← Chapters

အခန်း (၃၇-၄၀)

Vol. 2 Ch. 37-40

အခန်း (၃၇-၄၀)

Vol. 2 Ch. 37-40

37 01

အခန်း ၃၇: ဒါအမှန်တရားဘဲ

အခြေအနေကို လာစစ်ဆေးကြည့်သည့်ဝိတ်တာမှာ ဟွမ်ကျဲ၏ မျက်နှာထက်က မကျေမနပ်ဖြစ်နေသော အမူအရာကို မြင်လိုက်တာနှင့် ဤအခြေအနေကို မကိုင်တွယ်နိုင်မှန်း သိလိုက်တာကြောင့် အနီးအနားက သူ၏သူဌေးဆီ အကူအညီ အပြေးအလွှား သွားတောင်းတော့၏။

လန်မိသားစု၏ အငယ်ဆုံးသမီးက ဝိတ်တာ၏ရှင်းပြချက်ကို ကြားသိလိုက်ပြီးနောက် ထိုနေရာသို့ လျှောက်လှမ်းကာ ဟွမ်ကျဲနှင့် သူမ၏အဒေါ်ကို တောင်းပန်စကား ဆိုလိုက်၍“ကျွန်မ တောင်းပန်ပါတယ်၊ မစ္စရှီ၊ နေရာချပေးတဲ့အဖွဲ့က ရှင့်နေရာကို မှားပြီး စီစဉ်ထား ပေးမိတယ်။ ကျေးဇူးပြုပြီး ကျွန်မနောက်က လိုက်ခဲ့ပေးပါ”

သူမက ဟွမ်ကျဲကို အတော်လေး ပိုနီးသောနေရာဆီ ခေါ်ဆောင်သွားပေးရင်း လမ်းတွင် တောင်းပန်လိုက်၏။ “ဒီကိစ္စအတွက် ကျွန်မတကယ် တောင်းပန်ပါတယ်၊ မစ္စရှီ၊ ကျွန်မအစ်မရဲ့ မိသားစုက ရိုင်းစိုင်းတဲ့ အပြုအမူကို ပြသမိပြီ”

ဟွမ်ကျဲ ပြုံးကာပြောလိုက်၏။ “ကျွန်မ နားလည်ပါတယ်”

အဆုံးမှာတော့ သူမက မင်္ဂလာပွဲကို လာတက်ရောက်တာဖြစ်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ဖို့သွားခြင်း မဟုတ်ပေ။ ဟွမ်ကျဲ မကျေနပ်သော်လည်း ထုတ်မပြတော့။

လန်မိသားစု၏ အငယ်ဆုံးသမီးဖြစ်သူ လန်ရှင်းက သူတို့နှစ်ဦးကို ပိုပြီးဝေးသော အရှေ့ဘက်ခြမ်းက ထိုင်ခုံတွေဆီ နေရာချပေးလိုက်ရင်း မစ္စရှီကို ပြောလိုက်သည်။ “ကျွန်မတို့မိသားစုဝင်တွေနဲ့ အတူထိုင်ရင် ရှင်တို့ကို အနှောင့်အယှက်ပေးရဲတဲ့ မောက်မာတဲ့လူတွေမရှိဘူးဆိုတာ အာမခံပါတယ်ရှင်”

ကိစ္စတွေအား ကိုင်တွယ်ဖြေရှင်းပုံကြောင့် ဟွမ်ကျဲက အနည်းငယ် စိတ်ကျေနပ်သွားသော အမူအရာကို ပြသကာ “ဒီနေ့ မင်းကို ဒုက္ခပေးမိတဲ့အတွက် အားနာပါတယ်”

လန်ရှင်းက ပျူငှာစွာ တုံ့ပြန်လာပြီး “ဒါက ထိုင်ခုံတွေကို စီစဉ်ပေးရတဲ့ ကျွန်မတို့ရဲ့ ပေါ့ဆမှုကြောင့်ပါ။ ရိုင်းပြမှုအတွက် ကျွန်မတို့တကယ်ကို တောင်းပန်ပါတယ်၊ နားလည်ပေးဖို့လည်း မျှော်လင့်ပါတယ်” ရှီလီက လန်ရှင်း၏ ဘယ်ဘက်က ထိုင်ခုံတွင် နေရာဝင်ယူလိုက်၏။ ဟွမ်ကျဲတို့ စကားပြောနေတုန်း သူမက လန်ရှင်းကို တိတ်တဆိတ် အကဲခတ်နေတာပင်။

ကောလိပ်ဂျူလီယာ၏ တွက်ချက်ပုံစွမ်းရည်ကို လေ့လာနေရင်း ရှီလီမှာ သဘောမကျဘဲ မနေနိုင်တော့ “ဒီငါ့ရဲ့ ညီမလေးက အသိအမှတ်ပြုလောက်စရာဘဲ”

တိုတောင်းသော စကားပြောဆိုမှု ရှိခဲ့သည်။

ရှီလီ ထိုင်ခုံပြောင်းလိုက်တာကို အတန်းဖော်တွေ သတိပြုမိကြပြီး ရှီလီကို ဘယ်သူ တန်ဖိုးဖြတ်လိုက်လဲဆိုတာတော့ မသိကြပေ။

လူတိုင်းဟာ အတော်ကို စိတ်ပူနေကြပြီး ရှီလီ၏ ဘေးနားတွင်ကပ်၍ အတင်းအဖျင်းကို နားထောင်ကာ တန်ဖိုးဖြတ်သူကို ဘယ်သူအရင်ဆုံး မြင်ရမလဲအား သိချင်နေကြသည်။ သို့သော် တစ်ဦးတစ်ယောက်ချင်းစီတိုင်း၏ထိုင်ခုံများမှာ ကြိုတင်စီစဉ်ထားသော ပုံသေဖြစ်နေသဖြင့် အလယ်ခေါင်ကျမှ ထိုင်ခုံပြောင်းခြင်းက သိပ်ပြီးအဆင်ပြေမှ မဟုတ်ချေ။

ဟွမ်ကျဲနှင့် ရှီလီတို့ ထိုင်ခုံပြောင်းပြီး မကြာခင်မှာဘဲ မင်္ဂလာအခမ်းအနား တရားဝင် စတင် လာခဲ့ပြီး လန်မိသားစု စီစဉ်ထားသည့် ထိုင်ခုံများလည်း အလျင်အမြန်ပင် လူပြည့်သွားသည်။

အခမ်းအနားမှူးက စင်မြင့်ထက်၌ အခမ်းအနားကို ဦးစီးဆောင်ရွက်နေလျှက်။ ဤကဲ့သို့ဖန်တရာထေနေသော မင်္ဂလာပွဲလမ်းစဉ်က ဟွမ်ကျဲကို တစ်နည်းတစ်ပုံ စိတ်မရှည်ဖြစ်လာစေပြီး ပျင်းရိမှုကြောင့် သန်းဝေလာစေ၏။

ဤအခိုက်တွင် ယခုလို ကြီးကျယ်ခမ်းနားသောအစီအစဉ်ကိ စီမံကွပ်ကဲပြီးတာတောင် ကြော့‌ကြော့မော့မော့နှင့် အေးဆေးတည်ငြိမ်နေဆဲဖြစ်သည့် လန်ရှင်း၏ လုပ်ရည်ကိုင်ရည်ကို ရှီလီ လေးစားမိပေသည်။

37 02

ပြီးနောက် တရုတ်စတိုင် အနီရောင် ဝတ်စုံကိုဝတ်စားထားပြီး သတို့သမီးအား နူးညံ့စွာပြုံးပြနေသော သတို့သားဆီသို့ ရှီလီ အကြည့်ပို့လိုက်သည်။

သူမ၏ ရင်ထဲမှာတော့ “စက်ဆုပ်ဖွယ်ကောင်းတဲ့ ယောက်ျား” ဟူ၍ တိတ်တဆိတ် ကြွေးကြော်လိုက်ပြီး အခမ်းအနားမှူး၏ အသံကပင် ထိုအသံကို မဖုံးလွှမ်းနိုင်ပေ။ သူမ၏စွပ်စွဲချက်ကိုကြားသော အတန်းဖော်များမှာမင်္ဂလာပွဲ၏ အဓိက ဇာတ်လိုက်များဖြစ်သော သတို့သားနှင့် သတို့သမီးတွင် ဘယ်သူ့ကို ရည်ရွယ်တယ်ဆိုတာ နားလည်ကြသည်။

အကယ်၍ သတို့သားက အခြားမိန်းမတစ်ဦးနှင့် တရားမဝင် ဆက်ဆံရေးရှိတာ သို့မဟုတ် မိန်းကလေးအပေါ် ခွင့်မလွှတ်နိုင်လောက်သည့် အမှားလုပ်ခဲ့တာကြောင့် သူ၏ မင်္ဂလာပွဲ၌ ရှီလီကို ပေါက်ကွဲစေသည်ဟု လူတိုင်း ထင်ကြေးပေးထားကြသည်။

စုံတွဲ၏ အချစ်ဇာတ်လမ်းမှာ စင်မြင့်အောက်က ဧည့်ပရိတ်သတ်များ၏ ရင်ထဲထိသွားစေ သည်။

တစ်ဖက်က ရှီလီနှင့် အတန်းဖော်များကတော့ သူတို့ကမ္ဘာထဲတွင်သာ နှစ်မြောနေပြီး အတင်းအဖျင်းကို စိတ်အားထက်သန်စွာ စောင့်ဆိုင်း နေကြသည်။

“လန်မိသားစုက တကယ်ကံဆိုးတာဘဲ၊ သူတို့ရဲ့ ချွေးမနဲ့ သားမက်က ဖောက်ပြန်နေကြတယ်” သူမ မှတ်ချက်ပြုလိုက်၏။

သူမ၏ အတန်းဖော်များမှာ ထိတ်လန့်တကြားတုံ့ ပြန်လာကြတော့သည်: “ဘာပြောတယ်။အဲဒါ ငါတွေးနေသလိုမျိုးလား”

“အပေါ်က ဖန်သားပြင်ကြီးမှာ သူတို့ နှစ်ယောက် ဖောက်ပြန်နေတဲ့ ဗီဒီယိုကို ပြလာတော့မှာ” ရှီလီ ထပ်ပေါင်း ပြောလိုက်၏။

သူမ အတန်းဖော်များ၏ ထိတ်လန့်တကြားပြန်ဖြေပုံမှာ: “တကယ်… တကယ်ကြီးလား”

“ငါ့ဘဝကြီး အဆုံးသတ်သွားသလိုဘဲ”

ယခုချိန်၌ လူတိုင်းမှာ အခြေအနေကို တိုက်ရိုက်အပ်ဒိတ်တင်ရန် သဘောတူထားကြ၏။ ဤအခိုက်အတန့်တွင် သူတို့က ရှီလီ၏ဝေမျှထားသော စိတ်ကူးတွေကို အတန်းအုပ်စုဆီ ပြန်လည်ဝေမျှသင့်နေလေပြီ။

သို့သော် ထိုပြင်းထန်သည့် စကားနှစ်ခွန်းကြောင့် လူတိုင်းမှ ထိတ်လန့်တုန်လှုပ်နေကြတာပင်။ ဘယ်သူက အခုချိန်မှာ သူတို့၏ညီအစ်ကို၊ မောင်နှမတွေကို ဝေမျှပေးချင်စိတ် ရှိနေမှာလဲ။ ငါဆိုလည်း လူတိုင်းကို ဝေမျှဖို့ထက် ဖြစ်စဉ်တစ်ခုလုံးကို အရင်နားလည်သွား အောင် လုပ်မှာပင်။

ထို့ကြောင့် လူအနည်းငယ်မှာ သူတို့၏ မိုဘိုင်းကင်မရာများကို တညီတညာတည်း မြှောက်လိုက်ကြတော့၏။

ဤသည်မှာ ရိုက်ကူးရေးလုပ်ရန် မသင့်လျော်သော နေရာမဟုတ်သဖြင့် ပရိတ်သတ်ဘက်မှဧည့်သည်တွေတောင် မှတ်တမ်းယူရန် သူတို့၏မိုဘိုင်းဖုန်းတွေကို ကိုင်ဆောင်ထားကြသည်။

