အခန်း (၂၁-၂၄)
Vol. 2 Ch. 21-24
21 01
အခန်း ၂၁: ရဲစခန်းပို့ခြင်း
ထိုအချိန်တွင် ဖုန်းယွင်ဟယ်မှာ လျန်ရုန်ရုန်က သူ့အဖေ၏ တရားမဝင်သမီးဟူပြီး ယုံကြည်နေသေးသဖြင့် သူမအပေါ် ဘာခံစားချက်မှ မရှိပေ။
မူလဇာတ်ကြောင်းထဲတွင် လျန်ရုန်ရုန်က အသက်ရှူမှားလောက်သော အလှတရားကို မပိုင်ဆိုင်ထားသော်လည်း တစ်လောကလုံးက အမျိုးသမီးတွေ သူမကို စက်ဆုပ်နေစဉ်မှာ တစ်လောကလုံးက အမျိုးသားတွေကတော့ သူမကို ချစ်ခင်ကြသည်။
လျန်ရုန်ရုန်တွင် သူမအတွက် သေဆိုသေ၊ ရှင်ဆိုရှင် ဒါမှမဟုတ် သူမအတွက် နံရံနှင့် ပြေးဆောင့်မည့် အမျိုးစုံသော အမျိုးသား လူယုံတော်များစွာရှိသည်။
နတ်ဘုရားမတစ်ပါးအတွက် ရပ်တည်ပေးရတာက သူတို့၏မျက်လုံးထဲတွင် ကိစ္စကြီးမဟုတ်ပေ။
သူမစကားကို ဖူဟွေ့ရှင်း ကြားတော့ ဖုန်းယွင်ဟယ်ကို အလျင်အမြန် စိတ်ခုသွားပြီး ရှီလီကို တစ်ချက်မကြည့်မိဘဲ မနေနိုင်တော့ချေ။
သို့သော် အချစ်နွံထဲ ရှီလီ ရူးသွပ်စွာနစ်ဝင်နေတာကို သူအရမ်း မအံ့ဩမိတော့။
ရှီလီလိုမျိုး အချစ်ရူးရူးနေသည့် လူမျိုးကို ဖူဟွေ့ရှင်း တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သူမအား တစ်ဖက်လူအပေါ် အလွန်အကျွံကြီး အချစ်ရူးမရူးရန် အကြံပေးလိုက်ချင်သော်လည်း သူတို့က သာမန်အတန်းဖော်တွေသာ ဖြစ်တာကြောင့် ထိုသို့ပြောလိုက်လျှင် သူတို့၏ပေါ့ပါးသော ဆက်ဆံရေးအပေါ်မှာ အတင့်ရဲသလို ဖြစ်သွားပေလိမ့်မည်။
ထို့နောက် မြေပြင်ပေါ်က လူဆိုးတွေကို ဖူဟွေ့ရှင်း မေးလိုက်သည်။ “မင်းတို့ရဲ့ ဘော့စ်ကဘယ်သူလဲ”
လူဆိုးနှစ်ယောက်က ကြောက်ရွံ့ဖွယ်ကောင်းသော နာမည်ပြောင်တစ်ခုကို ပြောပြလာ၏၊ဖူဟွေ့ရှင်း အရင်က မကြားဖူးခဲ့သော နာမည်ပင်။ ယခုလို စက်ဆုပ်ဖွယ်ကောင်းသည့် လုပ်ရပ်တွေကို လုပ်နိုင်သော ဘယ်သူမဆိုလေးစားဖွယ် မကောင်းဘူးဆိုတာ ရှင်းလင်းပေသည်။
ဖူဟွေ့ရှင်းတွင် အလွန်အားကိုးစရာကောင်းသော အရှိန်အဝါရှိလေသည်။ ရှီလီ သူ့ကိုမေးလိုက်သည်။ “ငါရဲခေါ်လို့ရမလား”
ရှီလီ ရဲအကြောင်း ပြောလာတာကို ကြားတော့ မြေပြင်ပေါ် လဲနေသော လူဆိုးနှစ်ယောက်မှာပိုပြီးရူးသွပ်စွာ ရုန်းကန်လာကြ၏။
“နင့်သဘောပဲ” သူပြန်ဖြေလိုက်သည်။
ရှီလီ သူမဖုန်းကိုထုတ်ပြီး အရေးပေါ်နံပါတ်ကို ခေါ်ဆိုလိုက်ကာ သူမ၏ တည်နေရာကိုပြောပြလိုက်သည်။
“ကျွန်မကို ဓားနဲ့ချိန်ပြီး လုယက်ဖို့ကြိုးစားနေတဲ့ ဓားပြနှစ်ယောက်နဲ့ ကြုံလို့ပါ။ ကျေးဇူးပြုပြီး မြန်မြန်လာပေးကြပါနော်”
ရှီလီ၏ လုယက်မှုအတွက် ရဲဆီတိုင်ကြားမှုကို ကြားတော့၊ လူဆိုးနှစ်ယောက်မှာ မယုံကြည်နိုင်မှုကြောင့် ပြောစရာ ပျောက်ရှကုန်၏။
သူတို့ ဘယ်သူ့ကိုမှ မလုယက်ဘူးလေ။
သူတို့မှာ လုယက်ဖို့ ရည်ရွယ်ချက်တောင် ရှိမနေဘူး။
သူတို့က သူမကို လမ်းကြားထဲဆွဲခေါ်ပြီး တစ်ခုခုလုပ်ချင်ရုံတင်လေ…။
သို့သော် သူတို့ ဘာမှမလုပ်လိုက်တာကြောင့်အဖမ်းခံရရင်တောင် သာမန်အားဖြင့် သုံးရက် ကနေ ငါးရက်အထိဘဲ ထိန်းသိမ်းထားခံရမှာပင်။ အကယ်၍ ဤမိန်းကလေးတွင် နောက်ခံအချို့ရှိပါက ဆယ်ရက်မှ လဝက်လောက်အထိသာ ရက်အနည်းငယ် ကြာမြင့်မှာဖြစ်ပြီး သူတို့ထွက်လာတာနှင့် လွတ်လပ်သောသူတွေ ပြန်ဖြစ်နိုင်ပေသည်။
သို့သော်လည်း လုယက်မှုနှင့် ဆက်စပ်နေပါက ပိုလေးနက်သွားချေပြီ။
လမ်းလူဆိုးများအနေဖြင့် သူတို့တွေ ကျူးလွန်၍မဖြစ်သော ပြစ်မှုများကို ကောင်းစွာသိထားကြ၏။
ဤသည်မှာ လက်နက်ဖြင့် လုယက်ခြင်းဖြစ်၍ အမှုပိုကြီးသွားလေပြီ။
21 02
ပိုစိတ်တိုစရာကောင်းသည်မှာ အစောပိုင်းတုန်းက သူတို့တွင် ဓားတစ်ချောင်းရှိခဲ့တာ မှန်သော်လည်း ဓားသွားက မြန်မြန်ထွက်သွားအောင်လုပ်ဖို့ မျှော်လင့်ရင်း ကြားဝင်သည့်သူကို ခြိမ်းခြောက်ရန်အတွက်သာ။
ချမ်းသာတဲ့ ကလေးတွေအကုန်လုံး ဒီလိုရက်စက်ကြတာပဲလား။
မကြာခင်မှာဘဲ အနီးနားရှိ ရဲစခန်းနယ်မြေမှရဲအရာရှိများ ရောက်ချလာပြီး အခင်းဖြစ်ပွားရာနေရာကြောင့် လန့်ဖြန့်သွားကြသည်။
လုယက်သူများဖြစ်ပုံရသော လူဆိုးများမှာ မြေပြင်ပေါ်လဲနေပြီး ဗိုက်ကိုကွေး၍ နာကျင်မှုကြောင့် ညည်းတွားနေကြသည်။
နစ်နာသူများဖြစ်ပုံရသည့် ကြည့်ကောင်းသောလူငယ်တို့က ထိခိုက်ဒဏ်ရာမရှိ၊ သန့်ရှင်းသပ်ရပ်နေ၍ လူယက်ခံရသည့်ပုံ လုံးဝမပေါ်ပေ။
ရောက်ရှိလာသော အရာရှိနှစ်ယောက်မှာအနည်းငယ် ခေါင်းရှုပ်သွားကြ၏။ ဒီမှာဘယ်သူက လုယက်သူတွေနဲ့ ဘယ်သူကနစ်နာသူလဲ။
ပိုပြီးအတွေ့အကြုံများသော အရာရှိက ဖွင့်ဟမေးလာသည်။ “ဘယ်သူ ရဲခေါ်တာလဲ”
ရှီလီ ကျောင်းသူတစ်ယောက်လို သူမ၏ညာလက်ကိုထောင်၍ “ရဲအရာရှိ၊ ကျွန်မ ခေါ်လိုက်တာပါ”
ရှီလီမှာ အစောပိုင်းကတည်းက ခေါင်းငုံ့နေသဖြင့် ရဲအရာရှိမှာ သူမ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ။ ယခု သူမခေါင်းမော့လာမှ သူမဘယ်လောက်တောင် ရပ်သပ်ရှုမောစွာ လှပလဲဆိုတာကို ရဲအရာရှိတွေ မြင်သွားတော့သည်။
ဒီမိန်းကလေးက အံ့ဩစရာကောင်းလောက်အောင် လှတာပဲ၊ TV ပေါ်က နာမည်ကြီးတွေထက်တောင် ပိုလှသေးတယ်။
“ကျွန်မ တစ်ခုခုစားဖို့ စားစရာရောင်းတဲ့လမ်းကို သွားမလို့ပါ၊ ဒါပေမဲ့ ဒီလူနှစ်ယောက်က ဓားထုတ်ပြီး ကျွန်မကို ငွေညှစ်ပါတယ်။ ကံကောင်းပြီး ကျွန်မကို လာကယ်ပေးတဲ့ အတန်းဖော်နဲ့ တွေ့လို့သာပေါ့”
ညနေခင်းတုန်းက အဖြစ်အပျက်များကိုရှီလီ ချက်ကျလက်ကျဖြင့် ရှင်းလင်းစွာ ပြန်ပြောပြလိုက်ပြီး သိပ်မဝေးသောနေရာကအဖြူရောင်ဖျော့ဖျော့ လင်းလက်နေသော ဓားကိုညွှန်ပြ၍ “အဲတာ သူတို့ရဲ့လက်နက်ပါ”
“ကျွန်မကိုကယ်ရင်းနဲ့ အတန်းဖော်ဆို ပိုပြီးဒဏ်ရာရသွားသေးတယ်” သူမ ထပ်ပေါင်း ပြောလိုက်၏။
ရှီလီ ဖူဟွေ့ရှင်းကို ပြန်လှည့်ကြည့်ပြီး“ဟုတ်တယ်မလား”
ဖူဟွေ့ရှင်း: “အာ… ဟုတ်တယ်”
သူ့မှာ တကယ်လည်း ဒဏ်ရာတွေရှိပေမဲ့၊ ဒီနေ့ရတာတော့ မဟုတ်ဘူး။
ဒီလို လူဆိုးတွေနဲ့ ခဏလေး ရင်ဆိုင်ရတာက သူ့ကိုယ်ပေါ်မှာ ဘာအမှတ်မှတောင် ကျန်ခဲ့မှာမဟုတ်ပေ။
ကျောင်းလူဆိုးတစ်ယောက်အနေဖြင့် သူသည် အမြဲတမ်း ညင်သာပြီး ငြိမ်းငြိမ်းချမ်းချမ်း မရှိနိုင်။ ရန်ပွဲတွေ၊ အငြင်းပွားမှုတွေဘဲ ဝင်ပါပြီး ဒဏ်ရာတွေရတယ်ဆိုတာ သာမန်ပင်။
ရဲအရာရှိများက ဓားကို သက်သေခံအိတ်ထဲသို့ သေချာထည့်လိုက်ကာ သူတို့၏ ထွက်ဆိုချက်တွေကို မှတ်တမ်းယူရန်အတွက် အားလုံးကို ရဲစခန်းသို့ ခေါ်သွားလိုက်သည်။
