အခန်း (၆၉-၇၂)
Vol. 4 Ch. 69-72
69 01
အခန်း ၆၉: “ဇနီးသည်ကို လုယူသွားတဲ့ မကျေပွဲ: လက်စားပြန်မချေရမချင်း လူပြန်မဖြစ်ပါစေနဲ့လို့ ငါကျိန်ဆိုတယ်”
ခဏတွင်းချင်းမှာဘဲ ဖူဟွေ့ရှင်း၏ မျက်နှာမှာပူလောင်လာသည်။ သူ့လက်ကိုသုံးပြီး မျက်နှာအေးသွားအောင် လုပ်လိုက်ချင်သော်လည်း ထိုလုပ်ရပ်က ရုတ်တရုတ်ဆန်သွားမယ်လို့ ခံစားမိတာကြောင့် သူ့ကိုယ်သူ အတင်းထိန်းချူပ်လိုက်ပြီး အပူရှိန်ကို သူ့ဘာသာသူပဲ ပြေသွားစေလိုက်သည်။
သူ ကန်လိုက်တုန်း အားအပြင်းပြီး မသုံးခဲ့သော်လည်း ငှက်မွေးဖုန်သုတ်တံက အလွန်အမင်း နာကျင်သွားသလို ဟန်ဆောင်လို့နေလေသည်။
“ငါတို့ကြယ်လေးက အရမ်းအံ့ဩဖို့ ကောင်းတာဘဲနော်၊ အပြင်တစ်ခါ ထွက်လိုက်တာနဲ့ ကြောင်ပေါက်သုံးကောင်ကို ပြန်ခေါ်လာနိုင်တယ်” ငှက်မွေးဖုန်သုတ်တံက အမျိုးသမီးအတန်းဖော်ရှေ့တွင် ဘော့စ်၏ပုံရိပ်ကို ပိုပြီးအထင်ကြီးစရာကောင်းအောင် လုပ်ရမည်ဟုတွေး၍ ဖူဟွေ့ရှင်းကို ရက်ရက်ရောရော ချီးကျူးလိုက်သည်။
အနီးနားရှိ ကြောင်အမေမှာ စိတ်တိုင်းမကျဖြစ်လာပြီး မြောင်သံမပေးဘဲ မနေနိုင်တော့။ ဒီလူသားက ဘာဖြစ်နေတာတုန်း။ သူ ဒီမှာရပ်နေတာ အကြာကြီးရှိပြီ၊ ဒီရောင်စုံလူသားက ခုထိကို သတိမထားမိသေးဘူး။
“လျှောက်မွှေမနေနဲ့၊ ဒီမှာ ကြောင်လေးတွေလည်း ရှိသေးတယ်။ သူတို့ကို စစ်ဆေးပေးဦး”
“အောင်မလေးလေး၊ ပြောက်ကြားကြောင်လှလှလေးလည်း ရှိနေပါ့လား။ အကျိုးအမြတ်ကောင်းတဲ့ နေ့လေးကို ပိုင်ဆိုင်ခဲ့တယ်မလား”
ကြောင်တွေက သတ္တဝါတွေအပေါ်မှာ အလွန်ကို သိမြင်နိုင်သည်။ “ငှက်မွေးဖုန်သုတ်တံ” က၎င်း၏အလှကို ချီးကျူးပေးလာတော့ ၎င်းမှာနားလည်သည့်ပုံရပြီး ချက်ချင်းပင် မြေပြင်ပေါ်ပစ်လှဲကာ ၎င်း၏ ခန္ဓာကိုယ်အား လူသားသုံးယောက်ကို ကြွားလိုက်သည်။
ဤသည်က လူသားသုံးယောက်ကို အတော်လေး ပျော်မြူးသွားစေသည်။
“ငှက်မွေးဖုန်သုတ်တံ” က ရွှတ်နောက်နောက် ပြောတတ်သော်လည်း ၎င်း၏ လုပ်ရပ်ကိုအတော်လေး နားလည်ပေသည်။ သူသည် ကြောင်လေးသုံးကောင်ကို တိရစ္ဆာန်လှောင်အိမ်ထဲ ထည့်လိုက်ပြီး လက်တစ်ဖက်ဖြင့် ဟန်ရေးပြနေသော ပြောက်ကြားကြောင်ကိုချီကာ အမေနှင့် ကလေးသုံးကောင်ကို စမ်းသပ်ခန်းထဲ ခေါ်သွားလိုက်သည်။
ဖူဟွေ့ရှင်း ရှီလီကို ရှင်းပြပေးလိုက်သည်။ “ကြောင်တွေမှာ ရောဂါရှိမရှိကို သွားစစ်ဆေးတာ”
ရှီလီ ခေါင်းညိတ်လိုက်၏။ “ငှက်မွေးဖုန်သုတ် တံ”က မပြောပြခဲ့သော်လည်း သူမ ခန့်မှန်းမိပေသည်။
အခန်းထဲတွင် ရှီလီနှင့် ဖူဟွေ့ရှင်းသာ ကျန်ရစ်ခဲ့သည်။ ရှီလီမှာ မေးခွန်းအချို့ကို အနည်းငယ် မေးမြန်းချင်သော်လည်း တစ်စုံတစ်ယောက်၏အတွင်းရေးကို ထောက်လှမ်းနေသလိုမျိုး အရမ်းကြီး ကိုယ်ရေးကိုယ်တာ ဆန်သွားမှာလည်း စိုးရိမ်မိသည်။
စကားမပြောတာက ကသိကအောက်ဖြစ်စေပေမဲ့၊ ပါးစပ်ဟလိုက်တာနှင့် သူမ၏ အတင်းအဖျင်း ပြောလိုသော နှလုံးသားနှင့်မပြီးနိုင်သော စကားတွေကို မထိန်းချုပ်နိုင်မှာလည်း စိုးရသည်။
သူတို့နှစ်ဦးကြားက ကသိကအောက်ဖြစ်မှုကို ရှောင်ရှားရန်အတွက် အလုပ်ရှုပ်နေသည့် ပုံပေါက်အောင်လို့ သူမမှာ ဖုန်းကိုဘဲ ဟိုဆွဲဒီဆွဲလုပ်နေလိုက်ရသည်။
[နည်းပညာတိုးတက်မှုကြောင့် တော်သေးတာပေါ့]
သူမ၏ဖုန်းကို ဖွင့်ကြည့်လိုက်တော့ လွန်ခဲ့သောမိနစ်ပိုင်းက ပို့ထားသည့် milk tea ဆိုင်မှာ လူအရမ်းတန်းစီပြီး စောင့်နေရလို့ ပြန်မလာသေးတာလားဟူသော ကုယွီချင်းဆီက မဖတ်ရသေးသော မက်ဆေ့ခ်ျကို မြင်လိုက်ရသည်။
ထိုတော့မှ ရှီလီသည် milk tea ဝယ်ရန် ထွက်လာခဲ့တာ ကြာသွားမှန်း မှတ်မိသွား၏။
လမ်းတွင် ကြောင်လေးတွေ၏ အော်သံကိုကြားခဲ့တာကြောင့် milk tea ဝယ်မည့် ကိစ္စနှင့်ကုယွီချင်းကို လုံးဝမေ့နေခဲ့တာပင်။
69 02
အကြာကြီး တန်းစီနေရရင်တောင် သာမန်အခြေအနေမျိုးတွင် ပြန်ရောက်သင့်ပြီဆိုသော်လည်း ရှီလီ အချိန်ကြာနေတာကို သိလာတာဖြစ်သည်။
ရှီလီ တစ်ခုခုဖြစ်နေမှာစိုးလို့ ကုယွီချင်းကမက်ဆေ့ခ်ျပို့ကာ မေးမြန်းခဲ့၏။ အကယ်၍ရှီလီ စာပြန်တာ အရမ်းကြာနေပါက၊ ရဲခေါ်ဖို့တောင် သူမ စဉ်းစားထားပြီးသားပင်။
ရှီလီက ကျောင်းနဲ့နီးတဲ့ နေရာမျိုးမှာတောင် လူဆိုးတွေနဲ့ တိုးမိခဲ့သည်အထိ ယုံချင်စရာ မကောင်းလောက်အောင် ကံဆိုးတယ်ဟု သူမခံစားမိသည်။
ရှီလီ တွေးလိုက်၏: အဲဒါက ဘယ်လိုဖြစ်ပြီးငါ့အမှားဖြစ်ရတာတုန်း။
ရှီလီဆီက ပြန်စာမရတာ မိနစ်အနည်းငယ်ကြားလာတော့၊ ကုယွီချင်းက သူမ အခုဘယ် ရောက်နေလဲပြီဆိုပြီး နောက်ထပ် မက်ဆေ့ခ်ျ ပို့လိုက်၏။
ရှီလီသည် အော်ဟစ်နေသော ကြက်အဖြစ် အသွင်ပြောင်းသွားကာ [အောင်မလေး၊ အောင်မလေး၊ ငါမေ့သွားတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး]
သူမ တုန်ရီစွာဖ့င့် မက်ဆေ့ခ်ျကို စာပြန်လိုက်သည် “ငါလမ်းမှာ ဖူဟွေ့ရှင်းနဲ့ တွေ့လို့၊ ဂရုစိုက်ရမဲ့ ကိစ္စလေးတွေလည်း ရှိနေတော့၊ဒီအတိုင်း…]
ဖုန်းတစ်ဖက်ခြမ်းက ပြန်စာကိုစောင့်နေသော ကုယွီချင်းသည် ရှီလီကို ရှာဖွေရန်အတွက် ကျောင်းလုံခြုံရေးကို ဖုန်းခေါ်ရန် အသင့်ပြင်နေလေပြီ။
ထို့နောက် ရှီလီဆီက မက်ဆေ့ခ်ျကို လက်ခံရရှိခဲ့၏။
[ဒါဆို နင်သူနဲ့ ထွက်သွားတာလား။။]
[အခု သူနဲ့အတူ ရှိနေတာလား။]
ရှီလီသည် အမှားလုပ်မိထားမှန်း သိသဖြင့် အပြစ်ရှိစိတ်ကို ခံစားလိုက်ရသည်။
[ငါ မွေးကင်းစ ကြောင်ပေါက်လေးတွေကိုတွေ့ခဲ့တယ်၊ သူတို့တွေ အပြင်ဘက်မှ အေးခဲ ပြီး သေသွားမှာစိုးလို့။ သူငါနဲ့ဆုံတော့ ကြောင်ပေါက်လေးတွေကိုခေါ်ပြီး တိရစ္ဆာန်ဆေးခန်းကို အတူသွားကြတာ]
ယခုဆိုလျှင် ကုယွီချင်းမှာ သစ္စာဖောက်ခံလိုက်ရသော သနားစရာကောင်းသည့် ခင်ပွန်းသည် လိုခံစားနေရပြီး ကဲယွင်အဖြစ် ပြောင်းလဲသွားသည်။ ရှီလီ၏ ရှင်းပြချက်ကို သူမ ဆက်ပြီးသည်းမခံနိုင်တော့။ သို့သော် ရှီလီ၏ အမှားဟုလည်း သူမ မထင်ပေ၊ ဖူဟွေ့ရှင်း၏ အကြံအစည်ဟုသာ သူမခံစားမိနေသည်။
ဖူဟွေ့ရှင်း၊ အဲ့ဒီကောက်ကျစ်တဲ့ ယောက်ျားကတော့လေ။
ကုယွီချင်းမှာ ထိုနေရာသို့ အပြေးသွားပြီး ဖူဟွေ့ရှင်းကို သူမစိတ်၏ တစ်စိတ်တစ်ပိုင်းအား ပေးပစ်လိုက်ချင်တာထက် ပိုပြီးမလိုချင်တော့သော်လည်း၊ သူမကိုယ်သူမ စိတ်အေးအေးထားဖို့ ပြောနေရသည်။
အရင်တုန်းက ခင်ပွန်းသည်တွေ ဖောက်ပြန်ကြသည့် TV ဒရာမာတွေ အများကြီးကို သူမကြည့်ဖူးသည်။ ဒီလိုအခြေအနေမှာ သူမဘာလုပ်သင့်လဲ။
ဖူဟွေ့ရှင်း: ကွာရှင်းကြဖို့ အကြံပေးတယ်…
ဟုတ်တယ်၊ သူမ ရှီလီကို အရယူချင်ရင် လုံးဝပြဿနာရှာလို့မရဘူး။ သူမ ပြဿနာရှာလေ၊ရှီလီက သူမကို တွန်းထုတ်လေပဲဖြစ်မှာ။
ရှီလီရဲ့ အားနည်းချက်က ဘာလဲ။ ရှီလီ မကြာခဏ ပြောဖူးသော ရှောင်လင်းရဲ့ ပွက်ပွက်ဆူနေသည့် ဟင်းလျာများကို ကုယွီချင်း တွေးမိသွားသည်။
ထို့ကြောင့် သူမ မက်ဆေ့ခ်ျပို့လိုက်သည်:[ငါ့ညီမနဲ့ငါက သွားစားကြတော့မလို့။ နင်ရောပြန်လာပြီး ငါတို့နဲ့ လိုက်ခဲ့ချင်လား။ အပြင်မှာအေးတော့ ငါတကယ်ကို စွပ်ပြုတ်လေးဘာလေး သောက်ချင်နေတာ။ ငါတို့တွေ ပွက်ပွက်ဆူနေတဲ့ ဟင်းလျာတွေကို သွားစားမယ်ဆိုရင်ရော။]
[ရှောင်လင်းရဲ့ ပွက်ပွက်ဆူနေတဲ့ ဟင်းလျာ။]
[ယေး!]
