← Chapters

အခန်း (၁၃-၁၆)

Vol. 1 Ch. 13-16

အခန်း (၁၃-၁၆)

Vol. 1 Ch. 13-16

13 01

အပိုင်း 13.

ဝေ့ယွဲ့ထုန်က စကားမပြော ရသေးမီပင် ဝေ့ယီက လက်ဦးမှု ရယူကာ ဆိုလိုက်၏။

“အိုး၊ ဒါက ဒေါ်လေးဝေ့ မဟုတ်လား။ ကျမ ငယ်ငယ်လေးတုန်းက ဒေါ်လေးကို မြင်ဖူးခဲ့တာ မှတ်မိနေပါသေးတယ်”

သူမ ငယ်စဥ်ကလေး ဘဝက ဝေ့ယွဲ့ထုန်ကို မြင်ဖူးခဲ့ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါပေ။ ဝေ့ယွဲ့ထုန်၏ ခင်ပွန်းသည် မကွယ်လွန်မီကတည်းက သူမက ရွာမှာပင် အမြဲ နေထိုင်ခဲ့သူဖြစ်ကာ ဝေ့ယီ အနေဖြင့် ဖခင်ဖြစ်သူနှင့်အတူ ဘယ်တုန်းကမှလည်း ရွာကို လိုက်မသွားခဲ့ဖူးပါပေ။

အကယ်၍ သူမကသာ ရှီလီ၏ အတွင်းစိတ် အတွေးများမှနေ၍ ဤလူအကြောင်း မကြားဖူးခဲ့လျှင် သူမက ဤမိန်းမကို မှတ်တောင်မှ မှတ်မိလိမ့်မည် မဟုတ်ပါပေ။

ဝေ့ယီ၏ မိခင်က ယခုမူ ပုံမှန် ရှိမြဲဖြစ်သည့် တင့်တယ် ကျက်သရေရှိမှုများကို ပြန်လည် ရရှိသွားပေပြီ။ သူမက ဧည့်သည်များကို ရှင်းပြလိုက်လေသည်။ (ထိုလူများက ဝေ့ယွဲ့ထုန် မည်သူ ဖြစ်သနည်း ဆိုသည်ကို မစပ်စုကြသော်လည်းပဲပေါ့)

“ယွဲ့ထုန်က ကျမ ခင်ပွန်းနဲ့ တစ်ရွာတည်း သားချင်းတွေလေ”

“ဒေါ်လေးဝေ့၊ ဒေါ်လေးရဲ့ ခင်ပွန်း ဆုံးပြီးတဲ့နောက် ပျောက်သွားတယ်လို့ ရွာသားတွေဆီကနေ ကျမ ကြားခဲ့ရတယ်။ သူတို့အားလုံးက ဒေါ်လေးများ တရားမဝင် ကုန်ကူးနေသလား စိုးရိမ်နေခဲ့ကြတာရယ်။ ရွှေတွဲလဲ ငွေတွဲလဲ ဖြစ်နေပုံကို မြင်ရတာတော့ အလုပ်ကောင်းကောင်း ဖြစ်ထားတာ မကြာသေးဘူး ထင်တယ်။ အဲလောက် ငွေတွေ အများကြီးကို ဘယ်ကနေများ ကြံဖန်လာခဲ့တာလဲဟင်”

ဝေ့ယီက အမေးစကား ဆိုလိုက်သော်ငြား ဝေ့ယွဲ့ထုန်ကို ပြန်ဖြေခွင့် လုံးဝမပေးပဲ ဆက်ပြောပြန်ပြန်သည်။

“အိုး၊ ဒေါ်လေးဝေ့ရေ ၊ ဒေါ်လေးကို ပြောပြဦးမယ်။ ဒီနေ့ရောက်လာတဲ့ လူတွေရဲ့ နှလုံးသားကအရမ်းကို ကောက်ကျစ် စဥ်းလဲကြတာပဲ။ ကျမ မိဘတွေရဲ့ သံယောဇဥ် နှောင်ကြိုး အကြောင်းကို လူတိုင်း သိနေတာပဲဟာ။ ဒါပေမဲ့ အခုကျ မိန်းမတွေ အများကြီး ရောက်လာပြီးကျမ အဖေရဲ့ အငယ်အနှောင်း ဖြစ်လာဖို့ အတင်း တောင်းဆိုနေကြတယ်လေ။ သူတို့က ကလေးတွေပါ မွေးထားပြီး အဲဒီ တရားမဝင် ကလေးတွေက အမွေ ဆက်ခံပိုင်ခွင့် အချိုးကျရသင့်တယ်လို့ ပြောနေကြလေရဲ့”

သူမက ဝေ့ယွဲ့ထုန် ရင်ခွင်ထဲမှ ကလေးမလေး၏ ပါးကို ဖျစ်ညှစ်လိုက်ကာ

“ကျမ အဖေကဖြင့် သွားလိုက်ပြီကို၊ အဲဒီလူတွေက ကျမ မိဘတွေရဲ့ ဆက်ဆံရေးကို ထိခိုက်စေချင် နေတုန်းပဲလေ။ အဲဒီလူတွေက အမှန်တော့ တကယ့်ကို မကောင်းဆိုးဝါး စစ်စစ်တွေချည်းပဲ”

ဝေ့ယွဲ့ထုန်ကမူ သူမဘာသာ စိတ်ထဲကနေ တွေးလိုက်၏။ သူကဖြင့် အကုန်လုံး ပြောလိုက်မှကို၊ ငါက ဘာများ ထပ်ပြောနိုင်မှာလဲ။

မည်ကဲ့သို့ စတင်ရမည်နည်းဟု ထောက်ဆနေရင်းက တိုက်ရိုက်သွားသည့် နည်းလမ်းကိုသာ အသုံးပြုဖို့ သူမ စဥ်းစားလိုက်လေသည်။

ထို ဆတ်စလူး စွာတေးမလေးက သူမ၏ သားက အဘိုးကြီးဝေ့၏ ကလေးဖြစ်ကြောင်း သိရှိနေကာ သူမဖြင့်အတူ စိတ်ပိုင်းဆိုင်ရာ ကစားပွဲတခု ကစားနေခြင်းသာ။

သို့သော် ဝေ့ယီကမူ သူမနှင့် အလာပသလာပ စကားများ ဖလှယ်ခြင်း ပြီးဆုံးသွားခဲ့ပြီဖြစ်ကာ ဝေ့ယွဲ့ထုန်သည်လည်း ဤ အပြောအဆို လိမ္မာသော ကလေးမ၏ စကားဦးသမ်းခြင်းများမှတဆင့် အချိုး အကွေ့တစ်နေရာဆီသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရ လေတော့သည်။

ဝေ့ယွဲ့ထုန်က သူမ၏ သား နှစ်ဦးစလုံးကို သူမနှင့်အတူ ခေါ်ဆောင်လာခြင်းပင်။ သူမ၏ သားကြီးဖြစ်သူ ဝေ့ဖုန်းက ဤကိစ္စက ရှက်စဖွယ် ဖြစ်သည်ဟု ခံစားရပေရာ သူမနှင့်အတူ လိုက်မလာချင်ခဲ့ပေ။ သို့သော် ဝေ့ယွဲ့ထုန်၏ မရမက တောင်းဆိုခြင်းများအောက်မှာ ဆွဲခေါ်ခံလာရခြင်းသာ။

ဝေ့ဖုန်းသည်ကား ဝေ့ယွဲထုန်နှင့် ကျေးရွာလူကြီးတို့၏ တရားဝင်သား ဖြစ်သော်ငြား သူ၏ သွေးရင်း ဖခင်ကမူ ဝေ့ယုံရှန်းပင်တည်း။

ထိုစဥ်တုန်းက ဝေ့ယွဲ့ထုန်က ကျေးရွာလူကြီး၏ သားဖြင့် လက်ထပ်သွားခဲ့ကာ ဝေ့ယုံရှန်းကမူ နှစ်သက်မြတ်နိုးဖွယ် ကောင်းလှသည်ဟု ထင်မှတ်ထားခဲ့သူ ဝေ့ယီ၏ မိခင်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ပေသည်။

ယခုက မိမိကိုယ်ကို တန်ဖိုးထားတတ်သည့် အသင်အရွယ်၏ အထွတ်အထိပ် ဖြစ်လေရာ ယခုမူ ဤလူအုပ်ကြီး၏ အထင်အမြင်သေးသည့် အကြည့်များကို ရရှိနေသည့်အတွက် ဝေ့ဖုန်းခမျာ အဆုံးစွန်တိုင်အောင် ကသိကအောက် ဖြစ်ခြင်းမျိုးကို ခံစားရပေတော့သည်။

ဝေ့ဖုန်းက ယခု အထက်တန်း နောက်ဆုံးနှစ် ဖြစ်ပေရာ သူ၏ စာလေ့လာချိန်များက သေရေးရှင်ရေးတမျှ အရေးပါလှပါ၏။ သို့သော် ဝေ့ယွဲ့ထုန်ကမူ အမွေ ဆက်ခံခွင့်အတွက် တိုက်ခိုက်ဖို့ရန် သူ့ကို ကျောင်းသုံးရက်မျှ ပျက်စေခဲ့လေသည်။

သို့သော် ဝေ့ဖုန်းကမူ ဤနေရာဝယ် တစ်ရက်တောင်မှ သည်းခံပြီး မနေလိုပေ။ သူက ကြွပ်ဆတ်ဆတ်ဖြင့်ပင် သူ့မိခင်၏ လက်မောင်းကို လှုပ်ခါလိုက်၏။ ပတ်ပတ်လည်မှ လူများက ဤဇာတ်လမ်းကို စောင့်ကြည့်နေပေရာ သူတို့၏ ဂုဏ်သရေရှိ ဟန်ပန်ကို သူတို့ ထိန်းသိမ်း ထားရပေမည်။ သူက အေးအေး သက်သာ ပြောလိုက်၏။

13 02

“ ကျနော် အခု ကျောင်းသွားရမယ်။ တကယ်လို့ မဖြစ်မနေ လိုအပ်တယ်ဆို အိမ်ရောက်မှ စကားပြောရအောင်ပါ”

ယခုလိုသာ ဆိုလျှင်ဖြင့် ဝေ့ယီသည်လည်း ဤ ဖြစ်လာလတ္တံ့သော ဘေးဒုက္ခကို ရေးကြီးခွင်ကျယ် လုပ်စရာ မလိုတော့ပဲ ဘေးအန္တရာယ်ကို ထိန်းသိမ်းလိုက်ရုံသာ။

ဝေ့ယီ၏ မိခင်ဘက်မှ တော်စပ်သူ ဆွေမျိုးများသည်လည်း သူမ အနောက်မှာ ရှိနေခဲ့ကြကာ အကယ်၍များ ဝေ့ယီ မကိုင်တွယ်နိုင်သည့် ကိစ္စရပ်နှင့် ကြုံတွေ့ခဲ့သော် ကူညီပေးဖို့ အဆင်သင့် ရှိနေကြပါ၏။

သူမ မိသားစု၏ နောက်ခံ အင်အားဖြင့်ဆိုပါလျှင် သူတို့ သခင်မလေး၏ ရှေ့မှောက်ဝယ် မည်သူကမျှ ပြဿနာ ရှာဝံ့ကြမည် မဟုတ်ပါပေ။

“သခင်ကြီးရွှမ်ကတော့ တကယ့်ကို ထိုက်တန်တဲ့ ဆက်ခံသူ ရှိနေတာပဲ”

တစ်စုံတစ်ယောက်က မှတ်ချက်ပြုလိုက်၏။

ဝေ့ယီ၏ မိခင်ဘက်မှ အဘိုးက ဂုဏ်ယူဝံကြွားစွာ ပြုံးလိုက်လေသည်။

“သူ မှန်တယ်လို့ ကျုပ်တော့ ယူဆတယ်။ ဒီကလေးက ငယ်ငယ်လေးကတည်းက ထက်မြက်ခဲ့တာလေ။ ကျုပ်နဲ့လည်း စရိုက်ချင်း တူတယ်”

ဝေ့ယီ၏ မိခင်ဘက်မှ အဘိုးသည်ကား သမက်ဖြစ်သူက ပြင်းထန်သည့် ကားမတော်တဆမှု ဖြစ်သည်ဟု ကြားရစဥ်က သူ့သမီး မုဆိုးမ ဖြစ်မည်ကို စိုးရိမ် ပူပန်ခဲ့ပေသည်။

သို့သော် ငွေကြေးကြွယ်ဝသူ အမျိုးသမီးအတွက် ယောကျာ်းဟူသည် အဘယ်မှာ အရေးကြီးပါအံ့နည်း။

သမက်ဖြစ်သူနှင့် သူ့သမီးက အလွန်ခိုင်မြဲသော ဆက်ဆံရေး နှောင်ကြိုးမျိုး ရှိပေရာ ခင်ပွန်းဖြစ်သူ၏ သေဆုံးမှုက သူ့သမီး ယူကျုံးမရ စိတ်ထိခိုက်မှု ဖြစ်စေမည်ကိုသာ သူ စိုးရိမ် ပူပန်ခဲ့ပေ၏။

ဝေ့ယုံရှန်းက သူ့ဘာသာ တွေး၏….။ ကျနော်ကဖြင့် အခု သေတောင် သေသွားပြီနော်။ အဲဒါကို ခင်ဗျားက ခင်ဗျားသမီး မုဆိုးမ ဖြစ်လာမှာကိုပဲ စိုးရိမ်တယ်ပေါ့လေ။ ဘယ်လောက်တောင် ကြီးမြတ်လှတဲ့ ယောက္ခထီးလဲလို့။

ဝေ့ယီ၏ အဘိုးဖြစ်သူက သူ့သမက်က သူ့သမီးအပေါ်ဝယ် အမှားများစွာ ကျူးလွန်ထားကြောင်း သားငယ်ဖြစ်သူထံမှ ကြားထားခဲ့ပြီးသားပင်။ ထို့နောက် ထို တရားမဝင် ကလေးများက ဤနေရာသို့ အပြေးအလွှား ရောက်လာကြသည်လေ။

ထိုစဥ်တုန်းက သူ၏ ပထမဆုံး တုန့်ပြန်ချက်က သူ့သားကို ယခုလို ပြောခြင်းပင်။

“အဲဒါ မင်းပဲလေ၊ဟုတ်တယ်မလား”

ဦးနှောက်ခြောက်သွားသော ရွှမ်ရွှမ်:???????

