အခန်း (၂၉၉၁-၂၉၉၅)
Vol. 129 Ch. 2991-2995
အပိုင်း (၂၉၉၁)
ဘာသာပြန်သူ_တိမ်တိုက်
အနီးအနားတွင် သူတို့အား ခြုံခိုတိုက်ခိုက်ရန် ပုန်းအောင်းနေသော ပညာရှင်များ ရှိမရှိ၊ ပုန်းကွယ်နေသော အစီအရင်များ ထောင်ချောက်များ ရှိမရှိ စစ်ဆေးကြည့်ပြီးသည့်နောက် မရှိမှန်း အတည်ပြုပြီးသည့် အခါမှသာလျှင် ဧကရာဇ်အဆင့်ပညာရှင်များ စိတ်သက်သာရာ ရနိုင်ကြလေသည်။ သို့သော်ငြား သူတို့အား ကျောပေးကာ ရပ်နေသော ကောင်မလေးသည် ထိုလူများကို အတော်လေးကိုမှ စိတ်ညစ်နေစေခဲ့သည်။ ကောင်မလေး၏လုပ်ပုံသည် သူတို့အား အထင်သေးနေသည်ဟု ဧကရာဇ်အဆင့်ပညာရှင်များ ခံစားနေကြရလေ၏။
မျက်နှာနီနီနှင့် လူအိုကြီးက သက်ပြင်းချလျက် ပြောလိုက်သည်။ “ကောင်မလေး… နင် ဘာဖြစ်လို့ လေတိမ်တိုက်စံအိမ်ကို သွားရန်စရတာလဲ… ငါက အားနည်းတဲ့လူတွေကို အနိုင်မကျင့်ချင်ပေမယ့် သူတို့ပေးတဲ့ဆုက အရမ်းများလွန်းတယ်… ဒီတော့ ငါလည်း ငါ့စိတ်ငါ မထိန်းနိုင်တော့ဘူး… ငါ နင့်ကို အကြံတစ်ခုပေးမယ်… မတိုက်ခိုက်ပဲနဲ့ အရှုံးပေးလိုက်… မဟုတ်လို့ရှိရင် နင် ဒုက္ခရောက်သွားနိုင်တယ်… အဲ့ဒါဆို နင့်အတွက်လည်း ကောင်းမှာမဟုတ်ဘူး…”
လူအိုကြီးမှာ လေသံကို အတတ်နိုင်ဆုံး ဖျော့ကာ ပြောနေပါသော်ငြား သူ့မျက်လုံးများမှာမူ မယုံသင်္ကာဖွယ်ကောင်းစွာ လှုပ်ရှားနေခဲ့လေသည်။ လူအိုကြီးသည် ကောင်းသည့်လူမဟုတ်မှန်း သိသာလှသည်။
အခြားသူများမှာ တိတ်နေပါသော်ငြား အကုန်လုံးသည် အချိန်မရွေးတိုက်ခိုက်နိုင်ရန် သူတို့၏ဧကရာဇ်ချီကို လှည့်ပတ်ထားကြလေသည်။
လူအိုကြီးက ဆက်၍ပြောလိုက်သည်။ “ကောင်မလေး… နင် မနိုင်နိုင်ဘူးနော်… ခုခံနေလို့လည်း နင့်အတွက် ဒုက္ခရောက်တာပဲရှိမှာ… နင့်လိုလူတစ်ယောက် ဒီလိုအဆင့်မျိုးဆိုတာ ရောက်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး… ဒါပေမယ့် နင်က ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေးမှ မနေတာ… ကိုယ့်ကိုယ်ကို နှိမ့်ချပြီးတော့နေလိုက်ရင် ဘာဖြစ်သွားမှာမို့လို့လဲ… ဒီတော့ အခုကိစ္စမှာ ငါဝင်ကူညီပေးမယ်… ငါ နင်နဲ့ လေတိမ်တိုက်စံအိမ်ကြား ဖျန်ဖြေသူလုပ်ပြီးတော့ သူတို့ကို သွားတောင်းပန်ပေးမယ်… နင်ဘယ်လိုထင်လဲ…”
လူအိုကြီးမှာ ထိုကဲ့သို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ကောင်မလေးက ရယ်သွမ်းသွေးလျက် “ရှင်သာ လျှို့ဝှက်ပညာရပ်တစ်ခုကို ခိုးကြောင်ခိုးဝှက်နဲ့ ထုတ်သုံးဖို့ မလုပ်နေဘူးဆိုလို့ရှိရင် ရှင် လူဆိုးတစ်ယောက်မဟုတ်ဘူးဆိုတာကို ကျွန်မ ယုံချင်ယုံမိသွားမှာ… ဒါပေမယ့် ဆိုးတာပဲ… ရှင့်ရဲ့နည်းလမ်းတွေက အရမ်း အကြမ်းထည်ဆန်လွန်းတယ်… ဆရာပြောတာအမှန်ပဲ… အပြင်ဘက်မှာရှိနေတဲ့လူတွေက အရမ်းကို ဉာဏ်နီဉာဏ်နက်များတဲ့လူတွေ… တကယ်ကို မုန်းဖို့ကောင်းတယ်…”
ထိုသို့ပြောပြီးသည့်နောက်တွင် ကောင်မလေးသည် သူမလက်ချောင်းကိုမြှောက်၍ ရေပြင်ညီအတိုင်း ဖြတ်ဆွဲချလိုက်လေသည်။ တစ်ခုခု စုတ်ပြဲသွားသံနှင့်အတူ မျက်စိကျိန်းမတတ်အလင်းတန်းတို့ ပေါက်ကွဲထွက်လာခဲ့လေ၏။ တစ်ချိန်တည်းတွင် မျက်နှာနီနီနှင့် လူအိုကြီးမှာလည်း တုန်ရီသွားခဲ့လေသည်။ ကြည့်ရသလောက် သူထုတ်သုံးနေသည့် ပညာရပ် ဖျက်ဆီးခံလိုက်ရသည့်အတွက်ကြောင့် တန်ပြန်ဘေးထွက်ဆိုးကျိုးကို ခံစားလိုက်ရသည့်ပုံပင်။
ထိုအဖြစ်အပျက်ကြောင့် လူအိုကြီးမှာ ကြောက်လည်းကြောက်လန့်မိသွားသလို ထိတ်လည်း ထိတ်လန့်သွားခဲ့ရသည်။ ဤကောင်မလေးသည် သူ့ပညာရပ်ကို ဤမျှ အလွယ်တကူ ဖျက်ဆီးပစ်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း မရှိချေ။ ကောင်မလေး၏စွမ်းအားကို သိနားလည်သွားသော် လူအိုကြီးမှာ ကောင်မလေးအပေါ် ပို၍ ကြောက်ရွံ့လာတော့လေသည်။
တစ်ချိန်တည်းတွင် လူတစ်ဦးသည် ကောင်မလေးနှင့် ဆယ်မီတာခန့်အကွာတွင် မပြောမဆိုပဲ ရုတ်တရက်ကြီး ပေါ်လာခဲ့လေသည်။ ထိုလူသည် ကောင်မလေး၏ ထိုနားတွင် ခိုးကြောင်ခိုးဝှက် ပုန်းအောင်းနေခြင်း ဖြစ်လေသည်။ ထိုလူရှိနေလို့ ရှိနေကြောင်းကို မည်သူမျှ အာရုံမခံမိကြ။ ကောင်မလေးမှ လူအိုကြီး၏တိုက်ကွက်ကို အားသုံး၍ ဖျက်ဆီးလိုက်သည့်အခါတွင် အလစ်အငိုက်ပေါ်လာပြီး အလစ်ချောင်းတိုက်ခိုက်ရန် ကြိုးစားလာခြင်း ဖြစ်လေသည်။ ထိုလူသည် သူ၏ဧကရာဇ်ချီဖြင့် လွှမ်းခြုံလျက် သူ့လက်ကိုမြှောက်ကာ ကောင်မလေးဆီသို့ ပိုက်ကွန်ကဲ့သို့သော မှော်ရတနာတစ်ခုကို ပစ်လွှတ်လိုက်လေသည်။ ပိုက်ကွန်တစ်ခုလုံးမှာ ရောင်စဉ်အလင်းတန်းတို့ဖြင့် တောက်ပနေခဲ့ပြီး အဆင့်မြင့်ဧကရာဇ်အဆင့်မှော်ရတနာတစ်ခု ဖြစ်သည်မှာ သိသာလှသည်။
ပိုက်ကွန်ကြီးသည် ရုတ်တရက် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းတော့မည့်အလား ပြန့်ကားထွက်လာခဲ့ပြီး ကောင်မလေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်တစ်ခုလုံးကို တင်းတင်းကြပ်ကြပ် ပိတ်လှောင်ပစ်လိုက်လေသည်။ ထို့နောက်တွင် ထိုလူက သည်းလှိုက်အူလှိုက်အော်ရယ်မောရင်းမှ ပြောလိုက်သည်။ “ဟား ဟား ဟား… နင် အခု ဘယ်ထွက်ပြေးမလဲ ကြည့်ရသေးတာပေါ့…”
ဤကောင်မလေးမှာ အားကောင်းလှပါသော်ငြား တိုက်ပွဲအတွေ့အကြုံ မရှိလှချေ။ ထိုကဲ့သို့ဖြစ်သွားချိန် ကောင်မလေးမှာ မျက်မှောင်ကျုံ့၍ နောက်ပြန်ဆုတ်ရန် ကြိုးစားလိုက်သည်။ သို့သော်ငြား ပိုက်ကွန်ကြီးသည် သူမနောက်သို့ ထပ်ကြပ်မကွာ လိုက်လာခဲ့လေရာ ကောင်မလေးမှာ မည်သို့ပင် ကြိုးစားနေစေကာမူ ပိုက်ကွန်လက်မှ လွတ်မြောက်နိုင်ခဲ့ခြင်းမရှိချေ။ ထို့အပြင် ပိုက်ကွန်ကြီးသည် သူမအား လွှမ်းခြုံပစ်ရန် ကြိုးစားလာသည့်အလား တဖြည်းဖြည်း ကျုံ့ဝင်လာနေခဲ့လေ၏။
သူမသည်သာ ထိုဧကရာဇ်အဆင့်မှော်ရတနာထဲ ဖမ်းမိသွားမည်ဆိုလျှင် သူမ မည်မျှပင် အားကောင်းနေစေကာမူ လွတ်မြောက်နိုင်တော့လိမ့်မည် မဟုတ်ချေ။ တကယ်တော့ ဤနေရာတွင် ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ ရှိနေသည် မဟုတ်ပေလော။ သူတို့အားလုံးသည်သာ တစ်ပြိုင်တည်း တိုက်ခိုက်လာခဲ့မည်ဆိုပါက သူမအနေဖြင့် သူမတစ်ယောက်တည်း ဤလူအုပ်ကြီးကို မည်သို့မျှ ယှဉ်ပြိုင်နိုင်လိမ့်မည်မဟုတ်ချေ။
သူမ တစ်ဖက်သို့ လှည့်လာသည့်အခိုက် ရန်ကိုင်မှာ ထိုကောင်မလေးကို ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေမိလေ၏။ ထိုကောင်မလေး၏မျက်နှာကို သူ့စိတ်ထဲ ရင်းနှီးသလိုလို မရင်းနှီးသလိုလို ခံစားနေခဲ့ရလေသည်။ ရင်းနှီးသလိုခံစားရပါသော်ငြား သူသိသည့်လူများထဲ ထိုကောင်မလေးနှင့် မည်သူ့ကိုမျှ ဆက်စပ်၍မရအောင် ဖြစ်နေခဲ့လေ၏။
(သူလား… ဒါမှမဟုတ် မဟုတ်ဘူးလား…) ရန်ကိုင်မှာ သိပ်၍ မသေချာတော့ပေ။
ထိုအခိုက်အတန့်တွင် ပိုက်ကွန်ကို ပစ်လွှတ်လိုက်သည့် ဧကရာဇ်အဆင့်ပညာရှင်က လက်ကွက်များကိုထုတ်ဖော်၍ အော်ပြောလိုက်လေ၏။ “ပိတ်လှောင်လိုက်စမ်း…”
ပိုက်ကွန်ကြီးမှာ ရုတ်ချည်းဆိုသလို ကျုံ့ဝင်လာခဲ့ပြီး ကောင်မလေးအား အပြည့်အဝ ပိတ်လှောင်ပစ်လိုက်လေသည်။ ကောင်မလေး၏မျက်နှာထက် ထိတ်လန့်တုန်လှုပ်နေသည့်အမူအယာတို့ ထွက်ပေါ်လာခဲ့လေ၏။ သူမအနေဖြင့် ထွက်ပြေးချင်ပါသော်ငြား ပိုက်ကွန်အတွင်းရှိဟင်းလင်းပြင်မှာ လုံးဝကို ပိတ်လှောင်ထားခြင်း ခံထားရလေသည်။ ထို့နောက်တွင် ကောင်မလေး၏မျက်လုံးထဲ သံဓိဌာန်ချလိုက်သည့် အရိပ်အယောင်အချို့ ထွက်ပေါ်လာခဲ့လေ၏။
ထို့နောက်တွင် ထူးဆန်းသည့်စွမ်းအားတစ်ရပ် သူမဆီမှ ဖြာထွက်လာခဲ့ပြီး ပိုက်ကွန်ကြီး လုံးဝပိတ်ဆို့သွားချိန် ကောင်မလေးမှာ ပိုက်ကွန်ထဲမှ ပျောက်ချင်းမလှ ပျောက်ကွယ်သွားကြောင်းကို ပိုက်ကွန်ပိုင်ရှင် ဧကရာဇ်အဆင့်ပညာရှင် တွေ့ရှိလိုက်ရလေသည်။ ထို့အတွက်ကြောင့် ပိုက်ကွန်ပိုင်ရှင်မှာ အံ့လည်း အံ့အားသင့်မိသွားသလို ဘာတွေဖြစ်လို့ဖြစ်သွားမှန်းကိုလည်း နားမလည်နိုင်အောင် ဖြစ်နေလေသည်။
“ဆရာ တစ်ခါပြောဖူးတာရှိတယ်… လူတစ်ယောက်က ကိုယ့်ကို တစ်ခါလာထိုးရင် သူ့ကို နှစ်ကြိမ်ပြန်ထိုးရတယ်တဲ့… ရှင်သာ ကျွန်မရဲ့လက်သီးနှစ်ချက်ကို ခံနိုင်မယ်ဆိုရင် ကျွန်မ ရှင့်ကို သွားခွင့်ပေးမယ်…” ကောင်မလေးမှာ ယခုကဲ့သို့ အလစ်အငိုက်ချောင်း တိုက်ခိုက်ခံလိုက်ရသည့်အတွက်ကြောင့် ဒေါသအနည်းငယ် ထွက်နေခဲ့ကာ သူမ၏မျက်နှာကြီးမှာ ဒေါသကြောင့် ရှံ့မဲ့နေခဲ့လေသည်။ သို့တိုင် ဒေါသပင် ထွက်နေလင့်ကစား ကောင်မလေးမှာ လှမြဲလှနေသေး၏။
ထိုသို့ပြောပြီးသည့်နောက်တွင် ကောင်မလေးသည် သူမအား အလစ်ချောင်းတိုက်ခိုက်လိုက်သည့် ဧကရာဇ်အဆင့်ပညာရှင်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားလေ၏။ သူမ၏ လက်သီးသေးသေးလေးများမှာတော့ အရောင်တလက်လက် တောက်ပနေခဲ့လေသည်။ ပိုက်ကွန်ပိုင်ရှင်နှင့် ဆယ်မီတာခန့်အကွာသို့ ရောက်သော် လက်သီးတစ်ချက် ပစ်သွင်းလိုက်လေသည်။
ပိုက်ကွန်ပိုင်ရှင်မှာ သူ့ဧကရာဇ်အဆင့်မှော်ရတနာ ဘာကြောင့် အလုပ်မဖြစ်သွားသလဲဆိုသည်ကို ဇဝေဇဝါဖြစ်နေဆဲပင်။ သို့သော်ငြား ကောင်မလေးပြောသည့်စကားကို ကြားပြီးသည့်နောက် ချက်ချင်း ဒေါသူပုန်ထလာတော့လေ၏။ “ကောင်မလေး နင်က တယ်ကို မောက်မာလွန်းနေပါလား… နင့်ဆရာ ဘယ်သူလဲဆိုတာတော့ ငါမသိဘူး… ဒါပေမယ့် နင့်လိုတပည့်မျိုးကို ပျိုးထောင်ပေးခဲ့တည်းက ဆရာကောင်းတစ်ယောက်မဟုတ်မှန်းတော့ ငါသိတယ်… နှစ်ချက် ဟုတ်လား… အချက်တစ်ရာဆိုရင်တောင်…”
သူ့စကားကို ဆုံးအောင်မပြောနိုင်သေးခင်မှာပင် တစ်ခုခုမှားယွင်းနေမှန်း သတိထားမိသွားခဲ့လေသည်။ ကောင်မလေးမှ လက်သီးချက်ပစ်သွင်းလာချိန် လောကကြီးတစ်ခုလုံး အေးခဲသွားတော့မယောင် ထင်မှတ်ရသည်။ သူကိုယ်တိုင်အပေါ်ကိုလည်း ဧရာမတောင်ကြီးတစ်လုံးမှ ဖိချလာသည့်အလား ပိုက်ကွန်ပိုင်ရှင်အဖို့ အသက်ပင် ကောင်းကောင်းမရှူနိုင်တော့အောင် ဖြစ်သွားခဲ့ရလေသည်။ ထို့အပြင် သူ့သွေးကြောများထဲ စီးဆင်းနေသော သွေးများသည်ပင်လျှင် အကြောင်းအရင်းမရှိ ရပ်တန့်သွားကုန်ကြလေ၏။
“ဘုန်း…”
ပေါက်ကွဲသံကြီးနှင့်အတူ အရိုးကျိုးသံများနှင့်တကွ ဧကရာဇ်အဆင့်ပညာရှင်သည် ဥက္ကာခဲတစ်စင်းပမာ မြေပြင်ပေါ်သို့ ထိုးကျသွားခဲ့လေသည်။ ထိုသို့ထိုးကျနေရင်း သွေးအပွက်ပွက်အန်ထွက်ကာ သူ့မျက်နှာမှာလည်း အလောင်းကောင်ပမာ ဖြူဆွတ်သွားခဲ့ရလေ၏။
“ဘုန်း…”
မြေပြင်ပေါ်သို့ ရောက်သွားသည့်အခိုက် မြေပြင်ထက် ဧရာမအက်ကြောင်းကြီးတစ်ခု ပေါ်လာခဲ့လေသည်။ ထိုလူပြုတ်ကျသွားသည့်နေရာကို ဗဟိုပြုလျက် ပတ်ပတ်လည်အနှံ့ အက်ကြောင်းများ အဆက်မပြတ် ပြန့်ထွက်လာခဲ့လေ၏။
ထိုမြင်ကွင်းကိုကြည့်ရင်း ဧကရာဇ်အဆင့်ပေါင်းများစွာ သက်ပြင်းအသီးသီး ရှိုက်လိုက်ကြသည်။ လူတိုင်းမှာ ဤသေးသွယ်သွယ်ကောင်မလေးမှ ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးအား လက်သီးတစ်ချက်ဖြင့် စုတ်ပြတ်သပ်သွားအောင် လုပ်လိုက်သည်ကို မျက်လုံးအပြူးသားဖြင့် ကြောင်ကြည့်နေကြလေ၏။ ကောင်မလေး၏လက်သီးချက်ထဲ ထိုမျှကြောက်မက်ဖွယ်ရာစွမ်းအားတို့ ကိန်းအောင်းနေလိမ့်မည်ဟု မည်သူမျှ မျှော်လင့်ထားခဲ့ခြင်း မရှိချေ။ ထို့အတွက်ကြောင့် လူတိုင်းမှာ သူတို့များ အိပ်မက်မက်နေသလားဟုပင် ထင်မြင်မိသွားကုန်ကြလေသည်။
ရန်ကိုင်သည်လည်း မင်သက်နေခဲ့လေသည်။ ထိုကောင်မလေးသည် သူသိသည့်လူမဟုတ်မှန်း သူ့စိတ်ထဲ အတော်လေးကိုမှ သေချာသွားခဲ့လေပြီ။ ဤကောင်မလေးမှာ ဧကရာဇ်ပထမအဆင့်သာလျှင် ဖြစ်လင့်ကစား သူမ၏ခွန်အားမှာတော့ ကြောက်မက်ဖွယ်ရာကောင်းလွန်းလှသည်။ သူသိထားသည့်လူမှာတော့ ထိုကဲ့သို့သော ခွန်အားမျိုးကို ထုတ်ဖော်နိုင်လိမ့်မည်မဟုတ်ချေ။
“နောက်တစ်ချက်…” ထိုသို့ပြောပြီးသည့်နောက် ကောင်မလေးသည် အက်ကြောင်းအပေါ်သို့ ပျံတက်သွားခဲ့ပြီး အောက်တည့်တည့်သို့ လက်သီးတစ်ချက် ထိုးချလိုက်လေသည်။
