← Chapters

အခန်း (၆၁-၆၄)

Vol. 4 Ch. 61-64

အခန်း (၆၁-၆၄)

Vol. 4 Ch. 61-64

61 01

အခန်း ၆၁: ငါညစ်ပတ်သွားပြီ

ပွဲလာကြည့်ကြသော ကျောင်းသားအုပ်စုတွင် အတွင်းခံတွေ အခိုးခံလိုက်ရသော နေထိုင်သူ များလည်းရှိ၏။

တာဝန်ကျ ရဲအရာရှိမှာ အနည်းငယ် အံ့ဩသွားရတော့၏၊ ဒီလူအားလုံး ဝမ်ဝမ်ကို စွပ်စွဲဖို့ ရောက်လာကြတာလား။ ရဲဖြစ်လာသည့် သက်တမ်း‌တစ်လျှောက်တွင် ယခုလိုမျိုးအမှုတစ်ခုတည်းကို လူတွေအများကြီး လာတိုင်ကြားတာကို မြင်ရတာ ပထမဆုံး အကြိမ်ပင်။

ယခုလိုမျိုး အကြောင်းအား သူ့စီနီယာ ပြောဖူးတာကို တစ်ခါလားပဲ ကြားဖူးတာ ဖြစ်သည်။ ကျေးလက် ရဲစခန်းမှာတုန်းက နေ့ရက်များတွင်ရွာနှစ်ရွာ ရန်ဖြစ်ပြီဆိုတာနှင့် ဖြစ်ပုံက အတော့်ကို လက်ဖျားခါလောက်သည်။ လူရာချီပြီး ထိခိုက်ဒဏ်ရာရခဲ့ကာ ဆေးရုံသို့ တစုတစည်းတည်း ခေါ်သွားရတာဖြစ်သည်။

ထိုအကြောင်းကို တွေးမိတော့၊ ယခုလက်ရှိအခြေအနေမှာ ဟိုတုန်းကလောက် မပြင်းထန်ချေ။

တစ်ချက် ကြည့်လိုက်ရုံဖြင့် လူခြောက်ဆယ်နီးပါး ရှိလေသည်။ ထို့နောက် လူတစ်ယောက်မှာ အရှေ့သို့ တွန့်ပို့ခံလာပြီး သူ၏မျက်နှာပေါ်တွင် ဒဏ်ရာဒဏ်ချက်များရှိပြီး အဝတ်များမှာလည်း ဖရိုဖရဲဖြစ်နေကာ အရိုက်ခံထားရမှန်း သိသာပေသည်။

တကယ်လည်း အစောပိုင်းတုန်းက အန်တီစွင်းသည် သူ့အား မြေကြီးပေါ်မှာ မလှုပ်နိုင်အောင်ချုပ်ထားပြီး ထုရိုက်ခဲ့သဖြင့် သူ့တစ်ကိုယ်လုံးတွင် ဒဏ်ရာတွေဖြင့် ဖုံးလွှမ်းနေကာ မျက်နှာထက်၌ ထင်ရှားသော လက်ဝါးရာနှစ်ခု ရှိလေသည်။

ရဲစခန်းသို့လာသည့် ခရီးတစ်လျှောက်တွင်သူသည် ကြမ်းတမ်းစွာ ဆက်ဆံခံခဲ့ရ၏။

ကြည့်ရသည်မှာ လူတိုင်းလိုလိုက သူ့အား ဆော်ပလော်တီးခဲ့သည့်ပုံပင်၊ သူ့ကို ရိုက်နှက်ခဲ့သူတွေ များလွန်းတာကြောင့် မရေတွက်နိုင်ခဲ့ပေ။

ဤ‌ကလေးနောက်က လူခြောက်ဆယ်ကျော်အားလုံးဟာ ကောင်းမွန်စွာ ဝတ်စားထားကြ၍ မြင်သာသော ဒဏ်ရာများလည်း မရှိသဖြင့် ဤလူငယ်မှာ သေချာပေါက် ရန်မဖြစ်ဖူးမှန်း ဝါရင့်ရဲအရာရှိ သိမြင်နိုင်ပေသည်။

သူ့အား ဘယ်သူရိုက်လိုက်လဲ ဆိုတာကတော့ ရှင်းပေသည်။ သေချာသည်မှာ ကြမ်းတိုက်တံနှင့် အရိုက်ခံထားရတာပင်။

ဒီလူငယ်လေး ဘာလုပ်ခဲ့လို့ ဒီလိုအဖမ်းခံခဲ့ရတာလဲဟု တာဝန်ကျ ရဲအရာရှိ တွေးမိလိုက်သည်။

အနှီလူတိုင်းမှာ တိုင်ကြားနေကြပြီး တစ်ဦးချင်းစီတိုင်းက နစ်နာသူပါဟူ၍ အခိုင်အမာ ပြောနေကြသည်။

ရဲအရာရှိလည်း သူတို့အားလုံးကို ရဲစခန်း၏နေရာအကျယ်ဆုံးဖြစ်သော အစည်းအဝေးခန်း ထဲသို့ ခေါ်သွားရုံမှတစ်ပါး မတတ်နိုင်တော့။

ယခုလို အခြေအနေမျိုးမှာ အများအားဖြင့်အများပြည်သူ အငြင်းပွားမှုဖြစ်၍ ရဲအရာရှိ၏စိတ်ထဲသို့ ပထမဆုံး ဝင်ရောက်လာသည့်အတွေးကတော့ ဖျန်ဖြေရန်ဖြစ်သည်။

နစ်နာသူတွေ၏ ကိုယ်စားပြုဖြစ်သူ အန်တီစွင်းမှာ သူမ၏ ဝမ်းနည်းဖွယ် ဇာတ်လမ်းအားရဲအရာရှိရှေ့တွင် ပြောပြလိုက်တော့သည်။ အစောပိုင်းတုန်းက ရက်စက်ကာ ဒေါသထွက်နေရာကနေ လက်ရှိတွင် နူးညံ့သိမ်မွေ့သော ပန်းတစ်ပွင့်ဖြစ်ရန် ခြေတစ်လှမ်းသာ လိုသည်။

“ရဲအရာရှိကြီး၊ ကျွန်မလို မုဆိုးမအနေနဲ့ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ ဘယ်လောက်ခက်ခဲမှန်း ရှင် မသိပါဘူး။ မုဆိုးမတစ်ယောက်ရဲ့ အိမ်တံခါးက ပြဿနာတွေကို ဖိတ်ခေါ်တယ်လို့ အများက ပြောကြတာကို ရှင်လည်း သိမှာပါ၊ အဲဒါကြောင့် အတင်းအဖျင်းတွေကို ကြောက်လွန်းလို့ ဘယ်ယောက်ျားသားနဲ့မှ အဆက်အသွယ် မလုပ်ခဲ့ပါဘူး”

Class 1 မှ ကျောင်းသားများ: ...

အန်တီစွင်းကိုသိသော အိမ်နီးချင်းများ: ...

မူလကတော့ အနှီကြောက်စရာကောင်းသည့် အန်တီစွင်းအပေါ် ပိုက်ဆံဖြုန်းရန်အတွက် အလုအယက် ဖြစ်နေသော အဘိုးကြီးတစ်သိုက်အား သူမ ဘယ်လိုဆွဲဆောင်ထားနိုင်လဲဆိုတာကို ကျောင်းသားတွေ အတော်လေး ပဟေဠိ ဖြစ်ကြသွားသေးသည်။

61 02

အခုတော့ သူတို့တွေ နားလည်သွားလေပြီ။

အန်တီစွင်း မြေကြီးပေါ်တွင် အမှောက်သိပ်ပြီး အချိန်နှင့်အမျှ ရိုက်နှက်ခြင်းကို ခံခဲ့‌ရသည့်နှာဘူးမှာ အံ့ဩမှုကြောင့် မျက်လုံးတောင် ကျွတ်ထွက်မတတ်ပင်။ “အန်တီ၊ ခင်ဗျား ကျွန်တော့်ကို မြေကြီးပေါ်မှာ ဖိထားခဲ့တဲ့အားက ဘာဖြစ်သွားပြီလဲ။ အခုကျ အားနည်းသလို ဟန်ဆောင်နေတယ်” ရဲအရာရှိများအနေဖြင့် ဗျစ်တောက်ဗျစ် တောက်ပြောသော အဘွားကြီးများမှ အရက်သမားတွေအဆုံး လူမျိုးစုံနှင့် ရင်ဆိုင်ဖူးတာ ကျင့်သားရနေလေပြီ။ ရဲအရာရှိကစိတ်ရှည်ရှည်ဘဲ အန်တီစွင်းအား ဆက်ပြောခိုင်းသည်။

“ကျွန်မ ထိန်းသိမ်းလာခဲ့တဲ့ ဂုဏ်သိက္ခာကို ဒီလိုနှာဘူးကြောင့် ဖျက်ဆီးခံလိုက်ရမယ်ဆိုတာ ဘယ်တုန်းကမှ မတွေးဖူးခဲ့ပါဘူးရှင်”

ရဲအရာရှိ၏ စိတ်ထဲတွင် အတွေးတစ်ခု ဖျတ်ခနဲ‌ ပေါ်လာကာ “အောင်မလေး၊ ဒီလူငယ်က အဘွားကြီးကို ကိုယ်ထိလက်ရောက် စော်ကားခဲ့တာများလား”

“သူဘယ်လောက် မလျော်ကန်လဲဆိုတာ ရှင်မသိပါဘူး၊ သူ ကျွန်မရဲ့ အတွင်းခံတွေကို ခိုးတယ်လေ”

အန်တီစွင်းက သူမအကြောင်းကိုပဲပြောပြီး သူများတွေကို ချန်လှစ်ခဲ့တော့ အိမ်နီးချင်းတွေလည်း ဝင်ရောက်ပြောဆိုလာကြသည်။

“ဒီနှာဘူးက အန်တီစွင်းဆီက အတွင်းခံတွေဘဲ ခိုးတာမဟုတ်ဘူး၊ ကျွန်မတို့ဟာတွေကိုလည်း ခိုးတယ်”

“ကျွန်မတို့အိမ်က အတွင်းခံတွေကိုလည်း‌ ခိုးသေးတယ်”

ငယ်ရွယ်သော နှာဘူးလေးမှာ မနှစ်မြို့စွာ သရော်ရင်း လှောင်ရယ်လာတော့သည်။ ရယ်နေရင်း မျက်နှာပေါ်က ဒဏ်ရာတွေကိုဆွဲလိုက်သလို ဖြစ်သွားသဖြင့် ရှုံ့မဲ့သွားရ၏။

“ကျေးဇူးပြုပြီးတော့ပါ၊ အန်တီ၊ ခင်ဗျား ဘာပေါက်ပန်းလေးဆယ်တွေ လျှောက်ပြောနေတာလဲ၊ ကျုပ်ဘယ်တုန်းက ခင်ဗျားရဲ့အတွင်းခံတွေကို ခိုးလို့တုန်း”

ရုတ်ချည်းပင် အစည်းအဝေးခန်းထဲက စားပွဲကြီးပေါ်သို့ အတွင်းခံအပုံလိုက်ကြီးကို တင်လာသည်။

ဘေးအိမ်က အန်တီမှာ တာဝန်ရှိစွာဖြင့် ထိုအိတ်ကို တောက်လျှောက်သယ်လာခဲ့တာပင်။ သူမ၏လက်တွေ ဘယ်လောက်ဘဲ အေးလွန်းလို့ ခဲနေပါစေ၊ ဆုပ်ကိုင်ထားမှုကို‌ အားမလျှော့ခဲ့ချေ။