“အဲဒါ ကျနော် မဟုတ်ဘူး။ ကျနော် ဘယ်လို ဥပဒေနဲ့ မညီတဲ့ ပြစ်မှုမျိုးကိုမှ လုပ်မထားဘူးနော်”

ဤ အခြေအနေအတွက် အကောင်းဆုံး ရလဒ် ရလာဖို့ တွေးတောကာ ထို လူအိုကြီးလည်း အသုံးမကျသည့် သမက်ဖြစ်သူ သေဆုံးခြင်းကြောင့် သူ၏ အမွေများကို သမီးနှင့် မြေးမ ဆက်ခံဖို့ရန်သာ ဆုံးဖြတ်ပေးပြီး နိဂုံး ချုပ်လိုက်လေသတည်း။

သူ့သမီးက သူမ မျက်လုံးထဲမှ ဖုန်မှုန့် တစကိုပင် သည်းခံနိုင်စွမ်း မရှိသည့် ကိုယ်ရည်ကိုယ်သွေး ရှိသူတည်း။ အကယ်၍များ ခင်ပွန်းဖြစ်သူက သူမအပေါ် သစ္စာဖောက်မှန်း သိရှိသွားပါက ကွာရှင်းပစ်မည်က အသေအချာပါပင်။ သူ့သမက်က မှားယွင်းနေကတည်းက သူက ကွာရှင်းခွင့်မှတဆင့် ပိုင်ဆိုင်မှု တဝက်မျှ ရရှိပေလိမ့်မည်။ သို့ဆိုမှတော့ သေသွားတာက ပိုကောင်းသေးသည်။ သို့မှသာ မိသားစု၏ ပိုင်ဆိုင်မှု ဥစ္စာဟူသမျှက သမီးနှင့် မြေးဖြစ်သူ ပိုင်ဆိုင်ရပေမည်။

ယခုမူ ဤ ကလိန်ကကျစ် သမက်ဖြစ်သူက လိုလိုလားလားကြီး မာလကီးယား သွားပေရာ သခင်ကြီးသည်လည်း ဤဈာပန အခမ်းအနား တလျှောက်လုံး ရွှင်မြူးနေပေတော့သည်။

သူ၏ ချွေးမကြီး ဖြစ်သူက သူ့ကို အမူအရာများ ထိန်းသိမ်းဖို့ရန် သတိပေးတာတောင်မှ သခင်ကြီးကမူ ဝမ်းနည်း ကြေကွဲသည့် အမူအရာကို ဟန်ဆောင်ပန်ဆောင် ပြသဖို့တောင် မတတ်နိုင်ပါလေ။

အချို့ကမူ သူ့နောက်ကွယ်မှာ တိတ်တဆိတ် ညည်းညူနေပေ၏။ ဤသခင်ကြီး ပြုံးနေသည်ကို ပြောရမည်ကို ဆိုရမည်လျှင် သူ့သမီးကို ယနေ့မှ လက်ထပ်ပေးလိုက်သည်ဟု ထင်မှတ် မှားဖွယ်ရာပင်တည်း။

13 03

ဝေ့ယီ၏ မိဘများ လက်ထပ်ခဲ့စဥ်က ထိုလက်ထပ်ပွဲသို့ တက်ရောက်ခဲ့သူများကမူ ဤသခင်ကြီးကား သူ့သမီးကို လက်ထပ်ပေးလိုက်စဥ်က ငိုကြွေးခဲ့ပါသည်ဟု ပြောဆို ညွှန်ပြခဲ့ကြပေသည်။

သူ့သမီး လက်ထပ်ခဲ့စဥ်က ငိုကြွေးပြီး သမက်ဖြစ်သူ သေဆုံးစဥ်ဝယ် ပြံးရယ်နေသူ ထိုအဘိုးကြီးအကြောင်း စဥ်းစားမိသော် လူတိုင်းလူတိုင်းက ကျိုးကြောင်း မဆီလျော်ဟုသာ ခံစားရလေသည်။

နေ့လည်ခင်း ရောက်သော် ဝေ့ယုံရှန်း၏ အရိုးပြာအိုးကို တောင်ပေါ်သို့ ယူဆောင်သွားခဲ့ကြ၏။ မြှုပ်နှံကြချိန်မှာတော့ မည်သို့သော အနှောင့်အယှက်မျိုးမှ မရှိခဲ့ပါပေ။

ပွဲကြည့် ပရိသတ်များသည်လည်း ၎င်းတို့၏ စိတ်ကျေနပ်မှုများကို ပြသခဲ့ကြကာ နောက်တစ်ကြိမ် ထပ်လာဖို့ သန္နိဌာန် ချလိုက်ပါ၏။

(တိုက်ပွဲကြီး မရှိတာတော့ သနားစရာပဲ)

လူအုပ်ကြီးကလည်း သဘောတူလိုက်၏။ တကယ့်ကို အမှန်ပါပဲ။

******

14 01

အပိုင်း 14.

အတန်းခေါင်းဆောင်၏ ဖခင်က နေ့တဝက်ခွင့်ဟုသာ ပြောထားလေရာ သူတို့အားလုံး နေ့လည်ပိုင်းဝယ် စာသင်ခန်းဆီသို့ ပြန်သွားရကြပြီး ထို့နောက်မှာ နောက်ထပ် ပွဲကျင်းပရာ နေရာသို့ ဒရောသောပါး ပြေးသွားကြပြန်သည်။

သုသာန်ရှေ့ဝယ် ဝေ့ယီက ရှီလီကို ခေါ်လိုက်၏။

“လီလီ၊ ကျင်းယွမ်အိမ်မက် စားသောက်ဆိုင်မှာ ငါ သီးသန့်ခန်း တစ်ခန်း ယူထားပေးတယ်။ နေ့လည်စာအတွက် နင်နဲ့ အတန်းခေါင်းဆောင်တို့ တခြားအတန်းဖော်တွေကို အဲဒီနေရာ ခေါ်သွားပေးပါဦး။ ကျန်ခဲ့တဲ့ ရက်တွေတုန်းက ငါ့ဘေးမှာ ရှိနေပေးခဲ့လို့ နင်တို့အားလုံးကို ကျေးဇူးပါဟယ်။ ခဏနေကျ ငါ့မိသားစုနဲ့ အတူ စားပေးရမှာဆိုတော့ အကုန်လုံးကို အဖော်ပြု မပေးတော့ဘူးနော်။ နားလည်ပေးကြပါဦး”

လူတိုင်း လူတိုင်းကလည်း ဝေ့ယီကို မိမိ ကိစ္စကို ဂရုစိုက်ဖို့သာ ပြောလိုက်ကြပြီး သူတို့လည်း သူတို့ဘာသာ အဆင်ပြေကြောင်း ဆိုလိုက်ပါ၏။

နေ့လည်စာ စားနေကြစဥ် အတွင်းဝယ် အားလုံးသော အတန်းသားတို့ကား မိသားစုများထံမှ ဖုန်းခေါ်ဆိုကာ ဆူပူ ကြိမ်းမောင်းခြင်းကို ခံရပါလေတော့သည်။

ထိုနေ့လည်ပိုင်း ကျောင်းသို့ ပြန်ရောက်ချိန်တွင်လည်း သူတို့အားလုံး အတန်းထဲမှာ မတ်တပ်ရပ်ကာ ဆရာမ ဆူပူကြိမ်းမောင်းသည်ကို ခံရသေး၏။

အတန်း ခဏ နားသည့်အခါ အတန်းခေါင်းဆောင်၏ ဖခင်က ၎င်း၏ အတွင်းရေးမှူးမှတဆင့် Milk Teaများ ပို့လာခိုင်းလိုက်ကာ အတန်းဖော်များကြားမှ သူ့သား၏ နာမည်ကျော်ကြားမှုကို အထင်ကြီးလောက်စဖွယ် မြှင့်တင်ပေးလိုက်လေတော့သတည်း။

Milk teaများနှင့် အတူ အတွင်းရေးမှူးက Luxury Brandမှ လက်ဝတ်ရတနာငယ်လေး အချို့ကိုပါ ယူဆောင်လာသေး၏။

အတန်းနားနေချိန်တွင် ဤ လက်ဆောင်ငယ်လေးများကို ဆရာမထံ သွားပို့ပေးဖို့ အတန်းခေါင်းဆောင်က တာဝန်ယူထားရပြီး ဤ မနက်ခင်းတုန်းက ခွင့်ပြုချက်မရှိပဲ အတန်းလစ်ခဲ့သည့်အတွက် တောင်းပန်လိုက်ရပေ၏။

ရှီလီက ရူပဗေဒ အတန်း၏ အတန်းကိုယ်စားလှယ်ဖြစ်သည်။ ထို့ကြောင့် အတန်းခေါင်းဆောင်က ရူပဗေဒ ဆရာမနှင့် တွေ့ချင်သည်ဟု ပြောလာသည့်အခါ သူမလည်း အတူ လိုက်လာခဲ့လေသည်။

ဆရာဝူက အဖြေလွှာများကို စစ်ဆေးနေရင်းက လက်ဖက်ရည်ကို ဇိမ်ခံကာ သောက်နေပေသည်။ သူ၏ ရူပဗေဒ အတန်းကိုယ်စားလှယ်နှင့် Class1၏ အတန်းခေါင်းဆောင်တို့ သူ့ထံ လာနေသည်ကို တွေ့ရသည့်အခါ Test Paper နှစ်ရွက်ကို သူ့အံဆွဲထဲမှ ဆွဲထုတ်လိုက်လေသည်။

“ဒီစာတမ်းတွေကို ပြီးအောင်လုပ်ပေး။ ငါ မင်းတို့ကို အချိန် ပေးမယ်”

ရှီလီက ထိုစာရွက်များကို ဆွဲယူလိုက်ကာ ၎င်းကို တချက်မျှ ဝေ့ကြည့်လိုက်ပြီးနောက် ဤTestကို သူမတို့ထံ ပေးချင်ရသည့် ဆရာဝူ၏ ဆန္ဒကို သူမ သိရှိသွားလေသည်။

Holy Grail Physic ပြိုင်ပွဲ လေးမျိုး အတွက် ကျောင်းကိုယ်စားပြုအဖြစ် Grade တခုချင်းစီတိုင်းမှ ကျောင်းသားနှစ်ဦးကို ရွေးချယ်လေ့ရှိ၏။

ပြီးခဲ့သည့် ဘဝတုန်းက ရှီလီက ဤပြိုင်ပွဲကို ဖုန့်ယွင်ဟယ်တို့ အတန်းထဲမှ ကောင်လေးတစ်ဦးနှင့် ဘေးချင်းကပ်ထိုင်ကာ ဖြေဆိုခဲ့ရသည်။

ထိုကောင်လေးက နွမ်းပါးသော မိသားစုမှ မွေးဖွားသူဖြစ်ပြီး ထူးထူးခြားခြား ပညာရေးဆိုင်ရာ ပါရမီကိုတော့ဖြင့် လက်ဆောင် ရ,ထားခဲ့သူပင်။