ယခုတစ်ကြိမ်တွင်တော့ လူတိုင်းမှာ ကောင်မလေး၏လက်သီးချက်ကို အသေအချာ အာရုံစိုက်ကာ စစ်ဆေးကြည့်နေလေ၏။ ကောင်မလေးမှ လက်သီးဖြင့်ထိုးလိုက်ချိန် မည်သည့်ပညာရပ်တစ်ခုခုကိုမှ ထုတ်သုံးလိုက်သည့်ပုံမပေါ်။ သို့သော်ငြား သူမ၏လက်သီးချက်ကြောင့် အက်ကြောင်းကြီးမှာ ဆယ်ဆမက ပိုမိုကြီးမားလာခဲ့ရလေသည်။ မြေပြင်တစ်ခုလုံး တသိမ့်သိမ့်တုန်ခါသွားခဲ့ပြီး သူမ၏လက်သီးချက်စာ မိသွားသည့် ဧကရာဇ်ပထမအဆင့်ကျင့်ကြံသူမှာတော့ တစ်ချက်အော်ငြီးလိုက်ရင်း တောင့်တောင့်ကြီး ဖြစ်သွားတော့လေသည်။
ကောင်းကင်စိတ်အာရုံပေါင်းများစွာသည် အက်ကြောင်းထဲတွင်ရှိနေသော ဧကရာဇ်အဆင့်ပညာရှင်ကို သွားရောက်စစ်ဆေးကြည့်ပြီးသည့်နောက် လူတိုင်း အထိတ်ထိတ်အလန့်လန့် ဖြစ်သွားကုန်ကြလေသည်။ ထိုဧကရာဇ်အဆင့်ပညာရှင်မှာ သေသွားခဲ့လေပြီ။ ကောင်မလေး၏လက်သီးချက်နှစ်ချက်ကြောင့် အသက်ပျောက်သွားခဲ့ရ၏။
အက်ကြောင်းထဲတွင်ရှိနေသည့် ဧကရာဇ်အဆင့်ပညာရှင်မှာ ကောင်မလေး၏ လက်သီးချက်နှစ်ချက် မိပြီးသည့်နောက်တွင် လူရုပ်ပင်မပေါက်တော့ဘဲ ဘဝတစ်ပါးသို့ ရောက်သွားခဲ့ရလေသည်။
“ဘယ်သူ… ဘယ်သူ… ဘယ်သူက နင့်ဆရာလဲ…” မျက်နှာနီနီနှင့်လူအိုကြီးက အလန့်တကြား ကောက်မေးလိုက်လေသည်။ သူပင်လျှင် ယခုအချိန်၌ တစ်ခုခုမှားယွင်းနေပြီမှန်း ပြောနိုင်ပေလိမ့်မည်။ ဤကောင်မလေး၏ခွန်အားမှာ အလွန်ကိုမှ ထိတ်လန့်ဖွယ်ရာကောင်းလွန်းလှသည်။ ဤကဲ့သို့သောခွန်အားမျိုးကို မည်သည့်သာမန်လူမှ ရရှိနိုင်လိမ့်မည်မဟုတ်ချေ။ တပည့်သည်ပင်လျှင် ဤမျှအားကောင်းနေလေရာ ဆရာဆိုလျှင် မည်မျှပင် အားကောင်းလိုက်လေမည်နည်း။ ဤကောင်မလေး၏နောက်ကွယ်တွင် အလွန်ကိုမှ အားကောင်းလှသည့် ပညာရှင်တစ်ဦးဦး ကျိန်းသေ ရှိနေရပေလိမ့်မည်။
လက်ရှိအချိန်တွင် အကုန်လုံးမှာ အတော်လေးကိုမှ စိတ်ညစ်နေကြလေသည်။ သူတို့အနေဖြင့် သူတို့ရန်မစသင့်သည့်လူတစ်ဦးအား သွားရန်စမိမည်ကို အတော်လေး လန့်နေကြလေ၏။ ထိုကောင်မလေးအနေဖြင့် လေတိမ်တိုက်စံအိမ်သခင်လေးကို သတ်ပစ်ရဲရလောက်အောင် သူမကို အားကောင်းသည့်လူတစ်ဦးဦးမှ နောက်ခံပေးထားသည့်အတွက်ကြောင့်သာ ဖြစ်ကောင်းဖြစ်ရပေလိမ့်မည်။
လေတိမ်တိုက်စံအိမ်မှာ အတော်လေးကိုမှ အားကောင်းလှပါသော်ငြား အနောက်ဘက်နယ်မြေထဲရှိ အင်အားစုပေါင်းများစွာသည် လေတိမ်တိုက်စံအိမ်နှင့် ယှဉ်ပြိုင်နိုင်ပေသည်။ အင်အားစုပေါင်းများစွာ၏ ထိပ်ဆုံးတွင် ရပ်တည်နေသော အရိပ်သတ်ဖြတ်သူနန်းတော်လည်း ရှိနေပေသေးသည်။
“ဘာဖြစ်လို့ ကျွန်မဆရာကို လာဂရုစိုက်နေရတာလဲ… ရှင် အခုလေးတင် ကျွန်မကို လှည့်စားဖို့လုပ်ထားတာ… ကျွန်မ ရှင့်ကိုလည်း နှစ်ကြိမ်ထိုးမယ်…” သူမ၏ပထမပြိုင်ဘက်ကို ရှင်းထုတ်ပစ်ပြီးသည့်နောက်တွင် ကောင်မလေး၏အကြည့်သည် မျက်နှာနီနီနှင့် လူအိုကြီးဆီသို့ ရောက်လာပြီး လက်သီးလက်မောင်းတန်းကာ ပြောလိုက်လေသည်။
လူအိုကြီးမှာ အလွန်ကိုမှ ထိတ်လန့်သွားတော့လေ၏။ သူ့အနေဖြင့် အားကောင်းလိမ့်မည် ဖြစ်ပါသော်ငြား အစောပိုင်းက သေသွားသည့်လူထက် ပိုအားကောင်းသည်ဟုတော့ မပြောရဲချေ။ ထိုလူသည်ပင်လျှင် ထိုကောင်မလေး၏လက်သီးချက်နှစ်ချက်ကို မခုခံနိုင်ခဲ့လေရာ သူဆိုလျှင်လည်း ဘာမှထူးလိမ့်မည်မဟုတ်ချေ။
ထို့အတွက်ကြောင့် မျက်နှာနီနီနှင့် လူအိုကြီးမှာ အထိတ်ထိတ်အလန့်အလန့် ပြန်အော်ပြောလိုက်လေသည်။ “ဒီကောင်မလေးက အားကောင်းလွန်းတယ်… ငါတို့ အတူပူးပေါင်းတိုက်ခိုက်မှရလိမ့်မယ်…”
“ကောင်မလေး နင်က ချောတာတော့မှန်တယ်… ဒီတော့ ငါကလည်း နင့်ကို သေချာလေး ဂရုစိုက်ပေးရသေးတာပေါ့…” ဒေါမာန်တကြီးအော်ဟစ်သံနှင့်အတူ လူထွားကြီးတစ်ဦး ကောင်မလေးဆီသို့ ပြေးဝင်သွားခဲ့လေသည်။
ထိုလူထွားကြီး၏လုပ်ရပ်ကြောင့် လူတိုင်းမှာ အံ့အားသင့်သွားခဲ့ကြပြီး ကြိတ်၍လည်း ဝမ်းသာသွားခဲ့ကြလေသည်။ တစ်ချိန်တည်းတွင် သူတို့စိတ်ထဲ၌လည်း တွေးနေကြလေ၏။ (ကောင်းတယ်… သေရမှာကို မကြောက်တဲ့လူတွေလည်း ရှိသေးတာပဲ…)
ကောင်မလေး၏စွမ်းအားကို မြင်တွေ့ပြီးသည့်နောက်တွင် အကုန်လုံးမှာ ပြန်ဆုတ်ရန်ပင် စဉ်းစားနေကြလေပြီ။ အရင်းအမြစ်ကျောက်များမှာ တပ်မက်စရာကောင်းပါသော်ငြား မိမိ၏အသက်ထက် ပို၍ အရေးကြီးသည့်အရာ ဘာမှရှိမနေခဲ့ပေ။ သူတို့အားလုံးသည်သာ အတူပူးပေါင်း၍ တိုက်ခိုက်မည်ဆိုပါက ဤကောင်မလေးကို နိုင်နိုင်ချေ အလွန်မြင့်ပါသော်ငြား လူတိုင်းသည် တစ်ဦးကိုတစ်ဦး ယုံကြည်ကြလိမ့်မည်မဟုတ်မှန်း သိနေကြလေသည်။ ထို့အတွက်ကြောင့် သူတို့၏ ပူးပေါင်းလုပ်ဆောင်မှုမှာ ထိုမျှအားကောင်းလိမ့်မည်မဟုတ်။ ထိုကောင်မလေးသည်သာ ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ သူတို့ထဲရှိ လူတစ်ဦးကို သတ်သွားပါက အခြားသူများသည် သူတို့အတွက် မည်သည့်တရားမျှတမှုကိုမှ လိုက်ရှာပေးနေလိမ့်မည်မဟုတ်ချေ။
ထို့အတွက်ကြောင့် ယခုကဲ့သို့ သေရမည်ကိုမကြောက်ဘဲ ကောင်မလေးဆီသို့ ရှေ့ဆုံးမှ ပြေးဝင်သွားသည့်လူတစ်ဦး ရှိနေခြင်းသည် အခြားသူများအတွက်တော့ အလွန်ကိုမှ ကောင်းလှပေသည်။ လူတိုင်းမှာ အခြေအနေ မည်ကဲ့သို့ ပြောင်းလဲသွားမည်ကို ရပ်စောင့်ကြည့်လိုကြသဖြင့် ချက်ချင်း ပြန်မဆုတ်သေးဘဲ ရပ်နေကြလေ၏။
“ရှုန်းခိုင်းရှန်…”
“သူလား…”
“ကောင်းတယ်… သူကိုယ်တိုင်က ဦးဆောင်နေပြီဆိုမှတော့ ငါတို့မှာ နိုင်နိုင်ချေရှိသွားပြီ…”
ထိုသို့ဖြင့် ဧကရာဇ်အဆင့်ပညာရှင်များမှာ ပြန်မဆုတ်ကြတော့ဘဲ ရပ်ကြည့်နေကြတော့လေ၏။
ရှုန်းခိုင်းရှန်မှာတော့ ကောင်မလေးရှေ့သို့ ရောက်နေခဲ့လေပြီ။ သူ့ခန္ဓာကိုယ်ဆီမှ ဧကရာဇ်ချီတို့သည် ဒီရေလှိုင်းလုံးပမာ တဝုန်းဝုန်း ဖြာထွက်နေခဲ့လေ၏။ ကောင်မလေးရှေ့သို့ ရောက်လာပြီးသည့်နောက်တွင် ရှုန်းခိုင်းရှန်သည် တောင်တစ်ခုလုံးကို စိစိညက်ညက်ခြေနိုင်သည့် ခွန်အားမျိုးဖြင့် ကောင်မလေးဆီသို့ လက်သီးချက်များကို တရစပ် ထိုးချလိုက်လေ၏။
ပြင်းထန်သည့် လက်သီးမိုးများနှင့် ရင်ဆိုင်နေရပါသော်ငြား ကောင်မလေးမှာ ထိတ်လန့်သွားခဲ့ခြင်းမရှိဘဲ ထိုလက်သီးမိုးများဖြင့် သူမ၏ လက်သီးချက်များဖြင့် တန်ပြန်တိုက်ခိုက်လေသည်။ တဝုန်းဝုန်းမြည်သံများနှင့်အတူ တစ်ခဏလေးအတွင်း ကောင်မလေးနှင့် ရှုန်းခိုင်းရှန်တို့မှာ တိုက်ကွက်ပေါင်းတစ်ရာကျော်မက ဖလှယ်ပြီးသွားခဲ့လေပြီ။
ရုတ်တရက်ဆိုသလို ရှုန်းခိုင်းရှန် နောက်သို့ ပြန်ဆုတ်လာခဲ့လေ၏။ သူ့မျက်နှာမှာ ထိတ်လန့်တုန်လှုပ်နေခဲ့ပြီး သူ့လက်နှစ်ဖက်လုံးမှာ ထိန်းမရအောင် တုန်ရီနေခဲ့လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း လူတိုင်း မင်သက်သွားကုန်ကြလေသည်။ ရှုန်းခိုင်းရှန်၏လက်သီးများမှာ သွေးချင်းနီနေပါသော်ငြား ကောင်မလေးမှာမူ အကောင်းအတိုင်းသာ ရှိနေပေသေးသည်။ သူမ၏ရန်သူ ပြန်ဆုတ်သွားပါသော်ငြား ကောင်မလေးမှာ တစ်ဖက်လူအား လိုက်လံတိုက်ခိုက်ခြင်း မရှိသေးဘဲ ဒေါမာန်တကြီးဖြင့်သာ စိုက်ကြည့်နေလေ၏။
“သူ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားကောင်းနေရတာလဲ…” ရှုန်းခိုင်းရှန်သည် သွေးချင်းနီနေသည့် သူ့လက်ကို ပြန်ငုံ့ကြည့်ရင်းမှ မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်လေသည်။ သို့သော်ငြား အမှန်တရားသည် သူ့ရှေ့တည့်တည့်တွင် ဖြစ်ပျက်နေခဲ့ခြင်း ဖြစ်လေသည်။ ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦးပင် ဖြစ်လင့်ကစား လက်သီးချင်းယှဉ်ထိုးရာတွင် သူသည် ဤကောင်မလေးအား ရှုံးနိမ့်သွားခဲ့လေသည်။ ထိုအကြောင်းကို စဉ်းစားရင်းမှ ရှုန်းခိုင်းရှန်မှာ အလွန်ကိုမှ ရှက်သွားသလို ခံစားရကာ လက်သီးချင်း ယှဉ်ထိုးမနေတော့ဘဲ သူ့ပညာရပ်များကို ထုတ်သုံးတော့လေ၏။ ရှုန်းခိုင်းရှန်၏လည်ပင်းတွင် ဝတ်ဆင်ထားသော အရိုးခေါင်းလည်ဆွဲသည် ရုတ်တရက်ဆိုသလို သူ့ဘာသာသူ ပြန်ထွက်လာခဲ့ပြီး လည်ဆွဲပေါ်၌ ရှိနေသော အရိုးခေါင်းများမှာ ဧရာမအရိုးခေါင်းကြီးများအသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။ ထို့နောက်တွင် ထိုအရိုးခေါင်းကြီးများသည် ကောင်မလေးဆီသို့ တဟုန်ထိုး တိုးဝင်သွားလေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၉၂)
ဘာသာပြန်သူ_တိမ်တိုက်
ဧရာမအရိုးခေါင်းကြီးများသည် လေထဲ ဝေ့ပတ်ပျံသန်းနေရင်း အေးစက်လှသည့် ယင်ချီများကို မှုတ်ထုတ်နေခဲ့လေသည်။ ထိုယင်ချီများသည် ဧကရာဇ်ချီကိုပင်လျှင် အေးခဲသွားစေနိုင်လောက်သည်အထိ အားကောင်းလှလေ၏။
မျက်တောင်တစ်ခတ်အတွင်း အရိုးခေါင်းများမှာ ကောင်မလေးအား ဘက်ပေါင်းစုံမှ တင်းတင်းကြပ်ကြပ် ဝိုင်းရံထားလိုက်ရာ ကောင်မလေး၏ပုံရိပ်မှာ အရိုးခေါင်းများကြား ပျောက်ကွယ်သွားရတော့လေသည်။
ရှုန်းခိုင်းရှန်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ဒီနေ့ခေတ်လူငယ်တွေ ကိုယ့်အကြောင်းကိုယ် တကယ် မသိကြတာပါလား… ဒီနေ့ တစ်တောင်ထက် တစ်တောင် ပိုမြင့်တယ်ဆိုတာကို ဒီစီနီယာက နင့်ကို သင်ပေးရသေးတာပေါ့…”
ထိုသို့ပြောနေရင်းမှ ကျင့်စဉ်ကိုထိန်းချုပ်ရင်း အရိုးခေါင်းများ၏စွမ်းအားကို တိုးမြှင့်နေခဲ့လေသည်။
ရုတ်တရက်ဆိုသလို ပေါက်ကွဲသံနှင့်အတူ ရှုန်းခိုင်းရှန်၏မျက်နှာအမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။ ထို့နောက် ခေါင်းမော့၍ လှမ်းကြည့်လိုက်ရာ သူ၏အရိုးခေါင်းများသည် အလွန်ပြင်းထန်သည့်အားတစ်ရပ်ကြောင့် လွင့်စင်ထွက်လာကြောင်း တွေ့လိုက်ရလေသည်။ ကောင်မလေး၏ခန္ဓာကိုယ် ပြန်ပေါ်လာပြီး အရိုးခေါင်းများ ဝိုင်းရံထားခဲ့သည့်နေရာတွင် စစ်နတ်ဘုရားတစ်ပါးပမာ မလှုပ်မယှက်ရပ်နေလေသည်။
“ခွေးမ… နင် ငါ့ရဲ့ဧကရာဇ်အဆင့်မှော်ရတနာကို ဖျက်ဆီးရဲတယ်လား…” ရှုန်းခိုင်းရှန်၏မျက်လုံးများ ဒေါသကြောင့် နီရဲတက်သွားခဲ့လေသည်။ ထိုအရိုးခေါင်းများသည် သူ၏ အကြီးမားဆုံးသောဝှက်ဖဲဖြစ်သည်။ သို့သော်ငြား လက်ရှိအချိန်တွင် အရိုးခေါင်းများ၏မျက်လုံးအိမ်ထဲမှ အလင်းရောင်မှာ လုံးဝကို မှိန်ကျနေခဲ့လေသည်။ အရိုးခေါင်းများမှာလည်း သူ့ထိန်းချုပ်မှုမှ လွတ်သွားသည့်အလား ပရမ်းပတာ ဖြစ်နေလေ၏။
သူ၏ ဧကရာဇ်အဆင့်မှော်ရတနာကို ဤကလေးမလေးမှ ရုပ်ခွန်အားသက်သက်ဖြင့် လွင့်စင်ထွက်သွားအောင် လုပ်ပစ်နိုင်လိမ့်မည်ဟု ရှုန်းခိုင်းရှန် ထင်ထားခြင်းမရှိခဲ့ပေ။
လက်ရှိအချိန်တွင်တော့ ကောင်မလေးမှာ လက်အိတ်နှစ်ခုကို ဝတ်ထားခဲ့လေသည်။ လက်အိတ်နှစ်ခုလုံးမှာ ပိန်းပိန်းပိတ်နက်မှောင်ပြီး ကြမ်းကြုတ်လှသည့် အရှိန်အဝါကို ပေးစွမ်းနေခဲ့သည်။ လက်အိတ်ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါအရ ထိုလက်အိတ်များမှာ အလွန်တရာကိုမှ အားကောင်းလှသော ဧကရာဇ်အဆင့်မှော်ရတနာဖြစ်သည်မှာ ယုံမှားသံသယရှိစရာမလိုပေ။ ထိုလက်အိတ်များ၏စွမ်းအားကို အားကိုးရင်းမှ ကောင်မလေးသည် သူမအား ဝိုင်းရံထားသော အရိုးခေါင်းများကို လွင့်စင်ထွက်သွားအောင် လုပ်နိုင်ခဲ့ခြင်းဖြစ်လေသည်။
ဒေါမာန်တကြီးဟိန်းဟောက်ရင်းမှ ရှုန်းခိုင်းရှန်သည် သူ၏အရိုးခေါင်းများကို နောက်တစ်ကြိမ်ထိန်းချုပ်၍ ကောင်မလေးအား တိုက်ခိုက်လိုက်လေသည်။ တစ်ချိန်တည်းတွင် အော်ပြောလိုက်လေ၏။ “မင်းတို့အားလုံး ဒီအတိုင်း ရပ်ကြည့်ဖို့ ဒီကိုလာကြတာလား…”
ကောင်မလေးနှင့် လက်ရည်ဖလှယ်ပြီးသည့်နောက်တွင် သူ့ဘာသာသူ ထိုကောင်မလေးအား တစ်ယောက်တည်း အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိတော့ချေ။ ထို့အတွက်ကြောင့် သူ့မျှော်လင့်ချက်ကို အခြားသူများပေါ်တွင်သာ ပုံအပ်လိုက်ရတော့သည်။ လူအားလုံးသည်သာ အတူပူးပေါင်းလုပ်ဆောင်မည်ဆိုပါက ကောင်မလေး မည်မျှအားကောင်းနေစေကာမူ ကျိန်းသေ ရှုံးနိမ့်ရပေလိမ့်မည်။
