← Chapters

အခန်း (၈၉-၉၂)

Vol. 5 Ch. 89-92

အခန်း (၈၉-၉၂)

Vol. 5 Ch. 89-92

89 01

အပိုင်း 89.

အတန်း စသည့်အချိန်တိုင်း အိပ်ပျော်သွားတတ်သူ ကျောင်းလူဆိုးလေး ဖူဟွေ့ရှင်းက ယခု သူ့ကို စာလေ့လာဖို့ အကြံဉာဏ်များ ပေးပါရန် အမှန်ကြီး တောင်းဆိုလာလေပြီ။

ဒီကမ္ဘာကြီးမှာ ဘာတွေ ဖြစ်ပျက်နေတာလဲ။ Three Body* ထဲက ဂြိုဟ်သားတွေများ ကမ္ဘာမြေကို တိုက်ခိုက်ဖို့ ရောက်လာကြတာလား။

(*Three Body က Three Body Problem ဇာတ်ကားကို ရည်ညွှန်းတယ်လို့ ထင်ပါတယ်)

ဒါမှမဟုတ် ကမ္ဘာကြီး အဆုံးသတ်ချိန် နီးကပ်လာပြီး ဒီကျောင်းလူဆိုးလေး ဖူဟွေ့ရှင်းက သူ့ရဲ့သက်တမ်း ကန့်သတ်ခံလိုက်ရတာကို သဘောပေါက်သွားတဲ့နောက် မယုံနိုင်လောက်စရာ ကိစ္စတွေကို လုပ်မှပဲ သူ့သက်တမ်းကို ဆွဲဆန့်နိုင်မှာမို့လို့လား။

အဲဒါ တကယ်ကို ကြောက်စရာကြီးပဲနော်။

ဒီဖူဟွေ့ရှင်းက အရမ်းကို အံ့သြစရာ ကိစ္စတွေ ဖြစ်နေတာနော်။ သူ့ကို မဟာ့မဟာ သြဇာနဲ့ လွှမ်းမိုးလိုက်တာ ဘယ်သူများလဲဟယ်။

သူမ မရှိသည့် အချိန်အတွင်း အတန်းပိုင်ဆရာက ဤလူဆိုးလေးကို ဘာတွေများ လုပ်လိုက်ပါသလဲ။

ကျမရဲ့ ချစ်လှစွာသော ဆရာရေ၊ ဆရာ့ရဲ့ အဲဒီ လုပ်နိုင်စွမ်းတွေနဲ့လေ ကျောင်းဆရာလေးပဲ လုပ်နေတာက အရည်အချင်းတွေကို ဖြုန်းတီးရာ ကျတယ်နော်။ ဆရာက United Front Work Department* ကို ဝင် Join ပြီး လူမျိုးကြီးဝါဒ ကြီးစိုးမှုနဲ့ လူမျိုးရေး ခွဲခြားမှူတွေကို စွန့်လွှတ်ပေးဖို့ အဲဒီ လှလှပပနိုင်ငံတွေကို သွေးဆောင်ပြီး လှလှပပ ဂြိုဟ်ပြာကြီး တည်ထောင်သင့်တာနော်။

(* UFWD= ဟောင်ကောင်၊ ထိုင်ဝမ်နှင့် အခြားနိုင်ငံများ အပါအဝင် တရုတ်ပြည်မကြီးရှိ ထိပ်တန်း ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို သြဇာလွှမ်းမိုးနိုင်ရန် ထောက်လှမ်းရေးများကို အသုံးပြုကာ စီမံခန့်ခွဲသည့် အဖွဲ့အစည်း။ UFWD က သူတို့ ပန်းတိုင်ကို ရှာဖွေပြီး ထိုပစ်မှတ်များ သူတို့နောက် ကောက်ကောက်ပါအောင် လိုက်လာစေရန် များစွာသော နည်းလမ်းများကို အသုံးပြုသည်)

ဖူဟွေ့ရှင်း၏ အဓိက မေးခွန်းက သူ၏ အဆင့်များ မြန်မြန် တိုးတက်လာအောင် မည်သို့ လုပ်ရမည်နည်း ဟူ၍ပါပင်။

အကယ်၍များ မတိုင်ခင်တုန်းက သူက ရှီလီကို အကူအညီ ပေးထားခဲ့သူ မဟုတ်လျှင်တောင် ရှီလီအနေဖြင့် တက်ကြွထက်သန်စွာဖြင့် အကြံကောင်းများ ပေးမှာ ဖြစ်လေသည်။ သူ၏ အခြေအနေကို ပြောင်းလဲချင်စိတ်ရှိပြီး လေးလေးနက်နက် လေ့လာသင်ယူချင်စိတ် ရှိနေသူ တစ်ဦးအတွက် သူ၏ ယခုလက်ရှိ အဆင့်များကို ဂရုထားနေမည် မဟုတ်ပဲ သူတို့ကိုလည်း ရှီလီက အထင်သေးလိမ့်မည် မဟုတ်ပေ။ ထိုအစား ထိုသို့သော လူမျိုးကိုပင် ရှာဖွေကာ ချီးမွမ်း ထောမနာ ပြုပေးလိမ့်မည်ပင်။

သူ၏ Report Card ကို ပို့ပေးဖို့ရန် ရှီလီက ဖူဟွေ့ရှင်းကို ပြောလိုက်၏။ သို့မှသာ သူမအနေဖြင့် ဖူဟွေ့ရှင်း၏ ပြဿနာများကို ရှာဖွေ ဖော်ထုတ်နိုင်မည် ဖြစ်ကာ ထိုအပေါ်မှာ အခြေခံပြီး ထိုကောင်လေး၏ အဆင့်များ အလျင်အမြန် တိုးတက်လာအောင် ကူညီပေးနိုင်ပေမည်။

ရှီလီက အစဥ်လိုလိုပင် တည်ငြိမ်အေးဆေးပြီး နည်းစနစ်တကျ ရှိသူဖြစ်ကာ သူမ၏ ထက်မြက်ခြင်းများနှင့် ပြဿနာတစ်ခုကို လက်တွေ့ကျကျ ဖြေရှင်းတတ်သည့် အလေ့အကျင့်က သူမ၏ လက်ရှိ အဆင့်ကို ရရှိစေခဲ့ခြင်း ဖြစ်လေသည်။

သို့သော် လူတိုင်း၏ အခြေအနေတွေက ကွာခြားသည်လေ။ သူမ၏ အဆင့်ကောင်းများဖြင့်ဆိုလျှင် ရှီလီက အခြားလူများ၏ ပြဿနာ ဖြေရှင်းချက်များမှ အားနည်းချက်များကို ခွဲခြားစီစစ်နိုင်ကာ သူတို့ အကုန်လုံးကို တစ်ယောက်ချင်းစီ ကျော်လွှားပေးနိုင်လိမ့်မည်။

မိနစ် အနည်းငယ် ကြာပြီးနောက် ဖူဟွေ့ရှင်းက သူ၏ နောက်ဆုံး Test paper နှင့် Report Card ကို သူမထံ ပေးပို့လာ၏။

89 02

ခဏစောင့်နေဖို့ရန် ရှီလီက ဖူဟွေ့ရှင်းကို ပြောလိုက်ကာ သူ၏ အဖြေလွှာများကို ဆန်းစစ်ကာ ဘောပင်နှင့် စာရွက် ထုတ်ယူလိုက်ပြီး ထိုအဖြေလွှာမှ ပြဿနာများကို ပိုင်းခြားစိပ်ဖြာ လိုက်လေသည်။

တနာရီမျှ ကြာမြင့်ပြီးနောက် သူ၏ ဘာသာရပ်အဖြေလွှာများကို ရှီလီက စီစစ်ပေးပြီးသွားလေပြီ။ ဖူဟွေ့ရှင်း စိတ်မရှည် ဖြစ်နေမည်ကို သူမ စိုးရိမ်ကာ မေးလိုက်၏။

( နင် အခု ရှိနေသေးလား)

ရှီလီ Message ပို့ပြီး ချက်ချင်းဆိုသလိုပင် ဖူဟွေ့ရှင်းက အလျင်အမြန် ပြန်ဖြေလာပေသည်။

(အင်း)

စာရိုက်ဖို့ စာလုံးရှာရတာက အရမ်းကို ဒုက္ခများသည်ဟု တွေးမိရကာ သူမက အသံ Message ပင် ပို့ပေးရန် ဆုံးဖြတ်လိုက်၏။ သူမက ဤစာသင်နှစ်အတွက် သူ၏ အဆင့်ကို အကဲဖြတ်မှုများကို ပေးလိုက်ပြီး ၎င်းတို့ကလည်း သူ အခြေခံ အဆင့်ကို ပိုင်နိုင်အောင် လေ့ကျင့်ဖို့ လိုအပ်နေသည့် အရာများဖြစ်ကာ

ထိုပြဿနာများကို စီစစ်ခွဲခြမ်းပေးဖို့အတွက် ရှီလီက အချိန် တော်တော်ကြာကြာ ယူလိုက်ရသော်လည်း ၎င်းတို့ကို ရှင်းပြဖို့ကိုတော့ ဆယ်မိနစ်ခန့်မျှသာ အချိန်ယူရလေသည်။ ထို့နောက် သူမက ဖူဟွေ့ရှင်း ရှင်းရှင်းလင်းလင်း မကြားလိုက်ရသည့် အပိုင်းများကို Note ချရေးပြီး ဖူဟွေ့ရှင်းထံ ပို့ပေးလိုက်၏။

ဖူဟွေ့ရှင်း၏ တုံ့ပြန်မှုကလည်း လျင်မြန်လှကာ အသံ Message ပြန်ပို့လာ၏။ ဖူဟွေ့ရှင်းကို ကြည့်ရသည်မှာ Voice Message Apps ကို သုံးရတာ ကျင့်သားရပုံ မရှိဘဲ သူ့အသံက စိတ်အိုက်ကာ သဘာဝမကျ ဖြစ်နေလေသည်။

(စကားမစပ် နင့်ရဲ့ Liberal Arts* အမှတ်တွေက သိပ္ပံ အမှတ်တွေထက်တောင် ပိုကောင်းသေးတယ်နော်။ အထက်တန်း ဒုတိယနှစ် ရောက်လို့ နင်အထူးပြု ဘာသာရပ် လမ်းကြောင်း ရွေးမယ်ဆို နင် Liberal Arts ကို ရွေးမလား၊ သိပ္ပံတန်းကိုပဲ ရွေးမလား။ တကယ်လို့ နင် ရွေးပြီးပြီဆိုရင် ငါလည်း ကျန်တဲ့ သုံစဘာသာကို ပင်ပင်ပန်းပန်း ရှာစရာ မလိုတော့ဘူးပေါ့)