“ရဲအရာရှိ၊ ဒါသက်သေပါဘဲ။ စောနတုန်းကမှ ဟိုနှာဘူးကိုယ်ပေါ်က တွေ့တာ။ သူ့ရဲ့လက်ဗွေရာကိုစစ်ဖို့ မှုခင်းဆေးဌာနဆီ ယူသွားလိုက်ပါ။ ကိုက်ညီလိမ့်မယ်ဆိုတာ ကျွန်မ အာမခံတယ်”

ရဲအရာရှိမှာ လက်ဖက်ရည်တစ်ငုံ သောက်ရန် ပြင်နေတုန်းမှာဘဲ ဤအမျိုးသမီး၏ ငါသိငါတတ်သော အပြုအမူကြောင့် လန့်ဖြန့်သွားရ၍ သူ၏ခွက်မှာ လေထဲ၌ ရပ်တန့်သွားသည်။

“မစ္စ၊ ခင်ဗျားက ဒါကို TVB စုံထောက်ရုပ်ရှင်ထဲကအတိုင်း သရုပ်ဆောင်နေတာပဲ” ရဲအရာရှိ ရယ်လိုက်၏။ “မှုခင်းဆေးဌာနဆီက လက်ဗွေရာ သွားယူရမယ်တဲ့လား…အရမ်းကြီး စိတ်ကူးယဉ် မဆန်စမ်းပါနဲ့ဗျာ”

သူ၏ မျက်နှာချင်းဆိုင်ရှိ ရှီလီမှာ ရဲအရာရှိအိုကြီး၏ မျက်လုံးထဲက တုန်လှုပ်နေခြင်းကို ရှင်းလင်းစွာ မြင်လိုက်သည်။

[ရဲအရာရှိကို တစ်စက္ကန့်လောက်တော့ သနားမိသလိုဘဲ]

သို့သော် ရဲအရာရှိသည် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သဖြင့် သူ၏ ပုံမှန်အမူအရာကို အလျင်အမြန် ပြန်လည်ရရှိသွား၍ လက်ဖက်ရည် ဆက်သောက်လိုက်သည်။

ဤသည်က တကယ့် ကိစ္စကြီးဆိုတာကို ရဲအရာရှိ သေချာသိပေသည်။ လူငယ်လေးမှာ လူတွေ၏ အိမ်ထဲက အတွင်းခံတွေကို ခိုးယူနေခဲ့တာပင်။

ရဲအရာရှိမှာ ကောင်လေးကို စက်ဆုပ်ရွံရှာမိသည်။ ရုပ်လေးကတော့ ဖြူဖြူစင်စင်နဲ့ ဒီလိုလုပ်ရပ်မျိုးကို လုပ်ရဲတယ်။ နေရာအနှံ့က ယောက်ျားသားတွေကို အရှက်ခွဲလိုက်တာဘဲ။

61 03

ဒီလိုလူမျိုးတွေက ယောက်ျားတိုင်းရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေတာ။

ရဲအရာရှိအိုကြီးသည် စားပွဲပေါ် ရိုက်လိုက်ပြီး ပြောလိုက်၏။ “ဒီမှာတင် ပြီးသွားပြီလို့ မင်းတွေးလိုက်တာ ပိုကောင်းမယ်။ အတွင်းခံခိုးတာက တရားမဝင်ဘူး။ မင်းအခုနေ ဝန်ခံလိုက်ရင် မင်းအသက်အရွယ်နဲ့ နောင်တရတာကို စဉ်းစားပြီးတော့ ပိုပြီးသက်ညှာပေးမယ်။ ဒါပေမဲ့ ဆက်ငြင်းနေရင်တော့ ပိုပြီးလေးနက်တယ်လို့ တွက်ရတော့မှာဘဲ”

ရဲအရာရှိ၏ မျက်နှာချင်းဆိုင်က အမျိုးသားမှာ ဆက်လက်ငြင်းဆိုနေလျှက် “ကျုပ် ဘာမှမခိုးဘူး။ ထောင်ချောက် ဆင်ခံရတာ။ ကျုပ်ကသာ သူတို့အားလုံးကို ညှင်းပန်းနှိပ်စက်မှုနဲ့ တိုင်ချင်နေတာဗျ!”

“ကျွန်မတို့အားလုံး မြင်တယ်။ အဲဒါကို ရှင့်ဆီကနေ အန်တီစွင်း ရှာတွေ့ခဲ့တာ”

“ခင်ဗျားတို့အားလုံးက အိမ်နီးချင်းတွေလေ။ အချင်းချင်း ဘက်လိုက်ကြမှာပေါ့။ ပြီးတော့ ကျုပ်ကိုလည်း ခင်ဗျားတို့အားလုံး ရိုက်နှက် ပြီးသွားကြပြီ၊ ဒါဥပဒေကို ချိုးဖောက်နေတာ နော်။ တရားရုံးကိုရောက်ရင် တရားသူကြီးက ခင်ဗျားတို့စကား နားထောင်မှာ မဟုတ်ဘူး”

ဥ‌ပဒေကို ကျွမ်းကျင်နေသည့်အလား အနှီလူ၏ စကားကြောင့် ရဲအရာရှိ၏ နှုတ်ခမ်းမှာ တွန့်သွားတော့သည်။ အကယ်၍ သူသာဥပဒေကို ကျွမ်းကျင်ပါက ယခုလို ပြစ်မှုမျိုးကို ပြုလုပ်မှာ မဟုတ်ချေ။

ရှီလီက ကျောင်းသူတစ်ယောက်လို လက်ထောင်လိုက်ပြီး “လသာဆောင်မှာ လုံခြုံရေးကင်မရာ တပ်ထားပါတယ်။ အဲ့မှာမှတ်တမ်းယူတဲ့ အင်္ဂါရပ်ပါတော့ ဖြစ်ရပ်တစ်ခုလုံးကို ဖမ်းယူထားပါတယ်။ ကျွန်မအထင် အဲဒါကို သက်သေအဖြစ် ယူလို့ရမလားလို့”

သူ၏မျက်နှာထက်က လုံးဝအပြစ်ကင်းစင်သော အကြည့်မှာ ရှီလီ၏ စကားတွေကို ကြားလိုက်တာနှင့် ရုတ်ချည်းပင် ပြောင်းလဲသွားကာ သံသယဖြစ်ချင်စဖွယ် မည်းမှောင် သွား၍ သူမ၏ဘက်ကို ဆိုးရွားစွာ လှမ်းကြည့်လာသည်။

မိန်းမလှလေးကို ခြိမ်းခြောက်ရန် သူ ကြိုးစားလိုက်၏။ ထိုအစား အကြည့်စူးစူး နှစ်ဆယ်ကျော်ကိုသာ လက်ခံလိုက်ရသည်။

အခြားသူတွေကို ကြောက်သွားအောင်ခြောက်ဖို့ မျှော်လင့်ခဲ့သော်ငြား လူတိုင်းဆီကနေ အိတ်တွေထဲက လက်နက်တွေထုတ်ပြီး သူ့အား ရိုက်နှက်လာတော့မည့်အတိုင်း ခြိမ်းခြောက်နေသော အကြည့်တွေကိုသာ ဆက်တိုက် ခံစားလိုက်ရတော့သည်။

ရှိသမျှလူတိုင်းက ပြောလိုက်ကြသည်: မင်းမှန်းတာ မှန်တယ်။ ငါတို့ရဲ့ ဘေ့စ်ဘောတုတ်တွေက မင်းကို ရိုက်ချင်လွန်းလို့ ယားနေတာကြာပြီ။

ရှီလီ ဖုန်းကို ထုတ်လိုက်ပြီး လွန်ခဲ့သည့်တစ်နာရီလောက်က မှတ်တမ်းယူထားသော ဗီဒီယိုကို ထုတ်ပြလိုက်၏။ ထို့နောက်မှာတော့ အားနွဲ့ဟန်ဆောင်နေသည့် အန်တီစွင်းက ဝူစုန့်လိုမျိုး ကြမ်းတမ်းသည့် မိန်းမသားကဲ့သို့ အနှီအမျိုးသားအား ရိုက်နှက်နေတာကို ရဲအရာရှိ မြင်တွေ့လိုက်ရသည်။

ဒါပေါ့၊ သက်သေအဖြစ် အသုံးပြု၍ရမည့်ဗီဒီယိုကိုလည်း ရဲအရာရှိ မြင်လိုက်သည်။

အနှီယောက်ျားအပေါ်ရှိ ရဲအရာရှိ၏ လေသံမှာပို၍တောင် နည်းလမ်းတကျ ဖြစ်သွားသည်။ သူသည် ဖျန်ဖြေရန် မကြိုးစား‌တော့ဘဲ၊ ထိုသူ့ကို တရားခံတစ်ဦးအဖြစ် စတင်ဆက်ဆံ တော့၏။

ရဲအရာရှိမှာ စားပွဲကိုခေါက်ရင်း တောင်းဆိုလိုက်၏။ “မင်းရဲ့ ID ပေးပါ”

“ကျွန်တော် မယူလာမိဘူး”

၎င်းက ပုံမှန်ပင်။ ဘယ်သူက ညဘက်ခိုးနေတုန်း ID ဆောင်ထားမှာလဲ။

ရဲအရာရှိအတွက်တော့ ID မရှိလည်း သူ့အား မတားဆီးနိုင်ပေ။ “မင်းနာမည်နဲ့ ID နံပါတ်”

"လုကျန်းချွမ်"

ထိုနာမည်ကိုကြားတော့ ရှီလီ ခေါင်းကုတ်ကာ[ဒီနာမည်ကို ရင်းနှီးနေသလိုပဲ]

လူတိုင်း: မဖြစ်နိုင်တာ၊ ဒီထူးဆန်းတဲ့ နာမည်ကတောင် နင်နဲ့ ရင်းနှီးနေသေးတယ်လား။ သူ့ကို ငါတို့နဲ့ ဘာမှမဆိုင်ပါစေနဲ့လို့ဘဲ မျှော်လင့်ကြရအောင်၊ ကျေးဇူးပြုပြီး။

【ဪ ဟုတ်သားဘဲ၊ အဲဒါကြောင့် သူ့ရုပ်ကို ရင်းနှီးနေပါတယ်လို့】

【နှစ်အနည်းငယ်အတွင်း ရက်ပ်ပြိုင်ပွဲမှာ ပထမရမဲ့သူဘဲ၊ နောက်ပိုင်းကျ စွန်းရီလင်းရဲ့ မိသားစု ကုမ္ပဏီနဲ့ စာချုပ်ချုပ်တော့မှာ】

မျက်နှာပေါ် လက်ဖြင့်အုပ်ထားသော စွန်းရီလင်း မှာ: ငါစွန်းထင်းသလို ခံစားလိုက်ရပြီ။

******

62 01

အခန်း ၆၂: ငတ်မွတ်နေသော မိခင်မေတ္တာ

စွန်းရီလင်း၏ အဖေက နိုင်ငံတွင်းတွင် ဖျော်ဖြေရေးကုမ္ပဏီကို ပထမဆုံး ဖွင့်လှစ်ခဲ့သူများထဲမှ တစ်ဦးဖြစ်ကာ စွန်းမိသားစုက အနုပညာ အသိုင်းအဝိုင်းထဲ၌ အတော်လေးကို ဩဇာလွှမ်းမိုးနိုင်သည်။