မျက်နှာနီနီဖြင့်လူအိုကြီးက ချက်ချင်းပဲ အော်ပြောလိုက်လေ၏။ “မင်းတို့ ဘာရပ်စောင့်နေကြတာလဲ… အခုနေမလှုပ်ရှားရင် မင်းတို့ ဘယ်အချိန်မှ လှုပ်ရှားကြမှာလဲကွ…”
ထိုသို့အော်ဟစ်ပြီးသည်နှင့်တစ်ပြိုင်နက် အရက်အိုးနှင့်တူသည့် ဘူးသီးခြောက်တစ်လုံးနှင့်ဆင်တူသော ဧကရာဇ်အဆင့်မှော်ရတနာတစ်ခုကို ထုတ်ယူလိုက်လေသည်။ ထိုဘူးသီးခြောက်မှာ လျင်မြန်စွာ ကြီးမားလာခဲ့ပြီး ထိုလူအိုကြီးသည် ဘူးသီးခြောက်၏အဝတည့်တည့်ကို ကောင်မလေးဘက်သို့ ချိန်ရွယ်လိုက်လေသည်။ ထို့နောက်တွင် ဘူးသီးခြောက်ကြီးဆီမှ ခရမ်းရောင်မီးတောက်တို့ ပေါက်ကွဲထွက်လာခဲ့လေ၏။
မျက်နှာနီနီနှင့်လူအိုကြီးမှ လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် အခြားသော ဧကရာဇ်အဆင့်ပညာရှင်များသည်လည်း ကြည့်မနေနိုင်ကြတော့ပဲ ဧကရာဇ်အဆင့်မှော်ရတနာအသီးသီးကို ထုတ်သုံးကာ ကောင်မလေးအား တိုက်ခိုက်လိုက်ကြလေသည်။
ကောင်မလေးမှာ အမှန်တကယ်ကိုမှ အားကောင်းလှပေသည်။ သို့သော်ငြား ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာမှ တစ်ပြိုင်တည်း တိုက်ခိုက်လာနေကြသည်ကို သူမအနေဖြင့် မည်ကဲ့သို့များ ခုခံနိုင်ပါမည်နည်း။ ကောင်မလေးမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိသည့်အဆုံး သူမဆီသို့ တိုးဝင်လာနေသည့် တိုက်ခိုက်မှုများကို အဆက်မပြတ် ရှောင်ရှားနေရလေသည်။ သူမအနေဖြင့် လူအုပ်ကြီး၏ လိုက်လံပိတ်ဆို့မှုအောက်မှ ရုန်းထွက်ချင်ပါသော်ငြား ထိုသို့လုပ်ရန် အခွင့်အရေးမရဘဲ ပိတ်မိနေခဲ့ရလေသည်။
ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် ကောင်မလေး၏ တိုက်ပွဲအတွေ့အကြုံမှာ နည်းပါးနေသေးကြောင်း မြင်တွေ့နိုင်ပေသည်။ သူမကိုယ်သူမ အားကောင်းလှသည်ဟု အထင်ရောက်လျက် သူမ၏ရန်သူတော်အားလုံးကို ဤနေရာသို့ မျှားခေါ်လာခဲ့လေသည်။ သို့သော်ငြား ကိုယ့်ရှူးကိုယ်ပတ်လိမ့်မည်ဟု ထိုကောင်မလေး မည်ကဲ့သို့များ မျှော်လင့်ထားပါမည်နည်း။ သို့တိုင် ကောင်မလေးမှာ အားနည်းလှခြင်းမရှိ။ သူမ၏ လက်သီးချက်တစ်ချက်ချင်းစီတိုင်းသည် ဧကရာဇ်အဆင့်ပညာရှင်များမှ ထုတ်သုံးနေသည့် သိုင်းပညာရပ်တမျှ အားကောင်းလှပေသည်။
လက်ရှိအချိန်တွင် ထိုလက်သီးလေးနှစ်ခုသည် ဧကရာဇ်အဆင့်မှော်ရတနာတစ်ခုနှင့်ပင် ဆင်တူနေခဲ့လေသည်။ ထို့အပြင် ဧကရာဇ်အဆင့်ပညာရှင်ဆယ်ဦးကျော်၏ တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည့်တိုင် ကောင်မလေးမှာ ကြံ့ကြံ့ခံ ခုခံထားနိုင်ခဲ့သည်။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် သူမ မည်မျှအားကောင်းကြောင်းကို မြင်တွေ့နိုင်ပေသည်။ ယနေ့ထိတိုင် ရန်ကိုင်မြင်ခဲ့ဖူးသည့်လူများအနက် ထိုကဲ့သို့လုပ်နိုင်သည့်လူဆို၍ နဂါးကလန်သာ ရှိပေသည်။ နဂါးကလန်သည် သူတို့၏ရုပ်ခွန်အားသက်သက်ဖြင့် ဤကဲ့သို့သော တိုက်ခိုက်မှုများကို ခုခံနိုင်ကြလေ၏။
“ဟေ့… ရောင်းရင်း… မင်း ဘာလို့ မတိုက်ခိုက်တာလဲ…” ရုတ်တရက်ဆိုသလို တစ်ယောက်ယောက်သည် ရန်ကိုင်ဘက်သို့လှည့်ကြည့်လာခဲ့လေသည်။
အခြားသောဧကရာဇ်အဆင့်ပညာရှင်အားလုံးမှာ လှုပ်ရှားနေကြပြီဖြစ်ပါသော်ငြား ရန်ကိုင်ကမူ မလှုပ်ရှားခဲ့ဘဲ ရပ်၍သာ ကြည့်နေခဲ့သည်။
ရန်ကိုင်က သူ့လက်ကိုဝှေ့ယမ်းလျက် “စိတ်မပူနဲ့… ကျုပ် လှုပ်ရှားတော့မှာ…”
ထိုသို့ပြောပြီးသည့်နောက် သူ့လက်ကိုမြှောက်၍ ထိုလူဆီသို့ ရိုက်ချလိုက်လေသည်။
“မင်း…” ရန်ကိုင် သူ့အား မပြောမဆိုဖြင့် တိုက်ခိုက်လာလိမ့်မည်ဟု မထင်ထားသဖြင့် ထိုလူ ထိတ်လန့်သွားခဲ့သည်။ ဤလူငယ်လေးကို သူ့အနေဖြင့် တစ်ခါမှ ရန်မစခဲ့ဖူးသလို ဤလူငယ်လေးနှင့်လည်း ယနေ့မတိုင်ခင်အထိ တစ်ခါမှ မတွေ့ခဲ့ဖူးချေ။ ထိုသို့ဖြစ်လေရာ ထိုလူငယ်လေးသည် ဘာကြောင့်များ သူ့အား အကြောင်းအရင်းမရှိ တိုက်ခိုက်လာရလေသနည်း။
ထိတ်လန့်တုန်လှုပ်သွားလင့်ကစား ထိုလူသည် ဧကရာဇ်ချီကို အလျင်စလိုလှည့်ပတ်၍ သူ့ကိုယ်သူ ကာကွယ်လိုက်လေသည်။ တစ်ချိန်တည်းတွင် ရန်ကိုင်နှင့်သူ့ကြား အကာအဝေးကို ခြားလိုက်လေ၏။ ကံမကောင်းစွာဖြင့် သူ မည်သို့ပင် နောက်ဆုတ်နေစေကာမူ ရန်ကိုင်၏လက်ဝါးချက်ကို မည်သည့်နည်းနှင့်မျှ ရှောင်တိမ်းနိုင်ခဲ့ခြင်း မရှိချေ။
သူ့ကိုယ်သူ ကာကွယ်ရန် သူ့ပတ်ပတ်လည်၌ ဖန်တီးထားသော ဧကရာဇ်ချီအကာအကွယ်မှာ တမုဟုတ်ချည်း ပျက်စီးသွားခဲ့ရာ ထိုလူမှာ သွေးအပွက်ပွက်အန်ထုတ်လိုက်ရပြီး သူ့ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာလည်း သိသိသာသာကို အားနည်းသွားခဲ့လေသည်။
ရန်ကိုင်မှာ အနည်းငယ်မျှပင် ကြင်နာနေခြင်းမရှိဘဲ သူ့လက်ဝါးချက်ဖြင့် ထိုလူအား အမှောက်သိပ်ချပစ်လိုက်လေသည်။
ထိုရုတ်တရက်အပြောင်းအလဲသည် လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့လေသည်။ သို့သော်ငြား မျက်နှာနီနီနှင့် လူအိုကြီးက အလျင်အမြန် အော်ပြောလိုက်လေ၏။ “ဒီကောင်က အဲ့ခွေးမနဲ့ တစ်လှေတည်းပဲကွ…”
ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြောလိုက်သည်။ “ခင်ဗျားဘာသာခင်ဗျား ထင်ချင်ရာထင်…”
သူ့အနေဖြင့် ဤနေရာသို့ လိုက်လာရခြင်းမှာ ဤကောင်မလေးသည် သူသိသည့်လူ ဟုတ်မဟုတ် သိလိုက်သည့် အတွက်ကြောင့်ပင်။ ယခုမူ ဤကောင်မလေးသည် သူသိသည့်လူမဟုတ်မှန်း သေချာသွားခဲ့လေပြီ။ သို့တိုင် လူပေါင်းများစွာ ဤကဲ့သို့ ကောင်မလေးတစ်ဦးအား ဝိုင်း၍ အနိုင်ကျင့်နေသည်ကို သူရပ်ကြည့်မနေနိုင်ပေ။ ထို့အပြင် ထိုလူများသည်လည်း ကောင်းသည့်လူများ မဟုတ်ကြ။ ထို့အတွက်ကြောင့် သင်ခန်းစာကောင်းကောင်း ပေးရပေလိမ့်မည်။
အော်ဟစ်နေရင်းမှ မျက်နှာနီနီနှင့်လူအိုကြီးသည် သူ၏ဘူးသီးခြောက်ကို ပြန်ဆွဲယူလိုက်ပြီး ဘူးသီးခြောက်အဝသို့ ရန်ကိုင်တည့်တည့်သို့ ချိန်လိုက်လေသည်။ မိုးမြေစွမ်းအင်များ ဘူးသီးခြောက်အဝတွင် စုဝေးလာခဲ့ပြီးသည့်နောက် ဘူးသီးခြောက်မှ မီးတောက်များကို မှုတ်ထုတ်တော့မည်အပြု မျက်နှာနီနီနှင့် လူအိုကြီး၏ မြင်ကွင်းတစ်ခုလုံး ယာယီမျှ ဝေဝါးသွားခဲ့ပြီး လူတစ်ဦးသည် သူနှင့် လက်တစ်မောင်းစာအကွာခန့်တွင် ဗြုန်းစားကြီး ပေါ်လာခဲ့လေသည်။
“အား…” သူတိုက်ခိုက်ရန် ကြံရွယ်နေသည့် လူငယ်လေးသည် ရှေ့တည့်တည့်တွင် ရုတ်တရက်ကြီး ပေါ်လာသည့်အတွက်ကြောင့် လူအိုကြီးမှာ ထိတ်လန့်တကြား ထအော်မိလေ၏။ (ဘာကြီးလဲဟ… သူလှုပ်ရှားလိုက်တာကို ငါမမြင်လိုက်ရပါလား…)
ပျာယာခတ်နေသည့်ပုံစံနှင့် လူအိုကြီးသည် သူ့လျှာကို သွေးမြားတစ်စင်းကို ရန်ကိုင်ဆီသို့ မှုတ်ထုတ်လိုက်လေ၏။ တစ်ချိန်တည်းတွင် သူ့မျက်နှာထက် အေးစက်စက်အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့လေသည်။
သူ့တိုက်ခိုက်မှုအပေါ် ယုံကြည်ချက်အပြည့်ရှိလေ၏။ သို့သော်ငြား သွေးမြားမှာ မမြင်နိုင်သောစွမ်းအားတစ်ရပ်၏ လမ်းလွှဲခြင်း ခံလိုက်ရသည့်အလား သူ့ရှေ့တွင်ရှိနေသည့် လူငယ်လေး၏ မျက်နှာမှ လွဲချော်သွားခဲ့ရလေသည်။
“ဘယ်လိုဖြစ်တာလဲ…” လူအိုကြီး လုံးဝကို အံ့အားသင့်နေတော့လေသည်။ သူနှင့် ရန်ကိုင်ကြားတွင် လက်တစ်မောင်းစာအကွာအဝေးလောက်သာ ခြားပေသည်။ သူ၏အလစ်ချောင်းတိုက်ခိုက်မှုကို ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးသည်ပင်လျှင် ရှောင်တိမ်းနိုင်မည်မဟုတ်လေရာ သူ့တိုက်ခိုက်မှုသည် ဘာကြောင့်များ ထိုလူငယ်လေးကို ထိမသွားလေရသနည်း။
“လူအိုကြီး… ခင်ဗျားက တကယ်ကို ဉာဏ်နီဉာဏ်နက်များတာပဲ…” ရန်ကိုင်က ခေါင်းတညိတ်ညိတ် လုပ်နေပြီးသည့်နောက် သူ့လက်ကိုမြှောက်၍ လူအိုကြီး၏ရင်ဘတ်ကို သာမန်ကာလျှံကာ ပုတ်လိုက်လေသည်။
လူအိုကြီးမှာ အလွန်ကိုမှ ကြောက်လန့်နေလေရာ လိပ်ပြာလွင့်လုမတတ်ပင် ဖြစ်သွားခဲ့ရသည်။ သို့သော်ငြား ရန်ကိုင်၏လက်ဖြင့် ပုတ်လိုက်ခြင်း ခံလိုက်ရသည့်တိုင် သူ့ခမျာ အကောင်းအတိုင်းရှိနေသေးကြောင်း တွေ့လိုက်ရလေသည်။ သူဘာမှမဖြစ်ပါလားဟု တွေး၍ ကြိတ်ပျော်နေစဉ်မှာပင် အားကောင်းလှသည့် စွမ်းအားတစ်ရပ် သူ့ရင်ဘတ်ဆီမှ ပေါက်ကွဲထွက်လာခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ မိုးကြိုးပစ်ချခံလိုက်ရသည့်အလား လွင့်စင်ထွက်သွားခဲ့လေသည်။ ထိုတိုက်ခိုက်မှုကို ခံလိုက်ရပြီးသည့်နောက် လူအိုကြီး သေလားရှင်လားဆိုသည်ကို မည်သူမျှ မပြောနိုင်ကြတော့ချေ။ ထိုအချိန်အတောအတွင်း သူ၏ ဧကရာဇ်အဆင့်မှော်ရတနာဖြစ်သော ဘူးသီးခြောက်မှာတော့ မူလအရွယ်အစားအဖြစ်သို့ ပြန်ပြောင်းသွားခဲ့ပြီး ထိန်းချုပ်သူမရှိတော့သည့်အတွက်ကြောင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့လေသည်။
ရန်ကိုင်သည် အသက်သုံးရှိုက်စာအတွင်း ဧကရာဇ်အဆင့်ပညာရှင်နှစ်ဦးကို အလွယ်တကူ ရှင်းထုတ်ပစ်သွားခဲ့သည်။
ရန်ကိုင်၏ကြောက်မက်ဖွယ်ရာတိုက်ပွဲစွမ်းရည်သည် ဤနေရာတွင်ရှိနေသည့် အခြားသူများကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့လေသည်။ မူလက သူတို့ထင်ထားခဲ့သည်မှာတော့ ဤကောင်မလေးသည်သာ ကြောက်စရာကောင်းသည့် မွန်းစတားတစ်ကောင် ဖြစ်သည်ဟူ၍ပင်။ သို့သော်ငြား ထိုကောင်မလေးနည်းတူ ကြောက်မက်ဖွယ်ရာကောင်းသည့် မွန်းစတားတစ်ကောင် ဗြုန်းစားကြီးပေါ်လာလိမ့်ဦးမည်ဟု မည်သူမျှ ထင်ထားခြင်း မရှိကြချေ။
ထိုကဲ့သို့သောလူနှစ်ဦးကို မည်သူမျှ အနိုင်ရလိမ့်မည်ဟု ယုံကြည်ချက် ရှိမနေကြတော့ချေ။ အကုန်လုံး၏အမူအယာမှာ အပြောင်းလဲကြီး ပြောင်းလဲနေပြီးသည့်နောက်တွင် ရုတ်တရက်ဆိုသလို ဘက်ပေါင်းစုံဆီသို့ ထွက်ပြေးရန် ကြိုးစားကြတော့လေသည်။ ရှုန်းခိုင်းရှန်တစ်ဦးသည်သာ ကောင်မလေးနှင့်တိုက်ခိုက်ရင်း ကျန်ရစ်နေတော့လေ၏။ သူ့အနေဖြင့် ထွက်မပြေးချင်သည့်အတွက်ကြောင့် ကျန်ရစ်ခဲ့ခြင်းမဟုတ်။ ထို့အစား သူထွက်ပြေးနိုင်ဖို့ရာ မည်သူမျှ သူ့အတွက် လမ်းကြောင်းတစ်ခု မဖန်တီးပေးသည့် အတွက်ကြောင့်ပင်။
“ဒီလိုသူရဲကောင်းလုပ်ဖို့က လွယ်တာမဟုတ်ဘူး… ခင်ဗျားတို့အားလုံးကို ထွက်ပြေးခွင့်ပေးလိုက်ရင် ကျုပ်ရဲ့ဂုဏ်သတင်း မြောင်းထဲရောက်သွားမှာပေါ့…” ရန်ကိုင်သည် ခေါင်းတခါခါဖြင့် မူလရပ်နေသည့်နေရာတွင်သာ ရပ်နေခဲ့လေသည်။ သို့သော်ငြား ဟင်းလင်းပြင်နိယာမစွမ်းအားတို့မှာ ရန်ကိုင်စကားပြောနေစဉ်အတောအတွင်း သူ့ခန္ဓာကိုယ်ဆီမှ ဖြာထွက်လာခဲ့ပြီး မီတာတစ်ထောင်ပတ်ဝန်းကျင်တစ်ခုလုံးကို ပိတ်လှောင်ပစ်လိုက်လေသည်။
ထွက်ပြေးရန်ကြိုးစားနေကြသော ဧကရာဇ်အဆင့်ပညာရှင်အားလုံးမှာတော့ မမြင်နိုင်သည့်နံရံတစ်ခုဖြင့် ဝင်ဆောင့်မိကုန်ကြလေ၏။ ဘာတွေဖြစ်လို့ဖြစ်နေမှန်း မသိသဖြင့် အကုန်လုံးမှာ ဇဝေဇဝါ ဖြစ်နေကြလေသည်။
“ဟမ်…” ရှုန်းခိုင်းရှန်နှင့် တိုက်ခိုက်နေသည့် ကောင်မလေးဆီမှ အာမေဋိတ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ကောင်မလေးသည် ရှုန်းခိုင်းရှန်အား တိုက်ခိုက်နေရင်းမှ ရုတ်တရက်ခေါင်းမော့၍ ရန်ကိုင်ဆီသို့ လှမ်းကြည့်လာခဲ့လေသည်။ ရန်ကိုင်ကိုမြင်လိုက်သည့်နောက် ကောင်မလေး၏မျက်နှာထက် ဇဝေဇဝါအမူအယာတစ်ခု ပေါ်လာခဲ့လေသည်။ သူမစိတ်ထဲ ထိုလူ၏အသံကို အတော်လေးရင်းနှီးနေသလို ခံစားနေရလေ၏။ ထို့အပြင် ထိုလူပုံစံမှာလည်း သူမ သိသည့်လူတစ်ဦး၏ပုံစံမျိုး ပေါက်နေခဲ့လေသည်။ ထို့နောက်တွင် သူမ၏စိတ်ထဲ လူတစ်ဦးပေါ်လာခဲ့လေသည်။ ထိုလူကိုစဉ်းစားမိလိုက်သည်နှင့်တစ်ပြိုင်နက် ကောင်မလေးက ချက်ချင်းပဲ မယုံသင်္ကာဖြင့် လှမ်းအော်ခေါ်လိုက်လေသည်။ “ဦးလေးရန်လား…”
ကောင်မလေး၏ခေါ်ဝေါ်ပုံကိုကြားသော် ရန်ကိုင် ထိတ်လန့်သွားခဲ့လေသည်။ ထို့နောက် ချက်ချင်းပဲ ကောင်မလေးဆီသို့ လှမ်းကြည့်လိုက်ရာ ကောင်မလေးမှာ သူ့အား အံ့အားသင့်တကြီးအမူအယာဖြင့် ကြည့်နေလေ၏။ နောက်ဆုံးတွင် သူ့စိတ်ထဲ လူတစ်ဦးအား ပြန်စဉ်းစားမိသွားခဲ့ပြီး ပြန်မေးလိုက်လေသည်။ “ယွင်အာလား…”
