မိုဟန်ကျီကို သိလား
Vol. 14 Ch. 131
"ဝါးပင်ဟာ နှိမ့်ချတတ်တဲ့ လူကြီးလူကောင်းတစ်ယောက်လိုပါပဲ လေပြည်ညင်းနဲ့ လရောင်အောက်မှာ ကဗျာတွေ သီကုံးတတ်တဲ့ ဒုတိယစီနီယာအစ်ကိုနဲ့ဆို သိပ်လိုက်ဖက်တာပဲ"
မင်ယွဲ့က စုန့်မင်းဆက်ကဗျာကို လှမ်းပေးလိုက်သည်။
"ကျေးဇူးပါပဲ ဂျူနီယာညီမလေး"
ဂျူနီယာညီမလေးဆီမှ ပထမဆုံးအကြိမ် လက်ဆောင်ရရှိခြင်းဖြစ်ရာ သူ့နှလုံးသားမှာ နွေးထွေးသွားရသည်။
"နောက်တစ်လှည့်က ငါ့အလှည့်လား ငါ့အတွက် ဘာတွေပြင်ဆင်ထားလဲဆိုတာ တကယ်ကို သိချင်နေပြီ"
ချန်ကျွင်းက ဖုန်းထဲမှတစ်ဆင့် လှမ်းပြောလိုက်
သည်။
"စီနီယာအစ်ကို သုံးကတော့ ဂန္ဓမာပန်းနဲ့ တူတယ်လို့ ကျွန်မထင်တယ်၊ ဘယ်လိုလဲ"
အဂ္ဂါဝုဒ်လက်ပတ်တွင် စီခြယ်ထားသော အဝါရောင်ဂန္ဓမာပန်းလေးမှာ အလွန်ပင် လှပလွန်းလှသည်။
"ငါကတော့ ပန်းတွေထဲက ရေကန်အနားက ရသေ့တစ်ပါးလို ဘွဲ့ထူးနဲ့ မထိုက်တန်ပါဘူး"
ချန်ကျွင်းက ပြုံးလျက်ပြောသည်။
သူပြုံးလိုက်သောအခါ မျက်ဝန်းအစုံက ပိုမိုတောက်ပ၍ ကြည့်ကောင်းသွားသည်။
"ဒါပေမဲ့ စီနီယာအစ်ကို သုံးက ထုံးတမ်းစဉ်လာတွေကို ဂရုမစိုက်ဘဲ လွတ်လပ်ပေါ့ပါးစွာ နေတတ်တယ်လေ ဒါကလည်း ဂန္ဓမာပန်းရဲ့ သဘောသဘာဝနဲ့ ကိုက်ညီတာပဲ မဟုတ်လား"
ဂန္ဓမာပန်းသည် တစ်သီးပုဂ္ဂလ ဆိတ်ငြိမ်ခြင်းကို ကိုယ်စားပြုသော်လည်း၊ ယင်းသည် သူတို့ကိုယ်တိုင် ရွေးချယ်ထားသည့် ဘဝနေထိုင်မှုပုံစံ မဟုတ်ဟု မည်သူငြင်းနိုင်ပါသနည်း။
"ညီမလေးပြောတာ မှန်တာပေါ့"
ချန်ကျွင်း၏ မျက်ဝန်းအိမ်များက ဝိုင်းစက်တောက်ပနေပြီး သူ၏ဟန်ပန်မှာ ကျော့ရှင်းကာ လွတ်လပ်ပေါ့ပါးသည့် အငွေ့အသက်များ လွှမ်းခြုံနေသည်။
သူ၏ ရုပ်ရည်သွင်ပြင်အရဆိုလျှင် မက်မွန်ပန်း နှင့် ပို၍ပင် လိုက်ဖက်သော်လည်း မင်ယွဲ့သည် စီနီယာအစ်ကို သုံး၏ အတိတ်ကြောင်းကို သိရှိထားသည်။
သူ၏ မိသားစုက သူ့ကို ဘဏ္ဍာရေးစီမံခန့်ခွဲမှု ဘာသာရပ်များကို သင်ယူစေလိုသော်လည်း သူက စိတ်မဝင်စားခဲ့ပေ။ ထို့ကြောင့် အိမ်မှထွက်ပြေးကာ ဆရာကြီးထံတွင် ဂီတပညာကို လာရောက်ဆည်းပူးခဲ့ခြင်း ဖြစ်သည်။
