← Chapters

အခန်း (၄၅-၄၈)

Vol. 3 Ch. 45-48

အခန်း (၄၅-၄၈)

Vol. 3 Ch. 45-48

အပိုင်း 45.

ရှီလီ၏ စကားလုံးများက သာတောင့်သာယာ ရှိမနေတာတောင်မှ သူမ၏ မဟာ အကူအညီကြီးကို အကြွေးတင်နေသူ ကုယွီချင်းကား သူမ၏ ယဥ်ကျေး ပျူငှာသော အပြုံးလေးကို သူမမျက်နှာထက်မှာ ထိန်းသိမ်းထားဆဲပါပင်။

သို့သော်ငြားလည်း ရှီချွေ့ယွီကမူ စိတ်မတည်ငြိမ်နိုင်တော့ပေ။ စိတ်ကသိကအောက် ဖြစ်ခြင်းမှ လွတ်မြောက်ရန် သူမ၏ နားနှစ်ဖက်လုံးကိုရော မျက်နှာကိုပါ ဖုံးအုပ်ထားချင်တော့၏။ အကယ်၍များ သူမက ဘာကိုမှ မမြင်ရ မကြားရပါလျှင် သူမလည်း ရှီလီအတွက် ကသိကအောက် ဖြစ်ရမည်မဟုတ်။

ပြောရမည် ဆိုပါက သင်က သင့်ကိုယ်သင် ကသိကအောက်ဖြစ်အောင် မလုပ်ရက်လျှင် ထို ကသိကအောက်စိတ်ကို အခြားသူပေါ်သာ ပစ်တင်လိုက် ဟူသတည်း။ ဤမျှ ခွတီးခွကျဖြစ်ဖွယ် အခြေအနေကို ဖန်တီးထားသူ ရှီလီက သူမဘာသာ သတိမမူမိဘဲ တည်ငြိမ် အေးဆေးနေချိန် သူမ၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူ ချိုးယွီ ခမျာမှာတော့ စိတ်မလုံခြင်းကြောင့် လဲသေ ရပေတော့မည်။

(Ah! သူကတော့ ငါ့ကို အခုထိ အားလီလို့ ခေါ်နေတုန်းပဲ)

သူ့နားများကို ဖုံးအုပ်ထားဖို့ရန်အတွက် ရှီလီ၏ ပါးစပ်များကို ပိတ်ဆို့ထားချင်သူ ချိုးယွီက တွေး၏။ ရှီလီ၏ ဤပရမ်းပတာ အတွေးများ ရပ်တန်းကရပ်ဖို့ သူမ မျှော်လင့်မိပေသည်။

လူအတော်များများကမူ ရှီလီ၏ မှတ်ချက်အပေါ် ပြန်လည် တုံ့ပြန်လာမည့် ကုယွီချင်း၏ အမူအရာကို အကဲဖြတ်ရန် သူမကို ခိုးကြောင်ခိုးဝှက်ဖြင့်ပင် တစ်ချက်မျှ ဝေ့ကြည့်ကြလေ၏။ သို့သော် သူမ စိတ်မကောင်းဖြစ်အောင် လုပ်မိမည်ကိုလည်း သူတို့က စိုးရိမ်ကြပါ၏။

အတန်းတွင်းမှ သူတို့၏ အပြန်အလှန် ဆက်ဆံမှုများအရ ကုယွင်ချင်းက ပေါ့သွမ်းသူ မဟုတ်ကြောင်းကိုဖြင့် သူတို့လည်း သိပါသည်။ ရှီလီ၏ စကားများကို ကြားရသည့်အခါ သူမက ရုတ်တရက်ကြီး စိတ်ဆိုး ဒေါသထွက်လိမ့်မည်ကို အချို့ကလည်း စိုးရိမ်နေပေ၏။

ကုယွီချင်းသာ စိတ်ဆိုး ဒေါသထွက်ပါလျှင် ရှီလီကို အကာအကွယ် ပေးရန် အတန်းခေါင်းဆောင်က အသင့် ပြင်ထားပြီးသားပင်။ ရှီလီသာ မရှိလျှင် ထိုပထမနှစ် အတန်းတစ်တန်းလုံးကား ဂျေရုဆလင်မြို့တော် မရှိသည့် အနောက်တိုင်းနှယ် ဆိုးဆိုးဝါးဝါး ထိခိုက် နစ်နာပေလိမ့်မည်။

လူတိုင်း၏ အံ့သြမှုသည်ကား ကုယွင်ချင်း၏ လေသံက ပိုလို့တောင် ညင်သာသွားသောကြောင့်တည်း။

“နင် လာဖို့ ငါ တကယ်ကြီး မျှော်လင့်တာပါနော်။ နင် ပွဲလာတက်ပြီး ဂုဏ်ပြုပေးဖို့ကို ငါ တကယ် မျှော်လင့်တာပါဟယ်”

သူမက ဆို၏။

ထိုအတွက်ကြောင့် ကုယွီချင်း အနေဖြင့် ရှီလီအပေါ် ကွယ်ဝှက်ထားသည့် အကြောင်းရင်းများ ရှိနေမလား ဆိုသည်ကို ရှီချွေ့ယွီတောင်မှ စတင် သံသယ ဝင်လာလေပြီ။ ဤမျှ လိုက်လျောလွန်းလှသည့် ကုယွီချင်းကို သူမ ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပေ။

သို့သော် သူမက သူမ၏ ကိုယ်ပိုင် ခန့်မှန်းချက်များကို အလျင်အမြန်ပင် ဖယ်ထုတ်လိုက်ပါ၏။ ဘာဖြစ်ဖြစ် ရှီလီက ကုယွီချင်း၏ ညီမ ရှာပုံတော်မှာ ကူညီပေးခဲ့သူပင်။ အကယ်၍များ ကုယွီချင်းသာ ရှီလီကို တန်ပြန် ဆန့်ကျင်လိုသည်ဆိုလျှင် ဒါကြီးက အရမ်းကို အရိုအသေမဲ့တာ မဟုတ်ဘူးလား။

ကုယွီချင်းကမူ တဲ့တိုးဆန်လှသော ရှီလီ၏ စကားမျာကို တိုက်စစ် ပြန်မဆင်ပါပဲ ထိုအစား သူမကိုယ် သူမသာ ပြန်သုံးသပ်မိ၏။ ဤကား အတိတ်တုန်းက သူမ အနေဖြင့် ရှီလီကို လုံလုံလောက်လောက် နှစ်လိုခြင်း မရှိခဲ့လို့သာ ဖြစ်ကာ သူမ၏ ရည်ရွယ်ချက် အမှန်ကို ရှီလီ သံသယ ဝင်အောင် လုပ်ခဲ့မိလေသည်။ နောင်အနာဂတ်ဝယ် သူမအပေါ် ရှီလီ၏ ထင်မြင်ချက်များကို ပြောင်းလဲနိုင်ဖို့ သူမ ကတိပြုပါ၏။

45 02

ရှီလီက အမြဲလိုလိုပင် လူမှု ဆက်ဆံရေး ကောင်းသူ ဖြစ်ရကာ သူမက ခေါင်းလေးကို ငုံ့လိုက်ပြီးနောက် ဖွဖွ ညင်သာ ပြောလေသည်။

“ငါ့ကို ဖိတ်လို့ ကျေးဇူးပါဟယ်။ ငါ ဆက်ဆက် လာခဲ့မယ်နော်”

ရှီလီ၏ ရှက်စဖွယ် စရိုက်နှင့် မျက်နှာနှစ်မျိုးကို တွေ့မြင် သိရှိခဲ့ပြီးသူ ကုယွီချင်းက ယခုမူ စိတ်ထဲကနေ စူးစူးရှရှ အော်ဟစ်မိတော့၏။ (သူက တကယ့်ကို ချစ်စရာလေးဟယ်)

သူမ၏ ချစ်လှစွာသော သူငယ်ချင်း ငတုံးမလေးက မသိလိုက်ဘာသာဖြင့် တစ်စုံတစ်ယောက်ကို စော်ကား အပြစ်ပြုလိုက်ပေရာ ရှီချွေ့ယွီလည်း ထိုဘေးထွက်ဆိုးကျိုးကို ကိုင်တွယ်ဖို့ရန် ထွက်သွား ခဲ့ရတော့၏။

အိမ်ရောက်သည့်အခါ သူမက ကုယွီချင်း၏ Contactကို ဖုန်းထဲ ထည့်မှတ်လိုက်၏။ (အရင်တုန်းက သူတို့ရဲ့ ဆက်ဆံရေးက ဘယ်လောက်တောင် အတုအယောင်ကြီးလို့ ဘယ်လိုတောင် ဖိဖိစီးစီး ခံစားရတာလဲလို့၊ ဒီမတိုင်ခင်က ငါ့မှာ သူ့ Contactတောင်မှ မရှိဘူးဘဲ)

သူမ၏ နလပိန်းတုံး သူငယ်ချင်းမအတွက် ဝန်ချတောင်းပန် ပေးရမည်က မလွဲဧကန်ပါပင်။ နောင်အနာဂတ်ဝယ် ကုယွီချင်းအနေဖြင့် ရှီလီအပေါ် အာဃာတများထားကာ အရှုပ်အထွေးများ ပြုလုပ်မည်ကို သူမ တကယ်ပင် ကြောက်လှပါ၏။

သူမ စိတ်ကို လန်းလန်းဆန်းဆန်း ဖြစ်အောင် ထားလိုက်ကာ ချိုးယွီလည်း ရွှင်မြူးနေသည့် အီမိုဂျီလေးကို အရင်ဆုံးပို့ကာ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ပါ၏။

ရှီချွေ့ယွီ.. (ရှီလီရဲ့ ဘယ်စကားကိုမှ အတည်မယူပါနဲ့ဟယ်၊ သူက သူ့စိတ်ထဲမှာပဲ ပြောမိတာပါ)

ကုယွီချင်း.. ( အဆင်ပြေပါတယ်။ ငါ့စိတ်ထဲမှာလည်း မှတ်မထားပါဘူးဟယ်။ သူက ငါတို့မိသားစုရဲ့ ကျေးဇူးရှင်ပဲဟာ။ ဘာဖြစ်ဖြစ် ငါတို့ သူ့ကို ကျေးဇူးတင်ရမှာ)

ကုယွီချင်း..(ပြီးတော့ ရှီလီ စိတ်မမှန်တာလေးက ချစ်ဖို့ကောင်းတာကို နင်မတွေ့ဘူးလား)

ရှီချွေ့ယွီ.. ငါအခုမှ စဥ်းစားမိတယ်။ ရူးနေတဲ့လူက ရှီလီ မဟုတ်ပဲ နင်ဖြစ်နေတာကိုး။

ထိုအချိန်တွင် ယွီချင်းတစ်ယောက် ထေ့ငေါ့နေတာလား၊ အတည် ပြောနေသည်လားဆိုတာ ချိုးယွီလည်း မသိတော့ပေ။

ကုယွီချင်းသာ ထေ့ငေါ့နေတာဆိုလျှင် ၎င်းက ပုံမှန်ပင်ဖြစ်ကာ အကယ်၍ ရှီလီက ချစ်စဖွယ်ဟု အကယ်ပင် ချစ်စရာ ကောင်းနေသည်ဟု ထင်မြင်ပါမူ ရူးနေသည့် ကျန်တစ်ယောက်က သူမပင် ဖြစ်ပေလိမ့်မည်။

နှစ်ပေါင်းများစွာ ရင်းနှီးခဲ့သည့် သူငယ်ချင်းများ ဖြစ်နေတာတောင်မှ ချိုးယွီခမျာ ရံဖန်ရံခါဝယ် ရှီလီ၏ တဲ့တိုးဆန်သော စကားများကြောင့် စိတ်ထိခိုက်ရပေရာ သူမမှာ သွေးကျဆေး လိုအပ်သည်ဟုပင် သူမ တွေးထင်ခဲ့ဖူးလေသည်။

နှစ်ပေါင်းများစွာပင် အရင်းနှီးဆုံး သူငယ်ချင်းများ ဖြစ်ခဲ့ကြသည်ကို ထောက်ဆကာ သူမက ရှီလီ၏ လျှာလေးကို အကြိမ်ကြိမ် အဖန်ဖန်သာ ဆုပ်ဖမ်းထားချင်တော့၏။

ရှီချွေ့ယွီ.. (သူက လျှာစောင်းထက်ပေမဲ့ စိတ်ရင်းကတော့ ကောင်းပါတယ်၊ တစ်ခါတစ်ခါကျ သူ့စကားတွေကြောင့် အရမ်းကို မခံချိ မခံသာဖြစ်သွားနိုင်တယ်။ ငါ သူ့ကို သိလာတာ ဆယ်နှစ်နီးပါး ရှိပြီ၊ တခါတခါကျ သူ့စိတ်ကြောင့် ငါ့မှာ သေမလိုတောင် ခံစားရတယ်)

ကုယွီချင်း.. (ရှီလီ စိတ်ကောင်းရှိတာ ငါ သိပါတယ်။ ငါ အရင်တုန်းက သူ့ကို အထင်လွဲခဲ့မိတာ အခုကျ ရွှေလို အဖိုးတန်တဲ့ သူငယ်ချင်းကို ဆုံးရှုံးရတဲ့ အဖိုးအခ ဖြစ်သွားတာပေါ့ဟယ်)

