← Chapters

အခန်း (၄၁-၄၄)

Vol. 3 Ch. 41-44

အခန်း (၄၁-၄၄)

Vol. 3 Ch. 41-44

41 01

အပိုင်း 41.

“ဒေါ်လေး လီလီပန်းတွေ ကြိုက်တာ သမီး သိတယ်။ အဲဒါကြောင့် မားက ဒေါ်လေးအတွက်ဆိုပြီး တမင် ခူးပြီး ထုပ်ယူလာတာ”

ထိုကောင်မလေးက သူမဘာသာ မျက်နှာကောင်း မရယူဘဲ သူမ ယောက္ခမလောင်းကို တွေ့သည့် အချိန်မှာတောင်မှ မိခင်အပေါ် တာဝန်သိစိတ် မပျက်ကွက်ပေ။

ဖုန့်ယွင်ဟယ်၏ မိခင်က အလွန် လှပသူဖြစ်ကာ ထင်ရှားသော သွင်ပြင်နှင့်အတူ တိကျပြတ်သားပြီး ရဲရင့်သော မဟာဆန်မှုမျိုးဖြင့် ပြည့်စုံလေသည်။ မူလ ဇာတ်ညွှန်းမှာက ဖုန့်ယွင်ဟယ် မိခင်၏ အဘွားက နိုင်ငံခြားသူဖြစ်ပြီး သွေးနှော ပုံစံမျိုး ဖြစ်လာခဲ့ရသည်ဟု ရှီလီ အမှတ်ရသွားခဲ့ပါ၏။

ဖုန့်ယွင်က သူ့မိခင်၏ သွင်ပြင်နှင့် ချွတ်စွပ်နီးပါး တူလေသည်။

သူမက သက်တောင့်သက်သာရှိမည့် အိမ်နေရင်း အဝတ်အစားများကိုသာ ဝတ်ဆင်ထားကာ သူမ၏ ဆံနွယ်များကလည်း ပခုံးထက်ဝယ် ဝဲဖြာကျနေပေသည်။ သူမက ခေါင်းလေးကို ငုံ့ကာ လီလီပန်းများကို မွှေးကြူချိန်ဝယ် နေရောင်ခြည်ကလည်း သူမအပေါ် ဖြာကျနေကာ ထိုအုံ့ဖျဖျ အလင်းရောင်ဖြင့် လွှမ်းခြုံခံထားရသူ အမျိုးသမီးသည်ကား ထူးထူးခြားခြား ချစ်ခင် နှစ်သက်စဖွယ် ဖြစ်နေတော့သည်။

ဖုန့်ယွင်ဟယ်၏ မိခင်ကို မြင်သော် ရှီလီမှာ ထိုဖုန့်အဖေကို ပိုလိုတောင်မှ နားမလည်နိုင်ပါလေ။ ထိုသူက အဘယ်ကြောင့်များ လျန်ရုန်ရုန်၏ မိခင်ကို နှစ်သက်ခဲ့ကာ သူ့ဘဝ၏ အချိန် အများစုကို ထိုအမျိုးသမီးကို ပူဆွေး တမ်းတခဲ့ရသနည်း။

ရုပ်ရည်သွင်ပြင်အရ လျန်ရုန်ရုန်က နူးညံ့သိမ်မွေ့သော သွင်ပြင်ရှိလေသည်။ တစ်စုံတစ်ရာသာ မလွဲမှားခဲ့ပါလျှင် သူမ၏ မိခင်က အကျည်းတန်သည် မဟုတ်လျှင်တောင်မှ သူမက ထိုမျှ ရင်သပ်ရှုမောဖွယ် ဖြစ်နေလိမ့်မည် မဟုတ်။

သို့သော်ငြားလည်း ဖုန့်ယွင်ဟယ်၏ မိခင်ကမူ သူတို့ အသိုင်းအဝိုင်းထဲတွင် လှပမှုဖြင့် ကျော်ကြားသူတည်း။ ယခု ငါးဆယ်တန်းသို့ ချဥ်းကပ်လာသည့်တိုင် သူမ၏ ထွန်းလင်း ဝင်းပမှုများက ရှီလီ၏ မျက်လုံးများကို ဖမ်းစားနေနိုင်ဆဲပင်။

ဖုန့်ယွင်ဟယ်၏ မိခင်ကား ယဥ်ကျေးသိမ်မွေ့ကာ ထောက်ထား စာနာတတ်သူပင်။

ရှီလီမှာ သက်မဖွဖွကိုသာ ကျိတ်ချမိတော့၏။ အချို့လူများက အတော်ကြီး လက်ပေါက် ကတ်လှပေရာ ခွေးမစင်များကို တောင်မှ စားချင်စရာဟု သတ်မှတ်ကာ ဘဝ တဝက်နီးပါး စွဲလန်းနိုင်ပေသည်။

“ ကျေးဇူးပါကွယ်။ အန်တီ ဒီပန်းစည်းလေးကို တကယ် နှစ်သက်ပါတယ်”

ဖုန့်ယွင်ဟယ်၏ မိခင်က ပန်းစည်းကို စားပွဲပေါ်သို့ တယုတယ တင်လိုက်၏။

ဟွမ်ကျဲက သူမ၏ ကျန်းမာရေး အခြေအနေကို စစ်ဆေးပေးလိုက်၏။

ဖုန့်ယွင်ဟယ်၏ မိခင်က အပြုံးနှင့်အတူ ပြန်ဖြေလိုက်လေသည်။

“ဒီ နေရာရဲ့ ပတ်ဝန်းကျင်က တကယ့်ကို ကောင်းတော့ ငါ့ စိတ်အခြေအနေလည်း အတော့်ကို ကောင်းလာပြီ။ ဒါကြောင့် ငါ့ကျန်းမာရေးလည်း အတော်ကြီး တိုးတက်လာပါတယ်။ ဒီနေရာလေးမှာ နေရတာ တကယ့်ကို နှစ်သက်စရာပဲ”

ဖုန့်ယွင်ဟယ်၏မိခင်က ရှီလီကို မသိကျိုးကျွံပြုကာ

“သမီး ရောက်လာတဲ့ အချိန်က တကယ့်ကို မတိုက်ဆိုင်လိုက်တာကွယ်။ ယွင်ဟယ်တောင် ဒီမနက် ရောက်လာပြီး ဒေါ်လေးကို ကြည့်သွားသေးတယ်။ ကုမ္ပဏီမှာ အရေးတကြီး မီတင်ရှိတယ်ဆိုပြီး သမီး ရောက်မလာခင်လေးတင် ထွက်သွားတာ”

ဟွမ်ကျဲကမူ အပြုံးရိပ်ရိပ်နှင့်အတူ ရှီလီကို တချက်မျှ ဝေ့ကြည့်ကာ သူမ၏ တုံ့ပြန်လှုပ်ရှားမှုကို အကဲခတ်နေလိုက်၏။

ရှီလီကမူ ဖုန့်ယွင်ဟယ် မိခင်၏ လက်မောင်းကို ချိတ်တွယ်လိုက်ကာ

“အဲဒါက တကယ့်ကို ကံမကောင်းတာပဲနော်။ ဒါပေမဲ့ သမီးက ဒေါ်လေးကို ကြည့်ဖို့ လာတာလေ။ ကိုကိုယွင်ဟယ်နဲ့က ဘာမှမှ လုပ်စရာ မရှိတာကို”

ဟွမ်ကျဲက ကြားဖြတ်ပြောလိုက်၏။

41 02

“နင် မသိပါဘူး၊ ဒီကလေးက ပုံမှန်ဆို အပြင်ထွက်ရတာ ကြိုက်တာမဟုတ်ဘူး။ သူက အိမ်မှာနေပြီး စာဖတ် စာလေ့လာတာကိုပဲ ကြိုက်တာ။ မနေ့တုန်းက နင့်ဆီ လာလည်မယ်လို့လည်း ပြောရော သူက ချက်ချင်းကို ခေါင်းညိတ်လိုက်တာပဲ”

“အဲဒါက ဒီကောင်မလေး ငါ့ကို တွေ့ချင်တာလား၊ တခြားကိစ္စလား စဥ်းစားစရာပဲ”

ဖုန့်ယွင်ဟယ်၏ မိခင်က ရယ်သွမ်းသွေးကာ ပြောလိုက်ရင်း

“ငါ့မှာ အဲ့လို ဆွဲဆောင်မှုမျိုး ရှိပါ့မလားတောင် မသေချာပါဘူး”

ရှီလီကမူ ဝမ်းနည်း ကြေကွဲချင်ဟန်ဆောင်ကာ သူမ ခေါင်းလေးကို အဝေးသို့ လှည့်လိုက်ပြီး

“ ဒေါ်လေးတို့ အားလုံးက အရွယ်ရောက်ပြီးသား လူကြီးတွေပါနော်။ အဲဒါကို ကျမလို မိန်းမငယ်လေးကို ကျီစားနေတုန်းပဲ။ ဒေါ်လေးတို့ မရှက်ဘူးလား”

သူမ၏ ကလေးဆန်လှသော အပြုအမူလေးက လူကြီးနှစ်ယောက်ကို ရယ်မောစေတော့၏။

ဖုန့်ယွင်ဟယ်၏ မိခင်က ဟွမ်ကျဲကို အားကျသည့် အကြည့်များဖြင့် ကြည့်လိုက်ကာ

“သမီးလေး တစ်ယောက်ကို ပျိုးထောင်ရတာ ပိုတောင် ကောင်းသေးတာပဲနော်။ သူတို့က စိတ်ကို နွေးထွေးစေတဲ့ အိပ်ရာလေး ကျနေရောပဲ”

တစ်စုံတစ်ယောက်က သင့်သမီးကို မြှောက်ပင့်လာခဲ့သော် မိခင်တစ်ယောက် အနေဖြင့် ၎င်းတို့၏ သားကိုလည်း မျက်နှာသာပေးကာ ချီးကျူးပေးသင့်လေသည်။

“အဲ့လိုတော့ မပြောပါနဲ့။ သားတွေရော သမီးတွေရော ချမ်းမြေ့စေတာကတော့ အတူတူပါပဲ။ သမီးထက်တော့ သားက ပိုမဆိုးနိုင်ပါဘူး။ သူ အခု ကျောင်းသွားနေပေမဲ့ သူ့ အားလပ်ချိန်လေး ကျရင်တော့ နင့်ဆီ အပြေးလာပြီး ကြည့်တာပဲလေ။ အဲဒါကပဲ လုံလောက်နေပြီလို့ တွေးရမှာ မဟုတ်ဘူးလား”

ဖုန့်ယွင်ဟယ်၏ မိခင်က သူ့သားကို အမှန်တကယ်ကို သတိတရ ရှာဖွေခဲ့ခြင်းပင်။ ဟွမ်ကျဲမှာ သမီးလေးရှိခြင်းအပေါ် သယမ အားကျမိသည့် စိတ်၏ အစပြုခြင်းကား တစ်ကြိမ်တစ်ခါတုန်းက သူမမှာလည်း သမီးလေး တစ်ယောက် ရှိလုနီးသည့် အချိန် ရှိဖူးသောကြောင့်ပင်။ ထို့ကြောင့် တပါးသူ၏ သမီးလေးကို မြင်ရသည်က သူမကို ဝမ်းနည်း ကြေကွဲစိတ်များ ဖြစ်စေတော့၏။

အမှန်တကယ်တော့ ဟွမ်ကျဲသည်လည်း ဖုန့်ကတော်၏ စိတ်ခံစားချက် ဆက်ထုံးကို သိရှိပါ၏။ ထို့ကြောင့် သူမက အကြောင်းအရာကို ပြောင်းလိုက်၏။

“ငါတို့ရဲ့ ယွင်ဟယ်က အခု စောစောစီးစီးကတည်းက ကုမ္ပဏီကို ကူညီနေပြီပေါ့လေ”

သို့သော် ဖုန့်ကတော်၏ လေသံကမူ သဘောမကျခြင်းများကို ဆုပ်ကိုင်ထားဆဲပင်။

“ငါ နေမကောင်း ဖြစ်ပြီးကတည်းက သူလည်းပဲ ကုမ္ပဏီကို အကူအညီ စ ပေးရတော့တာပဲ။ သူကဖြင့် ခုထိ ငယ်ငယ်လေး ရှိသေးတာကို အခုမှ စပြီး လေ့လာသင်ယူရမဲ့ အရွယ်လို့ပဲ ငါ ထင်တယ်။ သူက သူ့ရဲ့ စာလေ့လာမှုကိုပဲ အာရုံထားသင့်သေးတာ။ ငါလည်း သူ့ကို ဖျောင်းဖျဖို့ ကြိုးစားပါသေးတယ်။ ဒါပေမဲ့ သူက ငါ့စကားကို နားမထောင်ဘူးလေ”

ဟွမ်ကျဲကမူ အပြုံးဖြင့် ပြောလိုက်၏။

“လူငယ်တွေရဲ့ ကိစ္စကို ငါတို့တွေ နည်းနည်းပါးပါးပဲ ဝင်စွက်ဖက်တာ ကောင်းမယ်။ ယွင်ဟယ်က သူ့အသက်နဲ့ဆို အရွယ်ရောက်သင့်ပါပြီ။ ကုမ္ပဏီကို စောစောစီးစီးသွားပြီး ဦးဆောင်ဖို့ လေ့လာတာက သူ မကြာခင် ကုမ္ပဏီကို လက်လွှဲယူလို့ ရပြီဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ အဲဒီ ကိစ္စတွေနဲ့ ပတ်သက်ပြီး အရမ်းကြီးလည်း စိတ်မပူပါနဲ့။ ကိုယ့်ဘဝကိုယ် နေပျော်ဖို့သာ အာရုံစိုက်ထားပါဦး”

ဖုန့်ကတော်က ခေါင်းညိတ်လိုက်၏။

“နင်ပဲ အမှန်ဆုံး။ အဲဒီ အဖေနဲ့သားကိုတော့ အပြင်ကိစ္စလို့ပဲ သဘော ထားလိုက်တော့မယ်”