နိုင်ငံတကာမှ ကြယ်ပွင့်များ၊ ရုပ်ရှင်ဧကရာဇ်များနှင့် ဘုရင်မများမှာ စွန်းမိသားစု ကုမ္ပဏီ၏လက်အောက်၌ အလုပ်လုပ်ဖူးကြသည်။ နောက်ပိုင်း စတူဒီယို တည်ထောင်ကြသူများတောင် စွန်းမိသားစုမှ ရှယ်ယာ ကိုင်ထားလေသည်။ စွန်းမိသားစုမှ လူအချို့သည်လည်းသူတို့ဘာသာ စတူဒီယိုများ တည်ထောင်ခဲ့ကြသည်။

သူမ၏ မိသားစုနောက်ခံကြောင့် စွန်းရီလင်းမှာ ရှိုးပွဲတွေတွင် အတွဲတွေကို ship ပေးရတာအား အလွန်အမင်းကို နှစ်သက်ပေသည်။

“လူဆိုတာ ရုတ်တရက်ကြီး မဆိုးသွမ်းလာကြဘူး”

“အချို့ဖန်တွေက ဒီလူ့ကို ဖျော်ဖြေရေးနယ်ပယ်ထဲက ဆိုးဆေးကြီးတွေကြောင့် လွှမ်းမိုးခံရတာဆိုပြီး ကာကွယ်ပေးကြသေးတယ်”

“ဖျော်ဖြေရေးနယ်ပယ်က ‌ဆိုးဆေးကြီးဆိုပေမဲ့၊ နင့်ရဲ့အစ်ကိုကို အမည်းကနေ သက်တံ့အမည်းရောင် ပြောင်းသွားအောင်ဘဲ လုပ်နိုင်တာပါ”

လုကျန်းချွမ်ဆိုတဲ့ ဒီလူမှာ နောက်ပိုင်းတွင်ပွဲဦးထွက်တော့ hip-hop နာမည်အသစ်ကို မည့်ခဲ့သည်။

သို့သော် သူသည် သက်ငယ်မဒိမ်းမှုအတွက် ဖမ်းဆီးခံရတော့၊ ရဲတွေက အပြာနှင့် အဖြူရောင် နောက်ခံတွင် သူ၏ နာမည်အရင်းကို ကြေညာခဲ့ကြ၏။

ရလဒ်ကတော့ သူ၏ စင်နာမည်ကိုဘဲ သိကြသော ဖန်တွေနှင့် ပြည်သူလူထုမှာ ကြေညာမှုကြောင့် သူ၏နာမည်အရင်းကို ရှာဖွေကြသဖြင့် ထိုနာမည်အရင်းမှာ ထိပ်ဆုံးရှာဖွေမှုစာရင်းထဲတွင် ‌ထပ်ခါတလဲလဲ ထိပ်သီးဖြစ်ခဲ့သည်။

#လုကျန်းချွမ်အဖမ်းခံရ#

#လုကျန်းချွမ်#

#လုကျန်းချွမ်ကဘယ်သူလဲ#

လူတိုင်းက ရုပ်ချင်းဆင်နေသဖြင့် မှတ်မိရန်ခက်သောကြောင့် ဖျော်ဖြေရေး အသိုင်းအဝိုင်းအား သိပ်ပြီးအာရုံမစိုက်သော ရှီလီမှာ လဆာဆောင်ပေါ်တွင် ထိုကောင်လေး၏ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသော်လည်းဘာကိုမှ မခံစားမိခဲ့တာပင်။

လုကျန်းချွမ်ဆိုသည့် နာမည်ကိုတော့ ဘယ်လိုဘဲဖြစ်ဖြစ် ရှီလီ ရင်းနှီးပေသည်။

လုကျန်းချွမ်၏ နာမည်နှင့် ID ကိုကြားတော့ ရဲအရာရှိမှာ မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ၊ “မင်း အသက်မပြည့်သေးဘူးလား”

အသက်မပြည့်သေးသူတွေ၏ အသက်မှာအထူးသဖြင့် ရဲတွေအတွက် အထိမခံတဲ့အရာဖြစ်ပြီး ID ပေါ်က မွေးသက္ကရာဇ်ကလည်း မှန်ကန်ကြောင်း ညွှန်ပြနေသည်။

လုကျန်းချွမ်က ရဲအရာရှိအား အပြစ်ကင်းစင်သလို ပြုံးပြလိုက်ပြီး “ဟုတ်ပါတယ်၊ ကျွန်တော် အသက်ဆယ့်ရှစ် မပြည့်သေးဘူး”

ထို့ကြောင့် လုကျန်းချွမ်မှာ ရဲစခန်း ရောက်နေသော်ငြား မကြောက်တာပင်။ သူသည် အသက်မပြည့်သေးသဖြင့် သူ၏ ငယ်သေးသော အသက်အရွယ်ကြောင့် သက်ညှာသည့်ပြစ်ဒဏ်ဘဲ အပေးခံရမှာဖြစ်သည်။ ဒါ့အပြင် သူခိုးယူခဲ့တာကလည်း ကြီးကြီးမားမား မဟုတ်ဘဲ ကဲ့ရဲ့ခံရရုံသာပင်။

“အဲဒါကြောင့် ကလေးသူငယ် ကာကွယ်ရေးဥပဒေကို တိရစ္ဆာန်ကာကွယ်ရေး ဥပဒေလို့သိကြတယ်လို့လည်း ပြောကြတာ…”

62 02

ရှီချွေ့ယွီမှာ ထုတ်ပြောလို့မရသည့် အရာတစ်ခုကို ကြားမိမလို ဖြစ်သွားတာကြောင့် ရှီလီ၏ပါးစပ်ကို မပိတ်ဘဲ မနေနိုင်တော့ပေ။

ကံကောင်းစွာဖြင့် အဓိကကျသော အခိုက်အတန့်၌ ရှီလီလည်း အချိန်မီ ပါးစပ်ပိတ်လိုက်သည်။

လုကျန်းချွမ်က အသက်မပြည့်သေးဘူးဆိုတာကို ကြားလိုက်ရတော့ ရဲလာတိုင်ကြသော လူများမှာ အချင်းချင်း ဆွေးနွေးကုန်ကြတော့သည်။

အမျိုးသမီးကြီးစွင်းက တောက်ခေါက်ကာ“အသက်မပြည့်သေးတာတောင် အတွင်းခံ ခိုးနေပြီ၊ အရွယ်များ ရောက်လာရင် ဘာများလုပ်မလဲ တွေးသာကြည့်တော့ - လူသတ်တာတို့၊ မီးရှို့တာတို့တောင် လုပ်ရင်လုပ်ဦးမှာ”

ရှီလီမှာ မနေနိုင်တော့ဘဲ စိတ်ထဲကနေ ပြောမိတော့သည်။ “အမျိုးသမီးကြီးက အရမ်းအမြင် ရှိတာဘဲ”

လူအုပ်မှာ တုံ့ပြန်လာကြ၏။ “တကယ်ပါဘဲ၊ သူ့ကို လူသတ်သမားတွေ၊ မီးရှို့သမားတွေ ဖြစ်လာမယ်လို့ တကယ်ထင်နေတာလား”

“ကလေးဘဝတည်းက သူခိုးဆိုရင် ကြီးလာလည်း သူခိုးဖြစ်မှာဘဲ၊ ကလေးပဲ ရှိသေးတယ်။ အတွင်းခံက ခိုးတတ်နေပြီ၊ သူကြီးလာရင် မိန်းမငယ်လေးတွေကို မုဒိမ်းကျင့်တာတွေ၊ဆေးသုံးတာတွေတောင် ဖြစ်လာနိုင်တယ်”

လူအုပ်မှာ လက်သီးဆုပ်လိုက်ပြီး “စက်ဆုပ်ဖို့ ကောင်းလိုက်တာ၊ သူ့လိုတွေကို ငါတို့ သည်းမခံနိုင်ဘူး”

နေ့စဉ်ဘဝတွင်သာမက ထောင်ထဲတွင်ပါ မုဒိမ်းကောင်တွေက လူထုအဆင့်အတန်း၏အောက်ဆုံးတွင် ရှိသည်။

“ရဲအရာရှိ၊ သူ့ကို အသက်မပြည့်သေးလို့ဆိုပြီး ပြစ်ဒဏ်ကို လျှော့ပေးလို့တော့ မရဘူး‌နော်။ သူ့ကို မှတ်လောက်သားလောက်တဲ့ သင်ခန်းစာပေးမှ အနာဂါတ်မှာ သူ့ကိုယ်သူ ထိန်းသိမ်းနိုင်မှာ”

ဒီဟာကို တရားဥပဒေက ဆုံးဖြတ်ထားတာလေ၊ ငါ့အာဏာနဲ့ လုပ်လို့ရတဲ့ဟာမှ မဟုတ် တာလို့ ရဲအရာရှိ တွေးလိုက်သည်။ ငါတို့က တရားဥပဒေ စိုးမိုးတဲ့ လူထုအသိုင်းအဝိုင်းထဲမှာ နေကြတော့၊ အရာရာတိုင်းကို စည်းမျဉ်းစည်းကမ်းတွေ၊ အမိန့်တွေနဲ့ပဲ ကိုင်တွယ်သင့်တယ်။

အသက်မပြည့်သေးတဲ့ သူတွေနဲ့ ပတ်သက်လာရင်တော့ သူတို့ရဲ့ အုပ်ထိန်းသူတွေကို ဆက်သွယ်ဖို့ လိုအပ်သေးတယ်။

ဤဖြစ်ရပ်တွင် လုကျန်းချွမ်က တစ်စုံတစ်ဦး၏ ကိုယ်ရေးကိုယ်တာ အဝတ်တွေကိုခိုးယူခဲ့ ပြီး ထိုသူတွေကလည်း ၎င်းတို့ကို သေချာ ပေက် ပြန်မဝတ်တော့မှာ ဖြစ်သဖြင့် အများ ပြည်သူအား လျော်ကြေးပေးရမည့် ကိစ္စရပ်တွေလည်း ပါဝင်လာနိုင်သည်။

နာရီဝက်အကြာတွင် လုကျန်းချွမ်၏ ဖခင်က လေအေးတွေနှင့်အတူ ရောက်ရှိလာခဲ့သည်။ ရဲအရာရှိက ဖြစ်ကြောင်းကုန်စင်ကို ဖုန်းထဲ ကနေ သူ့အား ပြောပြပြီးသွားလေပြီ။

အနှီလူ ဝင်ရောက်လာတာနှင့် လူတိုင်းအားဦးညွှတ်ကာ “ခင်ဗျားတို့အားလုံးကို ပြဿနာဖြစ်စေမိတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော့်သားကို မှန်ကန်စွာ သင်ကြားပေးဖို့ ပျက်ကွက်ခဲ့ပါတယ်”

သို့သော် ဤလုပ်ရပ်က သာမန်အဆင်ပြေရုံမျှ မဟုတ်ဘဲ၊ လုံးဝကို ရွံစရာကောင်းနေတာပင်။

တကယ်လို့ ငါတို့ပိုက်ဆံတွေကို ခိုးရင်တောင် ခိုးယူတာက တရားမဝင်ပေမဲ့၊ ငါတို့ကို ဒီလိုမျိုးထိ နာကျင်စေမှာ မဟုတ်ဘူး။

ဒီဟာကို လက်သင့်ခံနိုင်စရာ အကြောင်းကို မရှိတာ။

“ရှင့်သားကို သေချာမသင်ကြားပေးခဲ့ဘူးဆိုတာကိုတော့ သတိ ထားမိသား‌ပဲနော်”တစ်စုံတစ်ယောက်က အေးစက်စွာ လှောင်ပြောင်လာသည်။

