လေဟာနယ်ကို တိုက်ခိုက်ခြင်း
Vol. 3 Ch. 30
အချိန်စောသေးသည့်အပြင် စနစ်အဆင့်မြင့်သွားသည့်အတွက်ကြောင့် အပိုပြန်လည်ရှင်သန်ခွင့် တစ်ကြိမ်ရထားသဖြင့် ကျန်းချန်သည် မီးလျှံကောင်းကင်ဂိုဏ်းသို့ သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။
ဤဂိုဏ်းမျိုးမှာ ရမှတ်ရှာရန် အလွယ်ကူဆုံး ရင်းမြစ်များဖြစ်၏။ အကြောင်းမှာ သူတို့သည် ဖေးရှန်ဂိုဏ်းနှင့် ရန်ငြိုးရှိထားကြသဖြင့် မည်သည့် မဆင်မခြင်ရန်စမှုမျိုးမဆို မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုဟု မသတ်မှတ်နိုင်သောကြောင့်ပင်။
တစ်နာရီကျော်ခန့်အကြာတွင် မီးလျှံကောင်းကင်ဂိုဏ်းသို့ ရောက်ရှိလာခဲ့သည်။
ထုံးစံအတိုင်းပင် လူပေါင်းထောင်ချီသည် သူ့ကိုမျက်နှာချင်းဆိုင်ကာ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် စောင့်ကြိုနေကြ၏။
ဤမြင်ကွင်းမျိုးကို နှစ်ကြိမ်တိုင်တိုင်မြင်တွေ့ပြီးနောက် သူ အနည်းငယ်ပျင်းရိလာမိသည်။
သူသည် ဓားကိုဆွဲထုတ်ကာ အမြန်ဆုံးအဆုံးသတ်ရန် ပြင်လိုက်စဉ်မှာပင် မီးလျှံကောင်းကင်ဂိုဏ်းချုပ် ရှထိုက်သည် တိတ်ဆိတ်စွာဖြင့် ဘေးဖယ်ပေးလိုက်သည်ကို တွေ့လိုက်ရ၏။
အစိမ်းရောင်ဝတ်ရုံနှင့် ဝိညာဉ်အခြေတည်အဆင့်ရှိ အဖိုးအိုတစ်ဦး ဖြည်းညှင်းစွာ ရှေ့သို့ ပျံထွက်လာသည်။
“ဒီလူအိုကြီးက ချီရီဂိုဏ်းရဲ့ အတွင်းစည်းအကြီးအကဲ ဖေးထုံကျိုးပဲ။ မင်းက ကျန်းချန်လား”
ချီရီဂိုဏ်းဆိုပါလား......
ကျန်းချန် ထိုအမည်ကိုကြားဖူးသည်။ ၎င်းမှာ ချင်းလန်စီရင်စုရှိ ထိပ်တန်းအင်အားကြီးနှစ်ခုထဲမှ တစ်ခုဖြစ်သည်။
သို့သော် သူသိထားသည်မှာ ထိုမျှသာ...
“ဪ... ခင်ဗျားက မီးလျှံကောင်းကင်ဂိုဏ်းဘက်က ကူညီဖို့ ရောက်လာတာပေါ့”
ဖေးရှန်ဂိုဏ်းပျက်စီးသွားခြင်းမှာ ချီရီဂိုဏ်း၏ ကြိုးကိုင်မှုကြောင့်ဖြစ်သည်ကို သူ မသိသေး။
ထိုကဲ့သို့သော လျှို့ဝှက်ကြံစည်မှုမျိုးမှာ ကျိလင်းဟန်နှင့် လော့ယွမ်ကဲ့သို့တပည့်များ သိရှိနိုင်သည့် အဆင့်ထက် ကျော်လွန်နေသည်။
ထို့ကြောင့် လက်ရှိတွင်ကျန်းချန်သည် ဤအဖိုးအိုအား ဖေးရှန်ဂိုဏ်း၏ရန်သူဟု သတ်မှတ်ရမလား မသေချာသေးပေ။ သူ သတင်းအချက်အလက်ကို အရင်စုံစမ်းရပေမည်။
“ဟုတ်တယ်”
ဖေးထုံကျိုး အော်ဟစ်လိုက်သောအခါ မိုးကြိုးပစ်ချလိုက်သကဲ့သို့ အသံမှာ ပြင်းထန်လှသည်။
သူ့နောက်ရှိ အဆင့်နိမ့်တပည့်အချို့မှာ ခေါင်းမူးကုန်ပြီး ခြေလှမ်းပင်မမှန်တော့ပေ။
“ဒီလူအိုကြီးက မင်းကို မေးမယ်... မင်းကို ဘယ်သူလွှတ်လိုက်တာလဲ...”
