← Chapters

အံ့ဖွယ်ကောင်းသော အဝါလေး

Vol. 3 Ch. 24

အံ့ဖွယ်ကောင်းသော အဝါလေး

Vol. 3 Ch. 24

ယဉ်ကျေးစွာ ငြင်းဆန်မှုများနှင့် တိုက်တွန်းမှုများ အကြိမ်ကြိမ် ပြုလုပ်ပြီးနောက် နောက်ဆုံးတွင် ကျိလင်းဟန်သည် ထိုဝိညာဉ်ချပ်ဝတ်ကို ဝတ်ဆင်လိုက်လေသည်။

ကြယ်တာရာ အလင်းတန်းများ တဖျတ်ဖျတ် တောက်ပလာပြီးနောက် ဝိညာဉ်ချပ်ဝတ်ကို ဝတ်ဆင်လိုက်သည်နှင့် သူမ၏ အသွင်အပြင် တစ်ခုလုံးမှာ ပြောင်းလဲသွားသကဲ့သို့ ခံစားရ၏။

ကြည်လင်တောက်ပသော ချပ်ဝတ်သည် သူမ၏ အဝတ်အစားများနှင့် လျင်မြန်စွာ ပေါင်းစပ်သွားပြီး အဖြူရောင်စကတ်ရှည်အဖြစ် ပြောင်းလဲသွားသည်။

ကြည်လင်တောက်ပသော အလင်းတန်းများသည် သူမ၏ခန္ဓာကိုယ်ပတ်လည်တွင် လွင့်ပျံနေပြီး သေမျိုးလောကနှင့်မသက်ဆိုင်သော နတ်သမီးတစ်ပါးကဲ့သို့ အငွေ့အသက်များမှာလည်း ထင်ရှားလာသည်။

"နတ်သမီးလေးလိုပဲ"

ကျန်းချန်မှာ ထိုမြင်ကွင်းကြောင့် မှင်သက်သွားရသည်။ အဝေးမှ ကြည့်နေကြသော ယင်ရှောင်ရွှယ်နှင့် အခြား အမျိုးသမီးတပည့်များမှာလည်း လွန်စွာ အားကျနေကြသည်။

"ဟူး... ဂိုဏ်းချုပ်ရဲ့ စိတ်ထဲမှာတော့ စီနီယာအစ်မ ကျိလင်းဟန်က အနီးကပ်ဆုံးသူပဲ ဖြစ်မှာပါ"

"ငါတို့အတွက်တော့ မျှော်လင့်ချက် မရှိတော့ပါဘူး"

သူတို့သည် မနာလိုသံ အနည်းငယ်ဖြင့် ပြောဆိုနေကြသော်လည်း သူတို့၏ မျက်ဝန်းထဲတွင်မူ မကောင်းသော စိတ်ထားများ ကင်းစင်နေသည်။ ကျိလင်းဟန်သည် ကျန်းချန်ကို ယဉ်ကျေးစွာ ပြုံးပြလျက် နက်နဲစွာဦးညွှတ်လိုက်သည်။

"ဂိုဏ်းချုပ် ချီးမြှင့်တဲ့ ဒီရတနာရဲ့တန်ဖိုးနဲ့ညီအောင် ကျွန်မ သေချာပေါက် ကြိုးစားပါ့မယ်"

"ဒါနဲ့… ငါတို့ဂိုဏ်းရဲ့ ဝိညာဉ်သွေးကြောက ပျက်စီးသွားပြီ မဟုတ်လား။ အခု ဘာကြောင့် ဝိညာဉ်စွမ်းအင်တွေ ဒီလောက်ထိ ထူထပ်များပြားနေရတာလဲ"

ထိုအကြောင်းကို ပြောလိုက်သောအခါ ကျိလင်းဟန်က ချိုသာစွာ ပြုံးလိုက်ပြီး

"ဒါကတော့ ဂိုဏ်းချုပ်ရဲ့ သမီးလေးကြောင့်ပါပဲ"

ကျန်းချန်မှာ အံ့အားသင့်သွားပြီး

"အဝါလေးလား"