ကုယွီချင်းက ယခုလို အံသြတုန်လှုပ်ဖွယ် ခေါင်းစဥ်မျိုးကို ယူထုတ်လာမည်ဟု ရှီချွေ့ယွီ မမျှော်လင့်ခဲ့ပါပေ။ သို့မဟုတ်လျှင် သူမက ရေသောက်ဖို့ကိုတောင် အောင့်အည်းထားမိမည်မှာ သေချာပါသည်။ သူမခမျာ ကုယွီချင်း၏ စာကြောင့် ရေသီးသွားလေရာ ချောင်းတွေ တဟွတ်ဟွတ် ဆိုးရတော့၏။

45 03

ကုယွီချင်းက နောက်ထပ် Message တစ်စောင် ပို့လာပြန်သည်။ (ဒါဖြင့် နင် ရှီလီနဲ့ သူငယ်ချင်း ဖြစ်လာတာ ဆယ်စုနှစ် တစ်ခုနီးနီး ရှိပြီပေါ့နော်။ ရှီလီလို သူငယ်ချင်းမျိုး နင့်မှာ ရှိတာ ငါ တကယ် အားကျလိုက်တာ။ နောင်အနာဂတ်ကျ နင်နဲ့ ရှီလီက ငါ့ကို ရင်းနှီးပေးပြီး သူငယ်ချင်းကောင်းတွေ ဖြစ်လာဖို့ ငါ မျှော်လင့်မိပါတယ်)

(ရှီလီက ငါနဲ့ ပတ်သက်လို့ တခုခုကို နားလည်မှု လွဲနေပုံပဲ။ နင် ငါ့ကို ကူဖျန်ဖြေပေးပြီး အဲဒီ ပြဿနာကို ကူဖြေရှင်းပေးဖို့ ငါ မျှော်လင့်ပါတယ်။ နင် ကူညီပေးနိုင်မလား ဟင်။)

ရှီချွေ့ယွီခမျာ ပဟေဠိ ဖြစ်သွားရရှာ၏။ ဒီ ကုယွီချင်းက ရှီလီကို ကန့်လန့်တိုက်ဖို့ထက် သူငယ်ချင်း ဖြစ်လာဖို့ ကြိုးစားနေတာတဲ့လား။

ဤ အသိတရားက ခေါင်းထဲ ဝင်လာသည့်အခါ သူမမှာ အံအားသင့်ကာ မျက်လုံးပြူးရတော့၏။

ရှီချွေ့ယွီလည်း ထို Conversationကို ကောယွမ်ထံ သယ်ပို့ကာ သူမကို အကြံဉာဏ်ပေးပါရန် ပြောလိုက်၏။

ထို Message ပို့ပြီးကာမှ ကောယွမ်က ယခုထိ အတန်းထဲမှာ ဖြစ်ကြောင်း အမှတ်ရသွားတော့သည်။

ထို့အပြင် ကောယွမ်က ယနေ့ ကျောင်းမှ စောစော ပြန်သွားခဲ့သည်ဖြစ်ရာ အတန်းထဲမှ ထိုဒရာမာအတွက် မည်သည့် အကြံဉာဏ်မှ မရှိပါလေ။

ယခု ရှီချွေ့ယွီက ထိုကိစ္စကို ပြောလာသော် သူမကား ထိုပုံပြင် တစ်ပုဒ်လုံးကို ကောယွမ်ထံ အစအဆုံး ပြောပြရပေမည်။

အဲဒါက ဒုက္ခကြီးဟု ရှီချွေ့ယွီက ခံစားလိုက်ရပေရာ သူမလည်း ထိုစကားပြောခန်းကြီးကို ပြန်ဖျက်လိုက်တော့သည်။

သူမ တွေးနေဆဲမှာပင် ကောယွမ်က သူမ ဖုန်းကို မကြည့်နိုင်သေးရာ တစ်နာရီကြာပြီး နောက်မှာမှ Question Mark ကလေးဖြင့် တုံ့ပြန်လာ၏။

ရှီချွေ့ယွီ..( ကိုယ့်စာမှာပဲ အာရုံစိုက်ထား ကလေးမ၊ လူကြီးတွေ လုပ်မဲ့ ကိစ္စတွေနဲ့ ကင်းကင်းရှင်းရှင်း နေနော်)

ကောယွမ်.. (အေးပါ)

ထို ရက်သတ္တပတ် အဆုံးမှာ ကုမိသားစုက ကျင်းပသည့် ဂုဏ်ပြုပွဲဝယ် ဧည့်သည်တွေ အများကြီးမရှိပါပဲ ကုမိသားစု၏ ရင်းနှီးခင်မင်သူ မိတ်ဆွေများသာ ရှိပါ၏။ ယခုမူ ကုယွီချင်း၏ အတန်းဖော် သုံးဆယ်ဟူသည်ကို ထည့်သွင်း ရေတွက်သော် နည်းပါးတယ်လို့လည်း မဆိုသာတော့ပေ။

ကုယွီချင်း ဖိတ်ထားသည့် ကျောင်းသားများထဲဝယ် သူမ၏ စာလေ့လာချိန်မှ မည်သည့် အားလပ်ချိန်မှ ဖျစ်ညှစ်ထုတ်ယူလို့ မရသည့် ကောယွမ်မှတပါး အားလုံး လူစုံတက်စုံ တက်ရောက်ပါ၏။

အခြားလူများသည်လည်း ဤ ပိတ်ရက်အတွင်း အတန်းချိန်များ ရှိကြသော်လည်း လူတိုင်းလူတိုင်းက သူတို့၏ အချိန်ဇယားများကို စောစောစီးစီး ပြန်လည်ပြင်ဆင်ထားပေရာ သူတို့က ဤအတင်းအဖျင်း ပွဲကြီးကို မလွဲချော်တော့ပေ။

သို့သော် ကောယွမ်ကမူ ရှီလီလည်းပဲ ဤပွဲကို တက်ရောက်ခြင်းအား မသိရှိခဲ့ပေ။ ရှီလီနှင့် ကောယွမ်က ဆက်ဆံရေးကောင်း မရှိလေရာ ရှီလီ လာမည်မဟုတ်ဟု သူမက မှတ်ယူထားခဲ့တာ ဖြစ်၏။

ထို့ပြင် ကောယွမ်လေး၏ ပိတ်ရက် အချိန်ဇယားများမှာလည်း ငါးပိသိပ် ငါးချဥ်သိပ် ပြည့်နှက်နေရှာပါ၏။ အကယ်၍များ သူမက သူမ၏ အတန်းချိန်များကို ညှိလိုသည် ဆိုလျှင်တောင်မှ သူမခမျာ ခိုကိုးရာ မဲ့နေဆဲပါပင်။

ထိုပွဲဝယ် လူတိုင်းက ရိုးရိုးရှင်းရှင်းသာ ဝတ်စားလာကြကာ အထူးသဖြင့် ကုယွီချင်း၏ အတန်းဖော်များက သာမန်မိသားစုများမှ ကျောင်းသားများကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ပေါ့ပေါ့ပါးပါး အဝတ်အစားများကိုသာ ဝတ်ဆင်လာပါ၏။

ထို ညစာစားပွဲက ပေါ့ပေါ့ပါးပါး မိသားစု စားသောက်ပွဲဖြစ်ပြီး နေ့စဥ်ဝတ် အဝတ်အစားဖြင့်ပင် လုံလောက်ပြီဟု သောကြာနေ့ ညတုန်းက အတန်းခေါင်းဆောင်က Grroup Chat ထဲမှ ကြေငြာခဲ့လေသည်။

ကုယွီချင်း၏ တောင်းဆိုမှုအရ သူ့ညီမလေးနှင့် ရွယ်တူ မောင်ရင်းနှမ ရှိသူများအနေဖြင့် သူတို့နှင့်အတူ ထို မောင်နှမများကို ခေါ်ဆောင်လာကြပါ၏။

45 04

ကုမိသားစုဝင်များသည်လည်း ဤ ညစာစားပွဲဝယ် ရိုးရိုးရှင်းရှင်းသာ ဝတ်ဆင်ထားပါ၏။

လွန်ခဲ့သည့် တပတ် ရှီလီနှင့် ပထမဆုံး တွေ့ဆုံခဲ့စဥ်က ဖြူရော်ရော်မျက်နှာ ရှိခဲ့သူ ကုကတော်ကား ယခုမူ ပါးမို့ထက်ဝယ် နှင်းဆီသွေးဖြာကာ အပြုံးလေးတခု ပန်ဆင်ထားရင်း အရပ်ရှည်၊ ပိန်ပိန်ပါးပါးနှင့် ညိုမှောင်သော အသားအရည်ရှိသူ မိန်းမငယ်လေး၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလေသည်။

ထိုမိန်းကလေးကို မြင်သော် သူမက ကုမိသားစု၏ အငယ်ဆုံးသမီးလေး ဖြစ်ကြောင်း လူတိုင်း သိရှိကြကာ ထိုမိန်းကလေးမှာ အပြင်မှာ နေခဲ့ရစဥ်က ဆင်းရဒုက္ခများကို အတော်ကြီး ခံစားရကာ ထိခိုက် နာကျင် ခဲ့ရပုံပေါ်ပါသည်။

သူမ အတန်းဖော်များကို အာရုံစိုက်မိသွားချိန်တွင် ကုယွီချင်းက သူမ မိခင်နှင့် ညီမဖြစ်သူ၏ ဘေးနားတွင် ထိုင်နေခဲ့ခြင်း ဖြစ်ပါ၏။

“မား သမီး သူငယ်ချင်းတွေ ရောက်လာပြီ။ သူတို့နဲ့ မိတ်ဆက်ပေးဖို့ ညီမလေးကို ခေါ်သွားမယ်နော်”

ကုကတော်က ခေါင်းညိတ်ကာ သဘောတူလိုက်၏။

“သူတို့ တစ်ယောက်ချင်းစီရဲ့ အဖော်တွေနဲ့ တွေ့ရင် သမီး ညီမလေးလည်း ပိုပြီးတော့ သက်တောင့်သက်သာ ခံစားရမှာဆိုတော့ သွားပြီး ညီမလေးကို အဖော်ပြုပေးချေပါဦး”

သူတို့၏ သမီးလေးမှာ တစ်ကြိမ်တခါက ပျောက်ဆုံးသွားခဲ့ပြီး ယခုမှ ပြန်ရှာတွေ့ခဲ့ခြင်း ဖြစ်ရာ ကုယွီချင်း၏ မြင်ကွင်းအောက်မှ ပျောက်သွားအောင် လုပ်မိတာမျိုး မဖြစ်စေချင်ပေ။ သို့သော် သူမ၏ သမီးငယ်လေးက သူမတို့ ပတ်ဝန်းကျင်မှ အမျိုးမျိုး အဖုံဖုံသော လူမှုရေး ပွဲလမ်းသဘင်များကို လျှောက်လိုက်နေမည့်အစား သူမ၏ သက်တူရွယ်တူများနှင့်သာ ပိုပြီး အချိန်ဖြုန်းသင့်ကြောင့်း သူမ သိပါသည်။

သူ၏ ဆွေမျိုးဉာတိများကို တွေ့ဖို့ကတော့ နောက်ပိုင်းကျ အခွင့်အရေးတွေ အလျှံပယ် ရှိနေမှကို။

အခု သူတို့လက်ဝယ်မှာ ရှိနေသည့် အရေးကြီးဆုံး တာဝန်ကတော့ သူတို့ သမီးငယ်လေးက ဤပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်ဖို့ရန်ပါပင်။

သူမ ညီမလေး၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ သူမ အတန်းဖော် အုပ်စုကြီး ရှိရာသို့ ဦးဆောင်ခေါ်သွားလိုက်ပါ၏။

သူမက သူမညီမလေးကို အတန်းဖော် တစ်ဦးချင်းစီနှင့် မိတ်ဆက်ပေးလိုက်ကာ ရှီလီကိုတော့ နောက်ဆုံးကျမှ မိတ်ဆက်ပေးလိုက်၏။

“ဒါက မမရဲ့ အချစ်ဆုံးသူငယ်ချင်းလေ၊ ချစ်ဖို့ကောင်းတယ် မဟုတ်လား”

သူမက ညီမဖြစ်သူကို မေးလိုက်၏။

(နေပါဦး။ ငါက သူနဲ့ ဘယ်တုန်းက အချစ်ဆုံး သူငယ်ချင်း ဖြစ်သွားတာလဲဟင်) ရှီလီခမျာ တိတ်တိတ်လေး အံ့သြနေပါ၏။

(အဲဒီ ကုယွီချင်း ငါ့ကို လာရှာတာက ငါ့လိုမျိုး အရမ်းလှပြီး ထူးထူးကဲကဲ ဆွဲဆောင်မှု ရှိတဲ့သူနဲ့ သူငယ်ချင်းဖြစ်ရတာကို ဂုဏ်ယူချင်လို့များလား ဆိုတာ ငါ တကယ်ကြီး သံသယ ဝင်နေပြီနော်။ သူက ငါ့ကို သူ့ရဲ့ သူငယ်ချင်းကောင်းပါ ဆိုပြီးတော့တောင် သူ့ ကိုယ်ပိုင်ပွဲမှာ အဆင့် မြှင့်ပေးလိုက်သေးတယ်)

ရှီလီက အသံတိတ် ထုတ်လွှင့်ချက်ကိုပင် ထပ်ပေါင်း မှတ်ချက် ပြုလိုက်လေသတည်း။

လူတိုင်းခမျာ အသံထွက်လောက်အောင်ပင် အံ့သြ ဆွံ့အရတော့သတည်း။(ဘယ်မိန်းမလှလေးကများ သူတို့ အလှကို ဂုဏ်မယူတတ်ဘူး ပြောမှာမို့လို့လဲဟယ်။ သူ့ကို ကြည့်ရတာ ငါတို့ကို အရမ်း ယုံကြည်နေပုံပဲနော်)

ရှီချွေ့ယွီက အကြိမ်ပေါင်း မရေနိုင်အောင်ပင် သက်မ ချမိတော့ကာ.(အော ငါ့ရဲ့ ချစ်သူငယ်ချင်းလေးရယ် ၊ နင့် စိတ်အတွေးတွေကိုသာ လူတိုင်းက ကြားနေနိုင်တာ နင်သိရင် နင့်ကိုယ်နင် တွင်းတတွင်း တူးပြီး မြှုပ်ပစ်ဖို့တောင် လုံလုံလောက်လောက် အရှက်ကွဲနေပါပြီနော်)

******

46 01

အပိုင်း 46.

