျုချင်းတို့အား လိုက်ရှာကြည့်ချင်ပါသော်ငြား ကမ္ဘာအတားအဆီးမှာ သူ့ဘာသာသူ ပြန်ပိတ်နေခဲ့လေပြီ။ အလင်းတစ်ချက် လက်သွားပြီးသည့်နောက်တွင် ရန်ကိုင်သည် အခြားကမ္ဘာတစ်ခု၌ ပေါ်လာခဲ့လေ၏။
ရင်းနှီးနေသည့် လောကနိယာမများကို ခံစားမိလိုက်သော် ကြယ်တာရာအစုအဝေးသို့ ပြန်ရောက်နေပြီမှန်း ရန်ကိုင်သိလိုက်သည်။ သို့သော်ငြား သူထင်ထားသည်နှင့် အနည်းငယ်တော့ ကွဲပြားနေခဲ့သည်။ လက်ရှိ ရန်ကိုင်ရောက်နေသည်မှာ ရေခဲနယ်မြေမဟုတ်။ အကြောင်းမှာ သူ့ဘေးပတ်ဝန်းကျင်တွင် မည်သည့်ရေခဲစ နှင်းစကိုမှ မတွေ့ရသည့်အတွက်ကြောင့်ပင်။
ဤနေရာသည် မြောက်ဘက်နယ်မြေပင် မဟုတ်ချေ။ ကြယ်တာရာအစုအဝေး၏ လောကနိယာမများသည် အတူတူသာ ဖြစ်ပါသော်ငြား တစ်နေရာနှင့်တစ်နေရာ အနည်းငယ်လေးတော့ ကွဲပြားပေသည်။ ရန်ကိုင်သည် မြောက်ဘက်နယ်မြေတွင် အတန်ကြာအောင် နေခဲ့သည့်အတွက်ကြောင့် ဤနေရာသည်သာ မြောက်ဘက်နယ်မြေဆိုပါက ရန်ကိုင်အနေဖြင့် ဤနေရာရှိ လောကနိယာမများကို ရင်းနှီးနေရပေလိမ့်မည်။
(ငါ ဘယ်ကိုရောက်နေတာလဲ…)
(ကျုချင်းနဲ့ အခြားသူတွေ ဟင်းလင်းပြင်ထဲ ပျောက်သွားတာတော့ မဟုတ်ပါဘူးနော်…)
ထိုအတွေး သူ့စိတ်ထဲ ပေါ်လာသည်နှင့် ရန်ကိုင်မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ ကမ္ဘာအတားအဆီးပေါ်တွင် အပေါက်တစ်ပေါက် ဖန်တီးလိုက်သည့်အခါ ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်း မရှိချေ။ ယခုကဲ့သို့ဖြစ်မည်မှန်းသာ ကြိုသိခဲ့လျှင် အစောကြီးတည်းက ပို၍ သတိထားခဲ့ပေမည်။
ကျုချင်းနှင့် အခြားသူများသည်သာ ဟင်းလင်းပြင်အတွင်း ပျောက်သွားမည်ဆိုပါက အပြင်သို့ ပြန်ထွက်လာနိုင်တော့မည်မဟုတ်ချေ။ ထိုသို့ဖြစ်လာသည့်အခါ ရန်ကိုင်အနေဖြင့် ဒွိလောကကမ္ဘာကြီးထဲသို့ သွား၍ ထိုလူများကို သွားပြန်ရှာရပေလိမ့်မည်။ သို့သော်ငြား ခွေးပေါက်လေးကိုလည်း မတွေ့ရတော့သည့်အတွက်ကြောင့် သူသည်သာ ဒွိလောကကမ္ဘာထဲသို့ ဝင်သွားမည်ဆိုလျှင် ယင်လေတောင်၏ အမြင့်ဆုံးဆီသို့ ထပ်တက်နိုင်လိမ့်မည်မဟုတ်။
ရုတ်တရက်ဆိုသလို ရန်ကိုင်မှာ အလွန်ကိုမှ စိတ်ဓာတ်ကျလာကာ ကြယ်တာရာအစုအဝေးသို့ ပြန်ရောက်လာသည့်အပျော်လေးများပင် ပျောက်ချင်းမလှ ပျောက်ကွယ်သွားကုန်ကြသည်။
ခေါင်းတငုံ့ငုံ့နှင့် သူ့ခါးဆီသို့ လှမ်းကြည့်လိုက်ရာ ကျုလဲ့၏ဖဲကြိုးမှော်ရတနာမှာ ပျက်စီးနေပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။ ဤမှော်ရတနာသည် ဧကရာဇ်အဆင့်မှော်ရတနာတစ်ခုပင် ဖြစ်လင့်ကစား ဟင်းလင်းပြင်စီးကြောင်းများကြောင့် ပျက်စီးသွားခဲ့ရလေသည်။ ကျုချင်းနှင့် အခြားသူများသည်လည်း အလားတူအဖြစ်အပျက်နှင့် ကြုံရမည်ဆိုပါက သူတို့၏နဂါးခန္ဓာကိုယ်များသည်ပင်လျှင် ဒဏ်ရာရသွားရနိုင်ပေသည်။
ရန်ကိုင်သည် အသက်ကိုပြင်းပြင်းရှူသွင်းလျက် သူ့စိတ်သူ တည်ငြိမ်အောင် အတတ်နိုင်ဆုံး ထိန်းပြီးသည့်နောက် ဘာတွေဖြစ်ပျက်သွားခဲ့သလဲဆိုသည်ကို သေသေချာချာ စဉ်းစားကြည့်တော့သည်။
တစ်ခဏအကြာ၌ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့လေသည်။
အဖြစ်အပျက်အားလုံးသည် တစ်ခဏလေးအတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်ပါသော်ငြား ရန်ကိုင်ကမူ အနည်းအကျဉ်းတော့ ခံစားမိပေသေးသည်။ ဖြစ်သွားသည့်အကြောင်းအရာများကို တစ်ခုချင်း သေချာပြန်စဉ်းစားကြည့်လိုက်နောက် သဲလွန်စအချို့ တွေ့သွားခဲ့လေ၏။ ယခုဆိုလျှင် ကျုချင်းနှင့် အခြားသူများသည် ဟင်းလင်းပြင်ထဲ ပျောက်သွားခြင်းမရှိဘဲ သူတို့အချင်းချင်း လူချင်းကွဲသွားခြင်း ဖြစ်သည်ဟုသာ ရန်ကိုင်ယုံကြည်နေတော့လေသည်။
ထိုသို့ဆိုလျှင် ကျုချင်းသည်လည်း ကြယ်တာရာအစုအဝေးသို့ ပြန်ရောက်နေရပေလိမ့်မည်။ သို့သော်ငြား လူတိုင်းရောက်နေသည့် နေရာသည် တူညီခြင်း မရှိကြချေ။
(ကျုချင်းနဲ့ ကျုလဲ့တို့ ကြယ်တာရာအစုအဝေးကို ပြန်လာနိုင်သရွေ့ ဘာမှကိစ္စမရှိဘူး… ဒီနေရာမှာဆိုရင် သူတို့အတွက် ဘာအန္တရာယ်မှ ရှိမှာမဟုတ်ဘူး… ကြည့်ရတာ ငါ သူတို့ကို ထပ်ရှာရတော့မယ်နဲ့တူတယ်…)
ထိုအတွေး သူ့စိတ်ထဲ ပေါ်လာသည့်အခါမှသာ ရန်ကိုင် စိတ်သက်သာရာ ရနိုင်တော့သည်။ သို့သော်ငြား သူ့အတွေး မှန်မမှန်ကိုတော့ အတည်မပြုနိုင်သေးပေ။
နောက်ဆုံးတွင် ရန်ကိုင်သည် သူ့ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရာ သူ့ကိုယ်သူ သဲကန္တာရတစ်ခုထဲ ရောက်နေကြောင်း တွေ့လိုက်ရလေသည်။ ဤနေရာတွင် နေသည် ခြစ်ခြစ်တောက်ပူလောင်နေပြီး မိုးမြေစွမ်းအင်မှာလည်း ခြောက်ကပ်လှသည်။ ပတ်ဝန်းကျင်မှာလည်း အတော်လေးကိုမှ ကြမ်းတမ်းလှကာ အနီးအနားဝန်းကျင်၌ မြက်ပင်တစ်ပင်ပင် ပေါက်ရောက်နေခြင်း မရှိချေ။
(ဘာပဲဖြစ်ဖြစ် ကျုချင်းနဲ့ အခြားသူတွေကို အရင်သွားရှာရမယ်…)
ထိုသို့စဉ်းစားပြီးသည့်နောက်တွင် ရန်ကိုင်သည် ပန်းတိမ်တိုက်လွန်းပျံကို ထုတ်၍ တစ်ခုသောအရပ်ဆီသို့ ပျံသန်းကာ စတင်ရှာဖွေတော့လေသည်။
သဲကန္တာရကြီးမှာ ကျယ်သယောင်ထင်ရသည်။ ရန်ကိုင်မှာ ရက်ပေါင်းများစွာ လိုက်လံရှာဖွေနေခဲ့ပါသော်ငြား တစ်ဦးကိုမှ မတွေ့သေးချေ။ သို့သော်ငြား ရန်ကိုင်သည် ဦးတည်ချက်လမ်းကြောင်းတစ်ခုအတိုင်း ပျံသန်းသွားနေခြင်းမဟုတ်။ စက်ဝိုင်းပုံစံ လှည့်ပတ်ပျံသန်းနေခြင်းသာ ဖြစ်ပေသည်။ ထို့ကြောင့်သာလျှင် ယခုအချိန်အထိ သဲကန္တာရထဲမှ မထွက်နိုင်သေးခြင်း ဖြစ်၏။
ရန်ကိုင်အနေဖြင့် ယခုကဲ့သို့ စက်ဝိုင်းပုံစံ လှည့်ပတ်သွားနေရခြင်းမှာလည်း ကျုချင်းနှင့် အခြားသူများ၏ အရိပ်အယောင်ကို လိုက်လံရှာဖွေရန်သာ ဖြစ်လေသည်။
ငါးရက်ကြာပြီးသည့်နောက်တွင် ပန်းတိမ်တိုက်လွန်းပျံဖြင့် ပျံသန်းသွားလာနေရင်းမှ ရန်ကိုင်သည် ရင်းနှီးနေသည့်အရှိန်အဝါတစ်ရပ်ကို ခံစားမိလိုက်လေသည်။ ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး ချက်ချင်းပဲ ထိုအရပ်ဆီသို့ ပျံသန်းသွားလေ၏။
မကြာမီ ထိုအရပ်ဆီသို့ ရောက်လာခဲ့သည်။ ထိုနေရာတွင် သဲမုန်တိုင်းများ တဝုန်းဝုန်း တိုက်ခတ်နေခဲ့လေသည်။
သဲမုန်တိုင်းကြီး၏ ရှေ့တွင်တော့ အနက်ရောင်ပုံရိပ်လေးတစ်ခု ပြေးလွှားနေလေ၏။ ထိုအရာလေးသည် ကြောက်မက်ဖွယ်ရာ သားရဲကြီးတစ်ကောင်ကောင်လက်မှ ပြေးလွှားနေသည့်အလား ဘေးဘီဝဲယာကို ကျီးကန်းတောင်းမှောက် လှည့်ပတ်ကြည့်ရင်းမှ အလွန်ကိုမှ ထိတ်လန့်နေသည့်ပုံစံ ပေါက်နေခဲ့လေသည်။
ထိုအနက်ရောင်ပုံရိပ်လေးမှာ အလွန်ကိုမှ မြန်လှသည်ဟု ပြော၍ရသည်။ သို့သော်ငြား ၎င်းနောက်သို့ လိုက်နေသည့်အရာမှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှသော မွန်းစတားသားရဲကြီးတစ်ကောင် ဖြစ်လေသည်။ မွန်းစတားသားရဲကြီးသည် သဲမုန်တိုင်း၏အကူအညီဖြင့် လိုက်လံဖမ်းဆီးနေပါသော်ငြား သူ၏ပစ်မှတ်ကို မဖမ်းဆီးနိုင်ခဲ့ချေ။ ထို့အတွက်ကြောင့် ဒေါသထွက်ထွက်နှင့် ဟိန်းဟောက်အော်ဟစ်ရင်း အဆက်မပြတ် တိုက်ခိုက်နေလေရာ ကြမ်းပြင်ပေါ်ထက် ကျွင်းပေါက်ကြီးများ အဆက်မပြတ် ဖြစ်ပေါ်လာနေရလေ၏။
ရန်ကိုင်သည် ပန်းတိမ်တိုက်လွန်းပျံကို ချက်ချင်းအသက်သွင်း၍ ထိုထွက်ပြေးနေသည့် အနက်ရောင်ပုံရိပ်လေးဆီသို့ တမုဟုတ်ချည်း ပြေးသွားခဲ့သည်။
အနက်ရောင်ပုံရိပ်လေးသည်လည်း ရန်ကိုင်၏အရှိန်အဝါကို အာရုံခံမိသည့်အလား ရန်ကိုင်ရှိရာဆီသို့ ခေါင်းမော့ကြည့်လာခဲ့လေသည်။ ရန်ကိုင်ကိုမြင်သော် အံ့အားသင့်သွားခဲ့ပြီး ချက်ချင်းပဲ အရှိန်ကုန်တင်ကာ ရန်ကိုင်ဆီသို့ တဟုန်ထိုး ပြေးလာလေ၏။
တစ်ခဏအကြာတွင် အနက်ရောင်ပုံရိပ်လေး ရန်ကိုင်ဆီသို့ ရောက်လာပြီး ရန်ကိုင်ရင်ခွင်ထဲသို့ ခုန်ဝင်လာခဲ့လေသည်။ ထို့နောက် တအီအီမြည်သံပြုလျက် တုန်တုန်ရီရီ ဖြစ်နေတော့လေ၏။
“အားဝမ်… အခုအဆင်ပြေသွားပြီ… ကြောက်မနေတော့နဲ့…” ယခုမှသာလျှင် ရန်ကိုင်လည်း စိတ်သက်သာရာ ရနိုင်တော့ပြီး ခွေးပေါက်လေး၏ကျောပြင်ကို အသာအယာလေး ပွတ်ပေးလိုက်သည်။
ခွေးပေါက်လေးကို တွေ့လိုက်သည့်နောက် ကျုချင်းနှင့် အခြားသူများသည်လည်း အဆင်ပြေပြေရှိနေကြောင်း ရန်ကိုင် အတည်ပြုသွားနိုင်ခဲ့လေပြီ။ အနည်းဆုံး ကျုချင်း အဆင်ပြေပေလိမ့်မည်။ အကြောင်းမှာ ခွေးပေါက်လေးသည် ကျုချင်း၏လက်ထဲတွင် တစ်ချိန်လုံး ရှိနေသည့် အတွက်ကြောင့်ပင်။ ခွေးပေါက်လေးသည်ပင်လျှင် ကြယ်တာရာအစုအဝေးသို့ ပြန်ရောက်လာလေရာ ကျုချင်းသည်လည်း ပြန်ရောက်လာရပေလိမ့်မည်။ ကျုချင်း မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို သူမသိသည့်တစ်ချက်သာ ရှိလေ၏။
ခွေးပေါက်လေး မွန်းစတားသားရဲကြီး၏လက်မှ ထွက်ပြေးနေသည်မှာ အတော်လေးကိုမှ ကြာနေလောက်ပေပြီ။ ထို့ကြောင့် ရန်ကိုင်ရင်ခွင်ထဲသို့ ရောက်သည်နှင့် အမောတကော အသက်ရှူနေတော့လေ၏။
“ဝေါင်း…”
နားပင်းမတတ် ကျယ်လောင်လှသည့် ဟိန်းဟောက်သံတစ်သံ ပတ်ဝန်းကျင်အနှံ့ ပျံ့နှံ့သွားခဲ့သည်။ တစ်ခဏအကြာတွင် တဝုန်းဝုန်းတိုက်ခတ်နေသာ သဲမုန်တိုင်းများနှင့်အတူ နှစ်ထပ်အိမ်တစ်လုံးစာမျှ ကြီးမားလှသော မွန်းစတားသားရဲကြီးတစ်ကောင် ရုတ်တရက် ပေါ်လာခဲ့လေသည်။ သားရဲကြီးသည် အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်း၏ပါးစပ်ဆီမှ ခြောက်ခြားဖွယ်ရာကောင်းလှသော အစွယ်ကြီးနှစ်ချောင်း ငေါထွက်နေလေ၏။ မျက်လုံးများမှာ သွေးရောင်ရဲနေပြီး ကြောက်မက်ဖွယ်ရာမွန်းစတားချီတို့ကို ထုတ်လွှတ်နေခဲ့သည်။ မွန်းစတားသားရဲကြီး၏ အရှိန်အဝါကို ကြည့်ရဿလောက် အဆင့်ဆယ့်တစ် အထွဋ်အထိပ် မွန်းစတားသားရဲတစ်ကောင် ဖြစ်သည့်ပုံပင်။