“ဒီနေ့ကျောင်းဆင်းတော့၊ ကျွန်မ စာအုပ်ဆိုင်ကို သွားပြီး စာအုပ်နည်းနည်း သွားဝယ်တာပါ။ ဆိုင်ထဲကနေ ကျွန်မထွက်လာတော့ နည်းနည်းမှောင်နေပါပြီ”
[ငါ့စာအုပ်တွေကို လမ်းကြားထဲ လွှင့်ပစ်လိုက်ရတယ်]
[ရှင်တို့ကို မုန်းလိုက်တာ]
ရှီလီ၏ မချိတင်ကဲဖြစ်နေသော စိတ်ထဲက အတွေးတွေမှာ စစ်ကြောရေးအခန်း၏ နံရံတွေကို ဖြတ်ကျော်သွားပြီး ရဲစခန်း၏ ထောင့်တိုင်းသို့ ရောက်ရှိသွားတော့သည်။
ကံမကောင်းစွာဖြင့် ယခုချိန်တွင် ရှီလီ၏စိတ်ထဲက အသံကို ကြားနိုင်သည်မှာ ဖူဟွေ့ရှင်း တစ်ဦးတည်း မဟုတ်တာပင်။
“ကျွန်မ တစ်ခုခုစားဖို့ ကျောင်းနောက်က အစားအသောက်ရောင်းတဲ့လမ်းကို သွားခဲ့တာပါ။ လမ်းမီးတွေမရှိတဲ့ လမ်းကြားလေးထဲကိုကျွန်မ ဖြတ်သွားရပါတယ်။ အဲဒီလူတွေက ဓားကိုင်ပြီး ရုတ်တရက် ပြေးထွက်လာကြတာပါ။ ကျွန်မရဲ့ စာအုပ်အိတ်နှစ်အိတ်ကို သူတို့ဆီပစ်ပေါက်ပြီး လူများတဲ့နေရာဆီ အသည်းအသန် ပြေးခဲ့ရတာ။ ကံကောင်းလို့ အနီးအနားမှာ ကျွန်မရဲ့အတန်းဖော် ရှိနေလို့ပေါ့လေ။ သူက အခြားသူတွေကိုလည်း မကြာခဏ ကူညီတတ်တဲ့ ကြင်နာတတ်သူ တစ်ယောက်ပါ။ ရုန်းရင်းဆန်ခတ် ဖြစ်နေတာတွေကို ကြားသွားပြီး လာပြေးကယ်တာ ဖြစ်လောက်တယ်”
“သူ တိုက်ခိုက်တာကျွမ်းမှန်း ကျွန်မ ကြားဖူးပါတယ်၊ ဒါပေမဲ့ အဲ့လောက်ထိ တော်လိမ့်မယ်လို့ ကျွန်မ မသိခဲ့ဘူး။ ခဏတည်းနဲ့ အဲ့လူနှစ်ယောက်ကို သူ အမှောက်သိပ်လိုက်တာပါ”
ရှီလီနှင့် ဖူဟွေ့ရှင်းတို့က သူတို့၏ ထွက်ဆို ချက်ကို သီးခြားထွက်ဆိုခဲ့ကြပြီး တစ်ချိန်တည်းမှာပဲ ပြီးသွားကြသည်။
သူတို့က ကျောင်းသားအရွယ်ဘဲ ရှိသေးတာကြောင့် ရဲအရာရှိက သူတို့မိဘတွေကို လာခေါ်ခိုင်းလိုက်သည်။
ရှီလီ ထွက်ဆိုပြီးနောက် သူမ၏ ဦးလေးနှင့်အဒေါ်တို့ ရောက်ချလာ၏။
“အားလီ၊ ဒီနေ့ အရမ်းမကြောက်သွားဘူးမလား။ ဒီနေ့ခေတ်ကြီးမှာ ဒီလိုလူဆိုးတွေ ရှိနေသေးရတယ်လို့ကွယ်”
21 03
ရှီလီ၏ အဒေါ်က သူမအပေါ် လက်တင်လာတော့ သူမ၏လက်ကောက်ဝတ်ပေါ်က မြစိမ်းရောင် လက်ကောက်မှာ ရဲအရာရှိနှစ်ဦးကို မျက်စိကျိန်းသွားစေမတတ်ပင်။
“သမီး အဆင်ပြေပါတယ်၊ စိတ်မပါနဲ့တော့။ ကျေးဇူးတင်ရမှာက၊ အနီးအနားက တစ်ယောက်ယောက်က သမီးကို အချိန်မီ ကယ်လိုက်လို့သာပေါ့”
ရှီလီ၏ ဦးလေးက ရဲအရာရှိများနှင့် စကားစမြည် ပြောပြီးနောက် “ရဲအရာရှိတို့ကို ဒီညမတော်တဆမှုအတွက် ကျေးဇူးတင်ပါတယ်ဗျာ။ ကလေးနှစ်ယောက်ကို ကျွန်တော် အိမ်ခေါ်သွားတော့မယ်”
ရှီလီ၏ ဦးလေးက ဖူဟွေ့ရှင်းကို သိပြီး သူ၏ မိသားစုအခြေအနေကိုပါ သတိပြုမိလေသည်။ သူ့အိမ်အခြေအနေကို နားလည်ပေး၏။
ဒီအချိန်ကြီး ဖူဟွေ့ရှင်းအား ဘယ်သူမှလာမခေါ်လောက်ဘူးဆိုတာကို နားလည်တာကြောင့် သူ့ကိုပါ အိမ်ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။
သူတို့တွေ ထွက်သွားတာကို ကြည့်နေရင်း ငယ်ရွယ်သည့် ရဲအရာရှိက သူ့လုပ်ဖော်ကိုင်ဖက်ကို တံတောင်ဖြင့်တို့ကာ “အဲ့လက်ကောက် ဘယ်လောက်လောက် ရှိမယ်လို့ထင်လဲ။ တော်တော်တော့ ဈေးကြီးမှာပဲနော်”
အတွေ့အကြုံနှင့် ဗဟုသုတပိုများသောအသက်ပိုကြီးသည့် ရဲအရာရှိက လက်ငါးချောင်း ထောင်ပြလာ၏။
ငယ်ရွယ်သည့် ရဲအရာရှိ၏ မျက်လုံးတွေ ပြူးကျယ်သွား၍ “ငါးသိန်း”
အသက်ပိုကြီးသည့် ရဲအရာရှိက ခေါင်းခါပြီး“သုံးညတစ်လုံး ထပ်ထည့်လိုက်”
ယခုဆိုလျှင် ငယ်ရွယ်သည့် ရဲအရာရှိမှာအံ့ဩရန်ဖို့တောင် ထိတ်လန့်နေတာပင်။ အောင်မလေးလေး၊ ဗီလာတစ်လုံးကို လက်မှာ ဝတ်ထားသလိုပါပဲလား။
သူစိုးရမ်စွာ ပြောလိုက်၏။ “အဲ့လောက် ဈေးကြီးတာကို၊ ခြစ်မိတာ ဒါမှမဟုတ် ပျက်ဆီးသွားရင်သူတို့ ရင်နာမယ်လို့ မထင်ဘူးလား”
အသက်ပိုကြီးသည့် ရဲအရာရှိက အကြည့်တစ်ချက် ပေးလာပြီး “ပထမ၊ သူတို့မှာ အိမ်ထိန်းတွေ ရှိတယ်၊ ဒီတော့ အိမ်မှုကိစ္စတွေကို သူတို့ လုပ်စရာမလိုဘူး။ ဒုတိယက၊ ဒီလိုဈေးကြီးတဲ့လက်ကောက်မျိုးကို တတ်နိုင်မှတော့ ပိုက်ဆံပမာဏကို သူတို့ ဂရုမစိုက်ဘူးလို့ ဆိုလိုတာပဲ”
“လူတွေကြားက ကွာခြားချက်က ခွေးတွေနဲ့လူတွေထက်တောင် ပိုကြီးမားပါလားဗျာ။ အဲ့လူတွေက ဘယ်သူတွေတုန်း။ ဘယ်လိုလုပ်ပြီး အရမ်းချမ်းသာကြတာလဲ”
အသက်ပိုကြီးသည့် ရဲအရာရှိမှာ ယခုဆိုလျှင် ပြောစရာမဲ့သွားပြီး “မင်းသူတို့ကို မသိဘူးလို့ မပြောနဲ့နော်”
“ဘယ်သူ့ကို သိရမှာလဲဗျ”
အသက်ပိုကြီးသည့် ရဲအရာရှိက သူ၏လက်ထောက်ကို ပြောလိုက်၏။ “အဲဒီမိန်းမငယ်လေးရဲ့ဦးလေးက ရှီကျန့်ရှန်း”
ထိုနာမည်ကိုကြားတော့ ငယ်ရွယ်သည့် ရဲအရာ ရှိ နားလည်သွား၏။ “ဆိုတော့ သူကိုး”
သူ့အတွေးဖြစ်စဉ်မှာ ထူးထူးခြားခြား ပြောင်းလဲသွားပြီး မှတ်ချက်ချလိုက်တော့၏။ “ဒီလူဆိုးနှစ်ယောက်ကတော့… တစ်ခုခုဘဲ”
“တစ်ခုခု” ဆိုတာထက် အခြားကိုက်ညီသည့်ဖော်ပြချက်ကို သူ မစဉ်းစားတတ်တော့ပေ။
ပထမဆုံးအကြိမ် လုယက်တာကို ချမ်းသာတဲ့မိသားစုရဲ့ ကလေးကို ပစ်မှတ်ထားရတယ်လို့ -ဒီလိုကံကတော့ မယှဉ်နိုင်ဘူး။
******
22 01
အခန်း ၂၂: ကျေးဇူးတရားကို ဖော်ပြခြင်း
ဦးလေးအကြီးဆုံး ဖူဟွေ့ရှင်းကို အိမ်ပြန်ပို့ပေးဖို့ ကမ်းလှမ်းတော့၊ သူငြင်းလိုက်၏။
ရှီလီ ထပ်တလဲလဲ ကျေးဇူးတင်ပြီးနောက် ရဲစခန်းဝင်ပေါက်မှာပဲ သူတို့တွေ အသီးသီး လမ်းခွဲလိုက်ကြသည်။
မိသားစုဝင်တွေ ကားထဲဝင်တော့ အကြီးဆုံးအဒေါ်က သူမကို နောက်ဆုံးတော့ မေးလာသည် “ရှီလီ၊ မထိခိုက်သွားဘူးမလား”
ရှီလီ ခေါင်းခါ၍ “သမီး အဆင်ပြေပါတယ်၊အချိန်မီရောက်လာတဲ့ ဖူဟွေ့ရှင်းကိုပဲ ကျေးဇူးတင်ရမယ်” မဟုတ်ရင် သူမ မြန်မြန်ဆန်ဆန် အဖမ်းခံလိုက်ရနိုင်သည်။
အဒေါ်အကြီးဆုံးက သက်ပြင်းချ၍ “သမီးက မိန်းမငယ်လေးပဲ ရှိသေးတယ်လေကွယ်၊ညဘက် ဒီလောက် နောက်ကျနေတာကို ဘယ်လိုဖြစ်လို့ တစ်ယောက်တည်း အပြင်ထွက်သွားရတာတုန်း။ ဒီတစ်ခေါက် ဖူဟွေ့ရှင်း နဲ့တိုးလို့ ကံကောင်းသွားတာ။ ဒီခေတ်ကြီးထဲမှာ ကူညီပေးတဲ့ လူကောင်းတွေဆိုတာ သိပ်ရှိတာမဟုတ်ဘူး။ မတော်လို့ နောက်တစ်ခေါက် ထပ်ဖြစ်ရင် ဘယ်နှယ့်လုပ်မလဲ”
ရှီလီ သူမကိုယ်သူမ အားနည်းစွာ ခုခံလိုက်သည်။ “သမီး နောက်တစ်ခေါက်ကျ အဲ့လိုကံမဆိုးလောက်ပါဘူး”
“ကံအပေါ် မှီခိုမနေနဲ့၊ ဒီအရာတွေဆိုတာ သမီးဘယ်တော့မှ မသိနိုင်ဘူးလေ။ ဘာမှမဖြစ်ခဲ့ဘူးဆိုရင်တောင် မဟုတ်သေးဘူးလေကွယ်”