သူက သူ၏ အဆင့်များကို အခြေခံကာ ချန်းဖု အလယ်တန်းကျောင်းသို့ ထူးထူးခြားခြား ဝင်ရောက်ခွင့် ရခဲ့သူဖြစ်သည်။ ထိုသို့သော ကျောင်းသားမျိုးအတွက် ကျောင်းဘက်က ကျူရှင်နှင့် ပညာတော်သင်ဆု ကဲ့သို့သော အရာများကို အတော်ကြီး ဖောဖောသီသီ ပေးအပ်ထားပေသည်။

ထိုသို့သော ပြိုင်ပွဲ အမျိုးမျိုးတွင် ပါဝင်ယှဥ်ပြိုင်ကာ ထူးချွန်မြင့်မားသော ရမှတ်များကို ရရှိခြင်းဖြင့် ဤကောင်လေးက သူ၏ အထက်တန်း ဒုတိယနှစ်မှာပင် ပြည်တွင်း ထိပ်တန်း တက္ကသိုလ်များထံမှ ဝင်ခွင့်ကို စောစောစီးစီး လက်ခံရရှိ ထားပေပြီ။

ပြိုင်ပွဲ အများအပြားကို နှစ်ဦးသား အတူတကွ ပါဝင်ထားဖူးပေရာ ရှီလီက ထိုကောင်လေးနှင့် အတန်ပင် ရင်းနှီးပါ၏။

ပြိုင်ပွဲဝင် မေးခွန်းများက ပုံမှန် စာမေးပွဲ မေးခွန်းများထက် ပိုမို ခက်ခဲလေ့ရှိ၏။ ၎င်းက ရှီလီအတွက် အများကြီး မသက်ရောက်သော်လည်း အတန်းခေါင်းဆောင် အတွက်ကမူ မတူကွဲပြားသော ဇာတ်လမ်းမျိုးပါပင်။

ဆရာဝူ၏ ဖုန်းသံ မြည်လာချိန်ဝယ် သူက ခွင့်ပြုချိန် ပြီးဆုံးသွားပြီဖြစ်ကြောင်း အချက်ပြလိုက်ပါ၏။

လွန်ခဲ့သည့် နာရီဝက်တုန်းက ရှီလီတစ်ယောက် သူမ၏ စာဖြေဆိုမှုကို ရပ်တန့်လိုက်စဥ် ကတည်းကပင် အတန်းခေါင်းဆောင်က မဖြေပဲ ကျန်နေခဲ့သည့် အဓိကမေးခွန်း သုံးခုရှိနေသေးသည်။ ဆရာဝူက ရှီလီ၏ အဖြေလွှာကို Grade သတ်မှတ် ပေးခဲ့ပြီးနောက် သူမကို အမှတ်ပေးလိုက်လေသည်။

14 02

အတန်းခေါင်းဆောင်က အဖြေလွှာပေါ်သို့ တစ်ချက်မျှ ဝေ့ကြည့်လိုက်ချိန်ဝယ် ရှီလီက အတွက်မှားခြင်းကြောင့် အမှတ်နှစ်မှတ်သာ ဆုံးရှုံးရကြောင်း တွေ့လိုက်ရပါ၏။

ထိုကျောင်းသားလေးကို ကြည့်ရသည်မှာ လုံးလုံးလျားလျားကို စိတ်ဓာတ်ကျပုံ ပေါ်နေပေရာ ဆရာဝူက သူ့ကို နှစ်သိမ့်လိုက်၏။

“စိတ်ကို အေးအေးထားပါကွာ။ ရှီလီက ပါရမီရှင်လေးဟာကို။ မင်းကိုယ်မင်း သူနဲ့တော့ ဘယ် ယှဥ်နိုင်ပါ့မလဲ”

(ဟမ့်)

အတန်းခေါင်းဆောင်၏ အဖြေလွှာကို Grade ပေးပြီးချိန်ဝယ် ဆရာဝူ၏ မျက်နှာက စိတ်ကျေနပ်သည့် အပြုံးများ ဝေဆာသွားလေတော့သည်။

“မင်းလည်း တကယ်ကို လှလှပပနဲ့ ကောင်းကောင်းကြီး လုပ်ပြခဲ့တာပဲ။ ဂုဏ်ထူးမှတ် မျဥ်းကိုတောင် ကျော်သွားသေး”

“မင်းမှာ အလားအလာကောင်းတွေ အများကြီးရှိတယ်။ တကယ်လို့ မင်းမှာ ခက်ခဲတဲ့ ပုစ္ဆာမျိုးရှိခဲ့ရင် ကူညီပေးဖို့အတွက် ရှီလီကို ပြောလိုက်ပေါ့”

ထို့နောက် ဆရာဝူက ရှီလီကို ပြောလိုက်၏။

“ပြိုင်ပွဲအတွက် လျှောက်လွှာပုံစံကို အမှုဆောင်ဆီမှာ သွားယူချေ”

သူတို့နှစ်ဦးကို အပြင်သို့ အဆောတလျင် မသွားခိုင်းမီ ဆရာဝူက ရှီလီကို ပြိုင်ပွဲအတွက် လမ်းညွှန်မှု တခုသာပေးကာ စာမေးပွဲနှင့် ပတ်သက်သည့် မည်သည့် အသေးစိတ် အချက်အလက် တစ်ခုကိုသော်မှ မပြောပြလိုက်ပါပေ။

သူက အရွေးချယ် မခံလိုက်ရသော်လည်း အတန်းခေါင်းဆောင်ကမူ စိတ်အေးတည်ငြိမ်သည့် အမူအရာကို ထိန်းသိမ်းထားမြဲပင်။ သူ၏ ရူပဗေဒ စွမ်းဆောင်ရည်က အတန်ကြီး ကောင်းမွန်သည် ဆိုသော်ငြား ရှီလီနှင့်စာသော် အတော်ကြီး ဖျော့တော့လှသည်ပင်။

ယနေ့ သူသာ ရှီလီနှင့်အတူ ရူပဗေဒ ဆရာထံသို့သာ လိုက်မလာလျှင် သူလည်းပဲ ဤစစ်ဆေးမှုကို ရယူဖို့ အခွင့်အလမ်းပင် ရရှိမည် မဟုတ်ပေ။

ရူပဗေဒဆရာ၏ ရုံးခန်းထဲမှ ထွက်လာပြီးနောက် အတန်းခေါင်းဆောင်၏ လက်ထဲမှာ ဗလာသက်သက် ဖြစ်နေချိန်တွင် ရှီလီ၏ လက်ထဲမှာတော့ မေးခွန်းစာရွက်များ တပုံကြီး သယ်ဆောင် လာရပေ၏။

ဤသို့သော အရာများကို မိန်းကလေးတစ်ဦးက သယ်ဆောင်လာမည်ကို ခွင့်မပြုနိုင်စွာပင် အတန်းခေါင်းဆောင်က ကမ်းလှမ်းလာခဲ့၏။

“အဲဒါတွေကို ငါ သယ်ပေးမယ်လေ။ ကြည့်ရတာ အရမ်းလေးမဲ့ ပုံပဲ”

ရှီလီက သူ့ကို ရှားရှားပါးပါး အကြည့်တစ်ချက်မျှ ပေးလိုက်၏။ (အတန်းခေါင်းဆောင်ရဲ့ မျက်နှာတည့်တည့်ကြည့်ပြီး လိမ်နိုင်စွမ်းကတော့ သူ့အဖေနဲ့ ပြိုင်ဘက်လုပ်လို့ရတယ်။)

အကယ်၍ ယခုက လေ့ကျင့်ခန်းစာအုပ် အပုံကြီးသာဆိုလျှင် အမှန်တကယ်ကို လေးလံပေမည်။

ဒါပေမဲ့ မေးခွန်းစာရွက် သုံးဆယ်လောက်က အဘယ်မှာ အရမ်းကြီး လေးပါမည်နည်း။

အတန်းခေါင်းဆောင်.. နင့်ရဲ့ အဲဒီ ငေါ့တော့တော့ စကားတွေကို ငါကြားနိုင်တယ်နော်၊ သိဖို့။ ပြီးတော့ တကယ်လို့ နင်သာ ငါက ငါ့အဖေနဲ့ တူတယ်လို့ ပြောရင် ငါက နည်းနည်းလောက် ဝုန်းဒိုင်းကြဲတာမျိုးကို ပစ်ပေးရမှာပေါ့။

ရှီလီက သူ့စိတ်ထဲမှ ထေ့ငေါ့ နေပါသော်လည်း အတန်းခေါင်းဆောင်၏ ကြင်နာသည့် အပြုအမူကို လက်ခံလိုက်လေသည်။

“ ကျေးဇူးပဲဟယ်။ နင်က တကယ့်ကို လူကောင်း တစ်ယောက်ပါပဲ”

တစက္ကန့်အတွင်းမှာပင် သူမ၏ ထေ့ငေါ့သော မှတ်ချက်ကို ကြားလိုက်ရပြီး နောက်ထပ်ကတော့ လူကောင်းလေး ဟူသည့် ကတ်ကို လက်ဝယ် ပိုင်ပိုင် ရရှိလိုက်ပြန်သည်။

အတန်းခေါင်းဆောင်မှာ ကူကယ်ရာမဲ့စွာပင် သူ့ဘာသာ တွေးမိလေသည်။(မိန်းကလေးတွေရဲ့ နှလုံးသားကတော့ သမုဒ္ဒရာကြီးလို တကယ် နက်နဲတာပဲနော်)

ရှီလီနှင့် အတန်းခေါင်းဆောင်တို့ အတန်းအမှုဆောင်၏ ရုံးခန်းအပြင်သို့ ရောက်ရှိလာသည့်အခါ ပြိုင်ပွဲလျှောက်လွှာ ပုံစံ လာရောက်ထုတ်ယူသည့် ရှန်ချင်းလင်နှင့် တွေ့ဆုံလိုက်ရပေသည်။

ရှီလီကလည်း သူ့ကို နှုတ်ဆက်လိုက်ကာ စေတနာ ထက်သန်စွာ ပြောလိုက်ပါ၏။

14 03

“မင်းတို့ နှစ်ယောက်ပဲ အထဲဝင်သွားလိုက်လေ။ ငါ နင့်ကို ဒီအပြင်မှာ စောင့်နေလိုက်မယ်”

ရှီလီက တံခါးကို နှစ်ကြိမ်မျှ ခေါက်လိုက်ကာ အထဲဘက်မှ “ဝင်လာခဲ့ကြ” ဟူသည့် ပြန်ဖြေသံကို ကြားပါမှ တံခါးဖွင့်ပြီး ဝင်သွားလိုက်၏။

အမှုဆောင်၏ ရုံးခန်းသို့ ဝင်လာချိန်တွင် ရှန်ချင်းလင်က တည်ငြိမ်အေးဆေးသည့် အမူအရာကို ထိန်းသိမ်းထားခဲ့ကာ ရှီလီကမူ အမှုဆောင်၏ ရှေ့မှာ ထိုင်နေသည့် အမျိုးသားနှင့် အမျိုးသမီးကြောင့် အံ့အားသင့်သွားခဲ့ရပါ၏။

(ဆိုတော့ အမျိုးသမီး ဇာတ်ဆောင်က ဒီနေရာကို စောစောစီးစီး ရောက်လာတယ်ပေါ့လေ။)

တံခါးအပြင်ဘက်မှာ မတ်တပ်ရေပ်နေသည့် အတန်းခေါင်းဆောင်က ထိုမှတ်ချက်ကို ကြားချိန်ဝယ် ရုတ်တရက်ကြီး ရှုပ်ထွေးမှုကို ခံစားရပေတော့သည်။ ဘာ အမျိုးသမီး ဇာတ်ဆောင်လဲ။ ရှီလီကတော့ ထူးထူးဆန်းဆန်း စကားတွေ ပြောနေတာပဲ။ သူက ပြိုင်ပွဲဝင် လျှောက်လွှာပုံစံ ယူဖို့ အမှုဆောင် ရုံးခန်းထဲကို ဝင်သွားရာက ဘယ်လိုလုပ်ပြီး အမျိုးသမီး ဇာတ်ဆောင်နဲ့ တွေ့ရတာလဲ။

အမှုဆောင်ရှေ့မှာ ထိုင်နေသူများကတော့ ဖုန့်ယွင်ဟယ်၏ ဖခင်နှင့် အမျိုးသမီး ဇာတ်ဆောင်ဖြစ်သူ လျန်ရုန်ရုန် တို့ပင်တည်း။

ရှီးလီး ရုတ်တရက် တံခါးဖွင့်လိုက်ခြင်းကြောင့် သူမက လန့်ဖျပ်သွားပေရာ လက်ဖဝါး သာသာမျှသာ ရှိသည့် လျန်ရုန်ရုန်၏ မျက်နှာသေးသေးလေးက ကြောက်ရွံ့ ထိတ်လန့်သွားသည့် အမူအရာကို ပြသလာတော့၏။

