အခန်း (၄၉-၅၂)
Vol. 3 Ch. 49-52
49 01
အပိုင်း 49.
အတန်းခေါင်းဆောင်က ထို သုံးယောက် အနားကို ချဥ်းကပ်သွားလိုက်ကာ ပြောလိုက်၏။
“အဲဒီ ကိစ္စကြီး အကြောင်းကို ငါ့အဖေဆီကနေ ကြားမိပါတယ်။ ကိုယ့်ကိုကိုယ်လည်း အရမ်းကြီး အပြစ်တင်မနေနဲ့။ အဲဒါက နင့် အမှားမှ မဟုတ်တာကို”
သူ့စကားများက ရွှယ်ရွှယ်ကျားကို ပြောနေခြင်းသာ ဖြစ်သော်လည်း သူ့မျက်လုံးများကမူ ရှီလီ ရှိရာ နေရာသို့သာ အလိုလို ရောက်နေပေသည်။
ထို့ကြောင့်သာလျှင် ခပ်လှမ်းလှမ်းကနေ သူ့ကို တိတ်တဆိတ် စောင့်ကြည့် အကဲခတ်နေသည့်် အတန်းခေါင်းဆောင်၏ ဖခင်က သူ့သားတစ်ယောက် ရှီလီကို စိတ်ဝင်စားနေသည်ဟု ထင်မှတ်သွားခဲ့ခြင်းပင်။
ရွှယ်ရွှယ်ကျားကမူ အတန်းခေါင်းဆောင်ထံ ဦးညွတ်လိုက်ကာ
“ ကျေးဇူးပါ၊ ဒါပေမဲ့ ငါ့အဖေက ဒီလိုမျိုး လုပ်လိုက်မှတော့ ငါလည်း ဘာမှ မတတ်နိုင်ဘူးလေ”
အတန်းခေါင်းဆောင်က သူမကို နှစ်သိမ့်လိုက်၏။
“ငါ နားလည်ပါတယ်။ နင်က နင့်အဖေနဲ့ မတူဘူးလေ”
ရှီလီကမူ သူတို့၏ အပြန်အလှန် ဂါရဝပြု ဖလှယ်မှုများကို နားထောင်ရခြင်းအပေါ် တော်တော်ကြီး ပျင်းရိလာလေပြီ။
( အတန်းခေါင်းဆောင်က သူ့အဖေနဲ့ အတော်တူတာပဲ။ နှစ်ယောက်စလုံးက အားကြီး ချစ်ဖို့ကောင်းတဲ့ လူကောင်းတွေ)
ရှီလီ၏ အကောင်းမြင် ထောက်ခံချက်ကို ရရှိလိုက်လေရာ အတန်းခေါင်းဆောင်မှာ အတော်ကြီး တက်ကြွ ရွှင်မြူးသွားတော့သည်။ သူ့အပေါ်မှာ ရှီလီက အကောင်းမြင်စိတ် ရှိနေပေရာ ရှီလီထံမှ သတင်းများကို မလွဲဧကန် ရရှိလိမ့်မည်ဟု သူ ယုံကြည်ပါ၏။
ညစာစားပွဲ အစီအစဥ်များ အကြောင်းကို ညီမဖြစ်သူထံ ရှင်းပြနေသည့် ကုယွီချင်းကား အတန်းခေါင်းဆောင်အပေါ် ရှီလီ၏ အကဲဖြတ်မှုကို မမျှော်လင့်ဘဲ ကြားလိုက်ရလေသည်။
ပထမဆုံး ရှီလီက အတန်းခေါင်းဆောင်၏ ဖခင်ကို လူကောင်းအဖြစ် ချီးကျူးခဲ့စဥ်က သူမ ဘာမှ သိပ်မခံစားခဲ့ရပေ။
သို့သော် လူကောင်းလေးဟု အတန်းခေါင်းဆောင်ကိူ ချီးကျူးချိန်မှာတော့ ကုယွီချင်းခမျာ နေမထိ ထိုင်မသာ ဖြစ်ရတော့သည်။
သူမကတော့ ရှီလီနှင့် ရင်းနှီးမှု ရယူကာ သူငယ်ချင်းကောင်းများ ဖြစ်လာစေရန် ကြိုးပမ်းနေခဲ့ပါသော်လည်း ရှီလီကမူ သူမ ပတ်လည်မှာ အကာအကွယ်စည်းများကိုသာ ချထားခဲ့ပေသည်။
သို့သော် ယခု အတန်းခေါင်းဆောင်က အလွန် ပြတ်သား ထင်ရှားသော ရည်ရွယ်ချက်ဖြင့် ချဥ်းကပ်လာတာကို သူက ရှီလီထံမှ ချီးကျူးစကား ရရှိအောင် စွမ်းဆောင်နိုင်လိုက်သေး၏။
လူတွေက တကယ့်ကို မတူကြဘူး မဟုတ်လား။
သို့သော် ကုယွီချင်းကား သူမက ညီမဖြစ်သူ၏ သတင်းများကို ဘာမှ အားစိုက်ထုတ်စရာမလိုဘဲ ရရှိခဲ့ခြင်း ဖြစ်ကာ ရှီလီထံမှ သတင်းများကို ရဖို့ရန် ထိုသို့သော နည်းလမ်းများကို အသုံးပြုကာ ချဥ်းကပ်ဖို့ ကြိုးစားနေသည့် အတန်းခေါင်းဆောင်လို မဟုတ်ကြောင်း သူမဘာသာပင် အလျင်အမြန် လက်ခံ ယုံကြည်လိုက်ပါ၏။
ထိုအတွေးက သူမနှင့် အတန်းခေါင်းဆောင်တို့က အလွန်ကွဲပြားသည်ဟု ခံစားရအောင် ပြုလုပ်ပေးလိုက်၏။
ဝေ့ယီနှင့် ရွှယ်ရွှယ်ကျားကမူ အတန်းခေါင်းဆောင် သူတို့အနား ဘာကြောင့် ရောက်လာသည်ဆိုခြင်းကို သိရှိပေရာ သူ့ကို ကူညီပေးရန်အတွက် သူမတို့ ရှိနေခြင်းမှ ပါးပါးနပ်နပ်ဖြင့်ပင် ကိုယ်ယောင်ဖျောက် နောက်ဆုတ်ပေးလိုက်လေသည်။
သူမ၏ ဖခင်က အတန်းခေါင်းဆောင်၏ ဖခင်အပေါ် မတရားမှု ပြုလုပ်မိလေရာ ရွှယ်ရွှယ်ကျား အနေဖြင့် ထို ကူညီမှုကို ပူးပေါင်းပါဝင်ရန် စိတ်အား ထက်သန်နေပါ၏။
သို့သော် တခါတရံတွင် ထိုအတွင်းစိတ် အတွေးတို့မည်သည် ကံကြမ္မာနှင့် ရှီလီ၏ အတွေးတို့ တစိုက်မတ်မတ် သွားနေခြင်း အပေါ်တွင်လည်း မူတည်နေပေသည်။
ရွှယ်ရွှယ်ကျားနှင့် အတန်းခေါင်းဆောင်တို့ခမျာ ကံဆိုးမှုများကို သိသိသာသာ ဖော်ပြကာ အတန်းခေါင်းဆောင်၏ ဖခင်က မည်မျှ ကရုဏာ သက်ဖွယ်ကောင်းကြောင်း အလေးပေးဖော်ပြဖို့ ကြိုးစားသည့်တိုင် ရှီလီကမူ သူတို့ မျှော်လင့်ထားသည့် လားရာအတိုင်း မတွေးပေ။
(ရွှယ်ရွှယ်ကျားရဲ့ အဖေက တကယ့်ကို လူကောင်းမဟုတ်ဘူး)
( အတန်းခေါင်းဆောင်ရဲ့ အဖေက အဲဒီ စာချုပ်ကို တစ်ယောက်ယောက်နဲ့ သဘောတူညီမှု ရယူပြီး ထုတ်လုပ်ရေးတောင် စနေမှကို၊ ရွှယ်ရွှယ်ကျားရဲ့ အဖက သူ့လုပ်ပိုင်ခွင့် အောက်ကနေပြီးတော့ အဲဒီ အကူအညီနဲ့ အထောက်အပံ့တွေကို ရုတ်တရက် ထိန်းချုပ်လိုက်တယ်လေ)
(တကယ့်ကို သိက္ခာ မရှိတာဟယ်)
49 02
ရွှယ်ရွှယ်ကျား.. ငါ့အဖေက လူကောင်း မဟုတ်ဘူးဆိုတာ သိလိုက်ရလို့ ကျေးဇူးနော်။ အရင်တုန်းကတော့ အတန်းထဲက လူတော်တော်များများ မသိကြဘူး၊ ဒါပေမဲ့ အခုကျ တစ်တန်းလုံး ကြေငြာမောင်းခတ်ပြီးသား ဖြစ်ရောပေါ့ဟယ်။
အတန်းခေါင်းဆောင်… တကယ်လို့ ငါ့အဖေသာ အဲ့စကားကိုကြားရင် သူက ရှီလီနဲ့ စိတ်ထားတွေ ထပ်တူကျတယ်လို့ သတ်မှတ်ပြီး ညီအစ်ကိုတွေ ဖြစ်လာဖို့တောင် မိုးနတ်မင်းဆီမှာ သစ္စာဆိုလောက်တယ်။
ရှီလီကား သူမ၏ စိတ်ထဲမှနေ၍ ရွှယ်ရွှယ်ကျား၏ ဖခင်ကို ပြစ်တင်ဝေဖန် ဆူပူနေသော်ငြား သူမ မျက်နှာကမူ မည်သည့် အပြောင်းအလဲမှ မရှိပေ။ သူမ အဖေက အမှား လုပ်ခဲ့မှတော့ ပြစ်တင်ဝေဖန်တာ ခံရသင့်သည်။
ထိုသို့သော ကိစ္စရပ်များကို ကြားပြီးနောက် ရွှယ်ရွှယ်ကျားမှာ သူ့ဖခင်၏ လုပ်ရပ်များကို သဘောမကျတော့ပေ။
သို့သော် ရွှယ်ရွှယ်ကျားမှာ ကျောင်းသူလေးသာ ဖြစ်ပြီး ယခုချိန်ထိလည်း ကုမ္ပဏီမှာ အလုပ်မဝင်ရသေးရာ မည်သည့် သြဇာအာဏာမှ မရှိပါပေ။ ထို့ကြောင့် သူမက သဘောမကျသည် ဆိုဦးတော့ ရလဒ်ကတော့ ဘာမှ မကွာခြားပေ။
( အတန်းခေါင်းဆောင်ရဲ့ အဖေကတော့ တကယ့်ကို အတော်လေး ကံဆိုးတာပဲ)
(ဟုန်ချွမ်အမှုရဲ့ ကြိုးကိုင်သူက ဆယ်နှစ်နီးပါးလောက် ဘယ်ရာဇဝတ်မှုကိုမှ မကျူးလွန်ခဲ့ဘူး၊ ဒါပေမဲ့ အတန်းခေါင်းဆောင်ရဲ့ အဖေကတော့ ဒီလူ ပထမဆုံး ပြန်ပေါ်လာတဲ့ အချိန်နဲ့ ကြုံကြိုက်သွားရတာ)
ဟုန်ချွမ် အမှုအကြောင်း ရှီလီက ပြောလာသည့်အခါ အတန်းခေါင်းဆောင်မှာ သူ့လက်သီးကို ကျစ်ကျစ် ဆုပ်ထားမိ၏။
ဟုန်ချွမ်ဟူသည် ဟုန်ချွမ်အမှု၏ ကြိုးကိုင်သူကို ခေါ်ဆိုသည်မဟုတ်ဘဲ ပထမဆုံး ပြန်ပေးဆွဲခံရသူ ဟုန်ချွမ်၏ အမည်ကို အစွဲပြုကာ ခေါ်ဆိုခြင်း ဖြစ်ပေသည်။
ထိုလူက လွန်ခဲ့သည့် ဆယ့်ငါးနှစ် သူတို့နှင့် မြို့နီးနားချင်း C မြို့တော်မှ ထင်ရှားကျော်စောသော စီးပွားရေး လုပ်ငန်းရှင် တစ်ဦးပင်။ သူ၏ စီးပွားရေး လုပ်ငန်းများက အထွတ်အထိပ် ရောက်နေချိန်တွင် သူ့ခမျာ ပြန်ပေးမှု၏ သားကောင် ဖြစ်ရရှာတော့သည်။
အခြားသော ပြန်ပေးမှု ဖြစ်စဥ်များနှယ်ပင် ပြန်ပေးသမားတို့က ဓားစာခံကို ပြန်ရွေးရန် သူ၏ မိသားစုမှ ငွေ အမြောက်အမြားကို တောင်းခံခဲ့လေသည်။ ရဲဌာနကမူ ထို ငွေများကို ပေးဖို့ ငြင်းဆန်ရန် အကြံပေးခဲ့ပြီး ပိုက်ဆံရပြီးနောက် ဟုန်ချွမ်ကို သတ်ပစ်ကြလိမ့်မည်ဟု ယုံကြည်ခဲ့ကြကာ သူ၏ လုံခြုံမှုကလည်း အာမခံ မရှိပေ။
ရဲဌာနနှင့် ဟုန်ချွမ်၏ မိသားစုများတွင်လည်း ၎င်းတို့၏ ကိုယ်ပိုင် အကြောင်းပြချက်များ ရှိကြသည်ပင်။ ယေဘုယကျကျ ဆိုရသော် လူပြန်ရွေးရန် ငွေမပေးမီ ဓားစာခံက လုံခြုံနေသင့်၏။
သို့သော် ငွေပေးရမည့် နောက်ဆုံး သတ်မှတ်ချိန် မရောက်မီ ပြန်ပေးသမားတို့က ဓားစာခံကို သတ်ပစ်လိုက်လိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ခဲ့ကြပေ။
သူတို့က ခြူးတပြားကိုမှ လက်မခံခဲ့ဘဲ လူကိုသာ သတ်ပစ်ခဲ့ကြ၏။
ထိုလူက နောက်ပိုင်းမှာ ချမ်းသာကြွယ်ဝသူ တစ်ဦးချင်းစီကို ဆက်လက် ပြန်ပေးဆွဲခဲ့ရာ ထို ကြိုးကိုင်သူကို ရဲဌာနက “စိတ္တဇကောင်”ဟု အမည်ပေးခဲ့ကြလေသည်။
ဟုန်ချွမ်၏ သင်ခန်းစာမှ လေ့လာသင်ယူရသော် ဓားစာခံတို့၏ မိသားစုများသည်လည်း ထိုလူရွေးမှုအတွက် ငွေမပေးမီ သူတို့၏ ချစ်ရသူများက အသက်လုံခြုံပါ့မလားဆိုတာ သေချာ မသိနိုင်တော့ပေ။
ဘာဖြစ်ဖြစ် ထိုစိတ္တဇကောင် အလိုရှိသည်ကား ဓားစာခံ မိသားစုတို့၏ ပေးဆပ်မှုကိုပင်။
ဟုန်ချွမ် ဖြစ်စဥ်ပြီးနောက် မိသားစုဝင်တို့၏ ပူးပေါင်းပါဝင်မှုကြောင့် ဓားစာခံတိုင်း အသက်ရှင်လျက် ပြန်ရောက်လာနိုင်ကြပါ၏။ သို့သော် လွတ်မြောက်လာသူ ထို ဓားစာခံတို့မှာကား ပုံမှန်လူများနှင့်စာသော် တစ်စုံတစ်ရာက လွဲမှားနေပေတော့သည်။