အဒေါ်အကြီးဆုံးက သူမ၏ အဆုံးမရှိသောစကားကို ဆက်နေလေသည်။ “နှစ်တိုင်း ချန်ဖူကျောင်းရဲ့ ကျူရှင်စရိတ်ကို အများကြီး ပေးထားရတာ၊ ကျောင်းပတ်လည်က လုံခြုံရေးကိုတောင် သူတို့တွေ ဘယ်လိုလုပ်ပြီး မစီမံနိုင်ရတာလဲ။ ကျောင်းသားတွေရဲ့ ကျောင်းအဝင်၊ အထွက် လုံခြုံရေးကို သူတို့ဘယ်လိုသေချာအောင် လုပ်နေကြလဲမသိဘူး”
ခရီးသည်ထိုင်ခုံထက်က အဒေါ်အကြီးဆုံးမှာ သူမယောက်ျားဘက်ကို လှည့်လိုက်ပြီး“မနက်ဖြန်ကျရင် ချန်ဖူကျောင်းအုပ်ကို ရှင် စကားသွားပြောသင့်တယ်။ ဒီလိုကိစ္စလေးကိုတောင် သူတို့ မကိုင်တွယ်နိုင်ရင် အလုပ်ကို ပိုလုပ်ရည်ကိုင်ရည်ရှိတဲ့ တစ်ယောက်ယောက်ကိုဘဲ ကျွန်မတို့ ရှာသင့်တယ်။ လူအများကြီး အဲ့လိုလုပ်ပေးနိုင်တယ်ဆိုတာ ကျွန်မ သေချာတယ်”
ရှီမိသားစုသည် ချန်ဖူကျောင်း၌ ရှယ်ယာပမာဏ တော်တ်ောများများကို ဆုပ်ကိုင်ထားသဖြင့် သူတို့ကို အဓိကရှယ်ယာအစုဝင်ဖြစ်စေသည်။
ကျောင်းအုပ် မမျှမတ အပြစ်တင်ခံနေရတယ်လို့ ရှီလီ ခံစားမိသဖြင့် ရှင်းပြလိုက်သည်။ “ဒီနေ့ဖြစ်သွားတာက ကံဆိုးရိုးသက်သက် မဟုတ်ဘူး”
ထို့နောက် ဖုန်းထဲတွင် ရှင်းပြဖို့အချိန်မရှိခဲ့သည့် ဖြစ်စဉ်တစ်ခုလုံးကို ပြန်ပြောပြလိုက်၏။
ဖြစ်ချင်တော့ ကံမကောင်းလို့ လူဆိုးနှစ်ယောက်နှင့် တွေ့ခဲ့တာ မဟုတ်ချေ။ အကြီးဆုံးအဒေါ်က ပိုတောင်ဒေါသထွက်သွားပြီး“မိန်းကလေးတွေအတွက် စိတ်သဘောထားချင်း မတိုက်ဆိုင်ဘူးဆိုတာ သာမန်ပဲလေ။ ဒါပေမဲ့ ဒါကတော့ အရမ်းလွန်သွားပြီ”
“ဒီ လျန်ရုန်ရုန်ဆိုတာ ဘယ်သူလဲ။ အဲ့နာမည်ကို ငါအရင်က မကြားဖူးပါဘူး”
ရှီလီ ပြန်ဖြေလိုက်၏။ “သူမက လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက ဦးလေးဖုန်း အိမ်ခေါ် မွေးစားထားတဲ့သမီးလေ”
ဤရှင်းပြချက်ကြောင့် အဒေါ်အကြီးဆုံး နားလည်သွားပြီး “ဪ၊ လူအိုကြီးဖုန်းရဲ့တရားမဝင်သမီးကို ပြောတာလား”
၎င်းမှာ သူတို့အသိုင်းအဝိုင်းထဲတွင် လူတိုင်း ပြောနေကြသည့် အရာပင်။ ဖုန်း၏အဖေက သူ့မိန်းမ၏ သဘောမပါဘဲ မိန်းကလေးတစ်ယောက်ကို အိမ်ခေါ်လာခဲ့ပြီး ဖုန်း၏အမေက သူမ ယောက်ျား၏ တရားမဝင် ကလေးလို့ ယုံသွား၍ အလွန်ဒေါသထွက်သွားသဖြင့် ဆေးရုံတောင် တက်လိုက်ရသည်။
ဖုန်း၏အဖေမှာ သူ့မိန်းမဒေါသကို ကြောက်တာကြောင့် သူမက အရင်ရည်းစားဟောင်း၏ သမီးဆိုတာကို မပြောရဲခဲ့ပေ။
သို့သော် သူ၏ လျှို့ဝှက်သော အပြုအမူက ကွယ်ဝှက်ရန်အတွက် ဆိုးဆိုးရွားရွား ဟန်ဆောင်နေတာနှင့်သာ တူပြီး လူတိုင်း၏သံသယတွေကို ပိုပြီးအတည်ပြုလိုက်သလိုပင်။
အဒေါ်အကြီးဆုံး မထီမဲ့မြင် နှာခေါင်းရှုံ့လိုက်၍ “အပျော်မယားတွေ ပျိုးထောင်ထားတဲ့ ကလေးတွေဆိုတာ ယဉ်ကျေးတဲ့ အသိုင်းအဝိုင်းထဲမှာ ဘယ်တော့မှ ဝင်ဆံ့မှာမဟုတ်ဘူး”
ရှီလီ၏ ဗီလာနားကို ရောက်တော့ ခရီးစဉ်တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သည့် ဦးလေးအကြီးဆုံးက အဆုံးတော့ စကားပြောလာ၏။ “မနက်ဖြန်ကျရင် သမီးအဒေါ်နဲ့ဦးလေးတို့ ကျောင်းကိုသွားပြီး ဒီကိစ္စကိုကျောင်းအုပ်နဲ့ ဆွေးနွေးလိုက်မယ်။ ညနေကျ ဒီမွေးစားသမီးရဲ့အကြောင်းကို စုံစမ်းရအောင် ဖုန်းမိသားစုဆီ အလည်သွားလိုက်မယ်။ ဒီကိစ္စမှာ သူမ ပါတယ်မလား”
22 02
အဒေါ်အကြီးဆုံးတွင် လျန်ရုန်ရုန်အပေါ် အကောင်းမြင်စိတ်မရှိဘဲ “တကယ်လို့ သူမ ပါတယ်ဆိုရင်တောင်၊ ဝန်ခံမှာ မဟုတ်ဘူး”
“ဪ၊ စကားမစပ်၊ မနက်ဖြန် ကျောင်းကိုလာရင် သမီးကို တစ်ခု ကူညီပေးလို့ရမလား”ရှီလီ မေးလိုက်သည်။
“သမီးက ဘာကူညီခိုင်းမလို့လဲ”
ရှီလီ သူမ၏တောင်းဆိုချက်အား ပြောပြလိုက်တော့ ပုံမှန်ဆို တည်ငြိမ်အေးဆေးသော ဦးလေးအကြီးဆုံးမှာ သိသိသာသာကို ကြောင်အမ်းသွားတော့သည်။
ရှီလီ၏ ဘေးတွင်ထိုင်နေသော အဒေါ်အကြီးဆုံးကတောင် သူမ၏ စကားပြောနိုင်စွမ်းကို ယာယီဆုံးရှုံးလိုက်ရသည်။
“တကယ်လို့… အဲတာက သမီးကို ပျော်စေတယ်ဆိုရင်လည်း” ဦးလေးအကြီးဆုံးက သဘောတူသည့်အနေဖြင့် ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်၊ ဦးလေးအကြီးဆုံးနဲ့ဒေါ်လေး” ရှီလီ ကျေးဇူးတင်စွာ ပြန်ဖြေလိုက်သည်။
နောက်တစ်နေ့၊ ဦးလေးအကြီးဆုံးနှင့် ဒေါ်လေးတို့ ရှီလီကို ကျောင်းလိုက်ပို့ပြီးနောက် ရှီလီ စာသင်ခန်းဆီ ဦးတည်နေခိုက် သူတို့ကတော့ ကျောင်းအုပ်နှင့် စကားပြောရန် ထွက်သွား လေသည်။
အခန်းထဲဝင်လိုက်တော့ ရှီလီ သူမစားပွဲပေါ်က စာအုပ်အိတ်နှစ်အိတ်ကို သတိထားမိသွားသည်။
အိတ်တွေကို ဖွင့်ကြည့်လိုက်တော့ မနေ့က သူမလွှင့်ပစ်လိုက်သည့် စာအုပ်တွေ ပါနေမှန်း သိလိုက်ရ၏။
ဒါပေမဲ့ မနေ့တုန်းက လူဆိုးနှစ်ယောက်နဲ့တွေ့တော့ ဒီစာအုပ်တွေကို သူမ လွှင့်ပစ်လိုက်တာပါ၊ ဘယ်လိုဖြစ်ပြီး သူမ စားပွဲပေါ် ရောက်နေတာလဲ။
[ဒီစာအုပ်တွေကို သက်သက်မဲ့ ပျောက်သွားပြီလို့ ထင်ထားတာ]
[ဒီစာအုပ်တွေကို ဘယ်သူက ငါ့ဆီပြန်ယူလာပေးတာပါလိမ့်]
[မနေ့တုန်းက အဲ့နေရာမှာ ဖူဟွေ့ရှင်း နဲ့ရဲအရာရှိနှစ်ယောက်ဘဲ ရှိနေတာပါ]
[ဒီတော့ ဘယ်သူဖြစ်နိုင်လဲ။ ]
အခန်း 1၊ ဆယ်တန်းကျောင်းသားများ အုပ်စုလေးများစီဖြင့် စာသင်ခန်းထဲကို ဖြည်းဖြည်းချင်း ဝင်လာတော့ ရှီလီ၏အတွေးတွေကို နားစွန်နားဖျား ကြားလိုက်ကြ၏။
လူတိုင်း ခေါင်းရှုပ်သွားကြ၏။ ရှီလီ ဘာတွေပြောနေတာလဲ။
ဘာစာအုပ်တွေလဲ။
ရဲအရာရှိတွေနဲ့ ဘယ်လိုပတ်သက်နေတာလဲ။
သူမ ဘယ်တုန်းက ဖူဟွေ့ရှင်းနဲ့ ပတ်သက်မှု ရှိသွားတာလဲ။ နှစ်ယောက်လုံးက သီးခြားကမ္ဘာမှာ ရှိကြတဲ့သူတွေပါ။
ရှီလီ သဘောကျတဲ့သူ ပြောင်းသွားပြီလား၊ဖုန်းယွင်ဟယ်ကို ဆက်ပြီး စိတ်မဝင်စားတော့ဘူးလား၊ ဖူဟွေ့ရှင်းအပေါ် အမြင်ပြောင်းသွားတာလား။
အတန်းဖော်များအနေဖြင့် ဖူဟွေ့ရှင်းက လူကောင်းဟု သူတို့သေချာပေါက် တွေးထားသည်။
နောက်ဘက်တန်းတွင် စားပွဲပေါ် ခေါင်းမှောက်အိပ်နေသော ဖူဟွေ့ရှင်းကို ရှီလီ လှည့်ကြည့်လိုက်၏။
သူပုံမှန်ဆို အတန်းစတော့မှ ရောက်နေကြပါ၊ဒီနေ့ အတော်လေး တိတ်ဆိတ်နေသလိုဘဲ။
ရောက်ရှိလာကြသည့် အခြားကျောင်းသားတွေမှာ ဖူဟွေ့ရှင်းအား ရှီလီ ကြည့်နေတာကို သတိထားမိကြသည်။
