← Chapters

အခန်း (၈၁-၈၄)

Vol. 5 Ch. 81-84

အခန်း (၈၁-၈၄)

Vol. 5 Ch. 81-84

81 01

အပိုင်း 81.

ထိုစားပွဲထိုး ကောင်မလေးနှစ်ဦးမှာ ရှီလီတို့ ကျောင်းသူများကဲ့သို့ပင် ဆောင်းရာသီ အားလပ်ချိန်၏ အလုပ်သင်လေးများ ဖြစ်ကြပါ၏။ သူတို့က ထောင့်တစ်နေရာမှာ ပုန်းကွယ်နေပြီး Supervisor၏နောက်ကွယ်မှာ အတင်းအုပ်နေခြင်းဖြစ်ကာ အမှန်တကယ်ကြီး ဖမ်းမိသွားပေတော့သည်။

Supervisorက သူတို့ကို ဆွဲခေါ်သွားသည့်အခါ ရှီလီသည်လည်း သူတို့၏ ဆူဆူညံညံ ငြင်းခုန်သံများကို ဆက်လက် သည်းခံနားထောင်မနေနိုင်ပါလေတော့။

သို့သော် ရှီလီက သူမ၏ နံနက်စာကို ဘယ်နည်းနဲ့ဖြစ်ဖြစ် လုပ်ပေးပြီးပြီ ဖြစ်လေသည်။ သို့အတွက်ကြောင့် သူမက အချိန်တွေ အကုန်ခံကာ နောက်ကွယ်မှ ဆူညံသံများကို နားထောင်နေဖို့ မလိုအပ်တော့ပေ။

နေ့အချိန်က လူတိုင်း လွတ်လွတ်လပ်လပ် နေလို့ရသည့် အချိန်ဖြစ်၏။ ရှီလီက ရေပူစမ်းမှာ ရေစိမ်ကာ အနားယူပြီးနောက် သူမ အခန်းသို့ပြန်ကာ တရေးတမော အိပ်ရန် စီစဥ်ထား၏။

လူတိုင်းက ရှီလီထံ ပူးပေါင်းကာ ဖရဲသီး စားချင်နေကြပြီး ( အတင်းအဖျင်း ဒါမှမဟုတ် Dramaတွေအကြောင်း ကောလဟလတွေကို နှစ်သက်တာကို တရုတ်ဗန်းစကားနဲ့ ပြောတာပါနော်) အရေးကြီး အစိတ်အပိုင်းများကို လွဲချော်သွားမည်ကို ကြောက်ရွံ့လေရာ ဒီနေ့တော့ ရှီလီအနားမှာပင် ကပ်နေကြဖို့ သူတို့အားလုံး ဆုံးဖြတ်ထားပါ၏။

ထို့နောက်မှာတော့ ထူးဆန်းထွေလာ ဇာတ်ထုပ်တစ်ခုကို ရေပူစမ်း အပန်းဖြေစခန်းမှာ ကပြ ဖြည်ချလာခဲ့လေသည်။ အရပ်ရှည်ရှည် ချောမောလှပကာ ရေကူးဝတ်စုံပေါ်မှာ Bathrobe ထပ်ဝတ်ထားသူ မိန်းမငယ်လေးတစ်ဦး နောက်ပါးမှာ တူညီဝတ်စုံများ ဝတ်ဆင်ထားသည့် အမျိုးသား၊အမျိုးသမီး တစ်အုပ်ကြီးက လိုက်ပါလာခြင်းပင်။

အကယ်၍များ သူတို့က ရေကူးဝတ်စုံ ဝတ်ထားတာသာ မဟုတ်လျှင် လူဆိုးဂိုဏ်းကို အုပ်စုလိုက် လက်စားချေမည့် ရုပ်ရှင်တစ်ခု ရိုက်ကူးနေသည်ဟုပင် တစ်ယောက်ယောက်က ထင်မှတ်မှားပေလိမ့်မည်။

အပြင်လူများကသာ ထူးဆန်းနေသည်မဟုတ်၊ ရှီလီပင်လျှင် ထိုအတွက် အနည်းငယ်မျှ စိုးရိမ် ပူပန်မိလေသည်။

သူတို့က အားလက်ချိန်ယူဖို့ သဘောတူညီထားပြီးသား ဖြစ်သော်လည်း လူတိုင်းကမူ သူမဘေးနားမှာ တွယ်ကပ်နေပေသည်။ ရှီလီက ရေပူစမ်းမှာ ရေစိမ်သည့်အခါတွင်လည်း သူတိူ့ကပါ ထိုသို့ လိုက်လုပ်ကြ၏။

သူမ ရေပူစမ်းကန်မှ ထွက်လာသည့်အခါ သူတိူ့ကလည်း တပြိုင်တည်းလိုလိုပင် သူမနှင့်အတူ ထွက်လာလေသည်။

၎င်းက သူမအနေဖြင့် သိသိသာသာ အကြောင်းပြချက် မရှိပါပဲ ဝိဉာဥ်ပေါင်း သုံးဆယ်နှင့် ရုတ်တရက် ပတ်သက်ဆက်နွယ်မှု ရရှိသွားသလိုပါပင်။

သူမက ချွေးထုတ်ခန်းသိူ့ ဝင်ရောက်သွားသည့်အချိန်တွင် လူတိုင်းကလည်း သူမ နောက်သို့ လိုက်မလာပေ။ သို့သော် ထိုကိစ္စကလည်း အကြောင်းပြချက် ရှိပါ၏။ ချွေးထုတ်ခန်း၏ နေရာက အကန့်အသတ်ရှိပြီး လူသုံးဆယ်ကို တခါတည်း ဝင်ဆံ့သည့် စာသင်ခန်းလို မဟုတ်ပေ။

မဖွယ်ရာမှုကို ရှောင်ရှားရန်အတွက် ကျောင်းသားကောင်လေးများက အခြား ချွေးထုတ်ခန်းသို့ ဝင်သွားခဲ့၏။

ထိုအချိန်ဝယ် ကောင်ငယ်လေးများမှာ သူတို့က မိန်းကလေးတွေ မဟုတ်သည့်အတွက် နက်နက်ရှိုင်းရှိုင်း ပင် ဝမ်းနည်း ကြေကွဲရပေတော့သည်။

အတန်းဖော် ကောင်လေးများ ထွက်သွားသည်ကို ကြည့်ကာ ရှီလီ၏ စိတ်ထဲဝယ် မိမိကိုယ်မိမိ ဝေဖန်သည့် မေးခွန်းမျိုး ထွက်ပေါ်လာလေသည်။ (ချွေးထုတ်တာက သုတ်ပိုးတွေကို သေစေတယ် မဟုတ်ဘူးလား)

လူတိုင်း လူတိုင်းက သူတို့၏ ဖုန်းများကို ဆွဲထုတ်ကာ အဖြေကို ရှာဖွေကြတော့သည်။ Search Engineထံမှ မရေရာ မပြတ်သားသည့် အဖြေများကို တွေ့ရသည့်အခါ သူတို့က အတွေးထဲသို့ နက်နက်ရှိုင်းရှိုင်း ပြုတ်ကျကုန်တော့သည်။ (ကောင်လေးတွေ အဲဒါကို ကြားရဲ့လား မသိဘူး။ သူတို့ကို ထပ်ပြီး သတိပေးလိုက်ရင် ကောင်းမလား)

လူတိုင်း လူတိုင်းအပေါ် ရှီလီ၏ အတွင်းစိတ် အတွေးများ၏ ထိုးဖောက်နိုင်စွမ်းက ကျော်ကြားလှပေ၏။ ထို့ကြောင့် ခွတီးခွကျဖြစ်စေမည့် အခြေအနေကို ရှောင်ရှားနိုင်ရန် သူတို့က မကြားသလိုပင် နေလိုက်ကြဖို့ ရွေးချယ်လိုက်တော့၏။

81 02

အတန်းဖော် ကောင်လေးများက ရှီလီ၏ အတွေးများကို ကြားရဲ့လား ဆိုသည်ကို ဘေးကပ်ရပ် ချွေးထုတ်ခန်းထဲသို့ ဝင်သွားသည့် အတန်းဖော်များကို ဖောက်ထွင်းမြင်နေရသည့် မှန်မှတဆင့် တစ်ယောက်ပြီးတစ်ယောက် ကြည့်လိုက်သည့်အခါမှ လူတိုင်းက ကြားလိုက်ရကြောင်း 100% သေချာသွားတော့၏။

၎င်းက အလွန် ရယ်ရွှင်မြူးစရာ ဖြစ်ရပ်ပါပင်။ ယခုလို သေချာရေရာသည့် အချို့ကိစ္စများကို တွေ့ကြုံလာသည့်အခါ လျစ်လျူရှုထားနိုင်သည့် ယောကျာ်းမျိုးဆိုတာ တစ်ယောက်မှ မရှိပါလေ။

အတန်းဖော် ကောင်မလေးများက ရှီလီနှင့်အတူ နာရီဝက်မျှ ပေါင်းခံ ချွေးထုတ်နေကြကာ သူတို့ ပြန်ထွက်လာသည့်အခါ ကြည့်ရသည်မှာ အနည်းငယ်မျှ ဖရိုဖရဲ ဖြစ်နေပေသည်။

ဤနေရာမှာတော့ အတန်းဖော်ကောင်လေးများ၏ ခေါင်းဆောင်ဖြစ်သည့် စေ့စပ်ကာ အမြော်အမြင် ရှိလွန်းလှသူ အတန်းခေါင်းဆောင်က သန့်ရှင်းသည့် တဘက်များနှင့်အတူ အပြင်ဘက်မှာ စောင့်ဆိုင်းနေပြီး အခန်းအပူချိန် ပြောင်းလဲခြင်းကြောင့် ကောင်မလေးများ အအေးမိမည်ကို ကာကွယ်ရန် ထိုတဘက်များကို မဆိုင်းမတွ ပေးအပ်လိုက်တော့သည်။

ရှီလီ၏ အစီအစဥ်အရ သူမက အခန်းသို့ပြန်ကာ တရေးတမော အိပ်မည်ဖြစ်၏။ သို့သော် ယခုအခါမှာတော့ သူမ နောက်ကို လျှောက်လိုက်နေသည့် လူအုပ်ကြီး ရှိနေပေသည်။

သူမက လူတိုင်းကို ပြုံးပြကာ ပြောလိုက်၏။

“ နင်တို့တွေ သွားပြီး ပျော်ကြလေ။ ငါကတော့ အခန်းပြန်ပြီး တရေးအိပ်လိုက်ဦးမယ်”

အခန်းပြန်ပြီး တရေးနှပ်မည့် သူမ၏ မဟာအစီအစဥ်ကြီးကြောင့် လူတိုင်းက အံသြ တုန်လှုပ်ရပေတော့သည်။ သူတို့ ဘာလုပ်သင့်လဲ။ ရှီလီ၏ အခန်းထဲမှာတော့ သူတို့ စတည်းချ မနေနိုင်လေရာ သူမ အိပ်စက်နေစဥ် သူတို့ကတော့ ဧည့်ခန်းထဲမှာပဲ ပါတီ တက်ရမည်လား။

အဲဒါက နည်းနည်းတော့ ကျူးကျုးလွန်လွန် ဖြစ်နေတာ မဟုတ်ဘူးလား။

ထိုအတွက် ရှီလီအမြင်ကို မဖော်ပြလျှင်တောင် ဤသို့သော အပြုအမူမျိုးက ကို့ရိုးကားရားနှင့် ရူးသွပ်နေသည်ဟု သူတို့ဘာသာတောင်မှ ထင်ဖွယ်ရာ ရှိပေသည်။

အဲဒါက ပုံမှန်လူ တစ်ယောက်အတွက် အရမ်းကို ခက်ခဲတယ်နော်၊ ဟုတ်တယ်မလား။

ထို ဖရဲသီးများကို ကြိမ်ဖန်များစွာပင် အတူတကွ ဝေမျှဖူးပေရာ ဤအတန်းသားများက တစ်ဦးနှင့်တစ်ဦး ကောင်းကောင်း နားလည်နေကြပေပြီ။ အကြည့်တစ်ချက်မျှဖြင့်ပင် လူတိုင်းက ဘာကို ဆိုလိုသလဲ ဟူသည်ကို ရှီချွေ့ယွီနှင့် ကောယွမ်က ကောင်းကောင်း နားလည် သဘောပေါက်သွားပါ၏။