“ဘာလိုချင်လို့လဲ သမီး”

အမှုဆောင်က မေးလိုက်၏။

ရှီလီကမူ ထို ဝဝဖိုင့်ဖိုင့် အတန်းအမှုဆောင်အပေါ် သာမညောင်ညဟူ၍သာ သဘောထားပေသည်။ သူမက အဓိက အချက်ကိုသာ တန်းတန်းကြီး သွားလိုက်ပြီး

“ကျမတို့က Hoy Grail Physic ပြိုင်ပွဲ လေးမျိုးအတွက် ပြိုင်ပွဲ လျှောက်လွှာပုံစံ လာယူကြတာပါ “

ထို ပြိုင်ပွဲ လျှောက်လွှာပုံစံက အမှုဆောင်စားပွဲ၏ ညာဘက်အခြမ်းမှာ ရှိနေကာ သူ့အနေဖြင့် စားပွဲပေါ်ကို ရိုးရိုးတန်းတန်း လက်ညှိုး ညွှန်ပြလိုက်ရုံသာ။

သို့သော် ထိုအစား သူက မဟုတ်တရုတ် မလိုအပ်သည့် စကားများစွာကိုသာ တောင်စဥ်ရေမရ ပြောဆိုလေတော့သည်။

“ဒီပြိုင်ပွဲကြီးမှာ မင်းတို့က ကျောင်းရဲ့ ကိုယ်စားပြုနော်။ အခုလို အခွင့်အရေးမျိုး ကျောင်းက ပေးတဲ့အတွက် ကျေးဇူးတင်သင့်တယ်၊ အထူးသဖြင့် မင်းပေါ့၊ ရှန်ချင်းလင်”

ရှီလီ၏ မျက်လုံးများက ဇာတ်ဟန်ပါပါ လိမ့်သွားခဲ့ကာ ထိုလူ၏ သွေးတက်ဖွယ်ရာ စကားများကို နားထောင်ပေးချင်စိတ် လုံးဝမှ ရှိမနေပါလေ။

သူမက ပေါ်တင်ပင် ကြားဝင်ဟန့်တားပြီး ဖြတ်ပြောလိုက်၏။

“အမှုဆောင်ကြီး၊ ကျမတို့က ဒီလို အခွင့်အလမ်းမျိုးကို ကျောင်းရဲ့ အကဲဖြတ်မှုကတဆင့် ရလာကြတာ။ တကယ်လို့ ပြိုင်ပွဲမှာသာ ဆုရခဲ့ရင် အဲဒါက ကျောင်းအတွက် ဂုဏ်ထူးဆောင်မှု ယူလာပေးတာပဲ မဟုတ်လား”

ထို အတန်း အမှုဆောင်သည်ကား လူတွေကို ၎င်းတို့၏ ဂုဏ်ဒြပ် အဆင့်အတန်းများကို မူတည်ကာ အကဲဖြတ်ရခြင်းကို ကြိုက်နှစ်သက်တတ်သူတည်း။ ကြွယ်ဝချမ်းသာသော မိသားစုများမှ ကလေးများနှင့် ပတ်သက်ပါက ထိုကလေးများက သူ့ကို ပြန်ခံပြောလျှင်တောင်မှ စိတ်မဆိုးပါပဲ ထိုအစား သူတိူ့ကို မြောက်ပင့်သည့်စကားဖြစ်သည့် “ဘယ်လောက်တောင်မှ ချွဲတတ်လိုက်တဲ့ ကလေးလဲ” ဟူသည်မျိုးကို ပြောင်ပြောင်တင်းတင်း ပြောထွက်လာပေလိမ့်မည်။

သို့သော် အထူး ဝင်ရောက်ခွင့်ဖြင့် ကျောင်းတက်သူ ကလေးများကိုတော့ သူတို့၏ ရမှတ်များက မည်သို့ပင် ကောင်းမွန် ပြည့်စုံနေစေကာမူ သူကတော့ အမြဲလိုလို အမှားရှာကာ စိတ်တိုင်းမကျသည့် အမူအရာမျိုးကို ပြသပေလိမ့်မည်။

ရှီလီက သူ့ကို ပြန်ချေပသည့် စကားမျိုး ပြောလာသော်လည်း အတန်းအမှုဆောင်ကမူ သူ့မျက်နှာထက်မှာ မည်သို့သော မခံမရပ်နိုင် ဖြစ်မှုကိုမှ ပြသမလာပါပေ။

“ဟုတ်တာပေါ့။ ဟုတ်တာပေါ့။ မင်း မှန်ပါတယ်”

သူက ပြောလိုက်ရင်း လျှောက်လွှာများကို ရှီလီလက်ထဲ ထည့်ပေးလိုက်လေသည်။

သူတို့ ရုံးခန်းထဲမှ ထွက်လာချိန်တွင် လျန်ရုန်ရုန်က Physic ပြိုင်ပွဲအကြောင်း မေးမြန်းနေသည်ကို ရှီလီက တစွန်းတစ ကြားလိုက်ရပေသည်။

ရုံးခန်းအပြင် ရောက်သည်နှင့် ရှီလီက ရှန်းချင်းလင်ကို ပြောလိုက်၏။

“သူက သူ့ခေါင်းထဲမှာ အကြောင်းပြချက် ရသွားရုံပါဟယ်။ ဘာအသစ်အဆန်းမှ ဟုတ်မနေဘူး။ သူ့ကို အဖတ်လုပ်မနေနဲ့”

14 04

အတန်းခေါင်းဆောင်၏ စိတ်က အလွန်လျင်မြန်စွာ အလုပ်လုပ်သွားပြီး ဘာတွေ ဖြစ်ပျက် လာသလဲဆိုတာကို ချက်ချင်း ခန့်မှန်းမိသွားပါ၏။ သူကလည်း ထောက်ခံလိုက်၏။

“သူက အဲ့ဒီလို လူမျိုးပါပဲကွာ။ သူက မင်းကို နှိမ်မှရမဲ့ အောက်တန်းစားကိုး”

ရှန်ချင်းလင်၏ နှုတ်ခမ်းလေးက အပြုံးအဖြစ် ကွေးညွတ်သွားကာ သူ၏ ပါးချိုင့်လေးကို နှစ်လိုဖွယ်ရာ လှစ်ဟပြလာခဲ့ပါ၏။

“ ငါ သိပါတယ်။ နှစ်ယောက်စလုံး ကျေးဇူးပဲနော်”

ရှန်ချင်းလင်နှင့် လမ်းမခွဲမီ ရှီလီက Contactချင်း ဖလှယ်လိုက်၏။

“နောင်ကျ ငါတို့တွေက ပြိုင်ပွဲ အတူတူဝင်ရမဲ့ အဖွဲ့ဝင်တွေ ဖြစ်သွားပြီ။ တကယ်လို့ နင့်မှာ ပြဿနာ တစ်ခုခု ရှိလာခဲ့ရင် ငါ့ဆီကို လွတ်လွတ်လပ်လပ်သာ လက်လှမ်းလိုက်နော်”

သူတို့ အတန်းထဲ ပြန်ရောက်ချိန်ဝယ် ကျောင်းဆင်းချိန်ပင် နီးကပ်နေလေပြီ။

အတန်းခေါင်းဆောင်က ပြန်လည် ထုတ်ယူလာသည့် ရူပဗေဒ မေးခွန်းများကို ကိုင်ကာ ရှီလီ၏ ထိုင်ခုံဖော်နှင့် နေရာချင်း လဲထိုင်လိုက်လေသည်။

သူ့မှာ အစောပိုင်းကတည်းက အမျိုးမျိုးသော မေးခွန်းများဖြင့် တွေ့ကြုံခဲ့ရပြီး ၎င်းတို့ကို ရှီလီနှင့်အတူ ဆွေးနွေးချင်ခဲ့ပါ၏။

ကျောင်းဆင်းခေါင်းလောင်း ထိုးသွားချိန်ဝယ် ရှီလီက သူ့ကို ရှင်းပြဖို့ မေးခွန်း အနည်းငယ်သာ ကျန်ပေတော့သည်။

“ ကျောင်းဆင်းသွားပြီ။ နင် အိမ်ကို ပြန်လိုက်ပါဦး။ ဒီကျန်တဲ့ မေးခွန်းတွေကို ငါတို့ မနက်ဖြန်ကျမှ ဆက်လုပ်ကြတာပေါ့”

“ငါ အဆင်ပြေပါတယ်။ နောက်ထပ် မိနစ်နည်းနည်းလေး ပိုယူရုံပဲဟာ။ ဒီမေးခွန်းတွေ အကုန်လုံးကို ငါ နင့်ကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ရှင်းပြပေးနိုင်တယ်။ အဲဒါမှ နင် အိမ်ရောက်တဲ့အခါကျ မေးခွန်းတွေ ပို လေ့ကျင့်နိုင်ပြီး နင့်သင်ခန်းစာကို အားဖြည့်ပေးနိုင်မှာပေါ့”

“ဒါပေမဲ့ ငါ ငါ့ကားဆရာကို အရင်ခေါ်ဦးမယ်”

သူက အနည်းငယ်မျှ နောက်ကျမည်ဖြစ်ပြီး စိတ်ပူဖို့ မလိုကြောင်း သူ့ဒရိုင်ဘာကို အသိပေးလိုက်ပါ၏။

အတန်းခေါင်းဆောင်က အတော်ကို ဉာဏ်ကောင်းသူပင်။

အချို့သော ပုစ္ဆာများကို သူက ချက်ချင်းပင် သဘောပေါက်သွားကာ ဆယ်မိနစ်အတွင်း ပြီးဆုံးသွားလေတော့၏။

နှစ်ယောက်သား အတန်းပြင်သို့ လျှောက်ထွက်လာချိန်အထိ ပုစ္ဆာများအကြောင်း ဆွေးနွေးနေဆဲပင်။

ဆန့်ကျင်ဘက်လားရာမှ လာနေကြသည့် ကောင်လေးတစ်ဦးနှင့် ကောင်မလေးတစ်ဦးကို သူတို့ ဝေ့ကြည့်လိုက်သည့်အခါ အတန်းခေါင်းဆောင်ခမျာ သူ၏ စကားပြော စွမ်းရည်များကို ရုတ်တရက်ပင် ပျောက်ဆုံးသွားရတော့၏။ သူက ရှီလီထံသို့ အလိုအလျောက် ကြည့်မိလေသည်။

လူတိုင်း လူတိုင်းသည်ကား ရှီလီက ဖုန့်ယွင်ဟယ်ကို ကြိုက်နှစ်သက်နေပြီး လွန်လွန်ကဲကဲ စွဲလန်းသည့် အဆင့်ရောက်နေကြောင်း သိရှိထားသည်ပင်။

ဖုန့်ယွင်ဟယ်က မိန်းကလေး တစ်ယောက်နှင့် အတူ ကျောင်းအုပ်ကြီး ရုံးခန်းထဲမှ ထွက်လာပေရာ ဘယ်လိုပဲကြည့်ကြည့် သံသယဖြစ်ဖွယ်ရာပင်။

လွန်ခဲ့သည့် ရက်များအတွင်းက ရှီလီ၏ အတွင်းစိတ်အတွေးများကို ကြားခဲ့ရသည့် ကျေးဇူးကြောင့် အတန်းခေါင်းဆောင်၏ စိတ်ကူးယဥ် အတွေးလွန်မှုတို့က အဆက်မပြတ်ကို ပရမ်းပတာ ဖြစ်နေပေပြီ။

ဤနှစ်ယောက်ကား ကျောင်းဆင်းပြီးနောက် အတန်းထဲမှာပဲ ချိန်းတွေ့နေကြရင်ရော ဟူသည်ကို ကူကယ်ရာမဲ့စွာ တွေးတောမိနေ၏။

သို့သော် ထိုမိန်းကလေးကို ကြည့်ရသည်မှာလည်း မရင်းနှီးလှပေ။

ထိုထိုသော နေ့၏ နားစည်ကွဲလုမျှသော အတွေ့အကြုံကို ပြန်မှတ်မိရသော် ယခုလို အခြေအနေဖြင့်သာ ဆိုလျှင် အတန်းတခုလုံးမှ ကျောင်းသားများ၏ နားများက ပျက်စီးခြင်းသို့ ဆိုက်ရောက် ရပေတော့မည်။

ဖုန့်ယွင်ဟယ် မင်းရဲ့အဆင့်အတန်းက အရမ်းကို ပြည့်စုံ ကောင်းမွန်လွန်းတယ်လို့ အားလုံး ပြောနေကြ မဟုတ်လား။ မင်းရဲ့ အဲဒီ ပြီးပြည့်စုံတဲ့ အဆင့်အတန်းကြီးကို ထိန်းသိမ်းထားဖို့ ကျောင်းတွင်း Dateလုပ်တာကို ရှောင်ကြဉ်ဖို့ ငါ အကြံပေးချင်တယ်ကွာ။

ငါတို့ တစ်ခန်းလုံးရဲ့ နားတွေကို ကယ်တင်ဖို့ အတွက်လေ။

အတန်းခေါင်းဆောင်၏ အတွေးများက လားတကောင် ကဆုန်ပေါက်သည့်နှယ် ပရမ်းပတာ ပြေးလွှားနေကာ ပြန်မလာတော့ဘူး ဆိုသည်နှင့်အတူ ပင်လယ်ထဲသို့ ဒုန်းစိုင်းပြေးသွားခြင်းနှယ်ပင်။

အတန်းခေါင်းဆောင်က ထိုမိန်းကလေး မည်သူဆိုသည်ကို မသိသော်ငြား ရှီလီက သိလေသည်။

(တွေးထားတဲ့အတိုင်း ဖြစ်လာပြီ။ တကယ် အဓိပ္ပါယ်ရှိတယ်။ ဇာတ်ကြောင်းက ဒီအခိုက်အတန့်ကနေ စတင်ခဲ့တာပဲ)

အတန်းခေါင်းဆောင်…ဇာတ်ကြောင်း၊ ဘာ ဇာတ်ကြောင်းလဲ၊ သူတို့ အချစ်ဇာတ်လမ်းရဲ့ ဇာတ်ကြောင်းများလား။

******

15 01

အပိုင်း 15.