သူ့ ညီမလေး ရှေ့မှာတော့ ထိုအကြောင်းကို မြင်သာအောင် မဖော်ပြချင်သည့်အတွက် ရှီလီက အပြုံးလေးနှင့်အတူ ပြန်ဖြေလိုက်၏။

“ဟုတ်ပ။ မင်း မမကြီးနဲ့ မမက သူငယ်ချင်းကောင်းတွေလေ။ မင်းသာ ပျင်းပျင်းရှိလာရင် မမဆီလာပြီး လွတ်လွတ်လပ်လပ် အချိန်ဖြုန်းလို့ ရတယ်နော်”

ရှီလီ ဝတ်စားထားသည်က သူမ ဘေးမှာ ရှိနေသူများနှင့် ထူးမခြားနားသာ ဖြစ်သော်လည်း ကုယွီလန်မှာ ရှီလီ၏ လှပတင့်တယ်ခြင်းတို့အပေါ် ကူကယ်ရာမဲ့စွာ မှင်သက် ငေးမောမိလေသည်။

လူသားတို့မည်သည် စက္ခုအာရုံရှိသူ သက်ရှိများ ဖြစ်ကြလေရာ ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု ရှိသူများကို လိုလားနှစ်သက်ခြင်းက အဆန်းတော့မဟုတ်။

မိန်းကလေးတို့မည်သည် အခြားလှတပတ မိန်းကလေးများကို မြင်လျှင် ရန်လိုစိတ်များ ထားတတ်ကြသည်မှာ ဖြစ်ရိုးဖြစ်စဥ်ပါဟု ထင်မြင်ကြပါက ၎င်းက နားလည်မှု လွဲမှားခြင်းသာ။ အကယ်၍များ အမျိုးသားများက အမျိုးသမီးတို့၏ အလှအပပေါ် စက္ခုရသာ ခံစားနိုင်သည် ဆိုလျှင် အမျိုးသမီးတို့သည်လည်း လှလှပပ အမျိုးသမီးများ အပေါ် စက္ခုရသာ ခံစားနိုင်ပါ၏။

ပထမဆုံး မြင်မိရုံမှာတင် ကုယွီလန်က လူအုပ်ကြားထဲမှ ရှီလီကို သတိပြုမိခဲ့ကာ သူမ၏ တမူထူးခြားသော အလှတရားက သူမကို အခြားသူများနှင့် ကွဲပြားစေတော့၏။ ဤအစ်မကြီးက လှလွန်းလှချည့်ဟု သူမ တွေးမိလေသည်။

ကုယွီချင်းက မိတ်ဆက်ပေးပြီး နောက်မှာမှ ထိုမမလှလှလေးက သူ့အစ်မ၏ သူငယ်ချင်းကောင်း ဖြစ်နေမှန်း သိရတော့၏။

မွေးစားမိဘများ၏ အိမ်မှာ နေထိုင်ခဲ့ရသည့် ဘဝက နှစ်လိုဖွယ် မရှိခဲ့လေရာ သူမက အသက် ငယ်ငယ်လေးမှာပင် လူ့စိတ် သဘောမနော အခြေအနေကို အကဲခတ်နိုင်စွမ်းများလည်း တိုးတက်လာခဲ့ပါ၏။ ထို့ကြောင့် ကုယွီချင်းနှင့် ဤ မမလှလှလေးက သူငယ်ချင်းကောင်း ဖြစ်နိုင်သည့် အရိပ်အရောင်များ ရှိမနေသည်ကို သူမ သိရှိသွားပါ၏။

သို့သော် ထို မမလှလှလေးက သူမကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လာသည့်အခါ ကုယွီလန်လည်း ထိုအရေးမပါသည့် အတွေးများကို လွှင့်ပစ်လိုက်တော့၏။

ကုယွီချင်းက သူ့ညီမကို ရှီလီနှင့် မိတ်ဆက်ပေးပြီးနောက် သူမက ကုယွီလန်ကို ရှီလီ၏ ဂရုစိုက်မှုအောက်မှာ ထားရှိချင်ကြောင်း ပြောလာ၏။

“အားလီ၊ ငါ့ညီမလေးက အိမ်ကို ခုမှရောက်လာတော့ တော်တော်များများကို မရင်းနှီးသေးဘူးရယ်။ နင် သူ့ကို နည်းနည်းပါးပါး သင်ကြားပေးဖို့ အချိန်တချို့ပေးနိုင်ဖို့ ငါ မျှော်လင့်မိတယ်”

(သောက်ကျိုးနည်း၊ သူ့ ညီမကို သင်ပေးဖို့က အဲဒါ ကုယွီချင်းပဲ ဖြစ်သင့်တာ မဟုတ်ဘူးလား။ သူ ဘယ်လိုဖြစ်လို့ သူ့ ညီမကို ငါ့ဆီ လာပစ်ထည့်ရတာတုန်း)

(ငါသိတယ်၊ သူ ငါ့ကို ထောင်ဖမ်းဖို့ ကြိုးစားနေတာလေ)

ရှီချွေ့ယွီ… ဟုတ်ပဟယ်၊ နင့်ရဲ့ အူကြောင်ကြောင် အတွေးတွေနဲ့တင် လုံလောက်နေပါပြီ။ ငါတော့ ဆက်မထိန်းထားနိုင်တော့ဘူး။

ကုယွီချင်း.. အိုး ဒီကောင်မလေးက ဖြတ်ထိုးဉာဏ်ကောင်းပြီး ချစ်ဖို့ ကောင်းချက်ပဲ။

ကုယွီချင်းသည်ကား သူ့ညီမကို ရှီလီ၏ စောင့်ရှောက်မှုအောက်မှာ ထားရှိနိုင်ဖို့ အတော့်ကို လေးလေးနက်နက် ဖြစ်နေပါ၏။

(ဘာလဲ။ သူ ဘာတွေ စဥ်းစားနေတာလဲဟယ်။ ငါက သူ့ညီမကို အနိုင်ကျင့်မှာ ဒါမှမဟုတ် လမ်းမှားရောက်အောင် တွန်းပို့မှာကို သူ မကြောက်ဘူးလား)

ကုယွီချင်း..ငါဖြင့် မစိုးရိမ်ပေါင်။ နင်က လူကောင်းတစ်ယောက်ဆိုတာ ငါ အရမ်းအရမ်းကို ​ယုံကြည်လို့ပေါ့ဟယ်။

ကုယွီချင်းက သူမ နောက်ကို နီးနီးကပ်ကပ်ကြီး လိုက်လာပေရာ ရှီလီခမျာ လန့်ဖျတ်ရပေတော့၏။

(ဒီ ကလိန်ကကျစ် မိန်းမကတော့နော်၊ ငါ့နောက် လိုက်နေမှတော့ သူ့ညီမကို သူ့ဘာသာပဲ ဂရုစိုက်သင့်တာပေါ့)

ကုယွီချင်းက သူမကိုယ်တိုင် ထိခိုက် နစ်နာရမည် ဆိုသည်ကို သဘောပေါက်ဖို့အတွက်တောင် ကျရှုံးသွားလေပြီ။ အပြင်မှာ တည်ငြိမ်ဟန် ရှိနေသော်ငြား အတွင်းစိတ်မှာတော့ ရုန်းကန်နေရသည့် ရှီလီ၏ အတွင်းစိတ် အတွေးများကို စောင့်ကြည့်ခြင်းမှာ ပျော်မွေ့နေလေပြီ။

46 02

ရှီလီက မြေတောင် မြှောက်ပေးခြင်းမှာ ကောင်းမွန် သင့်လျော်သူ မဟုတ်ပေ။

သူမက လူစိမ်းများနှင့် အပြန်အလှန် ဆက်ဆံရာမှာ စွမ်းဆောင်ရည် ရှိပါသော်ငြား အတိုင်းအတာကတော့ အကန့်အသတ် ရှိသည်ပင်။

ကုယွီလန်၏ စရိုက်ကို ပဓာန မထားလျှင်တောင်မှ သူမက မကြာခင်ကမှ ဤပတ်ဝန်းကျင်စိမ်းကို ရောက်ရှိလာပေရာ သူမက တိတ်တိတ်လေး နေဖို့သာ ရွေးချယ်မည်ဖြစ်ပြီး သူမကိုယ်သူမ ကာကွယ်ရန် အလို့ငှာ သူမ ပတ်ဝန်းကျင်ကို သတိထား စောင့်ကြည့်နေပေလိမ့်မည်။

ထိုအကြောင်းအရာများက စကားအဖြစ်တောင် ပြောလို့မရနိုင်ပေ။

ရှီလီက သူမ၏ အတွင်းစိတ် အတွေးများဖြင့် လုံးလုံးလျားလျား ဆန့်ကျင်စွာပင် ကုယွီလန်၏ ပြူးကျယ်သော မျက်လုံးများကို စိုက်ကြည့်မိ၏။

နောက်ဆုံးမှာတော့ သူမကိုယ်သူမ အစ်မကြီးဖြစ်သည်ဟု ဖော်ထုတ်လာခဲ့သည့် ကုယွီချင်းက သူ့ညီမလေးကို ပြုစု စောင့်ရှောက်ရမည့် တာဝန်က သူ့မှာသာ ရှိကြောင်း နားလည် သဘောပေါက် သွားခဲ့ရပါ၏။

ရှီလီ၏ အခြေအနေကို စေ့စေ့စပ်စပ် စစ်ဆေးပြီးနောက် သူမက မေးလိုက်၏။

“နင် ရေဆာလို့လား။ ငါ နင့်အတွက် ဖျော်ရည်ယူလာပေးမယ်လေ”

မည်သူ့ အဖြေကိုမျှ စောင့်ဆိုင်း မနေပါဘဲ သူမက ဖျော်ရည်နှစ်ခွက် ယူရန် ထွက်သွားလေတော့၏။

သူမက တစ်ခွက်ကို ကုယွီလန်ရှေ့မှာ ချပေးလိုက်ကာ နောက်တစ်ခွက်ကိုတော့ ရှီလီရှေ့မှာ ချပေးလိုက်၏။

ရှီလီခမျာ ကုယွီချင်း လက်ထဲမှ လိမ္မော်ရည်ခွက်ကို ကို့ရို့ကားရားဖြင့် လှမ်းယူလိုက်ကာ ပြောလိုက်မိသည်။

“ ကျေးဇူးတင်ပါတယ်”

( ဒီရက်တွေမှာ ကုယွီချင်းက ထူးထူးဆန်းဆန်းတွေ လုပ်နေတော့တာပဲနော်။ သူ့ကို သရဲများ ဝင်ပူးနေတာလားဟယ်)

(သူ ဒီလိမ္မော်ရည်ထဲမှာ အဆိပ် ခတ်ထားတာများလား)

(မားရေ သမီး ကြောက်တယ်)

(တစ်ယောက်ယောက်လာပြီး ငါ့ကို ကယ်တင်ပေးကြပါဦး)

ရှီလီခမျာ သူမ မျှော်လင့်ချက်များကို သူငယ်ချင်းကောင်းဖြစ်သူ အပေါ်သာ ပုံအပ်ထားရတော့၏။

(အဲဒီ ရှီချွေ့ယွီက ဘယ်ကို သွားလိုက်တာလဲ)

( ငါ သူ့ကို အလိုအပ်ဆုံး အချိန်ကျ သူဘာလို့ အမြဲ ပျောက်နေရတယ် မသိဘူးဟယ်)

