အကြီးအကျယ် ရိတ်သိမ်းခြင်း
Vol. 3 Ch. 21
ကျားဘုရင်အနေဖြင့် ကျီယွဲ့ဂိုဏ်းကလူတွေထက် သူ၏အစီအစဉ်ကောင်းများကို ကြားဖြတ်နှောင့်ယှက်ခဲ့သည့် ကျန်းချန်ကို ပိုမုန်းလေသည်။
“တောက်... ဒါက တန်ပြန်သက်ရောက်မှုလား”
ဤတိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်၌ အစ်ကိုကြီးချန်တစ်ယောက် လုံးဝ မခုခံနိုင်သလို၊ ရှောင်တိမ်းဖို့လည်း အချိန်မရခဲ့ပေ။ သူဆင့်ခေါ်လိုက်သည့်ကူညီသူက သူ့ကိုပြန်ပြီး အန္တရာယ်မပြုနိုင်ဟူသည့် စနစ်၏ စည်းမျဉ်းတွေက အမှန်ဖြစ်ပါစေလို့ပဲ သူဆုတောင်းနိုင်တော့သည်။
*ဝုန်း*
မျက်စိသုံးလုံးကျားက ကျန်းချန်ကို ထိမိလုနီးနီးတွင် မိုးကြိုးပစ်ချခံလိုက်ရသည်။
“ညောင်...”
၎င်း၏ ခန္ဓာကိုယ်လေးသည် မိုင်ပေါင်းရာနှင့်ချီ လွင့်ထွက်သွားပြီး တောင်ထိပ်များစွာကို ပြိုကျပျက်စီးသွား၏။ ပြင်းထန်သောနာကျင်မှုကြောင့် အရေပြားများ စုတ်ပြတ်သတ်သွားပြီး ထက်မြက်သော လက်သည်းများပင် အရည်ပျော်မတတ် ဖြစ်သွားရသည်။
ယခုတစ်ကြိမ်တွင်မူ ကျားဘုရင်မှာ အလွန်ကြောက်လန့်သွားတော့သည်။
“တောက်... ငါ ပြန်သွားတာပဲ ကောင်းမယ်”
“မင်း စောင့်နေလိုက်...”
ထုံးစံအတိုင်း ကြုံးဝါးစကားအချို့ ပြောပြီးနောက် ၎င်းသည် ကျီယွဲ့ဂိုဏ်းသို့ ပြန်မသွားတော့ဘဲ ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ ဝေးကွာသော တိမ်တိုက်များဆီသို့ တန်းတန်းမတ်မတ် ပြေးထွက်သွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ပျောက်ကွယ်သွားလေသည်။
“ဒီကောင်ကြီးက ဒီအတိုင်း ထွက်သွားတာလား”
“ခနလောက်ထိုင်ပြီး လက်ဖက်ရည်လေးသောက်... စကားလေးဘာလေး ပြောပါဦးလား”
“ငါ ကျေးဇူးတောင် မတင်ရသေးဘူး...”
မျက်စိသုံးလုံးကျားက မကြာမီက ရက်စက်ကြမ်းကြုတ်မှုတွေကို ပြသခဲ့ပြီး သူ့ကိုတိုက်ခိုက်ခဲ့သော်လည်း ကျန်းချန်ကတော့ သူ့အနားမှာထားချင်နေဆဲ။ ဘယ်လိုဖြစ်ဖြစ် အဲ့ဒီကောင်က သူ့ကို အန္တရာယ်မပြုနိုင်ပေ။
‘အကယ်၍... အကယ်၍များ သူနဲ့ မကြာခဏစကားပြောပြီး ချော့မြှောက်ပေးရင် ကမ္ဘာကြီးကို လွှမ်းမိုးနိုင်မယ့် အစွမ်းထက်စီးတော်ယာဉ်တစ်ကောင်ဖြစ်အောင် လှည့်စားလို့ရနိုင်မလား........’
‘ဒါနဲ့... အဲ့ဒီမိစ္ဆာသားရဲက ပိုပြီးကြီးထွားလာနိုင်တယ် မလား... အဲ့ဒါဆိုရင် ဘယ်လောက်တောင် မိုက်မလဲ...’
ကံမကောင်းစွာဖြင့် မျက်စိသုံးလုံးကျားက ဇွဲမရှိလှပေ။ ကျန်းချန်ကို သတ်၍မရသည့်အတွက် အပင်ပန်းမခံတော့ဘဲ တန်းပြန်သွားတော့၏။
‘နောင်တစ်ချိန်မှာ သူ့ကိုပြန်ဆင့်ခေါ်ဖို့ အခွင့်အရေးရှိဦးမယ်လို့ မျှော်လင့်ရတာပဲ.....’
