အခန်း (၅၇-၆၀)
Vol. 3 Ch. 57-60
57 01
အပိုင်း 57.
သူတို့အနေဖြင့် ရှီလီကို သူတို့နှင့်အတူ ခေါ်သင့်သည်လား မခေါ်သင့်သည်လား။
ထိုကိစ္စကား Hamlet ၏ “လုပ်မှာလား မလုပ်မှာလား” ဆိုသလို ဆုပ်လည်းစူး စားလည်းရူးမည့် အခြေအနေကြီး ဖြစ်ပေတော့သည်။
ရှီလီကို ခေါ်သွားတာဖြစ်စေ ထားခဲ့တာဖြစ်စေ ရွေးပိုင်ခွင့် နှစ်ခုစလုံးကတော့ ကျိုးကြောင်း သင့်လျော်ပုံ ရှိလေသည်။
ရှီလီကို ခေါ်သွားဖို့ ထောက်ခံသူက ကုယွီချင်းဖြစ်ကာ သူမ၏ သဘောထားကို ဦးဆုံး ပြသလာပေသည်။
(အမှန်တရားဆိုတာ တစ်သက်လုံး ဖုံးကွယ်ထားလို့ မရဘူးလေ။ ငါတို့တွေ့ ယောင်ကျင်းရဲ့ အိမ်ကို သွားတာနဲ့ သူ တစ်နည်းမဟုတ် တစ်နည်းနဲ့ သိသွားမှာပဲ။ ငါတို့ သူ့ကို ခေါ်မသွားပဲ သူ့ရဲ့ ထင်မြင်ချက်ကိုတောင်မှ မေးလိုက်သေးတယ်)
( ငါတို့က သူ့ကို ဝိုင်းပယ်ထားတဲ့လို့ ထင်ရင် အကောင်းဆုံးပဲ။ အဲ့လိုမဟုတ်ဘဲ သူ ငါတို့ကို သံသယ ဝင်လာရင် အတော် ဆိုးကုန်လိမ့်မယ်)
(ထွက်လာမဲ့ ရလဒ်က ဘာဖြစ်ဖြစ် ငါတို့ လိုချင်မှာမဟုတ်ဘူးလို့ ငါ ယုံတယ်)
ကောယွမ်ခမျာမှာတော့ ပညာ ရှာမှီးခြင်း သမုဒ္ဒရာထဲမှာပဲ နစ်မြုပ်နေလေရာ ရွှယ်ရွှယ်ကျား ဖခင်၏ ခွဲခွာခြင်း ပါတီကိုရော ညစာစားပွဲကိုပါ လွဲချော်ခဲ့ရ၏။
သူမ အတန်းများ ပြီးသွားပါမှ ယနေ့၏ ဖြစ်စဥ်တစ်ခုလုံးကို Group Chat မှတဆင့် ဝိုးတိုးဝါးတား ခန့်မှန်းရတော့၏။
ကုယွီချင်း၏ Message ကိုမြင်သော် ကောယွမ်က တိတ်တဆိတ် စဥ်းစား၏။ ( ဘာလို့ ရှီလီ တစ်ယောက်ပဲ သွားလို့ မရတာလို့ ပြောရတာလဲ။ ရှီလီနဲ့ ငါက တလှေတည်း စီးနေတဲ့ လူတွေ မဟုတ်လို့လား)
(ငါ့ရဲ့ အပိုချိန်တွေကြောင့် Group ထဲက လှုပ်ရှားမှုတွေကိုတောင် လွဲကုန်ပြီဟယ်။ ငါရှိနေတယ် ဆိုတာကိူ တစ်ယောက်ကမှ ဂရုမစိုက်ကြတော့ဘူးလား)
သူမက ယခု ထို လူယုတ်မာကို မေ့လျော့သွားခဲ့ပြီဖြစ်ကာ သူမ စိုးရိမ်နေသည့် တစ်ခုတည်းသော အရာက အတန်းချိန် မရှိသည့် နေ့လည်ခင်းကို ဖြစ်နိုင်လေသည်။
ကုယွီချင်း၏ အဆိုက အားလုံးထံမှ သဘောတူညီမှုကို တပြိုင်တည်း ရရှိသွားပါ၏။
ကနဦးတုန်းကတော့ သူတို့က ရှီလီ သင်္ကာမကင်းဖြစ်မည်ကို ကြောက်ရွံ့ကြကာ လိပ်ပြာမလုံစိတ်များကြောင့် သူမကို မဖိတ်ခေါ်လိုပါပေ။
လျှို့ဝှက်ချက်များစွာကို ထိန်းသိမ်းထားခြင်းက သံသယကို ပိုပို တိုးပွားစေလေရာ ကုယွီချင်း စကားက မှန်ပေသည်။
အရာရာကို ပွင့်ပွင့်လင်းလင်း ဆောင်ရွက်ပြီး သိက္ခာရှိ တည်ကြည်သယောင် ပြုမူထားပါမှ အကယ်၍ နောင်အခါ ရှီလီ သံသယ ဝင်လာလျှင်တောင်မှ တိုက်ဆိုင်မှု တစ်ခုအဖြစ် မြင်သွားမည် မဟုတ်ပါလား။
ထို့ကြောင့် နောက် ရက်အနည်းငယ် ကြာပြီးနောက် ရှီလီလည်း သွမ့်ယောင်ကျင်းတို့ အိမ်မှာ ညစာ စားဖို့ ဖိတ်ကြားချက်ကို လက်ခံ ရရှိခဲ့လေသည်။
“ငါ့ အဘိုးနဲ့ အဘွားက ခရီးထွက်သွားတယ်လေ။ အဲတော့ အိမ်မှာ ငါ တစ်ယောက်တည်းရယ်။ အဲဒါကြောင့် လူ နည်းနည်းလောက် အိမ်ကို ခေါ်ပြီး အတူတူ စားသောက်ပြီး ပျော်ပါးကြမလားလို့”
“ ဟိုတလောတုန်းက ငါ့ဦးလေး အိမ်လာလည်တုန်းက အိမ်လုပ် ဟော့ပေါ့ အနှစ် နှစ်ထုပ်တောင် ယူလာပေးထားတယ်။ တအားမွှေးကြိုင်နေရော၊ ဆောင်းရာသီမှာ အားလုံး အတူတူ ဟော့ပေါ့ စားကြတာက အရမ်းကို နွေးထွေးမယ် ထင်တယ်။ နင် လာခဲ့မလားဟင်”
ရှီလီကမူ နဂိုတည်းကပင် စုဝေးပွဲများကို နှစ်သက်လေရာ အားလုံး အတူတူ စုဝေးကြမည်ဟု ကြားရသည့်အခါ သူမလည်း တကယ်ကို ဆန္ဒရှိပေသည်။
“ဘယ်နေ့လဲဟင်။ ငါ့မှာ အချိန် မရှိမှာကိုပဲ ငါကြောက်တာ”
သို့သော် နေ့ရက်ကို ကြားရသည့်အခါ ထိုညက သွမ့်ယောင်ကျင်း၏ အိမ်မှာ တစ်စုံတစ်ရာသော ကိစ္စကြီး ဖြစ်ပေါ် ရောက်ရှိလာမည့် ညကြီး ဖြစ်နေသည် မဟုတ်ပါလား။
( ငါ သွားရမှာပေါ့။ မလွဲမသွေကို သွားရမှာ။ အဲ့ကို သွားရဖို့ ဘယ်လို အတားအဆီးပဲ လာလာ ရအောင် ကျော်လွှားရမှာပဲ)
လူတိုင်း လူတိုင်းက သွမ့်ယောင်ကျင်း၏ အိမ်မှာ ညလုံးပေါက် နေကြမည် ဖြစ်ကြောင်း သူမက မသိရှိပေ။
57 02
(အဲဒီညကျ ငါက ငါအရက်မူးတာကို လုံးဝကို မထိန်းချုပ်နိုင်ပဲ သူတို့ အိမ်မှာပဲ တစ်ညလုံး နေရမှာ)
သွမ့်ယောင်ကျင်း.. အဲဒါကြီးက အရမ်းကို စိတ်လှုပ်ရှားနေဖို့ မလိုပါဘူးဟယ်၊ ဟုတ်ပလား။
ကုယွီချင်း. သူက ငါတို့ ခန့်မှန်းတဲ့ အတိုင်း အရမ်းကို လာချင်နေတာပဲနော်။ ညလုံးပေါက် နေမဲ့ ရှီလီရဲ့ မဟာ အစီအစဥ်ကြီး အတွက်ဆိုရင် ငါတို့က အရက် နှစ်စည်လောက်ကြီး ယူလာသင့်တာ မဟုတ်ဘူးလား။ ဒါပေမဲ့ အရက်သောက်တာက ကျန်းမာရေးအတွက် မကောင်းဘူးနော်။ သူ့အရွယ်လေးနဲ့ဆို AD ကယ်လ်စီယမ် နွားနို့ သောက်တာနဲ့တောင် ထွေသွားနိုင်တယ်။
ကောယွမ် တစ်ယောက်မှ လွဲ၍ အားလုံးသော အတန်းသားတို့က သူတို့တွေ အတန်းဖော် သူငယ်ချင်းအိမ်မှာ ညစာ သွားစားကြမည်ဖြစ်ပြီး ညလုံးပေါက် နေကြမည်ဖြစ်ရာ သူတို့ကို ကြိုဖို့ ဒရိုင်ဘာ လွှတ်ပေးရန် မလိုကြောင်းနှင့် စိတ်မပူဖို့ရန်အတွက် မိသားစုများကို တရက် ကြိုတင်ကာ ပြောပြီးထားကြလေပြီ။
ကျောင်းဆင်းပြီးနောက် သူတို့ထဲမှ လေးယောက်က ကားများယူကာ သွမ့်ယောင်ကျင်း အိမ်သို့ ချီတက်ကြလေသည်။
သွမ့်ယောင်ကျင်း ခမျာမှာတော့ အစောပိုင်း ရက်အနည်းငယ် ကတည်းကပင် သူမ၏ ဘိုးဘွားများကို ခရီးထွက်ရန် ဖြောင်းဖျရသည့် ခရီးရှည်ကြီးကို ဖြတ်သန်းခဲ့ရပေသည်။
သူမက ဟော့ပေါ့ထဲ ထည့်ရမည့် လတ်လတ်ဆတ်ဆတ် အဆာပလာများကိုရော ပန်းကန်လုံး၊ အိုးနှင့် အသုံးအဆောင်များကိုလည်း ကြိုတင် ပြင်ဆင်ထားခဲ့ရပါ၏။
သွမ့်ယောင်ကျင်း.. ဟော့ပေါ့ စားမယ်ဆိုပြီး ရှီလီကို ဆင်ခြေ ပေးခဲ့မှတော့ ရွေးစရာ မရှိတော့ဘူး။ သူမတို့ အတန်းထဲမှ လူများ အားလုံး ရောက်လာကြစဥ်ကတည်းက ကျေးလက်ပုံစံ စားသောက်ပွဲမှ တူနှင့် ပန်းကန်လုံး အစုံ သုံးဆယ်ကို သူမ တွေ့ခဲ့ရပါ၏။
ဒါက အရမ်းကို ချိုမြိန်တဲ့ ဝန်ထုပ်လေးပဲနော်။
အိမ်ထဲ ဝင်လာကြပြီးနောက် ရှီလီက သူမ ကျောပိုးအိတ်ထဲမှ လေးထောင့်ဘူးလေး တစ်ဘူးကို ထုတ်ယူလာ၏။
“နောက်ဆုံးတစ်ခေါက် ငါ နင့်အိမ်ကို လာတော့မှပဲ နင်က သက်ကြီးရွယ်အို အိမ်နီးနားချင်းတွေနဲ့ ဘိုးဘွားတွေနဲ့ နေတယ်ဆိုတာ ငါ သိရတော့တယ်။ မိန်းမတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေပဲ ရှိတဲ့ အိမ်တွေက မလုံခြုံဘူးလေ။ ဒါကြောင့် ငါ စောင့်ကြည့်ကင်မရာလေး ဝယ်လာခဲ့တယ်”
ရှီလီက ဘာကြောင့် ဤ ကင်မရာလေး ဝယ်လာပေးခဲ့ကြောင်း အခြားသူများက သိရှိကြကာ သူမတစ်ယောက်တည်းကပဲ လက်ဆောင် ယူလာပြီး ကြွားဝါသည်ဟု မည်သူမျှ တွေးထင်ကြမည် မဟုတ်ပေ။
ထိုအစား ရှီလီကဖြင့် တကယ်ကို စေ့စေ့စပ်စပ် စဥ်းစားနိုင်ပေသည်ဟုသာ တွေးထင်ကြတော့၏။ ကင်မရာ တပ်ဆင်ပြီးသော် သူတို့အနေဖြင့် ဧည့်ခန်းမီးများကိုပင် ဖွင့်ထားစရာ မလိုဘဲ အိပ်ခန်းထဲကနေပဲ ထိုလူ လာရောက်မည်ကို ဟန့်တားရန် စောင့်ကြည့်နေလို့ ရပေပြီ။
လူတိုင်း.. ငါတို့လည်း လက်ဆောင် ယူလာပါတယ်နော်။ ဘေ့စ်ဘော တုတ်တွေလေ ဟီးဟီး ။
သွမ့်ယောင်ကျင်း.. အေးပါ နင်တို့ရဲ့ စူပါ ပါဝါတွေနဲ့တင် လုံလောက်နေပါပြီ။
တစ်ယောက်ယောက်က ဘေ့စ်ဘောဘက်တံ ယူမလာမိမည်ကို စိုးရိမ်ပေရာ ပိုပြီး စိတ်ချနိုင်ဖို့ ဘက်တံ ယူဆောင်လာဖို့ တာဝန် မရှိသည့် အတန်းသား တစ်ဦးကတောင်မှ ဘက်တံ တစ်ချောင်း ယူဆောင်လာပေသည်။
ရလဒ်ကတော့ သွမ့်ယောင်ကျင်းနှင့် ရှီလီမှ လွဲ၍ လူတိုင်း လူတိုင်းက ဘက်တံ တစ်ချောင်း ယူဆောင်လာလေသတည်း။
******
58 01
အပိုင်း 58.