မင်္ဂလာပွဲကို မှတ်တမ်းရိုက်ယူတာက သာမန်အဆန်ဆုံး ကိစ္စပင်။

ဒါ့အပြင် လန်မိသားစုက မင်္ဂလာပွဲအား ရှုထောင့်အမျိုးမျိုးမှ ရိုက်ကူးမှုပြုရန်အတွက် ကင်မရာများနှင့် ဓာတ်ပုံဆရာများကို စီစဉ်ထားကာ အပြီးပြည့်စုံဆုံး တိုက်ရိုက်ရုပ်ရှင်ကို ထိန်းသိမ်းရန် ကြိုးပမ်းထား၏။

ပြီးနောက် ကံကြမ္မာဆိုး ကျရောက်လာ‌တော့သည်။ လန်မိသားစု၏ အဖေက မိန့်ခွန်းပြောနေတုန်းမှာဘဲ အနောက်ဘက်က စုံတွဲ၏ပျော်ရွှင်ဖွယ်ရာ အတိတ်ကို ပြသနေသောဖန်သားပြင်ကြီးမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။

ဖြူစင်ရိုးစင်းသော အချစ်ငှက်လေးများမှကလေးမကြည့်ရ ရုပ်ရှင်အဖြစ်သို့ပင်။

ဖန်သားပြင်ကြီးသည် အစပိုင်းမှာတော့ တိတ်ဆိတ်နေပြီး နှစ်စက္ကန့်၊ သုံးစက္ကန့်မျှ အကြာတွင် 360° စတီဒီယိုစနစ်မှ ညည်းသံများ ထွက်လာသည်။

ရှီလီမှာ အရှေ့ဘက်က ဖန်သားပြင်ကြီးထက်ကို မျက်လုံးလေးလုံးဖြင့် စူးစိုက်ကြည့်နေ၍ ကျန်နှစ်လုံးတွင် တစ်လုံးက လန်ရှင်းကို စောင့်ကြည့်နေပြီး ‌နောက်တစ်လုံးကတော့ လန်မိသားစု၏ အစ်ကိုအကြီးဆုံးနှင့် သူ၏ဇနီးသည်၏ တုံ့ပြန်ပုံကို အကဲခတ်နေ၏။ လန်မိသားစု၏ အဖေဖြစ်သူ စကားပြောနေစဉ်မှာဘဲ သူ့အနောက်က ဖန်သားပြင်ကြီးမှာ ကာမစက်ယှက်နေသော မြင်ကွင်းတစ်ခုအဖြစ် ရုတ်ချည်းပင် ပြောင်းလဲသွားလေသည်။

37 03

မိဘများက သူတို့ကလေးတွေ၏ မျက်လုံးတွေကို အုပ်လိုက်ကြပြီး သူတို့ဘာသာဘဲ ဆက်လက်ကြည့်နေကြသည်။

ကမ္ပဏီ၏ ခေါင်းဆောင်ဖြစ်သူ လန်မိသားစု၏ အဖေက လက်တန်းပြောနေတာပင်။

သူ၏ အနေအထားကို ချိန်ညှိရန်အတွက် ဧည့်သည်များ၏ တုံ့ပြန်ပုံကို ဆက်တိုက် တိုင်းတာဘဲဖြစ်၏။

ဧည့်သည်အားလုံး ပါးစပ်ဟောင်းလောင်းတွေ ဖြစ်ကုန်ချိန်မှာတော့ ၎င်းက သူ၏ မိန့်ခွန်းကြောင့် အံ့ဩခြင်း၊ စိတ်လှုပ်ရှားသွားခြင်းကြောင့်တော့ မဟုတ်ချေ။

၎င်းက အရှင်းကြီးကို အံ့အားသင့်နေတာပင်။

နှစ်စက္ကန့်အကြာ၌ ဟောခန်းထဲက ထိုအသံများ ထွက်လာချိန်မှာတော့ သူ့အား မကောင်းသောခံစားချက်ကို ပေးစွမ်းလာတော့သည်။ လန်မိသားစုမှ မိဘတွေ နောက်လှည့်လိုက်တော့ ဆင်ဆာဖြတ်ထားသော ဖန်သားပြင်ကြီး ထက်မှ ရောထွေးနေသည့် ခန္ဓာကိုယ်နှစ်ခုကို မြင်လိုက်ကြရ၏။

အနှီခန္ဓာကိုယ်နှစ်ခု၏ အဓိက ဇာတ်လိုက်တွေက သူ၏ ချွေးမကြီးနှင့် ဒုတိယသမက်တို့ပဲ ဖြစ်လေသည်၊ ထိတ်လန့်မှုက ကြီးမားလှပြီး ကံကောင်းစွာဖြင့် အကုန်လုံးကို သူမြင်တွေ့ခဲ့ဖူးပေသည်။

ရုတ်ချည်းပင် အသံနက်ကြီးဖြင့် ဖန်သားပြင်ကြီး၏ ထိန်းချုပ်စက်ကို ပိတ်လိုက်ရန် အမိန့်ပေးလိုက်၏။

အခုက လူထုရှေ့တွင် ညစ်ညမ်းသောလေထုကို ထုတ်ပြရမည့် အချိန်မဟုတ်ပေ၊ လူအများကြီးရှေ့တွင် သူတို့တွေ မျက်နှာပျက်ထားတာကြောင့် ဤဖြစ်ရပ်ကို ဖုံးအုပ်ဖို့လိုလေသည်။

“ဘယ်သူလဲ၊ ဘယ်သူက ငါ့သမီးနဲ့ သမက်ရဲ့မင်္ဂလာပွဲကို ဖျက်ဆီးဖို့ ဒီလိုနောက်ပြောင်တာကို လုပ်တာလဲ။ ဘယ်သူလဲဆိုတာ ငါသိလို့ကတော့ အလွတ်မပေးဘူးမှတ်”

ရှီလီ၏ အာရုံတစ်ဝက်က လန်မိသားစုမှအစ်ကိုအကြီးဆုံး၏ တုံ့ပြန်ပုံ၌သာ အာရုံစိုက်ထားသည်။ သူက သူ့ဇနီးသည်နှင့် ပိုပြီးရင်းနှီးကျွမ်းဝင်မှုရှိတာကြောင့် ဖန်သားပြင်ထက်က လူတွေ၏ မျက်နှာတွေကို မပြသလာခင်မှာဘဲသူ့ခဗျာ ဖြူဖျော့နေပြီး ထိုင်ခုံကနေ မတ်တပ်ရပ်လိုက်သည်။

【ရောက်လာပြီ၊ ရောက်လာပြီ၊ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အစူရာကွင်းပြင်ကြီး】

【လူသားမျိုးနွယ်ရဲ့ အစွန်းရောက်မှုကို မျက်မြင်တွေ့နေရတဲ့ ငါရောဘဲ၊ အခုဆို လန်မိသားစုရဲ့ အစ်ကိုအကြီးဆုံး မျက်နှာကချက်ချင်းကို အစိမ်းရောင် ပြောင်းသွားပြီ】

ရှီလီ၏ အတန်းဖော်များက ရှီလီ၏ လက်ရှိတည်နေရာကို တိုင်းတာရန် မတ်တပ်ရပ်နေသော လန်မိသားစု၏ အစ်ကိုအကြီးဆုံးကိုခြေရာခံလိုက်ကြသည်။

အရပ် 1.7 မီတာရှိသော ရှီလီမှာ ထိုင်နေတာတောင်မှ လူအုပ်ကြားထဲ၌ ထင်းထွက်နေ၏။

လန်မိသားစုမှ အစ်ကိုအကြီးဆုံး၏ အဝေးတွင်ထိုင်နေကြသော ရှီလီ၏ အတန်းဖော်များမှာ ရှီလီ၏ အနည်းငယ် ပြောင်းလဲသွားသော မျက်နှာထားကို သတိထားမိလိုက်ကြသည်။

တစ်ချိန်တည်းမှာဘဲ သူတို့က လန်မိသားစုမှ အစ်ကိုအကြီးဆုံး၏ မျက်နှာကို တကယ်ဘဲ အစိမ်းရောင် ပြောင်းသွားလားဆိုတာ သေချာလေ့လာနေကြ၏။

ဒရာမာတွင် မွေ့လျော်နေတုန်း လူအချို့၏အာရုံဝင်စားမှုမှာ ထုံးနည်းတိုင်း မဟုတ်ချေ။

သူမက ရှာတွေ့ထားသမျှကို အတန်းအုပ်စုဖွဲ့စကားပြောခန်းထဲ၌ ဝေမျှလာ၏။

[အဟင့်၊ ရှီလီရဲ့ ဘေးတိုက်ပုံက အရမ်းမိုက်တာဘဲ၊ ဒီက ခွေးအလှလေးကို သွားရည်ယိုအောင် လုပ်နေတယ်]

[တော်သေးတာပေါ့၊ ‌နောက်ဆုံးတော့ တစ်ယောက်ယောက် စကားပြောလာပြီ။ အခု ဘယ်လိုအခြေအနေရှိလဲ။ ငါတို့တွေ စိုးရိမ်နေတာ]

[ဒီကိစ္စကို စကားတစ်ခွန်း၊ နှစ်ခွန်းနဲ့ ‌ဖော်ပြလို့မရဘူးဟ၊ ဒါက အရမ်းစိတ်လှုပ်ရှားစရာ ကောင်းတယ်]

37 04

ဤလူအနည်းငယ်က လူတိုင်းကို ရင်ဖိုစေပြီးအတိအကျ ဘာဖြစ်တယ်ဆိုတာကို မပြောဘဲ ထိုဖြစ်ရပ်တွင် မရှိသည့်လူ‌များကို နေရာကနေစိုးရိမ်တကြီး ထခုန်အောင် လုပ်နေသည်။

လန်မိသားစု၏ ခေါင်းဆောင်က ၎င်းကို နောက်ပြောင်မှု တစ်ခုအဖြစ် ရှင်းပြချင်နေသော်လည်း လန်မိသားစု၏ အစ်ကိုအကြီးဆုံးမှာ ဦးထုပ်စိမ်း ဆောင်းခံထားရတာကြောင့် သည်းမခံနိုင်။

သူက ရှေ့ဆုံးတန်းတွင် ထိုင်နေတာဖြစ်ပြီးစင်မြင့်နှင့် အနည်းငယ်သာ လှမ်းသည်။ ခြေနှစ်လှမ်းတည်းနှင့် စင်မြင့်ပေါ် ခုန်တက်သွားပြီး သူ့ညီမငယ်၏ အရှေ့တွင်ပဲ သတို့သား၏ မျက်နှာကို တိုက်ရိုက်ပိတ်ထိုးပစ်လိုက်သည်။

မူလကတည်းက အသားရောင် ဖြူဖွေးသောသတို့သမီးမှာ တစ္ဆေတစ်ကောင်လို့ ဖြူဖျော့သွားပြီး အနည်းငယ် တည်ငြိမ်သွားသည့်ပုံပင်။

သူမ၏ ခင်ပွန်းဖြစ်လာတော့မည့်သူကို သူမအစ်ကို ပိတ်ထိုးလိုက်သည့်အပေါ်၌ မအံ့ဩမိသလို၊ ဒေါသလည်း မထွက်ပေ၊ အနှီး ထိုးနှက်ချက်အပြီးတွင် သူမ၏ အသားရောင်မှာ အနည်းငယ်တောင် ပိုကြည့်ကောင်းလာသလို ထင်ရသည်။

စင်မြင့်ပေါ်က အရည်အသွေးမြင့် အသံဖမ်းကိရိယာကြောင့် လန်မိသားစုမှ အစ်ကိုအကြီးဆုံး၏ ဒေါသတကြီး အော်‌ဟစ်သံမှာ အခမ်းအနားမှူး၏ မိုက်ခရိုဖုန်းမှတစ်ဆင့် လက်ရှိ တက်ရောက်လာသော ဧည့်သည်တိုင်း၏ နားထက်၌ ပဲ့တင်သွားတော့သည်။