သစ္စာဖောက်မ ရှီချွေ့ယွီကား မပြောမဆိုဖြင့် ပျောက်သွားပြန်လေပြီ။

ရှီလီမှာ ဂုဏ်ပြုပွဲ ခန်းမတလျှောက်ဝယ် ချိုးယွီကို ရှာကာ သူမကို လာရောက် ကယ်တင်ပေးဖို့ မျှော်လင့်မိလေသည်။

ရှီချွေ့ယွီကမူ ခန်းမ ထောင့်နား တစ်နေရာမှာ ပုန်းကွယ်နေခဲ့လေသည်။ ရှီလီ၏ သေမတတ် ငိုသံများကို ကြားနေပါသော်လည်း သူမက လူလုံး ထွက်မပြလာခဲ့ပေ။

“ငါတော့ သေပြီ။ ဝိဥာဥ်စာတမ်းတွေကနေ ဆက်သွယ်ရတော့မှာပဲ”

သူမက ရုတ်ခြည်း ပေါက်ကွဲထွက်လာသည့် ရှီလီ၏ အတွင်းစိတ်မှ ပရမ်းပတာ အခြေအနေများကို မကိုင်တွယ်နိုင်ပေ။

သူငယ်ချင်းကောင်း တစ်ဦး အနေဖြင့် သူမက ထို ကသိကအောက် ဖြစ်စိတ်များကို တဆင့်ကြားပြီး ခံစားနိုင်ပေရာ သူမလည်း မသက်မသာ ခံစားရပါ၏။ သို့အတွက်ကြောင့် ပုန်းနေတာက အကောင်းဆုံးပါပင်။

46 03

ရှီလီက သူမကို မည်မျှ အသည်းအသန် လိုအပ်နေပါစေ သူမကတော့ ရှီလီထံ မသွားဖို့ သန္နိဌာန် ချထားပါ၏။

ကုယွီချင်းက လိမ္မောရည်များကို တစ်ဝက်မျှ သောက်ပြီးသည့်တိုင် ရှီလီကမူ တငုံပင် မငုံရသေးပေ။

ရှီလီက အစားအသောက်များအပေါ် လက်ဆော့ခြင်းကို အမှန်တကယ် ကြောက်ရွံ့လှသူဖြစ်ကာ ညစာစားပွဲ ဟူသည်လည်း ဆူပူမှု ဖြစ်ပွားဖို့အတွက် တင်းမာမှုတို့ စတင်သည့်နေရာပင်။(ဒါက လျိုပန်းရဲ့ ဟုန်မန် စားသောက်ပွဲနဲ့ တင်စားပြီး ပြောတယ်လို့ ထင်ပါတယ်)

အကယ်၍များ ၎င်းက လက်မခံနိုင်ဖွယ်ဟု ထင်ရသည်ဆိုလျှင် ပုံမှန်ပဲ ဖြစ်ပေမည်။ ထို့ကြောင့် ကုယွီချင်းက သူမအပေါ် သဘောထားများကို မည်သို့ပင် အလျင်အမြန် ပြောင်းလဲလာပါစေ အကြောင်းပြချက် ရှိသည်ဟုသာ သူမ လက်ကိုင်ထားပြီး ယုံကြည်မည် မဟုတ်ပေ။

လိမ္မော်ရည်ခွက်ကို ဆုပ်ကိုင်ထားကာ ရှီလီက တစက်မှ မသောက်ပေ။ အကယ်၍သာ သူမ၏ အတွင်းစိတ် အတွေးတို့ကို ကုယွီချင်း မကြားနိုင်ပါက သူမက ထိုလိမ္မောရည်ကို ငြင်းဆန်ရသည်က ဟန်ဆောင်ခြင်း သို့မဟုတ် မုန်းတီးခြင်းကြောင့်သာဟု အဓိပ္ပါယ် ကောက်ယူမိပေလိမ့်မည်။

ရှီလီ၏ အတွင်းစိတ် အတွေးများကို ကြားသော် ကုယွီချင်းမှာ ရယ်ချင်စိတ်ကို အောင့်အည်း ထားရပါ၏။ သူမက ရှီလီကို ကျီစယ်လိုစိတ်များကိုဖြင့် ကန့်သတ်မထားတော့ပေ။

“ရှီလီက လိမ္မော်ရည် မကြိုက်ဘူးလား။ ငါ ကြည့်တာတော့ နင် ဘာမှ မသောက်ဘူးနော်”

ကုယွီချင်းက တက်ကြွရွှင်လန်းပြီး ရယ်ရွှင်မြူးထူးနေသော မျက်ဝန်းများဖြင့် ကြည့်ကာ သူမမှာ ရှိသမျှ ချစ်စဖွယ့် ရောင်ဝါများကို ထုတ်လွှတ်နေပေ၏။

“ဒါမှ အဲဒီ လိမ္မော်ရည်ထဲမှာ ပေါက်ကရ ပစ္စည်း တစ်ခုခု ထည့်ထားမှာကို နင် စိုးရိမ်နေလို့လားဟင်”

လိမ္မော်ရည် မသောက်သည့် သူမကို ကုယွီချင်းက စောင်းပါးရိပ်ခြည် စောင်းမြောင်းပြောနေသည့်တိုင် ရှီလီ အနေဖြင့် ဤ လိမ္မော်ရည်ခွက် အပေါ် သံသယ လွန်ကဲနေခြင်းကိုတော့ သူမ ဘယ်သောအခါမှ ဝန်ခံလိမ့်မည်မဟုတ်။

ရှီလီလည်း ကျန်ရှိနေသည့် သူမ၏ စရိုက်အမှန်ဖြင့် ငြိမ်သက်အေးဆေးစွာ ခွန်းတုံ့ပြန်လိုက်၏။

“နင် ဘယ်လိုတွေတောင် တွေးလိုက်တာတုန်း။ ဆောင်းရာသီမှာ ဖျော်ရည်အေးအေးတွေ သောက်ရတာ ငါ တကယ် မကြိုက်လို့ပါ။ အဲဒါ ငါ့ ကျန်းမာရေးနဲ့ အဆင် မပြေဘူးလေ”

ကုယွီလန်ခမျာ သူ့အစ်မဖြစ်သူကို တလှည့် ရှီလီကို တလှည့် ကြည့်လိုက်မိ၏။ ထို နှုတ်ရေးထက်လှသည့် ဖလှယ်မှုများက ရင်းနှီးလှသည့် သူငယ်ချင်းဆိုတာကို ဘယ်နားမှာမှ ရောင်ပြန် ဟပ်မနေပါလေ။

ရှီလီ၏ အတွင်းစိတ် စကားများကို ကြားပါသော်ငြား ဘယ်အတန်းဖော် တစ်ယောက်တလေမှ ရှီလီကို မကယ်ဆယ်ပါပေ။ ထိုအစား သူတို့က ခပ်လှမ်းလှမ်းက စောင့်ကြည့်ကာ ထို ဇာတ်လမ်းဖြေဖျော်ပွဲကို ရှုစားနေသတည်း။

နောက်ဆုံးမှာတော့ ဝေ့ယီက ထို ဖြေဖျော်ပွဲကို ဆက်လက် စောင့်ကြည့် မနေနိုင်တော့ပေ။ ထို့ကြောင့် သူမနှင့်အတူ သူမ ထိုင်ခုံဖော်ဖြစ်သည့် ရွှယ်ရွှယ်ကျားကို ခေါ်ကာ ရှီလီကို လာရောက် ကယ်ဆယ်တော့၏။

ကုယွီချင်းအနေဖြင့် မည်သည့် အန္တရာယ်ကိုမှ ပေးလိမ့်မည်မဟုတ်ကြောင်း ဝေ့ယီက သိပါ၏။ သို့သော် ရှီလီလေးက မျက်ရည်ကျလုနီးနီး ဖြစ်နေတာကတော့ အမှန်တရား ဖြစ်လေသည်။

ဝေ့ယီက ရှီလီ ပခုံးလေးကို ဖက်ရင်း

“ငါတို့တွေ နင့်ကို လိုက်ရှာနေတာရယ်။ နင် ငါတို့ Messageတွေကိုလည်း Reply မပြန်ဘူးရော်”

သူမ ဘာကို သွယ်ဝိုက် ပြောဆိုနေမှန်း ရှီလီက လျင်လျင်မြန်မြန်ပင် သဘောပေါက်သွား

46 04

“နင် ငါ့ကို လိုအပ်နေတယ်ပေါ့လေ။ ဒါဆိုလည်း စကား သွားပြောကြစို့”

ရှီလီ မျက်နှာထက်မှ စိတ်သက်သာရာ ရသွားမှုများသည်ကား လိုတာထက်ပိုပြီး သိသာ ထင်ရှားနေပေတော့၏။

(ထင်ပေါ် ကျော်ကြားတဲ့ လူတွေကပဲ သူရဲကောင်း ဖြစ်နိုင်တယ်လို့ ဘယ်သူက ပြောလဲ)

လူတိုင်းသည်ကား ထိုကီးကြောင်သည့် အဆိုရှင်ကြီးထံ လှည့်ကြည့်ကာ တိတ်တဆိတ် လဲကျရတော့သတည်း။ အချစ်လေးရယ်. တေးဂီတအပေါ် နင့်အကြိုက်က ပိုပိုပြီးကို ခေတ်နောက်ကျ လာတာပဲနော်။

(ရှီလီ.. နင် စိတ်သာချထားလိုက်)

သူတို့ ထွက်ခွာသွားသည်ကို ကုယွီချင်းက စောင့်ကြည့်နေခဲ့ကာ တိတ်တိတ်လေး အံကြိတ်လိုက်၏။ သူမ ကြို ဦးထားသမျှက တခြားလူတွေ အမြတ်ထုတ်ဖို့ ဖြစ်သွားသည်လေ။

သူမ ခက်ခက်ခဲခဲ တွန်းအားပေးသည်က ရှီလီလေး ထွက်ပြေးချင်စိတ် ပေါက်အောင် လှုံ့ဆော်မိတော့သတည်း။ အလျင်စလို လုပ်သည့်ကိစ္စ ဟူသမျှ ဘာကိစ္စမှ အကောင်းမရှိပါလေ။

သူ့အစ်မ၏ စူးစူစိုက်စိုက် အကြည့်နှင့် တောက်ပ ရွှန်းလက်နေသော မျက်လုံးများကို ကုယွီလန်က သတိပြုမိသွား၏။

“မမ အဲဒီ အစ်မကို တကယ်ကြီး သဘောကျနေတာ မဟုတ်လား”

ကုယွီချင်းက သူ့ညီမလေးကိုတော့ မည်သည့် ဆင်ခြေဆင်လက်မှ ပေးမနေပေ။

“ဟုတ်တာပေါ့။ ညီမလေးကို ပြန်ရှာတွေ့ပြီး အိမ်ပြန်ခေါ်လာနိုင်တာ အဲဒီ မမလေးရဲ့ ကျေးဇူးတွေလေ”

ထို့ထက်ပိုသည့် လေးလေးနက်နက် ကိစ္စများကိုတော့ ကုယွီချင်းက ညီမဖြစ်သူကို ပြောမပြပေ။ စကားများများ ပြောလေ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ခံဖို့ အန္တရာယ် ပိုများလေပင်။

သူတို့ တတန်းလုံးက အတွင်းရေး လျှို့ဝှက်သဘောတူညီမှုကို ကတိထားထားကြသည် ဖြစ်ပြီး ထိုလျှို့ဝှက်ချက်ကို အတူတကွ ထိန်းသိမ်းထားကြရန် သန္နိဌာန် ပြုထားကြပါ၏။

ထို လျှို့ဝှက် သဘောတူညီချက်ကို ကတိပြုခဲ့ကြစဥ်က ကုယွချင်းကား ပိတ်ကားလိပ်ထက်မှ ဇာတ်လမ်းများကို စောင့်ကြည့်ဖို့အတွက် ပါဝင်ခဲ့ခြင်းသာဖြစ်ကာ တစ်နေ့မှာ ထိုကိစ္စကြောင့် သူတို့ မိသားစုက အမြတ်ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပါပေ။

ဝေ့ယီနှင့် ရွှယ်ရွှယ်ကျားက ရှီလီကို ခေါ်ထုတ်သွားကြ၏။ ထို့နောက်မှာ သူမက ဝေ့ယီကို အသံတိုးတိုးလေးဖြင့် ပြောလိုက်လေသည်။

“အဲဒီ ကုယွီချင်းက ဒီနောက်ပိုင်း ထူးထူးဆန်းဆန်းကြီးတွေ လုပ်နေတော့တာပဲဟယ်”

မကြာသေးမီ ကာလကပင် သူမနှင့် ဝေ့ယီ၏ ဆက်ဆံရေးက တိုးတက်လာခဲ့ပေရာ သူမအနေဖြင့် ဝေ့ယီကို ယုံကြည်ပါ၏။

ဝေ့ယီကမူ မည်သို့မျှ ထင်ငါမြင်သာ မရှိသည့် လေသံမျိုးဖြင့် မေးလိုက်၏။

“သူက ဘယ်လို ထူးဆန်းနေလို့လဲ”

******

47 01

အပိုင်း 47.