အစ်ကိုကြီးချန်က ထိုအတွေးတွေကို ဘေးဖယ်ထားလိုက်ပြီး ကျီယွဲ့ဂိုဏ်း၏ လူသူကင်းမဲ့နေသော ခန်းမဆောင်တွေကိုကြည့်ကာ ပါးစပ်နားရွက်ချိတ်အောင် ပြုံးဖြီးသွားတော့သည်။
အနည်းဆုံး နှစ်နာရီလောက်တော့ ဤနေရာတွင်ရှိသမျှအရာအားလုံးကို စိတ်ကြိုက်ယူနိုင်လေပြီ။ ကျီယွဲ့ဂိုဏ်းက အလယ်အလတ်အဆင့်ဂိုဏ်းတစ်ခုသာဖြစ်သော်လည်း သူတို့၏ စုဆောင်းထားမှုများက အလွန်ကြွယ်ဝလှသည်။
ထို့အပြင် သူတို့ယခင်က ဖေးရှန်ဂိုဏ်းကို လုယက်ထားပြီး ၎င်းပစ္စည်းများကို ချီရီဂိုဏ်းကို မဆက်သရသေးဘဲ ဘဏ္ဍာတိုက်ထဲတွင် ရှိနေဆဲဖြစ်သည်။ ယခုအချိန်တွင် ထိုအရာအားလုံးမှာ သူ့အတွက် ရိတ်သိမ်းရမည့်အရာများဖြစ်လာလေပြီ။
တောင်ပုံရာပုံရှိနေသည့် ဝိညာဉ်ကျောက်တုံးများ၊ အဆုံးမရှိသော ဝိညာဉ်ဆေးဖက်ဝင်အပင်များ၊ ရေတွက်လို့မရနိုင်သည့် ဝိညာဉ်အဆောင်စာရွက်များ၊ တောအုပ်တစ်ခုလို များပြားလှသော ဝိညာဉ်ဓားများနှင့် ဝိညာဉ်ချပ်ဝတ်များအပြင် မရေမတွက်နိုင်သည့် စာအုပ်များ... များစွာ.... များစွာသောပစ္စည်းများ... သူ့အပိုင်ဖြစ်လာတော့သည်။
ကျန်းချန် အခက်တွေ့ရလေပြီ။ သူက သိမြင်မှုစွမ်းရည်ကို ဖွင့်လိုက်ပြီး တိုက်ပွဲအတွင်း နေရာအနှံ့ပြန့်ကျဲနေသည့် သိုလှောင်လက်စွပ်များကို လိုက်ရှာရတော့သည်။ သို့မဟုတ်လျှင် သူ၏ကိုယ်ပိုင်သိုလှောင်လက်စွပ်က ဤအရာအားလုံးကို မဆံ့ပေ...
ထိုသိုလှောင်လက်စွပ်များအတွင်း၌လည်း ကောင်းမွန်သော ပစ္စည်းအမြောက်အမြားကို တွေ့ရှိရ၏။
သိုလှောင်လက်စွပ်ပိုင်ဆိုင်နိုင်သူများမှာ အကြီးအကဲများ သို့မဟုတ် တပည့်ရင်းများသာ ဖြစ်ကြသည်။
အထူးသဖြင့် ချီကောင်းဟုန်၏ သိုလှောင်လက်စွပ်ထဲ၌ အဆင့် ၆ ဝိညာဉ်ဓားတစ်လက်ကိုပင် တွေ့ရှိရပေသည်။
၎င်းအပြင် လခြမ်းကွေး ဓားထိန်းချုပ်မှုနည်းစနစ် အပြည့်အစုံကိုလည်း တွေ့ရ၏။
ကျန်းချန်သည် ဤဓားပညာကို သဘောကျလှသည်မဟုတ်သော်လည်း ၎င်းမှာ ယခုထက်တိုင် သူအသုံးပြုနိုင်သည့် တစ်ခုတည်းသော ပညာရပ်ဖြစ်သဖြင့် လေ့ကျင့်ထားရန် လိုအပ်ပေသည်။
သူသည် အမှန်တကယ်ပင် ကြွယ်ဝချမ်းသာသွားခဲ့ပေပြီ။
တစ်နာရီကျော်မျှ အလုပ်ရှုပ်ပြီးနောက် သိုလှောင်လက်စွပ်ပေါင်း ၇၀ တိတိကို ဖြည့်တင်းနိုင်ခဲ့ကာ ကျီယွဲ့ဂိုဏ်းရှိ ပစ္စည်းများမှာလည်း အကုန်ကုန်သွားပေပြီ။