“မင်း ငါ့မိန်းမနဲ့ အိပ်ခဲ့တယ်”

******

38 01

အခန်း ၃၈: သွေးသံတရဲရဲ ဇာတ်လမ်းဆိုတာဘာလဲ

သတို့သမီးက သူမခင်ပွန်း ရိုက်နှက်ခံနေရတာကို မထူးခြားသော အမူအရာဖြင့် ကြည့်နေလေသည်။

အခုချိန်မှာ ကြောင်အမ်းနေတဲ့ အခမ်းအနားမှူးရဲ့ အတွေ့အကြုံနည်းမှုကို ခွင့်လွှတ်ပေးလိုက်ကြပါ။ သူသည် ဤအသိုင်းအဝိုင်းထဲ၌ နှစ်သုံးဆယ်ကြာ ကျင်လည်ခဲ့တာကြောင့် အရာရာတိုင်းကို မြင်တွေ့ဖူးသည်ဟူ၍ ကြွားလုံးထုတ်ခဲ့ဖူး၏။

ယနေ့မှစ၍ ယခုလို စကားတွေကို မပြောတော့ဖို့ သူ ဆုံးဖြတ်ချက် ချလိုက်သည်။

သူ ဘယ်တုန်းကမှ မကြုံတွေ့ဖူးသော၊ အချို့လူတွေ တစ်သက်တာလုံး ရင်မဆိုင်ဖူးသောအချို့သော ကိစ္စတွေနှင့် အခြေအနေတွေဆိုတာ တကယ်ကိုရှိတာပင်။

သို့သော် သူကတော့ ကံကောင်းစွာဖြင့် မျက်မြင်ကြုံတွေ့လိုက်ရလေပြီ

ဤအတွေ့အကြုံ တစ်ခုတည်းနှင့် သူ၏အပေါင်းအသင်းတွေဆီမှ 99.99% လောက်ကို ကင်းကွာ‌သွားစေသည်။

ဤသည်က သူ၏ ရာဇဝင်တွင် မီးမောင်းထိုးပြနိုင်ဆိုတာ ငြင်းနိုင်ဖွယ် မရှိပေ။

စိတ်အေးအေးထားစမ်းပါ၊ မင်းက ကျွမ်းကျင်မှုရှိတဲ့ မင်္ဂလာပွဲ အခမ်းအနားမှူးလေ၊ အခုက မင်းရဲ့ကျွမ်းကျင်မှုကို ထုတ်ပြရမဲ့ အချိန်ပဲကွ။ ဒီကိစ္စကို ကောင်းကောင်း ကိုင်တွယ်နိုင်ပြီဆိုတာနဲ့၊ ကြီးကြီးတက် ချမ်းသာတဲ့ ဖောက်သည်တွေက သူ့အိမ်တံခါးကို လာခေါက်ကြတော့မှာ။

ဒီလိုအချိန်မှာ သူ့ကိုယ်သူထိန်းချုပ်ပြီး တည်ငြိမ်အောင် လုပ်မှရမယ်။ ဧည့်သည်တွေလိုမျိုး သူ့ဆဲလ်ဖုန်းကိုထုတ်ပြီး ဓာတ်ပုံရိုက်တာ၊ ဗီဒီယိုရိုက်တာတွေ လုပ်လို့မဖြစ်ဘူး။

ဒါပေမဲ့ အောင့်ထားဖို့တော့ ခက်တယ်ကွာ။

တဖြည်းဖြည်းနှင့် အခမ်းအနားမှူးမှာ သူ၏ကျွမ်းကျင်ရပ်ဆိုင်ရာအပေါ်တွင် မှီခို၍ သူ့ကိုယ်သူ ချုပ်တည်းလိုက်ပြီး လန်မိသားစုမှအဖေကို အခြေအနေတွေ ထိန်းချုပ်ရာ၌ ဝင်ကူညီပေးလိုက်သည်။

“အမျိုးသမီးများနှင့် လူကြီးလူကောင်းများခင်ဗျား၊ ကျေးဇူးပြုပြီး စိတ်ငြိမ်ငြိမ်ထားကြပါ။ လက်ထပ်ပွဲမှာ နောက်ပြောင်မှုတွေနဲ့ ကြုံတွေ့ရတာကို ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ ကြင်စဦး ဇနီးမောင်နှံသာအချင်းချင်း ယုံကြည်သရွေ့၊ အခက်အခဲတွေကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်နိုင်မယ်လို့ကျွန်တော်ကတော့ ယုံကြည်ပါတယ်…”

အခမ်းအနားမှူးက ကိစ္စတွေကို ငြိမ်သက်သွားအောင် အကောင်းဆုံး ကြိုးစားနေသော်လည်း မည်သူကမျှ ပူးပေါင်းမပေးမည့်ပုံပင်။

စင်မြင့်ထက်၌၊ လန်မိသားစု၏ အစ်ကိုအကြီးဆုံးနှင့် သတို့သားက ချနေကြပြီး သူတို့၏အင်္ကျီအရောင်တွေကသာ ဘယ်သူက ယာယီအသာစီးရနေလဲဆိုတာကို ‌ခွဲခြားနိုင်၏။

လန်မိသားစုမှ မိဘများမှာ ဘေးတွင်ရပ်နေကြပြီး သူတို့သားနှင့် သားမက်တို့ကို လူခွဲပေးချင်သော်လည်း ပြင်းထန်သော ရန်ပွဲအား ဝင်ရောက်မဖျန်ဖြေရဲဘဲ သူတို့ပါ ထိခိုက်မှာကို ကြောက်နေကြသည်။

ဧည့်ခံပွဲမှ အစောင့်တွေကတော့ ပိုပြီးတောင် မဖျန်ဖြေပေးချင်ကြချေ။ သူတို့က မိသားစုအတွက် သစ္စာရှိပြီး စဉ်းစားပေးတတ်သော ကိုယ်ပိုင်အစေခံများ မဟုတ်တာကြောင့်ပင်။

ငါတို့ ကြားဝင်ဖျန်ဖြေလိုက်ရင် ဒဏ်ရာရကုန်ဦးမယ်၊ ပြီးတော့ ငါတို့က ဒီလိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့ မြင်ကွင်းကို ဘေးကနေဘဲ ရပ်ကြည့်ချင်ကြတာလေ။

အောက်ဘက်က ပွဲကြည့်ပရိတ်သတ်တွေလည်း ပွက်လောရိုက်နေကြသည်။ ၎င်းမှာ ဖန်သားပြင်ပေါ်က ပိတ်ချလိုက်သော ဗီဒီယို၏ကျေးဇူးကြောင့်ပင်။

38 02

အစ်ကိုအကြီးဆုံးနှင့် ယောက်ဖကြားက သည်းထိတ်ရင်ဖိုရသော ရန်ပွဲကဲ့သို့ မှတ်သားဖွယ်ရာ အစီအစဉ်များလည်း ရှိနေသေးပြီး -ကြည့်ရှုရသည်မှာ အတော်လေး ရင်ဖိုစရာဖြစ်သည်။

အခမ်းအနားမှူး၏ အခြေအနေကို အဖတ်ဆယ်ရန် ခက်ခက်ခဲခဲ ကြိုးပမ်းနေသည်မှလွဲ၍ ဤပွဲကို အသံဖုံးလွှမ်းအောင် မနည်းပြောနေရသည်။

အခမ်းအနားမှူး: လူခွဲကြပါတော့…

အောက်ဘက်က ဧည့်ပရိတ်သတ်များမှာ အခမ်းအနားတစ်လျှောက် ဆက်၍မတည်ငြိမ်နေတော့ဘဲ အုန်းအုန်းကျက်ကျက်ဖြစ်အောင် ဖန်တီးနေသည်မှာ ဈေးထဲက လေထုအတိုင်းပင်။

ဟွမ်ကျဲက ရှီလီ၏နားထဲသို့ တိုးတိုးပြောလိုက်သည်။ “ဒီနေ့လာလိုက်တာ တန်သွားပြီ။ အမေ ခုနက သမီးကိုခေါ်ပြီး အိမ်မပြန်လိုက်တာ ဝမ်းသာတယ်”

【လုံးဝတန်တယ်】

【လန်ရှင်းက အံ့ဩစရာကြီး၊ ဒီလိုလှည့်ကွက်နဲ့ သူမရဲ့ မောင်နှမတွေကို အသုံးမဝင်တဲ့ပုံ ပေါ်အောင်လုပ်ပြီး သူမကတော့ မိဘတွေမှီခိုလို့ရမဲ့ တစ်ယောက် ဖြစ်လာတော့မှာ။ သူမမိဘတွေက သူမကို ပိုတောင် အာရုံစိုက်ပေးတော့မယ်】

လန်မိသားစုမှာ လုံးဝရုန်းရင်းဆန်ခတ် ဖြစ်နေတုန်း၊ အောက်ဘက်က ဧည့်ပရိတ်သတ်များမှာ ဖြစ်ရပ်အကြောင်းကို ပေါ်တင်ကြီး ဆွေးနွေးနေကြရုံသာမက နောက်ကွယ်က ဘယ်သူဘယ်ဝါဆိုတာကိုပါ ထင်ကြေးပေးနေကြသည်။

ဤအခိုက်တွင် ဖန်သားပြင်ကြီးပေါ်က ဗီဒီယိုကို ဘယ်သူတင်လိုက်လဲဆိုတာအားရှီလီ မှန်းဆခဲ့သည်။

ရှီလီ၏ အတွေးတွေကို ကြားလိုက်ရတော့ ထင်ကြေးပေးရန် မလိုအပ်တော့ချေ။

လူတိုင်းတွင် အတွေးတစ်ခုတည်းသာ ရှိတော့သည် - ဘယ်လောက်အောင် သွေးအေးတဲ့ညီအစ်မလဲ။

အကြီးဆုံးသား တိုက်ခိုက်နေတာကို မြင်လိုက်ရတော့ လန်မိသားစုမှ အဖေဖြစ်သူမှာ စိတ်ပျက်မှုတို့ဖြင့် ပြည့်နှက်သွားရတော့၏။

သူ့သားက အမြဲတမ်း အနည်းငယ်မျှ ထုံထိုင်းသော်လည်း မှီခိုအားထားရန်အတွက်တော့ လုံလောက်သည်။ မိသားစု၏ လုပ်ငန်းကို မတိုးချဲ့နိုင်သော်လည်း ကောင်းစွာ ထိန်းသိမ်းထားနိုင်သူပဲ ဖြစ်သည်။

အခုတော့ သူ့သားနှင့်ပတ်သက်ပြီး အထင်မှားနေခဲ့မှန်း သူသိလိုက်ရ၏။ သူ့သားအကြီးဆုံးက တကယ့်ကို စိတ်ပျက်စရာကောင်းသည့် ငတုံးတစ်ယောက်ပင်။

သူသာ ပရိတ်သတ်ကြားထဲတွင် ငြိမ်ငြိမ်လေး ထိုင်နေခဲ့ပါက၊ သူတို့မိသားစုက ပြိုင်ဘက်တွေ လုပ်ထားသည့် အပြောင်အပျက်ပါဟူ၍ ငြင်းခုံလို့ရသေးသည်။

အခြားသူတွေ ယုံယုံ၊ မယုံယုံ အရေးမကြီးပေ။

ဤကလေးက အလွန်ထင်ရာစိုင်းပြီး စင်ပေါ်တက်ကာ သူ့ယောက်ဖကို ထိုးကြိတ်လေ၏။ အခုတော့ ၎င်းကို အပြောင်အပျက်ပါလို့ သူတို့တွေ ‌ရှင်းပြလျှင်တောင် အရာရောက်တော့မှာ မဟုတ်တော့။