ထို စိတ္တဇကောင်က သူ့အမည်အတိုင်း ရှင်သန်နေခြင်းဖြစ်ကာ သူ ပစ်မှတ်ထားသူ ဓားစာခံဟူသမျှ အကယ်၍ မသေခဲ့သော် ပြင်းထန်သည့် စိတ်ဒဏ်ရာများ ရရှိကြတော့၏။
ဟုန်ချွမ်ဖြစ်စဥ်အကြောင်း ကြားသော် အတန်းခေါင်းဆောင်၏ နှလုံးသားမှာ နစ်မြုပ် မွန်းကြပ်သွားခဲ့လေသည်။
အကယ်၍များ အမှန်တကယ် ထိုစိတ္တဇကောင် ဆိုပါလျှင် ရှောင်လွှဲနိုင်မည့်ပုံ မပေါ်တော့ပေ။ သူက သူ့ဖခင်၏ လုံခြုံရေးအတွက် ကြေးစားစစ်သား ဆယ်ယောက် အယောက်နှစ်ဆယ်မျှကို ကိုယ်ရံတော်အဖြစ် ငှားထားဖို့တောင် တွေးလိုက်မိ၏။
နေ့တိုင်း ခိုးနေသည့် သူခိုးတစ်ယောက်ကို မခိုးနိုင်အောင် တသက်လုံး ကာကွယ်ထားလို့ မရနိုင်ဟူသည့် ေရှးစကား တစ်ခု ရှိပေသည်။ မည်မျှ တင်းကြပ်သော အကာအကွယ် ဖြစ်ပါစေ ယိုပေါက်တစ်ခုတော့ ရှိလိမ့်မည်သာ။
ဝေ့ယီနှင့် ရွှယ်ရွှယ်ကျားမှာ အကြည့်များ ဖလှယ်လိုက်ကြပြီး တခုတည်းကို တွေးမိကြလေသည်။ အတန်းခေါင်းဆောင်ရဲ့ အဖေကတော့ တကယ့်ကို ကံဆိုးတာပဲ။ အကယ်၍များ သာမန် ပြန်ပေးသမားဆိုပါက ထိုလူတွေကို ရှောင်ကွင်းနိုင်ဖို့ အခွင့်အရေး ရှိသေးသည်။
သို့သော် စိတ္တဇကောင်သာ ဆိုပါက ကြိုတင်ခန့်မှန်းလို့ မရနိုင်တော့။
ထို စိတ္တဇကောင်၏ အရိပ်သည်ကား အများပြည်သူကြားဝယ် နက်ရှိုင်းလွန်းလေရာ အတန်းခေါင်းဆောင်ခမျာ နောက်ထပ် ဘာဆက်လုပ်ရမည် ဆိုသည်ကို မသိပါလေတော့။
(အတန်းခေါင်းဆောင်ရဲ့ အဖေက နစ်နာသူတို့ရဲ့ ဖြစ်ရပ်အတွက် စံနမူနာပဲ)
49 03
( အဲဒီ အယုတ်တမာကောင်က ပထမတုန်းကတော့ Purple Legendရဲ့ CEOကို ပြန်ပေးဆွဲဖို့ ရည်ရွယ်ထားတာ။ ဒါပေမဲ့ ဖြစ်ချင်တော့ အဲဒီနေ့ကျမှ အတန်းခေါင်းဆောင်ရဲ့ အဖေက ဟယ့်လူကြီးမင်းနဲ့ Meetingလုပ်ရဖို့ အကြောင်းဖန်လာရော)
(တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် ပြန်ပေးဆွဲတာက ဆွဲတာပဲဟာ၊ အဲတော့ သူလည်း မထူးဇာတ်ခင်းပြီး အတန်းခေါင်းဆောင်ရဲ့ အဖေကို ခေါ်သွားတော့တာပဲ)
အတန်းခေါင်းဆောင်.. ဖုံးကွယ်ထားတဲ့ ကောင်းချီး မင်္ဂလာလို့ ပြောရမှာပေါ့နော်။ ဒါဖြင့် ငါ့အဖေက မူလ ပစ်မှတ် မဟုတ်ဘူးပေါ့။
လူတိုင်း… ကောင်းပါလေ့၊ အတန်းခေါင်းဆောင်ရဲ့ အဖေက ကြားခံ သားကောင်သက်သက် ဖြစ်သွားရတာ တကယ့်ကို ကံမကောင်းတာပဲနော်။
အတန်းခေါင်းဆောင်၏ စိတ်အခြေအနေများသည်ကား ထိတ်လန့် တုန်လှုပ်ခြင်းမှသည် ဝမ်းမြောက်ခြင်းသို့ ပြောင်းလဲသွားရတော့၏။
ဘာဖြစ်ဖြစ် သူ့အဖေက ထို စိတ္တဇကောင်၏ အဓိက သားကောင် ဟုတ်မနေဘူး မဟုတ်လား။ ထို့ကြောင့် သူ့ဖခင်ကသာ Purple Legend CEOနှင့် သွားရောက် တွေ့ဆုံခြင်း မပြုပါက သူက အကုန်လုံးကို ကြိုတင် ကာကွယ်နိုင်ပြီ ဟူသည့် အဓိပ္ပါယ်ပင်။
ဤ စီးပွားရေး လောကကြီးဝယ် မိမိလုပ်ငန်း၏ ပူးပေါင်း ပါတနာနှင့် တွေ့ဆုံရန် ဖျက်သိမ်းခြင်း ဟူသည် အလွန်ကို ခက်ခဲလှပေ၏။
သို့သော် မကြာသေးမီက အဖြစ်အပျက်များကြောင့် ဤကိစ္စက ဖြေရှင်းရန် လွယ်ကူသွားပေပြီ။ Purple Legendက အတန်းခေါင်းဆောင် အဖေနှင့် ပြုလုပ်ခဲ့သည့် သူတို့၏ စီးပွားရေး ပူးပေါင်းမှုကို ဖျက်သိမ်းခဲ့ပြီး ထိုအစား ရွှယ်ရွှယ်ကျားဖခင်၏ ကုမ္ပဏီဖြင့် အစားထိုးခဲ့သည်လေ။
ထို့ကြောင့် ပူးပေါင်းမှု အဆုံးသတ်ခဲ့သည့် Clientကို တွေ့ဆုံဖို့ ဖျက်သိမ်းတာက လွယ်ကူသွားပြီဖြစ်၏။
ထိုပြဿနာကြီးကိူ မမျှော်လင့်ထားသည့် နည်းလမ်းဖြင့် ဖြေရှင်းလိုက်နိုင်ပြီဖြစ်ရာ အတန်းခေါင်းဆောင်က ရှီလီကို နောက်တဖန် ကြည့်လိုက်မိပြီး သူ၏ အမူအရာမှာ နွေဦးလေညင်း နွေးနွေးဖြဖြများ တိုက်ခတ်နေသလိုပါပင်။
အတန်းခေါင်းဆောင်၏ ဖခင်နှင့် လူကြီးမင်းလုတို့က ထောင့်ချိုးအကွယ်မှာ ပုန်းအောင်းကာ စောင့်ကြည့် အကဲခတ်နေခြင်းဖြစ်ကာ အတန်းခေါင်းဆောင်၏ အမူအရာက မိနစ် အနည်းငယ် အတွင်းမှာပင် လျင်လျင်မြန်မြန် ပြောင်းလဲသွားသည်ကို မြင်လိုက်ကြရလေ၏။
အတန်းခေါင်းဆောင်၏ ဖခင်ခမျာ ကူကယ်ရာမဲ့စွာဖြင့်ပင် တတွတ်တွတ် ရေရွတ်နေတော့သည်။
“ငါ့သားလေးခမျာ ဒီလိုမျိုး ကစဥ့်ကလျား စရိုက်ကွဲရောဂါနဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနါတွေကို ခံစားနေရတာ မဟုတ်ဖို့ ငါ မျှော်လင့်မိတယ်ကွာ”
မယ်မယ်ရရ အကြောင်းပြချက် မရှိဘဲ လူတစ်ယောက်၏ အမူအရာများက အလျင်အမြန် ပြောင်းလဲသွားသည်မျိုးကို သူ ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပေ။
ယခုမူ အတန်းခေါင်းဆောင်၏ ဖခင်က သူ့သား၏ အရွယ်မတိုင်မီ ချစ်ဇာတ်လမ်းကို ဒီထက်ပိုပြီး စိတ်မပူနိုင်တော့ပဲ ဝေဒနါ ခံစားနေရရှာသည့် သားဖြစ်သူကိုသာ စိုးရိမ်ပူပန်နေရတော့၏။
လူကြီးမင်းလုက အတန်းခေါင်းဆောင်၏ ဖခင်ကို တံတောင်ဖြင့် တွက်ကာ
“မင်း သားက အခု ဒီလိုမျိုး ဖြစ်နေပြီကို မင်း ဘယ်လို ပြောဦးနိုင်မလဲ။ ပြီးတော့ မင်းကိုယ်မင်း အဖေလို့ရော ပြောနိုင်သေးရဲ့လား”
အတန်းခေါင်းဆောင်၏ ဖခင်က သူ့ဘာသာ တွေး၏။ အမှန်ပေါ့၊ ပထွေးတွေကပဲ အခုလို ပြောတတ်တာလေ။
လူကြီးမင်းလုက ဆက်ပြော၏။
“ဒီကလေးက ဆက်ပြီး လူလားမြောက်ဦးမှာ။ မင်းမှာ အချိန်ရှိရင် စိတ်ကျန်းမာရေး ပညာရှင်ဆီ ခေါ်သွားပေးသင့်တယ်နော်”
အတန်းခေါင်းဆောင်၏ ဖခင်ခမျာ စဥ်းစားကာ ဆွံ့အသွားရပြီး
“ဒါဖြင့် သူ့ စိတ်ပိုင်းဆိုင်ရာက တစ်ခုခု မှားနေတယ်လို့ မင်းလည်း ထင်တယ်ပေါ့လေ”
49 04
သူမ၏ ကိုယ်ပိုင်ကမ္ဘာကို ပျောက်ဆုံးနေပြီဖြစ်သည့် ရှီလီကမူ စီချွမ် ယဥ်ကျေးမှု ပြဇာတ်မှ သရုပ်ဆောင် တဦးနှယ် အမျိုးမျိုးသော အမူအရာတို့ ပြောင်းလဲနေသည့် သူ့ရှေ့မှ အတန်းခေါင်းဆောင်ကို သတိမမူမိပေ။
ငါတို့ရဲ့ မဖော်ပြနိုင်တဲ့ ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ် သရုပ်ဆောင်ကြီးကတော့ ပျော်ပျော်ပါးပါးကို အနိုင်ရသွားပြီနော်။ သူက ရွှယ်ရွှယ်ကျား၏ ပခုံးကို ခပ်ဖွဖွပုတ်ကာ ပြောလိုက်၏။
“အရမ်းကြီးလည်း စိတ်မကောင်း မဖြစ်ပါနဲ့။ ငါကဖြင့် ဦးလေးကို ကျေးဇူးတောင် တင်ရဦးမှာ။ သူက ကိစ္စကောင်း တစ်ခုကို ဆောင်ရွက်ပြီးပြီပဲဟာ”
တသီတတန်းကြီးသော ရှီလီ၏ အတွေးများကို အတန်းခေါင်းဆောင်က ကြားဝင် နှောင့်ယှက်လိုက်လေ၏။ ရွှယ်ကျား၏ ဖခင်က ကိစ္စကောင်းတစ်ခုကို ဆောင်ရွက်ပေးလိုက်သည်ဟု အတန်းခေါင်းဆောင် ပြောသည်ကို ကြားလိုက်ရချိန်တွင် သူမက အလွန် ရှုပ်ထွေးသော အမူအရာဖြင့် ရွှယ်ရွှယ်ကျားကို ကြည့်မိလေသည်။
ဝေ့ယီကမူ အတန်းခေါင်းဆောင်ကို တိတ်တဆိတ် ခြေဟန် လက်ဟန် ပြလိုက်ကာ မည်သည့် သဲလွန်စမျိုးမှ မပြသမိရန် ဂရုစိုက်ဖို့ သတိပေးလိုက်ပါ၏။ ထို့နောက် သူမက အတန်းခေါင်းဆောင်ကို ဖာထေးကာ ပြောပေးလိုက်သည်။
“အတန်းခေါင်းဆောင် ဆိုလိုတာက တိမ်တိုင်း တိမ်တိုင်း ငွေရောင် အနားကွပ် ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပါဟ။ အဲဒါက လူမမြင်နိုင်တဲ့ ကောင်းချီး မင်္ဂလာမျိုး ဖြစ်သွားတာလည်း ဖြစ်နိုင်တယ်လေ”
ရှီလီကမူ အတန်းခေါင်းဆောင်ကို ယုံကြည်မှုနှင့် သံသယတို့ ရောပြွမ်းနေသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်မိလေသည်။
အတန်းခေါင်းဆောင်က ခေါင်းညိတ်လိုက်၏။
“အမှန်ပဲ။ အခုက ကိစ္စဆိုးကြီးလို့ ထင်ရပေမဲ့ ပြောမရဘူးလေ၊ နောက်ရက် နည်းနည်းလောက်ကျ ကောင်းတဲ့ ကိစ္စ ဖြစ်ချင်လည်း ဖြစ်သွားမှာပဲဟာ”
ရှီလီလည်း အတန်းခေါင်းဆောင်ကို ပါးပါးနပ်နပ်ဖြင့်ပင် သတိပေးလိုက်၏။
“နင် မှန်ပါတယ်။ အဲဒီ Purple Legendက ကောင်းတဲ့ ကုမ္ပဏီကြီး မဟုတ်ဘူးလို့ ကောင်းကင်ဘုံက သတ်မှတ်ပြီး နင့် အဖေနဲ့ ဝေးဝေးရောက်အောင် ကန်ထုတ်လိုက်တာ နေမှာ”
အတန်းခေါင်းဆောင်ကလည်း အလျင်အမြန်ပင် သဘောပေါက်လိုက်ပါ၏။
“နင် ပြောတာ အရမ်းကို မှန်တယ်။ ငါ အိမ်ပြန်ရောက်ရင် အဲ့ကိစ္စကို ငါ့အဖေကို ဖြောင်းဖျဦးမှ”
ရှီလီ အနေဖြင့် သူမ၏ သတိပေးချက်ကို ပေးခဲ့ပြီး ဖြစ်ပါသော်လည်း အတန်းခေါင်းဆောင်နှင့် သူ၏ ဖခင်က ထိုကိစ္စကို အလေးအနက် မထားမည်ကို စိုးရိမ်လှ၏။
ထို့ကြောင့် သူမက လေးလေးနက်နက်ကြီး သတိပေးသည့် လေသံဖြင့် ပြောလိုက်လေသည်။