ရှီလီ၏ မျက်နှာသေးလေးက ရှုံ့မဲ့နေခဲ့ကာ

“သူက ရုတ်တရက်ကြီး ငါ့အပေါ်မှာ ထူးထူးဆန်းဆန်း ကောင်းပေးလာတယ်လေ။ အဲဒါ ထူးဆန်းတယ်လို့ နင် မထင်ဘူးလား”

အမှန်တကယ်တော့ ကုယွီချင်း၏ ပုံမှန် မဟုတ်သည့် နောက်ကွယ်မှ အကြောင်းပြချက်ကို ဝေ့ယီက ကောင်းကောင်း သိပါ၏။ ဤ အတန်းထဲမှာတော့ သူမက ကုယွီချင်းကို ကောင်းကောင်း သိသူတစ်ယောက် ဖြစ်နိုင်ပါသည်။

ဘာဖြစ်ဖြစ် ကုယွီချင်းက ရှီလီ၏ အတွေးများကို ကြားနိုင်ခြင်းမှ အကျိုးအမြတ် ရရှိခဲ့သူတည်း။

ကုယွီချင်း သူမ ညီမလေးကို ပြန်ရှာတွေ့ခဲ့သည်က ဝေ့ယီ၏ အတွေ့အကြုံ ထက်တောင်မှ ပိုမို သာလွန် ထင်ရှားနေပါသေး၏။ ၎င်းကား ကုမိသားစု တစ်ခုလုံးကို ကယ်တင်ခဲ့ခြင်းဟု ဆိုလျှင်တောင် ချဲ့ကား ပြောဆိုခြင်း မဟုတ်ပါပေ။ ထို့ကြောင့် သူမက ရှီလီအပေါ် ပိုပြီး ကောင်းကောင်း ဆက်ဆံပေးသည်က သဘာဝကျပါသည်။

ဝေ့ယီက ရှီလီ၏ သောကများကို ဖြေဖျောက်ပေးလိုက်၏။

“ အတွေးမလွန်ပါနဲ့။ ကုယွီချင်းက အဲ့လို ဝေ့လည်ကြောင်ပတ် လုပ်တတ်တဲ့ လူမျိုး မဟုတ်ပါဘူးဟယ်။ သူနဲ့ ပလဲနံပ သင့်အောင် ပေါင်းဖို့ခက်တယ် ဆိုပေမဲ့ သူက နင့်နောက်ကွယ်မှာ ချောက်ချမဲ့ လူတော့ မဟုတ်ဘူးရယ်”

ရှီလီလည်း ထိုအကြောင်း တွေးမိကာ မှန်သည်ဟု ယူဆမိလေသည်။

သူမကား ကုယွီချင်း၏ အေးစက်စက် အကျင့်စရိုက်ဖြင့်သာ နေသားကျခဲ့ပြီး ဖြစ်လေရာ ယခု ထိုလူက ရုတ်ခြည်း နွေးထွေးလာသည့်အခါ သူမမှာ မအီမသာ ဖြစ်ရပေတော့သည်။

ဝေ့ယီ၏ အကြည့်များက ခပ်လှမ်းလှမ်းမှာ ရှိနေသူထံ ဝေ့ဝဲသွားလေသည်။

“အော်… အတန်းခေါင်းဆောင်ရဲ့ အဖေလည်း ဒီနေရာမှာ ရှိနေတာလား”

သူတို့ တစ်တန်းလုံးကို Milk Tea ဝယ်တိုက်ပြီးကတည်းက အတန်းခေါင်းဆောင်၏ ဖခင်က မကြာခဏ ဆိုသလို အလျဥ်းသင့်တိုင်း သူတို့အတွက် အဆာပြေစာများကို ပို့ဆောင်ပေးလေ့ရှိ၏။

ရလဒ်ကတော့ သူက သူ့သား၏ အတန်းဖော်များကြားဝယ် အကျော်ကြားဆုံး မိဘတစ်ဦး ဖြစ်လာတော့သည်။

ထိုအတွက် အတန်းခေါင်းဆောင်၏ဖခင်က ဂုဏ်ယူခဲ့ပေရာ သူ၏ အတွင်းရေးမှူးခမျာလည်း မကြာခဏ ဆိုသလိုပင် အဆာပြေစာ ပို့ဆောင်ပေးရတော့သည်။

ဝေ့ယီက အကြံပေးလိုက်၏။

“အန်ကယ်လင်းကို သွားနှုတ်ဆက်ရအောင်လေ”

ဘာဖြစ်ဖြစ် သူတို့တွေက အန်ကယ်လင်း ပို့ဆောင်လာသည့် အဆာပြေစာများကို အလျှံပယ် စားခဲ့ရသည် မဟုတ်လား။

အတန်းခေါင်းဆောင်၏ ဖခင် ပို့ဆောင်လာသည့် အဆာပြေစာများက အမြဲလိုလို ေဈးကြီးလှပေသည်။ ထိုသို့ စားသောက်ထားမှတော့ သူတို့အနေဖြင့် အနည်းဆုံးတော့ ဂါရဝတရားလေး သွားပေးသင့်သည်ပင်။

ရှီလီက ခေါင်းညိတ်လိုက်၏။

47 02

“အကြံကောင်းပဲ”

ထိုအချိန်ဝယ် သူတို့ အနီးမှာ ရှိနေသည့် ရွှယ်ရွှယ်ကျား တစ်ယောက် သက်တောင့်သက်သာ ဖြစ်မနေကြောင်းကိုတော့ မည်သူမျှ သတိမပြုမိခဲ့ပေ။

အတန်းခေါင်းဆောင်၏ ဖခင်က ယနေ့မှ အလုပ်များနေပေရာ သူက စီးပွားရေးလုပ်ငန်းရှင် လူကြီးမင်းများကို ဂရုမပြုအားပဲ သူ့သား၏ အတန်းဖော်များကိုတော့ နှုတ်ခွန်းဆက်လိုက်ပါ၏။

ကောယွမ်မှ လွဲ၍ Class1 အထက်တန်း ပထမနှစ် ကျောင်းသားများအားလုံး ဤနေရာကို ရောက်ရှိနေကြပါ၏။ ထို့ကြောင့် သူတို့က အတန်းခေါင်းဆောင်၏ ဖခင်ကို တွေ့သည့်အခါ နှုတ်ခွန်းဆက်စကား ပြောရန် ကတိုက်ကရိုက် ရောက်ရှိလာကြတော့၏။

သူ့သားနှင့် ရွယ်တူ ကလေးများနှင့် ဆက်ဆံရသည့်အခါ အတန်းခေါင်းဆောင်၏ ဖခင်မှာ ထူးထူးခြားခြား စိတ်ရှည်လက်ရှည် ရှိနေခဲ့ကာ တစ်ယောက်ချင်းစီကိုလည်း နွေးထွေးသော အပြုံးဖြင့် နှုတ်ဆက်နေပါ၏။

အတန်းခေါင်းဆောင်၏ ဖခင် ဘေးနားတွင် လူများ ပတ်လည်ဝိုင်းနေစဥ်ဝယ် ထိုလူအုပ်ကြီး၏ အစွန်နားမှာတော့ သာမန်လူတို့ မချဥ်းကပ်နိုင်သူ အာဏာရှင် လူကြီးမင်း တစ်ဦး ရှိနေခဲ့ပါ၏။ ထိုလူက အတန်းခေါင်းဆောင် အဖေ၏ သူငယ်ချင်းဖြစ်ကာ ဤမွေးနေ့ပွဲမှာ တွေ့ဆုံပြီးနောက် သူငယ်ချင်းဖြစ်သူကို နှုတ်ဆက်ရန် အမီ လိုက်လာခြင်းပင်။

သို့သော် အတန်းခေါင်းဆောင် အဖေ၏ ဘေးနားမှာ သူ့ကို နှုတ်ခွန်းဆက်သူများဖြင့် ပတ်လည် ဝိုင်းနေပါ၏။ သူ၏ ကျော်ကြားမှုက ထင်ထားတာထက်ပင် ကျော်လွန်ပေရာ သူ၏ သူငယ်ချင်း ဖြစ်သူမှာလည်း ဘေးမှနေ၍ မယုံကြည်နိုင်စွာ ကြည့်နေမိတော့သည်။

၎င်းကား “မိုးကြီးချိန်မှာ ရေလောင်းတယ်”ဟူသည့် စကား၏ အကောင်းဆုံး ဥပမာပါပင်။

သူ့သူငယ်ချင်းဟောင်းကြီးက စေတနာတွေ ရေစီး ကမ်းပြို လိုက်နေသူများက ပတ်လည်ဝိုင်းနေစဥ် သူ့ကိူတော့ မည်သူကမျှ လာရောက်နှုတ်ဆက်ခြင်း မပြုကြပါပေ။

သူတို့ အတန်းဖော်တွေ ထွက်သွားပြီးကာမှ ရှီလီနှင့် သူငယ်ချင်း နှစ်ဦးက ထိုနေရာဆီသို့ လျှောက်လာခဲ့ကြ၏။

သူ၏ သူငယ်ချင်းဖြစ်သူက သူ့ဘေးနားမှာ မည်သူမျှ မရှိတော့သည်ကို အခွင့်ကောင်းယူကာ ကလေးများအကြား ကျော်ကြား ရေပန်းစားနေသည့် သူငယ်ချင်းဖြစ်သူကို ကျီစယ်ဖို့ရန်အတွက် အမီလိုက်သွားလိုက်လေသည်။

သို့သော် လှတပတ ကလေးမလေး သုံးယောက် ချဥ်းကပ်လာသည်ကို မြင်သော် သူက သံသယဖြစ်စရာ မလိုစွာဖြင့်ပင် ထိုကလေးမများက သူ့ သူငယ်ချင်း ဖြစ်သူထံ လာနေကြောင်း သိရှိလိုက်ပါသည်။

ထို့ကြောင့် သူလည်း သူ၏ ခြေလှမ်းများကို လမ်းတဝက်မှာပင် ရုတ်သိမ်းလိုက်ကာ ခပ်တည်တည်ဖြင့်ပင် အခြားနေရာများဆီသို့ ကြည့်ဟန်ဆောင်လိုက်လေသည်။

ဝေ့ယီဖခင်၏ ဈာပနမှာကတည်းက အတန်းခေါင်ဆောင်၏ ဖခင်က သူ့သား၏ အတန်းဖော်များကို မြင်ဖူးခဲ့ပြီးသားပင်။ ထိုထဲမှ အများစုကိုတော့ သူက မည်ကာမတ္တ အဖြစ်သာ သဘောထားခဲ့ခြင်းပင်။

သို့သော် ဝေ့ယီကို ဈာပနအခမ်းအနားမှာ အချင်းများခဲ့သည့် ဖြစ်အင်ကြောင့် ဝေ့ယီကမူ သူ့မှတ်ဉာဏ်ထဲတွင် ထင်းထင်းလင်းလင်း စွဲမှတ်နေခဲ့ပါ၏။ ထိုကလေးမက သူ့သား၏ အတန်းဖော်ဖြစ်ကြောင်း သူ သိရှိရုံမက မည်သူ့သမီး ဖြစ်သည်ဆိုသည်ကို သူ သိရှိလေသည်။ ထို့ပြင် ထိုကိစ္စက မြို့တော်ပြာ၏ သမိုင်းဝယ် မကြုံစဖူးသည် ဖြစ်ပေရာ သူ့ကို မေ့ဖျောက်မရအောင် စွမ်းဆောင် ထားနိုင်ပေ၏။

“ ဟဲလို အန်ကယ်”

သူတို့က နှုတ်ခွန်းဆက်လိုက်၏။

အတန်းခေါင်းဆောင်၏ ဖခင်ကလည်း သူတို့ကို ရွှင်ရွှင်ပျပျ နှုတ်ဆက်လာပါ၏

“ ဟဲလို ဟဲလို”

“အန်ကယ် ခဏ ခဏ ပို့ပေးနေတဲ့ အဆာပြေစာတွေအတွက် ကျမတို့က ကျေးဇူး လာတင်ကြတာပါ”

Mr.လင်းက လက်ကို ဝှေ့ယမ်းလိုပ်၏။

47 03

“ကလေးတွေ ကြိုက်တယ်ဆိုလို့ အန်ကယ်လည်း ဝမ်းသာပါတယ်။ တကယ်လို့ မင်းတို့ ဘယ်မုန့်ကို ကြိုက်ကြိုက် မင်းတို့ အတန်းခေါင်းဆောင်ကိုသာ ပြောလိုက်။ အဲဒီ လူရှုပ်ကလေး အတွင်းရေးမှူးနဲ့သာ ဆက်သွယ်ပစေ”

ရှီလီနှင့် ဝေ့ယီက ပြုံးလိုက်ကာ သူတို့၏ ရယ်ချင်စိတ်များကို မြိုသိပ်ထားလိုက်ပါ၏။

“ဦးလေးကတော့ အရမ်းကြင်နာတတ်တာပဲ”

ဝေ့ယီနှင့် ရှီလီက အတန်းခေါင်းဆောင်၏ ဖခင်နှင့် စကားစမြည် ပြောနေစဥ်ဝယ် ရွှယ်ရွှယ်ကျား တစ်ယောက်သာ တလျှောက်လုံး တိတ်ဆိတ်နေခဲ့ပေ၏။