ရုတ်တရက်ဆိုသလို ဖုန်းသံ မြည်လာလေသည်။ ဖုန့်ကတော်က ဖုန်းသံကို ပိတ်လိုက်ကာ ထို အမေနှင့် သမီးကို ရှင်းပြလာခဲ့ပါ၏။

41 03

“ဒါက ငါ မနက်ခင်း လမ်းလျှောက်ရမဲ့ အချိန်ကိူ Remind လုပ်ပေးတာလေ။ မစိုးရိမ်ပါနဲ့။ စကား ဆက်ပြောရအောင်”

သူတို့က အလည်အပတ် လာခြင်း ဖြစ်ကြရာ သူတို့ ရောက်လာသည့် အတွက်ကြောင့်တော့ ၎င်းတို့အနေဖြင့် ဖုန့်ကတော်၏ လုပ်ရိုးလုပ်စဥ်များကို ပြောင်းလဲခွင့် မပြုနိုင်ပါပေ။

ဟွမ်ကျဲက ပြောလိုက်၏။

“ငါတို့ ဒီနေ့မနက် စောစော ကားနဲ့ ထွက်လာတုန်းက ရှီလီ အဲဒီ ပြန်လည် ထူထောင်ရေး ဒေသကို စပ်စုနေတယ်လေ။ ငါတို့တွေ နင်နဲ့ အတူ အဖော်လိုက်ပြီး ဘာလို့ အဲဒီနေရာကို မစူးစမ်းကြည့်ရမှာလဲ”

ရှီလီကလည်း ထပ်ပြောလိုက်သာ်။

“ဟုတ်တယ်၊ တောင်တန်းကြီးရဲ့ မြင်ကွင်းက ဘယ်လို နေမလဲ သမီးလည်း ကြည့်ချင်တယ်။ ဝန်ထမ်းတွေက တအား စည်းကမ်းတင်းကြပ်တယ်လေ။ ဒေါ်လေးသာ အဖော်မပြုပေးရင် ခြေတောင်လှမ်းလို့ မရဘူး”

“ဟုတ်ပါပြီ၊ ဒါဖြင့်လည်း ငါနဲ့အတူ အဖော်ပြုပြီး လမ်းလျှောက်ပေးဖို့ မင်းတို့ကိုပဲ ဒုက္ခပေးရတော့မှာပဲ”

ဖုန့်ကတော်၏ ကျန်းမာရေး အခြေအနေက အားနည်းနေပြီး အပြင်ဘက် ရာသီဥတုကလည်း အေးစက်နေပေရာ သူမက သားမွေးကုတ်နှင့် ဦးထုပ်များကို ဝတ်ဆင်လိုက်၏။

ဖုန့်ကတော် အဝတ်အစား လဲလှယ်သည်ကို စောင့်ဆိုင်းနေစဥ် ရှီလီနှင့် ဟွမ်ကျဲလည်း ဝင်လာတုန်းက ချွတ်ထားခဲ့သည့်များကို ဝတ်ဆင်လိုက်၏။

အခန်းအတွင်းဘက်နှင့် အပြင်ဘက်မှ အပူချိန် ကွာခြားချက်က 20ဒီဂရီ ဆဲလ်စီးယပ်စ်မျှ ရှိရာ အပြင်ဘက်ကို ခြေလှမ်းလိုက်သည်နှင့် သူတို့ အားလုံးကို ခိုက်ခိုက် တုန်သွားစေတော့၏။

ရှီလီက သူမ မျက်နှာလေးကို ခေါင်းစည်း ပဝါထဲမှာ နှစ်ထားလိုက်ကာ

“ဒေါ်လေးက ပုံမှန်ဆို တစ်ယောက်တည်း လမ်းလျှောက်တာလား”

“အမြဲတော့ မဟုတ်ပါဘူး။ မင်းတို့သာ မရှိရင် ငါ့ကို အဖော်ပြုပေးဖို့ ဝန်ထမ်း တစ်ယောက်ယောက်ကို ပြောလိုက်တာပေါ့”

ပြန်လည် ထူထောင်ရေး စင်တာမှာက လူနာတွေ အများကြီး မရှိသလို ဖုန့်ကတော်ကလည်း လူမှုဆက်ဆံရေးဝယ် ကျွမ်းကျင်သူ မဟုတ်ပေ။ ဤနေရာမှာ နေလာပြီးတာ နှစ်လမျှ ကြာမြင့်ခဲ့ပြီး ဖြစ်သော်လည်း သူမကတော့ မည်သည့် သူငယ်ချင်း မိတ်ဆွေမျှ မဖွဲ့နိုင်ခဲ့ပေ။

ဖုန့်ကတော်က သူမ လမ်းလျှောက်နေစဥ်အတွင်း ရံဖန်ရံခါ တွေ့ဆုံရသည့် သူမ၏ အိမ်နီးချင်းများကို နှုတ်ဆက်နေပါ၏။

ထိုစဥ် အသက်ကြီးကြီး အမျိုးသမီး တစ်ဦးနှင့် အသက်ငယ်ငယ် ကောင်မလေးတို့ သူတို့အနား ရောက်ရှိလာကာ ရည်မွန်သူ အမျိုးသမီးကြီးက ဖြူဆွတ်ဖျော့တော့ကာ မျက်တွင်းများ ချိုင့်နေပြီး အသက်ငယ်ငယ် ကောင်မလေးကမူ အားမာန်အပြည့်ဖြင့် တက်ကြွ လန်းဆန်းနေပါ၏။

တိုက်တိုက်ဆိုင်ဆိုင်ပါပင် မိန်းမငယ်လေးက ရှီလီ၏ သိကျွမ်းသည့် သူမ အတန်းဖော် ကုယွီချင်းပင်တည်း။

ဘဝတစ်ခုကို နှစ်ကြိမ်တိုင်မျှ ရှင်သန်လာသည့် ရှီလီက သူမနှင့်တော့ သာမန်ကာ လျှံကာ ဆက်ဆံရေးမျိုးသာ ရှိလေသည်။

သူမက အကင်းပါးသူ ဖြစ်လေရာ သူမနှင့် ပတ်သက်သည့် အခြားသူများ၏ စိတ်ခံစားချက်ကို ခံစားသိရှိ နိုင်ပါ၏။ ကုယွီချင်းထံမှ သူမကို တော်လှန်ငြင်းဆန်ပြီး ဆန့်ကျင်လိုသည့် ခံစားချက်များကို ရှီလီက ခံစားမိလေသည်။

သူမက သူမဘေးနားမှာ ရှိသူတိုင်းကို သူမနှင့် သူငယ်ချင်းဖြစ်လာဖို့ ဖိအားပေးတတ်သည့် ပုံစံမျိုး မဟုတ်ပေ။ အကယ်၍ သူမနှင့်သာ သူငယ်ချင်း ဖြစ်လိုလျှင် သူမကလည်း ကြိုဆိုလိမ့်မည်ဖြစ်ပြီး အကယ်၍ မဟုတ်လျှင်တော့ သူမသည်လည်း မရမက တောင်းဆိုဖို့ မလိုအပ်ဘူး မဟုတ်လား။

41 04

၎င်းကပင်လျှင် ကုယွီချင်းအပေါ် ထားသည့် သူမ၏ သဘောထားပင်တည်း။ အတန်းဖော် ဖြစ်နေလျှင်တောင်မှ သူငယ်ချင်း မဖြစ်မနေ ဖြစ်လာရဖို့ ဝတ္တရား ရှိမနေပေ။ ဘာဖြစ်ဖြစ် ကျောင်းပြီးသည့်နောက်တော့ လူတိုင်း လူတိုင်းက သူစိမ်းတရံဆန်တွေ ဖြစ်လာကြမှာပဲကို။

ရှီလီနှင့် ဟွမ်ကျဲက ထိုလူစိမ်းများကို ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်ကာ မည်သည့် အပြန်အလှန် ဆက်ဆံမှု များများစားစားကိုမျှ မပြုလုပ်လိုက်ပေ။

ဖုန့်ကတော်ကမူ ကုယွီချင်း၏ မိခင်ကို နှုတ်ဆက်လိုက်ကာ စကားအချို့မျှ အပြန်အလှန် ပြောဆိုလိုက်၏။

ဖုန့်ကတော်က ရိုးရိုးစင်းစင်းပင် ပြောလိုက်သည်။

“မင်းရဲ့ သမီးက မင်းကို အဖော်ပြုပေးဖို့ ရောက်လာပြန်ပြီပေါ့ ။ သူက တကယ့်ကို တွေးခေါ်တတ်တာပဲ”

ဒီလို လေအေးတွေ တိုက်နေချိန်မှာ စကားစမြည် ပြောရသည်က သိပ်တော့ သက်တောင့်သက်သာ မရှိပါလေ။

ဖုန့်ကတော်နှင့် ကုယွီချင်း၏ မိခင်က လမ်းမခွဲကြမီ စကားအနည်းငယ်မျှ ဖလှယ် ပြောဆိုလိုက်၏။ သူတို့တွေ အတော်လှမ်းလှမ်းကို ရောက်သွားပါမှ ဟွမ်ကျဲက သက်မ ဖွဖွချရင်း ညင်သာစွာ ဆိုလိုက်သည်။

“သူ့မှာလည်း အရမ်းကို ကံဆိုးရှာတာပဲ”

ဟွမ်ကျဲက ထို “သူ” ဆိုတာကို တိတိကျကျ မရည်ညွှန်းသော်ငြား သူမ ဆိုလိုရင်း အဓိပ္ပါယ်ကိုဖြင့် ဖုန့် ဖုန့်ကတော်နှင့် ရှီလီတို့ သဘောပေါက်ဖို့ရန် အတားအဆီး မဖြစ်ပါပေ။

ကုယွီချင်းမှာ ညီမငယ်လေး တစ်ယောက် ရှိခဲ့ဖူးပြီး သူမ ခုနစ်နှစ်သမီးမှာပင် ထိုကလေးမလေးက လူကုန်ကူးသူတို့ ပြန်ပေးဆွဲသည်ကို ခံခဲ့ရ၏။

ထို ပျောက်ဆုံးကလေးမလေးက တစ်မိသားစုလုံး နက်နက်ရှိုင်းရှိုင်း ပူဆွေးမှုတို့ အမြစ်တွယ်ရာ ဖြစ်လာခဲ့လေသည်။

ကုမိသားစုက ကြွယ်ဝချမ်းသာပြီး သြဇာကြီးမားကာ နှစ်စဥ်နှစ်တိုင်း မီလီယံချီ ဖြုန်းတီးကာ အမျိုးမျိုးသော ရှာဖွေရေး နည်းလမ်းများကို အသုံးပြုခဲ့သည့်တိုင် ခုနစ်နှစ် ရှစ်နှစ်မျှ ကြာသွားပြီးသည့်နောက် ထိုရှာတွေ့မည့် မျှော်လင့်ချက်များက ပါးလျသထက် ပါးလျ လာရတော့၏။

ကုကတော်ခမျာ သမီးငယ်၏ ပျောက်ဆုံးမှုကြောင့် ပြင်းထန်လှသည့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ကြီးထွား ရင့်သန်ခဲ့ရပြီး သူမကိုယ်သူမလည်း နေ့နေ့ညည အပြစ်တင်နေခဲ့ပါ၏။

သူမ၏ အခြေအနေကလည်း မတည်မငြိမ် ဖြစ်နေခဲ့ပြီး ဆိုးဝါးသော ဖြစ်ရပ်များအတွင်း သူမကိုယ်သူမ သတ်သေရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းအားထုတ်ခဲ့လေသည်။ အကြိမ်တိုင်းမှာပင် ကယ်ဆယ်နိုင်ခဲ့သော်ငြား သူမ၏ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုများကတော့ ကျန်ရှိနေခဲ့ဆဲပါပင်။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း ကုကတော်၏ မိမိ ကိုယ်ကိုယ် သတ်သေသည့် မည်သည့် သတင်းမျိုးကိုမှ ထပ်မကြားရတော့ပဲ သူမက ပြန်လည် ထူထောင်ရန်အတွက် နာတာရှည် လူနာ ကုသမှု ဌာနမှာ နေထိုင်ခဲ့ပေသည်။

ဖုန့်ကတော်နှင့် မတူသည်က ကုကတော်၏ ဘေးနားဝယ် သူနာပြုများက နေ့ညမပြတ် ဂရုစိုက်နေရခြင်း ဖြစ်ကာ တစ်ယောက်တည်း ထားလို့ မရပေ။

ကုကတော်၏ ဖြူဖျော့နေသော မျက်နှာကို ကြည့်ကာ ရှီလီမှာ သနား ကရုဏာ သက်ခြင်းကို စူးစူးနစ်နစ် ခံစားလိုက်ရ၏။

သူမ၏ ပြီးခဲ့သည့် ဘဝနှင့် ဤဝတ္ထု၏ ဇာတ်ကြောင်းကို တွေးကာ ကုယွီချင်း၏ ညီမက ယခုလက်ရှိ မည်သည့်နေရာမှာ ရှိနေသည်လဲ ခန့်မှန်းကြည့်ရန် ကြိုးစားလိုက်၏။

ပြန်လည် ကုစားပေးဖို့ရန် လိုအပ်နေသည့် ကုကတော်၏ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်များကို ရှီလီက သိရှိနေပေရာ သူမကို ကူညီ ရှာဖွေပေးချင်ပါ၏။ အကယ်၍များ သူတို့က ကုမိသားစု၏ အငယ်ဆုံး သခင်မလေးကို ပြန်ရှာတွေ့ခဲ့သော် ကုကတော်၏ စိတ်ပိုင်းဆိုင်ရာ သေဒနာများက အလျင်မြန်ဆုံး သက်သာ ပျောက်ကင်းပေလိမ့်မည်။

41 05

မူလဝတ္ထုထဲမှ ကုယွီချင်း၏ ညီမငယ်လေးက အထူးထင်ရှားသည့် ဝိသေသမျိုး ရှိ၏။ အကယ်၍များ သူမက အမည်လည်း မရှိ၊ အထူးတလှယ်သာ ဖော်ပြခံရသူလည်း မဟုတ်ပါလျှင် ရှီလီ၏ ကူညီပေးလိုသော ဆန္ဒများက အချည်းနှီး ဖြစ်ရပေလိမ့်မည်။