[ငါချက်ချင်း ပြန်လာခဲ့မယ်!]
69 03
ကုယွီချင်းကို စာပြန်မလို့ သူမ ပြင်လိုက်စဉ်မှာဘဲ နောက်ဘက်တွင် တစ်ချိန်လုံး ငြိမ်ငြိမ်ကလေး မတ်တပ်ရပ်နေသော ဖူဟွေ့ရှင်းက ရုတ်တရက် စကားထပြောလာသည်။ “နင် ကြောင်လေးတွေကို မွေးစားချင်လား။ကြောင်တွေကို ငယ်ငယ်လေးကတည်းက ကျွေးမွေးပေးရင် သူတို့ပိုင်ရှင်တွေကို ပိုပြီးတွယ်တာကြတယ်”
“တကယ်လို့ နင့်မှာ အဲ့လိုအစီအစဉ်မရှိလည်း အဆင်ပြေတယ်။ တိရစ္ဆာန်ဆေးခန်းက ဒီကြောင်လေးကောင်ကို ဂရုစိုက်ပေးထားလိမ့်မယ်၊ အပြင်မှာ အေးခဲသွားစေမှာ မဟုတ်ဘူး”
ကြောင်မွေးမယ်။ ရှီလီ၏ နှလုံးသားမှာ စည်းချက်တစ်ချက် လွဲသွားတော့သည်။
[မဖြစ်သေးဘူး၊ ငါ့နှလုံးက တလှပ်လှပ်ခုန်နေပါ့လား]
[တစ်မိနစ်ထဲမှာ ကိစ္စနှစ်ခု]
[ဘယ်တစ်ခုကို ရွေးရပါ့မလဲ။]
[ပထမဟာလား၊ ဒုတိယဟာလား။]
ရှီလီ တုံ့ဆိုင်းနေခြင်းကို လုံးလုံးလျားလျားကျော်ချလိုက်ပြီး ဘယ်ကြောင်လေးကို ရွေးရမလဲ ဆိုတာကိုသာ တန်းတန်းမတ်မတ် စဉ်းစားလိုက်သည်။ [ဆိုးလိုက်တာ၊ ငါခုနက ကြောင်လေးတွေကို သေချာမကြည့်လိုက်ရဘူး]
[အကုန်လုံးက အရမ်းချစ်ဖို့ကောင်းတဲ့ပုံဘဲ]
“တကယ်လို့ နင်မွေးစားချင်ရင်၊ ကြောင်လေးတွေကို စစ်ဆေးပြီးတဲ့အထိ စောင့်ရင်ရပြီ၊ပြီးတာနဲ့ နင်ကြိုက်တဲ့တစ်ကောင်ကို ရွေးလို့ရတယ်”
ရှီလီ တက်ကြွစွာဖြင့် ခေါင်းညိတ်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ကုယွီချင်းကို စာပြန်လိုက်တော့သည်။ [ဒီက ကိစ္စတွေက မပြတ်သေးဘူးဟ၊ ငါနင်တို့နဲ့ ညစာစားဖို့ ပြန်လာနိုင်မှာ မဟုတ်တော့ဘူး]
ကုယွီချင်းသည် စာပြန်လာမှာကို စောင့်နေပြီး ပြန်မလာတော့ဘူးဆိုသည့် ရှီလီ၏ မက်ဆေ့ခ်ျကို မြင်လိုက်ရသည်။
ဖူဟွေ့ရှင်း၊ နင်စောင့်ကြည့်နေ။
ဇနီးသည်ကို ခိုးယူသွားတဲ့ ဒီအာဃာတတွေ၊အပြစ်တွေကို ခွင့်လွှတ်ပေးလို့ မရနိုင်ဘူး။
နင် ဒီည မျက်စိတစ်ဖက်ဖွင့်ပြီး အိပ်ရင် ပိုကောင်းမယ်။
ကုယွီလန်သည် သူမဘေးနားက အသက်ရှူသံပြင်းပြင်းကို ကြားလိုက်သဖြင့် ကြည့်ကြည့်လိုက်တော့ သူမ၏ အစ်မဖြစ်နေလေသည်။ သူမ မေးလိုက်သည်။ “မမ၊ ဒေါသထွက်နေတာလား။ တစ်ယောက်ယောက်က စိတ်တိုအောင်လုပ်လိုက်လို့လား” ကုယွီချင်း၏ မျက်လုံးများ ပြူးကျယ်လာပြီး“ငါ ဒေါသမထွက်ပါဘူး”
ကုယွီလန်: ဒါပေမဲ့ မမ၊ နင့်နှာခေါင်းကမီးခိုးတွေ ထွက်နေတယ်ရော်။ ဒေါသမထွက်တာ သေချာရဲ့လား။
******
70 01
အခန်း ၇၀: မွန်မြတ်သော ယောင်္ကျား
ဤသည်ကို ကုယွီချင်းက သူ့ညီမအား သင်ကြားပေးရန် အခွင့်အရေးဟု တွေးလိုက်သည်။
ရှီလီက သူမညီမကို အနာဂါတ်တွင် အချစ်နွံထဲ၌ ကူကယ်ရာမဲ့လာမည်ဟု ပြောလာတော့ အခုကစပြီး ထင်မြင်ချက်တွေကို ဝေဖန်ပိုင်း ခြားနိုင်အောင် ဖြည်းဖြည်းချင်းစီ လုပ်ပေးသင့်လေသည်။
ကလေးသူငယ်တွေကို အသေးအမွှားကိစ္စလေးတွေက စတင်၍ သင်ကြားပေးရမှာပင်။
ညစာသွားစားသည့် လမ်းတွင် ကုယွီချင်းကသူမညီမကို လေးလေးနက်နက် ပြောပြလိုက်သည်။ “ညီမလေး၊ မမပြောပြမယ်၊ အပြင်လောကမှာ ယောက်ျားကောင်းဆိုတာတွေ မရှိဘူး။ ယောင်္ကျားတွေကို သတိထားရမယ်၊သူတို့တွေ ချဉ်းကပ်လာပြီဆိုရင်၊ အဲဒါ နင့်ဆီက တစ်ခုခု လိုချင်လို့ပဲ”
ကုယွီလန် ပြန်ဖြေလိုက်၏။ “ညီမလေး နားလည်ပါပြီ” ကောင်လေးတစ်ယောက်က ရှီလီကို ခေါ်သွားမှန်း သူမလည်း နားလည်သည်။
ကြောင်တွေအား စစ်ဆေးပြီးတာကို စောင့်ဆိုင်းနေရင်း ရှီလီသည် ကုညီအစ်မတွေကို တန်းလန်းကြီး ထားခဲ့ရသည့်အတွက် အားနာမိနေသည်။
ထို့ကြောင့် တောင်းပန်စာပို့လိုက်ပြီး နောက်တစ်ခေါက်ကျ စာကြည့်တိုက်ဆီအတူတူ သွားကြမယ်ဟု အကြံပြုလိုက်သည်။
[နောက်တစ်ခါကျ နင်ရော နင့်ညီမလေးနဲ့ပါအတူတူ ညစာစားကြမယ်လေ!]
စာကြည့်တိုက်သို့ အတူသွားကြပြီး၊ သူမကိုညစာကျွေးမည့် နောက်ထပ်အခွင့်အရေးကို ရှီလီက ကမ်းလှမ်းလာတော့ ကုယွီချင်း၏ဒေါသမှာ ရုတ်ချည်းပင် ပျက်ပြယ်သွားတော့၏။
ထိုအကြောင်းအား ဖူဟွေ့ရှင်းကိုတောင် သူမက ကြွားလိုက်ချင်သေးသည်။
ဖူဟွေ့ရှင်း၊ နင်ကဘယ်လိုလုပ် ငါ့နဲ့ယှဉ်နိုင်မှာလဲဟယ်။ ငါကမှ ဘုရင်မ၊ နင်ကတော့ ကိုယ်လုပ်တော်ဘဲ အမြဲတမ်း ဖြစ်မယ်သူ။
သူမအစ်မ၏ ရုတ်ချည်းပြောင်းလဲသွားသော အမူအရာကို ကုယွီလန် မြင်လိုက်ရတော့စိတ်ထဲကနေ မအံ့ဩမိဘဲ မနေနိုင်တော့ချေ။ စိတ်ပြောင်းတာလည်း မြန်လိုက်တာ။
ငှက်မွေးဖုန်သုတ်တံက ကြောင်လှောင်အိမ်နှင့်အတူ ပြန်ရောက်လာပြီး “ကြောင်အမေက အရမ်းကျန်းမာတယ်။ သူမကို ပြင်ပပိုးသတ်ဆေး ပေးထားတယ်”
ပြောက်ကြားကြောင်မှာ အချိန်အတော်ကြာ ဝမ်းဝအောင် မစားခဲ့ရတာကြောင့် ကြောင်စာကို စိတ်အားထက်သန်စွာဖြင့် အငမ်းမရ စားသောက်နေလေသည်။
ဖူဟွေ့ရှင်းက သူမကို ရှေ့တိုးလာစေပြီး ရွေးချယ်ခိုင်းလိုက်သည် “နင်မွေးစားချင်ရင်၊ဘယ်ကြောင်လေးကို မွေးစားမှာလဲ”
“ငါ ကြောင်အမေကို မွေးမယ်”
[ကြောင်လေးကောင် - ကြောင်အမေနဲ့ ကြောင်သုံးကောင်မှာ - သူမက ငါ့ကို သဘောမကျဆုံးဘဲ]
ထိုစကားကိုကြားတော့ ဖူဟွေ့ရှင်း၏ အောက်စိုက်ထားသော မျက်တောင်တို့မှာ အနည်းငယ် တုန်ရီသွားသော်လည်း မြေပြင်ကိုဘဲ စိုက်ကြည့်နေသည်။
ကြောင်အမေကတော့ အစာစားခြင်းမှာဘဲ ဗျာများနေကာ သူမအား လိုချင်နေသောထိုသူတွေ၏ ဖုံးကွယ်ထားသော ရည်ရွယ်ချက်ကို သတိမထားမိသေးပေ။
“ပြီးရင် သူမ အဖော်ပြုရအောင်လို့ ကြောင်လေးတွေထဲက နောက်တစ်ကောင်ကို ယူလိုက်မယ်”