အမှန်တကယ်လည်း ရှီလီ ထိန်လန့်သွားမည်ကို စိုးရိမ်လေရာ သူတို့ခမျာ သူတို့ယူဆောင်လာသည့် လက်ဆောင်ငယ်လေးများကို ထုတ် မပြဝံ့ကြပါပေ။
သွမ့်ယောင်ကျင်းက စားပွဲပေါ်မှာ ဟော့ပေါ့ ပြင်ဆင်နေစဥ် တစုံတစ်ယောက်ကတော့ ရှီလီ ယူဆောင်လာသည့် လက်ဆောင်လေး၏ ထောင့်နားမှာ ထိုပစ္စည်းများကို ဖွက်လိုက်ကာ လျှို့ဝှက် ကင်မရာ၏ မြင်ကွင်းမှတောင် မမြင်ရနိုင်ပေ။
သွမ့်ယောင်ကျင်းတို့အိမ်မှ ဧည့်ခန်းက ကျောင်းသားတသိုက်ကို ဆံ့သည်ဆိုရုံမျှသာ။
“နင်တို့တွေ အိမ်စာ လုပ်ချင် လုပ်ကြတော့လေ။ ငါ သောက်စရာ တချိုု့ မှာထားတယ်။ ခဏနေကျ ရောက်လာတော့မှာ”
ငရုတ်သီးတို့ အပြည့် အိုးနီကြီးကို ပလပ်ထိုးထားပြီဖြစ်ကာ လတ်ဆတ် သင်းပျံ့လှသည့် မွှေးရနံတို့က အခန်းတွင်းဝယ် ဝဲလှည့်နေပေတော့သည်။
လူတိုင်း လူတိုင်းက ပျော်ပျော်ပါးပါးကြီး ပွဲကြည်ဖို့လာကြတာ ဖြစ်ပြီး ညစာအတွက် ကုန်းဆင်းကြတာ မဟုတ်လေရာ သူတို့ အနေဖြင့် သွမ့်ယောင်ကျင်း၏ ထို ဟော့ပေါ့အိုးကြီးကို မည်သူကမျှ ဂရုစိုက် မနေကြပါပေ။
ထို့ကြောင့် ယနေ့ည၏ ညစာကိုလည်း သူတို့က မြင့်မြင့်မားမား မျှော်မှန်းမထားကြ။
အရသာကောင်းသည့် ဟော့ပေါ့၏ အဓိက သော့ချက်က ပါဝင်ပစ္စည်းများ၏ လတ်ဆတ်မှုဖြစ်ပြီး ပါဝင်ပစ္စည်းအမယ်များ မထည့်မီ အရေးအကြီးဆုံးကတော့ဟင်းရည်၏ အခြေခံ စွပ်ပြုတ်အရသာ ဖြစ်လေသည်။
အလွန် မွှေးပျံ့လှစွာသော ဟော့ပေါ့ရနံ့က သူတို့ နှာခေါင်းတဝိုက် ဝေ့ဝဲ ကျီစယ်လာသည့်အခါ ယနေ့တော့ဖြင့် သူတို့ကို သွမ့်ယောင်ကျင်းက ဤ ဟော့ပေါ့ဖြင့် ဧည့်ခံမည် ဆိုသည်ကို သိလိုက်လေသည်။
ဟော့ပေါ့ တအိုးတည်းနဲ့တင် ဒီခရီးကို လာရတာ အရမ်း တန်နေပြီနော်။
ဧည့်ခန်းအတွင်းမှ မွှေးကြိုင် သင်းပျံ့သော ရနံ့များက သူတို့ကို သွားရည် တောက်တောက်ယိုအောင် နှိုးဆွနိုင်ပေတော့သည်။
“ကောင်းကင်ဘုံအထိကို မွှေးနေတော့တာပဲနော်”
ထိုအချိန်ဝယ် လူတိုင်း၏ အတွေးထဲမှ ကျောင်းသူလေး၏အသံ ပေါ်ထွက်လာလေသည်။
“အဲဒီ နို့လက်ဖက်ရည်ကို စောင့်မနေတော့ဘူး။ အိမ်စာတွေကိုလည်း မေ့ထားလိုက်တော့မယ်။ ဒီရနံ့လေးနဲ့ဆို ငါ စာရေးဖို့တောင် အာရုံစိုက်လို့ ရမှာ မဟုတ်တော့ဘူး”
သွမ့်ယောင်ကျင်းက ချီတုံချတုံဟန်ဖြင့် မေးလိုက်၏။
“ငါတို့ အရင်ဆုံး စားနှင့်ကြမလား”
သူတို့ အားလုံးလည်း အဲဒါကိုပဲ စောင့်နေကြတာ ဥစ္စာ။ သူမ စကားဆုံးပြီး မကြာမီပင် လူတိုင်းသည်ကား ဆာလောင်နေသည့် ကျားများသဖွယ် စားပွဲထံသို့ တဟုန်ထိုး ခုန်အုပ်ကြတော့၏။
လူတိုင်း လူတိုင်းက ဆက်ဆံရေးကောင်း ရှိနေကတည်းက သူတို့ အကောင်းဆုံးသူငယ်ချင်းဘေးမှာ ထိုင်ရတာကိုတောင်မှ စိတ်အနှောင့်အယှက် မဖြစ်ကြတော့ပေ။ ဒီမှာ ရှိနေသူ အကုန်လုံးက ဘော်ဒါ အရင်းကြီးတွေပဲ ဖြစ်နေမှကို။
သူတို့က သူတို့ အနှစ်သက်ဆုံး ဟင်းအမယ် ရှိနေသည့် နေရာကို အဓိကအခြေခံကာ ထိုင်စရာ နေရာတွေကို ရွေးလိုက်ခြင်းပင်။
ရှီလီလည်း သူမ ချစ်လှစွာသော အာလူးနားမှာ ထိုင်လိုက်လေသည်။
ကုယွီချင်းက သူမ ထိုင်ခုံမှာ ထိုင်နေခဲ့ပြီးသားပင်။ သို့သော် ရှီလီဘေးမှာ နှစ်နေရာမျှ လွတ်နေသည်ကို မြင်သွားကာ သူမက ထ ရပ်လိုက်ပြီး သူမ ထိုင်ခုံကို ရှီလီဘေးသို့ ရွှေ့ရန် ကြိုးစားလိုက်၏။
58 02
သို့သော် ရွှယ်ရွှယ်ကျားက သူမကို တိုက်ကာ ရှီလီ၏ ဘက်ဘက်ထိုင်ခုံမှာ ထိုင်လိုက်၏။(ဒေါသမထွက်နဲ့။ ရှီလီရဲ့ ညာဘက်ဘေးမှာ ထိုင်လို့ရပါတယ်) ကုယွီချင်းက သူမဘာသာ နှစ်သိမ့်လိုက်၏။
သူမ ထရုံရှိသေး ရှီလီ၏ ညာဘက်နေရာသည်လည်း အလုခံလိုက်ရပြန်သည်။
စွန်းရီလင်းက တလှမ်းမျှ အလျင်ဦးကာ ထို ထိုင်ခုံနေရာသို့ ဖူဟွေ့ရှင်းကို တွန်းထုတ်လိုက်လေသည်။
စွန်းရီလင်းကား ရှီလီနှင့် ဖူဟွေ့ရှင်း၏ အကြီးစား Shipperကြီးပင်တည်း။
အဲဒီ ရွှယ်ရွှယ်ကျားက ဘယ်လောက်တောင် ကလိန်ကကျစ် ကျသလဲလို့။
စွန်းရီလင်းကရော ဘယ်လောက်တောင် စပ်စပ်စုစု စွက်ဖက်တတ်သလဲလို့။
ဖူဟွေ့ရှင်းကမူ အကုန်လုံး ထိုင်ပြီးကာမှ သူထိုင်ဖို့နေရာ ရှာရန် စဥ်းစားထားခြင်းပင်။
သို့သော် အလွန် ထူးခြားဆန်းကျယ်သော တွန်းအားတစ်ခုက သူ အရင်ဆုံး ထိုင်ချဖို့ တွန်းအားပေးလိုက်ကာ သူ ထိုင်လိုက်ပြီးကတည်းက တဖန် ပြန်ပြီး ထရပ်ဖို့ လက်သင့်မခံတော့ပေ။
သူမ၏ ရည်ရွယ်ချက် အောင်မြင်ပြီးနောက် စွန်းရီလင်းက တစုံတစ်ယောက်၏ အဆီကို ခိုးယူခဲ့သည့် ကြွက်တစ်ကောင်နှယ် တခစ်ခစ် ရယ်မောကာ သူမကိုယ်တိုင်ကမူ ရှီလီနှင့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်၏။
စွန်းရီလင်းက မှင်သေသေ မျက်နှာထားဖြင့်ပင် သူမ ဖုန်းကို ထုတ်ယူကာ Camera ကို ဖွင့်လိုက်၏။
မြို့နေလူတန်းစားတို့၏ ဘုံဒစရိုက်မှုကတော့ လူက မစားမီ ဖုန်းကို အရင်ဆုံး အစာကျွေးခြင်းပေတည်း။(ဘာစားစား အရင်ဆုံး ပုံရိုက်ပြီး Social Media ပေါ် တင်ကြတာကို ပြောတာပါ)
သူမ၏ ကင်မရာက ဟော့ပေါ့အိုးထံ ဦးတည်သည်ဟု ထင်ရသော်ငြား တကယ်တမ်းမှာတော့ သူမ အနှစ်သက်ဆုံး စုံတွဲထံ တိတ်တိတ်ကလေး လျှပ်တပြက် ရိုက်ယူလိုက်လေသည်။
တစ်နေရာတည်း ထိုင်ကာ စောင့်ကြည့်နေသူ ကုယွီချင်းက အားလုံးကို သတိပြုမိပါ၏။
ဖူဟွေ့ရှင်းခမျာ ဤနေရာကို ယူလိုက်ရသည်က ပြင်ပ တွန်းအားကြောင့်သာ ဖြစ်သော်ငြား ကုယွီချင်းကမူ သူ့ကို အမြင်မကြည် ဒေါသ ထွက်နေပေသည်။
သို့သော် အရသာ ရှိလှသော ဟော့ပေါ့အပေါ်မှာသာ အလုံးစုံ အာရုံစိုက်နေသည့် ရှီလီကမူ ထိုအရာအားလုံးကို သတိ မပြုမိပေ။
ဟော့ပေါ့ကတော့ မယုံနိုင်လောက်အောင် ရနံ့မွှေးလှကာ လုံးဝကို အရသာရှိတာပဲ။
လူတိုင်း လူတိုင်းကလည်း အစားအသောက် အပေါ်မှာသာ တောက်လျှောက် အာရုံစိုက်ထားပေရာ အခန်းတွင်းမှာလည်း အိုးအောက်ခြေမှ ဂလုပ်ဂလုပ်ဟူသည့် ပွက်ပွက်ဆူသံကိုသာ ကြားနေရပြီး မည်သူ့ထံကမှလည်း အမျှင်မပြတ် စကားပြောသံ ကျယ်ကျယ်လောင်လောင်ကို မကြားရပေ။
ထို တိတ်ဆိတ်ငြိမ်သက်နေသော လေထုကို အဆောက်အဦး အပြင်ဘက်မှ ပွက်ပွက်ညံနေသည့် ဆူညံသံများက ရုတ်ခြည်း နှောင့်ယှက် ဖျက်ဆီးလိုက်ပေတော့သည်။
အဆောက်အဦးဟောင်းကြီး၏ အသံလုံစနစ်က ညံ့ဖျင်းလှလေရာ စင်္ကြန်ဘက်မှ အမျိုးသားတစ်ဦးနှင့်အမျိုးသမီး တစ်ဦး စကားများနေသည့် ဆူဆူညံညံ အသံကို အတွင်းဘက်ကနေတောင် ဝိုးတဝါး ကြားနေနိုင်ပါ၏။
သွမ့်ယောင်ကျင်း၏ မျက်နှာထက်မှာ အတော်လေး ကသိကအောက် ဖြစ်နေသည့် ဟန်နှင့် ရှင်းပြလာလေသည်။