ထို့နောက် သူသည် ပင်မခန်းမ၏ နောက်ဘက်ရှိ တောင်ကြားတစ်ခုသို့ ရောက်ရှိသွားသည်။
အစောပိုင်းက သိမြင်မှုစွမ်းရည်ကို အသုံးပြုထားစဉ် ထိုနေရာ၌ အစိမ်းရောင် အာမေဍိတ်တစ်ခု ပေါ်နေခဲ့ပြီး ၎င်းမှာ ရတနာရှိကြောင်း ညွှန်ပြနေခြင်းဖြစ်၏။
သေချာကြည့်ရှုစစ်ဆေးလိုက်သောအခါ ထိုအရာမှာ ကျီယွဲ့ဂိုဏ်း၏ ဝိညာဉ်သွေးကြောဖြစ်နေကြောင်း သိရှိလိုက်ရသည်။
'ဒုတိယအဆင့် ဝိညာဉ်သွေးကြော၊ ရွှေ့ပြောင်း၍မရ။ မိုင်ထောင်ချီအတွင်းရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆကို မြှင့်တင်ပေးနိုင်ပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများကိုလည်း သဘာဝအလျောက် ထုတ်လုပ်ပေးနိုင်သည်...'
ခန့်မှန်းခြေအားဖြင့် ထိုဝိညာဉ်သွေးကြောမှာ မိုင်ရာနှင့်ချီ၍ ရှည်လျားသည်။ ကျန်းချန်က ထူး၍အံ့သြခြင်းမရှိပေ။
ပုံမှန်အားဖြင့် ဂိုဏ်းများသည် ဝိညာဉ်သွေးကြောများအနီး၌သာ အခြေစိုက်လေ့ရှိကြသည်။
အစီအရင်ဝင်္ကပါများနှင့် ပေါင်းစပ်လိုက်ပါက ဂိုဏ်းတည်ရှိရာနေရာကို ကျင့်ကြံခြင်းအတွက် မြင့်မြတ်နယ်မြေအဖြစ် ပြောင်းလဲနိုင်၏။
၎င်းမှာ ဝိညာဉ်သွေးကြော၏ အဆင့်အတန်းအပေါ်တွင်လည်း မူတည်ပေသည်။
ပထမအဆင့်မှာ အနိမ့်ဆုံးဖြစ်ပြီး ဒုတိယအဆင့်မှာ အသင့်အတင့် ကောင်းမွန်သည်ဟု သတ်မှတ်နိုင်သည်။
တွမ့်မူမိသားစုနှင့် ချီရီဂိုဏ်းကဲ့သို့သော နေရာမျိုး၌မူ အနည်းဆုံး တတိယအဆင့် သို့မဟုတ် ထိုထက်မြင့်မားသော ဝိညာဉ်သွေးကြောများ ရှိနိုင်ပေသည်။
“ရွှေ့ပြောင်းလို့မရရင် ဘာအသုံးဝင်မှာလဲ၊ ယူသွားလို့လည်း မရဘူး”
ကျန်းချန်သည် အနည်းငယ် နှမြောတသဖြစ်စွာဖြင့် နှုတ်ခမ်းမဲ့လိုက်မိသည်။
သို့သော် သူတစ်ချက် စဉ်းစားမိသည်မှာ အကယ်၍ ဝိညာဉ်သွေးကြောများကိုသာ ရွှေ့ပြောင်းနိုင်ခဲ့ပါက တွမ့်မူမိသားစုနှင့် ချီရီဂိုဏ်းတို့သည် ၎င်းတို့အောက်ရှိ အလယ်အလတ်အဆင့်ဂိုဏ်းများ၏ ဝိညာဉ်သွေးကြောများကို အကုန်အစင် လုယက်သွားကြပေလိမ့်မည်။
သို့သော် ချက်ချင်းဆိုသလိုပင် ဝိညာဉ်သွေးကြော၏ဘေးတွင် 'လဲလှယ်မည်လား' ဟူသော စာသားအချို့ ပေါ်လာသည်ကို တွေ့လိုက်ရ၏။
၎င်းကို အမှတ်များဖြင့် တိုက်ရိုက်လဲလှယ်နိုင်ပေသည်။
ဝိညာဉ်သွေးကြောကို ယူဆောင်သွား၍မရသဖြင့် ကျန်းချန် ဝန်မလေးဘဲ လဲလှယ်ရန် ရွေးချယ်လိုက်တော့သည်။