(ကုယွီချင်းရဲ့ ပျောက်သွားတဲ့ ညီမလေးက ဂျေစီရင်စု ကျေးရွာနားမှာ ဖြစ်မယ်ထင်တယ်)

ရှီလီ၏ အတွင်းစိတ် အတွေးတို့က ထိန်းချုပ်ထားသည့် အသံမျိုးမှ ထွက်ပေါ်လာတာ မဟုတ်ပေ။ ဟွမ်ကျဲက သူမ၏ လေသံကို သိသိသာသာ နှိမ့်ချထားသည့်အတွက် ဤ အမေနှင့် သမီးကတော့ မကြားနိုင်ပေ။ သို့သော် ကုယွီချင်းကမူ ရှီလီ၏ အတွေးတို့ကို ရှင်းရှင်းလင်းလင်း ကြားနိုင်ပါ၏။

ကုယွီချင်း၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့၏။ သူတို့ တမိသားစုလုံးက သူမ၏ ညီမငယ်လေးကို ရှာဖွေဖို့ရန်အတွက် အင်အားအမြောက်အမြား စိုက်ထုတ် ဖြုန်းတီးခဲ့ရတာ ဖြစ်၏။

လွန်ခဲ့သည့် လအနည်းငယ် အတွင်းကပင် ရှီလီ၏ ပတ်ဝန်းကျင်ဝယ် ထူးခြား ဆန်းကျယ်သည့် အရာ တော်တော်များများ ဖြစ်ပျက်လာခဲ့၏။ သူတို့ တစ်တန်းလုံး ရှီလီ၏ အတွင်းစိတ် အတွေးများကို ကြားနိုင်လာကြကာ မကြာခဏ ဆိုသလိုပင် အနာဂတ် ဖြစ်ရပ်များ ပေါ်ထွက်လာခဲ့ပါ၏။

ရှီလီ၏ ကြိုတင် ခန့်မှန်းမှုများ မှန်ကန်ကြောင်း ဝေ့ယီ ဖခင်၏ ဖြစ်ရပ်က သက်သေပါပင်။

ကုယွီချင်းမှာ ရှီလီထံ ချဥ်းကပ်ကာ သူမ ညီမလေး ဘယ်ဆီဘယ်ဝယ်မှာ ရှိနေသည်ကို စစ်ဆေး မေးမြန်းကြည့်ရန် စဥ်းစားမိ၏။ သို့သော် သူမ၏ တိုင်တည်ကျိန်ဆိုထားသူ ရန်သူတော်ကြီးနှင့် မျက်နှာချင်းဆိုင်ရပါလျှင် သူမ၏ မာနတရားများကို မျိုသိပ်ထားဖို့ရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း သူမ တွေးမိသွား၏။

ကုယွီချင်းက သူမကို တိုင်တည် ရန်သူတော်ကြီးအဖြစ် မှတ်ယူထားကြောင်းကိုတော့ ရှီလီက သိတောင်မှ မသိတာ ဖြစ်နိုင်ပါသည်။

ရှီလီ၏ အမြင်အရတော့ သူတို့က ပတ်သက်မှု သိပ်မရှိသည့် အတန်းဖော်များသာ။ ထိုကြောင့် သူမတို့က ဘယ်အချိန်မှာ ဘာကြောင့် ရန်သူတော်တွေ ဖြစ်လာရသည် ဆိုသည်ကို သတိမူမိမည်တောင် မဟုတ်ပေ။

သူ့သမီး၏ စိုးရိမ်ပူပန်မှုများကို သတိပြုမိသွားကာ ကုကတော်က လှည့်ပြီး မေးလိုက်၏။

“ဘာဖြစ်လို့လဲ သမီး။ နေလို့ထိုင်လို့ မကောင်းဘူးလား”

ကုယွီချင်းကမူ တည်ငြိမ်ဟန်ဆောင်ကာ ခေါင်းခါလိုက်၏။

“မဟုတ်ပါဘူး၊ မား။ လမ်းလျှောက်တာက မားရဲ့ ကျန်းမာရေးကို ကောင်းစေတယ်လို့ မပြောခဲ့ဘူးလား။ ဒီနေ့ သမီး ဒီမှာ ရှိနေမှတော့ မား ကို အဖော်ပြုပြီး လမ်းလေး နည်းနည်းလောက် ပိုလျှောက်ပေးပါ့မယ်”

ကုကတော်က ပြုံးကာ ခေါင်းညိတ်လိုက်၏။

“ဟုတ်ပါပြီ၊ သမီး ပြောသလို လုပ်ကြတာပေါ့”

ကုယွီချင်းက နောင်ထပ် အကြံပေးလိုက်၏။

“တောင်ပေါ်ကို နောက်တခေါက် တက်ရအောင်လေ။ အဲဒီမှာ သစ်ပင်တွေ အုပ်ဆိုင်းနေပြီး လေကလည်း လတ်ဆတ်တော့ အပန်းဖြေ ေလမ်းလျှောက်ဖို့ အရမ်းသာယာတယ်လို့ ပြောကြတယ်”

ကုကတော်မှာ ပဟေဠိ ဖြစ်သွားရပေတော့၏။ ယခုက ဆောင်းရာသီဖြစ်ကာ တောင်ပေါ်မှာရှိသည့် သစ်ပင်များသည်လည်း ရွက်ဟောင်း ကြွေကုန်လေပြီ။ ဘယ်လိုလုပ်ပြီး လတ်ဆတ်တဲ့လေ ရှိမလဲ။

သို့သော် သူ့ သမီးက ယခုလို အကြံပြုလာမှတော့ သူမလည်း ငြင်းပယ်မနေတော့ပေ။ သူမက ပျော်ပျော်ပါးပါးဖြင့်ပင် သူမ သမီးနှင့် အချိန်ဖြုန်းရသည်ကို သူမ ပျော်ရွှင်သည်လေ။

ကုယွီချင်းက သူမအမေကိုတွဲကာ သူတို့ကပါ တောင်ပေါ် တက်လာခဲ့ကြပြီး ရှီလီနှင့် သူမ၏ အဖော်နှစ်ယောက် သွားသည့် လမ်းကြောင်းအတိုင်း အလျင်အမြန် လိုက်လာခဲ့၏။

ရှီလီတို့က အတော်ဝေးဝေးကြီး ရောက်သွားကာ ရှီလီ၏ အတွေးများကို သူမ မကြားနိုင်တော့ပဲ သူမ ညီမလေးကို ရှာဖွေနိုင်မည့် အရေးကြီး အချက်အလက်များအား လွဲချော်သွားလိမ့် မည်ကို သူမ စိုးရွံ့လှပါ၏။

41 06

ရှီလီကို အမှီလိုက်ဖို့ရန် သူမ၏ စိတ်အား ထက်သန်မှုများက ပြင်းပြနေခဲ့သည့်အတွက် သွက်သွက်လက်လက် လျှောက်ရမည့် ခြေလှမ်းများကို အရှိန်မြှင့်လိုက်လေသည်။

(အဲဒီနားမှာ ကမ်းရိုးတန်း တံငါရွာလေး ရှိတယ် ထင်တယ်။ ကုယွီချင်းရဲ့ ညီမလေး အိမ်ပြန်ရောက်လာတော့ သူ့အသားတွေက အတော်တောင် ညိုမှောင်နေပြီလေ။ အော ပြီးတော့ သူက ရေကူးတာနဲ့ ရေငုပ်တာမှာတောင် ဆရာတဆူ ဖြစ်လာသေး။ သူက အဲ့ဒီ စွမ်းရည်တွေကို လျန်ရုံရုံ့ကို ဒုက္ခပေးဖို့တောင်မှ အသုံးချလိုက်သေးတယ်)

ကုယွီချင်း.. ငါတော့ အဲဒါတွေ အကုန်လုံးကို မှတ်စုထုတ်ထားလိုက်ပြီနော်။ ငါ့ညီမလေးက လျန်ရုန်ရုန်ကို အနိုင်ကျင့်မယ် ဆိုတာကရော ဘာတဲ့လဲ။ လျန်ရုန်ရုန်က အရမ်းကို စက်ဆုပ်စရာ လူမျိုးလားဟယ်။ ခွေးကတောင်မှ သူ့ကို ကန်ထုတ်ချင်နေတဲ့ ပုံပဲ။

******

42 01

အပိုင်း 42.

ပြီးခဲ့သည့် အတွေးက သူမ ညီမလေးကို ခွေးဟု စောင်းပြောသလို ဖြစ်သွားကြောင်း သဘောပေါက်သွားရကာ ကုယွီချင်းမှာ ချက်ချင်းပင် နောင်တ ရ ရတော့သတည်း။

သူမက သူမဘာသာ တွေးလိုက်၏။(ငါ့ရဲ့ ချစ်ညီမလေးရေ၊ ငါနင့်ကို မဆိုလိုပါဘူးဟယ်။ ငါ့ ညီမလေးမှာတော့ ပြဿနာတခု ရှိနေတာ မဖြစ်နိုင်ဘူး။ အဲဒါက လျန်ရုန်ရုန်ရဲ့ အမှားကြောင့်ပဲ နေမှာ။)

(ငါတို့တွေ ကုယွီချင်းရဲ့ ညီမလေးကို အမြန်ဆုံး ရှာဖို့ လိုတယ်။ ငါ မှတ်မိတာသာ မှန်မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်နည်းနည်းတုန်းက ကုယွီလန်ရဲ့မွေးစား အမေမှာ ကလေးရှိလာပြီး ကုယွီလန်ကို အတော် ဆိုးဆိုးဝါးဝါးပဲ ဆက်ဆံခဲ့တာ။ ဒေါသထွက်စရာ အကောင်းဆုံး အပိုင်းကတော့ အဲဒီ မွေးစားအဖေက လူကောင်းတစ်ယောက် ဟုတ်မနေခဲ့တာပဲ။ ဆယ်ကျော်သက်အရွယ် မွေးစားသမီးကို သူ့မှာ မတော်တရော် စိတ်တွေ ရှိနေခဲ့တယ်လေ)

ကုယွီချင်းမှာ ရှီလီ၏ အတွေးကို ကြားပြီးနောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။

သူမ အမေကို တွဲကူပေးထားတာဖြစ်ကြောင်း ကုယွီချင်းက မေ့လျော့နေခဲ့ပြီး ကုကတော်မှာ သူ့သမီး၏ ဆုပ်ကိုင် ဖျစ်ညှစ်မှုမှတဆင့် နာကျင်မှုကို ခံစားလိုက်ရ၏။ သူမက ကုယွီချင်းကို သတိပေးလိုက်၏။

“ယွီချင်း ၊ တစ်ခုခု ဖြစ်လို့လား”

ကုယွီချင်းခမျာ ပြုံးဖို့ရာ အတော်ကြီး အားထုတ်လိုက်ရကာ

“မား ၊ သမီး အဆင်ပြေပါတယ်”

ကုကတော်က သူမ လက်မောင်းကို မြှောက်ကာ

“သမီးက မားကို နည်းနည်းလေး နာအောင် လုပ်လိုက်တယ်”

ထိုစကား ကြားသော် ကုယွီချင်းလည်း သူမ ဖိဆုပ်သည့်နေရာကို ဖွဖွလေး ပွတ်သပ်ပေးလိုက်၏။

“သမီး တောင်းပန်ပါတယ် မား၊ သမီးတို့ သွားနေတာ ဘယ်နေရာလဲ အာရုံစိုက်နေရင်း သတိလွတ်သွားလို့ပါ”

“ ငတုံးမလေး၊ မင်း အမေကို တောင်းပန်ဖို့ မလိုအပ်ဘူးလေကွယ်”

ကုယွီချင်းတို့က ရှေ့မှ သွားနေကြသူများနှင့် သိပ်မဝေးတော့​=သည့် အကွာအဝေးထိ တဖြည်းဖြည်းချင်း နီးကပ်လာခဲ့၏။ ယခုမူ သူမက ရှီလီ၏ အတွေးများကို ရှင်းရှင်းလင်းလင်း ကြားနေနိုင်ပြီ ဖြစ်ရာ ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းရန် မလိုတော့။

ရှီလီနှင့် သူမ မိခင်က ဖုန့်ကတော်ကို အဖော်ပြုကာ လမ်းလျှောက်ပေးနေခြင်းပင်။ ရံဖန်ရံခါဝယ် သူမကပါ စကားအချို့ ပြောလေရာ ထိုအချိန်တွင် ရှီလီ၏ အတွေးများက ရပ်တန့်သွားပါ၏။

ထိုအချိန်ဆိုလျှင် ကုယွီချင်းကား စိတ်စောခြင်းများကိုသာ ခံစားရပြီး ရှီလီထံ တဟုန်ထိုး ပြေးသွားကာ သူမ၏ ခေါင်းကို လှုပ်ရမ်းပစ်ရင်း သူ့ ညီမလေး၏ ယခုလက်ရှိ အခြေအနေကို ပိုမို စဥ်းစားဖို့ရန် ဆော်သြပစ်ချင် စိတ်များပါ ပေါက်မိလေသည်။

သို့သော် ၎င်းက တကယ်တမ်းမှာတော့ မဖြစ်နိုင်ပေ။ သူမမှာ ထိုနေရာသို့ တဟုန်ထိုး ပြေးမသွားနိုင်သလိူ စွန့်စားမှုကိုလည်း ထုတ်မပြနိုင်တာ သိသာပါသည်​။

ကုယွီချင်းမှာ အလွန်ကို စိတ်ဆိုး ဒေါသဖြစ်လွယ်သော လူမျိုးဖြစ်ရာ အတော်ကလေး ထိန်းချုပ်ထားဖို့သာ တတ်နိုင်တော့ကာ သူမ အမေကို အဖော်ပြုပြီး ထိုသုံးယောက်နောက်သို့ စိတ်ရှည်လက်ရှည် လိုက်ပါဖို့သာ တတ်နိုင်တော့သည်။