“ငါ အတည်ပြောနေတာ။ နင့် အဖေရဲ့ လုံခြုံရေးအတွက် အဲဒီ လူကြီးမင်းဟယ့်နဲ့ ဝေးဝေးနေသင့်တယ်လို့ ကောင်းကင်ဘုံက အမှန်ကြီး သတိပေးနေတာ”
အတန်းခေါင်းဆောင်ကမူ ရှီလီ၏ စကားများကို တစ်ရာ ရာခိုင်နှုန်း အပြည့် ယုံကြည်ကာ သူ၏ ဖခင်ကိုလည်း ထို သတင်းအပေါ် လက်ခံစေရန် ကြိုးစားရပေမည်။
သူမ၏ အတွေးများကို ကြားနိုင်ခြင်းကြောင့်ဟု ရှီလီက သတိမမူမိရကာ အတန်းခေါင်းဆောင် သူမကို လွယ်လင့်တကူ သဘောတူလိုက်သည်က သူမကို ဟာသအဖြစ် မှတ်ယူထားခြင်းကြောင့်သာ ဖြစ်သည်ဟု ခံစားရလေသည်။
အတန်းခေါင်းဆောင်က ရှီလီကို ဟာသအဖြစ် သဘောထားဖို့က မည်သို့ ဖြစ်နိုင်မည်နည်း။ ထိုအချိန်မှာ သူ၏ ရိုးသားစစ်မှန်မှုကို ပြသဖို့ သူ့နှလုံးကို လှီးထုတ်ပြဖို့တောင်မှ ဆန္ဒရှိနေပေသည်။
ထို့ကြောင့် ရွှယ်ရွှယ်ကျားနှင့် ဝေ့ယီက အတန်းခေါင်းဆောင်ကို လာရောက် ကယ်ဆယ်ရတော့၏။
49 05
“မစိုးရိမ်ပါနဲ့။ ဦးလေးလင်းကို စိုးရိမ်ရမဲ့ ကိစ္စမျိုးဆိုရင် အတန်းခေါင်းဆေင်လည်း လေးလေးနက်နက် မှတ်ယူမှာပါ။ သူတို့မိသားစု အရမ်းကို အယူသီးတယ်လေ”
ထိုမှသာ ရှီလီလည်း အတန်းခေါင်းဆောင်ကို ကြိုးကွင်းစွပ်ခြင်းမှ လွှတ်ပေးလိုက်တော့သတည်။
အိမ်သို့ ပြန်ရောက်ပြီးနောက် အတန်းခေါင်းဆောင်က သူ့ဖခင် Purple Legendနှင့် သဘောတူညီချက် ပြုလုပ်ထားသည့် စီးပွားရေးကိစ္စများ အကြောင်းကို သွယ်ဝိုက်စွာ စစ်ဆေးလိုက်ပြီး ထို့နောက်မှာမှ လူကြီးမင်းဟယ့်နဲ့ ဝေးဝေးနေရန် သတိပေးဖို့ စဥ်းစားထားပါ၏။
အမှန်တကယ်တော့ သဘောထား ကွဲလွဲပြီးသည့်နောက် သူ့ဖခင်က သူ့ကိုယ်သူအပေါ် ဒုက္ခများယူဆောင်ကာ ဤလူကြီးမင့်ဟယ့်ကို သွားရှာဖို့ အဘယ့်ကြောင့် စိတ်အား ထက်သန်နေသည်ကို အတန်းခေါင်းဆောင်ခမျာ နားမလည်နိုင်ပေ။
လူကြီးမင်းဟယ့်နှင့် ဝေးဝေးနေဖို့ရန် သူ့ဖခင်ကို ဖျောင်းဖျနေစဥ်အတွင်း ယခင်က ရှီလီ ခံစားခဲ့ရသည့် အရာများကို နောက်ဆုံးကျမှပဲ အတန်းခေါင်းဆောင်ခမျာ နားလည်ရတော့၏။
သူ၏ ဖခင်က သူ့ကို လက်သင့်မခံမည်ကို စိုးရိမ်လှကာ ထိုကိစ္စအပေါ် ဖခင်က အလေးအနက် မထားမည်ကိုလည်း သူ ပူပန်နေရပါ၏။
ရှီလီနှင့် မတူသည်က ယခုက သူ့ဖခင်ရင်းကြီး ဖြစ်နေရာ သူကား ဇွတ်တရွတ်ပင် နားပူနားဆာ တိုက်ရပေတော့မည်။
ရှီလီက အပြင်လူ ဖြစ်လေရာ ထိုအချိန်တုန်းက သွယ်ဝိုက်ပြီးသာ သတိပေးနိုင်ပေသည်။
အတန်းခေါင်းဆောင်မှာလည်း သူ့အဖေထံမှ ကတိစကား ရပြီးကာမှ အတော်လေး စိတ်သက်သာရာ ရသွားပါ၏။
ရှီလီ၏ ခံစားချက်တို့ကို သူ နားလည်သွားပြီးသည့်နောက် ကျောင်းစဖွင့်သည့် တနင်္လာနေ့ကို ရောက်ရှိလာပေရာ ရှီလီတစ်ယောက် သောကပွေနေမည်ကို ဟန့်တားဖို့ရန်အတွက် ဖြစ်ကြောင်းကုန်စင်ကို တင်ပြရန်အလို့ငှာ အတန်းခေါင်းဆောင်က ရှီလီထံ သွားရောက်ခဲ့လေသည်။
ရှီလီကို အတန်းခေါင်းဆောင် ရှာတွေ့သည့် အချိန်တွင် ရွှယ်ရွှယ်ကျားက သူမ ဘေးမှာ ထိုင်နေပါ၏။
ရွှယ်ရွှယ်ကျား၏ မျက်လုံးများက နီမြန်းနေကာ သူမ၏ ဒုက္ခသုက္ခများကို ရှီလီထံ ရင်ဖွင့် သွန်ချနေခဲ့ပေသည်။
အတန်းခေါင်းဆောင်က သူတို့ အနီးမှာ မတ်တပ်ရပ်နေပေရာ ထိုကိစ္စ၏ အကျဥ်းချုပ်ကို သိရှိသွားတော့သည်။ ဤကုန်လွန်ခဲ့သည့် ရက်သတ္တပတ် အတွင်းဝယ် ရွှယ်ရွှယ်ကျား၏ ဖခင်က သူ၏ တရားမဝင်သားကို အိမ်သို့ ခေါ်ဆောင်လာကာ ထိုကလေးကို မိသားစုက အသိအမှတ် ပြုပေးစေချင်ကြောင်း မရမက တောင်းဆိုခဲ့ပေသည်။
ရွှယ်ရွှယ်ကျားက သူ၏ မချင့်မရဲ စိတ်များကို ထွက်ပေါက်ရှာနေခဲ့ကာ သူမမှာ ကူကယ်ရာမဲ့စွာဖြင့်ပင် မကျေမချမ်း ဖြစ်ရတော့၏။ ရှီလီက အဘယ်ကြောင့် ဤကိစ္စကို ကြိုတင် မပြောဆိုခဲ့သနည်း။
အကယ်၍များ ရှီလီသာ ကြိုတင် သတိပေးထားခဲ့လျှင် သူမလည်း ဤကိစ္စကို ကောင်းကောင်း ပြင်ဆင်ထားလို့ ရနိုင်ပေလိမ့်မည်။
******
50 01
အပိုင်း 50.
ရွှယ်ရွှယ်ကျားတစ်ယောက် မျက်လုံးများနီပြီး အသံဝင်နေသည်ကို ကြည့်ကာ အတန်းခေါင်းဆောင်လည်း ရှီလီထံ လှမ်းနေသည့် သူ၏ ခြေလှမ်းများကို ပြန်ရုတ်သိမ်းလိုက်တော့သည်။
ထိုမိန်းကလေးက ဝမ်းနည်းကြေကွဲနေမှန်း သိသာပါ၏။ ထို့ကြောင့် သူ့အနေဖြင့် ယခု ချက်ချင်းကြီး ချဥ်းကပ်ဖို့ မလိုသလို သူမကို စိတ်အနှောင့်အယှက် ဖြစ်စေမည့် မည်သည့် ကိစ္စကိုမှလည်း လုပ်လို့မဖြစ်ပေ။
မျက်ရည်တွေ ပြည့်နေသည့် ရွှယ်ရွှယ်ကျား၏ ရင်ဖွင့်မှုများသည်ကား ရှီလီကိုသာ တိုက်ရိုက် ရည်ရွယ်ခြင်းပင်။
“ငါ့အဖေက မိန်းကလေးတွေထက် ယောကျာ်းလေးတွေကို ပိုပြီး ဦးစားပေးတာ နင်မသိပါဘူး။ သူက သားယောကျာ်းလေး မွေးပေးဖို့ ငါ့ အမေကို အမြဲ ဖိအားပေးနေခဲ့တာ”
“နင် ငါ့ကို လှောင်မှာ ငါ မကြောက်ပါဘူး၊ ဒါပေမဲ့ ငါ့အမေခမျာ သူ့ကို မတွန်းလှန်နိုင်ဘူးလေ။ အဲဒါကြောင့် သူလည်း နောက်ကိုယ်ဝန် ထပ်ယူပြီး ကလေးမွေးရတော့တာပဲ။ ဒါပေမဲ့ ထပ်မွေးလာတာကလည်း မိန်းကလေးပဲလေ။ ငါ့ညီမလေးကို မွေးပြီးတော့ ငါ့အမေခမျာ သေလုမျောပါး ဖြစ်ပြီး သားအိမ်ကို ထုတ်ပစ်လိုက်ရတယ်။ ဒါကြောင့် သူ နောက်ထပ် ဘယ်တော့မှ ကိုယ်ဝန် ထပ်မဆောင်နိုင်တော့ဘူး”
“ငါ့အမေ နောက်ထပ် ဘယ်ကလေးမှ မမွေးနိုင်ကတည်းက နောက်ဆုံးတော့ ငါတို့အဖေက ငါတို့ ညီအမနဲ့တင် တစ်ခန်း ရပ်သွားပြီလို့ ထင်ခဲ့တာ။ ဒါပေမဲ့ သူက သူ့အတွက် ကလေးမွေးပေးဖို့ အငယ်အနှောင်း တစ်ယောက် ရှာလိမ့်မယ်လို့ ဘယ်သူက စိတ်ကူးမိမှာတုန်း”
“ပိုပြီး စိတ်တိုစရာ ကောင်းတာက ငါတို့ အဖေ အပြင်မှာ အချိန်အကြာကြီး ထားထားပေမဲ့ အဲ့မိန်းမက သားလေး မမွေးခဲ့ဘူးလေ”
“ဒီတပတ်ကျမှ အဲ့မိန်းမက သားလေး မွေးလာလို့ဆိုပြီး အဲ့မိန်းမကို အိမ်ကို အလျင်စလို ခေါ်လာတယ်လေ။ သူက သူ့ရဲ့ အဲဒီ အဖိုးတန်သားလေးကို မိသားဝင်လို့ အသိအမှတ် ပြုပေးစေချင် နေတာရယ်။ ပြီးတော့ ငါ့အမေက အဲ့ကလေးကို ပြုစု ပျိုးထောင်ပေးစေချင်တယ်တဲ့။ ပြီးတော့ အခုကစပြီး အဲဒီကလေးကို ငါ့အမေကိုယ်တိုင် သူ့အတွက် မွေးပေးထားသလို ဆက်ဆံရမယ်လို့လည်း ပြောလာသေးတယ်”
ရွှယ်ရွှယ်ကျားက စိတ်လှုပ်ရှားစွာ ပြောနေခဲ့ကာ ဒူးခေါင်းလေးပေါ် တင်ထားသည့် သူမ လက်ကလေးတွေတောင်မှ တုန်ယင်လာပေသည်။ သူမက သူမ၏ ငမိုက်သား ဖခင်အပေါ် အမျက်ချောင်းချောင်း ထွက်နေမှန်း သိသာ ထင်ရှားလှပါ၏။
ရှီလီက ပြီးခဲ့သည့် ဘဝတုန်းကတည်းက ရွှယ်မိသားစု အကြောင်း ကြားခဲ့ဖူးပါ၏။
သူမ၏ အသုံးမကျသော ဖခင်က တကယ့်ကို သိက္ခာရှိသူ မဟုတ်ပေ။ သူက စီးပွားရေးလောကမှာလည်း မရိုးမသား လှည့်ဖြားတတ်သူဖြစ်ကာ အိမ်မှာဆိုလည်း မိန်းကလေးများထက် ယောကျာ်းလေးများကို ဦးစားပေးတတ်သူဖြစ်ပြီး သူ့အတွက် သားမွေးပေးဖို့ရန် ကြိုးစားဖို့ ဇနီးဖြစ်သူကို အစဥ် ဖိအားပေးနေတတ်သူတည်း။
သူ့ဇနီးက အသက်အရွယ် ရနေပြီဖြစ်သည့် မိခင်တစ်ယောက် ဖြစ်နေပြီး ကလေးမွေးဖွားခြင်းက သူမအတွက် အန္တရာယ်များလှသည်ကိုလည်း သူ ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပေ။
သူ့မျက်လုံးထဲမှာတော့ ဇနီးဟူသည် မိသားစု မျိုးဆက်ကို တည်တံ့စေမည့် ကိရိယာ တစ်ခုအဖြစ်ထက် မပိုခဲ့ပါပေ။
ဇနီးဖြစ်သူက သူ့ကြောင့် ကလေးမွေးဖွားနိုင်ခြင်းကို ဆုံးရှုံးခဲ့ရသည့်တိုင် သူကတော့ မည်သည့် စာနာထောက်ထားမှုကိုမှ ပြသမလာသလို ထိုမိန်းမက အသုံးမဝင်တော့ပါတကား ဟုပင် တွေးခဲ့ဖူးပေ၏။
သူ့အတွက်တော့ ကလေး မမွေးနိုင်သူ မှန်သမျှ အသုံးမတည့်ပါပေ။
ရွှယ်ရွှယ်ကျား၏ မကျေနပ်ချက်များကို နားထောင်ကာ ရှီလီ၏ အမူအရာသည်လည်း အနည်းငယ်မျှ ရှုပ်ထွေးရတော့၏။
(ငါ အဲဒါကို ဘယ်လိုများ အကျယ်ကြီး ပြောနိုင်ပါ့မလဲ)
ရှီလီ၏ စိတ်တွင်းမှ အသံ ထွက်ပေါ်လာလေသည်။ သူ့မျက်ရည်ကို သုတ်နေသည့် ရွှယ်ရွှယ်ကျား၏ လက်များက ခေတ္တမျှ အေးခဲ မာတောင့်သွားခဲ့၏။သို့သော် သူမက ဘာမှ မကြားလိုက်သလိုသာ ဆက်လက် ပြုမူနေပေ၏။
( ရွှယ်ရွှယ်ကျား အဖေရဲ့ အဲဒီ အဖိုးတန်သားလေးက တကယ်တော့ သူ့သားလည်း ဟုတ်မနေဘူးရယ်)
ရွှယ်ရွှယ်ကျား. ?????:
ပွဲကြည့်ပရိသတ်များ.. ခဏ စောင့်ကြပါဦး။ အဲဒါ ဘာအဓိပ္ပါယ်လဲဆိုတာ ငါတို့ စဥ်းစားပါရစေဦး။
( အဲဒီ ကလေးက သူ့ရဲ့ အငယ်အနှောင်း တခြား ယောကျာ်းနဲ့ မွေးထားတဲ့ကလေးလေ)
ရွှယ်ရွှယ်ကျားနှင့် အခြားလူများ… ဝိုးးးးးး
50 02