မြေအောက်ရှိ ဝိညာဉ်သွေးကြောမှာ ချက်ချင်း ပျောက်ကွယ်သွားလေပြီ။
ကျီယွဲ့ဂိုဏ်းတစ်ခုလုံး၏ ဝိညာဉ်စွမ်းအင်မှာလည်း နှစ်ဆခန့် ကျဆင်းသွားကာ ပြင်ပလောကနှင့် များစွာကွာခြားခြင်းမရှိသော အခြေအနေသို့ ရောက်ရှိသွားသည်။
“ဒင်... ဒုတိယအဆင့် ဝိညာဉ်သွေးကြောတစ်ခုကို လဲလှယ်ပြီးပါပြီ... အမှတ် ၂,၀၀၀ ရရှိသည်။”
တန်သည်... အလွန်တန်သည်။
ကျန်းချန် အလွန်ကျေနပ်သွားကာ ချက်ချင်းပင် ကံစမ်းမဲကို နှိပ်တော့သည်။
“ဒင်... အမှတ် ၁,၀၀၀ နှုတ်လိုက်ပါပြီ။ လက်ခံသူသည် အဆင့် ၉ ဝိညာဉ်လက်နက်ဖြစ်သည့် ကျောက်စိမ်းပြာ အင်မော်တယ်ဝတ်ရုံကို ရရှိသည်။ ၎င်းသည် ကောင်းကင်ကံကြမ္မာအဆင့် ၉ အောက်ရှိ မည်သည့်တိုက်ခိုက်မှုကိုမဆို ခုခံနိုင်သည်။”
ပုစဉ်းတောင်ပံကဲ့သို့ပါးလွှာပြီး အနုစိတ်ပုံဖော်ထားသည့်ဝတ်ရုံကို ကိုင်ဆောင်ထားရင်း အစ်ကိုကြီးချန် အနည်းငယ် ဝမ်းနည်းသလို ခံစားလိုက်ရ၏။
သူသည် ယခုအခါ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်တွင်သာ ရှိနေပြီး ထိုအဆင့်၏အထက်တွင် ဝိညာဉ်အခြေတည်အဆင့်နှင့် ကောင်းကင်ကံကြမ္မာအဆင့်တို့ ရှိနေသေးသည်။
ဤဝတ်ရုံကို ဝတ်ဆင်ထားပါက ချင်းလန်စီရင်စုသာမက ဖေးယွင်တိုက်ကြီးတစ်ခုလုံးတွင်ပင် သူ့အား မည်သူမျှ ဒဏ်ရာရအောင် ပြုလုပ်နိုင်မည် မဟုတ်ပေ။ ဤဝတ်ရုံမှာ အမှန်တကယ်ပင် အံ့ဩဖွယ်ကောင်းလှသည်။
ဤဝတ်ရုံအကြောင်း လူများသိရှိသွားပါက လူတို့၏ လောဘဇောကြောင့် ဖေးယွင်တိုက်ကြီးတစ်ခုလုံး သွေးချောင်းစီးသည့် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။
ကောင်းကင်ကံကြမ္မာအဆင့် ၁ သာ ဤဝတ်ရုံကိုဝတ်ဆင်ထားပါက အဆင့် ၉ ရှိသူကိုပင် ယှဉ်ပြိုင်နိုင်စွမ်းရှိ၏။
ဤဝတ်ရုံတစ်ထည်ကြောင့် အင်အားစုများ၏အနေအထားများ ပြောင်းလဲသွားနိုင်ပေသည်။
တွမ့်မူမိသားစုနှင့် ချီရီဂိုဏ်းတို့ပင်လျှင် ဝင်ရောက်စွက်ဖက်ရဲမည် မဟုတ်ပေ။
အကြောင်းမှာ ဤဝတ်ရုံသည် ၎င်းတို့၏အင်အားနှင့် မထိုက်တန်သောကြောင့် ဖြစ်သည်။ ရိုးရှင်းစွာဆိုရသော် ၎င်းတို့တွင် ပိုင်ဆိုင်ခွင့်ရှိသည့် အရည်အချင်းမရှိပေ။
ကောင်းကင်ကံကြမ္မာအဆင့် ကျွမ်းကျင်သူများရှိသည့် ပိုမိုမြင့်မားသော အင်အားစုများရှေ့တွင် ၎င်းတို့မှာ သားကောင်များသာ ဖြစ်သွားပေလိမ့်မည်။
