အစ်ကိုကြီးချန် အလျင်လိုနေသည်
Vol. 3 Ch. 25
ခေတ္တမျှ မှင်သက်သွားပြီးနောက် လော့ယွမ်က ပထမဆုံး ရှေ့သို့ခုန်ထွက်ကာ စိတ်အားထက်သန်စွာ ပြောတော့သည်။
"ဂိုဏ်းချုပ်က တကယ်ကို နှိမ့်ချတတ်လွန်းပါတယ်၊ ကျွန်တော်တို့ တကယ်ကို မမှီနိုင်ပါဘူး..."
*မောင်လေးလော့... နင် ပြောင်းလဲသွားပြီပဲ...*
ကျိလင်းဟန်က သူ့ကို ပထမဆုံးအကြိမ် မြင်ဖူးသကဲ့သို့ ငေးကြည့်နေမိသည်။
လွန်ခဲ့သော နှစ်နှစ်ခန့်က လော့ယွမ်သည် အကြီးအကဲတစ်ဦးကို ဦးညွှတ်ရန် ငြင်းဆန်ခဲ့သဖြင့် ထိုကိစ္စမှာ ဂိုဏ်းချုပ်ထံအထိ ရောက်ရှိခဲ့သည်ကို သူမ မှတ်မိနေသည်။
ထိုစဉ်က သူသည် ခေါင်းငုံ့ရမည့်အစား အပြစ်ပေးခံရခြင်းကိုသာ ရွေးချယ်ခဲ့၏။
သူသည် ဖေးရှန်ဂိုဏ်းတွင် မဟုတ်မခံစိတ်ရှိပြီး အထက်လူကြီးကို ဖားယားခြင်းမရှိသူအဖြစ် အမြဲလူသိများခဲ့သည်။ သို့သော် ယခု...............................
"နောက်နောင်မှာ ကျွန်တော်တို့ ဂိုဏ်းချုပ်ဆီကနေ ပိုပြီး သင်ယူရမယ်"
သူသည် ဦးနှောက်ဆေးကြောခံထားရသော အမာခံပရိသတ်တစ်ဦးကဲ့သို့ သူ၏ညာဘက်လက်ကို မြှောက်လိုက်သည်။
"ဂိုဏ်းချုပ်ဆီက သင်ယူကြစို့..."
အခြားတပည့်များကလည်း အရှုံးမပေးဘဲ လိုက်အော်ကြတော့သည်။
"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်..."
အစ်ကိုကြီးချန် အလွန်ကျေနပ်သွားပြီး သူ၏လက်နှစ်ဖက်ကို အောက်သို့ဖိကာ ငြိမ်သက်စေရန် လက်ဟန်ပြလိုက်သည်။
"အားလုံးရဲ့ အကြံပြုချက်တွေကို ငါလက်ခံရရှိပါတယ်... နောင်မှာလည်း ပိုပြီး အကြံပြုနိုင်ကြတယ်"
*အကြံပြုချက်...... ကျွန်မတို့ အကြံပြုချက်တွေ ပေးခဲ့လို့လား*
ကျိလင်းဟန်မှာ ဤလူများနှင့် အဆက်အသွယ်ပြတ်နေသကဲ့သို့ ခံစားလိုက်ရသည်။
"ဒီနေ့ အားလုံးကို စုခိုင်းတာက ကိစ္စနှစ်ခုအတွက်ပါ"
"ပထမတစ်ခုက ဂိုဏ်းတွင်းရေးရာတွေကို စီစဉ်ဖို့ လိုအပ်တယ်"
ဂိုဏ်းကသေးငယ်သော်လည်း ဖွဲ့စည်းပုံစုံလင်အောင် လုပ်ဆောင်ထားရမည်။
ဖေးရှန်ဂိုဏ်းတွင် သူနှင့် အားဟွမ်အပါအဝင် ၂၄ ဦးသာ ရှိသော်လည်း တာဝန်ဝတ္တရားများကို တိတိကျကျ သတ်မှတ်ထားရန် လိုအပ်သည်။
အစ်ကိုကြီးချန် အတော်ကြာစဉ်းစားပြီးနောက် ဂိုဏ်း၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို အကြီးဆုံးစီနီယာအစ်မကြီး ကျိလင်းဟန်ထံ အပ်နှံရန် ဆုံးဖြတ်လိုက်ပြီး လော့ယွမ်နှင့် ယင်ရှောင်ရွှယ်တို့ကို လက်ထောက်များအဖြစ် ခန့်အပ်လိုက်သည်။