ရန်ကိုင်မှာ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ပြောလိုက်မိလေ၏။ “နင်က တကယ်ကို အသုံးမကျတာပဲ… ဒီကောင်လိုက်ဖမ်းတာ ခံနေရတာ… နင့်မှာ ဝါးမျိုပစ်လို့ရတဲ့ စွမ်းရည်ရှိတယ်လေ…”
အဆင့်ဆယ့်တစ် မွန်းစတားသားရဲတစ်ကောင်သည် တာအိုသခင်အဆင့် ပညာရှင်တစ်ဦးနှင့်သာ ယှဉ်နိုင်ပေသည်။ ဤမွန်းစတားသားရဲကြီးသည် ကြောက်မက်ဖွယ်ကောင်းသည့်ပုံ ပေါက်ပါသော်ငြား ခွေးပေါက်လေးသည် နတ်ဆိုးဘုရင်များကိုပင်လျှင် ဝါးမျိုပစ်ခဲ့သူတစ်ဦး ဖြစ်လေရာ အဆင့်ဆယ့်တစ်မွန်းစတားသားရဲတစ်ကောင်ရှေ့တွင် မည်ကဲ့သို့များ ကူကယ်ရာမဲ့နေရလေသနည်း။ ရန်ကိုင်မှာ ဘာတွေဖြစ်လို့ ဖြစ်နေမှန်းကို နားမလည်နိုင်ခဲ့။
“ပြဿနာမရှာနဲ့… မြန်မြန်သွားမျိုပစ်လိုက်…” ရန်ကိုင်သည် ခွေးပေါက်လေးကို လက်နှင့်သွားတို့လိုက်သည်။ သို့သော်ငြား ခွေးပေါက်လေးသည် သူ့ရင်ခွင်ထဲသို့ပင် ပို၍ ကျုံ့ဝင်သွားလေ၏။ ခွေးပေါက်လေးမှာ ဘယ်လိုပဲဖြစ်ဖြစ် လုံးဝကို ထိုမွန်းစတားသားရဲကြီးဆီသို့ သွားလိမ့်မည် မဟုတ်သည့်အလား။
“ဝေါင်း…” အဆင့်ဆယ့်တစ်မွန်းစတားသားရဲကြီးမှာ ရန်ကိုင်၏ပုံစံကြောင့် ဒေါသထွက်သွားခဲ့ပြီး နောက်တစ်ကြိမ်ဟိန်းဟောက်၍ ၎င်း၏လက်သည်းကြီးဖြင့် ရန်ကိုင်အား ရိုက်ချလာခဲ့လေသည်။
ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့ပြီး သူ့လက်ကိုဝှေ့ယမ်း၍ မွန်းစတားသားရဲကြီး၏ လက်ဝါးတည့်တည့်ဆီသို့ လက်ညှိုးတစ်ချက် တောက်ချလိုက်သည်။
မွန်းစတားသားရဲကြီး၏ လက်ဝါးမှာ ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့ပြီး မွန်းစတားသားရဲကြီးကိုယ်တိုင်မှာလည်း ကြိုးပြတ်သွားသည့်စွန်တစ်စင်းပမာ လွင့်စင်ထွက်သွားခဲ့လေသည်။ ရန်ကိုင်၏လက်စာ မိသွားသည့်နောက် မွန်းစတားသားရဲကြီး၏ မျက်လုံးထဲရှိ ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်တို့မှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပြီး အကြွင်းမဲ့ကြောက်လန့်မှုတို့က အစားထိုး ဝင်ရောက်လာခဲ့လေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၈၈)
ဘာသာပြန်သူ_တိမ်တိုက်
အဆင့်ဆယ့်တစ်သို့ရောက်အောင် ကျင့်ကြံလာနိုင်သည့် မွန်းစတားသားရဲတစ်ကောင်သည် လူအသွင်မယူနိုင်သေးလျှင်ပင် အနည်းနှင့်အများတော့ အသိဉာဏ်ရှိနေပြီဟု ပြော၍ရသည်။ ရန်ကိုင်မှာ လက်ညှိုးတစ်ချောင်းဖြင့် သူ့လက်အား ပေါက်ကွဲထွက်သွားအောင် လုပ်လိုက်သည်ကိုမြင်သော် သူ့ကိုယ်သူ အန္တရာယ်ရှိနေပြီမှန်း ချက်ချင်း သိလိုက်သည်။ ထို့အတွက်ကြောင့် တုံ့ဆိုင်းမနေတော့ဘဲ သူ့ကိုယ်သူ သဲများဖြင့် လွှမ်းခြုံလျက် လေအလျင်အလား တမုဟုတ်ချည်း ထွက်ပြေးတော့လေသည်။
ရန်ကိုင်မှာ ခွေးပေါက်လေးအား ပြန်ရှာတွေ့နိုင်ခဲ့သည့်အတွက်ကြောင့် စိတ်ကောင်းဝင်နေလေရာ ထိုမွန်းစတားသားရဲအား လိုက်လံတိုက်ခိုက်နေခြင်း မရှိခဲ့ပေ။ အဆင့်ဆယ့်တစ်မွန်းစတားသားရဲတစ်ကောင်သည် သူ့အတွက် ဘာမှမဟုတ်။ ထို့အတွက်ကြောင့် ထိုမွန်းစတားသားရဲထွက်ပြေးသွားသည်ကိုသာ မတားဘဲ ရပ်ကြည့်နေလေ၏။
“နင် ဘာဖြစ်နေတာလဲ…” ရန်ကိုင်သည် ခွေးပေါက်လေးကို သူ့ရှေ့တည့်တည့်သို့ရောက်အောင် မြှောက်၍ ကိုင်ထားရင်းမှ သေသေချာချာ လေ့လာကြည့်လေသည်။ လက်ရှိအခြေအနေနှင့်ပတ်သက်၍ ဘာတွေဖြစ်နေသလဲဆိုသည်ကို ရန်ကိုင် မစဉ်းစားတတ်နိုင်အောင် ဖြစ်နေခဲ့သည်။ ခွေးပေါက်လေးသည် နတ်ဆိုးဘုရင်တစ်ပါးကိုပင်လျှင် ဝါးမျိုပစ်နိုင်သူဖြစ်လေရာ ဘာကြောင့်များ အဆင့်ဆယ့်တစ်မွန်းစတားသားရဲတစ်ကောင်လက်မှ ကြောက်အားလန့်အား ထွက်ပြေးနေရလေသနည်း။ ကိုယ်တိုင်သာ မမြင်ခဲ့ရလျှင် ရန်ကိုင်အနေဖြင့် ဤအဖြစ်အပျက်ကို ယုံကြည်နိုင်လိမ့်မည်မဟုတ်ချေ။
သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်ပြီးသည့်နောက် ကုန်းယွဲ့သည် ဤခွေးပေါက်လေး၏ကိုယ်ထဲ မရဏသားရဲ၏ သွေးမျိုးဆက်အချို့ ရှိနေသည်ဟု ပြောခဲ့သည်။ ခွေးပေါက်လေးသည် မရဏသားရဲ၏ သားပေါက်လေးတစ်ကောင် ဖြစ်သည်ဟုတော့ မပြောခဲ့ပေ။ ထိုအချက်ကိုကြည့်ရသလောက် ခွေးပေါက်လေးသည် သန့်စင်သည့် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားခြင်းမရှိသည့်ပုံပင်။
ခွေးပေါက်လေး၏ မွေးရာပါစွမ်းရည်ဖြစ်သော ဝါးမျိုသည့်စွမ်းရည်သည် ၎င်း၏ အရသာရှိသော စားစရာများဖြစ်ကြသော နတ်ဆိုးမျိုးနွယ်စုနှင့်အတွေ့တွင် အလိုလို အသက်ဝင်လာလေသည်။ ကံမကောင်းစွာဖြင့် ထိုစွမ်းရည်ကို အသုံးပြုဖို့ရာ တည်ငြိမ်နေခြင်း မရှိချေ။ အခြားသောရန်သူများနှင့် အတွေ့တွင် ခွေးပေါက်လေးမှာ သူ့စွမ်းရည်အပေါ် အားကိုးနေ၍မရတော့။ ခွေးပေါက်လေးသည် ဒွိလောကကမ္ဘာကြီးထဲတွင် လောင်ကွမ်းရှီအား သတိမပေးဘာမပေးဖြင့် ဝါးမျိုပစ်ပြီးသည့်နောက် နတ်ဆိုးမျိုးနွယ်စုဝင်များနှင့် မတွေ့ခင်အထိ ထိုစွမ်းရည်ကို နောက်တစ်ကြိမ် ထပ်မံထုတ်သုံးခြင်း မရှိတော့ချေ။ လူသားအင်ပါယာမြို့တော်ထဲ၌ မင်းသားမင်းသမီးများနှင့် တိုက်ခိုက်နေစဉ်တွင်ပင်လျှင် ထိုစွမ်းရည်ကို အသုံးပြုခဲ့ခြင်းမရှိ။
ကြည့်ရသလောက် ယခုအချိန်၌ ခွေးပေါက်လေးသည်လည်း ထိုစွမ်းအင်ကို အသုံးမပြုနိုင်သည့် အတွက်ကြောင့်ပင် အဆင့်ဆယ့်တစ် မွန်းစတားသားရဲတစ်ကောင်၏ လိုက်လံတိုက်ခိုက်ခြင်း ဖြစ်လောက်သည်။ ဤသည်မှာ မသန့်စင်သည့် သွေးမျိုးဆက်များနှင့် ပတ်သတ်လာသော် ပြဿနာများသည့် အချက်တစ်ချက်ဖြစ်လေသည်။
သို့တိုင် ရန်ကိုင်ကမူ ထိုကိစ္စနှင့်ပတ်သက်၍ စိတ်ရှုပ်နေခြင်းမရှိ။ ခွေးပေါက်လေး အားကောင်းကောင်း မကောင်းကောင်း ကိစ္စမရှိချေ။ သူ့အနေဖြင့် ခွေးပေါက်လေးပေါ်တွင် မှီခိုရန်မှ မလိုလေပဲ။ အရေးအကြီးဆုံးအချက်မှာ ယခု ကျုချင်းနှင့် အခြားသူများ ဤနေရာသို့ ရောက်နေပြီမှန်း ရန်ကိုင် အတည်ပြုသွားနိုင်ခြင်းပင်။
ခွေးပေါက်လေးကို ခေါ်ယူပြီးသည့်နောက် သူ့ပုခုံးပေါ် တင်လိုက်လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် သူ့ဘာသာသူ ပျံသန်း၍ လိုက်ပတ်ရှာတော့လေ၏။ ဧကရာဇ်အဆင့်ပျံသန်းရေးမှော်ရတနာကိုတော့ အသုံးပြုခြင်း မရှိတော့ချေ။ သို့တိုင် ကံမကောင်းစွာဖြင့် နောက်ဆယ်ရက်လုံးလုံး ရန်ကိုင်မှာ မည်သူ့ကိုမျှ ရှာတွေ့ခဲ့ခြင်း မရှိပေ။
ဆယ်ရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်၏မြင်ကွင်းထဲ အိုအေစစ်တစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။ အဆုံးမဲ့သဲပြင်ကြီးထဲ ယခုကဲ့သို့ ကြည်နူးစရာကောင်းသည့်နေရာတစ်ခုအား ဗြုန်းစားကြီး တွေ့လိုက်ရခြင်းသည် ရန်ကိုင်၏စိတ်အစုံကို အနည်းငယ် ပြန်လည်ကြည်လင်လာစေခဲ့လေသည်။
အိုအေစစ်ထဲတွင်တော့ ရွာငယ်လေးတစ်ရွာ ရှိသည့်ပုံပင်။ ထိုရွာငယ်လေးထဲ အသက်စွမ်းအင်အရှိန်အဝါများစွာ ရှိနေသည်ကို ရန်ကိုင်သတိပြုမိသည်။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ပြီးသည့်နောက် ရွာထဲရှိ ကျင့်ကြံသူများမှာ ထိုမျှအားကောင်းလှခြင်း မရှိကြောင်း တွေ့လိုက်ရလေသည်။ အားအကောင်းဆုံးသူဆို၍ တာအိုသခင်အဆင့်သာ ရှိသေးပြီး ကျန်လူများမှာ ထိုထက် အဆင့်နိမ့်ကြသည်။
ရန်ကိုင်သည် အိုအေစစ်ဆီသို့ ပျံသန်းသွားလိုက်ပြီး ရေကန်တစ်ကန်ဘေးနားတွင် ဆင်းလိုက်သည်။ ထို့နောက် ကန်ရေဖြင့် သူ့မျက်နှာကို ဆေးကြောလိုက်လေ၏။ ခွေးပေါက်လေးမှာမူ ရေကန်ထဲ ဝမ်းသာအားရ ကူးခတ်နေခဲ့လေသည်။
ရန်ကိုင်ခေါင်းမော့ကြည့်လိုက်သည့်အခိုက် သူ့အနီးအနားတွင် ကလေးပေါင်းများစွာရှိနေပြီး ကလေးများသည် မျက်လုံးကြီးများပြူးလျက် သူ့အား စိတ်တဝင်စားဖြင့် ကြည့်နေကြောင်း တွေ့လိုက်ရသည်။
ကလေးများတွင် ယောက်ျားလေးများနှင့် မိန်းကလေးများ ရောယှက်ပါဝင်နေခဲ့ပြီး အငယ်ဆုံးမှာ အသက်ငါးနှစ်လောက်ပင် မရှိတတ်သေးချေ။ အကြီးဆုံးမှာတော့ ဆယ့်တစ်နှစ် ဆယ့်နှစ်နှစ်လောက် ရှိမည်ဟု ထင်ရသည်။ ပတ်ဝန်းကျင်ကြောင့်လားမသိ သူတို့၏အဝတ်အစားများမှာ အတော်လေးကိုမှ စုတ်နေပြီး ဖာရာများဖြင့် ပြည့်နေခဲ့လေသည်။ ထို့အပြင် အကုန်လုံးမှာ အာဟာရပြည့်ဝခြင်း မရှိသည့်အလား ပိန်လှီနေကြလေ၏။
ထိုကလေးများအနက် အကြီးဆုံးသည် စတင်ကျင့်ကြံနေသည့်လူတစ်ဦး ဖြစ်လောက်သည်။ ကံမကောင်းစွာဖြင့် သူ့ကျင့်ကြံခြင်းမှာ အလွန်တရာကိုမှ အားနည်းလွန်းလှသည်။ လက်ရှိအချိန်တွင် ကလေးများသည် ရန်ကိုင်နှင့် ဆယ်မီတာခန့်အကွာတွင် ရပ်နေရင်းမှ ရန်ကိုင်အား စိတ်လည်းစိတ်ဝင်စား ကြောက်လည်းကြောက်သည့်အကြည့်ဖြင့် ကြည့်နေကြလေ၏။
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် စကားပြောတော့မည်အပြု သူ့အကြည့်သည် ကလေးများထဲရှိ မိန်းမငယ်လေး၏ ဆံပင်ထက်တွင် ရှိနေသော တစ်ခုသောအရာဆီသို့ အာရုံရောက်သွားခဲ့ပြီး ပျော်ရွှင်စွာပြုံးလျက် ရင်းနှီးသည့်လေသံမျိုးဖြင့် မေးလိုက်လေသည်။ “ဟေး… နင် အဲ့ဒါကို ဘယ်ကနေရတာလဲ…”
ထိုကောင်မလေးသည် ကလေးများထဲရှိ အသက်ကြီးသည့်လူများထဲ ပါဝင်ပေသည်။ လက်ရှိအချိန်တွင် သူမ၏ဆံပင်များကို ဖဲကြိုးတစ်ချောင်းဖြင့် ချည်နှောင်ထားခဲ့လေ၏။ ရန်ကိုင်အား အံ့အားသင့်သွားစေခဲ့သည်မှာ ထိုဖဲကြိုးစသာလျှင် ဖြစ်လေသည်။ ထိုဖဲကြိုးသည် အခြားမဟုတ် ကျုလဲ့၏ ဧကရာဇ်အဆင့်မှော်ရတနာဖြစ်သော ဖဲကြိုးသာ ဖြစ်လေသည်။