အတန်းခေါင်းဆောင်က မဟုတ်မဟပ်တွေ လျှောက်ပြောနေပါသော်လည်း ဇာတ်ဆောင်နှင့် ဇာတ်ဆောင် အမျိုးသမီးတို့ကြား စိတ်ကူးယဥ်ဆန်ဆန် ဇာတ်ကြောင်းဟူသည်ကိုတော့ သူ့အနေဖြင့် အထိုက်အလျောက်တော့ မှန်မှန်ကန်ကန် ခန့်မှန်းမိပြီးသားပင်။

ထို အမျိုးသမီး ဇာတ်ဆောင်က လျန်ရုန်ရုန်ဖြစ်ပြီး ဖုန့်ယွင်ဟယ်၏ ဖခင်က ခေါ်ဆောင်လာခဲ့သူ ဖြစ်ကာ ဖုန့်မိသားစု၏ မွေးစားသမီး ဖြစ်လာခဲ့သည်။

လျန်ရုန်ရုန်က ကျောင်းတက်ဖို့ လိုအပ်နေသေးရာ ဖုန့်မိသားစုမှ ဖခင်၏ စီစဥ်ပေးမှုဖြင့် ချန်းဖုကျောင်းမှာ တက်ရောက်ကာ ML၏ အတန်းဖော် ဖြစ်လာခဲ့ခြင်းပင်။

ရှီလီတို့ အတန်းအမှုဆောင်၏ ရုံးခန်းထဲသို့ ဝင်သွားစဥ်က ဖုန့်ယွင်ဟယ်၏ ဖခင်က လျန်ရုန်ရုန်၏ ကျောင်းအပ်နှံမှု လုပ်ငန်းစဥ်အတွက် ရောက်ရှိနေခြင်း ဖြစ်ပေသည်။

ချစ်ရသူကို အလွန်အမင်း စွဲလန်းနေသည့် သူမ၏ ကဏ္ဍအရ ရှီလီက ထိုနှစ်ဦးသားအနီးသို့ ချဥ်းကပ်သွားကာ သစ္စာမရှိသည့် ချစ်သူကို စစ်ဆေးမေးမြန်းသည့် လေသံမျိုးဖြင့် မေးမြန်းရပေမည်။

“သူက ဘယ်သူလဲ”

ဖုန့်ယွင်ဟယ်က သူစိမ်းများနှင့် နီးနီးကပ်ကပ် နေရသည်ကို မနှစ်သက်သူဖြစ်ကာ ရှီလီနှင့် ကလေးဘဝတည်းက သိကျွမ်းလာသည့်တိုင် သူမနှင့် နီးကပ်လိုစိတ် ဘယ်သောအခါကမှ မရှိခဲ့ပါပေ။

ရှီလီက သူ့ အနားကို ချက်ချင်း ကပ်လာသည့်အခါ သူက အလိုအလျောက်ပင် ခြေလှမ်းများကို နောက်ဆုတ်လိုက်ကာ လျန်ရုန်ရုန် အနီးသို့ ရွေ့သွား၏။

အတန်းခေါင်းဆောင်၏ မျက်လုံးများက သူငယ်အိမ်ထဲမှ ခုန်ထွက်လာလု နီးနီးပါပင်။ ခြေလှမ်းတဝက်လောက် အနောက်ဆုတ်လိုက်တာက တကယ်ကြီး လိုအပ်လို့လားကွာ။

ဖုန့်ယွင်ဟယ်က အေးစက်သော လေသံဖြင့် ပြောလိုက်၏။

“သူက ဘယ်သူဖြစ်ဖြစ် မင်း အလုပ် ဟုတ်မနေဘူး”

ယခုက ရှီလီ ပြန်လည် မွေးဖွားပြီးကတည်းက သူမမှာ ကူကယ်ရာမဲ့ခြင်းနှင့် ကရုဏာသက်စဖွယ်ဟု ခံစားရသည့် အခိုက်ကို ပထမဆုံးအကြိမ် ပြန်လည်မြင်ဖူးခဲ့ခြင်းပင်။

(ဘယ်လောက်တောင် ရှက်ဖို့ ကောင်းလဲလို့။ ဒီလူကတော့ ဒီလောက် ချောမောတဲ့ မျက်နှာလေးရှိပြီး ဘယ်တုန်းကမှ သာယာနာပျော်စရာ စကားကို မပြောတတ်ဘူးဘဲ)

ထို MLက သူ့ ပါးစပ်ကို ဖွင့်ဟလာလေတိုင်း ရှီလီကား သူမ ကာယအင်အားကို သုံးကာ ထိုလူကိူ အသံတိတ်အောင် လုပ်ပစ်ချင်ပါ၏။

သို့သော် ၎င်းက အတွေးတခု သက်သက်သာ။

အတန်းခေါင်းဆောင်ကမူ တာဝန်အသိဆုံးသူ ဖြစ်ပေရာ သူက ကြက်ပေါက်ကလေးများကို ကာကွယ်မည့် ကြက်သားအုပ်မကြီးနှယ် သူ့ အတန်းထဲမှ လူတိုင်းကို ဂရုစိုက်ပေသည်။

သို့ဖြစ်ပေရာ သူ၏ အတန်းသားတစ်ဦးကို အနိုင်ကျင့် နှိပ်စက်ခြင်းအပေါ် သူအဘယ်မှာ သည်းခံနိုင်လိမ့် မည်နည်း။

“ဖုန့်မျိုးရိုး၊ ရှီလီက မင်းကို စိုးရိမ် ပူပန်ပြီး ဂရုစိုက်လို့ပေါ့ကွ။ မင်း သူ့ကို အခုလို ဆက်ဆံတာက အရမ်းကို ပြင်းထန်နေတာ မဟုတ်ဘူးလား”

ထို့နောက် သူ့အတန်းဖော် ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးမည့် သတ္တိရှိလှစွာသော ထို အတန်းခေါင်းဆောင်ကား အေးစက်ပြီး တသီးတခြား နေတတ်သည့် MLထံမှ အဖတ်မလုပ်ခြင်းကိုသာ ရရှိလိုက်တော့သတည်း။

ဖုန့်ယွင်ဟယ်က ရှေ့သို့ ဆက်လျှောက်သွားခဲ့ကာ လျန်ရုန်ရုန် လိုက်မလာသည်ကို သတိပြုမိသွားပြီး သူ့ခြေလှမ်းကို ရပ်လိုက်ကာ စိတ်မရှည်စွာ ဆိုလိုက်လေ၏။

“သွားမယ်”

ရှီလီကမူ ဖုန့်ယွင်ဟယ်၏ ရိုင်းစိုင်းမှုများကို အချိန်တွေအကြာကြီးကပင် ကျင့်သား ရခဲ့ပြီးလေပြီ။

သို့သော် သူမအတွက် ရပ်တည်ပေးခဲ့သည့် အတန်းခေါင်းဆောင်ကမူ ဖုန့်ယွင်ဟယ်က ဤသို့သာ ပြုမူသည်ကို ခံစားလိုက်ရပေသည်။ ရှီလီက သူ့ကို နှစ်သိမ့်ပေးကာ ပြောလိုက်၏။

“သူက အမြဲတမ်း အဲ့လိုပဲဟာ။ ပုဂ္ဂိုလ်ရေး ရန်ငြိုးလို့ မမှတ်ယူလိုက်ပါနဲ့ဟယ်”

သို့သော် ထိုစကားလုံးများကို အတန်းခေါင်းဆောင် ကြားလိုက်ချိန်ဝယ် ရှီလီက အချစ်မှာ နက်နက်ရှိုင်းရှိုင်း ပျော်ဝင်နေသည် ဟူသည့် သူ၏ ယုံကြည်ချက်ကို ထပ်ပေါင်း အတည်ပြုလိုက် နိုင်ပေတော့၏။

သာယာနာပျော်ဖွယ် ကောင်းလှသည့် မိန်းမငယ်လေး၏ အသံက သူတို့နှစ်ဦးစလုံး၏ နားထဲသို့ စီးဝင်လာလေသည်။

“အကို၊ အဲဒီကောင်မလေးက အကို့ကို ကြိုက်နေတာလား”

သူတို့ နှစ်ယောက်က မွေးစားမောင်နှမဖြစ်ကြောင်း အတန်းခေါင်းဆောင်က မသိသေးပေရာ ထိုကောင်မလေးက မလိုတမာစိတ် ရှိသူဖြစ်ပြီး ရှီလီကို ရန်စဖို့ရန်အတွက် ထိုစကားမျိုးကို တမင်သက်သက် ပြောခြင်းဖြစ်သည်ဟု တွေးလိုက်မိ၏။

15 02

သူက လျန်ရုန်ရုန်ဘက်သို့ လှည့်ကာ သူမနှင့် ပတ်သက်လို့ ဘာများ မှားနေလို့လဲဟုတောင်မှ မေးလိုက်ချင်သေးသည်။

သူမက အောင်နိုင်သူပဲလေ၊ အဲဒါကို နေရာတကာတိုင်း လိုက်ပြီး ကြွားလုံး ထုတ်နေဖို့ လိုအပ်လို့လား။

အတန်းခေါင်းဆောင်၏ တိုက်စစ်ဆင်မှုမှ အကျိုးသက်ရောက်မှုကား သုညပင် ဖြစ်ကာ သူကား ဖုန့်ယွင်ဟယ်ထံမှနေ၍ ထိခိုက်နစ်နာမှု အနည်းငယ်ကို ခံစားလိုက်ရကြောင်း အမှတ်ရသွားလေတော့၏။

သူက ဒေါသထွက်ထွက်ဖြင့်ပင် အိမ်သို့ ပြန်သွားခဲ့ကာ ယနေ့ နေ့လည်ခင်းမှ အဖြစ်အပျက်များကို Group Chatအတွင်းသို့ မျှဝေလိုက်ပေတော့၏။

သို့သော် သူ အဖတ်လုပ် မခံရသည်ကိုတော့ ထိန်ချန်ထားလိုက်ကာ ဖုန့်ယွင်ဟယ်တယောက် မိန်းကလေးတစ်ဦးနှင့် နီးကပ်နေပုံပေါ်ကာ ရှီလီ၏ အသည်း ကွဲပြီဖြစ်ကြောင်းကိုသာ ပြောပြလိုက်ပါ၏။

မျက်စိကြီး နားကြီးလှစွာသော ကျောင်းသားများလည်း ဖုန့်ယွင်ဟယ် အတန်းထဲသို့ ခေါ်ဆောင်လာသူက Class 3 မှ ပြောင်းရွှေ့လာသူ ဖြစ်ကြောင်း အလျင်အမြန် ရှာတွေ့ သွားကြတော့၏။ သူတို့၏ ပတ်သက် ဆက်နွယ်မှုက ဘာ ဆိုတာ မည်သူကမျှ မသိကြသေးပေ။ သို့သော် ထိုကောင်မလေးကမူ ဖုန့်ယွင်ဟယ်ကို အကို လို့ခေါ်ကြောင်း သူတို့ အမြဲကြားနေရပါ၏။

ဖုန့်ယွင်ဟယ်၏ Fangirl လေးများက ဤအတန်းထဲဝယ် အမြောက်အမြား ရှိပေရာ ဖုန့်ယွင်ဟယ်နှင့် နီးစပ်သည်ဟု ထင်ရှားသည့် လျန်ရုန်ရုန်ခမျာ ဖုန့်ယွင်ဟယ်အပေါ် နှစ်သက် သဘောကျသည့် မိန်းကလေး အများစုက သူမကို ပစ်မှတ်ထားဖို့ရန် လုံလောက်သည်။