ရှီလီ၏ အချစ်ဆုံး သူငယ်ချင်းများ အနေဖြင့် သူမတို့ကသာ ဦးဆောင်ဦးရွက်ပြုကာ အရှိန်မြှင့်သင့်ပေသည်။ အကယ်၍များ သူမတို့ကသာ ငရဲကို မသွားရလျှင် ဘယ်သူ သွားရပါဦးမည်နည်း။

ရှီချွေ့ယွီ၏ မျက်နှာပေါ်မှာတော့ ထုံပေပေ အမူအရာသာ ရှိနေပေသည်။ ရှီလီတစ်ယောက် ထိုသဘာဝယုတ္ထိနှင့် မညီသည်များကို တွေးနိုင်အောင် ဖြားယောင်းဖို့ လုပ်ငန်းစဥ်ကို သူမ ဘယ်လို သိနိုင်ပါအံ့နည်း။

၎င်းသည်ကား Semester အဆုံး အားလပ်ရက် အချို့မှာ ကောယွမ်က သူမ၏ အတန်းဖော်များကို “ဖရဲသီးစားသူများ” ဟူသည့် ပျော်ပွဲကြီးကို ပါဝင်ခွင့် ပြုလိုက်သောကြောင့်တည်း။

သူမမှာက ဖရဲသီး စားရမည့် အခွင့်အရေး များများစားစား မရှိလေရာ ရနိုင်သမျှသော မျှော်လင့်ချက် ဟူသမျှကို ရင်ဝယ် ပိုက်ရပေတော့သည်။

သူမက ကောယွမ်ထံသို့ လျှောက်သွားကာ မဟာရည်မှန်းချက်ကြီးများဖြင့်အတူ လျှောက်လာလေသည်။

သူမက ထိုကိစ္စကို သူမအတွက် ပြုလုပ်သည်မဟုတ်ဘဲ အတန်းသား အားလုံးအတွက် ပြုလုပ်ပေးခြင်းပေတည်း။

ထိုအချိန်မှာ သူမက တစ်ယောက်တည်း မဟုတ်ပေ။ သူမက အတန်းသား အားလုံးကို ကိုယ်စားပြုသည်။

ဆရာထန်၏ စာသင်ကြားသည့် မျက်နှာမျိုးနှင့် တထပ်တည်းနီးပါး တူသည့် မျက်နှာ အမူအရာဖြင့် သူမက ပြောလိုက်၏။

81 03

“နင့် အသက်အရွယ်လေးနဲ့ ဘယ်လိုတောင် အဲ့လောက် အိပ်နိုင်ရတာတုန်း”

၎င်းသည်ကား အိပ်ရာနှိုးသည့် Alarmသံအဖြစ် ထားဖို့ ပြောဖူးသည့် ရှီလီ သူမထံ ပေးပို့လာသည့် အသံ Messageမှ မြစ်ဖျားခံလေသည်။

ရှီလီက သူမကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ လေးလေးနက်နက် ပြောလိုက်၏။

“ငါ့ အဆင့်တွေက ကောင်းတာကိုး။ ဒီတော့ အိပ်နိုင်တာပေါ့ဟယ်”

ကောယွမ်.. ဒီလို အဆင့်နဲ့ စော်ကားမှုကြီးကတော့ ငါ ဒီထက်ပိုပြီး မလုပ်နိုင်တော့ဘူး။ ကျေးဇူးပြုပြီး နောက်ထပ်တစ်ယောက်လောက်။

သူမက ရှီချွေ့ယွီကို မျက်လုံးများဖြင့် အကူအညီ တောင်းခံလိုက်ပါ၏။ ရှီချွေ့ယွီကလည်း အလွန်ကို ဖြောင့်မတ် ရိုးသားဟန်ဖြင့် ပြောလိုက်လေသည်။

“အေးပါ။ ငါတို့ နင့်ကို ပြန်ခေါ်သွားပေးမယ်နော်”

လူတိုင်း... နင်ပြောတဲ့ အဓိပ္ပါယ်ကို ငါတို့ နားလည်နေသလိုပဲနော်။

သေချာပေါက်ကို သူမတို့က ရှီလီကို အိပ်ခန်းတွင်းသို့ စောင့်ရှောက် ခေါ်ဆောင်သွားပေးပြီးနောက် ရှီချွေ့ယွီက ဆိုဖာမှာ ထိုင်ချလိုက်ကာ ထွက်မသွားပါပေ။

“နင် အရင်သွားပြီး အိပ်လိုက်ဦးနော်။ ငါတို့ နင့်ကို မနှောင့်ယှက်ဘူးလေ”

သူမ အတန်းဖော်များက ဧည့်ခန်းထဲမှာ မတ်တပ်ရပ်နေသည်ကို ကြည့်ကာ ရှီလီလည်း ပြန်လှန် မေးခွန်း ထုတ်မနေတော့ပဲ ခေါင်းညိတ်ပြကာ အမှန်ကြီး အခန်းထဲ ဝင်သွားကာ တရေး အိပ်လေတော့သည်။

လူတိုင်း.. ဒါဖြင့် တကယ်ကြီး အဲ့လိုပဲပေါ့။

အဲဒါက အဓိပ္ပါယ် မရှိပေမဲ့ တော်တော် ရယ်စရာ ကောင်းတယ်နော်။

ကောယွမ်ခမျာမှာတော့ သူမက ယခု လူရွှင်တော်နှင့် တူသွားပြီဟုပင် ခံစားရတော့၏။

ရေပူစမ်းထဲမှာ ချွေးထုတ်ပြီးနောက် လူတိုင်း သိသိသာသာ ပင်ပန်းနွမ်းနယ်လေသည်။ ထို့ကြောင့် ရှီလီက အချိန်အတော်ကြာ အိပ်စက်သွားလေသည်။

သူမ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည့်အခါ နေဝင်လုနေပြီး မှောင်စပြုနေပေပြီ။

သူမ အိပ်ခန်းတံခါးကို ဖွင့်လိုက်သည့်အခါ ယခုအချိန်ထိတိုင် သူမ၏ ဧည့်ခန်းထဲမှာ ရှိနေဆဲဖြစ်သည့် အတန်းဖော်များကို တွေ့လိုက်လေရာ ထိတ်လန့် တုန်လှုပ်သွားတော့၏။

တချို့ကမူ သူတို့ ပါးစပ်ထဲသို့ အစားအသောက်များ သွတ်သွင်းနေကာ သူမ၏ အမူအရာကို တွေ့လိုက်သည့်အခါ သူတို့က တာဇံကြီးတစ်ယောက်အား တွေ့လိုက်ရသလိုပါပင်။

ကောယွမ်က အလွန် ဉာဏ်ထက်စွာဖြင့်ပင် သူမ၏ ဖန်ခွက်ထဲသို့ ရေနွေးနွေးလေးများကို လောင်းထည့်ပေးလိုက်သည်။

“နင် ဗိုက်ဆာနေပြီ မဟုတ်လား။ နင် နိုးလာရင် ဗိုက်ဆာမယ်ဆိုတာ ငါတို့ သိတယ်လေ။ အဲဒါကြောင့် မီးဖိုချောင်ကနေ အစားအသောက်တွေ တကူးတက ယူထားပေးတာရယ်”

ရှီလီ… (ငါ့အတွက် ပြင်ဆင်ပေးထားတယ် ဆိုပြီး နင်တို့ကပဲ ဦးအောင် စားပစ်နေကြတာပဲ)

ကောယွမ်ခမျာ ကို့ရို့ကားရား ရယ်လိုက်ပြီး ရှီလီကို ဆိုဖာထံ ဆွဲခေါ်လာလိုက်၏။

“ နင် ဘာ ထပ်ပြီး စားချင်သေးလဲ။ ငါ မီးဖိုချောင်ကို အော်ဒါ ထပ်မှာပေးမယ်လေ”

ရှီလီလည်း ထိုရေနွေးလေးကို တငုံချင်း ဖြည်းဖြည်း သောက်လေသည်။ သူမ ဝန်ခံရပါလျှင် အိပ်ရာနိုးပြီး ရေငတ်လာသည့်အခါ ယခုလို ရေနွေးနွေးလေး သောက်ရသည်ကို သူမ နှစ်သက်လှပါ၏။

သူမက နံရံပေါ်မှ နာရီကို ကြည့်လိုက်၏။

( တကယ်လို့ ငါမှတ်မိတာသာ မှန်မယ်ဆိုရင် အဲဒါက နေဝင်ရီတရောချိန် နောက်မှာပဲ။ ဖရဲသီး စားနေတဲ့အချိန် ဗိုက်မဆာအောင် ငါ အခုတည်းက ညစာ စားထားမှ ရမယ်)

81 04

လူတိုင်းက သူတို့၏ စိတ်ထဲမှ မှတ်စုစာအုပ်ကို ဆွဲထုတ်ကာ အဓိက သတင်းအချင်အလက် ဖြစ်သည့်

“နေဝင် ရီတရော အချိန် ပြီးနောက်” ဟူသည်ကို Time column ထဲ ဖြည့်ထားလိုက်တော့၏။

(ယန်ဟန်ရိ ဘယ်အခန်းထဲမှာ နေတာလည်း ငါ စဥ်းစားဦးမယ်။ အဲဒါကို ခွဲခြားနိုင်ဖို့ အသံကိုပဲ အားကိုးရတော့မှာပဲ)

ယန်ဟန်ရိနှင့်အတူ ဓာတ်လှေကား စီးခဲ့ကြသည့် အတန်းဖော်များမှာ သူတို့၏ လက်များကို မြှောက်ပြဖို့ စောင့်မနေနိုင်တော့ပေ။ ငါတို့ သိတယ်။ ငါတို့ မှတ်မိတယ်နော်။

******

82 01

အပိုင်း 82.

သူမအတွက် အစားအသောက်များကို သီးသန့်ကြီး ထပ်မမှာဖို့ ရှီလီက လူတိုင်းကို ပြောလိုက်၏။ ကော်ဖီစားပွဲပေါ်မှာတော့ ဆွဲထုတ်လက်စ ဘူးများ ရှိနေသော်လည်း ကြက်ကြော်နှင့် ဆူရှီ အနည်းငယ်သာ ကျန်ပေတော့သည်။

ပြစ်တင်ရိပ် လွှမ်းနေသည့် ရှီလီ၏ အကြည့်စူးစူးအောက်ဝယ် ရှီချွေ့ယွီလည်း ချက်ချင်းကို ဖြေရှင်းရတော့သည်။

“နင် အိပ်နေတုန်း အစားအသောက်တွေ ပို့လာတော့ နည်းနည်း အေးသွားရောလေ။ အေးစက်နေတဲ့ အစားအသောက်တွေက နင့် ကျန်းမာရေးအတွက် မကောင်းဘူးရယ်။ ဒါပေမဲ့ လွှင့်ပစ်လိုက်တော့လည်း ဖြုန်းတီးရာ ကျတယ်လေ။ အဲဒါကြောင့် ငါလည်း ကိုယ့်အတန်းဖော်တွေ ခေါ်ပြီး ကုန်အောင် စားရတာပါဟယ်”

ဟုတ်ပ၊ အကြောင်းပြချက်ကတော့ အရမ်းကို မှန်ကန် တိကျသောပဲနော်။

သူမ၏ တွေးခေါ်နိုင်စွမ်းများက အလျင်အမြန်ကို တိုးတက်လာပေသည်ဟု သူမဘာသာ ခံစားရပေသည်။ ယခု သူမက အဘယ့်ကြောင့် ရှီလီအတွက် အစားအသောက်များ မှာပေးရသနည်း ဟူသည်ကိုသာမက လူတိုင်း လူတိုင်းက အဘယ်ကြောင့် ရှီလီ၏ အခန်းထဲသို့ ရောက်နေရသနည်း ဟူသည့်အကြောင်းကိုပါ ရှင်းပြလိုက်နိုင်လေပြီ။

ရှီလီကို ဆိုဖာပေါ် ဖိချလိုက်ကတည်းက ကော်ဖီစားပွဲနားမှာ ထိုင်နေသည့် အတန်းဖော် အချို့က အမှိုက်များကို အလျင်အမြန် ရှင်းလိုက်ပါ၏။

သူမ ဘာစားချင်ကြောင်း ရှီလီက မပြောရသေးမီပင် တစ်စုံတစ်ယောက်က စားသောက်ဆိုင်ကို ဖုန်းခေါ်ဆိုကာ အစားသောက်များ ထပ်ပို့ပေးလာဖို့ ပြောလိုက်လေသည်။