(*Liberal Artsမှာ သမိုင်း၊ စာပေယဥ်ကျေးမှု၊ လူမှုရေးပညာ၊ စိတ်ပညာနဲ့ အခြား အနုသုခုမဆိုင်ရာ ပညာရပ်များ ပါဝင်ပါတယ်)

အဆင့်များ တိုးတက်လာဖို့ အတွက်သာ စာလေ့လာခြင်း ဖြစ်သည့်အတွက် သူမ၏ စကားလုံးများက လက်တွေ့အသုံး ဝင်တာကို လမ်းညွှန်သည်ထက်ပင် ကျော်လွန်နေပြီဟု သူမက ရုတ်တရက် ခံစားလိုက်ရပြီး ရှင်းပြလိုက်လေသည်။

( ဘာဖြစ်ဖြစ် ငါတို့က အထက်တန်း ကျောင်းသားတွေပဲဟာ။ ပြောရမယ်ဆို ငါတို့ဘာသာ အပြင်မှာပဲ ဗဟုသုတတွေ ပေါပေါများများကြီး ရှာလို့ရတယ်လို့ ပြောလို့ ရတယ်လေ။ ဒါပေမဲ့ ငါတို့ရဲ့ နောက်ဆုံး ပန်းတိုင်ကတော့ တက္ကသိုလ် ဝင်ခွင့်အတွက်ပဲ ဖြစ်ရမှာ)

သူမ၏ လေသံက ပိုလို့တောင် ကောင်းကျိုးပြုမှု ရှေးရှုကြောင်း သဘောပေါက်လာလေ ရှီလီက ရှင်းပြဖို့ ကြိုးစားလေပင်။ သူတို့ စာလေ့လာရမည့် အချိန် ရောက်သည့်အခါ သူမက အမှန်တကယ်ကို ကောင်းကျိုးပြုမှု ရှေးရှုနေပေတော့သည်။

ဖူဟွေ့ရှင်းက Text Message ဖြင့် ပြန်ဖြေလာ၏။ ( နင် ပြောတာက အဓိပ္ပါယ် ရှိသားပဲ)

အနည်းဆုံးတော့ သူ့မှာက ကောင်းကောင်း ဝေဖန် ပိုင်းခြားနိုင်စွမ်း ရှိပါ၏။

ဖူဟွေ့ရှင်း ( ငါ Liberal Arts ပဲ ရွေးရမလား။ သိပ္ပံဘာသာကိုပဲ ရွေးရမလား မသေချာဘူး။ နင့်မှာရော ငါ့ကို အကြံပေးချင်တာ တစ်ခုခု ရှိလား)

ရှီလီ ( အဲ့ဒါက နင့်ရဲ့ ကိုယ်ပိုင် စိတ်ဝင်စားမှု အပေါ်မှာပဲ မူတည်တယ်လေ။ သိပ္ပံပညာကတော့ နင့်ရဲ့ အနာဂတ် အလုပ်အကိုင် အခွင့်အလမ်းကို လွယ်ကူစေလိမ့်မယ်။ ဒါပေမဲ့ နင်က အလုပ်အကိုင် အခွင့်အလမ်း သုညဖြစ်နေတဲ့ မေဂျာကို ယူလိုက်ရင်တောင်မှ နင့်အိမ်က နင့်ကို ထောက်ပံ့ပေးနိုင်မှာပါ။ ဟုတ်တယ်မလား)

ဖူဟွေ့ရှင်း ( နင်ကရော။ သိပ္ပံပညာ မေဂျာကို ယူမှာလား။ ဒါမှမဟုတ် Liberal Arts ကိုယူမှာလား)

ရှီလီ (သိပ္ပံပညာပဲ ဖြစ်မယ်ထင်တယ်။ ငါက အတန်းပြောင်းရမှာကို ပျင်းတယ်လေ)

89 03

ဖူဟွေ့ရှင်း (နင်ပြောတာ အဓိပ္ပါယ် ရှိတယ်နော်။ သိပ္ပံပညာက အနာဂတ် အလုပ်အကိုင် အခွင့်အလမ်းအတွက် အကျိုးရှိတယ်။ ငါလည်း သိပ္ပံပညာ ယူချင်တယ်။ ငါ့ရဲ့ သိပ္ပံအမှတ်တွေ တိုးတက်အောင် လုပ်ဖို့ ငါ နားမလည်တာတွေကို နင် ကူပြီး ရှင်းပြပေးမလား။ ငါက နည်းနည်း ညံ့တယ်လေ)

(ရတာပေါ့)

အဓိက ဘာသာရပ်များကို ကြည့်ပြီးနောက် ရှီလီလည်း စာရှင်းပြသည့် အတွေ့အကြုံမှတစ်ဆင့် ဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဓ ဘာသာရပ်များကို လျင်လျင်မြန်မြန်ပင် ပြန်လည် သုံးသပ်နိုင်သွားလေသည်။

အားလုံး ပြီးဆုံးသွားပြီးနောက် ရှီလီလည်း ဖူဟွေ့ရှင်း၏ ကျေးဇူးတင် ဂါရဝကို လက်ခံ ရရှိလိုက်လေသည်။

သူမက အနည်းငယ်မျှ စိတ်လှုပ်ရှားကာ ပြောလိုက်၏။ ( တကယ်လို့ အချိန်တိုတိုအတွင်း နင့် အဆင့်ကောင်းကောင်း ရချင်တယ်ဆိုရင် ငါ့မှာ နည်းလမ်းကောင်းတွေ ရှိတယ်။ ကောင်းယွမ်ကိုပဲ ကြည့်လေ။ စာသင်နှစ်တဝက်လောက် ကြိုးကြိုးစားစား လေ့ကျင့်လိုက်တာနဲ့ ဒီနောက်ဆုံး စာမေးပွဲမှာ အဆင့်တစ်ဆယ်အထိ တိုးလာတယ် မဟုတ်လား။ တကယ်လို့ နင်သာ စိတ်မရှိရင်…...)

(နောက်ထပ်ပြီး ကျေးဇူး အများကြီး တင်ပါတယ်)

(ကိစ္စမရှိပါဘူးဟယ်)

ရှီလီက ဘာသာရပ် တစ်ခုချင်းစီတိုင်းကို နောကျေနှံ့စပ်ပြီးသားဖြစ်ပြီး လေ့ကျင့်ရေး ဌာနမှ ဆရာ ဆရာမများဖြင့်ပင် ပြောဆို ဆက်ဆံနိုင်သူ ဖြစ်၏။

ဆရာ ဆရာမများမှာ အခြားအတွက် အချိန်ပေးဖို့ရန်ပင် မလွယ်ကူသော်လည်း ညဘက် နောက်ကျသည်အထိ စာပြန်ပေးရှာပါ၏။ သို့သော် ရှီလီကမူ ၎င်းတို့အားလုံးကို အခြား Client အကြီးကြီးထံ ယူဆောင်သွားပေရာ ထိုဆရာ ဆရာမများခမျာ တပည့်အတွက် ပျော်ရွှင်ခြင်း ဟူသည်ကိုသာ ဝန်ဆောင်ခအဖြစ် ရရှိတော့၏။

ဘာသာရပ် တစ်ခုချင်းစီ၏ ဆရာ ဆရာမဖြင့် ဆက်သွယ်မေးမြန်းကာ ရှီလီက ဖူဟွေ့ရှင်းအတွက် စာလုပ်ရမည့် အချိန်ဇယားတစ်ခု ရေးဆွဲ စီစဥ်ပြီး ပို့ပေးလိုက်လေသည်။

အချိန်ဇယားပို့ပြီး မကြာမီပင် ဖူဟွေ့ရှင်းက သူမကို ဖုန်းခေါ်လာလေသည်။

သူ၏ အချိန်ဇယားက အလွန်ပြည့်ကြပ်နေအောင် စီစဥ်ထားပြီး ထိုကောင်လေးက တက်ရောက်သင်ယူချင်စိတ် မရှိတော့ဘူးဟု ရှီလီက တွေးလိုက်မိ၏။ သူမက စဥ်းစားနေရင်းကပင်

“နင့်အဆင့်တွေ တက်လာချင်တယ်လို့ နင်ပဲပြောတယ်လေ။ အခုလို ဆင်းရဲဒုက္ခနဲ့ အခက်အခဲတွေကို ကြောက်နေပုံမျိုးနဲ့ နင့်အဆင့်တွေ ဘယ်လိုလုပ်ပြီး တိုးတက်တော့မလဲ”

“ငါ့အတွက် အချိန်ဇယား စီစဥ်ပေးလို့ ကျေးဇူးတင်ပါတယ်”

သူက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် စပြောလိုက်၏။ “ကောယွမ်အတွက် နင်စီစဥ်ပေးထားတဲ့ အချိန်ဇယားတွေက အရမ်းကြပ်တယ်လို့ ငါကြားပါတယ်။ အခုလုပ်ပေးထားတဲ့ အချိန်ဇယားက ငါ အဆင့်တွေ မြန်မြန်တက်လာဖို့ လုံလောက်ပါ့မလားလို့”

ကောယွမ်၏ အတန်းချိန်ပြင်ပ အချိန်ဇယားများက ဤအတန်းထဲမှာတော့ လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။ တခါသားမှာ သူမက ရှီလီ မပါဝင်သည့် Group Chat အတွင်းဝယ် Post တစ်ခု တင်ခဲ့ဖူးပြီး သူမအတွက် အချိန်ဇယား စီစဥ်ပေးသည့် ရှီလီက မကောင်းဆိုးဝါး ဆန်လှကာ သူမခမျာ အနားယူချိန်နှင့် အားလုံးအတူ အပြင်ထွက် အချိန်ဖြုန်းချိန်ပင် မရှိတော့ပါဟု စောဒက တက်ဖူးပေသည်။

ထို့ကြောင့် အတန်းချိန်များ ပြည့်နေခြင်းအပေါ် သူက စောဒက တက်မလာပေရာ အတော်ကြီးကို အံအားသင့်ရလေသည်။ သူမအနေဖြင့်က အချိန်ဇယားကြပ်သည့်အတွက် စောဒကတက်သူမျိုးကိုသာ မြင်ဖူးခဲ့ပြီး စာလုပ်ချိန် နည်းပါးမည်ကို စိတ်ပူနေသူမျိုးတော့ ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပေ။ သူက တကယ်ကို ထူးဆန်းလှလေသည်။

ရှီလီကလည်း ရှင်းပြလိုက်၏။

“နင်က ကောယွမ်နဲ့ မတူဘူးလေ။ နင့် အခြေခံက သူ့ထက် ပိုကောင်းတယ်။ သူက အရင်တုန်းက စာမှ တည်တည်တံ့တံ့ မလေ့လာတဲ့ဟာ”

89 04

“နင်က အပြင်လူ မဟုတ်တော့ နင့်ကို ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောပြမယ်။ ငါက အဲဒီကောင်မလေး ကောယွမ်ကိူ အချိန်ဇယား အဲ့လောက်အပြည့် စီစဥ်ပေးလိုက်တာကလေ သူ့အဆင့်တွေ တိုးလာအောင် တွန်းအားပေးဖို့ မဟုတ်တဲ့အပြင် သူ့ကို ဗဟုသုတ ရှာမှီးတဲ့ ပင်လယ်ကြီးထဲမှာ မြုပ်နေစေချင်လို့လည်း ဟုတ်မနေဘူး။ ဘာလို့လဲဆိုတော့ သူ အချစ်နာကျပြီး ကောင်လေးတစ်ယောက်ကြောင့် စိတ်လွတ်နေတာကို အချိန်မီ အုပ်မိအောင် ကယ်ပေးဖို့ မျှော်လင့်ချက်နဲ့ လုပ်လိုက်တာ”

“စကားမစပ် နင် အချစ်နာကျနေတာ မဟုတ်ပါဘူးနော်”

ရှီလီက သူ့ကို မေးလိုက်၏။

“တကယ်လို့ နင်လည်း အဲ့လို ဒုက္ခမျိုး ရှိနေရင် ငါ နင့်အတွက် အချိန်ဇယား အပို ထပ်ထည့်ပေးမယ်လေ”

******

90 01

အပိုင်း 90.