အမှန်စင်စစ် သူကိုယ်တိုင်မှာ စီမံခန့်ခွဲရန် အချိန်မရှိရုံသာမက လုပ်လည်းမလုပ်တတ်ပေ။ သူ တားမြစ်နယ်မြေမှ ထွက်လာသည်မှာ သုံးရက်ပင် မပြည့်သေးချေ။
လူတိုင်းက ဤဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ရန်မရှိဘဲ ဂိုဏ်းချုပ်သည် တကယ်ကို အာဏာခွဲဝေပေးလိုစိတ်ရှိသည်ဟုသာ ခံစားရသည်။
"ဒုတိယအချက်ကတော့ ငါ မြင့်မြတ်ရေခဲဂိုဏ်းနဲ့ မိုးကြိုးငါးပါးဂိုဏ်းကို သွားဖျက်ဆီးမလို့ပဲ။ မင်းတို့ ဒီနေ့လည်း အိမ်မှာပဲ ဆက်စောင့်နေကြ"
တပည့်များမှာ သူအလွန်အစွမ်းထက်ကြောင်း သိထားကြသော်လည်း မယုံနိုင်အောင် ဖြစ်နေဆဲပင်။
ဂိုဏ်းတစ်ခုကို ဖျက်ဆီးခြင်းမှာ ထမင်းစားရေသောက်သကဲ့သို့ ရိုးရှင်းနေပြီး တစ်ခါတည်းနှင့် ဂိုဏ်းနှစ်ဂိုဏ်းကို ဖျက်ဆီးရန် ထွက်သွားတော့မည်တဲ့။
စဉ်းစားကြည့်ကြပါဦး... သူက လူသားတစ်ယောက်မှဟုတ်သေးရဲ့လား...
ပြန်တွေးကြည့်လျှင် ဂိုဏ်းချုပ်၏အစွမ်းနှင့်ဆိုလျှင် သူဘာများ မလုပ်နိုင်ပါမည်နည်း။
ထို့အပြင် ထိုဂိုဏ်းနှစ်ခုမှာ ဖေးရှန်ဂိုဏ်းကို ဝိုင်းရံတိုက်ခိုက်ရာတွင် ပါဝင်ခဲ့ကြပြီး နက်ရှိုင်းသော သွေးကြွေးများ ရှိနေသည်။
သူတို့မှာ အမြဲတမ်း လက်တုံ့ပြန်ချင်နေခဲ့ကြသည်မှာ ကြာပြီဖြစ်သည်။ ဤမျှ မြန်လိမ့်မည်ဟုသာ မထင်ထားခဲ့ကြခြင်း ဖြစ်သည်။
"ဂိုဏ်းချုပ် အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်..."
"ကျွန်တော်တို့လည်း ဂိုဏ်းချုပ်ရဲ့ ခြေလှမ်းတွေကို အမြန်ဆုံး လိုက်မီနိုင်အောင် ကြိုးစားပြီး ကျင့်ကြံပါ့မယ်..."
ကျန်းချန်က အသာအယာ ပြုံးလိုက်သည်။ ချီးကျူးစရာ စိတ်ဓာတ်ပင်။
*ဒါပေမဲ့ မင်းတို့သာ ငါ့ကို လိုက်မီသွားရင် ငါ့ရဲ့စနစ်ကို ဘယ်လို မျက်နှာပြရပါ့မလဲ...*
ဤတစ်ကြိမ်တွင်မူ သူသည် တည်နေရာရွှေ့ပြောင်းခြင်းကို အသုံးမပြုခဲ့ပေ။ ၎င်းကို တစ်ရက်တစ်ကြိမ်သာ အသုံးပြုနိုင်သောကြောင့် ချွေတာရပေမည်။
နှစ်နာရီအကြာတွင် သူသည် မြင့်မြတ်ရေခဲဂိုဏ်း၏ တောင်တံခါးရှေ့သို့ ရောက်ရှိလာသည်။ ပြီးခဲ့သည့်အကြိမ်နှင့် မတူသည်မှာ ဤတစ်ကြိမ်တွင် သူပေါ်လာသည်နှင့် ချက်ချင်း မှတ်မိကုန်ကြသည်။
"ကြည့်စမ်း... ဟိုမှာ ကျန်းချန်ပဲ"
"သူ မနေ့က ကျီယွဲ့ဂိုဏ်းကို ဖျက်ဆီးခဲ့တာမလား..."
"သူကိုယ်တိုင်လားဆိုတာ ပြောရခက်ပေမဲ့ သူနဲ့တော့ သေချာပေါက် ပတ်သက်နေမှာပဲ"
"သူ မြင့်မြတ်ရေခဲဂိုဏ်းကိုလာတာဆိုတော့ တကယ်ပဲ ဖေးရှန်ဂိုဏ်းအတွက် လက်တုံ့ပြန်မလို့လား..."