ရှီလီ ခဏကြာ စဉ်းစားလိုက်ပြီး မေးလိုက်၏။ “ငါ မရွေးတဲ့ ကျန်တဲ့ကြောင်နှစ်ကောင်ကို နင်ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ”
70 02
ငှက်မွေးဖုန်သုတ်တံက အရေးမကြီးစွာ လက်ယမ်းပြလာပြီး “စိတ်ပူစရာမလိုဘူး၊ငါတို့က ကြောင်တွေ အများကြီးကို မွေးထားတာ၊ ကြောင်လေးနှစ်ကောင်လောက် ထပ်တိုးလာလည်း ဘာမှမထူးသွားဘူး” ရှီလီတွင် နောက်ထပ်စိုးရိမ်စရာ ရှိနေသေးတာကြောင့် မေးလိုက်သည်။ “ကြောင်လေးတွေက ရက်သားလေးတွေဘဲ ရှိသေးတာလေ။ တကယ်လို့ ကျွန်မက ကြောင်အမေကို ခေါ်သွားလိုက်ရင် အနာဂါတ်မှာ ကြောင်လေးတွေကို ဂရုစိုက်ပေးရတာ မခက်သွားဘူးလား။ မဟုတ်ရင်လည်း ကျွန်မပဲ ကြောင်လေးကောင်လုံးကို ခေါ်သွားပြီး မွေးစားလိုက်မယ်”
သူတို့၏ ဗီလာက အတော်လေး ကြီးမားတာကြောင့် ကြောင်အချို့ကို မွေးမြူရန်အတွက် အခန်းလွတ်တွေ များစွာရှိပေသည်။
ငှက်မွေးဖုန်သုတ်တံကတော့ ကြောင်လေးနှစ်ကောင်ကို ပျိုးထောင်ရတာ ဒုက္ခများမယ်လို့ မတွေးပေ။
သူတို့၏ဆိုင်တွင် ဝယ်သူမရှိတာကြောင့် သူ၏ လုပ်ဖော်ကိုင်ဖက်များမှာ အားယားနေကြတာပင်။ နို့စို့အရွယ် ကြောင်လေးတွေကို ကိုယ်တိုင်ကိုယ်ကျ ကျွေးမွေးလို့ရ၏။ ဒါ့အပြင် သူတို့မွေးထားသော ကြောင်တွေထဲတွင် အသေးလေးတွေကို ကူပြီးဂရုစိုက်ပေးနိုင်သော ကြောင်အမေအချို့လည်း ရှိသေးတာပင်။
ဖူဟွေ့ရှင်းက အရင်ပြောလာ၏။ “လောလောဆယ်တော့ ကြောင်လေးကောင်လုံးကို ဒီမှာပဲ ထားခဲ့လို့ရတယ်။ ကြောင်လေးတွေ အရွယ်ရောက်လို့ သူတို့အမေကို မလိုတော့ဘဲ သူတို့ဘာသာသူတို့ စားနိုင်တဲ့ အခါကျရင် လာခေါ်လို့ရတယ်လေ။ သူတို့ကို နင့်အိမ်မှာထက် ဒီမှာဆိုပိုပြီး ဂရုစိုက်ပေးလို့ရတယ်”
“ပြီးတော့ မွေးကင်းစ ကြောင်လေးတွေက ဖျားနာလွယ်တယ်။ ဒီမှာက ဘယ်လိုရောဂါပဲဖြစ်ဖြစ် မြန်မြန်စမ်းသပ်ပေးနိုင်တဲ့ ကျွမ်းကျင်သူ တိရစ္ဆာန်ဆရာဝန်တွေလည်း ရှိသေးတယ်။ အိမ်မှာဆို ဒီလိုလုပ်ပေးလို့ရမှာ မဟုတ်ဘူး”
“ဒီတိရစ္ဆာန်ဆေးခန်းက နင်ကျောင်းနဲ့လည်း နီးသေးတယ်။ တကယ်လို့ နင်ကြောင်လေးတွေကို ကြည့်ချင်ရင်၊ အတန်းပြီးမှ ဒီကိုလာတော့ ပိုပြီးအဆင်ပြေတာပေါ့”
ငှက်မွေးဖုန်သုတ်တံ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ဖူဟွေ့ရှင်းကို တစ်ခါတည်းနှင့် ဒီလောက် စကားအများကြီး ပြောတာမျိုးကို သူတစ်ခါမှ မမြင်ဖူးခဲ့တာပင်။
ဖူဟွေ့ရှင်းကို စကားထစ်ပြီး တစ်နေကုန် စကားမပြောဘဲ၊ မသက်မသာမဖြစ်ဘဲ နေနိုင်သည့်သူဟု ငှက်မွေးဖုန်သုတ်တံက ထင်ထားခဲ့တာကြောင့် မယုံကြည်နိုင် ဖြစ်သွားရ၏။
သူစကားပြောတိုင်း တစ်ခွန်းစ၊ နှစ်ခွန်းစသာ ပြောလေ့ရှိတာပင်။ အခုလို သာမန်အတိုင်း စကားပြောနေတာကို မြင်နေရတော့ သူ၏အသံက အတော်လေး နားထောင်လို့ ကောင်းပေသည်။
သူ့အကြံက ကောင်းမွန်တယ်လို့ ရှီလီ တွေးလိုက်သည်။ သူမတွင် တကယ်လည်းကြောင်ပေါက်လေးတွေကို သေချာဂရုစိုက်ပေးရာ၌ စွမ်းရည်မရှိသဖြင့် ကျွမ်းကျင်သူတွေကို ဂရုစိုက်ခိုင်းလိုက်ခြင်းက သူမကို စိတ်အေးစေသည်။
ငှက်မွေးဖုန်သုတ်တံကိုကြည့်ပြီး သူမ ပြောလိုက်၏။ “ဟုတ်ပြီလေ၊ ဒီကာလအတွင်း ကြောင်တွေကို ဂရုစိုက်ပေးဖို့ ရှင့်ကိုပဲ ဒုက္ခပေးရတော့မယ်”
သူမ၏ ဖုန်းထဲက ငွေပေးချေရေးလုပ်ငန်းကိုဖွ င့်လိုက်ပြီး မေးလိုက်သည်။ “ဒီတစ်ခေါက်အတွက် ရှင့်ကို ဘယ်လောက်ပေးရမလဲ”
အခုတော့ ငှက်မွေးဖုန်သုတ်တံ နားလည်သွားလေပြီ။ ဖူဟွေ့ရှင်းက ငယ်ရွယ်ပြီး စကားပြောမတတ်သော်လည်း ဘော့စ်ကတော့ ဘော့စ်ပဲဖြစ်သည်။
စီးပွားရေးလုပ်ငန်းက တက်ကြွစွာ ရှာဖွေခြင်းဖြစ်နေသည်။ ဖူဟွေ့ရှင်းကို မဖြူစင်သောရည်ရွယ်ချက်များ ရှိနေတယ်လို့ သူ ထင်ခဲ့ပေမဲ့၊ သူ့စီးပွားရေးကို အကျိုးရှိအောင် လုပ်နေတာတဲ့လား။ စောနတုန်းက သူ့ကို နားလည်မှုလွဲသွားတာဘဲ။
ဤသည်မှာ သူတို့တွေ ဆိုင်စဖွင့်ကတည်းက နှစ်ဝက်တွင် ပထမဆုံး ရှာနိုင်ခဲ့သော ပိုက်ဆံပဲဖြစ်သည်။
ပထမဆုံးအကြိမ်အဖြစ် ငွေလက်ခံရတော့ ငှက်မွေးဖုန်သုတ်တံ၏ လုပ်ရပ်တွေက အလွန်ကို ပျာယာခတ်နေပြီး ငွေလက်ခံရန်အတွက် သူ၏ ငွေပေးချေမည့်ကုဒ်ကိုတောင် ထုတ်ပေးလုနီးပါးပင်။
ငွေဘယ်လောက် ကုန်ကျတယ်ဆိုတာတော့ သူလည်း မသိပေ။ သူတို့က ပိုက်ဆံရှာဖို့အတွက်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးသဖြင့် ဈေးနှုန်းတွေ သတ်မှတ်ထားတာမျိုး မရှိပေ။
70 03
“အဆင်ပြသလိုသာ ပေးပါ” ဟူ၍ဘဲ သူပြောနိုင်သည်။
ရှီလီ: [ငါအဆင်ပြသလို ပေးရမယ်။ဒီစကားပြောတဲ့ လုပ်ငန်းကို ငါ အရင်ကမြင်ဖူးတယ်]
[ဘယ်လောက်ပေးရမလဲဆိုတာ ငါက ဘယ်လိုလုပ်ပြီး သိမှာလဲလို့။]
[တကယ်လို့ ငါက သူ့ကို တစ်ယွမ်ပဲပေးရင် လက်ခံမှာကျလို့]
ဖူဟွေ့ရှင်း: သူတကယ် လက်ခံမှာ။ ယခုချိန်အထိ ဝင်ငွေသုံည ဖြစ်ခဲ့ရာကနေ၊ငွေတစ်ယွမ်ကို လက်ခံလိုက်ရလျှင်တောင် ဝန်ထမ်းအားလုံးကို တစ်နေကုန် ပျော်သွားအောင် လုပ်ပေးနိုင်သည်။
['အဆင်ပြေသလိုသာ ပေးပါ' လို့ပြောရင် မုန်းလိုက်တာ]
ငှက်မွေးဖုန်သုတ်တံသည် ငွေပမာဏအများကြီး မတောင်းချင်၊ ငွေ ဘယ်လောက် တောင်းရမလဲဆိုတာလည်း မသိချေ။
ရှီလီသည် ခဏကြာ တွေးကြည့်ပြီးနောက် ငွေပမာဏအချို့ကို လွှဲပြောင်းပေးလိုက်ကာ“ကျွန်မအရင်ဆုံး ဒီလောက်ကို လွှဲပေးလိုက်မယ်။ တကယ်လို့ မလောက်ရင်လည်း ပြောနော်”
ငွေပမာဏကိုမြင်တော့ ငှက်မွေးဖုန်သုတ်တံမှာ ကုလားထိုင်ကနေ ထခုန်မိလုနီးပါးပင်။
“ပိုက်ဆံအများကြီးပဲ!”