ရှီလီလည်း ဖော်ပြခြင်းငှာ မစွမ်းသာသည့် စိတ်အာရုံကြောင့် ထူးဆန်းလှချည့်ဟု ခံစားရ၏။

လူတိုင်းက စကားသေးသေးလေး ပြောဖို့တောင် ခက်ခက်ခဲခဲ ကြိုးစားနေရပေရာ သူမ အမေးချင်ဆုံး မေးခွန်းဖြစ်သည့် သူမ၏ အတန်းဖော်တွေ အကုန်လုံး အဘယ့်ကြောင့် သူမ အခန်းထဲ ရောက်နေရတာလဲ ဟူသည့် မေးခွန်းကိုပင် မေ့လျော့သွားတော့၏။

အစားအသောက်များက အလျင်အမြန်ပင် ရောက်ရှိလာ၏။ နောက်ဆုံးကျကာမှ ရှီလီခမျာ ဤတစ်ခန်းလုံး လူတွေ အပြည့်ရှိနေသည်ကို သူမက အဘယ့်ကြောင့် ဆူညံသံ တစ်သံမှပင် မကြားရဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားရသနည်း ဟူသည်ကို နားလည်ရတော့၏။

လူတိုင်းက သူတိူ့ဘာသာပင် တိတ်တဆိတ် စိတ်အပန်းဖြေနေကြကာ နားကြပ်များ တပ်ထားပြီး ဂိမ်းဆော့သူဆော့ ရုပ်ရှင်ကြည့်သူက ကြည့်နေကြပေသည်။

စားသောက်နေချိန်မှာတောင် သူတိူ့က အသံတိုးတိုးလေး တသံမျှပင် မထွက်ရလေအောင် ကြိုးစားနေပေ၏။

ယခု ရှီလီ အိပ်ရာက နိုးလာတာတောင်မှ လူတိုင်းက ဧည့်သည်တွေလို သတိကြီးနေဆဲဖြစ်ကာ တိတ်ဆိတ် ငြိမ်သက်နေအောင် ပြုမူနေဆဲပင်။

လူတိုင်း၏ အတွေး.. အကုန်လုံးက အတင်းအုပ်ဖို့ အတွက်ပါပဲနော်။

တစ်ယောက်သော အတန်းဖော်ကမူ အတင်းအဖျင်း ပြောလိုခြင်းကို အခြားသူများနှင့်အတူ ဒီထက်ပိုပြီး မသိချင်ယောင် မဆောင်နိုင်တော့။

82 02

“ငါတို့ မနေ့ကတွေ့ခဲ့တဲ့ ယောကျာ်းလေး Celeကို နင် မှတ်မိသေးလား”

“ငါတို့ လှေကားပေါ် တက်နေလို့ လွဲသွားတဲ့ တစ်ယောက်ကိုလား”

“ဟုတ်ပ၊ အဲဒီတစ်ယောက်ပဲ”

“ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲလို့။ သူလည်း ငါတို့လိုပဲ နှစ်ဆယ့်ခြောက်လွှာမှာ နေတာရယ်”

သူတို့ အခန်းမှ အတန်းသား အများစုက နှစ်ဆယ့်ငါးလွှာမှာ နေကြခြင်းဖြစ်ကာ အခန်းမလောက်ခြင်းကြောင့်သာ တချို့တလေက အပေါ်လွှာမှာ နေကြခြင်းဖြစ်၏။

“ငါတို့တွေ အခန်းကို ပြန်တုန်းကလေ.. အဲ့တစ်ယောက်ကို ဟိုကောင်မလေးနဲ့အတူ အခန်းထဲ ဝင်သွားတာ တွေ့လိုက်တယ်”

ထိုအတန်းဖော်များက သူမကို တဖန် ပြန်ကြည့်လိုက်လေသည်။ နင်က သူတို့ကို မတော်တဆ မြင်ခဲ့တာပေါ့လေ။ ပိုပြီး ကောင်းကောင်း မြင်ရအောင် သူတို့နောက် လိုက်သွားမှန်း သိသာနေတာကို။

ရှီလီ…( ငါတို့ ကံကောင်းတယ် ဆိုတာ ငါ သိသားပဲ။ အခုကျ သူ ဘယ်မှာနေလဲ ငါတို့ အခု သိလိုက်ရပြီလေ)

( ငါ ဒီည ဝေ့ဝေ့ အခန်းမှာ စကား ပြောလို့ရရင် ကောင်းမှာပဲလို့ ငါ ထင်တယ်)

ဝေ့ဝေ့က အတန်းခေါင်းဆောင်၏ ထိုင်ခုံဖော်ဖြစ်ကာ ပိုပြီး ကောင်းကောင်းကြီး စပ်စုနိုင်ဖို့ရန် ထို Cele နောက်သို့ တမင်တကာ လိုက်သွားခဲ့သူတည်း။

လူတိုင်း.. ငါတို့နဲ့ သဘောထားချင်း တိုက်ဆိုင်လိုက်တာ။

ဝေ့ဝေ့… အဲဒီကိစ္စနဲ့ ပတ်သက်လို့ ငါကတော့ အတိုင်းထက်အလွန်ပဲ။

လူတိုင်းက ရှီလီ၏ အခန်းထဲမှာပင် ဗိုက်ပြည့်သည်အထိ စားသောက်ပြီးနောက် ဝေ့ဝေ့က သူမ အခန်းထဲမှာပင် ညနေခင်း ကတ်ဂိမ်း ကစားကြဖို့ အားလုံးကို ဖိတ်ခေါ်လိုက်လေသည်။

မည်သူကမျှ မငြင်းဆန်ကြသလို ရှီလီသည်ပင်လျှင် အရံသင့် သဘောတူလိုက်၏။

ဤဟိုတယ်မှ အခန်းများ၏ အသံလုံစနစ်ကတော့ အတိုင်းထက်အလွန် ပြည့်စုံလှပေသည်။ တံခါးမကြီးနှင့် ပြတင်းတံခါးများကိုသာ လုံအောင် ပိတ်ထားလိုက်ပါက အပြင်ဘက်မှ မည်သည့် အသံကိုမှ သင်ကြားရမည် မဟုတ်ပါပေ။

ထို့ကြောင့် နောက်ဆုံးမှ ဝင်လာသူက တမင်သက်သက်ပင် တံခါးကို ဟ ထားခဲ့လေသည်။

အခြားသူများက တံခါးကို တမင် ဟထားခဲ့ကြောင်း ရှီလီက မသိပေ။ ကတ်ကစားချိန် ခဏနားသည့်အခါ ရှီလီက ပိုမို စိတ်ချဖို့ရန်အတွက် တံခါးနားသို့ သွားကာ အဟလေး ချန်ထားရန် ကြံရွယ်လိုက်စဥ်မှာပင် တံခါးက လုံးဝ ပိတ်ထားတာ မဟုတ်ကြောင်း တွေ့ပါမှ သောက ကင်းဝေးရတော့၏။

ပြတင်းတံခါးနှင့် တံခါးမကြီးကို သော့ခတ်ထားခြင်းက အိမ်နှင့် ဝေးနေကြသည့် သူတို့ကို အန္တရာယ်မှ ကာကွယ်ဖို့ရန် ဖြစ်ကာ လူသုံးဆယ်မျှက ယခုလို အခန်းတစ်ခန်းထဲမှာ အတူတကွ ပေါင်းစုနေကြပြီ ဆိုလျှင်တော့ ထိုကိစ္စက သိပ်ပြီး အရေးမကြီးတော့ပေ။

ရှီလီက ကတ်ကစားသည့် စားပွဲခုံကို ပြန်လာခဲ့ကာ ကစားနေရင်းမှပင် သူမ နားရွက်လေးကို ထောင်ထားပြီး အပြင်ဘက်မှ အသံဗလံများကို နားစွင့်နေပါ၏။

ထိုကိစ္စမှာတော့ သူမ တစ်ယောက်တည်း မဟုတ်ပါပေ။ နေ့လည်ခင်းတုန်းကတော့ နားကြပ်များ ကိုယ်စီကိုယ်စီ တပ်ကာ Show ပွဲ ကြည့်သူ ဂိမ်းကစားသူများက ယခုတော့ သွားလိုက်ပြီဖြစ်ကာ ကတ်ဂိမ်းကစားရာမှာ အာရုံစိုက်နေသူများအဖြစ် အစားထိုး ခံလိုက်ရပေတော့၏။

ထို ကတ်ဂိမ်းကစားခြင်းက သူတို့၏ အသံများကို လျှော့ချပေးနိုင်သလို ပြင်ပမှ ဝင်ရောက်လာမည့် အသံများကိုလည်း ဝင်ရောက် ဟန့်တားခြင်း မပြုနိုင်အောင် စွမ်းဆောင်နိုင်ပါ၏။

အရာအားလုံးက အဆင်သင့် ဖြစ်နေပြီ ဆိုမှတော့ အချိန်မှန် ဖြစ်ဖို့ပဲ လိုတော့တယ်။

ဆယ်နာရီ ထိုးခါနီးသည့်အခါ ကတ်ကစားနေပါသော်ငြား အလုံးစုံသော အာရုံတို့က စင်္ကြံထက်မှာပဲ ရှိနေသည့် တစ်ယောက်က ပြောလာလေသည်။

82 03

“ တစ်ယောက်ယောက် စူးစူးဝါးဝါး အော်လိုက်တဲ့ အသံကို နင်တို့ ကြားလိုက်လား”

ချက်ချင်းဆိုသလိုပင် လူတိုင်းက သူတို့ လုပ်လက်စကို ရပ်ပစ်လိုက်ကာ စင်္ကြံဆီသို့ တမဟုတ်ချင်း ပြေးကြလေတော့၏။

ရှီလီခမျာမှာတော့ ဘေးနားမှာ ကတ်စားပွဲတွေ ဝိုင်းနေသည့် အလယ်တည့်တည့်ကြီးမှာ ဖြစ်နေပေရာ အပြင်ဘက် စည်းက လူများကဲ့သို့ လျင်လျင်မြန်မြန် မလှုပ်ရှားနိုင်ခဲ့ပေ။

ထို့နောက် သူတို့ လူအုပ်လိုက်ကြီးက စင်္ကြံမှာ မတ်တပ် ရပ်နေကြပေသည်။ ထို့ကြောင့် ဖြတ်သွားဖြတ်လာ စားပွဲထိုးလေးက ရပ်တန့်ကာ မေးလိုက်၏။

“ဆရာ၊ ပြဿနာ တစ်ခုခုများ ရှိလို့လားခင်ဗျာ”

Class 1၏ ကိုယ်စားပြုဖြစ်သည့် အတန်းခေါင်းဆောင်က အားလုံးကိုယ်စား ပြောပေးလိုက်သည်။

“ဟယ်လို၊ အခန်း တစ်ခန်းထဲကနေ တစ်ယောက်ယောက်ရဲ့ စူးစူးဝါးဝါး အော်လိုက်သံမျိုးကို ငါတို့ ကြားလိုက်သလိုပဲ။ အားလုံး အဆင်ပြေရဲ့လားဆိုတာ စစ်ဆေးပေးနိုင်မလား”

စားပွဲထိုး အမျိုးသားက ယဥ်ကျေးပျူငှာသည့် အပြုံးဖြင့်

“ ဆရာ၊ ကျနော်တို့ ဟိုတယ်က အရမ်းလုံခြုံပါတယ်။ ဆရာ ပြောပြသလို အခြေအနေမျိုး ဒီနေရာမှာ လုံးဝ ဖြစ်မှာ မဟုတ်ပါဘူး”

အကယ်၍ သူတို့က သူ့ကို မယုံလျှင်တောင် သူ လုပ်နိုင်သည့် အရာက ဘာမှ မရှိပါလေ။

ထိုစားပွဲထိုးက ထွက်ခွာသွားမည့် အချိန်ကျကာမှ သူသည်လည်း ထိုအသံကို ဝိုးတဝါး ကြားလိုက်ရလေသည်။

သူ့ အမူအရာက ပိုမို လေးနက်သွား၏။ သို့သော် ဟိုတယ်၏ အများပြည်သူ ဆက်ဆံရေးအတွက် သူက ဒီထက်ပိုပြီး စစ်ဆေးမနေတော့ပေ။

သူက လူအုပ်ကြီးကို အကြံပြုလိုက်၏။

“ ဆရာတို့က တစ်ခုခုကို ကြားလိုက်မှတော့ ကျနော်တို့ဟိုတယ်က စုံစမ်းစစ်ဆေးဖို့အတွက် စီစဥ်ပေးမှာပါ။ လူတိုင်းရဲ့ လုံခြုံရေးအတွက် ဆရာတို့ ဒီ စင်္ကြံမှာ တရစ်ရစ် ဝဲမနေဖို့ ကျနော် အကြံပြုပါရစေ။ လူကြီးမင်းတို့ အခန်းပြန်ပြီး တံခါးတွေ ပြတင်းပေါက်တွေကို ပိတ်ပြီး သော့ခတ်ထားတာ အကောင်းဆုံး ဖြစ်မှာပါ။ ကျနော်တိူ့ စစ်ဆေးမှု ပြီးသွားတာနဲ့ ဘယ်သတိပေးချက်မဆို ရုတ်သိမ်းပေးမှာပါ။ ပြီးရင် လူကြီးမင်းတို့ရဲ့ အခန်းဖုန်းတွေကနေ တဆင့် ဟိုတယ်က အသိပေးမှာမို့လို့ ကျေးဇူးပြုပြီး စိတ်ရှည်ရှည် စောင့်ဆိုင်းပေးပါခင်ဗျ”.

