← Chapters

အခန်း (၈၅-၈၈)

Vol. 5 Ch. 85-88

အခန်း (၈၅-၈၈)

Vol. 5 Ch. 85-88

85 01

အပိုင်း 85.

သူက ရှီလီ၏ ဖုန်းကို ယူလိုက်ကာ ထိုပုံများကို အချိန်အတန်ကြာ မမှိတ်မသုန် ကြည့်နေပါ၏။

ဖူဟွေ့ရှင်းက ကြောင်ပုံတွေကို အဘယ်ကြောင့် အချိန်အကြာကြီး ကြည့်နေရသလဲဆိုသည်ကို သူမ နားမလည်ပါပေ။

သို့သော် သူမက ဖုန်းကိုတော့ ရိုင်းရိုင်းစိုင်းစိုင်း ပြန်မလုချင်ပါပေ။ ထို့ကြောင့် သူမက သူမခေါင်းလေးကို အစားအသောက်များဆီမှာသာ နှစ်မြုပ်ထားလိုက်၏။ ဖူဟွေ့ရှင်းက ဖုန်းကို သူမထံ ပြန်မပေးမီ ရှီလီခမျာ ပန်းကန်ထဲမှ ခေါက်ဆွဲများကို သူမ ပါးစပ်ထဲသို့ အပြည့်သွတ်နိုင်ရန် အားထုတ်နေရပါ၏။

သူမက ဖုန်းကို ပြန်ယူလိုက်ကာ ခေါက်ဆွဲများ ဗိုက်ထဲသို့ မြိုမကျမီ လိမ္မော်ရည် နှစ်ငုံမျှဖြင့် မျှောချရန် ရုန်းကန်နေရလေသည်။

“ သူတို့ တကယ်ကို အများကြီး ပြောင်းလဲသွားတာ သေချာတယ်။ သူတို့လေးတွေ ပိုပြီး ဝကစ်လာတာပဲနော်”

သူက မှတ်ချက် ပြုလိုက်၏။

ရှီလီကလည်း ခေါင်းညိတ်လိုက်သည်။

“နင် လမ်းညွှန်ပေးလိုက်တဲ့ တိရစ္ဆာန်ဆေးရုံက စိတ်ချရပုံ ပေါ်ပါတယ်။ သူတို့က ကြောင်လေးတွေရဲ့ လတ်တလော အခြေအနေကို သတင်းမှန်မှန် ပို့သလို ဓာတ်ပုံလေးတွေလည်း နေ့တိုင်း ပို့ပေးတယ်။ ဒီနှစ်ရက် သုံးရက်အတွင်း သူတို့ ငါ့ကို ဘယ်ဓာတ်ပုံမှ ပို့မလာသေးတာတော့ နည်းနည်း ထူးဆန်းတယ်”

ဖူဟွေ့ရှင်းက မျက်တောင် တဖျပ်ဖျပ် ခတ်ကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။

“ သူတို့လည်း ကိုယ်ပိုင်ကိစ္စ ရှိလို့ နေမှာပေါ့”

သို့သော် ရှီလီ၏ စိတ်တို့ကမူ ဦးတည်ချက် ပြောင်းသွား၏။

“တကယ်လို့ ကြောင်လေးတွေမှာ တစ်ခုခု ဖြစ်နေတာဆိုရင်ရော။ ဒီအရွယ် ကြောင်ပေါက်လေးတွေက အလွယ်တကူ နေမကောင်း ဖြစ်နိုင်တယ်လေ။ ကြောင်လေးတွေကို အကုန် တစုတဝေးတည်း အတူတူထားတာက ကြောင်ရောဂါတွေ အလွယ်တကူ ဖြစ်စေလားဆိုတာ ငါ Online ကနေ ရှာဖတ်မှရမယ်”

“တကယ်လို့ နင် ကြောင်လေးတွေကို စိတ်ပူတယ်ဆိုရင် နေ့လည်ကျ သွားကြည့်လို့ရအောင် တိရစ္ဆာန်ဆေးရုံကို ငါ နင်နဲ့အတူ လိုက်ခဲ့ပေးမယ်လေ”

သူမ၏ ကိုယ်ပိုင် အကြောင်းကိစ္စများအတွက် တခြားသူကို ဒုက္ခမပေးချင်လေရာ ရှီလီလည်း ငြင်းပယ်လိုက်ပါ၏။

“နင် အတူ လိုက်လာပေးဖို့ မလိုပါဘူး။ ငါ့ဘာသာပဲ ကြည့်ကြပ် စီစဥ်လိုက်မယ်”

သို့သော် ဖူဟွေ့ရှင်း၏ နောက်ထပ် စကားများက သူမကို ဆွဲဆောင်လိုက်လေသည်။

“တကယ်လို့ ကြောင်လေးတွေ တစ်ခုခု ဖြစ်နေလို့ နင်သာ သူတို့နဲ့ စကားများရမယ်ဆို နင့်လို မိန်းကလေး ငယ်ငယ်ရွယ်ရွယ်လေးကို သူတို့က အရေးတယူ ရှိပါ့မလား”

ဖူဟွေ့ရှင်းက အရပ်ရှည်ပြီး အဟန့်ကောင်းလေရာ ဘယ်သူကမှ သူနှင့် ရှုပ်ချင်မည် မဟုတ်ပေ။ သူသာ နောက်ခံအဖြစ် ရှိနေပေးမည်ဆို ဖြစ်လာလတ္တံ့သော အငြင်းပွားမှုများကို ကာကွယ်ပြီးသား ဖြစ်ပေလိမ့်မည်။

“ဟုတ်သားပဲ။ ဒုက္ခခံပေးလို့ ကျေးဇူးပါနော်။ နောက်ပြီးကျ ငါ နင့်ကို ညစာကောင်းကောင်း လိုက်ကျွေးပါရစေ”

နေ့လည်စာ စားပြီးနောက် လူအုပ်ကြီးက သူတို့ အခန်းများထံ အတူ ပြန်သွားခဲ့ကြကာ ရှီလီကမူ ဖူဟွေ့ရှင်းနှင့်အတူ နောက်ချန်နေခဲ့၏။ ရှီလီကမူ သူ၏ ကလေးလေးများကို လူတိုင်းရှေ့မှာ ကြွားလုံးထုတ်ဖို့ စိတ်အားထက်သန်နေသည့် အမေအသစ်နှင့် တူလှပေသည်။

ထိုကြောင်ပေါက်ကလေးများမှာ အခြားတနေရာမှာ မွေးစားထားတာတောင်မှ ရှီလီ၏ မိခင်တစ်ယောက်မာနများကို သေးနုပ်မသွားစေပါပေ။

ရှီလီက သူမဖုန်းကို ကိုင်မြှောက်ထားကာ သူ၏ ကလေးများကို ရှုထောင့် အမျိုးမျိုးမှနေ၍ ဗန်းပြနေပေသည်။

85 02

နောက်ဆုံးမှာတော့ ဓာတ်လှေကား စောင့်ဆိုင်းနေသူ လေးငါးခြောက်ဦးမျှသာ ကျန်ပေတော့သည်။ ခရီးတစ်ခု ပိုပြီး အတူသွားလေ လူတိုင်းက အံဝင်ခွင်ကျ ဝင်ဆံ့ဖို့ လုံလောက်လာလေပင်။

ထို့နောက် တနေရာတည်းမှာပင် တူညီသည့် ပြကွက်မျိုး တဖန် ပြန်လည် ဖြစ်ပေါ်ခဲ့လေသည်။

ဓာတ်လှေကား တံခါး ပွင့်လာသည့်အခါ အထဲမှာ စုံတွဲတစ်တွဲ ရှိနေခဲ့ပြီး ကောင်မလေးက ကောင်လေး၏ လက်မောင်းကို ချိတ်တွယ်ထားပါ၏။

အထဲမှာ ရှိနေသူရော အပြင်မှာ ရှိနေသည့် နှစ်ဖက်စလုံးက တစ်ဦးနှင့်တစ်ဦး မှတ်မိသွားသည့်အခါ အနည်းငယ်မျှ အံ့အားသင့်သွားကြလေသည်။

အဘယ့်ကြောင့်ဆိုသော် ဓာတ်လှေကား အတွင်းမှာ ရှိနေသူက ရှီလီ၏ ချစ်လှစွာသော ဖုန့်ယွင်ဟယ် မှလွဲ၍ မည်သူမှ မဖြစ်နိုင်သောကြောင့်တည်း။

ဖုန့်ယွင်ဟယ်ကို မြင်သည့်အခါ သူမခမျာ အခြေအနေများကို မသုံးသပ်ရသေးမီ သူမ၏ အလိုအလျောက် တုံ့ပြန်မှုက ကန်ထွက်လာတော့၏။ “ယွင်ဟယ်ကိုကို” ဟူသော ချွဲနွဲ့လွန်းသည့် အသံက သူမ နှုတ်ဖျားမှ ပျံထွက် သွားလေတော့သည်။

“ယွင်ဟယ်ကိုကို” ဟူသည့် သက်ရောက်မှုက အတော်လေးကို ဖျက်အားပြင်းပေရာ သူမကို ငလျင်ဗဟိုချက်မကနေ ပေါက်ကွဲထွက်လာစေသလိုရှိကာ သူမနှင့် အနီးစပ်ဆုံး သူများကို အများဆုံး ထိခိုက်ပျက်စီး စေပေလိမ့်မည်။

လူအတော်များများ၏ မျက်နှာ အမူအရာများက တဒင်္ဂမျှ တွန့်လိမ် ရှုံ့တွသွားတော့၏။

ထို “ယွင်ဟယ်ကိုကို” ဟူသည့် သည်းကြီးမည်းကြီး တိုက်ခိုက်မှုနှင့် ကာလကြာရှည် ကျင့်သားရခဲ့သူ ဖုန့်ယွင်ဟယ်က ထိုအသံကို တည်ငြိမ်အေးဆေးစွာ လက်ခံလိုက်ပြီး သူကပင်လျှင် စတင်ဦးဆောင်ကာ သူမကို နှုတ်ဆက်လိုက်ပါ၏။

“မင်းတို့လည်း ဒီကို လာပြီး ကစားကြတာပေါ့”

“ဟုတ်တယ်၊ အတန်းဖော် တွေ့ဆုံပွဲလေ”

ဘာကြောင့်များ ရှီလီမှာ Deja Vu ရှိသလိုမျိုး ခံစားနေရပါလိမ့်။ ဓာတ်လှေကား အပြင်ဘက်မှာ စောင့်ဆိုင်းနေသူများနှင့် အတွင်းဘက်ရှိ စုံတွဲမှာလည်း ယခုလို မြင်ကွင်းမျိုးကို မရင်းနှီးသည်သာမက ဓာတ်လှေကားတွင်းမှာ ရှိနေသည့် ထိုကောင်မလေးက ဘယ်လိုတောင်မှ ဖုန့်ယွင်ဟယ်ကို လက်ချိတ်ထားပြီး ဖုန့်ယွင်ဟယ်ကို ကြည့်ရသည်မှာလည်း ထိုကောင်မလေးကို ငြင်းဆန်နေပြီး တွန်းထုတ်နေပုံ ပေါ်သည်ဟု ဓာတ်လှေကား ပွင့်လာခိုက်မှာ မြင်ရသလိုလို ထင်မိပေတော့၏။ ရှီလီ၏ “ယွင်ဟယ်ကိုကို” ဟူသည်ကို ဒေါသထွက်သွားသည့် ကောင်မလေးက ဖုန့်ယွင်ဟယ်ကို ပိုးပန်းနေသူ ရှေ့မှာတော့ မည်သည့် အားနွဲ့ပျော့ညံ့မှုကိုမှ မပြသချင်ပါပေ။ ထိုအရာက တဖက်သတ် ချစ်ခြင်းသာ ဖြစ်ကြောင်း သူမဘာသာ သဘောပေါက် နားလည်ခွင့်သော်မျှ မပေးနိုင်ပါလေ။

ထို့ကြောင့် သူမက မယားငယ်နှင့် ရင်ဆိုင်တွေ့နေရသည့် တရားဝင် ဇနီးကြီးသဖွယ် ပြုမူလိုက်ကာ ကိုယ့်ကိုကိုယ် ဟုတ်လှပြီဟု ထင်ကာ ဘဝင်ခိုက်နေပြီး အနည်းငယ်မျှ ဘဝင်မြင့်ခဲ့မိလေသည်။

“အချစ်လေး၊ နင်က ငါနဲ့ ယွင်ဟယ်ကို နင့်ကောင်လေးနဲ့ မိတ်ဆက်ပေးနိုင်အောင် အခွင့်အရေး ဖန်တီးသင့်နေပြီနော် ။ လူပိုများမှ ပိုပြီး ပျော်စရာကောင်းမှာပေါ့”

ရှီလီ၏ ဦးနှောက်ကမူ ချက်ချင်း တုံ့ပြန်ရန် ပြင်ဆင်ပြီးလေပြီ။ သူမက အလွန် ဝမ်းနည်းကြေကွဲနေသည့် အမူအရာမျိုး ပြုမူလိုက်ကာ

“ငါလည်း နင်တို့နဲ့အတူ အချိန်ဖြုန်းချင်ပါတယ်။ ဒါပေမဲ့ ငါတို့အခန်းက ပြန်ဖို့ အချိန် သတ်မှတ်ပြီးသား ဖြစ်နေတယ်။ အတန်းရဲ့ အချိန်ဇယားတွေကိုတော့ ငါ ဝင်နှောင့်ယှက်လို့ မရဘူးလေ။ ဒါပေမဲ့ ငါတို့တွေ နောက်တခေါက်ကျ အတူတွေ့လို့မဲ့အချိန် သေချာပေါက် ရှိမှာပါ”