“ဒီလောက် အများကြီးပေးဖို့ မလိုပါဘူးဗျာ”
ငှက်မွေးဖုန်သုတ်တံက စမ်းတဝါးဝါးနှင့် ငွေ့ပြန်လွှဲရန် လုပ်ရင်း “ဒီလောက်ကြီး ပေးစရာမလိုဘူး၊ ယွမ်တစ်ရာဆိုဘဲ အဆင်ပြေတယ်”
အခြားသော တိရစ္ဆာန်ဆေးခန်းတွေ၏ သတ်မှတ်ထားသည့် ငွေကြေးကို သူမ မသိသော်လည်း၊ ကြောင်တွေကို ရက်သတ္တပတ်နည်းနည်းလောက် ထားတာကို ယွမ်တစ်ရာဘဲလား။ ကျေးလက်က တိရစ္ဆာန်ဆေးကုဌာန ထင်နေတာလား။
တိရစ္ဆာန်ဆေးကုဌာနတောင် အဲ့လောက်ကြီး ဈေးပေါမှာ မဟုတ်ဘူး။
တစ်ခါတလေတွင် လူတွေက အတော်လေးကို ဆန့်ကျင်ဘက် ဖြစ်ကြသည်။ ဈေးကြီးသည့်အရာတွေကို မတန်မဆ ဈေးပေါစေချင်ကြသော်လည်း၊ မတန်မဆ ဈေးပေါတာနှင့်ကြုံပြန်တော့ အရည်အသွေးကို စိတ်ပူကြပြန်သည်။
ဤအဓိပ္ပာယ်မရှိသော ဈေးနှုန်းက ရှီလီကို စိတ်ပူလာစေသည်။ ဒီတိရစ္ဆာန်ဆေးခန်းက ကြောင်လေးတွေကို ရောင်းပစ်မှာလား မသိဘူး။ ကြောင်တွေကို ညှဉ်းဆဲမှာများလား။ကြောင်လေးတွေကို ဈေးပေါပြီး အဆိပ်ရှိတဲ့ကြောင်စာတွေကျွေးရင် ဘယ်လိုလုပ်မလဲ။
ရှီလီသည် ဤသို့အတွေးဝင်သွားပြီး စနောက်သလိုလိုဖြင့် ပြောလိုက်၏။
“ဒီလောက်ဈေးပေါတာ၊ သာမန်ခွဲစိတ်တာတွေကို မလိုဘူးလား၊ ဟမ်။ ဈေးကွက်ထဲ ထိုးဖောက်ဖို့အတွက်နဲ့ ကြောင်တွေကို အဆိပ်ရှိတဲ့ ကြောင်စာတွေ မကျွေးနဲ့ဦးနော်”
ငှက်မွေးဖုန်သုတ်တံက ယခုလို စွပ်စွဲချက်မျိုးကို လက်မခံနိုင်။ အမြန်အဆန်ဘဲ ခုခံပြောဆိုလိုက်၏။ “ဘယ်တော့မှ အဲ့လိုဖြစ်မှာ မဟုတ်ဘူး။ ဒီမှာရှိတဲ့ ငါတို့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးက ခွေးတွေ၊ ကြောင်တွေကို ချစ်ကြတဲ့သူချည်းဘဲ။ ဈေးကွက်ထဲက အကောင်းဆုံးထုတ်ကုန်တွေဘဲ ကျွေးကြတာ”
“ခွဲစိတ်တဲ့ ကုန်ကျစရိတ်ကို စိတ်မပူနဲ့။ ငါတို့ဘော့စ်က အရမ်းချမ်းသာတာ။ ငါတို့ကို လစာလည်းပေးပြီး ဆေးဝါးတွေ၊ ကြောင်စာတွေလည်း ဝယ်ပေးသေးတယ်”
“မင်းက ကြင်နာတဲ့သူဆိုတာ ငါမြင်ပါတယ်၊မိန်းကလေး၊ အဲတော့ ငါမင်းကို ဈေးလျှော့ပေးလိုက်မယ်”
“ရှင့်လို အလုပ်သမားမျိုးကို ရထားရတာ၊ရှင့်ဘော့စ်ကတော့ တကယ်ကံကောင်းတာဘဲ”
ငှက်မွေးဖုန်သုတ်တံမှာ ရှီလီက ချီးကျုးနေတယ်လို့ တွေးလိုက်ပြီး အနည်းနဲ့အများတော့ ဂုဏ်ဆာသွားသည်။
သူ့လို ဝန်ထမ်းကောင်းကို ရထားတာ ဘော့စ်တကယ် ကံကောင်းလို့ပေါ့။
70 04
အခုက သူတို့သုံးယောက်ပဲရှိပြီး ငှက်မွေး ဖုန်သုတ်တံ၏ ဘော့စ်မရှိတာကြောင့် ရှီလီမှာ အတွေးတွေကို စိတ်ထဲမထားတော့ဘဲ ထုတ်ပြောလိုက်တော့၏။
“ရှင့်ဘော့စ်က တကယ့်ကို အ,တာဘဲနော်”
သူသည် ဝန်ထမ်းတစ်ယောက်အနေဖြင့် ဘော့စ်အတွက် တန်ဖိုးမြှင့်ပေးရမည့်အစား၊ဘော့စ်၏ အခွင့်အရေးကို အသုံးချချင်မိ၏။
ဝယ်သူဖြစ်သည့် ရှီလီအတွက်ကတော့ ဘော့စ်က အလွန်ကြင်နာတတ်သောသူပင်။
ရှီလီ၏ အရင်က ချီးကျူးတာတွေက သူ့ကို ပြောနေတာမဟုတ်ဘူးလို့ ငှက်မွေးဖုန်သုတ်တံ မထင်မှတ်ထားခဲ့ပေ။
တကယ်တော့ သူ့ဘော့စ်သာ ရှိမနေပါက ဝန်ထမ်းဖြစ်သော သူသည်လည်း ဘော့စ်အားငအလို့ ခေါ်တာကို သေချာပေါက် သဘောတူမိမှာပင်။
အခုတော့ ဘော့စ်က သူတို့ရှေ့တည့်တည့်တွင် ရှိနေလေသည်။ ဘော့စ်က သူ့ထက်ငယ်သော်လည်း အများအားဖြင့် သူတို့နှင့် အရောတဝင်မနေပေ။
စိတ်ပိုင်းဆိုင်ရာ အသိဉာဏ် သုညသာရှိသော ငှက်မွေးဖုန်သုတ်တံတောင် သူ့ဘော့စ်၏ရှေ့တည့်တည့်၌ မကောင်းမပြောရဲပေ။
ရှားပါးသော စိတ်ပိုင်းဆိုင်ရာ အသိဉာဏ်ကို ရရှိသွားပြီး ဤသည်က ခေါင်းဆောင်၏ရှေ့တွင် အမှတ်ယူရမည့် အခွင့်အရေးဖြစ်တာကို နားလည်သွားသည်။
ထို့ကြောင့် ရင်ကော့ပြီး စိတ်ပြင်းစွာဖြင့် သူပြောလိုက်သည်။ “မိန်းကလေး၊ မင်းမှားနေပြီ။ ငါတို့ဘော့စ်က ငအ,မဟုတ်ဘူးဗျ၊ ဒါနပြုရတာကို သဘောကျတဲ့ မွန်မြတ်တဲ့ ပရဟိတဒါနရှင်တစ်ယောက်ပါ။ သူကလေ ပြန်ရမှာကို စိတ်ထဲမထားဘူး… (ဒီနေရာကစာလုံးရေ 800 ကို ကျော်ချလိုက်ပါတယ်)...ဘယ်လိုတောင် စွန့်လွှတ် အနစ်နာခံပေးတတ်တဲ့ စိတ်ဓာတ်လဲဗျာ!”
ဖူဟွေ့ရှင်းမှာ နှုတ်ခမ်းတွေ တွန့်နေရင်း နားထောင်နေရ၏။ ကံကောင်းစွာဖြင့် မွန်မြတ်သော ပရဟိတဒါနရှင်က သူဆိုတာကို ရှီလီ မသိသဖြင့် သူနှင့် မဆိုင်သလိုဘဲ ဟန်ဆောင်နေလိုက်သည်။
******
အခန်း ၇၁: ကျောင်းအုပ်လုမှာ ဆရာတွေ အများကြီးနဲ့ မသင့်လျော်တဲ့ ဆက်ဆံရေးတွေရှိတယ်
“တရုတ်လှုံ့ဆော်ရေး” ၏ ထိုက်တန်သောမိန့်ခွန်းဆုလို့ ဖော်ပြနိုင်လောက်သည်များကို နားထောင်နေရသဖြင့် ရှီလီ၏နားများမှာ ထုံထိုင်းနေလေပြီ။ အားထားရသော ပုံရိပ်တစ်ခုက သူမရှေ့တွင် ပေါ်ပေါက်လာ၏။
[ရှင့်ကို ကြော်ငြာရေးသူအနေနဲ့ “တရုတ်လှုံ့ဆော်ရေး” ရဲ့ ထုတ်လုပ်ရေးအဖွဲ့က အလုပ်မခန့်ကြတာ သူတို့ရဲ့ အရှုံးပဲ]
သူ့စကားတွေက အနည်းငယ် အမြီးအမောက် မတည့်သော်လည်း နာခံမှုရှိစွာဖြင့် ကြီးပြင်းလာခဲ့သော ရှီလီမှာ သူ့ကို မနှောင့်ယှက်လိုက်ပေ။
သို့သော် သူမ ငြီးငွေ့နေတာ ကြာလှလေပြီ။
ပုံဆိုဆိုလျှင် ကျောင်းစုဝေးပွဲတွေ၌ ကျောင်းအုပ် သို့မဟုတ် ကျောင်းသားများ မိန့်ခွန်းပြောကြလျှင် သူမစိတ်ထဲတွင် အခြားအကြောင်းတွေကို တွေးနေမှာဖြစ်သည်။
သူမစိတ်ထဲမှာတော့ ဒီလူက ငအ,ရဲ့ပုံရိပ်ကို ယူသွားလေပြီ။
အပြင်ဘက်က ကောင်းကင်တွင် မှောင်ရိပ် သန်းနေပြီ ဖြစ်တာကြောင့် ထိုသူ့အား အသုံးမဝင်သော စကားတွေကို ဆက်ပြောခိုင်းလို့ မဖြစ်ချေတော့။
ရှီလီက သူတို့၏ မူလစကားခေါင်းစဉ်ကို ပြန်ဆွဲခေါ်လိုက်ပြီး “ရပါပြီ၊ ရှင့်ဘော့စ်က လူကောင်းတစ်ယောက်ပါ၊ ဒါပေမဲ့ လူကောင်းတစ်ယောက်ကို ဆုံးရှုံးခံရစေလို့ မဖြစ်ဘူးလေ။ လောလောဆယ်တော့ ဒီပိုက်ဆံကို ရှင်သိမ်းထားသင့်တယ်။ တကယ်လို့ ပိုနေတယ်ဆိုလည်း ရှင်မွေးစားထားတဲ့ တိရစ္ဆာန်လေးတွေရဲ့ ဘဝတွေကို တိုးမြှင့်ပေးတဲ့အခါမှာ သုံးလို့ရတာလဲလေ”
"ငှက်မွေးဖုန်သုတ်တံ" သက်ပြင်း ချလိုက်ပြီး“မင်းက အတွင်းရော၊ အပြင်ပါ လှတာပဲ”
“လာ၊ ဆက်သွယ်ရမဲ့ အချက်အလက်တွေ ဖလှယ်ကြရအောင်။ တကယ်လို့ ပြဿနာတစ်ခုခု ပေါ်လာရင်၊ ဒီနံပါတ်ကနေ ဆက်သွယ်လို့ရတာပေါ့”
"ငှက်မွေးဖုန်သုတ်တံ"က သဘောတူညီစွာ ခေါင်းညိတ်လိုက်ပြီး အခြေအနေအား ရှီလီကိုပဲ ဦးစီးခွင့်ပြုလိုက်သည်။
အားလုံး အနည်ထိုင်သွားတော့၊ ရှီလီ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
မသွားခင်တွင် ကြောင်အမေ၏ ခေါင်းကိုပုတ်လိုက်ပြီး အိပ်ပျော်နေသော ပြောက်ကြားကြောင်ကို နှိုးလိုက်သေးသည်။
ပြောက်ကြားကြောင်က ပျင်းတိပျင်းတွဲဖြင့်သူမကို စိုက်ကြည့်လာပြီး ဆက်အိပ်ရန်အခြားဘက်ကို ခေါင်းလှည့်လိုက်သည်။
ကြောင်၏ အိပ်မက်တွေကို နှောင့်ယှက်လိုက်သူကတော့ နောင်တရပုံမပြဘဲ၊ ကျယ်လောင်စွာပင် ရယ်လိုက်သေး၏။
ဖူဟွေ့ရှင်းက သူမကို တံခါးနားဆီ လိုက်ပို့ပေးပြီး “အခုနေ မှောင်နေပြီ၊ ဒီလမ်းကြားက အတော်လေး လူပြတ်တယ်။ မိန်းကလေးတစ်ယောက်တည်းသွားရင် မလုံခြုံဘူး။ ငါနင့်ကို အိမ်ပြန်လိုက်ပို့ပေးမယ်”
ရှီလီလည်း ယခင်ဖြစ်ရပ်ကို မှတ်မိသည်မှာသဘာဝကျပြီး ဖူဟွေ့ရှင်းက သူမကို အဖော်ပြုပေးဖို့ ကမ်းလှမ်းလာတယ်ဆိုတော့ သေချာပေါက် ငြင်းလိုက်မှာ မဟုတ်ပေ။
စာကြည့်ခန်း၏ ဝင်ပေါက်တွင် စောင့်ဆိုင်းနေရင်း ဖူဟွေ့ရှင်းကို မနှုတ်ဆက်ခင်တွင် အာလာပသလ္လာပပြောရန် ရှီလီ စဉ်းစားနေလိုက်သည်။
သူက အရှေ့ထောင့်ဖြတ်ကို ကြည့်နေသဖြင့် အေးမြသော အဖြူရောင်အလင်းရောင်က သူ့မျက်နှာပေါ် ကျရောက်နေတာကြောင့် သူ၏ ထင်ရှားသော မျက်နှာအစိတ်အပိုင်းများကို ရှီလီ ရှင်းလင်းစွာ မြင်နိုင်သည်။
“ဒီနေ့အတွက် ကျေးဇူးဘဲ”
[နောက်ကျနေပြီဆိုတော့ နင်လည်း ပြန်သင့်ပြီ]
“ရပါတယ်”လို့ သူ ပြောလာမှာကို သူမ စောင့်နေတာကြောင့် ဤစကားနှစ်ခွန်းနှင့်တင် ရပ်လိုက်သည်။
“ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ ညစာအတွက် ပြုတ်ထားတဲ့ အစားအစာတွေ စားဖို့စီစဉ်နေတာ၊ နင်ရော လိုက်ဦးမလား”
“ဒါပေါ့၊ သွားမယ်လေ” ရှီလီ ခွဲခွာရမည့်နည်းလမ်းတွေကို ချက်ချင်းပင် မေ့သွားတော့သည်။
အစားကြီးသူ မဟုတ်ကြောင်းကို သက်သေပြရန်အတွက် သူမ ထပ်ပေါင်းပြောလိုက်၏။ “ဒီတစ်ခေါက်၊ ငါဒကာခံမယ်။ ငါ့ကို ကူညီပေးတဲ့အတွက် နင့်ကို သေချာကျေးဇူးမတင်ရသေးဘူး”
“ငါ့အထင်တော့ နင် ကျေးဇူးတင်ပြီးပါပြီ”နဖူးစည်းစာတန်းနဲ့ ရွှေတံဆိပ်ဆုလေ။
ရှီလီက သူ့နားထဲတွင် စကားလုံးများ လွင့်မြောနေရန် စကားတစ်ခွန်း ပြောခဲ့ပြီး စာကြည့်ခန်းထဲသို့ လေအလျင်ဖြင့် ဝင်ရောက်သွားသည်။ “ငါ့ကိုခဏစောင့်၊ ငါ့ကျောင်းလွယ်အိတ်ကို သွားယူလိုက်ဦးမယ်!”