မိသားစုက ထောက်ပံ့ကြေးများ ဖြတ်တောက်လိုက်သောအခါ ဆရာကြီး၏အိမ်တွင် စားသောက်ရင်း၊ အတူသင်ဖော်သင်ဖက်များ၏ အကူအညီဖြင့် ကြံ့ကြံ့ခံ ရုန်းကန်ခဲ့ရသည်။
ယခုအခါ မိသားစုတွင် ဒုတိယမြောက်သားတစ်ဦး ရှိနေပြီဖြစ်၍ သူသည် မိသားစုစီးပွားရေးကို ဆက်ခံရန် မလိုအပ်တော့သလို၊ ဂီတလောကတွင်လည်း ထင်ပေါ်ကျော်ကြားသူတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် မိသားစုက သူ့ကို ပြန်လည်ဆက်သွယ်လာပြီး အိမ်ပြန်လာရန် စည်းရုံးကြလေသည်။
သို့သော် ချန်ကျွင်းသည် ကိုယ်ပိုင်မူဝါဒ ရှိသူဖြစ်သည်။ သူသည် မိသားစုထံမှ အခွင့်အရေးများကို ရယူကာ မိမိကိုယ်ကိုယ် ပျောက်ဆုံးမခံနိုင်သလို၊ သေသည့်တိုင်အောင် မိသားစုအတွက်သာ မြှုပ်နှံထားလိုသူ မဟုတ်ပေ။
အသက် (၁၄) နှစ်အရွယ်တွင် မိသားစုက သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း မလိုက်နာသဖြင့် ထောက်ပံ့ကြေး ဖြတ်တောက်ခံရစဉ်ကပင် သူ အရာအားလုံးကို နားလည်ခဲ့ပြီးဖြစ်သည်။
ဘုရားသခင်ပေးသမျှ လက်ဆောင်တိုင်းတွင် တန်ဖိုးတစ်ခု စျေးနှုန်းကပ်လျက်ပါလာစမြဲပင်။ သူသည် မွေးဖွားရာ ဇာတ်မြစ်ကို မပြောင်းလဲနိုင်သော်လည်း၊ ဤလက်ဆောင်ကို စွန့်ပယ်ရန်တော့ ရွေးချယ်နိုင်ခဲ့သည်။ ထို့ကြောင့် သူသည် ပြတ်ပြတ်သားသားပင် ယနေ့တိုင် ရုန်းကန်လာခဲ့ခြင်း ဖြစ်သည်။
ဂီတသင်ယူခြင်းသည် လောဘနှင့် အကျိုးအမြတ်အပေါ် မအခြေခံသင့်ကြောင်း ဆရာကြီး၏ ဆုံးမမှုကို သူ အမြဲနှလုံးသွင်းထားသည်။
ထို့ကြောင့် သူသည် အောင်မြင်မှုမရခင်အထိ ဂီတကို အသုံးချကာ ငွေရှာခြင်း မပြုခဲ့ပေ။
ဆရာကြီး၏ ကျေးဇူးတရားမှာ သူ၏ အရင်းအမြစ် မိဘများထက်ပင် သာလွန်ကြီးမားလှသည်။ သူ အခက်အခဲကြုံနေစဉ်တွင် ဘေးမှ ရပ်ကြည့်နေခဲ့သော မိဘများက သူ အောင်မြင်လာချိန်မှသာ အခွင့်အရေးယူရန် ပေါ်လာကြခြင်းကို သူ မနှစ်မြို့ပေ။