ထိုအချက်ကြောင့်ပင် သူတို့၏ မွေးစားမောင်နှမ ဟူသည့် ဆက်ဆံရေးကို မည်သူမျှ မသိရှိကြပေရာ လျန်ရုန်ရုန်ခမျာလည်း အတန်းထဲဝယ် များစွာသော ရန်စမှုတို့ကို ရင်ဆိုင်ရပါ၏။

လျန်ရုန်ရုန် ကျောင်းသစ်သို့ ဝင်ရောက်လာပြီး သိပ်မကြာလိုက်သည့် အချိန် တခဏ အတွင်းမှာပင် ဤ Semester၏ ဒုတိယမြောက် လပတ်စာမေးပွဲကို တစ်ကျောင်းလုံး စတင် ဖြေဆိုရမည့် အချိန်ကို ရောက်ရှိလာပေသည်။

လစဥ်စာမေးပွဲက ကြာသာပတေး၊ သောကြာ နှစ်ရက်မျှ ကြာမြင့်မည် ဖြစ်ပေသည်။ လူများစုသည်ကား စာမေးပွဲ ဟူသည်ကို မနှစ်သက်ကြပါပေ။

သို့သော် စာမေးပွဲ ပြီးသွားပြီးနောက် ရက်သတ္တပတ် ကုန်ဆုံးမည်ဖြစ်ရာ သူတို့အနေဖြင့် နားရက် နှစ်ရက်မျှ ရရှိမည်ဖြစ်သည်ကို တွေးမိသည့်အခါ စာမေးပွဲ ဟူသည် အရမ်းကြီးလည်း ကြောက်စရာ ကောင်းမနေတော့ပေ။

သို့သော် ရှီလီကမူ ဤလပတ်စာမေးပွဲ ပြီးသည့်နောက် ကုန်ဆုံးမည့် ရက်သတ္တပတ်ဝယ် ပြိုင်ပွဲ ဝင်ပြိုင်ရပေဦးမယ်။

သုံးရက်ဆက်တိုက် ဖြေဆိုရမည့် စာမေးပွဲကား အလွန်ကို နာကျင်ဖွယ် ကောင်းပေစွ။

ထိုပြိုင်ပွဲ အခမ်းအနားက တစ်မြို့တည်းမှာ ဖြစ်သော်ငြား အခြား အလယ်တန်းကျောင်း တစ်ခုမှာ စီစဥ်ထားခြင်းပင်။

မနက် ဆယ့်တစ်နာရီခွဲသည့်အခါ ပထမပိုင်း ဖြေဆိုမှု ပြီးသွားသည့်အတွက် စာမေးပွဲခန်းထဲမှ ထွက်လာပြီးနောက် ရှီလီက ရှန်ချင်းလင်ကို ဖုန်းခေါ်လိုက်၏။

“နင် စာမေးပွဲ ဖြေလို့ ပြီးသွားပြီလား။ နေ့လည်စာ အတူစားရအောင်လေ။ ဒီ မနက်ခင်းတုန်းက မေးခွန်းတွေ အကြောင်းလည်း ဆွေးနွေးလို့ ရတာပေါ့”

“အားနာပါတယ်။ ငါ နေ့လည်စာစားဖို့ မအားသေးဘူးရယ်”

ပြီးခဲ့သည့် ဘဝတုန်းက ရှီလီက ပြိုင်ပွဲများ ဝင်ပြိုင်တိုင်း နေ့လည်စာနှင့် ညစာ ဟူသမျှကို သူမ ကျောင်းနေဖက်များဖြင့် အတူတကွ စားလေ့ရှိ၏။

ယခင်ကတည်းကပင် သူမက ရှန်ချင်းလင်နှင့် အတူ ပြိုင်ပွဲများ ဝင်ရောက်ယှဥ်ပြိုင်ဖူးကာ အကြိမ် တော်တော်များများမှာလည်း အတူတကွ စားသောက်လေ့ရှိသည်ပင်။

ယခု အခါမှာတော့ ရှန်ချင်းလင်က ငြင်းပယ်လိုက်လေရာ ရှီလီ၏ နှလုံးသားထဲမှာတော့ အနည်းငယ်မျှ ရှုပ်ထွေးခြင်းတို့ကို ခံစားရလေ၏။

ကျောင်းနားမှာ စားသောက်ဆိုင်ကောင်း သေးသေးလေးများ အမြဲလိုလိုပင် အများအပြား ရှိတတ်သည်။ ရှီလီလည်း သင့်တင့်သည့် အရသာတမျိုးကို ကြုံသလို ရွေးချယ်ကာ ဆွဲလွဲကာ အလျင်အမြန် ကိုက်ဝါးစားသောက်ရပေ၏။

ဒုတိယအကြိမ် စာမေးပွဲက နေ့လည်သုံးနာရီမှာ စတင်မှာ ဖြစ်သည်။ နေ့လည်ခင်း တရေး အိပ်ရန်အတွက် အနီးဆုံးမှာ ရှိသည့် ဟိုတယ်ကို ငှားရမ်းလိုက်သည်က အကောင်းဆုံး နည်းလမ်းဖြစ်ကာ သို့မှသာလျှင် နေ့လည်ခင်း စာမေးပွဲဖြေချိန်တွင် သူမ အနေဖြင့် အင်အားပြည့် တက်ကြွနေမည်က သေချာမှာ ဖြစ်ပေသည်။

15 03

သို့သော် မိသားစု၏ ဘဏ္ဍာရေး အခြေအနေက သာမန်မျှသာ ဖြစ်သည့် ရှန်ချင်းလင်ကို တွေးမိသည့်အခါ ရှီလီလည်း ဟိုတယ်မှာ ကြိုတင် Booking မတင်ဖြစ်တော့ပေ။ ၎င်းက ရှန်ချင်းလင်၏ မိသားစုအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေပေလိမ့်မည်။

ယခုအချိန်မှာ ဟိုတယ် Booking တင်တာ ဖြစ်စေ ၊ဒရိုင်ဘာကိုခေါ်ကာ သူမ တရေးအိပ်ဖို့ အိမ်ကို ပြန်ဖို့ ခိုင်းတာဖြစ်စေ ဘယ်ဟာဖြစ်ဖြစ် ၎င်းက ဒုက္ခရှာတာပဲ ဖြစ်လေသည်။

ထို့ကြောင့် ရှီလီလည်း အချိန်ကို အကျိုးရှိရှိ အသုံးချကာ စာဖတ်ဖို့ရန်အတွက် အနီးအနားမှာပဲ တိတ်ဆိတ် ငြိမ်သက်သည့် နေရာတခုကို ရှာဖွေလိုက်တော့၏။

စာမေးပွဲ အချိန် နီးကပ်လာသည့်အခါ သူမ အစောပိုင်းကပင် ပေးထားခဲ့သည့် Alarm မြည်လာခဲ့ကာ သူမ အနေဖြင့် စာမေးပွဲခန်းသို့ သွားရောက်သင့်ပြီ ဖြစ်ကြောင်း သတိပေးလာခဲ့ပါ၏။

စာမေးပွဲခန်း ကြီးကြပ်သူက ရှီလီ၏ ကျောင်းသားမှတ်ပုံတင်နှင့် ဝင်ခွင့်ကတ်ပြားကို စစ်ဆေးနေချိန်တွင် ရှီလီက အမှုမဲ့ အမှတ်မဲ့ ကြည့်လိုက်လေရာ အလွန်ရင်းနှီးလှသော သဏ္ဍာန်တစ်ခုက စင်္ကြန်ကို ဖြတ်လျှောက်လာသည်ကို တွေ့လိုက်ရလေသည်။

အဲဒါ လျန်ရုန်ရုန် ထင်တယ်။

ရှီလီက ချက်ချင်းဆိုသလိုပင် ဤ မှန်းဆချက်ကို ဖယ်ထုတ်ပစ်လိုက်ပါ၏။ ဤ ရူပဗေဒ ပြိုင်ပွဲက ကျောင်းမှ စီစဥ်ကျင်းပခြင်း ဖြစ်ပြီး သူတို့၏ ချန်းဖု အလယ်တန်းကျောင်းမှ ကျောင်းသားနှစ်ဦးသာ ပါဝင်ပြီး တစ်ဦးက သူမဖြစ်ကာ နောက်တစ်ဦးကတော့ ရှန်ချင်းလင် ဖြစ်သည်။

ထို့ကြောင့် လျန်ရုန်ရုန်နှင့် ရုပ်ဆင်သူ ဆွေနီးမျိုးစပ်သာ ဖြစ်ပေလိမ့်မည်။

စာမေးပွဲ ခေါင်းလောင်း ထိုးလာချိန်တွင် ရှီလီလည်း အဆက်အစပ် မရှိသည့် သူမ အတွေးများကို ခေါင်းထဲမှ မောင်းထုတ်ကာ စာမေးပွဲ အပေါ်မှာပဲ အာရုံစိုက်ထားလိုက်ပါ၏။

အလွန်ကို ခက်ခဲလှပါသော်လည်း ရှီလီက ဤစာမေးပွဲ မေးခွန်းများကို ယခင်ကတည်းကပင် ပြီးမြောက် အောင်မြင်ထားခဲ့သူ ဖြစ်ပေရာ ယခုချိန်မှာတော့ သူမအတွက် စိန်ခေါ်မှု တစ်ခု ဟုတ်မနေတော့။

******

16 01

အပိုင်း 16.

သူမက စာမေးပွဲကို အစောကြီး ဖြေပြီးသွားသော်ငြား သူမ အဖြေလွှာကို အချိန်စောပြီး မအပ်သေးပေ။

ပထမအချက်က သူမ အနေဖြင့် စာမေးပွဲဟူသည်ကို အလေးအနက် ထားတတ်သူဖြစ်ကာ ကျန်ရှိနေသည့် အချိန်များကို နှစ်ကြိမ်တိုင်မျှ ပြန်လည် စစ်ဆေးလို့ရသည်။

ဒုတိယ အနေဖြင့် ရှန်ချင်းလင်က စေ့စပ်တိကျသော ကိုယ်ရည်ကိုယ်သွေး ရှိသူဖြစ်ကာ သူ၏ စာမေးပွဲခန်းမှနေ၍ စောပြီး ထွက်လာမည့်သူ မဟုတ်သည်က သေချာပါသည်။

နောက်ဆုံးမှာတော့ ယနေ့၏ တုန်လှုပ်ချောက်ချားဖွယ် ဒုက္ခသုက္ခများ အပါအဝင် စာမေးပွဲကြီး ပြီးဆုံးသွားသည့် အချက်ပေး ခေါင်းလောင်းသံ မြည်လာခဲ့ပါ၏။

ရှီလီက စာမေးပွဲခန်းထဲမှ ထွက်လာခဲ့ပြီးနောက် ဖုန်းလိုင်းရသည့် နေရာသို့ သွားကာ ရှန်ချင်းလင်ထံ ဖုန်းခေါ်လိုက်၏။

“စာမေးပွဲ ပြီးသွားတဲ့ အထိမ်းအမှတ်နဲ့ အောင်ပွဲခံ ညစာ သွားစားကြရအောင်လေ” နေ့လည်စာစားဖို့ ဖိတ်ခေါ်ခဲ့သည့် သူမ၏ ကမ်းလှမ်းမှုကို ရှန်ချင်းလင် ငြင်းဆိုခဲ့သည်က သူ့အနေဖြင့် သူမနှင့် အတူစားရန် ဆန္ဒမရှိခြင်းကြောင့် ဖြစ်သည်ဟု ရှီလီက မှတ်ယူ ထားခဲ့ခြင်းပင်။

ရှန်ချင်းလင်က အလွန်ကို တည်ကြည် လေးနက်သူ ဖြစ်ပေရာ ဤသို့သော လူမျိုးနှင့် သူငယ်ချင်း ဖြစ်ရသည့်အတွက် သူမကပင် ဦးဆောင် အလျှော့ပေးသင့်ပါသည်။

နှစ်စက္ကန့်မျှ တိတ်ဆိတ်သွားပြီးနောက် တဖက်မှ ဖုန်းဖြေသူက ပြောလာခဲ့လေသည်။

“စာမေးပွဲ ပြီးဆုံးသွားလို့ ဂုဏ်ပြုပါတယ်”

ဒါက ဘယ်လို တုံ့ပြန်မှုကြီးလဲဟု ရှီလီက သူမဘာသာ တွေးမိလေသည်။

“ငါတို့နှစ်ယောက်စလုံး စာမေးပွဲပြီးတာ အတူတူပဲလေ၊ အဲဒါကို နင်က ဘာဖြစ်လို့ ငါ့ကို လာပြီး ဂုဏ်ပြုနေရတာတုန်း”

