မ်းရေး ဆွေးနွေးခြင်း
Vol. 3 Ch. 27
မျက်စိသုံးလုံးကျားသည် ခဏမျှစဉ်းစားလိုက်ပြီးနောက် ဤလူငယ်ကို ခြိမ်းခြောက်နိုင်မည့်အရာ မိမိ၌ ဘာမျှမရှိသည်ကို သဘောပေါက်သွားလေသည်။
သူသည် ဆင့်ခေါ်ခံထားရသော သတ္တဝါဖြစ်သည့်အတွက် ကျန်းချန်ကို အန္တရာယ်မပြုနိုင်ပေ။
ထို့ကြောင့် ၎င်း၏ ခြိမ်းခြောက်မှုများသည် ထိရောက်မှုမရှိဘဲ ဖြစ်နေရသည်မှာ အလွန်ဒေါသထွက်ဖွယ် ကောင်းလှသည်။
သို့သော် ကျန်းချန်မှာ အလွန်စာနာသနားတတ်ပေသည်.......................
“စီနီယာ... အကယ်၍ စီနီယာ့အတွက် အခက်အခဲရှိမယ်ဆိုရင် ကျွန်တော်တို့နဲ့အတူ နေလို့ရပါတယ်”
“ကျွန်တော်တို့ဂိုဏ်းအကြောင်း မိတ်ဆက်ပါရစေ။ ရှုခင်းတွေကလည်း သာယာတယ်၊ လူတွေကလည်း ထူးချွန်ကြတယ်၊ လူတိုင်းကလည်း ဧည့်ဝတ်ကျေပွန်ကြတယ်...”
“ဒါဆိုရင် စီနီယာလည်း ခရီးသွားရတဲ့ ဒုက္ခကနေ ကင်းဝေးသွားတာပေါ့။ မကောင်းဘူးလား...”
မျက်စိသုံးလုံးကျားသည် ဒေါသကြောင့် ပေါက်ကွဲလုမတတ်ဖြစ်ကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေ၏။
“ငါ့အနားက ထွက်သွားစမ်း”
ကျန်းချန် ဘာတွေးနေသည်ကို ၎င်းအလွယ်တကူ ခန့်မှန်းနိုင်သည်။
ဤလူငယ်သည် အတင့်ရဲလွန်းလှသည်။ ၎င်းကို အသုံးချခိုင်းစေရုံသာမက ရေရှည်အတွက်ပါ အခမဲ့အလုပ်သမားအဖြစ်ထားရှိရန် ကြံစည်နေခြင်း ဖြစ်သည်။
နေ့ခင်းကြောင်တောင်အိပ်မက်မက်နေသေးသည်။
အကယ်၍သာ ပြန်လည်တုံ့ပြန်၍မရသဖြင့်သာ လက်လျှော့ထားရသည်။ မဟုတ်လျှင် သေခြင်းတရားဟူသောစကားလုံးကို မည်သို့ရေးရကြောင်း သင်ပေးလိုက်ချင်၏။ (သေအောင်နှိပ်စက်မှာ)
ကျားကလေး အလျင်အမြန်ထွက်ပြေးသွားသည်ကိုကြည့်ပြီး ကျန်းချန်မှာ နတ်သမီးတစ်ပါး၏ ငြင်းပယ်ခြင်းကိုခံလိုက်ရသော လူမိုက်တစ်ယောက်ကဲ့သို့ ဝမ်းနည်းပူဆွေးမှုကို ခံစားလိုက်ရသည်။
“နှမြောစရာပဲ... ငါကတော့ လမင်းကြီးကို ငါ့နှလုံးသား ပေးအပ်ခဲ့ပေမဲ့၊ လမင်းကြီးကတော့ ရေမြောင်းထဲကိုပဲ အလင်းပေးနေပါလား” (ငါ့ဘဝရဲ့လမင်းလေး..... တစ်ခြားအရပ်သို့သူအလင်းပေး...)