“ဟုတ်တယ်… ဦးလေးရန်… သမီးက ယွင်အာ…” လင်းယွင်အာက စိတ်လှုပ်ရှားစွာဖြင့် ပြန်အော်ပြောလိုက်လေ၏။ ကောင်မလေးမှာ စိတ်လှုပ်ရှားလွန်းနေရာ စကားဖြင့်ပင် သူမ မည်မျှစိတ်လှုပ်ရှားနေသလဲဆိုသည်ကို ဖော်ပြခြင်းငှာ မစွမ်းသာတော့ချေ။ ယခုကဲ့သို့သော မည်သည့်ဆွေမျိုးမိတ်ဆွေမှ မရှိသည့် နေရာမျိုးတွင် သူမနှင့် ရင်းနှီးနေသည့် လူတစ်ဦးကို ပြန်တွေ့လိုက်ရသည့်အတွက်ကြောင့် ကောင်မလေးမှာ အလွန်ကိုမှ စိတ်လှုပ်ရှားလာခဲ့လေရာ သူမ၏မျက်လုံးများသည်ပင်လျှင် မျက်ရည်စို့လာခဲ့ရလေသည်။
“တကယ်… တကယ်ကြီး ယွင်အာလား…” ရန်ကိုင်သည် နဖူးထက်ဝေ့သီလာသော ချွေးအေးများကို သုတ်ပစ်လိုက်ရင်းမှ ကောင်မလေးကို ဝေ့ကြည့်လျက် “ငါ တကယ်ကို နင့်ကို မမှတ်မိတော့လောက်အောင်ကိုပဲ…”
ယခုအချိန်ထိတိုင် ဤကောင်မလေးသည် လင်းယွင်အာဖြစ်နေသည်ဟူသော အချက်ကို ရန်ကိုင် မယုံကြည်နိုင်သေးပေ။ ရန်ကိုင်မှ အရိပ်ကြယ်ပေါ်ရှိ စကြာဝဠာဂိုဏ်းတွင် ဤကောင်မလေးကို လက်ခံခဲ့စဉ်က ဤကောင်မလေးသည် အသက်ငါးနှစ်ခြောက်နှစ်လောက်သာ ရှိပေသေးသည်။ ထိုအချိန်မှစ၍ ယခုအချိန်အထိ နှစ်ပေါင်းများစွာ ကြာသွားခဲ့လေပြီ။ ထိုအချိန်အတောအတွင်း လင်းယွင်အာသည် ဟုန်းလော့ကြယ်စီရင်စုကြီးမှ ကြယ်တာရာအစုအဝေးသို့ ယန်ယန်နှင့်အတူ ထွက်လာခဲ့လေသည်။ ရန်ကိုင်ကိုယ်တိုင်သည် နောက်ပိုင်းတွင် ကြယ်တာရာအစုအဝေးသို့ ရောက်လာခဲ့ပါသော်ငြား လင်းယွင်အာနှင့်ပတ်သက်သည့် မည်သည့်သတင်းကိုမှ မရရှိခဲ့ပေ။
ငါးနှစ် ခြောက်နှစ်စာမျှလောက်သာရှိသော ကောင်မလေးသည် မျက်တောင်တစ်ခတ်အတွင်း မိန်းမပျိုဖားဖားလေးတစ်ဦး ဖြစ်လာခဲ့လေပြီ။ ထိုကောင်မလေး အရွယ်ရောက်လာခြင်းလောက်သာ ဆိုလျှင်တော့ ရန်ကိုင်အနေဖြင့် သူမအား မမှတ်မိဘဲ မနေလောက်ချေ။ ဤကောင်မလေးသည် အရွယ်ရောက်လာ၍ အတော်လေး ပြောင်းလဲသွားသယောင် ထင်ရပါသော်ငြား သေသေချာချာ ကြည့်ကြည့်လိုက်မည်ဆိုလျှင် သူမငယ်ငယ်ကပုံစံနှင့် လက်ရှိပုံစံမှာ အတော်လေးကိုမှ ဆင်တူလှကြောင်းကို သိနိုင်ပေသည်။
ရန်ကိုင်အနေဖြင့် ဤကောင်မလေးသည် သူသိသည့်လင်းယွင်အာမဟုတ်ဟု ထင်ခဲ့ရခြင်းမှာ သူမ၏ လက်ရှိကျင့်ကြံခြင်းကြောင့်သာ ဖြစ်လေသည်။ လက်ရှိအချိန်တွင် လင်းယွင်အာသည် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေလေပြီ။ ထိုမျှသာလျှင်မဟုတ်သေးဘဲ သူမထက် ကျင့်ကြံခြင်းအဆင့်ပိုမြင့်သည့် လူများကိုလည်း အလွယ်တကူ တိုက်ခိုက်နေနိုင်လေ၏။ ထို့ကြောင့်သာမဟုတ်လျှင် ရန်ကိုင်အနေဖြင့် လင်းယွင်အာအား မမှတ်မိဘဲ နေလိမ့်မည်မဟုတ်ချေ။
ရန်ကိုင်မှ လင်းယွင်အာကို သူမနှင့်အတူ ခေါ်သွားစဉ်က လင်းယွင်အာသည် အလွန်ကိုမှ ငယ်ရွယ်သေးပြီး သူမ၏ကျင့်ကြံခြင်းမှာလည်း အလွန်ကိုမှ နိမ့်ကျလှသည်။ ကြယ်တာရာအစုအဝေးသို့ ရောက်လာ၍ အခွင့်အလမ်းအမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရမည်ဖြစ်သည့်တိုင် သူမအနေဖြင့် အချိန်တိုလေးအတွင်း ဤမျှ အားကောင်းမလာသင့်ပေ။ တကယ်တော့ ရန်ကိုင်ကိုယ်တိုင်သည်ပင်လျှင် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သေးသည်မဟုတ်ပေလော။
(သူ့ခွန်အားက ငါနဲ့အတူတူလောက်ဖြစ်နေပြီ… ဘာတွေဖြစ်နေတာလဲဟ…) ရန်ကိုင်စိတ်ထဲ မည်မျှပင် ထိတ်လန့်နေစေကာမူ ဤကောင်မလေး လင်းယွင်အာဖြစ်သည်ဟူသောအချက်မှာ ငြင်း၍မရချေ။ အကောင်းဆုံးသောသက်သေသည် ဤကောင်မလေးမှ သူ့အား ဦးလေးရန်ဟု ခေါ်လိုက်ခြင်းပင်။ ဤသည်မှာ လင်းယွင်အာ အရိပ်ကြယ်ပေါ်ရှိ အထက်စကြာဝဠာဂိုဏ်းတွင် ရှိစဉ်က သူ့အား ခေါ်ဝေါ်ခဲ့သည့်ပုံစံမျိုး ဖြစ်လေသည်။
လင်းယွင်အာနှင့် စကားပြောနေစဉ်အတောအတွင်း ရန်ကိုင်မှာ သူ၏ လေဟာနယ်နိယာမစွမ်းအားများကို အမှတ်မထင် ရပ်တန့်မိလိုက်လေသည်။ ထို့အတွက်ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ပိတ်လှောင်သွားသော လေဟာနယ်နိယာမစွမ်းအားတို့မှာ ပျက်ပြယ်သွားခဲ့ပြီး ဧကရာဇ်အဆင့်ပညာရှင်အားလုံးမှာလည်း ပြန်လည်ထွက်ပြေးသွားနိုင်ခဲ့ကြလေ၏။
ထွက်ပြေးသွားသည့် ဧကရာဇ်အဆင့်ပညာရှင်များကို လှမ်းကြည့်ရင်း ရန်ကိုင်သည် မျက်မှောင်ကျုံ့လျက် သူ့လက်ကိုမြှောက်ကာ လဓါးသွားများကို ပစ်လွှတ်လိုက်လေသည်။ စူးစူးဝါးဝါးအော်ဟစ်သံများနှင့်အတူ ကျင့်ကြံသူပေါင်းများစွာ သေသွားခဲ့ရလေ၏။ ကံမကောင်းအကြောင်းမလှသည့်လူများမှာ ရန်ကိုင်၏လဓါးသွားစာမိကာ နှစ်ပိုင်းပြတ်ထွက်၍ သေဆုံးကုန်ကြရလေသည်။
ထိုအချိန်အတောအတွင်း ရှုန်းခိုင်းရှန်မှာတော့ လုံးဝကို ထွက်ပြေးချင်စိတ် ပေါက်နေလေ၏။ လင်းယွင်အာနှင့် ထိပ်တိုက်ရင်ဆိုင်ပြီးသည့်နောက်မှသာလျှင် ဤကောင်မလေး မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို နားလည်လာရတော့လေသည်။ လင်းယွင်အာ ရန်ကိုင်နှင့်စကားပြောနေစဉ်အတောအတွင်း သတိလက်လွတ်ဖြစ်နေသည်ကို အခွင့်ကောင်းယူ၍ ရှုန်းခိုင်းရှန်သည် သူ၏အရိုးခေါင်းများကိုပြန်ခေါ်၍ အရိုးခေါင်းတစ်ခေါင်းထဲတွင် ပုန်းကာ ထွက်ပြေးတော့လေသည်။
ထိုအခါမှသာလျှင် လင်းယွင်အာလည်း အသိပြန်ဝင်လာခဲ့ပြီး သူမ၏မျက်လုံးထောင့်မှ မျက်ရည်စများကိုသုတ်၍ အော်ပြောလိုက်လေ၏။ “ဦးလေးရန်… သမီး ဒီကောင့်ကိုရှင်းပြီးတာနဲ့ ဦးလေးရန်ဆီ ပြန်လာခဲ့မယ်…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၉၃)
ဘာသာပြန်သူ_တိမ်တိုက်
“ငါကူညီပေးဖို့ လိုသေးလား…” ရန်ကိုင်က ပြုံး၍ မေးလိုက်သည်။
“မလိုဘူး…” ကောင်မလေးက တယဉ်တကျေးဖြင့် ငြင်းဆိုလိုက်သည်။ ထိုသို့ပြောပြီးသည့်နောက် ရှုန်းခိုင်းရှန်ပုန်းအောင်းနေသည့် အရိုးခေါင်းဆီသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်လေ၏။ သူမ၏လက်သီးချက် ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော ဟင်းလင်းပြင်တစ်ခုလုံး လှိုင်းထန်နေသည့် ပင်လယ်ပြင်ပမာ လှိုင်းများ အထပ်လိုက်အထပ်လိုက် ဖြစ်ပေါ်လာခဲ့ရလေသည်။ ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် ထိုလက်သီးချက် မည်မျှကြောက်မက်ဖွယ်ကြောင်း မြင်တွေ့နိုင်ပေ၏။
ရှုန်းခိုင်းရှန်းမှာ မြန်ပါသော်ငြား သူမ၏လက်သီးချက်လောက်တော့ မမြန်ခဲ့ပေ။ ပေါက်ကွဲသံကြီးနှင့်အတူ အရိုးခေါင်းတစ်ခုလုံး တုန်ခါသွားခဲ့ပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့ရသည်။ တစ်ချိန်တည်းတွင် အရိုးခေါင်း၏မျက်နှာပြင်ထက် အက်ရာတစ်ခု ပေါ်လာခဲ့ပြီး ရှုန်းခိုင်းရှန်မှာလည်း အထဲမှ အော်ငြီးမိလိုက်သည်။
ရန်ကိုင်ကမူ ထိုမြင်ကွင်းအား သေသေချာချာကို စိုက်ကြည့်နေလေ၏။ “ဧကရာဇ်ပထမအဆင့်လေးနဲ့ ဒီလိုစွမ်းအားမျိုးကို ထုတ်ဖော်နိုင်ဖို့ဆိုတာ… ကြည့်ရတာ ယွင်အာ အခွင့်အရေးတွေအများကြီးနဲ့ ကြုံခဲ့ရတယ်နဲ့တူတယ်… ယန်ယန် သူ့ကို ဒီလိုတွေအားကောင်းလာအောင် ဘယ်လိုတွေများ လေ့ကျင့်ပေးလိုက်တာလဲ…”
ယန်ယန်အကြောင်းတွေးရင်း ရန်ကိုင် စိတ်လှုပ်ရှားလာခဲ့ရသည်။ သူ့အနေဖြင့် သူနှင့်ပတ်သက်သည့် သဲလွန်စများကို လိုက်ရှာနေသည်မှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့လေပြီ။ သို့သော်ငြား မည်သည့်သဲလွန်စမှ မရခဲ့။ ရန်ကိုင်သည် ကြယ်တာရာရုံးတော်ဟူသော အင်အားစုတစ်ခုနှင့် ပတ်သက်နေသည့်အချက်မှလွဲ၍ ရန်ကိုင်မှာ ဘာဆိုဘာမှ မသိရခဲ့ပေ။ သို့သော်ငြား လင်းယွင်အာကို ဤနေရာတွင် လာတွေ့ရသည့်အတွက်ကြောင့် ယန်ယန်နှင့်ပတ်သက်သည့် သဲလွန်စများကို သူမဆီမှ ကြားသိရကောင်း သိရလောက်ပေသည်။ သူသည်သာ ယန်ယန်ကိုရှာနိုင်သရွေ့ ဟုန်းလော့ကြယ်စီရင်စုကြီးဆီသို့ ပြန်သွားနိုင်မည်ဖြစ်ကာ ထိုနေရာတွင်ရှိနေသော သူ့မိတ်ဆွေများနှင့် ဆွေမျိုးများကို ဤနေရာသို့ ခေါ်လာနိုင်ပေလိမ့်မည်။ ကြယ်တာရာအစုအဝေးသို့ ရောက်နေသည်မှာ အတော်လေးကိုမှ ကြာနေလေပြီ။ ထိုအတောအတွင်း သူ့ဘာသာသူ ခြေကုပ်နေရာတစ်ခု ယူထားပြီးခဲ့လေပြီ။ ကျယ်ဝန်းလှသော ထက်ကောင်းကင်နန်းတော်သည် အရိပ်ကြယ်မှလူများ နေထိုင်ရန်အလို့ငှာ လုံလောက်သည့်ပတ်ဝန်းကျင်နှင့် အရင်းအမြစ်များကို ပိုင်ဆိုင်ထားပေ၏။
“ကောင်မလေး… နင့်ကိုယ်နင် နည်းနည်းပါးပါး ထိန်းထိန်းသိမ်းသိမ်းလုပ်သင့်တယ်… ငါတို့ နောက်ပိုင်း တစ်ယောက်နဲ့တစ်ယောက် ပြန်မတွေ့တော့ဘူးလို့ ဘယ်သူမှပြောနိုင်တာမဟုတ်ဘူး… ဒီတော့ ငါတို့ကြား မကျေချမ်းနိုင်တဲ့ရန်ငြိုးတွေ ရှိမလာအောင် မလုပ်ဘဲ ဘာဖြစ်လို့ ဒီလောက်တောင် တိုက်ခိုက်ချင်နေရတာလဲ…” ရှုန်းခိုင်းရှန်၏ ပျာယာခတ်နေသည့်အသံ အရိုးခေါင်းထဲဆီမှ ထွက်လာခဲ့သည်။
ရန်ကိုင်မှာ သူ့အတွေးရေယာဉ်ကြောထဲ နစ်မျောနေစဉ်အချိန်အတောအတွင်း ရှုန်းခိုင်းရှန်မှာတော့ လင်းယွင်အာ၏ အလူးအလဲ ထုထောင်းခြင်း ခံနေခဲ့ရသည်။
သူပုန်းနေသည့် အရိုးခေါင်းကြီးမှာ မရေမတွက်နိုင်သော အက်ရာများဖြင့် ပြည့်နေခဲ့လေပြီ။ ထို့အပြင် အရိုးခေါင်း၏မျက်ဆံအတွင်းရှိ တစ္ဆေမီးတောက်တို့မှာလည်း သိသိသာသာကို မှိန်ကျနေခဲ့ရာ အချိန်မရွေး ပျောက်ကွယ်လုခါနီးပင် ဖြစ်နေခဲ့သည်။ သူ၏ခွန်အားကို နားလည်သွားသော် သူကိုယ်တိုင်သည် ထိုကောင်မလေး၏ပြိုင်ဘက် မဟုတ်နိုင်မှန်း ရှုန်းခိုင်းရှန် သိသွားလေပြီ။ ထိုအကြောင်းကြောင့်ပင်လျှင် ထွက်ပြေးနိုင်ရန်အလို့ငှာ တစ်ဖက်လူအား ခြိမ်းခြောက်ပြောဆိုနေခြင်း ဖြစ်လေ၏။
သို့သော်ငြား လင်းယွင်အာမှာ သူမျှော်လင့်ထားသည့်အတိုင်း မလုပ်ခဲ့ပေ။ ယခုနှစ်များအတွင်း လင်းယွင်အာ မည်ကဲ့သို့ကျင့်ကြံခဲ့သလဲဆိုသည်ကို မသိရပါသော်ငြား သူမသည် အတော်လေးကိုမှ သိမ်မွေ့ကာ နုံအလှသည်။ သို့သော်ငြား ခေါင်းလည်း မာပေသေးသည်။ ထို့အတွက်ကြောင့် ရှန်းခိုင်းရှန်ပြောသည်ကို မကြားချင်ယောင်ဆောင်လျက် အရိုးခေါင်းကိုသာ အဆက်မပြတ် ထိုးနှက်နေခဲ့လေသည်။
လက်သီးချက်ပေါင်းများစွာကို ခံလိုက်ရသော် နောက်ဆုံးတွင် အရိုးခေါင်းမှာ တောင့်မခံနိုင်တော့ဘဲ ပေါက်ကွဲထွက်သွားခဲ့လေ၏။ ရှုန်းခိုင်းရှန်မှာလည်း သွေးအပွက်ပွက်အန်ထုတ်ရင်းမှ အရိုးခေါင်းထဲမှ မထွက်လာချင်ဘဲ ထွက်လာခဲ့ရလေသည်။
ထိုအချိန်အတောအတွင်း ရန်ကိုင်မှာ လင်းယွင်အာ အရိုးခေါင်းအား ထိုးနှက်နေသည့်ပုံစံကိုကြည့်ရင်း ဇောချွေးပြန်နေခဲ့လေသည်။ လင်းယွင်အာသည် ဧကရာဇ်မှော်ရတနာတစ်ခုကို သူမ၏ရုပ်ခွန်အားသက်သက်ဖြင့် ဖျက်ဆီးပစ်ခဲ့လေသည်။ ဤသည်မှာ သာမန်လူများ လုံးဝလုပ်နိုင်သည့် အရာမျိုးမဟုတ်။ လက်ရှိအချိန်တွင် ကြောက်မက်ဖွယ်ကောင်းလှသော ကောင်မလေးသည် ရန်ကိုင်၏မှတ်ဉာဏ်ထဲတွင် ရှိခဲ့ဖူးသော ကောင်မလေးနှင့် လုံးဝကို ကွာခြားနေတော့လေသည်။
အရိုးခေါင်းဖျက်ဆီးခံလိုက်ရသည့်အတွက်ကြောင့် ရှုန်းခိုင်းရှန်မှာ ဒေါသထွက်သွားခဲ့ပြီး အံကိုတင်းတင်းကြိတ်၍ အော်ပြောလိုက်လေ၏။ “နင်က ငါ့ကို မလွှတ်ပေးချင်မှတော့ နင်လည်း လွယ်လွယ်နဲ့ လွတ်မယ်မကြံနဲ့…”
ထို့နောက် လက်ကွက်များ ထုတ်ဖော်လိုက်ရာ ကျန်ရှိနေသော အရိုးခေါင်းများ ရုတ်တရက်ဆိုသလို လှုပ်ရှားလာကြလေသည်။ ထို့နောက်တွင် အရိုးခေါင်းများအားလုံး မီးတောက်လောင်သွားကုန်ကြပြီး ကြောက်မက်ဖွယ်ရာအရှိန်အဝါတစ်ရပ်ကို လင်းယွင်အာရှိရာဘက်ဆီသို့ ပြိုင်တူ ထုတ်လွှတ်လာကြလေ၏။
ထိုမီးတောက်များမှာ ရင်ဆိုင်ရခက်သည့်အရာများ ဖြစ်မှန်း သိလိုက်သော် ရန်ကိုင်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ ထိုမီးတောက်များ၏ လောင်ကျွမ်းခြင်းသာ ခံရမည်ဆိုလျှင် အကျိုးဆက်မှာ မသေးပေ။