(သူက အဲဒါကို စဥ်းစားသင့်တယ်။ ကလေးက ယောကျာ်းလေးလား မိန်းကလေးလား ဆိုတာ ယောကျာ်းကပဲ ဆုံးဖြတ်တာလေ။ ရွှယ်ရွှယ်ကျားရဲ့ အဖေက သူ့ တရားဝင်ဇနီးနဲ့ မွေးထားတာ သမီးတွေပဲ ရှိပြီး သားကိုကျ တခြား မိန်းမနဲ့ ရထားတာ။ အဲ့လို လုပ်ရတဲ့ အကြောင်းပြချက်ကို သူ လေးလေးနက်နက် စဥ်းစားသင့်တာ မဟုတ်ဘူးလား။)
(ရွှယ်ရွှယ်ကျားရဲ့ အဖေက လွတ်လပ်ရေးရပြီး ပထမဆုံး တက္ကသိုလ် တက်ခဲ့တဲ့လူတွေထဲမှာ ပါပြီး ခေတ်သစ် ပညာရေးကို သင်ခဲ့တဲ့ လူပဲဟာ။ သူ့ရဲ့ နည်းလမ်းတွေကတော့ ချင်မင်းဆက်က သဘောထား သေးတဲ့လူတွေ အတိုင်း ပါပဲလားနော်)
ရွှယ်ရွှယ်ကျား.. ပြောတာ ကောင်းတယ်။
အတန်းခေါင်းဆောင်.. ငါ့အဖေကိုယ်စား ငါ ထောက်ခံပေးတယ်။
ထိုရွှယ်လူကြီးမင်းအပေါ် သူ့အဖေက မည်မျှ စက်ဆုပ်ကြောင်း အတန်းခေါင်းဆောင်က သိပါသည်။ ဤကိစ္စကြီးကို နောက်ရက် အနည်းငယ်ကြာကာမှ သူ့အဖေ စိတ်ချမ်းသာအောင် ပြောပြမည်ဟု သူက ဆုံးဖြတ်ထားပါ၏။
ရွှယ်ရွှယ်ကျားကမူ မည်သည့်အရာကိုမှ ထုတ်ဖော်မပြမိစေရန် သူမ မျက်ရည်များကို ဖျစ်ညှစ် ထုတ်ဖို့ ကြိုးစားနေရပါ၏။ သူမက ယခု အလွန်ကို ဘဝင်ခိုက်နေပေရာ သူမ၏ စိတ်ခံစားချက်များကို ထုတ်ဖော်ဖို့ရန် “တိဗက် ကုန်းပြင်မြင့်” ဟူသည့် တင်ဆက်မှုကိုပင် အားပါးတရ ဖျော်ဖြေ လိုက်ချင်သေးပေ၏။
ထို့ကြောင့် သူမက ထပ်မငိုနိုင်တော့ပေ။
(သူ့အဖေက သက်ရှိ စံပြ နွားကြီး ဖြစ်လာတော့မယ်လို့ ငါ ရွှယ်ကျားကို ပြောသင့်လား)
(T/N= ဒီနေရာမှာ ရွှယ်ကျားရဲ့ အဖေကို living cuckoldလို့ သုံးထားပေမဲ့ တိုက်ရိုက်ဘာသာပြန်ရင် မလှလို့ နွားကျတဲ့ ယောကျာ်းအဖြစ်ပဲ ဘာသာပြန်လိုက်ပါတယ်)
အတန်းခေါင်းဆောင်.. သက်ရှိ စံပြနွားကြီး Huh‼! ငါဒါကို ငါ့ရဲ့ Notebookမှာ ချရေးထားပြီး အိမ်ပြန်ရောက်ရင် ငါ့ အဖေကို ပြန်ပြောပြရမယ်။
ရွှယ်ရွှယ်ကျား.. ကျေးဇူးပဲ။ ငါသိပြီးပြီ၊ နင် ထပ်ပြောပြဖို့ မလိုတော့ဘူး။
(ဆိုတော့ မိန်းမနဲ့ ကလေးတွေအပေါ် မကောင်းတဲ့ ယောကျ်ားမှန်သမျှ အဆုံးသတ် မကောင်းနိုင်ဘူးဆိုတာ မြင်ကြပြီဟုတ်)
လူတိုင်း..အငယ်အနှောင်းထားတဲ့ ငမိုက်သားတိုင်း ပြာဖြစ်တာပဲ ကောင်းတယ်။ သူ့ကို ကယ်လိုက်နိုင်ပေမဲ့ မယားငယ် ထားဖို့ ဘယ်သူကပြောလို့တုန်း။
( တကယ် ထူးဆန်းတယ်၊ ကလေးကို မိသားစုဝင်အဖြစ် အသိအမှတ် မပြုခင် သူတို့ဘာလို့ DNA မစစ်ခဲ့ကြပါလိမ့်နော်။ အဲဒါမှ နောက်ဖြစ်လာမဲ့ ဒုက္ခတွေကနေ ဘေးကင်းမှာပေါ့)
ရှီလီက နားမလည်သော်လည်း ရွှယ်ကျားကမူ အဘယ့်ကြောင့်ဟူသည်ကို သိပါ၏။ ထိုအမျိုးသမီးကား သူ့ဖခင်နှင့် မလျော်ကန်သည့် ဆက်ဆံရေးကို နှစ်ပေါင်းရှည်ကြာစွာ ထိန်းသိမ်းထားခဲ့သူပင်။ သူကား သူ့ အမြောင်မယား၏ သစ္စာတရားအပေါ် ဘယ်တုန်းကမှ သံသယမဝင်ခဲ့ပေ။
ရွှယ်ရွှယ်ကျားက ရှီလီကို ပွေ့ဖက်လိုက်ကာ ပါးဖောင်းလေးထက်ကို အနမ်းပေးလိုက်၏။
“ ကျေးဇူးတင်ပါတယ် ရှီလီ။ ငါ့ကို နှစ်သိမ့်ပေးလို့ ကျေးဇူးတင်တယ်နော်။ ငါ အခု ပိုပြီး ကောင်းသွားပါပြီ”
ရုတ်ခြည်းပင် နူးညံ့ညင်သာမှုများ လွှမ်းခြုံကာ မွှေးမြသော ပွေ့ဖက်ခြင်းနှင့်အတူ သူမ၏ မျက်နှာထက်မှ နွေးထွေးသော အထိအတွေ့ကြောင့် ရှီလီခမျာ နေရာမှာပင် အေးခဲ တောင့်တင်းရတော့၏။
(ငါ အခု သူ့ကိူ နှစ်သိမ့်ပေးမိတာလားဟင်)
( ငါ မှတ်မိတာသာ မှန်မယ်ဆိုရင် ငါဖြင့် သူ့ကို ဘာစကား တခွန်းမှ မပြောရသေးဘူးလေ)
ထို မြင်ကွင်းကိူ မျက်မြင် တွေ့လိုက်သူ ကုယွီချင်းမှာတော့ သူမ သွားများကို အမှုန့် ဖြစ်လုနီးနီး ကြိတ်ချေမိတော့သည်။ ထိုရွှယ်ရွှယ်ကျားက သနားစရာကောင်းအောင် ဟန်ဆောင်တတ်သူ ဖြစ်ကာ သူတပါးအပေါ် အမြတ်ထုတ်တတ်သူတည်း။
ရှီလီခမျာ ထိုအတန်းချိန် တစ်ချိန်လုံး စိတ်ရှုပ်ထွေးပြီး ကျန်နေခဲ့ရကာ သူမက ရွှယ်ကျားကို မည်သို့ နှစ်သိမ့်ပေးမိကြောင်း နားမလည်နိုင်ပေ။
50 03
ထိုအတောအတွင်း သူမ၏ အတန်းဖော်များကလည်း ရှီလီတစ်ယောက် ကျန်သည့် အတန်းချိန် တဝက်အတွင်းဝယ် စိတ်ရှုပ်နေခဲ့ကြောင်း သိရှိကြပါ၏။
လူတိုင်းသည်ကား ရွှယ်ရွှယ်ကျားကို သောင်းသောင်းဖြဖြ ပြစ်တင် ကျိန်ဆဲကြတော့သတည်း။ သူတို့အားလုံး ရှီလီ၏ ထက်မြက်သည့် စိတ်အာရုံကို သိရှိကြကာ ယခုမူ ရွှယ်ရွှယ်ကျားက အမှန်တကယ်ကို ရှီလီနှင့် ပတ်သက်သည့် တစ်စုံတစ်ရာကို ဒုက္ခရှာလိုက်ပေပြီ။
ကုယွီချင်းက ခပ်ဘွင်းဘွင်းဖြင့်ပင် Group Chatထဲသို့ Message ပို့လိုက်၏။
(ရွှယ်ကျား၊ နင်ရော လီလီရော နှစ်ယောက်စလုံးက မိန်းကလေးတွေဆိုပေမဲ့ လူမှုရေး အကွာအဝေးကိူတော့ သင့်တော်အောင် ထိန်းသိမ်းထားနိုင်ဖို့ လိုတယ်။ နင်အခု လုပ်လိုက်တာက လူတွေကို စိတ်ရှုပ်သွားစေပြီ)
ရွှယ်ရွှယ်ကျား. ( နင့်ကိုယ်နင် လီလီ အမေလို လုပ်မနေနဲ့။ တချို့အရာတွေကို နင့်ဘာသာ သိမ်းထားတာ အကောင်းဆုံးပဲ။ ငါ ဘာလုပ်လုပ် နင့်အလုပ် ဟုတ်မနေဘူး)
ကုယွီချင်း..( အတန်းချိန်မှာ ရှီလီ အတွေးလွန်အောင် နင်လုပ်ခဲ့တယ်လေ။ အဲဒါ ငါတို့အားလုံးကို သက်ရောက်တယ်ဟဲ့)
နှစ်ယောက်သားကြားမှ လေထုက တဖြည်းဖြည်း တင်းမာလာပေရာ အရာရာကို စီမံခန့်ခွဲပေးချင်သူ စပ်စုစိန် အတန်းခေါင်းဆောင်က ဝင်ရောက် ဖျန်ဖြေရတော့၏။
(ငါတို့အားလုံး ရွှယ်ရွှယ်ကျားရဲ့ စိတ်ခံစားချက်ကို နားလည်ပါတယ်။ သူက စိတ်လှုပ်ရှားနေလို့ဥစ္စာ)
(ရှီလီနဲ့ ပတ်သက်လို့ စိုးရိမ်နေတဲ့ ယွီချင်းကိုလည်း ငါတို့အားလုံး နားလည်ပါတယ်။)
နှစ်ဦးစလုံးကို နှစ်သိမ့် ဖျန်ဖြေပေးပြီးသော် အတန်းခေါင်းဆောင်ခမျာ စိတ်ရော ကိုယ်ပါ ခြေကုန်လက်ပမ်း ကျသွားတော့၏။ သူတို့၏ ပင်တိုင် အတန်းခေါင်းဆောင်ကြီးခမျာ လုံလုံလောက်လောက်ကို ပင်ပန်းသွားလေပြီ။
ယခုမူ အတန်းတွင်းမှ ရှီလီ၏ အတပ်ပြောရခက်သည့် အကြောင်းကြောင့် အတန်းခေါင်းဆောင်၏ခြေကုန်လက်ပမ်းကျမှုက နောက်ထပ် အတိုင်းအတာ တစ်ခုအထိ အရှိန်မြင့်သွားရတော့၏။
ရွှယ်ရွှယ်ကျားမှာ စိတ်အခြေအနေ ကောင်းနေပေရာ သူမက ကုယွီချင်းနှင့် အချင်း ဆက်များဖို့အတွက် အပင်ပန်းခံ မနေတော့ပေ။
ကုယွီချင်းကလည်း ဤရွှယ်ရွှယ်ကျားနှင့် စကားများရတာ နိမ့်ကျသည်ဟု ခံစားရလေသည်။
ထို့ကြောင့် နှစ်ယောက်သားက ဘာမဟုတ်သည့် ကိစ္စဖြင့် ငြင်းခုန်နေခြင်းကို ရပ်တန့်လိုက်တော့၏။
ရွှယ်ရွှယ်ကျား၏ စိတ်အခြေအနေက အတော်ကြီး ကောင်းမွန်နေသည်မှာ သူမ အိမ်ပြန်ရောက်ပြီးနောက် ဧည့်ခန်းဆိုဖာပေါ်မှာ ထိုင်နေသည့် ထို တိတ်တိတ်ပုန်း မိန်းမကို တွေ့ရသည် အထိပါပင်။
ထိုအချိန်ဝယ် သူမ၏ စိတ်ကောင်းလေးများက ရုတ်ခြည်း ရပ်တန့်သွားရတော့၏။
အမှန်တော့ ၎င်းက သူမ၏စိတ်ထဲမှ မနှစ်သက်ဖွယ် အပျက်အစီးများကြောင့် မဟုတ်ပါပေ။
ထိုအစား တိုက်ခိုင်ခြင်း စွမ်းအင်တို့ ပြည့်နှက်သွားသောကြောင့်တည်း။
သူမက ကလေး ချီထားသည့် မိန်းမ၏ တမျက်နှာလုံးကို ခြုံကာ စူးစူးစိန်းစိန်း ကြည့်ပေးလိုက်၏။ အခန်းတွင်း အပူချိန်ကပဲ မြင့်နေ၍လား အခြား အကြောင်းပြချက် တခုခုကြောင့်ပဲလား ဆိုတာတော့ သူမ မသိပေ။
ကလေး၏ ကိုယ်အောက်ပိုင်း တဝက်နီးပါးမျှကို အနှီး မအုပ်ထားပေရာ ထိုကလေး၏ တိကျသော အင်္ဂါနေရာက သူမနှင့် မျက်နှာချင်း ဆိုင်ပြီးသား ဖြစ်နေတော့၏။
ရွှယ်ရွှယ်ကျားမှာ အစမှ အဆုံးထိတိုင် စက်ဆုပ် ရွံရှာရပေတော့သည်။
ထိုမိန်းမ ဤ ဗီလာကို ပြောင်းလာကတည်းက ရွှယ်ရွှယ်ကျား အနေဖြင့် သူမကို အဖတ်မတန်သလိုပင် တလျှောက်လုံး အေးတိအေးစက် ဆက်ဆံခဲ့ပေသည်။ ယခု သူမက ထိုအမြောင်မယားကို ရင်းနှီးစွာဖြင့် ပြုံးပြလာသည့် ပထမဆုံး အကြိမ်ပေတည်း။
ရွှယ်ရွှယ်ကျားကမူ သူမကိုယ်သူမ အလွန်ကို ရက်ရောလှသူဟု သတ်မှတ်လိုက်လေသည်။ ဘာဖြစ်ဖြစ် အရှုံးသမားနှင့် ရင်ဆိုင်ရသည့်အခါ သူမကား မိမိကိုယ်ကို ကျက်သရေရှိပြီး ရည်မွန်ယဥ်ကျေးသူဟု ယုံကြည်တော့သတည်း။
သို့သော် သူမ၏ အပြုံးများ ထိုအမျိုးသမီးထံသို့ သက်ဆင်းချိန်တွင်တော့ ၎င်းက အန္တရာယ်ပြုမည့် နိမိတ်မကောင်းသော အငွေ့အသက် အဖြစ်သာ ထွက်ပေါ်လာတော့၏။
ထိုမိန်းမသည်လည်း ရွှယ်ရွှယ်ကျားက လက်သီးပုန်းထိုးမည့် လှည့်ကွက်များ အသုံးပြုလာလိမ့်မည်ဟု ခံစားရလေသည်။
******
51 01
အပိုင်း 51.