“အမှန်အတိုင်း ပြောစမ်း...”
ဂိုဏ်းသုံးဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းခဲ့သည်ဟု သိထားသော်လည်း ဖေးထုံကျိုးသည် ကျန်းချန်ကို အထင်အမြင်သေးစွာဖြင့်သာ ကြည့်နေသည်။
အကြောင်းမှာ ကျန်းချန်သည် အိမ်နီးချင်းခရိုင်တစ်ခုခုမှ အင်အားစုတစ်ခုက ပြဿနာရှာရန် လွှတ်လိုက်သော နယ်ရုပ်တစ်ခုသာဖြစ်မည်ဟု သူ ယုံကြည်နေခြင်းကြောင့်ဖြစ်သည်။
ထိုဂိုဏ်းသုံးဂိုဏ်းကို ချေမှုန်းခြင်းမှာ ချီရီဂိုဏ်းလည်း လုပ်နိုင်သည့်အရာဖြစ်သည်။
သူ့မျက်လုံးထဲတွင် ကျန်းချန်မှာ ဘာမှမဟုတ်ပေ။
တကယ့်တရားခံမှာ အမှောင်ထဲတွင်ပုန်းကွယ်နေသော ပညာရှင်တစ်ဦးသာ ဖြစ်ရမည်။
ထိုကဲ့သို့သော အင်အားစုမျိုးနှင့်ဆိုလျှင် ချီရီဂိုဏ်းသည် အဆင့်တူ ဆွေးနွေးနိုင်သည့် အနေအထားတွင် ရှိသည်။
ဝိညာဉ်အခြေတည်အဆင့် အကြီးအကဲတစ်ဦးအနေဖြင့် သူသည် ဘာကိုမျှမကြောက်ပေ။
*ဖူး...*
ကျန်းချန် ရယ်ချင်စိတ်ကို မနည်းအောင့်ထားလိုက်ရသည်။ ဤအဖိုးအို၏ မိမိကိုယ်ကိုယ် ယုံကြည်မှုမှာ အတိုင်းအထက်အလွန်ပင်။ ဤနေရာတွင် သူက တရားသူကြီးလုပ်နေသည်။
“ကြည့်ရတာ ခင်ဗျားတို့ချီရီဂိုဏ်းက ဖေးရှန်ဂိုဏ်းကို ချေမှုန်းတဲ့နေရာမှာ ပါဝင်ပတ်သက်ခဲ့ပုံပဲ”
ဖေးထုံကျိုးသည် သူ၏ လက်အင်္ကျီကို စိတ်မရှည်စွာ ခါယမ်းလိုက်သည်။
“သိလျက်နဲ့ မေးနေတာပဲ...... ဘာလို့ စကားအပိုတွေပြောနေမှာလဲ”
“ငါ့ရဲ့ သည်းခံနိုင်စွမ်းက အကန့်အသတ်ရှိတယ်။ မင်းရဲ့ နောက်ကွယ်ကလူကို မပြောဘူးဆိုရင်၊ မင်းရဲ့ဂိုဏ်းကို သတိပေးတဲ့အနေနဲ့ မင်းကို ဒီမှာတင် ငါသတ်ပစ်မယ်”
ထိုသို့ပြောပြီးနောက် သူ၏ ဝိညာဉ်ဓားထွက်ပေါ်လာပြီး ကျန်းချန်ကို တစ်ပတ်ပတ်လိုက်သည်။
*အော်... မင်းတို့ကလည်း လူသတ်သမားတွေပဲပေါ့။ ကောင်းပြီ၊ မင်းကိုယ်တိုင် ဝန်ခံလိုက်တာပဲ*
ကျန်းချန်သည် ဖေးရှန်ဂိုဏ်းအတွက် သက်ပြင်းချလိုက်မိသည်။ သူတို့ တကယ်ကို ကံဆိုးခဲ့ရှာသည်။ အကယ်၍ သူသာမရှိခဲ့လျှင် သူတို့၏ကလဲ့စားချေမှုမှာ ဘယ်တော့မှဖြစ်လာလိမ့်မည်မဟုတ်ပေ။
ထိုအတောအတွင်း သူသည် ချီရီဂိုဏ်းမှာ အမှတ်မည်မျှတန်မည်ကို တွက်ချက်နေခဲ့သည်။
“ဒါဆိုရင်လည်း လာသတ်လေ”
“မြန်မြန်လုပ်... စိတ်မရှည်တော့ဘူး”
သူသည် လည်ပင်းကိုဆန့်ထုတ်ပေးကာ သူ၏လည်ပင်းကိုပင် လက်ညှိုးထိုးပြလိုက်သေးသည်။
သူသည် ပြန်လည်ရှင်သန်ပြီးမှ စွမ်းအားပြရမည်ဖြစ်သဖြင့် ယခုအခါ ဤလုပ်ငန်းစဉ်ကို အတော်လေး ကျွမ်းကျင်နေပြီဖြစ်သည်။
“မင်း... မင်း ဘာကို ဆိုလိုတာလဲ”
သေရန်အသင့်ဖြစ်နေသော ဤရဲရင့်မှုကြောင့် ဖေးထုံကျိုးမှာ လုံးဝဇဝေဇဝါဖြစ်သွားရသည်။
နယ်ရုပ်တစ်ဦးဖြစ်နေပါစေ၊ မည်သူမျှ တကယ် မသေချင်ကြပေ။ အားလုံးတွင်အသက်တစ်ချောင်းတည်းရှိသည်......