လုကျန်းချွမ်၏ ဖခင်က လူတိုင်းကို ထပ်မံဦးညွှတ်၍ သေချာလေး တောင်းပန်ပြန်သည်။ “လူတိုင်းကို ကျွန်တော် တကယ်တောင်းပန်ပါတယ်။ ကျွန်တော့်သားရဲ့ မိခင်က သူ ငယ်ငယ်ကတည်းက အခြားလူနဲ့ ‌ထွက်ပြေးသွားပြီး ကျွန်တော်တို့ သားအဖနှစ်ယောက်ကို ကိုယ့်ဝမ်းကိုယ်ကျောင်းဖို့ ထားခဲ့ပါတယ်။ ကျွန်တော်ကလည်း ဆောက်လုပ်ရေးခွင်တွေမှာ နေ့တိုင်း အလုပ်လုပ်ရတော့၊ မိန်းမယူဖို့လည်း အချိန်မရှိခဲ့ပါဘူး။ ကျွန်တော့်သားက မိခင်မေတ္တာ ငတ်မွတ်နေလို့ ဒီလိုလုပ်မိသွားတာပါ၊ သူ့အစား ကျွန်တော်ကပဲ တောင်းပန်ပါတယ်”

62 03

တိုက်ခန်းအဆောက်အဦးတွင် နေထိုင်ကြသူများတွင် အများစုမှာ စာနာစိတ်ရှိပြီး ကရုဏာကြီးသော တက္ကသိုလ်မှ ဆရာများနှင့် ကျောင်းသားတွေဖြစ်သည်။

အချို့သော အမျိုးသမီးရဲဘော်များမှာ ဤလိုဥတုဒဏ်ကို ကြံ့ကြံ့ခံနေသော အဖေနှင့်လုကျန်းချွမ်၏ ရင်နှင့်ဖွယ် အခြေအနေကိုမြင်လိုက်ရတော့ မခံစားနိုင်ကြတော့ကာ ကလေးတစ်ဦးနှင့် ရန်မဖြစ်ဘဲ လွှတ်ပေးလိုက်ဖို့ အကြံပြုလာတော့သည်။

သို့သော် ရှီလီကတော့ ကြမ်းတမ်းသော လူစားမျိုးပင်။ သနားစရာကောင်းသော အဖေဖြစ်သူ၏ တောင်းပန်သံကို ကြားရတော့၊ သူမ စိတ်ထဲကနေ သုံးသပ်ချက်အချို့ကို မနေနိုင်ဘဲ ပြောမိပြန်သည်။

[ဒီလိုသာပြောကြေးဆို ကလေးဘဝကတည်းက အမေနဲ့ဘဲ နေလာခဲ့တဲ့ ကောယွမ်ဆိုလည်း ဖခင်မေတ္တာကို ငတ်မွတ်နေတာပဲလေ]

[သူမဆို ဝမ်းဗိုက်ကြွက်သားတွေ မြင်ချင်လို့ဆိုပြီး လမ်းထဲပြေးဝင်ပြီး ယောက်ျားတွေရဲ့အဝတ်တွေကို မဆွဲဖြဲပစ်ပါဘူး]

ကောယွမ်မှာ အလွန်စိတ်လှုပ်ရှားနေပြီး:တကယ်ဖြစ်နိုင်ပါ့မလား။ ငါ အသင့်ပြင်ထားမယ်။

ဟုယ်တယ်၊ ငါ ဝန်ခံတယ်၊ ငါ့မှာ ဖခင်မေတ္တာ ကင်းမဲ့တယ်။ ဖခင်မေတ္တာကို မတရား ကင်းမဲ့နေတာ။ ဖခင်မေတ္တာ ကင်းမဲ့နေတဲ့ ငါ့အတွက်ရုပ်ချောချော ကောင်လေးတွေရဲ့ ဝမ်းဗိုက်ကြွက်သားတွေနဲ့ ဖြည့်ဖို့လိုတယ်။

[သူမဆို အချစ်ရူး ရူးနေရုံတင်လေ]

[သူမဘာသာဘဲ ထိခိုက်အောင်လုပ်မယ်၊ သူများတွေကိုတော့ ထိခိုက်အောင် မလုပ်ဘူး]

ကံကောင်းစွာဖြင့် ဤနေရာတွင် ကောယွမ် မရှိနေလို့ပင်၊ မဟုတ်လျှင် ရှီချွေ့ယွီက သူမ၏နာကျင်ခဲ့ရသော ငယ်ဘဝကို နှစ်သိမ့်ပေးမှာဖြစ်သည်။

[ပန်းသီးဆိုတာ သစ်ပင်ရဲ့ အဝေးကြီးကို ကြွေမကျဘူး။ ဒီအဘိုးကြီးက ရိုးသားတဲ့ပုံပေါ်ပေမဲ့ သူတော်စင်ရုပ်တော့ မပေါက်ဘူး]

ရွှယ်ရွှယ်ကျားက အမြဲတမ်း ဗြောင်ကျကျပြောတတ်ပြီး သူမ၏ စကားတွေက အတော်လေး ရင့်သန်သည်။ “အဖေတစ်ယောက်ဖြစ်တဲ့ ဦးလေးကိုယ်တိုင် ကိုယ့်သားကို ကျင့်ဝတ်မရှိဘူးလို့ ဝန်ခံလာမှတော့ ဘာလို့ သူ့ကိုထောင်ထဲမှာ ရက်နည်းနည်းလောက်ဖြစ်ဖြစ် မနေခိုင်းလိုက်လဲ။ နောက်နောင် လူ့အသိုင်းအဝိုင်းရဲ့ အရိုက်မခံရအောင်လို့ အများကြီး လိုအပ်နေတဲ့ ကျင့်ဝတ်ကို နိုင်ငံတော်ကိုပဲ ထောက်ပံ့ခိုင်းလိုက်ပါလား”

ရွှယ်ရွှယ်ကျားမှာ ရှီလီနှင့် တူညီသော်လည်းကွဲပြားသည့် ချဉ်းကပ်ပုံရှိသည်၊ ရှီလီက သူမစိတ်ထဲ၌ တိတ်တဆိတ် တွေးနေသော်လည်း ရွှယ်ရွှယ်ကျားကတော့ သူများတွေလို အတွေးကို စိတ်ထဲ သိမ်းထားတတ်သူ မဟုတ်ပေ။ အထူးသဖြင့် သူမ၏ ပြိုင်ဘက်က သူမအား နေရခက်သည့် အခြေအနေထဲ တွန်းပို့လာချိန်၌ သူမ၏စိတ်အား ဖွင့်ဟ ပြောပေသည်။

ဘယ်လိုပဲပြောပါစေ၊ လုကျန်းချွမ်၏ ဖခင်က မငြင်းခုံဘဲ အရာအားလုံးကို လက်ခံပေးနေ သော်ငြား သူ့သားကိုလည်း ထောက်ခံပေးနေသည်။ “စိတ်ချပါ၊ အနာဂါတ်မှာ သူ့ကို သေချာ သွန်သင်ဆုံးမပါ့မယ်၊ ဒီလိုအမှားမျိုးကို သူထပ်ပြီး မကျူးလွန်စေရပါဘူး”

“ဦး‌လေးသားက ငယ်ပါသေးတယ်၊ သူသာ ထောင်ကျသွားရင် သူ့ဘဝ အဆုံးသတ်သွားပြီ”

“ဦးလေး တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီးသူ့ကို ချမ်းသာပေးကြပါ”

အချို့အတန်းဖော်များက စိတ်ထားနူးညံ့၏။ အကယ်၍ ရှီလီသည် ဤကောင်လေးက အနာဂါတ်မှာ မိန်းမငယ်လေးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာအရ စော်ကားတယ်လို့ မပြောခဲ့ရင်၊ ဤသနားစရာကောင်းသည့် လူအိုကြီးကြောင့် သူ့အား လွှတ်ပေးလိုက်ရန် စဉ်းစားကြမှာပင်။

ဒီအရူးကိုသာ လွှတ်ပေးလိုက်ရင် အဲ့ဒီသနားစရာကောင်းတဲ့ မိန်းကလေးအတွက် ဘယ်သူ တွေးပေးမှာလဲ။

လူတိုင်၏ မျက်လုံးထဲတွင် သနားစရာကောင်းသည့် ဖခင်၏ မျက်ရည်တွေက မိကျောင်းမျက်ရည်တွေထက် မပိုပေ။

62 04

ရွှယ်ရွှယ်ကျား ရှုံ့ချလိုက်ကာ “တော်ပါတော့ ဦးလေးရယ်၊ ဦးလေး သူ့ကို ဆယ့်ခြောက်နှစ်၊ဆယ့်ခုနစ်နှစ်အထိ သင်ကြားပေးလာတာလေ။ ဒါတောင် လူကောင်းတစ်ယောက်ဖြစ်အောင် မသင်ပေးနိုင်ဘူး။ ဦးလေးရဲ့ ကလေးတွေကို မသင်ကြားပေးနိုင်မှတော့၊ နိုင်ငံတော်ကိုပဲ ကူပြီး သင်ကြားခိုင်းလိုက်စမ်းပါ”

လောကမှာ ဒီလိုအသည်းမာသော မိန်းကလေးတစ်ဦး ဘယ်လိုရှိနေမှန်း လုကျန်းချွမ်၏ဖခင် နားမလည်နိုင်တော့ပေ။ သူ့သားက အရင်ကလည်း ဒီလိုလုပ်တာမိလို့ ရဲစခန်းဆီ အခေါ်ခံဖူးပေမဲ့ ထိုလူအားလုံးက ကြင်နာကြသဖြင့် သူ တောင်းပန်လိုက်တာနှင့် ခွင့်လွှတ်ပေးကြစမြဲသာ။

နစ်နာသူထဲက တစ်စိတ်တပိုင်းမှာ လုကျန်းချွမ်၏ဖခင်ထံမှ သနားကြင်နာပေးရန် တောင်းပန်မှုကြောင့် စိတ်ပျော့လုနီးပါး ဖြစ်သွားသော်လည်း ရွှယ်ရွှယ်ကျား၏ စကားတွေက အလွန်တရာမှ ကျိုးကြောင်းဆီလျော်မှု ရှိလှသည်။ သူတို့ရဲ့ ကလေးတွေကို သေချာ မသင်ပြနိုင်မှတော၊ နိုင်ငံတော်ကိုပဲ လက်လွှဲပေးသင့်တယ်လေ။

ရှီလီ ခေါင်းကုတ်လိုက်ပြီး အနည်းငယ် ခေါင်းရှုပ်သွားတော့၏။

[လုကျန်းချွမ်က ဂျူနီယာအထက်တန်းမှာ ကျောင်းထွက်ခဲ့တယ်၊ စက်ရုံမှာ အလုပ်ဝင်လုပ်တာဖြစ်ဖြစ် ရက်ပ်ပါလုပ်တာပဲဖြစ်ဖြစ် ပြစ်မှုမကျူးလွန်တဲ့ အသိအမှတ်ပြုမှတ်တမ်းမှ မလိုတာ]

စွန်းရီလင်း: အိမ်း၊ သူအခုကစပြီး အဲဒီပြစ်မှုမကျူးလွန်တဲ့ အသိအမှတ်ပြုမှတ်တမ်းကို လိုလာ‌တော့မယ်။

******

63 01

အခန်း ၆၃: “ဘယ်သူစကားပြောနေတာလဲ”