သို့သော် နှမြောစရာကောင်းသည်မှာ ကျန်းချန်အနေဖြင့် ဤသို့သောရတနာကို အသုံးမပြုနိုင်ခြင်းဖြစ်သည်။
သူသာ ဤဝတ်ရုံကို ဝတ်ဆင်ထားပါက တိုက်ခိုက်ခံရလျှင်ပင် ချက်ချင်းမသေဆုံးနိုင်ချေ။ သူမသေပါက အသက်ပြန်ရှင်ခြင်းနှင့် စနစ်၏ လှည့်ကွက်များမှာလည်း အသုံးဝင်တော့မည် မဟုတ်ပေ။
ယခုအချိန်တွင်တော့ ရတနာများမှာ ကောင်းမွန်လှသော်လည်း သိမြင်မှုစွမ်းရည်ကဲ့သို့သော စနစ်၏ စွမ်းရည်များလောက် တန်ဖိုးမရှိကြောင်း ရှင်းလင်းစွာသိသွားလေပြီ။
အထူးစွမ်းရည်တစ်ခုကို တတ်မြောက်ထားခြင်းကသာ တစ်သက်လုံးအတွက် အကျိုးကျေးဇူး ရှိစေမည်ဖြစ်သည်။
“နောက်တစ်ကြိမ်လှည့်ကွာ...”
“ဒင်... လက်ခံသူသည် ကံကောင်းမှုများ အရှိန်အဟုန်ဖြင့်ထွက်ပေါ်လာပြီး ပထမအဆင့်တည်နေရာရွှေ့ပြောင်းခြင်းစွမ်းရည်ကို ရရှိပါသည်။”
စွမ်းရည်... လိုချင်နေတဲ့စွမ်းရည်ပင်ဖြစ်သည်။
ကျန်းချန် အလွန်စိတ်လှုပ်ရှားသွားသည်။ သေချာစွာ စစ်ဆေးကြည့်လိုက်သောအခါ ဤတည်နေရာရွှေ့ပြောင်းခြင်း စွမ်းရည်မှာ အလွန်အစွမ်းထက်လှသည်။
စွမ်းရည်အမည်- တည်နေရာရွှေ့ပြောင်းခြင်း (အဆင့် ၁၊ အဆင့်မြှင့်တင်နိုင်သည်)
စွမ်းရည်ဖော်ပြချက်- လက်ခံသူကို ဗဟိုပြု၍ မိုင်ပေါင်း ၁၀,၀၀၀ အတွင်းရှိ မည်သည့်နေရာကိုမဆို ကျပန်း ရွှေ့ပြောင်းနိုင်သည်။
ပြန်လည်အသုံးပြုနိုင်သည့်ကြာချိန်- ၁ ရက်
စွမ်းရည်ကို ဖွင့်လိုက်သောအခါ စနစ်က ၎င်း၏ ပတ်ဝန်းကျင် မိုင် ၁၀,၀၀၀ အတွင်းရှိ နေရာများကို ပြသပေးသည့် မြေပုံငယ်တစ်ခုကိုပါ ပြင်ဆင်ပေးထားသည်။ မည်သည့်နေရာကိုမဆို နှိပ်လိုက်သည်နှင့် ထိုနေရာသို့ ရောက်ရှိသွားမည်ဖြစ်သည်။
ဤစွမ်းရည်မှာ အရေးကြုံလာပါက အသက်ကယ်ဝှက်ဖဲတစ်ခုဖြစ်၏။ ဥပမာအားဖြင့် အသက်ပြန်ရှင်ခြင်း အကြိမ်အရေအတွက် ကုန်ဆုံးသွားချိန်၌ အန္တရာယ်နှင့် ကြုံတွေ့ရခြင်းမျိုး ဖြစ်သည်။
ထို့ပြင် ကျန်းချန်၏ လက်ရှိ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် ၄ သည် ပျံသန်းမှုနှုန်း မမြန်လှပေ။ မိုင် ၁၀,၀၀၀ ခရီးကို အားသွန်ခွန်စိုက် ပျံသန်းမည်ဆိုလျှင်ပင် နှစ်နာရီကျော် ကြာမြင့်မည်ဖြစ်ရာ နေရာရွှေ့ပြောင်းခြင်းက ပိုမိုလွယ်ကူပေသည်။
သို့သော် တစ်ရက်လျှင် တစ်ကြိမ်သာ နေရာရွှေ့ပြောင်းခွင့် ရရှိမည်ဖြစ်သည်။