“ငါ့ အိမ်နီးချင်းတွေရဲ့ မိသားစု ဒရာမာတွေပေါ့ဟယ်။ အရမ်းကို ဆူတယ်နော် ဟုတ်တယ်မလား။ တကယ်လို့ ငါတို့ သီချင်းဖွင့်ပြီး Bluetooth Speakerနဲ့ ချိတ်ထားရင်တော့ ဘာမှ ကြားရတော့မှာ မဟုတ်ပါဘူး။”
သူမက နေရာမှ ထကာ အိပ်ခန်းထဲမှ Bluetooth Speaker ကို သွားယူလိုက်သည်။
ယခုလို မကြာခဏ ဖြစ်တတ်သည့် အခြေအနေမျိုးအတွက် သူမအနေဖြင့် ထိုနည်းလမ်းကိုသာ အသုံးပြုမှန်း သေချာပါသည်။
သူမ အခန်းထဲမှ Bluetooth Speakerကို ယူပြီးသည့်အခါ ချက်ချင်းနီးပါး ဆိုသလိုပင် အောင်မြင်လှသည့် အသံတစ်သံကို ကြားလိုက်ရလေသည်။
သူမ သီချင်းအချို့ ရွေးနေစဥ်မှာပင် သူမနှင့် အနီးဆုံးမှာ ရှိနေသည့်သူက သူမ လက်ကို ဆုပ်ကိုင်ထားလိုက်၏။
58 03
“လုပ်မနေပါနဲ့တော့၊ အသံက အသံပဲဟာ။ ဘာ အနိမ့်အမြင့် အတက်အကျမှ ဟုတ်မနေဘူး”
သူက ပြောလိုက်၏။
“ သူတို့ ဘာလို့ ရန်ဖြစ်နေတာလဲ အရင်ပြောပြစမ်းပါ”
သွမ့်ယောင်ကျင်း.. ငါ့အထင်တော့ နင်က အဲဒီ အနိမ့်သံ အမြင့်သံကြီးကို အရေးလုပ်မနေဘူး ဆိုတာကြီးက အလိမ်အညာပဲနော်၊ တကယ်ကျ နင်က အတင်းအဖျင်းတွေကို အရမ်း စိတ်ဝင်စားနေတာပဲဟာ။
လူတိုင်း၏ အာရုံများက ထို အမျိုးမျိုး ပြောင်းလဲနေသော အသံများထံ ဦးတည်သွားလေသည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်ဆိုပါက ဆူညံမှုကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းသည်။ အပြင်ဘက်မှ ဆူညံသံ အတွက်ကတော့ သူတို့ ရှင်းရှင်းလင်းလင်း မကြားရသော်လည်း ပြငးထန်သည့် ရန်ပွဲ ဖြစ်ကြောင်းကိုတော့ သူတို့ ကြားနေရသည့် တစွန်းတစ အသံများမှတဆင့် ခန့်မှန်းနိုင်ပေသည်။
အလွန်ကို စပ်စုလိုစိတ် ပြင်းပြနေသည့် ခန်းလုံးပြည့် မျက်လုံးများနှင့် ရင်ဆိုင်နေရသည့်အခါ သွမ့်ယောင်ကျင်းခမျာလည်း ထို ခိုက်ရန် ဖြစ်ပွားခြင်းအကြောင်းကို ရုတ်တရက် မရှင်းပြနိုင်ပေ။
ထို့ကြောင့် သူမလည်း သူမ ထိုင်ခုံမှာ ပြန်မထိုင်မီ ချောင်းကြည့်ပေါက်မှ တဆင့် ထိုလူများကို သေချာ အားစိုက်ပြီး ကြည့်လိုက်၏။
“အဲဒါက ငါတို့ အိမ်နီးချင်းရဲ့ အရင်လက်တွဲဖော်ရဲ့ သားသမီးတွေပဲ။ သူတို့က အမျိုးသမီးစွန်းကို လာကြည့်ကြတာ”
လူအုပ်ကြီး… ဝိုးးးး ဒါက အရမ်း ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေပဲနော်။
“ငါသိတာတွေက လုံးဝ မှန်နေတာမျိုးတော့ မဟုတ်ဘူး၊ ဒါပေမဲ့ အဲဒါတွေက ငါ့အဘွားက ငါ့ကို ပြောပြတာ”
“အဲဒီ အမျိုးသမီးစွန်းက အရင်တုန်းက လူအိုကြီး တစ်ယောက်ရဲ့ အိမ်က အိမ်အကူပေါ့။ အဲ့လူအိုကြီးနဲ့ သူ့ဘာသာ ဘာမှမလုပ်နိုင်တော့တဲ့ သူ့မိန်းမကို ပြုစုပေးရတာ။ သူ့မိန်းမလည်း ဆုံးသွားရော အမျိုးသမီးစွန်းက အဲ့လူအိုကြီးနဲ့ ဆက်ဆံရေးတစ်ခု ရှိလာပါလေရော”
“ သူတို့က တရားဝင် လက်မထပ်ကြပေမဲ့ အမျိုးသမီးစွန်းကတော့ အဘိုးကြီးရဲ့ ပိုက်ဆံ တော်တော်များများကို ဖြုန်းပစ်လိုက်တယ်လေ”
“သိပ်မကြာဘူး၊ အဘိုးကြီးလည်း လေငန်းဖြစ်ရော အမျိုးသမီးစွန်းက အဘိုးကြီးကို မစောင့်ရှောက်ဘဲ အဲဒီမှာ ထားပစ်ခဲ့ပြီး အိမ်ကို ပြန်လာတယ်လေ”
မျက်လုံးများပြူးကာ အလွန်အံ့သြနေသည့် သူမ အတန်းဖော်များကို မြင်သော် သွမ့်ယောင်ကျင်းက ရယ်မောလိုက်ပြီး
“သူက အဘိုးကြီးနဲ့ လက်ထပ်ထားတာမှ မဟုတ်တာ။ အဲ့တော့ အဘိုးကြီးကို ထောက်ပံ့ပြုစုပေးဖို့ တာဝန် မရှိဘူးလေဟယ်”
“ဒါပေမဲ့ အဘိုးကြီးရဲ့ သားသမီးတွေက အဲဒါကို လက်မခံကြဘူး။ သူ့အဖေရဲ့ ပိုက်ဆံတွေကို တခြားမိန်းမက သုံးဖြုန်းသွားပြီး သူတို့အတွက်ကျ လေငန်းဆွဲနေတဲ့ အဖေကို ပြုစုပေးဖို့ပဲ ကျန်ခဲ့တာကိုး”
“ သူ့သမီးတွေက တရားမမျှတဘူးလို့ ခံစားရလို့ အမျိုးသမီးစွန်းရဲ့ အိမ်ကို ခဏခဏ လာပြီး ရုတ်ရုတ် ရုတ်ရုတ် လုပ်ကြတော့တာပဲ”
“သူ့ သမီးတွေ ပြောတာကို ငါ ကြားခဲ့ရပါသေးတယ်။ ဘာတဲ့။ ငါတို့အဖေဆီကနေ ကလိန်ကျပြီး ယူသွားတဲ့ ပိုက်ဆံတွေ ပြန်ပေးမလား၊ ဒါမှမဟုတ် ငါတို့အဖေကို ပြုစုပေးမလား ဆိုလားပဲ”
ဤ လူငယ်လေး တစ်အုပ်မှာ ဘဝအတွက် အတွေ့အကြုံများစွာ မရှိလေရာ ထိုအံ့အားသင့်ဖွယ် အဖြစ်အပျက်ကြီးကြောင့် စကားတောင် မပြောနိုင်တော့ပါပေ။
သွမ့်ယောင်ကျင်းခမျာ ဤကျည်တောက်သဏ္ဍာန် အဆောက်အဦးဟောင်းမှာ ဘိုးဘွားတို့နှင့်အတူ နေထိုင်ရသည် ဖြစ်ပေရာ ထိုသို့သော အဖြစ်အပျက်မျိုးကို မကြာခဏဆိုသလို ကြုံတွေ့ရပါ၏။ သာမန်လူများအပြင် အများနှင့်မတူ တမူထူးသော လူများကိုပါ မြင်တွေ့နေကျ ဖြစ်လေရာ ထို ထူးထူးဆန်းဆန်း ဖြစ်ရပ်များကိုလည်း မကြာခဏ ကြုံတွေ့ရသည်ပင်။
ထို့နောက် သူမက နိဂုံးချုပ်ကာ ပြောလိုက်၏။
“ဒါတွေက ပုံမှန် မကျေနပ်ချက်တွေပါပဲဟာ။ ဘာမှ ရေးကြီးခွင်ကျယ် လုပ်နေဖို့ မတန်ဘူး။ နင်တို့ ဘယ်သီချင်း နားထောင်ချင်ကြလဲ”
သို့သော် သွမ့်ယောင်ကျင်း၏ အတန်းဖော်များကတော့ မည်သည့် တေးသီချင်းကိုမှ နားမထောင်လိုဘဲ အမျိုးသမီးစွန်း၏ တေးသံသာကိုသာ နားဆင်လိုကြောင်း တုံ့ပြန်လာလေ၏။
ရှီလီကမူ လုံခြုံရေး တံခါးနားသို့ တိတ်တိတ်လေး ကပ်သွားလိုက်၏။ သူမက တံခါးဆီသို့ ခြေဖျားထောက်သွားကာ အလွန်ညင်သာ တတိတ်ဆိတ်နေပြီး အရင်ဘဝက သူမ လုပ်ခဲ့သမျှနှင့် ဘာမှ မတူတော့ပဲ တံခါးကို အသာအယာပင် တွန်းဖွင့်လိုက်လေသည်။
သူမက တံခါးမှာ အဟလေးဖြစ်လာအောင် ရိုးရိုးလေး ပြုမူလိုက်ကာ အပြင်ဘက်မှ အသံများ အခန်းတွင်းသို့ ရှင်းရှင်းလင်းလင်း ပျံ့လွင့်လာခွင့် ပြုလိုက်တော့၏။ ထိုကျယ်လောင်လှသော ဆူညံသံများက အခန်းထဲမှ လူတိုင်းထံသို့ သူ့ဘာသာ သယ်ဆောင်လာပေရာ သူတို့ နားရွက်လေးများလည်း တက်ကြွမြူးထူး လာပေတော့သည်။
ရှီလီက သူမ ထိုင်ခုံမှာ လာပြန်ထိုင်လိုက်သည့်အခါ ကျေးဇူးတင် လေးစားသည့် မျက်လုံးများ အားလုံး သူမထံ ရောက်ရှိလာတော့၏။ သူမက တံခါးလေး တစ်ချပ်ကို ဖွင့်ရုံမျှသာ ဖြစ်သော်လည်း တကယ်တမ်းမှာတော့ ရှီလီက သူတို့ ဘဝများ၏ တံခါးကို ဖွင့်ပေးခဲ့ခြင်းပင်။
သွမ့်ယောင်ကျင်းကမူ သူမ မျက်လုံးများကို ခပ်ဖွဖွ ပိတ်လိုက်မိတော့ကာ သူမ အတန်းဖော်လေး၏ အမူအကျင့်ကြောင့် ဦးနှောက်ခြောက်ရပေတော့သည်။
ဟုတ်ပါပြီ၊ သူမ တွေးသလိုပင် ထိုကိစ္စက သူတို့အားလုံး မျှော်လင့်နေသော အရာပေတည်း။
သို့ဆိုမှတော့ သူမ နောက်ထပ် ဘာများ မျှော်လင့်နိုင်ပါဦးမည်နည်း။
******
59 01
အပိုင်း 59.