(နေစမ်းပါဦး။ ဒီအရူးမက ဘာတွေပြောနေတာလဲ။ ငါက ဘယ်သူနဲ့ တွဲရမှာလဲ)

( ကောင်လေး၊ ငါက ကောင်လေးကို ဘယ်နားကနေ သွားရှာရမှာတုန်း)

ရှီလီက ပတ်လည်ပတ်ချုပ်ကို လိုက်ကြည့်လိုက်၏။ ဓာတ်လှေကားအတွင်းမှာ အမျိုးသားဟူ၍ ဖုန့်ယွင်ဟယ်နှင့် ဖူဟွေ့ရှင်းသာ ရှိပေသည်။ သို့ဆိုလျှင် သူ ရည်ညွှန်းသည့် ကောင်လေးက ဖူဟွေ့ရှင်း ဖြစ်နေသည်လား။

85 03

ဓာတ်လှေကားစီးနေစဥ် ရှီလီ၏ စိတ်များက မေးခွန်းတစ်ခုသာ စိုးမိုးနေတော့၏။ ( ငါတို့က စုံတွဲတွေ မဟုတ်ဘူးလို့ ရှင်းပြသင့်လား)

( တကယ်လို့ ငါသာ ရှင်းမပြရင် တောက်လျှောက်ကြီး နားလည်မှု လွဲနေတော့မှာ)

(ဒါပေမဲ့ ငါ ရှင်းပြလိုက်ပြန်ရင်လည်း တမင်သက်သက်ကြီး ဖြစ်နေဦးမယ်)

ရှီလီ၏ အတွင်းစိတ် အတွေးများကို ကြားသည့်အခါ သူမ၏ အတန်းဖော်များက ဖူဟွေ့ရှင်း၏ အမူအရာကို တိတ်တဆိတ် အကဲခတ်ကြလေသည်။

သူတို့၏ ဆက်ဆံရေးကို ရှင်းပြမည့် ထိုအတွေးများက အတော်ကြီးကို အပန်းကြီးပုံပါပင်။

ဖူဟွေ့ရှင်းကမူ မျက်လွှာသာ စိုက်ချထားကာ သူ့အကြည့်များကို သူ့ရှေ့ ဓားလွယ်ခုတ်နေရာမှာသာ စွဲမြဲနေစေပြီး ပုံမှန်နှင့် ဘာမှ မကွာခြားပုံ ပေါ်လေသည်။

အခြားလူများကမူ သူမနှင့် ဖူဟွေ့ရှင်းက သူငယ်ချင်းတွေ ဖြစ်နေကတည်းက သူတို့၏ ဆက်ဆံရေးအကြောင်း ရှင်းပြချင်သည့် ရှီလီ၏ အတွေးက သူ့ကို သိပ်အများကြီး ထိခိုက်စေမည် မဟုတ်ဟု တွေးမိကြပါ၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် လူတိုင်းက တစ်လွှာတည်းမှာ နေကြတာ ဖြစ်လေသည်။

ဖုန့်ယွင်ဟယ် နှင့် သူ့အဖော်၏ အခန်းက ဓာတ်လှေကား အနီးမှာ ဖြစ်သည်။ ရှီလီက ကျန်အတန်းဖော် လေးယောက်နှင့် ပြန်မတွေ့မီ သူတို့၏ အခန်း တံခါးကို တွေဝေတုံ့ဆိုင်းစွာ နှုတ်ဆက်စကား ပြောခဲ့ရလေသည်။

“နင် အရင်ဆုံး အခန်းပြန်ပြီး ခရီးဆောင်အိတ် ပြင်နှင့်လေ”

ရှီလီက ထုပ်ပိုးသိမ်းဆည်းရသည့် အချိန်ကို အကြာကြီး မယူလိုက်ရပေ။ သူမက ဤနေရာမှာ တပတ်တောင်မှ မနေသလို သူမနှင့်အတူ ပစ္စည်းပစ္စယများလည်း အများအပြား ယူမလာပါပေ။

သူမ ပိုင်ဆိုင်သမျှ အားလုံး ခရီးဆောင်အိတ်ထဲသို့ ထုပ်ပိုးပြီးသည့် အချိန်ထိ အတန်းခေါင်းဆောင် ကြိုတင် စီစဥ်ပေးထားသည့် သတ်မှတ်ထွက်ခွာချိန် မရောက်သေးရာ ရှီလီသည်လည်း အိပ်ရာပေါ်မှာ လှိမ့်ကာ ဖုန်းသုံးနေလေသည်။ ထွက်ခွာရမည့် အချိန် နီးကပ်လာသော်လည်း အတန်းခေါင်းဆောင်က လူတိုင်းကို Group Chat ကနေ ခေါ်မလာသေးပေ။ ထို အုပ်လိုက် လှုပ်ရှားမှုကြီးမှာ နောက်ကျကျန်ခဲ့မည်ကို စိုးရိမ်လှသည့် ရှီလီက ခပ်စောစောထွက်ကာ အောက်ထပ် လော်ဘီမှာပဲ စောင့်နေဖို့ ဆုံးဖြတ်လိုက်လေသည်။

ရှီလီ တံခါးဖွင့်လိုက်သည့်အခါ နံရံကို မှီရပ်နေသည့် ဖူဟွေ့ရှင်းကို တွေ့လိုက်ရပြီး ကြည့်ရသည်မှာ သူမကို စောင့်နေပုံပင်။

ဆောင်းလေက အလွန်အေးနေစေကာမူ အအေးဓာတ်က သူ့ကို ထိုးဖောက်နိုင်ဟန် မရှိပဲ သူက ကိုယ်တိုင်းကွက်တိကျသည့် အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူ၏ အရပ်ရှည်ရှည် ကိုယ်ဟန်ကို ကြွားဝါထားကာ ကျစ်လျစ်သွယ်လျသည့် ကိုယ်ဟန်က မည်သို့သော တရားလွန် ကြီးမားသည့် ခန္ဓာသွင်ပြင်မျိုးမှ ရှိမနေပေ။

“ အော ငါ့သူငယ်ချင်းရယ်၊ နင် ငါ့ကို အပြင်မှာ ဒီတိုင်း စောင့်နေတာလား”

(ဘယ်လိုတောင် ရှက်စရာ ကောင်းလိုက်လဲလို့)

“ဘာလို့ တံခါး မခေါက်လိုက်တာလဲ။ ဒီအပြင်မှာ ခဲသွားချင်လို့လား”

( အကျီပါးပါးလေး နှစ်ထည်တည်း ဝတ်ထားပြီး သူဘယ်လိုဖြစ်လို့ မအေးရတာလဲ)

( ငတုံးကောင်လေးတွေ အကုန်လုံးက သွေးနွေးကြလို့များလား)

“ငါ အဆင်ပြေပါတယ်။ ကော်ရစ်ဒါမှာ အပူပေးစနစ် ရှိတယ်လေ။ ငါမအေးဘူး”

သူက ပြန်ဖြေလိုက်သည်။ ယောကျာ်းလေး တစ်ယောက် အနေဖြင့် မိန်းကလေး တစ်ယောက်၏ အခန်းထဲကို ဝင်သွားတာက သူ့အတွက် မသင့်တော်လှပေ။

ရှီလီ၏ ခရီးဆောင်အိတ်က အသေးဆုံး ဆိုပါစို့ ဖူဟွေ့ရှင်းက ပိုလို့တောင် ခြိုးခြံချွေတာသေးကာ သူ့ပခုံးထက်မှာ ကျောပိုးအိတ် တစ်အိတ်သာ ရှိပေသည်။

ထို့ကြောင့် သူက ရှီလီ၏ ပန်းရောင်ဖျော့ဖျော့ ခရီးဆောင်အိတ်ကို ဆွဲပေးရန် လက်လှမ်းလိုက်လေသည်။ ထိုပန်းရောင်က ဖူဟွေ့ရှင်းနှင့် အတော်ကြီး စပ်ဟပ်မိနေပုံ ပေါ်ပြီး ပြောရမည်ဆိုလျှင် ထန်ဂျာ မျက်လှည့် မိန်းမပျိုလေးများ၏ Cosplay နှင့်ပင် တူလှသေးတော့၏။

85 04

ဖူဟွေ့ရှင်းက မျက်နှာသေကြီးဖြင့် သူမ၏ ခရီးဆောင်အိတ်ကို ဆွဲသွားသည့်အခါ ရှီလီမှာ မလုံမလဲ စိတ်ကလေး ဖြစ်သွားရပါ၏။

“အိတ်က သိပ်မလေးပါဘူးဟ၊ ငါ့ဘာသာပဲ ဆွဲပါ့မယ်”

သူမက ပြောလိုက်ပြီး ဖူဟွေ့ရှင်း လက်ထဲမှ သူမ၏ ခရီးဆောင် အိတ်ကို ပြန်လုရန် ကြိုးပမ်းလိုက်၏။

“ဒါက မလေးဘူးလို့ နင်က ပြောတယ်ပေါ့လေ”

သူကလည်း တုံ့ပြန်လိုက်၏။

နှစ်ယောက်သားက ခရီးဆောင်အိတ်ကို ကစားသလို လုနေကြရင်း ဓာတ်လှေကားဆီ သွားသည့်လမ်းကို

သူတို့၏ နောက်ဘက်မှ တံခါး ပွင့်လာသည့်အခါ ရှီလီက သူမတို့နှင့် အတွေးတူသည့် အတန်းဖော်များ ရှိနေပြီဟု ထင်လိုက်လေသည်။

နောက်သို့ လှည့်ကြည့်လိုက်သည့်အခါ ထိုသူက ဖုန့်ယွင်ဟယ် ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ သူမ အံ့အားသင့်ရတော့၏။

သူက Bathrobe တထည်ကိုသာ လျော့တိလျော့ရဲ ဝတ်ဆင်ထားပြီး ကောင်းမွန် ပြေပြစ်စွာ တည်ဆောက်ထားသည့် သူ့ခန္ဓာကိုယ် အပေါ်ပိုင်း အနားသတ်မျဥ်းများကို လှစ်ဟပြထားလေသည်။

ရှီလီ အရင်ဆုံး တွေးလိုက်မိသည်က ( သူ မအေးဘူးလား)

ထို့နောက် သူမက ကူကယ်ရာမဲ့စွာ ပင် သူမဘာသာ ကောက်ချက်ချလိုက်၏။ ( အမှန်တော့လေ ယောကျာ်းတစ်ယောက်ရဲ့ ကြွက်သားတွေနဲ့ ဆိတ်ဆိတ်နေတတ်တဲ့ ကိုယ်ရည်ကိုယ်သွေးက လုံးဝကို ရွှေမှုန်ကြဲထားတယ် ထင်ရအောင်ကို တန်ဖိုး မြင့်စေတာပဲ)

******

86 01

အပိုင်း 86.

ဖူဟွေ့ရှင်းက ပေါ့ပေါ့ပါးပါး ဟန်ဖြင့်ပင် ရှေ့ကို လျှောက်သွားကာ ရှီလီ၏ နောက်မှာ နေရာယူလိုက်၏။

သူက သူဆွဲလာသည့် ရှီလီ၏ ပန်းရောင် ခရီးဆောင်အိတ်ကို ရှီလီနှင့် တတန်းတည်း နေရာ ချပေးလိုက်ကာ သူမ၏ နောက်ဖက် ခြေလှမ်းတဝက်အကွာခန့်မှာ ရပ်နေရင်း ကျန်လက်တဖက်ကမူ Lugage ပေါ်မှာ ဆန့်တင်ထားလိုက်၏။ ခပ်လှမ်းလှမ်းကနေသာ ကြည့်မည်ဆိုပါက ထိုအနေအထားက သူ့အနေဖြင့် ရှီလီကို ပွေ့ဖက်ထားသည်ဟု ထင်လုနီးပါးပါပင်။

ပန်းရောင်ဖျော့ဖျော့ ခရီးဆောင်အိတ်က ဂျပန်စတိုင် စင်္ကြံလမ်းမှာ ထင်းနေကာ ဖုန့်ယွင်ဟယ်၏ အာရုံစူးစိုက်မှုများကို လျင်လျင်မြန်မြန် ဆွဲယူသွားတော့သည်။

ထိုခရီးဆောင်အိတ်က ဖူဟွေ့ရှင်း အပိုင် မဟုတ်တာတော့ သေချာပါသည်။ အထူးသဖြင့် အိတ်၏ တဖက်စီမှာ ကြီးမားလှသည့် တရုတ်ဇာတ်ကောင် ကာတွန်းရုပ်ကလေး ချိတ်ဆွဲထားလေရာ ဤ ခရီးဆောင်အိတ်၏ ပိုင်ရှင် ဖြစ်ထိုက်သူကို ညွှန်ပြနေပြီး ထိုပိုင်ရှင်က မည်သူဖြစ်မှန်း သိသာထင်ရှားနေပါ၏။

ဖူဟွေ့ရှင်း၏ ပေါ့ပေါ့တန်တန် အကြည့်များက စိန်ခေါ်မှုမှန်း သိသာသည့် အရိပ်အယောင်မျှသာ ရှိနေကာ သူမ နောက်ကျောမှာ ရှိနေသည့် သူ့ကို ရှီလီက မမြင်နိုင်သော်ငြား သူတို့၏ မျက်လုံးချင်း တွေ့ဆုံမှုကို ဖုန့်ယွင်ဟယ်ထံမှ သတိပြုမိသွားပါ၏။