ထောင်ချောက်များလား......
ဓားနှင့်ထိလိုက်သည်နှင့် ပေါက်ကွဲမည့် အဆင့်မြင့် ဖောက်ခွဲရေးအစီအရင်များ သူ့ကိုယ်ပေါ်တွင် ပတ်ထားသလား......
“ငါ့ကို အဲ့ဒီလို လှည့်ကွက်နဲ့ လာဖမ်းလို့ရမယ် ထင်နေလား”
သူက အေးစက်စွာ လှောင်ပြောင်လိုက်သည်။
ယခုအခါ သူသည် ချီကောင်းဟုန်နှင့် အခြားသူများ ခံစားခဲ့ရသော သံသယစိတ်များထဲသို့ ကျရောက်သွားချေပြီ။
ကျန်းချန်မှာ စကားပင် မပြောနိုင်တော့ပေ။ ဤမြေခွေးအိုကြီးများသည် အမြဲတမ်း ပရိယာယ်များ၊ သတိထားမှုများဖြင့် ရှေ့ကို ဆယ်လှမ်းကြိုတွေးနေတတ်ကြသော်လည်း နောက်ဆုံးတွင် အချိန်ဆွဲနေသကဲ့သို့သာ ဖြစ်နေသည်။
“ထားလိုက်တော့၊ ခင်ဗျားက အရင်စတိုက်မယ်လို့ မမျှော်လင့်ခဲ့သင့်ဘူး”
ထိုသို့ပြောပြီးနောက် သူသည်ဓားဆွဲ၍ ရှေ့သို့ပြေးဝင်သွားတော့သည်။
သဘာဝအတိုင်းပင် ဖေးထုံကျိုးက ပြန်လည်တိုက်ခိုက်၏။
သူသည် ဝိညာဉ်အခြေတည်အဆင့် ၃ တွင်ရှိသဖြင့် ကျန်းချန်ထက် နယ်ပယ်တစ်ခုလုံး သာလွန်နေသည်။ သူ၏ ပြန်လည်တိုက်ခိုက်မှုသည် ကျန်းချန်ကို အလွယ်တကူပင် အသက်ပျောက်သွားစေသည်။
မြေပြင်ပေါ်ရှိ အလောင်းကို ကြည့်ကာ ဖေးထုံကျိုးသည် အောင်ပွဲရသည့်ပီတိကို မခံစားရဘဲ ဇဝေဇဝါသာ ဖြစ်နေသည်။
*ထိုကောင်လေးက တကယ်ပဲ သေကြောင်းကြံခဲ့တာလား......
ဘယ်သူကများ အဲ့ဒီလောက် တုံးအနိုင်တာလဲ........
