ဒါက ခုခံကာကွယ်မှုလား
Vol. 14 Ch. 135
အွန်လိုင်းလူထု၏ ဝေဖန်မှုလှိုင်းလုံးများမှာ အချိန်တိုအတွင်း ပြင်းထန်လွန်းလှသဖြင့်
ဆိုင်မန်နေဂျာမှာ အကျပ်ရိုက်နေလေသည်။
လုံခြုံရေးဝန်ထမ်းများကို ခေါ်ယူကာ ထိုသူတို့အား တားဆီးစေလိုသော်လည်း၊ လူမှုကွန်ရက်အသုံးပြုသူများက ဆိုင်၏ဂုဏ်သိက္ခာကို ပိုမိုနင်းချေဖျက်ဆီးမည့် အရေးကို စိုးရိမ်နေရသည်။
သို့သော်လည်း ဤသို့ အခြေအမြစ်မရှိ စွပ်စွဲချက်များကို လွှတ်ထား၍လည်း မဖြစ်ပေ။
"လူကြီးမင်းနဲ့ မမလေးရှင့်၊ ကျွန်မတို့ဆိုင်က အတုရောင်းတယ်လို့ စွပ်စွဲချင်ရင် သက်သေပြပါရှင် ကျွန်မတို့က ရိုးသားမှုကို အရင်းခံပြီး လုပ်ကိုင်နေတာပါ အခု သက်သေမပြနိုင်ဘူးဆိုရင်တော့ ဒါဟာ အသရေဖျက်မှုဖြစ်လို့ တရားစွဲဆိုသွားမှာပါ"
မန်နေဂျာသည် အခြေအနေကို ရိပ်မိလိုက်ပြီဖြစ်သည်။ ဤစုံတွဲသည် ငွေညှစ်ရန်ထက် ဆိုင်၏ပုံရိပ်ကို ဖျက်ဆီးရန် ရည်ရွယ်နေခြင်းသာ ဖြစ်သည်။
"အရောင်းဝန်ထမ်းလေး၊ ကျွန်မ ငွေရှင်းမယ်"
ထိုစဉ် မင်ယွဲ့၏ အသံက ဆိုင်အတွင်း ဟိန်းထွက်သွားသည်။ ဆိုင်အတွင်းရှိ လူများသာမက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူများပါ ငြိမ်ကျသွားကြသည်။ ထို့နောက် မှတ်ချက်ကဏ္ဍတွင် စာသားများ အလုအယက် တက်လာတော့သည်။
"ဒီလောက်လှတဲ့ နတ်မိမယ်လေးက ဘယ်ကနေ ရောက်လာတာလဲ"
"ဒါ အသက်ဝင်နေတဲ့ နတ်ဘုရားမလေးပဲ"
ထိုအမျိုးသားသည် တုန်ယင်နေသော ကင်မရာထဲသို့ မင်ယွဲ့၏ ရုပ်သွင် ဝင်လာလိမ့်မည်ဟု မထင်မှတ်ထားပေ။
သူတို့ တမင်တကာ ဝတ်ဆင်လာသည့် နွမ်းပါးသော အဝတ်အစားများမှာ မင်ယွဲ့၏ တောက်ပသော အလှတရားရှေ့တွင် အရောင်မှိန်သွားရသည်။
"ညီမလေး၊ မလှည့်စားခံနဲ့နော် သူတို့က အတုတွေ ရောင်းနေတာမို့ ငါတို့ အခုပဲ ပြသာနာရှင်းနေတာ"
ဟု ထိုအမျိုးသားက မင်ယွဲ့ကိုပါ သူတို့ဘက်ပါအောင် ဆွဲဆောင်ရန် ကြိုးစားလိုက်သည်။
မင်ယွဲ့က ထိုသူတို့ကို တစ်ချက်ပြုံးကြည့်
လိုက်ကာ
“ရှင်တို့က ဝတ်တာစားတာ ရိုးရှင်းပေမဲ့ နည်းပညာအသစ်တွေကိုတော့ တော်တော်
ကျွမ်းကျင်တာပဲ လူတွေ စိတ်ဝင်စားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကောင်းကောင်းသိနေတာပဲနော်"
ဟု ပြောလိုက်သည်။
မင်ယွဲ့၏ စကားကြောင့် မှတ်ချက်များ ပြောင်းလဲသွားပြန်သည်။