“ဒီနေ့ ပြိုင်ပွဲကို ငါ မပါဖြစ်လိုက်ဘူး”

ထိုစကားကြောင့် ရှီလီက ချက်ချင်း မေးလိုက်၏။

“အိမ်မှာ တစ်ခုခုဖြစ်လို့လား။ ငါ နင့်ကို ကူညီနိုင်တာ တစ်ခုခုများ ရှိမလားဟင်”

ရှန်ချင်းလင်က တည်ငြိမ်အေးဆေးစွာ ပြန်ဖြေလာ၏။

“မဟုတ်ဘူး။ ငါ့ရဲ့ ပြိုင်ပွဲလျှောက်လွှာကို အမှုဆောင်က အတည်ပြု မပေးဘူးလေ။ ငါက ဒီပြိုင်ပွဲအတွက် လုံးဝကို အရည်အချင်း မပြည့်မီဘူးလို့ သူက ပြောတယ်”

သူက ဘယ်လိုလုပ် အရည်အချင်း မပြည့်မီရမလဲ။ ရှန်ချင်းလင်နှင့် သူမသည်ကား အမျိုးမျိုးသော စစ်ဆေးမှုများထဲဝယ် အမှတ်ပြည့်ရပြီး ထိပ်တန်းရှိနေသူများထဲမှ နှစ်ယောက် အပါအဝင် ဖြစ်လေသည်။

ထို့အပြင် ဤ ပြိုင်ပွဲလျှောက်လွှာက လုပ်ရိုးလုပ်စဥ်အတိုင်းပင် အရည်အချင်း ပြည့်မီသူများသာ ပထမနေရာမှာ လျှောက်ထားနိုင်တာဖြစ်၏။

ဤ နိုဝင်ဘာလ ညနေ အစောပိုင်းကြီးဝယ် ဖုန်းကြီးကိုင်ကာ ​အပြင်မှာ မတ်တပ်ရပ်နေသည့် ရှီလီမူကား မည်သည့် အအေးဓာတ်ကိုမှ ခပ်ပါးပါးမျှတောင် မခံစားနေရပါလေ။ သူမ တကိုယ်လုံးသည်ကား တလိပ်လိပ် တက်လာသည့် ဒေါသများဖြင့်သာ ပြည့်နှက်နေပေသည်။

ဘာဖြစ်ဖြစ် သူတို့က ကလေးတွေလည်း မဟုတ်ကြပေ။ အမှုဆောင်ကျူး၏ ဟိတ်ဟန်ထုတ်သော စကားများသည်ကား ရှန်ချင်းလင်၏ လမ်းကို အခြားသူလျှောက်ဖို့ ခင်းပေးလိုက်ခြင်းသာ ဖြစ်ပေတော့၏။

ရှီလီက ချက်ချင်းဆိုသလိုပင် စာမေးပွဲခန်း အပြင်က စင်္ကြန်မှာ တွေ့ခဲ့ရသည့် လျန်ရုန်ရုန်ကို တွေးမိသွား၏။ သူမက အသက်ရှုနေရင်းမှပင် ကျိန်ဆဲမိလေသည်။

ရှန်ချန်းလင်ကမူ ဤ အခြေအနေကိူ လက်ခံထားပုံ ပေါ်ပါသည်။

“ဒီလို ကိစ္စ သေးသေးလေး အတွက်နဲ့တော့ နေထိုင်မကောင်း မဖြစ်စေနဲ့”

ရှီလီကမူ သူ၏တိုက်ခိုက်လိုစိတ် ချို့ငဲ့မှုအပေါ် အမှန်ပင် စိတ်ဆိုးလှပေ၏။ ဤ ပြိုင်ပွဲများမှ တဆင့် သြဇာကြီးမားသည့် ဆုများကို အရေအတွက် အမြောက်အမြား ရရှိ ဆွတ်ခူးထားခြင်းက ရှန်ချင်းလင် အနေဖြင့် ထိပ်တန်း တက္ကသိုလ်များသို့ စောစောစီးစီး ဝင်ရောက်ခွင့် ရရှိအောင် စွမ်းဆောင် ပေးနိုင်လိမ့်မည်ပင်။

သို့သော် ရှန်ချင်းလင်ခမျာ ဒေါသထွက်ဖို့ အခွင့်အရေး မရှိသလို ရင်ဆိုင်တိုက်ခိုက်ဖို့ အရည်အချင်းလည်း မရှိပါပေ။

သူ့မှာက သူ့ကို ထောက်ပံ့ပေးမည့် အင်အားကြီး နောက်ခံ မရှိသလို သူ့မိသားစုသည်လည်း သာမန် လူတန်းစားများ ဖြစ်ပါ၏။

ထို့ပြင် သူက ဤ ချန်းဖု အလယ်တန်းကျောင်းဝယ် ကျူရှင်လခ ပေးစရာ မလိုပဲ ပညာသင်ခွင့် ရသလို စရိတ်သက်သာမှုနှင့် ကျောင်းမှ ပေးသည့် ပညာတော်သင်ဆုကိူတောင်မှ လက်ခံထားရသူ ဖြစ်ပါ၏။

“ဒါဖြင့် နင် အခု ဘယ်မှာလဲ”

“စာကြည့်တိုက်ထဲမှာ စာဖတ်နေတယ်”

စာကြည့်တိုက်ထဲမှာက သက်တောင့်သက်သာ ရှိသည့် ပတ်ဝန်းကျင်ရှိကာ ဆောင်းမှာနွေးထွေးပြီး နွေရာသီမှာတော့ အေးမြကာ အစဥ်လိုလို တိတ်ဆိတ် နေခြင်းကြောင့် စာလေ့လာရန် အသင့်လျော်ဆုံး နေရာပင်တည်း။

အရေးအကြီးဆုံးကတော့ ထိုနေရာက အခမဲ့ ဖြစ်သည်လေ။

16 02

သူက သူ့အဘိုးနှင့် အတူ မြို့စွန်ရှိ ဟောင်းမျဥ်းနေသည့် ဒေသမှာ နေထိုင်ရတာ ဖြစ်ကာ နွေရာသီမှာ ပူပြင်းလှပြီး ဆောင်းရာသီမှာတော့ ချမ်းအေးလွန်းလှ၏။ ဘေးကပ်ရပ်ကတော့ တနေ့လုံး မာကျောက် ကစားကြသူတို့၏ ကစားပွဲ အခန်းဖြစ်ကာ မနက် နှစ်နာရီ သုံးနာရီ အထိတိုင် ဆက်သွားတတ်ပါ၏။

ထိုသို့သော ပတ်ဝန်းကျင်မျိုးက စာလေ့လာဖို့ လုံးဝကို မသင့်တော်သော်ငြား သူကတော့ အလယ်တန်းမှ စတင်ကာ ဤသို့သော အခြေအနေမျိုးမှာ စာလေ့လာခဲ့ရပါ၏။

သူ့အနေဖြင့် အလယ်တန်းထိတိုင်အောင် အတန်းဖော်များကဲ့သို့ စာလေ့လာခဲ့ရသည်မဟုတ်ဘဲ ဤစာကြည့်တိုက်မှသာ စာလေ့လာခဲ့ရခြင်းပင်။

စာကြည့်တိုက်မှ အိမ် အိမ်မှ စာကြည့်တိုက်သို့ လူးလာခေါက်တုံ့မျှ သွားပြန်ခြင်းက သူ့ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်း လုပ်ပြီးသား ဖြစ်ရုံမက သယ်ယူပို့ဆောင် စရိတ်ပါ ချွေတာပြီးသား ဖြစ်လေသည်။

“ဒါဖြင့်လည်း နင် စာကြည့်တာကို မနှောင့်ယှက်တော့ပါဘူး”

သူမ အနေဖြင့် မူလတုန်းကတော့ ရှန်ချင်းလင်ကို အပြင်ခေါ်ထုတ်လာပြီး ညစာစားဖို့ ဖိတ်ခေါ်လိုခြင်း ဖြစ်သည်။ သို့သော် သူမတို့၏ ဆက်ဆံရေးက သာမန်မျှသာ ဖြစ်သည်ကို တွေးမိသွားလေသည်။

ညစာ အတူစားကြဖို့ အကြံပြုခြင်းက ယခုနေအခါမှာတော့ အနည်းမျှ ထူးဆန်းနေမည် ဖြစ်ရာ ရှီလီလည်း ထိုဆုံးဖြတ်ချက်ကို ဆန့်ကျင်လိုက်ပါ၏။

ထို့အပြင် ယခုက ညစာ စားရမည့် အချိန်လည်း မဟုတ်သေးပါပေ။ ယခု လက်ရှိအချိန်ဝယ် ရှန်ချင်းလင်က ပြိုင်ပွဲမှာ မပါဝင်ရခြင်းကြောင့် စိတ်ဓာတ်ကျနေမည် ဖြစ်သည်။ ထို့အပြင် ပြိုင်ပွဲထဲမှာ ပါဝင်ခဲ့ရသူ သူမက သူ့ရှေ့မှာသာ လူလုံး ထွက်ပြခဲ့ပါလျှင် ဒါကြီးက ကိုယ်ချင်းစာစိတ် ကင်းမဲ့ပုံ ပေါ်လေသည်။

“နင့်ရဲ့ လုပ်နိုင် စွမ်းအားတွေနဲ့ ဆိုရင် နောက်ပြိုင်ပွဲတွေကျ ပါခွင့်ရမှာ အသေအချာပဲ။ ငါတို့တွေ နောင် အနာဂတ်ကျရင်တော့ အတူတူ သွားနိုင်မှာပါ”

ဖုန်း ချလိုက်ပြီးနောက် ရှီလီလည်း ဤနေရာမှာ ဒီ့ထက်ပိုပြီး တရစ်ဝဲဝဲ လုပ်မနေချင်တော့။

ထို့ကြောင့် သူမက Taxiငှားကာ အိမ်ကိုပဲ တန်း ပြန်လာခဲ့၏။

အိမ်ထိန်းကြီးဖြစ်သည့် အန်တီကျန်းက ဒီနေ့ ရှီလီ စာမေးပွဲရှိကြောင်း သိထားပြီးသားဖြစ်ကာ သူမအတွက် ယနေ့ ညစာ ပြင်ဆင်ထားပေးဖို့ဘမလိုကြောင်း ဤ မနက်ခင်းမှာ ရှီလီက ပြောထားပါ၏။

“ရှီလီ၊ သမီး အတန်းဖော်နဲ့ ညစာ မစားခဲ့ဘူးလား”

“ကျမ အတန်းဖော်က ကိစ္စ တစ်ခု ပေါ်လာလို့ပါ”

“ဒါဖြင့် ဒီည ညစာကို ဘာလေးစားချင်လဲ”

“အကောင်းဆုံးလို့ အန်တီ ထင်တာ ဘယ်ဟာဖြစ်ဖြစ် လုပ်ပေးပါ”

မသာမယာ ဖြစ်နေသည့် ရှီလီ၏ အမူအရာကို အန်တီကျန်းကလည်း သတိပြုမိကာ သူမ အနေဖြင့် စာမေးပွဲမှာ ကောင်းကောင်း မဖြေနိုင်ခဲ့၍ပဲ ဖြစ်မည်ဟု ယူဆလိုက်ပေ၏။

ရှီလီက သူမ အိပ်ခန်းဆီ တက်သွားခဲ့ကာ အိမ်နေရင်း အဝတ်အစားများ လဲလှယ်ဝတ်ဆင်ပြီးနောက် ထို အကြောင်းကို တွေးလေ သူမ ပိုပြီး နေမထိ ထိုင်မသာ ခံစားလာရလေပင်။

ထို့ကြောင့် သူမလည်း Physics ဆရာ၏ ဖုန်းနံပတ်ကို ဖုန်းခေါ်ဆိုလိုက်၏။

ဆရာဝူ၏ မိသားစုက ညစာစားနေကြခြင်း ဖြစ်သော်လည်း သူ့ကျောင်းသားထံမှ ဖုန်းကို လက်ခံလိုက်ရသည့်အခါ သူက လက်ထဲမှ တူကို ချကာ စားပွဲမှ ထထွက်သွားလေသည်။

“ဘာကိစ္စ ရှိလို့လဲ ရှီလီ။ ဒီနေ့ရဲ့ စာမေးပွဲ မေးခွန်းတွေက ဘယ်လောက်တောင် ခက်ခဲလို့လဲ”

ရှီလီ သူ့ထံ ဖုန်းခေါ်ဆိုလာသည်က ယနေ့၏ စာမေးပွဲ မေးခွန်းများကို ဆွေးနွေးလိုသောကြောင့် ဖြစ်သည်ဟု ဆရာဝူက တွေးထင်ထားခဲ့တာ ဖြစ်သည်။