မဟုတ်လည်း အခြားဘာပြောနိုင်ဦးမှာလဲ။ ကျွန်တော်တို့သားက စိတ်ကျန်းမာရေး မကောင်းလို့ ကြားသမျှကို ယုံတဲ့သူပါ၊ ဒါတွေအားလုံးမှာ ဘာတစ်ခုမှ တကယ်ဖြစ်ပျက်ခဲ့တာ မဟုတ်ပါဘူးလို့ ပြောရမှာလား။

စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ ထိပ်သီးခေါင်းဆောင်က မိသားစုတွင်း သိက္ခာကျဖွယ်လုပ်ရပ်ကို ဝန်ခံတာထက် ပိုဆိုးသည့် အရူးတစ်ယောက်ဟု ကမ္ဘာကြီးကို သိခိုင်းလိုက်ရမှာလား။

လန်မိသားစုမှ အဖေက အော်လိုက်သည်။ “တော်ပြီ၊ ရပ်ကြတော့”

ထိုအခိုက်အတန့်၌ လန်ရှင်းက သူမ၏ဘော်ဒီဂတ်တွေနှင့် အပြေးရောက်လာပြီး သူမ၏ အစ်ကိုနှင့် ခဲအိုကို လူချင်းခွဲလိုက်၏။

လန်မိသားစုမှ မိဘတွေ၏ မျက်နှာတွေမှာ ယခုချိန်တွင် ကြည့်မကောင်းတော့။

38 03

“တော်သင့်ပြီ။ ငါတို့က အစကတည်းက ချစ်သူတွေကွ။ မင်းတို့ မောင်နှမနှစ်‌ယောက်ကသာ မင်းတို့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အလိုဆန္ဒတွေကြောင့် ငါတို့ချစ်ခြင်းကို ခွဲခဲ့တာ”

“ငါတို့က ရိုးရှင်းတဲ့ဘဝကို အတူတူဖြတ်သန်းချင်ကြတဲ့ သာမန်စုံတွဲတွေပါ၊ ဒါပေမဲ့ ရက်စက်ပြီး လောဘကြီးတဲ့ မင်းတို့မောင်နှမ တွေက အဲဒါတွေအားလုံးကို လုယူပစ်ခဲ့တာ”

【ခဏနေပါဦး၊ သူ လိမ်နေတယ်】

ရှီလီမှာ အခြားဧည့်သည်များကဲ့သို့ - လန်မောင်နှမက သူတို့ရဲ့ အာဏာကိုသုံးပြီး သူတို့၏ ဖြူစင်သော ချစ်ခြင်းကိုခွဲခဲ့တယ်ဆိုသည့် သတို့သား၏ စကားတွေကို သိပ်ပြီး မယုံကြည်နိုင်ပေ။

【ဒီလူ သူ့ကိုယ်သူ အသက်ဆက်ရအောင်လို့ လိမ်ပြောနေတာလား။ 】

【သူနဲ့ လန်မိသားစုက ချွေးမက အရင်တုန်းကအချင်းချင်း လိုက်ဖက်ညီတဲ့ ချစ်သူတွေဆိုတာတော့ အမှန်ဘဲ။ သူတို့ရဲ့ မိသားစုတွေကမကျေနပ်လို့ ပွင့်ပွင့်လင်းလင်း လမ်းခွဲခဲ့ကြတယ်ဆိုပေမဲ့ လူကွယ်ရာမှာတော့ အတူရှိနေကြတုန်းဘဲ။ ပြန်ဆုံစည်းကြတဲ့ ရည်းစားဟောင်းတွေလို မဟုတ်ဘဲနဲ့ လုပ်ဖော်ကိုင်ဖက်ပါတနာ အသိအကျွမ်းတွေလေ】

【လန်မိသားစုရဲ့ ချွေးမက လန်မိသားစုက အစ်ကိုအကြီးဆုံးနဲ့ ဆုံပြီးတော့၊ သူမက ရည်းစားဟောင်းကိုတော့ အတန်းဖော်ဆိုပြီး လန်မိသားစုရဲ့ ဒုတိယသခင်မလေးနဲ့ မိတ်ဆက်ပေးခဲ့တယ်】

【ဘယ်သူက မောင်နှမတွေဆီကနေ ဖြတ်လုခံလိုက်ရတဲ့ သနား‌ဖို့ကောင်းတဲ့ ချစ်သူတွေလဲ။ ဒီစုံတွဲက တစ်ဖက်သားရဲ့ ချမ်းသာကြွယ်ဝမှုအပေါ် မျက်စိကျခဲ့တယ်ဆိုတာ ရှင်းနေတာဘဲလေ】

ရှီလီ: ဒါတကယ့် ဇာတ်ရှုပ်ဘဲ! ဒါပေမဲ့လည်း'သူခိုးစုံတွဲ’ ဆိုတာက ပြီးပြည့်စုံတဲ့ ‌ဖော်ပြချက်တစ်ခုပါပဲ။

အစောပိုင်းတုန်းက လန်မိသားစု၏ ချွေးမနှင့်သတို့သားအပေါ် သနားစိတ်က ရုတ်ချည်းပင် ရွံ့စရာကောင်းသည့် ကြောင်သူတော် ကြွက်သူခိုးတွေဟုသာ ပြောင်းလဲသွား၏။

နောက်တစ်စက္ကန့်မှာဘဲ မလှုပ်ရှားသေးသော လန်မိသားစုမှ ဒုတိယသခင်မလေးဟာ သတို့သားကို ပါးရိုက်လိုက်ပြီး “ပါးစပ်ပိတ်ထား။ ရှင် တမင်သက်သက် ကျွန်မကို ဖြားယောင်းခဲ့တာ။ ဒါတောင် ကျွန်မအစ်ကိုနဲ့ကျွန်မက ရှင်တို့ရဲ့ ချစ်ခြင်းကို ခွဲတယ်လို့ ပြော‌သေးတယ်။ အရှက်တရားကို မရှိဘူး၊ရှင့်ကို ဩချလောက်ပါပေတယ်”

“ရှင် နေ့တိုင်း ကျွန်မရဲ့ ခြေအိတ်တွေ၊ အ‌တွင်းခံတွေကို လျှော်ပေးတယ်၊ ကျွန်မကို ခြေထောက် ဆေးပေးတယ်၊ ကျွန်မရဲ့ ခြေချောင်းတွေကို လျက်ပေးတယ်။ ဒါတွေကို ကျွန်မက ရှင့်ကို အတင်းအကြပ် လုပ်ခိုင်းခဲ့လို့လား”

လန်မိသားစုမှ ဒုတိယသခင်မလေးမှာ စိတ်ရှည်သည်းခံမှု ကုန်သွားလေပြီ။ သူမက ဒေါသကြီးသည့်သူ မဟုတ်‌သော်လည်း သတို့သားထံမှ အပြစ်ပုံချခြင်းကို ခံလိုက်ရတော့၊ အရှက်အကြောက် ကင်းမဲ့လာကာ သူတို့ဆက်ဆံရေး၏ အတွင်းရေးကိစ္စတွေကို ဖော်ထုတ်လာတော့သည်။

ကျွန်မတို့ မောင်နှမတွေက ရှင်တို့နှစ်ယောက်ကို ဖိအားပေးတယ်လို့ ပြောလာတော့လည်း ရှင်ပဲ အသည်းအသန် ခဲမှန်ဖြစ်ခဲ့သလား၊ ဖိအားပေးခံရတာလားဆိုတာ လူတိုင်းကို ထုတ်ပြောလိုက်ရအောင်။

ရွံရှာစွာ တံတွေးထွေးလိုက်ပြီး လန်မိသားစု၏ဒုတိယသခင်မလေးက ပြန်လည်ချေပလာ၏။ “ရှင်ကလေ ရှင့်ကိုယ်ရှင် အမြင်မှားတွေ ပေးတဲ့နေရာမှာ သိပ်ပြီးဆရာကျတာပဲနော်။ ဒီလောကမှာ ယောင်္ကျားတွေမှ ပေါသောနေတာ ကျွန်မက ဘာလို့ရှင့်ကိုပဲ လိုချင်နေရမှာလဲ။ ရှင်က တစ်ယောက်ယောက်ကို ဂရုစိုက်ပေးတဲ့နေရာမှာ ကောင်းလို့ပဲနော်”

“နည်းနည်းလေး အာရုံစိုက်ပေးလိုက်တာနဲ့ ရှင့်ကိုယ်ရှင် အဖိုးတန်တယ်လို့ တကယ်ကြီး တွေးနေတာဘဲ။ ရှင့်ကို ဒီလိုပုံစံမျိုးဆိုတာကျွန်မ အစောကြီးကတည်းကသိခဲ့ရင် ရှင့်ကိုယူရမှာထက် ကျွန်မကို အိပ်ရာထဲမှာ တစ်လအခါ 200,000 လောက် ပြုစုပေးနိုင်တဲ့ ‌ရုပ်ချောတဲ့ မော်ဒယ်တစ်ယောက်ကိုပဲ အမ်းပစ်လိုက်မှာ”

လန်မိသားစု၏ ဒုတိယသခင်မလေးမှ သူတို့၏အတွင်းရေးကိစ္စတွေကို ထုတ်ဖော်ပြောဆိုလာသည့်အခါမှာ‌တော့ အောက်ဘက်က ဧည့်ပရိတ်သတ်များမှာ တီးတိုးပြောလာကြတော့သည်။

38 04

သို့သော် လူတိုင်းက အပြုအမူကောင်းကို ပြသထားဆဲပင်။ သူတို့တွေ စိတ်လှုပ်ရှားနေသော်လည်း အခြားကြည့်ရှုသူတွေ၏ ပျော်ရွှင်မှုကို မနှောင့်ယှက်မိစေရန်၊ စင်မြင့်ထက်က ဖျော်ဖြေမှုအပေါ် မသက်ရောက်စေရန် အကောင်းဆုံးကြိုးစားပြီး မဆူညံအောင် လုပ်နေကြသည်။

မကြာခင်မှာဘဲ ဧည့်ပရိတ်သတ်တွေ ငြိမ်ကျသွားသည်။

စင်မြင့်ထက်မှ လန်မိသားစုက အဖေ၏အသားရောင်မှာ အလွန်အမင်းကို ကြည့်ရဆိုးနေလေပြီ။

သူ့တစ်ဘဝလုံး ဂုဏ်သိက္ခာထိန်းရန် ကြိုးပမ်းလာခဲ့သမျှ၊ သူချစ်ရသူတွေရှေ့မှာ မျက်နှာ ပျက်ရလိမ့်မယ်လို့ ဘယ်သူ ထင်ထားမည်နည်း။

သူ့မာနကို အသည်းအသန် ပြန်လည်ရယူချင်မိသော်လည်း သူ၏ အားကိုးမရသော သားအကြီးနှင့် ဒေါသထွက်နေ‌သော ဒုတိယသမီးတို့ကတော့ မိသားစု၏ ဂုဏ်သိက္ခာအပေါ် ဂရုမစိုက်ကြည့်သည့်ပုံပင်။

သူသည် မျက်နှာပျက်ရုံသာမက၊ ဂုဏ်သိက္ခာကိုပါ ဆုံးရှုံးလိုက်ရသလို အစစ်အမှန် ခံစားလိုက်ရသည်။

ကျေးဇူးတင်ရမည်မှာ သူ၏ အငယ်ဆုံးသမီးက သူ့အား ဒေါသမထွက်မိဖို့ အကြံပေးလာသည်အထိ စဉ်းစားပေးတတ်တာပင်။

ထို့အပြင် လန်မိသားစုမှာ အစပိုင်းတုန်းက ဒုတိယသခင်မလေးနှင့် အခြားမိသားစုကို လပ်ထပ်ထိမ်းမြားပေးရန် သဘောတူထားပြီးသားဖြစ်၏။ သို့သော် ဒုတိယသခင်မလေးက အနှီယောက်ျား၏ ဆွဲဆောင်မှုနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားကာ သူမ၏ ကြိုတင်လက်ထပ်ထိမ်းမြားခြင်းကို ငြင်းဆန်၍ လန်မိသားစုအား ငွေအမြောက်အမြား ဆုံးရှုံးသွားစေမတတ် ဖြစ်စေခဲ့၏။

လန်မိသားစု၏ တတိယသခင်မလေးသာအချိန်မီ ကြားမဝင်ခဲ့ပါက၊ လန်မိသားစုမှာ သူတို့၏ စီးပွားရေးပါတနာတွေကို ဆုံးရှုံးလိုက်ရမည်သာမက အင်အားကြီးသော ပြိုင်ဘက်တစ်ဦးကိုပါ ရရှိလာမှာပဲဖြစ်သည်။

ကျောင်းသူ ရှီလီ အာမေဍိတ်ပြုလိုက်သည်:ဝေါင်း!