ရလဒ်ကတော့ အခန်း 1၊ ဆယ်တန်းကျောင်းသားတွေသည် ပုံမှန်အတိုင်း ချန်လှပ်ခြင်းခံထားရသော ရှီလီနှင့် ဒီတစ်ခေါက်တွင် ဖူဟွေ့ရှင်းတို့မပါသည့် အုပ်စုဖွဲ့စကားပြောခန်းကို ဖန်တီးလိုက်ကြပြန်သည်။
ဤအုပ်စုကို တည်ထောင်လိုက်သည့်သူက ပုံမှန်ဆို အတန်းထဲသို့ အရင်ဆုံးရောက်သည့်သူဖြစ်ပြီး ယနေ့ကျမှ ကိစ္စတစ်ခုရှိလို့ ဒုတိယမြောက် ရောက်ရှိလာသူပင်။
[သူငယ်ချင်းတို့၊ ငါ ပုံမှန်ဆို အတန်းထဲ အရင်ဆုံးရောက်တယ်ဆိုတာ သိကြတယ်မလား]
[ငါဘာမြင်ခဲ့လဲဆိုတာ မှန်းကြည့်။ ]
[ဖူဟွေ့ရှင်းက နံရံကိုထောက်ပြီး ရှီလီကို နမ်းနေတာလား။ ]
[ဒီလိုမျိုး လိင်ကိစ္စကို ဇောင်းပေးတဲ့ အကြောင်းအရာကို မြင်ရတော့၊ အညတရစာဖတ်သူ တစ်ယောက်အနေနဲ့၊ စိတ်မထိန်းနိုင်တော့ဘူး]
[စာရေးသူက ဘယ်သူလဲ။ ငါဒီဝတ္ထုကိုသုံးမိနစ်အတွင်း မြင်ချင်တယ်]
အဖွဲ့တွင် စကားဝိုင်းများကို လမ်းကြောင်းလွဲစေနိုင်သော အရည်အချင်းရှိ၏။ သူမ ဘာမှမပြောရသေးခင်မှာဘဲ စိတ်ကူးလွန်နေပြီဖြစ်သော လူတွေကိုမြင်လိုက်ရတော့ အဖွဲ့တည် ထောင်သူက အမြန်ရှင်းပြလာသည်။
22 03
[ငါရောက်တော့၊ ဖူဟွေ့ရှင်းက သူ့စားပွဲမှာ အိပ်နေပြီ]
[ခွီး၊ ဘာများ အရမ်းထူးဆန်းလို့လဲ။ ။ ]
[ရှီလီရဲ့ စားပွဲပေါ်မှာ စာအုပ်အိတ်ကြီး နှစ်အိတ်ကို ငါမြင်ခဲ့တယ်၊ တော်တော်ကို မျက်လုံးထဲ ထင်းနေတာနော်]
[ဖူဟွေ့ရှင်းက ဒီစာအုပ်တွေကို ရှီလီအတွက် ယူလာတယ်လို့ ပြောချင်တာလား။ ]
[အချစ်လေး၊ နင့်ဦးနှောက်ကို မသုံးဘူးဆိုရင်လိုအပ်နေတဲ့ တစ်ယောက်ယောက်ကို လှူဒါန်းလိုက်ဖို့ ငါအကြံပေးတယ်]
[ရှီလီ သူမစာအုပ်တွေကို ဘယ်သူပြန်ယူလာပေးမှန်း မသိဘူးလို့ စောနက ပြောလိုက်တယ်လေဟာ၊ သူမ ဖြစ်နိုင်ခြေနှစ်ခုကို စာရင်းလုပ်လိုက်တာပဲ]
[စုန့်လေး အတန်းထဲရောက်တောပ၊ စာအုပ်တွေရော၊ ဖူဟွေ့ရှင်းရော ရောက်နေပြီ၊ဒီတော့ ဖူဟွေ့ရှင်း ပြန်ယူလာတယ်ဆိုတာ ရှင်းနေတာဘဲ]
[ဘယ်လောက် စိတ်ပျက်ဖို့ကောင်းလိုက်လဲ၊ထုတ်လွှင့်လို့မရတဲ့ မြင်ကွင်းတွေရှိမယ်လို့ ငါထင်ထားတာလေကွာ]
[နင့်စိတ်က တော်တော်ညစ်ညမ်းတာပဲ။ ရှီလီက အတန်းထဲကို ဝင်ရုံရှိသေးတာလေ၊ စောနကမှ ကျောင်းရောက်တယ်ဆိုတာ ရှင်းနေတာဘဲ။ ဘယ်လိုလုပ်ပြီး သူမနဲ့ ဖူဟွေ့ရှင်းက ဒီလောက်အစောကြီး ကျောင်းမှာ ဘာလုပ်နိုင်မှာတုန်း။ ]
[ဘာလို့မရရမှာလဲ။ ငါတို့အတန်းသားတွေရှေ့မှာ ဘာမှမဖြစ်ထားသလို ဟန်ဆောင်နေတာလည်း ဖြစ်နိုင်တာပဲ]
[ငါတော့ ဂရုမစိုက်ဘူး၊ သူတို့ကြားမှာ တစ်ခုခုရှိမယ်ဆိုတာ သေချာတယ်]
[ဖုန်းရဲ့ရှယ်ယာက မတတ်နိုင်တာက မဟုတ်တာ၊ ငါတို့ ဟွေ့ရှင်း-လီ အတွဲကမှ ငွေကြေးတန်ဖိုး ပိုများသေးတယ်]
ရှီလီ၏ ဦးလေးအကြီးဆုံးနှင့် အဒေါ်တို့ကျောင်းအုပ်နှင့် အချိန်အတော်ကြာ စကားပြောခဲ့ကြ၏။ မနက်ပိုင်း အနားယူချိန်ရောက်တော့၊ ကျောင်းအုပ်၏ လက်ထောက်က အတန်းထဲဝင်လာပြီး ရှီလီနှင့် ဖူဟွေ့ရှင်းကို ကျောင်းအုပ်ရုံးခန်းထဲလာဖို့ ခေါ်လိုက်သည်။
ရှီလီက ဒါကို ဇာတ်တိုက်ထားသဖြင့် အခြေအနေအပေါ် မရှုပ်ထွေးသည်မှာ သဘာဝကျသည်။
မနေ့ညက ဖြစ်ရပ်နှင့် ပတ်သက်နေလိမ့်မည်ဟုဖူဟွေ့ရှင်း မှန်းမိသည်၊ မနေ့က ထွက်ဆိုချက်နှင့် ဆက်စပ်ပြီး ရဲတွေ နောက်ထပ် သက်သေယူချင်တာဖြစ်မယ်လို့ ယူဆလိုက်၏။
အခြားအတန်းဖော်များ ပဟေဠိ ဖြစ်သွားကြသည်။
သူတို့နှစ်ယောက် ထွက်သွားတော့ အတန်းမှာစကားပြောသံတွေဖြင့် ပေါက်ကွဲထွက်သွားတော့သည်။
“သူတို့ တွဲနေတာကို ဆရာသိသွားလို့၊ စာရိတ္တသင်ခန်းစာ ပေးချင်တာလား၊ မဟုတ်မှ မိဘတွေကို ခေါ်မလို့လားဘဲ”
"ဒီမှာ ယွမ်သန်း 50၊ ငါ့သားဆီက ဝေးဝေးနေစမ်း”
“ရှီမိသားစု စစ်ဆေးတာလား၊ ဒါမှမဟုတ် ဖူမိသားစုလား”
“ဘယ်သူသိမှာလဲ၊ နှစ်ဖက်လုံး အချင်းချင်း စစ်ဆေးနေကြတာ ဖြစ်မှာပေါ့”
ထွက်သွားပြီဖြစ်သော ဖူဟွေ့ရှင်းနှင့် ရှီလီမှာ သူတို့အတန်းဖော်တွေ၏ နောက်တီးနောက်တောက် ထင်ကြေးတွေကို သတိမမူမိကြ။
နှစ်ဦးသား တံခါးခေါက်ပြီး ကျောင်းအုပ်၏ရုံးခန်းထဲ ဝင်သွားကြသည်။ ရှီလီကိုမြင်တော့ ကျောင်းအုပ် ချက်ချင်းထရပ်လာ၏။
“ဆရာစိတ်ရင်းနဲ့ တောင်းပန်ပါတယ်၊ ရှီလီ။ သမီးကို အန္တရာယ်ဖြစ်သွားစေတာ ကျောင်းရဲ့ပေါ့ဆမှုကြောင့်ပါ။ ဆရာ တကယ်ကို နောင်တရမိပါတယ်၊ နောက်နောင် ဒီလိုမတော်တဆဖြစ်ရပ်တွေ ဘယ်တော့မှ ထပ်မဖြစ်လာအောင် ဆရာ ကတိပေးပါတယ်..."
22 04
“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျောင်းက အချိန်နဲ့တစ်ပြေးညီ လိုက်နာဆောင်ရွက်သွားမှာပါ။ ချန်ဖူကျောင်းက ကျောင်းသားတွေကို ကိုယ့်ရင်သွေးတွေလိုမျိုး အမြဲဆက်ဆံတာပါ။ ဆရာတို့ ကလေးတွေကို ဘယ်လိုနစ်နာမှုမှ လုံးဝမခံစားခိုင်းပါဘူး”
ရှီလီ၏ ဦးလေးအကြီးဆုံးက ကျောင်းအုပ်ကို လူစားထိုးဖို့အထိ လုပ်စရာမလိုပေ။ သူ၏တောင်းပန်သံနှင့် ရပ်တည်ချက်ကို ကြားလိုက်ရတော့၊ သူ့ဒေါသတွေ ပျယ်သွားပြီး ကိစ္စကိုအဆုံးသတ်လိုက်တော့၏။
မနေ့ညကဖြစ်ရပ်မှာ မတော်တဆမှုဖြစ်ပြီး ကျောင်းအုပ်၏ ထိန်းချုပ်မှုအလွန်တွင် ရှိနေ၍ သေချာပေါက် သူဖြစ်စေချင်သည့် အရာ မဟုတ်ပေ။
သူတို့က ဆတ်ဆတ်ထိမခံနိုင်သော မိသားစုမျိုး မဟုတ်သဖြင့် ယခုလို အခြေအနေကို နားလည်ပေးနိုင်သည်။
ကျောင်းမှတာဝန်ယူရမည့် ကိစ္စကို နိဂုံးချုပ်ပြီးနောက် ရှီလီ၏ ဦးလေးအကြီးဆုံးက အပြုံးတစ်ပွင့်ဖြင့် ဖူဟွေ့ရှင်းဘက်ကို လှည့်လာကာ “ဖူဟွေ့ရှင်း၊ မနေ့တုန်က ရှီလီကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သူမ ကိုယ်တိုင်ကိုယ်ကျ သားကို ကျေးဇူးတင်ချင်လို့တဲ့လေ”
ဖူဟွေ့ရှင်း ရုတ်တရက် ခံစားချက် မကောင်းတော့ပေ။
ရှီလီ၏ ဦးလေးအကြီးဆုံး၏ လက်ထောက်ကသစ်သားသေတ္တာငယ်လေးကို ကိုင်ထားပြီး ရှီလီကို ကမ်းပေးလိုက်သည်။
လူတိုင်း၏ ပြင်းပြသော အကြည့်အောက်မှာဘဲ၊ ရှီလီ သေတ္တာအား ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး ရွှေရောင်လက်နေသော…နဖူးစည်းစာတန်းတစ်ခုကို ထုတ်ယူလိုက်၏။
နဖူးစည်းစာတန်းတွင် စာတန်းရှည်နှစ်ခုအား ရေးသားထား၏: “ဘေးအန္တရာယ်အတွက် အချိန်မီရောက်လာသော သူရဲကောင်းတစ်ဦး၊ရဲရင့်ပြီး ဖြောင့်မတ်လှပါပေတယ်”
ရည်စူးခြင်းမှာ “ငါ့ရဲ့အသက်ကယ်တင်ရှင်၊ဖူဟွေ့ရှင်းထံသို့” “ရှီလီမှ တင်ပြသည်”ဟူသော အမှတ်အသားနှင့်ပင်။
ကျောင်းအုပ်နှင့် လက်ထောက်: ......