အမျိုးသမီးက သူ့ ရင်ခွင်အတွင်းမှ ကလေးငယ်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်၏။ ဤကလေးက သူမ ချမ်းသာကြွယ်ဝသည့် အိမ်တော်မှာ လုံလုံခြုံခြုံ နေနိုင်မည့် အခြေခံအုတ်မြစ် ဖြစ်လေရာ သူမမှာ ရှိသည့် အရာအားလုံးကို ရင်းနှီးပြီး ကာကွယ်ရပေမည်။
ရွှယ်ရွှယ်ကျားက စိတ်လိုက်မာန်ပါ ပြုလုပ်တတ်သူ မဟုတ်ပေ။ ရှီလီ ပြောသမျှ စကားတိုင်းက အမှန်တွေ ဖြစ်လာတတ်ကြောင်း သူမ အတည်ပြုပြီးလျှင်တောင်မှ ဤမျိုးစမစစ် ကလေးက သူတို့ အိမ်မှ အဘိုးကြီး၏သား မဟုတ်ကြောင်းကို ရှီလီ၏ စကားတစ်ခွန်းတည်းဖြင့် သူမ ဘယ်တော့မှ အလွတ်မဲ့ စွပ်စွဲလိမ့်မည် မဟုတ်ပေ။
ယခင်က ရှီလီကို အေးစက်စက် ဆက်ဆံခဲ့သည့် ကုယွီချင်းတစ်ယောက် ရုတ်တရက်ကြီး နာခံတတ်သည့် ခွေးလိမ္မာတကောင်လို သူ၏ အမြီးကို ဘယ်လို လှုပ်ခါနေရသည် ဆိုသည်ကိုပဲ ကြည့်ပါဦး။ ထို့ကြောင့် ကုမိသားစု၏ သမီးငယ်လေးကို ပြန်ရှာတွေ့ဖို့ သတင်း အချက်အလက်များကို မည်သူက ထောက်ပံ့ပေးခဲ့မှန်း သိသာ ထင်ရှားလှပါ၏။
သို့တိုင် ရွှယ်ရွှယ်ကျားကမူ ထိုမျိုးမစစ်ကလေး၏ DNA ရလဒ်နှင့် သူ့ ဖခင်ရင်း ပေါ်ထွက်လာသည်အထိ မည်သည့် စွပ်စွဲမှုကိုမှ မပြုလုပ်ရန် ဆုံးဖြတ်ထားသည်။
သို့သော် ထိုမိန်းမကမူ လိပ်ပြာမလုံစိတ်ကို ခံစားနေရလေရာ သူက ရွှယ်ရွှယ်ကျားကို သတိကြီးကြီး ထားနေပြီး သူမကို အနီးကပ်လာခွင့် မပြုပေ။
ကလေး၏ အစ်မကြီး တစ်ယောက်အနေဖြင့် ရွှယ်ရွှယ်ကျားက သူမ မောင်ငယ်လေးနှင့် ရင်းနှီးတွယ်တာလိုသည် ဆိုခြင်းက ဘဝင်ကျလောက်ဖွယ် ဆင်ခြေတစ်ခု ဖြစ်ပေသည်။
အဘိုးကြီးရွှယ်ကတော့ သူ၏ သားကို သူ့သမီးက လက်ခံလာဖို့ မျှော်လင့်ထားခဲ့၏။ သူ့ ကိုယ်လုပ်တော် အမျိုးသမီးက သူ့သမီးကို သူခိုးဂျပိုးနှယ် ကြည့်လာသည့်အခါ သူက အတော့်ကို စိတ်တို ဒေါသထွက်သွားကာ ထို မိန်းမက ရိုင်းစိုင်းလှချည့်ဟု သူ တွေးမိလေသည်။ နောင်အနာဂတ်ကျ သူ့သားက ဤအိမ်တော်၏ စီးပွားရေးကို ဆက်ခံမည့်သူ ဖြစ်ပေရာ သူကား တရားမဝင် မိန်းမဖြစ်သည့် ထိုကလေး၏ မွေးမိခင်ထံ ကလေးကို ပြုစု ပျိုးထောင်ခွင့် အဘယ်မှာ ပေးလိမ့်မည်နည်း။ ၎င်းက သူ၏ ဇနီးဖြစ်သူပဲ ပြုလုပ်သင့်သည်လေ။
ရွှယ်ကတော်က ဂုဏ်သတင်းကြီးမားသော မိသားစုမှ ဆင်းသက်လာသူ ဖြစ်၏။ သူက သာမန် ဘွဲ့တစ်ခုမျှသာ.ရရှိခဲ့သော်ငြား နှလုံးရည် ပြည့်ဝသူ ဖြစ်ရကာ သူတို့၏ သမီးကိုလည်း ကောင်းစွာ ပြုစု ပျိုးထောင်နိုင်ခဲ့ပေသည်။
ကုယွီချင်း.. ရွှယ်ရွှယ်ကျားက စရိုက်ကောင်းတယ်ပေါ့လေ????? နင်ကတော့ မျက်လုံး မမြင်ရှာဘူးပဲ။ သူများကလေးကို နင့်ကလေးလို ပြုစု ပျိုးထောင်ပေးနေရင်တောင်မှ အံ့သြစရာ မဟုတ်တော့ဘူး။ တကယ်လို့ နင့် အမြင်လေးသာ ပိုကောင်းမယ်ဆို နင် ဒီလိုကိစ္စမျိုးကို လုပ်မှာ မဟုတ်ဘူးလေ။
သမီးများက နည်းနည်းတော့ တဇွတ်ထိုး နိုင်ကြပါသော်လည်း သူတို့က အသေးစိတ် လိုက်နာဖွယ် ကျင့်ဝတ်များကို သိရှိကြပြီး သူတို့ကိုယ်သူတို့ မည်သို့ ပြုမူ နေထိုင်ရမည်ကိုတော့ သိရှိကြသည်သာ။ ရွှယ်သခင်ကြီး၏ ဒုတိယသမီး ဖြစ်သူက ကျောင်းသို့ မသွားမီ ကနဦးတုန်းကတော့ သူ၏ မောင်ငယ်အပေါ် အတော်ကြီး မလိုမုန်းထားစိတ် ရှိနေခဲ့ပြီး ယခုမူ သူတို့ အနီးကို ရောက်ရှိလာကာ သူမ၏ မောင်ငယ်လေး၊ မိထွေးတို့ဖြင့် အတူတူ ရှိနေချင်သည်လေ။
ထိုကိုယ်လုပ်တော်ခမျာ ရွှယ်သခင်ကြီး၏ ဆိုဆုံးမမှုကို နာခံပြီးနောက် အလွန်တရာကိုမှ ကြေကွဲ ဝမ်းနည်းရပေတော့၏။ ဖခင်တစ်ယောက် အနေဖြင့် ကိုယ်ဝန်ဆောင်စဥ် နာကျင်မှုကို ဘယ်တုန်းကမှ မခံစားဖူးပေရာ မိခင်တစ်ယောက်၏ သောကကိုဖြင့် ဘယ်သောအခါမှ နားလည်နိုင်လိမ့်မည် မဟုတ်ဟု သူမ ခံစားရလေသည်။
သို့သော် ဤမိသားစုထဲမှာ နေရာ တနေရာ တည်ဆောက်နိုင်ဖို့ဆိုလျှင် သူက ရွှယ်သခင်ကြီးကို နာခံဖို့သာ ရှိပေတော့၏။ သူမက ထိုလူ၏ စကားကိူ နားေထာင်ကာ သူမ၏ အဖိုးတန် သားလေးထံ ရွှယ်ရွှယ်ကျား ချဥ်းကပ်လာသည်ကိုသာ ခွင့်ပြုရတော့၏။
ရွှယ်ရွှယ်ကျား၏ ရည်ရွယ်ချက်ကမူ DNA စစ်ဖို့ရန်အတွက် ဤမျိုးမစစ်လေးထံမှ နမူနာတချို့ လိုအပ်နေခြင်းသာ။
သူမက DNA စစ်ဆေးရန် သူမဘာသာ စီစဥ်ထားကာ အတော်ကလေး အချိန်ယူရပေသည်။ ရလဒ်ရရန် သုံးရက်မျှ အချိန်ယူရ၏။ သို့သော် သူမမှာ တခါတည်းနဲ့ ၎င်းတို့ကို ရရှိလိုက်ပေရာ သူမလည်း ချက်ချင်း လက်ငင်းကို ယုံကြည်ချက်တို့ ပြည့်ဝလာတော့၏။
အတိတ်တုန်းက ရွှယ်သခင်ကြီးက ညစာကို အိမ်မှာ ပြန်စားတာက ရှားပါးလှပါ၏။ သို့သော် ထိုကိုယ်လုပ်တော်နှင့် သူ၏ အဖိုးတန်သား ဤအိမ်သို့ ရောက်ရှိလာကတည်းက ညစာစားဖို့ရန် ညနေတိုင်း အိမ်ပြန်လာလေသည်။
ရွှယ်သခင်ကြီးက စားပွဲထိပ်ဆုံး နေရာမှာ ထိုင်နေခဲ့ကာ သူ့ဇနီးကမူ သူ့ဘယ်ဘက်မှာ ရှိနေပါ၏။ သူ့ဘေး ညာဘက်မှ ထိုင်ခုံက ကောလိပ်တက်နေဆဲ ရွှယ်မိသားစု သမီးကြီး၏ နေရာဖြစ်ပေသည်။ သို့သော် ဖခင်ဖြစ်သူက သူ၏ တရားမဝင်သားကို အိမ်သို့ ခေါ်ဆောင်လာသည်ဟု သိရပြီးနောက် သူမက ဒေါသတကြီး အော်ဟစ် ပေါက်ကွဲကာ မုန်တိုင်းတစ်ခု ထန်ခဲ့ပေသည်။ ယခုမူ ထိုင်ခုံက ထိုကိုယ်လုပ်တော် ပိုင်ဆိုင်ရာ ဖြစ်သွားလေပြီ။
51 02
ရွှယ်ရွှယ်ကျားက မိခင်ဖြစ်သူ၏ ဘေးမှာ ထိုင်နေခြင်းဖြစ်ကာ မူလတန်း တက်နေသူ တတိယ သမီးငယ်လေးက သူမ၏ ဘေးမှာ ထိုင်နေပါ၏။ ဤအငယ်ဆုံး သမီးလေးကို မွေးဖွားခဲ့စဥ်က ရွှယ်ကတော်၏ အသက်ကို ဆုံးရှုံးလုနီးပါးပင်။
ရွှယ်မိသားစု၏ တတိယ သမီးငယ်မှာ ယခု အလယ်တန်း တက်နေပြီဖြစ်သည့် ရွှယ်လူကြီးမင်း၏ တရားမဝင် သမီးနှင့် မျက်နှာချင်းဆိုင် ထိုင်နေခြင်းပင်။ ထို ကိုယ်လုပ်တော်က ဤအိမ်တော်သို့ တရားဝင် ဝင်ရောက်လာကတည်းက ထို သမီးကို သူမနှင့်အတူ ခေါ်ဆောင်လာခဲ့လေသည်။
ဤတရားမဝင် ကလေးက မိန်းကလေး ဖြစ်နေမှတော့ ရွှယ်သခင်ကြီးက သူမကို များများစားစား အာရုံစိုက်မနေပေ။ သူမခမျာ ညစာကို မဝံ့မရဲ စားနေရရှာပါ၏။
ရွှယ်သခင်ကြီး၏ အဖိုးတန် သားငယ်လေးကတော့ နို့စို့အရွယ်ပဲ ရှိသေးလေရာ သူ့ကို နာနီများက ထိန်းပေးနေပြီး ဤစားပွဲဝိုင်းသို့ ပါဝင်နိုင်ခြင်း မရှိသေးပါပေ။
ရွှယ်မိသားစု၏ အမျိုးသမီးများ ညစာ စားနေကြစဥ်ဝယ် လေထုက အလွန် နွေးထွေးနေပြီး သဟဇာတ ဖြစ်နေပေသည်။
ရွှယ်သခင်ကြီး ရှိနေခြင်းက ဤနွေးထွေးကို မှုကို အနှောင့်အယှက် ဖြစ်စေကာ ဤလေထုကို ပိုမို ပြင်းထန်စေပြီး ထိုကိုယ်လုပ်တော်နှင့် သူ့သမီး ရှိနေခြင်းကြောင့် ကို့ရို့ကားရား ဖြစ်စေတော့၏။
ရွှယ်မိသားစု၏ တတိယ သမီးငယ်မှာ မူလတန်းသာ ရှိသေးလေရာ သူမကမူ လွတ်လွတ်လပ်လပ် စားသောက်နိုင်ပါ၏။ သူမက သူမ၏ ပန်းကန်လုံး သေးသေးလေးဖြင့် ထို ဟင်းပွဲများဆီ လက်လှမ်းရန် ရုန်းကန်နေရရှာလေသည်။
အစ်မကြီးဖြစ်သည့် ရွှယ်ရွှယ်ကျားက သူ့ညီမလေး လက်လှမ်းမမီသည့် ဟင်းပွဲများကို ကူထည့်ပေးလိုက်ပါ၏။
သူမက လူတိုင်း၏ ညစာကို မဖျက်ဆီးချင်လေရာ ညစာစားနေစဥ် အချိန်တွင်းမှာတော့ မည်သည့် ကိစ္စကိုမှ ယူဆောင်မလာပါလေ။
ထိုကိုယ်လုပ်တော်က နှစ်လုတ်ခန့်မျှသာ စားသောက်ပြီးနောက် သူမ၏ တူကို ချထားလိုက်၏။
“ဒီအစားအသောက်တွေက သွေးနုသားနု မိခင်တစ်ယောက်အတွက် မသင့်တော်ဘူးရယ်။ တကယ်လို့ ငါသာ ကောင်းကောင်း မစားနိုင်ရင် ငါ့ကလေးကို နို့တိုက်ဖို့ ခက်ခဲမှာပဲ။ သခင်မ ကျမကို တစ်ခုခု မျက်စိ စပါးမွေး စူးစရာများ ရှိနေလားဟင်။ သခင်မက ကျမကို တမင်ကြီး ခက်ခဲအောင် လုပ်နေတာပဲ မဟုတ်လား”
“သခင်မတို့ အားလုံး ကျမတို့ သားအမိကို သဘောမကျမှန်း သိပါတယ်။ ဒါပေမဲ့ ယောင်ကျူးက သခင်ကြီးရဲ့ သွေးသားရင်းပါ။ တကယ်လို့ သခင်မ ကျမကို နှိပ်စက်ရင်တောင် ကိစ္စမရှိပေမဲ့ ယောင်ကျူးက ခုမှ ကလေးပဲရှိသေးတာပါရှင်”