ကုညီအစ်မတွေက စာကြည့်ခန်းထဲကနေ ထွက်ခွာသွားပြီဖြစ်ပြီး သူတို့၏ မူလနေရာ၌ယခုဆို လူငယ်စုံတွဲတစ်တွဲက နေရာယူထားသည်။
ကုယွီချင်းက ရှီလီအတွက်တည်းသာ လာခဲ့တာဖြစ်သဖြင့် ရှီလီ ထွက်သွားတာနှင့် သူမလည်း ကြာကြာမနေတော့ချေ။
မစားသောက်ခင်၌ သူတို့၏ ကျောင်းလွယ်အိတ်တွေကိုယူပြီး မိသားစုဒရိုင်ဘာတွေကိုမူ အစားအသောက်ရောင်းသည့်လမ်း၌ စောင့်ခိုင်းထားခဲ့ကာ ညီအစ်မတွေ ညစာစားပြီးနောက် အိမ်ကို တန်းတန်းမတ်မတ် ပြန်ကြမှာဖြစ်သည်။
ရှီလီလည်း ထိုနည်း၎င်းပင်၊ ဖူဟွေ့ရှင်းနှင့် ညစာစားပြီးမှ မိသားစုပိုင်ကားထဲဝင်မှာပင်။
နောက်တစ်ခေါက်ကျ ကုယွီချင်းနှင့် စာကြည့်ခန်းဆီသွားရန် ကတိပေးထားတာကြောင့် သူမ၏ စကားကို ပြန်ရုတ်သိမ်းမှာတော့ မဟုတ်ပေ။ နောက်နေ့ညနေခင်းတွင် အပြင်ထွက်ကြဖို့ ကုယွီချင်းကို စိတ်ရင်းဖြင့် ဖိတ်လိုက်သည်။
ကုယွီချင်းတွင် နောက်နေ့ညနေခင်း၌ အခြားအစီအစဉ်တွေ မရှိပေ၊ အကယ်၍ ရှိခဲ့ရင်တောင် ထိုဟာတွေကို သူမ ဖျက်သိမ်းပစ်လိုက်မှာဖြစ်၏။
ဘယ်လိုဘဲဖြစ်ဖြစ် ရှီလီက အရင်စပြီး သူမကိုအပြင်သွားရန် ပထမဆုံးအကြိမ်အဖြစ် ဖိတ်ခေါ်လာတာဖြစ်ပြီး အရင်တုန်းက တစ်ခါမှမရှိခဲ့ဖူးသော အခွင့်အရေးပင်။
ဤသည်က အရင်နေ့ကအတွက် ရှီလီ၏အလျော်ပြန်ပေးသော နည်းလမ်းဆိုသော်ငြား ကုယွီချင်းကတော့ အလွန်ပျော်မိသည်။
ကျောင်းမလွှတ်ခင် ကိုယ်ပိုင်စာကြည့်ချိန်၌ ထိုနေ့က ဆရာပေးလိုက်သော အိမ်စာတွေကို ခါတိုင်းလိုဘဲ ရှီလီ လုပ်ပြီးလေ့ရှိသဖြင့် အိမ်မပြန်ခင်တွင် အိမ်စာတွေ လုပ်နေလိုက်၏။
ယနေ့တွင် ကျောင်းဆင်းတာနှင့် ကုညီအစ်မတွေကို မုန့်လိုက်ကျွေးရန် စီစဉ်ထားသဖြင့် အချိန်ကြာမှာဖြစ်တာကြောင့် ကျောင်းမှာပဲ အိမ်စာတွေကို တတ်နိုင်သမျှ မြန်မြန်ပြီးအောင် မျှော်လင့်နေရသည်။
သို့သော် ကိစ္စတွေက စီစဉ်ထားသည့်အတိုင်း ဖြစ်မလာ။ ကိုယ်ပိုင်စာကြည့်ချိန် ရောက်ပြီဆိုတာနှင့် ဆယ်မိနစ်ခန့် အကြာတွင် အသံလွှင့်ချက်က ရုတ်တရက်ဆန်စွာ အသံထွက်ပေါ်လာတော့သည်။ စပီကာမှ ထွက်ပေါ်လာသည်မှာ အတန်းဒါရိုက်တာကျူး၏အသံဖြစ်ကာ ဝိုင်ယာကြိုးတွေမှတစ်ဆင့် ဖော်ရွေဟန် စွက်နေသော လေသံပါ ကပ်လိုက်လာသည်။
အသံလွှင့်ချက်၏ အကြောင်းအရာကတော့တစ်လုံးမျှပင် အသုံးမဝင်ပါချေ။
၎င်းမှာ အတန်းစည်းကမ်းအသစ် အချို့သာဖြစ်ပြီး အမှိုက်ပုံးထဲကို အမှိုက်မထည့်ရနှင့် စားပွဲပေါ်စာအုပ်မတင်ရဟူသော အဓိပ္ပာယ်မရှိသည့် စည်းမျဉ်းတွေပင်။
ရှီလီက သင်္ချာပုစ္ဆာတွေ တွက်နေသော်လည်းအသံလွှင့်ချက်၏ အသံက သူမ၏နားထဲ ဝင်လာတာကြောင့် သူမ ကြားရသည်မှာ သဘာဝပဲဖြစ်၏။
သူမ မနေနိုင်တော့ဘဲ ဒရာမာဆန်ဆန် မျက်လုံးလှိမ့်လိုက်ပြီး စိတ်ထဲကနေ အပြစ်ပြောလိုက်သည်။ [ဘယ်သူ့ဦးနှောက်ကို မြည်းကန်လိုက်လို့ ဒီလိုစည်းကမ်းတွေ ထွက်လာတာလဲ မသိဘူး]
လူတိုင်းမှာ ဒီထက်ပိုပြီး သဘောမတူဘဲ မနေနိုင်ကြတော့။
အတန်းခေါင်းဆောင်မှာ အရင်တုန်းက စာတွေကို ပြန်မှတ်မိအောင် လုပ်နေစဉ်၌ အသံလွှင့်ချက်အသံက သူ့ကို အနှောင့်အယှက်ပေးလာသည်။ အသံလွှင့်ချက်၏ အကြောင်းအရာမှာ နားမခံသာသဖြင့် နောက်တန်းမှာရှိသော သူ့ထိုင်ခုံကနေ ထလိုက်ကာ စင်မြင့်ဆီသွားပြီး အသံလွှင့်ချက်ကို ပိတ်ပစ်လိုက်၏။
ထို့ကြောင့် စာသင်ခန်းမှာ တိတ်ဆိတ်သွားပြီး စင်္ကြံမှလာသော အသံဖျော့ဖျော့သာ ထွက်ပေါ်နေသည်။ လူတိုင်းသည် နားကြပ်တွေကို ပြိုင်တူတပ်လိုက်ကြပြီး စိတ်ရှုပ်စရာကောင်းသည့် ဆူညံသံတွေကို ပိတ်ဆို့ပစ်လိုက်တော့သည်။
ရှီလီ တွေးလိုက်၏။ [ကိုယ်ပိုင်ကျောင်းမှာမှ ဒီလိုတွေ ပြောရမှာလေ၊ ဝက်ခေါင်းဒါရိုက်တာက အစိုးရကျောင်းမှာလည်း ဗျူရိုကရေစီစနစ်တွေ လိုက်ဖြန့်ပစ်နေတယ်]
သူမက မြို့ထဲရှိ အကောင်းဆုံး အစိုးရကျောင်းတွင် တက်ရောက်နေတာဖြစ်ပြီး သူမ၏ အဆင့်တွေနှင့်ဆို အကောင်းဆုံး စီရင်စုက အထက်တန်းကျောင်းမှာ တက်ရောက်လို့ရ၏။ သို့သော် ထိုနေရာက အပြုအမူတွေကို သူမသည်းမခံနိုင်သဖြင့် နောက်ဆုံးတွင် ချန်ပုကျောင်းကိုဘဲ သူမ ရွေးချယ်ဖြစ်ခဲ့တာပင်။
လူတိုင်းမှာ ရှီလီ၏ အကဲဖြတ်ပုံကို ပြင်းပြင်းထန်ထန် သဘောတူကြပြီး အသေးအမွှားလေးကအစ ဇာချဲ့လွန်းသော ဒါရိုက်တာကျူးကို မကျေနပ်ကြပေ။
ရံဖန်ရံခါတွင် မည်မည်ရရ ဒုက္ခမဖြစ်စေသောသူတွေကိုလည်း ဒေါသထွက်တတ်သေးကာသူတို့တွေ မကြာခဏ ထိတွေ့ဆက်ဆံနေရသည့် ဆရာမဟုတ်သဖြင့် သူ့ကို အစားထိုးပစ်ဖို့ ကျောင်းအား မည်သူမှ မတိုင်ကြားကြခြင်းပင်။
နားကြပ်တွေတပ်ပြီး ပြင်ပဆူညံသံများကို ပိတ်ဆို့ပြီးတာနှင့် ကျောင်းဆင်းသည်အထိ ကိစ္စတွေကို မေ့လျော့ထားလိုက်ကြ၏။
ဘယ်သူကမှ ဒါရိုက်တာကျူး၏ စကားတွေဆို အလေးအနက် မထားကြပေ။ အတိတ်တုန်းကဆိုလျှင် ဆုံးဖြတ်ချက်တွေကို ရံဖန်ရံခါ တစ်ဝက်တစ်ပျက် ချတတ်သော်လည်း ဘယ်ကျောင်းသားကမှ အရေးမလုပ်တာပင်။
သူ၏ ထိုစည်းကမ်းတွေအား ကျောင်းသားတွေကို လိုက်နာစေဖို့ ဆရာတွေကတောင် တောင်းဆိုမည် မဟုတ်ပေ။
ယခုလို အသေးအမွှား ကိစ္စလေးအတွက် အတန်းတင်အစည်းအဝေးပွဲတွင် ဒါရိုက်တာကျူးက အတန်းပိုင်ကို မျက်စိကျသွားမယ်လို့ ဘယ်သူမှ မထင်မှတ်ထားကြချေ။
အစည်းအဝေးခန်း အနားက ဖြတ်သွားသော စွင်းယိလင်မှာ ဒါရိုက်တာကျူးရဲ့ ဒေါသထွက်နေသော အသံကို ကြားခဲ့ရသူပင်။ သူမသည် အစကတော့ ဘယ်ကံဆိုးသည့် ပုဂ္ဂိုလ်ကများ ဒါရိုက်တာကျူးထံမှ ဆူငေါက်ခံနေရလဲဆိုတာကို အံ့ဩနေမိသော်လည်း နောက်တစ်စက္ကန့်တွင် သူတို့အတန်းပိုင်၏ နာမည်အပြည့်အစုံအား ခေါ်လိုက်တာကို ကြားခဲ့ရ၏။
စွင်းယိလင်၏ အပြုံးမှာ ရုတ်ချည်းပင် အေးခဲသွားရသည်။ သူတို့၏ အတန်းပိုင်ကို သိလာတာ မကြာသေးပေမဲ့၊ သူတို့နှင့် တစ်သားတည်း ဖြစ်နေပြီးသားပင်။ ဘယ်လိုဖြစ်လို့ လုပ်ဖော်ကိုင်ဖက်တွေ အရှေ့မှာမှ ဝက်ခေါင်းဒါရိုက်တာဆီကနေ အဆူခံရတာလဲ။ အရမ်းအရှက်ရစေတယ်။
ဘာကြောင့် ဝက်ခေါင်းဒါရိုက်တာက သူတို့အတန်းပိုင်အား ဆူနေလဲဆိုတာကို သိချင်၍ စွင်းယိလင်သည် တံခါးနားသို့ တိတ်တိတ်လေးကပ်လိုက်သည်။
မိနစ်အနည်းငယ်ခန့် နားထောင်ပြီးနောက် ဆူနေရသည့် အကြောင်းကို သူမ သိလိုက်ရလေပြီ။
၎င်းမှာ လွန်ခဲ့သော နှစ်ရက်တုန်းက ကိုယ်ပိုင်စာကြည့်ချိန်တွင် အသံထုတ်လွှင့်ခဲ့သော စည်းကမ်းအသစ်များကြောင့် ဖြစ်သည်။ သူတို့တွေ အတန်းဆင်းတော့ စားပွဲပေါ်တွင် စာအုပ်တွေကို ထားခဲ့သဖြင့် ထိုအတွက်နှင့် အတန်းပိုင်ကို အပြစ်တင်ပြော ဆိုနေခြင်းပင်။
စွင်းယိလင်သည် ဆက်ပြီးနားထောင်ရန် မလိုအပ်တော့သဖြင့် စာသင်ခန်းဆီ အမြန်ပြန်ပြေးသွားလိုက်သည်။
ထိုသတင်းကို သူမဘာသာဘဲ မသိမ်းထားနိုင်တာကြောင့် စာသင်ခန်းထဲသို့ ပြန်ရောက်ရောက်ချင်းမှာတင် လူတိုင်းအား ပြောပြလိုက်တော့သည်။
“ငါ အစည်းအဝေးခန်းနားက ဖြတ်သွားတုန်းကလေ၊ ငါတို့တွေ အတန်းဆင်းတော့ စားပွဲပေါ်မှာ စာအုပ်တွေ ထားခဲ့လို့တဲ့၊ ဝက်ခေါင်းက ငါတို့အတန်းပိုင်ကို ဆူနေတာ”
လူတိုင်း: ???