ရှီလီက မေးလိုက်၏။

“နင် အချစ်မျက်ကန်း ဖြစ်နေတာတော့ မဟုတ်ပါဘူးနော်”

ဖုန်းထဲမှ အသံက သုံးစက္ကန့်မျှ တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေလာသည်။

“ငါ မသိဘူး”

သူမ မေးခွန်းကို ဖူဟွေ့ရှင်းက အမှန်တကယ်ကြီး ထိုသို့ ပြန်ဖြေလာမည်ဟု ရှီလီက မမျှော်လင့်ထားခဲ့ပေ။ သူ၏ တုံ့ပြန်ချက်ကြောင့် ရှီလီက သဘောကျသွားကာ ပြောလိုက်၏။

“ငါက ဟာသ ပြောလိုက်တာပါ။ အတည်ကြီး မှတ်မနေနဲ့ဦး။ နင်က အချစ်မှာ ဥပါဒါန်ဖြစ်နေမဲ့သူ မဟုတ်တာ ငါ သိသားပဲ”

အချစ်နာကျနေသည့် ကောယွမ်လို လူမျိုးက ရှားတောင့်ရှားပါးဖြစ်ကာ မူလဝတ္ထုမှ ဇာတ်ဆောင်နှင့် ယှဥ်သော် သူမ၏ အချစ်မှာ စုံလုံးကန်းခြင်းက ဘာမှကို ဟုတ်မနေပေ။

ပြီးခဲ့သည့် ဘဝကို အခြေခံကာ ရှီလီက ထိုကောင်လေး ဖူဟွေ့ရှင်းက အချစ်မျက်ကန်းလေး ဖြစ်လာမည်လား ဟူသည်ကို စူးစမ်းချင်လေသည်။ သို့သော် ရုတ်ခြည်းဆိုသလိုပင် သူမ၏ ပြီးခဲ့သည့် ဘဝ၌ သူတို့နှစ်ဦးက အထက်တန်း ပထမနှစ် တနှစ်လုံး အတန်းဖော်မျှသာ ဖြစ်ခဲ့ကြောင်း အမှတ်ရသွားခဲ့ပါ၏။ အတန်းဖော် ဖြစ်ခဲ့သည်မှ လွဲ၍ သူတိူ့က အပြန်အလှန် ဆက်ဆံမှု မရှိခဲ့ကြသလို တစ်ယောက်နှင့်တစ်ယောက် စကား ပြောခဲ့ဖူးသလား ဆိုသည်ကိုပင် သူမ မမှတ်မိတော့။ အကယ်၍ သူမ မှတ်ဉာဏ်များကသာ မှန်မှန်ကန်ကန် အလုပ် လုပ်ဆောင်နိုင်ပါက ထိုတနှစ်လုံးမှာ သူတို့အနေဖြင့် စကားတလုံးကိုသော်မျှ ဖလှယ်ခြင်း မရှိခဲ့ဖူးကြောင်း သတိရသွားပေလိမ့်မည်။

ထို့နောက် သူတို့တွေ အတန်းခွဲကြသည့်အခါ ဖူဟွေ့ရှင်းက Liberal Arts အတန်းကို တက်ရောက်ခဲ့တာဖြစ်သည်။ သိပ္ပံအတန်းနှင့် Liberal Arts အတန်းက အဆောင် သပ်သပ်စီ ဖြစ်လေရာ ထိုနောက်ပိုင်းကတည်းက နောက်တစ်ကြိမ်သော်မှ ပြန်မတွေ့ခဲ့တာ ဖြစ်နိုင်လေသည်။ ထိုအချိန်ကတည်းက ဖူဟွေ့ရှင်းက ရှီလီ၏ ကမ္ဘာထဲကနေ လုံးဝ ပျောက်ကွယ်သွားခဲ့ပါ၏။

သူက ကျောင်းမှာတော့ ထင်ရှားကျော်ကြားသူဖြစ်ကာ ရှီလီကတော့ သူ့လိုမဟုတ်။ သူက မူလဇာတ်ကြောင်း၏ အရေးကြီးဇာတ်ကောင် မဟုတ်ကတည်းက ရှီလီအနေဖြင့် သူ့ကို မည်သည့် အပိုထပ်ဆောင်း အာရုံစိုက်မှုမှ မပေးခဲ့ပါပေ။

ထိုနောက်ပိုင်း ကောလိပ် တက်ရောက်ကြသည့်အခါ ဖုမိသားစုမှာ ကိစ္စ အတော်များများ ဖြစ်ပွားခဲ့ကြောင်း သူမ မိသားစုထံမှ ပြန်ကြားခဲ့ရပါ၏။ ဖူဟွေ့ရှင်းက သူမ အထက်တန်းမှ အတန်းဖော်ဖြစ်ကြောင်းသာ ရှီလီက မှတ်မိခဲ့တာ ဖြစ်ပြီး ထိုအကြောင်းကိုလည်း သာမန်ကာလျှံကာသာ မေးမြန်းခဲ့တာဖြစ်၏။ သို့သော် ဖုမိသားစု၏ အခြေအနေကို သူမ မိသားစုက ပြန်ပြောပြခဲ့စဥ်က သူတို့အနေဖြင့် မိသားစုဝင် တစ်ဦးချင်းစီ၏ ဖြစ်ကြောင်းကုန်စင် အသေးစိတ်ကိုတော့ မသိရှိကြောင်း ဆိုခဲ့ပါ၏။

ရှီလီကလည်း စပ်စုချင်စိတ်ဖြင့်သာ မေးမြန်းခဲ့ခြင်း ဖြစ်ပေသည်။ ဒီ့ထက်ပိုပြီး စုံစမ်းပေးရမလားဟု မိသားစုက ပြောဆို မေးမြန်းလာခဲ့သော်လည်း သူမက ငြင်းပယ်ခဲ့၏။ ဘာကိစ္စဖြစ်ဖြစ် သူမနှင့် ပတ်သက်သည်မှ မဟုတ်ပဲ။ ထိုကောင်လေးက သူမ၏ အတန်းဖော် တစ်ဦးအဖြစ် အမှတ်ရခဲ့ခြင်းကြောင့်သာ သူမက မေးမြန်းခဲ့ခြင်း ဖြစ်ပေသည်။

ပြီးခဲ့သည့် ဘဝတုန်းက ဖူဟွေ့ရှင်းတစ်ယောက် Liberal Arts ရွေးခဲ့သည်ကို သူမ အမှတ်ရသွားခဲ့၏။ သို့သော် ယခုမူ သူက သိပ္ပံဘာသာကိုသာ ရွေးချယ်လာပေရာ ထိုပြောင်းလဲမှုက သူမ ဖြစ်ပွားစေခဲ့သည့် Butterfly Effectကြောင့်များလားဟု တွေးမိရလေသည်။

မသဲမကွဲ ဝိုးတဝါးသံအချို့ ဖုန်းထဲကနေ ထွက်ပေါ်လာ၏။

“ဒီနေ့ ငါ့အဆင့်တွေကို ကူပြီး အကဲဖြတ်ပေးလို့ ကျေးဇူးတင်ပါတယ်”

ရှီလီက တည်ငြိမ်အေးချမ်းစွာ ပြန်ဖြေလိုက်သည်။

“ပြဿနာ မရှိပါဘူး။ ငါတို့က အတန်းဖော်တွေပဲဟာ။ တစ်ယောက်နဲ့တစ်ယောက် အကူအညီ ပေးသင့်တာပေါ့။ နောက်ကျ နင် စာလေ့လာတာနဲ့ ပတ်သက်လို့ ပြဿနာ တစ်ခုခု ရှိလာရင် ငါ့ဆီလာလို့ရတယ်နော်။ ငါ ကူညီပေးနိုင်တာမျိုးဆို လုံးဝကို ငြင်းမှာ မဟုတ်ဘူး”

“ ကျေးဇူးပါပဲ။ ဒီကိစ္စနဲ့ပတ်သက်လို့ နောက် ငါ မသိတဲ့ ပုစ္ဆာမျိုး ရှိလာရင် နင့်ကိုပဲ ထပ်ပြီး ဒုက္ခပေးရဦးမှာပဲ”

သာမန်ကာလျှံကာ အကူအညီလေးသာ ပေးလိုက်သည်ဟု မှတ်ယူထားသည့် ရှီလီ…နင်ဘာလို့ ဒီလောက် လေးလေးနက်နက်ကြီး ဖြစ်နေတာလဲဟယ်။

ဒါပေမဲ့ ကတိပေးပြီးမှတော့ တစစီ ဆုတ်ဖြဲခံရရရင်တောင် ထိန်းသိမ်းရမှာပေါ့။

“အေးပါ။ ကိစ္စမရှိဘူး”

90 02

“ဒါပေမဲ့ နင်တို့အားလုံး ဒီနေ့ ထူးဆန်းနေတယ်”

သူမက ထပ်ပြောလိုက်၏။

“ဘယ်လိုဖြစ်လို့ ဒီနေ့ကျမှ လူအကုန်လုံး သူတို့ ကြိုးစားပြီး စာကောင်းကောင်း လုပ်ချင်တယ်လို့ ငါ့ဆီကို လာပြောနေကြတာလဲ”