ရွှယ်သခင်မ၏ အမူအရာမှာ ချဥ်စူးနေပေတော့သည်။ သူမ၏ ခင်ပွန်းမှာ အမြောင်မယားနှင့် တရားမဝင်ကလေးများ ရှိနေပြီး ဤတအိမ်တည်းမှာ အတူနေရခြင်းက သူမကို ကြီးစွာသော အရှက်ခွဲ စော်ကားမှုတရပ်ပါပင်။ သို့သော် သူ့သမီး သုံးယောက်ကိုလည်း သူမ ထည့်တွက်ရသေး၏။ သူမသာ ယခုနေ ခင်ပွန်းဖြစ်သူနှင့် သဘောထား ကွဲလွဲ စကားများခဲ့ပါက ထို အမြောင်မယားနှင့် မျိုးမစစ်ကလေးက အကျိုးအမြတ် ရသွားမှာမဟုတ်လား။
ထို့ကြောင့် ရွှယ်သခင်မခမျာ သူမ၏ အဆုံးစွန်သော ရပိုင်ခွင့်များအတွက် တိုက်ခိုက်ဖို့ရန် ရှေ့နေများနှင့် ဆက်သွယ် ဆောင်ရွက်နေစဥ် အပြင်ပန်းမှာတော့ ကြံ့ကြံ့ခံ သည်းခံနေရပေသည်။
ရွှယ်ရွှယ်ကျားကမူ စိတ်အေးလက်အေးဖြင့်ပင် သူမ ညီမငယ်လေးအတွက် အသီးအရွက် တချို့ကို ယူပေးလိုက်ရင်း
“ပါးရဲ့ ကလေးတဲ့လား။ အဲဒါက သေချာပေါက် မှန်မနေသလိုပဲ။ သူက ရှင့်ဗိုက်ထဲက ထွက်လာမှတော့ အဲဒါက ရှင့်ကလေးဆိုတဲ့ သက်သေပဲ ရှိတာလေ။ ကျမအဖေရဲ့ သားအရင်းလားဆိုတာတော့ မသေချာဘူးပေါ့”
ထိုကိုယ်လုပ်တော်၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားခဲ့ကာ
“ဒုတိယ သခင်မလေးက ဘာအဓိပ္ပါယ်လဲ”
သူမ အလုပ်ကို အကောင်းဆုံး လုပ်နိုင်ခဲ့ပြီဆိုသည်ကို သူမ သိလိုက်ပါ၏။
သူမအဖေ၏ ကလေးဖြစ်စေဦးတော့ သူမက ရေရေရာရာတောင်မှ မပြောနိုင်ပေ။
သူမအနေဖြင့် သားလေး မွေးပေးမှသာ ရွှယ်သခင်ကြီးထံမှ မျက်နှာသာ ပေးမှုများကို ပိုမို ရရှိမည်ဖြစ်ကြောင်း သိရှိပါ၏။
သူမ ကိုယ်ဝန်ဆောင်ချိန်တိုင်း သူမက ကလေး၏ လိင်အမျိုးအစားကို စစ်ဆေးလေ့ရှိရာ အစဥ်သဖြင့် မိန်းကလေးများသာ ဖြစ်နေခဲ့ပေသည်။
51 03
သူမမှာလည်း မိန်းကလေးတွေပဲ ကိုယ်ဝန်ဆောင်နေရရာ ရွှယ်သခင်ကြီး၏ ပြဿနာ ဖြစ်မနေလားဟုပင် သူမ သံသယဝင်ခဲ့လေသည်။ အထူးသဖြင့် သူ၏ တရားဝင်ဇနီးကြီးက သမီးတွေပဲ မွေးဖွားခဲ့ချိန်မှာ ဖြစ်လေသည်။
ထို့ကြောင့် သူမ ရွှယ်သခင်ကြီးနှင့် အတူရှိနေစဥ်ကတည်းကပင် ငယ်ငယ်ရွယ်ရွယ် အမျိုးသား တချို့ထံမှ သုတ်ပိုးအလှုခံရန် ကြိုးပမ်းခဲ့ပါ၏။
ထို့ကြောင့် သူမ အနေဖြင့် ကလေး၏ဖခင်က မည်သူဖြစ်မှန်း လုံးလုံးလျားလျား မသိပါလေ။ သို့သော် ရွှယ်သခင်ကြီးနှင့် ဆက်ဆံရေး ခိုင်မြဲဖို့ အခွင့်အလမ်းရှိမည်ကတော့ သေချာမှန်း သူမ သိပါသည်။
သူမက ကရုဏာသက်စဖွယ် ငိုယိုနေကာ မျက်ရည်များမှာလည်း သစ်တော်ပွင့်များထက်မှ မိုးရေစက်များပမာ သူမ မျက်နှာထက်မှ စီးသွယ် ကျလာတော့၏။
သို့သော် ဤစားပွဲမှ တစ်ယောက်တလေကမျှ သူမကို စာနာမပေးကြပါပေ။
ရွှယ်ရွှယ်ကျားက သူမ မိခင်ကို မည်သည့် သတင်းကိုမှ ကြိုတင် အသိပေးမထားပေ။ သို့ဖြစ်ရာ ယခု သူ့သမီးက ထိုစကား ပြောလာသည်ကို ကြားသော် ရွှယ်သခင်မမှာ ထို ကိုယ်လုပ်တော်ကို စေ့စေ့စပ်စပ် စစ်ဆေး ကြည့်ရှုတော့၏။
ရွှယ်ရွှယ်ကျားက လှောင်ပြုံး ပြုံးလိုက်၏။
“ပါး သမီးမှာ တခြား ဘာအဓိပ္ပါယ်မှ မရှိဘူးရယ်။ သမီးက ပါး ဘာမှ မသိလိုက်ဘဲ ဦးထုပ်စိမ်း ဆောင်းလိုက်ရမှာ စိုးရိမ်လို့ပါ”
( တရုတ်မှာ ဦးထုပ်စိမ်း ဆောင်းတယ်ဆိုတာ ဖောက်ပြန်ခံရသူကို ဆိုလိုပါတယ်)
ရွှယ်သခင်ကြီးက စားပွဲပေါ်သို့ သူ့လက်ဖဝါးဖြင့် ဘန်းခနဲ မြည်အောင် ရိုက်ချလိုက်၏။
“အဓိပ္ပါယ် မရှိတာတွေ။ ယောင်ကျူးက မင်းရဲ့ မောင်လေးပဲ။ မင်း ဘယ်လိုတောင် မဟုတ်တမ်းတရား စကားတွေ ပြောနေတာလဲ”
ရွှယ်ရွှယ်ကျားကမူ သူမ အဖေကို ပြုံးပြလိုက်၏။
“သူက ကျမ မောင်လေးလို့ ပါးက အရမ်းသေချာတယ်ပေါ့လေ။ ဖခင်ရင်းဖြစ်ကြောင်း စစ်ဆေးချက်ကို ပါးက လုပ်ပြီးပြီ မို့လို့လား”
ရွှယ်သခင်ကြီးက တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်သွားပါ၏။ အမှန်တကယ်ကို သူက ဖခင်ရင်းဖြစ်ကြောင်းစစ်ဆေးချက်ကို မပြုလုပ်ရသေးပေ။
သူ့မှာ မျောက်မ ထားသည့် မယားမျိုး မရှိဟု ယုံကြည်မှု လွန်ကဲနေပေ၏။ ထို့ကြောင့် သူက အဘယ်ကြောင့် သူ၏ အမျိုးသမီးက အိမ်ထောင်ရေး ဖောက်ပြားသည်ဟု သူ သံသယ ဝင်ရမည်နည်း။
ရွှယ်သခင်ကြီးက သူ့ကိုယ်သူ ယုံကြည်မှု လွန်ကဲတတ်သူမျိုးတည်း။ ထို့ကြောင့် ဤကလေးက သူ့ကလေး မဟုတ်ဘူးဟု စိတ်ကူးမိဖို့ ဝေးစွ၊ သူ့ အမျိုးသမီးက သူ့အပေါ် ဖောက်ပြားလိမ့်မည်ဟုတောင်မှ သံသယ မဝင်ခဲ့ဖူးပေ။
သို့သော် သူ့ ဒုတိယ သမီး၏ စကားများအရ သူ့သားကို အိမ်သို့ ချက်ချင်း ပြန်ခေါ်လာခြင်းက အလျင်စလို ဖြစ်နေကြောင်း သူ သဘောပေါက် သွားရတော့၏။
ခက်ထန် တင်းမာလှသော အိမ်ထောင်ဦးစီး တစ်ယောက်အနေဖြင့် သူက နမော်နမဲ့ နိုင်သွားကြောင်း ဘယ်သောအခါမှ ဝန်ခံလိမ့်မည် မဟုတ်ချေ။ သူက ရွှယ်ရွှယ်ကျားကို ဆူပူ ကြိမ်းမောင်းလိုက်၏။
“အဓိပ္ပါယ် မရှိတာတွေ ပြောမနေနဲ့။ ယောင်ကျူးက မင်း မောင်လေးပဲ”
သို့သော် သူ၏ ဤသားက မိသားစု စီးပွားရေးကို ဆက်ခံရမည်ဖြစ်ရာ သွေးရင်ဖြစ်ကြောင်း စစ်ဆေးဖို့က အမှန်တကယ် လိုအပ်သည်ဟု သူ့ဘာသာ တွေးမိလေသည်။
ရွှယ်သခင်ကြီးက သူမကို အကာအကွယ် ပေးလိုက်ပေရာ ထိုကိုယ်လုပ်တော်လည်း သူမကိုယ်သူမ ယုံကြည်မှု အပြည့် ရှိလာပါ၏။ သူမက ရွှယ်ရွှယ်ကျား ရှိရာထံသို့ သူမ မျက်လုံးများကို လှိမ့်လိုက်လေသည်။
သူ၏ သမီးရင်း တစ်ယောက်အနေဖြင့် ရွှယ်ရွှယ်ကျားက သူ့ဖခင်ကို အတော်ကြီး ကောင်းကောင်း နားလည်ပါ၏။
သူမ၏ သတိပေးချက် နောက်တွင် ဖခင်က ဘာစကားမှ ဆိုမလာသည့်တိုင် သံသယ ဝင်သွားပြီဖြစ်ကြောင်း သူမ သိလိုက်လေသည်။ ထို တိုးပွားလာသည့် သံသယများကြောင့် သူက မဖြစ်မနေ စစ်ဆေးပေလိမ့်မည်။
ထို စစ်ဆေးမှုရလဒ်ကိုလည်း ရွှယ်ရွှယ်ကျား အနေဖြင့် ယုံကြည်မှု အပြည့်အဝရှိပါ၏။
ရွှယ်သခင်ကြီးနှင့် ရွှယ်ကတော်မှာ တကယ့် အိမ်ထောင်ဖက်များ ဖြစ်ပေရာ တချိန်တည်းမှာပင် တူညီသော ဆုံးဖြတ်ချက် ချမိပေတော့၏။
51 04
ထိုကလေးက ရွှယ်သခင်ကြီး၏ သားအရင်း မဟုတ်ကြောင်း ရွှယ်ရွှယ်ကျား အခိုင်အမာ သိရှိသည်ကို မိခင်ဖြစ်သူက မသိပေ။ ထို့ကြောင့် သူမအနေဖြင့် အိမ်၏ ဦးဆောင်သူကို ဂုဏ်ဆယ်ပေးဖို့ရန်အတွက် ရွှယ်ရွှယ်ကျားကို ဆုံးမပေးဖို့ လိုလေသည်။
“ဟုတ်တာပေါ့။ သမီးက သူ့အဖေကို သတိပေးရုံပဲဟာ။ ဒါပေမဲ့ ဒီလို ကိစ္စမျိုးဆိုတာ လက်လွတ်စပယ် ပြောလို့ မသင့်တော်ဘူးလေ”
ရွှယ်ရွှယ်ကျား၏ အကြည့်များက လူကြီးသုံးယောက်၏ မျက်နှာများထံ ဝေ့ဝဲသွားလေသည်။ ထို့နောက် သူမက သရော်တော်တော် ပြုံးလိုက်ကာ
“သမီး နားလည်ပါပြီ မား”
ညစာ စားပြီးသော် ရွှယ်ရွှယ်ကျားက သူမ ဖခင်ကို တောင်းပန်ရန် ဖခင်၏ စာဖတ်သို့ သွားလိုက်၏။
“ပါး သမီးမှာ တခြား ဘာအဓိပ္ပါယ်မှ မရှိဘူးရယ်။ တခြား လူတစ်ယောက်ရဲ့ ကလေးကို မှားပြီး ပျိုးထောင်မိမှာပဲ စိုးရိမ်တာပါ။ ယောင်ကျူးက ကျမတို့ မိသားစုရဲ့ ကလေးတွေနဲ့လည်း သိပ်မတူဘူးလေ။ ပါး သေချာ စစ်ဆေးမှ ဖြစ်မယ်။ အမှန်တော့ အနာဂတ်ကျ ကျမတို့ကို ကောင်းကောင်း ထောက်ပံ့ပေးနိုင်တဲ့ သားချင်း ယောကျာ်းလေးကို သမီးလည်း လိုချင်ပါတယ်”
“ဒါပေမဲ့ သမီး အရင်က ပြောခဲ့သလိုပဲ။ သမီးတို့ မိသားစုရဲ့ သွေးသားကို အမည်းစက် မထင်စေနိုင်ဘူး မဟုတ်လား”
ရွှယ်ရွှယ်ကျားက သူမ ဖခင် တန်ဖိုး အထားဆုံး အရာကို သိရှိပေသည်။ ၎င်းက သူ၏ သွေးသားရင်းအပေါ် အလွန်အကျူး ဥပါဒါန် ထားခြင်းပေတည်း။ ထို့ကြောင့် သူမက သူမ ဖခင်ကို ထို ရှုထောင့်မှ သွေးဆောင်ခဲ့ခြင်းပင်။
သူ့သမီးတစ်ယောက်အနေဖြင့် ရွှယ်ရွှယ်ကျားက သူ့ဖခင်ကို ကောင်းကောင်း နားလည်ပေသည်။ ထိုလူ၏ စွမ်းရည်က သန်မာသော်လည်း ကိုယ်ရည်ဗီဇကမူ နိမ့်ကျလေရာ အငြိုးအာဃာတကြီးပြီး လက်သီးပုန်းထိုးရာမှာ စံပြလောက်သူ ဗီလိန်ပေတည်း။
ထိုသို့သော လှည့်ဖြားမှုမျိုးကို သူ လုံးဝ သည်းမခံမည်က အသေအချာပင်။
သူမ၏ မိထွေးက သူ့ကို တစ်ကြိမ်တစ်ခါမျှ အရူးလုပ်ခဲ့၏။ သို့သော် သူမကား နောက်ထပ် ဒုတိယအကြိမ် ဘယ်တော့မှ လှည့်စားလို့ ရတော့မည်မဟုတ်။