၎င်းမှာ အလွန်တရာကိုမှ အဓိပ္ပာယ်မရှိသည့်အတွက် သူမ ပြောနေတာကို လူတိုင်း သံသယဝင်ကြလေသည်။
“ငါတို့ အတန်းပိုင်ကတော့ ပြန်လာရင် ငါတို့ကို ကျိန်းသေပေါက် ဆူတော့မှာဘဲ၊ ပြီးရင် အဲ့ဒီအဓိပ္ပာယ်မရှိတဲ့ စည်းကမ်းတွေကို လိုက်နာခိုင်းတော့မှာ”
အတန်းချိန် တစ်ဝက်လောက် ကြာပြီးနောက်အတန်းပိုင် ပြန်ရောက်လာ၏၊ သို့သော် သူ့မျက်နှာထားကတော့ ပုံမှန်ပင်။ သူသည် ဒေါသမထွက်သလို၊ အတန်းအတွက် မည်သည့် လိုအပ်ချက်ကိုမှလည်း ထုတ်ပြောမလာပေ။
လူတိုင်း တိတ်တိတ်ဆိတ်ဆိတ် စာလုပ်နေကြတာကို မြင်လိုက်ရတော့ သူအတော်လေး ကျေနပ်သွားသည့်ပုံပင်။
သူ့အပြုအမူက စွင်းယိလင်ကို အစောပိုင်းတုန်းက လိမ်ပြောခဲ့သလိုမျိုး ဖြစ်စေတာကြောင့် သဘာဝကျကျဘဲ သူမ သက်သေပြရမှာပင်။
ထို့ကြောင့် အတန်းပိုင် မထွက်သွားခင်တွင် သူမ မေးလိုက်သည်။ “ဆရာ၊ ခုနတုန်းက ဒါရိုက်တာကျူးဆီက အဆူခံခဲ့ရတာလား”
ဒီစကားကိုကြားတော့ ရှီလီမှာ မျက်နှာကို မအုပ်မိဘဲ မနေနိုင်တော့ [ဪ၊ ဒီအရူးမလေးကတော့၊ ဒီလောက် ရိုးသားတဲ့လူကို ငါလေ တစ်ခါမှ မမြင်ဖူးဘူး]
အတန်းပိုင်က တည်တည်ငြိမ်ငြိမ်ဘဲ ပြောလိုက်သည်။ “ထွေထွေထူးထူး မဟုတ်ဘူး၊အလုပ်နဲ့ ပတ်သက်တာပါ”
[အရေးမကြီးသလို လုပ်နေတာဘဲ၊ သေချာပေါက် ဝက်ခေါင်းဒါရိုက်တာက ပုံမှန်အတိုင်း ဒေါသထွက်ခဲ့တယ်ဆိုတာ ရှင်းနေပြီ]
ဆရာတစ်ဦးအနေဖြင့် ကျောင်းသားတွေရှေ့၌ သူ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် လိုအပ်တာကြောင့် ကျယ်လောင်စွာ ရယ်မိလို့ မဖြစ်ပေ။ သို့သော် ရယ်ချင်တာကို အောင့်ထားရတာကလည်း အတော်ခက်ပေသည်။
အစောပိုင်းတုန်းက ဘာမဟုတ်တာကြောင့် အဆူခံခဲ့ရသဖြင့် ထွက်နေသော ဒေါသမှာ ရုတ်ချည်းပင် ပြေလျော့သွားတော့၏။
အာဏာရှင်ဆန်တဲ့ ခေါင်းဆောင်ကို တစ်စုံတစ်ယောက်က စော်ကားနေတာကို ကြားရတာထက် ကျေနပ်ဖို့ကောင်းတာ ဘာရှိဦးမှာလဲ။ ဘာမှမရှိဘူး။
ရှီလီက လက်ပေါ် မေးထောက်လိုက်ပြီးအတန်းပိုင်၏ ပုံသန်းသွင်ပြင်ကို အပေါ်အောက် စစ်ဆေးလိုက်သည်။
[ငါအရင်က သတိမထားမိခဲ့ဘူး၊ အတန်းပိုင်က တော်တော်ခန့်တာဘဲ၊ အဲဒီခြေတံရှည်တွေကို ကြည့်စမ်းပါဦး]
စောနကဖြစ်ရပ်ကြောင့် တိတ်တိတ်လေး စိတ်ပေါ့ပါးသွားသည့် အတန်းပိုင်မှာ တစ်တန်းလုံးရှေ့တွင် သူ၏ ရုပ်ပိုင်းဆိုင်ရာအား ကျောင်းသူတစ်ဦးထံမှ ရုတ်တရုတ်ဆန်စွာ မှတ်ချက်ပေးခြင်းကို ခံလိုက်ရရှာသည်။
နေရာမှာတင်ဘဲ သူ့မျက်နှာမှာ နီရဲလာပြီး ဒီခေတ်ကလေးတွေ အရမ်းရဲတင်းလွန်းတယ်လို့ တွေးလိုက်သည်။ သူတို့တုန်းကဆို…
[ဒါရိုက်တာကျူးက ကျောင်းအုပ်လုရဲ့ ယောက်ဖ]
ကျောင်းတွင်း၌ ၎င်းမှာ လျှို့ဝှက်ချက် မဟုတ်ပေ။
ထို့ကြောင့်သာ ဒါရိုက်တာကျူးက သူ၏ရေပေါ်မှာ မနည်းခေါင်းဖော်ထားရသော အရည်အချင်း၊ ဆက်ဆံရေး ညံ့ဖျင်းကာ ကျွမ်းကျင်စွာ စီမံခန့်ခွဲနိုင်မှု မရှိသော်လည်း အတန်းဒါရိုက်တာဟူသော ရာထူးကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားနိုင်ဆဲ ဖြစ်နေတာပင်။
ဘာကြောင့်ဆို သူက ယောက်ဖကောင်းတစ်ဦးဖြစ်နေလို့ပဲ ဖြစ်၏။
[ဟင်း၊ ကျောင်းအုပ်လုမှာ ငါတို့ကျောင်းက ဆရာတွေ အများကြီးနဲ့ မသင့်လျော်တဲ့ ဆက်ဆံရေးတွေရှိတယ်]
အတန်းပိုင်: အို၊ အဲ့လိုကိစ္စမျိုး ရှိသေးတယ်လား။
သူ အခုတော့ သိလိုက်ပြီ။ ကျောင်းအုပ်လုရဲ့ဒီလျှို့ဝှက်ချက်ကို သိလိုက်ရပြီဆိုတော့ သူ့ကို ဆွဲချလို့ရပြီ။
ဒါရိုက်တာကျူး၏နောက်ခံ မရှိတော့ဘူးဆိုတာနှင့် ဒီကျောင်းတွင် သူ ဆက်ပြီး နေနိုင်တော့မှာ မဟုတ်ပေ။
ရှီလီက တကယ့်ကို စဉ်းစားပေးတတ်ပြီးလိမ္မာတဲ့ ကလေးဘဲ၊ ဒီလို အလိုအပ်ဆုံးသတင်းကို သူ့ကို ယူဆောင်လာပေးတယ်။
အတန်းပိုင်က အရမ်းငယ်သေးပြီး တုံးအ၏။
ကျောင်းသားတွေက ရှီလီကို ကောင်းကောင်းနားလည်နိုင်တယ်လို့ ပြောမည့်အစား၊ ရှီလီမှတစ်ဆင့် လူသားသဘာဝ၏ အောက်ခြေကန့်သတ်ချက်ကို နားလည်လာကြသည်ဟုပြောမှသာ ပိုပြီးတိကျမှာ ဖြစ်သည်။
ရှီလီ၏ စကားတွေထဲတွင် ကွယ်ဝှက်ထားသော အဓိပ္ပာယ်တွေ ထပ်ပြီးရှိသေးတယ်လို့ အမြဲတမ်း ခံစားမိနိုင်၏။
[အဲဒီဆရာတွေအားလုံးက ဂုဏ်သိက္ခာရှိပြီး ခန့်ညားတဲ့ပုံပေါ်ပေမဲ့၊ ဘယ်လိုလုပ်ပြီးများ ကျောင်းအုပ်လုနဲ့ အိပ်ဖို့ကို သဘောတူကြတာလဲ မသိဘူး။ ]
အတန်းပိုင်: နေစမ်းပါဦး၊ ဘာပြောလိုက်တယ်။
ဘာလို့ “ခန့်ညားတယ်” လို့ သုံးလိုက်တာလဲ။ သူ ထင်နေသလိုများလား။
လူတိုင်း: ဟုတ်ပါတယ်၊ ထင်နေတဲ့ အတိုင်းပါပဲ။
******
အခန်း ၇၂: အချို့သော “ထူးချွန်သည့် ပါရမီ”
သာမန်ဖြတ်သွားဖြတ်လာ လူတစ်ယောက်အတွက်ကတော့ ချန်ပုကျောင်း၏ လက်ထောက် ကျောင်းအုပ်က ဆရာတစ်ဦးနှင့် ချစ်ကြိုက်နေတယ်လို့ ကြားလိုက်ရတာနှင့်ကို ထိတ်လန့်သွားစေဖို့ လုံလောက်ပေသည်။
သို့သော် ကျောင်းရှိ ဆရာတွေနှင့်ကျောင်းသားတွေ အတွက်ကတော့ ဤအံ့အားသင့်စေသောသတင်းကြောင့် ပိုပြီးမှင်သက်မိသွားစေ၏။
ရှီလီသိနေသည့် ကမ္ဘာမြေကို ကြေမွစေသွားသည့် လျှို့ဝှက်ချက်တွေ ဘယ်လောက်တောင် ရှိနေမလဲဆိုတာကို ကျောင်းသားတွေ မအံ့ဩမိဘဲ မနေနိုင်တော့ပေ။
သူမကို အတွင်းကျကျ အမှန်တရားတွေ အားလုံးအကြောင်းကို စိတ်ထဲကနေ ပြန်လည် ပြောပြပေးဖို့ တစ်နေ့တာကို ကုန်ဆုံးပေးနိုင်မလားဆိုပြီး သူတို့တွေ တွေးဆမိ၏။
ဒါပေါ့၊ သူတို့က အတင်းအဖျင်းဘဲ စိတ်ဝင်စားတာတော့ မဟုတ်ဘူး - သူတို့ ဘေးပတ်လည်က လူတွေကိုလည်း စိုးရိမ်ကြသေးတယ်။
အမှန်ပဲ
ဒီလို သတင်းအချက်အလက်တွေကို ပိုင်ဆိုင်ထားရတဲ့ ရှီလီအတွက် ဘယ်လောက်တောင် သာယာနေမယ်ဆိုတာ သူတို့တွေ နားမလည်နိုင်ကြ။
ပုံမှန်အားဖြင့် ရှီလီက လူတိုင်း ထင်ထားသလို အကြားအမြင်သမား မဟုတ်ချေ။ သူမ၏ဒီလိုမကောင်းသတင်းတွေကို သိနေရခြင်းမှာ အရင်ဘဝတုန်းက မှတ်ဉာဏ်များကြောင့်သာ။