သူမ သမီး၏ အချိန်ကြာရှည်စွာ တိတ်ဆိတ်နေမှုကြောင့် ကုကတော်ကပင် စတင် စကားပြောလာ၏။

“ယွီချင်း သမီး စိတ်ထဲမှာ တစ်ခုခု ဖြစ်နေသလား။ တကယ်လို့ သမီး အလုပ်များနေတယ်ဆို မား ဆီကို အပတ်တိုင်း လာဖို့ မလိုပါဘူးကွယ်”

ကုယွီချင်းခမျာ သူမက ရှီလီ၏ အတွေးများကို ဂရညတစိုက် နားထောင်နေသည်ဟု ပြောလို့လည်း မရသလို သူမ၏ ညီမငယ်လေးအကြောင်း စဥ်းစားနေသည်ဟုလည်း ပြောလို့ မရနိုင်ပါပေ။

ရှီလီ၏ သတင်းအချက်အလက်များက 70% မှန်ကန်သော်လည်း သူမ ညီမလေးကို ပြန်ရှာတွေ့ဖို့ ဖြစ်နိုင်ချေ ရှိကြောင်းကိုတော့ မိခင်ဖြစ်သူကို ကြိုတင် ပြောပြမထားဖို့ သူမ ဆုံးဖြတ်လိုက်ပါ၏။ အကယ်၍ ညီမလေးကို ရှာဖွေခြင်းကသာ ကျရှုံးခဲ့လျှင် သူမ အမေ၏ စိတ်နှလုံးကို ချုံးချုံးကျသွား စေပေလိမ့်မည်။

ကုယွီချင်က သာမန်ကာ လျှံကာပင် ပြောလိုက်၏။

42 02

“ ကျောင်းက ကိစ္စတွေအကြောင်း စဥ်းစားနေတာပါ။ ဖုန့်သခင်မကြီး ဘေးနားက တစ်ယောက်က အခု သမီးရဲ့ အတန်းဖော်လေ”

သူမ ပြောလိုက်သည့် စကား အားလုံးက အလိမ်အညာတွေတော့ မဟုတ်ပေ။ သူမ တိတ်ဆိတ်နေရသည့် တကယ့် အကြောင်းပြချက် အမှန်က ရှီလီအကြောင်းကို တွေးနေခဲ့သောကြောင့်ပင်။

ကုကတော်ကား အချိန် အကြာကြီး အမျိုးမျိုးသော သူနာပြုတို့ဖြင့်သာ နေထိုင်ခဲ့သူဖြစ်ကာ အိမိနီးချင်းများ၏ ကလေးများကို မဆိုထားဘိ၊ သမီးဖြစ်သူ၏ အတန်းဖော်များကိုပင် မမှတ်မိနိုင်ပါပေ။

ထိုကလေးမလေးက သမီးဖြစ်သူ၏ အတန်းဖော်ဖြစ်ကြောင်း သိလိုက်ကသော် ကုကတော်မှာ အတော်လေးကို ကျေနပ်သွားရ၏။

“အော၊ သူက သမီးရဲ့ အတန်းဖော်လား။ ဘာလို့ စောစော မပြောတာတုန်း။ သမီး သူ့ကို နှုတ်ဆက်လိုက်သင့်တယ်။ ဒါမှ မယဥ်ကျေးရာ မကျမှာပေါ့”

“ဖုန့်ကတော် နောက်က အမျိုးသမီးက ရှီးကတော် မဟုတ်လား။ သမီး အတန်းဖော်က ရှီးမိသားစုက ထင်တယ်။ ဟုတ်လား သမီး”

သူမက လူအများကြီးနှင့် မပေါင်းသင်း မဆက်ဆံဖူးသည့်တိုင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သူမ မှတ်ဉာဏ်အတွင်းမှ ဟွမ်ကျဲကိုတော့ ကောင်းကောင်းကြီး မှတ်မိနိုင်ပါသေးသည်။

သူမ အဘယ်ကြောင့် သူတို့ကို မနှုတ်ဆက်ရသနည်း ဟူသည်ကို ကုယွီချင်းက မည်သို့ ရှင်းပြရမည်နည်း။ အမှန်တကယ်တော့ သူမတို့ကြား ဆက်ဆံရေးက သာမန်မျှဖြစ်ပါ၏။

(ကုယွီလန်က အခုမှ ဆယ့်သုံးနှစ်ပဲ ရှိသေးတော့ ဘာဖြစ်ဖြစ် လုံခြုံနေပါသေးတယ်)

(ဒီ နှစ်နှစ်အတွင်း ကုမိသားစုက သူ့ကို ရှာတွေ့လိမ့်မယ်။ အဲဒီမတိုင်ခင် သူက သူ့ရဲ့ အမှိုက်လို မွေးစားအဖေကို သတ်ပစ်ဦးမှာဆိုတော့ ကုမိသားစုကလည်း အဲဒီကိစ္စကြီးကို ဖြေရှင်းပေးရဦးမှာ)

(ကုယွီလန်က အဲဒီ အမှိုက်လို မွေးစားအဖေကို သတ်ပစ်ရတဲ့ အကြောင်းပြချက်က ဟိုလူကိုယ်တိုင်က သူ့ကို အတင်းအကြပ် ဖိအားပေးလိူ့ပဲလေ)

(ဒီနှစ်နှစ်အတွင်း ကုယွီလန်က အန္တရာယ် ကင်းနေဦးမှာ ဆိုပေမဲ့ ဖြစ်နိုင်ရင် အမြန်ဆုံး ရှာတွေ့လေ ပိုကောင်းလေပဲ)

သူ့ ညီမလေး တွေ့ကြုံခဲ့ရသည့် ထိုစကားကြောင်းများ အကြောင်းကို ကြားသည့်အခါ ကုယွီချင်းမှာ ငိုချင်းချချင် လာရတော့၏။ သူမ မသိလိုက်သည့် အချိန်တွေအတွင်း သူမ ညီမလေးခမျာ ဘာတွေ တွေ့ကြုံ ဖြတ်သန်းခဲ့ရသည်လဲ။

(ငါ ပိုပြီး စဥ်းစားပါရစေဦး။ သူ့ရဲ့ မွေးစားအဖေက တံငါသည်၊ မွေးစားအမေကတော့ ပုလဲငုပ်ဖို့ အရမ်းကျွမ်းကျင်တဲ့ ပုလဲငုပ်သူပဲ။ သူတို့ ရွာမှာက ပုလဲနတ်ဘုရားကို ကိုးကွယ်တဲ့ ဓလေ့ရှိတယ်။ ဘိုးဘွားခန်းမထဲမှာ အဆုံးမရှိတဲ့ မီးအိမ်တွေထွန်းပြီး ပုလဲငုပ်သူတွေ အန္တရာယ်ကင်းကင်း ပြန်လာနိုင်ဖို့ နှစ်တိုင်းရဲ့ ပထမဆုံး လပြည့်ဆယ့်ငါးရက်နေ့မှာ မီးထွန်း ဆုတောင်းပွဲ လုပ်ကြတယ်။)

(ဒါက စဥ်းစားနိုင်သမျှ လက်လှမ်းမီသလောက် အကွာအဝေးကို ကျဥ်းသွားစေတာပဲ)

(ငါတို့က သတင်း အချက်အလက်အတွက် ဂျေစီရင်စုရဲ့ ယဥ်ကျေးမှုတွေကို ကျွမ်းကျွင်းကျင်ကျင် သိတဲ့လူကို မေးရုံပဲ။ အဲဒီလူတွေက ငါတို့တွေ ကလေးမလေးကို ဘယ်နေရာမှာ သွားရှာသင့်တယ်ဆိုတဲ့ အကောင်းဆုံး အကြံဉာဏ်ကို ပေးမှာ)

ရှီလီက ကုယွီချင်းထက်ပင် ရှေ့ကြိုကာ ရှင်းရှင်းလင်းလင်း စဥ်းစားနိုင်ပေသည်။ သူမက ရှီလီ တွေးခေါ် ပြောဆိုသမျှကို စိတ်ထဲမှာ မှတ်သားထားကာ အိမ်ပြန်ရောက်သည့်အခါ ဖခင်ကို ပြောပြပြီးနောက် ထိုနေရာကို စစ်ဆေးဖို့ လူလွှတ်ပေးခိုင်းမည်ဟု စီစဥ်ထားလေသည်။

သို့သော် ယခုမူ သူမ ဘာလုပ်ရမည်ဆိုတာ ရှီလီက ရှင်းရှင်းလင်းလင်း ပြောပြလိုက်လေပြီ။

အကယ်၍များ ရှီလီ၏ သတင်း အချက်အလက်များအပေါ် အခြေခံကာ သူမ ညီမလေးကို ရှာတွေ့နိုင်ခဲ့ပါလျှင် သူမအနေဖြင့် ရှီလီကို ဆန့်ကျင်ဘက်တိုက်တာမျိုး နောက်ထပ် ဘယ်တော့မှ မလုပ်တော့ပါဟု ကုယွီချင်းက တွေးထားပါ၏။ ရှီလီက သူမ၏ နတ်ဘုရားမ ဖြစ်လာပေမည်။ အကယ်၍ ရှီလီက အရှေ့ဆိုလျှင် သူမ ဘယ်တော့မှ အနောက်သို့ သွားမည်မဟုတ်။ ခွေးဖမ်းလာဖို့ ရှီလီက သူမကို ပြောလျှင် သူမလညး ကြက်ဖမ်းလာမည် မဟုတ်ချေ။

42 03

ရှီလီကမူ ကုယွီချင်းကို ပြောပြဖို့ မစဥ်းစားပေ။ သူမက ယခုထိတိုင် တစုံတရာကို တစိမ့်စိမ့် တွေးတောနေဆဲပင်။ ( ကုယွီလန်ကို ရှာခိုင်းဖို့ ငါ ဘယ်လို ပြောသင့်လဲ၊ ဘယ်လို ဆင်ခြေမျိုးကို သုံးသင့်လဲ)

( ငါက ကုယွီလန် ရှိနေတဲ့ နေရာကို အိပ်မက်မက်လို့ သူ့ကို ကူပြီး ရှာပေးပါလို့ ငါ့မိသားစုကို ပြောလို့မဖြစ်တာတော့ သေချာတယ်။ ကုယွီလန်က ငါ့ရဲ့ ညီမအရင်း မဟုတ်သလို ကုယွီချင်းနဲ့ ငါကလည်း ပုံမှန် အတန်းဖော်တွေဥစ္စာ။ ငါတို့က အဆက်အစပ်လည်း သိပ်ရှိကြတာ မဟုတ်ဘူး။ အဲဒီတော့ ကုမိသားစု ဘိုးဘေးတွေက ငါ့အိပ်မက်ထဲ ပေါ်လာပြီး အကူအညီ တောင်းတယ် ဆိုတာမျိုးက သိပ်မဖြစ်နိုင်ဘူး)

ကုယွီချင်း.. ငါ နင့်ကို ကျေးဇူးတင်ပါတယ်။ အိမ်ပြန်ရောက်တဲ့အခါ ပါး ကို ဘယ်လိုပြောရမလဲ ငါသိသွားပြီ။

(ငါ ဘာလုပ်သင့်လဲ။ အလွတ်စုံထောက်ပဲ ငှားရမလား။ ငါ့ဘာသာ စုဆောင်းထားတဲ့ ပိုက်ဆံတွေ လုံလုံလောက်လောက် ရှိပေမဲ့ ပြဿနာက ကုယွီလန်ကို ရှာတွေ့ပြီးတဲ့အခါ ကုမိသားစုကို ဘယ်လိုပြောရမလဲ)

(ကိစ္စမရှိဘူးဟယ်၊ နောက်ပိုင်း ကိစ္စတွေကို တွေးပူ မနေတော့ဘူး။ နောက်မှပဲ ဆင်ခြေတစ်ခုခု ရှာလိုက်တော့မယ်။ အခုလက်ရှိ ကုယွီလန်ကို ရှာဖို့က အရေးကြီးတယ်)

ရှီလီအနေဖြင့် သူမ ညီမ၏ တည်နေရာကို အကြောင်းမဲ့သက်သက် လျှောက်စဥ်းစားနေသည်ဟု ကုယွီချင်းက တွေးထားခဲ့တာ ဖြစ်သည်။

သို့သော် ရှီလီ၏ အတွေးများကို ကြားနေနိုင်သည့် ကုယွီချင်းအတွက်မူ ထို အကြောင်းမဲ့သက်သက် အတွေးများက အလွန့်အလွန် အရေးကြီးပါ၏။ သူမက ရှီလီ၏ ဝတ္ထုဆန်ဆန် စိတ်ကူးများကို အသုံးချကာ သူမ ညီမလေးကို ရှာဖွေရပေမည်။

ရှီလီက သူမ ညီမလေးကို ရှာဖွေရန် အမှတ်တကယ် စီစဥ်လိမ့်မည်လို့တော့ ကုယွီချင်းက မမျှော်လင့် ထားခဲ့ပါပေ။

အနာဂတ်ကျ သူမ ညီမလေးကို ပြန်ရှာတွေ့ နိုင်သော်လည်း အမျိုးမျိုးသော ထင်ကြေး မှန်းချက်တို့ကို သူမ ရင်ဆိုင်ရပေဦးမည်။ အချို့လူများက အတွေးလွန်တတ်ကြပြီး တပါးသူ၏ စေတနာကောင်းကို လွဲမှား တွေးတောတတ်ကြကာ ပုံမှန် ဖြစ်ရိုး ဖြစ်စဥ်ပါပင်။

လယ်သမားနှင့် မြွေ၊ တုန်းကုနှင့် ဝံပုလွေ၊ အသက်ကြီးကြီး မိန်းမ အစရှိသဖြင့်…

သူမတို့၏ လူမှု အသိုင်းအဝိုင်းထဲဝယ် ဘာတစ်ခုကိုမှ ပြန်လည် ရယူလက်ခံခြင်း မရှိဘဲ အပေးသက်သက်သာ ရှိသည့်လူမျိုးကို သူမ ရံဖန်ရံခါ မြင်ဖူးပါ၏။ ထို့ကြောင့် ယခု ရှီလီက ယခု သူမကပင် ကူညီဖို့ ဦးဆောင်နေသည့်အခါ ကုယွီချင်းခမျာ မယုံကြည်နိုင်လောက်အောင် အံအားသင့်မှုများကို ခံစားရတော့၏။