"ဒီလိုပြောတာမျိုးကို ပထမဆုံး ကြားဖူးတာပဲဒါပေမဲ့ ငါ တကယ်သဘောကျတယ် အဲဒီလက်ဆောင်ကို ခဏသိမ်းထားပေးပါ၊ ငါပြန်လာတဲ့အခါကျရင် ကိုယ်တိုင်လာယူမယ်"
ချန်ကျွင်းက ပြုံးလျက် ပြောလိုက်သည်။
"ကောင်းပါပြီ"
မင်ယွဲ့က ဘူးလေးကို ပြန်ပိတ်လိုက်သည်။
"ငါ ခန့်မှန်းကြည့်မယ် ငါက မက်မွန်ပန်း မဟုတ်လား။ ဒါနဲ့ ဘာလို့ ငါက မက်မွန်ပန်း ဖြစ်ရတာလဲ"
ဝူရှောင်က ဇဝေဇဝါဖြင့် မေးသည်။
အေးစက်သော ရာသီဥတုတွင် တစ်ဦးတည်း ပွင့်လန်းတတ်သော မက်မွန်ပန်းနှင့် သူ၏ ပျော်ပျော်နေတတ်သော စရိုက်က မည်သို့မျှ မအပ်စပ်ဟု သူ ထင်နေသည်။
"ဘာလို့ သစ်ခွပန်းက စီနီယာအစ်ကိုလို့ မထင်တာလဲ"
မင်ယွဲ့က ပြုံးလျက် ပြန်မေးလိုက်သည်။
"တိတ်ဆိတ်တဲ့ ချိုင့်ဝှမ်းထဲက သစ်ခွနံ့က ယဉ်ကျေးသိမ်မွေ့ပြီး ကြည့်ရတာ မျက်စိပသာဒ ဖြစ်စေတယ် ဒါက သိမ်မွေ့တဲ့ ပဉ္စမစီနီယာအစ်ကိုနဲ့ သိသိသာသာ လိုက်ဖက်တာပေါ့"
"ငါက စတုတ္ထစီနီယာအစ်ကို၊ မင်းက ပဉ္စမစီနီယာအစ်ကို ဂျူနီယာညီမလေးကို အမှတ်မှားအောင် မလုပ်နဲ့"
ဝူရှောင်နှင့် ပိုင်ကျင်းတို့၏ စီနီယာ၊ ဂျူနီယာ အငြင်းပွားမှုကို မင်ယွဲ့က ကျင့်သားရနေပြီ ဖြစ်သည်။
"ဒါဆို စီနီယာအစ်ကို ခန့်မှန်းတာ မှန်ပါတယ်မက်မွန်ပန်းပဲ ကျန်တော့လို့ အဲဒါပဲ ပေးရတော့မှာပေါ့"
မင်ယွဲ့က နောက်ပြောင်လိုက်သည်။
အမှန်စင်စစ် ဝူရှောင်သည် လွတ်လပ်မှုကို မြတ်နိုးသူဖြစ်သော်လည်း ဂီတအပေါ်တွင်မူ အလွန်ပင် စွဲမြဲသူဖြစ်သည်။
သူသည် အခက်ခဲဆုံးအချိန်များတွင်ပင် သူ၏ ရည်မှန်းချက်ကို စွန့်လွှတ်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် သူ၏ စိတ်ဓာတ်မှာ အေးစက်သော ဆောင်းရာသီတွင် ရဲရဲတောက် ပွင့်လန်းသည့် မက်မွန်ပန်းနှင့် အမှန်တကယ်ပင် ဆင်တူလှသည်။
"ကျေးဇူးပါပဲ ဂျူနီယာညီမလေး"
မင်ယွဲ့၏ စိတ်ရင်းမှန်ဖြင့် ပြင်ဆင်ထားသော လက်ဆောင်များကို လူတိုင်းက သဘောကျနေကြသည်။
ထိုစဉ် ဖုန်းထဲမှ နိုင်ငံခြားသားများ စကားပြောသံကို ကြားလိုက်ရသဖြင့် ဝူရှောင်က မေးလိုက်
သည်။
"ချန်ကျွင်း၊ မင်း ဘာလုပ်နေတာလဲ"
"ဘာမှမဟုတ်ပါဘူး..."