******

39 01

အခန်း ၃၉: ဒါဘယ်သူ့ကလေးလဲ

လန်မိသားစု၏ တတိယသမီးကို အပြင်ကနေ အိမ်ခေါ်လာခဲ့တာကြောင့် မိသားစုအရေးတွင် များများစားစား ဝင်ရောက်ပြောဆိုခဲ့ခြင်းမပြုခဲ့ပေ။

လန်မိသားစုမှ မိဘတွေ၏ မလွဲဧကန် အစီအစဉ်ကတော့ သူမအတွက် အိမ်‌ထောက်ဖက် ရှာပေးပြီး ခန်းဝင်လက်ဖွဲ့ ပေးလိုက်မှာပင်။

သူမ၏ လက်ထပ်ပြီးနောက်ပိုင်း အနာဂါတ်မှာ သူမယောက်ျားဘက်က မိသားစုတွင်ဖြစ်စေ၊သူမ ကိုယ်ပိုင်မိသားစုတွင်ဖြစ်စေ၊ သူမကလန်မိသားစု၏ စီးပွားရေး အင်ပါယာတွင်းသို့ ကျိန်းသေပေါက် ဝင်ရောက်လို့မရတော့။

ဒုတိယအစ်မ လက်ထပ်ဖို့ ငြင်းဆန်တော့ လန်ရှင်းက အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ခဲ့သည်။ အခြေအနေကို ဖန်တီးရယူပြီး လန်မိသားစုအတွက် ဖိစီးစရာကောင်းသော ပြဿနာကို ဖြေရှင်းခဲ့၍ မျှော်လင့်ထားသလို မိသားစု စီးပွားရေးထဲသို့ ဝင်ခွင့်ရလာခဲ့သည်။

သို့သော် သူမ၏ အစ်ကို၊ အစ်မတွေ ရှိနေသေးသရွေ့ကတော့၊ မိသားစု စီးပွားရေးတွင် အရေးပါသော ရာထူးရရန်အတွက် သူမ၏အဖေထံမှ ယုံကြည်ခြင်းကို ရရှိနိုင်မှာ မဟုတ်ပေ။

သွေးမတော်သားစပ်သည့် သားမက်ကတောင် အရေးပါသော ရာထူးအတွက် အရည်အချင်း ပြည့်မှီနိုင်သော်လည်း သူ၏ တရားဝင်သမီးဖြစ်သည့် သူမကတော့ မရနိုင်။

သူမက စေ့စေ့စပ်စပ်နှင့် သတိရှိသူတစ်ဦးပင်။ လန်မိသားစု၏ ချွေးမနှင့် သားမက်တို့ ဖောက်ပြန်တော့၊ မိသားစုထဲတွင် လန်ရှင်းတစ်ယောက်တည်းသာ သတိထားမိခဲ့သည်။ ဤထိတ်လန့်စရာကောင်းသည့် လျှို့ဝှက်ချက်ကို တဖြည်းဖြည်းချင်းစီ ‌ထုတ်ဖော်လာနိုင်သော သဲလွန်စများကို သူမ ရှာမတွေ့ခင်တွင် ဤစုံတွဲ၏ အခြားဘက်ခြမ်းကို သတိမထားမိခဲ့ပေ။

သူမသည် တစ်ချိန်တည်းမှာဘဲ ရက်စက်ပြီး ပြတ်သားသူတစ်ဦးပင်။ သူမက ရန်သူ၏ပျော့ကွက်ကိုကိုင်၍ မိသားစုဝင်ချင်း ဆိုလျှင်တောင် သေစေနိုင်သော ထိုးနှက်ချက်တွေကို ပစ်သွင်းမည့်သူဘဲဖြစ်သည်။

ဤဖြစ်ရပ်ကိုကြည့်ပြီး လန်မိသားစု၏ အစ်ကိုအကြီးဆုံးနှင့် ဒုတိယအစ်မက သူတို့အဖေနှင့် ကြည့်ရှုသူတွေရှေ့တွင် သူတို့ဘာသာ အရှက်ရအောင် လုပ်ခဲ့ကြ၏။ အငယ်ဆုံးသမီးဖြစ်သည့် - သူမကတော့ အလွန်စဉ်းစားပေးတတ်ပြီး လျော်ကန်သော အပြုအမူဖြင့် မိဘတွေ၏ဘေးနားတွင် ရပ်တည်နေသည်။

လူတိုင်း၏ နှလုံးသားထဲတွင် မျှခြေဆိုတာ ရှိလေသည်။ သူတို့မောင်နှမတွေကို ယှဉ်ကြည့်လိုက်ပါက ဘယ်သူက ‌ထိပ်ဆုံးတွင်ရှိပြီး ဘယ်သူကတော့ အောက်ဆုံးတွင် ရှိနေတယ်ဆိုတာ ရှင်းလင်းပေသည်။

ဘယ်သူ့ကို ဦးစားပေးပြီး ဘယ်သူ့ကို လက်လွှတ်မလဲဟူသည့် - ပြတ်သားသော ဆုံးဖြတ်ချက်များကို တစ်ပြိုင်တည်း ချမှတ်ထားသည်။

“သူမက ဒီစာအုပ်ရဲ့ တစ်ဦးတည်းသောအမျိုးသမီး ရန်ဘက်ဆိုတဲ့ဘွဲ့ကို တကယ်ရယူထိုက်ပါပေတယ်” ရှီလီ တွေးလိုက်သည်။

သူမ၏ စိတ်ထဲကအတွေးတွေကို ကြားနေ‌သော ကျောင်းသားတို့မျာ ၎င်းနှင့်ပတ်သက်၍ သိပ်မတွေးကြပေ။ ရှီလီကို ထူးဆန်းသည့် အကြောင်းအရာများအား ပုံမှန်ပြောတတ်သူအဖြစ် သိထားကြသည်။ အချိန်ကြာလာတော့ လူတိုင်းလည်း နေသားကျသွားလေပြီ။

၎င်းကို ဘယ်သူမှ အတည်မယူကြချေ။ သူတို့က ရှီလီကို ဇာတ်လမ်းဆန်ရာ၌ စွဲလမ်းနေသည်ဟု တွေးထားကြတာပင်။

မင်္ဂလာအခမ်းအနားကို မူလကတော့ နှစ်နာရီမထိုးခင်မှာဘဲ အဆုံးသတ်ဖို့ စီစဉ်ထားတာဆိုသော်ငြား လေးနာရီ ကြာမြင့်သွားချေပြီ။

ဧည့်သည်တစ်ယောက်မှ ထွက်မလာခင်မှာ နေ့လည်စာ မစားရသေးသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ မကျေနပ်သည့် အရိပ်အယောင်ကို မပြသပေ။

ဟိုတယ်ကနေ ထွက်လာတော့ သူတို့အားလုံးမှာ စိတ်တိုင်းကျ စားသောက်ခဲ့ရသလိုမျိုး ကျေနပ်သည့် အမူအရာများ ရှိနေကြ၏။

ယနေ့ မင်္ဂလာအခမ်းအနားမှာ သူတို့ယခင်က တက်ရောက်ခဲ့သည့် အခြားသော ဧည့်ခံပွံများထက်ကို ကျေနပ်စရာ ကောင်းပေသည်။

မှန်ပေသည်၊ ကြီးကျယ်သော ဒရာမာကို မြင်တွေ့ခဲ့ကြသည့် ဧည့်သည်တွေ ပျော်နေကြတာပင်။

သို့ပေတည့် လန်မိသားစုဝင်များကတော့ မပျော်နိုင်။ အပြင်လောကမှ အတည်တကျမရှိသော ကောလဟလတွေအရ၊ လန်မိသားစုအိမ်ပြန်ရောက်တော့ ပြင်းထန်သော စကားလုံးစစ်ပွဲ ဖြစ်ခဲ့လေသည်။

လန်မိသားစု၏ အစ်ကိုအကြီးဆုံးမှာ ယောက်ဖထံမှ ထိုးကြိတ်ခံနေရတုန်း ဒုတိယညီမက သစ္စာမရှိသော ယောက်ျားနှင့် ယောက်မကို ပါးရိုက်နေသည်။

အနှီဖြစ်ရပ်က အံ့ဩစရာများ မပြတ်လပ်နေပါချေ။ ကြည့်ရှုသူတွေ မရှိတော့တာကတော့ နှမြောစရာပင်။

လန်မိသားစု၏ မိဘတွေက ဆိုဖာပေါ်တွင် အေးအေးလူလူထိုင်နေပြီး အိမ်တွင် အပြင်လူတွေ မရှိတော့သည့်အလား အချင်းချင်း ကုပ်တွယ်နေသော ကလေးတွေကို စိတ်မပါလက်မပါ ကြည့်နေသည်။

ဆူညံလှသော ရန်ပွဲ၏ ကောလဟာလအား လန်မိသားစု၏ အိမ်နီးနားချင်းတွေက အတည်ပြုပေးလာသည်။ နောက်ပိုင်းတွင်အနီးနားရှိ ဆေးဆိုင်၌ ဒဏ်ရာများနှင့် အဆစ်လွဲခြင်းအတွင် ဆေးထွက်ဝယ်သည့် လန်မိသားစု၏ အိမ်ဖော်ကို မြင်တွေ့ခဲ့၏။

ထပ်ပေါင်းပြောရလျှင် အချို့စပ်စုသောဧည့်သည်များက လန်မိသားစု၏အိမ်သို့တမင်ကို သွားလည်ခဲ့သေးသည်။

လန်မိသားစု၏ အစ်ကိုအကြီးဆုံးနှင့် ဒုတိယညီမတို့၏ ‌ဝက်ခေါင်းလိုမျိုး ရောင်ကိုင်းပြီး ဒဏ်ရာဒဏ်ချက်များရှိနေသော မျက်နှာတွေကို သူတို့တွေ မြင်တွေ့ခဲ့ကြ၏။ လန်မိသားစု၏ချွေးမရော၊ ဒုတိယသားမက်ကိုရောပါ မမြင်တွေ့ခဲ့ကြရဘဲ မိသားစုထဲမှ ကန်ထုတ်ပစ်လိုက်ပြီဟူသော ထင်ကြေးများလည်း ထွက်ပေါ်လာခဲ့သည်။

39 02

မင်္ဂလာပွဲကို တက်ရောက်သူများမှာ အင်မတန်မွေ့လျော်ခဲ့ပြီး ဖန်သားပြင်ထက်တွင် အခြားသော ကျောင်းသားတွေနှင့် ဝေမျှဖို့ကိုလည်းမမေ့လျော့ကြ။

ကြင်နာသော ကျောင်းသားတစ်ဦးဆိုလျှင်ထိုနေ့က ရိုက်ကူးခဲ့သော ဗီဒီယိုကို အုပ်စုဖွဲ့စကားပြောခန်းထဲ၌ ပြန်လည်ဝေမျှလာခဲ့၏။

ကျွမ်းကျင်သော ကျောင်းသားတွေတင် ဗီဒီယိုရိုင်ကူးခဲ့တာ မဟုတ်သော်ငြား အခြားသော သက်ကြီးရွယ်အိုများမှာ သူတို့မိသားစုတွင်ယခုလို အရှက်ရစရာများ မရှိသော်လည်း သူတို့၏ ဖုန်းတွေကို ဝေ့ယမ်းခြင်းမှ ရှောင်ကြဉ်ကြသည်။