ဖူဟွေ့ရှင်း: ....... သူမ တစ်ခုခု လုပ်လာလိမ့်မယ်ဆိုတာ သိနေပေမဲ့၊ ဒါကိုတော့ မထင်ထားမိဘူး။
မနေ့ညတုန်းက ရှီလီကို အိမ်ပြန်ပို့တော့ တစ်ကြိမ်ထိတ်လန့်ပြီးပြီဖြစ်သော ဦးလေး အကြီးဆုံးနှင့် အဒေါ်အကြီးဆုံးကတော့ ထုံသွားလေပြီ။
ယခုလို တုန်လှုပ်သွားသော အမူအရာတွေကို ရင်ဆိုင်ရချိန်၌ ရှီလီမှာ သူတို့တွင် တကယ့်ကို အတွေ့အကြုံမရှိဘူးဟု ပိုတောင်ခံစားမိသွားသည်။
ဘယ်လောက်အမြင်ကျဉ်းလိုက်လဲ။
******
23 01
အခန်း ၂၃: Ship couples တွေနဲ့ ပြည့်နေတဲ့အတန်း
လူတိုင်း၏ ကြောင်အမ်းနေသော အမူအရာတွေနှင့် ရင်ဆိုင်ရချိန်၌ ရှီလီ အရင်စကားစလိုက်သည်။ “သမီးတို့တွေ နဖူးစည်းစာတန်းကို အတူတူကိုင်ပြီး အဖွဲ့လိုက်ဓာတ်ပုံ ရိုက်ကြရင်ရော။ အဲ့လိုလုပ်တာကို TV မှာ သမီးအများကြီး မြင်ဖူးတယ်”
လက်ထောက် သူ့ဘာသာသူ တွေးလိုက်၏:ငါ့ရဲ့ချစ်လှစွာသော သခင်မလေးရေ၊ ဒါက အထက်တန်းလွှာကျောင်းနော်၊ “တရုတ်အမျိုးကောင်းသားတွေ” ကို ဆုချီးမြှင့်တဲ့ အခမ်းမနားမဟုတ်ဘူး။
လက်ထောက်၏ ထေ့ငေါ့သော အတွေးတွေကို ရှီလီ မကြားနိုင်၊ သူတို့တွေ ဘယ်လောက်တောင် ထပ်တူကျလဲဆိုပြီး အံ့အားသင့်သွားပေလိမ့်မည်။
ကျောင်းအုပ်၏ လက်ထောက်က သစ်သားသေတ္တာကို ပေါ့ပါးပါးပါး တစ်ချက်ကြည့်လိုက်တော့ အထဲက ရွှေရောင် တလက်လက် ထနေတာကို သတိထားမိသွားသည်။
ထို့နောက် လက်ထောက်၏ ပြူးကျယ်သောမျက်လုံးအောက်မှာဘဲ ရှီလီသည် ရွှေရောင်လက်နေသော ရွှေတံဆိပ်ဆုကို ထုတ်ယူလိုက်လေ၏။
ကျောင်းအုပ်… အင်း၊ ကမ္ဘာကြီးရဲ့ ယောင်္ကျားသားတစ်ယောက်ဘဲ။ ဘယ်လိုပဲဖြစ်ဖြစ် တံဆိပ်တစ်ခုသာသာဘဲလေ။
ရှီလီ တံဆိပ်ကို ဝတ်ပေးရန်အတွက် ဖူဟွေ့ရှင်းကို ချဉ်းကပ်လိုက်သည်။
သူမ အနားတိုးလာတာနှင့် တံဆိပ်ပေါ်တွင် ထွင်းထုထားသော စာလုံးကြီးရှစ်လုံးကို ဖူဟွေ့ရှင်း ရှင်းလင်းစွာ မြင်လိုက်ရတော့၏:“ရှေ့သို့လှမ်းချီ၊ ချန်ဖူကျောင်းဂုဏ်ဆောင်”
ဖူဟွေ့ရှင်း: ဟင့်အင်း၊ ငါငြင်းတယ်။
ကျောင်းလူဆိုးသည် သူ့တစ်ဘဝလုံး သူ့အား ခြောက်လှန့်နိုင်သည့်အရာနှင့် တစ်ခါမှမဆုံဖူးခဲ့၊ သို့သော် တံဆိပ်ကို ကိုင်ထားသည့်ရှီလီနှင့် ရင်ဆိုင်ရချိန်၌ ပထမဦးဆုံးအကြိမ် အဖြစ် ထွက်ပြေးချင်စိတ် ပေါက်လာခဲ့၏။
သို့သော် ရှီလီသည် မည်သည့်ငြင်းဆန်သောအဖြေကိုမှ လက်မခံဘဲ ဖူဟွေ့ရှင်း၏ လည်ပင်းတွင် တံဆိပ်ကို ဆွဲပေးလိုက်သည်။
အဆုံးတွင်မူ ကျောင်းလူဆိုးမှာ အသက်မပါသော မျက်နှာထားဖြင့် သူ့ဘဝတွင် ရှက်စရာအကောင်းဆုံး ဓာတ်ပုံကို ရိုက်လိုက်ရတော့သည်။
တတိယစာသင်ချိန် စတော့မှာဖြစ်သဖြင့် ကျောင်းအုပ် ပြောလိုက်၏။ “မင်းတို့နှစ်ယောက်အခု အတန်းထဲ အမြန်ပြန်သင့်ပြီ”
ရှီလီ တကယ်ကို ထွက်မသွားချင်ပေ။ “ကျောင်းအုပ်စွင်း၊ ဖူဟွေ့ရှင်းက အကူအညီ လိုတဲ့သူကို ရဲရဲဝံ့ဝံ့ ကယ်ပေးခဲ့တာဆိုတော့ ကျောင်းက သူ့ကို ဆုတစ်ခုခု မချီးမြှင့်သင့်ဘူးလား…”
ဖူဟွေ့ရှင်း သူမစကားကို ဖြတ်ပြောလိုက်၏။ “ဘာဆုမှ မလိုပါဘူး” ပြီးနောက် ရှီလီကို သူပဲ ဦးဆောင်ပြီး ကျောင်းအုပ်ရုံးခန်းထဲက ထွက်လာခဲ့သည်။
သူတို့ထွက်သွားတာနှင့် ကျောင်းအုပ်က မေးစေ့ကိုပွတ်ပြီး ပြောလိုက်၏။ “ရှီလီပြောတာ မှန်တယ်။ ဖူဟွေ့ရှင်းရဲ့ ရဲစွမ်းသတ္တိရှိမှုက ကျောင်းအတွက် စံနမူနာယူထိုက်တယ်။ သူ့ကို အသိအမှတ်ပြုတာတွေ လုပ်ပေးဖို့ ကျွန်တော်တို့ စဉ်းစားလိုက်ပါ့မယ်”
ရှီလီ၏ ဦးလေးအကြီးဆုံးက ထောက်ခံစွာခေါင်းညိတ်ပြီး “ကျောင်းအုပ်စွင်း၊ သေချာစဉ်းစားလိုက်တာပဲဗျာ”
ကျောင်းထဲဝင်သည်နှင့် တစ်ယောက်ယောက်က ဖူဟွေ့ရှင်း၏ အသံတိတ်ခလုတ်ကို နှိပ်လိုက်သည့်အလား၊ သူ စကားပြောခဲလှ၏။
နှစ်ဦးသား စာသင်ခန်းတံခါးဝရှေ့ ရောက်သည်အထိ တိတ်တဆိတ် လျှောက်လာကြသည်။ နောက်ဆုံးတော့ သူ ပြောလိုက်တော့၏။ “ဒါနင့်ရဲ့ အကြင်နာတရား မရှိဘဲ ကျေးဇူးပြန် ဆပ်ပုံလား”
ရှီလီ မယုံကြည်နိုင်စွာဖြင့် သူ့အား လှည့်ကြည့်လိုက်ပေမဲ့၊ သူမ စကားမပြောနိုင်ခင်မှာပဲ ဖူဟွေ့ရှင်းက စာသင်ခန်းတံခါးကို တွန်းဖွင့်၍ သူမစကားတွေကို အတင်းအကြပ် မြိုချလိုက်ရ၏။
[ဒါပေမဲ့ သူ့ပါးစပ်ထောင့် မြင့်တက်သွားတာကို ငါမြင်လိုက်တယ်]
[သူ ဘာဖြစ်သွားတာလဲ။ ]
ရှီလီနှင့် ဖူဟွေ့ရှင်း စာသင်ခန်းထဲ ဝင်လာတာနှင့် ယခင် သက်ဝင်လှုပ်ရှားနေသော ဆွေးနွေးခြင်းမှာ ချက်ချင်း ငြိမ်သက်သွားတော့၏။
ထိုအခိုက် ရှီလီ၏ စိတ်ထဲမှအတွေးများမှာ လူတိုင်း၏နားထက်သို့ တိကျစွာ ရောက်ရှိသွားလေသည်။
ယခုဆိုလျှင် ဖူဟွေ့ရှင်းမှာ တံခါးမှာတုန်းကသူမ စကားပြောတာကို ပြီးအောင် မပြောခိုင်း ခဲ့မိသည့်အတွက် နောင်တရနေလေပြီ။ ယခုဆိုတစ်တန်းလုံး သူမ၏အတွေးတွေကို ကြားသွားတော့သည်။
သူ့အတန်းဖော်တွေကို သူ ကောင်းကောင်းကြီးသိ သည်: သူတို့တော့ စာတွေအများကြီး ဖတ်ကြတော့မှာဘဲ။
23 02
ဖူဟွေ့ရှင်း မမှားပေ။ သူတို့၏ ခေါင်းထဲတွင် ရှီလီ၏ မှတ်ချက်နှစ်ခုကို ကြားလိုက်ရတာနှင့်အတန်းဖော်များမှာ သူတို့စိတ်ထဲတွင် စာလုံးရေ 100,000 ဖြင့် ကျောင်းတွင်းအချစ်ဇာတ်လမ်းကို စိတ်ကူးယဉ်နေကြလေပြီ။
ရှေ့တန်းတွင် ထိုင်သည့် အတန်းဖော်ကဖူဟွေ့ရှင်း အဝတ်တွေဖြင့် ကွယ်ဝှက်ရန် ကြိုးစားနေသော သေတ္တာကို သတိထားမိသွား၏။
ထို့ကြောင့် သူမေးလိုက်၏ “ညီအစ်ကို၊မင်းဘာကိုင်ထားတာလဲ”
လူတိုင်း မှန်အောင် မှန်းနိုင်သွားကြပြီလား။ ရှီလီရဲ့မိသားစုက သူတို့တွေလမ်းခွဲအောင် ဖူဟွေ့ရှင်းကို ပိုက်ဆံဆယ်သန်းနဲ့ ပစ်ပေါက်လိုက်တာလား။
“ငါ မနေ့က လုယက်ခံရတော့မလို့လေ၊ ကံကောင်းပြီး ဟွေ့ရှင်းနဲ့ တွေ့လို့သာပေါ့။ ဓားကိုင်ထားတဲ့ သူခိုးနှစ်ယောက်နဲ့ ရင်ဆိုင်ရတာတောင် သူက တည်ငြိမ်ပြီး သတ္တိရှိနေတုန်းဘဲလေ၊ တစ်ချက်တည်းနဲ့ အဲ့လူတွေကို အမှောက် သိပ်လိုက်တာ”
“ငါကျေးဇူးကို ဖော်ပြတဲ့အနေနဲ့၊ သူ့ကို နဖူးစည်း စာတန်း ပေးလိုက်တာ!”