[ဘာလို့သူ့အဖေက ဒီကိစ္စကို အရမ်းကြီးစိတ်ဒုက္ခခံနေတာလဲ]

[အလယ်တန်းကျောင်းတောင် မအောင်တဲ့သူ့သားကို ပြည်သူ့ဝန်ထမ်း စာမေးပွဲဖြေရဖို့ မျှော်လင့်နေတယ်လို့တော့ မပြောနဲ့‌နော်]

လူတိုင်း: ခွီး၊ နင့်စိတ်ကူးကလည်း အရမ်းကွက်ကွက်ကွင်းကွင်း ပါလားဟ၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

တာဝန်ကျ ရဲအရာရှိမှာ အိပ်ချင်နေသဖြင့် ဒေါကန်လာသည်။ မနေ့ညက အနှီအုပ်စုနှစ်စု၏ မလိုလားအပ်သော ခက်ခဲသည့် အချေအတင်ဖြစ်မှုကို နားထောင်ခဲ့ရတာကြောင့် ညဘက်၌ နားချိန်မရခဲ့ပေ။

“တော်ကြတော့၊ ခဏလောက် ငြိမ်ငြိမ်လေးနေကြပါဦး” ရဲအရာရှိသည် လုကျန်းချွမ်၏ဖခင်ကို ကြည့်လိုက်ပြီး “ခင်ဗျားကို ကျွန်တော်တို့ ဒီကိုခေါ်လိုက်တယ်ဆိုတာက ခင်ဗျားသားကို အိမ်ပြန်ခေါ်သွားဖို့ မဟုတ်ဘူး။ နစ်နာသူတွေကို အလျော်ပေးဖို့။ ခင်ဗျားသားက တစ်စုံတစ်ယောက်ဆီကနေ ခိုးယူခဲ့တာဆိုတော့ အလျော်ပေးရမယ်”

ရဲအရာရှိ၏ စကားတွေကို ကြားလိုက်ရတော့ လုကျန်းချွမ်၏ ဖခင်မှာ သူ့သားကို လွှတ်ပေးတော့မည်ဟု ထင်သွားပြီး သူ့မျက်နှာပေါ်တွင် ပျော်ရွှင်နေသော အပြုံးတစ်ခုပေါ်လာကာ“ကောင်းပြီလေ။ ကျွန်တော် ဘယ်လိုအလျော် ပေးရမလဲ။ ရဲအရာရှိရဲ့ ညွှန်ကြားချက်အတိုင်းလိုက်နာပါ့မယ်”

ရှိလီနှင့် အုပ်စုကို မေးခွန်းမေးချိန်ရောက်တော့ သူတို့က နစ်နာသူတောင် မဟုတ်ကြတာကို သိလိုက်ရ၏။

ရဲအရာရှိမှာ ပြောစရာ မဲ့သွားပြီး၊ ဒါဆို မင်းတို့ရဲ့ ပြဿနာတောင် မဟုတ်ဘူးပေါ့။ ဒီအချိန်ကြီး ကိုယ့်အိပ်ရာထဲမှာကိုယ် မနေဘဲ သောက်ကျိုးနည်းရှိုးကို လာကြည့်နေကြတယ်၊အဲ့လောက်တောင် ပျော်စရာကောင်းနေလို့လား။

ငယ်ရွယ်သော မျက်နှာတွေကို ကြည့်လိုက်ပြီး အလယ်တန်း သို့မဟုတ် အထက်တန်းကျောင်းသား အရွယ်သာရှိသေးသည့် ကလေးတွေဆိုတာကို ရဲအရာရှိ ပြောနိုင်သည်။

မနက်နှစ်နာရီကြီး ရဲစခန်းမှာ ရောက်နေတာ၊နောက်နေ့ ကျောင်းမတက်ရဘူးလား။

ရှီလီက အားနွဲ့စွာ ရှင်းပြလိုက်သည်။ “အဲ့ငကြောင်က ကျွန်မတို့ရဲ့ အိမ်ထဲကို ခုန်ဝင်လာလို့ပါ။ ကျွန်မတို့ကလည်း လိုက်မစစ်ဆေးကြည့်ဘဲနဲ့ စိတ်မအေးနိုင်ကြဘူးလေ။ ကျွန်မတို့ကို တိုက်ရိုက်ကြီး စိတ်မပူစေဘူးဆိုရင်တောင် ဘာသိဘာသာ မနေတတ်လို့ပါ။ ဒီနိုင်ငံရဲ့ အနာဂါတ်တွေဆိုတော့ ကျွန်မတို့ဘေးပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အရာမှန်သမျှကို စိတ်ပူသင့်ပါတယ်”

သူမ ပြောလိုက်တာနှင့် အင်အားတစ်ခုက သူမကိုယ်ထဲတွင် လှိုက်တက်လာသလိုမျိုးပိုပြီးတောင် စိတ်အားထက်သန်လာသည်။

ရဲအရာရှိ: ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ မင်းတို့လိုအနာဂါတ် ခေါင်းဆောင်လောင်းတွေကြောင့် ငါတို့နိုင်ငံက ခေတ်သစ်ဆိုရှယ်လစ်စနစ်ကို မြန်မြန်ဆန်ဆန် နားမလည်နိုင်တာ။

ရဲအရာရှိလည်း မတတ်သာတော့ဘဲ လက်ယမ်းပြလိုက်ပြီး “ဒါဆိုလည်း မင်းတို့အားလုံး ဘာလို့အိမ်မပြန်ကြသေးတာလဲ၊ မနက်ဖြန် ကျောင်းတက်ရမှာမလား”

“ကျွန်မတို့ အလျင်မလိုပါဘူး၊ လူကြီးတွေနဲ့အတူတူပြန်တော့ ပိုလုံခြုံတာပေါ့။ အိမ်ပြန် လမ်းမှာ ငကြောင်နဲ့ ဝင်တိုးမိမှာ စိုးလို့ပါ”

ရဲအရာရှိမှာ ပြောစရာမရှိဘဲ နင်သွားတော့၏။ ဤအဖွဲ့မှာ အရပ်မြင့်သော မိန်းကလေးဆယ်ယောက် ကျော်ကျော်လောက်ပါပြီး လူနှစ်ဆယ် သုံးဆယ်ဝန်းကျင်မျှ ရှိသည်။ ဒါတောင် သူတို့က ပြဿနာတက်မှာကို ကြောက်တယ်လို့ ပြောနေကြသေး၏။ အကယ်၍ ငကြောင်တစ်ယောက်နှင့် တကယ်ဘဲ ဆုံခဲ့တယ်ဆိုဦး၊ ဒုက္ခရောက်မည့်သူက ထိုငကြောင်ပင်။

ရဲအရာရှိသည် ဤကလေးများကြောင့် လေကုန်မခံချင်တော့ပေ။ သူတို့၏ ကိုယ်ပိုင်အလုပ်ကို သိမ်းဆည်းပြီးတာနှင့် လူတိုင်း အိမ်ပြန်ရတော့မှာပင်။

63 02

လုကျန်းချွမ်၏ ဖခင်က ဖြစ်ရပ်တွင်ပါဝင်သော တစ်ဦးတစ်ယောက်ချင်းစီကို အလျော်ပေးခဲ့သည်။ သူ့သားက ဒီတစ်ခေါက် အတော်များများကို ခိုးယူခဲ့သဖြင့် သူ့ပိုက်ဆံတွေအား ပေးလိုက်ရသည့် မြင်ကွင်းက သူ့ကို အတော်လေး နာကျင်စေသည်။ သူ့သား၏ အနာဂါတ်အတွက် သူ့ခဗျာ အံကြိတ်ပြီး တင်းခံလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

သူထင်ထားသည်မှာ ပိုက်ဆံပေးလိုက်တာနှင့်သူ့သားကို အိမ်ခေါ်သွားလို့ရပြီဟူ၍ပင်။

သို့သော် ရဲအရာရှိ နောက်ထပ် ပြောလာတာကို ကြားလိုက်ရ၏။ “သူ့ကို ဆယ့်ငါးရက် ထိန်းသိမ်းထားမယ်၊ လဝက်လောက်နေရင် လာခေါ်ပေးပါ”

လုမိသားစု၏ အဖေရော၊ သားပါ ကြောင်အသွားကြသည်။ သူတို့ထင်ထားတာက သူတို့သာ နာခံပြီး ပူးပေါင်းပေးလိုက်လျှင် ရဲအရာရှိက လွှတ်ပေးလိမ့်မည် ဟူ၍ပင်။

သို့သော် ဆယ့်ငါးရက်ကြား ထိန်းသိမ်းခံရမှာကိုတော့ မမျှော်လင့်ထားကြပေ။

ဒါက အတွင်းခံတွေပဲလေ၊ ဆိုးသွမ်းတဲ့ ပြစ်မှုကို ကျူးလွန်ခဲ့တာလည်း မဟုတ်။ ဘယ်လိုလုပ်ပြီး ထိန်းသိမ်းခံရဖို့ အကြောင်းခိုင်လုံသွားတာလဲ။

လုကျန်းချွမ်၏ ဖခင်မျက်နှာပေါ်က ရိုးသားပြီးရိုးစင်းသေု အမူအရာမှာ ခဏကြာသည်အထိ ယိုယွင်းသွား၏။ ရဲအရာရှိအား စိုးရိမ်တကြီး တောင်းပန်လိုက်သည်။ “အရာရှိ၊ ကျွန်တော်တို့ ဒဏ်ငွေဆောင်ပြီးပြီလေ၊ ထိန်းသိမ်းတာကလိုအပ်လို့လား”

ရဲအရာရှိက အကျယ်ကြီး သန်းဝေလိုက်ပြီး“လိုတာပေါ့၊ ခင်ဗျား နစ်နာသူကို အလျော်ပေး လိုက်တာက အပြအမူကောင်းပါ။ ဆယ့်ငါးရက် ထိန်းသိမ်းတာက ခင်ဗျားအတွက် လုံခြုံအောင်လို့ ကျွန်တော် လုပ်လိုက်တဲ့ အပိုပြဏ်ဒဏ်။ ခင်ဗျားသားက လူနေမှုအသိုင်းအဝိုင်းကို နှောင့်ယှက်ခဲ့တာဆိုတော့ သူ့ကိုအနည်းဆုံး တစ်လကနေ နှစ်ဝက်အထိ ထောင်ချလို့ရတဲ့အထိ ကြီးလေးတယ်နော်”

မနက်စောစောစီးစီးအထိကို တောက်လျှောက်ဖြစ်လာသည့် ကံခေခြင်းက သူ့အား စိတ်မရှည်စေတော့ပေ။ “ဘာလဲ၊ ဆယ့်ငါးရက်က ခင်ဗျားအတွက် အရမ်းနည်းနေလို့လား”

ဤနေရာတွင် စစ်ကြောရေးခန်းရှိပြီး ရဲအရာရှိ၏ တင်းမာသော လေသံကို ကြားလိုက်ရတော့နောက်ထပ် ရက်အနည်းငယ် ထပ်တိုးပေးလာမှာကို လုကျန်းချွမ်၏ ဖခင် စိုးရိမ်မိသည်။ သူ့သားက နှစ်သစ်ကို ထိန်းသိမ်းရေးစခန်းထဲမှာဘဲ ကုန်ဆုံးနိုင်ခြေရှိသည်။

သူအမြန် လက်ယမ်းပြလိုက်ပြီး “မဟုတ်ဘူး၊မဟုတ်ဘူး၊ မဟုတ်ဘူး။ ရဲအရာရှိ ပြောတဲ့အတိုင်းပါဘဲ၊ ဆယ့်ငါးရက်က မနည်းပါဘူး”