“အဲဒါက အဆင်ပြေပါတယ်။ ကျမတော့ မေးခွန်းတွေက ခက်တယ်လို့တောင် မထင်ဘူး”

“ဆရာ၊ ကျမနဲ့ အတူတူ ပြိုင်ပွဲဝင်ဖို့ သတ်မှတ်ထားတဲ့သူက ဘယ်သူလဲဆိုတာ ဆရာ သိလားဟင်”

“ရှန်ချင်းလင် မဟုတ်ဘူးလား။ တစ်ခုခု မှားနေလို့လား”

သူမနှင့် အတူတူ ပြိုင်ပွဲဝင်ရောက်သူကို သိပြီးသား ဖြစ်ပါလျက်နှင့် ရှီလီက အဘယ့်ကြောင့် ယခုလို မေးခွန်းမျိုး မေးလာသနည်း ဟုသည်ကို ဆရာဝူက တွေးတောမိလေသည်။

16 03

“သူ မဟုတ်ဘူး။ အမှုဆောင်ကျူးက သူ့ကို အရည်အချင်းမမီဘူးလို့ ပြောပြီး သူ့ ပြိုင်ပွဲ လျှောက်လွှာကို ပယ်ချတယ်လို့ ပြောတာကို ကျမ သိခဲ့ရတယ် ဆရာ။ ရှန်ချင်းလင်က ဒီနေ့ စာမေးပွဲ လာမဖြေခဲ့ဘူး”

ဆရာဝူသည်ကား ဤ ဂယက်ရိုက်မှုကို ရှီလီ ထက်ပင် အလျင်အမြန် နားလည် သဘောပေါက် သွားခဲ့ပါ၏။

သူက Class 3နှင့် Class 1 နှစ်ခန်းစလုံးကို ရူပဗေဒ သင်ကြားပေးရသူဖြစ်ပြီး ပြိုင်ပွဲဝင် နှစ်ယောက်တောင် မွေးထုတ်ပေးနိုင်သည့်အတွက် အတော်ကြီး ဂုဏ်ယူ ဝံ့ကြွားခဲ့ရပါ၏။

ယခုမူ သူ အထူး တန်ဖိုးထားရသည့် ကျောင်းသားက အစားထိုး ခံလိုက်ရသည်ဟု ကြားလိုက်ရသည့်အခါ ပြောစရာ မလိုအောင်ပင် အမျက်ခြောင်းခြောင်း ထွက်သွားလေတော့သည်။

“ကျမ ဒီနေ့ စာမေးပွဲ သွားဖြေတော့ Class 3ကို ပြောင်းလာတဲ့ ကျောင်းသူအသစ်ကို ဝိုးတိုးဝါးတား တွေ့လိုက်သလိုပဲ”

ဆရာဝူကား ဒေါသတရားများဖြင့် လောင်ကျွမ်းနေပြီဖြစ်ကာ ထိုအရာကိုလည်း မည်သူ ပေးလိုက်ကြောင်း သိသာလှပါသည်။

လျန်ရုန်ရုန်ကလည်းပဲ သူ၏ တပည့် ဖြစ်နေတာတောင်မှ လပေါင်းများစွာ သူ စာသင်ကြား ပေးခဲ့ရသည့် ပါရမီရှင် တပည့်ငယ်နှင့် လွန်ခဲ့သည့် ရက်သတ္တပတ် ခန့်ကမှ ကျောင်းကို ရောက်ရှိလာသည့် ကျောင်းသူအသစ်တို့ကိုတော့ သူ ရှင်းလင်းတိကျစွာ ကွဲပြားသည်ပင်။

စိတ် ခံစားမှု အဆင့်ပေါ်တောင်မှ သူ၏ သဘောထားက ဤ နှစ်ဦးကြားဝယ် အတော် ကွာခြားလေသည်။

“သူ့ရဲ့ Physics Levelက မင်းတို့ အတန်းထဲက ဖုဟွေ့ရှင်းလောက်တောင်မှ ကောင်းမနေတာကို။ သူ့ကို Physics ပြိုင်ပွဲ ပေးပြိုင်ခိုင်းလောက်အောင် ဘယ်သူက အဲ့လောက် သတ္တိရှိနေတာလဲ”

ထို ရူပဗေဒ ပြိုင်ပွဲကို မူလတန်း ကျောင်းသားများ၏ စက္ကူလေယာဥ် ပြိုင်ပွဲသဖွယ် ထိုသူက လှောင်ပြောင် သရော်လိုက်ခြင်းပေတည်း။

ဖုဟွေ့ရှင်းသည်ကား ရှီလီတို့ အတန်းထဲမှ ပြဿနာကောင် ဖြစ်ကာ သူ၏ အချိန် တော်တော်များများကို စာသင်နေစဥ်အတွင်း အိပ်စက်ရာမှာ အသုံးချကာ အတန်းထဲမှာလည်း အလယ်အလတ်ရမှတ် ဟူသည့် အဆင့်ကို ထိန်းသိမ်းထားသူတည်း။

ယခု လျန်ရုန်ရုန်ကို အတန်းထဲမှာ အမြဲအိပ်နေတတ်သူ ဖုဟွေ့ရှင်းနှင့် နှိုင်းယှဥ် လိုက်သည်မှာ ဆရာဝူကား အတော်ကြီးကို ရက်စက် ပြင်းထန်ပေစွ။

ကျောင်း၏ ဂုဏ်သိက္ခာရှုထောင့်မှ ဆိုပါလျှင် ဤပြိုင်ပွဲသို့ လျန်ရုန်ရုန်ကို ပါဝင် ယှဥ်ပြိုင်ခွင့် ပြုလိုက်ခြင်းက ကျောင်း၏ စွမ်းဆောင်ချက်နှင့် အဆင့်များကို သာမက ဆုများထဲမှ အသင်းလိုက် ဆုများကိုပင်လျှင် သက်ရောက်စေပေလိမ့်မည်။

“အဲဒီ ရှန်းချင်းလင်ကတော့ တစ်ခုခု ဖြစ်ပြီဆိုတဲ့ အချိန် သူ့ဆရာဖြစ်တဲ့ ငါ့ကိုတော့ ပြောပြသင့်တာပေါ့”

သို့သော် နောက်ကျမှ သူ ပြန်လည် သုံးသပ်မိ၏။ ထိုကောင်လေးက အလွန်ကို အလေးအနက် ထားတတ်သူ ဖြစ်ကာ ဤ ကိစ္စအပေါ်မှာတော့ သူ၏ ဆရာဖြစ်သူက အမှုဆောင်ကျူးနှင့် အငြင်းအခုံဖြစ်ရမည်ကို အလိုမရှိသည့်အတွက် ဤအကြောင်းကို သူ့ဆရာထံ စောဒက မတက်ခဲ့ခြင်း ဖြစ်လိမ့်မည်ဟု ခံစားရလေသည်။

“ဆရာ အခု ကျမတို့ရဲ့ လစဥ်စားမေးပွဲ ရလဒ်တွေက ထွက်လာပြီလားဟင်”

ဆရာဝူက ရှီလီ၏ ရည်ရွယ်ချက်ကို အလွယ်တကူပင် သဘောပေါက်သွားခဲ့ပါ၏။

သူက ပြောလိုက်သည်။

“Class 3ရဲ့ ရလဒ်တွေ ထွက်လာရင် ငါ မင်းကို မိတ္ထူတစုံ ပို့ပေးမယ်”

သူမ၏ အတွေးများက မြင်သာနေသည့်တိုင် ရှီလီကမူ အနည်းငယ်မျှသော စိတ်ကသိကအောက် ဖြစ်မှုကိုမှ မခံစားရပါပေ။ သူမက တခစ်ခစ်ရယ်မောကာ ပြောလိုက်၏။

“ ကျေးဇူး တင်ပါတယ်၊ ဆရာ”

ဖုန်းမချမီ ရှီလီက ထပ်ပေါင်း ပြောလိုက်၏။

“လျန်ရုန်ရုန်က ရှန်ချင်းလင် နေရာမှာ အစားထိုးပေးလိုက်တဲ့ တစ်ယောက်ဆိုတာ ကျမလည်း မသေချာဘူး ဆရာ။ ဆရာ ကိုယ်တိုင် အတည်ပြုလိုက်တာက ပိုကောင်းမယ် ထင်ပါတယ်”

ဆရာဝူထံမှာလည်း ကိုယ်ပိုင် ဆက်သွယ်မှု ကွန်ယက် ရှိသည်ပဲ။ အတန်းအမှုဆောင်ကို တသီးတသန့် သွားမေးဖို့ရန်ပင် မလိုအပ်ပါပဲ ပြိုင်ပွဲအတွက် ချန်းဖု အလယ်တန်းကျောင်းမှ မည်သူ့ကို အစားထိုးခဲ့သနည်း ဟူသည်ကို သူ့ဘာသာ ရှာတွေ့အောင် စီမံနိုင်လေသည်။

ရှီလီ၏ ခန့်မှန်းချက်က မှန်ကန်ပါ၏။

16 04

တချိန်တည်းမှာပင် ဆရာဝူက သူ စုဆောင်း ရရှိထားသမျှ သတင်းအချက်အလက် ဟူသမျှကို ရှီလီထံ ပေးပို့လာပါ၏။

ထို Message များနှင့် အတူ Class 3၏ လစဥ် စာမေးပွဲ ရလဒ်များကိုပါ ပေးပို့ လာလေသည်။

ရူပဗေဒ ဆရာတစ်ဦး အနေဖြင့် ဆရာဝူက ရူပဗေဒ ရမှတ် သီးသန့်ကိုသာ ပေးပို့လာခဲ့ခြင်းပင်။

ရမှတ်များက အမြင့်ဆုံးမှ အနိမ့်ဆုံးသို့ စီထားခြင်း ဖြစ်ရာ ရှန်ချင်းလင်၏ အမည်က ထိပ်ဆုံးမှာ ရှိနေပေသည်။

ရမှတ်များ၏ အလယ်နောက်နားမှာမှ ရှီလီလည်း လျန်ရုန်ရုန်၏ အမည်ကို ရှာတွေ့ပေတော့သည်။

ဆရာဝူနှင့် နောက်ဆုံး ဖုန်းပြောလိုက်ပြီးကတည်းက ရှီလီက ကိစ္စတစ်ခုကို နားမလည်နိုင်ခဲ့ပါပေ။

လျန်ရုန်ရုန်၏ ရူပဗေဒ ရမှတ်များက အောင်သည် ဆိုရုံမျှသာ။ တပါးသူ၏ နေရာကို အရယူကာ ဤ ပြိုင်ပွဲသို့ ဝင်ရောက် ယှဥ်ပြိုင်ရန် သတ္တိမျိုးကို မည်သူက သူမကို ပေးခဲ့ပါသနည်း။

ထို့အပြင် မူလဇာတ်ကြောင်းဝယ် လျန်ရုန်ရုန်သည်ကား ကြည်လင်သန့်စင်သူ၊ ကြင်နာ သနားတတ်သူ၊ သတ္တိနည်းလှသည့် အရိုးခံမိန်းမပျိုလေးအဖြစ် ပါဝင် သရုပ်ဖော်ခဲ့သူပင်။ တပါးသူ၏ ပြိုင်ပွဲနေရာကို ခိုးယူခြင်းကဲ့သို့ အရေထူလှသည့် ကိစ္စမျိုးကို သူမက ဘယ်လိုတောင် လုပ်ထွက်လာရသည်လဲ။

အရေးအပါဆုံးကတော့ သူမ၏ အဆင့်များက သာမညောင်ညသာ ဖြစ်နေခဲ့ခြင်းပင်။

အကယ်၍ သူမ၏ အဆင့်များကသာ ကောင်းမွန်နေခဲ့ပါလျှင် အခြားသူ၏ ပြိုင်ပွဲနေရာကို လုယူခဲ့ခြင်းက ရှင်းပြဖို့ အကြောင်းပြချက် ရှိနေနိုင်မည်ဖြစ်ကာ အကျိုးအမြတ်ရဖို့ အလားအလာ ရှိသေးသည်ပင်။

ယခုလက်ရှိ သူမ၏ ရူပဗေဒ ရမှတ်များနှင့်ဆိုလျှင် ကျောင်းပြင်ပ ပြိုင်ပွဲတခု သွားပြိုင်သည်က သူမအနေဖြင့် ကိုယ်လုံးတီးကြီး လျှောက်ပြေးနေသလိုပင် စိတ်ကသိကအောက် ဖြစ်ရမည်လေ။

လျန်ရုန်ရုန်ရယ်၊ နင် ဘာတွေများ စဥ်းစားနေတာလဲဟယ်။

All Chapters