ဆိုတော့ ဒုက္ခရောက်နေတဲ့ မိန်းမပျိုကို သူရဲကောင်းက ကယ်လိုက်တာပေါ့။
အိုး၊ လက်ဆောင်တွေ ပေးတာကိုး~
နေပါဦး၊ သူ့ကိုဘာပေးလိုက်တာ။
ငါ နားကြား မမှားဘူးမလား။ လူတိုင်း နားကြားမမှားတာ သေချာအောင်လို့ သူတို့၏အဖော်တွေကို ကြည့်လိုက်ကြသည်။
နဖူးစည်းစာတန်း။
ဘယ်သူက ကျေးဇူးတင်လက်ဆောင်အနေနဲ့ ဆန့်ကျင်ဘက်လိင်ကို နဖူးစည်းစာတန်း ပေးလို့တုန်း။
ရှီလီက သူမတွေ့သည့် လူတိုင်းအား နဖူးစည်းစာတန်းကို ပြသချင်နေသည်၊ ဖူဟွေ့ရှင်းအပေါ် သူမ၏ ကျေးဇူးတရားကို ဖော်ပြရင်း သူက လူကောင်းတစ်ယောက်ဆိုတာကို လူတွေအား ပိုသိစေချင်သည်။
နဖူးစည်းစာတန်း နေ့အလင်းရောင်ကို ထပ်မံမြင်လိုက်သည့်အခါ၌ ဖူဟွေ့ရှင်း၏ မျက်လုံးထဲတွင် ကြိတ်မှိတ်သည်းခံခြင်းဖြင့် ပြည့်နှက်သွားတော့၏။
အတန်းထဲက ကျောင်းသားအယောက်သုံး ဆယ်နီးပါးမှာ မြေအောက်ရထားတွင် ဖုန်းကြည့်နေသော လူအိုကြီးလို တူညီသော အမူအရာတွေနှင့်ပင်
အထူးသဖြင့် နဖူးစည်းစာတန်းကို ထုတ်ပြလာတော့ ထောင်ချီသော စကားလုံးတို့မှာ အတွေးတစ်ခုတည်းအဖြစ် စုစည်းသွားတော့သည်:မင်းရည်းစားရရင် ငါတို့အားလုံး ကင်းမြီးကောက် ထောင်ရင်း ခေါင်းလျှော်နေတဲ့ပုံစံကို တိုက်ရိုက်ထုတ်လွှင့်ပြမယ်။
ကျေးဇူးတင်ချင်လည်း ရေမွှေးဖြစ်ဖြစ်၊ နာရီဖြစ်ဖြစ်ကို လက်ဆောင်အနေနဲ့ ဝယ်ပေးလို့ရတယ်လေ။ ဘယ်သူက ဆန့်ကျင်ဘက်လိင်ကို နဖူးစည်းစာတန်း ပေးလို့လဲလို့။
နဖူးစည်းစာတန်းပေါ်က ရှက်စရာကောင်းသော စာတန်းနှစ်ကြောင်းကို အတန်းဖော်တွေ သေချာမမြင်ခင်မှာဘဲ ဖူဟွေ့ရှင်း ၎င်းကိုအမြန်ဆွဲယူပြီး သေတ္တာထဲ ပြန်ထည့်လိုက်၏။
ကျေးဇူးတင်ရမှာက ရွှေတံဆိပ်အကြောင်းကို ရှီလီ ထည့်မပြောလာတာပင်။ မဟုတ်ပါက အင်မတန် အရှက်ကွဲရပေလိမ့်မည်။
အတန်းချိန်အတွင်း လူတိုင်းမျက်လုံးတွေ မငြိမ်သက်သွားခင်အထိ ရှီလီ ဖုန်းယွင်ဟယ်အကြောင်းကို နေ့တစ်ဝက်မျှသာ တွေးနိုင်၏။
ကျောင်းဆင်းတော့၊ ရှီလီ သူမမိသားစု၏ကားထားရာ ဂိတ်တွေဆီ လျှောက်လှမ်းလာရင်း ဖူဟွေ့ရှင်းက သူမကို လှမ်းခေါ်လာသည်။
“မင်း မနေ့ကမေးတဲ့ အဲဒီအစ်ကိုစုန့်ဆိုတာလေ…ငါ တစ်ယောက်ယောက်ကို သူ့အကြောင်း ရှာကြည့်ခိုင်းထားတယ်။ အရှေ့မြို့က သက်မွေးပညာကျောင်းက လူဆိုးတစ်ယောက်၊သူ ဒီနေ့ ကျောင်းမတက်ဘူးဆိုတော့ တစ်ခုခုကို သိသွားလို့ဖြစ်မယ်။ သူ ပုန်းနေလောက်တယ်”
“သူ ထွက်ပြေးသွားမှာကို စိတ်မပူနဲ့၊ အနည်းနဲ့အများတော့ သူ ကျောင်းပြန်တက်လာမှာဘဲ။ သူ ပေါ်လာတာနဲ့ သူ့ကို ဘယ်သူ အဲ့လိုလုပ်ခိုင်းလဲဆိုတာ ငါတို့ သိရပြီ”
“ကျေးဇူး အများကြီးတင်ပါတယ်ဟာ၊ ငါတကယ် ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ဘူး”
[ဖူဟွေ့ရှင်းက လူကောင်းပဲ] ယခုလိုရဲတင်းသော ချီးကျူးသံကို ကြားလိုက်ရတော့၊ သူ့နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားသည်။
[ငါ့ကို နဖူးစည်းစာတန်း နောက်ထပ်နှစ်ခုလောက်နဲ့ ရွှေတံဆိပ်တွေ ထပ်ပေးသင့်တယ်]
ဖူဟွေ့ရှင်း: မလိုအပ်ဘူး။
ရှီလီ၏ ဦးလေးအကြီးဆုံးနှင့် အဒေါ်က ဖြေရှင်းချက်တောင်းရန်အတွက် သူမကိုခေါ်ပြီး ဖုန်းမိသားစုဆီ သွားကြမှာပင်။
ဦးလေးအကြီးဆုံးရှီက အမြဲတမ်း အလွန် အလုပ်ရှုပ်သော်လည်း ရှီလီ၏ အခြေအနေကြောင့် လွန်ခဲ့သော နှစ်ရက်အတွင်း ပြေးလွှားနေခဲ့သည်။
23 03
ဤသည်က ရှီလီကို အတော်လေး အားနာမိစေသည်။ အမျိုးသမီးဇာတ်လိုက်နဲ့ တိုက်ရိုက်ကြီး ထိပ်တိုက်တွေ့ဖို့ မလိုဘူးဟု သူမထင်သည်။ ၎င်းက အမျိုးသမီးဇာတ်လိုက်ကို ချစ်ခင်နေသည့် အမျိုးသားဇာတ်ပို့တွေသာ လုပ်ခဲ့တာ ဖြစ်ပြီး သူမနှင့် တိုက်ရိုက်ဆက်နွှယ်မှု မရှိပေ။
နောက်ကွယ်က ဘယ်သူအတိအကျလဲ ဆိုတာကတော့ အမျိုးသမီးဇာတ်လိုက်ကို ချစ်ခင်ကြသည့် ယောင်္ကျားသားတွေက များပြားလှတာကြောင့် သူမကိုယ်တိုင်တောင် သေချာမသိနိုင်။
အဒေါ်အကြီးဆုံးရှီက သွားရန်အတွက် အလွန်ဆုံးဖြတ်ချက် ခိုင်မာနေ၏။
အကယ်၍ ရှီလီက မသွားရန် တိုက်တွန်းလိုက်လျှင် ကျေးဇူးမသိသလို ဖြစ်သွားပေလိမ့်မည်။
တစ်မိသားစုလုံးကိုခေါ်ပြီး သူတို့ကို ထိပ်တိုက်ရင်ဆိုင်တာက ရက်စက်သည့် အမျိုးသမီးဇာတ်ပို့အနေနှင့် လုပ်မည့်အရာပင်။
၎င်းက သူမ၏ ဇာတ်ကောင်နှင့် မကွဲထွက်နေသလို၊ အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်ကြားက ဆက်ဆံရေးမြှင့်တင်ရာ၌လည်း အထောက်အကူ ဖြစ်သွားပေလိမ့်မည်။
ကုမ္ပဏီ၌ အရေးကြီးကိစ္စရှိသဖြင့် ဦးလေး အကြီးဆုံးမှာ ရှီလီကို အဖော် မပြုပေးနိုင်တော့တာကြောင့် သူမ၏ အဒေါ်အကြီးဆုံးနှင့်သာ သူမနှင့်အတူ သွားရပေသည်။
သူတို့တွေ သူမ ဦးလေးအကြီးဆုံး၏ ဩဇာကြီးသော တည်ရှိမှုကို ပျောက်ဆုံးနေသော်ငြား ကြောက်ရွံ့ခြင်း အနည်းငယ်ကိုမျှ ရှီလီ မခံစားမိပေ။
သူမ အဒေါ်အကြီးဆုံး၏ တိုက်ခိုက်စွမ်းရည်က ဖြုံလောက်သည်။ တစ်ဖက်ခြမ်းက အကြမ်းဖက်တာတွေ မလုပ်လာသရွေ့၊ သူမတို့ဘက်က ကျိန်းသေပေါက် အရေးမနိမ့်နိုင်။
အဒေါ်အကြီးဆုံး၏ ဦးဆောင်မှုနှင့်အတူရှီလီ ယုံကြည်ချက်ရှိရှိဖြင့် ဖုန်းမိသားစု၏ဗီလာထဲသို့ ဝင်လာခဲ့သည်။
အဒေါ်အကြီးဆုံးရှီ၏ လက်ပေါ်က မျက်စိဖမ်း စားဖွယ်ရာဖြစ်သော စိန်လက်စွပ်ကြီးက ဖုန်းမိသားစု၏ အစေခံများအား သူမကို တားမြစ်ရမှာကို အခက်တွေ့စေသည်။
ဖုန်း၏အမေက ကျန်းမာရေးကို ဂရုစိုက်ရန်အတွက် ဆေးရုံတွင် နေနေရတာဖြစ်ပြီး၊ ဖုန်း၏အဖေကတော့ ကုမ္ပဏီမှာဘဲ ရှိနေသေး၏။ အစေခံများနှင့် လျန်ရုန်ရုန်သာ အိမ်တွင်ရှိနေတာပင်။
ဖုန်းမိသားစု၏ အိမ်ထိန်းက မျက်နှာထက်၌ ယဉ်ကျေးပျူငှာသော အပြုံးကို ချိတ်ဆွဲထားရင်း “မဒမ် အခုအိမ်မှာ မရှိပါဘူး။ ကျွန်တော်တို့မိသားစုနဲ့ မစ္စရှီမှာ ကိစ္စတစ်ခုခုရှိလို့လားလို့မေးပါရစေ”
အဒေါ်အကြီးဆုံးရှီ လက်ပိုက်လိုက်ပြီး မျက်ခွံကိုပင့်၍ မျက်နှာချင်းဆိုင်က အိမ်ထိန်းကို ကြည့်လိုက်သည်။