ဟု မေးလိုက်သည်။

ထိုအခါ ကျိလင်းဟန်က အံ့ဩသွားကာ

"အဝါလေး ဟုတ်လား"

"ဪ… အဲ့ဒါ ငါပေးထားတဲ့ နာမည်လေ။ ဘယ်လိုလဲ မှတ်ရလွယ်တယ် မဟုတ်လား"

ကျိလင်းဟန်မှာ စကားပင် မဆိုနိုင်တော့ပေ။ ဤမျှ ချစ်စရာကောင်းသော မိန်းကလေးငယ်ကို ထိုကဲ့သို့သော နာမည်မျိုး ပေးလိုက်သည်လား။

"အဝါ… အဝါလေးက ဂိုဏ်းချုပ် ထွက်သွားပြီး မကြာခင်မှာပဲ နိုးလာခဲ့တာပါ။ နိုးနိုးချင်းပဲ ဝိညာဉ်သွေးကြော ရှိတဲ့နေရာကို တန်းသွားတာပဲ"

သူမက ထိုနာမည်ကို ခက်ခဲစွာ ခေါ်ဆိုလိုက်ရသည်။

"အဲ့ဒီတော့ သူက ဝိညာဉ်သွေးကြောကို ပြန်ပြင်လိုက်တာလား"

ကျန်းချန်က စိတ်ဝင်တစား မေးမြန်းလိုက်၏။

"ဟုတ်ပါတယ်... တကယ်ကို အံ့ဩဖို့ ကောင်းပါတယ်။ ပျက်စီးသွားတဲ့ ဝိညာဉ်သွေးကြောတစ်ခုကို ပြန်လည် ဆက်သွယ်နိုင်တယ်ဆိုတာ တစ်ခါမှမကြားဖူးခဲ့ပါဘူး။ အခုဆိုရင် ဝိညာဉ်သွေးကြောက ပြန်ဆက်သွားရုံတင်မကဘဲ ဝိညာဉ်စွမ်းအင်တွေက အရင်ကထက်တောင် ပိုများနေပါသေးတယ်။ ဖေးရှန်ဂိုဏ်းရဲ့ ဝိညာဉ်သွေးကြောက အခုဆိုရင် တတိယအဆင့်ကိုရောက်နေပါပြီ"

ကျန်းချန်သည် ဤအချက်ကို ကြားသော်လည်း ထူးထူးခြားခြား အံ့ဩခြင်းမရှိပေ။

ကျိလင်းဟန်က အဝါလေး၏ နောက်ခံကို မသိသော်လည်း သူ ကောင်းကောင်းသိထားသည်။

ထိုကလေးမလေးသည် ကမ္ဘာဦးနှလုံးသား အပိုင်းအစတစ်ခုဖြစ်သည်။ ဝိညာဉ်စွမ်းအင်နှင့် ပတ်သက်သော အရာများသည် သူမ၏အကျွမ်းကျင်ဆုံးနယ်ပယ်ပင်။

သူသည် နောက်တောင်ကုန်းရှိ ဝိညာဉ်သွေးကြောဆီသို့ ရောက်ရှိသွားသောအခါ ထူးခြားမှုကို ပိုမို သိသာစွာ ခံစားလိုက်ရသည်။

ကျီယွဲ့ဂိုဏ်း၏ ဒုတိယအဆင့် ဝိညာဉ်သွေးကြောနှင့် ယှဉ်လျှင် သူ၏ ရှေ့မှ ဝိညာဉ်သွေးကြောသည် ကိုယ်ပိုင်အသိစိတ်ရှိသော သက်ရှိတစ်ခုပင်။

"မေမေ..."