ထို့နောက်မှာတော့ စိတ်လှုပ်ရှားဖွယ် ပွဲကြီးကို စောင့်ကြည့်ရန် ရောက်လာသူ ဤ လူတစ်အုပ်မှာ အခန်းသို့ ပြန်ကြရန် စားပွဲထိုးအမျိုးသား၏ ခရီးကြိုပြုမှုဖြင့်သာ ကြုံကြိုက်ရတော့သည်။

သူတို့က တစ်ဦးနှင့်တစ်ဦး ကြည့်မိကြကာ ဤနေ့တစ်ပိုင်းလုံး ကြိုးစား အားထုတ်ထားရသည်များက လေလွင့်သွားပြီလားဟု တွေးမိလေသည်။

အတန်းခေါင်းဆောင်က လူတိုင်း၏ အမေကြီးသဖွယ် ပြုမူလိုက်၏။ ထို့ကြောင့် ယခု အတင်းအဖျင်းများကို သိပ်ပြီး စိတ်မပူတော့ပေ။ ထိုလူက အရမ်းကာရော ပြုမူကာ တစ်ယောက်ယောက်ကို နာကျင်စေမည်ကို စိတ်ပူ၏။ သူ့အနေဖြင့် အတင်းအဖျင်း တစ်ခုအတွက်ကြောင့် သူ့အတန်းဖော်များ ထိခိုက်ဒဏ်ရာ ရလိမ့်မည်ကို မလိုလားပေ။ ထို့ကြောင့် အပြင်ထွက်ဖို့ကို ငြင်းဆန်လိုက်လေသည်။

အတန်းဖော်များ…အားးးးး

ဝမ်းနည်းဖွယ်ရာ လေထုက အခန်းထဲမှာ ရစ်သိုင်းနေပေသည်။ အကယ်၍များ ဝမ်းနည်းခြင်းကသာ အရောင်ရှိမည်ဆိုပါလျှင် ၎င်းက Class 1 ဟူသည့် အရောင် ဖြစ်နေမည်မှာ မလွဲဧကန်ပါပင်။

ပြတင်းပေါက်နားမှာ ရပ်နေသည့် ဖူဟွေ့ရှင်းက ပြောလာလေသည်။

“ အောက်ဆုံးထပ်မှာ ရဲကားနဲ့ ဆေးရုံကားတွေ ရောက်နေတယ်”

82 04

ပြတင်းပေါက်နှင့် အနီးဆုံးမှာ ရှိနေသည့် ရှီလီက ချက်ချင်းပင် နေရာသို့ တဟုန်ထိုး ပြေးလာလေ၏။

ရှီလီကမူ အောက်ဖက်ဆီမှ လင်းလက်နေသည့် အပြာရောင် အလင်းကိုသာ အာရုံစိုက်နေပေရာ ဖန်စားပွဲကြီးအား တိုက်မိလုနီးနီး ဖြစ်သွားသည်ကို ဖူဟွေ့ရှင်းပင်လျှင် သတိ မပြုမိလိုက်ပါပေ။

“တကယ် အမှန်ပဲ။ ရဲဦးလေးကြီးတွေ ဒီကို ရောက်လာပြီဆိုတော့ ငါတို့လည်း အပြင်ထွက်လို့ ရပြီပေါ့”

ရှီလီက စိတ်အားထက်သန်စွာဖြင့် အတန်းခေါင်းဆောင်ကို ကြည့်လိုက်၏။

မျှော်လင့်စောင့်စားနေသည့် မျက်လုံးပေါင်း သုံးဆယ်နှင့် ရင်ဆိုင်လိုက်ရသည့်အခါ အတန်းခေါင်းဆောင်ခမျာလည်း သူ့လက်များကို ဝှေ့ယမ်းလိုက်ရတော့၏။

“ရဲတွေ ဒီကို ရောက်လာတာနဲ့ ငါတို့ တစ်ခါတည်း ထွက်ကြမယ်”

(တော်ပါသေးရဲ့။ ဖေးနျိုရဲ့ ပစ်မှတ်က ဟိုအယုတ်တမာကောင် တစ်ယောက်တည်းကိုပဲမို့လို့။ အပြစ်မရှိတဲ့ ပွဲကြည့်ပရိသတ်တွေကို အရမ်းကာရော နာကျင်အောင် လုပ်မသွားဘူး”

လူတိုင်း.. နေပါဦး။ အဲဒီလူက ဖေးနျိုလို့ နင်ပြောလိုက်တာလား။

ဖေးနျိုဟု သိလိုက်ရသည့်အခါ အတန်းခေါင်းဆောင်မှာ ပိုလို့တောင်မှ သောကငြိမ်းရတော့၏။

အလျင်စလို ခြေသံများကို ကြားလိုက်ရပြီးနောက် ချောင်းကြည့်ပေါက်မှတဆင့် သူတို့မြင်လိုက်ရသည်က စိမ်းမှောင်နေသည့် အရေးပေါ်ဝတ်စုံ ဝတ်ဆင်ထားသူ ဆရာဝန်များဖြစ်ကာ ရဲများနှင့်အတူ လိုက်ပါလာပါမှ သူက လူတိုင်းကိူ တံခါးဖွင့်ပေးကာ စိတ်လှုပ်ရှားဖွယ် ပွဲကြီးကို ကြည့်ခိုင်းလိုက်ပါ၏။

စိတ်လှုပ်ရှားမှုဟူသည်ကို နှစ်သက်တတ်ခြင်းက တရုတ်လူမျိုးဖြစ်ကြောင်း ခိုင်မာသည့် DNA ဖြစ်နိုင်ပါ၏။ သူတို့ တံခါးကို ဖွင့်လိုက်သည့်အခါ ပွဲကြည့်ပရိသတ် အတော်များများကလည်း စင်္ကြံမှာ ရပ်ကြည့်နေလေပြီ။

အခန်းတွင်းသို့ ဆရာဝန် ဝင်ရောက်သွားသည့် အချိန် ခဏလေး အတွင်းမှာပင် တစ်ယောက်ယောက်ကို လူနာထမ်းစင်ဖြင့် သယ်ထုတ်လာပါ၏။ ထိုဆရာဝန် သယ်ထုတ်လာသည့် လူနာထမ်းစင်က သွေးစတို့ စွန်းထင်းနေကာ ပြင်းထန်သည့် မြင်ကွင်းမျိုးဟု ဆိုနိုင်ပါ၏။

ထမ်းစင်ပေါ်မှ လူနာက ကြောက်ရွံ့ထိတ်လန့်နေပုံပေါ်ကာ သူ၏ မျက်နှာကို စောင်ဖြင့် လွှမ်းထားပါ၏။

လူနာထမ်းစင်ဟူသည် စောင်ဖြင့် လွှမ်းပြီး ထွက်လာရမှာမျိုး မဟုတ်ရာ ထိုသို့ ဖုံးအုပ်ထားသည့် လူနာကတော့ ကျိန်းသေပေါက်ကို ဤဟိုတယ်မှ ဖြစ်ရပေမည်။

ရှီလီသည်ကား ထိုဖေးနျို ပေါက်ကွဲရသည့် အကြောင်းပြချက်က ထိုလူက ချစ်ပွဲနွှဲလက်စ တန်းလန်းကြီး ဖြစ်နေပြီး အဝတ်အစား မကပ်ခြင်းကြောင့်သာ ဖြစ်မည်ဟု ခန့်မှန်းလိုက်လေသည်။

(အဲဒီ အရေးပေါ်ဆရာဝန်က သူတို့ထွက်သွားတုန်းက ပြတ်နေတဲ့ အစိတ်အပိုင်းကြီးကို ယူသွားတယ် ထင်တယ်)

( ပြန်ဆက်ပြီး သုံးလို့ ရချင် ရနေမှာပေါ့)

ထိုစကားကို ကြားသည့်အခါ လူတိုင်းက မျက်မှောင် ကြုတ်လိုက်ကြလေသည်။ အဲဒါ ဘာကြီးလဲဟင်။ အဲဒီ ဖေးနျိုက အရမ်းကို ရက်ရက်စက်စက်နဲ့များ ယန်ဟန်ရိရဲ့ လက်ချောင်းတွေကို ဖြတ်လိုက်တာလား။

နောက်ဆက်တွဲ ပွက်လောရိုက်ခြင်းများက ဖျော်ဖြေမှုနယ်ပယ်မှ ရူးသွပ်ဖွယ် အလှတရားရှိသူ ဖေးနျိုနှင့်သာ သက်ဆိုင်မည်က အသေအချာပါပင်။

(တကယ်လို့ သူသာ သူ့အောက်ပိုင်းကို မထိန်းချုပ်နိုင်ရင် အဲဒါက သူနဲ့ ထိုက်တန်တယ်။ သူအခု ဘယ်လိုများ တခြားကောင်မလေးတွေနဲ့ ပရောပရည် လုပ်ဦးမလဲ မြင်ချင်စမ်းပါဘိ)

အခြားလူများ... နေပါဦး။ အဲတော့ ငါတို့က ဘာအဓိပ္ပါယ်လို့ တွေးရမလဲဟင်။

ဆိုတော့ကာ ဖြတ်လိုက်တာက လက်ချောင်း မဟုတ်ဘူးဆိုရင် တခြား တစ်ခုခု ဖြစ်နေတာ မဟုတ်ဘူးလား။

******

83 01

အပိုင်း 83.

ကျောင်းသား ကောင်လေးများခမျာ ယခု ပစ္စုပ္ပန်မှာတော့ သူတို့၏ ခန္ဓာကိုယ် အောက်ပိုင်းမှ နာကျင်သယောင်ယောင်ပင် ခံစားလိုက်ရ၏။ ဟုတ်ပါသည်။ သူတို့က လောလောလတ်လတ်ကြီးဆိုသလို ထိုသို့သော ဖောဌဗ္ဗာရုံမျိုးကိူ တွေ့ကြုံဖူးသလိုပင် ခံစားရ၏။ သို့သော် ယခုအချိန်ကတော့ ပိုလို့တောင်မှ နာကျင်လိမ့်မည်ဟု ခံစားရပေ၏။

ထိုမျှ နုနယ်သော နေရာမျိုးကိုသာ တိုက်ရိုက် ဖြတ်တောက်ခံရသော်ဟု စိတ်ကူးယဥ်ကြည့်သည့်အခါ ၎င်းက သူတို့ထံသို့ အလွန်ကြောက်ရွံ့ ထိတ်လန့်ချောက်ချားဖွယ်ရာ ခံစားချက်မျိုးကို ပစ်လွှတ်လိုက်တော့၏။

လူတိုင်း၏ မျက်လုံးထဲတွင်တော့ ထို ရူးသွပ်နှင့်ပြီးသား ဖေးနျိုက သူမ၏ စိတ်ရူးဖောက်မှု Levelကို နောက်တဆင့်သို့ လုံးလုံးလျားလျား တွန်းတင်လိုက်ခြင်းဟုသာ ထင်မြင်မိလေသည်။

ယခု လက်ရှိ ဒီနေရာမှာ ရှိနေသူများကတော့ ပုံမှန် လူ့ကျင့်ဝတ် စံနှုန်း ရှိနေသူများပင်။ သူတို့က ထိုသားကောင်အပေါ် သနားကြင်နာစိတ် တစိုးတစိမျှ မခံစားရပါပေ။ သို့သော် ဖေးနျို၏ တုံ့ပြန်ချက်က အလွန်ကို အားရကျေနပ်ဖွယ်ရာ ကောင်းပေစွဟုပင် ခံစားရလေသည်။