"ငါ့အထင်တော့ သူ့နောက်ကွယ်မှာ တခြားပြည်နယ်တွေက အင်အားစုတွေ ရှိနေမှာပဲ၊ မဟုတ်ရင် သူ ဒီလောက် သတ္တိကောင်းပါ့မလား"
ဖေးယွင်ပြည်နယ်တွင် ချင်လန်စီရင်စုတစ်ခုတည်း ရှိသည်မဟုတ်ဘဲ အနီးအနားတွင် ချန်းနင်စီရင်စုနှင့် ချုံယန်စီရင်စုတို့လည်း ရှိသေးသည်။
ဤစီရင်စုနှစ်ခုမှာလည်း ကျယ်ပြောလှပြီး မိုင်ပေါင်းသိန်းချီရှိကာ ၎င်းတို့အတွင်း၌ တွမ့်မူမိသားစုနှင့် ချီရီဂိုဏ်းတို့ထက်မနိမ့်ကျသော ဂိုဏ်းကြီးများ ရှိကြသည်။
ကျင့်ကြံသူများသည် အရင်းအမြစ်များအတွက် မည်သည့်နည်းလမ်းကိုမဆို သုံး၍ ပြိုင်ဆိုင်တတ်ကြသည်။
ချင်လန်စီရင်စု၏ အဓိကအင်အားစုကြီးနှစ်ခုမှာ ၎င်းတို့နှင့် ပွတ်တိုက်မှုများ ရှိနေသည်မှာ သဘာဝပင်။
ဖေးရှန်ဂိုဏ်းနှင့် ကျီယွဲ့ဂိုဏ်းကဲ့သို့ အလတ်စားဂိုဏ်းများမှာမူ ချင်လန်ပြည်နယ်တွင် ဒုတိယတန်းစားအဆင့်သာရှိပြီး ထိုပြင်ပအင်အားစုများနှင့် ပတ်သက်မှုမရှိပေ။
လက်ရှိတွင် လူတိုင်းက ကျန်းချန်ကို ချန်းနင်စီရင်စု သို့မဟုတ် ချုံယန်စီရင်စုမှ စေလွှတ်လိုက်ခြင်းဖြစ်သည်ဟု ယူဆနေကြသည်။
ကျီယွဲ့ဂိုဏ်းမှ လူတစ်ယောက်မှ မလွတ်မြောက်နိုင်ခဲ့ခြင်းမှာ လူတစ်ယောက်တည်း လုပ်ဆောင်နိုင်သည့်အရာ မဟုတ်ပေ။ သူ့နောက်ကွယ်တွင် ကြီးမားသော အင်အားစုတစ်ခု ရှိနေရမည်။
ကျန်းချန်သည် ဤလူများ၏ ခန့်မှန်းချက်များကို ကြားသော်လည်း အလေးမထားခဲ့ပေ။
အစ်ကိုကြီးချန်းက အစွမ်းပြပြီး လူမိုက်လုပ်တော့မည်ဖြစ်ရာ မည်သူမျှ တားဆီးနိုင်မည်မဟုတ်။
သူ တောင်ပေါ်သို့ လမ်းလျှောက်တက်ရန် ပျင်းရိသဖြင့် တိုက်ရိုက်ပျံသွားရန်သာ ရွေးချယ်လိုက်သည်။
လမ်းတစ်လျှောက်တွင် မည်သူမျှ သူ့ကို တားဆီးရဲခြင်းမရှိဘဲ လူသူကင်းမဲ့သော နေရာသို့ ရောက်ရှိနေသကဲ့သို့ ရှိနေသည်။
မြင့်မြတ်ရေခဲဂိုဏ်း၏ ကျယ်ပြောလှသော ပင်မဆောင်ရင်ပြင်သို့ ပျံသန်းရောက်ရှိသွားချိန်မှသာ သူ့ကို စောင့်ကြိုနေသော လူအုပ်ကြီးကို မြင်လိုက်ရသည်။
*ဒေါင်... ဒေါင်... ဒေါင်!...*
ကျယ်လောင်သော ခေါင်းလောင်းသံမှာ တောင်တန်းများတစ်လျှောက် ပဲ့တင်ထပ်သွား၏။
၎င်းမှာ ပြင်ပရန်သူ တိုက်ခိုက်လာချိန်တွင် လူစုရန် ခေါ်ယူသည့် အချက်ပေးသံဖြစ်ရာ မြင့်မြတ်ရေခဲဂိုဏ်း၏ တပည့်အားလုံး စုဝေးရောက်ရှိလာကြသည်။
မိမိရှေ့ရှိ အနည်းဆုံး လူရှစ်ထောင်ခန့်ဖြင့်ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံကြီးကိုကြည့်ရင်း ကျန်းချန်က ကြိုဆိုမှုအဆင့်အတန်းမှာ ကျေနပ်စရာကောင်းသည်ဟု ထင်မိသည်။