သို့ဖြစ်ရာ နောက်ဆက်တွဲကတော့ သူမ၏ သောင်းသောင်းဖြဖြသော အပြစ်ရှိစိတ်များ ဖြစ်ပေတော့၏။

ဤတလျှောက်လုံး ကုယွီချင်းက ရှီလီလို မဟုတ်ခဲ့ပေ။

သူမကား တိကျရေရာသည့် အကြောင်းပြချက်ကို တိတိပပ မဖော်ထုတ်နိုင်ခဲ့ပေ။

အကယ်၍ သူမမှာ ပြောစရာ ရှိသည်ဆိုပါလျှင် ဖြစ်နိုင်သည်မှာ ၎င်းက မနာလို ဝန်တိုမှုပါပင်။ သူတို့သမီးကို တုန်နေအောင် ချစ်သည့် ရှီလီ၏ ချစ်စဖွယ် မိဘများကို သူမ မနာလို ဝန်တိုခဲ့မိခြင်းသာ။

သူတို့မိသားစုများ၏ လူမှုအဆင့်အတန်းများက ထပ်တူညီကြပေရာ မိန်းကလေး နှစ်ဦးစလုံး၏ ရုပ်ရည် သွင်ပြင်ရော ပညာပါရမီကပါ ထူးခြား သာလွန်သော ဗီဇပါရမီများ ရှိကြပါ၏။

ကုယွီချင်းသည် သူမကိုယ်သူမ အလွန် ဂုဏ်ယူခဲ့ရသော်လည်း ယခုတော့ဖြင့် သူမထက် မသာလွန်သော်ငြား ဂုဏ်တု ယှဥ်ပြိုင်နိုင်သူ ပေါ်လာခဲ့လေပြီ။

ထို့အတွက်ကြောင့် သူမ ရှီလီကို မြင်သည့် မည်သည့်အချိန်မှာမဆို သူမကိုယ်သူမ ရှီလီနှင့် နှိုင်းယှဥ်ကာ ရှီလီထက် သာအောင် လုပ်ချင်လေသည်။

သို့သော် ဝမ်းနည်းဖွယ်ရာ ကောင်းစွာပင် သူမက ဘယ်တုန်းကမှ မအောင်မြင်ခဲ့ပါပေ။

ရှီလီ.. Huh!! နင်က ငါ့အကြောင်း ပြောနေတာလား?????

******

43 01

အပိုင်း 43.

သို့အတွက်ကြောင့်သာလျှင် သူမ ရှီလီနှင့် မျက်နှာချင်းဆိုင်ရတိုင်း ကူကယ်ရာမဲ့စွာဖြင့် ရန်လိုစိတ်များ ပေါက်လာရခြင်းသာ။

ရှီလီက ရုတ်တရက်ကြီး သရဲ ပူးသလိုလို ဖြစ်ကာ သူမ အတန်းဖော် ဖြစ်လာပြီး သူမ အတွေးများကို ကြားနိုင်သည့်အခါ ကုယွီချင်းကား ၎င်းကို ဖျော်ဖြေမှုသက်သက်ကို စောင့်ကြည့်ခြင်းဟုသာ သဘောထားခဲ့ခြင်းပင်။

သူမက ရှီလီကို သဘောမကျကြောင်း အတန်းခေါင်းဆောင်ကလည်း သိထားခဲ့ကာ သူမက ထိုကိစ္စများအပေါ် တမင်ကြီး ပြဿနာရှာကာ ထိုအကြောင်းကို ရှီလီထံ မတော်တဆ ဖော်ထုတ်မိမည်ကို စိုးရိမ်နေခဲ့ပါ၏။

သို့သော် ၎င်းက မည်သို့ ဖြစ်နိုင်မည်နည်း။ ကုယွီချင်းက ရှီလီတစ်ယောက် သူမကိုယ်သူမ အရူးဖြစ်အောင် ပြုလုပ်မည်ကို မစောင့်ဆိုင်းနိုင်ပေ။ ထို့ကြောင့် ထို အကြောင်းကို ရှီလီထံ သတိပေးဖို့ဆိုတာ မည်သို့မျှ မဖြစ်နိုင်ပါပေ။

ထို့အပြင် အပေါ်ယံမှာတော့ ပုံမှန်ရိုးသားဟန် ရှိသူများတောင်မှ အတွင်းစိတ်ထဲမှာတော့ အမှောင်ဘက်ခြမ်းမှ အတွေးများ နက်နက်ရှိုင်းရှိုင်း ရှိနေကြသည် မဟုတ်လား။

မဖြစ်နိုင်တာ၊ သူမက ရှီလီကို ထိုအကြောင်း ပြောပြဖို့ မည်သို့ ဖြစ်နိုင်မည်နည်း။ ရှီလီကို အရူးလုပ်ဖို့ရန်အတွက် ထိုကိစ္စက မဟာ အခွင့်အရေးကြီးပဲကို။

အမှန်တော့ ရှီလီ၏ အတွင်းစိတ် အတွေးတို့ တလျှောက်ဝယ် ကုယွီချင်းကား ရယ်စရာကိစ္စ အတော်များများကို တွေ့မြင်ခဲ့ရပေ၏။

သို့သော် ၎င်းတို့က ရှီလီကိုယ်တိုင်၏ အကြောင်းအရာများ မဟုတ်ပေ။ ထို့ထက် ပိုသည်ကား အမျိုးမျိုး အထွေထွေသော ထူးဆန်းသည့် အတင်းအဖျင်းများကို ရှီလီကြောင့်သာ သူမတို့ ကြားဖူးခဲ့ခြင်းပင်။

ကုယွီချင်း ပိုမို အံ့သြရသည်ကတော့ အပြင်ပန်းမှာ တော်ဝင်ဆန် အေးစက်ပြီး နတ်ဘုရားမသဖွယ် ထို မိန်းမငယ်လေး၏ အတွင်းစိတ်ဝယ် ထိခိုက်ကြေကွဲဖွယ်ရာများ ရှိနေခြင်းကိုပါပင်။

ကုယွီချင်းကား သူမ၏ အကဲဖြတ်မှုများကို သံသယဝင်စ ပြုလာလေပြီ။ မတိုင်မီက သူမ စိတ်ကူးသက်သက်ဖြင့်သာ ရှီလီကို ရန်သူတော် အဖြစ် သတ်မှတ်ထားခဲ့သည့် သူမများ မျက်လုံးကန်းနေ၍ပဲလား မသိပါပေ။

ထိုသို့ တွေးမိသည့်အခါ သူမကို မျက်နှာငယ်သည့် ခံစားချက်မျိုး ခံစား ရစေတော့သည်။

ရှီလီ၏ အတွင်းစိတ် အတွေးများကို သိပြီးသည့်နောက် ရှီလီထံသို့ ကုယွီချင်း၏ ရန်လိုစိတ်များက တဖြည်းဖြည်းချင်း အားနည်း ဖျော့တော့လာရတော့၏။

သို့သော် သူမက ရှီလီကို အများကြီး နှစ်သက်သည်တော့ မဟုတ်ပေ။ အကယ်၍များ သူမသာ ရှီလီကို သဘောကျသည် ဆိုပါလျှင် ဟိုယခင်ကတည်းကပင် ညီမဖြစ်သူ၏ သတင်းများအတွက် ရှီလီထံ အရှက်မရှိ ချဥ်းကပ်ကာ နားပူနားဆာ လုပ်လိမ့်မည်ပင်။ သူမ အဘယ်ကြောင့် ယခုချိန်ထိ စောင့်ဆိုင်းနေရမည်နည်း။

ရှီလီက သူမ ညီမလေးကို ရှာဖွေမည်ဟု ကြားရသည့်အခါ ကုယွီချင်းမှာ အဆုံးစွန်တိုင်အောင် ရှက်ရွံ့သိမ်ငယ် ရတော့သတည်း။

သူမ နှလုံးသားထဲဝယ် ရှီလီက အလွန့်အလွန်ကို တမူထူးခြား ပြည့်စုံကောင်းမွန်သူ ဖြစ်လာတော့၏။ ယခုမှစ၍ အကယ်၍ တစ်ယောက်ယောက်ကများ ရှီလီ မကောင်းကြောင်းကို ပြောလာခဲ့လျှင် ထိုလူတွေအပေါ် သူမကပင် ပြန်လည် ပြစ်တင် ပြောဆိုရပေလိမ့်မည်။

ကုယွီချင်းနှင့် ကုကတော်က အရှေ့မှ လမ်းလျှောက်နေသည့် သုံးယောက်သားနောက်သို့ အေးအေးလူလူပင် လမ်းလျှောက်ကာ လိုက်ခဲ့ကြလေသည်။ ထိုအချိန်တွင် ရှီလီက ကုယွင်လန်၏ လက်ရှိအခြေအနေကို စဥ်းစားခြင်းမှ ရပ်တန့်လိုက်ပြီ ဖြစ်သော်လည်း ကုယွီချင်းကမူ ထွက်မသွားချင်သေးပေ။ သူမနှင့် သူမ အမေ ထွက်သွားပြီးနောက်မှာမှ ရှီလီက ပိုများသော သတင်းတွေကို ထုတ်ဖော်လာမည်ကို သူမ ကြောက်ရွံ့လေသည်။

ဖုန့်ကတော်က နေ့လည်စာစားရန်အတွက် ဗီလာကို ပြန်သွားခဲ့ချိန်တွင် နေ့လည် အချိန်ပင် မရောက်သေးပါပေ။

43 02

ကုကတော်က သူမနောက်ကို ဆက်မလိုက်နိုင်တော့ရာ သူမလည်း လက်လျှော့လိုက်ပါ၏။ ထို့နောက် သူတို့က သူမ မိခင်နေထိုင်သည့် ဗီလာသို့ ပြန်လာခဲ့ကြလေသည်။ သူမ မိခင် နေ့လည်စာ စားပြီးချိန်ထိ စောင့်ဆိုင်းပြီးနောက် သူမက နှုတ်ဆက်စကား ဆိုလိုက်၏။

“ ကျောင်းမှာ ကိစ္စ တစ်ခုခုရှိလို့လား သမီး။ ဒီနေ့ကျမှ အစောကြီး ပြန်ချင်နေပါ့လား”

ကုယွီချင်းက ဤရိပ်သာသို့ ရက်သတ္တပတ်ကုန်တိုင်း ရောက်လာလေ့ရှိကာ မိခင်နှင့်အတူ အချိန်များကို ကုန်ဆုံးလေ့ရှိ၏။

ယနေ့က စနေနေ့သာ ရှိသေးပေရာ ယခင် ပုံမှန်ပြန်ချိန်များထက် ယနေ့က ပိုစောနေသည့်အတွက် ကုကတော်မှာ သမီးဖြစ်သူကို ပြန်ခွင့်ပြုဖို့ရန် တုံ့ဆိုင်းနေခဲ့ပါ၏။

ကုယွီချင်းကလည်း သာမန်ကာ လျှံကာ ဆင်ခြေတစ်ခုကိုသာ ပေးလိုက်လေသည်။

“ဟုတ်တယ် မား။ ဒီနေ့က သမီးတို့ အတန်းပိုင် ဆရာမရဲ့ မွေးနေ့လေ။ အဲဒါ အတန်းသားတွေ အကုန်ပေါင်းပြီး ဆရာမအတွက် မွေးနေ့ပွဲ ကျင်းပပေးကြမလို့”

အသက်သုံးဆယ်ပင် မပြည့်သေးသော်လည်း သက်ရှည်ဆုတောင်းပွဲ ကျင်းပပေးခံရမည့် ကုယွီချင်းတို့၏ အတန်းပိုင်ဆရာမ: ဟုတ်တယ်၊ ဟုတ်တယ်၊ အမှန်ပါပဲ။

သူတို့၏ အတန်းပိုင်ဆရာခမျာ အတန်းတွင်းမှ လူပေလူတေ ကလေးများနှင့် တွေ့ဆုံ ကြံကြိုက်ခဲ့ရသည်မျှမက ထို အိုးမည်းကြီး နှစ်လုံး၏ ဝန်ထုပ်ကိုပါ ထမ်းပိုး ထားရပေသည်။ ပထမ အိုးကြီးဖြစ်သည့် အတန်းပိုင်ဆရာဟောင်းခမျာ နာတာရှည် ဖျားနာမှုဖြင့် အဆုံးသတ်ကာ သေဆုံးခဲ့ရပြီး ယခု ဒုတိယအိုးကြီးဖြစ်သည့် သူကတော့ သက်ရှည်ဆုတောင်းပွဲ ကျင်းပခံရလေသည်။

အတန်းပိုင်ဆရာ၏ မွေးနေ့ဆိုမှတော့ ကုကတော်ကလည်း သူမကို တားဆီးမနေတော့ပေ။

သူ့သမီး မပြန်ခင် ကုကတော်က အကြံပေးလိုက်၏။

“အတန်းဖော်တွေနဲ့ တည့်တည့်နေနော်။ ဒေါသတွေ ထွက်မနေနဲ့။ အခု မြင်ရသလောက်တော့ သမီးရဲ့ အတန်းဖော်က လူကောင်းလေးပါ”

“ဟုတ်ကဲ့ မား၊ ဒီတပတ်တော့ မားကို အဖော်လုပ်မပေးနိုင်တော့ဘုး။ နောက်တစ်ပတ်ကျရင်တော့ သေချာပေါက် အကြွေး ပြန်ဆပ်ပါ့မယ်”

နောက်တပတ်ကျရင်တော့ သူမ ညီမလေးကို ခေါ်ဆောင်လာနိုင်ဖို့ မျှော်လင့်ရပါ၏။

ကုယွီချင်းက သူမ မိခင်ကို ညင်ညင်သာသာ ပွေ့ဖက်လိုက်၏။

ကုကတော်က ကူကယ်ရာမဲ့စွာ ပြုံးလေသည်။

“ ငတုံးမလေး၊ အမေ့အပေါ်ကို အဲ့လို စကားတွေ ပြောစရာ မလိုပါဘူးကွယ်”