ချန်ကျွင်းက ဖုန်းကို အလျင်အမြန် အုပ်
လိုက်သော်လည်း
"မိန်းမချောလေး, ကွန်ဖူးပန်ဒါ"
ဟူသော အသံများ ထွက်ပေါ်လာပြီးနောက် ဖုန်းလိုင်း ပြတ်တောက်သွားသည်။
ချန်ကျွင်းသည် မင်ယွဲ့ကို အခြားသူများအား မမြင်စေလိုသည်မှာ ထင်ရှားသည်။
"ဟေး... အဲဒီ နိုင်ငံခြားသားက အမြင်ရှိသားပဲ ငါတို့ ညီမလေးက တကယ်လှတာကိုး ဒါပေမဲ့ မျက်စိတော့ သိပ်မကောင်းဘူးထင်တယ် ယွမ်ပေါ့ကို ပန်ဒါနဲ့ မှားနေတယ်"
ဝူရှောင်က ဖုန်းကို သိမ်းရင်း ပြောလိုက်သည်။
မင်ယွဲ့နှင့် ယွမ်ပေါ့တို့က တစ်ယောက်ကိုတစ်ယောက် ပြိုင်တူ ကြည့်လိုက်ကြသည်။
"ဘာလို့ ငါ့ကို အဲဒီလို ကြည့်နေကြတာလဲ"
ဝူရှောင်က အံ့သြတကြီး အော်လိုက်သည်။
သူကိုယ်တိုင်လည်း ယွမ်ပေါ့ကို စတွေ့စဉ်က ပန်ဒါဟု ထင်ခဲ့သည်ကို မေ့နေပုံရသည်။ ယွမ်ပေါ့သည် စနစ်မှ ပန်ဒါဖြစ်သော်လည်း ယင်းကို မင်ယွဲ့တစ်ဦးတည်းသာ သိရှိခြင်း ဖြစ်သည်။
စားသောက်ပြီးနောက် ယွမ်ပေါ့သည် မင်ယွဲ့၏ ပေါင်ပေါ်တွင် အိပ်ပျော်သွားသည်။ ဟယ်ဝမ်က မင်ယွဲ့ကို အိမ်သို့ လိုက်ပို့ပေးခဲ့သည်။
အိမ်ရာဝင်း အဝင်ဝသို့ ရောက်သောအခါ မင်ယွဲ့က ကားပေါ်မှ ဆင်းရန် ပြင်လိုက်စဉ် ဟယ်ဝမ်က မေးလိုက်သည်။
"မိုဟန်ကျီကို သိသလား"
"ဟုတ်ကဲ့၊ သိပါတယ်"
မင်ယွဲ့က အံ့သြသွားသော်လည်း မှန်ရာကိုသာ ဖြေလိုက်သည်။
"သူက ဘယ်လိုလူစားမျိုးလို့ ထင်သလဲ"
ဟယ်ဝမ်က အနည်းငယ် အံ့သြသွားသည်။
သူ၏ ဝမ်းကွဲအစ်ကိုဖြစ်သူသည် ရုပ်ရည်ချောမောသော်လည်း အမျိုးသမီးများနှင့် ပတ်သက်လျှင် ကံမကောင်းသူဖြစ်သည်။
"အင်း... အပြင်ပန်းမှာ အေးတိအေးစက် နိုင်ပေမဲ့ တကယ်တော့ သူက ကြင်နာတတ်တဲ့ စိတ်နှလုံးရှိတဲ့ လူကြီးလူကောင်းတစ်ယောက်ပါ အရမ်းကို စာနာထောက်ထားတတ်တဲ့ သူတစ်ယောက်လည်း ဖြစ်တယ်"
သူမ၏ အဖြေကြောင့် ဟယ်ဝမ်မှာ အံ့အားသင့်သွားရလေသည်။