အန်တီစွန်းက အမှန်တကယ်ကို ရန်ဖြစ်ကောင်းသူ တစ်ယောက်ဖြစ်ကာ သူမအသံက တစ်ဖက်မှ ကောင်းကောင်းကြီး ရန်တွေ့နေသည့် ယောင်းမကြီး နှစ်ဦးထက်ပင် သာလွန်နေကြောင်း သိသာပေ၏။
ယခုလို နှစ်ယောက် တစ်ယောက်ဖြစ်နေသည့် အခြေအနေမျိုးမှာတောင် ထိုအန်တီစွန်းက အားနည်းပျော့ညံ့သည့် ပုံစံမျိုး ပြသမလာပါပေ။
အကယ်၍ အကျိုးသင့် အကြောင်းသင့်သာ ခိုက်ရန် ဖြစ်ပွားကြပါက သူမကတောင် ဆူဆဲနိုင်ပေသည်။
အန်တီစွန်း… “ နင်တို့ အဖေက ငါ့ယောကျာ်းမှ မဟုတ်တာ။ ငါတို့က တရားဝင် လက်ထပ်ထားတာလည်း မဟုတ်ဘူး။ အဲဒါကို ငါက နင်တို့အဖေကို ပြုစု လုပ်ကျွေးဖို့ မျှော်လင့်နေသေးတယ်။ နင်တို့ အကုန်လုံး နေ့ခင်းကြောင်တောင်ကြီး အိပ်မက် မက်နေတာပဲ”
အဘိုးကြီး၏ သားသမီးများ… “ငါတို့ အဖေက ရှင်နဲ့ အတူတူ နေခဲ့တာပဲလေ။ ပြီးတော့ သူ့ပိုက်ဆံတွေ အကုန်လုံးကိုလည်း ရှင့်အတွက်ပဲ သုံးခဲ့တာ။ အခု သူ နေမကောင်း ဖြစ်တော့မှ ရှင်က သူ့ကို ပစ်ထားခဲ့တယ်။ အဲဒါက စွန့်ပစ်တာပဲလေ။ အဲဒါလည်း တရားမဝင်ဘူး”
အန်တီစွန်း.. “ ဥပဒေကို နည်းနည်းလေး ပိုပြီး နားလည်ဖို့ ငါ နင်တို့ကို တောင်းဆိုပါတယ်ဟယ်။ နင်တို့အဖေက ငါနဲ့ ပတ်သက်လို့ ဘာမှ လုပ်ပေးခဲ့တာ မဟုတ်ဘူး။ နင်တို့က သူ့ရဲ့ တရားဝင် သားသမီးတွေ ဖြစ်နေပြီး သူ့ကို ငါ့ဆီ ပစ်ထည့်ချင်နေသေးတယ်။ နင်တို့လို ကျေးဇူးမသိတဲ့ သားသမီးတွေက သူ့ကို စွန့်ပစ်တာပဲ။ နင်တို့ ယုံလား မယုံလားတော့ မသိဘူး။ ငါ ရဲခေါ်မှာနော်”
အဘိုးကြီး၏ သားသမီးများ..”ငါတို့အဖေက ရှင့်အပေါ် ဘယ်လိုတောင် ဘာမှ မလုပ်ပေးခဲ့လို့လဲ။ ငါ့မိဘတွေ စုဆောင်းထားတဲ့ သန်းချီတဲ့ ပိုက်ဆံ တဝက်ကျော်လောက်ကို ရှင် ဖြုန်းပစ်ခဲ့ပြီးပြီလေ။ အခုကျတော့မှ ငါတို့ အဖေနဲ့ ဘာဆက်ဆံရေးမှ မရှိပါဘူးလို့ မရမက ပြောနေတယ်။ ဒါဖြင့်လည်း အရင်ဆုံး ငါတို့အဖေ ရှင့်အတွက် သုံးခဲ့တဲ့ ပိုက်ဆံတွေ အကုန်လုံး ပြန်ပေးလိုက်လေ”
ထိုခိုက်ရန်ဖြစ်ပွားခြင်းက ဟော့ပေါ့အိုးပေါ်မှာ ပျံဝဲနေရာ လူတိုင်းကို ပင့်သက်ရှိုက်အောင် ပြုလုပ်ထားတော့သည်။ သူတို့က ပါးစပ်ထဲမှာ ငွေဇွန်းကိုက်ကာ ကြီးပြင်းလာသူများ ဖြစ်ကြပါသော်လည်း သန်းချီသည့်ပမာဏ၏ ထက်ဝက်ကျော်ဟူသည် သာမန်လူတန်းစားတို့ အတွက်တော့ ဘဝတလျှောက်လုံး စုဆောင်းခဲ့ရတာ ဖြစ်ကြောင်း သူတို့ နားကြပါ၏။
အထူးသဖြင့် သက်ကြီးရွယ်အိုတို့ အတွက်က သန်းချီသည့်ပမာ၏ တဝက်မျှဆိုသည်က များပြားလှကာ သူတို့ခမျာ အနည်းဆုံးသော အသုံးစရိတ်ကိုပင် စုဆောင်းကာ ခြိုးခြံချွေတာခြင်းမှ ရရှိလာသော ချွေးနည်းစာများ ဖြစ်ပေသည်။
အဘိုးကြီး၏ သားသမီးများ ဒေါသထွက်သည်မှာ အံ့သြစရာ မရှိတော့ပေ။ အပြင်လူများတောင်မှ ဒေါသ ထွက်ရသေးသည်ပဲ။
သူတို့ မိခင်ခမျာ သူမ ဘဝတလျှောက်လုံး ဤအဘိုးကြီးနှင့်အတူ နာကျင်ခံစားခဲ့ရကာ အဘိုးကြီးကတော့ စုဆောင်းထားသမျှ ငွေကြေးဥစ္စာများကို သူစိမ်း မိန်းမတစ်ယောက်အတွက် ဖြုန်းတီးလိုက်လေသည်။
အန်တီစွန်းနှင့် အဘိုးကြီး၏ သားသမီးများ ရန်ပွဲက ရှေ့ဆက်နေဆဲပင်။
“နင်တို့ ငါ့ကိုပဲ အပြစ်တင်မနေကြနဲ့။ နင်တို့အဖေက အဲဒီပိုက်ဆံတွေကို ပေးတာက ငါ နာနီလုပ်ပြီး သူ့ကို ပြုစုပေးခဲ့လို့လေ။ အဲဒါ ငါ့ရဲ့ တရားဝင် ဝင်ငွေတွေဥစ္စာ။ ပြီးတော့ နင်တို့အဖေ ငါ့ကို လစာ ပေးတုန်းက သန်းချီတဲ့ ပိုက်ဆံတဝက်ကို ငါ့လစာထဲ ထည့်ပေါင်း မပေးထားတာတော့ သေချာတယ်”
သူမက အဘိုးကြီး၏ သားသမီးများကို တချက်မျှ ဝေ့ကြည့်ကာ အသံကို မြှင့်လိုက်ရင်း
“ အဲဒါက နင်တို့ထဲက တစ်ယောက်ယောက်က အဘိုးကြီးရဲ့ ပိုက်ဆံတွေကို သုံးဖြုန်းပစ်ပြီး ပြန်မပေးချင်လို့လည်း ဖြစ်နိုင်တာပဲလေ။ ဒါကြောင့်သာ ငါ့ဆီ လာပြီး အပြစ်တွေ အကုန်လုံး ငါ့ဆီ ပုံချနေတာပေါ့။ ဘာဖြစ်ဖြစ် နင်တို့အဖေက အခု စကားမှ မပြောနိုင်တော့တာ။ အကုန်လုံးက နင်တို့ ပါးစပ်ထဲမှာပဲ ဖြစ်နေတာလေ”
ပွဲကြည့်ပရိတ်သတ်တို့၏ အမြင်ဘက်ခြမ်းမှ ဆိုလျှင်တောင်မှ အန်တီစွန်း၏ ရန်တွေ့ခြင်းက ပိုပြီး ယုတ္တိရှိလှပုံ ပေါ်သည်ဟု လူတိုင်းက ခံစားရလေသည်။
59 02
အဘိုးကြီးက စကား မပြောနိုင်ဘူး ဆိုမှတော့ သူ့သားသမီးများက ဤအခွင့်အရေးကို မလွှတ်တမ်း အသုံးချကာ ရိုက်စားမလုပ်ပါဘူးဟု မည်သူက အာမ ခံနိုင်ပါတော့မည်နည်း။ သူတို့၏ စကားများကလည်း လုံးလုံးလျားလျား ဘဝင်ကျလောက်စေတာမျိုး ဟုတ်မနေပေ။
သို့သော် သူတို့က သွမ့်ယောင်ကျင်း၏ စကားကိုတော့ ယုံသင့်သည် မဟုတ်လား။ ဘာဖြစ်ဖြစ် သူမက အန်တီစွန်း၏ အိမ်နီးချင်း ဖြစ်နေမှတော့ ထို အန်တီစွန်းနှင့်လည်း အပြန်အလှန် ဆက်ဆံရေးမျိုး ရှိမည်ဖြစ်ကာ အန်တီစွန်း၏ အကျင့်ဗီဇကို သူမ ပိုလို့တောင် သတိပြုမိပေလိမ့်မည်။
အပြင်ဘက်မှ ရန်ပွဲကို နှေင့်ယှက်မိမည်ကို စိုးရိမ်နေပေရာ လူတိုင်းသည်လည်း စားသံသောက်သံမျှကိုသာ အသံပြုဝံ့ပေ၏။
သို့သော် အပြင်ဘက်မှ အသံက လူတိုင်း မမျှော်လင့်သည့် အသံမျိုးဖြင့် အဆုံးသတ်သွားလေသည်။ ထိုခိုက်ရန် ဖြစ်ပွားခြင်းသည်လည်း တဖြည်းဖြည်းချင်း ငြိမ်သက် တိတ်ဆိတ်သွားပေသည်။
ဘန်း ဟူသော အသံကြီးကို အားလုံး ကြားလိုက်ရကာ အပြင်ဘက်မှ အဘိုးကြီး၏ သားသမီး တသိုက်ကို အန်တီစွန်းက ဥပေက္ခာပြုကာ တံခါးကို သော့ခတ်လိုက်ခြင်းပင်။
အဘိုးကြီး၏ သားသမီး တဦးက ပြန်မထွက်သွားချင်သလို သူက တံခါးကို တဒုန်းဒုန်းဖြင့် ဆောင့်ထုနေခဲ့ပါ၏။
သူခိုးကာ တံခါးက ကြံ့ခိုင်လေရာ အဘိုးကြီး၏ သားသမီး တစ်ဦးမှာလည်း ထိုတံခါးကို ပြင်းပြင်းထန်ထန် ရိုက်ပုတ်နေရခြင်းကြောင့် လက်နာနေလေပြီ။ သို့သော် အန်တီစွန်းကမူ တံခါးကို ဖွင့်မပေးပေ။
များပြားလှသော ခြေသံများ လျော့နည်း ဝေးကွာသွားပြီးနောက် အပြင်ဘက်ဆီမှာတော့ တိတ်ဆိတ်ခြင်းများသာ ကျန်ရှိခဲ့လေသည်။
လူတိုင်း လူတိုင်းကလည်း တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြကာ သူတို့ မျက်လုံးများမှာလည်း မေးခွန်းတွေ တသီတတန်းကြီး ရှိနေကာ အဘိုးကြီး၏ သားသမီးများ ပြန်သွားခြင်းအတွက် အံသြနေကြလေသည်။