အကယ်၍များ လူတစ်ယောက်စ နှစ်ယောက်စကပဲ သူတို့တွေ ဘဝသစ်စပြီး စာကြိုးစားချင်သည်ဟု ပြောလာပါက သူမအနေဖြင့် “အချိန်မီ ချုပ်တော့ အစုတ်သက်တာပေါ့ ၊ အခုမှ ပြင်လည်း နောက်မကျသေးပါဘူး” သို့မဟုတ် “ လက်ထဲက သားသတ်ဓားကို ချလိုက်တာနဲ့ နေရာမှာတင် ဗုဒ္ဓဘုရား ဖြစ်လာတော့မှာ” ဟူသည့် စကားမျိုးကိုသာ ပြောလိုက်မည်ဖြစ်သည်။ သို့သော် လူ အုပ်စုလိုက်ကြီး တစ်ခုလုံး သူတို့က စာကြိုးစားဖို့ သန္နိဌာန်ချထားသည်ကို ပြသလာသည့်အခါမှာတော့ ထိုပြောင်းလဲမှုကြီးက အံ့သြကုန်နိုင်ဖွယ် ကိစ္စကြီး ဖြစ်ရတော့၏။

“အကုန်လုံးကို ပေးလိုက်တာလား”

ဖူဟွေ့ရှင်း၏ အသံက ခေတ္တမျှ ရပ်သွားပြီး သူက သာမန်ကာလျှံကာ ပုံစံဖြင့် မေးလိုက်၏။

“တခြားလူတွေကိုလည်း သူတို့အဆင့်တွေ တက်လာအောင် ဘယ်လို ကြိုးစားရမလဲ နင် အကြံဉာဏ် ပေးလိုက်တယ်ပေါ့”

ရှီလီခမျာ သူမက ညှပ်ချခံနေရပြီကို သတိမပြုမိဘဲ ရိုးသားစွာ ပြန်ဖြေလိုက်လေသည်။

“သေချာပေါက် မဟုတ်ဘူးပေါ့။ ဒီနေ့ ငါ အကြံဉာဏ် ပေးလိုက်တာ နင် တစ်ယောက်တည်းရယ်”

“ဒီနေ့ အိမ်ပြန်တဲ့လမ်းမှာ ကုယွီချင်းနဲ့ ရွှယ်ရွှယ်ကျားက အခုကစပြီး သူတို့တွေ ငါနဲ့အတူ အိမ်စာလုပ်ချင်တယ်လို့ ပြောလာတယ်လေ။ အဲဒါမှ သူတို့ ငါ့ကို အချိန်မရွေး မေးခွန်းတွေ မေးလို့ရမှာလို့ ပြောတယ်”

လေလှိုင်း၏ အခြားတဖက်မှ မပီဝိုးဝါး အသံတသံ ထွက်လာပြီး ရှီလီလည်း ရှင်းရှင်းလင်းလင်း မကြားလိုက်ရပေ။

“အဲဒါဆိုရင်…….”

ရှင်းရှင်းလင်းလင်း မကြားလိုက်ရပေရာ ရှီလီကလည်း ပြန်မေးလိုက်၏။

“ နင် ဘာပြောလိုက်တာလဲဟင်”

“ငါ စဥ်းစားနေတာပါ။ ကုယွီချင်းရဲ့ အဆင့်တွေက မဆိုးဘူးလေ။ ပြီးတော့ သူတို့က စျေးကြီးတဲ့ ကျူရှင်ဆရာ ငှားပေးနိုင်တာပဲကို။ အဲဒါကို သူ့အိမ်စာကို နင်နဲ့မှ အတူတူ လုပ်ချင်တယ်လို့ ဘာကိစ္စ မရမက ပြောနေရတာလဲ”

“အို့… ဟုတ်သားပဲ”

သူမ မေ့လျော့နေခဲ့သည့် သံသယ ဖြစ်ဖွယ်ရာ အချို့ကို သတိရမိတော့သည်။ သူမအပေါ် ကုယွီချင်း၏ သဘောထားက ဘယ်တုန်းကမှ ယခုလို မဟုတ်ခဲ့ပေ။ အခု ဒီလို ရုတ်တရက်ကြီး ပြောင်းလဲကုန်တာက Plot တွေကိုများ သူ ဆန့်ကျင်ဘက် လုပ်မိလို့လား။ မလှုပ်ရှားခင် သူမနှင့် ဆက်ဆံရေးကောင်း တည်ဆောက်လို၍လည်း ဖြစ်ကောင်း ဖြစ်နိုင်လေသည်။

ကုယွီချင်း….. နင့်လို အကြံသမား.. ငါ နင့်ကို သတ်ဖို့ လာနေပြီ။

ကုယွီချင်း၏ ရည်ရွယ်ချက်အမှန်နှင့် ပတ်သက်၍ တတန်းလုံးထံမှ ကြားခဲ့ရသည့် သူမ၏ မသင်္ကာဖွယ်များကို သတိမပြုမိခဲ့သည့် ရှီလီကတော့ ရိုးသား အပြစ်ကင်းလှသည့် သူမ၏ ပုံရိပ်ကလေးကိုတော့ အတန်းဖော်များရှေ့မှာ ထိန်းသိမ်းထားချင်ခဲ့ပါ၏။ သူမ၏ အမှောင်ဘက်ခြမ်း အတွေးများကိုတော့ လူတွေကို သိခွင့်ပေးလိမ့်မည် မဟုတ်။ အကယ်၍ သူမကို ကုယွီချင်းက ထိခိုက် နစ်နာစေလိမ့်မည်ဟု သံသယ ဝင်လျှင်တောင်မှ သူမက အပြင်ကို ထုတ်ပြောမည် မဟုတ်ပေ။ သူမ နှလုံးသား အောက်ခြေကနေသာ အော်ဟစ်ပေလိမ့်မည်။

ထို့ကြောင့် ရှီလီက ပြောလိုက်၏။

“အဲဒီ ဈေးကြီးတဲ့ ကျူရှင်ဆရာတွေထက် ငါက ပိုကောင်းတယ် ထင်လို့ နေမှာပေါ့”

ထိုသို့ ပြောပြီး မကြာမီပင် ရှီလီခမျာ ရှက်စိတ် တဖျင်းဖျင်း ခံစားလိုက်ရ၏။ သူမက မူလတုန်းကတော့ ယခုလို အရှက်မဲ့သူတစ်ယောက် မဟုတ်ပါချေ။

90 03

သူမက သာမန် ကျောင်းသူလေးမျှသာ ဖြစ်ပြီး Professional ကျူရှင်ဆရာများထက် သူမက ပိုပြီးသာလွန်သည်ဟု ဘယ်လိုတောင် တွေးပစ်လိုက်တာလဲ။ ဒါက..ဒါက.. သူမ၏ အမှောင်ဘက်ခြမ်း အတွေးများကို သူမ အတန်းဖော်ကို ကွယ်ဝှက်ရန် အားထုတ်လိုက်ခြင်း ဖြစ်ကာ သူမက ရုတ်တရက်ကြီး အရှက်မရှိသည့် သရုပ်သကန်ကြီးကို ပျော်ပျော်ပါးပါး တည်ထောင်မိသွားလေပြီ။

သူမက ကျောင်းသူလေးသာ ဖြစ်၏။ သူမ၏ အဆင့်များက မည်မျှပင်ကောင်းမွန်နေပြီး ကောင်းကင်ကြီးလောက် မြင့်မားနေစေဦးတော့ ဤ Professional အလုပ်မျိုးကို နှစ်ပေါင်းများစွာ ကတည်းက လုပ်လာကြသူ ဆရာ ဆရာမများနှင့်တော့ အဘယ်မှာ ယှဥ်နိုင်ပါအံ့နည်း။

စနစ်တကျ သင်ယူလေ့လာမှုနှင့် သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်မှုဟူသည် ရှိစမြဲပါပင်။ ဆရာ ဆရာမများ မည်သည် ကျောင်းသားများကို သင်ကြားပေးရသူဖြစ်ပြီး သူမ ကိုယ်တိုင်တောင်မှ ဆရာ ဆရာမများ၏ လမ်းညွှန်မှုကို လိုအပ်နေသေးသည်။ အခုလိုမျိုးတွေ ပြောထွက်နိုင်တဲ့ အရှက်မရှိ သတ္တိမျိုးကို သူမ ဘယ်နေရာကနေ ရလာတာလဲ။

အဲဒီ ဖူဟွေ့ရှင်းကရော သူမကို ဘာလို့ ဖုန်းခေါ်လာတာလဲ။ Voice Calls တွေမှာရော ပြန်လည်ပြုပြင်တဲ့ Function ဘာလို့ ပါမလာရတာလဲလို့…

ရှီလီခမျာ ကြိတ်ပြီး ငိုကြွေးနေရပြီ ဖြစ်ပြီး သူမ နောက်အချိန်ခု ကြာတဲ့အထိ ဖူဟွေ့ရှင်းကို မတွေ့ချင်တော့ပေ။ သူမ ဘာပြောခဲ့လဲဆိုတာ ဖူဟွေ့ရှင်း မြန်မြန်မေ့သွားဖို့သာ မျှော်လင့်ရတော့သည်။

ထိုအကြောင်းတွေးပြီး ရှီလီက အခြားဖြစ်နိုင်ခြေ တစ်ခုကို ထည့်တွက်လိုက်၏။

“ငါကလည်း ကျောင်းသူပဲနော်။ ဒီတော့ ငါ ပြောသမျှက အကုန် မှန်ပါ့မလား ငါလည်း မသေချာဘူး။ တကယ်လို့ နင့် အဆင့်တွေ ကျကုန်ရင် ငါ့ကို အပြစ်မတင်ရဘူးနော်”

ဖူဟွေ့ရှင်းက ကောယွမ်နှင့် မတူပေ။ ကောယွမ်က သူမ ကလေးဘဝတည်းက သူငယ်ချင်းကောင်း ဖြစ်ခဲ့ပြီး သူမ စာကြိုးစားရသည့် ပန်းတိုင်က အချစ်မျက်ကန်း ဖြစ်နေသည်ကို ကုစားရန်ဖြစ်၏။ ထို့ကြောင့် သူမကို ကိုင်တွယ်စဥ်က ရှီလီ၏ နည်းလမ်းက သူမကို ခြေကုန်လက်ပမ်း ကျစေရန်သာဖြစ်ပြီး သူမ၏ အဆင့်များကို တိုးတက်စေသည့် မည်သည့်ဖိအားမှ မပါပါပေ။

ကောယွမ်…နားထောင်ပါဦး။ နင့်ကို ကျေးဇူးတင်တယ်နော်။ နင့်ကြောင့်ပဲ ဥတုလေးလီစလုံး နွေးထွေးသွားရတာ။

သို့သော် ဖူဟွေ့ရှင်းကမူ ကွဲပြားပါ၏။ သူက သူ့အဆင့်များ တက်လာချင်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်ပင်။ အကယ်၍များ သူမ၏ နည်းလမ်းများနောက် လိုက်ကာ ဖူဟွေ့ရှင်းတစ်ယောက် သူ့အဆင့်များ တိုးတက်လာရမည့်အစား ကျသာကျသွားပါလျှင် သူမက အတန်းထဲမှ ဟာသပြက်လုံး ဖြသ်လာပေလိမ့်မည်။

ရှေးလူကြီးများ၏ အဆိုအရ “ကြက်ကန်းကတော့ ဆန်အိုးတိုးနိုင်ပြီး တမင် ရည်ရွယ်သည့် ကြိုးစားမှုများကတော့ ကျရှုံးနိုင်သည်” ဟူသတည်း။

သူမ၏ မရည်ရွယ်သော ကူညီမှုက ကောယွမ်၏ အဆင့်များကို အလျင်အမြန် တိုးတက်သွားစေခဲ့၏။ သို့သော် ဖူဟွေ့ရှင်းအတွက် တမင် အားစိုက်ထုတ်မှုများကတော့ သူ၏ အဆင့်များကို ထိုးကျသွားစေနိုင်ပေသည်။

အကယ်၍ နောက်ပိုင်းကျ ဖူဟွေ့ရှင်းသာ သူမကို အပြစ်တင်လာပါက သူမ၏ တာဝန်မှ လွတ်ကင်းစေရန် ရှီလီက ကြိုတင်ကာကွယ် စောဒက တက်ထားခြင်းသာတည်း။

******

91 01

အပိုင်း 91.