ရှီလီ၏ အသံက ပျားရည်စက်များ ယိုဖိတ်ကျနေကာ

“ယွင်ဟယ်ကိုကို၊ ရှင် ဘာလုပ်မလို့လဲဟင်”

ဖုန့်ယွင်ဟယ်သည်လည်း သူနှင့် မျက်နှာချင်းဆိုင်မှာ ရှိနေသည့် လူငယ်လေးထံမှ တင်းမာခက်ထန်သော အမူအရာကို သတိပြုမိသွားကာ သူ့ မျက်ခုံးများကို ခပ်ဖွဖွ ပင့်မိလေသည်။

“ အောက်ထပ်က ရေပူစမ်းမှာ ရေသွားစိမ်မလို့”

ရှီလီက ခေါင်းညိတ်လိုက်၏။

“နှမြောစရာပဲ။ ကျမမှာက အစီအစဥ် ရှိပြီးသား ဖြစ်နေတယ်။ ဒါကြောင့် ယွယ်ဟယ်ကိုကိုနဲ့ ရေပူစမ်းမှာ ရေစိမ်ဖို့ မပူးပေါင်းနိုင်တော့ဘူး”

သူတို့တွေ ရေအတူတူ ချိုးနိုင်မည့် တစ်ခုတည်းသော နည်းလမ်းက စုံတွဲရေချိုးခန်းမှာ ချိုးဖို့ပဲ ဖြစ်ပေလိမ့်မည်။

သူမက အမှန်တကယ်ကို အရှက်မရှိ မျက်နှာပြောင်တိုက်ကာ ပရောပရည် လုပ်တတ်သူနှယ် သရုပ်ဆောင်နေပြီး သူ့ကို လူသိရှင်ကြား ကျီစယ် နောက်ပြောင်နေပေသည်။ ကိုယ့်ကိုကိုယ် အဟုတ်ကြီးထင်ကာ ဘဝင်မြင့်ပြီး အစဥ်အေးစက်နေသည့် ဖုန့်ယွင်ဟယ်၏ မျက်နှာက ရွှံ့စေးခြောက်နှင့် အထုခံရသူနှယ် ဖြစ်သွားပေတော့၏။

သို့သော် ၎င်းက နှုတ်မြိန်ဖွယ် သရေစာ သက်သက်မျှသာ။ ထို့ကြောင့် အစဥ်ချစ်ခင် နှစ်သက်တတ်သူ Fangirl တစ်ဦး အနေဖြင့် ယုတ္ထိ မတန်သော အရာများကို လျှောက်ပြောလျှင်တောင်မှ အကျိုးအကြောင်း သင့်လျော်သည်ဟု သူမက ခံစားရေလသည်။ ထို့ကြောင့် သူမက ဖုန့်ယွင်ဟယ်ထံ ရှက်ပြုံးလေး တစ်ပွင့် ပေးလိုက်ကာ သူမ၏ စူးစူးစိန်းစိန်း အကြည့်များကလည်း ဖုန့်ယွင်ဟယ်၏ Bathrobe မဖုံးထားသည့် အစိတ်အပိုင်းများအပေါ် ကျရောက်သွားကာ

86 02

“ယွင်ဟယ်ကိုကို၊ ရှင် ဘာအဝတ်အစားမှ မဝတ်ထာရင် အကောင်းဆုံးပဲလို့ ကျမ ထင်တယ်”

ဖုန့်ယွင်ဟယ်.. သူတကယ် သူမကို မကောင်းပေးသင့်၊ သို့သော် ထိုအတွက် သူ့မှာတော့ ကူကယ်ရာ မဲ့ရပေသည်။

ဖုန့်ယွင်ဟယ်ခမျာ ပြစ်တင်စကားများကို လုံးဝမဆိုရသေးမီပင် ရှီလီက ဖူဟွေ့ရှင်း လက်ကို ဆွဲကာ ဓာတ်လှေကားထဲ ဝင်သွားခဲ့လေပြီ။

အထဲရောက်သည်နှင့် တပြိုင်နက်တည်း ရှီလီက ဖူဟွေ့ရှင်း၏ လက်ကို လွှတ်ချလိုက်ပြီး အစောပိုင်းက သူမ၏ အပြုအမူများက အတော်လေးကို မသင့်လျော်ဟု ခံစားလိုက်ရလေသည်။ ထို့ကြောင့် သူမက သူမဖုန်းဖြင့် အလုပ်များဟန် ဆောင်လိုက်လေသည်။

ထို့အပြင် အတန်းဖော် တစ်ယောက်၏ ရှေ့မှာ ဆန့်ကျင်ဘက်လိင်ကို ပရောပရည် လုပ်ခြင်းက အတော်လေးကို ရှက်ကိုးရှက်ကန်း ဖြစ်စရာဟု သူမဘာသာ ခံစားရလေသည်။

အထက်တန်း ပထမနှစ် Class1မှ ကျောင်းသားများ…. မစိုးရိမ်ပါနဲ့။ ရှက်ကိုးရှက်ကန်း ဖြစ်စရာတွေကဖြင့် အများကြီးပဲ။ ဒီတစ်ခုတည်း မဟုတ်ဘူးရယ်။

သူမ ဖုန်းမှာ အာရုံစိုက်ထားသည့် ရှီလီက သူမဘာသာပင် ထိုကို့ရို့ကားရား အတွေးများမှ လွတ်မြောက်အောင် ရုန်းကန်နေရပေသည်။

( အခုထိ သူ ကိုယ်တုံးလုံးကြီး လျှောက်ပြေးနေမှာကို ငါ မတွေးသင့်ပါဘူးနော်။ ငါ အဲဒါကို ဘယ်လိုပဲ ပုံဖော် ပုံဖော် မျက်လုံးထဲမှာတော့ အတော်ကြီး ကို့ရိုးကားရား ဖြစ်နေမှာပဲ)

ရှီလီ၏ အတွင်းစိတ်အတွေး ထွက်ပေါ်လာခဲ့၏။ သို့သော် ဖူဟွေ့ရှင်းက ကြားပုံ မပေါ်သလို မည်သည့် တုံ့ပြန်ချက်ကိုမျှ ပြသမလာပါပေ။ သူက ရှီလီ ဆုပ်ကိုင်သွားသည့် သူ၏ လက်ကောက်ဝတ်ထံမှာသာ စွဲမြဲနေကာ အချိန်အတန်ကြာ စိတ်လွတ်နေခဲ့ပုံပင်။

ရှီလီ၏ စိတ်ထဲမှ ဖုန့်ယွင်ဟယ်ကို ခေါ်လိုက်သည်ကို ယပင် သူ မတုံ့ပြန်နိုင်ခဲ့ပါပေ။

ဓာတ်လှေကားထဲမှ ထွက်လာပြီးနောက် ရှီလီနှင့် ဖူဟွေ့ရှင်းလည်း လော်ဘီမှာ ထိုင်ကာ သူတို့၏ အတန်းဖော်များကို စောင့်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပါ၏။

ဖေးနျို၏ အုတ်အော်သောင်းနင်း အဖြစ်အပျက်ကြောင့် မတိုင်မီက တိတ်ဆိတ် ငြိမ်သက်ခဲ့သည့် ရေပူစမ်း အပန်းဖြေစခန်းက ရုတ်ခြည်းဆိုသလိုပင် အတိုင်းထက်အလွန် နာမည်ကျော်ကြားလာခဲ့ကာ Check in ဝင်ကြဖို့ လော်ဘီမှာ စောင့်ဆိုင်းနေသည့် ဧည့်သည် အရေအတွက်က ဆတိုးကိန်းဖြင့် တိုးလာသလားပင် ထက်မှတ်ရပေ၏။

ရလဒ်ကတော့ လော်ဘီမှ ဆိုဖာများအားလုံး Check in ဝင်မည့် ဧည့်သည်များဖြင့်သာ ပြည့်လုနီးပါး ဖြစ်နေပြီး စားပွဲနှင့် ဝေးနေသောကြောင့် ဦးသူ မရှိသေးသည့် တံခါးနားမှ ဆိုဖာနှစ်ခုံသာ ကျန်ရှိတော့သည်။

ယခု သူမက ဖူဟွေ့ရှင်းနှင့် အတော်ကြီး ရင်းနှီးနေပြီ ဆိုသော်ငြား ဆိုဖာတစ်ခုတည်းမှာ ဘေးချင်းကပ် ထိုင်ရမည့်အခါ နည်းနည်းလေးတော့ ကသိကအောက် ခံစားရလေသည်။

ကံကောင်းစွာဖြင့်ပင် ရှီလီ ထိုင်ပြီးနောက် ဖူဟွေ့ရှင်းက ဆိုဖာ၏ ဘေးကပ်ရပ်မှာ မတ်တပ် ရပ်လိုက်လေသည်။

ထိုအခါမှပင် ရှီလီမှာ စိတ်သက်သာရာ ရသွားပြီး သူတော်ကောင်းဟန် ဆောင်ကာ လက်ကို ဝှေ့ယမ်းလိုက်ရင်း

“ ဒီမှာ လာထိုင်လေ။ မတ်တပ်ရပ်နေရင် ညောင်းမှာပေါ့”

“ရပါတယ်။ ငါ ဘာမှ မဖြစ်လူး”

ယခင်ကထက် အဆတရာမျှ နှစ်သက်ဖွယ် ကောင်းသည့် ဖူဟွေ့ရှင်းကို ရှီလီ ရှာတွေ့ခဲ့ပါ၏။

(ဘယ်လောက်ကောင်းလိုက်တဲ့ ကောင်ငယ်လေးလဲဟယ်)

ဖူဟွေ့ရှင်းက မမျှော်လင့်စွာပင် “လူကောင်းလေး” ဟူသည့် ကတ်ကိူ ရရှိလိုက်လေသည်။ သူတို့ အတန်းဖော်များ အောက်ထပ်သို့ ဆင်းမလာမီ ဖူဟွေ့ရှင်းက ထိုကတ်လေးကို သူ့အိတ်ကပ်ထဲသို့ ထည့်လျှို သိမ်းဆည်းလိုက်လေသည်။

86 03

သူတို့ကားက မြို့ထဲသို့ ပြန်ဝင်လာသည့်အခါ ရှီလီနှင့် ဖူဟွေ့ရှင်းက ကျောင်းနားမှာပင် ဆင်းလိုက်ပါ၏။ သူတို့က ပွင့်ပွင့်လင်းလင်းပင် ပြုမူလိုက်ခြင်းဖြစ်ကာ အခြားလူများက သူတို့ နောက်ကွယ်မှာ အတင်းအဖျင်း ပြောကြမည် ဖြစ်သော်လည်း အမြင်မတင့်တာမျိုး လုပ်လိမ့်မည်ဟုတော့ မည်သူကမှ သံသယ ဝင်မည် မဟုတ်ပေ။

ဘာဖြစ်ဖြစ် ရှီလီက ဖုန့်ယွင်ဟယ်နှင့်သာ ချစ်ဇာတ်လမ်း ရှိဖို့ မျှော်လင့်နေသည့် လူတစ်ယောက်အဖြစ် ခိုင်ခိုင်မာမာ ရှိနှင့်နေပြီးသားပင်။ အကယ်၍များ မတိုင်မီက တစ်ယောက်ယောက်ကသာ သံသယရှိခဲ့ပါလျှင် နေ့လည်ခင်းပိုင်းက သပွတ်အူ လိုက်နေသည့် ထို “ယွင်ဟယ်ကိုကို” ဟူသည့် အသံကြောင့် သူတို့မှာ အထင်အဖြစ်သာ ကျန်ခဲ့ပေလိမ့်မည်။

တိဆေးရုံမှ ယနေ့တာဝန်ကျ ပုဂ္ဂိုလ်က မျက်မှန်တပ်ထားသည့် အရပ်ပုပု လူဖြစ်ကာ ထို ငှက်မွေးအဝတ်စုတ် မဟုတ်ပေ။

ထိုလူကို မြင်သည့်အခါ ရှီလီက သူမကိုယ်သူမ မိတ်ဆက်လိုက်ပြီး မီးခိုးရောင်ကြောင်လေးများ၏ ပိုင်ရှင်ဖြစ်ပြီး ထိုကြောင်ပေါက်ကလေးများကို လာကြည့်တာ ဖြစ်ကြောင်း ရှင်းပြလိုက်လေသည်။

ထိုမျက်မှန်လူက ရှီလီ၏ မိတ်ဆက်မှုကို အတော်လေး ရူးကြောင်ကြောင် နားထောင်ကာ ခေါင်းညိတ်လိုက်ပြီးနောက် သူက ကြောင်လေးများကို ထိန်းသိမ်းထားသည့် အခန်းထဲကို ခေါ်သွား၏။

အခန်း၏ တဝက်နီးပါးမျှက ကြောင်များဖြင့် ပြည့်နေပေသည်။ တံခါးဖွင့်သံ ကြားလိုက်သည်နှင့် သူတို့ကို အစောင့်က အစာလာကျွေးသည်ဟု ထင်သွားပြီး အလွန် တက်ကြွစွာဖြင့် တမြောင်မြောင် အော်ကြပေတော့သည်။