ဘွဲ့ရပြီး တက္ကသိုလ်တက်တော့ နှစ်သစ်တွင် သူမဦးလေး၏အိမ်ကို ရှီလီ အလည်သွားဖြစ်ခဲ့သည်။ ထိုတုန်းက ဤအရည်ရွှမ်းသောအတင်းအဖျင်းကို ဝမ်းကွဲဖြစ်သူက သူမအား ဝေမျှပေးလာခဲ့သည်။
ရှီမိသားစုက ချန်ပုကျောင်းတွင် ရှယ်ယာဝင်ထားတာကြောင့် သူမ၏ ဝမ်းကွဲဖြစ်သူက ညစာစားပွဲတွင် လက်ထောက်ကျောင်းအုပ်၏ထိတ်လန့်စရာ အပြုအမူအကြောင်းအား အမေလုပ်သူ ဆွေးနွေးနေတာကို နားစွန်နားဖျား ကြားခဲ့တာဖြစ်၏။
အမှန်တကယ်တော့ ရှီလီ၏ မိဘတွေလည်း ဤကိစ္စကို သတိပြုမိကြသော်လည်း သူတို့၏သမီးဖြစ်သူနှင့် ဝေမျှရလျှင် အရမ်းကို ရွံစရာကောင်းသွားမည်ဟု ထင်ခဲ့ကြတာကြောင့်ပင်။
“စာရိတ္တ ပျက်ပြားနေတာကို ဇနီးမယားတွေ ဖော်ထုတ်ခဲ့တယ်” ဟု ပြောခဲ့ကြသဖြင့် ဤကိစ္စ မှန်ကန်ကြောင်းကို သက်သေပြပြီးသား ဖြစ်သွားလေသည်။ ကျောင်းအုပ်လု၏ဆိုးညစ်မှုကို သူ့ဇနီး ဖော်ထုတ်လို့ ပေါ်ပေါက်လာခဲ့တာပဲဖြစ်သည်။
မစ္စလုက သူမ၏ယောက်ျား အခြားအမျိုးသားနှင့် ဖောက်ပြန်နေတယ်ဆိုတာကို မတော်တဆ ရှာတွေ့သွားခဲ့၏။ သူမ၏ နှစ်တွေကြာပြီဖြစ်သော လက်တွဲဖော်က အမှန်တကယ်တော့ ယောက်ျားတွေအား ပိုနှစ်သက်နေတယ်ဆိုတာကို နားလည်သွားချိန်၌ အော့နှလုံး နာသွားရ၏။
သူမကို ပိုပြီးရွံရှာစေတာက သူမ၏ မောင်ဖြစ်သူ ကိုယ်၌ကိုက ဤအကြောင်းကို သိနေရုံမကဘဲ၊ သူကပါ တက်တက်ကြွကြွဖြင့် အလိုတူအလိုပါဖြစ်နေပြီး သူမခင်ပွန်း၏ဖာခေါင်းလို ပြုမူပေးနေခဲ့လေသည်။
ခဏတွင်းချင်းတွင် သူမခင်ပွန်းနှင့် မောင်လုပ်သူထံမှ နှစ်ဆ သစ္စာဖောက်ခံခဲ့ရတာပင်။
သူမသည် ဂရုမစိုက်တော့ဘဲ ဒီကိစ္စအား ကျောင်းဘုတ်အဖွဲ့ဆီ တိုက်ရိုက်တင်ပြလိုက်တော့သည်။
သူမမောင်နှင့် ခင်ပွန်း၏ အနာဂါတ်တွေကို ပျက်စီးသွားစေမည့် ဖြစ်နိုင်ခြေကို မစ္စလု စဉ်းစားထားပြီးသားပင်။
အလွန်အမင်း ဒေါသထွက်နေရသော အခြေအနေတွေ၌ သူမ၏စိတ်က ဩချစရာကောင်းလှအောင် ကြည်လင်လာသည်။
ဒီလူယုတ်မာနှစ်ယောက်ကို ပိုပြီး ဒုက္ခဖြစ်ပါစေလို့ သူမ ဆုတောင်းမိတယ်။ သူတို့ရဲ့အနာဂါတ်ကို ဖျက်ဆီးတဲ့အတွက်လား။
သူမကိုယ်တိုင် သူတို့ကို ဖျက်ဆီးလိုက်တယ်ဆိုတာ မယုံနိုင်ဘူး။ သူတို့ကိုယ်တိုင် လုပ်ယူကြတာ။ သူတို့နဲ့တန်တယ်။
ထိုအကြောင်းကိုကြားတော့ ရှီလီမှာ ထိတ်လန့်မှုကြောင့် မေးပြုတ်မတတ် ဖြစ်သွားရပြီးသူမ၏ ဝမ်းကွဲက ကူညီပြီး ပိတ်ပေးခဲ့ရ၏။
အကယ်၍သာ ရှီလီ၏ အရင်ဆုံးတုံ့ပြန်မှုက အရမ်း ဒရာမာဆန်သွားရင်၊ အခြားသူတွေ ဘယ်လိုတုံ့ပြန်မည်ဆိုတာကို ဘယ်သူမဆို ပုံဖော်ကြည့်နိုင်သည်။
အထူးသဖြင့် ဤယုတ်ပတ်သော အရေးတွင် အမှုမဲ့အမှတ်မဲ့ သားကောင်ဖြစ်လုနီးပါး ဖြစ်သွားသည့် အတန်းပိုင်ပင်။
အတင်းအဖျင်းကို ထုတ်ဖော်ပစ်ရမည့်အစား၊ဤအရှုပ်တော်၏ အလယ်ဗဟိုနှင့် အရမ်းနီးကပ်မှု ရှိခဲ့တာကို သူ ကြောက်လန့်မိသည်။
သူ့အား ကျောင်းအုပ်လုက နေ့လည်ခင်းတစ်ခုလုံး မည်မည်ရရမရှိဘဲ စကားပြောချင်ရုံသက်သက်ဖြင့် ဘယ်လောက်တောင် ခဏခဏခေါ်ခဲ့တယ်ဆိုတာကို အတန်းပိုင် ပြန်အမှတ်ရသွားသည်။
သို့သော် လူမှုရေးအရ အဆင်မပြေဖြစ်သဖြင့် သူသည် စကားဝိုင်းတွေကို အမြဲတမ်း လမ်းဆုံးရောက်သည်အထိ ဦးတည်ပေးနိုင်ခဲ့တာကြောင့်သာ သူတို့နှစ်ဦးကို မြန်မြန်နိဂုံးချုပ်သွားစေခဲ့တာပင်။
သူ ထွက်သွားတိုင်း ကျောင်းအုပ်လု၏ ချဉ်တူးနေသော မျက်နှာဘေးကို အတန်းပိုင် ဝိုးတိုးဝါးတား မှတ်မိနေဆဲဖြစ်သည်။
ရေရာသော သံသယတစ်ခုက ပုံပေါ်လာလေပြီ။
သူ့ရဲ့… စင်ကြယ်မှုကို ဆုံးရှုံးလိုက်ရဖို့ ဘယ်လောက်တောင် နီးကပ်နေခဲ့မှန်းကို နားလည်သွားရပြီး အတန်းပိုင်သည် မသိစိတ်ကနေ နောက်ကျောကို တင်းထားမိ၏။
[အတန်းပိုင်က ရုပ်လည်းချောတယ်၊ ခန္ဓာကိုယ်ကလည်း ကြည့်လို့ကောင်းတယ်ဆိုတော့ အတော့်ကို ခန့်တာ]
သူ၏ ပုံပန်းသွင်ပြင်ကို မှတ်ချက်ပေးခံနေရသော်လည်း အတန်းပိုင်မှာ ပျော်ရွှင်မှုကို မခံစားရပေ။
အတန်းပိုင်: ငါက ဆွဲဆောင်မှု မရှိပါဘူး၊အဲ့လိုတွေ မပြောစမ်းနဲ့။
[ဏှာဘူးကြီး ကျောင်းအုပ်လု သူ့အပေါ် မျက်စိကျသွားပြီလား မသိဘူး]
အတန်းပိုင်: မဟုတ်ဘူး၊ ဘာမှမဖြစ်ခဲ့ဘူး၊ကျေးဇူးပြုပြီးတော့ ကောလဟလတွေ လျှောက်မဖြန့်ပါနဲ့လို့။
ကျောင်းသား အယောက်သုံးဆယ်ကျော်၏စပ်စုနေသော အကြည့်တွေနှင့် ရင်ဆိုင်လိုက်ရတော့ သူ့ခဗျာ တုန်လှုပ်သွားရသည်။
Q: သင်က ရွံစရာကောင်းတဲ့ အမျိုးသား အထက်လူကြီးဆီက မျက်စိကျခံနေရတာကို သိလိုက်ရတာထက် ပိုဆိုးတာ ဘာရှိသေးလဲ။
A: မင်းရဲ့ကျောင်းသားတွေ သိသွားတဲ့အခါမှာပေါ့။
ချက်ချင်း လူမှုရေး ဂုဏ်သိက္ခာ ဆုံးရှုံးသွားတဲ့အကြောင်း ပြောမယ်။
လုပ်ပိုင်ခွင့်အားလုံး ဆုံးရှုံးသွားတဲ့ အကြောင်း ပြောမယ်။
ဆရာတစ်ဦးအနေဖြင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ဤကျောင်းသားတွေကို ဆက်ပြီး မျက်နှာချင်း မဆိုင်နိုင်တော့ဘူးဟု ခံစားမိနေသည်။
တကယ်ပါဘဲ၊ အတန်းပိုင်ဖြစ်ရတာ စိတ်ရောကိုယ်ရော ပင်ပန်းလိုက်တာ။
ဒီအလုပ်ကို သူရွေးချယ်တော့ သင်ကြားရေးနှင့် ပူးတွဲပါလာသည့် စီမံခန့်ခွဲရေးအတွက် ကိုယ်ရော၊ စိတ်ကိုပါ ပြင်တင်ထားခဲ့တာပင်။
သို့သော် သာမန်ကျောင်းဆရာတစ်ဦးက ဒီလို… ကိုယ်ရေးကိုယ်တာ လုံခြုံရေးကိုပါ စိုးရိမ်ရလိမ့်မယ်လို့ သူတစ်ခါမှ မတွေးဖူးခဲ့ပေ။
ဒီဖြစ်ရပ်တွင် သူတကယ် ပါဝင်ခဲ့တာ မဟုတ်သော်လည်း ဤမကောင်းသတင်း၏ အဓိကပုံရိပ် ဖြစ်လာသလို ခံစားလာရသည်။
[ဒီတော့၊ အတန်းပိုင်လည်း ကျောင်းအုပ်လုနဲ့အဲလိုဆက်ဆံရေး ရှိခဲ့သလား]
လူတွေက သူနှင့် ကျောင်းအုပ်လုကြားကအဆက်အသွယ်ကို တစ်ခါလေး သံသယဝင်သွားပြီဆိုတာနှင့် နောက်တစ်ဆင့်အနေဖြင့် မလျော်ကန်သော ဆက်ဆံရေး ရှိလိမ့်မည်ဟု တွေးလာကြမှာကို အတန်းပိုင် သိနေသည်။
ယခုလိုတွေးတာ ရှီလီတင်မဟုတ်ဘဲ - လူတိုင်းပါ တွေးလိမ့်မည်။
[မဟုတ်လောက်ပါဘူး]
သူမ၏ ကောက်ချက်ချမှုကို ရုတ်သိမ်းလိုက်သည်။