ဝိညာဉ်သွေးကြောအတွင်းမှ ပုံရိပ်ငယ်လေးတစ်ခု ပျံထွက်လာသည်။

သူမသည် ငှက်ကလေးတစ်ကောင် အသိုက်သို့ ပြန်လာသကဲ့သို့ ကျန်းချန်၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်၏။

ကျန်းချန်မှာ သူမ၏ အရှိန်ကြောင့် လဲကျမတတ် ဖြစ်သွားသော်လည်း သူ၏ သမီးလေးက သူ့အပေါ် သံယောဇဉ်ကြီးနေသည်ကို မြင်ရသောအခါ ဖခင်တစ်ဦးကဲ့သို့ လွန်စွာကျေနပ်မိသည်။

ခေါ်ဝေါ်ပုံနှင့်ပတ်သက်၍ ငြင်းခုံနေရန်လည်း စိတ်မကူးတော့ပေ။

"သမီးလေး... ဒီဝိညာဉ်သွေးကြောထဲမှာ နေရတာ သဘောကျရဲ့လား"

အဝါလေးသည် အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် မိန်းကလေးငယ်လေးအသွင်ဖြင့် အလွန်ပင် ချစ်စရာကောင်းလှသည်။

"ဒီမှာနေရတာ အရမ်းသက်သောင့်သက်သာရှိတာပဲ။ သမီးအထဲမှာ ရေကူးနေတာ"

"ကောင်းပြီ၊ သမီးသဘောကျရင် ပြီးတာပါပဲ။ သမီးပဲ ဒီဝိညာဉ်သွေးကြောရဲ့အဆင့်ကို မြှင့်တင်ပေးလိုက်တာလား"

"ဟုတ်ကဲ့"

အဝါလေးသည် သူမ၏ တောက်ပသော မျက်ဝန်းလေးများဖြင့် ကျန်းချန်ကို မော့ကြည့်လိုက်ရာ "သမီးကို မြန်မြန်ချီးကျူးပေးပါ" ဟု ပြောနေသကဲ့သို့ပင်။

ကျန်းချန်ကလည်း သူမ၏ဆန္ဒကို ဖြည့်ဆည်းပေးသည့်အနေဖြင့် ခေါင်းကို ပွတ်သပ်ပေးလိုက်ကာ "သမီး တကယ်တော်တယ်" ဟု ချီးကျူးလိုက်သည်။

ထို့နောက် "ငါ့သမီးဖြစ်နေတာကိုး" ဟု မိမိကိုယ်ကိုယ်လည်း မြှောက်ပင့်လိုက်သေးသည်။

အဝါလေးသည် ကျန်းချန်၏ရင်ခွင်ထဲသို့ ကျေနပ်စွာ တိုးဝင်လိုက်ပြီး...

"မေမေသာ တခြားအပိုင်းအစတွေကို ထပ်ရှာပေးနိုင်ရင် ဒီဝိညာဉ်သွေးကြောကို အဆင့်တွေ အများကြီး ထပ်မြှင့်ပေးလို့ ရတယ်"

"တခြား အပိုင်းအစတွေလည်း ရှိသေးတာလား"

ကျန်းချန်မှာ အံ့အားသင့်သွားသည်။ ဤမျှ ထူးခြားသော ရတနာသည် တစ်ခုထက်မက ရှိနေသေးသည်လား။

"ဟုတ်တယ်၊ ဒါပေမဲ့ အဲ့ဒါတွေ ဘယ်မှာလဲဆိုတာ သမီးလည်း မသိဘူး။ မေမေ ကိုယ်တိုင်ပဲ ရှာရလိမ့်မယ်"

"ကောင်းပြီ၊ ဖေဖေ ရှာပေးမှာပေါ့"

ဂိုဏ်း၏ ဝိညာဉ်စွမ်းအင်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ရာ သူသည် လွန်စွာစိတ်အားထက်သန်လာ၏။

သို့သော် ဤကမ္ဘာသည် ကျယ်ပြောလွန်းလှသဖြင့် ယခုအချိန်တွင် သူသည် မြို့နယ်တစ်ခုမှပင် မထွက်ရသေးပေ။ ရှာဖွေရသည်မှာ သမုဒ္ဒရာထဲတွင် အပ်ရှာသကဲ့သို့ ခက်ခဲနိုင်ပေသည်။

"တခြား အပိုင်းအစတွေကလည်း သမီးလိုပဲ ဝိညာဉ်စွမ်းအင်မရှိတဲ့ နေရာတွေမှာပဲ ရှိနေတာလား"