"ဟုတ်သားပဲ၊ မိခင်အိုကြီးအတွက် လက်ကောက်ဝယ်ပေးတဲ့ လူရိုးကြီးဆိုပြီး လိုက်ဖ်လွှင့်တာကျတော့ ဘာလို့ ဒီလောက် ကျွမ်းကျင်နေရတာလဲ"
ဟု မေးခွန်းထုတ်လာကြသည်။ ထိုသူမှာ ပျာပျာသလဲ ဖြစ်သွားပြီး မင်ယွဲ့ကို ရန်ငြိုးတေးဖြင့် စိုက်ကြည့်လေသည်။
မင်ယွဲ့သည် မန်နေဂျာကို ဘေးသို့ဖယ်ကာ ရှေ့သို့ တိုးလိုက်သည်။ သူမသည် ခန္ဓာကိုယ်ကြံ့ခိုင်မှုနည်းစနစ်ကို အလတ်တန်းအဆင့်အထိ လေ့ကျင့်ထားသူဖြစ်ရာ ဤလူစားမျိုးကို လက်သီးတစ်ချက်ဖြင့်ပင် အဝေးသို့ လွင့်စင်သွားအောင် လုပ်နိုင်စွမ်းရှိသည်။
"မန်နေဂျာ၊ ဒါလေးကို တစ်ချက်ကြည့်ပေးပါဦး"
မင်ယွဲ့က ယွမ်ပေါ့ ပေးပို့ထားသော ဗီဒီယိုဖိုင်ကို ဖွင့်ပြလိုက်သည်။ ထိုဗီဒီယိုထဲတွင် သူတို့၏ လက်အင်္ကျီအတွင်း၌ လက်ကောက်ကို အကွက်ကျကျ လဲလှယ်နေပုံမှာ ထင်ရှားစွာ ပေါ်လွင်နေသည်။ ဤသည်မှာ သာမန်လုံခြုံရေးကင်မရာများ မမြင်နိုင်သည့် ထောင့်မှ ယွမ်ပေါ့၏ အဆင့်မြင့်ကင်မရာက ရိုက်ကူးထားခြင်း ဖြစ်သည်။
အမျိုးသားဖြစ်သူက အခြေအနေမဟန်သည်ကို သိသဖြင့် ထွက်ပြေးရန် ပြင်သည်။ သို့သော် မင်ယွဲ့က သူ့ကို ဖမ်းဆွဲကာ ဒူးခေါက်ကွေးကို ကန်ချလိုက်ရာ သူသည် ဒူးထောက်လျက်သား ဖြစ်သွားရသည်။
မင်ယွဲ့က သူ၏ဖုန်းကို လုယူကာ သူမဖုန်းထဲမှ ဗီဒီယိုကို Live ကြည့်နေသူများ မြင်အောင် ပြသလိုက်သည်။
"တောက်... ဒီလူတွေက ငါတို့ရဲ့ သနားကြင်နာမှုကို အလွဲသုံးစားလုပ်တာပဲ"
"သေသင့်တဲ့ လူလိမ်တွေ"
ဟု မှတ်ချက်များ ပြင်းထန်လာသည်။
မင်ယွဲ့က ရဲစခန်းသို့ ဖုန်းဆက်နေစဉ် အမျိုးသမီးဖြစ်သူက သူမကို တိုက်ခိုက်ရန် ပြေးဝင်လာသည်။ မင်ယွဲ့က ဖုန်းပြောနေရင်းပင် အလိုအလျောက် တုံ့ပြန်မှုဖြင့် ထိုအမျိုးသမီးကို ကန်ထုတ်လိုက်ရာ သူမမှာ အဝေးသို့ လွင့်စင်သွားသည်။
"ဟယ်လို... အရာရှိရှင့်၊ တရားခံက ကျွန်မကို ရန်မူဖို့ ကြိုးစားလို့ ကျွန်မ မတော်တဆ ကန်ထုတ်လိုက်မိပါတယ်။ ဒါက ခုခံကာကွယ်မှုလို့ သတ်မှတ်လို့ ရမလားဟင်"
ဖုန်းတစ်ဖက်မှ ခဏတာ တိတ်ဆိတ်သွားပြီးနောက်
“ရပါတယ်"
ဟု ပြန်ဖြေလာသည်။
မင်ယွဲ့မှာ ထိုသူများအတွက် ဆေးဖိုးဝါးခ မကုန်ရတော့သဖြင့် စိတ်သက်သာရာ ရသွားတော့သည်။ သူမသည် ထိုသို့သော ယုတ်မာသူများအတွက် ပြားစေ့တစ်စေ့မျှ အကုန်အကျ မခံလိုပေ။