ကားထဲသို့ ရောက်ပြီးနောက် ကုမ္ပဏီသို့ တိုက်ရိုက်မောင်းရန် ကုယွီချင်းက ဒရိုင်ဘာကို ပြောလိုက်၏။

ကျောင်းဆင်းပြီးသည့် နေ့တိုင်း ကုယွီချင်းက အိမ်သို့ပြန်ကာ ကုသခင်ကြီးက သူ့အလုပ်မှာသာ ရှိနေတတ်ပေသည်။

ရက်သတ္တပတ် ကုန်ဆုံးချိန်တိုင်း ကုယွီချင်းက ဤ ရိပ်သာသို့ လာရောက်ကာ သူ့အမေကို အဖော်ပြုပေးသည် ဆိုပါလျှင် ကုသခင်ကြီးလည်း ၎င်းတို့နှင့်အတူ လိုက်ပါသင့်သည် မဟုတ်လား။ တခါတရံ ကုမ္ပဏီမှာ ကိစ္စရှိသည့် အခါမျိုး ဆိုလျှင်တော့ ကုယွီချင်းက ရိပ်သာသို့ တစ်ယောက်တည်းလာကာ ကုသခင်ကြီးကမူ ကုမ္ပဏီမှာ အချိန်ပို အလုပ်လုပ်တတ်ပါ၏ ။

ကုယွီချင်းကို သူမ ဖခင်၏ အတွင်းရေးမှူးက ရုံးခန်းတွင်းသို့ ခေါ်ဆောင်လာခဲ့၏။ ကြားရသ၍တော့ သူ့သမီးက ယခု ရိပ်သာမှာ ရှိနေရမည် ဖြစ်လေရာ ယခုမူ သူ့ထံ ရောက်လာသည့်အတွက် ကုယွီချင်း၏ ဖခင်က အံ့သြသွားလေသည်။ ဒါကို ဘယ်လိုဖြစ်လို့ ကုမ္ပဏီကို ရောက်လာရသည်လဲ။

သူ့အမေနဲ့ တစ်ခုခု ဖြစ်လာတာလည်း မဖြစ်နိုင်ပေ။ အကယ်၍များ သူ့ဇနီးက တ်ခုခုဖြစ်ခဲ့သည် ဆိုလျှင်လည်း သူ့အနေဖြင့် ဖခင်ဖြစ်သူကိုသာ တန်းခေါ်လိုက်ရုံပဲ ဖြစ်ကာ ဤ အပိုခရီးက မလိုအပ်ပေ။

ဒီ အမေနဲ့ သမီးက စကား များလာကြတာလား။

43 03

အရင်တုန်းကတော့ ဒါမျိုး တခါမှ မဖြစ်ဖူးပေ။ သူ့ ဇနီး၏ စိတ်အခြေအနေက မတည်ငြိမ်​​လေရာ သမီးဖြစ်သူက မိခင်ကို ဘယ်တုန်းကမှ ရန်မစဝံ့ပါပေ။ ထို့ကြောင့် သမီးက ဘယ်လိုလုပ်ပြီး သူ့အမေနှင့် အချင်းများ ဝံ့ပါမည်နည်း။

ကုသခင်ကြီးက သမီးဖြစ်သူကို အထဲဝင်လာဖို့ လက်ဟန်ပြလိုက်ကာ အတွင်းရေးမှူးကလည်း အလိုက်တသိပင် တံခါးပိတ်ပေးကာ ထွက်ခွာသွားတော့၏။

ကုသခင်ကြီးက ဆိုဖာပေါ်မှာ သူ့သမီးနှင့် ဘေးချင်းကပ် ထိုင်လိုက်ကာ ညင်ညင်သာသာလေး မေးလိုက်၏။

“ဘာဖြစ်လို့ သမီး အမေရဲ့ ရိပ်သာကနေ ပြန်လာတာတုန်း။ တစ်ခုခု ဖြစ်ခဲ့လို့လား”

ကုယွီချင်းက သူမ ကြိုတင်ပြင်ဆင်လာသည့် ဆင်ခြေကို ထုတ်သုံးလိုက်၏။

“ပါး သမီး အိပ်မက် မက်ခဲ့တယ်။ အဘွားရဲ့အမေကို အိပ်မက် မက်ခဲ့တာ”

ကုသခင်ကြီး? ????? သူ့သမီး၏ မျက်လုံးများက နီရဲနေကာ သူမ စကားပြောနေစဥ်ဝယ် သူမ အသံလေးကလည်း အသက်ရှူကြပ်နေသလို ဖြစ်နေ၏။.သို့ဆိုလျှင် သူ့သမီးမှာ ဘာပြောစရာ ရှိနေပါသနည်း။

ဒါဖြင့် သူ အခုလို ဖြစ်နေတာက အိပ်မက်ထဲမှာ အဘွားရဲ့အမေကို တွေ့လာပြီး ကြောက်လို့ပေါ့လေ။

ဒါ့အပြင် မင်း အဘွားရဲ့ အမေက သေသွားတာဖြင့် အတော် ကြာလှနေပြီကို။ မင်းက သူ့ကို မြင်တောင် မမြင်ဖူးလိုက်ဘူးလေ။ အဲဒါကို မင်းအဘွားမှန်း ဘယ်လိုသိသွားတာလဲ။

ကုသခင်ကြီးမှာ ရုတ်ခြည်းဆိုသလိုပင် ရယ်ချင်စိတ်နှင့် ကျွဲမြီးတိုစိတ်တို့ကို ရောထွေး ခံစားလိုက်ရပေသည်။ အချိန်တွေ ကြာခဲ့ပြီးနောက် သူ့သမီးက ကြီးပြင်းလာပြီဖြစ်ကာ ရငံကျက်လာပြီဟု သူ တွေးထင်ထားခဲ့တာ ဖြစ်သည်။

သို့သော် ယခုမူ သူမက ကလေးဆန်သည့် ကိစ္စများကို ပြောထုတ်လာပေသည်။

ကုသခင်ကြီးမှာ ဘာစကားမှ မပြောဘဲ သူ့သမီးကိုသာ စကားဆက်ခိုင်းလိုက်၏။

ကုယွီချင်း၏ အသံလေးမှာ မထိန်းချုပ် နိုင်လောက်အောင်ပင် ဆို့နင့်ကြပ်ခဲနေသည်။ သူမက သရုပ်ဆောင်နေတာ မဟုတ်ပေ။ စစ်မှန်ရိုးသားသည့် ဖြေမဆည်နိုင်သော စိတ်ခံစားမှုတို့က ပွင့်အန်လျှံကျ လာခဲ့ခြင်းသာ။

အစ်မကြီး တစ်ယောက်အနေဖြင့် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ပျောက်ဆုံးသွားခဲ့သည့် သူမ၏ ညီမငယ်လေးကို အဘယ်မှာ မလွမ်းဆွတ်ပဲ ရှိလိမ့်မည်နည်း။ ယခုမူ အောင်မြင်ခြင်း အရုဏ်ဦးက မြင်ကွင်းအတွင်း ရောက်ရှိလာပြီဖြစ်ကာ သူမ ညီမငယ်လေးကို ရှာတွေ့နိုင်တော့မည် ဖြစ်ပေရာ သူမ မျက်ရည်များကို မတားတီးနိုင်တော့ပါပေ။

“ညီမလေးကို ရှာတွေ့ထားတယ်လို့ ဘွားဘွားက ပြောတယ်။ သူက အခု ဂျေစီရင်စုက တံငါရွာလေးမှာတဲ့။ ပြီးတော့ သူ့ မွေးစား မိဘတွေကလည်း သူ့ကို ဆိုးဆိုးဝါးဝါး ဆက်ဆံကြတယ်တဲ့”

ထိုစကား ဆုံးသွားသည်နှင့် ကုယွီချင်းမှာ သူမ မျက်ရည်များကို မထိန်းချုပ်နိုင်တော့ပေ။

ပျောက်ဆုံးသွားသည့် ထို သမီးငယ်လေးက သူတို့ မိသားစု၏ လူကြားထဲမှာ ပြောမထွက်နိုင်သည့် အမာရွတ် တခုပါပင်။

ယခုမူ သူ့သမီးက ထိုကိစ္စကို ထုတ်ဖော်လာလေရာ ကုသခင်ကြီး၏ လက်များက တုန်ယင်သွားခဲ့ပြီး လက်ဖက်ရည်ခွက်ကို အယောင်ယောင် အမှားမှားဖြင့် ကောက်ကိုင်လိုက်မိလေသည်။

ထိုသမီးငယ်လေး ပျောက်ဆုံးသွားကတည်းက သူက သမီးလေးကို ရှာဖွေဖို့ရန် တစ်နိုင်ငံလုံးမှ ပတ်သက် ဆက်သွယ်မှုမှန်သမျှကို အသုံးချခဲ့သော်ငြား ရလဒ်ကတော့ ကျေနပ်ဖွယ်ရာ မကောင်းလှပေ။

သာမန်လူတို့အတွက်တော့ တမန်တော်တို့ ဆောင်ကြဥ်းပေးလာမည့် အိပ်မက်ဟူသည် အလှမ်း ဝေးလွန်းလှသည်ပင်။

သို့သော် ယခု ၎င်းက အမှန်ဖြစ်နေမယ်ဆိုလျှင်ဖြင့် ကုသခင်ကြီးကား ကြံမိကြံရာ ကြံရစေဦးတော့ သူ့သမီးကို ရှာဖွေဖို့ စဥ်းစားထားပါ၏။

43 04

အကယ်၍များ ပျောက်ဆုံးသွားသည့် သူ့သမီးငယ်လေးက ထို တံငါရွာမှာ အမှန်ကြီး ရှိနေသည် ဆိုလျှင်ရော။ အကယ်၍ မိဘဖြစ်သူများကပါ လက်လျှော့လိုက်သည် ဆိုပါလျှင် သူမကို မည်သူက ရှာဖွေပါတော့မည်နည်း။

ထို့ပြင် သူ့သမီးငယ်လေးခမျာ ဘဝဆိုးနေရှာကြောင်း သမီးကြီးက ပြောလာခဲ့ရာ ကုသခင်ကြီးမှာ ထိုအချက်ကို ယုံကြည်လေသည်။

သူကား မကြာခဏ ဆိုသလိုပင် အနိုင်ကျင့် နှိပ်စက်ခံနေရပြီး ပိန်လှီပါးလျနေသည့် သူ့သမီးငယ်လေးကို အိပ်မက် မက်တတ်ကာ သူက သမီးငယ်ကို ကယ်တင်ချင်ပါသော်လည်း မလှုပ်ရှားနိုင်ခဲ့ပေ။

သူ့သမီးငယ်လေးခမျာ နှလုံးကွဲမျှ ငိုကြွေးနေခဲ့ပြီး သူမကို ကယ်တင်ပေးပါရန် ဖခင်ဖြစ်သူကို တကြော်ကြော် ခေါ်နေခဲ့၏။ ကုသခင်ကြီးမှာ အသံကုန်ဟစ်ကာ သမီးငယ် ဘယ်မှာလဲ မေးပါသော်လည်း သမီးထံမှ ဖြေသံ ပြန်မရခဲ့ပါလေ။ ယခုက သူ့သမီးငယ်လေး ပြောသည့် စကားများ ဖြစ်နေခဲ့လျှင်….

ကုသခင်ကြီးက ဂရုတစိုက် မေးလိုက်၏။

“ဘွားဘွားက အိပ်မက်ထဲမှာ သမီးကို ဘာပြောသွားလဲ”

“ညီမလေးရဲ့ မွေးစားအမေက ပုလဲငုပ်တဲ့လူ၊ မွေးစားအဖေကတော့ တံငါသည်လို့ ဘွားဘွားက ပြောတယ်။ ပြီးတော့ အဲဒီ မွေးစားမိဘတွေက ကျန်ခဲ့တဲ့ နှစ်နည်းနည်းလောက်ကပဲ သူတို့ကလေး မွေးလာပြီတဲ့”

သူ့သမီးကြီး၏ စကားများအရ သူ့သမီးငယ်လေး ယခုရှိနေသည့် မိသားစု၏ အခြေအနေက ပြည့်စုံကုံလုံတာ မဟုတ်ကြောင်း ကုသခင်ကြီး နားလည်သွားခဲ့ပါ၏။ ချမ်းသာသည့် မိသားစုမှာ ကြီးပြင်းခဲ့ရသည့် သူတောင်မှ ထိုသို့ နုံချာဆင်းရဲသည့် ဘဝမျိုးကို ဘယ်တုန်းကမှ မတွေ့ကြုံခဲ့ဖူးပါပေ။

သူ့အနေနှင့် ပြောရမည်ဆိုလျှင် ထိုသို့သော အရာအားလုံးကို သူ ကြုံတွေ့ဖူးခဲ့သည် မဟုတ်ပဲ စာပေတွေထဲမှာ ရေးဖွဲ့ထားသည်ကိုသာ သူ ကြားဖူးနဝ ရှိခဲ့ရသည်ပင်။

ဆင်းရဲသည့် မိသားစု တစ်ခုအနေဖြင့် ယခုလို မိမိ၏ သွေးသားရင်း ကလေး ရရှိလာသည့်အခါ သူ့ကလေးက မည်သည့်အရာများကို ရင်ဆိုင်ရမည်မှန်း ကုသခင်ကြီး စိတ်ကူးကြည့်လို့ ရနိုင်ပါ၏။

သူ့နှလုံးသားကို ဓားနှင့် လှီးဖြတ်သလို ခံစားနေရသော်လည်း ကုသခင်ကြီးမှာ သူ့သမီးငယ်လေး၏ ယခုလက်ရှိ အခြေအနေကို တည်ငြိမ်စွာ သုံးသပ်နေခဲ့ပါ၏။

Jစီရင်စုက ကမ်းရိုးတန်း စီရင်စု ဖြစ်သော်လည်း ကမ်းရိုးတန်း ဧရိယာကတော့ ကျယ်ပြန့်လှတာ မဟုတ်ပေ။