[ငါတို့ဆရာက ဒီလိုအရာတွေကို သည်းခံနိုင်မဲ့သူ မဟုတ်လောက်ဘူး]
ရှီလီ ဆိုလိုသည့် “ဒီလိုအရာ” ဆိုတာကို သူ အတိအကျကြီး နားမလည်သော်လည်း သူမ၏ စကားတွေကြောင့် သူ မျက်ရည်လွယ်သွားရသည်။
၎င်းမှာ သူ၏စရိုက်ကို အသိအမှတ် ပြုပေးနေတာပင်။
“တကယ်လို့ သူပါ နေတယ်ဆိုရင်လည်း၊ ကျောင်းအုပ်လုက သူ့ကို ပိုပြီးကောင်းတဲ့ ရာထူးတွေဘာတွေ ပေးမှာပေါ့]
ရှီလီမှာ ထိုအကြောင်းကို ပိုတွေးလေ၊ ပိုပြီးသေချာလာလေပင်။
ချန်ပုအထက်တန်းကျောင်းတွင် အတန်းပိုင်တွေအဖြစ် တာဝန်ယူရသော ဆရာတွေကို တစ်တန်းလုံးအတွက် အသေးအမွှား ကိစ္စလေးတွေကအစ ကိုင်တွယ်ဖြေရှင်းပေးရသော ကြက်အမေအဖြစ် မဖြစ်မနေ ပြုမူရန် သတ်မှတ်ထားသည်။
အခြားကျောင်းတွေမှာဆို အတန်းပိုင်တွေရဲ့အဆင့်အတန်းကို မဆွေးနွေးကြပေ။
ချန်ပုမှာတော့ အတန်းပိုင်တွေကို အဆင့်နိမ့်ဆရာတွေအဖြစ် စဉ်းစားကြသည်။
အရှင်သခင်လေးတွေ အုပ်စုကို စီမံပေးရသည့် ဒီလိုအလုပ်ကို ဘယ်သူမှ မလိုချင်ကြပေ။ တစ်စုံတစ်ဦး၏ တာဝန်တွေကို ရိုးရှင်းစွာ ဖြည့်ဆည်းပေးရတယ်ဆိုသော်လည်း ခြေလှမ်းတစ်လှမ်း မှားသွားတာနှင့် အတန်း၏သခင်ငယ်လေးကို မကျေမနပ် ဖြစ်စေနိုင်ပြီး အလုပ်ပြုတ်ရသည်အထိ ဖြစ်သွားနိုင်၏။
အပြောင်းအလဲ ဖြစ်သွားနိုင်သော မြင့်မားသည့်နှုန်းထားနှင့် ငြီးငွေ့ဖွယ်ကောင်းသောနေ့စဉ် လုပ်ငန်းဆောင်တာတို့ကြောင့် ဤရာထူးကို ဘယ်သူမှ မလိုချင်ကြသည်မှာ မဆန်းတော့။
ကျောင်း၏ လူသစ်တွေ၊ အငြိမ်းစားယူတော့မည့် ဆရာတွေကသာ ဤရာထူးကို ယူကြတာပင်။
လူသစ်တွေကြားမှာတောင် ကွဲပြားချက်များ ရှိသေးသည်။
သာဓကအနေဖြင့် အသစ်ခန့်ထားသော ဆရာတွေကြားတွင် အတန်းပိုင်က အထင်ကြီးဖွယ်ကောင်းသော ပညာရေးနောက်ခံကြောင့် ထင်းထွက်လေသည်။
အလုပ်စဝင်တာနှင့် အရေးကြီးသော တာဝန်များကို ပေးအပ်ခြင်းခံရသည်အထိ ယုံကြည်မှုကို ခံခဲ့ရသည်။
သူသည် ရလဒ်အကောင်းဆုံးသော တတိယနှစ် အထက်တန်း ကျောင်းသားတွေကို နှစ်နှစ် ဆက်တိုက် သင်္ချာသင်ပေးခဲ့ရာ သူတို့၏ ရလဒ်တွေကို သိသိသာသာ မြင့်တက်လာ စေခဲ့သည်။
ပုံမှန်အခြေအနေအောက်တွင်မူ တတိယနှစ်ကျောင်းသားတွေကို ဆက်လက်သင်ကြားရန်၊ ပထမနှစ် တန်းမြင့်အတန်းတွေ၊ ပြိုင်ပွဲဝင်ကျောင်းသားတွေကို သင်ကြားဖို့ တာဝန်ယူ ပေးရန် မဟုတ်လည်း စာမေးပွဲတွေကို စီမံရန်ပညာရေးရုံးတွင် နေရာချထားခံရရန် စသောသင့်လျော်သည့် ရွေးချယ်စရာများ သူ့တွင် ရှိပေသည်။
ထိုအစား ပထမနှစ် ကျောင်းသားတွေကို သင်ကြားပေးရမည့် သာမန် အတန်းပိုင်အဖြစ်သာ ရာထူးကျသွားသည်။
ထိုအချိန်တုန်းက ခေါင်းဆောင်မှာ ဤသည်က ကျောင်းသားတွေနှင့် ရင်းနှီးမှုယူနိုင်မည့်သူ့အတွက် အခွင့်အရေးဟု ချော့မော့ပြောကာ ဆုံးဖြတ်ချက်ချခဲ့၏။ သူသည် သင်ကြားရာ၌ ထူးချွန်သော်လည်း ကျောင်းသားတွေနှင့် ရင်းနှီးမှုနည်းပါးကာ ဤနည်းက အနာဂါတ် အလုပ်အကိုင် အခွင့်အလမ်းကိုလည်း တိုးတက်စေလိမ့်မည်ဟု သူတို့က ပြောဆိုခဲ့ကြသေးသည်။
အတန်းပိုင်မှာ ယခုလို စီမံပေးမှုကို စိတ်ထဲ မထားတာကြောင့် ကျောင်းက သတ်မှတ်ပေးသမျှကို သဘောတူ လက်ခံခဲ့၏။
ထိုအချိန်တုန်းက သူ သံသယမဝင်ခဲ့သော်ငြား ရှီလီသာ ကျောင်းအုပ်လုရဲ့ ယောက်ျားတွေကို နှစ်သက်တဲ့အကြောင်းကို ပြောမလာပါက ကျောင်းအုပ်လုကို စော်ကားမိခဲ့သည့်အတွက် ပထမနှစ်အတန်းပိုင်အဖြစ် ရာထူးကျခဲ့တာလို့ သူ ဘယ်တော့မှ မှန်းဆမိမှာ မဟုတ်ပေ။
[သူ့အလုပ် ပြောင်းသွားတာကို ကြည့်ပါလား -တစ်ယောက်ယောက်ကို စော်ကားမိလိုက်လို့တမင် ပစ်မှတ်ထားခံရတယ်ဆိုတာ ရှင်းနေတာဘဲ]
[သူ့ကြည့်ရတာ အထက်လူကြီးတွေကို မသိလိုက်ဘဲနဲ့ စော်ကားမိတဲ့ ပုံစံမျိုးဖြစ်မယ်။ သူ့လိုလူမျိုးက ခေါင်းဆောင်ရဲ့အိပ်ရာပေါ် တက်နိုင်မှာကို ငါတော့ မယုံဘူး]
အတန်းပိုင်: မင်းငါ့ကို စော်ကားနေတဲ့ပုံ ပေါ်ပေမဲ့ စိတ်မဆိုးပါဘူး]
[ကျောင်းထဲမှာ ဆရာဟုန်းလိုမျိုး ကျောင်းအုပ်လုနဲ့ ပတ်သက်နေတဲ့ ဆရာတွေ ခုနစ်ယောက်၊ ရှစ်ယောက်လောက် ရှိတယ်…]
အတန်းပိုင်: သူ ဒီလိုလုပ်လိမ့်မယ်လို့ ငါ မထင်ထားဘူး!
လူတိုင်း: ဝေါင်း~
[ပြီးတော့ ဆရာဟွမ်းရောပဲ]
အတန်းပိုင်: သူရော!
လူတိုင်း: မယုံနိုင်စရာကြီး!
[ဆရာဖန်းလည်း အဲ့ထဲ ပါမယ်ထင်တယ်…]
အတန်းပိုင်: …သူ အခုတော့ ထုံသွားပြီ။
သူ့လုပ်ဖော်ကိုင်ဖက်တွေလည်း အထက်လူကြီးနှင့် ပတ်သက်နေတာကို သိလိုက်ရသည့်အခါမှာတော့ သူ့အား ရှုပ်ထွေးသော ခံစားချက်တွေ ဖြစ်တည်လာစေသည်။
သို့သော် ကျောင်းအုပ်နှင့် ဘယ်သူတွေ ပတ်သက်နေတယ်ဆိုတာကို အတိအကျ သိလိုက်ရချိန်မှာ စိတ်ခံစားချက်များက တစ်ဖန် ပြောင်းလဲသွားရပြန်သည်။
၎င်းမှာ သင့်ဘေးပတ်လည်က လူတွေ၏လျှို့ဝှက်ချက်တွေ ပေါ်ပေါက်လာသည့် ခံစားချက်မျိုးပင်။
ငါတို့တွေ သာမန်အလုပ်သမားတွေဖြစ်ဖို့ သဘောတူထားပေမဲ့၊ မင်းကတော့ ငါ့နောက်ကွယ်မှာ ယောက်ျားတစ်ယောက်ကို တိတ်တိတ်ပုန်း ထားထားတယ်။
ပြီးတော့ ဆရာဟွမ်းရော၊ ဆရာဖန်းရောက လက်ထပ်ပြီးသား အမျိုးသားတွေလေ။ ပြီးခဲ့တဲ့ ဆောင်းတွင်းတုန်းကမှ ဆရာဖန်းရဲ့မင်္ဂလာပွဲကို သူ တက်ရောက်ခဲ့သေးတယ်။
ဆရာဖန်းရဲ့ ဇနီးကရော သူ့ယောက်ျားက တိတ်တိတ်ပုန်း လင်ငယ်နေတာကို သိရဲ့လား။
အတန်းပိုင်၏တဝဲလည်လည်ဖြစ်နေသော မေးခွန်းအချို့မှာ ယခုဆို အဖြေရသွားလေပြီ။
သာမန်ညောင်ညဘဲရှိသော လုပ်ရည်ကိုင်ရည်နှင့် အရည်အချင်းတွေသာရှိသော ဆရာဖန်းက ချန်ပုကျောင်းလို လက်ရွေးစင်ကျောင်း၌ ဘာကြောင့် နေရာမြဲနေလဲဆိုတာကို သူ အခုတော့ ရုတ်ချည်းပင် နားလည်လာတော့၏။
ထိုအချိန်တွင် ဆရာဖန်း၌ ကွယ်ဝှက်ထားသောပါရမီအချို့ ပိုင်ဆိုင်ထားတယ်ဆိုတာကို လူတိုင်း မှန်းဆမိလာနိုင်သည်။
အခုတော့ သူ့တွင် အချို့သော “ထူးချွန်သည့် ပါရမီ” ရှိနေတယ်ဆိုတာ သေချာသလောက်ကို ဖြစ်သွားလေပြီ။