ထိုလူက သူ၏ အောက်ပိုင်းကိစ္စများကို မထိန်းချုပ်နိုင်ဘဲ ရူးသွပ်မိုက်မဲစွာပင် နေရာတိုင်းလိုလို ပြေးလွှားနေပေသည်။ ထိုကိစ္စကပင်လျှင် အတော်ကြီး ဆိုးဝါးဖို့ လုံလောက်နေပါသော်ငြား ဖေးနျို၏ ညီမ အရင်းခေါက်ခေါက်ကပါ ဤကိစ္စထဲမှာ ပါဝင် ပတ်သက်နေရသည်တဲ့လား။ ထို့ကြောင့် မည်သူမဆို ၎င်းတို့၏ သည်းခံနိုင်စွမ်းကို ပျောက်ဆုံးစေနိုင်မှာပင်။

(ဘာဖြစ်ဖြစ် အဲဒါကြီးကို ပြန်ဆက်လို့ ရနိုင်မှတော့ ဒီလိုဒဏ်ရာက အသေးအဖွဲ့လို့ပဲ သတ်မှတ်ရမှာပေါ့)

( ပြစ်ဒဏ်စီရင်တဲ့အခါ တရားသူကြီးတွေကလည်း အဲဒါကို ထည့်ပြီး စဥ်းစားမှာပဲ)

ကျောင်းသားကောင်လေးများ.. အဲဒါကြောင့်ပဲ အမျိုးသမီးတွေကို ဘယ်တော့မှ ရန်မစသင့်တာပေါ့။

မိသားစုရတနာလေးကို တိုက်ရိုက် အဖြတ်ခံလိုက်ရတာတောင်မှ အဲဒါကို အသေးအဖွဲ ဒဏ်ရာလေးပါလို့ ထင်သေးတယ်နော်။ အဲဒါကို ဘယ်သူကများ နင့်ဆီ ပြောပြလိုက်တာလဲ။

(ဖေးနျိုက သူကိုယ်တိုင်ပဲ ရဲစခန်းကို အစီရင်ခံလိုက်တယ်လေ။ အဲဒါက သူ့ဘာသာ ရဲလက်အပ်တယ်လို့ တွက်လို့ရတယ် မဟုတ်ဘူးလား။ ဒီတော့ ပစ်ဒဏ် လျှော့ပေါ့ခံရဖို့ လက်ဦးမှု ယူလိုက်တာပဲ)

(တကယ်လို့ ငါ မှတ်မိတာသာ မှန်မယ်ဆိုရင် သူက သူ့ကိုယ်သူ ကာကွယ်ရတာပါလို့ မရမက ငြင်းဆိုလိမ့်မယ်)

ထိုငမိုက်သားက သူနှင့် ထိုက်တန်သည့်အရာကို ရသွားပါသော်လည်း ပြန်ဆက်လို့ရသည့် အစိတ်အပိုင်းကို ဖြတ်တောက်ကာ အသေးစားဒဏ်ရာမျှသာဖြစ်စေပြီးနောက် သူမဘာသာပင် ရဲစခန်းမှာ ဝန်ခံလိုက်ပြီး မိမိကိုကိုယ် ခုခံ ကာကွယ်ရပါသည်ဟု မရမက ထွက်ဆိုသည့် နှံ့စပ်လွန်းသူ ဖေးနျိုက အလွန်ကို ခေါင်းကောင်းလှပြီး အကြင်နာမဲ့လှကာ ဖြုံလောက်သူပင်ဟု သူတို့ တွေးမိလေသည်။

လူတိုင်း လူတိုင်းက ကူကယ်ရာမဲ့စွာ တွေးမိကြပါ၏။ မင်းဘာလို့ သူ့ကို ရန်စဝံ့တာလဲကွာ။

ဒီလောက်တောင် အချိန်တွေ အကြာကြီး အတူရှိနေခဲ့တာကို သူမ ဘယ်လိုလူမျိုး ဆိုတာကို မင်း ကောင်းကောင်းကြီး သိသင့်ပါတယ်ကွာ။

သူတို့လို ပွဲကြည့်ပရိသတ်များတောင်မှ သူမက ရူးနေမှန်း သိကြသေးသည်။ မင်းက သူမကို ကောင်းကောင်း မဆက်ဆံပေးတဲ့အပြင် တခြားမိန်းမတွေနဲ့တောင် ပတ်လည်ပတ်ချုပ်မှာ အရူးထနေသေး။ အဲဒါထားပါဦး။ ဖောက်ပြန်တာကလည်း သူ့ညီမနဲ့တဲ့လား။ မင်း ဘာလို့ သေချင်တယ်ပဲ တစ်ခါတည်း မပြောလိုက်တာလဲ။

( ဖေးနျိုက သူ့မှာ စိတ်ကျန်းမာရေး ပြဿနာ ရှိနေတယ်လို့ပါ အခိုင်အမာ ပြောဦးမှာ)

လူတိုင်း…အရမ်းကို လူရည်လည် နောကြေ နှံ့စပ်တာကိုမှ +1 နော်။

83 02

များမကြာမီမှာပင် ရဲတပ်ဖွဲ့က ဖေးနျိုကို စောင့်ကြပ်ကာ အခန်းပြင်သို့ ခေါ်ထုတ်လာ၏။ သူမက Public Figure ဖြစ်ပြီး ထွက်ပြေးဖို့ ရည်ရွယ်ချက် မရှိဘဲ သူမဘာသာ ဆန္ဒအလျောက် အဖမ်းခံလေရာ ရဲများက ဖေးနျိုကို ချက်ချင်းကြီး လက်ထိပ်မခတ်ပါပေ။

ဖေးနျိုနှင့် သူမ ညီမကို ရဲများက အတူတကွ ခေါ်ဆောင်သွားလေ၏။ သူမကို ကြည့်ရသည်မှာ အတော်ကြီး တုန်လှုပ်ကြောက်ရွံ့မှုများကို ခံစားနေရပုံပါပင်။

အခြားသော ပွဲကြည့်ပရိသတ်များက ရှုပ်ထွေးနေကြချိန်တွင် Class 1မှ ကျောင်းသားများကတော့ ရှီလီ၏ အတွင်းစိတ် အတွေးများမှ တဆင့် ထိုဇာတ်ကြောင်း တစ်ပုဒ်လုံးကို သိရှိပြီးလေပြီ။

“ရဲတွေနဲ့ အတူပါသွားတာက ဖေးနျို မဟုတ်လား”

“ဟုတ်တယ်။ တစ်ကိုယ်လုံးလည်း သွေးတွေချည်းပဲ။ တစ်ခုခုများ ဖြစ်ခဲ့သလား”

“သူက စိတ်ကျန်းမာရေး မကောင်းဘူးလို့ ငါ အမြဲ ပြောနေသားပဲ။ အဲ့လို လူမျိုးကို ဒီနယ်ပယ်ကနေ တားမြစ်သင့်တယ်။ အဲလို စိတ်ကျန်းမာရေး မကောင်းတဲ့လူမျိုးက Cele ဖြစ်နေရင် လူ့အဖွဲ့အစည်းကို မကောင်းတာတွေပဲ လွှမ်းမိုးသွားမှာ”

“အမှန်ပဲ။ ဒါနဲ့ သူတို့ ခေါ်သွားတဲ့တစ်ယောက်က ဘယ်သူလဲဆိုတာ ဘယ်သူ သိကြလဲ”

ထိုပွဲကြည့်ပရိတ်သတ်များက သူတို့၏ အတင်းအဖျင်း Accountများကို ချက်ချင်းဆက်သွယ်ကာ ဖျော်ဖြေရေး သတင်းထောက်များထံ ထိုသတင်းကို ဖောက်သည် ချလေတော့၏။ သူတို့က ဇာတ်ကြောင်း တစ်ခုလုံးကို နားမလည်သော်လည်း ဖေးနျိုက တစ်စုံတစ်ယောက်ကို ဒဏ်ရာရစေသည်ကတော့ အမှန်တရားပါပင်။

အတင်းအုပ်မည့် ဖရဲသီး Acvountဟူသည် ၎င်းတို့၏ လူမှုဆိုင်ရာ ဂုဏ်သရေများကို ထိန်းသိမ်းထားရန် သတင်းမှန်မမှန် စစ်ဆေးပေးသည့် လူမှုကျင့်ဝတ်သိသည့် မီဒီယာမျိုး မဟုတ်ပေ။

ထိုအတင်းအဖျင်း Account တို့မည်သည် လူထုထံမှ ရရှိလာသည့် ပေါက်ပန်းဆေး သတင်းခေါင်းစီးမျိုးကို အပထားပါဦး၊ ရံဖန်ရံခါဝယ် ရေပန်စားဖို့ရန်အတွက် မဟုတ်တမ်းတရား ဖျော်ဖြေမှုသတင်းများကိုပင် လုပ်ဇာတ်ခင်းကာ တင်တတ်သေး၏။ ထိုကိစ္စမျိုးအတွက် ပြေးလွှားရဖို့ဆိုလျှင် သူတို့က တွေဝေတုံ့ဆိုင်း နေမည်မဟုတ်။

အချို့ အတင်းအဖျင်း Account များက ကနဦးကပင် ဖေးနျို၏ စတူဒီယိုမှ ထုတ်ပြန်သည့် စာချုပ်များ ယာယီရပ်စဲသည့် စာများကို လက်ခံ ရရှိပြီးလေပြီ။ သူတို့က ကလဲ့စားချေဖို့အတွက် ယခုလို အခွင့်အရေးမျိုးကို အဘယ်ကြောင့် မဖမ်းဆုပ်ရမည်နည်း။

ရလဒ်ကတော့ ဖေးနျိုတစ်ယောက် ဓားကိုင်ကာ တစ်ယောက်ယောက်ကို ဒဏ်ရာရစေခဲ့သည် ဟူသတဲ့ဆိုသည့် သတင်းက အင်တာနက်တခွင်ဝယ် တောမီးပမာ ဟိုးလေးတကျော် ပျံ့နှံ့သွားတော့၏။ ဖေးနျိုက လူအများ နှစ်သက်သူ မဟုတ်ပေ။ အကယ်၍များ ယခုလို ကိစ္စမျိုးက အခြား Cele များထံမှာ ဖြစ်ပွားခဲ့သော် ထို အတင်းအဖျင်း Accountများမှာ Fan များထံမှ မိုးမွှန်အောင် အဆဲခံရမည်ဖြစ်ကာ လူထုသည်လည်း ထပ်တူထပ်မျှ ရှိပေလိမ့်မည်။ သို့သော် ဖေးနျိုကမူ ကွဲပြားပါ၏။ သူမ၏ Fan များကတောင်မှ သူမ ထိုသို့ ပြုလုပ်လိမ့်မည်ဟု တွေးထင်ကြသေး၏။

အမှန်တရားကို သိရှိသူ ရဲ နှင့် ဆရာဝန်များမှ လွဲ၍ အင်တာနက်ပေါ်မှ အခြားသူများက ဖြစ်နိုင်သည့် အကြောင်းပြချက်ကို ပရမ်းပတာပင် ခန့်မှန်းကြလေတော့၏။

အချို့ကမူ ဖေးနျို Casting couch* နှင့် တွေ့ဆုံခဲ့ရကာ သူမ ဘာသာ ကာကွယ်ရင်းကနေ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး သူမဘာသာ နစ်နာသူသဖွယ် သရုပ်ဆောင်ခြင်းဟု ပြောဆိုကြလေသည်။ ထိုလူအများစုကတော့ Fanများ ဖြစ်ကြ၏။

(Casting Couch.. ဖျော်ဖြေရေးကဏ္ဍများတွင် မိမိ ဆန္ဒရှိသည့် ကဏ္ဍရရှိဖို့ လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုနှင့် လဲလှယ်တတ်သော နာမည်ကျော် မင်းသမီးများ)

Anti fans များနှင့် လူထုကမူ ဖေးနျို၏ ရူးသွပ်ရိုင်းစိုင်းသည့် အပြုအမူများတွင်သာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပေရာ သူမ၏ ပုံမှန် ပေါက်ကွဲမှုကြောင့် တစ်စုံတစ်ယောက်ကတော့ ထိခိုက်ဒဏ်ရာ ရရှိသွားခြင်း ဖြစ်သည်ဟု ယုံကြည်လေသည်။

ထိုဖရဲသီး Accountများက ခေါင်းစည်းကို Trend ဖြစ်အောင် ပြုလုပ်လိုက်ကြကာ လူအများ၏ စိတ်ဝင်စားမှုကို ပို၍ ပို၍ ဆွဲဆောင်ကြတော့၏။ ထိုခန့်မှန်းချက်များက ပိုပြီး ဗရုတ်သုတ်ခဆန်ကာ မွစာ တက်လာပေရာ မည်သည့် တိတိကျကျ အဖြေမျိုးမှ ရှိမနေတော့ပေ။