ရန်ကိုင်မှ လင်းယွင်အာအား လှမ်း၍ သတိပေးတော့မည်အပြု လင်းယွင်အာသည် အံ့အားသင့်ခြင်းလည်းမရှိသလို ကြောက်ရွံ့ခြင်းလည်း မရှိသည့် အမူအယာဖြင့် မီးတောက်များတည့်တည့်သို့ ပြေးဝင်သွားကြောင်းကို တွေ့လိုက်ရလေသည်။ ထို့နောက် လင်းယွင်အာ၏ ခန္ဓာကိုယ်လေးသည် မီးတောက်များကြား တိုးဝင်ပျောက်ကွယ်သွားခဲ့လေ၏။
“ဟား ဟား ဟား…” ရှုန်းခိုင်းရှန်မှာ အကျယ်ကြီး အော်ရယ်မောနေခဲ့လေသည်။ “မိုက်လိုက်တဲ့ကောင်မလေးပါလား… ငါ့ရဲ့တစ္ဆေမီးတောက်ကို ဒီလောက်လွယ်လွယ်နဲ့ ရင်ဆိုင်လို့ရမယ်များ မှတ်နေတာလား… နင်ဘယ်လိုသေ… ဟမ်…” ရှုန်းခိုင်းရှန်မှာ သူ့လည်ပင်းကို တစ်ယောက်ယောက်မှ လာဖျစ်သွားသည့်အလား သူ့ရယ်သံသည် ရုတ်တရက်ဆိုသလို ပြတ်တောက်သွားခဲ့လေသည်။ ထို့နောက်တွင် သူ့ရှေ့ရှိမြင်ကွင်းအား မျက်လုံးအပြူးသားဖြင့် ကြောင်ကြည့်နေလေ၏။
ပုံရိပ်လေးတစ်ခုသည် တစ္ဆေမီးတောက်များကြားမှာ ယုံကြည်ချက်အပြည့်ဖြင့် ထွက်လာခဲ့လေသည်။ အေးစက်စက်မီးတောက်များမှာ သူမ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေပါသော်ငြား သူမအား မည်သည့်အန္တရာယ်မှ မပေးနိုင်ခဲ့ချေ။
လက်ရှိအချိန်တွင် လင်းယွင်အာ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အရောင်တလက်လက် တောက်ပနေခဲ့လေသည်။ ထိုအလင်းရောင်သည် ထူးဆန်းသော စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထားသည့်အလား တစ္ဆေမီးတောက်များ သူမကို ထိခိုက်အောင်မလုပ်နိုင်အောင် တားဆီးပေးထားခဲ့လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်၏မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။ လင်းယွင်အာကို တစ္ဆေမီးတောက်များမှ မလောင်ကျွမ်းနိုင်အောင် လုပ်ပေးထားသည့်အရာသည် ဧကရာဇ်အဆင့် အကာအကွယ်မှော်ရတနာတစ်ခုဆီမှ လာခြင်းမဟုတ်။ ထို့အစား သူမထုတ်သုံးထားသည့် ကျင့်စဉ်တစ်မျိုးမျိုးကြောင့်သာ ဖြစ်လေသည်။ မည်ကဲ့သို့သော သိုင်းပညာရပ်မျိုးသည် ဤကဲ့သို့သော အကာအကွယ်စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားရလေသနည်း။
“ကျွန်မကိုသတ်ဖို့ ကြိုးစားတဲ့လူမှန်သမျှကို ပြန်သတ်ပစ်ရမယ်လို့ ဆရာကပြောထားတယ်…” လင်းယွင်အာက အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။ သူမပုံစံကို ကြည့်ရသလောက် သူမဆရာပြောသည့် စကားမှန်သမျှသည် အကုန်အမှန်ဖြစ်သည့်ပုံပင်။ ထိုသို့ပြောပြီးသည့်နောက် လင်းယွင်အာသည် ရှုန်းခိုင်းရှန်ဆီသို့ ပြေးဝင်သွားလေ၏။
ရှုန်းခိုင်းရှန်မှာမူ သက်ပြင်းရှိုက်နေခဲ့လေသည်။ သူ၏ အားအကောင်းဆုံးသောစွမ်းရည်မှာ တစ်ဖက်လူ၏ အလွယ်တကူတားဆီးခြင်း ခံလိုက်ရလေရာ သူ့အနေဖြင့် လင်းယွင်အာနှင့် မည်ကဲ့သို့များ ထပ်၍ တိုက်ခိုက်ရဲပါတော့မည်နည်း။ ကောင်မလေးမှာ သူ့ဆီသို့ ကြမ်းကြုတ်ခက်ထန်သည့်အမူအယာဖြင့် ပြေးဝင်လာနေသည်ကိုမြင်သော် ရှုန်းခိုင်းရှန်သည် လျှာကိုကိုက်၍ သွေးအဆီအနှစ်ကိုလောင်ကျွမ်းကာ ချက်ချင်း လှည့်ထွက်ပြေးတော့လေ၏။
သို့သော်ငြား ခြေလှမ်းအနည်းငယ်သာ လှမ်းပြီးရုံပင်ရှိသေး သူ့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ အလွန်ကိုမှ စေးပျစ်လာကြောင်းကို သတိထားမိလိုက်ရသည်။ ထို့အတွက်ကြောင့် ရှုန်းခိုင်းရှန်အဖို့ ခြေတစ်လှမ်းလှမ်းဖို့ရာပင် အတော်လေး ခက်ခဲသွားရလေသည်။
“မင်း…” ရှုန်းခိုင်းရှန်မှာ ရန်ကိုင်အား ဒေါသလည်းထွက် ထိတ်လည်းထိတ်လန့်နေသည့်အမူအယာဖြင့် လှမ်းကြည့်လိုက်လေသည်။ သူ့အား ယခုကဲ့သို့ ထွက်မပြေးနိုင်အောင် လုပ်သည်မှာ ရန်ကိုင်ဖြစ်မှန်း သူသေချာပြောနိုင်ပေသည်။
“အန္တရာယ်ရှင်းဘေးကင်းပါစေနော်…” ရန်ကိုင်က ပြုံး၍ ရှုန်းခိုင်းရှန်အား မိတ်ဆွေဟောင်းတစ်ဦးကို နှုတ်ဆက်နေသည့်နှယ် လက်ဝှေ့ယမ်းပြလိုက်လေ၏။
ရှုန်းခိုင်းရှန်မှာ ဒေါသထွက်လွန်းသည့်အတွက်ကြောင့် သူ့စိတ်ကိုပင် မထိန်းနိုင်တော့ဘဲ သွေးတစ်ပွက် ထိုးအန်ချမိလိုက်လေ၏။
ထို့နောက်တွင် လင်းယွင်အာ၏ လက်သီးချက်နှစ်ချက် သူ့ကျောပြင်အား လာရောက်ထိမှန်လေသည်။ ရှုန်းခိုင်းရှန်၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားခဲ့ပြီး သွေးစသွေးနတို့သည် သွေးမိုးရွာကျသည့်အလား ပတ်ဝန်းကျင်တစ်ခွင် ဖြာကျလာခဲ့ရလေ၏။
ရှုန်းခိုင်းရှန်အား ရှင်းပစ်ပြီးသည့်နောက်တွင် လင်းယွင်အာသည် သူမ၏အရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်လေသည်။ သူမလက်ပေါ်တွင်ရှိနေသော လက်အိတ်နှစ်ဖက်မှာလည်း တစ်ပြိုင်တည်း ပျောက်ကွယ်သွားခဲ့လေ၏။ ထို့နောက်တွင် လင်းယွင်အာသည် လျှပ်စီးတမျှ အမြန်နှုန်းဖြင့် ရန်ကိုင်၏ရင်ခွင်ထဲသို့ ခုန်ဝင်လာခဲ့ပြီး ချိုသာစွာ အော်ခေါ်လိုက်လေ၏။ “ဦးလေးရန်…”
ပြောင်းလဲမှုမှာ အလွန်ကိုမှ ဗြုန်းစားနိုင်လွန်းသည့်အတွက်ကြောင့် ရန်ကိုင်မှာ အလစ်အငိုက်မိသွားခဲ့ရလေသည်။ ထို့အတွက်ကြောင့် ခြေခိုင်ခိုင်ပင် မရပ်နိုင်ဘဲ ဒယီးဒယိုင် ဖြစ်သွားခဲ့ရလေ၏။
သင်းပျံ့လှသည့် လင်းယွင်အာ၏ ကိုယ်သင်းရနံ့လေးသည် ရန်ကိုင်၏နှာခေါင်းဝအား ပွတ်သပ်ကျီစယ်လာခဲ့လေ၏။ တစ်ချိန်တည်းတွင် သူ့ရင်ဘတ်နေရာမှ ခံစားမိနေရသော ပျော့အိအိအထိအတွေ့မှာလည်း ရန်ကိုင်အား ရှက်သွားစေခဲ့လေ၏။
လင်းယွင်အာမှာတော့ ရန်ကိုင်အား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားရင်းမှ အားပါးတရ အသက်ရှူနေခဲ့လေသည်။ နောက်ဆုံးကျမှသာလျှင် ခေါင်းမော့၍ ရေရွတ်လိုက်လေ၏။ “ဒါ… ငါ့အိပ်မက်ထဲမှာတောင် အိပ်မက်နေရတဲ့ ရင်းနှီးနေတဲ့ အနံ့လေးပဲ…”
ကောင်မလေး၏ ရိုးသားပွင့်လင်းလှသည့် အမူအယာနှင့် သူမပြောသည့်စကားကို နားထောင်ရင်း ရန်ကိုင်ရင်ထဲ နွေးထွေးသွားခဲ့ရလေသည်။ ထို့နောက် သူ့လက်ကိုမြှောက်၍ ကောင်မလေး၏ခေါင်းကို ပုတ်ပေးရင်းမှ ပြုံးကာ ပြောလိုက်လေ၏။ “ယွင်အာ အရွယ်ရောက်လာပြီပဲ…”
လင်းယွင်အာမှာတော့ တခစ်ခစ် ရယ်မောနေခဲ့လေသည်။ ထို့နောက်တွင် လင်းယွင်အာသည် ရန်ကိုင်ဆီမှ ပြန်ခွာလိုက်ပြီး ရန်ကိုင်အား အထက်အောက်စုံဆန် စစ်ဆေးကြည့်လျက် ခေါင်းတညိတ်ညိတ်လုပ်ကာ ပြောလိုက်လေသည်။ “ဦးလေးရန်က တကယ်ကို ဘာမှမပြောင်းလဲတာပဲ… အခြားသူတွေလည်း ဒီတိုင်း မပြောင်းရင်ကောင်းမှာပဲ… မဟုတ်လို့ရှိရင် သူတို့ကိုမှတ်မိဖို့ ခက်နေမှာ…” ထိုသို့ပြောပြီးသည့်နောက် လင်းယွင်အာသည် ရန်ကိုင်အား နောက်တစ်ကြိမ် ထပ်ဖက်လိုက်လေသည်။
“ဒီနေရာက စကားပြောလို့ကောင်းတဲ့နေရာမဟုတ်ဘူး… သွားရင်းနဲ့မှ ပြောကြရအောင်…” ရန်ကိုင်က ပြောလိုက်သည်။
“ခဏလေးပဲ…” လင်းယွင်အာသည် ရန်ကိုင်အား ဖက်မြဲဖက်ထားခဲ့လေသည်။
လင်းယွင်အာက မသွားချင်သေးသည့်အတွက်ကြောင့် ရန်ကိုင်လည်း သူမအား အတင်း သွားတွန်းအားပေးမနေခဲ့ပေ။ ထို့အတွက်ကြောင့် လင်းယွင်အာဖက်ထားသည့်အတိုင်း ရန်ကိုင်လည်း မတ်တပ်ရပ်နေရုံသာ တတ်နိုင်ခဲ့လေ၏။ ခဏအကြာ၌ သူ့ရင်ဘတ် အနည်းငယ် နွေးသွားသလို ဖြစ်သည့်အတွက်ကြောင့် ငုံ့ကြည့်လိုက်ရာ ကောင်မလေး၏နှုတ်ခမ်းထောင့်များ တဆတ်ဆတ်တုန်ရီလာနေပြီး သူမ၏မျက်ဝန်းလေးများမှာ မျက်ရည်များဖြင့် ဝဲတက်နေကြောင်း တွေ့လိုက်ရလေသည်။
“ဘာတွေငိုစရာရှိလို့လဲ…” ရန်ကိုင်က ရယ်ချင်စိတ်ကို မအောင့်အည်းနိုင်တော့ချေ။
“ဦးလေးရန်ကို လွမ်းလို့…” လင်းယွင်အာက ပြောလိုက်လေသည်။ “ဒေါ်လေးယန်ယန်ကိုလည်း လွမ်းတယ်… ဒေါ်လေးဝမ်ကိုလည်းလွမ်းတယ်… ဒေါ်လေးရီကိုလည်းလွမ်းတယ်… အကုန်လုံးကိုလွမ်းတယ်… ဒါပေမယ့် လွမ်းနေရင်တောင် တွေ့လို့မရဘူး… ဦးလေးရန်တို့ ဘယ်ကိုရောက်နေမှန်းတောင် သိရတာမဟုတ်ဘူး…”
ကောင်မလေးပြောသည့်စကားကိုကြားသော် ရန်ကိုင်ရင်ထဲ အနည်းငယ် ဝမ်းနည်းမိသွားခဲ့လေသည်။ လင်းယွင်အာမှာ အတော်လေးကို အားကောင်းလှပါသော်ငြား သူမသည် အသက်ငယ်ငယ်လေးသာ ရှိပေသေးသည်။ ထို့အတွက်ကြောင့် စိတ်ခံစားချက်ပြင်းထန်သည်မှာ သဘာဝသာဖြစ်လေ၏။ ထို့အပြင် လင်းယွင်အာသည် ဟိုးငယ်ငယ်လေးတည်းက ယန်ယန်၏ ခေါ်သွားခြင်း ခံရခြင်းဖြစ်လေသည်။ ယခုမှသာလျှင် သူမ၏ မွေးရပ်မြေမှလူတစ်ဦးကို ပြန်တွေ့လိုက်ရလေရာ လင်းအာစိတ်ထဲ မျိုသိပ်ထားခဲ့ရသည်မှာ ခံစားချက်အစုံမှာ ပွင့်ထွက်လာတော့လေ၏။
ရန်ကိုင်သည် လင်းယွင်အာ၏ကျောကုန်းကို ပုတ်ပေးရင်းမှ သူမအား နှစ်သိမ့်ပေးလိုက်လေ၏။
“ဂွီ… ဂွီ…”
ထူးဆန်းသည့်အသံတစ်သံသည် တိတ်ဆိတ်မှုကို ဖြိုခွဲသွားလေ၏။ ထိုအသံကိုကြားကြားချင်း ရန်ကိုင်မှာ ကြောင်သွားခဲ့သေးသည်။ တစ်ခဏလောက်စဉ်းစားနေပြီးသည့်နောက်မှသာ ထိုအသံ ဘာအသံမှန်း နားလည်သွားသော် ရယ်ချင်စိတ်ကိုမထိန်းနိုင်တော့ဘဲ အော်ရယ်မောမိလိုက်လေသည်။
လင်းယွင်အာမှာတော့ အတော်လေးကိုမှ ရှက်ရွံ့နေသည့်အလား ချက်ချင်း ခေါင်းငုံ့လိုက်လေ၏။
“ဗိုက်ဆာနေတာလား…” ရန်ကိုင်က လင်းယွင်အာကိုကြည့်၍ မေးလိုက်သည်။
လင်းယွင်အာက ခေါင်းညိတ်ပြလိုက်၏။ ရှင်းရှင်းပြောရသော် လင်းယွင်အာသည် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်နေပြီ ဖြစ်သည့်အတွက်ကြောင့် မစားမသောက်ပဲ နေလျှင်ပင် ကိစ္စမရှိ။ ဤကဲ့သို့သောကျင့်ကြံခြင်းအဆင့်မျိုးကို ရောက်လာသည့်လူတစ်ဦးသည် ဘာမှစားသောက်နေစရာမလိုပေ။ မိုးမြေစွမ်းအင်ကို စုပ်ယူနေရုံဖြင့် နေနိုင်ပေသည်။ ထို့အတွက်ကြောင့် လင်းယွင်အာမှာ မည်ကဲ့သို့များ ဗိုက်ဆာရလေသနည်း။ ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး စားသောက်နေမည်ဆိုလျှင်ပင် အရသာရှိလှသော စားကောင်းသောက်ဖွယ်များ၏ အရသာကို ခံစားလိုသည့်အတွက်ကြောင့်သာ စားသောက်ခြင်းဖြစ်လေသည်။ ဗိုက်ဆာသည့်အတွက်ကြောင့် စားသောက်ခြင်းမဟုတ်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်ကိုယ်တိုင်သည်ပင်လျှင် ဗိုက်ဆာသည်ဟူသော ခံစားချက်ကို မခံစားခဲ့ရသည်မှာ အတော်လေးကိုမှ ကြာနေခဲ့လေပြီ။
ရန်ကိုင်သည် ထပ်၍မေးမနေတော့ဘဲ လောကဓာတ်လုံးထဲသို့ သူ့ကောင်းကင်စိတ်အာရုံကို ပို့လွှတ်ရင်း စတင်၍ ရှာဖွေတော့လေသည်။ သူ့တွင် အရသာရှိလှသည့် မည်သည့်အစားအသောက်မှ ရှိမနေပါသော်ငြား အသီးများကတော့ ရှိပေသည်။ သူ၏ လောကဓာတ်လုံးထဲရှိ ဆေးဥယျာဉ်ထဲတွင် အမျိုးမျိုးသော ထူးဆန်းလှသည့် အပင်များ ရှိနေကြ၏။ ထို့အတွက်ကြောင့် အသီးအချို့ကို ရှာဖို့ရာမှာ ရန်ကိုင်အတွက် ဘာမျှမခက်ပေ။ ထို့အပြင် ထိုအသီးများသည် သာမန်အသီးများမဟုတ်ကြ။ အလွန်ကိုမှ အဆင့်မြင့်လှသည့် အသီးများ ဖြစ်ကြပေသည်။
ရန်ကိုင်မှ လက်ဝါးဖြန့်ပြလိုက်ရာ သူ့လက်ဝါးထဲ ကလေးလက်သီးအရွယ်လောက်ရှိသည့် အနီရောင်အသီးသုံးလုံး ပေါ်လာခဲ့လေသည်။ “ဒါစားချင်လား…”
“ဦးလေးရန်က အကောင်းဆုံးပဲ…” ကောင်မလေးမှာ ရှက်ဖို့ရာကိုပင် ဂရုစိုက်မနေနိုင်တော့ဘဲ ချက်ချင်း အားမန်တကြွဖြင့် ပြောလိုက်လေသည်။ ထို့နောက် ရန်ကိုင်၏လက်ထဲရှိအသီးများကို အမြန်လှမ်းယူ၍ တစ်ကိုက်ပြီးတစ်ကိုက် ဝါးစားလိုက်လေ၏။
လင်းယွင်အာမှာ ဖြည်းဖြည်းချင်းသာ စားနေပါသော်ငြား အသီးသုံးလုံးမှာ တစ်ခါတည်း ကုန်ခါနီး ဖြစ်သွားခဲ့ရသည်။ စားနေလျက်နှင့်ပင် ကောင်မလေး၏ပုံစံမှာ အတော်လေးကိုမှ ချစ်စဖွယ်ကောင်းနေသေး၏။ လင်းယွင်အာ မည်မျှဆာနေသလဲဆိုလျှင် မျက်ခမ်းထောင့်ရှိ မျက်ရည်စများကိုပင်လျှင် မသုတ်နိုင်ခဲ့ချေ။ ထို့အတွက်ကြောင့် မျက်ရည်စများလည်း မခြောက်သေးသော ပြုံးရွှင်နေသည့် လင်းယွင်အာ၏မျက်နှာလေးများ တမျိုးတမည် ထူးခြားလို့နေခဲ့လေသည်။
“သွားကြရအောင်…” ရန်ကိုင်က ပြောလိုက်သည်။
“ခဏစောင့်…” ထိုသို့ပြောပြီးသည့်နောက် လင်းယွင်အာသည် လှစ်ခနဲ ပျောက်ကွယ်သွားခဲ့လေ၏။
ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသည့် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးသည် မြေပြင်ပေါ်တွင် လဲလျောင်းနေခဲ့လေသည်။ ထိုသူသည် ရန်ကိုင်လက်ချက်ကြောင့် ဒဏ်ရာရသွားသည့်လူများအနက် တစ်ဦးဖြစ်ပေသည်။