ထိုစကားစမြည်ဝိုင်း ပြီးဆုံးသွားကာမှ သူမက တုံ့တုံ့ဆိုင်းဆိုင်းလေး ပြောလာလေသည်။

“ဦးလေး သမီးအဖေ လုပ်ခဲ့တာတွေ အတွက် တောင်းပန်ပါတယ်”

မည်သူ့ သမီးဖြစ်ကြောင်း မသိသေးခင် တခဏမှာ Mrလင်း၏ မျက်နှာထက်ဝယ် ရှုပ်ထွေးမှုတို့ ဖြတ်ပြေးသွားလေ၏။

“မင်းက ရွှယ်လူကြီးမင်းရဲ့ သမီး မဟုတ်လား”

သူက အရေးမစိုက်စွာဖြင့်ပင် သူ့ လက်များကို ဝှေ့ရမ်းလိုက်၏။

“လူကြီးတွေရဲ့ ကိစ္စက ကလေးတွေနဲ့ ဘာမှမဆိုင်ပါဘူး။ မင်းက အခုထိ ကလေးပဲရှိသေးတာ။ ကိုယ့်စာလေ့လာမှုမှာပဲ အာရုံစိုက်ထားပြီး ဒီကိစ္စတွေ အပေါ်မှာ ဘာမှ အာရုံစိုက်မနေနဲ့”

အတန်းခေါင်းဆောင် အဖေက ထိုသို့ ပြောလေ ရွှယ်ရွှယ်ကျားကို ကြည့်ရသည်မှာ အပြစ်ရှိစိတ်တို့ တိုးပွားလာလေပင်။

အတန်းခေါင်းဆောင်၏ ဖခင်မှာ ယောကျာ်းရင့်မာကြီး တစ်ယောက် ဖြစ်ပေရာ မိန်းမငယ်လေးများကို နှစ်သိမ့်ပေးရာမှာ မကျွမ်းကျင်လှပေ။ သူ့ခမျာ ခိုကိုးရာမဲ့နေသည့် အမူအရာဖြင့်သာ ရှီလီနှင့် ဝေ့ယီကို ကြည့်မိတော့၏။

ဝေ့ယီက သူမ ထိုင်ခုံဖော်လေး၏ ပခုံးကို ခပ်ဖွဖွ ပုတ်ပေးလိုက်၏။

“စီးပွားရေး ကိစ္စတွေဆိုတာ နင်နဲ့ ဘာမှမှ မဆိုင်တာဟယ်။ အရမ်းကြီးလည်း ပူပန်မနေပါနဲ့”

ထိုမိန်းမငယ်လေး သုံးဦး ထွက်ခွာသွားပါမှ ထိုအာဏာရှင် လူကြီးမင်းက သူ့ သူငယ်ချင်းဟောင်းကြီးကို နှုတ်ဆက်ရန် ရောက်ရှိလာတော့၏။

“မင်း အခု အရမ်းကို နာမည် ကျော်ကြား နေတာပဲနော် ဟုတ်တယ်မလား”

အတန်းခေါင်းဆောင်၏ ဖခင်က မြောက်ပိုင်းတရုတ်လူမျိုး စစ်စစ် ဖြစ်ပေရာ အလွန်ကို ရွှင်ရွှင်ပျပျ ရှိကာ သူငယ်ချင်း ဖွဲ့ရခြင်းအပေါ်လည်း နှစ်သက်သူတည်။ အကယ်၍ ဤကလေးများက သူ၏ စီးပွားရေး လုပ်ငန်းများအတွက် အကျိုးအမြတ် မရနိုင်လျှင်တောင်မှ ဤကလေးများနှင့် ပြောဆိုဆက်ဆံရသည်ကို သူ ပျော်ရွှင်မိကာ သူငယ်ချင်း အများကြီးရှိသည့်အတွက် သူ့သာသာတောင်မှ ပီတိသောမနသ ဖြစ်နေပေဦးမည်။

အတန်းခေါင်းဆောင်၏ ဖခင်က ဟက်ဟက်ပက်ပက်ပင် ရယ်မောလိုက်လေသည်။

“ငါက ဘယ်တုန်းကများ နာမည် မကျော်ကြားဖူးလို့လဲ”

“စကားမစပ် အဲဒီကလေးမက အဘိုးကြီးရွှယ်ရဲ့ သမီးလား”

အတန်းခေါင်းဆောင်၏ ဖခင်က ခေါင်းညိတ်လိုက်၏။

“ဟုတ်မယ် ထင်တယ်”

ထိုအာဏာရှင် လူကြီးမင်းက ဟွန်းခနဲ နှာမှုတ်လိုက်ကာ

“အဲဒီ ခွေးအိုကြီးရွှယ်မှာ သမီးကောင်းလေး တစ်ယောက် ရှိနေမယ်လို့ ဘယ်ဟာ ထင်မှာလဲ”

သူတို့၏ အသက်အရွယ် သူတို့၏ အတွေ့အကြုံများအရ သူတိူ့တွေကို မြေခွေးအိုကြီးများဟု ခေါ်ဆိုခြင်းက ချဲ့ကားပြောဆိုတာတော့ မဟုတ်ပေ။ ရိုးသား မှန်ကန်မှုမှသည် ဟန်ဆောင် လိမ်ညာမှုအထိ သူတို့က လွယ်လင့်တကူ သိမြင်နိုင်နေကြလေပြီ။

47 04

အတန်းခေါင်းဆောင်၏ ဖခင်က ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်လေသည်။ သူက ရွှယ်ရွှယ်ကျား၏ ဖခင်နှင့် မဖွယ်မရာ စီးပွားရေး ကိစ္စများ ပတ်သက်ဖူးသည့်တိုင် သူ့သူငယ်ချင်း၏ စကားများအပေါ် မည်သို့သော မှတ်ချက်မှ ပေးမလာပါလေ။

သူက စကား တခွန်းမျှကိုသာ ဆိုလိုက်၏။

“သူ့မှာ သမီး ရှိပြီး မင်းမှာကျ မရှိလို့ မင်းက မနာလို ဖြစ်နေတယ်လို့ပဲ ငါ ထင်တယ်”

ထိုအာဏာရှင် လူကြီးမင်း၏ ဇနီးသည်က လွန်ခဲ့သည့် နှစ်နှစ်ကမှ တတိယမြောက် ကလေးကို မွေးဖွားခဲ့ခြင်းပင်။ ယဥ်ယဥ်ကျေးကျေး ပြောရသော် သူတို့က ကလေးသုံးဦး ဟူသည့် နိုင်ငံ့ဥပဒေသကိူ ကောင်းကောင်း တုံ့ပြန်လိုက်ခြင်း ဖြစ်ကာ နောက်ထပ် ဘွင်းဘွင်း ပြောရလျှင်တော့ သမီးမိန်းကလေးကို မျှော်လင့်ခဲ့ခြင်းသာ။

ကံမကောင်းစွာဖြင့်ပင် သူတို့ခမျာ သမီးလေးရမည့် ရေစက်ကြမ္မာ ပါမလာရှာခဲ့ပေ။ ကလေး သုံးယောက်စလုံး ယောကျာ်းလေးများသာ ဖြစ်နေခဲ့ပါ၏။

ထိုနောက်ပိုင်းကတည်းက သမီး မိန်းကလေးရှိသည့် မိသားစုများအပေါ် သူ၏ ချဥ်စူးစူး မှတ်ချက်ပြုမှုများက တိုးပွားလာတော့သတည်း။

သို့သော် ထိုအချိန်တုန်းကတော့ ထိုအာဏာရှင် လူကြီးမင်းမှာ ချဥ်တူးခဲ့ရသည် မဟုတ်ပါပဲ သူ့သူငယ်ချင်းအတွက် စကားပြောပေးခြင်းသာ။

အတန်းခေါင်းဆောင်၏ ဖခင်ကား သူ၏ စကာများကို အမြဲလိုလို ဂရုစိုက်တတ်သူ ဖြစ်ကာ သူနှင့် ရင်းနှီးသည့် သူငယ်ချင်းများ ရှေ့မှာတောင်မှ ဘောင်ကျော်သည့် စကားနှင့် အဓိပ္ပါယ်ကောက် လွဲဖွယ်ရာ စကားများကို ဘယ်သောအခါကမှ မပြောခဲ့ဖူးပေ။

မနာလိုခြင်းဟု အဓိပ္ပါယ် ကောက်ယူလိုက်သည့် သူ့ သူငယ်ချင်း၏ စကားများက လုံးလုံးလျားလျား မှားယွင်းနေတာတော့ မဟုတ်ပေ။

အမှန်တော့ ထိုအာဏာရှင် လူကြီးမင်းက သူ့သူငယ်ချင်း၏ စရိုက်ကို ကောင်းကောင်း သိရှိသူပင်။ သူ၏ အပြင်ပန်းသွင်ပြင်က ကြမ်းတမ်းပြီး ပူပင်ကြောင့်ကြမဲ့သူဟု ထင်ရသော်ငြား တကယ်တမ်းမှာတော့သူက အလွန် လာဘ်မြင် သွက်လက်သူတည်း။

သူက သူ၏ သူငယ်ချင်းကို လက်ညှိုးညွှန်ပြလိုက်ကာ

“အိုး၊ မင်းပဲ”

ဤသို့ဖြင့် ထိုခေါင်းစဥ်လည်း ခြေလွတ်လက်လွတ် ပြုတ်ကျရတော့၏။

ရှီလီကမူ ပဟေဠိ ဖြစ်နေဆဲပင်။ အတန်းခေါင်းဆောင်၏ ဖခင်နှင့် ရွှယ်ရွှယ်ကျားတို့ ဘာတွေ တိတ်တဆိတ် ဖလှယ်လိုက်သည်ကို သူမ ယခုထိ နားမလည်နိုင်သေးပေ။

သူမက လျှို့လျှို့ဝှက်ဝှက်ဖြင့်ပင် ဝေ့ယီထံ Message တစောင် ပို့လိုက်၏။

“နင့်ရဲ့ ထိုင်ခုံဖော်က ဘာကိစ္စတွေ ရှိနေတာလဲဟင်”

ရှီလီက အင်မတန် သင့်တော်မှန်ကန်သူကို မေးလိုက်ခြင်းပင်။ အခြား အတန်းသားများ မသိလျှင်တောင်မှ ဝေ့ယီကတော့ သေချာပေါက် လုပ်နိုင်သည်လေ။

ဝေ့ယီ၏ ဖခင် သေဆုံးသွားပြီးနောက် သူမ မိခင်က ကုမ္ပဏီ၏ ကိစ္စရပ်များကို တဖြည်းဖြည်းချင်း လက်လွှဲယူနေပါ၏။

ဝေ့ယီ၏ မိခင်က သူ့ကလေး ဘွဲ့ရခါနီး အချိန်မှ သူ့သမီးက ကုမ္ပဏီကိစ္စများမှာ ပါဝင် ပတ်သက်မည်ကို စောင့်ဆိုင်းနေဖို့ အစီအစဥ် မရှိပေ။

သူမက ဝေ့ယီကို တဖြည်းဖြည်းချက်း လေ့ကျင့်ပေးနေခြင်း ဖြစ်လေရာ ဤစီးပွားရေးလောက၏ အမျိုးမျိုး အဖုံဖုံသော ရှုထောင့်တို့ကို သူ့သမီးထံ သတင်းပေးခဲ့ပေသည်။

ထိုထဲဝယ် မကြာသေးမီကပင် ရွှယ်ရွှယ်ကျား၏ ဖခင်က အတန်းခေါင်းဆောင်အဖေ၏ စီးပွားရေးကိစ္စတခုကို အလစ်သုတ်သွားသည့် ဆူပူမှုတရပ် အကြောင်းပါ ပါဝင်လာခဲ့ပေသည်။

“အဲဒါ အတန်းခေါင်းဆောင် အဖေနဲ့ သဘောတူညီမှု လုပ်ထားပြီးသား စီးပွားရေး ကိစ္စ တစ်ခုကို ရွှယ်ရွှယ်ကျားရဲ့ အဖေက ဖြတ်လုသွားလို့လေ”

ထို ဝါကျ တစ်ကြောင်းတည်းဖြင့်ပင် ရှီလီက ဖြစ်ပျက်သမျှ အလုံးစုံကို နားလည် သွားခဲ့လေပြီ။

47 05

မျှမျှတတ ဆိုရသော် ရှီလီကား ကုယွီချင်း၏ ညီမလေးကို ရှာဖွေရန်အတွက် အလွတ်စုံထောက် တစ်ယောက်နှင့်သာ အလုပ်များလျက် ရှိပေရာ ဤ ဆူပူမှုကြီးကို မေ့လျော့လုနီးပါးပင်။

ဝေ့ယီ၏ အတိုချုပ် ရှင်းပြချက်အရ ၎င်းက ပုံမှန် စီးပွားရေး ယှဥ်ပြိုင်မှုသာ ဖြစ်သော်လည်း ရွှယ်ရွှယ်ကျား၏ ဖခင်ကမူ ထိုအပေးအယူကို လုယူဖို့ရန် အတွက် လက်သီးပုန်းထိုးသည့် နည်းလမ်းကို အသုံးပြုခဲ့ရာ အတန်းခေါင်းဆောင်၏ ဖခင်ကို ကြီးမားသော ထိခိုက်နစ်နာမှု ဖြစ်စေတော့၏။