ဒါဆိုရင် အဲ့ဒီဂိုဏ်းသုံးဂိုဏ်းက ဘယ်လို အမြစ်ပြတ်သွားတာလဲ......*
“အကုန်ထွက်လာခဲ့ကြစမ်း”
သူသည် ပတ်ဝန်းကျင်ရှိ တောင်တန်းများဆီသို့ အသံကုန် အော်ဟစ်လိုက်သည်။
“ပုန်းမနေကြနဲ့တော့...... မင်းတို့ အဲ့ဒီမှာ ရှိနေမှန်း ငါသိတယ်”
ဖေးထုံကျိုး၏စိတ်ထဲတွင် ကျန်းချန်သည် ပညာရှင်တစ်စုကို အနီးအနားတွင် ခြုံခိုတိုက်ခိုက်ရန် ထားရှိခဲ့သည်ဟု ယူဆနေသည်။ ယခု ကျန်းချန်သေပြီဖြစ်သဖြင့် သူတို့ ထွက်လာသင့်ပြီဟု ထင်နေသည်။
“ဘာလဲ...... ဒီလူအိုကြီး ရောက်နေလို့ မထွက်ရဲကြတာလား....”
သူသည် အော်ဟစ်ရင်း ဝေးကွာသော တောင်ထိပ်များဆီသို့ ပြင်းထန်သော ဓားချီများဖြင့် ပစ်လွှတ်လိုက်သည်။
*ဝုန်း... ဝုန်း... ဝုန်း...*
တောင်ထိပ်များ တစ်ခုပြီးတစ်ခုပြိုကျသွားပြီး အဆောက်အဦးများလည်း ပျက်စီးကုန်သည်။ ဤကဲ့သို့ တိုက်ခိုက်မှုအောက်တွင် ပုရွက်ဆိတ်တစ်ကောင်ပင် ပုန်းနေနိုင်မည်မဟုတ်ပေ။
သို့သော်လည်း လန့်ဖျန့်ပြေးလွှားနေသော တောရိုင်းတိရစ္ဆာန်အချို့မှလွဲ၍ လူတစ်ယောက်မျှ ပေါ်မလာပေ။
တပည့်များအားလုံး တစ်ယောက်ကိုတစ်ယောက် ကြောင်ကြည့်နေကြသည်။
မဖြစ်နိုင်တာ...
လေးစားရတဲ့ ဝိညာဉ်အခြေတည်အဆင့် အကြီးအကဲတစ်ယောက်က ဒီလောက်ထိ မှားယွင်းနိုင်ပါ့မလား.....
သူတို့ကို လမ်းပြရန်လွှတ်လိုက်သော အဆင့်မြင့်ဂိုဏ်းအကြီးအကဲတစ်ဦးအနေဖြင့် လေဟာနယ်ကိုသာ အားသွန်ခွန်စိုက် တိုက်ခိုက်နေရခြင်းမှာ အလွန်ပင် အရှက်ရဖွယ်ကောင်းလှသည်။
‘ဒင်...... လက်ခံသူ အသတ်ခံလိုက်ရပါပြီ။ စနစ်မှ ရန်သူ၏အင်အားကို ခွဲခြမ်းစိတ်ဖြာနေပြီး အသက်ပြန်ရှင်ရန်အစီအစဉ်ကို ဆောင်ရွက်နေပါသည်။’
‘လက်ခံသူသည် ဆင့်ခေါ်အဆောင်တစ်ခု ရရှိပါသည်.... အားကောင်းသော ကူညီသူတစ်ဦးကို တစ်ကြိမ်သာ ကျပန်းဆင့်ခေါ်နိုင်ပါသည်။’
*မင်း ငါ့ကို အသစ်အဆန်းလေး တစ်ခုခု မပေးနိုင်ဘူးလား....*
ကျန်းချန်ကိုယ်တိုင်ပင် ငြီးငွေ့လာလေပြီ။
သို့သော် သူ့တွင် ရွေးချယ်စရာ မရှိပေ။ ဤအဆောင်ကိုမသုံးလျှင် အသက်ပြန်ရှင်လာပြီးနောက် ထပ်အသတ်ခံရဦးမည်။ ဤတစ်ကြိမ်မှာ ယနေ့အတွက် သူ၏ နောက်ဆုံးပြန်လည်ရှင်သန်ခွင့် ဖြစ်သည်။
‘ဒင်... လက်ခံသူကို အသက်ပြန်သွင်းပြီးပါပြီ။’
သူ ဆင့်ခေါ်အဆောင်ကို ချေမွှလိုက်သည်။
.............................................................................................................................