ရန်ကိုင်မှာ ဤကောင်မလေး ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း မသိသည့်အတွက်ကြောင့် စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေမိလေ၏။
သို့သော်ငြား တစ်ခဏအကြာတွင် လင်းယွင်အာသည် ရန်ကိုင်ပေးလိုက်သည့်အသီးကို စားရင်းမှ သေခါနီးတစ်ပိုင်းဖြစ်နေသည့် လူဆီသို့ လက်သီးတစ်ချက် ထိုးချလိုက်သည်ကို တွေ့ရလေသည်။ ထို့အတွက်ကြောင့် ထိုလူမှာ လက်သီးချက်ကြောင့် တစ်ခါတည်း ကွဲထွက်သွားခဲ့လေရာ အရိုးများပင် ကျန်ရစ်ခဲ့ခြင်း မရှိခဲ့ပေ။ ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်၏မျက်ခုံးကြောများ တွန့်ကွေးသွားခဲ့လေသည်။
ထိုသို့လုပ်ပြီးသည့်နောက်တွင် လင်းယွင်အာသည် အခြားသော ဧကရာဇ်အဆင့်ပညာရှင်များဆီသို့ လျှောက်သွားပေသည်။ မသေသေးသည့် ဧကရာဇ်အဆင့်ပညာရှင်များမှာ လင်းယွင်အာ၏ လက်သီးချက်စာ မိပြီးသည့်နောက် အသက်ပျောက်ကုန်ကြရလေသည်။ ထိုအချိန်အတောအတွင်း လင်းယွင်အာ၏မျက်နှာထက် တုံ့ဆိုင်းနေသည့် မည်သည့်အရိပ်အယောင်ကိုမျှ မတွေ့ရချေ။ ဧကရာဇ်အဆင့်ပညာရှင်များကို သတ်ပစ်ရသည်မှာ သူမအတွက် တိရစ္ဆန်လေးများကို သတ်ပစ်ရသည့်အလား။
(ဒီကောင်မလေးက တုံးတဲ့ပုံသာပေါက်တာ… လူသတ်ရင်တော့ မျက်တောင်တစ်ချက်တောင်မခတ်ဘူး…) လင်းယွင်အာကို ပိုကြည့်လေကြည့်လေ ဤကောင်မလေးကို သူ နားမလည်နိုင်တော့လေဟု ရန်ကိုင် ခံစားလိုက်ရလေပင်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၉၄)
ဘာသာပြန်သူ_တိမ်တိုက်
“ဆရာကပြောတယ်… ပြဿနာတွေနဲ့ ကြုံရပြီဆိုလို့ရှိရင် ကြုံလာသမျှ ပြဿနာတွေကို အမြစ်ပြတ်ရှင်းထုတ်ရတယ်တဲ့… အဲ့ဒါမှ နောက်နောင် ကိုယ့်ကိုယ် အမှုလာမပတ်မှာတဲ့…” လင်းယွင်အာက ရှင်းပြလိုက်လေသည်။
လင်းယွင်အာပြောသည့်စကားကိုကြားပြီး ရန်ကိုင် ဇောချွေးပြန်သွားခဲ့လေသည်။ (သူ့ဆရာက ဘယ်သူလဲကွာ… ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ရက်စက်ရတာလဲ… ယန်ယန် လင်းယွင်အာကို ဘယ်သူ့ဆီများ သွားပို့ထားတာလဲ…)
ထိုအချိန်အတောအတွင်း လင်းယွင်အာသည် ရန်ကိုင်၏လက်ကိုဆွဲ၍ တစ်ခုသောဘက်ဆီသို့ ပျံသန်းသွားခဲ့လေသည်။ လမ်းကြောင်းတစ်လျှောက်လုံး လင်းယွင်အာမှာ ရွှင်မြူးစွာဖြင့် အဆက်မပြတ်ကို စကားပြောနေခဲ့သည်။ ရန်ကိုင်သည်လည်း လင်းယွင်အာပြောသည့်စကားများကိုသာ ထိုင်နားထောင်နေခဲ့လေသည်။ ယခင်အချိန်များတွင် လင်းယွင်အာ၏အခြေအနေ မည်ကဲ့သို့ရှိခဲ့သလဲဆိုသည်ကို မေးမြန်းချင်ပါသော်ငြား လင်းယွင်အာ၏ ပျော်ရွှင်နေသည့် စိတ်အခြေအနေလေးကို သွားရောက်မနှောင့်ယှက်ချင်ခဲ့သည့်အတွက်ကြောင့် တောက်လျှောက်သာ ငြိမ်ပြီး နားထောင်နေပေးခဲ့သည်။
မကြာမီတွင် ထူးဆန်းသည့်အရာတစ်ခုခုကို သတိပြုမိသွားခဲ့ရလေသည်။ လင်းယွင်အာသည် အစားပုပ်ကြီး ဖြစ်နေခဲ့၏။ သူပေးလိုက်သည့် အသီးသုံးလုံးသည် ဧကရာဇ်အဆင့်အသီးများ ဖြစ်ကြသည်။ ထို့အတွက်ကြောင့် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးသည်ပင်လျှင် ထိုအသီးများကို စားပြီးသည့်နောက် အသီးထဲတွင်ပါဝင်သော စွမ်းအားကို ချေဖျက်နိုင်ရန်အလို့ငှာ အချိန်အနည်းငယ် ယူရပေလိမ့်မည်။ သို့သော်ငြား ထိုအသီးသုံးလုံးသည် လင်းယွင်အာအတွက်မူ အရသာရှိလှသည့် မုန့်နှင့် မခြားချေ။
အသီးသုံးလုံးကို စားပြီးသည့်နောက် လင်းယွင်အာမှာ မတင်းတိမ်နိုင်သေးဘဲ သူမ၏သိုလှောင်လက်စွပ်ထဲမှ အသားခြောက်ကြီးများကို ထုတ်ယူလိုက်လေသည်။ ထိုအသားခြောက်များသည် အဆင့်မြင့်မွန်းစတားသားရဲတစ်ကောင်ကောင်၏ အသားများမှ ထုတ်လုပ်ထားသည့် အသားများ ဖြစ်သည့်ပုံပင်။
“ဒီလောက်စားလို့ အဆင်ပြေရဲ့လား…” ရန်ကိုင်က မနေနိုင်ဘဲ မေးလိုက်မိသည်။
လင်းယွင်အာက ချက်ချင်းပဲ ပြန်ပြောလိုက်သည်။ “ဆရာကပြောတယ်… လူဆိုတာ ဗိုက်ပြည့်နေမှ ကျင့်ကြံနိုင်မှာတဲ့…”
(ဒါ ဘယ်လို ဒဿနကြီးလဲ…) ရန်ကိုင်မှာ လင်းယွင်အာ၏ဆရာနှင့်ပတ်သက်၍ ပိုပို၍ သိချင်စိတ်ပြင်းပြလာမိလေသည်။
တစ်ရက်ကြာပြီးသည့်နောက် ရန်ကိုင်တို့နှစ်ဦး နောက်ထပ်မြို့တစ်မြို့သို့ ရောက်လာခဲ့သည်။ ဤမြို့သည် ကြယ်စင်မြို့တော်အောက် နိမ့်ကျခြင်းမရှိဘဲ မြို့ထဲသို့ ကျင့်ကြံသူပေါင်းများစွာသည် ကူးကလန်ခတ် ဝင်ထွက်သွားလာနေကြလေသည်။
လင်းယွင်အာမှာ အလွန်ကိုမှ အစားမက်သည့်အတွက်ကြောင့် ရန်ကိုင်လည်း သူတွေ့ခဲ့သော စားသောက်ဆိုင်များအနက် အကြီးဆုံးစားသောက်ဆိုင်တစ်ဆိုင်ဆီသို့ ခေါ်သွားပြီး သူမအတွက် သီးသန့်ခန်းတစ်ခန်း စီစဉ်ပေးကာ ကျွေးမွေးလိုက်လေသည်။
စားသောက်ဆိုင်ရှိ ဟင်းပွဲများသည် သာမန်ဟင်းပွဲများမဟုတ်ကြ။ အမျိုးမျိုးသောဆေးပင်များ၊ မွန်းစတားသားရဲများ၏ အသားများကိုသုံး၍ ချက်ပြုတ်ထားသည့် ဟင်းပွဲများ ဖြစ်ကြလေသည်။ ဤကဲ့သို့သော အစားအသောက်များသည် ကျင့်ကြံသူတစ်ဦးအတွက်ပင်လျှင် အတော်လေးကိုမှ အကျိုးရှိလှပေသည်။
စားပွဲဝိုင်းတွင် ပြည့်နေသော ဟင်းပွဲများကို မြင်ပြီးသည့်နောက် လင်းယွင်အာ၏မျက်လုံးလေးများ တဖျတ်ဖျတ် တောက်ပသွားခဲ့ပြီး ချက်ချင်းပဲ မီးကုန်ယမ်းကုန် စားသောက်တော့လေသည်။ ဆိုင်ဝန်ထမ်းလေးမှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း မျက်လုံးအပြူးသားဖြစ်နေခဲ့လေသည်။ ဤကဲ့သို့သော မိန်းမချောလေးသည် ထိုမျှ များပြားလှသော ဟင်းပွဲများကို တစ်ယောက်တည်း စားသောက်ပစ်နိုင်သည့်အပေါ် အလွန်ကိုမှ မယုံကြည်နိုင် ဖြစ်နေသည့်ပုံပင်။
လင်းယွင်အာဗိုက်ပြည့်သွားသည့်နောက်တွင် ရန်ကိုင်က မေးလိုက်သည်။ “ယွင်အာ… နင့်ရဲ့ဒေါ်လေးယန်ယန် ဘယ်မှာလဲ…”
လင်းယွင်အာသည် ခုံကိုမှီ၍ သူမ၏ဗိုက်ကလေးကို ကျေနပ်တင်းတိမ်နေသည့် အမူအယာဖြင့် ပွတ်နေခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်မေးလာသည့်မေးခွန်းကို ကြားပြီးသည့်နောက် ချက်ချင်းပဲ မကျေမနပ်ဖြင့် ပြန်ပြောလိုက်လေ၏။ “ကျွန်မလည်းမသိဘူး…”
“နင်မသိဘူး…” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ “သူ နင့်ကို ခေါ်သွားတာမဟုတ်ဘူးလား…”
လင်းယွင်အာက ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “ဟုတ်တယ်… သူကျွန်မကိုခေါ်လာပြီး ကျွန်မဆရာဆီအပ်လိုက်တာ… အဲ့အချိန်တည်းက သူ့ကို တစ်ခါမှမတွေ့ရတော့ဘူး… တစ်ခါမှလည်း ကျွန်မကို လာမတွေ့ဘူး…” လင်းယွင်အာမှာ အော်ငိုတော့ခါနီး ဖြစ်နေခဲ့လေသည်။ သူမ မည်မျှဝမ်းနည်းနေသလဲဆိုသည်မှာ အသိသာကြီးပင်။ ထိုသို့ပြောပြီးသည့်နောက် သူမစိတ်ထဲ ခံစားနေရသည့် ဒေါသတရားနှင့် မကျေနပ်ချက်တို့ကို ဖွင့်ထုတ်ရန်အလို့ငှာ စားပွဲပေါ်တွင်ရှိနေသော ပေါင်တစ်ချောင်းကို ဆွဲယူလိုက်ပြီး အားပါးတရ ကိုက်ချလိုက်လေသည်။
ရန်ကိုင်သည် နဖူးထက်ဝေ့သီလာသော ချွေးအေးများကိုသုတ်ရင်းမှ ဆက်၍မေးလိုက်လေ၏။ “နင့်ဆရာရော… နင့်ဆရာက ဘယ်သူလဲ…”
လင်းယွင်အာက ခေါင်းလေးမော့၍ ပြန်ပြောလိုက်လေသည်။ “ဆရာက ဆရာပဲလေ…”
ရန်ကိုင်က မေးလိုက်သည်။ “နင့်ဆရာမှာ နာမည်တော့ရှိတယ်မလား…”
လင်းယွင်အာက ခေါင်းလေးစောင်းလျက် ရန်ကိုင်အား ငေးကြောင်ကြည့်နေလေ၏။ ခဏအကြာ၌ ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်လေသည်။ “ကျွန်မ မသိဘူး… ကျွန်မ ဆရာ့ကို ဆရာလို့ပဲ အမြဲတမ်းခေါ်တာ…”
(သွားပြီ… ဒီကောင်မလေးက တုံးရုံတင်မဟုတ်ဘူး… လုံးဝကို မစဉ်းစားတတ်တော့တာပဲ…) ရန်ကိုင်မှာ လင်းယွင်အာ၏ အနာဂတ်နှင့်ပတ်သက်၍ စိတ်ပူသွားခဲ့လေသည်။ သူမအနေဖြင့် ဤပုံစံမျိုးဖြင့် ကြယ်တာရာအစုအဝေးထဲ မည်ကဲ့သို့များ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်ပါမည်နည်း။ ထိုအကြောင်းကြောင့်ပင်လျှင် လေတိမ်တိုက်စံအိမ်ကို ရန်စမိပြီး ကျင့်ကြံသူပေါင်းများစွာ၏ လိုက်လံဖမ်းဆီးခြင်း ခံခဲ့ရခြင်း ဖြစ်လေသည်။ ထိုနှစ်များအတောအတွင်း လင်းယွင်အာ လုံလုံခြုံခြုံ၊ အန္တရာယ်ကင်းကင်းဖြင့် မည်ကဲ့သို့ တိုးတက်လာနိုင်ခဲ့ရသလဲ ဆိုသည်မှာလည်း စဉ်းစားစရာ ဖြစ်လာခဲ့ရလေ၏။
သို့သော်ငြား သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်သော် ယန်ယန်သည် လင်းယွင်အာကို သူမ၏ဆရာဖြစ်သူဆီ အပ်ခဲ့လိုက်သည့်အတွက်ကြောင့် ထိုလူသည် အားကိုးရသည့်လူတစ်ဦး ဖြစ်သည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။ ထို့အပြင် လင်းယွင်အာ၏ လက်ရှိတိုးတက်ပုံကို ကြည့်ရသလောက် သူမ၏ဆရာသည် ခြေတစ်ချက်ဆောင့်ရုံဖြင့်ပင်လျှင် လောကကြီးတစ်ခုလုံးကို ကိုင်လှုပ်ပစ်နိုင်သော အလွန်ကိုမှ အားကောင်းသည့် ကျင့်ကြံသူတစ်ဦးလည်း ဖြစ်ရပေလိမ့်မည်။ သို့သော်ငြား လင်းယွင်အာမှာ သူမဆရာနှင့် ပတ်သက်၍ ဘာဆိုဘာမှ မသိခဲ့ပေ။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ လင်းယွင်အာကို မေးမည်ဆိုလျှင်ပင် သူမဆရာနှင့်ပတ်သက်သော မည်သည့်သဲလွန်စကိုမှ ရရှိနိုင်လိမ့်မည်မဟုတ်။
လင်းယွင်အာ၏ခန္ဓာကိုယ်မှာ အတော်လေးကိုမှ ထူးခြားလှကြောင်း ရန်ကိုင် ပြန်သတိရသွားခဲ့သည်။ လင်းယွင်အာသည် တိုက်တန်ခွန်အားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်ဟု ယန်ယန်မှ ပြောခဲ့သည်။ ယန်ယန်မှ လင်းယွင်အာကို ခေါ်သွားရသည့်အကြောင်းမှာ ယန်ယန်၏အသိမိတ်ဆွေများထဲတွင် လင်းယွင်အာ ကျင့်ကြံရန်အတွက် အလွန်ကိုမှ သင့်တော်သည့် ပညာရပ်များကို လေ့ကျင့်နေသော မိတ်ဆွေတစ်ဦး ရှိသည့်အတွက်ကြောင့်ပင်။
ယခု ရန်ကိုင်၏ဆုံးဖြတ်ချက်မှာ မှန်ကန်နေသည့်ပုံပင်။ ကောင်မလေးသည် သူမ၏ဆွေမျိုးမိတ်ဆွေများနှင့် နှစ်ပေါင်းများစွာကြာအောင် ကွဲကွာနေခဲ့ရပါသော်ငြား သူမ၏တိုးတက်နှုန်းမှာတော့ ဩချစရာပင်။ သူမသည်သာ အရိပ်ကြယ်တွင်သာ ဆက်နေခဲ့မည်ဆိုပါက ဤမျှလောက် တိုးတက်လာခဲ့လိမ့်မည်မဟုတ်ပေ။
“ငါ့ကို နင့်ဆရာနဲ့ တွေ့လို့ရအောင် ခေါ်သွားပေးလို့ရမလား…” ရန်ကိုင်က မေးလိုက်သည်။
“ဦးလေးရန်က ဘာလို့ ဆရာနဲ့ တွေ့ချင်ရတာလဲ…” လင်းယွင်အာသည် စားနေသည်ကို တစ်ချက်ကလေးမှပင် ရပ်တန့်ခြင်းမရှိဘဲ ရန်ကိုင်အား မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် စိုက်ကြည့်ရင်းမှ ပြန်၍မေးလိုက်လေသည်။
“ယန်ယန်အကြောင်းကို နင့်ဆရာဆီ မေးချင်လို့…”
“အို…” လင်းယွင်အာက ခေါင်းညိတ်လျက် “အဲ့ဒါဆိုရင်တော့ ဆရာ့ဆီသွားနေစရာမလိုဘူး…”
“ဘာလို့လဲ…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။
“ဘာလို့လဲဆိုတော့ ဆရာက ကျွန်မကို ဘာမှမပြောလို့ပဲ… ဆရာ့ကို ခဏခဏကို မေးကြည့်သေးတယ် ဒေါ်လေးယန်ယန်နဲ့ပတ်သက်တဲ့အကြောင်းတွေ… ဒါပေမယ့် ဆရာက ကျွန်မကို ဘာမှမပြောဘူး…”
ရန်ကိုင်က ပြုံး၍ “နင့်ကိုမပြောတာ အကြောင်းအရင်းရှိလို့နေမှာပေါ့… ဒါပေမယ့် ငါဆိုရင်တော့ မတူတော့ဘူးလေ… ဒါကြောင့်ပဲ ငါ့ကို နင့်ဆရာနဲ့ ခေါ်သွားတွေ့ပေးဖို့ ပြောချင်တာ…”
လင်းယွင်အာ၏အမူအယာ ရုတ်တရက်ဆိုသလို ပုံမှန်မဟုတ် ဖြစ်လာခဲ့လေသည်။ ခြောက်ကပ်ကပ်ရယ်မောရင်းမှ သူမ၏မျက်လုံးလေးများမှာ တောင်ကြည့်မြောက်ကြည့် ဖြစ်လာခဲ့သည်။
ထို့အတွက်ကြောင့် ရန်ကိုင်ကလည်း မေးကြည့်မိလိုက်လေ၏။ “နင့်အတွက် အဆင်မပြေလို့လား…”
လင်းယွင်အာက အလျင်စလို လက်ဝှေ့ယမ်းလျက် “မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး… အဆင်မပြေတာမဟုတ်ဘူး…” ရုတ်တရက်ဆိုသလို ချက်ချင်းပဲ ခေါင်းကိုငုံ့၍ အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “ဦးလေးရန်… တကယ်တော့ ကျွန်မ ထွက်ပြေးလာခဲ့တာ..”
ရန်ကိုင် ထိတ်လန့်သွားခဲ့ပြီး ပြန်၍မေးလိုက်လေသည်။ “ဘာလို့ထွက်ပြေးတာလဲ… ဘယ်ကနေထွက်ပြေးလာတာလဲ… တစ်ယောက်ယောက် နင့်ကို ချုပ်ထားလို့လား..”