မျက်စိအဖမ်းစားနိုင်သော ပထမဆုံး အပိုင်းနှစ်ပိုင်းကတော့ ရှီလီ၏ ကြိုတင်အသိပေးခြင်းကို ခံခဲ့ရသည့် ကျောင်းသားတွေ ရိုက်ကူးခဲ့သောကင်မရာနှင့် ဘေးပတ်လည်က ဒါဇင်ချီ‌သော ကင်မရာရှုထောင့်များမှပင် ဖမ်းယူရရှိခဲ့၏။

အားလုံးပေါင်းခြုံကြည့်လျှင် ထိုဖြစ်ရပ်ကို ဖမ်းယူမိသော လူအရေအတွက်မှာ အတော်ကိုများသည်။

အခြားသော ဧည့်သည်တွေ အသိဝင်လာပြီး မှတ်တမ်းရယူချင်သည့် အချိန်မှာတော့ အလွန်နောက်ကျသွားချေပြီ။ ဝန်ထမ်းတွေက ဖန်သားပြင်ကြီးကို ပိတ်ပစ်လိုက်ပြီး စင်မြင့်ထက်က လန်မိသားစု၏ သိုင်းကွက်များသာ ကျန်ရှိတော့သည်။

သို့ပေတည့် ၎င်း၏ စိတ်လှုပ်ရှားစရာကောင်းမှုကတော့ နောက်ကျမကျန်ရစ်ပေ။

ဗီဒီယိုတွေနှင့် မတ်ဆေ့ခ်ျအားလုံးကို မြင်တွေ့ပြီးနောက် ကျောင်းသားများမှာ အံ့ဩမှင်သက်သွားကြ၏။

[ငါအမြင်မမှားဘူးမလား]

[ငါတော့ လန့်သွားပြီ]

[ချွေးမနဲ့ ယောက်ဖက အတူတူရှိ‌နေကြတာလား]

[ဟုတ်လောက်မယ်။ အပေါ်ပိုင်းဗလာတွေနဲ့ လူးလိမ့်နေကြတာ၊ နိုင်ငံခြားဘာသာစကားကို သင်နေတာတော့ မဖြစ်နိုင်ဘူးလေ၊ ဟုတ်တယ်ဟုတ်။ ]

စူးစူးဝါးဝါး ကျယ်လောင်သော အသံများကို လုပ်နေကြသူများမှာ အနည်းငယ်သာရှိပြီး အများစုက ဗီဒီယိုကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။

ဗီဒီယိုကို တင်ပေးခဲ့သော ကြင်နာသည့်သူ ကဗီဒီယိုအတိုလေးကိုသာ တင်ပေးခဲ့တာဖြစ်ပြီး တိုင်ကြားမခံရအောင်လို့ အချို့အကြောင်းအရာတွေကို ဂရုတစိုက် မှုန်ဝါးထားသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် ဗီဒီယိုအတိုလေးများကို ကြည့်ပြီးသွားသူများမှာ မှတ်ချက်များ ပလူပျံအောင် ပစ်ပေါက်လာတော့သည်။

[ဘာလဲဟ။ ဒီနှစ်ယောက်က အတွဲတွေလား။ ]

[မိနစ်အနည်းငယ် အတွင်းမှာကို ငါ့စိတ်က ပေါက်ကွဲထွက်သွားပြီ]

[ချမ်းသာတဲ့သူတွေက ဘယ်လိုပျော်ရမလဲဆိုတာ သိကြတာဘဲ]

[ငါဆို စိတ်တောင်မကူးရဲဘူး၊ ချမ်းသာတဲ့သူတွေကတော့ ထုံးစံအတိုင်း ကောင်းကောင်း စားသောက်ကြတာဘဲ၊ ဟက်]

[ဟုတ်တယ်၊ ရုံးက တံဆိပ်ခေါင်းထုတဲ့ တိုက်ပွဲတွေလို အရည်ရွှမ်းတဲ့ အခိုက်အတန့်တွေအများကြီးရှိဦးမှာဘဲ]

ဖြစ်ရပ်တွက် ရှိခဲ့ကြသော ကျောင်းသားများကပဲစေ့များ လောင်းချလာကာ [ဒီဇာတ်ကားခေါင်းဆောင်ကို ဘယ်သူထုတ်လွှင့်လိုက်လဲဆိုတာ မင်းတို့တွေ သိကြလား။ ]

[ဘယ်သူတုန်း။ ကွေ့ဝှိုက်မနေနဲ့။ ငါတို့ကိုပြောပြ]

[သူတို့ရဲ့ ပြိုင်ဘက်ဖြစ်မှာပေါ့၊ မှန်တယ်မလား။ (ဟာသ)]

[လန်မိသားစုက တတိယကလေးဟေ့၊ သူတို့ရဲ့တရားမဝင်သမီး]

လန်မိသားစု၏ အကြောင်းကို သိပ်မသိကြသော သူများမှာ နောက်ဆက်တွဲများကို မြင်လာကြပြီး ရည်ရွယ်ချက်များကို အကြမ်းဖျင်း မှန်းဆလာနိုင်ကြ၏။

[ဒီမိန်းမက သူ့မိသားစုကိုတောင် အရှက်တကွဲဖြစ်စေတဲ့အထိ အကြင်နာခေါင်းပါးတာဘဲ]

[ဒါပေမဲ့ သူမက အကျိုးအမြတ်တွေကိုတော့ ရိတ်သိမ်းလိုက်နိုင်တယ်]

39 03

အုပ်စုဖွဲ့စကားပြောခန်းတွင် လန်မိသားစု၏အတွင်းရေးကိစ္စများအကြောင်းကို ဆွေးနွေးမှုများဖြင့်သာ အုတ်အုတ်ကျက်ကျက် ‌ဖြစ်နေကြ၍ အတင်းအဖျင်းကို လူတိုင်း အကျဉ်းချုံ့ကြည့်လိုက်သည့် အခါမှာတော့ ယခုလိုကိစ္စမျိုးကို စိတ်မဝင်စားခဲ့သော သူတွေတောင်မှ ၎င်းကို ထိုးထွင်းသိမြင်လာသည်။

[ငါတို့တွေ အနာဂါတ်မှာ ရှီလီနဲ့ အရှိန်တူအောင် လုပ်ထားရမယ်၊ သူမနောက်ကိုလိုက်ရင် နည်းနည်းပါးပါး အရည်ရွှမ်းတာတွေ အာမခံလို့ရမှာ”

ယခုလက်ရှိတွင် လူချမ်းသာ ကလေးတွေမှာ အခုလို အုပ်စုထဲတွင် အဆုံးသတ်သွားရန်သာ တတ်နိုင်ပြီး သာမန်ကျောင်းသားများမှာ စိတ်ပျက်လက်ပျက် သက်ပြင်းချရုံသာ တတ်နိုင်၏။

ထို့နောက် ဉာဏ်ကောင်းသော တစ်ယောက်ကအကြံတစ်ခု ပေါ်လာသည်: [ငါတို့တွေ ဖိတ်စာမရရင်တောင် ဟော်တယ်မှာ ယာယီဝန်ထမ်းတွေအဖြစ် ဝင်လုပ်လို့ရတာဘဲလေ]

[ဟုတ်သားဘဲ၊ ဟိုတယ်က ဝန်ထမ်းတွေ လိုနေမှာပဲ၊ ဟုတ်တယ်မလား။ ]

[နင်တို့ကောင်တွေ အတင်းအဖျင်းအတွက်နဲ့အလွန်အကျွံ ဖြစ်နေကြပြီ]

လူတိုင်းသည် ဤပိတ်ရက်၌ ကောင်းကောင်းအနားမယူခဲ့ကြရဘဲ ရနိုင်သမျှကို စုဆောင်းနေကြသည်။

လန်မိသားစုကတော့ သတင်းတွေကို ဖိနှိပ်ဖို့ ကြိုးစားခဲ့သော်လည်း ရေပန်းစားသော သတင်းတွေထဲသို့ အကြိမ်ရေများစွာ ရောက်ရှိသွားသည်။ ကျောင်းသားတွေကြားထဲ၌ လန်မိသားစုရဲ့ မြေးတွေကရော သွေးသားတော်စပ်ရဲ့လားဟူသည် ထောင်ချီသော မေးခွန်းများမှာလည်း ပလုံစီနေသည်။

ထိုအခိုက် ရှီလီကို သူတို့တွေ သတိရသွားကြ၏။

ရှီလီအား ထိုအကြောင်းမေးရန်အတွက် လူတိုင်းက ဝေ့ယီကို တာဝန်ပေးလိုက်သည်။

နားချိန်၌ ဝေ့ယီ ပေါ့ပေါ့ပါးပါး ထုတ်မေးလိုက်သည်။ “ရှီလီ၊ နင် ရေပန်းစားနေတဲ့ သတင်းတွေကို ကြည့်ပြီးပြီလား။ လန်မိသားစုက မင်္ဂလာပွဲမှာ သူတို့ကိုယ်သူတို့ အရှက်ရအောင် လုပ်တယ်လို့ လူတိုင်း ပြောနေကြတယ်၊ အတော့်ကို ရှက်ဖို့ကောင်းတာပဲနော်”

“ငါလည်း အမေနဲ့ သွားလိုက်သင့်တာ၊ ဒါပေမဲ့ အမေ့ ကုမ္ပဏီမှာ အရေးကြီးကိစ္စ ပေါ်လာတော့၊ သူမ မသွားနိုင်ဘူး၊ ပြီးတော့ငါကလည်း တစ်ယောက်တည်း မသွားနိုင်ဘူး”

သူမက အနည်းငယ် ဆူပုပ်စွာဖြင့် “တကယ်လို့ အဲ့ဒီမှာ အုတ်အော်သောင်းနင်း ဖြစ်မယ်ဆိုတာကို ငါသိခဲ့ရင် ငါတစ်ယောက်တည်းဆိုလည်း သွားလိုက်မှာ။ ငါတို့‌ အတူတူသွားရင် အနည်းဆုံး တစ်ယောက်နဲ့တစ်ယောက် အဖော်ပြုပေးလို့ ရတာပေါ့ဟယ်”

ရှီလီက ‘နင်လူမှန်ကို လာမေးနေတယ်’ ဟူသောအမူအရာဖြင့် သူမကို ကြည့်လိုက်ကာ“အဲ့လိုဖြစ်တော့ ငါလည်း ကံကောင်းပြီး ရောက်သွားတာ။ ပြောပါဦး၊ နင်ဘာသိချင်တာလဲ”

ထိုအခိုက်အတန့်၌ ရှီလီ၏အရှေ့၊ အနောက်နှင့် ဘေးတွင်ထိုင်နေ‌သော ကျောင်းသားများ နားစွင့်ထားလိုက်ကြ၏။

သူမ၏ ကံကောင်းလို့ဟူသော ဖော်ပြချက်ကိုကြားတော့ အခြားသူတွေ ကန့်ကွက်လိုက်ကြသည်: အပိုတွေ၊ လန်မိသားစုမှာ တစ်ခုခုဖြစ်မှာကိုသိလို့ အဲ့ကို အပြေးသွားကြည့်တဲ့ဟာကိုများ။

ဝေ့လည်ကြောင်ပတ်လုပ်နေသော ဝေ့ယီမှာ ဘာမှမသိထားသလို ဟန်ဆောင်လိုက်ရင်း“သူတို့တွေ အွန်လိုင်းပေါ်မှာ ပြောသလိုလား။ WeChat ထဲက အတင်းအဖျင်း ဗီဒီယိုအချို့ကိုတော့ ငါကြည့်လိုက်သေးတယ်”

“အွန်လိုင်းပေါ်မှာ သူတို့ ဘာတွေပြောကြလို့လဲ”

ဖရဲစေ့တွေကို ကိုက်ဝါးရန်သာ အလုပ်များနေသော ရှီလီသည် အွန်လိုင်းပေါ်မှာ ဘာဖြစ်နေတယ်ဆိုတာကို ဂရုမစိုက်အားပေ။ ဘာတွေပြောနေလဲဆိုတာ သူမ တကယ်မသိတာပင်။