ဖုန်းတစ်ဖက်မှ လူ၏ ညင်သာဖွဖွ ရယ်မောသံကို ရှီလီ ကြားလိုက်ရလေသည်။ သူက ပြောလိုက်၏။

“နင် စာလေ့လာတဲ့ နည်းလမ်းက ကောင်းပါတယ်။ တကယ်လို့ နင့်ရဲ့ နည်းလမ်းနဲ့တောင်မှ ငါ တိုးတက်မလာဘူးဆိုရင် အဲဒါ ငါ့ရဲ့ အမှားပါပဲ”

သူ၏ စောစောစီးစီး အမှားဝန်ခံချက်က ရှီလီကို ကသိကအောက် ဖြစ်အောင် ပြုလုပ်လိုက်နိုင်၏။

“ဒါပေါ့။ နင်က ထုံထိုင်းနေတာမှ မဟုတ်တာ။ အခုပဲကြည့်လေ။ နင် အတန်းထဲမှာ ဘယ်လိုပဲ အိပ်နေ အိပ်နေ နင့်အဆင့်တွေက အသင့်အတင့် ရှိနေတာပဲဟာ။ တကယ်လို့ နင်သာ တကယ့်တကယ် စာကြိုးစားပြီး သင်ခန်းစာတွေ အပေါ် သေချာလေး အာရုံစိုက်ထားလိုက်ရင် နင့်ရဲ့ အဆင့်တွေက တက်လာမှာ အသေအချာပဲ”

တကယ်လို့ တိုးတက်မှုသာ ရှိမလာရင် အဲဒါက သူ့ရဲ့ စာလေ့လာမှု နည်းလမ်းက မှားနေလို့သာ ဖြစ်ပြီး သူမ၏ အမှားကြောင့် မဟုတ်တော့ပေ။

သူ့အဆင့်တွေ ကျသွားလျှင်တောင် သူမနှင့် ဘာမှ မပတ်သက်ပါဟု ဖူဟွေ့ရှင်းက ပြောနေသော်လည်း ရှီလီကမူ စိတ်လေးနေဆဲပင်။ ဖုန်းချလိုက်ပြီးနောက် သူမ၏ စာကြည့်စားပွဲမှာ ပြန်ထိုင်လိုက်ကာ သူမ စာကြည့်ရာမှာ သုံးသည့် သင်ထောက်ကူ ပစ္စည်းအားလုံးကိူ ဖူဟွေ့ရှင်းထံ ပို့ပေးဖို့ရန် ထုပ်ပိုးလိုက်၏။ ထိုတစ်ခုတည်းကသာလျှင် သူမကို အနည်းငယ်မျှ စိတ်သက်သာရာ ရအောင် ပြုလုပ်နိုင်ပေသည်။

ယခုမှစ၍ အကယ်၍များ ဖူဟွေ့ရှင်း၏ အဆင့်တွေ တိုးတက်မလာခဲ့လျှင် သူမကတော့ အပြစ်ရှိစိတ် အနည်းငယ်တော့ ခံစားရမည်သာ။

သူမ အိပ်ရာဝင်ချိန် ရောက်သည့်အခါ သန်းခေါင်ပင် တိုင်လုနီးနေပြီဖြစ်ပြီး ရှီလီအတွက်တော့ အတော်ကြီး နောက်ကျနေပေပြီ။

သူမ အိပ်ရာက နိုးလာသည့်အခါ ယခုလို တာဝန်သိသည့် လူမျိုးဖြစ်သည့် သူမက ဘယ်တော့မှ ဆရာမ ဖြစ်လာလိမ့်မည် မဟုတ်ဟု သူမဘာသာ တွေးမိလေသည်။

ရှီလီက သူမ၏ သက်မွေးမှု အလုပ်အစ်ကိုင်ကို သူ့ကြောင့် ဖယ်ထုတ်လိုက်သည်ကို ဖူဟွေ့ရှင်းက သိလိုက်မည်မဟုတ်ပေ။

ဆောင်းရာသီ အားလပ်ရက် စတင်မည်က နောက်ရက် အနည်းငယ်ကြာမှ တရားဝင် စတင်မည်ဖြစ်သော်လည်း ရှီလီအတွက်မူ ယခုညကတည်းက စတင်ပုံပါပင်။

ယခုချိန်မှစ၍ သေချာပေါက် လိုအပ်သည့် အချိန်မှသာ အပြင်ထွက်ရမည်ဖြစ်ပြီး ကျောင်းပြန်ဖွင့်မည့် ဖေဖော်ဝါရီလ အဆုံးထိ အိမ်ထဲမှာပဲ နေရမှာ ဖြစ်လေသည်။

သူမ၏ အားလပ်ရက် လုပ်ရိုးလုပ်စဥ်ကတော့ ကျောင်းဖွင့်ရက်များနှင့် ကွဲပြားပါ၏။ သူမက ပုံမှန်အတိုင်း အိပ်ရာ အစောကြီး ဝင်ပြီး နောက်ကျမှ အိပ်ရာ ထလေသည်။

နောက်တစ်နေ့ ရောက်သည့်အခါ သူမက ကိုးနာရီထိုးမှ အိပ်ရာထ၏။ သူမ မနက်စာ စားရန် အောက်ထပ်သို့ ဆင်းလာသည့်အခါ သူမ ဖခင်က ယနေ့ အောက်ကို ဆင်းမလာသေးကြောင်း အိမ်အကူများ ပြောသည်ကို ကြားလိုက်ရ၏။ ရှီလီက အံ့သြသွားရလေတော့၏။ ယခုအချိန်မျိုးဆို သူမ ဖခင်က ကုမ္ပဏီမှာ အလုပ်လုပ်နေမည့် အချိန် ဖြစ်သင့်နေပြီကို။

သူမက ပေါင်မုန့်မီးကင် အပိုင်းအစများကို ပါးစပ်ထဲမှာ ကိုက်ထားရင်းက အလုပ်ခန်းတံခါးကို တိုက်ဖွင့်လိုက်၏။

တံခါးဖွင့်သံကို ကြားသည့်အခါ ရှီလီ၏ ဖခင်က မကြည့်ဘဲ မေးလိုက်၏။

“ငါ့သမီး မနက်စာ စားဖို့ ဆင်းလာပြီလား”

ရှီလီက တခစ်ခစ် ရယ်မောလိုက်၏။

“သမီးပါ။ ပါး ဒီနေ့ ကုမ္ပဏီကို မသွားဘူးလား။ အလုပ်ထဲမှာ တစ်ခုခု ဖြစ်လို့လားဟင်”

သူ့သမီးထံမှ နိမိတ်မရှိသော စကားများကို ကြားလိုက်ရသည့်အခါ ရှီလီ၏ ဖခင်က စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်ပြောလိုက်၏။

“ဒီနေ့က စနေနေ့လေ။ အလုပ်ပိတ်တယ်။ ကောင်းတာ တစ်ခုခုဖြစ်ဖို့ သမီးက ဆန္ဒမရှိဘူးလား”

91 02

ရှီလီက သူမ အောက်ထပ်ကနေ ယူလာသည့် အသီးဗန်းကို စားပွဲပေါ် တင်လိုက်၏။

“သမီးက ပါး ကို စိုးရိမ်လို့ပါ”

နောင်တစ်ချိန်ကျ ကုမ္ပဏီက ဒုက္ခသုက္ခများဖြင့် ကံအားလျော်စွာ ကြုံတွေ့ရမည်မို့ ရှီလီက ထိုသို့ ပြောရခြင်းသာ။ မူလ ဇာတ်ကြောင်းထဲဝယ် ထိုဒုက္ခသုက္ခများက ဖုန့်ယွင်ဟယ် ကန်ထည့်လိုက်သည့် ကျောက်တုံးကြီးကြောင့်ဖြစ်ကာ သူမတို့ လုပ်ငန်းများကိုလည်း ထိုလူက သိမ်းယူသွားခဲ့ပြီး ရှီမိသားစု တစ်စုလုံး လမ်းပေါ်မှာ အဆုံးသတ်ခဲ့ရပါ၏။

ရှီလီမှာလည်း သူမ ကန့်သတ်ချက် ရှိပါသည်။ ပြီးခဲ့သည့် ဘဝတုန်းက သူမသာ ဖုန့်ယွင်ဟယ်နှင့် ဝေးဝေးနေပြီး ယောကျာ်းတစ်ယောက်အတွက် အပြိုင်အဆိုင် လုပ်ပြီး Female Leadကိုသာ ဒုက္ခ မပေးခဲ့ဘဲ Male Lead နှင့် Female Lead ကိုသာ စိတ်အနှောင့်အယှက် မပေးခဲ့ပါလျှင် သူမတို့ ကုမ္ပဏီလည်း ဒုက္ခရောက်ခဲ့မည် မဟုတ်ဟု သူမ တွေးထင်မိ၏။