[အင်း၊ အဲ့လိုမှပေါ့၊ သူ့မြေးရဲ့ မျိုးဆက်အထိ ပြည်သူ့ဝန်ထမ်း စာမေးပွဲ ဖြေလို့မရတော့ဘူး]

ပွဲကြည့်ပြီးသွားတော့ လူတိုင်းလည်း ရှီလီ အကြံပြုခဲ့သလို သူတို့၏ တိုက်ခန်းနေရာဆီ ပြန်သွားကြတော့သည်။

အစောပိုင်းကတော့ ဆူပူအုံကြွမှုအတွက် သွမ့်ယောင်ကျင်း၏အိမ်တွင် နေမလို့ လုပ်ထားသော်လည်း ယခု‌တွင်မူ အခြေအနေက ပြီးဆုံးသွားလေပြီ။

လက်ရှိတွင် သွမ့်ယောင်ကျင်း၏ နေရာကလူတိုင်းအတွက် အထူးသဖြင့် သေချာအနားယူဖို့ သင့်တောင့်သက်သာရှိသော ဧည့်သည်ခန်းများ အလုံအလောက် မရှိပေ။

သို့သော် မနက်သုံးနာရီဘဲ ရှိသေးသဖြင့် နေရောင်ထွက်လာဖို့ နာရီအနည်းငယ် လိုသေးသည်။

ဒီအချိန်ကြီး ဒရိုင်ဘာကိုခေါ်ပြီး အိမ်ပြန်ရင်လည်း စိတ်ဒုက္ခဖြစ်ရဦးမည်။

ထို့ကြောင့် အခါခါလွန်ဆွဲနေပြီးနောက်တွင် သွမ့်ယောင်ကျင်း၏ အိမ်မှာဘဲ တစ်ညနေပြီး နာရီအနည်းငယ်ခန့် အိပ်စက်ရန် နေရာရှာဖို့ပဲ လူတိုင်း ဆုံးဖြတ်လိုက်ကြသည်။

သူမ၏အိမ်တွင် ကြုံရာကျပန်း ပြန့်ကျဲနေသည့်လူတွေကို မြင်လိုက်ရတော့ သွမ့်ယောင်ကျင်း မလေးစားမိဘဲ မနေနိုင်တော့၊ ယခုလိုမျိုး လက်တွေ့ဆန်သည့် လူချမ်းသာ ကလေးတွေကို သူမ မမြင်ဖူးခဲ့ချေ။

အကယ်၍ အရင်ကသာ တစ်ယောက်ယောက်က ဆိုရှယ်မီဒီယာပေါ်တွင် ယခုလိုအရာမျိုးကို ပြောဆိုလာပါက အရှက်မရှိတဲ့ ခေတ်ရေစီးကြောင်းကို လိုက်တဲ့သူတွေဟု သူမ စွပ်စွဲမိမှာပင်။

သူမ အမြင်ကျဉ်းခဲ့မိတာကို နားလည်လာ‌၏။

63 03

ခေါင်းကိုကိုင်ပြီး တခစ်ခစ် ရယ်နေကြသည့်သူမ၏ အတန်းဖော်များမှာ တကယ့်ကို ကူကယ်ရာ မဲ့နေကြသည်။

ညဘက်တွင် အိပ်ချိန်သိပ်မရှိခဲ့တာကြောင့် စာသင်ခန်းအတွင်း ဆရာမ စာရှင်းပြနေချိန်၌ ငိုက်ကုန်ကြတော့၏။

အတန်းထဲတွင် တစ်ခါမှ အိပ်မပျော်ဖူးသော ရှီလီတောင် မျက်လုံးဖွင့်ဖို့ မနည်းရုန်းကန်နေရသည်။

တစ်တန်းလုံးတွင် အိပ်မငိုက်ဘဲ လုံ့လဝီရိယရှိစွာဖြင့် စာလိုက်မှတ်နေတာဆိုလို့ စာမေးပွဲတိုင်း၌ အမြဲတမ်း ဘိတ်ဆုံးအဆင့်ရသူ ကောယွမ်နှင့် အတန်းချိန်တွင် အမြဲတမ်းအိပ်နေကာ ဘာကြောင့်မှန်းမသိ ဤအတန်းကျမှ နိုးနေသူ ဖူဟွေ့ရှင်းတို့ပင်။

လောကကြီး တကယ်ကို ရူးသွပ်သွားပြီ၊ ဆရာမကျိန့် သံသယဝင်ရသည့် အကြောင်း ရင်းလည်းရှိ၏၊ အိပ်မပျော်တဲ့ ကျောင်းသားနှစ်ယောက်က တစ်တန်းလုံးကို ကျိန်စာတိုက်ထားတာများလား။

ဆရာမကျိန့်က ကျောက်သင်ပုန်းပေါ်သို့ စည်းချက်ညီညီ နှစ်ကြိမ်ခေါက်လိုက်သည်။

‌ခေါက်လိုက်သည့်အသံကြောင့် လူတိုင်း နိုးကြားသွားပြီး မျက်စိဖွင့်လာကြသည်။

[စာသင်ချိန် ခဏတဖြုတ် ငိုက်ရတာက အချိုမြိန်ဆုံးဆိုတာကို ဘယ်သူမှ မငြင်းနိုင်ဘူး]

အထက်တန်းကျောင်းသို့ တတိယအကြိမ်မြောက် ပြန်ရောက်လာသူ ရှီလီက ရိုးသားစွာ တွေးလိုက်သည်။

လူတိုင်း မျက်စိပွင့်ပြီဆိုတာ သေချာ‌တော့မှဆရာမကျိန့် မေးလာသည်။ “နင်တို့တွေ ဘာလုပ်နေကြတာလဲ။ မနေ့ညက တစ်တန်းလုံးမအိပ်ဘဲ အတူတူ ဓားပြသွားတိုက်ကြတာလား”

လူတိုင်း: ငါတို့ မခိုးပေမဲ့၊ နှာဘူးကိုတော့ တရားစီရင်မှုဆီ ခေါ်သွားခဲ့ပါတယ်။

မဟုတ်သေးဘူး၊ သူတို့က တရားစီရင်သူတွေတော့ မဟုတ်ဘူး၊ ဘေးက ရပ်ကြည့်သူတွေ။

ဆရာမကျိန့်မှာ စိတ်ပျက်မှုများစွာဖြင့် မေးမြန်းလိုက်၏၊ “ကောယွမ်နဲ့ ဖူဟွေ့ရှင်းဘဲ မအိပ်ကြတာ။ ကျန်တဲ့နင်တို့အားလုံး မနေ့ညက ဘယ်တွေရောက်နေကြလို့လဲ”

လူတိုင်းမှာ ညလုံးပေါက်နေပြီး ရဲစခန်းကိုတောင် အတူတူသွားကြပေမဲ့ ဖူဟွေ့ရှင်းတစ်ယောက်တည်း အိပ်မပျော်တာပင်။

ရှီလီ မကျေမချမ်း တွေးလိုက်သည်: [လူတိုင်းတစ်ချိန်တည်း အိပ်ကြတာ၊ ဘာလို့ သူ့ကျမှ မအိပ်ရတာလဲ]

ကောယွမ်မှလွဲ၍ လူတိုင်း တွေးကုန်ကြသည်:ဟုတ်သားဘဲ၊ မင်းကဘာလို့ မအိပ်တာလဲ။

ကောယွမ်: ဟမ်.. အဲ့လိုပဲ မဟုတ်ဘူးလား။ ညီအစ်မတို့၊ နင်တို့တွေအတူတူ ညတာဖြတ်သန်းခဲ့ကြတာ၊ ငါမရှိတုန်း ဘာတွေဖြစ်သွားတာတုန်း။

ဆရာမကျိန့်လည်း အဖြေပြန်ရဖို့ မမျှော်လင့်ထားပေ၊ သူမ၏ နောက်ထပ်စကား‌တွင် အံ့အားသင့်စရာ တစ်ပုံကြီးနှင့် ပြည့်နှက်နေလျှက် “နင်တို့ရဲ့ ပျော်ရွှင်ဖွယ်နေ့ရက်တွေ အဆုံးသတ်တော့မယ်နော်၊ နင်တို့အတန်းပိုင်က မကြာခင်ဆို သူ့အလုပ်ကိစ္စတွေ ပြီးတော့မယ်။ နောက်အပတ်ဆို ပြန်ရောက်လောက်ပြီ”

“နင်တို့ အတန်းပိုင် ပြန်လာတာကို စောင့်ကြ၊အကျိုးဆက်ကို ခံစားကြဖို့သာပြင်ထား!”

ဆရာမကျိန့်ဆီက ထိုခြိမ်းခြောက်သော စကားများမှာ ကျောင်းသားတွေကို နိုးကြား‌စေရာ၌ အောင်မြင်သွား၍ စာဆက်သင်တော့၏။

ဘယ်ကျောင်းသား‌အတွက်မဆို၊ အတန်းပိုင်၏ဖိအားက အစားထိုးဆရာ သို့မဟုတ် ဘာသာ ရပ်အထူးပြုဆရာထက် ပိုပြီးအားပြင်းလေသည်။

ဆရာမကျိန့် အတန်းပိုင်အဖြစ် တာဝန်ယူစဉ်အတွင်းတွင် အတန်းကို ပုံမှန်အတိုင်း စီမံနိုင်ခဲ့ သော်လည်း အတန်းပိုင်လောက်တော့ တင်းကြပ်ခဲ့ခြင်း မရှိခဲ့ပေ။

ကျောင်းစဖွင့်ကတည်းက သူတို့၏ အတန်းပိုင်ကို မတွေ့ရသေးဘဲ ဆရာမကျိန့်ကိုသာ တွေ့မြင်နေခဲ့ရတာပင်။

63 04

ဤအဝေးရောက်နေသော ဆရာကို လူတိုင်းအလွန်သိချင်နေကြပြီး အချို့ကမူ အတန်းပိုင် ဆရာက ဘယ်လိုလူစားလဲဆိုတာ ရှီလီကို မေးရန်တောင် တွေးထားကြ၏။

အကယ်၍ သူသာ အရည်အချင်းမရှိရင်၊ ပြန်မလာတာကမှ ပိုကောင်းဦးမယ်။ အခြားကျောင်းတွေမှာ နောက်ထပ် နှစ်အနည်းငယ်လောက်နေပြီး သူတို့တွေ အထက်တန်းအောင်တော့မှ ပြန်လာလည်း ဖြစ်တာပဲ။

ကျောင်းသားတစ်ဦးမှာ ထိုအကြံဝင်လာတာနှင့် နောက်ထပ် အတွေးတစ်ခုပါ စိတ်ထဲဝင်လာသည်။

[ငါတို့အတန်းပိုင်ရော ရှီလီရဲ့ စိတ်ထဲကအတွေးတွေကို ကြားနိုင်မယ်လို့ မင်းတို့ထင်လား]

[မဖြစ်နိုင်ဘူး၊ နိုင်ငံရေးဆရာ၊ သင်္ချာဆရာနဲ့သမိုင်း‌ဆရာ… သူတို့ထဲက တစ်ယောက်မှ မကြားကြတာ၊ သူလည်း ဘယ်လိုလုပ် ကြားနိုင်မှာလဲ။]

[ငါတို့အတန်းထဲက ကျောင်းသားတွေထဲရှီလီရဲ့ စိတ်ထဲကအသံကို ကြားရတာဖြစ်မယ်]