“ငါ့ရဲ့ နှလုံးသားလေးကတော့ အသည်းခိုက်အောင် နာကျင်ရပြီပဲ။ ဒါကို ဝိညာဉ်ကျောက်တုံးတွေနဲ့ ဆေးလုံးတွေကပဲ ကုစားပေးနိုင်တော့မယ်။”
နောက်ဆုံးတွင် မြင့်မြတ်ရေခဲဂိုဏ်းသည် အဖွဲ့ဝင်ထောင်ချီရှိသော ဂိုဏ်းတစ်ခုဖြစ်ပြီး ကျီယွဲ့ဂိုဏ်းထက် မနိမ့်ကျသော ပိုင်ဆိုင်မှုများ ရှိနေသည်။ ထို့အပြင် ဝိညာဉ်သွေးကြောတစ်ခုကိုလည်း ပိုင်ဆိုင်ထားသေးသည်။
နေ့တစ်ဝက်နီးပါး အလုပ်ရှုပ်ပြီးနောက် တန်ဖိုးရှိသမျှအရာအားလုံးကို လုယက်သိမ်းပိုက်ကာ ၎င်းတို့ကို အမှတ်များအဖြစ် အားလုံးလဲလှယ်ရန် သူပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။
သူ၏ အမှတ်များမှာ ၅,၈၀၀ အထိ လျင်မြန်စွာ ရောက်ရှိသွားလေ၏။ ဤသို့ကြည့်မည်ဆိုလျှင် အဆင့်တက်ရန်မှာ ထင်ထားသလောက် မခက်ခဲလှပေ။ ထိုအခါမှသာ ကျန်းချန်မှာ ကျေနပ်သွားပြီး တိမ်တိုက်များပေါ်သို့ ပျံတက်သွားလေသည်။
သူထွက်ခွာသွားပြီး နှစ်နာရီကျော်ကြာမှသာ ကျန်ရစ်သောပစ္စည်းများကို ကောက်ယူရန် မျှော်လင့်နေကြသည့် လေလွင့်ကျင့်ကြံသူအချို့ ထိုဒေသသို့ တဖြည်းဖြည်းရောက်ရှိလာကြသည်။
သို့သော် အမိုးအကာများနှင့် အုတ်ခဲများမှလွဲ၍ ဆံပင်တစ်ပင်မျှပင် ရှာမတွေ့ကြတော့ပေ။
လူသားမြေတူးစက်ဖြစ်သော ကျန်းချန်မှာ အကြောင်းမဲ့နာမည်ကြီးနေခြင်းမဟုတ်။
သောင်းနှင့်ချီသော လေလွင့်ကျင့်ကြံသူများသည် ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်ဘဲ မြင့်မြတ်ရေခဲဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းခဲ့သည့် စီနီယာကြီးအား တစ်ဖန်ပြန်၍ ရှုတ်ချကြပြန်သည်။
အလွန်ပင် ရက်စက်လွန်းလှသည်၊ ဤသည်မှာ စည်းမျဉ်းများနှင့် မကိုက်ညီပေ....
ယုတ္တိဗေဒအရဆိုလျှင် ဂိုဏ်းတစ်ခုကိုချေမှုန်းပြီး များစွာသောပိုင်ဆိုင်မှုများကိုရရှိထားသည့် စီနီယာကြီးတစ်ဦးအနေဖြင့် အသေးအမွှားများကို ချန်ထားသင့်၏။
အားလုံးဝမ်းသာပျော်ရွှင်နိုင်စေရန်အတွက် မုန့်ဖို့းပေးသင့်သည် မဟုတ်လား... (အကျွင်းအကျန်လေးတော့ချန်ထားပေးစေချင်တာပေါ့...)
ကောင်းကင်ယံ၌ ပျံသန်းနေစဉ် ကျန်းချန်သည် လူပေါင်းများစွာက သူ့ကို ကျိန်ဆဲနေသကဲ့သို့ ကျောချမ်းမှုကို ခံစားလိုက်ရသည်။
အနှိုင်းမဲ့ချောမောလှပသော သူ၏မျက်နှာကို ထိတွေ့ရင်း ကျန်းချန်မှာ အနည်းငယ် ဝမ်းနည်းပူဆွေးသွားမိသည်။
“ထားလိုက်ပါတော့လေ... အပင်မြင့်လေ လေတိုက်လေပဲ။ အလွန်အမင်း ချောမောနေတဲ့အတွက် မနာလိုခံရတာက သဘာဝပါပဲ။”
မိုးကြိုးငါးပါးဂိုဏ်းသို့ ရောက်ရှိသောအခါ ထိုနေရာတွင်လည်း အလားတူပင် အမြင့်ဆုံးသတိပေးချက်များဖြင့် စောင့်ကြိုနေကြသည်။
တည်နေရာရွှေ့ပြောင်းခြင်းကို အသုံးမပြုခဲ့သဖြင့် နောက်ထပ် နှစ်နာရီကြာ ခရီးနှင်ခဲ့ရသည်။
မိုးကြိုးငါးပါးဂိုဏ်းမှ လူများသည် မြင့်မြတ်ရေခဲဂိုဏ်း ပျက်စီးသွားကြောင်းကို အသံလွှင့်အဆောင်လက်ဖွဲ့များနှင့် ပုံရိပ်လွှင့်ဝိညာဉ်ကိရိယာများမှတစ်ဆင့် သိရှိထားပြီးဖြစ်ရာ မည်သို့လျှင် ပေါ့ပေါ့ဆဆ နေရဲပါမည်နည်း...