39 04

ရှီလီက ခေါင်းရှုပ်စွာဖြင့် “အတင်းပြောတဲ့အုပ်စုတွေထဲမှာ ဗီဒီယိုတွေကို ကြည့်လို့ရသေးတယ်လား”

အတွေးအရတော့ သေချာပေါက် မဖြစ်နိုင်။ အားလုံးကို ဝေ့ယီ ကြံဖန်ထားတာပင်။

ဗီဒီယိုတွေကို ရှီလီ ကြည့်ချင်တယ်လို့ မေးလာမှာစိုးသဖြင့် ဝေ့ယီ စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “လန်မိသားစုရဲ့ ချွေးမနဲ့ယောက်ဖနဲ့ အတူတူရှိနေတယ်ဆိုပြီး ပြောနေကြတာ၊ မင်္ဂလာပွဲတုန်းက သူတို့ နှစ်ယောက်ရဲ့ ဗီဒီယိုအတိုတွေတောင် ရှိသေးတယ်ရယ်။ သူတို့ကို ချစ်သူတွေဖြစ်ဖူးတယ်လို့လည်း ပြောကြသေးတယ်။ အားလုံးက ဆန်းကြယ်လွန်းပါတယ်။ အမှန်မဖြစ်နိုင်ဘူး”

ရှီလီ ခေါင်းညိတ်ကာ “အဲဒါအမှန်ဘဲ။ လက်တွေ့က ရုပ်ရှင်ထဲကထက်တောင် ပိုပြီးစိတ်လှုပ်ရှားဖို့ ကောင်းသေးတယ်”

ဝေ့ယီမှာ အလွန်အံ့အားသင့်စွာဖြင့် ပါးစပ်ကိုအုပ်လိုက်ပြီး မယုံကြည်နိုင်စွာ ပြောလိုက်၏။ “ဘုရားရေ၊ တကယ်မှန်နေတာဘဲ”

ရှီလီ၏ အိမ်နီးချင်းတွေက ဝေ့ယီ၏ ချဲ့ကားလွန်းသောအသံကို ကြားသွားပြီး သူမ၏အလွန်အကျူး လုပ်ပြနေခြင်းအပေါ် သည်းမခံနိုင်ကာ မျက်မှောင် ကြုတ်လိုက်ကြ၏။

ဝေ့ယီက နောက်ထပ်အကြောင်းအရာတစ်ခုကို ပေါ့ပေါ့ပါးပါး ထုတ်ပြောလိုက်သည်။ “လန်မိသားစုက ချွေးမ ‌မွေးထားတဲ့ ကလေးတွေကရော၊ သူ့ယောက်ျားရဲ့ ကလေးတွေလား ဒါမှမဟုတ် သားမက်ရဲ့ ကလေးတွေလား”

ဤမေးခွန်း၏ အဖြေကို အခြားသူတွေ မသိကြသော်ငြား ရှီလီကတော့ သိနေသည်။

******

40 01

အခန်း ၄၀: “ယောက္ခမလောင်း” ဆီ သွားလည်ခြင်း

လန်မိသားစု၏ အစ်ကိုအကြီးဆုံးနှင့် သူ၏ဇနီးမှာ လအနည်းငယ် အတွင်းမှာဘဲ ကွာရှင်းပြတ်စဲလိုက်ကြ၏။ ဇနီးဖြစ်သူက ခြောက်လသားအရွယ်ရှိသော သားကို နို့တိုက်ရမည်ဟုဆိုပြီး သူမနှင့်အတူခေါ်သွားသည်။ သုံးနှစ်အရွယ် သမီးကတော့ လန်မိသားစု၌ ကျန်ရစ် ခဲ့သည်။

ထိုအကြောင်းကို ရှီလီ ပြောပြလာတော့ လူတိုင်း တွေးကြည့်လို့ရသွားလေပြီ။ လန်မိသားစု၏ အကြီးဆုံးသမီးကတော့ သွေးသားရင်းဖြစ်ပြီး သားလေးကတော့ ဒုတိယညီမ၏ ယောင်္ကျားနှင့် ရထားတာဆိုတာသေချာပေါက်ပင်။

လန်မိသားစုက သူတို့၏ သွေးဆက်ကို သိသိသာသာ တန်ဖိုးထားကြ၍ ယောင်္ကျားထုကြီးစိုးသော ခေတ်နောက်ပြန် မိသားစုစနစ်အတိုင်း သားတွေကို သမီးတွေထက် ပိုအလေးပေးသည်။

အကယ်၍ မြေးယောက်ျားလေးကသာ သူတို့၏ သွေးသားရင်း ဟုတ်ပါက လန်မိသားစုက ဘယ်လိုအခြေအနေမှာဘဲ သူ့ကို လက်လွှတ်မှာ မဟုတ်ချေ။

မြေးမိန်းကလေးကို ခေါ်ထားရန် သူတို့တွေ ဆုံးဖြတ်လိုက်ကြသော်ငြား မြေးယောက်ျားလေးကို ထွက်သွားခွင့် ပြုလိုက်ကတည်းက ယင်းဖြစ်ရပ်မှာ အရှင်းကြီးကို ပုံပေါ်သွားလေပြီ။

ရှီလီသည် ဘယ်သူ့ရဲ့ကလေးက ဘယ်သူဆိုတာကို သိနေသော်လည်း သူမ၏ သတင်း အရင်းအမြစ်ကို သက်သေမပြနိုင်သည့်အလားနှုတ်ဆိတ်နေ၏။

ဤကလေးတွေ၏ မိဘတွေကို လူတိုင်း မရေရာကြပေ။ အကယ်၍ သူမကသာ အားလုံးကို ထုတ်ပြောလိုက်ပါက သူမကို သံသယမဝင်ကုန်ဘူးလား။

ရှီလီက တခစ်ခစ်ရယ်ရင်း ပြောလိုက်သည်။ “အဲဒါက အတွင်းရေးကိစ္စတွေလေ။ ငါတို့လို အပြင်လူတွေက ဘယ်သိနိုင်မှာတုန်းဟ။ ကလေးနှစ်ယောက်က လန်မိသားစုကလားဆိုတာကို သိချင်သပါ့ဆိုလည်း၊ ကွာရှင်းပြီးရင် ဘယ်သူက အုပ်ထိန်းခွင့်ရမလဲဆိုတာကို သွားသာစုံစမ်းကြည့်တော့”

ဝေ့ယီမှာ သူမ လိုချင်သည့် အဖြေအား ရသွားပြီဖြစ်သဖြင့် ‌ဆွေးနွေးမှုကိုရပ်၍ စကားလွှဲလိုက်သည်။ “ဒါဆိုလည်း စောင့်ကြည့်ရတာပေါ့”

ထို့နောက် သူမက ရှီလီနှင့် ရောက်တက်ရာရာအကြောင်းတွေကို ပြောနေလိုက်ပြီး ဆရာဝင်လာတော့မှ သူမထိုင်ခုံဆီ ပြန်သွားလိုက်၏။

ရှီလီ၏ အတန်း‌ဖော်တွေမှာ သူမ၏ အတွေးတွေကို ကြားပြီးနောက် အုပ်စုထဲတွင် လက်ဆင့်ကမ်းကြသည်။

ဖြစ်ရပ်က လူတိုင်းထင်ထားတာထက် ကျော်လွန်နေပြီး ခန့်မှန်းလို့ရသည်။

လူတိုင်း အတိအကျကို ခန့်မှန်းလိုက်နိုင်သည်၊ လန်မိသားစုက ထိပ်ဆုံးကနေ အောက်အထိကို ရက်စက်ကြတာဘဲ။ သူတို့တွေ မကြာခဏ အတူတူရှိနေတာလည်း သာမန်ပဲ။ အဖြစ်ဆိုးကို ရှောင်လွှဲလို့ မရပါလား။

လန်မိသားစု၏ အေးချမ်းမှု ဆုံးရှုံးသွားသည့်အကြောင်းကို ဆွေးနွေးကြရင်း ဒုတိယသားမက်၏ ရဲတင်းသော လုပ်ရပ်တွေက အုပ်စုဖွဲ့စကားပြောခန်းထဲ၌ ပြည့်နှက်သွားပြန်သည်။

အကြီးဆုံးသားက ညံ့ဖျင်းသော်လည်းသူသည် သခင်ကြီး၏ ဆက်ခံသူဖြစ်ပြီးမိသားစု၏ ချမ်းသာကြွယ်ဝမှုကို အများဆုံး အမွေဆက်ခံရမှာပင်။ သူ၏သားဖြစ်သူ၊အကြီးဆုံး မြေးယောက်ျားလေးသည်လည်း သူတို့၏ ပိုင်ဆိုင်မှုများကို အမွေဆက်ခံရန် ကြိုတင်ပြဌာန်းထားပြီးသား ဖြစ်သည်။

ကလေးတွေ၏ ဖခင်အကြောင်းကို အပြင်လေးကတွင် ကောလဟာလတွေ မထွက်ပေါ်ခင်ကတည်းက လန်မိသားစု၏ သခင်ကြီးကတော့ မင်္ဂလာပွဲမှာကတည်းက ကလေးတွေ၏ဇာတ်မြစ်အပေါ် သံသယ ဝင်နေပြီးသားပင်။

40 02

အေးစက်သော သူသည် မြေးမိန်းကလေးနှင့်သာ အချိန်ပိုပြီးကုန်ဆုံးခဲ့သော်လည်း လန်မိသားစု၏ မြေးယောက်ျားလေးအပေါ်တော့ မျှော်လင့်ချက် ထားမိနေဆဲဖြစ်သည်။

ထိုညမှာဘဲ အကြီးဆုံးချွေးမက ဒူးထောက်လာပြီး ကလေးတွေက ကျိုး၏ ကလေးတွေသာဖြစ်ပြီး ယုံကြည်ပေးပါရန် လူအိုစုံတွဲကို တောင်းပန်ခဲ့သည်။

သူမကို ဘယ်သူမှ မယုံကြ။ ကျိုးကိုယ်တိုင်ကလေးတွေဆီက DNA ယူပြီး စစ်ခဲ့သည်။

ရလဒ်မှာ အလျင်အမြန် ပေါ်ထွက်လာခဲ့ပြီးသူ့အား အတော်ကို စိတ်ပျက်သွားစေခဲ့သည်။ မြေးမိန်းကလေးကတော့ သူ့ကလေးဖြစ်သော်ငြား မြေးယောက်ျားလေးကတော့ သူနှင့်သွေးသားမတော်စပ်သည့် ‌သားပင်။

တကယ့်ကလေးအဖေ၏ အထောက်အထားမှာ အရေးမပါတော့။

စိတ်လှုပ်ရှားရသော ပွတ်လောရိုက်ခြင်းများ ငြိမ်သက်သွားသည့် အခါမှာတော့ Zhuo သည် အနှီမိန်းမကို လအနည်းငယ် အတွင်းမှာဘဲကွာရှင်းရန် စိတ်ဒုံးဒုံးချလိုက်တော့၏။

လူများစွာက ထင်ကြေးပေးနေသော်လည်း လန်မိသားစုကတော့ တစ်ခွန်းမှ ဖွင့်ဟပြောဆိုခြင်း မပြုခဲ့။

လန်မိသားစု၏ အကြီးဆုံးနှင့် ဒုတိယအစ်မတို့မှာ ရံဖန်ရံခါမှ ရုံးခန်းဆီသွားကြပြီး သီးခြား ဘဝတွင် စတင်နေထိုင်လာကြတော့၏။ ဆန့်ကျင်ဘက်အားဖြင့် လန်မိသားစု၏အငယ်ဆုံးသမီးမှာ သူမနည်းသူမဟန်ဖြင့် ကုမ္ပဏီထဲသို့ ဝင်ခွင့်ရခဲ့ပြီး သူမ၏ မျက်မှောက်ကာလကို ခံစားနေခဲ့သည်။

သူမ၏ အသုံးမကျသော မောင်နှမတွေနှင့်မတူသည့် လန်မိသားစု၏ သမီးအငယ်ဆုံးမှာသူမ၏ အလုပ်၌ ကျွမ်းကျင်ပေသည်။ သူမသည် ကုမ္ပဏီတစ်ခုလုံး၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရ၏။