သို့သော် မည်သူ တဦးတစ်ယောက်ကမှ တံခါးကို သွားမစစ်ဆေးဝံ့သလို အဘိုးကြီး၏ သားသမီးများသာ ထွက်မသွားသေးပါက နောက်လာမည့် မခံမရပ်နိုင်ဖွယ် ခွတီးခွကျ အကျိုးဆက်များကို သူတို့ ကြောက်ရွံ့လေသည်။
(အဲဒီ ကင်မရာလေးကို လသာဆောင်မှာ တပ်ရမှာ မဟုတ်ဘူး။ တံခါး အပြင်မှာ တပ်ရမှာ)
(မဟုတ်ရင် အခု အပြင်မှာ ဘာတွေ ဖြစ်နေလဲဆိုတာကို ငါတို့ မြင်နေရမှာကိုဟယ်)
လူတိုင်း.. နင်က ငါတို့ စိတ်ကို ဖတ်နေသလို ပြောနေတယ် ဆိုရင်တောင်မှ နင် ယူလာတဲ့ အဲဒီ ကင်မရာလေးက လိင်စိတ်ဖောက်နေတဲ့ သောက်ရူးကို ဖမ်းဖို့ဆိုတာတော့ မမေ့နဲ့လေဟယ်။
သူတို့၏ ဇွန်းများကို နီရဲဆူပွက်နေသည့် စွပ်ပြုတ်ထဲသို့ နှစ်ထားပါသော်ငြား လူတိုင်းက တွေဝေ ငေးငိုင်နေဆဲပင်။ ထိုအချိန်မှာ ဖူဟွေ့ရှင်းက မတ်တပ် ရပ်လိုက်လေသည်။
“ ငါ အပြင်ထွက်ပြီး သောက်စရာ တချို့ ဝယ်လိုက်ဦးမယ်”
ပူစပ်သည့် အစားအသောက်များက သောက်စရာ အမြောက်အမြား လိုအပ်ပေရာ သွမ့်ယောင်ကျင်း ဝယ်ထားသည့် နို့လက်ဖက်ရည်ကို သူတို့အားလုံး သောက်ပစ်ခဲ့ပြီးလေပြီ။
ရှီလီက မူလတန်း ကျောင်းသားလေးသဖွယ် သူမ လက်များကို မြှောက်လိုက်ကာ
“ နင်တစ်ယောက်တည်း သယ်လာမယ်ဆို အရမ်း လေးနေမှာပေါ့။ ငါ နင်နဲ့အတူ အဖော်လိုက်ပေးမယ်နော်”
သူမက စကားဆုံးသည်နှင့် ဖူဟွေ့ရှင်း၏ အဖြေကိုပင် စောင့်ဆိုင်းမနေတော့ပဲ သူမ အပေါ်ထပ်အကျီကို ကောက်ယူကာ ဖူဟွေ့ရှင်းနောက် လိုက်သွားတော့၏။
( ဟီးဟီး၊ ငါကတော့ အပြင်ထွက်ပြီး ကိုယ်တွေ့ မြင်နိုင်ပြီ။ တကယ် ဉာဏ်များတဲ့ မြေခွေးလေးပါလား)
ရှီလီက သူမ၏ လျင်မြန်စွာ လှုပ်ရှားနိုင်မှုအပေါ် သူမဘာသာ အောင်မြင်ကြောင်း ဆုလဒ် ပြန်ပေးလိုက်လေသည်။ သူမက တကယ် တကယ့်ကို အရမ်း ထက်မြက်တာပါနော်။
59 03
အားလုံး၏ မျက်လုံးများက သူမထံမှာသာ ရှိနေပြီး ရှီလီကမူ အရှက်မရှိစွာဖြင့်ပင် တံခါးကို ဆွဲဖွင့်လိုက်လေသည်။
အပြင်ဘက်မှာတော့ အန်တီစွန်းအိမ် အရှေ့မှာ ဝှီးချဲနှင့်အတူ ခွေယိုင်လုနီးပါး အရိုးပေါ် အရေတင် လူအိုကြီးမှလွဲ၍ မည်သည့် သက်ကြီးရွယ်အို အဖေနှင့် သမီးမျှ ရှိမနေပါလေတော့။
၎င်းက မည်သူ တစ်ဦးတစ်ယောက်ကမျှ မမျှော်လင့်ခဲ့သော ကိစ္စပင်တည်း။
(ဘုရားရေ၊ အဘိုးကြီးရဲ့ သားသမီးတွေက သူတို့ အဖေကို အန်တီစွန်း အိမ်တံခါးဝမှာ တကယ်ကြီး လာပစ်သွားတာပဲ။ တကယ်ကို လုံးဝ ဂရုမစိုက်ကြတာပဲဟယ်)
တံခါးအပြင်ဘက်မှ အခြေအနေကို အခန်းတွင်းမှ လူတိုင်း သိရှိစေရန် အလို့ငှာ ရှီလီ၏ အချိန်ကိုက် မှတ်ချက်ပြုမှုက ပို့ဆောင်ပေးလိုက်တော့၏။
လူတိုင်း လူတိုင်းက ထိုကိစ္စကို မျက်မြင်ကိုယ်တွေ့ မကြုံလိုက်ရပါသော်လည်း သူတို့က ရှီလီ၏ မှတ်ချက်မှတဆင့် အခြေအနေ အရပ်ရပ်ကို ကောင်းစွာ နားလည် သဘောပေါက်သွားလေပြီ။
ရှီလီနှင့် ဖူဟွေ့ရှင်းတို့ တစ်ယောက်ပြီးတစ်ယောက် ပထမထပ်မှ ဆင်းလာသည့် အချိန်တွင် ကလေးများနှင့်အတူ အသက်ကြီးကြီး မိဘများကပါ လည်ကို ဆန့်ကာ အပေါ်ထပ် ဝင်ပေါက်ဆီသို့ ချောင်းမြောင်းနေသည်ကို တွေ့လိုက်ရလေသည်။
သူတို့က ရိုးရိုးရှင်းရှင်းသာ ဝတ်စားထားကာ ကြည့်လိုက်ရုံဖြင့်ပင် အလုပ်ကြမ်းလုပ်ကာ ဘဝကို ရုန်းကန်နေရသူ အခြေခံ လူတန်းစားများဖြစ်မှန်း သိသာလှပါ၏။
တက္ကသိုလ်ဝင်းက အတော် ကျယ်ဝန်းလှပေရာ လူနေရပ်ကွက်မှ ကျောင်းသားများ နေထိငြိသည့် ရပ်ကွက်ကို ရောက်ဖို့ဆိုလျှင် ဆယ့်ငါးမိနစ်ခန့်မျှ လမ်းလျှောက်ရသည်။
နွေးထွေးသည့် အိမ်ထဲမှ ထွက်လာသည်အြခါ ရှီလီ၏ ခန္ဓာကိုယ်တလျှောက်ကို အေးစိမ့်သည့် အချမ်းဓာတ်များ ထိုးဖောက် ဝင်ရောက်လာလေသည်။
သူမက ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းလိုက်၏။ သို့သော် ဤလမ်းများကို သူမက မကျွမ်းဝင်လေရာ ခြေလှမ်းတွေက အနည်းငယ်မျှ လမ်းလွဲနေခဲ့လေသည်။
သူတို့က လူးလာခေါက်တုံ့ လျှောက်ကာ သောက်စရာများ ရွေးချယ်ဖို့နှင့် ဟော့ပေါ့ထဲသို့ ထည့်စားရမည့် ပစ္စည်းအချို့ ဝယ်ဖို့ရန် စူပါမားကတ်ထဲမှာ နာရီဝက်မျှ အချိန် ဖြုန်းလိုက်မိလေသည်။
ဖူဟွေ့ရှင်းက လေးလံသည့် သောက်စရာများကို သယ်ယူလာကာ ရှီလီကမူ ဟော့ပေါ့ပစ္စည်း အချို့ကို သယ်ဆောင်လာပါ၏။
သွမ့်ယောင်ကျင်းကမူ ငယ်ငယ်ရွယ်ရွယ် ကောင်လေးများ၏ အစားကြီးမှုကို နားမလည်နိုင်ပေရာ သူမ ပထမ ဝယ်ခြမ်း ပြင်ဆင်ထားသမျှ အစားအသောက်များက စားလို့ ကုန်သွားလေပြီ။
လူတိုင်းက ဤနေရာမှာ ညစာ အလကား လာစားကြခြင်း ဖြစ်ပေရာ သူတို့အနေဖြင့် အစားအသောက်များ ထပ်တောင်းသည်က အလွန်ကို ရှက်ကိုးရှက်ကန်း ဖြစ်စရာဟု ခံစားရလေသည်။
ထို့ကြောင့် ထိုနှစ်ယောက် ထွက်သွားသည့်အခါ အတန်းခေါင်းဆောင်က ဟော့ပေါ့ထဲ ထည့်စားသည့် အမယ်များ ထပ်ဝယ်လာရန် ဖူဟွေ့ရှင်းကို တိတ်တိတ်လေး စာပို့လိုက်လေသည်။
ရှီလီနှင့် ဖူဟွေ့ရှင်းက တစ်ယောက်နှင့်တစ်ယောက် သိပ်မရင်းနှီးကြပေ။ သို့သော် ရှီလီကမူ သူမ၏ စပ်စုတတ်သည့် ဗီဇလေးကို မဖျောက်နိုင်ပေရာ သူက အိမ်ပြန်လမ်းအတွက် အခြေအနေကို ဆွေးနွေးရတော့သည်။
“ ငါတို့ ပထမလာခဲ့တဲ့ လှေကားကပဲ တက်မလား။ အဘိုးကြီး ရှိနေတဲ့ အိမ်နီးချင်းရဲ့ တံခါး ရှိတဲ့ လှေကားဘက်ကနေပဲ သွားရမလား၊ နင် ဘယ်လိုထင်လဲဟင်”
“ပြန်ရောက်ရင် ငါတို့ သိမှာပဲဟာ”
ဖူဟွေ့ရှင်းက သူ့လက်ထဲမှ သောက်စရာများကို လက်တဖက်မှ အခြားလက်တဖက်သို့ ပြောင်းလိုက်ကာ ရှီလီ လက်ထဲမှာ သယ်လာသည့် အိတ်ကို သူ့ထံပေးရန် ပြောလိုက်၏။
လေးလံသည့် အရာများအားလုံးကို သူ့တစ်ယောက်တည်းထံ ပေးထားဖို့ ရှီလီက တစ်ကိုယ်ကောင်းဆန်သူ မဟုတ်ပေ။
59 04
သူမက စိတ်ထဲကနေ ထေ့ငေါ့ကာ မှတ်ချက်ပြု၏။ ( အမှန်တော့ ဘာတွေဖြစ်ကုန်ပြီလဲဆိုတာကို ငါတို့ ပြန်ရောက်ရင် သိရမှာကို ငါသိသားပဲ။ အဲဒါကို ယုတ္တိရှိရှိ ဆွေးနွေးလိုက်တော့ နင် ဘာများ နစ်နာသွားမှာမို့လို့လဲ)
(ဖုန့်ယွင်ဟယ် ဖြစ်နေရင်တောင်မှ သူက ဇာတ်ဆောင် မဖြစ်နိုင်တာ အံသြစရာ မဟုတ်တော့ဘူး)
ရှီလီက ဖုန့်ယွင်ဟယ် အကြောင်း ပြောလာသည့်အခါ ဖူဟွေ့ရှင်း၏ နောက်ကျောမှာ တင်းတောင့်သွားတော့၏။
(တကယ်လို့ ဖုန့်ယွင်ဟယ်သာဆိုရင် “ဘာတွေ ဂရုစိုက်နေတာလဲ။ နင့်စိတ်နဲ့ နင့်အကြောင်းလေ” လို့ ပြောမှာ)
ဟုတ်ပါပြီ၊ ရှီလီလည်း ထို အငြင်းအခုံကို လက်လျှော့လိုက်လေသည်။