အဝါလေးက သူမ၏ ဆံပင်ကျစ်ဆံမြီးလေးများကို ခါယမ်းလိုက်ပြီး

"သမီးကတော့ ဝိညာဉ်စွမ်းအင်မရှိတဲ့ တားမြစ်နယ်မြေမှာ မွေးဖွားလာရလို့ ကံမကောင်းတာပါ။ တခြား အပိုင်းအစတွေကတော့ အဲ့ဒီလို မဟုတ်လောက်ဘူး"

ထိုသို့ဆိုလျှင် ကံတရားအပေါ်၌သာ မူတည်တော့မည်ဖြစ်သည်။

သမီးဖြစ်သူနှင့် ခဏတာ ကစားပေးပြီးနောက် ကျန်းချန်သည် ဂိုဏ်း၏ခန်းမသို့ ပြန်လာခဲ့သည်။

နောက်တစ်ဆင့်မှာ ဖေးရှန်ဂိုဏ်းကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် ကျန်သောဂိုဏ်းသုံးဂိုဏ်းကို သုတ်သင်ရန်ပင်။

သို့သော် ယနေ့အတွက် သူ၏ အသက်ပြန်ရှင်နိုင်သည့်အကြိမ်ရေကို အသုံးပြုပြီးဖြစ်သဖြင့် သူ၏ စွမ်းအားကို ပြသလိုသော ဆန္ဒကို ခေတ္တ ထိန်းချုပ်ထားလိုက်ပြီး ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ရန် ဆုံးဖြတ်လိုက်သည်။

သူ၏ ကျင့်စဉ်သည် အခြားသူများ၏ ဝိညာဉ်စွမ်းအင် စုပ်ယူမှုကို အနှောင့်အယှက် ဖြစ်စေနိုင်သော်လည်း ဂိုဏ်းအတွင်းရှိ တောတောင်နက်ရာ တစ်နေရာတွင် ကျင့်ကြံခြင်းဖြင့် အခြားတပည့်များကို မထိခိုက်စေရန် စီစဉ်လိုက်၏။

သူ ကျင့်ကြံနေသည့် အချိန်အတွင်း ပြင်ပလောကတွင်မူ သတင်းများမှာ ဟိုးလေးတကျော် ဖြစ်နေသည်။

ကျီယွဲ့ဂိုဏ်း ပျက်စီးသွားခြင်း၊ ကျားမိစ္ဆာပုံရိပ်နှင့် ကျန်းချန်၏ ရောက်ရှိလာခြင်း အစရှိသည်တို့ကို လူအများက ပုံစံအမျိုးမျိုးဖြင့် ပြောဆိုနေကြသည်။

ကျင့်ကြံခြင်းလောကတွင် သတင်းများမှာ အလွန်လျင်မြန်စွာ ပြန့်နှံ့သွားတတ်သည်။

ကျီယွဲ့ဂိုဏ်းသည် ဤနယ်မြေအတွင်းရှိ အလတ်စား ဂိုဏ်းသုံးဂိုဏ်းထဲမှတစ်ခု ဖြစ်၏။

ထိုဂိုဏ်းတစ်ခုလုံး တစ်ယောက်မကျန် သုတ်သင်ခံလိုက်ရခြင်းသည် လူအများအပေါ် များစွာသက်ရောက်ခဲ့သည်။

ချီရီဂိုဏ်းနှင့် တွမ့်မူမိသားစုတို့မှာလည်း ဤဖြစ်ရပ်ကို အထူးအာရုံစိုက်လာကြပြီး စုံစမ်းထောက်လှမ်းသူများကို စေလွှတ်လိုက်ကြသည်။

ဤကိစ္စကို ကျန်းချန်တစ်ဦးတည်းလုပ်ဆောင်ခဲ့သည်ဟု သူတို့ လုံးဝမယုံကြည်ကြပေ။

သူတို့၏ အမြင်တွင် ၎င်းသည် ပြင်ပအင်အားစုတစ်ခု၏ ပူးပေါင်းကြံစည်မှုဟုသာ ယူဆကြသည်။

ကျီယွဲ့ဂိုဏ်းကို အချိန်တိုအတွင်း သုတ်သင်နိုင်သော အင်အားသည် သူတို့အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာသည်။