တက္ကသိုလ် စတက်သည့် အချိန်တွင် သူမက ကုမ္ပဏီကို ကြိုတင်ကာကွယ်မှု ပြုလုပ်ဖို့ရန် ဖခင်နှင့် ဦးလေးကို သတိပေးဖို့ ကြိုးစားခဲ့ပါသော်လည်း သူမ၏ မိသားစုကတော့ သူမကို ကလေးတစ်ဦးနှယ် ဆက်ဆံကာ သူမ စကားများကို အလေးအနက် မထားခဲ့ပါပေ။ ရလဒ်အနေနှင့်ကတော့ နောက်ပိုင်းကျ ကုမ္ပဏီက ဒုက္ခ တွေ့ရပေတော့သည်။ မူလဇာတ်ကြောင်းထဲမှာ ကုမ္ပဏီက ဒေဝါလီခံရပြီး မည်သည့်နေရာမှာ သွားရောက် ပူးပေါင်းသည်ကို အကျယ်တဝင့် မဖော်ပြသော်လည်း ရှီမိသားစုကတော့ အိမ်ခြေရာမဲ့အဖြစ် ထွက်သွားခဲ့ရပြီး သူမ၏ အိမ်ထောင်ပြုပြီး ဝမ်းကွဲနှင့် ယောင်းမကိုရော အိမ်ထောင်မပြုရသေးသည့် ဝမ်းကွဲအငယ်လေးတို့ပါ မတတ်သာသည့်အဆုံး မနှစ်မြို့ဖွယ်ရာ အလုပ်များ လုပ်ကိုင်ခဲ့ရပါ၏။ .ရှီလီက လျန်ရုံရုံကို ထိခိုက် နစ်နာစေခဲ့သော်လည်း လျန်ရုံရုံကတော့ မထိမရှ လွတ်မြောက်သွားပြီး ရလဒ်က ပြောင်းပြန် ဖြစ်သွားလေတော့၏။ မိသားစု ဒေဝါလီ ခံရသည့် အချိန်တွင် သူမက သေဆုံးသွားခဲ့ပြီးဖြစ်ကာ သူမ၏ အုတ်ဂူထက်ဝယ် မြက်ပင်တွေတောင် ပေါက်နေခဲ့ပေပြီ။

ပြီးခဲ့သည့် ဘဝတုန်းက ရှီလီက ဖုန့်ယွင်ဟယ်ကို ရှောင်ရှားခဲ့သော်လည်း နောက်ဆုံးကျ ကုမ္ပဏီက ဒုက္ခတွေ့ရသည်ပင်။ ထို့ကြောင့် သူမ သဘောပေါက်လိုက်သည့် တစ်ခုတည်းသော အရာက ကုမ္ပဏီ၏ ပြဿနာက ရှောင်လွှဲမရနိုင်သည့် ဒုက္ခသာဖြစ်ကာ ပြိုကျလုနီးနီး အဆောင်အအုံနှယ်ဖြစ်ပြီး ဖုန့်ယွင်အနေဖြင့် တစ်ချက်မျှ တွန်းလိုက်ရုံသာ။

သို့သော် ပြီးခဲ့သည့် ဘဝတုန်းက သူမအနေဖြင့် ဖုန့်ယွင်ဟယ်ကို အနှောင့်အယှက် မပေးခဲ့လေရာ သူတို့ ကျဆုံးနေသည့်အချိန် ထိုအခြေအနေကို အခွင့်ကောင်းယူကာ ဖုန့်ယွင်ဟယ်က သူတို့ကို ကန်ထုတ်ပစ်ခြင်း မပြုခဲ့ပါပေ။ ရှီလီ၏ ထပ်ပြန်တလဲလဲ သတိပေးမှုများကြောင့် သူမ ဖခင်က ကြိုတင်ကာကွယ်မှုအချို့ ပြုလုပ်ထားခဲ့ပေရာ နောက်ဆုံးမှာတော့ ကုမ္ပဏီက စာချုပ်ကြီး တစ်ခုကိုသာ ဆုံးရှုံးခဲ့လေသည်။ ၎င်းက တော်တော်ခံလိုက်ရသည့် အဖြစ် ဖြစ်ကြောင်း ထင်ရှားသော်လည်း လုံးလုံးလျားလျား ရှုံးနိမ့်ခြင်းမျိုး မဟုတ်သောကြောင့် သူတို့ ရှင်သန်နိုင်အောင် စီမံနိုင်ခဲ့ပါ၏။

ရှီလီ၏ ဖခင်နှင့် ဦးလေးက အလုပ် အတူတူ လုပ်ခဲ့ကြကာ စီးပွားရေးလုပ်ငန်းများကို ကောင်းစွာ စီမံခန့်ခွဲနိုင်သည့်အတွက် အရာအားလုံးက အကောင်းဘက်ကိုသာ ဦးတည်နေခဲ့ပါ၏။

ရှီလီ ပြန်လည် မမွေးဖွားမီကတည်းက ကုမ္ပဏီက တိုးတက်သည့် ဝိသေသများကို ပြသခဲ့ပြီး ဖြစ်လေသည်။

သစ်သီးဗန်းထဲမှ ပန်းသီးစိပ်လေးကို ကောက်ယူပြီးနောက် ရှီလီက တစ်သျှူးယူကာ ရေစက်များကို သုတ်ပေးလိုက်၏။

“တတိယဦးလေးက နှစ်ကူးကျရင် အိမ်ကို ပြန်လာဦးမှာလား။ အခုဆို သူ ပြန်မလာတာ နှစ်နှစ် ရှိပြီနော်။ ဘွားဘွားက သူ့ကို သတိရတယ်လို့ ထုတ်မပြောပေမဲ့ ဒီအစားအသောက်က သူကြိုက်တာ ဟိုအစားအသောက်က သူကြိုက်တာဆိုပြီး ပြောနေတော့တာပဲ”

ရှီလီ၏ ဖခင်က ပန်းသီးကို တကြွပ်ကြွပ် ကိုက်ဝါးနေရင်းမှ

“မင်းရဲ့ တတိယဦးလေး အိမ် ပြန်လာမလား မလာမလား။ ပါးက ဘယ်လို သိပါ့မလဲ”

ထိုအကြောင်းကို သမီးဖြစ်သူနှင့် မဆွေးနွေးချင်သည့် သူက စကားလမ်းကြောင်းကို ရုတ်ခြည်း လွှဲလိုက်လေသည်။

“ဒါနဲ့ စကားမစပ် ပါး မှာ အချိန်ရရင် သမီးကို ကူညီထားတဲ့ အတန်းဖော်ကောင်လေးကို တလေးတစား ကျေးဇူးတင်ရအောင် ဖူမိသားစု အိမ်ကို သွားကြမယ်လို့ သမီးရဲ့မားက မနေ့ညက ပြောထားတယ်”

91 03

ရှီလီက စောဒက မတက်ပါပေ။ အကယ်၍ သူမ မိဘတွေက လိုအပ်သည်ဟု ထင်လျှင် သူတို့ သွားလိုက်ရုံသာ။

“ဟုတ်ပြီ၊ ကျေးဇူးတင် လက်ဆောင်တွေ သမီး ပြင်ဆင်ပြီးပြီလား။ တို့တွေ ဒီတိုင်း လက်ဗလာကြီး သွားလို့ မရဘူးလေ။ ဟုတ်တယ်မလား”

ရှီလီကလည်း ပြန်ဖြေလိုက်၏။

“သမီးတာဝန် ထားလိုက်ပါ။ စိတ်မပူနဲ့။ အခုက ပိတ်ရက်ဆိုတော့ ဖုအိသားစုလည်း အိမ်မှာ ရှိကြမှာပဲ။ ဒီနေ့လည်ခင်းပဲ သွားကြရအောင်။ အသင့်ပြင်ထားလိုက်တော့နော်”

ရှီလီက သူမဘာသာ တွေးလိုက်၏။ ဘာကို ပြင်ဆင်ရမှာလဲ။ လက်ဆောင်တစ်ခု ဆွဲပြီး သွားရုံပဲဟာကို။

နေ့လည်ရောက်သည့်အခါ ဟွမ်ကျဲက ထိုအဖေနှင့် သမီးတို့ဖြင့် ပူးပေါင်းရန် စတူဒီယိုမှ အိမ်သို့ ပြန်လာခဲ့၏။ ထို့နောက် မိသားစု သုံးယောက်သားက အတူတကွ အလည်အပတ် ထွက်ကြကာ ပိုပြီး သမားရိုးကျဆန်အောင် ပြုလိုက်လေသည်။

ကားနောက်ခန်းမှာတော့ အတန်ငယ် များပြားသော လက်ဆောင်များက စုပုံနေပြီး ရှီလီ၏ ဖခင်က အဆန်းတကြယ်ဖြင့်ပင် ဟွမ်ကျဲ၏ လက်ထဲသို့ ဘူးလေးတစ်ဘူး ထည့်ပေးလာလေသည်။ ထိုဘူးလေးကမှ ကျေးဇူးတင် လက်ဆောင်များထဲမှ အဓိက လက်ဆောင်ဖြစ်သည်ဟု ရှီလီ ခံစားလိုက်ရ၏။

ဖူမိသားစု၏ ဗီလာက ရှီလီတို့ ယခင် အိမ်ဟောင်းနှင့် အတော်ကြီး နီးသည့် နေရာမှာ တည်ရှိကာ ခရိုင်တစ်ခုတည်းမှာ ဖြစ်လေသည်။

သို့သော် ရှီလီက ထိုအိမ်ဟောင်းမှာ ကာလကြာရှည် နေထိုင်သည်က ရှားပါးလှ၏။ ထို့ကြောင့် ထိုအိမ်ဟောင်း၏ အနီးမှာ ဖူဟွေ့ရှင်းကို မြင်ဖူးခဲ့ဖို့ကို အပထားပါဦး။ ဖူမိသားကိုပင် ရှိသည်ဟု မထင်မှတ်ခဲ့ဖူးပေ။

၎င်းကလည်း ကျောင်းများဖွင့်ပြီးသည့် နောက်ပိုင်းတွင်သာ ဖြစ်ကာ ကောင်းယွမ် ပြောပြတော့မှပဲ ဖူဟွေ့ရှင်း၏ “ဖူ” က ဖူရှူးရုန်၏ “ဖူ” နှင့် အတူတူဖြစ်ကြောင်း သဘောပေါက်ရတော့သည်။

ယခုက ဖူမိသားစု၏ ဗီလာသို့ လာရောက်ခြင်းက ရှီလီအတွက် ပထမဆုံး ဖြစ်ပေသည်။ ပုံမှန်ဆို မိသားစုနှစ်စု အပြန်အလှန် ဆက်ဆံရေးမျိုး မရှိသည်ဖြစ်ရာ ဤအိမ်ရှေ့မှ ဖြတ်သွားတိုင်း ရှီလီက ဗီလာ၏ အပြင်ဘက်ကိုသာ မြင်ခဲ့ရတာ ဖြစ်၏။

သို့သော် မိဘများနောက်ကို အတူလိုက်လာချိန်တွင် ရှီလီက မိမိကိုယ်ကို ယုံကြည်မှု အပြည့် ရှိနေပါ၏။