ရွာငယ်လေးတွေ အများအပြား ရှိသည်က မှန်သော်လည်း ဆယ့်သုံးနှစ်အရွယ် မိန်းမငယ်လေး တစ်ယောက်ကို ရှာဖွေဖို့ကတော့ လွယ်လွန်းလှသည် မဟုတ်။ သို့သော် မတိုင်မီက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလို တနိုင်ငံလုံး အနှံ့ ရှာဖွေ နေရတာနဲ့စာသော် ယခု ရှာဖွေရမည့် နယ်ပယ်ကတော့ ကျဥ်းမြောင်းသွားပေပြီ။

ကုယွီချင်းက ဆက်ပြောပြန်သည်။

“အဲဒီ ရွာလေးက နောက်လာမဲ့နှစ်မှာ ရာသီဥတုကောင်းဖို့ နှစ်တိုင်းရဲ့ အစဆုံးလ လပြည့်ဆယ့်ငါးရက်တိုင်း ဘိုးဘွားခန်းမထဲမှာ မီးအိမ်တွေ ချိတ်ပြီး ကမာကောင် နတ်ဘုရားကို ဆုတောင်းတယ်တဲ့ “

သူမက လည်ချောင်း ရှင်းလိုက်ပြီး

“သမီးတို့က ယဥ်ကျေးမှု ဌာနက ကျွမ်းကျင်ပညာရှင်တွေရှာပြီး အဲဒီ ဓလေ့ထုံးတမ်းတွေ ရှိတဲ့ ဒေသကို မေးသင့်တယ်လို့ ဘွားဘွားက ပြောတယ်။ အဲဒီ နည်းလမ်းကပဲ သမီးတို့တွေ လူရှာမဲ့ နယ်ပယ်ကို ပိုကျဥ်းစေလိမ့်မယ်”

၎င်းက ရှီလီ၏ မူလစိတ်ကူး ဖြစ်ပြီး ယခုမူ ကုယွီချင်း၏ ပါးစပ်ထဲမှာတော့ အဘွား၏အမေထံမှ စကား ဖြစ်သွားလေပြီ။

ထို့ကြောင့် ရှီလီက ကုယွီချင်း အဘွား၏အမေနှင့် အတူတူ ဖြစ်သွားလေသတည်း။

ရှီလီ.. မမြင်နိုင်တဲ့ မျိုးဆက် သုံးဆက်အထိ ရာထူး တိုးမြှင့်ပေးလို့ ကျေးဇူးပါဟယ်။

******

44 01

အပိုင်း 44.

ကုသခင်ကြီးက ပုံမှန်ဆို တည်ငြိမ်အေးဆေးသူဖြစ်ကာ ယခုမူ သူ့သမီးကြီးက သမီးငယ်၏တည်နေရာ အတိအကျကို အသေးစိတ် ပြောလာပေရာ ကူကယ်ရာမဲ့စွာပင် တုန်ယင်လာတော့၏။

သူက အမြဲလိုလိုပင် တစ္ဆေ သရဲ ဝိဥာဥ် ဆိုတာတွေကို မယုံကြည်သူဖြစ်ပြီး ယခုမူ ဘိုးဘေးတို့က ၎င်းတို့ မိသားစုအပေါ် ကြည့်ရှု စောင့်ရှောက်ပေးသည် ဆိုခြင်းကို ယုံကြည် လက်ခံချင်လာကာ သူ ဘယ်တုန်းကမှ မမြင်ဖူးခဲ့သည့် သူ့အဘွားက သူ့သမီး၏ အိပ်မက်ထဲမှာ ပေါ်ထွက်လာကာ သူ့သမီးငယ်လေး ရှိနေရာ နေရာကို လမ်းညွှန်ပြသပေးသည် ဆိုခြင်းကို လက်ခံဖို့ ဆန္ဒ ရှိလာပေသည်။

ကုသခင်ကြီးမှာ အတော်လေး စိတ်လှုပ်ရှားနေကာ သုံးကြိမ်မျှ သက်သေတည်လိုက်၏။

“ကောင်းတယ်၊ ကောင်းတယ်၊ သိပ်ကောင်းတယ်။ သမီးကို ပါး တခုတော့ သတိပေးရဦးမယ်”

သူက သမီးဖြစ်သူ၏ ခေါင်းလေးကို ခပ်ဖွဖွပုတ်ကာ

“သမီးက အခုထိ ကျောင်းသူလေးပဲ ရှိသေးတာဆိုတော့ ကိစ္စအားလုံးကို ပါး တို့ကပဲ ကိုင်တွယ်ပါ့မယ်”

“စကားမစပ် သမီးရဲ့ မားကို ဒီအကြောင်း ပြောလိုက်သေးလား”

ကုယွီချင်းက သူမ ခေါင်းလေးကို ခါရမ်းလိုက်၏။

“ သေချာပေါက် မပြောဘူးပေါ့။ ပါးက သမီးကို မယုံကြည်ရတဲ့လူ ဖြစ်စေချင်တယ်ပေါ့လေ”

ကုသခင်ကြီးက ရယ်မောလိုက်ရာ သူ၏ မျက်လုံးထောင့်ဝယ် Smile lineတို့ ခပ်ရေးရေး ထင်လာလေ၏။

“မဟုတ်တာ။ ပါးက သမီးကို ယုံပါတယ်”

ကုမိသားစု၏ အငယ်ဆုံး သမီးလေးဖြစ်သည့် ကုယွီလန်ကို ရှာဖွေဖို့အတွက် ရှီလီအနေဖြင့် သူမကို ကူညီရှာဖွေပေးရန် မိသားစုကို ပြောလို့ မဖြစ်ရာ အလွတ် စုံထောက်များ ငှားရမ်းဖို့ လမ်းစသာ ကျန်ရှိပေသည်။

သူတို့ကို ရှာဖို့ကလည်း လွယ်သည်မဟုတ်။

သို့သော် တီထွင်ဖန်တီးနိုင်သည့် စာရေးဆရာများ၏ ဤ စိတ်ကူးယဥ် ကမ္ဘာထဲမှာတော့ သင့်အနေဖြင့် သီးသန့် အလွတ်စုံထောက်များကို အကြောင်းမည်မည်ရရ မရှိပဲ ရှာတွေ့နိုင်လေသည်။

တနင်္လါနေ့ ရောက်သည့်အခါ ရှီလီလည်း အလွတ်စုံထောက် တစ်ယောက်ကို ရှာတွေ့ခဲ့ကာ ထို ပျောက်ဆုံးနေသည့် မိန်းကလေးကို ရှာဖွေရန် ထိုလူကို ယွမ် 1သိန်း ပေးကာ ငှားရမ်းလိုက်လေသည်။

သို့သော် ထိုစုံထောက်က ပြန်ပေးဆွဲခံရသည့် မိန်းကလေးဆိုသည်ကို ကြားသည့်အခါ သူက ချက်ချင်းပင် အလုပ် လက်ခံ​ခြင်း ကို ရုတ်သိမ်းလိုက်လေ၏။

သူက ရယ်သွမ်းသွေးလိုက်၏။ ပျောက်ဆုံးသွားခဲ့တာ ခုနစ်နှစ် ရှစ်နှစ်မျှ ရှိနေပြီဖြစ်သည့် လူတစ်ယောက်ကို ရှာဖွေဖို့က ဘယ်လိုလုပ်ပြီး လွယ်ကူနိုင်ပါအံ့နည်း။

ခုနစ်နှစ် ရှစ်နှစ်အရွယ်ကပင် ပြန်ပေးဆွဲ ရောင်းစားခံခဲ့ရသည့် ကလေးတဦးက ယခုဆို ​အရွယ်ရောက်လောက်ပေပြီ။ သူ ကလေးဘဝက ဓာတ်ပုံ အနည်းငယ်မျှဖြင့် လူရှာခြင်းက ကောက်ရိုးပုံထဲက အပ်ကို ရှာသလိုပါပင်။

ပြန်ပေးဆွဲခံရသည့် ကလေးတွေကို ရှာတွေ့ဖို့က ထိုမျှ မလွယ်ကူနိုင်ပေ။

ယခုလို ဖြစ်ရပ်မျိုးအတွက် ထို ကလေးပျောက်သည့် မိသားစုများက အလွတ်စုံထောက်ထံ ရောက်ရှိလာကြလေရှိရာ သူတို့၏ စီးပွားရေးသည်လည်း အော်ဒါ တခုလျှင် ယွမ်တသိန်းမှ နှစ်သိန်းသို့ ထိုးတက် သွားပေတော့၏။

ထိုအလွတ်စုံထောက်က ပြန်ပေးဆွဲခြင်းမှ တိုးပွားလာသည့် စီးပွားရေးကို ဟာသလုပ်ကာ လှောင်ပြောင်လိုက်၏။ အမှန်တကယ်ကို ဟာသပါပင်။ ထိုမျှ ထင်ပေါ်ကျော်ကြားသော အမှုကိစ္စမျိုးဟူသည် ထို အားယားနေသူ လူချမ်းသာတို့ တွေးထင်ထားသလောက် မရိုးရှင်းလှပေ။

ထိုအလွတ်စုံထောက်က ကုမိသားစုကိုပင် ဥပမာပြကာ ထုတ်ဖော် ပြောဆိုလာလေသည်။

44 02

“ ကျောက်မျက်ရတနာ လုပ်ငန်းစုက ကုမိသားစုကို မင်းသိမှာပါ။ ဟုတ်တယ်မလား။ သူတို့ မိသားစုဆို အရမ်းချမ်းသာတယ်လေ။ တကယ်လို့ ကလေးတွေ ပြန်ပေးဆွဲ ခံရတာသာ အမှန်တကယ် ရိုးရှင်းတယ်ဆို သူတို့တွေ ဒီလောက်ထိ အလွတ်စုံထောက်တွေ ဆက်တိုက်ငှားနေတာ၊ ကလေးကို အိမ် ပြန်ခေါ်လာနိုင်ရောပေါ့။ အခုဆို နှစ်တွေ အများကြီး ကုန်သွားပြီ၊ သူတို့ ကလေးကို ခုချိန်ထိ ရှာမတွေ့သေးဘူးလေ”

“တကယ့်ကို တိုက်ဆိုင်တာပဲ။ ကျမကလည်း အဲဒီ ခုနစ်နှစ် ရှစ်နှစ်လောက်တုန်းက ပျောက်သွားတဲ့ ကလေးကိုပဲ ရှာမှာ။ ရှင် သိမှာပါ”

ရှီလီက ထိုလူကို ကလေးပျောက်ရှာဖို့ ကူညီပေးရန်သာ ပြောခြင်းဖြစ်ကာ တုံ့ပြန်ချက် အနေဖြင့် ထိုအလုပ်က မရိုးရှင်းပါဟူသည့် အကြောင်းပြချက် ဒလဟောကိုသာ အဘယ်ကြောင့် ရရှိလိုက်သနည်း ဟူသည်ကို မသိတော့ပေ။ ရှီလီခမျာ စိတ်ဓာတ်ကျလု နီးနီးပါပင်။

ဤလူကား အမှန်တကယ်ကို စကားများလွန်းလှသည်ပင်။ အကယ်၍များ စုံထောက်အလုပ်ကနေ ပြုတ်သွားလျှင်တောင်မှ ဤလူက ဟာသ သရုပ်ဆောင်အနေဖြင့် ရပ်တည်နေနိုင်ပေ၏။

ထိုလူက အလွန်စကား များလှသော်လည်း ရှီလီ အနေဖြင့်က အခြားစုံထောက် တစ်ယောက်ထပ်ရှာဖို့ အချိန်တွေ ဖြုန်းမနေလိုပေ။

ထို့ကြောင့် ယခုက ရိုင်းစိုင်း ကြမ်းတမ်းသည့် ငမိုက်သားကို လိုက်ဖမ်းရမှာ မဟုတ်ကြောင်း ထိုစုံထောက်ကို သူမ ပြောပြလိုက်၏။ သူမမှာက ခိုင်လုံ တိကျသည့် သက်သေ ရှိသည်လေ။

ထို့နောက် ရှီလီက သူမ ကောင်းကောင်းသုံးသပ် ရေးဆွဲထားသည့် အစီအစဥ်ကို ထိုလူ့ကို ပြောပြလိုက်လေသည်။

ထိုစုံထောက်က ရှီလီ စီစဥ်ထားသည့် နည်းလမ်းများကို ကြည့်ပြီးနောက် သူက သူများ ခင်းပြီးသား လမ်းကို အသင့်လျှောက်ရုံသာ ဖြစ်ကြောင်း သဘောပေါက်သွားရကာ သူတို့နှစ်ဦးက သဘောတူညီမှုကို တံဆိပ် နှိပ်လိုက်ကြလေသည်။

စီးပွားရေး လောကအတွင်းဝယ် နှစ်ပေါင်း မရေမတွက်နိုင်အောင် နှစ်မြုပ်ခဲ့ရသူ ကုသခင်ကြီး၏ အဆက်အနွယ်များက ရှီလီကဲ့သို့ ကုပ်ကတ်တွယ်ဖက်ကာ ရှာဖွေဖို့ မလိုသည်ကတော့ သေချာပါသည်။

ဖုန်းတချက် ဆက်ရုံမျှဖြင့်ပင် ကျွမ်းကျင် ပညာရှင်များကို သူ့အမိန့်အတိုင်း စေလွှတ်ပေးပို့ လာလေသည်။

ထို့နောက်မှာတော့ ရှီလီ ငှားရမ်းထားသည့် အလွတ်စုံထောက်မှာ ကုသခင်ကြီး၏ အဖွဲ့သားများနှင့် ယှဥ်သော် အပျော်တမ်း ပညာရှင်လေး ဖြစ်ရပေတော့သည်။

ထို အလွတ်စုံထောက်က ဓလေ့ထုံးတမ်း ကျွမ်းကျင်သူ အဖွဲ့အစည်းများဖြင့်် ဘိုးဘေးတို့ကို ဆည်းကပ်ခြင်းအလေ့အကြောင်း ဆွေးနွေး တ်ိုင်ပင်နေဆဲမှာပင် ကုမိသားစုက ကုယွီလန်ကို ရှာတွေ့ထားခဲ့ပြီး ဖြစ်လေသည်။