ရှီလီ၏ စိတ်ထဲကအသံကို အတန်းပိုင်ကြားရမလားဆိုတာကို လူတိုင်း မသေချာကြသဖြင့် “ဖြစ်နိုင်တယ်” ဟူသော စကားကိုသာ သုံးကြသည်။

အခုဆို ရှီလီ၏အသံအား စကြားရတာ နှစ်လရှိနေလေပြီ၊ ဘာကြောင့် ရှီလီ၏ စိတ်ထဲကအသံကို ကြားရလဲဆိုတာကို ဘယ်သူမှ နားမလည်သလို၊ အခြားဘယ်သူကမှလည်း ထိုကဲ့သို့ မလုပ်နိုင်ပေ။

[အဆိုးဆုံးအတွက် ပြင်ဆင်ပြီး၊ အကောင်းဆုံးကို မျှော်လင့်ထားကြရအောင်]

ဆရာမကျိန့် မညာခဲ့ပေ၊ တနင်္လာနေ့၌ အရပ်ရှည်ရှည်၊ ငယ်ရွယ်ပြီး ဆံပင်ရှည်ကို မြင်းမြီး ပုံစံစီးထားသည့် သူစိမ်းယောက်ျားတစ်ဦးက စာသင်ခန်းအရှေ့တွင် မတ်တပ်ရပ်နေသည်။

ရုတ်ချည်းပင် လူတိုင်းမှာ အရင်တစ်ပတ်က ဆရာမကျိန့် ပြောခဲ့တာကို သတိရသွားကြ၏။ ဒါစာသင်နှစ်တစ်ဝက်လောက် အဝေးရောက်နေတဲ့ အတန်းပိုင်ဆရာဖြစ်မယ်။

ဖူဟွေ့ရှင်းသည် မနက်ခင်း ကိုယ်ပိုင်စာကြည့်ချိန်မတိုင်မီ ခေါင်းလောင်းမထိုးခင်မှာဘဲ စာသင်ခန်းထဲသို့ဝင်ရန် ရည်ရွယ်ထား၏။ အတန်းပိုင်မှာ အတန်းပြည့်နေတာကို မြင်‌တော့ ကိုယ်ပိုင်စာကြည့်ချိန်ဖြစ်သဖြင့် စာသင်ခန်းတံခါးကို ပိတ်ထားလိုက်သည်။

စင်မြင့်ရှေ့တွင် ရပ်နေသော မျက်နှာထားတင်းမာသည့် အတန်းပိုင်ကြောင့် ကျောင်းသားတိုင်းဟာ တိတ်ဆိတ်စွာဘဲ စာသင်ခန်းထဲသို့ ဝင်လာကြသဖြင့် အတန်းအား ပုံမှန်မ‌ဟုတ်လောက်အောင် တိတ်ဆိတ်သွားစေသည်။

ရှီလီကတော့ အတန်းပိုင်ကို ရင်းနှီးသည်၊သူ့ပုံစံက သူ၏ရည်ရွယ်ချက်ကို ဖော်ပြထား တာပင်။

သူမသည် လက်ပေါ် မျက်နှာတင်ထားရင်း စင်မြင့်ထက်က အမျိုးသားကိုကြည့်ကာ[အာ၊ ဩဝါဒခြွေတော့မယ်]

တိတ်ဆိတ်နေသော စာသင်ခန်းထဲ၌ ရှီလီ၏အသံမှာ အလွန်သတိပြုမိနိုင်စရာပင်။

“ဘယ်သူစ ကားပြောနေတာလဲ”

******

64 01

အခန်း ၆၄: ကျေးဇူးပြုပြီး VCR ကိုကြည့်ပါ

အတန်းပိုင်ဆရာ၏ အသံမှာ စာသင်ခန်းထဲ၌ ပဲ့တင်သံထွက်သွားပြီး ကိုယ်ဟန်အနေအထားမမှန်သော ခုနစ်ယောက်၊ ရှစ်ယောက်မှာ မတ်တပ်ရပ်လိုက်ကြ၏။

ရှီလီ ပဟေဠိဖြစ်သွားပြီး [တစ်ယောက်ယောက် စကားပြောလိုက်လို့လား]

လူတိုင်း ပြန်ဖြေလိုက်၏: တိတ်တိတ်နေစမ်းပါ၊ နင်သာ စကားပြောနေတာ။

အတန်းပိုင်ရော၏ နဖူးသွေးကြောများ ‌ထောင်တက်လာပြီး “စကားမပြောဖို့ သတိပေးနေတာတောင် ဖီဆန်ရဲတဲ့သူတွေ ရှိသေးတာဘဲ” ဟု သူ တွေးလိုက်သည်။ “အတန်းပိုင်ဆရာဖြစ်တဲ့ ငါ့ကို အလေးအနက် မထားကြဘူး လာ”

“ပြီးတော့ မင်းတို့ရှစ်ယောက်က အတန်းထဲမှာ ဘာလို့ရုတ်တရက်ကြီး မတ်တပ်ရပ်နေတာလဲ။စောနက စကားပြောလိုက်တဲ့သူကို ကာကွယ်ပေးမဲ့ သေမျိုးကမ္ဘာက အမတရှစ်ယောက်လား”

“ဒါမှမဟုတ် အတန်းထဲကို အသစ်ရောက်လာတဲ့ ငါ့ကို မိတ်ဆက်မလို့လား”

အမျိုးမျိုးသော ဖြစ်နိုင်ခြေတိုင်းကို သူတွေးကြည့်လိုက်၏။ အရင်နေ့တုန်းကလည်း သင်္ချာဆရာက သူ့ကိုဖုန်းဆက်ပြီး ဒီအတန်းက သရဲခြောက်လို့ သူ့ကိုယ်သူ ကာကွယ်နိုင်ရန် အဆောင်လက်ဖွဲ့ယူသွားလို့ ပြောသေးတာကို သူမှတ်မိသည်။

သင်္ချာဆရာ၏ အကြံပေးမှုကို အတန်းပိုင် ဆရာက ဒီအတိုင်းဘဲ ပျက်ရယ်ပြုခဲ့သည်။

သရဲ။ သူ မြင်ရသလောက်ကတော့ လူတွေ ကမြင်းကြောထနေတာပါ၊ ဘာသဘာဝလွန်တာမှ မဟုတ်ဘူး။

“ဒီကောင်စုတ်လေးတွေ အရမ်းလွန်သွားပြီ။ အခြားဆရာတွေကို လှောင်ရုံတင် မဟုတ်ဘူး၊သူတို့ အတန်းပိုင်ဖြစ်တဲ့ ငါ့ကိုပါ လှည့်စားရဲသေးတယ်။ သူတို့ကို သင်ခန်းစာကောင်းကောင်းတော့ ပေးရတော့မယ်” ဟူ၍ သူတွေးလိုက်၏။

တစ်ချိန်တည်းမှာဘဲ အတန်းပိုင်၏ သူ့အား တစ်တန်းလုံးက လျှို့ဝှက်ကြံစည်နေတယ်ဟူသော အတွေးကို အခြားကျောင်းသားတွေ သတ်ိပြုမိသည်။

“သေမျိုးကမ္ဘာက အမတရှစ်ယောက်” ဟာဆရာက ဘယ်သူစကားပြောနေတာလဲလို့ မေးလိုက်ချိန်၌ လျင်မြန်စွာ မတ်တပ်ရပ်ခဲ့ကြ၏။ သူတို့အကြောက်ဆုံးက မာဖီ‌နိယာမအတိုင်း သူတို့သာ မထုတ်ဖော်လိုက်ပါကကိစ္စတွေ ပိုပြီးဆိုးလာမှာကိုပင်။

ဆရာ၏အသံ တိုးသွားတာနှင့် အတန်းပိုင် ဆရာကို အာရုံလွှဲရန် ရှစ်ယောက်သား အလိုလို မတ်တပ်ရပ်လိုက်ကြ၏။

မတ်တပ်ရပ်ပြီး ဘာဆက်လုပ်မလဲ ဆိုတာကတော့၊ ဖြစ်လာသည့်အပေါ် မူတည်ပြီး ဆုံးဖြတ်ကြရမှာပင်။

“ဆရာ၊ ကျွန်တော် ဆရာနဲ့ ဆွေးနွေးချင်စရာရှိပါတယ်”

အတန်းခေါင်းဆောင် လန့်သွား၏။ အတန်းခေါင်းဆောင် ဖြစ်ရတာကလည်း လွယ်ကူသည့်အလုပ် မဟုတ်ပေ။

ယခုချိန်တွင် အတန်းခေါင်းဆောင်က ဘယ်သူဘယ်ဝါဆိုတာကို အတန်းပိုင်ဆရာ မသိသေးပေ။ သို့သော်ငြား အတန်းခေါင်းဆောင်၏သတ္တိကို မြင်တွေ့လိုက်ရသဖြင့် “ပြောလေ”ဟုသာ မတတ်သာဘဲ ပြောလိုက်ရ၏။

“အပြင်ထွက်ပြီး ပြောကြရအောင်လေ၊ ဆရာ”

အတန်းပိုင်ဆရာ: အတင့်ရဲလှချည်လား! မင်းဒါကို ဘယ်လိုခေါ်လဲဆိုတာ သတိရောထားမိရဲ့လား။ ဒါသက်သက်ကြီး အတင့်ရဲနေတာကွ။

“တစ်တန်းလုံးရှေ့မှာ ဆွေးနွေးလို့မရလို့လား”

အတန်းခေါင်းဆောင်: “ဟုတ်ကဲ့၊ ဆရာနဲ့မှသီးသန့်ပြောလို့ရမဲ့ အချို့စကားတွေရှိလို့ပါ”

64 02

【ဪ၊ ဒီတော့ အတန်းခေါင်းဆောင်မှာလည်း ငါတို့ကို မသိစေချင်တဲ့ လျှို့ဝှက်ချက်ရှိနေတာပဲ】

ထိုလျှို့ဝှက်ချက်က သူမအကြောင်းဆိုတာကိုသိကြသော လူတိုင်းမှာ ရှီလီအား စာနာစွာ စိုက်ကြည့်လိုက်ကြ၏။

စာသင်ခန်းထဲမှ မထွက်ခင် ရှီလီ၏ အတွေးတွေကို အတန်းပိုင်ဆရာ ကြားလိုက်ရပြန်၏။

“ဒီကျောင်းသားတွေ တကယ့်ကို ရိုင်းပြကြတာဘဲ၊ စကားပြောရင် အနှောင့်အယှက် ပေးရတာကို ပျော်‌နေကြတယ်”

မူကြိုကလေးတွေတောင် ဒါမျိုးမလုပ်ဘူး၊အထက်တန်း ကျောင်းသားတွေဖြစ်ပြီး ဒီလိုတွေ လုပ်နေကြတုန်း။

ရှီလီ: “ဆရာ၊ သမီးဘာသာ ရေရွတ်နေတာ မှားသွားလို့လား” အတန်းပိုင်ဆရာမှာ ဤတစ်ကြိမ်တွင် အတန်းခေါင်းဆောင်၏ အခန်းပြင်ကို တွန်းထိုးနေတာကြောင့် ရှီလီကို ပြန်မကြည့်လိုက်ရပေ။

စာသင်ခန်းအနီးက ရုံခန်းအလွတ်ထဲသို့ အတန်းခေါင်းဆောင်၏ ခေါ်သွားခြင်းကို ခံလိုက်ရတော့ ဆရာဖြစ်သူမှာ သူ့ကိုယ်သူ ကာကွယ်လိုက်၏။ ဤကျောင်းသားက သူ့အပေါ်မှာ မသင့်လျော်တာ တစ်ခုခုကြံတော့ မယ်လို့ သူအာရုံခံမိနေသည်။