ရှီလီ၏ ဖခင်နှင့် ဟွမ်ကျဲက ဖူမိသားစုကို ကြိုတင် ချိန်းဆိုမှု ပြုလုပ်ထားခဲ့ပြီး ဖြစ်၏။ သူတို့ မိသားစု သုံးယောက် ရောက်ရှိကြသည့်အခါ ဖူမိသားစုဝင်များကလည်း ဧည့်ခန်းထဲမှာ ထိုင်စောင့်နေကြလေသည်။

ထို အကျော်ကြားဆုံး ဖူရှူးရုန်က ယခုလက်ရှိမှာတော့ ရှိမနေပေ။ ယခု ဧည့်ခန်းထဲမှာ ရှိနေသည့်က ယခုလက်ရှိ ဖူမျိုးဆက်၏ မိသားစုခေါင်းဆောင်နှင့် သူ့ဇနီးဖြစ်၏။

ရင်းရင်းနှီးနှီး အလ္လာပ သလ္လာပ ပြောကြပြီးနောက် နောက်ဆုံးကျမှ ရှီလီ၏ ဖခင်က သူတို့ လာရင်း ရည်ရွယ်ချက်ကို ပြောပြလိုက်ပါ၏။

“လွန်ခဲ့တဲ့ နှစ်လလောက်တုန်းက ကျနော့် သမီးလေးက ကျောင်းနားမှာ လူရမ်းကားတွေနဲ့ တွေ့ခဲ့ရတယ် ပြောတယ်။ ကံကောင်းလို့ ဟွေ့ရှင်းနဲ့ ကြုံပြီး သူ့ကို အဲဒီ အန္တရာယ်ထဲကနေ ကယ်တင်ပေးလိုက်တယ်တဲ့။ ကျန်ခဲ့တဲ့လ နည်းနည်းလောက်ကတည်းက ကျနော်ကလည်း အိမ်မှာ ရှိမနေခဲ့ဘူး။ ကျနော့ ဇနီးနဲ့ သမီးကလည်း သူတို့ချည်းပဲ လာလည်ပြီး ကျနော်တို့ရဲ့ ကျေးဇူးတင်မှုကို ဖော်ပြဖို့လည်း အဆင်မပြေဘူးပေါ့ခင်ဗျာ။ ဒီတော့ ကျနော်တို့လည်း ကျနော် နိုင်ငံခြားက ပြန်ရောက်တဲ့အထိ စောင့်ပြီး အခုမှပဲ လူကိုယ်တိုင် ကျေးဇူးလာတင်တာပါ။ ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့ အစ်ကိုကြီးဖူ”

“ကျနော်တို့ ဘယ်လုပ်နိုင်ပါ့မလဲဗျာ။ ကြည့်ပါဦး။ ဒီကလေး ဒီလို ကိစ္စကောင်းကြီး လုပ်ထားတာ ကျနော်တို့တောင် မသိဘူး။ ခင်ဗျားတို့သာ မပြောရင် ကျနော်တို့ ဘယ်တော့မှ သိရမှာတောင် မဟုတ်ဘူး”

“ဒီကလေး ခုချိန်ထိ အိမ်ပြန်မရောက်သေးဘူး။ အခုပဲ သူ့ကို ဖုန်းခေါ်ပြီး အိမ်ကို အမြန် ပြန်လာခိုင်းလိုက်မယ်။ ဘာဖြစ်ဖြစ် လီလီ့ကို ကယ်ထားတဲ့လူက သူဆိုမှတော့ ဒီနေရာမှာ သူရှိနေရမှာပေါ့”

“ဒါပေါ့”

91 04

ဖူကတော်က ဖုန်းခေါ်လိုက်၏။ သူမက ယဥ်ကျေး သိမ်မွေ့စွာဖြင့်ပင် အခြေအနေကို ရှင်းပြလိုက်ပြီး အိမ်ကို အမြန်ပြန်လာရန် ဖူဟွေ့ရှင်းကို ပြောလိုက်လေသည်။

ထိုအပြန်အလှန် ပြောစကားများအရ ဖူဟွေ့ရှင်းက သူ့မိသားစုဝင်များနှင့် အတော်ကြီး မနီးစပ်သည့် ဆက်ဆံရေးမှန်း သိရှိခံစားနိုင်ပါ၏။

ဖူဟွေ့ရှင်း ပြန်လာသည်ကို စောင့်ဆိုင်းနေရင်းက ရှီလီ၏ ဖခင်နှင့် ဖူသခင်ကြီးတို့က ဖူဟွေ့ရှင်း၏ သူရဲကောင်းဆန်လှသော အပြုအမူများကို အပြန်အလှန် မြှောက်ပင့် ပြောဆိုနေကြလေသတည်း။

ရှီလီ၏ ဖခင်ကမူ သူတို့သမီးကို ကယ်တင်ပေးခဲ့သည့်အတွက် မယုံကြည်နိုင်ဖွယ် မဟာ့မဟာ ကျေးဇူးတင်ရှိသည့် အမူအရာမျိုးကိုသာ ပြသနေပေသည်။

ဖူသခင်ကြီးကမူ ၎င်းက သူတို့လုပ်ပေးသင့်သည့် အသေးအဖွဲ ကိစ္စသာဖြစ်ကာ ကျေးဇူးတင်ဖို့ မလိုကြောင်းသာ ပြောနေပေသည်။

အမျိုးသား နှစ်ဦးစလုံးက လုပ်သား စီမံခန့်ခွဲသည့် အစည်းအဝေးများမှာ အလွန့်အလွန်ကို ကျွမ်းကျင်လှသူများ ဖြစ်ကြလေရာ ထိုစကားဝိုင်းကို နားထောင်နေရသည့် ရှီလီခမျာ တမှေးအိပ်ချင်လာသည် အထိပါပင်။

အချိန်အတန်ကြာ မျှော်လင့်စောင့်စားပြီး နောက်ဆုံး၌ ဖူဟွေ့ရှင်း ပြန်ရောက်လာခဲ့၏။

သူမက ဖူဟွေ့ရှင်းကို တွေ့သည်နှင့် မျက်ရည်များကိူ သုတ်လိုက်၏။ ( ငိုတာမဟုတ်၊ သမ်းနေလို့)

ဖူဟွေ့ရှင်းက ဖူသခင်ကြီးနှင့် ဖူကတော်တို့ကို နှုတ်ဆက်လိုက်ကာ သူတို့ကို “ဦးလေး” နှင့် “ဒေါ်လေး” ဟု ခေါ်လိုက်၏။

ထို့နောက် သူက ရှီလီ၏ ဖခင်နှင့် မိခင်ကို နှုတ်ဆက်လိုက်သည်။

ရှီလီ၏ ဖခင်ကား စဥ်ဆက်မပြတ် ချီးမွမ်းမြှောက်ပင့်မှုကြီးကို စတင်တော့ကာ ယခုကဲ့သို့သော စကားမျိုးကို ပြောလာပေသည်။

“ဒီကလေးက ကောင်းကင်ဘုံက ပေးပို့ ချီးမြှင့်တဲ့ တကယ့် ပါရမီရှင်ပဲနော်။ သူ့အရွယ်တွေထဲမှာတဲ့ အရမ်းကို ထူးချွန်တဲ့……….blah blah”

ထိုစကားများကို ကြားသည့်အခါ ရှီလီခမျာ ကသိကအောက် ဖြစ်ရပေ၏။

“ ကျနော်တို့ရဲ့ ကျေးဇူးတင်မှုကို အရမ်းအများကြီးတော့ မပြသနိုင်ဘူးပေါ့ ခင်ဗျာ”

ထို့နောက် ရှီလီ စောင့်ကြည့်နေသည့် အချိန်တွင် သူမ၏ ချစ်လှစွာသော ဖခင်က ထိုဘူးငယ်လေးထဲမှ နေ၍ အောင်လံတော် တစ်ခုကို ဆွဲထုတ်လိုက်လေတော့သတည်း။

ဟုတ်ပါသည်။ ရှီလီ မမှားပေ။ ရှီလီ တခါမှ မမြင်ဖူးခဲ့သည့် အဝါရောင်နှင့် ရွှေရောင်ကြီးပေတည်း။ သံသယ ဖြစ်ဖွယ်ရာ မလိုအောင်ပင် ၎င်းက အောင်လံတော်ကြီးသာ ဖြစ်တော့သတည်း။

ဖူဟွေ့ရှင်း……( အဲ့လိုမျိုး အောင်လံတော်ကြီးနဲ့ အဖမ်းခံရတာ တကယ့်ကို ခွတီးခွကျ ဖြစ်ရတာပဲကွာ)

******

92 01

အပိုင်း 92.

ထိုပိုးသား အောင်လံတော်ကြီးကို ဖြန့်လိုက်သည့်အခါမှာတော့ ရွှေရောင်ချည်မျှင်များဖြင့် ပန်းထိုးထားသည့် စာလုံးကြီးရှစ်လုံးက မျက်စိဖမ်းစား သွားတော့သတည်း။ *အောင်မြင်မှုနှင့် ထိုက်တန်သည့် ပြီးပြည့်စုံသော မိသားစု၏ အဖိုးတန် ရတနာ*

“ဖူသခင်လေးက တကယ့်ကို ပါရမီရှင်လေးပဲ။ ဖူသခင်ကြီးရဲ့ အဖိုးတန် မြေးလေး ဖြစ်ထိုက်ပါပေတယ်”

ဖူသခင်ကြီးနှင့် ဖူကတော်တို့၏ စိတ်ရှုပ်ထွေးမှုနှင့်စာသော် အမြဲလိုလိုပင် ရှီလီ၏ ပေါက်ပန်းဆေး အတွေးများဖြင့် လွှမ်းမိုးခံခဲ့ရသူ ဖူဟွေ့ရှင်းကတော့ အတော်ကြီး တည်ငြိမ်နေပေ၏။

ဖူသခင်ကြီးနှင့် ဖူကတော်ကတော့ သူတို့၏ ကြီးကျယ်ခမ်းနားသော အခမ်းအနားများကိုသာ မြင်ခဲ့ရပြီး ကျေးဇူးတင် လက်ဆောင်အဖြစ် ပိုးသားအောင်လံတော်ကြီးကို အသုံးပြုသည့် အလေ့အထကိုတော့ အမှန်တကယ် အံ့သြရပေတော့သည်။ သို့သော် သူတို့က သူတို့၏ တည်ငြိမ်အေးဆေးမှုများကို အလျင်အမြန်ပင် ပြန်လည်ရရှိသွားပါ၏။

ဖူဟွေ့ရှင်း၏ အဒေါ်ဖြစ်သည့် ဖူကတော်က သူ့ကို ညင်ညင်သာသာလေး တွန်းလိုက်၏။

“ဒါက မင်းကို သူတို့ ကျေးဇူးတင်တဲ့ နည်းလမ်းပဲလေ။ သွားပြီး လက်ခံလိုက်နော်”