သွမ့်ယောင်ကျင်းတို့ တိုက်တန်းလျားအနီး ရောက်ပါမှ ဖူဟွေ့ရှင်းက စကားဆိုလာလေသည်။
“ငါကတော့ အဘိုးကြီးကို သူ့သားသမီးတွေက ပြန်ခေါ်သွားမယ်လို့ ထင်တယ်”
အပေါ်ထပ်သို့ တက်ရမည့် လှေကားခွင်ရှေ့ဝယ် ဗရုတ်သုတ်ခ ဆူညံသံများကို ကြားနေရလေရာ ရှီလီက မျက်ခုံးလေးများပင့်ကာ ဖူဟွေ့ရှင်းထံ ငဲ့စောင်းကြည့်လိုက်ပြီး သူမ မျက်လုံးလေးများကလည်း နင့်ခန့်မှန်းချက်တွေတော့ မှားပြီဟု ပြောနေသည်မှာ ရှင်းလင်းလှလေသည်။
သူတို့တွေ ဒုတိယထပ်ကို ရောက်ပါမှ ဖူဟွေ့ရှင်း၏ ခန့်မှန်းချက်က အတော်လေး မှန်ကန်ကြောင်း သဘောပေါက်ရတော့၏။
ထိုလှေကားခွင်ဝယ် အခြား ရန်ပွဲတစ်ခု ဖြစ်ပွားနေပြီး ယခုတကြိမ်တွင် အန်တီစွန်းကပါ ပါဝင်လာခဲ့သော်လည်း ထို လူအိုကြီးက တံခါးဝမှာ ရှိမနေတော့သည်ကိုတော့ ကောင်းကင်ဘုံထံ တိုင်တည်ဝံ့ပါသည်။
ယခု အန်တီစွန်းနှင့် ခိုက်ရန် ဖြစ်ပွားနေသူများမှာ မျက်နှာသစ်များ ဖြစ်ကြကာ ရှီလီ လှေကားထက်မှ ဆင်းလာစဥ် တွေ့ရသည့် မျက်နှာများ ဟုတ်မနေခဲ့ပေ။
အန်တီစွန်း၏ နေရာမှာရှိနေသည့် ပွဲကြီးက စကားလုံး တိုက်ပွဲမှသည် အော်ကြီးဟစ်ကျယ် ငြင်းခုန်နေသည့် စစ်ပွဲကြီးအဖြစ်သို့ လုံးလုံးလျားလျား အောင်မြင်စွာ ကူးပြောင်းသွားလေပြီ။
မိန်းမအိုကြီးတစ်ယောက်က လူလတ်ပိုင်း ယောကျာ်းနှစ်ယောက်နှင့် ခိုက်ရန် ဖြစ်ပွားနေပေရာ အတော်ကို စိတ်ကူးယဥ်လွန်းလှသည့် ပွဲလမ်းသဘင်ကြီးပေတည်။
(ငါတို့ ဒီကမ္ဘာကြီးကို ဘယ်လိုတောင် နောက်တစ်ခေါက် ပြန်ရောက်လာတာလဲဟယ်) သူမက တွေးမိလေသည်။
ကံကောင်းစွာဖြင့်ပင် ယခုက ဆောင်းရာသီ ဖြစ်လေရာ လူတိုင်းကလည်း အထပ်ထပ် ဝတ်စားထားသည်ကြောင့်သာ မဟုတ်လျှင် ထိုလူကြီးလူကောင်း နှစ်ယောက်ခမျာ ဘာမှ မကျန်တော့အောင် ချွတ်ချခံရပေလိမ့်မည်။
ရှီလီသည်လည်း ထိုထုံပေပေ လူနှစ်ယောက်နှင့် ရင်ဆိုင်နေရတာတောင် ကြောက်ရွံခြင်းမရှိသည့် အန်တီစွန်းကို အမှန်တကယ်ပင် အားကျ လေးစားရပေတော့သည်။
သူမ၏ အသံကြောင့် တိုက်ခန်းတွင်းမှ ကျောင်းသားများသည်လည်း ရှီလီနှင့် ဖူဟွေ့ရှင်းတို့ အနီးအနား ရောက်နေပြီ ဖြစ်ကြောင်း သိရှိလိုက်ပါ၏။
အလွန် ဉာဏ်လျင်သော လူအုပ်ကြီးက ရှီလီနှင့် ဖူဟွေ့ရှင်းကို ကြိုဆိုရန် အလို့ငှာ တိုက်တန်းလျား အပြင်သို့ အလုအယက် ပြေးထွက်လာတော့သတည်း။
အပြင်သို့ ဒုန်းစိုင်းကာ ပြေးထွက်လာကြသည့် ကျောင်းသားတသိုက်မှာ အလွန်လတ်ဆတ်လှသည့် ရန်ပွဲ သဘင်ကြီးဖြင့် ကြုံဆုံရလေသည်။
သုတ်ခြေတင်ကာ အပြင်ထွက်သွားသူ ကျောင်းသားများကမူ သူတို့၏ ရောင်းရင်းကြီးများကို ဇာတ်ကြောင်း ပြန်ပြောပြတာကို နားသောတဆင်ရဖို့ထက် ထိုရန်ပွဲကို တိုက်ရိုက်ကြည့်ရှုနိုင်ရန်သာ ထောက်ပံပေးချင်လေရာ တံခါးကို အကျယ်ကြီး ဖွင့်ထားခဲ့လေသတည်း။
59 05
ဖူဟွေ့ရှင်းက တိုက်တန်းလျားထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်ပြီး ရှီလီကမူ ဖူဟွေ့ရှင်းကို အကြိုဆို ရောက်လာသယောင်ဆောင်ကာ နှေးတိနှေးတုံ့ လုပ်နေသူ ပွဲကြိုက်ခင် ကျောင်းသားတသိုက်နှင့်အတူ မလှမ်းချင်လှမ်းချင် လှမ်းနေပေသည်။
လူတိုင်း လူတိုင်း သူတို့၏ ဝန်စည်စလှယ်များနှင့်အတူ တိုက်တန်းလျားအတွင်းသို့ ပြန်လည် ဝင်ရောက်သွားချိန်ကျမှ အန်တီစွန်းက အဘယ့်ကြောင့် ဤလူတအုပ်၏ စိတ်ဝင်စားဖွယ် ဗဟိုဆုံချက် ဖြစ်နေရသည်ကို ရှီလီ သဘောပေါက်သွားရတော့သည်။
ကွယ်လွန်လေပြီးသော အန်တီစွန်း၏အိမ်သားက အန်တီစွန်းအတွက်ဟုဆိုကာ သူ၏ သေတမ်းစာထဲဝယ် အိမ်တစ်လုံးကို တရားဝင် စာချုပ်စာတမ်းဖြင့် ထားရှိပေးခဲ့ပေသည်။
အဘိုးကြီး၏ သားဖြစ်သူက သူစိမ်းများက သူ့မိသားစု၏ ပိုင်ဆိုင်မှုများကို အမွေဆက်ခံခွင့် ပေးလိမ့်မည်ကို အလိုမရှိချေ။ အထူးသဖြင့် ထိုပေးလိုက်သည့် နေရာက အဆင့်သတ်မှတ်ချက်များ ကောင်းမွန်သည့် ဂုဏ်သတင်းကြီးမားသည့် ကျောင်းများ တည်ရှိရာ နေရာမှာ ဖြစ်နေသောအခါ ပိုလို့ပင် မရှုဆိတ်နိုင်တော့။
ထိုသို့တွေးမိတိုင်း သူ မကြာခဏဆိုသလို ငရဲကို အလည်သွားရသည်ဟု ခံစားရကာ နောက်ထပ် နှစ်ပေါင်းများစွာလည်း ထပ်ပြီး ခံစားရဦးမည်ဟု ထင်ပေသည်။
ရှီလီသည်လည်း အန်တီစွန်း၏ ဆေးရောင်စုံ ဘဝကို အံသြဘနန်း လက်ဖျားခါရပေသည်။
သွမ့်ယောင်ကျင်းခမျာ သူမဘာသာ သည်းညည်းခံကာ ကာကွယ်နေရပြီး ပြောရမည်ဆိုလျှင် သူမတို့ နေထိုင်ရာ နေရာက အတော်ကြီး ရှုတ်ချဖွယ်ရာ နေရာဖြစ်နေပြီး ပုံမှန်ဆိုလျှင်တော့ ယခုလို ပရမ်းပတာ အခြေအနေမျိုး မဖြစ်တတ်ပါပေ။
“နင်တို့တော့ ကံကောင်းတာပဲ။ ပွဲကြီးနှစ်ပွဲတောင် မိလိုက်တယ်နော်”
အမှန်တကယ်ကို သူတို့က ကံကောင်းလှပါသည်။ သူတို့က ဤညမှာ လိင်စိတ်ဖောက်နေသူ သောက်ရူးကိုတောင်မှ ဖမ်းရဦးမည်လေ။
ညစာ စားပြီးနောက် လူတိုင်း သွမ့်ယောင်ကျင်း အိမ်မှ အရှုပ်များကို ကူညီ ရှင်းလင်း သိမ်းဆည်းပေးလိုက်ကာ လေဝင်လေထွက် ကောင်းစေရန် ပြတင်းပေါက်များကို ဖွင့်လိုက်၏။
အကုန်လုံးကို သပ်သပ်ရပ်ရပ် ဖြစ်အောင် သိမ်းဆည်းပြီးကာမှ အိမ်ပြန်ဖို့ မည်သူကမှ ပြင်ဆင်မထားကြောင်း ရှီလီတစ်ယောက် သဘောပေါက်ရတော့၏။
အမှန်တော့ သူမကလည်း အိမ်မပြန်မည့်သူ တစ်ယောက်ပေတည်း။
ထို့ကြောင့် သူတို့လည်း အားလုံး အတူတကွ စုဝေးကာ အိမ်စာလုပ်ချင်လုပ် ၊ မလုပ်လျှင် ဂိမ်းဆော့ရုံသာ ရှိပေတော့၏။
သူတို့အားလုံးက ဤညချမ်းချိန်ခါကို အလေးအမြတ်ထားကာ စောင့်ဆိုင်းနေကြခြင်းပင်။
နောက်ဆုံး အရုဏ်တက်ချိန် နီးကပ်လာသည့်အခါ ထိုလိင်စိတ်ဖောက်သူ အရူးက ပေါ်ထွက်လာပေတော့သည်။
သူတို့၏ စောင့်ကြည့် ကင်မရာလေးက ထောက်လှမ်းမှု အချက်ပြ သင်္ကေတ ပေါ်ထွက်လာခဲ့ကာ လူတိုင်းလိုလို ထိုအချက်ပေးသံကို တပြိုင်နက်တည်း ရရှိလိုက်ပါ၏။
ထိုအချိန်မှာ လူတိုင်းက သူတို့၏ ကျောပိုးအိတ်ထဲမှ ဘေ့စ်ဘောဘက်တံများကို ထုတ်ယူလိုက်ချိန်တွင် ရှီလီက ဦးဆောင်မှု ရယူကာ သံဗြဲကြီးဖြင့် အော်လိုက်လေရာ ထိုလူနေရပ်ကွက် တစ်ခုလုံးကို နိုးလာစေတော့၏။
“အန်တီစွန်းရေ၊ ဒီမှာ တစ်ယောက်ယောက်က အန်တီ့ အတွင်းခံကို ခိုးနေတယ်ဗျို့”
******
60 01
အပိုင်း 60.