“ကျန်းချန်... မင်း ကံကောင်းနေတာကို အခွင့်ကောင်းယူပြီး အလွန်အကျွံ မလုပ်နဲ့...”
မိုးကြိုးငါးပါးဂိုဏ်း၏ ဂိုဏ်းချုပ် ဟွမ်ဖူကျီတျန်က ခက်ထန်သော မျက်နှာထားဖြင့် ပြောဆိုလိုက်သော်လည်း သူ၏ စိတ်ဓာတ်မှာမူ ပျော့ညံ့နေပြီး ဟန်ပြသက်သက်သာ ဖြစ်နေသည်။
“ဂိုဏ်းကြီးနှစ်ခုကို ဆက်တိုက်ချေမှုန်းတာက... နည်းနည်းတော့ ရက်စက်လွန်းရာ မရောက်ဘူးလား”
သူ၏စကားအဆုံးတွင် လူအုပ်ကြီးမှာ ဒေါသတကြီးဖြင့် ဝိုင်းဝန်းအော်ဟစ်ကြတော့သည်။
“ဂိုဏ်းချုပ်... ဘာလို့ သူ့လိုလူမျိုးနဲ့ စကားအပိုတွေ ပြောနေတာလဲ… ဒါဟာ မိစ္ဆာတစ်ယောက်ရဲ့ လုပ်ရပ်ပဲ”
“ကျန်းချန်... မင်း ဒီကမ္ဘာမှာ ဘယ်လိုမျက်နှာနဲ့ ရှင်သန်နေတာလဲ”
“လူတိုင်းမှာ သူ့ကိုသတ်ပိုင်ခွင့်ရှိတယ်”
“ဘာလို့ အခုထိ မသေသေးတာလဲ”
လူအချို့၏ တံတွေးများသည် ဝိညာဉ်စွမ်းအားကြောင့် ဆယ်မီတာကျော်အထိ လွင့်စင်လာသည်။
အကယ်၍ ကျန်းချန်သာ အဝေး၌ရပ်မနေပါက တစ်ကိုယ်လုံး စိုရွှဲသွားပေလိမ့်မည်။
သူတို့၏ ယုတ္တိဗေဒမှာ မင်းကငါတို့ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးရင် မင်းကမိစ္ဆာပဲ၊ ငါတို့က မင်းရဲ့ ဖေးရှန်ဂိုဏ်းကို ဖျက်ဆီးတာကျတော့... အင်း...
အဲဒါက ပြောပလောက်တဲ့ကိစ္စမဟုတ်ဘူး ဆိုသည့်သဘောပင်။
မည်သို့ပင်ဖြစ်စေ မင်းက မှားတယ်၊ ငါတို့က မှန်တယ်ဟူသော သဘောထားမျိုးဖြစ်၏။
မိမိတပည့်များ၏ ပြင်းပြင်းထန်ထန် ကျိန်ဆဲပြောဆိုနေမှုများကို နားထောင်ရင်း ဟွမ်ဖူကျီတျန်မှာ ဒေါသကြောင့် အသည်းနာလာရသည်။ မည်မျှအထိ အသုံးမကျသော အသင်းဖော်များနည်း။
မိမိရှေ့ရှိ ကျန်းချန်မှာ ဝိညာဉ်ခွဲထုတ်အဆင့် ၆ သာ ရှိပြီး မိမိ၏ အဆင့် ၉ ထက် များစွာ နိမ့်ကျသော်လည်း၊ ဂိုဏ်းနှစ်ခု ပျက်စီးသွားသည်မှာ လက်တွေ့ပင်။
အထူးသဖြင့် မြင့်မြတ်ရေခဲဂိုဏ်းမှာ ခိုင်မာသောခံစစ်စည်းများ ရှိလင့်ကစား တူညီသော ကံကြမ္မာကို ခံစားခဲ့ရသည်။ ကျန်းချန်၌ အစွမ်းထက်သော လက်နက်တစ်ခုရှိမည်မှာမလွဲဧကန်ပင်။
အကယ်၍ စစ်ပွဲစတင်ခဲ့ပါက မိုးကြိုးငါးပါးဂိုဏ်း၏ရလဒ်သည်လည်း ထူးခြားမည်မဟုတ်ပေ။
သူ မသေချင်သေး....