ကျန်းချန်သည် အခြား အင်အားကြီးအဖွဲ့တစ်ခု၏ လက်ကိုင်တုတ် သို့မဟုတ် အသုံးချခံရသူ တစ်ဦးသာ ဖြစ်လိမ့်မည်ဟု သူတို့ ထင်ကြေးပေးနေကြလေ၏။

ဖြစ်ရပ်များ၏ ဗဟိုချက်တွင် ရှိနေသော ကျန်းချန်ကမူ ထိုအရာများကို စိတ်မဝင်စားပေ။ သူ၏ လက်အောက်တွင် လူဦးရေ အနည်းငယ်သာ ရှိသဖြင့် စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်ရန်လည်း အင်အား မလုံလောက်ချေ။

အချိန်သည် လျင်မြန်စွာ ကုန်လွန်သွားပြီး ဒုတိယနေ့သို့ ရောက်ရှိလာသည်။

"ဒီနေ့လည်း ဟန်ထုတ်ဖို့အခွင့်အရေးတွေနဲ့ ပြည့်နေဦးမှာပဲ"

သူ၏ အသက်ပြန်ရှင်နိုင်သည့် အကြိမ်ရေမှာ ပြန်ပြည့်သွားပြီဖြစ်ရာ ကျန်းချန်သည် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်လိုက်သည်။

တစ်ညတာ ကျင့်ကြံပြီးနောက် သူသည် စိတ်ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် ၆ သို့ ရောက်ရှိသွားပြီဖြစ်သည်။ တစ်ညတည်းနှင့် အဆင့်ငယ်နှစ်ဆင့် တက်လှမ်းနိုင်ခြင်းမှာ အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်သော်လည်း သူကမူ အေးဆေးတည်ငြိမ်စွာပင် ရှိနေသည်။

လောကသုံးပါးတွင် အမြတ်ဆုံးသော ကျင့်ကြံခြင်းခန္ဓာကိုယ်နှင့် သမီးဖြစ်သူ မြှင့်တင်ပေးထားသော ဝိညာဉ်စွမ်းအင်တို့ကြောင့် ဤသည်မှာ ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စဟုသာ သူ ယူဆသည်။

"ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်"

"ဂိုဏ်းချုပ် ကျင့်ကြံပြီးသွားပြီလား"

"ဒီလောက် စွမ်းအားကြီးတာတောင်မှ အချိန်မလပ် ကြိုးစားအားထုတ်နေတာက ကျွန်တော်တို့ ကျင့်ကြံသူတွေအတွက် စံနမူနာပါပဲ"

"ဂိုဏ်းချုပ်က မနေ့ကထက်တောင် ပိုချောလာသလိုပဲ..."

ခန်းမဆောင်သို့ ပြန်ရောက်သောအခါ တပည့်များ၏ မြှောက်ပင့်စကားများကို ကျန်းချန်က သဘောကျစွာ ခံယူလိုက်သည်။ သူတို့ ပြောဆိုပြီးမှသာ လက်ကို ဝေ့ယမ်းလိုက်ပြီး...

"နောင်ဆိုရင် လူအများကြားမှာ ဒီလောက်အထိ ချီးကျူးမနေကြနဲ့၊ သီးသန့်ပဲ လာပြောကြပါ။ ငါက အားနာတတ်တဲ့သူ မို့လို့ပါ..."

ထိုစကားကြောင့် လူတိုင်းမှာ မှင်သက်သွားကြသည်။

ဤမျှ အရှက်မရှိသောသူကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

သို့သော်လည်း ဤကဲ့သို့သောစတိုင်ရှိသည့် ဂိုဏ်းချုပ်သည် ခက်ထန်မာကျောလှသော အကြီးပိုင်းများထက် ပိုမို ရင်းနှီးရလွယ်ကူသည်ဟု သူတို့ ခံစားမိကြလေတော့သည်...

All Chapters