"ကျန်းချန်... မင်း တကယ်လာတာပဲ"
"မင်း ရောက်လာပြီဆိုတော့ ပြန်သွားဖို့တော့ မစဉ်းစားနဲ့တော့"
မြင့်မြတ်ရေခဲဂိုဏ်းချုပ် ရှီချန်းဟန်က သူ၏လက်စွပ်ကို ခါယမ်းလိုက်ရာ တစ်ခဏအတွင်းမှာပင် မိုင်ပေါင်းရာချီကျယ်ဝန်းသော မြင့်မြတ်ရေခဲဂိုဏ်း၏ အချက်အချာနယ်မြေတစ်ခုလုံးကို အပြာရောင်အလင်းအကာအရံဖြင့် ပိတ်ဆို့လိုက်တော့သည်။
ဂိုဏ်းကာကွယ်ရေးအစီရင်ကြီးကို စတင်လိုက်လေပြီ။
ဂိုဏ်းကာကွယ်ရေးအစီရင်ကြီးမှာ ဂိုဏ်းတစ်ခု၏ မဟာဗျူဟာမြောက် ကာကွယ်ရေး အခြေခံအုတ်မြစ်ဖြစ်သည်။
အစီရင်ကို စတင်လိုက်သည်နှင့် ပြင်ပကျူးကျော်သူများ တိုက်ခိုက်ရန် ခက်ခဲသွားမည်ဖြစ်သည်။
အကယ်၍ အစီအရင်အတွင်းသို့ ဝင်လာလျှင်ပင် အစီရင်၏ တိုက်ခိုက်မှုကို ခံရဦးမည်ဖြစ်သည်။
ထိုသို့ဖြင့် တိုက်ပွဲမှာ အကန့်အသတ်များရှိလာမည်။
မြင့်မြတ်ရေခဲဂိုဏ်း၏ ကာကွယ်ရေးအစီရင်မှာ အဆင့် ၅ အစီအရင် နှင်းကမ္ဘာအကျဉ်းထောင် ဖြစ်သည်။
၎င်းကို စတင်လိုက်ပြီးနောက် ကောင်းကင်ကိုပင် မမြင်ရတော့ဘဲ ထူထပ်သော ရေခဲလွှာများဖြင့် လုံးဝဖုံးအုပ်သွားတော့သည်။
ကျန်းချန်မှာ ရေခဲစွမ်းအားကျင့်စဉ်များကို မကျင့်ကြံထားသဖြင့် ရုတ်တရက် အပူချိန် ဒီဂရီများစွာ ထိုးဆင်းသွားခြင်းကို အနည်းငယ် အသားမကျဘဲ ချမ်းတုန်လုနီးပါး ဖြစ်သွား၏။
တစ်ချိန်တည်းမှာပင် ပင်မတောင်ထိပ်နှင့် ပတ်ဝန်းကျင်ရှိ တောင်ထိပ်ပေါင်းများစွာမှာ သက်ရှိများကဲ့သို့ နိုးထလာကြပြီး တိုက်ခိုက်ရေးအစီရင်များအားလုံး ပေါ်ထွက်လာသည်။
အစီရင်တစ်ခုချင်းစီမှာ အေးစက်သော အလင်းတန်းများဖြင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး ကျန်းချန်ကို ပစ်မှတ်ထားလာ၏။
ဤအရာအားလုံးကို အောင်မြင်စွာ စတင်နိုင်ပြီးနောက်တွင်မူ မြင့်မြတ်ရေခဲဂိုဏ်း၏ အကြီးအကဲများမှာ လုံးဝ စိတ်အေးသွားကြတော့သည်။
"မင်းက တစ်ယောက်တည်းပဲ... မင်း ဘယ်လိုများ လှိုင်းထန်အောင် လုပ်နိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်"
သူတို့စိုးရိမ်နေကြသည်မှာ ကျန်းချန်ကိုတိုင်မဟုတ်ဘဲ သူ့နောက်ကွယ်မှ အင်အားစုများဖြစ်သည်။
ယခုအခါ အစီရင်ကြီးဖြင့် ပိတ်ဆို့ထားပြီဖြစ်ရာ ကျန်းချန်တွင် ကူညီမည့်သူများရှိလျှင်ပင် အတွင်းသို့ ဝင်နိုင်မည်မဟုတ်ပေ။
"နတ်ပြည်သွားမယ့်လမ်း ရှိပါလျက်နဲ့ မင်း မရွေးဘူး၊ ငရဲတံခါး မရှိဘဲနဲ့ မင်းက အတင်းတိုးဝင်လာတယ်..."