ဟင်းလင်းပြင်အက်ကြောင်းထဲတွင် ရှိစဉ်က လူတိုင်းသည် ထိုဖဲကြိုးကိုသုံး၍ သူတို့ကိုယ်သူတို့ လူချင်းကွဲမသွားအောင် ချည်နှောင်ခဲ့ကြသည်။ သို့သော်ငြား ဟင်းလင်ပြင်စီးကြောင်းများ၏ ရိုက်ခတ်ခြင်း ခံလိုက်ရပြီးသည့်နောက် ဖဲကြိုးမှာ တစ်စစီဖြစ်သွားခဲ့လေ၏။ ရန်ကိုင် ကြယ်တာရာအစုအဝေးသို့ ပြန်ရောက်လာသည့်အခါ သူ့ခါးတွင် ချည်နှောင်ထားသော ဖဲကြိုးတစ်စိတ်တစ်ပိုင်း ပြန်ပါလာခဲ့ပါသော်ငြား ထိုဖဲကြိုးမှာ အသုံးမဝင်တော့သည့်အတွက်ကြောင့် ရန်ကိုင်လည်း ပြန်ဖြည်ကာ လာရာလမ်း၌ လွှင့်ပစ်ခဲ့လေသည်။
(နောက်တစ်ပိုင်းကို ဒီမှာလာတွေ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး… ဒါ ငါနဲ့အတူ ပါလာတဲ့ဟာတော့ မဟုတ်လောက်ဘူး… ငါနဲ့အတူပါလာတဲ့ဟာကို လွှင့်ပစ်ထားတာက ဟိုးအဝေးကြီးမှာ… ဒီကောင်မလေး အဲ့နေရာထိ ဘယ်လိုမှ သွားကောက်နိုင်မှာမဟုတ်ဘူး… ဒီတော့ ဒီဖဲကြိုးက အခြားတစ်ယောက်ဆီကလာတာပဲ ဖြစ်ရလိမ့်မယ်… ဘယ်သူ့ဆီကလာတာလဲ… လီကျောက်လား ကျုလဲ့လား…)
ထိုဖဲကြိုးအား မြင်လိုက်ပြီးသည့်နောက် သူ့အထင် မှန်ကန်နေပြီဖြစ်ကြောင်း ရန်ကိုင် အတည်ပြုနိုင်တော့လေသည်။ လူတိုင်းသည် ကြယ်တာရာအစုအဝေးသို့ ပြန်ရောက်လာကုန်ကြလေပြီ။ ရောက်သည့်နေရာ မတူညီခြင်းသာ ရှိကြ၏။
ရန်ကိုင်မှ ရုတ်တရက် စကားပြောလိုက်သည့်အခါ ကလေးများ ကြောက်လန့်တကြား ဖြစ်သွားခဲ့ကြပြီး ချက်ချင်း ပြိုင်တူ နောက်သို့ ဆုတ်သွားကြလေသည်။
“ငါ့ကို တစ်ချက်လောက် ပြပေးလို့ရမလား… ငါကြည့်ပြီးတာနဲ့ ချက်ချင်း ပြန်ပေးမယ်လေ…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် သူ့လက်ကို ဆန့်ထုတ်လိုက်ရာ ဖဲကြိုးသည် သူ့ဘာသာသူ ပြေလျော့သွားပြီး ရန်ကိုင်ဆီသို့ ပျံသန်းလာလေ၏။ ထို့နောက်တွင် ရန်ကိုင်သည် ဖဲကြိုးအား သေသေချာချာ လေ့လာကြည့်တော့လေသည်။ စစ်ဆေးကြည့်ပြီးသည့်နောက် ဤဖဲကြိုးသည် ကျုလဲ့၏ ဧကရာဇ်အဆင့်မှော်ရတနာဖဲကြိုးဖြစ်ကြောင်း သေချာသွားတော့သည်။ သို့သော်ငြား ဖဲကြိုးတစ်ခုလုံးမှာ တစ်စစီဖြစ်သွားပြီ ဖြစ်သည့်အတွက်ကြောင့် အသုံးမဝင်တော့ချေ။ ထို့ကြောင့်သာမဟုတ်ပါက ဧကရာဇ်အဆင့်မှော်ရတနာတစ်ခု၏ အရှိန်အဝါကသည်ပင်လျှင် ဤကောင်မလေးအား တစ်စစီဖြစ်သွားအောင် လုပ်ပစ်နိုင်ပေသည်။
ရန်ကိုင်သည် ဖဲကြိုးကိုကြည့်ရင်းမှ ခေါင်းတညိတ်ညိတ်လုပ်နေပြီးသည့်နောက် တစ်ခုခုမေးတော့မည်အပြု ကလေးများအားလုံး သတိမပေးဘာမပေးနှင့် ကြောက်လန့်တကြား ထွက်ပြေးသွားကြောင်း တွေ့လိုက်ရလေသည်။
ကလေးများ၏အော်ဟစ်သံကို ကြားပြီးသည့်နောက် မကြာခင်မှာပင် ကျင့်ကြံခြင်းအမျိုးမျိုးကို ပိုင်ဆိုင်ထားကြသော ကျင့်ကြံသူပေါင်းများစွာ ဘက်ပေါင်းစုံဆီမှ ရန်ကိုင်ဆီသို့ ရောက်လာကြပြီး ရန်ကိုင်အား နိုးနိုးကြားကြားဖြင့် စိုက်ကြည့်ရင်းမှ ဝိုင်းထားလိုက်ကြလေသည်။
သူ့လုပ်ရပ်မှာ အနည်းငယ် တဇွတ်ထိုးနိုင်သွားကြောင်း သတိပြုမိလိုက်သည့်နောက် ရန်ကိုင်မှာ ရယ်ချင်စိတ်ကို မနည်း အောင့်အည်းလိုက်ရသည်။ ချက်ချင်းပဲ သက်လတ်ပိုင်းလူကြီးတစ်ဦးဆီသို့ အကြည့်ရောက်သွားပြီး မေးလိုက်လေ၏။ “ခင်ဗျားက ဒီနေရာကို ကြီးကြပ်နေတဲ့လူလား…”
ထိုလူ၏ကျင့်ကြံခြင်းသည် တာအိုသခင်ဒုတိယအဆင့်သာ ရှိသေးပါသော်ငြား ဤနေရာတွင်ရှိနေသည့် လူများအနက် အားအကောင်းဆုံးဖြစ်ပေသည်။ သို့သော်ငြား အကြောင်းအရင်းတစ်ခုကြောင့် သူ့မျက်နှာမှာ အတော်လေးကိုမှ အိုမင်းနေလေ၏။ သူ၏ကျင့်ကြံခြင်းသည်ပင်လျှင် သူ့မျက်နှာထက် အရေးကြောင်းများ ပေါ်လာသည်ကို တားဆီးနိုင်ခဲ့ခြင်း မရှိချေ။ အခြားသောရွာသားများမှာလည်း အလားတူအခြေအနေတွင် ရှိနေကြလေ၏။ ထို့အပြင် ထိုရွာသားများ၏ အမူအယာနှင့်ပတ်သက်၍ တစ်ခုခုမှားယွင်းနေမှန်း ရန်ကိုင် သတိထားမိခဲ့သည်။ ရွာသားများ၏ မျက်လုံးထဲရှိ အကြည့်ထဲ တုန်လှုပ်ခြောက်ခြားမှုတို့ ပြည့်နေလေသည်။
ရန်ကိုင်၏အမေးကို ကြားသော် သက်လတ်ပိုင်းလူကြီးက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်… ကျုပ်က ဒီရေစိမ်းရွာကို ကြီးကြပ်နေတဲ့လူပဲ… လူကြီးမင်းရဲ့နာမည် ဘယ်လိုခေါ်လဲ သိလို့ရမလား…”
သူ့ကျင့်ကြံခြင်းမှာ ရန်ကိုင်လောက်မြင့်မားခြင်း မရှိပါသော်ငြား သူ့ရှေ့ရှိလူငယ်လေးသည် သွားရန်စ၍ရသည့် လူတစ်ဦးမဟုတ်မှန်းတော့ သက်လတ်ပိုင်းလူကြီး ပြောနိုင်ပေသည်။ ထို့အတွက်ကြောင့် တစ်ဖက်လူအား သွားရန်စမိမည်ကို စိုးရိမ်သဖြင့် တလေးတစားဖြင့် ပြောလိုက်ခြင်း ဖြစ်လေ၏။
“ကျုပ်နာမည်က အရေးမပါဘူး… ကျုပ် တစ်ခုခုမေးချင်လို့…” ရန်ကိုင်သည် သူ့လက်ထဲရှိ ဖဲကြိုးကို ကိုင်ပြလျက် ဆက်ပြောလိုက်သည်။ “အဲ့ကောင်မလေး သူ့ခေါင်းပေါ်မှာ ဒါကို ဝတ်ထားတာ ကျုပ်တွေ့တယ်… ဒီတော့ သူ ဒါကို ဘယ်ကရတာလဲ သိချင်နေတာ… သူတို့ကို ကြောက်အောင်လုပ်ချင်တာမဟုတ်ဘူး… ခင်ဗျား ကျုပ်အစား သူ့ကို တစ်ချက်လောက် မေးပေးလို့ရမလား…”
သက်လတ်ပိုင်းလူကြီးက ပြန်ပြောလိုက်သည်။ “အဲ့လိုဆိုရင်တော့ သူ့ကိုမေးနေစရာမလိုဘူး…”
“ခင်ဗျားလည်း သိတာလား…”
သက်လတ်ပိုင်းလူကြီးက ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “သူ အဲ့ဒါကို ဆံနီလူငယ်လေးတစ်ဦးဆီကနေ ရခဲ့တာ…”
“ဆံနီလူငယ်…” ထိုစကားကိုကြားသည့်အခါ ရန်ကိုင် ဝမ်းသာသွားခဲ့လေသည်။ ဆံနီလူ မည်သူဖြစ်သလဲဆိုသည်ကို သူ့အနေဖြင့် ထပ်မံ၍ မေးစရာမလိုတော့။ ဆံနီလူသည် ကျုလဲ့ဖြစ်နေမှန်း ရန်ကိုင် သိနေလေပြီ။ ထို့အတွက်ကြောင့် ချက်ချင်းပဲ ပြန်၍ မေးလိုက်လေသည်။
“အဲ့ဆံနီလူငယ်လေး အခုဘယ်မှာလဲ…”
“သူထွက်သွားတာ ကြာပြီ…” သက်လတ်ပိုင်းလူကြီးက ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြန်ပြောလိုက်သည်။ “သူ လွန်ခဲ့တဲ့လဝက်တုန်းက သူ ဒီကိုရောက်လာတာ… ဒီမှာ နေ့ဝက်လောက်တော့ နေသွားတယ်… ပြီးတော့ အမျိုးသမီးတစ်ဦး သူ့ကိုလာရှာပြီးတော့ သူတို့နှစ်ဦး အတူထွက်သွားတယ်…”
ရန်ကိုင်ကထပ်၍ မေးလိုက်သည်။ “အဲ့အမျိုးသမီးက ဘယ်လိုပုံစံမျိုးရှိလဲ… အဲ့အမျိုးသမီးရဲ့ ဆံပင်တွေကရော အနီရောင်ပဲလား…”
သက်လတ်ပိုင်းလူကြီးက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်… ပြီးတော့ သူတို့နှစ်ယောက်က အရမ်းအားကောင်းတယ်… လူကြီးမင်းထက် ပိုပြီးအားကောင်းမယ်လို့ ထင်တာပဲ…”
“ဟုတ်တယ်… သူတို့က ကျုပ်ထက် တကယ်ပိုအားကောင်းတယ်…” ရန်ကိုင်က တပြုံးပြုံးဖြင့် ပြောလိုက်လေသည်။ ယခုဆိုလျှင် သူလုံးဝကို စိတ်အေးသွားခဲ့ရလေပြီ။ ခွေးပေါက်လေးကို တွေ့ပြီးသည့်နောက် ကျုချင်း အဆင်ပြေနေလိမ့်မည်မှန်း ခန့်မှန်းမိပါသော်ငြား ယခု သေသေချာချာ အတည်ပြုနိုင်သွားပြီးသည့် အခါမှသာလျှင် ရန်ကိုင် အမှန်တကယ်ကို စိတ်အေးနိုင်ရတော့သည်။
အနီရောင်ဆံပင်သည် ကျုမောင်နှမတို့၏ ထင်ရှားသည့် လက္ခဏာများ ဖြစ်ကြပေသည်။ ကျုလဲ့သည် ဤနေရာတွင်နေ၍ နဂါးကလန်၏ ပညာရပ်ကို အသက်သွင်းကာ ကျုချင်းအား ဆက်သွယ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထို့နောက် သူတို့နှစ်ဦး အတူထွက်သွားကြလေ၏။
သက်လတ်ပိုင်းလူကြီးက ဆက်ပြောလိုက်သည်။ “ဒီဖဲကြိုးကို အဲ့ဆံနီလူငယ်လေး ချန်ထားခဲ့တာ… ကလေးတွေက မသိလို့ ယူထားမိသလို ဖြစ်သွားခဲ့လို့ရှိရင် ကျေးဇူးပြုပြီး တောင်းပန်ပါတယ်… လူကြီးမင်းလိုတယ်ဆိုလို့ရှိရင် ပြန်ယူလို့ရပါတယ်…”
ရန်ကိုင်က လက်ဝှေ့ယမ်းလျက် “မလိုဘူး… ကျုပ် ဒီတိုင်းလေးပဲ သိချင်နေတာ… ဘာမှ ဒီလောက် စိုးရိမ်နေစရာ မလိုဘူး…”
ထိုသို့ပြောပြီးသည့်နောက်တွင် ဖဲကြိုးလေးကို ကောင်မလေးဆီသို့ ပြန်ပစ်ပေးလိုက်လေသည်။ ကောင်မလေးသည် ရန်ကိုင်အား အကြိမ်ပေါင်းများစွာ ကြည့်လိုက်ပြီးသည့်နောက် ဖဲကြိုးအား တယုတယဖြင့် လှမ်းယူလိုက်လေ၏။
ရန်ကိုင်သည် သူတို့အား ပြဿနာရှာရန် ရောက်လာသည့်လူမဟုတ်မှန်း သိလိုက်သည့်အခါမှသာလျှင် ရွာသားများလည်း စိတ်အေးနိုင်ကြတော့လေသည်။ ရန်ကိုင် မည်မျှအားကောင်းမှန်း သူတို့သိသည်။ ရန်ကိုင်သည်သာ သူတို့အား ဒုက္ခပေးလိုပါက မည်သူမျှ ခုခံနိုင်လိမ့်မည်မဟုတ်မှန်းလည်း သိနေကြသည်။
“အဲ့နှစ်ယောက် ဘယ်ဘက်ထွက်သွားလဲ ခင်ဗျားတို့သိလား…”
သက်လတ်ပိုင်းလူကြီးက တစ်ခုသောဘက်သို့ညွှန်ပြ၍ ပြောလိုက်၏။ “အဲ့ဘက်ကို ထွက်သွားတယ်…”
ရန်ကိုင်သည် သက်လတ်ပိုင်းလူကြီး ညွှန်ပြသည့်ဘက်သို့ လှမ်းကြည့်၍ လက်သီးဆုပ်ကာ ပြောလိုက်လေ၏။ “ကျေးဇူးအများကြီးတင်ပါတယ်…”
ထို့နောက်တွင် ရန်ကိုင်သည် ခွေးပေါက်လေးကို ပြန်ခေါ်၍ ခွေးပေါက်လေးနှင့်အတူ ကျုမောင်နှမတို့ ထွက်သွားသည့်ဘက်ဆီသို့ ပြေးထွက်သွားလေသည်။
ရန်ကိုင် ထွက်သွားသည်ကို မြင်ပြီးသည့်နောက် ရွာသားများ ကြိတ်၍ သက်ပြင်းချလိုက်ကြသည်။ သို့သော်ငြား ထွက်သွားသည့်လူသည် ထွက်သွားပြီးပြီးချင်းကို သူတို့ရှေ့၌ ပြန်ပေါ်လာခဲ့လေသည်။
သက်လတ်ပိုင်းလူကြီးက ပြန်မေးလိုက်သည်။ “လူကြီးမင်း အခြားလိုအပ်တာ ရှိသေးလို့လား…”
ရန်ကိုင်က ပြုံးလိုက်သည်။ “စဉ်းစားကြည့်နေတာ… ခင်ဗျားတို့က ကျုပ်ကို ကူညီပေးခဲ့တယ်ဆိုမှတော့ ကျုပ်ကလည်း ခင်ဗျားတို့ကို ပြန်ပြီး ကူညီပေးရမှာပေါ့ ဟုတ်တယ်မလား…”
“ဘာမှမလိုပါဘူး… ကျေးဇူးပြုပြီး စိတ်မပူပါနဲ့ လူကြီးမင်း…” သက်လတ်ပိုင်းလူကြီး ခေါင်းခါပြလိုက်သည်။
“ခင်ဗျားတို့အတွက်တော့ အခုလိုမျိုး ပြောပြလိုက်တာက ဘာမှမဟုတ်ပေမယ့် ဒီကိစ္စက ကျုပ်အတွက် အရမ်းအရေးကြီးတယ်… ဒီတော့ ခင်ဗျားတို့ ဘာလိုလဲပြော… ခင်ဗျားတို့ရဲ့လိုအပ်ချက်ကို ကျုပ် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမယ်…”