လင်းယွင်အာက ခေါင်းကိုငုံ့ထားရင်းမှ “ဘယ်သူမှ ကျွန်မကို မချုပ်ထားဘူး… ကျွန်မ ဆရာ့လက်ကနေ ထွက်ပြေးလာတာ…”
ထိုစကားကြောင့် ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ “ဘာလဲ… နင့်ဆရာ နင့်ကို ကောင်းကောင်းမဆက်ဆံလို့လား…”
“မဟုတ်ဘူး…” လင်းယွင်အာက အလျင်စလို ငြင်းဆိုလိုက်သည်။ “ဆရာက ကျွန်မအပေါ် အရမ်းကောင်းတာ… ကျွန်မက သူ့ရဲ့ ဆက်ခံသူလို့လည်း ပြောတယ်… ဒီတော့ သူတတ်ထားသမျှတွေ ကျွန်မကို အကုန်သင်ပေးတယ်… အရမ်းအရသာရှိတဲ့ အစားအစာတွေကိုလည်း ကျွေးတယ်…”
ရန်ကိုင် ပို၍ကို နားမလည်နိုင် ဖြစ်လာခဲ့ရလေ၏။ “သူ နင့်ကို ဒီလောက်ကောင်းကောင်း ဆက်ဆံနေရင် ဘာဖြစ်လို့ ထွက်ပြေးလာတာလဲ…”
လင်းယွင်အာက ပြန်၍ အထွန့်တက်လိုက်လေသည်။ “ဒီတိုင်းပဲ အပြင်ဘက်ကို တစ်ချက် လျှောက်ကြည့်ချင်လို့… နေ့တိုင်း တစ်နေရာတည်းမှာပဲ တောက်လျှောက်ကြီးနေရတာ အရမ်း ငြီးငွေ့ဖို့ကောင်းတယ်… အပြင်လည်း ထွက်သွားလို့မရဘူး… ပြီးတော့ ဒေါ်လေးယန်ယန်ကိုလည်း လွမ်းတယ်… အဲ့ဒါကြောင့်ပဲ အပြင်ထွက်ပြီးတော့ သူ့ကိုလာရှာတာ…”
လင်းယွင်အာပြောသည်ကို ကြားပြီးသည့်နောက် ရန်ကိုင်မှာ ရယ်ချင်စိတ်ကို မအောင့်အည်းနိုင် ဖြစ်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း စိတ်သက်သာရာ ရသွားမိလေသည်။ သူမ၏ဆရာ မည်ကဲ့သို့သော လူစားမှန်း သူမသိပါသော်ငြား လင်းယွင်အာပြောပုံကို ကြည့်ရသလောက် သူမဆရာသည် သူမအပေါ် အမှန်တကယ်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံသည့်ပုံပင်။
လင်းယွင်အာက ယဲ့ယဲ့လေး ရယ်သွမ်းသွေးလျက် ဆက်ပြောလိုက်သည်။ “အခုလိုမျိုး ထွက်ပြေးလာလိုက်တာ တကယ်ကံကောင်းသွားတယ်… မဟုတ်ရင် ဦးလေးရန်နဲ့ တွေ့ရမှာမဟုတ်ဘူး…”
“အင်း… ကောင်းတယ်… ဒါနဲ့ အရင်ဆုံး နင့်ကိုပြောချင်တာရှိတယ်…”
“ဟင်…”
“နင်လည်းမြင်တာပဲ… ငါက ဒီလောက်အသက်ကြီးတာမဟုတ်ဘူး… ဒီတော့ ငါ့ကို ဦးလေးရန်လို့ မခေါ်လို့ရမလား…”
လင်းယွင်အာသည် ရန်ကိုင်ဘက်သို့ကြည့်၍ ပြုံးရင်းမှ ပြန်ပြောလိုက်၏။ “ဒါပေမယ့် ဦးလေးရန်က ယွင်အာရဲ့ ဦးလေးရန်လေ…”
“ဟူး… ကောင်းတယ်…” ရန်ကိုင် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်လေသည်။ ထို့နောက်တွင် ရုတ်တရက်မျက်မှောင်ကျုံ့၍ ချက်ချင်းပဲ ပြန်ပြောလိုက်လေသည်။ “ယွင်အာရဲ့ဆရာက အရမ်းအားကောင်းမှာပေါ့… ဟုတ်တယ်မလား…”
ယွင်အာက ချက်ချင်းပဲ စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောလိုက်သည်။ “ဟုတ်တယ်… ဆရာက အားအကောင်းဆုံးပဲ… ဆရာမလုပ်နိုင်တဲ့အရာ ဒီလောကကြီးမှာ ဘာမှမရှိဘူး…”
ရန်ကိုင်က ထပ်မေးလိုက်လေသည်။ “သူ ဒီလောက် အားကောင်းနေလို့ရှိရင် နင်ဘယ်လိုလုပ်ပြီး သူ့လက်ကနေ ထွက်ပြေးလာနိုင်ရတာလဲ…”
“ဆရာ သတိမထားတုန်း ထွက်ပြေးလာလိုက်တာ… ဘာခက်တာမို့လို့လဲ…”
လင်းယွင်အာ၏ယုံကြည်ချက်ရှိသည့်လေသံကို နားထောင်ရင်း ရန်ကိုင်ဆွံ့အနေခဲ့လေသည်။ သို့သော်ငြား တစ်ခုခုထပ်မေးတော့မည်အပြု ရန်ကိုင်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ချက်ချင်း လှမ်းအော်ပြောလိုက်လေ၏။ “ယွင်အာ… မစားနဲ့တော့ ရပ်လိုက်… အဲ့ဒါ အဆိပ်ပါတယ်…”
လင်းယွင်အာ၏ အသားအရည်မှာ ပုံမှန်မဟုတ်ဖြစ်နေကြောင်းကို ရန်ကိုင် ရုတ်တရက် သတိထားမိခဲ့သည်။ ထိုလက္ခဏာသည် အဆိပ်မိနေသည့် လက္ခဏာမျိုး ဖြစ်လေသည်။
(ဧကရာဇ်ပထမအဆင့်ကိုတောင် မိနိုင်တဲ့ အဆိပ်ဆိုတော့ တကယ်ကို အားပြင်းတဲ့အဆိပ်ပဲ ဖြစ်ရလိမ့်မယ်…) ရန်ကိုင်မှာ ယခုကဲ့သို့ အမှားမျိုးကို လုပ်လိုက်မိသည့် သူ့ကိုယ်သူ အပြစ်တင်နေမိလေသည်။ ယူလာသည့် အစားအသောက်များကို ရန်ကိုင်သည် သူကိုယ်တိုင် စစ်ဆေးကြည့်ခဲ့ပါသော်ငြား ထိုစဉ်က သာမန်မဟုတ်သည့်ဘာကိုမှ သတိမထားမိခဲ့ချေ။ သို့သော်ငြား အဆိပ်သည် လုံးဝကို ပုန်းကွယ်စွာ တည်ရှိနေသည့်အတွက်ကြောင့် သူကိုယ်တိုင်ပင်လျှင် သတိမထားမိဘဲ နေခဲ့ရလိမ့်မည်ဟုတော့ ထင်ထားခြင်းမရှိခဲ့။
“အို… အဆိပ်ရှိနေတာလား… အဲ့ဒါကြောင့်မို့ အရသာက ဆိုးပါတယ်လို့ ထင်နေတာ…” ထိုသို့ပြောပြီးသည့်နောက် လင်းယွင်အာသည် သူမလက်ထဲရှိ အစားအစာကို ငုံ့ကြည့်လိုက်လေသည်။ ထို့နောက် ကိုက်ချလိုက်လေ၏။
“နင်…” ရန်ကိုင် လုံးဝကို မင်သက်နေခဲ့လေသည်။ သူမလက်ထဲရှိ အစာသည် အဆိပ်ခတ်ထားမှန်း လင်းယွင်အာသိသည်။ ထိုသို့ဖြစ်လေရာ ဘာကြောင့်များ အဆိပ်မိနေသည့်အစာကို ဆက်စားနေရလေသနည်း။
ရန်ကိုင်မှ လင်းယွင်အာလက်ထဲရှိ အစာကို လုယူလိုက်တော့မည်အပြု ထူးဆန်းသည့်အဖြစ်အပျက်တစ်ခုကို သတိထားမိသွားခဲ့လေသည်။ လင်းယွင်အာ၏ ခန္ဓာကိုယ်ဆီမှ အစိမ်းရောင်အငွေ့များ ထွက်လာကြောင်းကို သတိထားမိလိုက်သည်။ ထိုအစိမ်းရောင်အငွေ့များသည် အလွန်ကိုမှ အဆိပ်ပြင်းလွန်းလှပေသည်။
(သူက အဲ့လိုတောင် လုပ်နိုင်တာလား…) ရန်ကိုင်မှာ အံ့အားသင့်လွန်းသဖြင့် သူ့လျှာသူ ပြန်ကိုက်မိလုမတတ်ပင် ဖြစ်သွားခဲ့ရသည်။ လင်းယွင်အာသည် သူမကိုယ်ထဲတွင်ရှိနေသော အဆိပ်များကို အပြင်သို့ စွန့်ထုတ်ပစ်နေခြင်း ဖြစ်လေသည်။ တစ်နည်းဆိုရသော် အစားအသောက်ထဲရှိ အဆိပ်သည် သူမအား အနည်းငယ်မျှပင် ဒုက္ခမပေးနိုင်ချေ။ လင်းယွင်အာကိုယ်တိုင်သည်လည်း ထိုအချက်ကို သိထားရပေလိမ့်မည်။ ထိုအကြောင်းကြောင့်ပင်လျှင် သူမလက်ထဲရှိအစာသည် အဆိပ်ရှိနေမှန်းသိသည့်တိုင် ဆက်စားနေခြင်းဖြစ်လေသည်။
(တိုက်တန်ခွန်အားခန္ဓာကိုယ်က အဲ့လောက်တောင် အားကောင်းတာလား… ဒါမှမဟုတ် ဒါက သူ့ဆရာဆီကနေ ရလိုက်တဲ့ အမွေများလား…) ရန်ကိုင်မှာ လက်ရှိအခြေအနေနှင့်ပတ်သက်၍ မစဉ်းစားတတ်နိုင်အောင်ကို ဖြစ်နေခဲ့လေသည်။ သို့တိုင် လင်းယွင်အာ ဘာမှပြဿနာမဖြစ်သည့်အပေါ် သူ့စိတ်ထဲတော့ စိတ်သက်သာရာ ရမိသွားခဲ့လေသည်။ “ဘယ်မှလျှောက်မသွားနဲ့… ငါ အခုချက်ချင်း ပြန်လာခဲ့မယ်…”
ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်၏ပုံရိပ် ပျောက်ကွယ်သွားခဲ့လေ၏။ ထို့နောက် ရန်ကိုင်သည် မီးဖိုချောင်နှင့်ဆင်တူသော နေရာတစ်ခုဆီသို့ လျှောက်လာခဲ့လေသည်။ လက်ရှိအချိန်တွင် မီးဖိုချောင်ထဲ၌ အမျိုးမျိုးသောဟင်းလျာများကို ချက်ပြုတ်ရန် ပြင်ဆင်နေကြသော စားဖိုမှူးများစွာ ရှိနေကြလေသည်။
လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်၏အကြည့်သည် တစ်ယောက်သောလူဆီသို့ ရောက်သွားခဲ့လေသည်။ ထိုလူ၏ ကျင့်ကြံခြင်းမှာ နိမ့်ကျခြင်းမရှိလှ။ ရန်ကိုင်ကဲ့သို့ပင် ဧကရာဇ်ပထမအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ထို့အပြင် ထိုလူသည် သူ့မျက်နှာကို လုံးဝ ဖုံးကွယ်ထားသည့် အနက်ရောင်ဝတ်ရုံကြီးကို ဝတ်ဆင်ထားခဲ့ပြီး သူ့ဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာလည်း အလွန်ကိုမှ အန္တရာယ်များလှပေသည်။
“မင်း…” ထိုလူမှာ ရုတ်တရက် ဗြုန်းစားကြီးပေါ်လာသည့် ရန်ကိုင်ကိုကြည့်ရင်း အံ့အားသင့်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင် သူ့လက်ကိုမြှောက်၍ ရန်ကိုင်ဆီသို့ ရောင်စုံမြွေလေးတစ်ကောင်ကို သတိမပေးဘာမပေးဖြင့် လှမ်းပစ်လိုက်လေ၏။ ရောင်စုံမြွေလေးသည် မာန်ဖီရင်းမှ ၎င်း၏အစွယ်များဖြင့် ရန်ကိုင်အား ကိုက်ချလာခဲ့လေသည်။
“သေချင်နေတာပဲ…” ရန်ကိုင်မှာ လဓါးသွားတစ်စင်းကို ကောက်ပစ်လိုက်ရာ မြွေ၏ခန္ဓာကိုယ် နှစ်ပိုင်းပြတ်ထွက်သွားခဲ့ရလေသည်။
သို့သော်ငြား အနက်ရောင်ဝတ်ရုံနှင့်လူမှာတော့ အနည်းငယ်မျှပင် ပျာယာခတ်နေခြင်းမရှိ။ လက်ကွက်များကို ထုတ်ဖော်လိုက်ရာ နှစ်ပိုင်းပြတ်ထွက်သွားသည့် မြွေ၏ခန္ဓာကိုယ်သည် ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့ပြီး မီးခိုချောင်တစ်ခုလုံးကို အဆိပ်ငွေ့များဖြင့် ပြည့်နှက်သွားစေခဲ့လေသည်။
ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ အနက်ရောင်ဝတ်ရုံနှင့်လူသည် နောက်သို့ပြန်ဆုတ်ရင်းမှ နံရံကို ဖျက်ဆီးကာ ထွက်ပြေးရန် ကြိုးစားတော့လေသည်။ ပေါက်ကွဲသံကြီးနှင့်အတူ မီးခိုချောင်တစ်ခုလုံး ပြိုကျသွားခဲ့သည်။ ဖုန်မှုန့်များ ပျောက်ကွယ်သွားချိန် အနက်ရောင်ဝတ်ရုံနှင့်လူသည် မီတာပေါင်းများစွာအကွာသို့ ရောက်နေလေပြီ။
“မင်း လွတ်မယ်လို့ ထင်နေတာလား…” ရန်ကိုင်၏အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
အနက်ရောင်ဝတ်ရုံနှင့်လူ ထိတ်လန့်သွားခဲ့ပြီး ချက်ချင်းပဲ ရှေ့ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ ရန်ကိုင်သည် ဘယ်အချိန်တည်းကမှန်းမသိ သူ့လမ်းတွင် ပိတ်ရပ်နေကြောင်း တွေ့လိုက်ရလေသည်။ ထိုအဖြစ်အပျက်ကြောင့် အနက်ရောင်ဝတ်ရုံနှင့်လူမှာလည်း ပျာယာခတ်သွားခဲ့ပြီး သူ့တွင်ရှိနေသော အဆိပ်ရှိသတ္တဝါအားလုံးကို ရန်ကိုင်ဆီသို့ ပစ်လွှတ်၍ တိုက်ခိုက်ခိုင်းစေတော့လေသည်။ သူပစ်လိုက်သည့်သတ္တဝါများထဲ မြွေများ၊ ဖားများ၊ ပင့်ကူများ စသဖြင့် အသီးသီး ပါဝင်နေကြလေသည်။ တစ်ကောင်ချင်းစီသည် ရောင်စုံအလင်းတန်းများကို ထုတ်လွှတ်နေခဲ့လေရာ မည်သူမဆို ထိုအကောင်များသည် အလွန်တရာကိုမှ အဆိပ်ပြင်းမှန်း ပြောနိုင်ပေသည်။ ထို့အပြင် အနက်ရောင်ဝတ်ရုံနှင့်လူ ရန်ကိုင်ဆီသို့ လှမ်းပစ်လိုက်သည့်အကောင်များမှာ နည်းနည်းလေးမဟုတ် ရာနှင့်ချီပေသည်။ ချက်ချင်းဆိုသလို ရာနှင့်ချီသော အဆိပ်ရှိသက်ရှိများသည် ရန်ကိုင်အား စုပြုံတိုက်ခိုက်လာကြလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၉၉၅)
ဘာသာပြန်သူ_တိမ်တိုက်
“ဝဲကတော့… လာစမ်း…” ရန်ကိုင်မှ သူ့လက်ကို ဆန့်ထုတ်လိုက်ရာ သူ့ရှေ့တည့်တည့်၌ အနက်ရောင်ဝဲကတော့လေးတစ်ခု ပေါ်လာခဲ့လေသည်။ ရန်ကိုင်ဆီသို့ တိုးဝင်လာနေကြသည့် အဆိပ်ရှိသတ္တဝါအားလုံးမှာတော့ ဝဲကတော့ထဲသို့ ဆွဲယူခံလိုက်ရပြီး အဆုံးမဲ့ဟင်းလင်းပြင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားကုန်ကြရလေသည်။
“လေဟာနယ်ပညာရပ်…” အနက်ရောင်ဝတ်ရုံနှင့်လူ အလန့်တကြား ထအော်လိုက်သည်။ အစကမူ ရန်ကိုင်နှင့် တိုက်ကွက်အနည်းငယ်ခန့် လက်ရည်ဖလှယ်ကြည့်ချင်ပါသော်ငြား ရန်ကိုင်ထုတ်သုံးသွားသည့် စွမ်းအားကို မြင်ပြီးသည့်နောက် ထိုအကြံအစည်ကို ခေါင်းထဲမှ ထုတ်လိုက်တော့သည်။ ထို့နောက်တွင် ဧကရာဇ်ချီကိုလှည့်ပတ်၍ ရန်ကိုင်၏မြင်ကွင်းမှ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေသည်။
“ပြေးချင်တာလား… ပြေးလို့ရမယ်များ မှတ်နေတာလား…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် လေဟာနယ်နိယာမများကို အသက်သွင်းလိုက်လေသည်။ ချက်ချင်းဆိုသလို ပတ်ဝန်းကျင်ဟင်းလင်းပြင်တစ်ခုလုံးသည် ရေခဲအကျဉ်းထောင်ပမာ အေးခဲသွားကုန်ကြလေ၏။ ထို့အတွက်ကြောင့် အနက်ရောင်ဝတ်ရုံနှင့်လူလည်း မတတ်သာတော့ဘဲ လူလုံးပြန်ထွက်လာရတော့လေသည်။
လက်ရှိအချိန်တွင် အနက်ရောင်ဝတ်ရုံနှင့်လူမှာ အမှန်တကယ်ကို ထိတ်လန့်နေခဲ့လေပြီ။ လေဟာနယ်တာအိုတွင် ကျွမ်းကျင်သည့်လူများသည် ပြဿနာရှာ၍မကောင်းကြောင်း သူသိထားပြီးသားပင်။ သို့သော်ငြား သူ့ပြိုင်ဘက်သည် ဤမျှ အားကောင်းနေလိမ့်မည်ဟု ထင်ထားခြင်း မရှိခဲ့ပေ။ နှစ်ဦးစလုံး၏ ကျင့်ကြံခြင်းမှာ ဧကရာဇ်ပထမအဆင့်သာ ဖြစ်ကြပါသော်ငြား ရန်ကိုင်သည် သူ့ထက် အများကြီး ပိုအားကောင်းနေလေရာ သူတို့နှစ်ဦးမှာ အဆင့်တူကျင့်ကြံသူများ ဖြစ်ကြသည်ဟု ပြောဖို့ရာပင် ခက်လှသည်။ ထို့အတွက်ကြောင့် အနက်ရောင်ဝတ်ရုံနှင့်လူမှာ ရန်ကိုင်နှင့် ထိပ်တိုက်ရင်ဆိုင်ရဲခြင်း မရှိတော့ချေ။
သူ့စွမ်းအားကို အဆက်မပြတ် လှည့်ပတ်ရင်းမှ လေဟာနယ်နိယာမများ၏ ချုပ်နှောင်မှုအောက်မှ ရုန်းထွက်ရန် ကြိုးစားလိုက်လေသည်။ သို့သော်ငြား မအောင်မြင်နိုင်သေးခင်မှာပင် လက်တစ်ဖက်သည် သူ့လည်ပင်းအား ဆွဲညှစ်လာခဲ့လေသည်။ ထို့နောက်တွင် ပြင်းထန်လှသည့် စွမ်းအားများသည် သူ့သွေးကြောတစ်လျှောက် စီးဆင်းလာပြီး အနက်ရောင်ဝတ်ရုံနှင့်လူ၏ စွမ်းအင်စီးကြောင်းကို ဖျက်ဆီးပစ်လိုက်လေသည်။ အနက်ရောင်ဝတ်ရုံနှင့်လူမှာ ရုတ်တရက်ဆိုသလို ခွန်အားအကုန်အစင်ကို ဆုံးရှုံးလိုက်ရသည့်အလား လုံးဝခုခံနိုင်ခြင်း မရှိတော့ဘဲ ကြက်ကလေးငှက်ကလေးနှယ် ဆွဲမခြင်း ခံလိုက်ရလေ၏။
ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် အနက်ရောင်ဝတ်ရုံနှင့်လူ၏ မျက်နှာကို ဖုံးကွယ်ထားသော အဝတ်စကို ဖျက်ဆီးပစ်လိုက်လေသည်။ ထို့နောက်တွင် နှင်းခူလောင်ထားသည့်အလား ကြောက်မက်ဖွယ်ရာကောင်းလှသည့် မျက်နှာကြီးတစ်ခု ရန်ကိုင်ရှေ့၌ ပေါ်လာခဲ့လေ၏။
ရန်ကိုင်တို့နှစ်ဦး တိုက်ခိုက်နေသည်မှာ ခဏလေးသာ ရှိသေးပါသော်ငြား ပတ်ဝန်းကျင်တစ်ခုလုံးကိုတော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့လေသည်။ ထို့အတွက်ကြောင့် အနီးအနားတွင်ရှိနေသည့် လူပေါင်းများစွာတို့သည် ဘာတွေဖြစ်နေသလဲ သိရလေအောင် အပြေးအလွှား လာရောက်ကြလေ၏။ ထို့အတွက်ကြောင့် အနက်ရောင်ဝတ်ရုံနှင့်လူ၏မျက်နှာ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထိတ်လန့်တကြားအော်ဟစ်သံများ လူအုပ်ကြီးဆီမှ ထွက်ပေါ်လာကုန်ကြလေသည်။
“အဆိပ်သခင်ပုဟုန်…”
“သူ ဘာလို့ ဒီကိုရောက်နေတာလဲ…”
“ငါ့လခွမ်း… လေတိမ်တိုက်စံအိမ်က ဒီလိုမွန်းစတားကောင်ကို လွှတ်ပေးလိုက်တာလား…”
“မြန်မြန်ပြေးပေတော့… ဒီနေရာက မလုံခြုံတော့ဘူး… ငါတို့ ဒီမှာဆက်နေလို့ရှိရင် ပြဿနာတက်ရလိမ့်မယ်…”
“မင်း ဘာတွေပြေးချင်နေတာလဲ… ဟိုမှာ ပုဟုန် လည်ပင်းညှစ်ခံထားရတာကို မတွေ့တာလား… ကျွတ် ကျွတ်… ဒီလူငယ်လေးက ဘယ်သူလဲကွ… ပုဟုန်ကိုတောင် လှုပ်မရအောင် ချုပ်ထားနိုင်တယ်…”
“မင်း ကန်းနေတာလား… အဆိပ်သခင်ကို ဒီလောက်လွယ်လွယ်နဲ့ ဖမ်းလို့ရမယ်များ ထင်နေတာလား… အဲ့ကောင်တော့ သွားပြီ… မဟုတ်ဘူး… ငါ မြန်မြန်ထွက်သွားမှရတော့မယ်… ငါ အခုနေ ထွက်မသွားလို့ရှိရင် ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်တော့မှာမဟုတ်ဘူး…”
လူအုပ်ကြီးမှာ ရုတ်တရက်ဆိုသလို ကျွတ်ကျွတ်ညံသွားအောင် လူပေါင်းများစွာသည် မြို့၏ အခြားတစ်ဖက်ဆီသို့ အသည်းအသန် ထွက်ပြေးကြတော့လေသည်။ သူတို့သည်သာ ခြေတစ်လှမ်းလောက် နောက်ကျနေမည်ဆိုပါက ဤနေရာမှ အသက်ရှင်လျက် ထွက်မသွားနိုင်တော့မည့်အလား။