ယောက်ျားလေးတွေတောင် အပြင်ထွက်ရင်ကိုယ့်ကိုကိုယ် ကာကွယ်လို့လိုတယ်။

သူ့ဘာသာသူ တွေးလိုက်၏။

“အဲဒါက ဆရာ၊ ကျွန်တော် ဆရာနဲ့ အရေးကြီးကိစ္စပြောစရာရှိတယ်။ ဒီကိစ္စက အရမ်းအရေးကြီးလို့ပါ။ ဆရာ စိတ်အေးအေး ထားပြီး ကျွန်တော်ပြောတာကို လန့်မသွားဖို့ မျှော်လင့်ပါတယ်”

ဒီကျောင်းသားက ဘာမဟုတ်တာကို ဇာချဲ့နေတယ်ဟု အတန်းပိုင်ဆရာ ခံစားလိုက်ရသည်။ ထို့ကြောင့် လက်ပိုက်လိုက်ပြီး ဤလူငယ်လေး ဘာပြောမရလဲဆိုတာကို စောင့်ကြည့်နေလိုက်သည်။

သူသည် “ပြောလေ၊ ငါ့ကို ဖျော်ဖြေ” ဟူသောအကြည့်ဖြင့် ထိုင်လိုက်၏။

“အခုချိန်တော့ အလေးမထားသလို လုပ်နေပေမဲ့၊ နောက်ပိုင်းကျ ဘယ်လောက် ပြင်းထန်လဲဆိုတာကို ဆရာ သိလာလိမ့်မယ်” ဟူ၍အတန်းခေါင်းဆောင် တွေးလိုက်သည်။

“စကားပြောနေတာကို နှောင့်ယှက်‌လိုက်တဲ့ အမျိုးသမီးအသံကို ကြားလိုက်လို့ ဘယ်သူစ ကားပြောနေတာလဲလို့ မေးလိုက်တယ်မလား”

“အေး၊ မေးလိုက်တယ်။ မင်းမှာ ပြောစရာရှိလို့လား”

“ဆရာ ကြားလိုက်တဲ့ အနှောင့်အယှက်ပေး‌တဲ့အသံက အမျိုးသမီးအသံလား”

ယခုလို သိပ္ပံနည်းမကျသော သဘာဝလွန်ဖြစ်စဉ်အား ရှင်းပြရမှာသည် အတန်းခေါင်းဆောင်အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေ၏။

“စကားပြောနေတဲ့ တစ်ယောက်က ကျွန်တော်တို့အတန်းထဲက ရှီလီပါ”

အတန်းလူခေါ်ချိန်စာရင်းနှင့် အဆင့်စုစုပေါင်းကို ကြည့်ပြီးပြီဖြစ်သဖြင့် ကျန်းနှင့် အခြားဘာသာရပ် ဆရာတွေထံမှ အတန်း၏အင်အားအကြောင်းကို အကြမ်းဖျင်း သိပြီးလေပြီ။

သူသည် အသိအမှတ်ပြုလောက်သော ကျောင်းသူ၊ ရှီလီအပေါ်တွင် အမြင်ကောင်းရှိပေသည်။

ထိုနေရာတွင် ထိုင်နေသော ကျောင်းသား၏နေမထိထိုင်မသာ ဖြစ်နေတာကို မြင်‌လိုက်‌ရတော့ အတန်းပိုင်ဆရာ၏ နှလုံးမှာ စည်းချက်လွဲသွားတော့သည်။

ရှီလီနဲ့ပတ်သက်ပြီး ပြောမထွက်တဲ့ စိုးရိမ်စရာလျှို့ဝှက်ချက်တွေ ရှိနေလို့လား။

ထူးထူးခြားခြား အနှောင့်အယှက်ပေးတာတွေ၊ရိုင်းပြတဲ့ အပြုအမူတွေကို စဉ်းစားကြည့်လိုက်ရင် အဓိပ္ပာယ်ရှိသားဘဲ။

စိတ်ကျန်းမာ‌ရေး မတည်ငြိမ်တဲ့ လက္ခဏာ များလား။

64 03

ရှီလီ ပြန်လည်ချေပလိုက်၏။ “ဆရာကသာ စိတ်ကျန်းမာ‌ရေး မတည်ငြိမ်တာ၊ ဆရာတို့ တစ်မိသားစုလုံးကသာ စိတ်ကျန်းမာ‌ရေး မတည်ငြိမ်ကြတာ”

သူ့အတန်းထဲက အတော်ဆုံး ကျောင်းသူ၊ သူ့ရဲ့ပြိုင်ပွဲဝင်မျိုးစေ့ ကစားသမားကလေ…

အတန်းပိုင်ဆရာမှာ သူ၏ တန်ဖိုးထားကသော ထိပ်တန်းကျောင်းသူအစား သူသာ ဖြစ်လိုက်ချင်တော့၏။

ဒီလိုဆို အခုအားလုံးက အဓိပ္ပာယ်ရှိသွားပြီဘဲဟု သူတွေးလိုက်သည်။ ‌

စိတ်ကျန်းမာရေး မတည်ငြိမ်တဲ့ သူငယ်ချင်းအတွက် ကျောင်းသားအချင်းချင်း ဖုံးကွယ်ပေးနေကြတာကို မြင်လိုက်ရတော့ သူ ကြည်နူးမိသွားရပြန်သည်။

ဒီကျောင်းသား အရမ်းလျှို့ဝှက်ပြီး သီးသန့် ဆုံဖို့ တောင်းဆိုလာတာ၊ သူ့အတန်းဖော်သိက္ခာကျမှာကို ကာကွယ်ပေးလိုက်တာဖြစ်နိုင်တယ်။

ဟိုနှစ်ခု၊ ဒီနှစ်ခု ပေါင်းစပ်ကြည့်ပြီးနောက် အတန်းပိုင်ဆရာမှာ သူ၏ အတွေးရထားအား အပြီးသတ်လိုက်နိုင်လေပြီ။ သို့သော်လည်း အတန်းခေါင်ဆောင်က သူ့ကို နောက်ထပ်ပြောစရာ ရှိနေသေးသည့်ပုံပင်။

သူက ပြောလာ၏။ “ဆရာကြားလိုက်တာ ရှီလီရဲ့ အသံမဟုတ်ဘူး၊ သူမရဲ့ စိတ်ထဲကအသံ”

အတန်းပိုင်ဆရာမှာ မေးခွန်းများအပြည့်ဖြင့်သူ့အား ပြန်ကြည့်လိုက်သည်။ ဒီကောင်လေး သူ့ကို လှောင်နေတာလား။

“စိတ်ထဲကအသံတွေ” လို့ပြောပြီး သူ့ကို ယုံလွယ်တဲ့ သုံးနှစ်သားများ မှတ်နေသလားဘဲ။

ဒီဟာက စိတ်ကူးယဉ်လောကမှ မဟုတ်တာ၊သူများတွေရဲ့ စိတ်ထဲကအတွေးတွေကို သူဘယ်လိုလုပ်ပြီး ကြားနိုင်မှာတဲ့လဲ။

အရိုးစင်းဆုံး အတန်းပိုင်ဆရာတောင်သိပ္ပံနည်းကျ ရှိုးပွဲဖြစ်သည့် - “သိပ္ပံပညာသို့ ချဉ်းကပ်ခြင်း” ကို သဘောကျသည်။

ထွားကြိုင်းတဲ့ လူငယ်တစ်ယောက်က ဘာလို့ခဏခဏ သွေးတွေကို ထွေးထုတ်နေတာလဲ။ တကယ်ကတော့ သွားဖုံးသွေးယိုနေတာပင်။

ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့ အပြာ ရောင်ရေခဲက လူ့သက်တမ်းကို ဆွဲဆန့်နိုင်တာ လား။ တကယ့်လက်တွေ့မှာတော့ ၎င်းသည် လေယာဉ်ပျံတစ်စီးပေါ်က စွန့်ပစ်အမှိုက်ပဲ ဖြစ်၏။

ငါတို့အတန်းရဲ့ ဟာက ဘာပါလိမ့်။

ချန်ဖူအထက်တန်းကျောင်း၏ ကျောင်းသားတွေက သူတို့အတန်းဖော်ရဲ့ အတွေးတွေကို ကြားနေရတယ်ဆိုပြီး ပြောနေသည့် သရဲ ခြောက်သော ကောလဟလတွေပင်။

“သိပ္ပံပညာသို့ ချဉ်းကပ်ခြင်း” တွင် ပါဝင်သောထူးဆန်းထွေလာ ဇာတ်လမ်းတွေကို ပြန်တွေးကြည့်ပြီးနောက်၊ အတန်းပိုင်ဆရာမှာ သူ့အားကျောင်းသားတွေ စုပေါင်းပြီး နောက်ပြောင်နေတယ်လို့ ယုံကြည်ရန် အကြောင်းရင်းများစွာရှိပေသည်။

ဒီအကြောင်းကို အခြားဆရာတွေ အရင်ကမပြောဖူးဘူးလေ။

ဒါပေမဲ့ ကျောင်းသားတွေ ဝင်ပူးခံနေသလိုမျိုး ဒီအတန်းက ဖုန်းရွှေမကောင်းဘူးလို့ ဆရာရှုကတော့ ပြောခဲ့သေးတယ်။

သိပ္ပံပညာကို ခိုင်မာစွာ ယုံကြည်ထားသော အတန်းပိုင်ဆရာမှာ ယခုလို စိတ်ကူးယဉ်ဆန်တာမျိုးကို မယုံကြည်ပေ။

“သိပ္ပံပညာသို့ ချဉ်းကပ်ခြင်း” ကို ကြည့်သောအဘိုးဖြစ်သူ၏ ပြုစုပျိုးထောင်ခြင်းကို ခံခဲ့ရတာကြောင့် မှတ်တမ်းရုပ်ရှင်တိုင်းအားနှလုံးသားဖြင့် အလွတ်ဆိုပြနိုင်သည်။

“သိပ္ပံပညာသို့ ချဉ်းကပ်ခြင်း” တွင် အမြဲတမ်းနားလည်မှုလွဲစေနိုင်သည့် နက်နဲသော သဘာဝ လွန်ဖြစ်ရပ်တိုင်းကို သိပ္ပံပညာဖြင့် ရှင်းပြထားသည်။

သူ့အမြင်မှာတော့ ဖုန်းရွှေညံ့တာ မဟုတ်ဘဲ ကျောင်းသားတွေ စုပေါင်းပြီး ယုံလွယ်သည့်ဆရာတွေကို နောက်ပြောင်ကြခြင်းသာ။

သူ့စကားတွေကို အတန်းပိုင်ဆရာ မယုံကြည်လောက်ဘူးဟု အတန်းခေါင်းဆောင် ခန့်မှန်းထားပြီးသားပင်။ တကယ်လည်း ကိုယ်တိုင်မမြင်တွေ့ဖူးလျှင်၊ သူကိုယ်တိုင်လည်း ယုံကြည်မှာ မဟုတ်ချေ။

ထို့ကြောင့် အတန်းခေါင်းဆောင်မှာ စောင့်ကြည့်ရေး ဗီဒီယိုကို ပြန်ကြည့်ဖို့ အတန်းပိုင်ဆရာကို တောင်းဆိုလိုက်သည်:VCR ကို ကြည့်ရအောင်။

All Chapters