ရှီလီ၏ မျက်လုံးမျာကို အခြားဘယ်အရာကမှ ဖမ်းစားအထားနိုင်ပဲ ထို “ မြောင်” ဟူသည်ကို မျက်လုံးထဲမှာ စာရေးကြည့်မိ၏။

( ငါတို့ ဒီမှာပဲ အသက်ရှင်ချင်တယ်)

လှောင်ချိုင့်တစ်ခုဆီ လျှောက်သွားပြီး တံခါးကို ဆွဲဖွင့်လိုက်သည့် ဝန်ထမ်းကြောင့် ရှီလီက သူမ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်ပါ၏။ ထို့နောက် ကြောင်ဝတုတ်လေး တကောင်က လှစ်ခနဲ ဆိုသလို အပြင်ကို ထွက်လာလေသည်။ ထို့နောက် သူက ကြောင်ကလေး အတော်များများကိူ တကောင်ချင်း ယူထုတ်လာလေသည်။

မီးခိုးရောင် ကြောင်ဝတုတ်လေးက ဖူဟွေ့ရှင်း၏ ဘောင်းဘီပေါ် ဖက်တက်နေကာ ရှီလီခမျာ သူ့ကိူ ခက်ခက်ခဲခဲ မှတ်မိသွားခဲ့၏။

ထိုကြောင်မလေးကို ရှီလီ နောက်ဆုံးတခေါက် မြင်ခဲ့စဥ်က သူက အရိုးပေါ် အရေတင် ဖြစ်နေခဲ့ခြင်းပင်။ ယခုမူ သူ့တစ်ကိုယ်လုံးမှာ အဆီလွှာတွေ ပြည့်နေလေပြီ။

ထိုအချိန်အတွင်းက ဆေးရုံဘက်ကလည်း ကြောင်ကလေးများ၏ ပုံနှင့် ဗီဒီယိုများကို သူမထံ နေ့စဥ် ပေးပို့လာပါသော်လည်း ထို မီးခိုးရောင် ကြောင်ဝတုတ်လေးကတော့ အစဥ်လိုလိုပင် ကင်မရာရှေ့မှာ ပေါ်လာဖို့က ခဲရာခဲဆစ်ပင်။ ထိုပုံလေးများကို ကြည့်မိတိုင်း သူမက ထိုကြောင်လေးများ၏ အလှအပမှာ ထိမှန်ကျရှုံးရကာ ထိုကြောင်လေးများက သူမကို မနှစ်သက်သည့် စိတ်တိုစရာ ကြောင်ဝတုတ်လေး ဖြစ်ကြောင်းကိုတောင် မေ့လျော့လုနီးပါးပင်။

ထို့ကြောင့် ကြောင်ကလေးများ၏ ပြောင်းလဲမှုများကို တွေ့ရသည့်အခါ သူမ အံသြတုန်လှုပ်ရလေသည်။

“ဒီ ကြောင်မလေးကတော့ သိပ်မကြာခင် ကြောင်ကနေ ကား ဖြစ်တော့မယ် ထင်တယ်”

ဖူဟွေ့ရှင်းက သူ့နှုတ်ခမ်းထောင့်စွန်းမှ အပြုံးကို ချုပ်တည်းထားလိုက်ကာ ထိုဝန်ထမ်းကမူ နှာခေါင်းထက်မှ မျက်မှန်ကိုင်းကို ပင့်တင်လိုက်ပြီး ရှင်းပြလာလေသည်။

“ဒီကြောင်လေးက အရင်တုန်းက လေလွင့်ကြောင်လေးလေ။ သူ့ခမျာ ငတ်တလှည့် ပြတ်တလှည့်နဲ့ အစားအသောက် လုံလောက်အောင် မစားခဲ့ရဘူး။ သူရောက်လာတော့ သူ့ခမျာ အရိုးပေါ် အရေတင်ပဲ။ တခါစားပြီးရင် နောက်တနပ် မစားရမှာ ကြောက်လို့ထင်တယ်။ ဒါကြောင့် အစားစားချိန်တိုင်း ကြောင်စာတွေ အများကြီး စားပစ်တယ်။ ဒီလိုနဲ့ သူက ဖက်တီးမ ဖြစ်သွားတော့တာပဲ”

ဖူဟွေ့ရှင်းက ကြောင်မလေးကို ဇက်ပိုးမှ ကိုင်ကာ ဆွဲထုတ်လိုက်ပြီး သူ့ဇက်ပိုးကိုအုပ်ကာ ဆွဲထုတ်လိုက်ပါ၏။ သို့သော် သူက ရှီလီဆီကိုတော့ ကြောင်လေးကို မပေးလိုက်ပါပေ။

86 04

ထူးဆန်းစွာဖြင့်ပင် ဖူဟွေ့ရှင်းက ထိုကြောင်လေးကို နှစ်သက်ပုံ မပေါ်သော်လည်း ထိုကြောင်လေးက ဖူဟွေ့ရှင်းကိုသာ တောက်တဲ့လို တွယ်ကပ်နေပြီး ရှီလီကို လုံးဝ အဖတ်မလုပ်ပေ။

ရှီလီကမူ သူ့လက်မောင်းများ၏ အင်အားကို လေးစားအားကျစွာ စောင့်ကြည့်နေပေသည်။ ဒီလောက်ဝတဲ့ကြောင်ကို အကြာကြီး ချီထားတာ သူ မလေးဘူးလားဟင်။

ရှီလီက အားကျ မနာလိုစွာ ဆိုလိုက်၏။

“အဲဒီကြောင်မလေးကို ငါ မွေးပါရစေ”

“ဒီကြောင်မျိုးက ရိုင်းတော့ နင့်ကို ဒဏ်ရာရစေလိမ့်မယ်။ အဲဒီ ကြောင်ပေါက်လေးတွေကတော့ နင့်ကို အန္တရာယ် ပေးနိုင်မှာ မဟုတ်ပါဘူး”

သူက ကျိုးကြောင်းသင့်အောင် စဥ်းစားတတ်လှချည့်ဟု သူမက တွေးမိလေသည်။ အရွယ်ရောက်ပြီး ဝကစ်နေသည့် ကြောင်မျိုးက ကြောင်ပေါက် သေးသေးလေးများ၏ ချစ်စဖွယ် ကောင်းမှုဖြင့်တော့ နှိုင်းယှဥ်လို့ မရနိုင်ပေ။ ထို့ကြောင့် သူမလည်း ထိုအစား ကြောင်ပေါက်ကလေးများကိုပင် မွေးခဲ့၏။

ထိုမီးခိုးရောင် ကြောင်ဝလေးက ဖူဟွေ့ရှင်းကိုသာ တွယ်တာနေပါ၏။ သူမကို အောက်ချပေးလိုက်တာတောင်မှ ကြောင်မလေးက သူမကို မွေးစားဖို့ရန် ရှီလီထံ ပြေးမသွားပဲ ဖူဟွေ့ရှင်းကိုသာ လှည့်ပတ်နေပေသည်။

ရှီလီက တွေးနေရင်းကပင် ကြောင်ပေါက်လေးများကို ပွတ်သပ်ပေးနေ၏။

“ဒီကြောင်ပေါက်လေးတွေက ကောင်းကောင်းမွန်မွန် ကြီးပြင်းလာပြီး ကြည့်ရတာ အရမ်းကို ကျန်းမာတဲ့ပုံပဲ။ ဒါကြောင့် ကျမ သူတို့ကို အိမ်ပြန်ခေါ်သွားလို့ ရပြီမလား”

မီးခိုးရောင်ကြောင်လေးက မြောင်ဟု နှစ်ချက်မျှ အော်ကာ ဖူဟွေ့ရှင်းကို လှည့်ပတ်နေ၏။ ထို့ကြောင့် သူကလည်း ကြောင်စာထုပ်ကို ဖော်ကာ ကြောင်မလေးကို အစာကျွေးလိုက်လေသည်။ သူမ၏ ဟူးမန်းက ထိုစားချင့်စဖွယ် အစာထုပ်ကို ပုံမှန်အတိုင်း ဖျစ်ထုတ်လိုက်တာ မဟုတ်ကြောင်း သဘောပေါက်သွားသည့် မြောင်က အစားများကို အားကြိုးမာန်တက် စားပစ်လိုက်လေရာ ထိုဖျစ်ညှစ် ထုတ်ထားပြီးသည့် အစာများက အတန်ကြာကတည်းကပင် သွားလိုက်ပေပြီ။

သူမက ကန့်ကွက်သည့် သဘောဖြင့် မြောင်ဟု နှစ်ချက်မျှ ဆင့်အော်လိုက်၏။ သို့သော် သူမကို အစာများ ပိုထည့်ပေးဖို့ တောင်းဆိုသည့် သူမ၏ ဟူးမန်းအပေါ် ဆွဲဆောင်မှုက ကျရှုံးသွားပါ၏။ ထို့ကြောင့် သူမက သူမ၏ လက်သည်းများကို ထုတ်လိုက်ကာ သွားစွယ်လေးများကို ဖြဲကာ အားကြိုးမာန်တက်ဖြင့် ထိုအစာထုပ်ကို ကိုက်ဖြဲလေတော့သည်။

******

87 01

အပိုင်း 87.

“ ကြောင်ပေါက်လေးတွေကို ကြည့်ရတာတော့ ကျန်းမာပုံပါပဲ။ ဒါပေမဲ့ သူ့ကို သင်းပြီးမှ ပြန်ခေါ်သွားတာ အကောင်းဆုံးပဲ။ နင် သူ့ကို ဒီနေရာမှာပဲ ကြာကြာလေး ထပ်ထားပြီး သင်းပြီးမှ ပြန်ခေါ်ဖို့ ငါ အကြံပေးချင်တယ်”

ဖူဟွေ့ရှင်းက ရှီလီနှင့်အတူတူပင် ယုံကြည်စိတ်ချရပါ၏။ ထို့ကြောင့် သူမအနေဖြင့် ဖူဟွေ့ရှင်း၏ အကြံပြုချက်က ယုတ္ထိ ရှိသည်ဟု ခံစားရလေသည်။

ကြောင်လေးများကိုက အမှန်တကယ်ကို သင်းသတ်သင့်ပါ၏။ ထို့ကြောင့် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းကာ လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်ပြီးနောက်မှပဲ သူမ အိမ်သို့ ခေါ်သွားရပေတော့မည်။

“တကယ်လို့ နင်တကယ်ပဲ ကြောင်လေးတွေကို သဘောကျတယ်ဆိုရင် ကြောင်ပေါက်လေးတွေကိုပဲ အရင်ခေါ်သွားနှင့်ပေါ့။ ဒီတက်ဘီကြောင်လေးကိုတော့ သင်းပြီးမှ လာခေါ်လေ”

တက်ဘီကြောင်မလေး.. ငါ့သခင်မက ငါ့ကို အိမ်ခေါ်သွားဖို့ အရမ်းခက်ခဲနေပုံပဲနော်။

“ကိစ္စမရှိဘူး။ နောက်ကျမှ ငါ သူတို့ အကုန်လုံးကို အိမ်အတူ ပြန်ခေါ်သွားမယ်”

မူလတုန်းကတော့ သူမ အနေဖြင့် သူမ၏ ကိုယ်ပိုင် ကြောင်လေးများကိုသာ အိမ်ပြန်ခေါ်သွားရန် စီစဥ်ထားခြင်းပင်။ အစီအစဥ်က လွဲချော်သွားသော်လည်း သူမက အလွန်ကို စိတ်ကျေနပ် ပျော်ရွှင်နေပါ၏။ ဘာဖြစ်ဖြစ် အိမ်မွေးကြောင်လေးများက သူတို့ကိုယ် သူတို့ ကုစားနိုင်စွမ်း အလွန် မြင့်မားကြသည်လေ။

တိရစ္ဆာန်ဆေးရုံမှ ပြန်လာကြပြီးနောက် ရှီလီက ဖူဟွေ့ရှင်းကို ညစာ လိုက်ကျွေးလေသည်။ ထို့နောက်မှာမှ မိသားစု ဒရိုင်ဘာကို ရှီလီက ခေါ်ကာ အိမ်ပြန်လာခဲ့၏။

ဗီလာထဲကို ဝင်လိုက်သည့်အခါ သူမ၏ ဖခင်က အိမ်ကို ပြန်ရောက်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။

ရှီလီ အထဲဝင်သွားသည့်အခါ သူက ခြေချိတ်ကာ ထိုင်နေပြီး သတင်းစာ ဖတ်နေပါ၏။

ရှီလီ၏ အသံလေးက ပျော်ရွှင် အံ့သြခြင်းတို့ ပြည့်နှက်နေကာ.