သူတို့၏ စုံစမ်းစစ်ဆေးမှုများက လုံးဝဥဿုံ ပြီးဆုံးသွားပြီးနောက် ရဲတပ်ဖွဲ့က နောက်တစ်နေ့ မနက်ခင်းမှာပင် တရားဝင် ကြေငြာစာ တစ်စောင်ကို ထုတ်ပြန်လိုက်တော့၏။

83 03

တည်နေရာနှင့် သံသယရှိသူ၏ အမည်က “ဖေ” ဖြစ်ကြောင်း တွေ့ရှိလိုက်ရာ လူအားလုံးကလည်း ထိုသူက ဖေးနျိုဖြစ်ကြောင်း သိရှိပါ၏။ တိုက်တိုက်ဆိုင်ဆိုင်ပါပင် နစ်နာသူ၏ မျိုးရိုးအမည်ကလည်း ယန် ဖြစ်နေသတည်း။

ယန်ဟူသည့် မျိုးရိုးအမည်က နေ့စဥ်ဘဝမှာ တွေ့နေကျမျိုး မဟုတ်လေရာ လူတိုင်းသည်လည်း ထိုနစ်နာသူက ယန်ဟန်ရိ ဖြစ်နေမလားဟု တွေးမိလေသည်။

၎င်းက Online ပေါ်မှာ ဆွေးနွေးမှုအများဆုံး မီးပွားအသစ် ဖြစ်လေတော့သည်။

Nietizenတို့၏ စိတ်ဝင်စားမှုက ကြီးထွားလာလေရာ အချို့တဝက်က အမှန်ဖြစ်ပြီး တစ်ချို့တစ်ဝက်ကမူ အင်တာနက် သုံးစွဲသူများထံမှ ဖောက်သည်ချလာသည့် သတင်းအမှားများသာ။

ချက်ချင်းဆိုသလိုပင် နစ်နာသူ အစစ်အမှန်က ယန်ဟန်ရိ ဖြစ်နေပေသည်။ အံသြစရာ ကောင်းစွာပင် သူက ရိုးရိုးဒဏ်ရာ ရတာ မဟုတ်ဘဲ တိုက်ရိုက်အဖြတ်ခံလိုက်ရခြင်းသာ။

သူ၏ ဆေးမှတ်တမ်းပင်လျှင် မီဒီယာပေါ်မှာ အတင်ခံရလေသည်။

သက်သေခံ ဓာတ်ပုံများကြောင့် Nietizen များခမျာ ထိတ်လန့် တုန်လှုပ်ရပေတော့သည်။

WTF… ငါတို့ Idol က သူ့မိန်းမဆီမှာ ဓားထိုးခံရတယ်လို့ ထင်ထားတာလေ၊ ဒါပေမဲ့ သူက ကုန်းကုန်း ဖြစ်လာမယ်လို့ ငါတို့ ဘယ်တုန်းကမှ ထင်မထားမိဘူး။ များစွာသော ဆေးပညာ Bloggerတို့ ရောက်ရှိလာကာ ထိုအရာကို ပြန်လည် တွဲဆက်လို့ရပြီး ပုံမှန် လုပ်ဆောင်ချက်မျိုး ပြန်လည် ရရှိနိုင်သည်ဟု ရှင်းပြပါသော်လည်း၊ ၎င်းက အလုပ်ဖြစ်လျှင်တောင်မှ မူလအတိုင်းတော့ မကောင်းနိုင်တော့ဘူး မဟုတ်ပါလား။

သူက ငါတို့နိုင်ငံ ထူထောင်တုန်းကတည်းက ကုန်းကုန်းဖြစ်ခဲ့တာလား။ ငါတို့လည်း မသေချာပေမဲ့ ဖျော်ဖြေရေး နယ်ပယ်မှာတော့ သူက ပထမဆုံး စွန့်ဦးတီထွင် ကုန်းကုန်းဆိုတာတော့ သေချာတယ်နော်။

အချို့သော ရှေးရိုးစွဲ Fanများက ရှေ့ထွက်လာကာ သူ့ရှေ့မှနေ၍ မားမားမတ်တတ် ကာကွယ်လိုသော်လည်း ယန်ဟန်ရိ တစ်ယောက် ပန်းညှိုးရှာပြီဟူသည့် အကြောင်း ကြားရသည့်အခါ သူတို့၏ အချစ်များလည်း ပျောက်ကွယ်ရတော့၏။

အမှန်တော့ အချို့သော Fan များကမူ သူ့ကို ပိုလို့တောင်မှ ကရုဏာသက်လာကာ ထို ဖေးနျိုက အမှန်တကယ်ကို အရူးမကြီး ဟုပင် တွေးမိလေသည်။ သူမက ယခုလို ကိစ္စမျိုးကို အဘယ်ကြောင့် လုပ်နိုင်ရသနည်း။ ဘာဖြစ်ဖြစ် သူတို့က လက်ထပ်ထားသည့် စုံတွဲတွေပဲဟာကို။

မတိုင်မီကတည်းကပင် ဖေးနျို၏ ဖန်များက အခြားတဖက်မှ လူများဖြင့် ပြင်းထန်လှသည့် စစ်ပွဲကို ဆင်နွှဲနေခဲ့၏။ သို့သော် ဖေးနျိုက ထိုအရာကို ဖြတ်ပစ်လိုက်သည်ဟု ကြားရသည့်အခါ သူတိူ့သည်လည်း အပြစ်ရှိစိတ်နှင့် ကသိကအောက် စိတ်များကို ခံစားလိုက်ရလေသည်။

သူတို့ Idol ပြုလုပ်လိုက်သည့် တစ်စုံတစ်ရာကြောင့်တော့ သူတို့ မအံ့သြပါပေ။

သူတို့ခမျာ ပြောစရာ စကားများ ပျောက်ရှကျန်ခဲ့ရပြီး ထိုဝေဖန် ထိုးနှက်မှုများကို တိတ်တိတ်လေး ကြံ့ကြံ့ခံနိုင်ဖို့သာ တတ်နိုင်တော့သည်။ သူတို့က သူနို့ဘာသာ တွေးကြ၏။ သူတို့ Idol ခမျာ ငါတို့ Idol ဖြတ်ထည့်လိုက်လို့ တစ်ခုခုကို ဆုံးရှုံးခဲ့ရရှာတာပဲ။

အကယ်၍များ သူတို့ကို ပိုပြီး အကြိမ်နည်းနည်း ပိုဆဲလိုက်လို့ တခြားတဖက်က ပိုပြီး စိတ်သက်သာရာ ရသွားမယ်ဆို သူတို့လည်း အဆဲခံရဖို့ ဆန္ဒရှိပါ၏။

သို့သော် အင်တာနက် ဟူသည် အစဥ်လိုလို ပြောင်းလဲနေတတ်ပေသည်။ တကြိမ်မှာတော့ ယန်ဟန်ရိ၏ Fan များက တစ်ဖက်သား၏ Super Topic ဖြစ်နေသည့် အကြောင်းအရာကို မောက်မောက်မာမာပင် လွှမ်းမိုးပစ်ကာ သူ့ Fanများ၏ Account များထံသို့ အမုန်းစကားများ ပေးပို့လိုက်တော့၏။

ခေတ္တကြာပြီးနောက် ယန်ဟန်ရိနှင့် ဖေးနျို၏ညီမတို့က ဟိုတယ်ခန်းထဲမှာ ဝတ်လစ်စလစ်ဖြင့် ကတ်ဂိမ်းကစားနေခြင်းကို ဖမ်းမိသွားသည်ဟု ဖောက်သည် ချလာလေ၏။ ထို့နောက်မှာတော့ ရပ်ကျော်ရွာကျော် လူသိများသည့် ကိစ္စကြီး ဖြစ်ပွားလေတော့၏။

ရုတ်တရက် ဆိုသလိုပင် နှစ်ဖက်သော Nietizen များနှင့် နှစ်ဖက်စလုံးမှ Fanများခမျာ တိတ်တဆိတ် ပြုတ်ကျရတော့၏။ ဝတ်လစ်စလစ်ဖြင့် ကတ်ဂိမ်းကစားသည်ကို ဖမ်းမိခြင်းကပင် ပေါက်ကွဲဖို့ လုံလောက်နေပေပြီ။ သို့သော် ဖြစ်ခင်းမှာ ပါဝင်သူက ဖေးနျို၏ညီမ ဖြစ်နေပြီး ယန်ဟန်ရိ၏ခယ်မ ဖြစ်နေသည့်အခါ ထိုပေါက်ကွဲမှုက နျူဗုံးထက်ပင် ပြင်းထန်လေတော့သည်။

******

84 01

အပိုင်း 84.

ဖေးနျိုက နာမကျန်းဖြစ်နေပြီး အများပြည်သူ လုံခြုံမှုကို ဘေးသင့်စေသည့် အရမ်းကာရော ပြုမူတတ်သူ လူသတ်သမားမို့ ချက်ချင်းကို ပိတ်လှောင်ထားဖို့ လိုအပ်နေသည် ဟူသည့် အရာအားလုံးက ဘာတွေလဲ။

ထို အကြံပြုချက် အားလုံးက ပါးစပ်အရသာ ခံနေကြခြင်းပင်။ အချို့ကမူ ပိုလို့တောင် ဆိုးဝါးကြကာ သံတိုင်နောက်မှာ ငိုကြွေးနေသည့် ဖေးနျို၏ ပုံနှင့် သူမ၏ ဈာပနဓာတ်ပုံများကိုပင် Photpshop ဖြင့် ဖန်တီးကြလေသည်။

ပုံမှန်လူတို့ မတွေးထင်နိုင်သည့် အရာများကို မလုပ်ဆောင်နိုင်သည့် အတိုင်းထက်အလွန် စိတ်တက်ကြွသူ Fanဟူ၍ မရှိပေ။

အတွင်းလူထံမှ ပေါက်ကြားလာသည့် သတင်းကြောင့် Neitezen များလည်း တုန်လှုပ်ကြရတော့၏။

အကယ်၍ ထိုအတွင်းလူ၏ ပြောစကားများကသာ မှန်ကန်သည်ဆိုပါလျှင် ယန်ဟန်ရိက ထိုအရာများကို ရဖို့ ထိုက်တန်လွန်းသည်ပင်။

အိမ်ထောင်ရှင် ယောကျာ်းတစ်ယောက် အနေဖြင့် သူ၏ ခန္ဓာကိုယ် အောက်ပိုင်းကို မထိန်းချုပ်နိုင်ပါက ထိုတစ်ခု မရှိတာကမှ ပိုကောင်းဦးမည်။

ဖေးနျို၏ စတူဒီယိုလည်း ထိုကောလဟလများကို အလျင်အမြန်ပင် ငြင်းချက်ထုတ်လိုက်ကာ အနာဂတ်မှာ Boyfriend ရွေးချယ်သည့်အခါ ပိုပြီး အမြော်အမြင် ရှိကြဖို့နှင့် ကိုယ့်သခွားသီးကို ကိုယ်မထိန်းသိမ်းနိုင်သည့် ယောကျာ်းမျိုးကို မရွေးချယ်မိကြဖို့ Netizen များထံ အကြံပြုလိုက်၏။

ထိုကြေငြာချက်က ယန်ဟန်ရိကို တိုက်ရိုက် မဖော်ပြသော်ငြား စာကြောင်း တကြောင်းချင်းစီတိုင်းက သူ့အကြောင်းမှန်း ထင်ရှားလှလေသည်။

ထိုသို့ အပြစ်ရှာသည့်အခါ လူတိုင်းကလည်း ထိုအတွင်းလူ၏ စကားများထဲမှ အမှန်တရားကို ထင်ကြေးပေး ခန့်မှန်းကြမည်ဖြစ်ကာ ဂရုတစိုက် ရွေးချယ်ရမည့် ခင်ပွန်းသည်အကြောင်းကို လွှတ်ခနဲ ပြောထွက်ပေလိမ့်မည်။

အဲဒါက ကောလဟလတွေကို ငြင်းဆိုတာ မဟုတ်ပဲ Thor ရဲ့ တူကြီး ဖြစ်နေတာကို။

ဟုတ်ပါသည်။ ယခုမူ ယန်ဟန်ရိက ဖေးနျို၏ညီမနှင့် အတူရှိနေကြောင်း လူတိုင်းက သေချာသွားလေပြီ။