အခန်းထဲသို့ ပြန်ရောက်ပြီးနောက် ရွှယ်ရွှယ်ကျားက အတန်းခေါင်းဆောင်ထံ ဖုန်းခေါ်လိုက်၏။
နှစ်ယောက်သားက ကျောင်းမှာတောင်မှ သိပ်ပြီး များများစားစား ပြောဆိုဆက်ဆံဖူးတာ မဟုတ်ပေ။ ထို့ကြောင့် ရွှယ်ကျား၏ ဖုန်းခေါ်ဆိုမှုကို အတန်းခေါင်းဆောင်က အံသြသွားလေသည်။
“ဟယ်လို.. ငါ့ဆီကနေ အကူအညီ တစ်ခုခု လိုလို့လား”
သူမက လိုရင်း အချက်ကိုပဲ တန်းသွားလိုက်၏။
“ အန်ကယ်လင်းက Purple Legendရဲ့ ဟယ့်လူကြီးမင်းနဲ့ ဘယ်အချိန် ဆက်သွယ် တွေ့ဆုံ ဆွေးနွေးမလဲလို့ နင် မေးပေးနိုင်မလား”
“အော် အေးပါ”
“ဒုက္ခခံပေးလို့ ကျေးဇူးပါ”
အလုပ်များနေသည့်လေသံနှင့် ထိုဖုန်း ကျသွားသည့် အခါ အတန်းခေါင်းဆောင်မှာ သူ၏ ဖုန်းကို ဘေးသို့ ချထားလိုက်ပြီးနောက် နေရာမှာတင် ကြက်သေ သေနေခဲ့၏။
သူ့မှာ အတွေးတစ်ခုသာ ရှိနေပေသည်။ ရွှယ်ရွှယ်ကျားက အရမ်းကို ရက်စက်ပါလားနော်။
******
52 01
အပိုင်း 52
အတန်းခေါင်းဆောင်၏ ဖခင်က ဟယ့်လူကြီးမင်းနှင့် ပူးပေါင်းထားသည့် ကိစ္စ ဆုံးခန်း တိုင်သွားခဲ့သော်လည်း သူက ဟယ့်လူကြီးမင်းကို တွေ့ဆုံဖို့ စိတ်အား ထက်သန်နေပေရာ ထို သဘောတူညီမှုကို အဖတ်ဆယ်ဖို့ ကြိုစားနေတာဖြစ်ကြောင်း တွေးကြည့်ဖို့ မခဲယဥ်းပါပေ။
ထို စီးပွားရေး သဘောတူညီမှု ရှုံးနိမ့်ခြင်းက အတန်းခေါင်းဆောင် အဖေ၏ ကုမ္ပဏီကို သိသိသာသာ အကျိုး သက်ရောက်စေပါ၏။
ဟယ့်လူကြီးမင်းက ထို သဘောတူညီမှုကို ရုတ်တရက် ဖောက်ဖျက်လိုက်ရသည်က မြေခွေးကြီးရွှယ်က ပိုများသော အကျိုးအမြတ်ကို ပေးလိုက်ခြင်း သို့မဟုတ် သူ့အပေါ်မှာ သြဇာ တမျိုးမျိုး ပေးလိုက်ခြင်းကြောင့်သာ ဖြစ်ပေမည်။
၎င်းက ခန့်မှန်းဖို့တော့ မခက်ပါပေ။
အတန်းခေါင်းဆောင်၏ အဖေက အေးအေးလူလူ ရှိသော သူဌေးတစ်ယောက် ဖြစ်ကာ ပုံမှန် အလုပ်ချိန် အတိုင်းသာ အလုပ်လုပ်ဖို့ ဆန္ဒရှိသူဖြစ်ပြီး နောင်ကျမှ အိမ်ပြန်လာခြင်းမျိုးက ရှားပါးလှပေသည်။
သူက အလုပ် ပြီးပြီဆိုလျှင် ဇနီး၊ သားသမီးများနှင့်အတူ ညစာ စားလေ့ရှိ၏။
ထို့ပြင် သူ့အမေ စိတ်မပူပန် စေဖို့ရန် သူ့အဖေက အိမ်မှာ အလုပ်ကိစ္စ ဆွေးနွေးလေ့ မရှိကြောင်း အတန်းခေါင်းဆောင်က သိထားပါ၏။
သူက ညစာစားနေစဥ်မှာတော့ ထိုကိစ္စကို ပြောထုတ်မလာပဲ နောက်ကျမှ သူ့အဖေ၏ အလုပ်ခန်းထဲသို့ မယောင်မလည် သွားလိုက်လေသည်။
အတန်းခေါင်းဆောင် ထိုအခန်းထဲသို့ ဝင်သွားချိန်တွင် သူ၏ ဖခင်က ကုမ္ပဏီ၏ ဥပဒေရေးရာ ခေါင်းဆောင်နှင့် ညှိနှိုင်းဆွေးနွေးမှုကို Video Callဖြင့် ပြုလုပ်နေခဲ့ခြင်းပင်။
အတန်းခေါင်းဆောင်လည်း ဖခင်ဖြစ်သူနှင့် မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်ကာ သူတို့၏ Meeting ပြီးသည်အထိ စောင့်ဆိုင်းနေလိုက်၏။
ထို ဆွေးနွေးပွဲက တနာရီထက်မက ကြာမြင့်ခဲ့သော်ငြား အတန်းခေါင်းဆောင်ကမူ သူတို့၏ စကားဝိုင်းထံမှ မည်သည့် ပျင်းရိငြီးငွေ့ဖွယ်ရာ ငိုက်မျဥ်းစေမှုများကိုမှ ရှာမတွေ့ခဲ့ပါပေ။
အတန်းခေါင်းဆောင်၏ အဖေက Laptopကို ပိတ်လိုက်ကာ သူ့မျက်နှာထက်မှ အံမကျသော ရွှေဘောင်အနားကွပ် မျက်မှန်ကို ချွတ်လိုက်၏။
“ဘာကိစ္စ ရှိလို့ ရောက်လာတာတုန်း”
အတန်းခေါင်းဆောင်က အောက်ကျို့တတ်သော သိုးငယ်လေးနှယ် ပြုံးလိုက်၏။
“ဘဝက တိုတောင်းပြီး ခန့်မှန်းလို့ မရနိုင်ဘူးလေ။ ကျနော် အခု ပါး ကို လာစစ်ဆေးတာ..”
အတန်းခေါင်းဆောင်၏ ဖခင်… ဒီငရှုပ်ကလေးရဲ့ စကားသံတွေကတော့ သူကဖြင့် အိပ်ရာပေါ်မှာ.သေကောင်ပေါင်းလဲ ဖြစ်နေတဲ့အတိုင်းပဲ။
သို့သော် သားအဖများကြားဝယ် ထိုသို့သော စကားများများ ပြောကြသည်က ရှားပါးလှကာ ထိုစကားကို ကြားသော် နည်းနည်းတော့ ခွတီးခွကျ နိုင်သည်ဟု ခံစားလိုက်ရ၏။
အတန်းခေါင်းဆောင်၏ ဖခင်ကလည်း ခြွင်းချက် မဟုတ်ပေ။ သူ၏ စိုးရိမ်ပူပန်မှုများကို ရှားရှားပါးပါး ထုတ်ပြလာပေရာ ဤကောင်လေးကတော့ မကောင်းတာ တစ်ခုခု လုပ်တော့မည်ဟု ခံစားနေရပြီး မြွေပါ တကောင်က ကြက်ပေါက်ကလေးကို နှစ်ကူးဂါရဝ ပြုသည်နှင့်ပင် တူလှသေးတော့၏။
“ယူထုတ်လာစမ်း။ မင်း အခုဘာတွေ ကမြင်းကြောထဖို့ စီစဥ်ထားပြန်ပြီလဲ”
“ ကျနော် တကယ် ပါး ကို လာစစ်ဆေးတာပါ ဆိုမှ။ ပါး ကိစ္စကြီး တစ်ခုကို ဆုံးရှူံးထားရတယ်လို့ ကျနော် ကြားတယ်။ အဲဒါက ကုမ္ပဏီရဲ့ ပုံရိပ်ကို ထိခိုက်စေမှာ မဟုတ်ဘူးလား”
ယောကျာ်းသား အားလုံးမည်သည် သူတို့၏ ပုံရိပ်ကို ဂရုစိုက်ကြမှန်း သိနိုင်ပါ၏။ သူတို့က အပြင်မှာ မည်မျှ ခက်ခဲသော ကိစ္စများ ကြုံတွေ့လာပါစေ၊ အိမ်ကို သယ်လာပြီး ဇနီးနှင့် သားသမီးများကို ပြောပြမည် မဟုတ်ကြကာ သူတို့ကို စိုးရိမ်ပူပန်ပြီး သောက များစေမည် မဟုတ်။
အကယ်၍ အတန်းခေါင်းဆောင်သာ ရှီလီ၏ အတွင်းစိတ် အတွေးများကို မကြားနိုင်ပါလျှင် သူ့အနေဖြင့် ဤ ကိစ္စကြီး ဆုံးရှုံးမှုကို သိတောင် သိလိမ့်မည်မဟုတ်။
အတန်းခေါင်းဆောင် အဖေ၏ အမူအရာက သိပ်မကောင်းပဲ သူ ရင်ဆိုင်နေရသည့် အခက်အခဲကို သားဖြစ်သူ သိသွားခြင်းအတွက် ကသိကအောက် ဖြစ်နေရပါ၏။
“New Year နီးလာပြီ ဆိုမှတော့ အကျိုးသက်ရောက်မှု တချို့တလေလည်း ရှိတာပေါ့”
“အရမ်းကြီးလည်း မစိုးရိမ်ပါနဲ့။ ပါးက အခု ဒီမှာ ရှိနေမှတော့ ဘယ်ကိစ္စမဆို ပြန် လည်ပတ်ပြီး အသစ် ပြန်စလို့ရမဲ့ အခွင့်အရေးတွေ ရှိမှာပါ။ တကယ်လို့ လူ သွားလိုက်ပြီဆိုမှ အကုန်လုံး သွားလိုက်မှာ”
အတန်းခေါင်းဆောင်၏ ဖခင်မှာ ပထမ တပိုင်းမှာတော့ စိတ်ချလုံခြုံစေရန် နှစ်သိမ့်ပေးမှု ဟူသည်ကို ခံစားလိုက်ရပြီး သူ့ကလေးက အမှန်တကယ်ကို အရွယ်ရောက်လာပြီဖြစ်ကာ တွေးတော စဥ်းစားတတ်လာပြီဟု ခံစားရလေသည်။
သို့သော် ဒုတိယ စကားကို ကြားလိုက်ချိန်မှာတော့ သူက မြေအောက်လိုဏ်ခေါင်းထဲမှာ စမတ်ဖုန်းတလုံးတည်းနှင့် ရုန်းကန်နေရသည့် လူအိုကြီးနှယ် သူ့ဘာသာ ခံစားရတော့၏။ ဤ ငရှုပ်ကလေးကတော့ တင်ပါးကို နာနာလေးရိုက်ပြီး ကောင်းကောင်း ဆုံးမပေးဖို့ လိုနေပေပြီ။ ဘယ်လို မဟုတ်တမ်းတရားတွေနဲ့ လေကြောရှည် နေတာတုန်း။
52 02
သူက အခက်အခဲများနှင့် တွေ့ကြုံတိုင်း ထိုအရာအပေါ် အပြင်းအထန် စဥ်းစားတွေးတောတတ်သူဟု သူ့ကို သူ့သားက ထင်နေတာလား။
ထို အားပေးမှုက သူ့ကို ပုတ်ခတ် စော်ကားတာနှင့်ပင် ပိုတူနေသည်ဟု သူခံစားရလေသည်။
ထို “ပါး က ဒီမှာ ရှိနေသရွေ့” ဟူသည့် အတန်းခေါင်းဆောင်၏ ပါးစပ်ထဲမှ စကားက သူ့အဖေ နားလည် သဘောပေါက်သည့် အဓိပ္ပါယ်နှင့် ကွဲလွဲပေသည်။
ရွှယ်ရွှယ်ကျား၏ အစီအစဥ်က သူ၏ ဖခင်ရင်းကို သေခြင်းတရားဆီသို့ သူ ကိုယ်တိုင် ပို့ဆောင်ပေးမှာ ဖြစ်ကြောင်း အတန်းခေါင်းဆောင်က သိပါ၏။၎င်းက ဆိုလိုသည့် အဓိပ္ပါယ်ကတော့ “တကယ်လို့ လူသာ သွားလိုက်ရင် အကုန်လုံးလည်း သွားလိုက်ပြီ” ဟူ၍ပင်။
အတန်းခေါင်းဆောင်၏ ဖခင်က သူ့ဘေးနားမှာ ရှိနေသည့် စာအုပ်တစ်အုပ်ကို ဆွဲယူကာ သူ့သားထံ ပစ်ထည့်လိုက်၏။
“ထွက်သွား၊ ထွက်သွား။ မင်း အရမ်းအားနေရင် စာ သွားဖတ်ချေ။ ငါစာချုပ်တွေကို အကဲဖြတ်ရဦးမယ်။ ငါ့ အချိန်တွေကို လာမဖြုန်းနဲ့။”
“ပါးကို ကျနော် တစ်ခုခု အကြံပေးချင်လို့ပါ”
သူ့သား၏ လေးလေးနက်နက် အမူအရာကို ကြည့်ပြီး ပြောလိုက်၏။
“ဆက်ပြော”
“အဲဒါက ဒီလိုပါ။ ပါး အဲဒီ ဟယ့်လူကြီးမင်းဆီ သွားပြီး ပူးပေါင်း သဘောတူညီမှာကို အဖတ်ပြန်ဆယ်ဖို့ ကြိုးစားဦးမလားဆိုတာ ကျနော်သိချင်လို့ပါ”
အတန်းခေါင်းဆောင် ဖခင်၏ အမူအရာမှာ သဘာဝမကျသလို ဖြစ်သွားတော့၏။ သူ့အနေဖြင့် သူက အခြား အပြင်လူတစ်ယောက်ကို မျက်နှာလိုအားရ လုပ်ရမည့်အကြောင်း သားဖြစ်သူကိုတော့ မသိစေချင်ပေ။ ၎င်းက ဖခင် တစ်ယောက်၏ ခန့်ညားထည်ဝါသော ပုံရိပ်ကို သက်ရောက်စေသည်လေ။
“ငါလည်း ပထမတုန်းက အဲ့လို လုပ်ဖို့ စီစဥ်ထားတာပဲ”