“ပါး အိမ်ပြန်လာပြီ”

သခင်မဟွမ်ကျဲနှင့် အိမ်အကူများကမူ မီးဖိုချောင်ထဲမှာ ခေါက်ဆွဲပြုလုပ်ရန် ဂျုံလုံး လှိမ့်နေပါ၏။

“ ခရီဆောင်အိတ်ကို ဦးလေးကျန်းဆီပေးပြီး အပေါ်ထပ်ကို ယူသွားခိုင်းလေ။ ခဏနေကျ ညစာ စားရအောင်။ ဒီနေ့တော့ တို့တွေ ညစာ စောစော စားကြတာပေါ့။ ဒါမှ သမီး ပါးလည်း စောစော အနားယူလို့ရမှာ”

ဟွမ်ကျဲနှင့် အိမ်အကူများက မီးဖိုချောင်ထဲမှာ အလုပ်များနေခဲ့ပြီး မကြာမီပင် ပေါင်းထားသည့် ခေါက်ဆွဲ ပူပူများက အရံသင့် ဖြစ်နေပေပြီ။

ဆိုဖာမှာ ထိုင်ကာ ဖခင်ဖြစ်သူနှင့် စကားပြောနေသည့် ရှီလီက ညစာ အဆင်သင့် ဖြစ်ပြီဟု မီးဖိုဆောင်ကနေ လှမ်းပြောလိုက်သည့် ဟွမ်ကျဲကြောင့် ဟင်းပွဲအချို့ကို သွားရောက်ကူညီ ပြင်ဆင်ပေးချင်၏။

သနပ်စိမ်ထားသည့် ဟင်းရံ အများအပြားကို ဟွမ်ကျဲက ပြင်ဆင်ထား၏။ အားလုံးသော ဟင်းပွဲများကို စားပွဲပေါ်မှာ တည်ခင်းပြီးသည့်အခါ ကိုရီးယား ကျေးလက်ရိုးရာ ညစာစားပွဲ ပုံစံက တရားဝင် ပေါ်ပေါက်လာတော့သည်။

ရှီလီက ဖူဟွေ့ရှင်းနှင့်အတူ ညစာစားခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် သူမက ဗိုက်သိပ်မဆာပေ။ သူမက သူမဘာသာ ခေါက်ဆွဲပန်းကန် ပြင်လိုက်သည့်အခါ သူမ ပန်းကန်လုံးထဲဝယ် ခေါက်ဆွဲဟူသည့် အမှတ်သညာ ဟူ၍ ခေါက်ဆွဲလေး နှစ်မျှင်ခန့်မျှသာ ရှိလေသည်။

သူမက အများကြီး မစားနိုင်လျှင်တောင်မှ ညစာစားကြသည့် စားပွဲမှာ မိဘများနှင့် အတူထိုင်ကာ စကားစမြည် ပြောခြင်းက ကောင်းသည့် ကိစ္စပါပင်။

ခေါက်ဆွဲက ဟွမ်ကျဲ၏ အထူး ကျွမ်းကျင်မှု တရပ်ပင်။ အထပ်ထပ် အခါခါ ချီးကျူးသမှု မပြုမီ ရှီလီ၏ ဖခင်က အနည်းငယ်မျှ ထပ်စားလိုက်ကာ

“မင်းလုပ်တဲ့ ခေါက်ဆွဲက အရသာ အရှိဆုံးပဲ။ ဒါနဲ့ ယှဥ်လိုက်ရင် ငါ အပြင်မှာ စားတာတွေက ဝက်စာသာသာပဲ ရှိတယ်”

87 02

သူ့ဇနီး အိမ်သို့ပြန်ရောက်လာစဥ်ကတည်းက သူ အလုပ်ကိစ္စနှင့် ပတ်သက်ပြီးသာ အပြင်စာကို မစားမဖြစ် စားရပေသည်။ သူက တရုတ်အစားအစာ အရသာ စစ်စ်ကိုသာ ခုံမင်တတ်သူဖြစ်ပြီး တိုင်းတပါး ဟင်းလျာများကို ခံတွင်းတွေ့သူ မဟုတ်။

ထိုမြှောက်လုံး ပင့်လုံးကြောင့် ဟွမ်ကျဲမှာ စိတ်ကျေနပ်ရပေတော့သည်။ ပုံမှန်ဆို မြန်ရည်ယှက်ရည် စားတတ်သည့် သမီးဖြစ်သူက ယခု နည်းနည်းလေးပဲ စားသည်ကိုကြည့်ကာ သူမက စိုးရိမ်တကြီး မေးလိုက်၏

“ နေမကောင်းဘူးလား။ ခံတွင်းပျက်နေတာလား သမီး”

အမှန်တော့ သခင်မဟွမ်ကျဲက ထိုအရာနှင့် ပတ်သက်လို့ကတော့ သူမဘာသာ ယုံကြည်ချက် အပြည့်ရှိပါ၏။ သူမ သမီးက နေထိုင်မကောင်း ဖြစ်နေသည်ဟု သံသယ ဝင်လျှင်တောင်မှ သမီးဖြစ်သူက သူမ ချက်ပြုတ်သည့် အစားအသောက်များကို မနှစ်သက်မှာ မဟုတ်ကြောင်း ဘယ်တော့မှ တွေးလိမ့်မည် မဟုတ်ပေ။

“သမီး အိမ်ပြန်မလာခင် အတန်းဖော်တစ်ယောက်နဲ့ စားခဲ့ပြီးပြီ မား။ ဒါကြောင့် ဗိုက်သိပ်မဆာလို့ပါ။ ဒါပေမဲ့ မားရဲ့ ခေါက်ဆွဲကိုတော့ ထပ်စားနိုင်ပါသေးတယ်”

ရှီလီ၏ ဖခင်ကမူ သူ့ဇနီး၏ ဟင်းချက်စွမ်းရည်ကို တဝကြီး ချီးကျူးတတ်ပေသည်။

“ သမီးအမေ စားသောက်ဆိုင် မဖွင့်တာက စွမ်းရည်တွေကို ဖြုန်းတီးရာ ကျတာပဲကွာ”

သူမ၏ ဟင်းချက်စွမ်းရည်များအပေါ် ဟွမ်ကျဲ၏ ယုံကြည်ချက်များ၏ 80% က သူမ ဖခင်၏ မြှောက်လုံး ပင့်လုံးများကြောင့်ဖြစ်ပြီး ကျန်20% ကမူ ဟွမ်ကျဲ ကိုယ်ထဲမှာ လျှံကျနေသည့် မိမိကိုယ်ကို ယုံကြည်မှုများကြောင့် ဖြစ်သည်ဟု ရှီလီက တွေးမိလေသည်။

ရှီးမိသားစုဝင် သုံးယောက်မှာက အစားစားနေစဥ် စကးမပြောရ ဟူသည့် အယူအဆမျိုး မရှိပေ။ ထို့ကြောင့် ညစာ စားပွဲဝယ် ဖခင်ဖြစ်သူက သူသမီး ခုတလော ကျောင်းမှာ ဘယ်လိုနေသည်ကို မေးမြန်းပြီးနောက် ထိုကောင်လေးကို ကျေးဇူးတင်ရန် ဖုမိသားစုထံ သွားရောက် လည်ပတ်ရန် အဆို ပြုလိုက်လေသည်။

ရှီလီကမူ ထိုအတွက် စိတ်ထဲမထားပေ။ အကယ်၍ သူမ မိဘများက ထိုလူထံ သွားရောက်ကာ နောက်တစ်ကြိမ် ကျေးဇူးတင်ဖို့ လိုအပ်သည်ဆိုလျှင် ထိုသို့ လုပ်လိုက်ရုံသာ။

ဘာဖြစ်ဖြစ် ဖူဟွေ့ရှင်းက သူမ၏ မဟာကိစ္စကြီးကို အမှန်တကယ် ကူညီပေးခဲ့သူပင်။ ထို့ကြောင့် ထိုအိမ်ကိုသွားတာက သူမ၏ သဘောထားကို ထင်ထင်ရှားရှား ပြသရာ ရောက်ပေသည်။

(ဖူဟွေ့ရှင်းက အသိအမှတ်ပြု ကမ္ပည်းတိုင်တွေရဲ့ အရိပ်ကနေ စိတ်ချောက်ခြားနေတာ ဆိုရင်ရော။ အဲဒါက မလိုအပ်ပါဘူး)

ရှီလီ၏ အဖေက စောစော အနားယူဖို့ လိုအပ်ပါ၏။ ထို့ကြောင့် သူမလည်း ဖခင်နှင့် အချိန်အကြာကြီး စကား ပြောမနေတော့ပေ။

နောင်အနာဂတ်ကျ ဘယ်နည်းလမ်းဖြစ်ဖြစ် ပေါပေါသီသီ ရနိုင်မဲ့ အခွင့်အရေး ရှိနေမှကို။ ရှီလီ သူမ အခန်းသို့ ပြန်သည့်အခါ သူမ ဖခင်နှင့် ဟွမ်ကျဲတို့လည်း သူတို့ အိပ်ခန်းကို ပြန်သွားခဲ့လေသည်။

သူမက ရက်အနည်းငယ်မျှ အိမ်မှာ မရှိခဲ့သော်လည်း ပင်ပန်း နွမ်းနယ်တာမျိုး မခံစားရပေ။

သူမက လက်တွေ့ လေ့ကျင့်ခန်း ပုစ္ဆာအချို့ကို မိနစ် အနည်းငယ်မျှ ဆက်တိုက်ကြည့်လိုက်ပြီးနောက် စာအုပ်ကို ဘေးဘက်မှာ မှောက်ချထားလိုက်၏။ ဘာဖြစ်ဖြစ် ယခုက ဆောင်းရာသီ အားလပ်ရက် ဖြစ်လေရာ သူမကတော့ အရင်ဆုံး ရက်နည်းနည်းလောက် ကစားရပေမည်။ အိမ်စာနှင့် အဲ့လို တခြားဟာမျိုးတွေကတော့ ကျောင်းတွေ ပြန်မဖွင့်ခင် အချိန်ထိ စောင့်ပေဦးပေါ့။

ထို့ကြောင့် သူမက သူမ၏ အာရုံများကို ဖုန်းပွတ်ခြင်းသို့ ပြန်ပို့လိုက်လေသည်။ ထို့နောက် သူမက Social Mediaကို ဖွင့်ကာ အတန်းဖော်များ လတ်တလော အပျော်ခရီးတို ထွက်ခြင်းမှ တင်ထားမည့် ဓာတ်ပုံလှလှများကို ရှာဖွေတော့၏။

အံ့သြစရာ မကောင်းစွာပင် သူတို့၏ အတန်းပိုင် ဆရာ၏မျက်လုံးများသည်လည်း ထိုကျောင်းသားများ တစုတဝေးတည်း ရှိနေသည့် ပုံများကို ဖုန်Screen အပြည့် မြင်လိုက်ရလေသည်။

သူ့ကျောင်းသားများက တစူတဝေးတည်း အပြင်ထွက်ကြခြင်း ဖြစ်သော်လည်း ဘယ်တစ်ယောက်ကမှ သူ့ကို ဖိတ်ခေါ်သမှု မပြုခဲ့ပါလေ။ သူတို့၏ ဆက်ဆံရေးက ကွဲပြားပေစွဟု သူက တွေးမိ၏။ ထိုဘိုးဘေးလေးများက ဖရဲသီးများကိုပင် အတူတကွ မျှဝေလိုက်သေး၏။

87 03

သို့သော် စင်စစ်မှာတော့ ထိုအပျော် ခရီးတိုလေးက သူ့ကို ပြင်းထန်သော ပေါက်ကွဲမှုတရပ် ပေးစွမ်းလိုက်သည်ပင်။

သူက ဒေါသထွက်နေသည့် ငါးပူတင်းနှယ် တဟူးဟူး တဟဲဟဲ ဖြစ်နေပေသည်။ ပုံများကို ဆွဲကြည့်နေရင်းက သူက ပုံတပုံကို မတော်တဆ Like ပေးမိကာ သူ့ဘာသာ သတိပြုမိသွားသည်နှင့် Unlike ပြန်လုပ်ပစ်လိုက်၏။

သူ၏ ကလေးဆန်လှသော အပြုအမူကို မည်သူကမှ သတိ မပြုမိလိုက်ပေ။ သူက သူ၏ မချင့်မရဲ စိတ်များကို တိတ်တဆိတ်ပင် မြိုချထားလိုက်လေသည်။

ထို့နောက် အိပ်ရာမဝင်ကြမီပင် လူတိုင်းက နောက်တနေ့ နေ့လည်ခင်းဝယ် ဤ Semester၏ စာမေးပွဲ ရလဒ်များကို ကြည့်ရှုရန် အားလုံး အတူတူ ကျောင်းသွားသင့်သည် ဟူသည့် စာတိုကို လူတိုင်း လက်ခံရရှိလိုက်လေသည်။

လူတိုင်းခမျာ ပဟေဠိဖြစ်သွားရပါ၏။ ယခုက ဆောင်းရသီ အားလက်ရက် အစပဲ ရှိသေးသည်ကို သူတို့က ကျောင်းကိုသွားပြီး Result ကြည့်ရဦးမည်တဲ့။ ကြည့်ရတာ မူတန်း ကျောင်းသားတွေနဲ့ အရမ်းတူနေတာပဲနော်။

အချို့သော အတန်းသားများကမူ ဆရာ၏ ကြေညာချက်ကြောင့် အတော်ကို မပျော်မရွှင် ဖြစ်သွားရပြီး အတော်များများကမူ အရေးစိုက်မနေပေ။ ဘာဖြစ်ဖြစ် သူတို့က အထက်တန်း ကျောင်းသားတွေ ဖြစ်ကြကာ ၎င်းက မိမိတို့၏ နောက်ဆုံး စာမေးပွဲနှင့် ပတ်သက်နေသည်လေ။

ထို့ကြောင့် နောက်တနေ့မှာတော့ လုံခြုံရေး အစောင့်များသာ အလုပ်လုပ်နေသည့် ချန်းဖု အလယ်တန်းကျောင်းသို့ အထက်တန်း ပထမနှစ် Class 1မှ ကျောင်းသားအားလုံး သူတို့၏ ပထမဆုံး အထက်တန်း နောက်ဆုံးစာမေးပွဲ ရလဒ်ကို ကြည့်ရှုရန် ရောက်လာကြတော့၏။