ထို့ကြောင့် သူကိုယ်တိုင်ထွက်ပေါ်လာပြီး ကျန်းချန်နှင့် ကောင်းမွန်စွာ ဆွေးနွေးလိုခြင်း ဖြစ်သည်။ အတိုချုပ်ဆိုရသော် ငြိမ်းချမ်းရေး ဆွေးနွေးလိုခြင်း ဖြစ်သည်။
မိုးကြိုးငါးပါးဂိုဏ်းသည် ဖေးရှန်ဂိုဏ်းကိုချေမှုန်းရာတွင် ပါဝင်ခဲ့ပြီး သူကိုယ်တိုင်လည်း ဂိုဏ်းအကြီးအကဲလေးဦးကို သတ်ဖြတ်ကာ ပစ္စည်းအမြောက်အမြား သိမ်းပိုက်ခဲ့သော်လည်း၊ သူ၏ အဖြူကို အမည်းလုပ်နိုင်သော လျှာစွမ်းဖြင့် ဤလူငယ်ကို လှည့်စားကာ အခြေအနေကို ပြောင်းလဲနိုင်လိမ့်မည်ဟု သူယုံကြည်နေသည်။
သို့သော် တပည့်များမှာမူ ကျန်းချန်၏ ဘိုးဘေးဘီဘင်များအထိ ကျိန်ဆဲနေကြရာ သူ၏ အစီအစဉ်ကို ပျက်ပြားစေသည်။
“မင်းတို့လူတွေက ငါ့ကို တကယ်ပဲ သေစေချင်နေပုံရတယ်၊ အဲဒါဆိုရင်လည်း လာသတ်ကြလေ”
ကျိန်ဆဲခံရခြင်းမှာ ကျန်းချန်ကို ဒေါသမထွက်စေသည့်အပြင် ပို၍ပင် အားစိုက်ထုတ်ကြစေရန် မျှော်လင့်နေသေးသည်။
“မဝံ့ရဲပါဘူး... မဝံ့ရဲပါဘူး...”
ဟွမ်ဖူကျီတျန်ကပြုံးလျက် အလျင်အမြန်တောင်းပန်လိုက်ပြီး သူ၏တပည့်များကိုလည်း ဟန့်တားလိုက်သည်။
“အားလုံး တိတ်တိတ်နေကြစမ်း... ငါ့စကားကို နားထောင်ကြ”
“ဂိုဏ်းချုပ်ကျန်း... ဖေးရှန်ဂိုဏ်းအတွက် ကလဲ့စားချေလိုတာကို ငါနားလည်ပါတယ်။ ဒါပေမဲ့ ရန်ကိုရန်ခြင်းမတုံ့နှင်းနှင့်ဆိုတဲ့ စကားလည်းရှိတယ်မလား...”
“ဖေးရှန်ဂိုဏ်းရဲ့ အညှိုးအတေးလေးတွေကို လေထဲမှာပဲ လွင့်ပါးသွားပါစေတော့”
“မိတ်ဆွေများလေ လမ်းပွင့်လေပဲ မဟုတ်ဘူးလား၊ မင်း ဘယ်လိုထင်လဲ”
သူ၏စကားကြောင့် ကျန်းချန်မှာ မှင်သက်သွားရသည်။
ဟေး... ဟေး... အစ်ကိုကြီး၊ ဖေးရှန်ဂိုဏ်းတစ်ဂိုဏ်းလုံး အမြစ်ပြတ်သွားတာကို အညှိုးအတေးလေးလို့ပဲ ပြောရမလား....
ပြီးတော့ ဒါက ဖြစ်ပျက်တာ ရက်ပိုင်းပဲရှိသေးတာကို အတိတ်ကို အတိတ်မှာပဲ ထားခဲ့ဖို့ ပြောနေတာလား....