ရန်ကိုင်မှ ထိုကဲ့သို့ ပြောလာသည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပြီး အကုန်လုံးသည် သက်လတ်ပိုင်းလူကြီးအား ပြိုင်တူ လှည့်ကြည့်လာခဲ့ကြလေသည်။
ရွာသူကြီးဖြစ်ဟန်တူသော သက်လတ်ပိုင်းလူကြီး၏ အမူအယာမှာလည်း အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။ သို့တိုင် အချိန်အတန်ကြာအောင် တုံ့ဆိုင်းနေပြီးသည့်နောက် ခေါင်းခါ၍ ပြန်ပြောလိုက်လေသည်။ “ကျေးဇူးအများကြီးတင်ပါတယ် လူကြီးမင်း… ဒါပေမယ့် ကျုပ်တို့ ဘာကိုမှ မလိုပါဘူး…”
ရန်ကိုင်က ပြုံးလျက် “ခင်ဗျားပုံစံကိုကြည့်ရတာတော့ တောင်းဆိုဖို့ ခက်နေတဲ့ပုံပဲ… ဘာလဲ… ခင်ဗျားတို့တွေ အသက်အန္တရာယ်ရှိလို့လား… အခုလိုမျိုး ပြန်မဖြေဘူးဆိုတည်းက ခင်ဗျားကို တစ်ခုခုက အခုလိုမျိုး ပြန်မဖြေအောင် လုပ်ထားတာပဲ ဖြစ်ရလိမ့်မယ်… ဒါမှမဟုတ် ခင်ဗျားက ကျုပ်အပေါ် ယုံကြည်ချက်မရှိတာလား… ပြော… ခင်ဗျားတို့ကို ဘယ်သူ ပြဿနာရှာနေတာလဲ…”
“ဘာမှမရှိပါဘူး…” သက်လတ်ပိုင်းလူကြီးသည် ခေါင်းကိုသာ ခါနေခဲ့လေသည်။ “လူကြီးမင်း ကျေးဇူးပြုပြီး မြန်မြန်သွားပါတော့… လူကြီးမင်းရှာနေတဲ့လူတွေက လွန်ခဲ့တဲ့ လဝက်လောက်တည်းက ထွက်သွားတာ… ဒီတော့ လူကြီးမင်း အခုနေ လိုက်မသွားလို့ရှိရင် သူတို့ကို မီတော့မှာမဟုတ်ဘူးနော်…”
ရန်ကိုင်သည် ရွာသူကြီးကို လျစ်လျူရှုလျက် ဖဲကြိုးကို ယူထားသော ကောင်မလေးဆီသို့ လှမ်းကြည့်ကာ မေးလိုက်လေသည်။ “ရှင်းရှင်းပြောရလို့ရှိရင် ငါ့အကြွေးတင်နေတာ နင့်ကိုပဲ… ဒီတော့ ငါ နင့်အကြွေးကို ပြန်ဆပ်မယ်… ငါ့ကိုပြော… တစ်ယောက်ယောက် နင်တို့ကို အနိုင်ကျင့်နေလား… အနိုင်ကျင့်နေတဲ့လူကို ငါ သွားရိုက်နှက်ပြီးတော့ ဆုံးမပေးလိုက်မယ်… အဲ့ဒါမှ သူတို့ နင်တို့ကို နောက်ပိုင်း ထပ်ပြီး အနိုင်မကျင့်ရဲမှာ…”
ကောင်မလေးက အံ့အားသင့်ဟန်ဖြင့် “တကယ်လား…”
“ဟုတ်တယ်… တကယ်ပြောတာ…”
ထို့နောက်တွင် ကောင်မလေးက ပြောလိုက်လေသည်။ “အဲ့ဒါဆိုလို့ရှိရင် အဲ့မြွေကြီးကို သွားဆုံးမပေးလို့ရမလား… အဲ့မြွေကြီး ခဏခဏ ထွက်လာပြီး ကျွန်မတို့ရွာသားတွေကို လာလာစားသွားတာ… ကျွန်မအစ်ကိုနဲ့ ညီမလေးတောင် သူစားတာ ခံလိုက်ရပြီ…”
“မြွေကြီး…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၈၉)
ဘာသာပြန်သူ_တိမ်တိုက်
ဆယ်ရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် မြို့တစ်မြို့ထဲ ပေါ်လာခဲ့လေသည်။ ရက်ပေါင်းများစွာ ကြာပြီးသည့်နောက် သူ မည်သည့်နေရာသို့ ရောက်နေသလဲဆိုသည်ကို ရန်ကိုင် သိသွားခဲ့ရလေသည်။ လက်ရှိအချိန်တွင် ရန်ကိုင်သည် အနောက်ဘက်နယ်မြေထဲသို့ ရောက်နေခြင်း ဖြစ်လေသည်။ အနောက်ဘက်နယ်မြေသည် ကြယ်တာရာအစုအဝေး၏ နယ်မြေကြီးလေးခုအနက် အခြောက်ကပ်ဆုံးနယ်မြေတစ်ခု ဖြစ်သည်ဟု ပြောကြသည်။
ကြယ်တာရာအစုအဝေးသို့ ရောက်နေသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်သည့်တိုင် ရန်ကိုင်သည် အနောက်ဘက်နယ်မြေသို့ ခြေတစ်လှမ်းပင် မလှမ်းခဲ့ဖူးပေ။ ဒွိလောကကမ္ဘာကြီးထဲမှ လွတ်မြောက်လာပြီးပြီးချင်းမှာပင် အနောက်ဘက်နယ်မြေထဲသို့ ရောက်လာမည်ဟုလည်း ရန်ကိုင် မျှော်လင့်ထားခဲ့ခြင်းမရှိခဲ့။
လွန်ခဲ့သောဆယ်ရက်ခန့်က ရန်ကိုင်သည် အိုအေစစ်မှထွက်ကာ မြွေကြီးကို သွားသတ်လေသည်။ ထိုမြွေကြီးမှာ အဆင့်ဆယ့်နှစ်မွန်းစတားသားရဲတစ်ကောင် ဖြစ်ကာ ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးနှင့် ယှဉ်ပြိုင်နိုင်ပေသည်။ ထိုမြွေကြီးသည် အိုအေစစ်ထဲတွင် ရှိနေသော လူများကို စားစရာအဖြစ် သဘောထားပြီး မကြာမကြာဆိုသလို ထိုရွာထဲမှလူများကို တစ်ယောက်ပြီးတစ်ယောက် လာလာမျိုသွားတတ်သည်။ ကံမကောင်းစွာဖြင့် အိုအေစစ်ထဲတွင် နေထိုင်နေကြသော လူများမှာလည်း မြွေကြီးအား ဘာဆိုဘာမှ ပြန်မလုပ်နိုင်ကြပေ။ ထွက်ပြေးချင်သည်ဆိုလျှင်ပင် အိုအေစစ်အပြင်ဘက်သို့ ငါးမိုင်ကျော်ခန့် သွားလိုက်သည့်လူတိုင်းမှာ ဆိုးဆိုးရွားရွားကို သေကုန်ကြရလေ၏။
အဆင့်ဆယ့်နှစ်မွန်းစတားသားရဲတစ်ကောင်သည် အိုအေစစ်တွင်ရှိနေသော လူများအတွက် ကြောက်စရာသားရဲကြီးတစ်ကောင် ဖြစ်နေလိမ့်မည် ဖြစ်ပါသော်ငြား ရန်ကိုင်အတွက်မူ ဘာမှမဟုတ်ချေ။ ထို့အတွက်ကြောင့် ရန်ကိုင်သည် ထိုမြွေကြီးအား အလွယ်တကူ ရှင်းပစ်နိုင်ခဲ့လေသည်။ မြွေကြီးအား ရှင်းပစ်ပြီးသွားသည့်နောက်တွင်တော့ အိုအေစစ်ဆီသို့ ပြန်မသွားတော့ဘဲ တစ်ခါတည်း တန်းထွက်လာခဲ့လိုက်လေသည်။ မြွေကြီးသေသွားပြီဆိုသည့်အကြောင်းကို နောက်ရက်အနည်းငယ်အတွင်း ရွာထဲရှိလူများ သိသွားကြလိမ့်မည်မှန်း ရန်ကိုင်သိနေခဲ့သည်။
မြွေကြီးကိုသတ်ပြီးသည့်နောက် ရန်ကိုင်သည် ကျုမောင်နှမတို့အား လိုက်ရှာလေသည်။ သို့သော်ငြား ထိုနှစ်ယောက်ကို ရှာမတွေ့ခဲ့ချေ။ ထိုနှစ်ဦးသည် နဂါးကျွန်းဆီသို့ ပြန်သွားလျှင်ပြန်သွား မသွားလျှင် ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်သွားရပေလိမ့်မည်။ ထို့အတွက်ကြောင့် ရန်ကိုင်လည်း ထိုနှစ်ဦးအား အလျင်စလို လိုက်ရှာမနေတော့ဘဲ တောတောင်မြစ်ချောင်းများကို ဖြတ်သန်းရင်းမှ အနောက်ဘက်နယ်မြေ၏ ရှုခင်းများကို ဇိမ်ပြေနပြေ ခံစားနေတော့လေသည်။
အနောက်ဘက်နယ်မြေသို့ ရောက်ဖို့ရာ မလွယ်လှပေ။ ထို့အတွက်ကြောင့် ဤနေရာသို့ ရောက်တုန်းရောက်ခိုက် ရန်ကိုင်သည် အနောက်ဘက်နယ်မြေတွင် နယ်မြေခြားဟင်းလင်းပြင်အစီအရင်တစ်ခုကိုပါ ခင်းကျင်းသွားလိုခဲ့လေသည်။ ထိုနည်းဖြင့် နောက်နောင် အနောက်ဘက်နယ်မြေသို့ ပြန်လာလိုသော် အလုပ်ရှုပ်ခံပြီး အဝေးကြီး ပြန်လာနေစရာမလိုတော့ချေ။ ဟင်းလင်းပြင်အစီအရင်ကို အသက်သွင်းလိုက်ရုံဖြင့် အနောက်ဘက်နယ်မြေဆီသို့ ချက်ချင်း လာနိုင်ပေလိမ့်မည်။ သို့သော်ငြား နယ်မြေခြားဟင်းလင်းပြင်အစီအရင်တစ်ခုကို ခင်းကျင်းဖို့ရာ လုံခြုံသည့် နေရာတစ်ခုကို ရက်အတော်ကြာအောင် လိုက်ရှာနေခဲ့သည့်တိုင် ရှာမတွေ့ခဲ့သဖြင့် ရန်ကိုင်မှာ အတော်လေးကိုမှ ကူကယ်ရာမဲ့နေခဲ့ရသည်။
အနောက်ဘက်နယ်မြေသည် ကျန်နယ်မြေကြီးသုံးခုနှင့် ယှဉ်လိုက်သော် အတော်လေးကိုမှ ခြောက်ကပ်လှသည်ဟု ပြော၍ရပါသော်ငြား ကျန်နယ်မြေကြီးသုံးခုနှင့် ယှဉ်သည့်အခါမှသာလျှင် ဖြစ်ပေသည်။ ပုံမှန်အားဖြင့် အနောက်ဘက်နယ်မြေထဲတွင် ကျင့်ကြံသူများအတွက် အတော်လေးကိုမှ ကောင်းမွန်လှသော မိုးမြေစွမ်းအင်ကြွယ်ဝသည့် နာမည်ကျော်နေရာများလည်း ရှိကြပေသည်။
နာမည်ကျော် အရိပ်သတ်ဖြတ်သူနန်းတော်သည် အနောက်ဘက်နယ်မြေတွင် တည်ရှိနေခြင်း ဖြစ်လေသည်။ အရိပ်သတ်ဖြတ်သူနန်းတောသည် အနောက်ဘက်နယ်မြေ၏ ထိပ်တန်းအင်အားစုကြီးတစ်ခုဖြစ်ကာ ထိုနန်းတော်ကို မဟာဧကရာဇ်တစ်ပါးမှ ဦးဆောင်နေခြင်း ဖြစ်လေသည်။ အရိပ်သတ်ဖြတ်သူနန်းတော်၏ တည်ထောင်သူမှာ အခြားမဟုတ်။ နာမည်ကျော် ကြောက်မက်ဖွယ်ရာကောင်းသည့် ညအရိပ်မဟာဧကရာဇ်သာ ဖြစ်လေသည်။
အခြားသော မဟာဧကရာဇ်ဂိုဏ်းများနှင့် ယှဉ်လိုက်သော် အရိပ်သတ်ဖြတ်သူနန်းတော်သည် အဆန်းကြယ်ဆုံးဖြစ်သည်ဟု ပြော၍ရပေသည်။ အကြောင်းမှာ အနောက်ဘက်နယ်မြေထဲရှိ ဒေသခံကျင့်ကြံသူများသည်ပင်လျှင် အရိပ်သတ်ဖြတ်သူနန်းတော် မည်သည့်နေရာတွင်ရှိနေသလဲ အရိပ်သတ်ဖြတ်သူနန်းတော်တွင် တပည့်မည်မျှရှိသလဲဆိုသည်ကို မသိသည့်အတွက်ကြောင့်ပင်။ သို့တိုင် အနောက်ဘက်နယ်မြေရှိ ကျင့်ကြံသူများသည် အရိပ်သတ်ဖြတ်သူနန်းတော်အား လေးစားနေကြပေသေးသည်။
ကြယ်ဝိဉာဉ်နန်းတော်သည် တောင်ဘက်နယ်မြေသားများ၏ တော်ဝင်နယ်မြေတစ်ခု ဖြစ်သည်ဟု ပြောလိုပါက အရိပ်သတ်ဖြတ်သူနန်းတော်သည် အနောက်ဘက်နယ်မြေသားများအတွက် အလားတူသာ ဖြစ်လေသည်။
မဟာဧကရာဇ်များသည် ပညာရှင်များအနက် ထိပ်တန်းပညာရှင်များ ဖြစ်ကြကာ လုပ်ကြံသတ်ဖြတ်ခြင်းကို အထူးအလေးပေးထားသည့် မဟာဧကရာဇ်တစ်ပါးဆိုလျှင် ပို၍ပင် ကြောက်မက်ဖွယ်ရာ ကောင်းပေသေးသည်။ မဟာဧကရာဇ်များကြား သိသာခြားနားလှသည့် ခွန်အားကွာခြားချက်များ မရှိကြပါသော်ငြား မဟာဧကရာဇ်များထဲတွင် ကြောက်မက်ဖွယ်ရာအကောင်းဆုံးမှာ ညအရိပ်မဟာဧကရာဇ်ဖြစ်သည်ဟု အနောက်ဘက်နယ်မြေရှိ ကျင့်ကြံသူများကတော့ ပြောကြပေသည်။ အနောက်ဘက်နယ်မြေရှိ ကျင့်ကြံသူများမှာလည်း ထိုအချက်အပေါ် ဂုဏ်ယူနေခဲ့ခြင်း ဖြစ်လေသည်။
ရန်ကိုင်ရောက်လာသည့်မြို့မှာ မသေးလှ။ မြို့ထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ရန်ကိုင်သည် စားသောက်ဆိုင်တစ်ခုဆီသို့ တန်းသွားလိုက်ပြီး ပြတင်းပေါက်နေရာရှိ ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်လေသည်။ ထို့နောက်တွင် ဆိုင်ဝန်ထမ်းလေး ချက်ချင်းရောက်လာပြီး ရန်ကိုင်အား အားတက်သရောဖြင့် နှုတ်ဆက်၍ “မင်္ဂလာပါ… ဆရာ ဘာများမှာချင်လို့လဲ…”
“ခင်ဗျားတို့မှာ ဓါးအရက်ရှိလား…” ရန်ကိုင်က မေးလိုက်သည်။
ဆိုင်ရှင်က အဓိပ္ပာယ်ပါပါပြုံးလျက် “ဆရာ နေရာမှန်ကို ရောက်လာတာပဲ… ဒီကြယ်စင်မြို့မှာ စားသောက်ဆိုင်တွေ ထောင်နှင့်ချီပြီး ရှိတယ်ဆိုပေမယ့် ဓါးအရက်ကို ရောင်းတဲ့ဆိုင်ဆိုလို့ ဆယ်ဆိုင်ပဲရှိတာ… အဲ့ဆယ်ဆိုင်ထဲမှာ ကျုပ်တို့ရဲ့ဆိုင်က တစ်ဆိုင်အပါအဝင်ပဲ…”
ရန်ကိုင်က သူ့လက်ကိုဝှေ့ယမ်းလျက် ပြန်ပြောလိုက်သည်။ “အဲ့ဒါဆို ငါ့ကို ဓါးအရက် အိုးတစ်ရာ ယူလာပေး…”