ရလဒ်ကတော့ ရွှယ်ရွှယ်ကျားခမျာ အတန်းခေါင်းဆောင်၏ ဖခင်ကို မျက်နှာချင်း ဆိုင်ရသည့်အခါ ပြင်းထန်လှစွာသော အပြစ်ရှိစိတ်တို့ ခံစားရစေတော့သည်။

ထိုဖြစ်ရပ်ကြောင့် ရှီလီ အခြား ကိစ္စတခုကို ပြန်လည် သတိရမိသွား၏။

( သိပ်မကြာခင် အတန်းခေါင်းဆောင်ရဲ့ အဖေက ကံဆိုးမှုတွေ ကြုံရဦးမှာ)

(နောက်ရက် နည်းနည်းလောက်ကျ သူ့ခမျာ ဂြိုလ်ဆိုးတွေ ထပ်ဝင်ဦးမယ်၊ သူက ရာဇဝတ်မှုတွေနဲ့ တွေ့ကြုံပြီး ပြန်ပေးဆွဲခံရလို့ သူ့အသက် သေလုနီးနီးပဲ)

(သူ့ကို အသက်ရှင်ရက် ကယ်ဆယ်လိုက်နိုင်ပေမဲ့ အသက်ဘေး လွတ်တယ် ဆိုရုံလေးပဲ)

ရှီလီ၏ အတွင်းစိတ် အတွေးများက အတန်းထဲမှ လူတိုင်း လူတိုင်းထံသို့ မလွဲဧကန် ပျံ့နှံ့သွားတော့၏။

သူတို့ အားလုံးက အတန်းခေါင်းဆောင်၏ ဖခင်နှင့် ဆက်နွယ် ခင်မင်မှု ရှိပေရာ သူတို့၏ အမူအရာများက တပြိုင်နက်တည်း နီးပါး ပြောင်းလဲသွားလေ၏။

သို့သော် အားလုံးထဲတွင် အပြင်းထန်ဆုံး တုံပြန်သူကတော့ ဤပြဿနာထဲမှာ ပါဝင်သူ၏ သားရင်း ဖြစ်သူပင်တည်း။

အတန်းခေါင်းဆောင်ကား သူပထမဆုံး ကြားခဲ့ရသည့် ရှီလီ၏ အတွေးဖြစ်သည့် ဝေ့ယီ ဖခင် အခြေအနေအကြောင်းကို ပြန်လည် တွေးတောမိလေသည်။

အတန်းခေါင်းဆောင်ခမျာ သူ့စိတ်ထဲတွင် ပဋိပက္ခများ ဖြစ်ပွားနေကာ သူ့ဖခင်က အပြင်မှာ အငယ်အနှောင်းတွေများ ရှိနေမလား တွေးမိလေသည်။

သူက သူ့ဖခင်နှင့် နက်နက်ရှိုင်းရှိုင်း သံယောဇဥ် ရှိသူဖြစ်သော်လည်း အကယ်၍များ သူ့ဖခင်က အပြင်မှာ အခြားမိန်းမများ ရှိနေခဲ့သော် သူက ဖခင်ကို ကယ်သင့်သည်လား မကယ်သင့်သည်လား မသိတော့ပါလေ။

******

48 01

အပိုင်း 48.

ရှီလီက သူမဘာသာ တွေးမိ၏။ (အတန်းခေါင်းဆောင်ရဲ့ အဖေက တကယ့်ကို လူကောင်းတစ်ယောက်ပဲ။ သူ့ကို သတိပေးဖို့အတွက် ငါ နည်းလမ်း ရှာမှရမယ်)

ရှီလီ၏ အတွေးကို ကြားသော် သူ၏ ဖခင်က မိသားစုကို သစ္စာဖောက်သည့် မည်သည့်ကိစ္စမှ ရှိမနေနိုင်သည့်အတွက် အတန်းခေါင်းဆောင်ခမျာ စိတ်သင်သာရာ ရသွားပါ၏။ ထို့ကြောင့် ဖခင် ဖြစ်သူကို ကယ်ဆယ်ဖို့ သူ ကြိုးစားရပေမည်။ သို့သော် ရှီလီကား ယခုထိ သတင်းအချက်အလက် အနည်းငယ်ကိုသာ ပေးထားသေး၏။ ဘယ်အချိန် ဘယ်နေရာမှာ သို့မဟုတ် သူ့ဖခင်က အဘယ်ကြောင့် ပြန်ပေးဆွဲ ခံရမည်ကို သူ မသိရှိရသေးပေ။ ဖြစ်လတ္တံ့သော ကပ်ဘေးတို့ကို ကြိုတင် သိမြင်လျှင်တောင်မှ ပိုမို အသေးစိတ် ကျသော အချက်အလက်တွေ မရှိပဲ ကြိုတင် ကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်ပေ။

သူကား ရှီလီထံမှ သတင်း အချက်အလက်တွေကို ပိုမို နှိုက်ထုတ်ဖို့ လိုလေသည်။

ရှီလီက သူ့ဖခင်ကို ကူညီပေးချင်ကာ ဖြစ်လာလတ္တံ့သော ဖြစ်ရပ်များကို သတိပေးချင်သည့်အတွက် အတန်းခေါင်းဆောင်မှာ သူမကို ကျေးဇူး မဟာ့မဟာ တင်ရှိရပေတော့သည်။

သူက သတင်းတွေ ပိုသိရဖို့ စိတ်စောနေပြီဖြစ်ကာ ထိုကံဆိုးမိုးမှောင် ကျခြင်းကြီးကို မည်သို့ ရှောင်လွှဲမည်နည်းဆိုသည်ကို သိရဖို့အတွက် ကြံမိကြံရာသာ ကြံပစ်လိုက်ချင်၏။ သို့သော် အလျင်စလို မလုပ်မိဖို့ရန် အကြောင်းပြချက် တချို့က သူ့ကို ပြောပြနေပေသည်။ အကယ်၍များ ရှီလီက တစုံတရာကို သတိပြုမိအောင် သူ လုပ်မိသော် တစ်ခန်းလုံးကို အကျိုး သက်ရောက်ပေလိမ့်မည်။

ရှီလီ၏ အတွင်းစိတ် အတွေးတို့ကို ကြားချိန်ဝယ် အတန်းခေါင်းဆောင်က အခြား အတန်းဖော်များနှင့် စကားပြောလိုက်ပါ၏။ သူတို့အားလုံး အကြည့်တစ်ချက်မျှ ဖလှယ်လိုက်ကြသေး၏။

ထိုထဲမှ တစ်ယောက်က သူ့ပခုံးကို ခပ်ဖွဖွပုတ်ကာ ပြောလိုက်သည်။

“တကယ်လို့ မင်း ညီအစ်ကိုတွေ ဆီကနေ အကူအညီ လိုအပ်ရင် တစ်ခွန်းပဲ ပြောလိုက်။ ငါတို့အားလုံး တွေဝေနေမှာ မဟုတ်ဘူး”

အတန်းခေါင်းဆောင်က သူတို့ကို ခေါင်းညိတ်ပြလိုက်၏။

“မစိုးရိမ်ပါနဲ့။ ငါ တကယ် မင်းတို့ အကူအညီ လိုအပ်လာရင် သေချာပေါက် ပြောမှာပါ”

စကားပြောနေရင်းမှပင် အတန်းခေါင်းဆောင်က ရှီလီကိုလည်း စေ့စေ့ငုငု ကြည့်နေပါ၏။ နောက်ဆုံးမှာမှ အချိုပွဲများ အပြည့်ရှိနေသည့် စားပွဲရှည်ကြီး အနီးမှာ အခြားနှစ်ယောက်နှင့်အတူ ရှိနေသည့် ရှီလီကို တွေ့လိုက်ရလေသည်။

ဝေ့ယီက ရွှယ်ရွှယ်ကျားနှင့် တိတ်တိတ်လေး စကားပြောနေခြင်းဖြစ်ကာ သူမကို မည်သူမျှ စောင့်ကြည့်မနေဘူးဟု အထင်ရောက်နေသည့် ရှီလီက သူမ စားပွဲပေါ်မှ ကိတ်မုန့်ကို လှစ်ခနဲ ဆွဲယူလိုက်၏။ ထို့နောက် သူမက ပါးစပ်ကို အကျယ်ကြီး ဟကာ ထိုကိတ်မုန့် တစ်တုံးလုံးကို တခါတည်း သွတ်ထည့်ပစ်လိုက်တော့၏။

ထို့နောက် ရှီလီက သူမ လက်မှ မုန့်အပိုင်းအစများကို ပွတ်သပ် သုတ်ပစ်လိုက်သေး၏။ အကယ်၍များ ထို ဖောင်းကစ်နေသော ပါးစုန့်များကြောင့်သာ မဟုတ်လျှင် သူမကား ထိုအချိုပွဲကို တကိုက်တည်းဖြင့်ပင် အငမ်းမရ စားသောက်လိုက်သူ ဖြစ်ကြောင်း မည်သူမျှ သိရှိလိုက်မည်မဟုတ်။

သို့သော် တစ်စုံတစ်ယောက်ကမူ ကွက်ကွက်ကွင်းကွင်း မြင်လိုက်ပါ၏။

အတန်းခေါင်းဆောင်ကား ထို ဖြစ်ကွင်းတစ်ခုလုံး၏ အသိသက်သေပေတည်း။

ရှီလီ၏ အတွေးများကို ကြားနိုင်သည့် အတန်းထဲမှ လူတချို့သည်လည်း သူမကို စောင့်ကြည့်နေပေရာ ကိတ်မုန့်လေး တစ်တုံးကို အငမ်းမရ မျိုချလိုက်သည့် သူမကို မြင်ပါ၏။

သူ့အဖေ၏ ဘေးဒုက္ခအတွက် စိုးရိမ် ပူပန်နေရရှာသည့် အတန်းခေါင်းဆောင် ခမျာလည်း ကူကယ်ရာမဲ့စွာ ပြုံးမိတော့သည်။

ရှီလီကို တွေ့ရှိပြီးနောက် အတန်းခေါင်းဆောင်လည်း သူ့အဖေကို စေ့စေ့ငုငု ကြည့်ရှုမိလေသည်။

သူ့အဖေက ထောင့်တထောင့်နားမှာ သူငယ်ချင်းဖြစ်သူနှင့် စကားစမြည် ပြောနေခြင်းဖြစ်ရာ အတန်းခေါင်းဆောင်ခမျာ ဖခင်ကို ရှာဖို့ အင်အား အနည်းငယ် စိုက်ထုတ်လိုက်ရလေသည်။

48 02

အတန်းခေါင်းဆောင် အနေဖြင့် ရှီလီထံမှ သတင်းများကို မည်သို့ နှိုက်ထုတ်ရမည်နည်း မဆုံးဖြတ်ရသေးမီ သူ့ခြေထောက်များကတော့ ဖခင်ဖြစ်သူ ရှိရာထံ လှမ်းသွားခဲ့လေပြီ။

သူ့အဖေ ဘေးနားမှာ ရပ်နေသည့် မီးခိုးရောင်ဝတ်စုံဝတ် သက်လတ်ပိုင်း အမျိုးသားကို အတန်းခေါင်းဆောင်က မှတ်မိသွားခဲ့၏။

“ ဟဲလို ဦးလေးလု”

သူက နှုတ်ဆက်လိုက်သည်။

Mr.လုက စကားပြောနေခြင်း ကို ရပ်ကာ သူ့ သူငယ်ချင်း၏ သားဖြစ်သူကို ပြန်လည် နှုတ်ဆက်လိုက်လေသည်။

“အိုး၊ ဒါဖြင့် မင်းက ကုမိသားစုက သမီးနဲ့ ရွှယ်မိသားစု သမီးတို့ရဲ့ အတန်းဖော်ပေါ့”

သူက အမှတ်ရသွား၏။

“ဟုတ်တယ်။ ကျနော်တို့က တစ်ခန်းတည်းလေ”

သူက ပြန်ဖြေလိုက်သည်။

“ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲလို့”

မီးခိုးရောင် ဝတ်စုံနှင့်လူက ပြုံးလိုက်၏။

“မင်း အတန်းဖော်က ဒီကိုလာပြီး သူ့အဖေကိုယ်စား မင်း ပါပါးကို လာတောင်းပန်သွားတယ်လေ”

အတန်းခေါင်းဆောင်ခမျာ အမှန်တကယ်ကို အံအားသင့်သွားသည့် အမူအရာများ ပြသလာပေ၏။ သူ၏ ဖခင်မှာ စီးပွားရေးကိစ္စများကို အိမ်မှာ ပြောလေ့ရှိသည်က ရှားပါးလှပြီး အထူးသဖြင့် မိသားစုကပါ စိုးရိမ် ပူပန်ရမည့် ကိစ္စများကို ဖြစ်လေသည်။

အတန်းခေါင်းဆောင်က ဖြစ်ကြောင်းကုန်စင်ကို မသိပေ။ သို့သော် ရှီလီနှင့် ဝေ့ယီ၏ ပြောစကားများအရ အတန်းထဲမှ တစ်စုံတစ်ယောက်၏ ဖခင်နှင့် သူအဖေအကြား လွဲမှားမှု တစ်ခုခု ရှိနေပုံ ပေါ်လေသည်။

ထိုကိစ္စက ရှီလီတို့ အုပ်စုနှင့် ပတ်သက်နေနိုင်ကြောင်း သူ၏ ပင်ကိုယ် သိစိတ်က သူ့ကို ပြောပြနေပေသည်။ သို့မဟုတ်လျှင် သူ့ဖခင်၏ ဖြစ်လတ္တံ့သော ကံဆိုးမှုများကို ရှီလီက တွေးမိလိမ့်မည် မဟုတ်ပေ။

အတန်းခေါင်းဆောင်က သာမန်ကာလျှံကာပင် မေးလိုက်၏

“အိုး ဘယ်အတန်းဖော်လဲ မသိဘူးနော်”

သူ့ဖခင် ပြန်မဖြေနိုင်မီမှာပင် ဦးလေးလုက ပြောလာ၏။.