သူအပြင်ကို ထွက်လိုက်သည်နှင့် လူရမ်းကားတစုကို ကြောက်လန့်သွားစေလောက်သည့် အရပ် ခြောက်ပေနီးပါးရှည်သူ ယောကျာ်းရင့်မာကြီးခမျာ ယခုမူ ကြည့်ရသည်မှာ တစ်စုံတစ်ရာ အမှားလုပ်ထားသည်ကို အမိခံလိုက်ရသည့် မယားငယ် တစ်ယောက်နှင့် ဆင်တူသွားလေသည်။
သူက ဆက်ပြော၏။
“မင်း တွေးတာ မှန်ပါတယ်။ သူက မယုံကြည်စရာ သစ္စာမဲ့တဲ့သူပဲ။ သူတို့နဲ့ ပူးပေါင်းတာက ကာလတိုမှာတော့ ငါတို့ကို အကျိုးအမြတ် ရရင် ရစေလိမ့်မယ်။ ဒါပေမဲ့ ရေရှည်မှာတော့ ငါတို့လုပ်ငန်းကို ထိခိုက်နစ်နာစေမှာပဲ။ ဒါကြောင့် ကောင်းကင်ဘုံက ငါတို့ကို သတိပေးလိုက်တာ နေမှာ”
“ငါ့သား ဒီတစ်ခုကိုတော့ မှတ်ထား။ ကောင်းကင်ဘုံက မပေးတဲ့ အရာကို မင်း မယူသင့်ဘူး။ ဒါမှ မဟုတ်ရင် အကျိုးဆက်တွေကတော့ ထိခိုက်စရာပဲ ဖြစ်လာမှာ။ လုပ်ရမဲ့ အချိန်အခါ မဟုတ်သေးပဲ လုပ်လိုက်မိရင် ကပ်ဆိုးတွေကိုပဲ ရင်ဆိုင်ရလိမ့်မယ်”
“ နှစ်ပေါင်းများစွာ စီးပွားရေး လုပ်လာတဲ့ ငါ့ရဲ့ အတွေ့အကြုံအရ တကယ်လို့ မင်း တစ်ခုခုလုပ်ဖို့ ကြိုးစားနေတုန်း ခလုတ်ကန်သင်းပေါင်း သောင်းခြောက်ထောင်နဲ့ ကြုံရပြီဆို အဲဒါက ကောင်းကင်ဘုံအနေနဲ့ မင်းရဲ့ လမ်းတွေကို ပိတ်ဆို့ဟန့်တားနေပြီ ဆိုတာပဲ။ ဒါကြောင့် အကဲမစမ်းတာက အကောင်းဆုံးပဲ”
အတန်းခေါင်းဆောင်ခမျာ သူ့မျက်လုံးများကို တိတ်တိတ်လေး လှိမ့်လိုက်ပါ၏။ အဖေ့ကို ဖျောင်းဖျနေတာက ကျနော်လေ။ အခုကျ အဖေက ကျနော်ကို တပြန်ကြီး သင်ခန်းစာ ပြန်ပေးနေတယ်နော်။
အတန်းခေါင်းဆောင်၏ အဖေက ထိုအပေးအယူကို ပြန်လည် အဖတ်ဆယ်ဖို့ရန် ဟယ့်လူကြီးမင်းနှင့် သွားတွေ့ဖို့ အမှန်တကယ် စဥ်းစားခဲ့ဖူးပါ၏။.သို့သော် သူ့သား၏ စကားများက သူ့ကို အတွေးများစေတော့သည်။
အမှန်တော့ သူက ထိုသို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ရန် ဆရာခင် တစ်ဦးဖြင့်လည်း ဆွေးနွေးတိုင်ပင်ခဲ့ပြီး ထိုဆရာသခင် သူ့အနေဖြင့် ဤအတိုင်းသာ အလျင်မပြတ်နေပြီး တစ်စုံတစ်ရာကို အတင်းကြီး အားစိုက်ထုတ်ခြင်း မပြုဖို့ အကြံပြုခဲ့ပေ၏။
စီးပွားရေးသမားများသည်ကား အယူ အသီးဆုံး လူများပင် ဖြစ်လေသည်။
သူက သူ့စိတ်ကို ချက်ချင်း ပြောင်းလဲ ပြင်ဆင်ကာ ဤဘေးဒုက္ခကို ကျော်လွှားဖို့ရန် အခြားနည်းလမ်း ရှာဖို့ကိုသာ ဆုံးဖြတ်လိုက်ပါ၏။
“ဒါဖြင့် ပါးက ထပ်ကြိုးစားဖို့ အစီအစဥ် မရှိတော့ဘူးပေါ့”
သူ့ဖခင်က ခေါင်းညိတ်လိုက်၏။
52 03
“ဘယ်လိုလုပ်ရမလဲ ပါး ကိုယ့်ဘာသာ စဥ်းစားပြီးပြီပေါ့။ တကယ်လို့ ပါးသာ စိတ်မပြောင်းဘူးဆို အဲဒီ သဘောတူညီမှုကို ဆွေးနွေးဖို့ ဘယ်အချိန် ဘယ်နေရာမှာ ဟယ့်လူကြီးမင်းနဲ့ တွေ့ဆုံဖို့ စီစဥ်ထားတာလဲ”
“ငါ အဲဒီ အတွေးကို လက်လျှော့လိုက်ပါပြီကွာ”
“ကျနော် သိပါတယ်။ ဒါပေမဲ့ ကျနော် မေးတာကို စဥ်းစားပြီး ပြန်ဖြေပေးပါဦး”
သူ့သား၏ အမူအရာက အလွန်ကို လေးနက်နေပေရာ အတန်းခေါင်းဆောင်၏ ဖခင်မှာ နမော်နမဲ့ မလုပ်ဝံ့ပါပေ။ သူက ပြက္ခဒိန်ကို ကြည့်ကာ နောက်လာမည့် ရက်အနည်းငယ်အတွင်းမှ သူ့ အချိန်ဇယားများကို စဥ်းစားနေ၏။ အကယ်၍များ သူက ဟယ့်လူကြီးမင်းအပေါ် လက်မလျှော့ခဲ့လျှင် သူက သူ့(ဟယ့်လူကြီးမင်း)ကို ဘယ်အချိန် သွားရှာမှာတဲ့လဲ။
နောက်ဆုံးမှာတော့ အတန်းခေါင်းဆောင်၏ ဖခင်က သူ့ ကိုယ်ပိုင် အချိန်ဇယားကို အခြေပြုကာ နေ့စွဲသုံးခုကို စာရွက်ပေါ်မှာ ချရေးလိုက်၏။
ထို့နောက် သူက စားပွဲပေါ်မှ ဖုန်းကို ကောက်ယူကာ ဖုန်းနံပတ် တစ်ခုသို့ ခေါ်လိုက်၏။ ထို့နောက် သူက တဖက်လူနှင့် အတိုချုပ် ပြောဆိုပြီးသော် ဖုန်းချလိုက်ပြီးနောက် အလယ်နေ့စွဲကို ဝိုင်းလိုက်ကာ လိပ်စာကိုပါ ထိုရက်စွဲအောက်မှာ ချရေးလိုက်၏။
“ဒီမှာ မင်းလိုချင်တဲ့ဟာ။ ဘာမဟုတ်တမ်းတရားမှ မလုပ်နဲ့နော်။ ဒီလူအိုကြီးက မင်းအတွက် ဘယ်ဟာမှ ဖုံးဖိမပေးနိုင်ဘူး”
အတန်းခေါင်းဆောင်၏ ဖခင်က သူ့သား အဘယ်ကြောင့် ဤသတင်းအချက်အလက်များ လိုချင်သည်ကို မမေးပေ။ ဘာဖြစ်ဖြစ် သူက အခု ယောကျာ်းတစ်ယောက်လို ကြီးပြင်းလာမှတော့ လျှို့ဝှက်ချက်များ ရှိတတ်သည်က သာမန်ပါပင်။
အတန်းခေါင်းဆောင်က ဝိုင်းထားသည့် နေ့စွဲနှင့် လိပ်စာကို တချက်မျှ ဝေ့ကြည့်ကာ အလွတ်ကျက်ထားလိုက်ပြီး သာမန်ကာလျှံကာ ပုံစံမျိုးဖြင့်ပင် ထိုစာရွက်ကို စက္ကူဖြတ်စက် အနီးမှာ ထားလိုက်၏။
အတန်းခေါင်းဆောင်၏ အဖေမှာတော့ မျက်ခုံးများပင့်ကာ သူ့သား၏ ဆက်တိုက် လှုပ်ရှားမှုများကို စောင့်ကြည့်နေပေသည်။
သူ့သား၏ အပြုအမူတိုင်းက ထူးဆန်းနေပြီး ဤကောင်လေး ဘာတွေလုပ်နေသည်လဲဆိုတာ သူလည်း မသိပါပေ။
အတန်းခေါင်းဆောင်ကား စာကြည့်ခန်းတံခါးဆီသို့ လျှောင်သွားပြီးမှ စားပွဲမှာ ထိုင်နေဆဲ သူ့ဖခင်ကို ပြန်လှည့်ကြည့်ကာ ပြောလိုက်၏။
“ကျနော့အမေကို သစ္စာဖောက်တာမျိုး လုံးဝ မလုပ်နဲ့နော်။ ဇနီးအပေါ် ကောင်းကောင်း ဆက်ဆံပေးတာက ကံကြမ္မာဆိုးတွေကို ကံကြမ္မာကောင်းဖြစ်အောင် ပြောင်းပေးတဲ့ သော့ကြီးပဲ။ ဒါမှ ချောချောမွေ့မွေ့ ဖြတ်ကျော်နိုင်မှာ”
သင့်ရဲ့ သစ္စာတရားက သင့်ကို ကယ်တင်ပေးလိမ့်မယ်။အကျင့်စာရိတ္တ ဖောက်ပြားပြီး လက်လွတ်စပယ် လုပ်တတ်တဲ့ လူတွေကတော့ သူတို့ဘဝကို အဖိုးအခ ပြန်ပေးရမှာပေါ့။
အတန်းခေါင်းဆောင်ထံ သူ့အဖေ ပစ်ပေါက်လိုက်သည့် စာအုပ်ကြီးက ယခုမူ တံခါးကို ပြင်းပြင်းထန်ထန် တိုက်ဆောင့်သွားလေသည်။ အဘယ့်ကြောင့်ဆိုသော် အတန်းခေါင်းဆောင်က အလျင်အမြန် ရှောင်တိမ်းလိုက်သောကြောင့်တည်း။
အတန်းခေါင်းဆောင်၏ ဖခင်ခမျာ ခိုင်ခိုင်မာမာကြီး ပိတ်ကျသွားပြီဖြစ်သည့် တံခါးကိုသာ စူးစူးစိန်းစိန်း စိုက်ကြည့်မိတော့၏။ ဒီကောင်စုတ်လေးကတော့။
သူ့ အခန်းထဲကို ပြန်ရောက်သည့်အခါ အတန်းခေါင်းဆောင်လည်း သူ့ Call Logထဲမှ သိပ်မကြာသေးခင်တုန်းက ခေါ်ထားသည့် နံပတ်ကို ခေါ်လိုက်၏။
ဖုန်းသံနှစ်ကြိမ်မျှ မြည်သွားပြီးနောက် ဖုန်းကိုင်လာလေသည်။ အတန်းခေါင်းဆောင်ခမျာ ရွှယ်ရွှယ်ကျားနှင့်အတူ အာလာပသလ္လာပ စကားများ ဖလှယ်မနေနိုင်ပေ။ ထိုအစား သူ့မှတ်ဉာဏ်ထဲမှာ အလွတ် ကျက်ထားသည့် နေရာနှင့် နေ့စွဲများကိုသာ နှုတ်တိုက် ပြောချလိုက်တော့၏။ ထိုအကြောင်းအရာကတော့ အတန်းခေါင်းဆောင်၏ ဖခင် စာရွက်ဖြူပေါ်မှာ ဝိုင်းထားသည့် အသေးစိတ် အချက်အလက်များပါပင်။
ရွှယ်ရွှယ်ကျားကမူ အတန်းခေါင်းဆောင်က ဤမျှ ထိထိရောက်ရောက် စွမ်းဆောင်နိုင်မည်ဟု မမျှော်လင့်ခဲ့ပါပေ။
“ဟုတ်ပြီ၊ ငါ မှတ်ထားလိုက်မယ်။ နင့်ကို ကျေးဇူးတင်ပါတယ်။ ငါ နင့်ကို ဒီတစ်ခု အကြွေးတင်သွားပြီ”
သူမက ပြောလိုက်၏။
“ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ ငါတို့က တစ်ခန်းတည်း သားချင်းတွေပဲဟာ။ ငါတို့တွေ တစ်ယောက်နဲ့ တစ်ယောက် ကူညီသင့်တာပေါ့”
52 04
သူက ပြန်ပြောလိုက်၏။
သူ့ရှေ့မှာ ပြန့်ကျဲနေသည့် လေ့ကျင့်ခန်း မေးခွန်းစာရွက်များကို ကြည့်ကာ အတန်းခေါင်းဆောင်၏ နှုတ်ခမ်းများက အပြုံးလေးအဖြစ်သို့ ကွေးညွတ်သွားတော့၏။ ရွှယ်ရွှယ်ကျားကို ကူညီပေးလိုခြင်းက သူ့အနေဖြင့် ရွှယ်ရွှယ်ကျားကို စာနာထောက်ထားစိတ်များ ပေါ်လာ၍ မဟုတ်သလို ကူညီပေးလိုသည့် စိတ်ဆန္ဒများကြောင့်လည်း မဟုတ်ပေ။
ရွှယ်ရွှယ်ကျား၏ ဖခင်က သူ့ဖခင်၏ စီးပွားရေးကို အလစ်သုတ်သွားပေရာ ယခု သူ့ဖခင်၏ ရန်သူတော်ကြီးကို သုတ်သင်ရှင်းလင်းရန် ကူညီဖို့ အခွင့်အရေးကိုတောင်မှ ရလိုက်သေး၏။
အဲဒါကို သူ ဘယ်လို တက်တက်ကြွကြွ မလုပ်နိုင်ဘဲ နေပါ့မလဲ။
သူက သူ့ဒဏ်ရာများအတွက် ကြင်နာမှု ပြန်ပေးတတ်သူမျိုး မဟုတ်ပေ။
သူ့ဖခင်ခမျာ မတရားသမှုကို ခံစားခဲ့ရပြီး အကယ်၍ သူကသာ ကြားဝင် ဖြေရှင်းပေးခြင်း မပြုပါလျှင် သူက သားတစ်ယောက်၏ တာဝန်ကို ကျေပွန်နိုင်မည် မဟုတ်တော့ပေ။