အနောက်ဘက်နယ်မြေသည် အရိပ်သတ်ဖြတ်သူနန်းတော်နှင့် ညအရိပ်မဟာဧကရာဇ်ကြောင့်သာလျှင် ကျော်ကြားနေခြင်းမဟုတ်။ အနောက်ဘက်နယ်မြေတွင် နာမည်ကျော် ဓါးအရက်တစ်မျိုးလည်း ရှိပေသည်။ ထိုဓါးအရက်ကို ဓါးစံအိမ်ဟု ခေါ်သည့်နေရာမှာ ချက်လုပ်ခြင်းလည်း ဖြစ်လေ၏။ ဓါးအရက်ကို ချက်လုပ်ရသည်မှာ အလွန်ကိုမှ ရှုပ်ထွေးပြီး အချိန်လည်း ကြာပေသည်။ အရေးအကြီးဆုံးအချက်မှာ ထိုဓါးအရက်ကို ချက်လုပ်နိုင်ရန်အတွက် ဓါးတာအိုကို ကျွမ်းကျင်ထားသော ပညာရှင်တစ်ဦး လိုအပ်ခြင်းပင်။ ထိုပညာရှင်အနေဖြင့် ဓါးတာအိုအပေါ် သူ၏ ထိုးထွင်းနားလည်မှုများကို အရက်ထဲသို့ ထည့်သွင်းပေးရန် လိုအပ်ပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ဓါးအရက်တစ်အိုးချင်းစီတိုင်းသည် အလွန်ကိုမှ အဖိုးတန်နေရခြင်းပင်။
ဓါးအရက်သည် ကျင့်ကြံသူများအတွက် အလွန်ကိုမှ အသုံးဝင်လှပြီး ဓါးအရက်ကို ရေရှည်စွဲကာ သောက်သုံးမည်ဆိုလျှင် ကျင့်ကြံခြင်းတွင် တိုးတက်လာနိုင်ပေလိမ့်မည်။ အထူးသဖြင့် ဓါးတာအိုကို ကျင့်ကြံနေသည့် ကျင့်ကြံသူများအတွက်ပင်။ ဓါးအရက်ကို သောက်သုံးခြင်းဖြင့် ကျင့်ကြံသူတစ်ဦးသည် ဓါးတာအိုနှင့်ပတ်သက်သည့် နိယာမသဘောတရားများကို ပို၍ လျင်မြန်လွယ်ကူစွာ နားလည်လာနိုင်ပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ကျန်နယ်မြေကြီးသုံးခုနှင့် ယှဉ်လိုက်သော် အနောက်ဘက်နယ်မြေထဲတွင် ဓါးပညာရှင်များ ပိုမိုများပြားနေရခြင်းပင်။
ရန်ကိုင်သည် ကျုချင်းနှင့် ပထမဦးဆုံးအကြိမ် စတွေ့စဉ်က ကျုချင်းသည် ရန်ကိုင်နှင့် မိတ်ဆွေဖြစ်ချင်သည်ဟု ထပ်တလဲလဲ ပြောခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာလည်း စိတ်ညစ်လာကာ သူ့အား ဓါးအရက်တစ်အိုး ယူလာပေးလျှင် သူငယ်ချင်းလုပ်မည်ဟု ပြောခဲ့လေသည်။ အစကတော့ ရန်ကိုင်သည် ကျုချင်းအား အခက်တွေ့သွားအောင် လုပ်ရန် သက်သက်သာ။ သို့သော်ငြား ကျုချင်းသည် တစ်ခဏလေးအတွင်း သူ့ဆီသို့ ဓါးအရက်တစ်အိုးရအောင် ရှာပေးနိုင်ခဲ့လိမ့်မည်ဟု ထင်ထားခြင်း မရှိခဲ့ပေ။
ထိုစဉ်က အဖြစ်အပျက်များကို ပြန်စဉ်းစားမိလိုက်သော် လက်ရှိအခြေအနေကို သုံးသပ်ကြည့်လိုက်သည့်နောက် ရန်ကိုင် အံ့ဩတကြီး သက်ပြင်းချလိုက်လေသည်။ အနာဂတ်ကို အမှန်တကယ်ကို ကြိုတင်ခန့်မှန်း၍ မရချေ။ ကံကြမ္မာကို ကောင်းကင်ကသာ ဆုံးဖြတ်လေသည်။ အရာအားလုံးသည် မဆုံးနိုင်သော သံသရာစက်ဝန်းထဲ တဝဲလည်လည် လည်ပတ်နေကြရသည်။ ကျုချင်းကိုယ်တိုင်သည်လည်း ရန်ကိုင်နှင့် လင်မယားဖြစ်လာရလိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်း ရှိလိမ့်မည်မဟုတ်။
ယခု အနောက်ဘက်နယ်မြေသို့ ကိုယ်တိုင်ရောက်လာပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင် ပထမဦးဆုံး စဉ်းစားမိလိုက်သည့်အရာမှာ ဓါးအရက်သာ ဖြစ်လေသည်။ သူသာ ဓါးအရက်ကို များစွာ ရနိုင်သည်ဆိုပါက ထက်ကောင်းကင်နန်းတော်၏ အနာဂတ်တိုးတက်မှုအတွက် အထောက်အကူ ဖြစ်လာနိုင်ပေသည်။ ထို့အပြင် အရိပ်ကြယ်ပေါ်ရှိ သူ၏ ဆွေမျိုးများနှင့် မိတ်ဆွေများမှာ အားကောင်းခြင်း မရှိသေးချေ။ ထိုလူများ ကြယ်တာရာအစုအဝေးထဲသို့ ရောက်လာသည့်အခါ သူတို့တွင်သာ ဓါးအရက်များ၏အကူအညီ ရှိနေမည်ဆိုပါက ပို၍ လွယ်ကူလျင်မြန်စွာ ကျင့်ကြံနိုင်ကြပေလိမ့်မည်။
(ကြည့်ရတာ ငါ ဓါးစံအိမ်ဆီသွားပြီးတော့ သူတို့နဲ့ ပူးပေါင်းနိုင်မယ့် နည်းလမ်းတစ်ခု ရှာရမယ့်ပုံပဲ… ဘယ်လိုပဲဖြစ်ဖြစ် ငါက ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ယောက်ဆိုတော့ သူတို့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်ဆိုလို့ရှိရင် ငါ့တောင်းဆိုချက်ကို သူတို့ ငြင်းမှာမဟုတ်ဘူး…)
ထိုအကြောင်းများကို စဉ်းစားနေစဉ်မှာပင် လှောင်ပြောင်ရယ်မောသံတစ်သံ ရန်ကိုင်၏ဘေးဘက်တွင်ရှိနေသော စားပွဲခုံဆီမှ ထွက်လာခဲ့လေသည်။ “ဘယ်ကျွင်းထဲကနေ ထွက်လာတာလဲ… ဓါးအရက်ကို မင်းက ဘာမှတ်နေတာလဲ… ဓါးအရက်အိုးတစ်ရာသောက်ဖို့…. မင်းက ကိုယ့်အကြောင်းကိုယ် မသိတဲ့ကောင်ပဲကွ…”
ရန်ကိုင်သည် အသံကြားရာဘက်ဆီသို့ လှည့်ကြည့်လိုက်ရာ ရင်ဘတ်ဗလာကျင်းနေသော လူထွားကြီးတစ်ဦးကို မြင်လိုက်ရလေသည်။ ထိုလူထွားကြီးသည် ဝက်နှာခေါင်းနှင့် ဆင်တူသော နှာခေါင်း၊ ဖားပါးစပ်နှင့်ဆင်တူသော ပါးစပ်ကို ပိုင်ဆိုင်ထားလေရာ သူ့မျက်နှာမှာ အတော်လေးကိုမှ ရုပ်ဆိုးသည်ဟု ပြော၍ရသည်။ ပိုဆိုးသည်မှာ သူ့လည်ပင်းတွင် ပုတီးကုံးပမာ ဆင်မြန်းထားသော အရိုးခေါင်းများပင် ဖြစ်လေသည်။ ထိုအရိုးခေါင်းတစ်ခေါင်းချင်းစီသည် မွန်းစတားသားရဲတစ်ကောင်ကောင်၏ အရိုးခေါင်းများ ဖြစ်ကြပြီး အရိုးခေါင်းများမှာ လက်သီးတစ်လုံးစာအရွယ်အစား ရှိနေခဲ့သည်။ ထို့အတွက်ကြောင့် ထိုအရိုးခေါင်းများနှင့် ပေါင်းလိုက်သော် လူထွားကြီး၏ပုံစံမှာ ပို၍ကို ကြောက်မက်ဖွယ်ကောင်းနေတော့လေ၏။
လူထွားကြီးမှာ ရုပ်ဆိုးလှလိမ့်မည်ဖြစ်ပါသော်ငြား သူ့ကျင့်ကြံခြင်းမှာတော့ မခေလှ။ ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေကြောင်းကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။ ထို့အပြင် လူထွားကြီးနှင့်အတူ တစ်ဝိုင်းတည်းထိုင်နေသည့် အခြားလူနှစ်ဦးမှာလည်း ဧကရာဇ်ပထမဆင့်ပညာရှင်များ ဖြစ်နေကြသေး၏။
ထိုအချင်းအရာကို တွေ့ရှိလိုက်ရသည့်နောက် ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ သူသိရသလောက် ကြယ်စင်မြို့တော်သည် မြို့ကြီးတစ်မြို့မဟုတ်။ ထို့အတွက်ကြောင့် ဤကဲ့သို့သောမြို့လေးတွင် ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ ရှိမနေသင့်ချေ။
သို့သော်ငြား အမှန်တရားသည် သူထင်ထားသလို ဖြစ်နေသည့်ပုံမပေါ်။ ထိုစားပွဲဝိုင်းတွင်သာမဟုတ် အခြားသောစားပွဲဝိုင်းတွင်လည်း ဧကရာဇ်အဆင့်ပညာရှင်နှစ်ဦး ထပ်ရှိနေသေးသည့်ပုံပင်။ ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကို မသိမသာလေးဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်ရာ တစ်ခုခုမှားယွင်းနေကြောင်း တွေ့ရှိလိုက်ရလေသည်။ လက်ရှိအခြေအနေကို ကြည့်ရသလောက် ထိုဧကရာဇ်အဆင့်ပညာရှင်များမှာ တစ်ခုခုအား စောင့်ဆိုင်းနေကြသည့်ပုံပင်။
အကြည့်ချင်းဆုံသွားသည့်အခိုက် လူထွားကြီးသည် စားပွဲခုံကို လက်သီးဖြင့် ကောက်ထုလျက် အော်ပြောလိုက်သည်။ “မင်း ဘာလာကြည့်နေတာ… ငါမင်းကိုပြောနေတာကွ တောသားရဲ့…”
(ဒေါသကလည်း ကြီးလိုက်တာ…) ရန်ကိုင် ကြိတ်၍ ရယ်သွမ်းသွေးလိုက်လေသည်။ သို့သော်ငြား ထိုလူထွားကြီးနှင့် သွား၍ ပြဿနာဖြစ်မနေခဲ့။ လူထွားကြီးနှင့်အတူ ထိုင်နေသည့် ဧကရာဇ်အဆင့်ပညာရှင်နှစ်ဦးမှာလည်း လူထွားကြီးအား အလျင်စလို ဖျောင်းဖျလိုက်လေသည်။ “ကျေးဇူးပြုပြီး စိတ်ထိန်းပါ စီနီယာရှုံ့ရယ်… ဘာဖြစ်လို့ တောသားတစ်ယောက်နဲ့ ဖက်ပြိုင်ပြီး ငြင်းနေရတာလဲ… ကျုပ်တို့အလုပ်ကိစ္စကိုပဲ အာရုံစိုက်ကြရအောင်…”
“ဟုတ်တယ် ဟုတ်တယ်…” အခြားလူတစ်ဦးကလည်း ဝင်၍ထောက်ခံလိုက်သည်။
မျိုးရိုးနာမည်ရှုံ့နှင့်လူထွားကြီးက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ ရန်ကိုင်ဘက်မှ သူ့ကိုယ်သူ နှိမ့်ချနေသည့်အတွက်ကြောင့် လူထွားကြီးမှာလည်း ရန်ကိုင်အား ဆက်၍ပြဿနာမရှာတော့ဘဲ အထင်အမြင်တသေးဖြင့်သာ နှာခေါင်းရှုံ့လိုက်ပြီးသည့်နောက် စားပွဲပေါ်တွင်ရှိနေသော ဝိုင်အိုးကို ကောက်၍ တစ်ကျိုက်တည်း မော့ချလိုက်လေ၏။
မုန်တိုင်းလွန်သွားပြီကိုမြင်သော် ဆိုင်ဝန်ထမ်းလေးသည် နဖူးပေါ်တွင်ဝေ့သီလာသော ချွေးအေးများကိုသုတ်ရင်းမှ ရန်ကိုင်ကိုကြည့်၍ မေးလိုက်လေသည်။ “ဆရာက အဝေးကနေလာတာလား…”
“မင်းက အမြင်စူးရှတာပဲ ကောင်လေး…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်သည်။
ပုံမှန်အားဖြင့် ဤကဲ့သို့သော စားသောက်ဆိုင်မျိုးတွင် အလုပ်လုပ်နေကြသည့် ဆိုင်ဝန်ထမ်းလေးများမှာ အမြင်စူးရှလေ့ ရှိပေသည်။ သူတို့အနေဖြင့် လူတစ်ဦးသည် မည်သည့်နေရာမှ လာသလဲ မည်ကဲ့သို့သော အဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားသလဲဆိုသည်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ခန့်မှန်းနိုင်ပေသည်။ ထို့အပြင် ရန်ကိုင်၏အဝတ်အစားများနှင့် အနောက်ဘက်နယ်မြေရှိ ဒေသခံများ၏ ဝတ်စားပုံမှာ ကွဲပြားနေပေသည်။ ထို့အပြင် ရန်ကိုင်၏ကိုယ်ထက်တွင် သဲမှုန်သဲစများလည်း ရှိနေသည့်အတွက်ကြောင့် ဆိုင်ပိုင်ရှင်လေးသည်သာ ထိုအချက်များကို သတိမထားမိခဲ့လျှင် သူ့အနေဖြင့် ဤကဲ့သို့သော စားသောက်ဆိုင်မျိုးတွင် ဆိုင်ဝန်ထမ်းဖြစ်ဖို့ရာ မသင့်တော်တော့ပေ။
ဆိုင်ဝန်ထမ်းလေးက ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ဆရာမသိတာကိုလည်း အပြစ်တင်လို့မရတော့ပါဘူးလေ ဒါဆိုရင်တော့… ဓါးအရက်ကို ဓါးစံအိမ်ကနေပဲ ထုတ်နိုင်တာဆိုတာကိုတော့ ဆရာသိတယ်မလား… ဒီတော့ တစ်နှစ် တစ်နှစ် ဈေးကွက်ထဲမှာရှိနေတဲ့ ဓါးအရက်ပမာဏက အတော်လေးကို အကန့်အသတ်နဲ့ရှိတယ်… ကျုပ်တို့ဆိုင်လေးက ဓါးအရက်တွေကို ရောင်းနိုင်တယ်ဆိုပေမယ့် ကျုပ်တို့ရောင်းနိုင်တဲ့ပမာဏကလည်း အကန့်အသတ်နဲ့ပဲ… ဒီတော့ ဆရာက ရာနဲ့ချီတဲ့ ဓါးအရက်တွေ ဝယ်ချင်တယ်ဆိုရင်တော့ ကျုပ်တို့ ရောင်းပေးနိုင်မှာမဟုတ်ဘူး…”
ရန်ကိုင် နားလည်သွားခဲ့ပြီး ပြန်မေးလိုက်လေသည်။ “ဒါဆိုရင် မင်းတို့ ဘယ်လောက်ရောင်းနိုင်သလဲ… ရောင်းနိုင်သမျှ ငါဝယ်မယ်…”
ဆိုင်ဝန်ထမ်းလေးက ရှက်ရှက်ဖြင့် ပြန်ပြောလိုက်သည်။ “တစ်အိုး….”