"ဟားဟားဟား..."
ရှီချန်းဟန်က ရူးသွပ်စွာ ရယ်မောလိုက်သော်လည်း ကျန်းချန်က ချက်ချင်းပင် ကြားဖြတ်ပြောလိုက်သည်။
"တော်ပြီ၊ တော်ပြီ... အမြန်စကြရအောင်"
"မင်းနောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ ပြောစမ်း..."
"မင်းကတော့ စကားကောင်းကောင်းပြောနေတာကို..."
"ခင်ဗျားက အာရုံလာနောက်နေတယ်... မြန်မြန်လုပ်တာမဟုတ်ဘူး... ကျုပ် တကယ်အလုပ်ရှုပ်နေတယ် နောက်တစ်နေရာကိုသွားရဦးမယ်..."
"မင်းက ဝိညာဉ်ခွဲထွက်ခြင်းအဆင့်လေးတင်..."
"ထားလိုက်ပါတော့... ငါကိုယ်တိုင်ပဲ လုပ်လိုက်တော့မယ်..."
အစ်ကိုကြီးချန်၏ မျက်လုံးထဲတွင် ဤလူများမှာ သေဖို့ကံပါလာသူများသာ ဖြစ်သည်။
၎င်းတို့၏ အဆင့်အတန်းမှာ ဂိမ်းထဲမှ တောရိုင်းတိရစ္ဆာန်ကွန်ပျူတာဇာတ်ကောင်များထက် မပိုပေ။
မည်သူက ၎င်းတို့၏ အဆုံးမရှိသော စကားများကို နားထောင်နေရန် အချိန်ရှိပါမည်နည်း။
သေချာပေါက် သူသည် ဇာတ်လမ်းပြကွက်များကိုကျော်ပြီး ပွဲကြီးပွဲကောင်းကို စတင်ပေတော့မည်။
*ရွှမ်း*
ဝိညာဉ်ဓားသည် ဓားအိမ်အတွင်းမှ ထွက်ပေါ်လာသည်နှင့် ရှီချန်းဟန်မှာ ဗီဇအရ နောက်သို့ တစ်လှမ်းဆုတ်လိုက်မိသည်။
ယခင်က ချီကောင်းဟုန်ကဲ့သို့ပင် ကျန်းချန်၏ယုံကြည်မှုမှာ မယိုင်လဲနိုင်ဟု ခံစားနေရ၏။
သူသည် ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ၆ တွင်သာ ရှိသော်လည်း သေချာပေါက် အနိုင်ရမည်ဟု ယုံကြည်နေပုံရသည်။
နှစ်ပေါင်းရာချီကျင့်ကြံလာခဲ့သော သူတို့ကဲ့သို့ လူများမှာ သဘာဝအရ သတိကြီးကြ၏။
အကြွင်းမဲ့ သေချာမှုမရှိဘဲ သူတို့သည် ယေဘုယျအားဖြင့် ဝူးဝူးဝါးဝါး လုပ်ဆောင်လေ့မရှိပေ။
ထို့ကြောင့် သူသည် အစီရင်ဖြင့် အရင်တိုက်ခိုက်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
"အစီရင်ကို စတင်လိုက်..."
တစ်ခဏအတွင်းမှာပင် ပြင်ဆင်ထားသော အစီရင်ကြီးနှင့် တောင်ထိပ်များပေါ်ရှိ တိုက်ခိုက်ရေးအစီရင် ၃၀ တို့မှာ တစ်ပြိုင်နက်တည်း အသက်ဝင်လာတော့သည်။
*ဘုန်း... ဘုန်း... ဘုန်း!...*
ကောင်းကင်တစ်ခုလုံးမှာ ရေခဲဓားများ၊ ရေခဲလှံများဖြင့် ဖုံးလွှမ်းသွားသည်။
ထို့အပြင် မြေပြင်မှလည်း ရေခဲစူးပေါင်းများစွာ ထိုးထွက်လာတော့သည်။
တိုက်ခိုက်မှုအားလုံးမှာ လျှပ်စီးတန်းများကဲ့သို့ လျင်မြန်လှပြီး ပစ်မှတ်မှာ ကျန်းချန်တစ်ဦးတည်းသာ......