မိုင်ပေါင်းထောင်ချီဝေးကွာသောနေရာရှိ ရေခဲတောင်ကြီး၏အောက်ခြေတွင် ဝိညာဉ်စာသားများ လင်းလက်တောက်ပနေသည်။
ထိုစာသားများအောက်တွင် မျက်စိသုံးလုံးကျားသည် ဝိညာဉ်စွမ်းအားအနည်းငယ်မျှပင်မထုတ်ဘဲ ငြိမ်သက်စွာ လဲလျောင်းနေသည်။ မည်သူမဆို လာကြည့်လျှင် သူ့ကို အလောင်းတစ်ခုဟုသာ ထင်မှတ်ကြပေလိမ့်မည်။
မိစ္ဆာဘုရင်တစ်ဦးအနေဖြင့် သူ့တွင် လှည့်ကွက်များစွာ ရှိသည်။ မိုးကြိုးငါးပါးဂိုဏ်းမှ ထွက်လာပြီးနောက် သူသည် ဤနေရာသို့ လာကာ ဝိညာဉ်စည်းပိတ်ယဇ်ပလ္လင် တစ်ခု တည်ဆောက်ခဲ့၏။
ယခုအခါ မိုင်ပေါင်းထောင်ချီရှိသော ရေခဲတောင်တစ်ခုလုံးမှာ ကမ္ဘာလောကမှ အဆက်ပြတ်သွားသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသည်။
ထို့ပြင် ယဇ်ပလ္လင်အောက်တွင်လည်း ဖုံးကွယ်ထားသော အစီအရင်အလွှာပေါင်းများစွာကို ရေးဆွဲထားသည်။ မည်သူမဆို ကျူးကျော်ဝင်ရောက်လာလျှင်ပင် သူ့ကို မြင်ရမည်မဟုတ်ဘဲ သာမန်ကျောက်ခဲများကိုသာ မြင်တွေ့ရပေလိမ့်မည်။
နောက်ဆုံးတွင် သူ၏အရှိန်အဝါအားလုံးကို ဖိနှိပ်ထားပြီး မိမိကိုယ်ကိုယ် သေယောင်ဆောင်ခြင်းအခြေအနေသို့ရောက်အောင် လုပ်ထားသည်။ ဤကဲ့သို့ လုပ်ထားလျှင် ဆင့်ခေါ်ခံရမည်မဟုတ်ဟု သူက အခိုင်အမာယုံကြည်ထားသည်။
သူသည် ကောင်းကင်မိစ္ဆာနယ်မြေသို့ ပြန်မသွားသေးဘဲ ဤနေရာတွင် တစ်နှစ်ခန့်အိပ်စက်ရန် ဆုံးဖြတ်ထား၏။
*ဟိုကလေး ပြဿနာရှာတတ်တဲ့ ပုံစံနဲ့ဆိုရင် အဲ့ဒီအချိန်အတွင်း အကျပ်အတည်းတွေ အများကြီး ကြုံရမှာပဲ။ သူသေသွားရင် ပိုတောင်ကောင်းသေးတယ်၊ ငါလည်း လွတ်လပ်သွားတာပေါ့............*
ဒါမှမဟုတ် သူက တခြားမိစ္ဆာဘုရင်တစ်ကောင်ကို ဆင့်ခေါ်လိုက်ရင်လည်း အဆင်ပြေတာပဲ၊ အဲ့ဒီလိုဆိုရင် ငါ့ကိုထပ်ခေါ်မှာ မဟုတ်တော့ဘူး။ ဟိုယုန်ဘုရင်မကို နေ့တိုင်းဆင့်ခေါ်နေရင် ပိုကောင်းမယ်။ သူသာ ပြန်မလာတော့ဘူးဆိုရင် ငါက ယုန်နယ်မြေထဲကို ဂုဏ်သရေရှိဧည့်သည်အဖြစ် သွားလို့ရပြီ*
အစီအရင်များအောက်တွင် သူ၏အသက်ရှူသံ ရပ်တန့်နေပြီး ဝိညာဉ်လှိုင်းများလည်း ပျောက်ကွယ်နေသည်။
အိပ်မောမကျမီ ထိုယုန်ဝိညာဉ်မလေးများ၏ လှပသော ပုံရိပ်များကို စိတ်ကူးကြည့်နေမိသည်..... အိပ်ပျော်နေစဉ် အိပ်မက်လှလှလေးများ မက်ကောင်းမက်နိုင်ပေသည်။
ကျားကြီးသည် ဒုက္ခကြားထဲတွင်ပင် ပျော်စရာကိုရှာဖွေတတ်လေ၏။
ထိုစဉ်မှာပင် စူးရှသော အလင်းဖြူတစ်ခုက သူ့မျက်လုံးများကို အတင်းအကြပ်ပွင့်လာစေတော့သည်....... (လာပြီ.... လာပြီ)