“ငါ ပြောတာ အဘိုးကြီးရွှယ်ရဲ့ သမီးလေ။ နာမည်ကတော့ ငါလည်း မသိဘူး”

မျိုးရိုးအမည်ကို ပြောလိုက်ရုံဖြင့်ပင် ထိုလူက ရွှယ်ရွှယ်ကျား ဖြစ်ကြောင်း အတန်းခေါင်းဆောင်က သိသွားပါ၏။

သူကား ရှီလီတို့ အုပ်စု ရပ်နေသည့် နေရာသို့ အလိုအလျောက် ကြည့်မိတော့၏။ ထိုအချိန်မှာ သူက ရှီလီကို ချဥ်းကပ်ဖို့ အသုံးချရမည့် ဆင်ခြေတခုမှလွဲပြီး အခြားမည်သည့် အရာကိုမှ အလိုမရှိတော့ပါပေ။

သို့သော် သူက သူ့ဖခင်နှင့် ဦးလေးလုတို့ ထွက်ခွာသွားမည့် အကြောင်းပြချက်ကိုမူ လိုအပ်နေဆဲပါပင်။

“ရွှယ်လူကြီးမင်းက တစ်ခုခု လုပ်လိုက်လို့လား။ သူက ပါးတို့ ကုမ္ပဏီနဲ့ အဆင်ပြေနေတာပဲ မဟုတ်ဘူးလား”

သူ့အဖေကမူ.သူ့သား ရှေ့မှာတော့ တည်ငြိမ်သည့် သွင်ပြင်ရှိဖို့ ကြိုးစားနေရကာ

“အဲဒါ ကိစ္စကြီး မဟုတ်ပါဘူးကွာ။ လူကြီးတွေရဲ့ ကိစ္စကို ကလေးတွေ စိုးရိမ်စရာ မလိုဘူးလေ”

အတန်းခေါင်းဆောင်က ပခုံးတွန့်လိုက်၏။

“ဟုတ်ပါပြီ၊ ပါးက မပြောပြချင်မှတော့ ကျနော် မမေးတော့ဘူး”

“ဦးလေးလု၊ ပါးနဲ့ စကားဆက်ပြောပါ ခင်ဗျ၊ ကျနော်ကတော့ ကျနော် သူငယ်ချင်းတွေကို သွားရှာလိုက်ဦးမယ်”

သူက နှုတ်ဆက်လိုက်၏။

“ကောင်းပါပြီ၊ သူငယ်ချင်းတွေနဲ့ ပျော်ခဲ့နော်”

ဦးလေးလုက ပြန်ဖြေလိုက်၏။

သူ့ဖခင်နှင့် ဦးလေးလုကို နှုတ်ဆက်ပြီးနောက် အတန်းခေါင်းဆောင်က ရှီလီတို့ အုပ်စု ရှိရာထံ လျှောက်သွားလိုက်၏။

မီးခိုးရောင် ဝတ်စုံ ဝတ်ဆင်ထားသူက လူကြီးမင်းလုဖြစ်ကာ သူ၏ တူတော်မောင် ထွက်ခွာသွားပြီးနောက် သူ့သူငယ်ချင်းဟောင်း ဖြစ်သူနှင့် ပြောနေခဲ့သည့် မူလစကားကို ဆက်ချင်ခဲ့ကာ ထိုကောင်လေးက ရွှယ်မိသားစု သမီး ရှိရာထံ လျှောင်သွားသည်ကို အမှတ်တမဲ့ မြင်လိုက်ရလေသည်။

သူက သူ့ငယ်ချင်းကို တံတောင်ဖြင့် တွက်လိုက်ကာ သူ့နောက်ပါး ဓားလွယ်ခုတ်နေရာကို ကြည့်ဖို့ရန် မျက်လုံးဖြင့် အချက်ပြလိုက်ပါ၏။ သူက တော်တော်ကလေး တဏှာရူးနေသော ပြီတီတီ အပြုံးကြီးဖြင့် ဆိုလေသည်။

“မင်းရဲ့ သားက အဲဒီ ကောင်မလေးကို စိတ်ဝင်စားနေတာလား”

48 03

သူက အလွန်ကို လေးလေးနက်နက် တွေးတောဟန်ဖြင့် သူ၏ မေးစေ့ကို ပွတ်သပ်လိုက်ကာ

“မင်းနဲ့ လူအိုကြီးရွှယ်က အရင်တုန်းကတော့ ဒေါသတကြီး စကားများလိုက်သမှ တစ်ယောက်လည်မျို တစ်ယောက် ကိုက်တော့မလိုပဲနော်။ အနာဂတ်ကျ ခမည်းခမက်တွေ အဖြစ်နဲ့ လမ်းဆုံးသွားမှာတော့ မဟုတ်ဘူးမလား”

အတန်းခေါင်းဆောင်၏ ဖခင်ခမျာ ထိုသို့သော ဇာတ်ညွှန်းမျိုးကို စိတ်ကူးဖြင့်တောင် မဖတ်ကြည့်ခဲ့ဖူးပါလေ။ သူက သူ့သူငယ်ချင်းကြီးကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ ခေါင်းမာစွာ ပြောလိုက်၏။

“ဒီအပေးအယူမှာတော့ ငါ့သားက အရှုံးရှိမယ် မထင်ဘူး။ တကယ်လို့ အဘိုးကြီးရွှယ်ရဲ့ သမီးသာ ငါ့ချွေးမ ဖြစ်လာလို့ကတော့ အရင်ဆုံး ဒေါသထွက်ပြီး သေသွားမှာက အဲဒီ လူအိုကြီးရွှယ်ပဲလေ”

အတန်းခေါင်းဆောင် အဖေ၏.စကားအရ သူ့သားကသာ လှပပြီး သင့်လျော်ကောင်းမွန်သည့် ဤကလေးမကိုသာ သူ(လူကြီးမင်းလု)၏ ချွေးမအဖြစ် ခေါ်ဆောင်နိုင်ခဲ့သော် ထိုရွှယ်အဘိုးကြီးက သေလုမျောပါး ဝမ်းနည်း ကြေကွဲမည့်သူဖြစ်ကာ နှစ်ဖက်မျက်နှာ စုံညီ တွေ့ဆုံရမည့် ခမည်းခမက် ဖြစ်လာမည့်အရေးကို တွေးမိကာ ထိုကလိန်ကကျစ်ရွှယ်ခမျာ အတော်ကြီးကို ကသိကအောက် ဖြစ်ရပေလိမ့်မည်။

အတန်းခေါင်းဆောင်၏ ဖခင်က အမှုမထားသလို ပြောလိုက်၏။

“ကလေးတွေရဲ့ ကိစ္စကို ဘာဖြစ်မလဲ မင်း စဥ်းစားစရာ မလိုပါဘူးကွာ။ အဲဒီလို ကိစ္စတွေ အတွက် ငါတို့လူကြီးတွေက အတွေးမလွန်တာ ကောင်းမယ်။ ကလေးတွေရဲ့ ရိုးရိုးသားသား သူငယ်ချင်း ဆက်ဆံရေးကို အစွန်းအထင်း ဖြစ်ကုန်မှဖြင့်”

သို့သော် သူ အမှန်တကယ် တွေးမိသည်ကမူ အကယ်၍ ဤကလေးတွေကြား အမှန်တကယ်ကို တစ်စုံတစ်ခု ရှိနေလျှင်တောင်မှ သူတို့က အတူတူ ဇာတ်သိမ်းမည့်သူများ မဟုတ် ဟူ၍ပင်။

“ဒီလို ကလိန်ကကျစ် အယုတ်တမာကောင်နဲ့ ခမည်းခမက် တော်ရမှာထက် ငါ့သားက သူ့ဘဝကို တစ်ယောက်တည်း နေသွားတာ ငါက ပိုတောင်ကြိုက်သေးတယ်။ ကောင်မလေး ရွှယ်က မိန်းမကောင်းလေးပါ၊ ဒါပေမဲ့ ငါကတော့ အဲဒီ လူအိုကြီးရွှယ်ကို သည်းမခံနိုင်ဘူး”

လူကြီးနှစ်ယောက် စောင့်ကြည့်နေသည့် မျက်လုံးအောက်မှာပင် အတန်းခေါင်းဆောင်က ရွှယ်ရွှယ်ကျားတို့ အုပ်စုထံ တိုက်ရိုက် လျှောက်သွားလိုက်၏။

အတန်းခေါင်းဆောင် အဖေ၏ အကြည့်များက စိတ်ပျက်လက်ပျက် ဖြစ်ခြင်းတို့သာ တဖြည်းဖြည်း တိုးပွားလာခဲ့ကာ သူ့ သူငယ်ချင်း၏ အမူအရာကမူ ပိုမို သဘောခွေ့နေပုံ ပေါက်လာတော့၏။ အတန်းခေါင်းဆောင်၏ ဖခင်ခမျာ မျှော်လင့်ချက်အားလုံး ပျက်သုဥ်းသွားချိန်ဝယ် သူ့သားက အခြား မိန်းကလေးတစ်ဦးထံ လျှောက်သွားကာ ပဋိသန္ဓာရ စကားပြောကာ စကားစမြည် ဆိုနေသည်ကို မြင်လိုက်ရပါ၏။

ထိုမိန်းကလေးက လူအိုကြီးရွှယ်၏ သမီး မဟုတ်လေရာ အတန်းခေါင်းဆောင်၏ ဖခင်အတွက်တော့ ယခုလောက်နှင့်ပင် လုံလောက်ပါပြီ။

အမှန်တော့ အတန်းခေါင်းဆောင်က ရှီလီထံသို့သာ တည့်တည့် လျှောက်သွားခြင်းဖြစ်ပြီး သူတို့ စကားစမြည် ဆိုခြင်းကလည်း ထို လူကြီးနှစ်ဦး တွေးထင်ထားခဲ့သလို မည်သည်​့ Romanace ဆန်ဆန် ကိစ္စရပ်ကိုမှလည်း လုပ်ဖို့ ဟုတ်မနေပေ။

အတန်းခေါင်းဆောင်သည်လည်း သူ၏ ချစ်လှစွာသော ဖခင်ကြီး စိတ်ပူနေသည့် အရာကို ရှင်းရှင်းလင်းလင်းကြီး သိပါ၏။

အတန်းခေါင်းဆောင်၏ ဖခင်သည်လည်း ချက်ချင်းကြီးကို သူ၏ ဝိဉာဥ်ကို ပြန်လည် ရရှိလိုက်ကာ

“ဒီငရှုပ်ကလေးကတော့ တကယ် အကောင်းကြိုက်တာပဲ”

သူ့ဘေးနားမှာ ရှိနေသူ လူကြီးမင်းလုခမျာ စိတ်များ ကစဥ့်ကလျား ရှုပ်ထွေးရတော့၏။ ကလေးတွေရဲ့ ရိုးသားဖြူစင်မှုကို အစွန်းအထင်း မဖြစ်စေနဲ့လို့ ပြောလိုက်တာ သူ မဟုတ်ဘူးလား။ အဲဒါကို သူဘယ်လိုလုပ် သူ့သား အကြိုက်ကို ချက်ချင်းကြီး ချီးကျူးရပြန်တာတုန်း။

သူက သူ့ဘာသာ တွေးလိုက်၏။ ( ညစ်တိညစ်ပတ် စိတ်ထား ရှိတဲ့လူ တစ်ယောက် ဒီမှာ ရှိနေတယ်ဆိုရင် အဲဒါ မင်းပဲ ဖြစ်မှာပေါ့ ရေကြက်အိုကြီးရဲ့)

အတန်းခေါင်းဆောင်ခမျာ သူ့ဖခင်ကို ထိုကံကကြမ္မာမှ မည်သို့ ကယ်တင်ရပါမည်နည်း ဟူသည့် အတွေးများသာ ပြည့်နှက်နေရာ တဏှာရာဂ ထကြွလွန်းသူ လူအိုကြီးများက သူ့ကို ထောင့်ချိုးတနေရာမှ ပုန်းကွယ်ကြည့်ရှုကာ ပျော်ရွှင်မြူးတူးနေကြောင်းကိုမူ သတိ မထားမိခဲ့ပေ။

All Chapters