စာမေးပွဲ အဖြေလွှာနှင့် Report Card များကတော့ အတန်းပိုင်ဆရာ၏ စားပွဲပေါ်ဝယ် တောင်ပုံရာပုံမျှ ရှိနေပေသည်။ သူတို့က သူတို့၏ ထိုင်ခုံများမှာ ထိုင်ကာ စိတ်ပျက် ညှိုးငယ်စရာ အမှတ်များကိုသာ မြင်ရပေတော့သည်။

အတန်းပိုင်ဆရာမှာ ယခုထိတိုင် စင်္ကြံမှာ ရပ်နေဆဲဖြစ်ကာ အခန်းထဲ ဝင်မသွားသေးပေရာ အထဲမှ ထွက်ပေါ်လာသည့် တအီအီ မြည်တမ်းသည့် လှိုင်းသံများကိုတောင် ကြားနေရပေသည်။

သူက အခန်းထဲသို့ မဝင်မီ အပေါ်သို့ ယောင်ယောင်မျှ လန်တက်နေသည့် သူ၏ နှုတ်ခမ်းကို ချုပ်တည်းထားလိုက်ပြီး အေးစက်ခက်ထန်သော မျက်နှာပေးကို တမင်လုပ်ထားလိုက်၏။

“Result တွေ အကုန်လုံးက စားပွဲပေါ်မှာပဲ။ မင်းတို့တွေလည်း မြင်ပြီးလောက်ပြီပေါ့”

“ရိုးရိုးသားသား ပြောရမယ်ဆို ဒီတခေါက် ငါတို့ အတန်းရဲ့ Performance တွေက အရမ်းကို ညံ့ဖျင်းနေတာပဲ။ ငါတို့ အတန်းရဲ့ ပျမ်းမျှ ရမှတ်က အတန်းအားလုံး အဆင့်တွေရဲ့ အောက်ဆုံးက ရေရင် သုံးဆင့်မှာပဲ ရှိတယ်။ အတန်းရဲ့ နောက်ဆုံး အဆင့်ကတာ့ အနုပညာ အတန်းမှာပဲ။ အဲ့တော့ တကယ့် အဆင့်အမှန်က အောက်ဆုံးကရေရင် ဒုတိယနေရာပေါ့။ မင်းတို့တွေ ဒီလို ရမှတ်မျိုး ရအောင် ဘယ်လိုများ စွမ်းဆောင်ခဲ့လဲ ငါ နားတောင်မလည်နိုင်ဘူး။

ဤ ဝရုန်းသုန်းကား ဖြစ်မှုကတော့ အစစ်အမှန်ပင်။ သူက အမြဲလိုလိုပင် ထိပ်သီး အတန်းများကို ဦးဆောင်ခဲ့သူ ဖြစ်လေရာ ယခုက သာမန်ရမှတ် ဟူသည်ကို ပထမဆုံးအကြိမ် တွေ့ကြုံရခြင်းပင်။

(စာမေးပွဲတွေမှာ တကယ်လို့ တစ်ယောက်ယောက်က ပထမရရင် ဘိတ်ချေးရတဲ့ တစ်ယောက်ယောက်ကတော့ အမြဲ ရှိနေမှာပဲ။ အဲဒါ အရမ်းကို သာမန်ပါပဲနော်)

အတန်းပိုင်ဆရာ… တကယ်လို့သာ အဲဒါက မင်းရဲ့ အတွင်းစိတ် အတွေးမဟုတ်ရင် မင်းကပါ ငါ့ကို အဲဒီကောင်တွေနဲ့ အတူ ငေါ့နေတာလား ငါ သံသယ ဝင်မိမှာ။

ဘာဖြစ်ဖြစ် ရှေးဦးလူတို့က ယခုလို စကားတစ်ခွန်း ပြောဖူးပေသည်။ ဘယ်လောက်ပဲ ရိုးသားစစ်မှန်တဲ့ လေသံဖြစ်နေပါစေ ကိစ္စမရှိ၊ စိတ်ရင်းမပါရင် သိပ်ပြီး ယုံချင်စရာတော့ မရှိပါ ဟူသတတ်တ။

တစ်ခါတစ်ရံတွင် ရှီလီ၏ စိတ်တွင်းမှ အသံက သူပြောနေသည့် စကားများကို ဖြိုဖျက် တိုက်စားတတ်ပြီး သူ့စကားများ၏ သက်ရောက်မှုကို ကြီးကြီးကျယ်ကျယ် အားနည်းစေပါ၏။ အရေးအကြီးဆုံးကတော့ နောက်ထပ် ဘာဖြစ်လာမလဲဆိုတာ သူမ မသိရှိခြင်းပေတည်း။

87 04

ထို့ကြောင့် သူက ပြောလိုက်၏။

“ရှီလီ၊ ဆရာ့ ရုံးခန်းထဲမှာ ထိပ်ဆုံးရမှတ် ရတဲ့သူတွေကို ပေးမဲ့ ဆုတွေ ရှိတယ်။ အဲဒါတွေကို ဒီကို ယူလာခဲ့ပေးမလား”

အတန်းပိုင်ဆရာကား ထိုလက်တိုလက်တောင်း ကိစ္စများဆိုလျှင် အတန်းခေါင်းဆောင်ကိုသာ ပြေးလွှားခိုင်းတာ ဖြစ်၏။ ယနေ့မှာတော့ သူက ထိုကိစ္စများကို ရှီလီကို ရုတ်တရက် လုပ်ခိုင်းလေရာ သူ့ကိုတောင်မှ အံ့အား သင့်သွားစေလေသည်။

သို့သော် ရှီလီကမူ မည်သို့သော ရှုပ်ထွေးမှုကိုမျှ ပြသမလာပေ။ ဆုများ ဘယ်နေရာမှာ ထားသည်ကို သတိရသွားပြီးနောက် သူမက အခန်းထဲမှ ထွက်သွားတော့၏။

ရှီလီ ရုတ်တရက် ပြန်လှည့်လာမည်ကို ကြောက်ရွံ့လေရာ သူက လိုရင်းကို တန်းသွားလိုက်၏။

“ငါတို့ကျောင်းရဲ့ထုံးတမ်း အစဥ်အလာအရ ပထမနှစ်ရဲ့ Second Semesterမှာ စာမေးပွဲ ပြန်ဖြေရလိမ့်မယ်။ ငါတို့အတန်းက အနာဂတ်ရဲ့ ထိပ်တန်းသိပ္ပံ အတန်းပဲ။ ရှီလီရဲ့ ရမှတ်တွေကို အခြေခံရင် သူက ဒီမှာပဲ ဆက်ပြီး နေခဲ့လို့ ရနိုင်မယ်။ ဒါပေမဲ့ သူ့အတန်းဖော် တော်တော်များများရဲ့ ရမှတ်တွေကတော့ ဒီအတန်းမှာ ဆက်နေလို့ ရမှာ မဟုတ်ဘူး။ မင်းတို့တွေက တကွဲတပြားစီ ဖြစ်ချင်နေတယ်ပေါ့ ဟုတ်ရဲ့လား”

“မင်းတို့ သိထားရမှာက တကယ်လို့ မင်းတို့သာ တကွဲတပြားစီ ဖြစ်ကုန်ရင် မင်းတို့ အဲဒီအတင်းအဖျင်းတွေကို ရှီလီနဲ့အတူ ဆက်ပြီး မျှဝေနိုင်မှာ မဟုတ်တော့ဘူးနော်”

အတန်းပိုင်ဆရာက ဖြစ်လာလတ္တံ့သော ခိုင်မာသည့် အကျိုးဆက်များကို တမင်တကာပင် ပိုပြီး ပြင်းပြင်းထန်ထန် ပြောလိုက်ပါ၏။

“ အဲဒီအတွက် မင်းတို့က ရှီလီရဲ့ အတွေးတွေကို ကြားနိုင်တဲ့ စွမ်းရည်တောင်မှ ဆုံးရှုံးချင် ဆုံးရှုံးဦးမှာ”

******

88 01

အပိုင်း 88.

“မင်းတို့အားလုံး ရှီလီထက် နောက်ကောက်ကျ ကျန်ခဲ့ပြီး ဒီအတန်းထဲကနေ ထွက်မသွားချင်ဘူးမလား”

ရှီလီ၏ အတွင်းစိတ် အတွေးများကိုသာ မကြားနိုင်တော့လျှင် သူတို့က ယခုထက်ပိုပြီး ဇာတ်လမ်းတွေကို အတူကြည့်လို့ ရနိုင်တော့မည် မဟုတ်ပေ။

လူတိုင်းကား ထိုနားကွဲလုမတတ် ပြစ်တင် ထောက်ပြမှုကြောင့် တိတ်ဆိတ် သွားရတော့၏။

အတန်းပိုင်ဆရာက သူ့တပည့်တွေကို ဘယ်လို ရက်စက်တဲ့ နည်းလမ်းတွေနဲ့ Motivate လုပ်နေတာတုန်း။

အမှန်တော့ လူတိုင်းက ရှီလီ၏ အတွင်းစိတ် အတွေးများကို ကြားနိုင်ခြင်းမှာသာ မှီခိုနေရပေသည်။

သူတို့၏ ငုပ်လျိုးနေသော အတင်းအဖျင်း ဗီဇများက ရှီလီကြောင့်သာ ဖြစ်ပေါ်လာခြင်းခြင်းဖြစ်ရာ သူတို့က ရှီလီ၏ အတွေးများအား မကြားနိုင်တော့မည်ကို အဘယ်မှာ မကြောက်ဘဲ ရှိပါအံ့နည်း။

အကယ်၍များ ရှီလီ၏ အတွေးများကို မကြားနိုင်သူက လူတိုင်းဖြစ်သည်ဆိုလျှင် ၎င်းက ကိစ္စတစ်ခု ဖြစ်ပါ၏။ သို့သော် သူတို့တွေက အမှတ်ကွာဟချက်ကြောင့် အတန်းတွေ တကွဲတပြား ဖြစ်ပြီး ရှီလီ၏ အတွေးများကို သူတို့က မကြားနိုင်ရတော့ဘဲ ဇာတ်လမ်းများကို လွဲချော်ခဲ့ရာ တစ်ချိန်တည်းမှာ လူတစ်ယောက်တည်းကသာ ရှီလီ၏ အတွေးများကို ကြားနိုင်သော် ၎င်းက သူတို့ကို သေဒဏ် စီရင်ချက် ချပစ်လိုက်တာနှင့် ဘာမှ မကွာခြားတော့ပေ။

ထိုကိစ္စကို တွေးကြည့်ရုံမျှဖြင့်ပင် ကြောက်မက်ဖွယ် ကောင်းပေစွ။

အတန်းပိုင်ဆရာက ရှီလီ ပြန်မလာမီ သူ့ပါးစပ်များကို ပိတ်ထားလိုက်ပြီး တစ်ခန်းလုံးသည်လည်း ငြိမ်သက် တိတ်ဆိတ်နေခဲ့ကာ သူ့စကားများကြောင့် မင်သက်နေပေတော့သည်။

ရှီလီက အောင်ဘာလေသေတ္တာကို ယူလာပြီး စာသင်စင်မြင့်ထက်မှာ ထားလိုက်၏။

ဆရာက သူမကို အဘယ်ကြောင့် ထိုလက်တိုလက်တောင်း ကိစ္စများ ခိုင်းသည်ကို ရှီလီခမျာ နားမလည်နိုင်ပေ။

ထိုပထမဆုလာဒ်ဟု ခေါ်သည့် အရာကြီးက အတော်ထူးဆန်းနေပြီး ကံစမ်းမဲပုံးအဖြစ် အသုံးပြုမည့် သေတ္တာကြီးဖြင့်သာ ဆင်တူနေကာ သူမကို ချီးမြှင့်မည့် ဆုလာဒ်နှင့် ဘယ်နားကမှ တူမနေပေ။

ထို့ထက်ပိုပြီး ပုံမှန်မဟုတ်သည်ကတော့ အတန်းပိုင်ဆရာက ဒုတိယနေရာမှ စတင်ကာ ကျောင်းသားတိုင်းကို သူတို့၏ အဆင့်အလိုက် ကံစမ်းမဲနှိုက်ရန် ခေါ်ဆိုလိုက်ပြီး ရှီလီ တစ်ယောက်တည်းသာ ကျန်နေပေသည်။

ရှီလီခမျာ အမှန်တကယ်ကို ရှုပ်ထွေးသွားရကာ ခေါင်းခြောက်ရပေတော့၏။

အတန်းသားတိုင်း ကံစမ်းမဲ နှိုက်ရပြီး အောင်ဘာလေ သေတ္တာ အလွတ်ကြီး ဖြစ်သွားချိန်ထိ ရှီလီကို စင်မြင့်ထက်သို့ ခေါ်မလာသေးပေ။

အတန်းသားတိုင်းက ဂဏန်းများဖြင့် အမှတ်သညာ ပြုထားသည့် ပင်ပေါင်လေးများကို ဆုပ်ကိုင်ထားရပေသည်။

နံပတ်များကို ချရေးပြီးသော် အတန်းပိုင်ဆရာက အတန်းသားများ၏ အမည်နောက်ဝယ် သူတို့ မဲပေါက်ထားသည့် နံပတ်များကို ချရေးလိုက်၏။