ဖေးနျို၏ ဆယ်နှစ်သက်တမ်းရှိ Fan များက သူမ၏ ညီမက ယခုချိန်ထိ ဆယ့်ရှစ်နှစ် မပြည့်သေးကြောင်း ဖော်ထုတ်လိုက်လေသည်။ ယန်ဟန်ရိက သူ့ခယ်မနှင့် ဖောက်ပြားသည်က လူ့ကျင့်ဝတ်သိက္ခာ ပြဿနာဖြစ်သည် ဆိုပါစို့။ အသက်မပြည့်သေးသည့် မိန်းကလေးနှင့် ဆက်ဆံရေး ရှိနေတာကရော တရားဥပဒေနဲ့ ဆန့်ကျင်နေတာ မဟုတ်လို့လား။

လွန်ခဲ့သည့် နာရီပိုင်းအတွင်းက ဤအင်တာနက်တခွင်တွင် ဖေးနျိုကို ပြစ်တင်ရှုတ်ချသည့် အသံများသာ ဝေဝေဆာနေခဲ့ပါ၏။

ယခုမူ အားလုံးက ဖေးနျိုကို ပြန်လည် ထောက်ခံနေသည်မှာ အားလုံးနီးပါးပင်။ ဤဖြစ်ခင်းဝယ် ဖေးနျိုကသာ နစ်နာသူဖြစ်ကာ သူမခမျာ ခင်ပွန်းနှင့် ညီမ နှစ်ဦးစလုံး၏ ရက်ရက်စက်စက် သစ္စာဖောက်ခြင်းကို ခံစားခဲ့ရရှာ၏။

သူမ ပြုလုပ်ခဲ့သည့် အရာအတွက် သူမမှာ အကြောင်းပြချက် ရှိနေသည်ပင်။

Netizenများကတော့ သူမကို စတင် ကရုဏာ သက်လာလေပြီ။

သူမ လုပ်ရပ်က မှန်ကန်သည်ဟု အားလုံးက တွေးထင်ကြပါ၏။ Nietizen တို့၏ မျက်လုံးထဲမှာတော့ ဖေးနျိုက အငြိုးကြီးသူ အမျိုးသမီး သူရဲကောင်း ဖြစ်လာကာ ထိုသို့နှယ် ဖြစ်ဖို့ စိတ်အားထက်သန်သူ အမြောက်အမြား ရှိလာတော့သည်။

အိမ်ထောင်ရေး ဖောက်ပြန်ခံရသည့် အခါ လူတော်တော်များများက ကွာရှင်းဖို့ကိုသာ ပိုပြီး ရွေးချယ်ကြပါသော်လည်း ယခု ဖေးနျို ပြုလုပ်လိုက်သည့် အယုတ်တမာ၏ သခွားသီးကို ဖြတ်ခြင်းကဲ့သို့သော ကိစ္စမျိုးကိုတော့ မည်သူမှ မလုပ်ဝံ့ပါပေ။ ထိုမဆင်မခြင် အပြုအမူမျိုးက လူတိုင်း၏ နှစ်ထောင်းအားရခြင်းကို ရရှိကာ အမြတ်ပေါ်သွားတော့လေသည်။

84 02

ယခင်က လူသိထင်ရှား မကျော်ကြားလှသည့် ပုံရိပ်က ခင်ပွန်းဖြစ်သူ၏ ကျေးဇူးဖြင့် ပြီးပြည့်စုံစွာ ပြောင်းလဲရတော့သည်။

များစွာသော Netizenတို့က ဖေးနျိုသည် သာမန်လူများထဲမှ တစ်ယောက်ဖြစ်သည်ဟု ခံစားရပြီး ဖျော်ဖြေမှု နယ်ပယ်မှ လူများကို နားလည် သဘောပေါက်နိုင်သွားပါ၏။

အလွန်နူးညံ့သိမ်မွေ့ပြီး နတ်ဘုရားနှယ် Cele Idolများနှင့်စာသော် စစ်မှန်ပြီး လူသား ပီသသူများကိုသာ လူအများက ပိုမို နှစ်သက်ပါ၏။

Boss၏ ဖြစ်ရပ်ကြောင့် စတူဒီယိုခမျာလည်း ယိမ်းယိုင်သွားပြီဖြစ်သည့် သူမ၏ လူထုပုံရိပ်ကို မည်သို့ ပြန်ဆယ်ရပါမည်နည်းဟု နားလည်ရန် ကြိုးစားရပေမည်။ မူလကတည်းက ဖေးနျိုအပေါ် လူထု၏ အမြင်က သိပ်မကောင်းလှပေ။ သို့သော် ယေဘုယျ အမြင်ဖြင့် ကြည့်ရသော် နာမည်ဆိုးဖြင့် ကျော်ကြားခြင်းကလည်း အမည်ကျော်ခြင်းပဲ ဖြစ်လေရာ နစ်နာသူဖြစ်ဖြစ် တရားလိုဖြစ်ဖြစ် ကိစ္စ မရှိပါလေတော့။

သို့သော် အချို့သော အဖြစ်အပျက်က တခါတည်း ဖြစ်ပျက်ရုံဖြင့် အတိတ်မှ အပျက်သဘောကလည်း ဓားစကြာဖြစ်လာနိုင်ကာ Cele ကို ထိုးစိုက်သွားပေလိမ့်မည်။(ဒါကတော့ When The Phone Ringထဲက မင်းသား ဘဲ့ဆာအွန်းလိုပေါ့နော်။ နာမည်ကြီးချိန်ကျမှ အတိတ်က အပြစ်တွေ အဖော်ခံရပြီး Bameခံရတာမျိုးကို ပြောတာ)

သို့သော် စတူဒီယို အဖွဲ့ဝင်များခမျာ ဖေးနျိုက ရဲစခန်းမှာ ထိန်းသိမ်းခံထားရပြီး သူတို့ ဘာမှ မလုပ်ရသေးခင် သူမ၏ Follower အရေအတွက်က အမျိုးမျိုးသော Platformများမှာ ကောင်းကင်ရော့ကတ်သဖွယ် တိုးပွားလာမည်ဟု မမျှော်လင့်မိခဲ့ပါပေ။ အင်တာနက်တခွင်လုံးကမူ ဖေးနျိုကို ကရုဏာသက်သည့် သတင်းများ ပလူပျံနေလေသည်။

သူ့သခွားသီးကို ဆုံးရှုံးထားရသည့် ယန်ဟန်ရိကတော့ လက်သည် တရားခံဖြစ်ကာ အင်တာနက် တခွင်လုံး သူ့ကို လှောင်ပြောင် သရော်ကြလေသည်။ သူ၏ လူသိမခံနိုင်သော နက်နက်ရှိုင်းရှိုင်း အပြစ်များသည်လည်း တချိန်တည်းမှာပင် တစုတဝေးတည်း တူးဖော်ခံလိုက်၏။ ပမာဆိုရသော် သူ၏ နာမည်အကျော်ကြားဆုံး Roleကို ဒါရိုက်တာကြီး ဇနီး၏ ဆံပင်မွေးသဖွယ် ပြုလုပ်ခဲ့ပေးပြီးမှ ရရှိလာခြင်း ဖြစ်ပြီး ရေချိုးခန်းထဲမှာတောင် လက်ထောက်အဖြစ် ဆောင်ရွက်ခဲ့ရသော ဟူ၏။

ကြီးကြီးငယ်ငယ် Bloggerပေါင်း သောင်းခြောက်ထောင်တို့ကလည်း သရော်သည့် ဗီဒီယိုများ ပြုလုပ်ကာ လူသိများအောင် ပြုလုပ်ကြလေသည်။

Studio: Nietizenတွေ ဘာတွေးနေလဲ ခန့်မှန်းမနေနဲ့။ မင်းတို့ ဘယ်လိုပဲ ခန့်မှန်း ခန့်မှန်း အဖြေမှန်ကို ဘယ်တော့မှ ရမှာမဟုတ်ဘူး။

Nitizenများက တရားမျှမျှတတပင် ရပ်တည်ပေးကြရာ ဖေးနျို၏ ဝန်ထမ်းများက ဘာကိုမှ ကြိုးစားဖို့တောင် မလိုပေ။.

နောက်ဆုံး ဖေးနျို၏ Fanများသည်လည်း ထိုအချိန်ကျမှပင် အောင်ပွဲ ဆွတ်ခူး ရရှိတော့၏။ မတိုင်မီတုန်းက ယန်ဟန်ရိ၏ Fanများ ရှေ့မှာ ကြောက်ရွံ့ တွန့်ဆုတ်ခဲ့ရသည့် သူတို့က ယခုအခါမှာတော့ အင်အားအပြည့်ဖြင့် တန်ပြန် တိုက်ခိုက်ကြလေသည်။

ယန်ဟန်ရိ၏ Fanများခမျာ ချက်ချင်းဆိုသလိုပင် လမ်းမပေါ်မှာ ပြေးနေသည့် ကြွက်များနှယ် ဖြစ်သွားတော့ကာ လူတိုင်းက သူတို့ကို ဖယ်ကျဥ်သွားလေ၏။ သူ့ Fan များကိုလည်း ပုတ်ခတ်သရော်ကြလေရာ Fanများ ခမျာလည်း အရှက်ကွဲရပေသည်။

ယခုမှစလို့ သူတို့၏ သစ္စာခံမှုကို ပြောင်းလဲပြီး ဘက်ပြောင်းလိုက်သည် ဆိုလျှင်တောင်မှ သူတို့က တစ်ခါတုန်းက ယန်ဟန်ရိ၏ Fan ဖြစ်ခဲ့ဖူးသည်ကိုသာ ရှာတွေ့သွားပါက ထိုအတိုက်အခံများအနေဖြင့် သူတို့ ပြောစရာစကားများ ပျောက်ရှသွားစေဖို့ စကားတစ်ခွန်းသာ လိုအပ်ပေလိမ့်မည်။

အတိုက်အခံများ… နင်တို့က ဖျော်ဖြေရေးလောကရဲ့ နံပတ်ဝမ်း ကုန်းကုန်း Fanတွေပေါ့နော်။

ယန်ဟန်ရိ၏ Fanများ..*ရန်သူကို တန်ပြန်တိုက်ခိုက်မှုများကို တရစပ် ပစ်လွှတ်ရန် စိတ်ဝင်တစား စတင်လုပ်ဆောင်*

အတိုက်အခံများ.. နင်တို့ Idolရဲ့ သခွားသီးကဖြင့် တောက်တောက်စင်း ခံလိုက်ရမှကို။

ယန်ဟန်ရိ Fanများ… *အမျိုးသား အများအပြားဖြင့် နှိုင်းယှဥ် ချိန်းခြောက်*

အတိုက်အခံများ… နင်တို့ Idool ရဲ့ သခွားသီးက ထက်ပိုင်းချိုး ခံလိုက်ရပြီလေဟာ။

84 03

ယန်ဟန်ရိ Fanများ… Damn ဒီ စကားရည် လုပွဲမှာတော့ ငါတို့ မနိုင်နိုင်တော့ဘူး။ QAQ ကိုတော့ တကယ်ကြီး မနိုင်တော့ဘူး။

ထိုဖြစ်ရပ်မှတဆင့် ဖေးနျိုက “ဓားစကြာလို မြန်သောလက်” ဟူသော ခေါင်းစဥ်ကို ရရှိသွားပြီး သူမ၏ ခင်ပွန်းဖြစ်သူကတော့ သူမနှင့် တွဲဖက်ကာ “ရေပြွတ်ကြီး” ဟူသည့် ဘွဲ့ထူးကို ဂုဏ်ယူဖွယ်ရာ ရရှိသွားပေတော့၏။

(Netizenများ.. ဘာနေနေ ပြန်ပြုပြင်ထားတဲ့ဟာက မူလအတိုင်း အကောင်းတော့ ပြန်မဖြစ်ဘူးလေနော်။ ဒါကြောင့် “ရေပြွတ်ကြီး” သာ သုံးစက္ကန့်ပဲ ကြာမယ်ဆိုရင်တောင် အံသြစရာ မရှိတော့ဘူး)

အင်တာနက်ပေါ်မှာ ပေါက်ကွဲမှုကြီးများ ဖြစ်ပွားနေချိန်ဝယ် လက်တွေ့ဘဝထဲမှ လူများသည်လည်း ထိုကိစ္စကို အားတက်သရော ဆွေးနွေးနေကြပေ၏။