ဟွမ်ဖူကျီတျန်က ဆက်လက်၍ ဖျောင်းဖျပြန်သည်။
“မင်းက ဖေးရှန်ဂိုဏ်း အဖွဲ့ဝင်လည်း မဟုတ်ဘူးမလား... အပြင်လူပဲမလား”
“သူတို့ရဲ့ ရန်ငြိုးက မင်းနဲ့ ဘာမှမဆိုင်ပါဘူး။ မင်းက စစ်တိုက်ဖို့ အကြောင်းပြချက် ရှာနေတာပဲ မဟုတ်လား”
“ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ... ဒီနေ့ကစပြီး ငါတို့ မိုးကြိုးငါးပါးဂိုဏ်းဟာ မင်းရဲ့ ဖေးရှန်ဂိုဏ်း လက်အောက်ကို ဝင်ပါ့မယ်”
“ဒီလိုဆိုရင် အားလုံးက ထာဝရညီအစ်ကိုတွေ ဖြစ်သွားပြီပေါ့။ မင်းရဲ့ ဖေးရှန်ဂိုဏ်းက ချင်းလန်စီရင်စုတစ်ခုလုံးကို သိမ်းပိုက်ဖို့အတွက် ငါတို့က ရှေ့တန်းကနေ တိုက်ခိုက်ပေးပါ့မယ်...”
သူ့တွင် အစီအစဉ်ရှိပြီးသားဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ချီရီဂိုဏ်းလက်အောက်မှာနေနေ၊ ဖေးရှန်ဂိုဏ်း လက်အောက်မှာနေနေ အတူတူပင် ဖြစ်သည်။ အဓိကမှာ ခိုင်မာသော အားကိုးရာတစ်ခုကို ရှာဖွေရန်သာ ဖြစ်သည်။
အကယ်၍ ကျန်းချန်သာ အခြားဂိုဏ်းတစ်ခုမှ စေလွှတ်လိုက်သောသူဖြစ်ပါက ဤကမ်းလှမ်းချက်ကို သဘောတူပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ပြင်ပအင်အားစုများသည် ရန်ငြိုးထက် အကျိုးစီးပွားကိုသာ ပို၍ အလေးထားသောကြောင့် ဖြစ်သည်။ သို့သော် ကျန်းချန်မှာ ထိုသို့သောသူ မဟုတ်ပေ။
သူ့တွင် အမိန့်ပေးမည့်သူ သို့မဟုတ် နောက်ကွယ်မှ ကြိုးကိုင်သူ မရှိ။ သူ၏ လုပ်ရပ်များမှာ သူ၏ စိတ်ဆန္ဒအတိုင်းသာ ဖြစ်သည်။
“ခင်ဗျားပြောတာ နားထောင်လို့ ကောင်းသားပဲ၊ ယုတ္တိလည်း ရှိပုံရတယ်...”
ကျန်းချန် စိတ်ဝင်စားသွားသည်ဟု ထင်မှတ်ကာ ဟွမ်ဖူကျီတျန်မှာ အလွန်ဝမ်းမြောက်သွားလေသည်။
“ဂိုဏ်းချုပ်ကျန်းက တကယ်ပဲ အမှားအမှန်ကို ခွဲခြားသိမြင်တတ်တဲ့သူပဲ...”
ကျန်းချန်က လက်ယမ်းပြလိုက်ပြီး ပြုံးလျက်ပြောလိုက်သည်။
“ယုတ္တိရှိလှချည်လား... အဲဒါဆိုရင် ငရဲပြည်ကိုသွားပြီး ဖေးရှန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟောင်းနဲ့ အကြီးအကဲတွေကိုလည်း အဲဒီအတိုင်း သွားပြောပြလိုက်လေ။”
“အကယ်၍ သူတို့ကလည်း သဘောတူတယ်ဆိုရင် ကျွန်တော်လည်း ခင်ဗျားကို သဘောတူပေးပါ့မယ်။”
ဟွမ်ဖူကျီတျန် မျက်နှာချက်ချင်းပျက်သွားပြီး ဒေါသများ ဖုံးလွှမ်းသွားသည်။ ငရဲပြည်ကို သွားခိုင်းခြင်းမှာ သေခိုင်းခြင်း မဟုတ်ပါလော...
“မင်း... မင်း ငါ့ကို ကစားနေတာပဲ၊ တောက်.....”
ဓားပျံတစ်လက်နှင့်အတူ ကျန်းချန်သည် တိုက်ခိုက်မှုကို စတင်လိုက်လေ၏။