“တစ်အိုးတည်း…” ရန်ကိုင်မှာ ဤဆိုင်လေးမှ ရောင်းနိုင်မည့် ဓါးအရက်ပမာဏမှာ နည်းလိမ့်မည်မှန်း ကြိုတင်ခန့်မှန်းထားပြီး ဖြစ်ပါသော်ငြား ဤမျှ နည်းနေလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။ ကြည့်ရသလောက် ဓါးအရက်သည် အနောက်ဘက်နယ်မြေတွင်ပင်လျှင် သောက်ချင်တိုင်း သောက်၍မရသည့် အရက်တစ်မျိုး ဖြစ်သည့်ပုံပင်။
(ဒါဆို ကျုချင်း အဲ့တုန်းက ဓါးအရက်ကို ဘယ်လိုလုပ်ပြီး ဒီလောက်လွယ်လွယ်နဲ့ ရတာလဲ…)
သူ့စိတ်ထဲ သိချင်စိတ် ဖြစ်မိသွားလင့်ကစား ရန်ကိုင်သည် ထိုအကြောင်းကို ထိုင်စဉ်းစားမနေခဲ့ပဲ ခေါင်းညိတ်၍ “အင်း… ဒါဆိုလည်း တစ်အိုးပေါ့… အဲ့ဒါဆိုရင် မင်းတို့ဆီမှာရှိတဲ့ အကောင်းဆုံးတစ်အိုးကို ငါ့ဆီထုတ်လာပေး…”
ရန်ကိုင်မှ ထိုကဲ့သို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် အစောပိုင်းက သူ့အား လှောင်ပြောင်စကားဆိုခဲ့သော လူထွားကြီးက ထပ်၍ ပြောလိုက်လေသည်။ “မင်းလိုကောင်မျိုးက အကောင်းဆုံးဓါးအရက်ကို သောက်ချင်တယ်ပေါ့ ဟုတ်လား… မင်းကိုယ်မင်းလည်း မှန်ထဲပြန်ကြည့်ဦးကွ… သောက်ရှက်မရှိတဲ့အရူးကောင်…”
ထိုစားပွဲဝိုင်းတွင် ထိုင်နေသော အခြားသူတစ်ဦးက ရယ်ရယ်မောမောဖြင့် “ဒီလောကကြီးမှာ လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြတာပဲ စီနီယာရှုံ့ရယ်… ဘာဖြစ်လို့ အခြားလူတွေကို လိုက်ပြီး ဂရုစိုက်နေရတာလဲ…”
လူထွားကြီးက ခေါင်းခါလျက် “အဲ့လို အသုံးမဝင်တဲ့ ဆန်ကုန်မြေလေးကောင်တွေ အားနေ သူတို့ရုပ်ကို ဗန်းပြပြီးတော့ ကြွားကြွားနေတာကို ငါမကြည့်ရတာ… ဒီကောင်တွေကို မြင်တိုင်းမြင်တိုင်း စိတ်ရှိလက်ရှိ ရိုက်ပစ်ချင်စိတ်တွေကို ငါသိပ်ပြီးတော့ ထိန်းမရဘူး…”
ထိုအချိန်အတောအတွင်း ရန်ကိုင်သည် လူထွားကြီး၏စကားကို မသိချင်ယောင်ဆောင်လျက် ဆိုင်ဝန်ထမ်းလေးကိုသာ ပြန်ပြောလိုက်လေသည်။ “မင်း ငါ့ကို ရှင်းပြပေးလို့ရမလား…”
ဆိုင်ဝန်ထမ်းလေးမှာ ရှက်ရှက်ဖြင့် ရှင်းပြလိုက်လေသည်။ “ဓါးအရက်ကို အဆင့်သုံးဆင့်ခွဲထားတယ်… အဆင့်နိမ့်၊ အလယ်အလတ်အဆင့်နဲ့ အဆင့်မြင့်ဆိုပြီးတော့… ကျုပ်တို့ဆိုင်ကတော့ အဆင့်နိမ့်နဲ့ အလယ်အလတ်အဆင့်ဓါးအရက်တွေကိုပဲ ရောင်းတယ်… ဒါပေမယ့် အဆင့်မြင့်ဓါးအရက်ကို လိုချင်တယ်ဆိုလို့ရှိရင်တော့ တစ်နေ့တစ်အိုးလောက်တော့ ဝယ်လို့ရလိမ့်မယ်… ဒါပေမယ့် အဲ့လိုဝယ်နိုင်ဖို့ကလည်း လေလံဝင်ဆွဲမှပဲ ရမှာ…”
“လေလံပွဲ…” ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး ဤနည်းလမ်းသည် ဤကဲ့သို့သောဆိုင်များအဖို့ ဧည့်သည်များကို ဆွဲဆောင်သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်းကိုလည်း နားလည်သွားခဲ့လေသည်။ တကယ်တော့ အထူးကုန်ပစ္စည်းများသည် ပိုမိုမြင့်မားသည့်ဈေးနှုန်းဖြင့် ရောင်းချနိုင်သည် မဟုတ်ပေလော။
ရန်ကိုင်က ချက်ချင်း ထပ်မေးလိုက်လေသည်။ “ဒါဆို ဒီနေ့လေလံပွဲက…”
“ဒီမနက်ကတင် ပြီးသွားပါပြီဆရာ…”
ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြန်ပြောလိုက်လေသည်။ “ကောင်းပြီလေ… ငါ့ကို အလယ်အလတ်အဆင့် ဓါးအရက်တစ်အိုး ယူလာပေး…”
“ကောင်းပါပြီဆရာ… ခဏလောက်ပဲစောင့်ပါ…” ရန်ကိုင် ဆက်၍ ပြဿနာမရှာတော့ကြောင်း တွေ့လိုက်သော် ဆိုင်ဝန်ထမ်းလေး စိတ်သက်သာရာ ရသွားခဲ့ပြီး ချက်ချင်းပဲ ထွက်သွားလေ၏။
ရန်ကိုင်သည် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်ရင်း အဆက်မပြတ် သွားလာနေသော လူအုပ်ကြီးကို ငေးကြည့်နေခဲ့လေသည်။ သူ့စိတ်ထဲ ဓါးစံအိမ်ဆီသို့ သွားလိုသည့် ဆန္ဒများလည်း ပိုပို၍ အားကောင်းလာနေခဲ့လေ၏။
ထိုအခိုက်အတန့်မှာပင် တိုးလျသည့်စကားဝိုင်းတစ်ခုကို ရန်ကိုင် ကြားလိုက်ရသည်။ လူတစ်ဦးက ပြောလိုက်သည်။ “လေတိမ်တိုက်စံအိမ်ကတော့ ဒီတစ်ကြိမ်ကို တကယ်ကြီးလုပ်နေတာဟ… အဲ့ကောင်မလေးကို သတ်ပစ်နိုင်မယ်ဆိုလို့ရှိရင် အဆင့်မြင့်အရင်းအမြစ်ကျောက် ဆယ်သန်းရမယ်တဲ့… အသက်ရှင်လျက် ဖမ်းနိုင်မယ်ဆိုလို့ရှိရင်တော့ အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းနှစ်ဆယ်တောင် ရမှာဟေ့…”
ထိုစကားဝိုင်းသည် ဧကရာဇ်အဆင့်ပညာရှင်သုံးဦး ထိုင်နေသည့် စားပွဲဝိုင်းဆီမှလာခြင်း ဖြစ်လေသည်။ သူတို့၏အသံကို တတ်နိုင်သမျှ တိုးအောင်ပြောနေပါသော်ငြား ရန်ကိုင်၏ကောင်းကင်စိတ်အာရုံမှာ အလွန်တရာကိုမှ အားကောင်းလှသည့်အတွက်ကြောင့် သူတို့ပြောနေသည့်စကားများကို အတိုင်းသား ကြားနေခဲ့ရသည်။
အဆင့်မြင့်အရင်းအမြစ်ကျောက် ဆယ်သန်းမှ သန်းနှစ်ဆယ်ဟူသော ပမာဏသည် ဧကရာဇ်အဆင့်ပညာရှင်များအတွက် အလွန်ကိုမှ မက်လောက်စရာကောင်းလှပေသည်။ တကယ်တော့ မြောက်ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်သော မီးနဂါးနန်းတော်၏ တစ်နှစ်ဝင်ငွေသည်ပင်လျှင် အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းငါးဆယ်လောက်သာ ရှိပေသည်။ ထို့အပြင် ထိုဝင်ငွေသည် တစ်ဂိုဏ်းလုံး၏ ဝင်ငွေဖြစ်ပေသည်။ တစ်ဦးချင်းစီကို ပြန်လည်ခွဲဝေလိုက်မည်ဆိုပါက ထိုမျှ များပြားလှခြင်း မရှိတော့ချေ။ ထို့အတွက်ကြောင့် အဆင့်မြင့်အရင်းအမြစ်ကျောက် ဆယ်သန်း၊ သန်းနှစ်ဆယ်ဟူသော ပမာဏမှာ အလွန်တရာကိုမှ များပြားလှသည်ဟု ပြော၍ရပေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၉၀)
ဘာသာပြန်သူ_တိမ်တိုက်
ထိုလူဆီမှ ထိုစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် အခြားတစ်ဦးက ဝင်ပြောလိုက်သည်။ “အဲ့ဒါကလည်း အဲ့ကောင်မလေးက မနေတတ်မထိုင်တတ်နဲ့ လေတိမ်တိုက်စံအိမ်ရဲ့ သခင်လေးကိုမှ သွားသတ်တာကိုး… အခုတော့ လေတိမ်တိုက်စံအိမ်က သူ့ကို လိုက်သတ်ဖို့ လုပ်နေပြီဆိုတော့ အဲ့ကောင်မလေး ကြာကြာ အသက်ရှင်တော့မှာမဟုတ်ဘူး…”
ပထမဦးဆုံးပြောလိုက်သည့်လူက ပြန်ပြောလိုက်သည်။ “အဲ့ကောင်မလေးကလည်း ဟုတ်တော့လည်းဟုတ်တာပဲကွ… သတ်မယ့်သတ် အခြားသူတွေကို မသတ်ဘဲနဲ့ လေတိမ်တိုက်စံအိမ်ရဲ့ သခင်လေးကိုမှ သွားသတ်တယ်… လေတိမ်တိုက်စံအိမ်သခင်မှာ မိန်းမတွေ ကိုယ်လုပ်တော်တွေ အများကြီး ရှိတယ်ဆိုပေမယ့် သားစဉ်မြေးဆက်က ထွန်းကားတာမဟုတ်ဘူး… သူ့မှာ သားဆိုလို့ ဒီတစ်ယောက်ပဲရှိတာ… ဒီတော့ အဲ့သားကို ကမ်းကုန်အောင် အလိုလိုက်တာ… အခု သူ့သား အသတ်ခံလိုက်ရတဲ့ကိစ္စကို ဘယ်လိုလုပ်ပြီး ငြိမ်ခံနေမှာလဲ… ဒါကြောင့်ပဲ အဲ့ကောင်မလေးကို သတ်နိုင်ရင် ပေးမယ့်ဆုက တော်တော်များနေတာ…”
“ပြောသာပြောနေရတာပါကွာ… သခင်လေးဆိုတဲ့ကောင်ကလည်း ဘာမှ ကောင်းတာမဟုတ်ဘူး… သူ့အဖေ သူ့ကို အရမ်းအလိုလိုက်တာကို အသုံးချပြီးတော့ သူ့အဆင့်အတန်းနဲ့ တွေ့ကရာလူတွေကို လိုက်အနိုင်ကျင့်နေတာ… တကယ်ကို စည်းမရှိကမ်းမရှိပဲ… သူ့ကြောင့် အမျိုးသမီးတွေ ဘယ်လောက်တောင် ဒုက္ခရောက်သွားပြီလဲမသိဘူး… ငါကြားတာတော့ သူအသတ်ခံလိုက်ရတာက အဲ့ကောင်မလေးကို ဗလက္ကာရပြုကျင့်ဖို့ ကြိုးစားလို့ပဲတဲ့…”
ထိုစကားကိုကြားသည့်အခါ မျိုးရိုးနာမည်ရှုန်းနှင့် လူထွားကြီး၏ မျက်လုံးများ တောက်ပသွားခဲ့လေသည်။ “ဒီတော့ အဲ့ကောင်မလေးက မိန်းမချောလေးပေါ့…”
ပထမဦးဆုံး စကားပြောလိုက်သည့်လူက ရယ်မောလျက် “ဒါပေါ့… သေသေချာချာစဉ်းစားကြည့်လေ… အဲ့သခင်လေးဆိုတဲ့လူက မိန်းမတွေအများကြီးနဲ့ ပျော်ပါးလာတာ… တော်ရုံမိန်းမလောက်ကို ဒီကောင်က စိတ်ဝင်စားပါ့မလား… ငါ အမှန်အတိုင်းပဲ ပြောပြမယ်… ငါကိုယ်တိုင်လည်း အဲ့ကောင်မလေးကို တစ်ခါတည်းမြင်ဖူးတယ်… ချောလိုက်တာမှကွာ… နတ်မိမယ်လေးတစ်ပါး လူ့ကမ္ဘာထဲကို ဆင်းလာသလားတောင် မှတ်ရတယ်… ငါသာ အဲ့လိုမိန်းမတစ်ယောက်ကို လက်ထပ်နိုင်မယ်ဆိုလို့ရှိရင် ငါ့ကျင့်ကြံခြင်းအကုန်လုံးကို ဆုံးရှုံးလိုက်ရမယ်ဆိုရင်တောင် တန်တယ်… ငါတောင် အဲ့လိုဖြစ်တယ်ဆိုမှတော့ ဟိုတဏှာရူးသခင်လေး ဘယ်လိုနေမလဲ စဉ်းစားကြည့်ပေါ့… ဆိုးတာက…”
“ဘာဆိုးတာလဲ…”
“ဆိုးတာက အဲ့ကောင်မလေးရဲ့ခွန်အားက တော်တော်မြင့်တာပဲကွ… ငါတောင် သူ့ကို နိုင်မယ်လို့ မသေချာဘူး… အဲ့ဒါကြောင့်ပဲ ငါ့လက်ထဲကအခွင့်အရေး ဒီအတိုင်းပဲ လွတ်ထွက်သွားတာကို ရပ်ကြည့်နေရတာ…”
“ငါလည်း မိန်းမချောလေးတွေကို ကြိုက်တယ်ကွ…” ထိုသို့ပြောပြီးသည့်နောက်တွင် မျိုးရိုးနာမည်ရှုန်းနှင့်လူသည် စားပွဲခုံပေါ်တွင် ရှိနေသော အရက်အိုးကို အားပါးတရ ကောက်မော့ချလိုက်လေသည်။ အရက်များမှာတော့ သူ့ပါးစပ်ထောင့်မှ အောက်သို့ လျှံထွက်ကျလာနေခဲ့လေ၏။ ထို့နောက် ခက်ထန်ကြမ်းကြုတ်သည့်အမူအယာဖြင့် “အဲ့ကောင်မလေး ဘယ်လောက်ချောလဲ ကြည့်ရသေးတာပေါ့ကွာ… သူ့ကျင့်ကြံခြင်းက ဧကရာဇ်ပထမအဆင့်ပဲ ရှိသေးတာဆိုတော့ ငါနဲ့တွေ့ရင်တော့ ငါ့လက်ကနေလွတ်ဖို့ မစဉ်းစားတော့နဲ့…”