“ကျွန်မ လျန်ရုန်ရုန်ကြောင့် ဒီကို ရောက်လာတာ။ လူကြီးတစ်ယောက်အနေနဲ့ ကလေးတစ်ယောက်ကို အနိုင်ကျင့်တယ်ဆိုပြီးတော့ လာမပြောနဲ့။ ရှင်တို့ရဲ့ မစ္စတာဖုန်းကို ခေါ်လိုက်ပါ၊ မြန်နိုင်သမျှ အမြန်ဆုံး ပြန်လာခဲ့ဖို့ပြောလိုက်”
ဖုန်းအိမ်ထိန်း အနည်းငယ် တုံ့ဆိုင်းသွား၏။ သခင်ဖြစ်သူက အလုပ်လုပ်နေစဉ်အတွင်း နှောင့်ယှက်ခံရတာကို မကြိုက်သော အလုပ်ရူးတစ်ယောက် ဖြစ်လေသည်။
မိန်းကလေးရုန်ရုန်က သခင်၏ရင်ထဲတွင် အထူးနေရာရထားသည့် ပုံပေါ်တာကို စဉ်းစားမိ၍ သူကြိုးစားပြီး ဖုန်း၏အဖေကို ဖုန်းခေါ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
ဖုန်းလက်ခံရရှိတော့၊ ဖုန်း၏အဖေက အိမ်ထိန်းကို မဆူငေါက်ပေ။ စကားတစ်ခွန်းသာ ပြောခဲ့၏။ “ငါချက်ချင်း ပြန်လာခဲ့မယ်။ အဲဒီအပေါက်ဆိုးတဲ့မိန်းမဆီကနေ ရုန်ရုန့်ကို အနိုင်ကျင့်မခံရစေနဲ့”
******
24 01
အခန်း ၂၄: ငါတို့ရုန်ရုန်ကို ရှီလီ အနိုင်ကျင့်နေတာလား
ဖုန်းအိမ်ထိန်း ဖုန်းစပီကာကို ဖွင့်လိုက်ပြီးမစ္စတာဖုန်း အိမ်အမြန်ပြန်လာမည့်အကြောင်းက်ု တစ်ဖက်လူအား သိစေလိုက်၏။
ပြီးနောက် အခန်းထဲက အိမ်ဖော်တွေ၊ လှေကားမှ ဆင်းလာသော လျန်ရုန်ရုန်အပြင် အိမ်ထဲက လူတိုင်းမှာ ဖုန်းအဖေ၏ အပေါက်ဆိုးတဲ့မိန်းမဟူသော အသံကို ကြားလိုက်ကြရသည်။
အဒေါ်အကြီးဆုံး၏ အပေါက်ဆိုးတဲ့မိန်းမဟူသောပုံရိပ်က လူတွေ၏စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်ထားထားတာပင်။ သူမကအများအားဖြင့် သိမ်မွေ့ပြီး ကျက်သရေရှိသည့် ပုံစံတွေ ဝတ်စားဆင်ယင်သော်လည်း ရန်ရှာရပြီဆိုလျှင်တော့ သူမနှင့် ယှဉ်နိုင်သူမှာ ရှားလှသည်။
သူမ၏ အရင်ဘဝတွင်၊ ရှီလီ စစရောက်ချင်းတုန်းက အဒေါ်အကြီးဆုံးကို ကျက်သရေရှိပြီး အိန္ဒြေကြီးသည့် အမျိုးသမီးဟု သူမ ထင်ထားခဲ့ဖူးသည်။
ထိုဘဝတုန်းက ရှီလီ၏ဝမ်းကွဲ လက်ထပ်တော့ အဒေါ်အကြီးဆုံးသည် ခမည်းခမက်တွေနှင့် ကြမ်းကြမ်းတမ်းတမ်း ရန်ဖြစ်ခဲ့ပုံမှာ ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်။
အဒေါ်အကြီးဆုံးက သူတို့အသိုင်းအဝိုင်းတွင် အပေါက်ဆိုးတဲ့မိန်းမအဖြစ် လူသိများလှသော်လည်း လူတစ်ယောက်၏ နောက်ကွယ်တွင် အတင်းအဖျင်းပြောတာနှင့် မျက်နှာချင်းဆိုင် စော်ကားတာကတော့ ကွဲပြားသည်။
ရှီလီမှာ သူမအရှေ့တွင်ဘဲ သူမ၏အကြီး စော်ကားခံရတာကို မကြားလိုက်သလို ဟန်မဆောင်နိုင်ပါချေ။
“ဦးလေးဖုန်း ပြောတာ ဘာအဓိပ္ပာယ်လဲ။ ဒီနေရာမှာ ဧည့်သည်ဆိုလို့ ကျွန်မနဲ့ ကျွန်မအန်တီနှစ်ယောက်ပဲ ရှိတာ။ ကျွန်မတို့ကို အပေါက်ဆိုးတဲ့မိန်းမတွေလို့ ခေါ်လိုက်တာလား”
ဖုန်းအိမ်ထိန်း သူကိုယ့်သူ တွေးလိုက်သည်။ “ဘယ်သူ့ကို အပေါက်ဆိုးတဲ့မိန်းမလို့ ခေါ်လိုက်လဲဆိုတာကို မင်းကောင်းကောင်းကြီး သိသင့်ပါတယ်”။ သို့သော် အပြင်ပန်းတွင်တော့ကိစ္စတွေကို ပြေလည်အောင် ကြိုးစားလိုက်ကာ “မိန်းကလေးရှီ၊ နားကြား မှားတာပါ။ ကျွန်တော်တို့သခင်က ‘အပေါက်ဆိုးတဲ့မိန်းမ’လို့ မပြောလိုက်ပါဘူးဗျာ”
လျန်ရုန်ရုန်လည်း အိမ်ထိန်းနှင့်အတူ ပူးပေါင်းပေးလာ၏။ “ ‘အပေါက်ဆိုးတဲ့မိန်းမ’ လို့ အဖေ မပြောလိုက်တာကို ကျွန်မလည်း အာမခံပေးနိုင်ပါတယ်”
ဆိုတော့ သမင်ကို မြင်းတစ်ကောင်ဆိုပြီးခေါ်တဲ့ အကွက်ကောင်းတွေကို အခုတော့ ထုတ်သုံးလာကြပြီပေါ့၊ ရှီလီ တွေးမိလိုက်သည်။ သူမတို့က သူများအိမ်တွင် ရောက်နေတာဖြစ်၍ လူအင်အားလည်း နည်းနေတာကြောင့် ထပ်မပြောတော့။
“ငါက အရမ်းငယ်သေးပေမဲ့၊ ငါ့နားတွေကတော့ ထိုင်းနေပြီလေ။ စကားလုံးတွေကို ရှင်းရှင်းလင်းလင်း မကြားရတော့ဘူး”
အဒေါ်အကြီးဆုံး ကြားဖြတ်ပြောလိုက်၏။ “သမီးတစ်ယောက်တည်း အကြားအာရုံမှာပြဿနာရှိနေတာ မဟုတ်ပါဘူးကွယ်။ ‘အပေါက်ဆိုးတဲ့မိန်းမ’ ဆိုပြီး မစ္စတာဖုန်း ပြောလိုက်တာလို့ နားကြားမှားပြီး အန်တီတို့ကို ဒီက မကြိုဆိုချင်ဘူးလို့တောင် ထင်သွားတာ”
ရှီလီ တိတ်တိတ်လေး သဘောကျသွား၏။ သူမတို့တွေ သေချာပေါက် ကြိုဆိုမခံနေရတာကို။
“သမီး အဲလိုမတွေးသင့်ဘူး။ အန်တီဖုန်းက အမြဲတမ်း သမီးနဲ့ ရင်းနှီးနေတာကို။ သူမက ဘယ်လိုလုပ်ပြီး သမီးကို မကြိုဆိုမှာလဲ”
“ကြည့်ရတာတော့ အန်တီတို့နှစ်ယောက်လုံးအကြားအာရုံ မကောင်းတော့ဘူးနဲ့ တူပါတယ်လေ။ အချိန်ယူပြီးတော့ ဆေးရုံမှာ သွားစစ်ဆေးကြည့်ရဦးမယ်။ ဘယ်လိုပဲဖြစ်ဖြစ် နားဆိုတာကလည်း အရေးကြီးတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေဘဲလေ”
“အန်တီ၊ အချိန်ရရင် သမီးကိုလည်း ဆေးရုံကို ခေါ်သွားဦးနော်။ သမီးမိဘတွေက အိမ်မှာမရှိတော့ အန်တီ့ကိုပဲ မှီခိုရမှာ”
ရှီလီ၏ အဒေါ်အကြီးဆုံးက သူမကို အနားဆွဲခေါ်လိုက်ရင်း “သနားဖို့ကောင်တဲ့ တူမလေး၊သမီးရဲ့မိဘတွေက အလုပ်ကိစ္စနဲ့ ရပ်ဝေး ရောက်နေပြီး သမီးကို အိမ်မှာ တစ်ယောက်တည်း ထားခဲ့ကြတယ်။ တကယ်လို့ သမီးကို တစ်ယောက်ယောက် အနိုင်ကျင့်လာရင် အန်တီပဲ သမီးအတွက် ရပ်တည်ပေးနိုင်မှာ”
သူတို့နှစ်ယောက်သည် ထေ့ငေါ့ရာမှ အသည်းကွဲ ဇာတ်လမ်းအဖြစ် ပြောင်းလဲလိုက်ပြီဆိုတာ မြင်လိုက်ရတော့ ဖုန်းအိမ်ထိန်း အလျင်အမြန် စကားစဖြတ်လိုက်သည်။ “မစ္စရှီ၊ ကျွန်တော်တို့သခင်က လမ်းမှာ ရောက်နေပါပြီ။ သူ ပြန်လာတာနဲ့ နားလည်မှု လွဲတာတွေကို ရှင်းလို့ရပါတယ်ဗျာ”
24 02
ဤသည်မှာ ရှီလီ၏ နှစ်ဘဝလုံးတွင် ဖုန်းမိသားစုအိမ်သို့ ရောက်ခဲ့ဖူးသည့် ပထမဆုံးအကြိမ်ပင်။ သူမ၏ အရင်ဘဝတွင် ဖုန်းယွင်ဟယ်ကို ကပ်ဘေးတစ်ခုလိုမျိုး ရှီလီက ရှောင်ရှားခဲ့သဖြင့် ဖုန်းအိမ်ထဲသို့ စိတ်လိုလက်ရ တစ်ခါမျှ မလာခဲ့ဖူးပေ။
ရှီလီ ဖုန်းမိသားစု၏ ဗီလာအပြင်အဆင်ကိုတိတ်တဆိတ် လေ့လာနေရင်း ဒုတိယထပ်စင်္ကြံနားက ပုန်းလျှိုးကွယ်လျှိုးဖြစ်နေသောပုံရိပ်မှာ သူမ၏အာရုံကို ဖမ်းစားသွားသည်။ အနှီပုံရိပ်မှာ တစ်နည်းနည်းဖြင့် ရင်းနှီးနေသလိုပင်။
ဘာကြောင့် ရင်းနှီးနေရလဲဆိုတဲ့ အကြောင်းကတော့၊ ဘာလို့ သူမနဲ့ ရင်းနှီးသလို ရှိနေတာလဲ...