ရှီလီ၏ အော်သံက ကောင်းကင်ထိတိုင် ဖြောင့်ဖြောင့်တန်းတန်းကြီး ရောက်ရှိသွားပေရာ ရှီလီ အသံပါဝါ အလွန်အင်အားကောင်းကြောင်းကို ထိုပွဲကြိုက်ခင် ကျောင်းသားတသိုက်က ယခုမှပင် သဘောပေါက်ရပေတော့သည်။
သတိပေးချက် ထွက်ပေါ်လာသည်ကို လက်ခံရရှိပြီးနောက် ထိုကျောင်းသားတသိုက်လည်း သူတို့အိတ်ထဲမှ ဘေ့စ်စ်ဘောဘက်တံများကို တဟုန်ထိုး ဆွဲထုတ်ကြလေတော့သည်။
သို့သော် ရှီလီ၏ စူးစူးဝါးဝါး အော်ဟစ်သံက ထိုဘေ့စ်စ်ဘောဘက်တံ ထုတ်ယူနေသူ ကျောင်းသားများကို ကြားဝင် နှောင့်ယှက်လိုက်ပေသည်။
ထိုအခိုက်ဝယ် အခန်းတခုလုံးက မရေရာမှုများဖြင့် ပြည့်နှက်သွားခဲ့လေပြီ။
Oh! ဟုတ်သား၊ ငါတို့က ဒီဘေ့စ်ဘော ဘက်တံတွေကို အဲ့သောက်ရူးကို ရိုက်ဖို့ ယူလာတာပါနော်။
သို့သော် အန်တီစွန်းဟူသည့် အသန်မာဆုံး စစ်သည်တော်ကို ရှီလီက ဆင့်ခေါ်ပြီးဖြစ်ရာ ကြည့်ရတာ သူတို့ခမျာ လက်ချောင်းလေးမျှပင် မရန် မလိုတော့ပုံ ပေါ်လေသည်။
သူတို့က တစ်ယောက်နှင့်တစ်ယောက် ဝေ့ကြည့်မိကြကာ သူတို့အတန်းဖော်၏ မျက်လုံးများထဲဝယ် အဖြေ တစ်စုံတစ်ရာ ရှာတွေ့ကြဖို့ မျှော်လင့်မိလေသည်။
သူတို့ခမျာ ဘာဆက်လုပ်ရမည်ကို နားမလည်သေးခင် အန်တီစွန်း၏ ကြမ်းတမ်းလှသော အသံကြီးက သူမ အိမ်ထဲကနေ ထွက်ပေါ်လာတော့သည်။
“ဘယ်လို သွေးရဲတဲ့ သောက်ရူးက ငါ့အတွင်းခံကို ခိုးဝံ့တာလဲဟေ့”
တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ကြည့်လိုက်ချိန်ကျကာမှ သူတို့က တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိ သွားပေတော့၏။ ဒီဘေ့စ်ဘောဘက်တံက တကယ်ကို အသုံးမဝင်ဘူးဘဲ။
အန်တီစွန်းက အင်အားကြီးလှစွာသော စစ်သည်တော် ဖြစ်လေရာ သူတို့အနေဖြင့် ဤ ပွဲကြီးမှာ ဝင်ပါဖို့တောင် မလိုတော့ပါပေ။
အမေရိကမှ ဗိုလ်မှုးမက်အာသာပင် တခါတည်း ပြောပေလိမ့်မည်။ တကယ်လို့ အန်တီစွန်းကို တိုက်ခိုက်ဖို့ နတ်ဘုရားကသာ သူ့ကို ခိုင်းစေလျှင် သူ့အနေဖြင့် ထို နတ်ဘုရားကိုသာ ပြန်လည် တိုက်ခိုက်လိုက်မည် ဟူ၍ပင်။
အန်တီစွန်း၏ အိမ်က သွမ့်အိမ်၏လသာဆောင်နှင့် အတော်ကြီး နီးလေသည်။
အန်တီစွန်းက ထိ စူးစူးဝါးဝါး အော်ဟစ်သံကြောင့် နိုးလာခြင်းပင်။ သူမက သူမ၏ အိပ်မက်ကောင်းကို နှောင့်ယှက်သူအား ကျိန်ဆဲပစ်လိုက်ကာ ဗရုတ်သုတ်ခ အသံများကို ကြားပါမှ လုံးလုံးလျားလျား နိုးလာတာဖြစ်လေသည်။
ဟုတ်ပါပြီ၊ တစ်ယောက်ကယောက်ကတော့ သူမ အတွင်းခံကို ခိုးဝံ့သည်ပေါ့လေ။
နှစ်ပေါင်းများစွာ တိုက်ပွဲ ဆင်နွှဲလာသည့် အတွေ့အကြုံများအရ စိတ်ပိုင်းဆိုင်ရာ အမြတ်ရဖို့ရန်အတွက် တိုက်ခိုက်ခြင်း မပြုမီ အော်ဟစ်ခြင်းက အလွန် သင့်မြတ် လျော်ကန်လှပေ၏။
အဝတ်အစားတွေ ထပ်ဝတ်ဖို့တောင်မှ သူမက စိတ်အနှောင့်အယှက် ဖြစ်မနေပဲ လသာဆောင်တံခါးကို ဆွဲဖွင့်လိုက်လေတော့သည်။
ဆောင်းလေသည်ကား အမှန်တကယ်ကို အရိုးခိုက်အောင် အေးလှပေသည်။
ထိုအတွင်းခံသူခိုးအတွက် သူမ၏ မုန်းတီးမှုများက ကြီးထွားလာပေ၏။ မည်သူပဲဖြစ်ဖြစ် သူမကို မေတ္တာရှိလျှင် တိုက်ရိုက်ဝန်ခံချက် ပေးလို့ရသားကို။ ထိုလူအိုကြီးက မည်သူ ဖြစ်မည်နည်းဟု သူမက တွေးနေမိသည်။
အဲဒါက အဘိုးကြီးလီ၊ ဒါမှမဟုတ် အဘိုးကြီးကျောက်၊ မဟုတ်ရင် အဘိုးကြီးဝမ်များလား။ သူမ အပြင်ထွက်သည့် အခါတိုင်း ထိုလူအိုကြီးများက သူမကို လိုက်ကြည့်တတ်ကြောင်း သူမ သတိထားခဲ့မိပါ၏။
ယခုအခါမှာတော့ ဘေ့စ်စ်ဘောဘက်တံများက မသုံးမဝင်တော့ဘူး ဆိုသော်လည်း အဲဒါက သူတို့ကိုလို့ ဆိုလိုသည်မှ မဟုတ်ဘဲ။
60 02
ကျောင်းသားကောင်လေး တချို့က လသာဆောင်သို့ တဟုန်ထိုး ပြေးသွားကာ ရှီလီ၏ အော်သံကြောင့် လန့်ဖျပ်ပြီး အခြားလသာဆောင်သို့ ထွက်ပြေးကာ လွတ်မြောက်ရန် ကြိုးစားနေသည့် သူခိုးကို ဖမ်းလိုက်တော့သည်။
ကျောင်းသားကောင်လေးများ ကြည့်လိုက်သည့်အခါ ဘေးအိမ်မှ လသာဆောင်မှ အန်တီစွန်းကို တွေ့လိုက်ရလေသည်။
“အန်တီ၊ အန်တီ့အတွင်းခံကို ခိုးတဲ့ စိတ်မနှံ့တဲ့ကောင်ကို ကျွန်တော်တို့ ဖမ်းမိထားပြီ။ သူက အန်တီ့ရဲ့ လသာဆောင်ကနေ ထွက်ပြေးလာတာ။ ကျနော်တို့ သူ့ကို မလှုပ်နိုင်အောင် ချုပ်ထားလိုက်ပြီ”
“ ကျေးဇူးပါကွယ်”
“မလိုပါဘူးခင်ဗျ။ ကျနော်တို့က အိမ်နီးချင်းတွေပဲဟာ။ တစ်ယောက်နဲ့တစ်ယောက် ကူညီပေးရမှာပေါ့”
ဤအဆောက်အဦးက ဟောင်းနွမ်းလှပြီ ဖြစ်သလို ဒီဇိုင်းဆွဲသူကလည်း အဆောက်အဦးအတွက် လုံခြုံရေး အကာအရံများကို ထည့်သွင်း စဥ်းစားခဲ့ပုံ မပေါ်ပေ။
အန်တီစွန်းက သူမ လသာဆောင်ကနေ လွှားခနဲ ခုန်ကျော်လာလေ၏။
အန်တီစွန်း လာနေသည်ကို ကြည့်ကာ လူတိုင်းလည်း မသိမသာ လစ်ထွက်သွားတော့သည်။
သူတို့က ထိုသောက်ရူးကို ချုပ်ထားကြစဥ် သူခိုး၏ အိတ်ကပ်ထဲမှ အရောင်အသွေး စုံလှစွာသော အထည်အပိုင်းအစများ ပြုတ်ကျလာတော့၏။
ပြုတ်ကျလာသည့် ပစ္စည်းများကို ကြည့်ကာ အန်တီစွန်းတစ်ယောက် ဒေါသအမျက် ခြောင်းခြောင်းထွက်နေသည့်အခါ ကျောင်းသားကောင်လေးများမှာ ကစိကအောက် ဖြစ်စွာဖြင့်ပင် သူတို့၏ အကြည့်များကို လှီးလွှဲထားရပေတော့သည်။
အစောပိုင်း စွပ်စွဲချက်များက အခြေအမြစ် မရှိတာတော့ မဟုတ်ပေ။ ထိုသောက်ရူးကောင်က သူမ၏ အတွင်းခံများကို ခိုးယူထားပြီး ထိုအတွင်းခံများပဲမဟုတ် Bra ကိုပါ ခိုးထားသေးသည်။
ဦးလေးကြီးများက သည်းခံကောင်း သည်းခံနိုင်မည် ဖြစ်သော်ငြား အန်တီစွန်းကတော့ မဟုတ်ပေ။
အန်တီစွန်းသည်ကား ရန်ဖြစ်သည့်အခါ မိန်းမငယ်လေးများလို ကုတ်ခြစ်ခြင်း သို့မဟုတ် သူတို့၏ ဆံပင်များကို ဆောင့်ဆွဲခြင်းဟူသည့် အရာများကို မလုပ်ပေ။
နံရိုးများကို ခုတ်ပိုင်းဖို့ရန် ဓားသွေးလာသည့် နှစ်ပေါင်းသုံးဆယ်နှင့်အထက် ခွန်အားကို အသုံးပြုကာ ထိုသူခိုး၏ အားနည်းချက်နေရာကို မညှာမတာပင် ဆော်ထည့်လိုက်လေတော့သည်။
ထအားနည်းချက်ဟု ပြောရမည့်နေရာကို အန်တီစွန်းက လျင်လျင်မြန်မြန်နှင့် လုံလုံလောက်လောက်ပင် ထိုအင်္ဂါနေရာကို ဖြောင့်ဖြောင့်ကြီး သမလိုက်လေသတည်း။
အန်တီစွန်း၏ လှုပ်ရှားမှုကိုကြည့်ကာ ယောကျာ်းသားများခမျာ စိတ်အာရုံဖြင့်ပင် နာကျင်မှုကို ခံစားရလေသည်။
ပွဲကြည့်ပရိသတ်များသည်လည်း အန်တီစွန်းက ထိုမလှုပ်နိုင်အောင် အချုပ်ခံထားရသည့် သူခိုးကို မညှာမတာ တိုက်ခိုက်နေသည်အား ခက်ခက်ခဲခဲ သည်းခံနေရပေသည်။
ထိုလူက နာနာကျင်ကျင် အော်ဟစ်လိုက်ကာ ထိုအသံက ရှီလီတစ်ယောက် အန်တီစွန်းကို အော်ခေါ်တုန်းကလိုပင် ကျယ်လောင်လှလေသည်။
ဤ အဆောက်အဦး၏ တဝက်လောက်က ရှီလီ၏ အော်သံကြောင့် နိုးလာခြင်းဖြစ်ကာ နောက်တစ်ဝက်ကမူ မချိမဆန့် ဝေဒနါဖြင့် အော်ဟစ်လိုက်သံကြောင့် နိုးလာခြင်းပင်။
ယခုက ဆောင်းညလယ်ကြီး ဖြစ်ကာ ထိုသို့သော ဝမ်းနည်းကြေကွဲစွာ အော်မြည်ငိုကြွေးသံက လူ့စိတ်ကို အထူးချောက်ချားစေပေသည်။
အကယ်၍ သင်သာ ပိုပြီး ကောင်းကောင်း မတွေးတောနိုင်ပါလျှင် မြေခွေးတစ်ကောင် ရောက်ရှိလာသည်ဟုသာ ထင်ပေလိမ့်မည်။
60 03
လသာဆောင်တံခါးက အကျယ်ကြီး ပွင့်ဟနေပြီး ဆောင်းလေအေးများကလည်း အဆက်မပြတ် တိုးဝင်နေပေရာ လူတိုင်းသည်လည်း သူတို့၏ အပေါ်ထပ်အင်္ကျီများကိူ ကောက်ဝတ်ကာ ထိုမြင်ကွင်းကို စောင့်ကြည့်နေပါ၏။