ထို အလွတ်စုံထောက်က သူ့ကိုယ်သူ အတတ်ပညာရှင်ဟု မြင်နေသည့်တိုင် အမှုဖြစ်စဥ် တခုလုံးကို ရှီလီထံ အပြန်အလှန် ဆက်သွယ်မှု Messageပို့ကာ အစီရင်ခံလေသည်။

သောကြာနေ့ ရောက်သည့်အခါ ရွာသုံးရွာမှာတော့ ဌာနသုံးခု သေချာပေါက် ရှိနေပေရာ လူကို မကြာခင် ရှာတွေ့တော့မည်ဖြစ်ကြောင်း အတည်ပြုချက်ကို ရရှိခဲ့ပါ၏။

ရှီလီ၏ စိတ်ခံစားချက်များမှာ ချက်ချင်းကို တောက်ပလာတော့သည်။

ကိုယ်ပိုင် လေ့လာချိန်အတွင်း ရှီလီက ထို Messageကို လက်ခံ ရရှိပြီး မကြာမီပင် ကုယွီချင်းက သူ့လက်ထဲမှာ ပစ္စည်း တချို့ကို တပုံတခေါင်းကြီး ကိုင်ဆောင်ကာ စာသင်စင်မြင့်ထက်ကို တက်လာလေသည်။

သူမက လည်ချောင်း ရှင်းလိုက်သည့်အခါ အရပ်ရှစ်မျက်နှာမှာ ဆော့ကစားနေကြသည့် ကျောင်းသားများ အားလုံး ချက်ချင်း တိတ်ဆိတ်သွားကြတော့၏။

“ငါ အကုန်လုံးကို မျှဝေပေးချင်တဲ့ သတင်းကောင်းလေး ရှိတယ်။ ကျန်ခဲ့တဲ့ ရက် နည်းနည်းလောက်ကပဲ ငါ့ရဲ့ ညီမလေးကို ပြန်ရှာတွေ့ခဲ့ပြီ။ အဲဒီ အောင်ပွဲအတွက် ဒီဆန်းဒေးကျရင် ငါတို့က ဂုဏ်ပြုပွဲလေး လုပ်မလို့လေ။ ဒီတော့ ဖြစ်နိုင်မယ်ဆိုရင် နင်တို့ကိုလည်း ငါ လာခဲ့စေချင်တယ်”

44 03

သူမက သူမ လက်ထဲမှ ရွှေရောင်ကတ်ပြားလေးကို မြှောက်ပြလိုက်ကာ

“ဒါက ဖိတ်စာလေးပါ။ ပြီးကျ ငါ အကုန်လုံးကို ပေးမယ်နော်”

စတိတ်စင်အောက်မှ ကျောင်းသားများလည်း ချက်ချင်းကို ကောင်းချီးသြဘာ ပေးကြတော့သည်။

ကုယွီချင်းက အောက်ဆင်းလာပြီးနောက် ဖိတ်စာ ကတ်လေးကို လူတိုင်း လူတိုင်းထံ ဝေငှပေးလိုက်ကာ သူမ တခုကို ပေးလိုက်တိုင်း ဝမ်းမြောက် ဂုဏ်ယူမှု တစ်ခုကို ရရှိလေသည်။

အချိန်အကြာကြီး ပျောက်ဆုံးခဲ့သည့် ညီမဖြစ်သူကို ပြန်ရှာတွေ့ခဲ့ပေရာ ကုယွီချင်း၏ စိတ်ခံစားချက်များက သိသိသာပင် တောင်ပလင်းလက်နေပါ၏။

“နင့် ညီမလေးကို ပြန်ရှာတွေ့လို့ အရမ်းကို ဝမ်းသာပါတယ်နော်”

သူမနှင့် တူညီသည့် အသိုင်းအဝိုင်းမှ ဖြစ်စေ သာမန် မိသားစုများမှ ဖြစ်စေ အတန်းထဲမှ အတန်းဖော်တိုင်းက ကုယွီချင်း၏ ပြန်ပေးဆွဲခံရသည့် ညီမလေးကို သိရှိကြသည်ပင်။

ကုမိသားစု အနေဖြင့် ထိုပျောက်ဆုံး ကလေးငယ်ကို ကူညီ ရှာဖွေပေးပါရန် လူထုထံသို့ တစ်ကြိမ်မက တောင်းဆိုခဲ့ဖုးပါ၏။

ကုယွီချင်းက သူမ မျက်နှာထက်မှာ အပြုံးလေးတပွင့် ပန်ဆင်ရင်း

“ ကျေးဇူးပါ” ဟု ဆိုလိုက်လေသည်။

ဆရာမကျိန့်မှာ သူ့အတန်းမှ ဆူညံသံများကို ရုံးခန်းထဲမှ ကြားလိုက်ရာ သူ့နောက်ကျောမှ ပြတင်းပေါက်မှတဆင့် စာသင်ခန်းကို လှမ်းကြည့်လိုက်၏။

ကုယွီချင်းက သူမလက်ထဲမှ ပစ္စည်းအချို့ကို အတန်းဖော်များအား ပေးနေသည်ကို ကြည့်ကာ ဆရာမကျိန့်က ခေတ္တမျှ နားထောင်လိုက်သည့်အခါ ကုယွီချင်း၏ ညီမလေးကို ပြန်ရှာတွေ့သည့် ကိစ္စဖြစ်ကြောင်း နားလည်သွားပါ၏။ စာသင်ခန်းထဲသို့ ဝင်ကာ သူမကို တားဆီးခြင်း မပြုဘဲ သူက စာသင်ခန်း အပြင်ဘက်မှနေ၍ ခေတ္တမျှ စောင့်ကြည့်နေလေသည်။

ရက်သတ္တပတ် ကုန်ပြီဖြစ်ရာ ဤကလေးများ အားလပ်ချိန်ကို အသုံးချကြပါစေ။

ရှီလီခမျာ ပဟေဠိ ဖြစ်သွားရရှာ၏။ (ဘာတဲ့။ သူတို့က ဘယ်လိုတောင် အဲ့လောက် မြန်မြန်ကြီး ရှာတွေ့သွားတာလဲ)

စာသင်ခန်းအတွင်းမှာက ကုယွီချင်းနှင့် သူမ အတန်းဖော် တချို့က ရံဖန်ရံခါ စကားပြောနေခြင်း ဖြစ်ရာ ရှီလီ၏ အတွေးများက လူတိုင်းထံ ရောက်ရှိသွားတော့၏။

အတန်းသားအားလုံးလည်း ရှုပ်ထွေး သွားရပါ၏။ ကုမိသားစုမှ အငယ်ဆုံးသမီးလေး၏ ဖြစ်ရပ် အကြောင်းကိုတော့ ရှီလီလည်း သိထားသင့်ပါသည်။

သို့သော် ရှီလီ၏ တုံ့ပြန်မှုများက အလွန် မှားယွင်းနေပုံ ပေါ်လေသည်။

(တကယ်ဆို ကုယွီလန်က နှစ်နှစ်နောက်ကျပြီးမှ ရောက်လာသင့်တာကို၊ ပြီးတော့ သူ့ မွေးစာအဖေကိုလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရစေပြီး မြို့ကနေ လွတ်သွားရဦးမှာ၊ အဲ့တော့မှ ပြန်မှတ်မိသွားပြီး ကုမိသားစုက ပြန်ခေါ်သွားရမှာကို)

လူတိုင်း… အဲဒီ ကုမမလေးကို ကြည့်ရတာ အရမ်းကို ရက်စက်မဲ့ ပုံပဲနော်။

ကုယွီချင်း..ငါ့ညီမလေးက အကြင်နာ မဲ့တယ်။

(ကုမိသားစုက သူ့ကို မြန်မြန်ကြီး ရှာတွေ့သွားတာပဲ။ ပြီးတော့ ငါ ငှားထားတဲ့ စုံထောက်က ဒီနေ့မှ တည်နေရာကို အတည်ပြုရုံရှိသေး ကုမိသားစုက သူ့ကို ရှာတွေ့ပြီးပြီ)

ကုယွီချင်းလည်း သူမ ရယ်သံများကို အတောသတ်လိုက်၏။ ထိုစုံထောက်၏ စွမ်းဆောင်ရည်က အမှန်တကယ်ကို နိမ့်ကျလွန်းပေစွ။

ရှီလီက မည်သည့် စုံထောက်ကို ငှားရမ်းခဲ့သနည်းဟု ကုယွီချင်းက တွေးမိ၏။ သူမ အလိမ်ခံလိုက်ရတာလား။

(ငါ့ ပိုက်ဆံတွေတော့ ကုန်ပါပြီဟယ်)

44 04

ထိုအတန်းထဲဝယ် အဆက်အစပ် မရှိသည့် ရှီလီ၏ စကားများကို ကုယွီချင်း တစ်ယောက်သာ အကြွင်းမဲ့ နားလည်နိုင်ပေသည်။

ထိုအချိန်မှာတော့ Group Chatထဲမှ တစ်စုံတစ်ယောက်က ကုယွီချင်း၏ အမည်ကို Tagလုပ်ကာ ရှင်းပြချက် တောင်းခံလေတော့၏။

(ရှီလီ ဘာကို ပြောချင်တာလဲ)

ဖိတ်စာကတ်များကို ဝေငှပြီးနောက် ကုယွီချင်းက သူမ ထိုင်ခုံမှာ ပြန်ထိုင်ကာ Message ကို ဖွင့်ဖတ်ပြီး စာပြန်လိုက်၏။

(ပြီးခဲ့တဲ့ ပိတ်ရက်တုန်းက ငါ ရိပ်သာကို သွားတော့ ရှီလီနဲ့ တွေ့ခဲ့တယ်။ သူက ငါ့အမေကို တွေ့ပြီး ပြန်ပေးဆွဲ ခံရတဲ့ ငါ့ညီမလေး အကြောင်းကို သတိရသွားတယ်လေ။ သူက ငါ့ညီမလေး ရှိမဲ့ အနီးစပ်ဆုံး နေရာကို သိနေတဲ့အပြင် လူရှာဖို့ စုံထောက် ငှားလိုက်တာပဲ)

(သူ ငှားထားတဲ့ အလွတ်စုံထောက်က အသုံးမကျဘူးလေ။ ငါတို့ မိသားစုက ရှီလီပေးတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြီး ရှာတာ။ ဒါပေမဲ့ သူ ငှားထားတဲ့ အလွတ်စုံထောက်ကတော့ တည်နေရာကိုပဲ အတည် ပြုနိုင်သေးတယ်တဲ့ဟယ်၊ ဖြစ်ကြောင်း ကုန်စင်ကတော့ အဲဒါပဲ)

(ရယ်စရာပဲ)

(ရှီလီက အရမ်း ချစ်စရာ ကောင်းတာပဲနော်)

ရှီလီခမျာ မျက်နှာလေးကို ရှုံ့မဲ့ကာ အံဆွဲထဲမှ သူမ ဖုန်းကို ထုတ်ယူပြီး သူမ၏ အလွတ် စုံထောက်ထံ စာပို့ဖို့ ခက်ခက်ခဲခဲ ကြိုးစားရရှာလေသည်။

(ရှင် အခု ပြန်လာလို့ ရပြီ။ ထပ်ရှာစရာ မလိုတော့ဘူး)

(ဝူးးးး ငါ့ရဲ့ နှစ်သိန်း!)

ရှီလီခမျာ နာကျင်မှုကြောင့် တဟင့်ဟင့် ရှိုက်သံလေးပါ ထွက်နေရှာကာ ထိုမသမာသူ အတန်းဖော်များက အားနာခြင်း မရှိသည့် တခွိခွိ ရယ်မောခြင်းမှ နှာမှုတ်သံများကိုသာ ယူဆောင် လာစေတော့၏။

သူမ ညီမလေးကို ရှာဖွေရာမှာ အခရာကျသူ ရှီလီက အတိတ်တုန်းက ဖြစ်ခဲ့သည့် ထိပ်တိုက်တွေ့မှု ပြဿနာများကြောင့် လာမည့် ရက်သတ္တပတ်မှာ ပြုလုပ်မည့် ဂုဏ်ပြုပွဲသို့ မတက်ရောက်မည်ကို ကုယွီချင်းက စိုးရိမ်လေသည်။

ပထမဆုံး အကြိမ်အဖြစ် ကုယွီချင်းက ရှီလီထံသွားကာ အလွန် ပြေပြစ် ပျူငှာသော လေသံဖြင့် ဆိုလိုက်၏။

“ရှီလီ ဒီတပတ် ပိတ်ရက်မှာ လုပ်မဲ့ ဂုဏ်ပြုပွဲကို နင် သေချာပေါက် လာရမယ်နော်”

သူမ အပေါ် ပစ်မှတ်ထားနေသည့် ကုယွီချင်း၏ အကျင့်များနှင့် သူမက နေသားကျနေပြီ ဖြစ်ရာ ရှီလီမှာ သူမလေသံကြောင့် နေမထိ ထိုင်မသာ ဖြစ်သွားရပါ၏။

သူမက ရှီချွေ့ယွီထံသို့ အကြည့်တချက်မျှ ပစ်လွှတ်လိုက်ကာ သူမ မျက်လုံးထဲမှာလည်း မယုံကြည်နိုင်ကြောင်း ထင်ရှားနေပါ၏။ ကုယွီချင်း တစ်ခုခု ဖြစ်နေတာလားဟင်။ သူက ငါ့ကို တစ်ခုခု ကြံစည်တော့မလို့လား။

ထိုအချိန်အတောအတွင်း ရှီလီ၏ဗြောင်ကျကျ စကားလုံးများက အတန်းတစ်တန်းလုံးမှ အတန်းဖော်များ၏ နားထဲသို့ ကြည်လင် ပြတ်သားစွာ ပဲ့တင် ထပ်သွားတော့သတည်း

(ကုယွီချင်းက ဘာတွေ မှားနေတာလဲဟင်။ သူက ငါ့ကို ထောင်ဖမ်းဖို့အပြင် ခေါ်ထုတ်နေတာလား)

All Chapters