ထို့ကြောင့် လန်မိသားစု၏ သခင်ကြီးသည်လည်း သဘာဝကျကျဘဲ သူမကို စတင်အားထားလာပြီး သူမ၏ မောင်နှမတွေကတော့ လန်အုပ်စု၏ အာဏာကနေ ဝေးကွာလာခဲ့ပြီးသူတို့၏ ရွှေရောင်နေ့ရက်များကို ဆုံးရှုံးလိုက်ရတော့သည်။

လောက၌ အသစ်အဆန်းတွေ အမြဲတမ်းရှိပြီးလူတိုင်းတွင် သူတို့သက်ဆိုင်ရာ လုပ်ငန်းကိစ္စတွေ ရှိပေသည်။

လန်မိသားစုမှ ဒုတိယသမီး၏ မင်္ဂလာပွဲအရှုပ်တော်ပုံမှာလည်း မကြာခင်တွင် မေ့ပျောက်ခံလာရတော့သည်။

ထိုနေ့၌ ညစာစားပွဲတွင် ဟွမ်ကျဲပြောလာတာကို ရှီလီ ကြားလိုက်သည်။ “အမေ ဒီပိတ်ရက်ကျဖုန်းယွင်ဟယ်ရဲ့ အမေဆီ သွားလည်မလို့။ သမီးကော လိုက်ဦးမလား”

ဖုန်းယွင်ဟယ်ကို ရှီလီ သဘောကျနေမှန်း ဟွမ်ကျဲသိသဖြင့် ရှီလီ သဘောကျသောယောင်္ကျား၏ အမေရှေ့တွင် မျက်နှာချိုသွေးနိုင်ဖို့ မျှော်လင့်ရင်း ရှီလီ၏ အရှေ့တွင် ထုတ်ပြောလိုက်တာပင်။

အမေတစ်ယောက်အနေဖြင့် သူမသမီးက ယောက္ခမလောင်းအရှေ့တွင် မျက်နှာသာရရန် ကြိုးစားမှာကို မြင်ရမှာ အနည်းငယ် အဆင်မပြေသော်လည်း သူမသမီး ဆန္ဒရှိတာကို လုပ်ရန် အားပေးသွားမှာဖြစ်သည်။

ရှီလီ အနည်းငယ်တော့ တုံ့ဆိုင်းမိလေသည်။ သူမ၏ အတိတ်ဘဝတုန်းက ဇာတ်လိုက်နှစ်ယောက်နှင့် အနေဝေးရန် ကြိုစားခဲ့သော်လည်း ဖုန်းအမေနှင့်တော့ အလွန်ပနံသင့်သည်။

ဖုန်းအမေက ကြင်နာတတ်သော လူကြီးတစ်ယောက်ပင်။ သူမက ဟွမ်ကျဲ၊ ရှီလီ၏အဒေါ် နှင့် ကောင်းမွန်သော သူငယ်ချင်းဆက်ဆံရေး ရှိသည်။ ရှီလီကို သူမ၏ ချွေးမဖြစ်လာရန်အတွက်လည်း အမြဲထောက်ခံလေသည်။ အတိတ်ဘဝတုန်းက ရှီလီ သူမ၏ “နှလုံးသားကို အနိုင်ယူ” ပြီးနောက် ဖုန်းယွင်ဟယ်ကရှီလီနှဂ့် မတန်ဘူးလို့သာ ပြောခဲ့ပြီး ရှီလီ၏မကောင်းကြောင်းကို တစ်ခွန်းမှ မဟခဲ့ပေ။

လူကြီးတစ်ယောက်ဖြစ်သော ဖုန်းအမေဆီ သွားလည်ခြင်းက မှန်ကန်သော လုပ်ရပ်ပင်။ ဖုမ်းယွင်ဟယ်အပေါ် အချစ်ရူးရူးနေသည့်ဗီလိန်တစ်ဦးအနေဖြင့် ဖုန်းအမေအရှေ့တွင်သူမ မျက်နှာချိုသွေးပြီး “ယောက္ခမလောင်း”၏ သဘောတူညီမှုကိုရရန် ကြိုးပမ်းသင့်ပေသည်။

“အမေတို့ ဒီညစာကို အပြင်ထွက်စားပြီးအဝတ်နည်းနည်းပါးပါး သွားဝယ်လို့ရတာဘဲ။ ခုတစ်လော သမီး အရပ်ရှည်လာတာကို အမေမြင်တယ်၊ သမီးရဲ့ အင်္ကျီတွေ၊ ဘောင်းဘီတွေဆို မတော်တော့ဘူး”

40 03

မိဘများအနေဖြင့် အမြင်ချင်ဆုံးအရာမှာ သူတို့ကလေးကို ကျန်းကျန်းမာမာနှင့် အရပ်ရှည်ကြီးထွားလာတာဘဲဖြစ်၍ ဟွမ်ကျဲသည်လည်း ချွင်းချက်မဟုတ်ပေ။ ရှီလီ အရပ်ရှည်လာတာကို မြင်ရတာက သူမကို အလွန်ပျော်ရွှင်စေသည်။

ရှီလီ သဘောတူလိုက်၏။ “ဟုတ်၊ အမေနဲ့ဈေးဝယ်မထွက်ရတာတောင် အတော်ကြာပြီ။ သမီးဘာသာ အပြင်ထွက်ရင် ဝယ်ဖို့ဝန်လေးနေတဲ့ အချို့အရာတွေ အများကြီးရှိတယ်”

ဟွမ်ကျဲ သူမအား စနောက်လိုက်သည်။ “အမေ့အထင်ကတော့၊ အမေ့ကို ပိုက်ဆံရှင်းခိုင်းပြီး ဖုန်းယွင်ဟယ် အမေကြိုက်တာကို ကြည့်မလို့မလား။ ”

ရှီလီက ‘ဘယ်လိုလုပ်ပြီး အားလုံးကို ခန့်မှန်းနိုင်တာလဲ’ ဟူသည့် အမူအရာကို လုပ်ပြလိုက်သည်။ သို့သော် သူမစိတ်ထဲ၌ တွေးလိုက်၏'အမေ ဒီတစ်ခေါက်တော့ မှားသွားပြီ။ အမေ့ကို ပေးဆပ်ချင်တဲ့ သမီးရဲ့ နှလုံးသားက ရွှေထက်တောင် စစ်မှန်ပါတယ်ရယ်’

ဖျားနာသူတွေကို နေ့ခင်းဘက်ထက် မနက်ပိုင်းသွားလည်ခြင်းက အကောင်းဆုံးပင်။

ရှီလီနှင့် သူမအမေသည် မနက်စောစောထ၍ဖုန်းအမေ နေထိုင်သော ဆေးရုံသို့ ကိုးနာရီ၌ရောက်ရှိသွားသည်။

ဖုန်းအမေက နေမကောင်းဖြစ်နေတာ မဟုတ်ဘဲ၊ အားနည်းပြီး စိတ်ထိခိုက် လွယ်နေတာပင်။ သူမက အိမ်တွင် လျန်ရုန်ရုန်ကို မမြင်ချင်တာကြောင့် မြို့ဆင်ခြေဖုံးက အရည်အသွေးမြင့် ဆေးရုံသို့ ပြောင်းရွှေ့နေထိုင်ခဲ့တာပင်။

ဆေးရုံသည် လူဆင်းရဲတွေဆီက မဟုတ်ဘဲ၊ဇိမ်ခံချင်‌သော လူချမ်းသာတွေဆီမှ ပိုက်ဆံရှာနေတာဖြစ်သည်။

ထိုနေရာတွင် နေ့စဉ်နေထိုင်စရိတ်က အလွန်မြင့်မားသော်လည်း ဖုန်းအမေက ချမ်းသာသဖြင့် ကုန်ကျစရိတ်ကို စိတ်ထဲမထားချေ။

သဘာဝ အောက်ဆီဂျင်ဘားကဲ့သို့သော ဆေးရုံ၏ သစ်ပင်များ လွှမ်းခြုံထား‌သည့်အကျိုးအမြတ်က အလွန်မြင့်မားသည်။

ရှီလီ ကားထဲမှ ထွက်လိုက်တော့ သဘာဝလေကောင်းလေသန့်ကို တစ်ဝကြီး ရှူရှိုက် လိုက်သည်။

“ဒီလိုမျိုး လှပတဲ့ သဘာဝပတ်ဝန်းကျင်မှာနေရတော့ နာကျင်တာတွေ၊ ခံစားရတာတွေ အကုန်လုံးကို ဘယ်သူမဆို မေ့ပျောက်နိုင်မှာဘဲနော်”

ဟွမ်ကျဲက သူမအား မကျေမနပ်ကြည့်လိုက်၍“စိမ့်မြေပန်းခြံအနားမှာ အမေတို့ရဲ့ ဗီလာတစ်လုံးရှိတယ်လေ။ နွေရာသီဆို အဲ့မှာအချိန်ဖြုန်း ဖို့ သမီးကိုပြောသားဘဲ၊ သမီးမှ မသွားတာ”

ရှီလီသည် ကားနောက်ဖုံးထဲမှ သစ်သီးခြင်းနှင့်ပန်းတွေကို ထုတ်ယူလိုက်ပြီး ဟွမ်ကျဲ၏အနောက်ကိုလိုက်ကာ “အဲ့မှာက ပိုးကောင်တွေ ပေါတာကိုးလို့၊ ခြင်တွေက သမီးဆို ပိုကိုက်ကြတာ အမေလည်း သိသားနဲ့။ တကယ်လို့သမီး စိတ်ငြိမ်ချင်ရင်တောင် အိမ်ထဲနေပြီး အဲယားကွန်းဖွင့်ထားလည်း အတူတူဘဲလေ။ တီထွင်ကြံဆသူတွေက သက်တောင့်သက်သာဖြစ်စေတဲ့ ပစ္စည်းတွေကို တီထွင်ခဲ့ကြတာ၊အမေကတော့ ခေတ်နောက်ပြန်ဆွဲရတာကို ပျော်နေတယ်။ သမီးကတော့ သည်းမခံနိုင်ပေါင်” “ဟက်၊ ကလေးဖြစ်ပြီး ပြန်ပြောစရာတွေ အများကြီး ရှိနေပါ့လား။ ငါ့အသက်အရွယ်ကို ရောက်တဲ့ တစ်နေ့ သမီးနားလည်လာလိမ့်မယ်”သူမ ပြန်လည်ချေပလိုက်၏။

ရှီလီက ပခုံးတွန့်ပြီး ဟွမ်ကျဲ၏ အပြောကိုလက်မခံပေ။ ဆေးရုံဟူ၍သာ ခေါ်သော်လည်း လူနာတွေမှာ လူနာဆောင်တွေလို အခန်းငယ်တွေထဲ နေရတာ မဟုတ်ပေ။ ထိုအစား တစ်ဦးချင်းစီတွင် ဗီလာအသေးစားတစ်လုံး ရှိပေသည်။

ရှီလီက ဘယ်သူ့ဆီ လာလည်တယ်ဆိုသည့်အကြောင်း ဝန်ထမ်းကို ပြောပြလိုက်၏။ ဝန်ထမ်းက အတည်ပြရန်အတွက် ဖုန်းအမေဆီ ဖုန်းခေါ်ပေးသည်။ ဧည့်တွေ့ခွင့်ပြုတာကို အတည်ပြုပြီးမှ ရှီလီနှင့် သူမအမေကို ဖုန်းအမေ၏ ဗီလာဆီ ခေါ်သွားပေးသည်။

ဖုန်းအမေက အိမ်ထဲတွင် TV ကြည့်နေတာ ဖြစ်သည်။ ဖုန်းခေါ်ဆိုမှုကို လက်ခံပြီးနောက် ဟွမ်ကျဲနှင့် သူမသမီး ရောက်လာမှာကို စောင့်ဆိုင်းနေလိုက်သည်။

All Chapters