ထိုသူခိုးခမျာ အန်တီစွန်းထံမှာ အဆက်မပြတ် ထုထောင်းခံနေရသည်ကို ကြည့်ကာ ရှီလီခမျာ ထိုလူကို သနားစိတ်ပင် ဝင်မိတော့ကာ အန်တီစွန်းက ဖြုံလောက်စရာပင်တည်းဟု တွေးမိလေ၏။
အန်တီစွန်းထံမှာ ထုထောင်းခံနေရသူက ယောကျာ်းတစ်ယောက်ဖြစ်သည့်အတွက် ထိုသက်လတ်ပိုင်းအရွယ် မိန်းမကြီး တစ်ဦးဖြစ်သည့် အန်တီစွန်းကို ထိုလူက ပြန်လည် တိုက်ခိုက်လို့ ရပါသည်ဟု သင်တို့ ထင်ကောင်း ထင်ပေလိမ့်မည်။
အကယ်၍ သူသာ လူ့ဘီလူးနှယ် အင်အားမျိုးသာ ထွက်ပေါ်လာလျှင် အန်တီစွန်းကို ထိန်းနိုင်ပေလိမ့်မည်။
သို့သော် အန်တီစွန်းက ဝါရင့် နပမ်းသမားကြီးပင်။ ကောင်ငယ်လေးများက ထိုလူကို သူမထံ လက်လွှဲလာကတည်းက ထိုလူ၏ အားနည်းချက်နေရာကို သူမက တိုက်ခိုက်ခဲ့ပြီးဖြစ်ကာ ထိုလူမှာ မသန်စွမ်းဖြစ်လုနီးသည်မှာ သေချာသလောက် ရှိနေပြီး ထိုမျှလောက်သော နာကျင်မှုကြောင့် သူ ပြန်လည် မတိုက်ခိုက်နိုင်ခဲ့ပေ။ ထို့နောက်မှာမှ သူမက ထိုလူကို အမှန်တကယ် ရိုက်နှက်ခဲ့ခြင်းပင်။
ထို့နောက်မှာမှ အန်တီစွန်းက သူမ၏ ကရုဏာမဲ့ခြင်းများကို ပြသလာတော့သည်။
တိုက်ခိုက်ခြင်းဟူသည် ယခုကဲ့သို့ပါပင်။ အဲဒီလို ရက်စက်မှုမျိုးကလေ ဘာဖြစ်ဖြစ် ငါ့ထက်စာရင် နင် သေတာက ပိုကောင်းတာပေါ့။
“ဒီ သောက်ရှက်မရှိတဲ့ သူခိုးကတော့ ငါ့ အတွင်းခံတွေကို ခိုးရဲတယ်ပေါ့လေ”
အန်တီစွန်းက ထိုသူခိုးကို ဘယ်ပြန် ညာပြန် လက်ဝါးမိုးများ ရွာသွန်းဖြိုးလေတော့သည်။
ထိုလူ၏ မျက်နှာမှာ အန်တီစွန်း၏ ကြီးမားလှသော လက်ဝါးကြီးများဖြင့် တဖြောင်းဖြောင်း ရိုက်နေသည့် ဒဏ်များကြောင့် ကျိန်းစပ် နာကျင်နေပြီဖြစ်သော်လည်း ထိုနာကျင်မှုက သူ့ခန္ဓာကိုယ် အောက်ပိုင်းနှင့် နှိုင်းယှဥ်လို့တောင် မရပါပေ။
ထိုလူ၏ မျက်နှာမှာ နာကျင်နေကာ သူက တွေးမိ၏။ ခင်ဗျား ဒီလို အသက်အရွယ်တောင် ရောက်နေမှကို၊ ကျုပ်က ကြံမိကြံရာ ကြံရင်တောင် ခင်ဗျားကြီးရဲ့ အတွင်းခံကို မခိုးဘူး။
သူက အန်တီစွန်း၏ လသာဆောင်ကို ဖြတ်မိကာ အဝတ်လှန်းစင်မှာ ချိတ်ထားသည့် ကြီးမားလှသည့် အနီရောင် အတွင်းခံကြီးကို မြင်ခဲ့ပါသော်လည်း နောက်ဆုံးမှာတော့ ၎င်းတို့ကို သူ မခိုးခဲ့ပါပေ။
“ဒီလို အရှက်မရှိတာမျိုးကို ဘယ်သူကများ လုပ်ရဲတာလဲလို့ ငါ အသေအချာ ကြည့်ပါဦးမယ်”
အမှန်တော့ ထိုသောက်ရူးကို အန်တီစွန်း စပြီး ရိုက်နှက်ကတည်းက ထိုသူက လူအိုကြီးလည်း မဟုတ်သလို သက်လတ်ပိုင်း လူတစ်ယောက်လည်း မဟုတ်ကြောင်း သူမ သိနှင့်ပြီးသားပင်။ သို့သော် ယခုက ငယ်ငယ်ရွယ်ရွယ် ချောတောမောတော ကောင်လေးတစ်ယောက် ဖြစ်နေသည်လေ။
အသက်အရွယ် မတူသည့် လူများမှာ အသံ အမျိုးအစားကတော့ ကွဲပြားသည် မဟုတ်လား။
ထို့ကြောင့် အန်တီစွန်းက ထိုလူ၏ ဆံပင်ကို ဆွဲကာ လသာဆောင်မှာ ရှိနေသူများ သူ့မျက်နှာကို မြင်ရစေရန် အားထုတ်လိုက်၏။ ထိုမျက်နှာပေါ်မှာတော့ သိသာတာဆိုလို့ လက်ဝါးရာကြီး နှစ်ခုသာ ရှိလေသည်။
လိင်စိတ်ဖောက်သူအရူး… လက်ဝါးရာလေးနှစ်ခု ဟုတ်စ။ မင်းတို့က လူစကားကိုတောင်မှ ပြောတတ်ရဲ့လားကွာ။
TV ထဲမှာ မြင်ရလေ့ရှိသည့် ရန်ပွဲပြီးနောက် မည်းသည်း ပြာနှမ်းနေတတ်သည့် မျက်နှာများနှင့်စာသော် ထိုလက်ဝါးရာ နှစ်ချက်က အမှန်ကြီး ဆိုးဝါးနေတာမျိုးတော့ မဟုတ်ပေ။
အရူးကောင်.. ဒါပေမဲ့ သူက ငါ့အင်္ကျီအောက်က နေရာတွေကိုပဲ အဓိကထား တိုက်ခိုက်လိုက်တာ မင်းတို့ မသိဘူးလေ။
ထို လက်ဝါးနှစ်ချက်စာမျှ ထင်နေသည့် မျက်နှာက တကယ်တမ်းကျ နုနယ်ပုံ ပေါ်လေသည်။
60 04
ရှီလီက လသာဆောင်မှာ အချုပ်ခံထားရသည့် ထိုလူကို ကြည့်လိုက်သည့်အခါ သူမ ထိုလူကို အတန်ငယ် ရင်းနှီးနေသည်ဟု ခံစားလိုက်ရ၏။
ထိုလူငယ်လေး၏ မျက်နှာကို ကြည့်လိုက်သည့်အခါ အန်တီစွန်းခမျာ သူမ၏ တည်ငြိမ်အေးဆေးမှုကိုပင် ထိန်းမထားနိုင်ပါလေတော့။
မည်သည့် အသက်အရွယ်ဖြစ်စေ၊ ယောကျာ်း မိန်းမဖြစ်စေ၊ အလှအပကို မနှစ်သက်သူ မည်သူမျှ မရှိ။
အန်တီစွန်းအနေဖြင့် ခိုးကြောင်ခိုးဝှက် လုပ်သည့် ဤ လိင်စိတ်ဖောက်သူ သူခိုးမျိုးဟူသည် မသတီစရာ မျက်ခွက်မျိုး ရှိလိမ့်မည်ဟု မှတ်ယူထားခဲ့၏။ သို့သော် မမျှော်လင့်စွာဖြင့်ပင် ဤကောင်ငယ်လေးက ရုပ်ရည် ချောမောနေပေသည်။
သို့သော် ဤကောင်ငယ်လေးက ရုပ်ရည် ချောမောသည်ကို အပထားဦး၊ အတွင်းခံတွေ ခိုးသည့် သူ၏ အကျင့်တန်မှုများကိုတော့ အန်တီစွန်းက ခွင့်မလွှတ်နိုင်ပေ။
ရပ်ကွက်ထဲမှ တိုက်ခန်းနီးနားချင်းများလည်း နိုးလာပြီဖြစ်ကာ အဝတ်အစားများကို ဝတ်ရင်း သူတို့၏ လသာဆောင်များမှာ ဘာတွေ ဖြစ်နေလဲဆိုတာ သဘောပေါက်အောင် ကြိုးစားရတော့သည်။
မိန်းမတစ်ယောက်က ခေါင်းပြူထွက်လာကာ မေးလိုက်၏။
“အန်တီ၊ ဘာတွေဖြစ်နေတာလဲဟင်”
အန်တီစွန်းက သူ၏ မဟာမိတ်ကို ရှာတွေ့သွားသည့်နှယ် စိတ်ဆိုးမာန်ဆိုးပင် ပြန်ဖြေလိုက်လေသည်။
“သောက်ရူးတကောင်က အတွင်းခံတွေ လိုက်ခိုးနေလို့ဟေ့။ နင်လည်း နင့်အင်္ကျီချိတ်စင်ကနေ Bra နဲ့ အတွင်းခံတွေ ပျောက်နေသေးလား စစ်ဆေးကြည့်တာ ပိုကောင်းမယ်”
ထိုအိမ်နီးချင်းများလည်း ချောင်းကြည့်နေရာမှ ပြန်ခွာကာ မဆိုင်းမတွပင် စစ်ဆေးကြတော့သည်။ သူတို့၏ ဘာပစ္စည်းမှ မပျောက်သည်ကို တွေ့ပါမှ သူတို့က စိတ်သက်သာရာ ရကာ အိပ်ရေးပျက်အောင် လုပ်သူကို ဒေါသထွက်မိလေသည်။
သို့သော် သူတို့သမီးများ၏ အဝတ်အစားများ ပျောက်ဆုံးနေသည်ကို တွေ့ရှိသွားသည့်အိမ်များက အလွန်ကို ဒေါသထွက်သွားပြီး သူ့တို့၏ အင်္ကျီလက်များကို လိပ်တင်ကာ ထိုသူခိုးကို အပြစ်ပေး ရိုက်နှက်ပွဲသို့ ပူးပေါင်း ပါဝင်လာကြတော့၏။
အန်တီစွန်းက အတော်ကြီး ရဲတင်းလှပေရာ ထိုသူခိုး၏ အပေါ်အင်္ကျီအိတ်ထဲမှ အထည် တပုံတခေါင်းကြီးကို ဆွဲထုတ်လိုက်လေသည်။
“အမလေး၊ ကြည့်စမ်းပါဦး၊ ဒီသောက်ကောင်ကတော့ အများကြီးကို ခိုးထားတာပဲ။ အိမ် ဘယ်လောက်များများကများ သူ့ကို ရိုက်ချင်နေမလဲဆိုတာ ဘယ်သူက သိမှာတုန်း”
ည၏ အားနည်းဖျော့တော့သော အလင်းရောင် အေက်ဝယ် အန်တီစွန်း ဘာတွေ ကိုင်ထားသည်ကို ထိုအိမ်နီးချင်းများက မမြင်နိုင်သော်လည်း ဘာတွေ ဖြစ်မည် ဆိုသည်ကိုတော့ သူတို့ ခန့်မှန်းနိုင်ပါသည်။
သူတို့၏ ဒေါသတရားများက ပိုမိုပြင်းထန်လာကာ သူတို့၏ မောဟများကို ဖြေသိမ့်နိုင်မည့် တခုတည်းသော ဆေးတစ်လက်ကတော့ ထိုအလေနတော အရူးကောင်ကို အန်တီစွန်းနှင့်အတူ နှိမ်နင်းဖို့ရန်ပင်တည်း။
ဆရာ ဆရာမများနှင့် ကျောင်းသားများ၏ လုံခြုံရေးကို စိတ်ချရစေရန် အလို့ငှာ ဤတက္ကသိုလ်ဝင်း အတွင်းဝယ် ရဲစခန်းတစ်ခုပါ ရှိလေသည်။
တက္ကသိုလ် ကျောင်းသားများဖြစ်သည့် ဤလူအုပ်က စီမံကိုင်တွယ်ဖို့ လွယ်ကူလေရာ ရဲစခန်းက ကြားဝင် ဖျန်ဖြေပေးရခြင်းဟူသည် ရှားတောင့်ရှားပါးပါပင်။
ရံဖန်ရံခါမှာတော့ အစားအသောက် ခိုးသူများ ရှိတတ်သော်ငြား ကျောင်းလုံခြုံရေးကပင် ကိုင်တွယ်ဖြေရှင်းလိုက်ကာ ရဲစခန်းကတောင် ပါဝင်ဖို့ မလိုအပ်ပါပေ။
သို့သော် ယခုလို အခါသမယမှာတော့ အနီးအနားမှာ ရဲစခန်းရှိခြင်း၏ အားသာချက်ကို လူတိုင်းက မြင်တွေ့လိုကြလေသည်။
မိနစ် အနည်းငယ်မျှ လမ်းလျှောက်ရုံဖြင့်ပင် သင်က ရဲစခန်းသို့ ရောက်နိုင်ပေ၏။
ရဲစခန်းမှ တာဝန်ကျ ရဲအုပ်က ခေါင်းညိတ်ပြလိုက်သည့်အခါ ထိုလူအုပ်ကြီးက ရဲစခန်းတွင်းသို့ ဝရုန်းသုန်းကား ဝင်ရောက်လာကြတော့၏။
ဟုတ်ပါသည်။ သူတို့ တစ်အုပ်လုံးပင် ဖြစ်လေတော့သည်။