“စီနီယာရှုန်းကိုယ်တိုင် လှုပ်ရှားတော့မှာဆိုတော့ အဲ့ကောင်မလေး ဘယ်လိုမှ လွတ်တော့မှာမဟုတ်ဘူး…” အခြားတစ်ယောက်က ဖားဖားယားယားဖြင့် ပြောလိုက်သည်။
မျိုးရိုးနာမည်ရှုန်းနှင့်လူက ရယ်မောလျက် “သူ့ကိုဖမ်းမိပြီဆိုတာနဲ့ အရင်ဆုံး သူနဲ့ ပျော်ပါးရမယ်… ပြီးတော့မှပဲ လေတိမ်တိုက်စံအိမ်ဆီ ပေးပြီးတော့ ဆုကြေးကိုသွားယူရမယ်…”
“ဟုတ်တယ်… စီနီယာရှုန်း သူ့ကိုဖမ်းပြီးသွားလို့ ပျော်ပါးပြီးသွားရင် ကျုပ်တို့ကိုလည်း နည်းနည်း ပျော်ပါးခွင့်ပေးဦးနော်…”
စီနီယာရှုန်းဆိုသူက လှောင်ပြုံးပြုံးလျက် “ဟျောင့်… မင်းအကြိုက်က တယ်ဆန်းပါလား… ဘာလဲ… မင်းက ငါ့ရဲ့ လက်ကျန်တွေကို လိုချင်တယ်ပေါ့…”
“ဒီတိုင်း နည်းနည်းပါးပါး ပျော်ပါးရုံပဲလေ… သူ့ကိုလက်ထပ်မှာမှမဟုတ်တာ… ဘာမှကိစ္စမရှိဘူး…”
“ကောင်းပြီလေ… ဒါဆိုရင် အဲ့လိုလုပ်ကြတာပေါ့… ဒါပေမယ့် ရထားတဲ့ သတင်းအချက်အလက်က သေချာရဲ့လား… အဲ့ကောင်မလေး ဒီနားကဖြတ်သွားမယ်ဆိုတာ သေချာလား…”
“သေချာတယ်… ကောင်မလေးက ပြောသာပြောတာ တကယ်ကိုရဲတင်းတာ… လေတိမ်တိုက်စံအိမ်ရဲ့ သခင်လေးကို သတ်ပြီးတာတောင် သူ့ကိုယ်သူ ပုန်းနေဖို့မကြိုးစားဘူး… အဲ့အစား တွေ့သမျှလူအကုန်လုံးကို သတ်ပြီးတော့ လေတိမ်တိုက်စံအိမ်ဆီကို တည့်တည့်ကိုသွားနေတာ… သူ့လက်ချက်နဲ့ သေသွားတဲ့လူတွေ မနည်းဘူး… သူက အခု လေတိမ်တိုက်စံအိမ်ဆီ သွားနေတာဆိုတော့ ဒီကြယ်စင်မြို့တော်ကို ကျိန်းသေဖြတ်သွားမှာ… ဒီတော့ ငါတို့အနေနဲ့ သူလာမှာကို စောင့်နေရုံပဲ… မင်းတို့နှစ်ယောက် ဒီကြယ်စင်မြို့တော်ထဲမှာ ဧကရာဇ်အဆင့်ပညာရှင်တွေအများကြီး ရှိနေတယ်ဆိုတာကို သတိမထားမိဘူးလား… သူတို့တွေအကုန်လုံးကလည်း အဲ့ကောင်မလေးကို စောင့်နေကြတာ…”
“ဟမ့်… သူတို့ခွန်အားနဲ့များ ငါ့သားကောင်ကို ခိုးချင်နေတယ်ပေါ့… ဒီကောင်တွေ ငါ့လမ်းမှာ လာမပိတ်မိရင် ကောင်းလိမ့်မယ်… မဟုတ်ရင်တော့ ငါ့ကို ရက်စက်လို့ဆိုပြီး လာအပြစ်မတင်နဲ့…”
“စီနီယာရှုန်းပြောတာ အမှန်ပဲ… သူတို့လိုအမှိုက်ကောင်တွေက စီနီယာရှုန်းနဲ့ ယှဉ်စရာလိုလို့လား…”
ထိုလူနှစ်ဦး စကားပြောနေစဉ်အတောအတွင်း မျိုးရိုးနာမည်ရှုန်းနှင့်လူသည် ရုတ်တရက် ရန်ကိုင်ဆီသို့ လှမ်းကြည့်လိုက်လေသည်။
လက်ရှိအချိန်တွင် ရန်ကိုင်သည် ဆိုင်ဝန်ထမ်းမှ ယူလာပေးသော အလယ်အလတ်အဆင့် ဓါးအရက်ကို သောက်နေလေ၏။ သို့သော်ငြား တစ်ငုံပြီးသည့်နောက် ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။ ဤဓါးအရက်၏ အရသာသည် သူ ယခင်သောက်ဖူးသော ဓါးအရက်၏ အရသာနှင့် အနည်းငယ် ကွဲပြားနေခဲ့သည်။
(အဆင့်မတူလို့များလား…) လက်ရှိ သူသောက်နေသည့်ဓါးအရက်ထဲတွင် ပါဝင်နေသည့် ဓါးစိတ်ဆန္ဒမှာ အတော်လေးကိုမှ အားနည်းလှသည်။ ရန်ကိုင်အနေဖြင့် သူ့သွေးကြောထဲသို့ စီးဝင်လာသော ဓါးစိတ်ဆန္ဒကို အလွယ်တကူ သန့်စင်ပစ်နိုင်ပေ၏။ ထို့အတွက်ကြောင့် သူ့အတွက် လုံးဝ အသုံးမဝင်။
(ဒါဆို ကျုချင်း ငါ့ဆီယူလာပေးတဲ့ ဓါးအရက်က ပိုပြီးအဆင့်မြင့်တဲ့ ဓါးအရက်ပေါ့…) ရန်ကိုင်သည် အရက်ခွက်ကိုကိုင်ရင်းမှ မျက်မှောင်ကျုံ့နေခဲ့သည်။ ရုတ်တရက်ဆိုသလို သူ့စိတ်ထဲ ဟာလာဟင်းလင်းဖြစ်သွားသလို ခံစားလိုက်ရလေသည်။
တစ်ချိန်တည်းတွင် စားပွဲခုံပေါ်ရှိ အဖုံးပွင့်နေသည့် အရက်အိုးမှာ အားကောင်းသောစွမ်းအားတစ်ခု၏ လမ်းကြောင်းအတိုင်း မျိုးရိုးနာမည်ရှုန်းနှင့်လူဆီသို့ ပါသွားခဲ့လေ၏။ ထို့နောက်တွင် မျိုးရိုးနာမည်ရှုန်းနဲ့လူက အကျယ်ကြီးအော်ရယ်မောလျက် ရန်ကိုင်ဘက်သို့လှည့်ကာ ပြောလိုက်လေ၏။ “ကောင်လေး… ဓါးအရက်ဆိုတာ မင်းသောက်နိုင်တဲ့အရာမျိုးမဟုတ်ဘူး… ဒီတော့ ငါ မင်းကိုယ်စား သောက်ပေးလိုက်မယ်… ငါ့ကို လာကျေးဇူးတင်နေစရာမလိုဘူး…”
သူ့စားပွဲခုံပေါ်ရှိ ဓါးအရက်မှာ ကုန်သွားပြီဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်၏အရက်အိုးကို သွားလုယူလိုက်ခြင်း ဖြစ်လေသည်။ ထိုသို့ပြောနေရင်းမှ မျိုးရိုးနာမည်ရှုန်းနှင့်လူသည် ရန်ကိုင်၏ ဓါးအရက်အိုးကို ကိုင်လျက် အားပါးတရ မော့ချလိုက်သည်။
ရန်ကိုင်မျက်နှာမှာတော့ ရုတ်ချည်းဆိုသလို သုန်မှုန်သွားတော့လေသည်။ မျိုးရိုးနာမည်ရှုန်းနှင့်လူသည် သူ့အား ထပ်တလဲလဲ လာရန်စခဲ့သည်။ အစပိုင်းတွင်တော့ ရန်ကိုင်မှာ အလုပ်ရှုပ်မခံလိုသည့်အတွက်ကြောင့် မျိုးရိုးနာမည်ရှုန်းနှင့်လူပြောသည်ကို မသိချင်ယောင်သာ ဆောင်နေခဲ့သည်။ ယခုတွင်မူ ထိုလူသည် ထိုမျှနှင့်ပင် မကျေနပ်နိုင်သေးဘဲ ရန်ကိုင်ရှေ့တည့်တည့်တွင်ပင် သူ့အရက်အိုးကို ဖြတ်လုသွားခဲ့သည်။ ရန်ကိုင်သည် အလယ်အလတ်အဆင့် ဓါးအရက်လောက်ကို ဂရုမစိုက်ပါသော်ငြား သူသောက်လက်စအရက်အိုးတစ်အိုးကို အခြားလူတစ်ဦးမှ ဖြတ်လုသွားခြင်းသည် ရန်ကိုင် ဤအတိုင်းရပ်ကြည့်နေနိုင်သည့် အရာမျိုးမဟုတ်တော့ချေ။
“ကောင်းလိုက်တဲ့အရက်…” အရက်အိုးတစ်အိုးလုံးကို မော့ချလိုက်ပြီးသည့်နောက်တွင် မျိုးရိုးနာမည်ရှုန်းနှင့်လူ၏ မျက်နှာကြီး နီတက်လာခဲ့လေသည်။ ပါးစပ်တွင် ပေကျံနေသော အရက်များကို သုတ်လိုက်ပြီးသည့်နောက် အားပါးတရ အော်ရယ်မောလိုက်လေ၏။ အလားတူပင် ထိုမျိုးရိုးနာမည်ရှုန်းဟူသော လူနှင့်အတူ တစ်ဝိုင်းထဲတွင် ထိုင်နေကြသော ကျန်လူနှစ်ဦးမှာလည်း ရန်ကိုင်အား အထင်အမြင်တသေးဖြင့် ကြည့်နေကြလေသည်။
ရန်ကိုင်၏အမူအယာ အေးစက်သွားခဲ့လေ၏။ “အစကတော့ ငါ့ကိုယ်ငါ မင်းအဆင့်ရောက်အောင် မနှိမ့်ချင်ခဲ့ဘူး… ဒါပေမယ့် မင်းတို့လို အမှိုက်ကောင်တွေက ငါ့ကို ထပ်တလဲလဲ လာရန်စနေတယ်… ကြည့်ရတာ မင်းတို့က သေချင်နေတာနဲ့တူတယ်…”
ထိုစကားကိုကြားသည့်အခါ မျိုးရိုးနာမည်ရှုန်းနှင့်လူထွားကြီး အံ့အားသင့်သွားခဲ့ပြီးနောက် ဝါးလုံးကွဲထအော်ရယ်မောတော့လေသည်။ “မင်း ဘာပြောလိုက်တာလဲ ကောင်လေး… ငါ နားကြားမှားတာတော့ မဟုတ်ပါဘူးနော်… မင်း အဲ့ဒါကို ထပ်ပြောလိုက်စမ်း…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်ပြောလိုက်သည့်စကားကို ထပ်ကြားချင်နေသည့်အလား ရန်ကိုင်ဆီသို့ သူ့နားကို တိုးကပ်ပေးလိုက်လေသည်။
ရန်ကိုင်က သက်ပြင်းချလျက် “အချို့လူတွေကတော့ ရေတွင်းထဲက ဖားသူငယ်တွေလိုပဲ… ကောင်းကင်ကြီးက ဒီလောက်ပဲကျယ်တာလားဆိုပြီး တွေးနေကြတာ… အဲ့လောက်ကလေးတွေးပြီးတော့ သူတို့ကိုယ်သူတို့ အရမ်း တော်တယ်တတ်တယ် ထင်နေကြတာ…”
မျိုးရိုးနာမည်ရှုန်းနှင့် လူထွားကြီး၏အမူအယာ အေးစက်သွားခဲ့ပြီး ချက်ချင်းပဲထရပ်၍ ပြန်အော်ပြောလိုက်လေသည်။ “ခွေးကောင်လေး… မင်း ငါ့ကို ရေတွင်းထဲက ဖားသူငယ်လို့ ပြောလိုက်တာလား…”
ထိုလူထွားကြီးနှင့် တစ်ဝိုင်းတည်းတွင် အတူထိုင်နေကြသော ကျန်လူနှစ်ဦးမှာလည်း ချက်ချင်းထရပ်၍ ဧကရာဇ်ချီကို လှည့်ပတ်ကြည့်လိုက်ကြလေသည်။ ထိုလူနှစ်ဦးအနက် တစ်ဦးက “အပိုစကားတွေလာပြောမနေနဲ့ ကောင်လေး… ဒီနေရာက မင်းနေတဲ့ တောကြိုတောင်ကြားမဟုတ်ဘူး… စကားမှားသွားလို့ မင်းအနေနဲ့ အရှက်ကွဲရတယ်ဆိုရင် အဆင်ပြေသေးတယ်ဆိုပေမယ့် စကားလေးတစ်ခွန်းမှားပြောမိလိုက်လို့ မင်းအသက်ဆုံးရှုံးသွားရတယ်ဆိုရင်တော့ မတန်တော့ဘူးနော်…”
“အသက်ဆုံးရှုံးရမှာ… ဘယ်သူက အသက်ဆုံးရှုံးရမှာလဲ…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ထိုလူသုံးယောက်အား မမေ့လောက်မည့် သင်ခန်းစာ ပေးနိုင်ရန်အတွက် သူ့လက်ကို မြှောက်လိုက်လေသည်။
သို့သော်ငြား ထိုအခိုက်အတန့်မှာပင် ပုံမှန်မဟုတ်သည့် အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့သည်။ သွေးပျက်ခြောက်ခြားဖွယ်ရာ အော်ဟစ်သံများနှင့်အတူ ကျယ်လောင်သည့်အသံတစ်သံ အဝေးတစ်နေရာဆီမှ ထွက်ပေါ်လာခဲ့သည်။ ကြည့်ရသလောက် အနီးအနားတစ်နေရာ၌ တိုက်ပွဲတစ်ခု ဖြစ်နေသည့်ပုံပင်။ ပတ်ဝန်းကျင်တစ်ခုလုံး ဧကရာဇ်ချီတို့ဖြင့် ပြည့်နှက်လာခဲ့ပြီး နိယာမစွမ်းအားတို့မှာလည်း ပရမ်းပတာကို ဖြစ်နေခဲ့လေသည်။ ထို့နောက်တွင် ပန်းရောင်ပုံရိပ်လေးတစ်ခု ရန်ကိုင်တို့ခေါင်းထက်နားဆီမှ ဖြတ်ပျံသွားလေ၏။