88 02

လူတိုင်းကို တစ်ကြိမ်ခေါ်ထုတ်ပြီးတိုင်း အတန်းပိုင်ဆရာက Projecter ၏ Slideshow function ကို ဖွင့်လေသည်။

“ငါက လူတိုင်းအတွက် ဆောင်းရာသီ အားလပ်ရက် လက်ဆောင်သေးသေးလေး ပြင်ဆင်ပေးထားတယ်။ မင်းတို့ ရထားတဲ့ နံပတ်နဲ့ ကိုက်ညီတဲ့ ငါ့ရဲ့ လက်ဆောင်လေးတွေပေါ့။ ဒါလေးတွေက တုံကင်လေးတွေပါပဲ။ ဒါကြောင့် မင်းတို့အနေနဲ့ သူတို့ကို အလေအလွင့် မဖြစ်သွားစေဖို့ ငါ မျှော်လင့်တယ်”

ရှီလီသာမက လူတိုင်းသည်လည်း အတန်းပိုင်ဆရာ၏ အပြုအမူများကြောင့် ဦးနှောက်ခြောက်ရပေတော့သည်။

သို့သော် သူတို့အားလုံး ခံစားမိသည်က ဤဆုလာဘ်များဟူသည် ဘယ်နည်းနဲ့မှတော့ ကောင်းတဲ့အရာ မဖြစ်နိုင်ဟူ၍ပါပင်။

စားပွဲပေါ်မှ Slideshow က နံပတ်တစ်ခုချင်းစီ၏ လက်ဆောင်များကို ပြသနေပါ၏။

၎င်းက ဆောင်းရာသီ အားလပ်ရက်၊ နှစ်ကူးလက်ဆောင်ဘူး အစရှိသည်ဖြင့် ဖြစ်လေသည်။

၎င်းက အပေါ်ယံသာ ကြည့်မည်ဆိုပါက သူ့အနေဖြင့် ကျောင်းသားများကို အမှန်ကြီး လက်ဆောင် ပေးနေသလိုပါပင်။

ကံစမ်းမဲ မနှိုက်ရသည့် ရှီလီကတော့ မကျေမချမ်း ခံစားနေရပေသည်။ ( အဲဒီ ကပ်စေးနည်း ဆရာကတော့ အရမ်းကို ရက်ရောသလို လုပ်နေတာပဲ)

(မဟုတ်ဘူး။.သူက အခုထိ ကပ်စေးနည်းကြီးပဲ။ ငါကလွဲလို့ အတန်းထဲကလူတိုင်း လက်ဆောင် ရနေကြတာကြီး)

အတန်းပိုင်ဆရာ.. စိတ်ရှည်ပါဦး ချစ်တပည့်လေးရယ်။ သိပ်မကြာခင် မင်း အဲဒီစကားကို ထပ်ပြောရဦးမလားဆိုတာ ငါကြည့်ဦးမယ်။

အတန်းပိုင်ဆရာက သေတ္တာ အမြောက်အမြားကို စာသင်စင်မြင့်နောက်မှ ဆွဲယူကာ အပေါ်မှာတင်လိုက်၏။ ထိုဘူးလေးများကို လှလှပပ ထုပ်ပိုးထားပြီး အရေးအကြီးဆုံးကတော့ အတော်ကို ကြီးမားနေခြင်းပင်။ ထိုဘူးများ၏ အရွယ်အစားကို ကြည့်ရုံမျှဖြင့်ပင် အထဲမှာ ရှိနေသည်က တန်ဖိုးရှိမည့် ပစ္စည်း ဖြစ်နိုင်သည်ဟု လူတိုင်း တွေးထင်ပေလိမ့်မည်။

ရှီလီခမျာ ပိုလို့တောင် ဝမ်းနည်း ကြေကွဲလာပါ၏။

သူမက လက်ဆောင် လိုအပ်နေလို့ မဟုတ်ပါပေ။ ထိုခံစားချက်သည်ကား မိမိ တစ်ယောက်တည်းက လွဲပြီး လူတိုင်းက လက်ဆောင်ရနေသည့်အခါ ဖြစ်တတ်ကြသည့် လူသားဆန်သည့် သဘာဝ ဗီဇမျိုးသာ ဖြစ်လေသည်။

ရှီချွေ့ယွီက မဟာကံကောင်းမှုကြီး ရှိလေကာ နံပတ်ဝမ်းကို မဲပေါက်သွားပြီး သူမ၏ လက်ဆောင်ကတော့ “ဆောင်းရာသီ အားလပ်ရက်”ဟု ခေါ်တွင်သတည်း။

ထိုနာမည်လေးကပင် အထူးသဖြင့် သာယာကြည်နူးဖွယ်ဟု ပြောနိုင်မည်က အသေအချာ ဖြစ်ကာ တစ်စုံတစ်ရာကတော့ ဤဆောင်းရာသီ အားလက်ရက်မှာ သူမ ပျော်ရွှင်နိုင်အောင် ပြုလုပ်ပေးနိုင်လိမ့်မည်။

သူမ ထိုင်ခုံမှာ ပြန်မထိုင်မီ စာသင်စင်မြင့်ထက်မှ လက်ဆောင် တပုံတခေါင်းကြီးထဲမှနေ၍ ထိုနံပတ်ဝမ်း သေတ္တာကို ရှာဖွေယူလိုက်သည်။ ထိုလက်ဆောင်က ကြီးမားသော သေတ္တာကြီး ဖြစ်ပေရာ ထိုသေတ္တာထဲမှာ အတော်ကို တန်ဖိုးရှိမည့် တစ်ခုခု ပါဝင်မည်ဟု သူမ ခက်ခက်ခဲခဲ ယုံကြည်လေသည်။

သူမက ထိုလက်ဆောင်သေတ္တာကြီးကို မနည်းမကာ ထိုင်ခုံဆီ ပြန်ရောက်ဖို့ ရုန်းကန်နေရပါ၏။ ထိုလက်ဆောင်ဘူးကြီးက ကြီးမားသည်သာမက အလွန်လည်း လေးလံလှပေသည်။ ထိူ့ကြောင့် သူမက ဤ နံပတ်ဝမ်း လက်ဆောင်သေတ္တာကဖြင့် အတော်ကို အံအားသင့်ဖွယ် ဖြစ်မည်ဟု ခံစားရစေ၏။

သူမက ထိုလက်ဆောင်သေတ္တာကို ဖြည်းဖြည်းလေး စ ဖောက်လေသည်။ တခန်းလုံး၏ အာရုံများက သူမထံမှာသာ စူးစိုက်နေပြီး နံပတ်နှစ် လက်ဆောင် ရရှိသည့် ကျောင်းသားပင်လျှင် သူ့ကို စောင့်ကြည့်နေပေသည်။

သူမ တဖြည်းဖြည်းချင်း ဖွင့်လိုက်ချိန်မှာတော့ အရောင်အသွေးစုံလင်သည့် အိမ်စာ စာအုပ်များကို ထူထူထပ်ထပ် စီဆင့်ထားသည့် အိမ်စာစာအုပ်များက မြင်ကွင်းထဲသို့ ဝင်လာပေတော့၏။

88 03

ရှီချွေ့ယွီက သူမဘာသာ တွေးမိ၏။ (ဒါ ဘယ်လို ဆောင်းရာသီ လက်ဆောင် ငရဲကြီးလဲဟယ်။ ဒီလောက် အိမ်စာ တပုံတခေါင်းကြီးကို လက်ဆောင် ရထားမှတော့ ဘယ်သူက ပျော်တော့မှာလဲလို့)

အတန်းပိုင်ဆရာ.(မင်းမိဘတွေကတော့ သေချာပေါက် ပျော်မှာပေါ့)

အခြားသူများ..!!!!

နံပတ်နှစ်လက်ဆောင် ရရှိထားသည့် ကျောင်းသားက သူ့လက်ဆောင်ကို သယ်ကာ ထိုင်ခုံထံ ပြန်သွား၏။ ရုတ်ခြည်းဆိုသလိုပင် သူတို့၏ လက်ဆောင်များက ဒီထက်ပိုပြီး နှစ်သက်ဖွယ်ရာ ရှိပုံ မပေါ်တော့ပေ။

ရှီလီ.??

အတန်းပိုင်ဆရာက သူ၏ လက်ဆောင်လို့ပြောပြီး သူမကို အဘယ့်ကြောင့် ကံစမ်းမဲ နှိုက်ခွင့် မပြုသည်ကို ရှီလီခမျာ ရုတ်ခြည်း နားလည် သဘောပေါက်သွားတော့၏။ ဤ လက်ဆောင်ပေးပွဲဝယ် သူမကို ပါဝင်ခွင့် မပြုခြင်းကပင် အကြီးမားဆုံး လက်ဆောင်ကြီး ဖြစ်နေသောကြောင့်တည်း။

နံပတ်သုံး ဆုလက်ဆောင်ကြီးကို ရရှိထားသည့် ကျောင်းသားခမျာလည်း သူ၏ ဆုလက်ဆောင်ကို ရယူရန် အလျင်လိုနေလိမ့်မည် မဟုတ်တော့။ နံပတ်နှစ် လက်ဆောင်ရ ကျောင်းသားသည်လည်း လက်တွေ့ လေ့ကျင့်ခန်း မေးခွန်းများ လက်ခံရရှိလိုက်ပေရာ သူတို့က လက်တွေမြှောက်ပြီး ပြောလိုက်လေသည်။

“ဆရာ ကျွန်တော်တို့ ဒီဆု မယူတော့ပဲနဲ့ တခြားဟာ ပြောင်းယူလို့ ရလားဟင်”

အတန်းပိုင်ဆရာက ပြုံးကာ ခေါင်းခါလိုက်လေသည်။

“ငါကတော့ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ မင်းတို့တွေ ဂိမ်းဆော့ဖို့ တစ်ကြိမ် ရွေးချယ်ပြီးမှတော့ အဆုံးထိ ဖြတ်ကျော် ကြည့်နိုင်ရမှာပေါ့”

ထိုနံပတ်သုံးလက်ဆောင်ရ ကျောင်းသားခမျာ သူ့မျက်နှာထက်မှာ မျက်ရည်ချောင်းစီး နေရင်းကပင် ရှေ့ကို လျှောက်သွားလေသည်။ သူ၏ လက်ဆောင်ဘူးကြီးက ရှီချွေ့ယွီ၏ လက်ဆောင်ဘူးကြီးထက်ပင် ကြီးမားနေသေးကာ ဘူးထက်မှာ ရေးထားသည်က “ပျော်ရွှင်ဖွယ် ဆောင်းရာသီ အားလပ်ရက် ထပ်ပေါင်း ကဏ္ဍ” ဟူသတည်း။

ပထမဆုံး ရှီချွေ့ယွီ၏ လက်ဆောင်ကို သူတို့ တွေ့လိုက်စဥ်က သူတို့၏ လက်ဆောင်များကရော ဘယ်လောက် ကြီးမားနေမလဲဟု တွေးမိလေသည်။

သူတို့ ဘဝခရီးလမ်းက ဖြောင့်ဖြူးနေရာမှ ဆူးငြောင့်ခလုတ် ကြုံတွေ့ရသည့် ကံကြမ္မာက လက်ငင်း ဖြစ်ပေါ်လာတော့သည်။

ရှီချွေ့ယွီက သူမ၏ အိမ်စာ လက်ဆောင်ထုပ်ကြီးကို ဖောက်ပြီးသည့်နောက် သူတို့၏ လက်ဆောင်ထုပ်ထဲမှာရော အိမ်စာမည်မျှ ပါလာပြီး ထိုအိမ်စာတွေ အဆုံးသတ်ဖို့ အချိန် မည်မျှ ယူရမည်နည်း ဟူသည်ကိုပါ စတင် တွေးတော ပုံဖော်မိကြတော့သည်။

ထိူ့ကြောင့်သာ သူတို့က သူတို့၏ လက်ဆောင်များကို စွန့်လွှတ်ချင်ကြခြင်းဖြစ်ပြီး အတန်းပိုင်ဆရာကမူ ခွင့်မပြုချေ။

သူတို့က မျှမျှတတ ကစားကြခြင်း ဖြစ်သည်ဟုပင် ပြောလာသေးသည်။

တနည်းအားဖြင့် ၎င်းက အသိတစ်ခုပါပင်။ သင်က ထိုကံစမ်းမဲများကို တစ်ကြိမ်မျှ နှိုက်ပြီးပြီဆိုလျှင် အပြန်အလှန် သဘောတူညီမှု ပြုခဲ့ပြီးပြီဟူသည့် အဓိပ္ပါယ်ပင်။ အကယ်၍ လမ်းတဝက်မှာပင် ချိုးဖျက်သော် ပြစ်ဒဏ် ပေးခံရပေမည်။

သူတို့ ဖွင့်ဖောက်လိုက်သည့် လက်ဆောင်များက အိမ်စာ နှစ်ဆမျှ ပါနေသည့် ရှီချွေ့ယွီ၏ လက်ဆောင်ကဲ့သို့ပင် နှစ်သက်ဖွယ်ရာ ဟုတ်မနေမည်ကတော့ သေချာသည်။

လူတိုင်းက သွက်သွက်လက်လက် လှုပ်ရှားလိုက်ကြကာ နာရီဝက်မျှပင် မကြာလိုက်မီ သူတို့၏ လက်ဆောင်များကို လက်ခံ ရရှိသွားပေတော့၏။