မိန်းကလေးများအတွက်မူ၊ သူတို့အချစ်ဆုံးသူငယ်ချင်း၏ ကောင်လေးကို ကမ္ဘာပေါ်တွင် သဘောမကျဆုံး မကြာခဏ ဖြစ်တတ်ကြသည်မှာ ချွင်းချက် မဟုတ်ပေ။
လျန်ရုန်ရုန် ရှီလီ၏အကြည့်အတိုင်း အပေါ်ထပ်ကို လှမ်းကြည့်လိုက်သည်။ သူမ ရှင်းပြလိုက်၏။ “အဲတာ ငါ့ရဲ့အတန်းဖော်လေ။ သူ ငါ့ကို ရူပဗေဒ လာရှင်းပြတာ”
လျန်ရုန်ရုန်ကို ရူပဗေဒညံ့တယ်ဆိုပြီး လှောင်ခဲ့ဖူးတာကို ရှီလီ မှတ်မိသွား၏။
ဒါပေမဲ့ သူမရဲ့ အတိတ်ဘဝတုန်းက လျန်ရုန်ရုန်နဲ့ ချောင်ရှန်းတို့က ဒီလောက် ရင်းနှီးကြလို့လား။
ဖုန်းအဖေကတော့ လျန်ရုန်ရုန်ကို ရှီမိသားစု၏အပေါက်ဆိုးတဲ့မိန်းမထံမှ အနိုင်ကျင့်ခံနေရမှာကို စိုးရိမ်နေသဖြင့် အိမ်ပြန်လမ်း၌ ကားမောင်းသမားကို မြန်မြန်မောင်းရန် လောဆော်နေလေသည်။
ကားထဲမှထွက်တာနှင့် အရှေ့သို့ တန်းတန်းမတ်မတ် ဦးတည်လိုက်သည်။
တံခါးဝရှိ အိမ်ဖော်က ‘လူကြီးမင်း’ ဟူ၍ခေါ်လိုက်သံကို ရှီလီ ကြားလိုက်ချိန်မှာတော့ ဖုန်းယွင်ဟယ်၏အဖေ ပြန်ရောက်လာပြီမှန်း သိလိုက်လေပြီ။
ဖုန်းယွင်ဟယ်၏အဖေကို ဆိုးသွမ်းတဲ့လူကြီးဟူပြီး ရှီလီတွင် ဆိုးရွားသောအမြင်ရှိ၏။
သူ့မိန်းမကို မတိုင်ပင်ဘဲ၊ ရည်းစားဟောင်းရဲ့သမီးကို အိမ်ခေါ်လာတယ်၊ သူမရဲ့ အထောက်အထားကို ဖုန်းကွယ်ပေးပြီး သူငယ်ချင်းရဲ့ မိဘမဲ့ကလေးဆိုပြီး အခိုင်အမာ ဆိုခဲ့တယ်။
ဒီလိုယောက်ျားတွေကို ရှီလီ အထင်အမြင်သေးသည်။
ထိုကလေးက သူ့ဘဝတွင် အချစ်ရဆုံးသောအမျိုးသမီး၏ ကလေးပင်။ သူမက သူ၏သွေးသားရင်း မဟုတ်ရင်တောင်၊ လျန်ရုန်ရုန်ကို သူ့ကိုယ်ပိုင်သားထက် ပိုပြီးကောင်းမွန်စွာ ဆက်ဆံပေးခဲ့သည်။
ဝင်ရောက်လာတော့ ဖုန်းအဖေက စိုးရိမ်တကြီး မေးလာ၏။ “ရုန်ရုန် အဆင်ပြေရဲ့လား”
ရှီလီ ပြုံးကာ ပြောလိုက်၏ “ဦးလေးဖုန်း၊ကျွန်မတို့အားလုံးက ဥပဒေကို လိုက်နာတဲ့နိုင်ငံကြီးသားတွေပါ။ ကျွန်မတို့ ဒီကိုရောက်တာနဲ့ ဦးလေးရဲ့ မွေးစားသမီး အနိုင်ကျင့်ခံရလိမ့်မယ်လို့ ဘာလို့ထင်နေတာလဲ”
ဖုန်းအဖေ သူ့ကိုယ်သူတွေးမိလိုက်သည်။ “ဒါပေါ့ဟ၊ နင့်အဒေါ်အကြီးဆုံးက အပေါက်ဆိုးတဲ့ မိန်းမမို့လို့လေ”
ဖုန်းအမေနှင့် ရှီလီ၏ အဒေါ်အကြီးဆုံးက ရင်းနှီးသော သူငယ်ချင်းတွေပင်။ ဖုန်းအဖေဖုန်းအမေနှင့် တွဲနေစဉ်ကဆို၊ သူ၏ ရည်းစားဟောင်းကို မကြာခဏ သွားတွေ့ဖြစ်ခဲ့သည်။ ထိုအချိန်တုန်းက ရှီလီ၏ အဒေါ်အကြီးဆုံးမှာ ဖုန်းအဖေ၏ မျက်နှာရှေ့တည့်တည့်တွင်မကြာခဏ ဒေါသတကြီး ဝေဖန်ပြောဆိုခဲ့ ဖူး၏။
ဖုန်းအမေအပေါ်ရှိ ဖုန်းအဖေ၏ အချစ်မှာအလွန်အမင်း အကန့်အသတ် ရှိလှသည်။ သူ မှားနေတယ်ဆိုသော်ငြား သူ့ရည်းစား၏အချစ်ဆုံးသူငယ်ချင်းထံမှ ဆူငေါက်လာတာကိုတော့ လက်မခံလို။
သူ ပြန်ဆဲရေးချင်ခဲ့သော်လည်း သူ့တွင် ထိုအတွက် ပါရမီမပါလာခဲ့ပေ။
ရှီလီ၏ အဒေါ်အကြီးဆုံးထံမှ အမြဲတမ်းနှုတ်ရေးဖြင့် အနိုင်ပိုင်းခံခဲ့ရသော်လည်းသူ့ တွင် ပြန်ပြောစရာမရှိ။ ညအချိန်တွင် သူ့အိမ်ဆောင်ကိုပဲ ပြန်လာရုံသာ တတ်နိုင်ပြီး ခေါင်းအုံးကိုကိုက်၍ အပေါက်ဆိုးသောရှီလီ၏ အဒေါ်အကြီးဆုံးနှင့် ဖုန်းအမေအတွက် ကျိန်စာသင့်အရုပ်တွေသာ လုပ်နိုင်ခဲ့သည်။
ဖုန်းအဖေ ဘယ်လိုပဲ တွေးပါစေ၊ ဒီအကြောင်းတွေအား ရှီလီလို မျိုးဆက်လူငယ်တစ်ဦး၏အရှေ့တွင်တော့ ပြောမထွက်နိုင်။ သူ၏ပုံရိပ်အပေါ် သက်ရောက်စေလိမ့်မည်ပင်။
ဖုန်းအဖေ ရယ်သွမ်းသွေးလိုက်ပြီး ပြောလိုက်သည်။ “ငါတို့ရဲ့ ရုန်ရုန်က စိတ်ထားနူးညံ့တော့ အနိုင်ကျင့်ခံရမှာ စိုးလို့ပါ”
ရှီလီ၏ အဒေါ်အကြီးဆုံးက “ဪ” ဟူ၍သံရှည်ဆွဲလိုက်ရင်း ပြောလိုက်သည်။ “ဒါဆို ကျွန်မတို့အနိုင်ကျင့်မှာကို စိုးရိမ်တာမဟုတ်ဘူးပေါ့”
“ဘယ်လိုလို့ဖြစ်နိုင်မှာတုန်း။ ငါတို့အချင်းချင်း သိလာတာဘဲ နှစ်နှစ်ဆယ်တောင် ကျော်နေပြီဟာ။ နင့်ရဲ့အကျင့်ကို ငါမယုံဘူးလို့ ထင်နေတာလား”
ရှီလီ၏ အဒေါ်အကြီးဆုံးက ပြန်ချေပလာ၏။ “ကျွန်မရဲ့ အပေါက်ဆိုးတဲ့မိန်းမဆိုတဲ့ အကျင့်လား”
ထိုအခြေအနေတွင် အိမ်ထိန်း စပီကာ ဖွင့်ပြောခဲ့မှန်းကို ဖုန်းအဖေ မသိခဲ့တာပင်။ အနည်းဆုံးတော့ အပေါက်ဆိုးတဲ့မိန်းမကမှ အသိစိတ်တချို့ရှိဦးမယ်လို့ သူ့ကိုယ်သူ ပြန်တွေး လိုက်၏။
24 03
ဖုန်းအဖေ ဆက်လက် ရယ်သွမ်းသွေးလျှက်“အခုဆိုနင်က ပိုပြီးရိုးရိုးယဉ်ယဉ် ရှိလာပြီပဲ။ နင်ရဲ့အကျင့်အပေါ်မှာ ပိုပြီးယုံကြည်ချက် ရှိသင့်တယ်” ရှီလီ၏ အဒေါ်အကြီးဆုံးတွင် ဤလူယုတ်လူညံ့ကြီးနှင့် ဆက်လက်ပြီး စကားစစ်ထိုးရန် ရည်ရွယ်ချက်မရှိပေ။ သူမ ပြောလိုက်၏။ “အရေးမပါတဲ့ စကားတွေအပေါ်မှာ အချိန်မဖြုန်းကြရအောင်လား။ ကျွန်မ ဒီကိုလာတယ်ဆိုတာ ရှင့်နဲ့ အရေးကြီးတဲ့ကိစ္စအကြောင်း ဆွေးနွေးချင်လို့”
“ပြောပါ”
“မနေ့တုန်းက ကျွန်မတို့ရှီလီ ကျောင်းကပြန်တော့ အိမ်ပြန်လမ်းမှာ လူရမ်းကားတစ်သိုက်နဲ့ တွေ့ခဲ့တယ်။ အဲ့လူရမ်းကားခေါင်းဆောင်က ကျွန်မရဲ့ရှီလီကို ရှင်တို့ရဲ့လျန်ရုန်ရုန်ကို ထပ်ပြီး အနိုင်မကျင့်ဖို့ သတိပေးခဲ့တယ်လေ”
“အဲဒီဂြိုလ်ကောင်လေးတွေကို ရှင်တို့မိသားစု ငှားထားတာလားဆိုတာ သိချင်လို့ ကျွန်မ ဒီနေ့ ရှီလီကို ခေါ်ပြီး လာမေးတာ”
ရှီလီ၏ အဒေါ်အကြီးဆုံး စကားဆုံးတာနှင့်အပေါ်ထပ်မှ တစ်ခုခုပြုတ်ကျသွားသလို အသံကျယ်ကြီး ထွက်ပေါ်လာ၏။
လူတိုင်း အသံကြားရာဆီ လှမ်းကြည့်လိုက် ကြသည်။
မည်သူမျှ ရှိမနေ။
ထိုအသံက ချောင်ရှန်းနှင့် ပတ်သက်နေမယ်လို့ ရှီလီ မှန်းဆနိုင်သည်။
ရှီလီ၏ အဒေါ်အကြီးဆုံးထံမှ စွပ်စွဲမှုနှင့်ရင်ဆိုင်လာရတော့၊ ဖုန်းအဖေက အခြားကိစ္စတစ်ခုခုကို စိုးရိမ်သွားကာ “ငါတို့ရုန်ရုန်ကိုရှီလီ အနိုင်ကျင့်နေတာလား”