ရန်ကိုင်သည် ပြတင်းပေါက်နားတွင် ထိုင်နေခြင်း ဖြစ်သည့်အတွက်ကြောင့် သင်းရနံ့တို့နှင့်အတူ သူ့နားမှ ဖြတ်သွားသည့် ပုံရိပ်လေးကို လှမ်းမြင်လိုက်ရလေသည်။ ထိုပုံရိပ်လေး၏ ဆံပင်ရှည်များမှာ လေအလွင့်နှင့်အတူ တလူလူ လွင့်ပျံနေခဲ့ပြီး ကောင်မလေးသည် ပန်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားခဲ့သည်။ သို့သော်ငြား ရန်ကိုင်ရှေ့တွင် ပေါ်လာပြီးပြီးချင်း မျက်တောင်တစ်ခတ်အတွင်း ပြန်လည်ပျောက်ကွယ်သွားခဲ့လေသည်။ ထို့နောက် ထိုကောင်မလေးဖြတ်သွားပြီးသည့်နောက်တွင် အလင်းတန်းပေါင်းများစွာသည် ထိုကောင်မလေးနောက်မှ ထပ်ကြပ်မကွာ လိုက်လာကြလေ၏။
“မိန်းမပျက်မ… နင်ထွက်ပြေးရဲတယ်ပေါ့…”
“နင်ကများ ကြယ်စင်မြို့တော်ထဲမှာ ပေါ်လာရဲသေးတယ်… ဒီတစ်ကြိမ် လွတ်ဖို့ မစဉ်းစားနဲ့တော့…”
“မြန်မြန်လိုက်ကြ… သူ့ကိုလွတ်မသွားစေနဲ့… အဲ့ဒါကြီးက အဆင့်မြင့်အရင်းအမြစ်ကျောက် သန်းနှစ်ဆယ်တန်တဲ့ ဆုကြီးနော်…”
လူအုပ်ကြီးတစ်ခုလုံးမှာ ရုတ်ရုတ်သဲသဲကို ဖြစ်နေခဲ့လေသည်။ ကောင်မလေးနောက်သို့ လိုက်နေသည့်လူများမှာ ရာနှင့်ချီပေသည်။ သို့သော်ငြား ထိုလူများအနက် ဧကရာဇ်အဆင့် အချို့သာ ပါပြီး အများစုမှာ တာအိုသခင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
ရန်ကိုင်ကမူ ထိတ်လန့်မှုကြောင့် တောင့်တောင့်ကြီး ဖြစ်နေလေသည်။ ရန်ကိုင်မှာ သူ့စိတ်အစုံ ရုတ်တရက်မိုက်ခနဲ ဖြစ်သွားသလို ခံစားလိုက်ရလေသည်။ သူ့ရှေ့မှ ဖြတ်ပြေးသွားသည့် ပုံရိပ်လေးဆီသို့ လှမ်းကြည့်ရင်း ရန်ကိုင်သည် သူ့မျက်လုံးများကို နောက်တစ်ကြိမ် သေချာ ထပ်ပွတ်ကြည့်လိုက်သည်။
“အဲ့ကောင်မလေးပဲ…” ထိတ်လန့်တကြားအော်သံများ ရန်ကိုင်၏နောက်ဘက်ဆီမှ ထွက်လာကြသည်။
“သွားကြရအောင်…” အခြားတစ်ယောက်က ပြတင်းပေါက်မှ အလျင်စလို ခုန်ထွက်သွားလေသည်။
ပန်းရောင်ဝတ်စုံဝတ်ဆင်ထားသည့် ကောင်မလေး ပေါ်လာပြီးသည့်နောက်တွင် မျိုးရိုးနာမည်ရှုန်းနှင့်လူထွားကြီးမှာ ရန်ကိုင်အား စိတ်မဝင်စားတော့ချေ။ ရန်ကိုင်ကို စူးရဲစွာ တစ်ချက် စိုက်ကြည့်လိုက်ပြီးသည့်နောက် ခြေဆောင့်ကာ ပြတင်းပေါက်မှတစ်ဆင့် ပန်းရောင်ဝတ်ရုံနှင့် ကောင်မလေးနောက်သို့ ပြေးလိုက်သွားလေ၏။
စားသောက်ဆိုင်တစ်ခုလုံးမှာလည်း ပရမ်းပတာကို ဖြစ်နေလေသည်။ ဆိုင်ဝန်ထမ်းလေးမှာ အခြေအနေကို အပြေးအလွှား လာရောက်စစ်ဆေးကြည့်ပါသော်ငြား သူ့အားဆီးကြိုနေသည့်မြင်ကွင်းသည် ဆိုင်ဝန်ထမ်းလေးအား မျက်ရည်ကျလုမတတ် ဖြစ်သွားစေခဲ့လေသည်။
ရန်ကိုင်သည် ထိတ်လန့်နေရာမှ အသိပြန်ဝင်လာပြီးသည့်နောက်တွင် စားပွဲခုံပေါ်၌ အရင်းအမြစ်ကျောက်တုံးအချို့ ပစ်ထားခဲ့ပြီးသည့်နောက် လှစ်ခနဲ ပျောက်ကွယ်သွားခဲ့လေ၏။ သူပြန်ပေါ်လာသည့်အချိန်တွင် မြို့ပြင်ဆီသို့ ရောက်နေခဲ့လေပြီ။
မြို့ထဲဆီမှ ကျင့်ကြံသူပေါင်းများစွာ အုံလိုက်ကျင်းလိုက် ထွက်လာနေကြသည်။ မည်သူမျှ ရန်ကိုင်ကို အရေးမစိုက်ကြ။ လူတိုင်း၏အကြည့်သည် ရှေ့မှထွက်ပြေးနေသော မိန်းမငယ်လေးဆီတွင်သာ ရောက်နေကြလေသည်။ သူတို့အတွက်မူ ထိုကောင်မလေးသည် အဆင့်မြင့်အရင်းအမြစ်ကျောက် ဆယ်သန်း၊ သန်းနှစ်ဆယ်နှင့် ညီမျှသည့် ငွေထုပ်ကြီး ဖြစ်ပေသည်။
ရန်ကိုင်သည်လည်း ထိုလူများနှင့်အတူ ထိုကောင်မလေးနောက်သို့ လိုက်လေ၏။ သို့သော်ငြား သူ့ရည်ရွယ်ချက်မှာ ထိုလူများနှင့်မတူခဲ့ချေ။ ထိုကောင်မလေးနောက်သို့ လိုက်နေရင်းမှ ရန်ကိုင်စိတ်ထဲ မေးခွန်းတစ်ခုကို ထပ်တလဲလဲ စဉ်းစားနေခဲ့လေသည်။ (ငါ အမြင်မှားသွားတာလား… ဟုတ်ပါ့မလား…)
ထိုကောင်မလေး သူ့အနားမှ ဖြတ်ပျံသွားသည့်နှုန်းမှာ အလွန်ကိုမှ မြန်ဆန်လှသည်။ ထို့အပြင် ရန်ကိုင်သည် အခြားသောစားပွဲဝိုင်းဆီသို့ အာရုံစိုက်နေသည့်အတွက်ကြောင့် ထိုကောင်မလေး၏မျက်နှာကို သေသေချာချာ မမြင်လိုက်ရဘဲ ဝိုးတိုးဝါးတားလေးသာ မြင်လိုက်ရသည်။
သို့သော်ငြား ထိုကောင်မလေးကို မြင်လိုက်ပြီးသည့်နောက် ကောင်မလေး၏ပုံစံသည် အနည်းငယ်ရင်းနှီးနေသလို ခံစားလိုက်ရလေသည်။ ထို့အပြင် ထိုကောင်မလေး၏ပုံစံသည် သူ နှစ်ပေါင်းများစွာကြာအောင် မတွေ့ရသော ကောင်မလေးတစ်ဦး၏ ပုံစံ ဖြစ်နေခဲ့သည်။ သူ့အထင်သာ မမှားလျှင် ဤအဖြစ်အပျက်သည် အလွန်ကိုမှ တိုက်ဆိုင်လွန်းနေပြီဟု ပြော၍ရပေသည်။ ထို့အတွက်ကြောင့် လူအုပ်ကြီးထဲ ရောထွေးလိုက်ပါရင်းမှ အခြေအနေကို သေသေချာချာ အရင်ဦးဆုံး စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ နောက်မှသာလျှင် ဘာဆက်လုပ်ရမလဲဆိုသည်ကို ဆုံးဖြတ်ရပေမည်။ လက်ရှိအခြေအနေအရ ထိုကောင်မလေးမှာ သိပ်၍ အခြေအနေမကောင်းလှ။ သူသည်သာ လူမှားသွားခဲ့မည်ဆိုလျှင် ထိုကောင်မလေး၏အပေါင်းအပါအဖြစ် အခြားလူများ၏ စွပ်စွဲခြင်း ခံသွားရနိုင်ပေသည်။
ကြယ်စင်မြို့တော်၏ အပြင်ဘက်၌ ကောင်မလေးသည် ပုံမှန်မဟုတ်သည့် အမြန်နှုန်းဖြင့် ပျံသန်းနေခဲ့သည်။ သူမသွားနေသည့် အမြန်နှုန်းမှာ အလွန်တရာကိုမှ မြန်ဆန်လွန်းလှသည့်အတွက်ကြောင့် ပန်းရောင်အလင်းတန်းကြီးတစ်ခုသာ နောက်တွင် ကျန်ရစ်ခဲ့လေ၏။ လေထဲရှိကျင့်ကြံသူများမှာလည်း မမောမပန်းနှင့် သူမအနောက်သို့ အမောတကော ပြေးလိုက်နေကြသည်။
တစ်ခဏလေးအတွင်း ခွန်အားကွာခြားချက်များမှာ စတင်၍ သိသာလာတော့လေသည်။ သူမနောက်သို့ လိုက်နေသော တာအိုသခင်အဆင့် ကျင့်ကြံသူအားလုံးမှာ နောက်တွင် ပြတ်ကျန်ရစ်ခဲ့ပြီး ဧကရာဇ်အဆင့်ပညာရှင်များသည်သာ သူမနောက်သို့ ဆက်လိုက်နိုင်ခဲ့ကြသည်။
လူများများကျန်ခြင်းတော့မဟုတ် ဆယ်ဦးလောက်သာ ရှိတော့လေသည်။ ထိုလူများအနက် အများစုမှာလည်း ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။ သို့တိုင် ထိုကဲ့သို့သော အင်အားစုမျိုးသည် ထိုကောင်မလေးအတွက်မူ အထင်သေး၍မရသည့် အင်အားစုတစ်ခု ဖြစ်နေပေသေးသည်။
သူတို့ကြား အတော်လေးကွာလှမ်းနေသည့်တိုင် ထိုကောင်မလေးသည် ဧကရာဇ်ပထမအဆင့်သာ ရှိသေးကြောင်းကို ရန်ကိုင်ပြောနိုင်သည်။ သူမ၏ လက်ရှိကျင့်ကြံခြင်းကြောင့်ပင် ရန်ကိုင်သည် ထိုကောင်မလေးမှာ သူသိသည့်လူ ဟုတ်မဟုတ်ကို မသေချာနေရခြင်းဖြစ်သည်။ တကယ်တော့ သူကိုယ်တိုင်သည်လည်း ဧကရာဇ်ပထမအဆင့်သာလျှင် ရှိသေးသည်မဟုတ်ပေလော။
(ငါသိတဲ့လူသာဆိုလို့ရှိရင် ဒီလောက်မြန်မြန်နဲ့ ဧကရာဇ်အဆင့်ကို ရောက်လာစရာအကြောင်း မရှိဘူး…)
ဧကရာဇ်ပထမအဆင့်ကျင့်ကြံသူတစ်ဦးတွင် ဤမျှများပြားလှသော လူအုပ်ကြီးကို ရင်ဆိုင်နိုင်ဖို့ရာ အခွင့်အရေးအနည်းငယ်သာ ရှိလေသည်။ သို့သော်ငြား မကြာမီတွင် တစ်ခုခုမှားယွင်းနေမှန်း ရန်ကိုင် သတိထားမိသွားခဲ့သည်။
သူတို့ရှေ့မှ ထွက်ပြေးနေသည့် ကောင်မလေးသည် အနည်းငယ်မျှပင် ပျာယာခတ်နေခြင်းမရှိခဲ့။ သူမ၏အရှိန်အဝါမှာ သိပ်သည်းကာ တည်ငြိမ်နေခဲ့သည်။ သူမ၏ ခွန်အားအကုန်အစင်ကို ထုတ်မသုံးထားသည်မှာ အသိသာကြီးပင်။ ဤကောင်မလေး၏ပုံစံမှာ ထွက်ပြေးနေသည့်အစား သူတို့အား အခြားတစ်နေရာဆီသို့ မျှားခေါ်သွားသည်နှင့်ပင် တူနေပေသေးသည်။ ထိုအတွေး သူ့ခေါင်းထဲ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်မှာ ရယ်ချင်စိတ်ကို မအောင့်အည်းနိုင်တော့ဘဲ သူ့စိတ်ထဲရှိ သံသယအတွေးများကိုလည်း ဘေးဖယ်ထုတ်ထားလိုက်တော့လေသည်။ သူတွေးပူနေသည်မှာလည်း အပိုသာဖြစ်ကြောင်းကို နားလည်သွားခဲ့သည်။
ကောင်မလေးနောက်သို့ လိုက်နေသည့်လူများမှာ ကြယ်စင်မြို့တော်ဆီမှ အတော်ဝေးဝေးသို့ ရောက်လာကြလေသည်။ ထိုနေရာသို့အရောက်တွင် ကောင်မလေးမှာ ဆက်မပြေးတော့ဘဲ ရုတ်တရက် ရပ်လိုက်လေ၏။ လက်ရှိအချိန်တွင် သူတို့အားလုံးသည် ကြယ်စင်မြို့တော်ဆီမှ မိုင်ငါးထောင်ခန့်အကွာသို့ ရောက်နေကြလေပြီ။ ကောင်မလေးသည် ထိုနေရာတွင်သာ ငြိမ်သက်စွာ ရပ်နေပြီး သူမ၏ ဆံပင်ရှည်များသည် လေအဝှေ့နှင့်အတူ တလူလူ လွင့်ပျံနေခဲ့လေသည်။
ကောင်မလေးရပ်လိုက်သည့်နောက် သူမနောက်သို့ လိုက်လာနေကြသည့် ဧကရာဇ်အဆင့်ပညာရှင်များမှာလည်း ရပ်လိုက်ကြလေသည်။ လက်ရှိအချိန်သို့ ရောက်လာပြီးသည်နောက် ထိုလူများမှာ တစ်ခုခုမှားယွင်းနေမှန်း နားလည်သွားခဲ့ကြလေပြီ။ ထိုကောင်မလေးကို ကြည့်ရသလောက် ထွက်ပြေးနေသည့်ပုံမပေါ်။ ထို့အစား သူတို့အား ထောင်ချောက်တစ်ခုခုဆီသို့ မျှားခေါ်သွားနေသည်နှင့်ပင် တူနေပေသေးသည်။ ထိုအတွေး သူတို့ခေါင်းထဲ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဧကရာဇ်အဆင့်ပညာရှင်များမှာ ဤအနီးတစ်ဝိုက်တွင် ပုန်းကွယ်နေသည့် အစီအရင်တစ်ခုခု သို့မဟုတ် အားကောင်းလှသည့် အကူအညီတစ်ဦးဦးများ ရှိနေသလားဆိုသည်ကို အလျင်စလို စစ်ဆေးကြည့်လိုက်ကြလေ၏။