ထိုမျှ အရည်ရွှမ်းလှသော အတင်းအဖျင်းကြီးကို ကိုယ်တွေ့ ရရှိ ကြုံကြိုက်လိုက်ပေရာ အထက်တန်း ပထမနှစ် Class1 တခန်းလုံးမှ ကျောင်းသားများက နောက်ဆုံးမှာတော့ စိတ်အပန်းပြေ ပျော်ရွှင်ကြရပြီး သူတို့၏ နွေရာသီ ခရီးမှာလည်း ငြိမ်းချမ်း ပျော်ရွှင်ရပေတော့သည်။

သို့သော် သူတို့ ရေပူစမ်းမှာ စိမ်နေကြစဥ် သူတို့ ဘေးဘီဝန်းကျင်မှ လူများသည်လည်း ထိုကိစ္စရပ်ကို ဆွေးနွေးနေကြောင်း ကြားနေရပါ၏။

Online ပေါ်မှာ လှုပ်လှုပ်ရွရွ ဖြစ်ကြပြီးနောက် အစစ်အမှန် ကမ္ဘာမှ 80% သော လူများပင်လျှင် ထိုအုတ်အော်သောင်းတင်းမှုကြီးကို သိရှိပြီးလေပြီ။

အထူးသဖြင့် ထိုကိစ္စ ဖြစ်ပွားခဲ့သည့် နေရာမှ ရေပူစမ်းမှာတော့ ဖြတ်သွားဖြတ်လာ ဆယ်ယောက်တွင် အယောက်နှစ်ဆယ်လောက်က ထိုကိစ္စကို ဆွေးနွေးနေကြခြင်းပင်။

Silver Tears ရေပူစမ်း အပန်းဖြေစခန်းကတော့ ထိုကိစ္စကြီးကြောင့် ကြီးမားလှသော ကျော်စောမှုကို ရရှိလိုက်ပေသည်။ အဘယ်ကြောင့်ဆိုသော် လူအတော်များများက စပ်စုရန်အတွက် ဤနေရာကို လာရောက်ကြသောကြောင့်တည်း။

မိုးလောက်မြင့်နေသော လက်မှတ် ဈေးနှုန်းများက လူအချို့ကို ဟန့်တားထားပါသော်လည်း လူတော်တော်များများကမူ ထိုကုန်ကျစရိတ်လောက်ကို ပဓာန ထားမနေဘဲ ယန်ဟန်ရိတစ်ယောက် သူ၏ ချစ်သက်လယ် အဖော်လေးကို ခေါ်လာခဲ့သည့် နေရာကို အတွေ့အကြုံယူရန် ဤ ရေပူစမ်း အပန်းဖြေစခန်းသို့ မိသားစု တစုလုံးကိုတောင် ခေါ်ဆောင်လာပါသေး၏။

အကယ်၍များ သူတို့က ဤအုတ်အော်သောင်းနင်းမှုကြီး၏ မြင်ကွင်းစစ်စစ်ကိုသာ မြင်ရမည်ဆိုလျှင် ပိုတောင်မှ ကောင်းပေဦးမည်။

ပုံမှန်ဆိုလျှင် ယခုလို ပြင်းထန်သည့် ဖြစ်ရပ်မျိုး ဖြစ်ပွားပြီးနောက် ပြန်လည် ပြင်ဆင်ရန်အတွက် ဟိုတယ်ကို ပိတ်ထားသင့်တာဖြစ်၏။

သို့သော် တရက်တည်း ပိတ်လျှင်တောင်မှ ဆုံးရှုံးမှုက အလွန်ကြီးမားပေသည်။ Silver Tears ၏ နောက်ကွယ်မှ Bossကလည်း သြဇာ လွှမ်းမိုးသူ ဖြစ်လေရာ နောက်ဆုံးမှာတော့ ဆူပူမှု ဖြစ်ပွားခဲ့သည့် အခန်းတစ်ခန်းတည်းကိုသာ အများပြည်သူထံမှ ယာယီ ပိတ်ထားလိုက်ကာ ရာသီကုန်မှပင် ပြန်လည်ပြင်ဆင်မည် ဖြစ်လေသည်။

ရေပူစမ်းမှာ ပျော်နေကြသည့် ကိစ္စအပြင် လာရောက် လည်ပတ်ကြသူတိုင်းက ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းများကို ထိုညက ဘာကိစ္စတွေ ဖြစ်ကြသလဲဟူသည်ကို အစ်အောက်ရန် ရောက်လာကြသူများပင်။

အပန်းဖြေစခန်းမှ ဝန်ထမ်းများ အားလုံးသည်လည်း ဤဆူပူမှု၏ မည်သည့် အသေးစိတ် အချက်အလက်ကိုမှ အပြင်လူများထံ ဖွင့်ထုတ်မချဖို့ တင်းတင်းကြပ်ကြပ် သတိပေးခံထား ရပါ၏။

ဝန်ထမ်းများက မည်သည့် စကားအပိုမှ ဆိုမလာကြပါသော်လည်း ထိုဧည့်သည်များ၏ မမောနိုင် မပမ်းနိုင် စပ်စုနေခြင်းများကိုမူ တားဆီးလို့ မရနိုင်ခဲ့။

ဒုတိယနေ့မှ အစပြုကာ Silver Tears Resort. သို့ လာရောက်သည့် ဧည့်သည် အရေအတွက်က တဟုန်ထိုး တိုးတက်လာလေရာ များစွာသော ပြဿနာတို့ကို ယူဆောင်လာပေတော့၏။

ရှီလီကဲ့သို့သော လူများက ဟိုတယ်၏ ဝန်ဆောင်မှုက ယခင်အတွေ့အကြုံများထက် ပိုမို ဆိုးဝါးလာသည်ဟု ခံစားရပေရာ အိမ်ပြန်ပြီး စောစောအနားယူတာကမှ ပိုကောင်းမည်ဟု တွေးမိသည်အထိပင်။

84 04

ထို့ကြောင့် သူတို့အားလုံးသည်လည်း သခွားသီး ထက်ပိုင်းချိုးခံရသည့် အုတ်အော်သောင်းနင်း ဖြစ်ရပ်ဖြစ်ပွားပြီးသည့် သုံးရက်မြောက်၏ နေ့လည်ပိုင်းဝယ် အိမ်ပြန်ကြဖို့ စီစဥ်လိုက်လေသည်။ ထိုညမတိုင်မီ သူတို့က ရေပူစမ်းမှာ ခေတ္တမျှ ရေစိမ် အနားယူကြပြီးနောက် အချိန်အကြာကြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့၏။

နေ့လည်ရောက်သော် လူတိုင်းက စားသောက်ဆိုင်မှာပင် စားကြဖို့ သဘောတူလိုက်၏။ ရှီလီက အော်ဒါကောင်တာသို့ သွားကာ ခေါက်ဆွဲပြုတ်ပဲ မှာလိုက်ပါ၏။

သူမက ထိုင်စားရန် စားပွဲ ရှာလိုက်သည့်အခါ ထောင့်တနေရာမှာ တစ်ယောက်တည်း ထိုင်နေသည့် ဖူဟွေ့ရှင်းကို တွေ့လိုက်ရလေသည်။ သူမ၏ ကြောင်ပေါက်လေး နှစ်ကောင်က ကျောင်းအနီးမှ တိရစ္ဆာန်ဆေးရုံမှာ ရှိနေသေးသည်ကို ရှီလီ အမှတ်ရသွား၏။ ထို့ကြောင့် သူမ၏ ခေါက်ဆွဲပြုတ် ပန်းကန်ကို သယ်ကာ ဖူဟွေ့ရှင်း၏ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။

သူ့ရှေ့မှာတော့ ဖက်ထုပ်ပြုတ်လေး ခြောက်ခုသာ ပါသည့် ပန်းကန်လေး တစ်ချပ်မျှသာ ရှိပေသည်။ ထိုမျှ နည်းပါးလှသော အစားအသောက် ပမာဏကြောင့် ရှီလီမှာ အံသြရလေသည်။ သီအိုရီများ အရသာဆိုလျှင် ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ် ယောကျာ်းလေးများက အစားကြီးတတ်ပြီး သူ့အရပ်ကိုသာ အကဲဖြတ်ရလျှင် သူက အနပ်တိုင်းကို နွားတစ်ကောင်လုံးကိုတောင် မြိုချနိုင်သင့်သည်လေ။ ဖူဟွေ့ရှင်း စားနေသည်က သူမ စားနိုင်သည့် ပမာဏထက်ပင် နည်းနေသေးသည်ဟု ခံစားရလေရာ သူမခမျာ ကူကယ်ရာမဲ့စွာ မေးမိတော့သည်။

“နင်စားတာ နည်းလိုက်တာနော်။ ဗိုက်ရော ပြည့်ရဲ့လားဟင်”

“အင်း ဝပါတယ်”

ရှီလီက သူတို့ ဘေးကပ်ရပ် ထိုင်ခုံမှ အတန်းဖော်ကောင်လေးကို ကြည့်လိုက်၏။ သူ့ရှေ့မှာ အစားအသောက်တို့ ပြည့်နေသည့် ပန်းကန်လုံးကြီး ရှိနေကာ ၎င်းကပင်လျှင် သူ့အတွက် မလုံလောက်သေးဘူဟု ခံစားရသည်ထင့်၊ ဘေးမှာ ဖက်ထုပ်ပန်းကန်ငယ်လေး တစ်ချပ်ပါ ရှိနေပါ၏။

ဟုတ်ပါသည်။ ဖူဟွေ့ရှင်း၏ အဓိက နေ့လည်စာဖြစ်သည့် ဖက်ထုပ်ပန်းကန်ငယ်လေးမှာ အခြားလူတစ်ယောက် အစာပိတ်အဖြစ် စားမည့် အရံသရေစာမျှသာ ရှိပေ၏။

ဖူဟွေ့ရှင်းက တကယ်ကို တိရစ္ဆာန်ဆေးရုံ ပိုင်ရှင် ဟုတ်ရဲ့လားဆိုတာ ရှီလီလည်း မသိပါလေတော့။

“အဲဒီ ကြောင်ပေါက်လေး နှစ်ကောင်က အခုဆို ငါတို့ နောက်ဆုံးတွေ့ခဲ့တုန်းကထက် ပိုပြီး ထွားလာကြပြီ”

ရှီလီက သူမဖုန်းကို ထုတ်ယူကာ တိရစ္ဆာန်ဆေးရုံ၏ Chatကို ဖွင့်ကြည့်လိုက်သည်။

ဆေးရုံ၏ Contact ကို နောက်ဆုံး ထည့်သွင်းပြီးကတည်းက သူတို့က အပြစ်ရှိစိတ်များကို ခံစားရသောကြောင့် ဖြစ်နိုင်ကာ ညစဥ်ညတိုင်း နီးပါးပင် ကြောင်ပေါက်ကလေးများ၏ ဓာတ်ပုံနှင့် ဗီဒီယိုများကို သူမထံသို့ ပေးပို့လာပေသည်။

ကြောင်ပေါက်လေးများကို ကြည့်ရသည်မှာ နေ့တိုင်းလိုလို ပြောင်းလဲလာပေသည်။

ကြောင်ပေါက်လေး ဘဝက ကြောင်လေးများ၏ ဘဝမှာ ချစ်ဖို့အကောင်းဆုံး အချိန် ဖြစ်လေရာ ထိုပုံများကို ရရှိသည့် အချိန်တိုင်း ရှီလီမှာ သူမ တကိုယ်လုံးကို ကြောင်သားပေါက်လေးများ၏ ချစ်စဖွယ် အရှိန်အဝါများ ဖုံးလွှမ်းသွားသည်ဟု ခံစားရပေသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ဆေးရုံဘက်မှ သူမထံ ပေးပို့လာသည့် ဓာတ်ပုံများကို ရှီလီက ဖွင့်လိုက်ကာ ပုံများကို ချဲ့လိုက်ပြီး ဖူဟွေ့ရှင်းကို ပြလိုက်လေသည်။

“ ကြည့်ပါဦး။ သူတို့တွေ အများကို ပြောင်းသွားတာနော်။ ဟုတ်တယ်မလား”

( အဲဒီ ငှက်မွေး ဖုန်သုတ်ဝတ်ကြီးကတော့ အတော်လေး လေးလေးနက်နက်နဲ့ ဓာတ်ပုံရိုက်ထားတယ် ဆိုပေမဲ့ သူ့ရဲ့ ဓာတ်ပုံရိုက် Skillကြီးကတော့ စုတ်ချာနေတာ အသိသာကြီးကို)

တူကိုင်ထားသည့် ဖူဟွေ့ရှင်း၏ လက်များ ရပ်တန့်သွားလေသည်။

All Chapters