“ကြည့်ရတာ ခင်ဗျားက တော်တော်နာမည်ကျော်တဲ့ပုံပဲ…” ရန်ကိုင်သည် လူအုပ်ကြီးကိုကြည့်နေရင်းမှ ပုဟုန်ဘက်သို့ အေးစက်စက်အမူအယာဖြင့် ပြန်စိုက်ကြည့်လျက် ပြောလိုက်လေသည်။
ပုဟုန်က ကြမ်းကြုတ်စွာပြုံးလျက် “ကောင်လေး… မင်းတော့ သေပြီသာမှတ်ပေတော့… ငါ့ခန္ဓာကိုယ်တစ်ခုလုံးက အဆိပ်တွေနဲ့ ပြည့်နေတာ… မင်းသာ ငါ့အနားကပ်မလာရင် ငါ မင်းရဲ့ပြိုင်ဘက် ဖြစ်နိုင်ဦးမှာမဟုတ်ဘူး… ဒါပေမယ့် မင်းက ငါ့ကို အခုလိုမျိုး အသားချင်းလာထိတယ်ဆိုမှတော့ သေဖို့သာ ပြင်ထားပေတော့…”
ပြောနေရင်းမှ အစိမ်းရောင်မြူခိုးငွေ့များသည် ရန်ကိုင်၏လက်မောင်းထဲ စီးဝင်လာခဲ့ပြီး အစိမ်းရောင်မြွေတစ်ကောင်ပမာ ရန်ကိုင်၏လက်ပေါ် ဖက်တွယ်တက်လာခဲ့လေသည်။ မျက်တောင်တစ်ခတ်အတွင်း ထိုအစိမ်းရောင်အငွေ့များသည် ရန်ကိုင်၏ အင်္ကျီစထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေ၏။
ရန်ကိုင်သည် ငုံ့ကြည့်ရင်းမှ ပြန်ပြောလိုက်လေသည်။ “ဒီလိုစုတ်ပဲ့နေတဲ့ဟာကြီးက အဆိပ်လား…”
ရန်ကိုင်စကားကြောင့် ပုဟုန်မှာ မကျေမနပ်ဖြစ်သွားခဲ့ပြီး ပြန်တော့မည်အပြု ရုတ်တရက် မျက်လုံးပြူးသွားပြီး ရန်ကိုင်၏လက်ဆီသို့ အံ့ဩတကြီးဖြင့် လှမ်းကြည့်လိုက်လေသည်။ ရန်ကိုင်သည် သူ့အင်္ကျီလက်စကို ဆွဲတင်လိုက်ရာ အစောပိုင်းက သူ့အင်္ကျီလက်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည့် အစိမ်းရောင်အငွေ့များသည် သူ၏ တံတောင်ဆစ်နေရာတွင် ရပ်တန့်နေကြောင်းကို တွေ့ရှိလိုက်ရလေသည်။
ပုဟုန်၏နဖူးထက် ချွေးအေးများ ဝေ့သီလာခဲ့ပြီး အထိတ်အလန့်ဖြင့် ပြန်မေးလိုက်လေသည်။ “မင်းဘယ်လိုလုပ်ပြီး ငါ့အဆိပ်ကို ခုခံနိုင်ရတာလဲ…”
ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။ “အဆိပ်ဘယ်လောက်အားကောင်းကောင်း ခန္ဓာကိုယ်သာ လုံလောက်အောင် အားကောင်းနေလို့ရှိရင် ဘာအဆိပ်ကိုမှ ကြောက်နေစရာမလိုဘူး…”
“မဖြစ်နိုင်ဘူး… ဒါလုံးဝမဖြစ်နိုင်ဘူး…” ပုဟုန်၏မျက်လုံးများ အဆက်မပြတ် တုန်ရီနေခဲ့လေသည်။ ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူတစ်ဦးသည်ပင်လျှင် သူ့အဆိပ်ကို ခုခံနိုင်ခဲ့ခြင်း မရှိလေရာ ဧကရာဇ်ပထမအဆင့်သာရှိသေးသော ဤလူငယ်လေးသည် သူ့အဆိပ်ကို မည်သို့များ ခုခံနိုင်နေရလေသနည်း။
ရန်ကိုင်သည် အဆိပ်မိသွားခဲ့ပါသော်ငြား ထိုအဆိပ်သည် ရန်ကိုင်၏ လက်မောင်းနေရာဆီသို့သာ ရောက်နိုင်ခဲ့ပြီး ရှေ့ဆက်မသွားနိုင်တော့ပေ။ ထို့အတွက်ကြောင့် ပုဟုန်မှာ အမှန်တရားကို လုံးဝလက်မခံနိုင်နေခြင်း ဖြစ်လေသည်။ သူ့အဆိပ်ကိုပင် ခုခံနိုင်နေရလေအောင် ဤလူငယ်လေး၏ခန္ဓာကိုယ်သည် မည်မျှများ အားကောင်းနေလေသနည်း။
ယခု သူ၏ အကြီးမားဆုံးသောဝှက်ဖဲ အလုပ်မဖြစ်တော့မှန်း တွေ့ရှိလိုက်ရသော် ပုဟုန်မှာ အမှန်တကယ်ကို ထိတ်လန့်လာတော့လေ၏။ တဖြည်းဖြည်း ရန်ကိုင်ဆီမှ စိမ့်ထွက်လာနေသော သတ်ဖြတ်လိုစိတ်ကိုလည်း သူခံစားနေမိလေသည်။ တဖြည်းဖြည်းနှင့် သူ့လည်ပင်းအား ဖျစ်ညှစ်ထားသည့်အားမှာလည်း ပိုပို၍ အားကောင်းလာနေသည်ကို သတိထားမိလိုက်သော် အလျင်စလို ပြောလိက်လေသည်။ “မင်းကိုယ်မင်း ငါ့အဆိပ်ကိုမမိအောင် ခုခံနိုင်တယ်ဆိုပေမယ့် ဟိုကောင်မလေးရော… သူကရော ငါ့အဆိပ်ကို ခုခံနိုင်မှာလား… မင်း သူ့ကို အသက်ရှင်စေချင်တယ်ဆိုရင် ငါ့ကိုလွှတ်ပေးလိုက်… အဲ့ဒါဆို အဲ့ကောင်မလေး အသက်ရှင်နိုင်ချေ ရှိဦးမယ်…”
ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “သူ့ကို စိတ်ပူမနေစရာမလိုဘူး… ခင်ဗျားဘာသာခင်ဗျား မြစ်ဝါမြစ်ကို အေးအေးဆေးဆေး သွားလိုက်…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် သူ့လက်ထဲသို့ ဧကရာဇ်ချီကို ထည့်သွင်းလိုက်လေသည်။
“ဘုန်း…” ခနဲမြည်သံနှင့်အတူ ပုဟုန်၏ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားခဲ့လေသည်။ သေသွားသည့်တိုင် ပုဟုန်၏မျက်လုံးများမှာတော့ လုံးဝကို ပြူးကျယ်နေခဲ့လေ၏။ သေသွားသည်အထိတိုင် ရန်ကိုင်သည် ထိုကောင်မလေး၏ အသက်ကို ဘာကြောင့် ဂရုမစိုက်သလဲဆိုသည်ကို နားမလည်နိုင် ဖြစ်နေခဲ့သည့်ပုံပင်။
ပုဟုန်သေသွားသည့်နောက် ရန်ကိုင်သည် သူ့လက်ကိုဆန့်ထုတ်၍ ပုဟုန်၏သိုလှောင်လက်စွပ်ကို လှမ်းယူလိုက်သည်။
လူအုပ်ကြီးမှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း လုံးဝကို မျက်လုံးအပြူးသား ပါးစပ်အဟောင်းသား ဖြစ်နေကြလေသည်။ အဆိပ်သခင်ပုဟုန်မှာ သေသွားခဲ့လေပြီ။ အနောက်ဘက်နယ်မြေတွင် နှစ်ပေါင်းများစွာကြာအောင် မင်းမူနေခဲ့သော အဆိပ်သခင်ပုဟုန်မှာ ယနေ့တွင်တော့ သေသွားခဲ့ရလေပြီ။
အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးသည့်နောက်တွင် လူအုပ်ကြီးဆီမှ ဝမ်းသာအားရ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့လေသည်။ လူတိုင်းသည်လည်း ရန်ကိုင်အား လေးစားအားကျသည့် အမူအယာများဖြင့် ကြည့်နေကြလေ၏။
အဆိပ်သခင်ပုဟုန် သေသွားသည်မှာ အမှန်တကယ်ကို ကောင်းသည့်ကိစ္စတစ်ခု ဖြစ်ပေသည်။ အဆိပ်သခင်ပုဟုန်သည် သူ့အဆိပ်များကို စမ်းသပ်ရန်အတွက် အနောက်ဘက်နယ်မြေထဲရှိ ကျင့်ကြံသူများကို စမ်းသပ်ခံများအဖြစ် အသုံးချခဲ့သည်။ တစ်ခါတစ်ရံဆိုလျှင် သူ့အဆိပ် မည်မျှအားကောင်းကြောင်း သိနိုင်ရန်အတွက် မြို့တစ်ခုလုံးကိုပင် အဆိပ်ခတ်ကာ သူ့ကိုယ်သူပုန်းကွယ်၍ တစ်ချိန်လုံး စောင့်ကြည့်ခဲ့သည်။ သူ့လုပ်ရပ်ကြောင့် မြို့ပေါင်းများစွာ ပျက်စီးခဲ့ရပြီး မရေမတွက်နိုင်သော လူပေါင်းများစွာ သေဆုံးခဲ့ရသည်။ ထိုအကြောင်းကြောင့်ပင်လျှင် အနောက်ဘက်နယ်မြေရှိ ကျင့်ကြံသူပေါင်းများစွာ အဆိပ်သခင်ပုဟုန်ဆိုသည့်လူကို မုန်းတီးနေရခြင်း ဖြစ်လေသည်။
ပုဟုန်၏ကျင့်ကြံခြင်းမှာ မြင့်မားခြင်းမရှိပါသော်ငြား အသုံးပြုသောအဆိပ်များသည် အလွန်ကိုမှ ရင်ဆိုင်ဖို့ရာ ခက်လှသည်။ သူ့လက်ချက်ကြောင့် သေသွားသည့် ဧကရာဇ်ဒုတိယအဆင့်ပညာရှင်အရေအတွက်မှာ မနည်းမနောပင်။ နောက်ပိုင်းတွင် ဧကရာဇ်တတိယအဆင့်ပညာရှင်များသည် သူ့အား လိုက်လံသတ်ဖြတ်ရန် ကြိုးစားခဲ့ပါသော်ငြား ပုဟုန်သည် လေတိမ်တိုက်စံအိမ်တွင် ဝင်ရောက်ခိုလှုံခဲ့လေသည်။ ထိုအချိန်မှစ၍ ပုဟုန် လူမြင်ကွင်းထဲမပေါ်လာခဲ့သည့်မှာ အတော်လေးကြာသွားခဲ့လေပြီ။ သို့သော်ငြား လူမြင်ကွင်းထဲ ပေါ်လာလာပြီးချင်းမှာပင် ယခုကဲ့သို့ အသေဆိုးနှင့် သေသွားရလိမ့်မည်ဟု မည်သူမျှ မျှော်လင့်ထားခြင်းမရှိချေ။
လူအုပ်ကြီး၏အော်ဟစ်သံများကို လျစ်လျူရှုလျက် ရန်ကိုင်သည် ဧကရာဇ်ချီကိုလှည့်ပတ်ရင်း သူ့လက်ထဲရှိအဆိပ်ကို ပြန်ဖယ်ထုတ်လိုက်လေသည်။ ပုဟုန်၏အဆိပ်မှာ အမှန်တကယ်ကို အံ့ဩဖွယ်ရာကောင်းလှသည်။ လွန်ခဲ့သောနှစ်အနည်းငယ်ခန့်ကရန်ကိုင်သာ ဆိုလျှင်တော့ ပုဟုန်၏လက်ရှိအဆိပ်ကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်ငြား နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို စတင်ကျင့်ကြံပြီးချိန်မှစ၍ ရန်ကိုင်သည် ရွှေနဂါးအမြုတေ၏စွမ်းအားနှင့် စတင်ပေါင်းစပ် လာနိုင်လေရာ အဆိပ်များအပေါ် သူ၏ခန္ဓာကိုယ်၏ ခုခံနိုင်စွမ်းမှာ အလွန်ကိုမှ မြင့်မားလာခဲ့ရလေသည်။
အစစ်အမှန်နဂါးတစ်ကောင်၏ ခန္ဓာကိုယ်သည် အမျိုးမျိုးသော အဆိပ်များအပေါ် ခုခံနိုင်စွမ်း မြင့်မားလှသည်။ ရန်ကိုင်သည် နဂါးကလန်၏ တကယ့်နဂါးတစ်ကောင်နှင့် ယှဉ်၍မရသေးပါသော်ငြား လက်ရှိ သူ့ခန္ဓာကိုယ်မှာတော့ ပုဟုန်၏အဆိပ်ကို ခုခံဖို့ရာ လုံလောက်သည်ထက်ပင် ပိုနေပေသည်။
တစ်ခဏအကြာတွင် ရန်ကိုင်၏လက်ချောင်းထိပ်မှ အစိမ်းရောင်အငွေ့များ စီးထွက်လာခဲ့လေသည်။ ဤအဆိပ်သည် အနည်းငယ်လေးသာ ဖြစ်ပါသော်ငြား မြို့တစ်မြို့လုံးကို ဖျက်ဆီးပစ်ရန်အတွက် လုံလောက်လေ၏။ ရန်ကိုင်သည် လေဟာနယ်နိယာမများကို အသက်သွင်း၍ အဆိပ်ကို ဟင်းလင်းပြင်ထဲသို့ ပို့လွှတ်လိုက်လေသည်။
ထို့နောက်တွင် လေဟာနယ်နိယာမကိုပင် သုံးလျက် ဆိုင်ခန်းထဲဆီသို့ ပြန်လာလိုက်ရာ စားပွဲတစ်ခုလုံး ယောက်ယက်ခတ်နေကြောင်း တွေ့လိုက်ရသည်။ ယခု စားပွဲပေါ်တွင် ရှိနေသည့် ဟင်းပွဲအားလုံးမှာ ပြောင်ရှင်းနေခဲ့ပြီး ပန်းကန်များသာ ကျန်ရစ်ခဲ့သည်။ လင်းယွင်အာမှာတော့ ဤမျှစားရပြီးသည်ကို မကျေနပ်သည့်အလား သူမ၏လက်ချောင်းများကို လျှာဖြင့် လျက်နေလေ၏။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် ဇောချွေးပြန်သွားခဲ့လေသည်။ ဤကောင်မလေး၏ဆရာဖြစ်ဖို့ရာ မလွယ်ကူလှပေ။ ဤစူဇကာပုဏ္ဏားကို ဝအောင်ကျွေးမွေးဖို့ရာဖြင့်ပင်လျှင် အလွန့်အလွန်ကိုမှ အကုန်အကျ များပေလိမ့်မည်။
“ဦးလေးရန် ပြန်လာပြီလား…” လင်းယွင်အာသည် ရန်ကိုင်ကိုမြင်ပြီးသည့်နောက် အပြုံးကြီးပြုံး၍ ပြောလိုက်သည်။
“အမ်… အာ… အင်း…” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ထို့နောက်ပြန်မေးလိုက်လေ၏။ “နင် အခု လေတိမ်တိုက်စံအိမ်ဆီ သွားဖို့လုပ်နေတာလား….”
“ဟုတ်တယ်…” ရန်ကိုင်၏အမေးကိုကြားသော် လင်းယွင်အာ၏မျက်နှာလေး ချက်ချင်း ဆူပုပ်သွားခဲ့လေသည်။ “လေတိမ်တိုက်စံအိမ်ကလူတွေက အရမ်းလွန်လွန်းတယ်… သူတို့သခင်လေးပြောတဲ့ပုံအရဆိုရင်တော့ မိန်းကလေးတွေအများကြီးကို သူ့အိမ်မှာ အကျဉ်းချထားတာတဲ့… ကျွန်မ သူတို့ကို သွားကယ်ချင်တယ်…” ထိုသို့ပြောပြီးသည့်နောက် လင်းယွင်အာသည် ဒေါသထွက်ထွက်ဖြင့် စားပွဲခုံကို ကောက်ရိုက်ချလိုက်ပြီး မတ်တပ်ရပ်လိုက်လေသည်။
“ဘာဖြစ်နေလို့လဲ…” ရန်ကိုင်က အံ့အားသင့်တကြီးဖြင့် ထပ်မေးလိုက်သည်။
“လေတိမ်တိုက်စံအိမ် ဘယ်မှာရှိလဲ မသိလို့…” လင်းယွင်အာသည် ရန်ကိုင်အား လှည့်ကြည့်လာ၍ ပြောလိုက်လေ၏။
ရန်ကိုင်၏နှုတ်ခမ်း တွန့်ကွေးတက်သွားခဲ့လေသည်။ “ဒါဆို နင် လေတိမ်တိုက်စံအိမ်ကို ဘယ်လိုသွားနေတာလဲ…”
လင်းယွင်အာက ရှက်ရှက်ဖြင့် ရယ်လျက် “ဒီတိုင်းပဲ စိတ်ထင်ရာအတိုင်း သွားကြည့်နေတာ…”
ရန်ကိုင်မှာ ရုတ်တရက်ဆိုသလို ခေါင်းကိုက်ချင်လာခဲ့လေသည်။ သို့သော်ငြား ဆက်၍ ပြောလိုက်သေး၏။ “ထားလိုက်တော့… ငါ နင်နဲ့လိုက်ခဲ့မယ်…”
လက်ရှိအချိန်တွင် ရန်ကိုင်အဖို့ အစောတလျင် လုပ်စရာကိစ္စ ဘာမှရှိမနေခဲ့ပေ။ အစကမူ ကျုမောင်နှမနှစ်ယောက်ကို လိုက်ရှာရန် စဉ်းစားထားပေသေးသည်။ သို့သော်ငြား ထိုနှစ်ဦးထွက်သွားသည်မှာ အတော်လေးကြာနေပြီဖြစ်သည့်အတွက်ကြောင့် ယခုမှလိုက်ရှာနေ၍လည်း ဘာမှမထူးတော့။ ထို့အပြင် သူ့အနေဖြင့် မြောက်ဘက်နယ်မြေသို့ ပြန်သွားသည့်အခါတွင် ထိုနှစ်ဦးကို တွေ့နိုင်ပေသေးသည်။ လင်းယွင်အာကိုမူ တွေ့ဖို့ရာ မလွယ်ကူလှချေ။ ထို့အတွက်ကြောင့် လင်းယွင်အာမှာ ဦးစားပေးဖြစ်လာတော့သည်။
ဤကောင်မလေးသည် အားကောင်းလိမ့်မည်ဖြစ်ပါသော်ငြား လောကကြီးတွင် သူမ သွားရန်စ၍မရသည့် လူများလည်း ရှိနေပေသေးသည်။ သူမ၏ နုံအသောပုံစံကြောင့် အခန့်မသင့်လျှင် ပြဿနာအကြီးကြီး တက်သွားနိုင်လေရာ ရန်ကိုင်အနေဖြင့် သူမနှင့်အတူ လိုက်သွားသည်မှာ ပို၍ကောင်းပေသည်။
ရန်ကိုင်၏စကားကို လင်းယွင်အာကြားလိုက်သော် လင်းယွင်အာ၏မျက်လုံးလေးများ တောက်ပသွားခဲ့ပြီး ပြန်၍ပြောလိုက်လေ၏။ “ဦးလေးရန်က အကောင်းဆုံးပဲ…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်ဆီသို့ ပြေးလာပြီး ရန်ကိုင်၏လက်မောင်းများကို အားပါးတရ ဖက်လိုက်လေသည်။ သူ့လက်မောင်းပေါ်ရှိ ပျော့အိအိအထိအတွေ့ကို ခံစားမိလိုက်သော် ရန်ကိုင်က ပြန်၍ပြောလိုက်လေ၏။ “ယွင်အာက တကယ်ကို အရွယ်ရောက်လာပြီပဲ… အခုဆို အပျိုဖားဖားတစ်ယောက်တောင်ဖြစ်နေပြီ…”
လင်းယွင်အာက ခေါင်းကိုညိတ်နေခဲ့သည်။ “အင်း… အင်း…”
ရန်ကိုင်က ဆက်၍ ပြောလိုက်သည်။ “အပျိုတစ်ယောက်ဖြစ်လာပြီဆိုမှတော့ ယွင်အာ… အရင်အတိုင်း ဆက်လုပ်လို့မရတော့တဲ့ အရာတွေ ရှိလာပြီ…”
“အင်း… အင်း…”
ရန်ကိုင်မှာ ထပ်ပြောရန် ကြံလိုက်ပါသော်ငြား ပြောချင်နေသည့်စကားလုံးများသည် လည်ချောင်းဝတွင် တစ်ဆို့သွားခဲ့ပြီး အဆုံးတွင်တော့ သက်ပြင်းသာ ချလိုက်လေသည်။ ထိုကောင်မလေးသည် တစ်ပါးသူ၏ အမြင်အောက်တွင် နေလာခဲ့ရသည်မှာ အလွန်ကိုမှ များသွားခဲ့သည်။ အပြင်လောကကြီး၏ အတွေ့အကြုံများကို ကိုယ်တိုင်ကိုယ်ကျ တစ်ခါမှ ကြုံဖူးခြင်းမရှိ။ ထို့အတွက်ကြောင့် ယောက်ျားနှင့် မိန်းမသားကြား မည်ကဲ့သို့ ပြုမူရမလဲဆိုသည်ကိုလည်း မသိချေ။ လက်ရှိလင်းယွင်အာသည် အလွန်ကိုမှ ရိုးသားပွင့်လင်းလွန်းလှသည်။ ထိုသို့ဖြစ်လေရာ ရန်ကိုင်လည်း သူမအား ဘာမှမပြောနိုင်တော့ချေ။
ရန်ကိုင်လည်း လင်းယွင်အာအား သင်ပြပေးမနေတော့ဘဲ အခြားတစ်ခုခုကို ပြောတော့မည်အပြု ရုတ်တရက် မျက်မှောင်ကျုံ့သွားခဲ့ပြီး ဘေးပတ်ဝန်းကျင်အား နိုးနိုးကြားကြားဖြင့် လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက်တွင် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်လေ၏။
“ဘာဖြစ်လို့လဲ…” လင်းယွင်အာက စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။
“နင်တစ်ခုခုခံစားမိလိုက်လား…” ရန်ကိုင်က အလျင်အမြန်မေးလိုက်သည်။
“အင်း… ခံစားမိလိုက်တယ်…” လင်းယွင်အာက ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။
“နင်လည်း ခံစားမိလိုက်တာလား…” ရန်ကိုင်သည် ချက်ချင်းပဲ သတိချပ်၍ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်စစ်ဆေးကြည့်လေ၏။ အစောပိုင်းက သူ့အား ရန်လိုသည့် အရိပ်အယောင်အချို့ကို ရန်ကိုင် ရုတ်တရက် ခံစားမိလိုက်ရသည်။ သို့သော်ငြား ထိုအရာသည် ပေါ်လာပြီးပြီးချင်း ချက်ချင်း ပြန်လည်ပျောက်ကွယ်သွားသည့်အတွက်ကြောင့် သူ၏စိတ်ထင်သက်သက်များ ဖြစ်လေသလားဟု ရန်ကိုင် တွေးထင်မိသွားရသည်။
“အင်း… အရမ်းခံစားလို့ကောင်းတယ်…”
ရန်ကိုင် ဆွံ့အသွားခဲ့လေ၏။ လင်းယွင်အာမှာတော့ ရန်ကိုင်၏လက်ကို ပို၍ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားရင်းမှ တခစ်ခစ် ရယ်မောနေခဲ့လေသည်။
ထို့နောက်တွင် ရန်ကိုင်တို့နှစ်ဦးသည် စားသောက်ဆိုင်မှ ထွက်လာပြီး လေတိမ်တိုက်စံအိမ်အား မည်ကဲ့သို့သွားရမလဲဆိုသည်ကို လမ်းကြောင်းမေးမြန်းပြီးသည့်နောက်တွင် ရန်ကိုင်သည် ပန်းတိမ်တိုက်လွန်းပျံကိုထုတ်ကာ လင်းယွင်အာကိုခေါ်၍ လေတိမ်တိုက်စံအိမ်ရှိရာဆီသို့ ထွက်လာခဲ့လိုက်လေ၏။