တခဏမှာပင် စာသင်စင်မြင့်က အလွတ်ကြီး ဖြစ်သွားတာ ကျန်သည့် တဝက်မျှက သူတို့တော့ လွတ်မြောက်ပြီဟု ခံစားလိုက်ရလေသည်။ သူတို့၏ ဝမ်းမြောက်မှုများက ကျန်ရှိနေသည့် လက်ဆောင်များကို သူ့ရုံးခန်းထဲမှာ သွားယူခိုင်းလိုက်သည့် အတန်းပိုင်ဆရာ၏ အမိန့်ကို မကြားရမီ စက္ကန့်ပိုင်းလောက်မျှသာ ကြာရှည်လိုက်လေသည်။

သူက အလွန်ကို ဉာဏ်နီဉာဏ်နက် များလှပေရာ ကျန်နေသည့် ပစ္စည်းများကို ယူလာဖို့ လက်ဆောင်ရရှိပြီးသည့် ကျောင်းသားကိုသာ ခိုင်းလိုက်ပါ၏။

88 04

သူတိူ့အားလုံးဆီမှာ “မင်းက ငါ့ထက် ပိုကောင်းတယ်” ဟူသည့် သဘောထားရှိလေသည်။

သူတို့အားလုံး ဂြိုဟ်ဆိုး ဆိုက်နေမှတော့ သူတို့၏ အတန်းဖော်များကိုပါ အလွယ်တကူ လွတ်မြောက်ခွင့် ပြုလိမ့်မည်မဟုတ်။ အကုန်လုံး အတူတူပြုတ်ကျတာက ပိုတောင်ကောင်းသေးတယ်။

ထို ကျောင်းသားများက စွမ်းဆောင်ရည် ပြည့်ဝစွာဖြင့်ပင် ကျန်ရှိသည့် လက်ဆောင်များကို စာသင်စင်မြင့်ထက်သို့ ယူဆောင်လာလေသည်။ သူတို့၏ မောင်နှမများကို ထိုတိုးတက်အောင်မြင်မှုများ ပြုလုပ်ပေးခြင်းကို ဘယ်သောအခါမှ သူတို့ ဟန့်တားလိမ့်မည်မဟုတ်။

နောက်ဆုံးလက်ကျန် လက်ဆောင်များကို မျှဝေပေးပြီးနောက် အတန်းပိုင်ဆရာက စာသင်စင်မြင့်ထက်မှာ ရပ်ကာ အလွန်ကို ကျိုးကြောင်းသင့်လျော်ကာ လက်သင့်ခံနိုင်ဖွယ် လေသံဖြင့် စကားပြောလာပေ၏။

ဒီလက်ဆောင်တွေက မင်းတို့အတွက်ဆိုပြီး ဆရာက ကိုယ့်အိတ်ကပ်ထဲနေ ကိုယ့်ဘာကိုယ် စိုက်ထုတ်ပြီး ဝယ်ပေးထားရတာနော်။ အရမ်းကြီး ချို့တဲ့နေတာမျိုး မင်းတို့ ရှာမတွေ့ဖို့ ဆရာ မျှော်လင့်ပါတယ်”

ရှီလီ.. (စကားလုံးလေး နည်းနည်းလောက် အဆုံးရှုံးခံလိုက်တာနဲ့တင် ဒါကြီးက လက်ဆောင် ဖြစ်သွားတယ်ပေါ့လေ။ ကံကောင်းတာကတော့ ငါ တစ်ခုမှ မရလိုက်တာပဲ )

လူတိုင်း.. သူများတကာရဲ့ ကံဆိုး မိုးမှောင်ကျတာကို အဲ့လောက်ကြီး အားရဝမ်းသာ ဖြစ်နေတာကျ အရမ်းကို အဆင်ပြေနေတားလားဟင်။ ထပ်ပြောရရင် သူ့ အဆင့်တွေနဲ့ဆို ဒီလိုလက်ဆောင်မျိုးကို မရသင့်လို့ နေမှာပေါ့။ ပြီးတော့ ငါတို့ရဲ့ အတန်းပိုင်ဆရာကလည်း နင့်အတွက် သူ့ငွေတွေ သုံးပေးဖို့ရာ လွယ်မနေဘူးလေ။ အခုက နင့်အထက် လူကြီးရဲ့ သတိပြုမိအောင် စွန့်စားနေတာပဲနော်။ ပြီးတော့ နင့်မိသားစုကို ထောက်ပံ့ဖို့ ငွေတွေ တိုးပွားအောင်လုပ်ရတာ အရမ်းခက်ခဲနေမှာပဲ။ ဒီတော့ ငါတို့အတွက်နဲ့တော့ နင့်ပိုက်ဆံတွေကို မဖြုန်းတီးသင့်ဘူး။ တကယ်ကြီး မလုပ်သင့်တာနော်။

“မင်းတို့အားလုံး ဒီနှစ်ဝက်မှာ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာ။ ပြီးတော့ ဆောင်းရာသီ အားလပ်ရက် ဆိုတာလည်း မင်းတို့အတွက် အမှန်တကယ် အနားယူရမဲ့ အချိန်ပဲ ဖြစ်သင့်တာ။ ဒါပေမဲ့ ဆရာ့အနေနဲ့က မင်းတို့အားလုံး New Year ကျ အိမ်ပြန်ပြီး စာလေ့လာမှာကို လျစ်လျူရှုထားမှာမျိုးကို မလိုချင်ဘူး။ ဒါကြောင့် မင်းတို့ရဲ့ ဘာသာရပ်ဆရာမတွေနဲ့ တိုင်ပင်ပြီးမှ ဆောင်းရာသီ အားလပ်ရက် အိမ်စာတွေကို ခွဲပေးလိုက်တာပဲ။ အရမ်းတော့ မများပါဘူး။ ပုံမှန် အိမ်စာတွေထက်တောင် နည်းသေး။ ဒါကြောင့် ဆရာက မင်းတို့ကို ဒီလက်ဆောင်ပေးလိုက်တာ။ ဆရာ စေတနာ ထက်ထက်သန်သန်နဲ့ ပေးထားတဲ့ လက်ဆောင်ကို မင်းတို့ ပြီးမြောက် အောင်မြင်ရမယ်နော်။ ကျောင်းတွေ ပြန်ဖွင့်ရင် ဆရာ အဲဒါတွေကို စစ်မယ်”

ရှီလီ..(နောက်ဆုံးတစ်ကြောင်းကမှ လိုရင်းလေ။ ဟုတ်တယ်မလား)

အတန်းပိုင်ဆရာ.. မင်း နားလည်သွားပြီပေါ့။ ဘယ်လိုတောင် ရှက်စရာကောင်းလဲလို့။

အတန်းပိုင်ဆရာက အလွန် စိုးရိမ်ပူပန်တတ်သည့် အဖေကြီးနှယ် သက်မ ချလိုက်ကာ

“ဆရာက မင်းတို့ရဲ့ အကောင်းဆုံး အကျိုးအတွက်ပဲ တွေးမိတာပါ။ မင်းတို့အားလုံး အဆင့်တွေ ကောင်းအောင်လုပ်မယ်လို့ ဆရာ မျှော်လင့်တယ်နော်”

လူတိုင်း.. ကျနော်တို့ကတော့ ဆရာ့ရဲ့ ဘယ်မဟုတ်တရုတ် စကားကိုမှ မယုံဘူးနော်။ လူလည် အဘိုးကြီးရဲ့။

သူတို့ ကျောင်းသို့ လာကြစဥ်က လူတိုင်း၏ လက်က ဗလာသက်သက် ဖြစ်၏။ ပြန်ထွက်လာချိန်မှာတော့ အားလုံး၏ လက်ထဲမှာ လက်ဆောင်တွေ တနင့်တပိုးကြီး ဖြစ်နေတော့သည်။

ရှီလီမှ လွဲ၍ လူတိုင်း လူတိုင်းက လေးလံလှသည့် အိမ်စာ စာအုပ်များကို သယ်လာရလေရာ ထိုအခါမှပင် အာဏာဟူသည့် အရာကို အမှန်ကြီး သဘောပေါက်ရတော့သည်။ အာဏာဟူသည် သံမဏိနှင့် သံတုံးများသဖွယ် ခိုင်မာမြဲမြံပေစွ။ အကယ်၍များ ယခုနေသာ သူတို့တွေ အပြင်မှာ ရန်ဖြစ်ကြပါက ဤစာအုပ်များဖြင့် လွှဲရိုက်ရုံမျှဖြင့်ပင် တစ်စုံတစ်ယောက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာ ရစေပေလိမ့်မည်။ ဤစာအုပ်များနှင့် ယှဥ်သော် ဟိုဘေ့စ်ဘောဘက်တံများက ဘာမှကို ဟုတ်မနေတော့ပေ။

ရှီလီ အိမ်ပြန်ရောက်သည့်အခါ သူမ အဖေသည်လည်း အလုပ်မှ အိမ်သို့ ပြန်ရောက်နေပေပြီ။

“သမီး ဒီနေ့ ကျောင်းကို ပြန်သွားခဲ့တာလား”

88 05

ရှီလီက ခေါင်းညိတ်ပြလိုက်ကာ သူမ Report Cardကို မိဘများရှေ့မှာ ချပြလိုက်၏။

“ရလဒ်တွေက ထွက်လာပြီ။ Final စာမေးပွဲအတွက် ဆွေးနွေးဖို့ ဆိုပြီး ဆရာက သမီးတို့ကို ခေါ်လိုက်တာ”

သမီးဖြစ်သူ၏ ထူးချွန်လှသည့် ရမှတ်များနှင့် Report Cardကို ကြည့်ကာ ရှီလီ၏ ဖခင်နှင့် ဟွမ်ကျဲသည်လည်း အပြုံးမြမြဖြင့်သာ ရှိနေရတော့သည်။

“ငါတို့ မင်းသမီးလေးက အရမ်းကို အံ့သြစရာ ကောင်းတာပဲ။ သမီး ဘယ်ဆုပဲ လိုချင်လိုချင် ပါးကိုသာ ပြောလိုက်”

“ဆုက ထပ်ပြီး မလိုတော့ပါဘူး၊ အတန်းပိုင်ဆရာက သမီးကို ဆုတစ်ဆု ပေးခဲ့ပြီးပြီ”

သူတို့သမီးက အိမ်ကို လက်ဗလာဖြင့် ပြန်လာသည်ကို ကြည့်ကာ မေးလိုက်လေသည်။

“သမီး ဆရာ ပေးလိုက်တဲ့ ဆုက ဘယ်မှာတုန်း”

ရှီလီကလည်း

“တခြားသူတွေက ဆောင်းရာသီ အားလပ်ရက်အတွက်ဆိုပြီး အိမ်စာတွေ လက်ဆောင် ရသွားတယ်လေ။ သမီးကတော့ လုပ်စရာ မလိုဘူးရယ်”

နှစ်ယောက်သားခမျာ ပြောစရာ စကားများ အခိုက်အတန့်မျှ ပျောက်ရှရပေတော့သည်။

“သမီးတို့ အတန်းပိုင်ဆရာက....... တကယ်ကို တစ်ခုခုပဲနော်”

ရှီလီ၏ ဖခင်က နောက်တဖန် ချီးကျူးသမှု ပြုလိုက်ပြန်၏။

“ဒီပညာသင်နှစ်မှာ ငါတို့ သမီးလေးရဲ့ စွမ်းဆောင်ရည်က လုံးဝကို အတိုင်းထက်အလွန်ပဲကို။ ဒါကြောင့် သူ စာလေ့လာတာကို တွန်းအားပေးဖို့ အိမ်စာတွေ လုပ်စရာ မလိုတာ နေမှာပေါ့”

ကျောင်းမှာ ဘာကိစ္စတွေ ဖြစ်ပျက်ခဲ့သနည်း ဟူသည်ကို မိဘများကို ပြောပြပြီးနောက် ရှီလီလည်း အပေါ်ထပ်ကို တက်လာခဲ့၏။

ထို့နောက် သူမ ဖုန်းကို ဖွင့်ကြည့်လိုက်သည့်အခါ အတန်ငယ်မျှ အံ့အားသင့်ဖွယ်ရာ Message တစ်စောင်ကို ဖူဟွေ့ရှင်းထံမှ လက်ခံရရှိ ထားခဲ့လေသည်။

ဖူဟွေ့ရှင်း တစ်ယောက် ရှီလီထံသို့ သူ့ဘာသာ Message ပို့သည်က ရှားပါးလှပါ၏။ ထို့ပြင် ဖူဟွေ့ရှင်းထံမှ သူမ Message လက်ခံ ရရှိခဲ့သည့် အချိန်က လွန်ခဲ့သော လဝက်လောက်က ဖြစ်၏။

ဖူဟွေ့ရှင်းထံမှ Message ကို ကြည့်ကာ ရှီလီ ပထမဆုံး တွေးမိသည်က အရေးကြီး ကိစ္စ တစ်စုံတစ်ရာ ရှိနေပြီ ဟူ၍ပင်။

သို့သော် Message ပါ အကြောင်းအရာများကို မြင်သည့်အခါ ရှီလီခမျာ အတန်ငယ်မျှ တုန်လှုပ်ရပေတော့သည်။

ကောင်းကင်ကြီး ပြိုသလိုပဲနော်။ ဤစာသင်နှစ်အတွက် လိုအပ်သည့် အကြံဉာဏ်များ ပေးပါရန် ကျောင်းလူမိုက်ကလေးက သူမကို အမှန်ကြီး တောင်းဆိုလာခဲ့လေပြီ။

All Chapters