သူမက ရှီလီ၏ ဖခင်နှင့် ဟွမ်ကျဲကို ပြုံးပြလိုက်ကာ

“ဒီကလေးက အမြဲတမ်းကို ရှက်နေတော့တာပဲ။ ဒါပေမဲ့ စာရိတ္တကတော့ ကောင်းတယ်ရယ်။ ကျမတို့ မိဘတွေကတော့ ဒီကလေး အဲ့လိုမျိုး သူရဲကောင်းဆန်တဲ့ အပြုအမူမျိုး လုပ်လိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးပါဘူးရှင်။ အဘိုးကပဲ သူ့ကို ပျိုးထောင်ပေးခဲ့တော့ အဲဒီ သူရဲကောင်း စိတ်ဓာတ်မျိုးက သူ့အဘိုးဆီနေ ဆက်ခံခဲ့ရပုံပဲ”

“မိသားစုထဲမှာ သက်ကြီးဝါကြီး တစ်ယောက်ရှိတာ ရတနာတစ်ပါး ရှိသလိုပဲလို့ လူတွေ ပြောကြသလိုပေါ့ဗျာ။ ဖူသခင်ကြီး ငယ်ငယ်တုန်းက တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အကြီးအကျယ် ပေးဆပ်ခဲ့ဖူးတယ် ပြောတယ်။ အခု သူ အငြိမ်းစား ယူသွားတာတောင်မှ မိသားစုရဲ့ မျိုးဆက်သစ်လေးတွေအပေါ် သြဇာလွမ်းမိုးနေတုန်းပဲ။ ဖူသခင်ကြီးရဲ့ အမွေကို ဆက်ခံပြီး တိုင်းပြည်နဲ့ လူမျိုးကို အကျိုးပြုမဲ့ မျိုးဆက်သစ် လူငယ်လေးတွေကို ကျနော်တို့ လူတစု တွေ့ရတာ ကျနော်တို့အတွက် တကယ့်ကို ကောင်းချီး မင်္ဂလာပါပဲဗျာ”

လူကြီးလေးယောက်တို့၏ အပြန်အလှန် မြှောက်လုံးပင့်လုံးများကို နားထောင်နေရင်း ရှီလီနှင့် ဖူဟွေ့ရှင်းက အကြည့်များ ဖလှယ်လိုက်ကာ ဤနေရာလေထုကဖြင့် အတော်ကြီးကို Over ဖြစ်နေသည်ဟု ခံစားရလေသည်။

တစ်ယောက်က ကယ်ဆယ်သူဖြစ်ပြီး နောက်တဦးက ကယ်တင်ခံရသူ ဖြစ်သည့် သူတို့နှစ်ဦးကသာ အဓိကဇာတ်ဆောင် ဖြစ်သင့်ပါသော်လည်း နှစ်ယောက်သားခမျာ ဘေးကနေ စကားလေးတစ်ခွန်းသော်မျှ ဝင်ပြောခွင့် မရကြ။

လူကြီးများက ပျော်ပျော်ပါးပါးကြီး စကားပြောနေကြကာ ဆွေမျိုးပေါက်ဖော် သားချင်းများ ဆုံတွေ့သည့် စိတ်မျိုးကိုတောင်မှ ပေါက်ဖွားစေလိုက်သေး၏။

ရှီလီခမျာ စိတ်ထဲမှာတော့ အတော်ကြီး ပျင်းရိနေပြီဖြစ်သော်လည်း စိတ်ဝင်စားနှစ်သက်သည့် အမူအရာမျိုးကိုသာ ထိန်းသိမ်းထားရဆဲဖြစ်ပြီး လူကြီးများ၏ စကားဝိုင်းထဲဝယ် နက်နက်ရှိုင်းရှိုင်း ဈာန်ဝင်နေပုံ ပေါက်လေသည်။ သူမက တစ်ခါတစ်ရံ တိတ်တဆိတ် တွေးနေကာ အချိန်ကောင်း ရောက်သည့်အခါ ခေါင်းညိတ်ပြသည့် အမူအရာကိုပင် လုပ်တတ်သေးသည်။

စကားပြောနေသည့် မည်သူ့ထံဖြစ်ဖြစ် သူမ အကြည့်များက စူးစိုက်နေကာ မမှိတ်မသုန် နားထောင်နေသလိုပါပင်။

ရှီလီတစ်ယောက် သမ်းဝေလုနီးနီး ပျင်းရိနေကြောင်းကိုတော့ ဖူဟွေ့ရှင်း တစ်ယောက်သာ သိပေသည်။

92 02

(အရမ်း အိပ်ငိုက်နေပြီ၊ ဘယ်အချိန်မှ အိမ်ပြန်ရမှာလဲလို့)

ထိုစကား ကြားသည့်အခါ ဖူဟွေ့ရှင်းက စိတ်ထဲကနေ ကြိတ်ပြုံးလိုက်၏။

ထိုအဓိပ္ပါယ် မရှိသည့် တိုင်ကြားချက်ကို ကြားရသူက ယခုမူ သူတစ်ယောက်တည်း ရှိပေသည်။

သူ့ဦးလေးနှင့်အဒေါ်က လိုက်လျောပါသော်လည်း ရှီလီ၏ ဖခင်နှင့် မိခင်ကမူ ပျင်းရိငြီးငွေ့ဖွယ်ရာ စကားများကိုသာ ဆက်ပြောနေပြီး လူကြီးများက လေကြောရှည်လှချည့်ဟု သူက ခံစားရစေ၏။

(ဖူကြယ်ကြယ်က ပြန်လာမှပဲ ဒီကျေးဇူးတင်ပွဲကြီး အဆုံးသတ်ပြီး အိမ်ပြန်ရမယ်လို့ ငါတော့ ထင်တာပဲ။ ဒီလို မေးခွန်းကအဖြေ အဖြေက မေးခွန်းမျိူးအတွက် ငါ အတွေ့အကြုံ အရမ်း နည်းသေးတာပဲ)

မမျှော်လင့်ဘဲ ဖူကြယ်ကြယ်ဟု အခေါ်ခံလိုက်ရသူ တစ်စုံတစ်ဖု.!!!

(ငါ့ အဖေက တကယ်ကြီး ဒီနေရာကနေ ဆွဲထုတ်ခံရတော့မှာ မဟုတ်ဘူးလား)

ရှီလီ၏ မိဘများနှင့် ဖူစုံတွဲက အတော်ကို ကျော်ကြားကြသူများ ဖြစ်ကြရာ အမျိုးသမီး နှစ်ဦးက လက်ဝတ်ရတနာနှင့် အလှအပရေးရာ ကုသမှုများ အကြောင်းကို ဆွေးနွေးနေကြ၏။

အမျိုးသားနှစ် ယောက်ကတော့ ကုမ္ပဏီ စီးပွားရေး ကိစ္စများ၊ လောလောလတ်လတ် ထုတ်ပြန်လိုက်သည့် မူဝါဒနှင့် စည်းမျဥ်းများ၏ ပြဿနာများနှင့် သူတို့ ကုမ္ပဏီများ၏ အနာဂတ် ပူးပေါင်းလက်တွဲနိုင်မှု ဖြစ်နိုင်ချေများကို ပြောဆိုနေကြပါ၏။

ရှီလီနှင့်သူမ မိဘများ ဖူမိသားစု နေထိုင်ရာ ရပ်ကွက်အတွင်းသို့ ဝင်လာစဥ်က နေလုံးကြီး ကောင်းကင်ထက် အမြင့်ကြီးမှာ ရှိနေသေး၏။ သို့သော် မသိလိုက်မီမှာပင် ယခု နေလုံးကြီးက အနောက်အရပ်ဆီသို့ ယွန်းသွားခဲ့ပြီး အခန်းတွင်းဝယ် မှုန်ပျပျ အလင်းရောင်သာ ရှိပေတော့သည်။ ထို့ကြောင့် မျက်စိလျင်သော အိမ်အကူများက ဧည့်ခန်းအလယ်မှာ ချိတ်ဆွဲထားသည့် ခရစ်စတယ် မီးပန်းဆိုင်းကြီးများကို မီးဖွင့်လိုက်၏။

ဆောင်းရာသီ ယဥ်စွန်းချိန် ပြီးနောက် နေ့တာက တဖြည်းဖြည်း ရှည်လျားလာပြီး ညတာ တိုလာသော်လည်း နွေရာသီနှင့်တော့ ယှဥ်လို့တော့ မရပါပေ။

ကောင်းကင်က တဖြည်းဖြည်း မှောင်လာသည့်အခါ ရှီလီ၏ ဖခင်ကလည်း စကားဦးသမ်းလိုက်၏။

“အတော်တောင် နောက်ကျနေပြီ။ ကျနော်တို့လည်း ထပ်ပြီး မနှောင့်ယှက်သင့်တော့ဘူး။ ခင်ဗျားတို့လည်း ညစာ စားရဦးမှာကို။ သူများရဲ့ ညစာစားချိန်ကို နောက်ကျစေလို့ မဖြစ်ဘူး”

သခင်မဟွမ်ကျဲကလည်း စကားဝိုင်းထဲ ဝင်ပါလိုက်ကာ

“ ဟုတ်တာပေါ့။ ဟုတ်တာပေါ့။ ကျမတို့လည်း အခု အိမ်ပြန်သင့်ပြီ”

အဖေအကြောင်း ကောင်းစွာသိသည့် ရှီလီကမူ သူမ ဖခင်က တကယ်ကြီး ပြန်ဖို့ တက်ကြွနေသည် မဟုတ်ဘဲ တကယ်တမ်း ညစာ စားဖို့ပါ ထပ်နေချင်သေးကြောင်း ခံစားနေရပါ၏။

သူတို့ပြန်ပါတော့မည်ဟု ဧည့်သည်များက ပြောသည်အခါ အိမ်ရှင်များကလည်း သဘာဝကျကျပင် သူတို့ကို ထပ်နေပါဦးဟု မရမက ပြောရပေမည်။

“မီးဖိုဆောင်မှာ ခင်ဗျားတို့ မိသားစု သုံးယောက်စာ အစားအသောက်တွေ ပြင်ဆင်ပြီးပါပြီ။ ဘာလို့ ဒီမှာပဲ ကျနော်တို့နဲ့ ညစာ မစားရတာလဲ။ ညစာ စားပြီး စကားဆက်ပြောလို့ ရတာပေါ့”

သူ့ခင်ပွန်းက ယခုလို ပြောနေမှတော့ ဖူကတော်ကလည်း ဝင်ပြောလိုက်ပါ၏။

“ဟုတ်ပါရဲ့၊ မီးဖိုဆောင်မှာ အစ်ကိုကြီးတို့ မိသားစု သုံးယောက်စာ ညစာ ပြင်ပြီးပါပြီ။ တကယ်လို့ အစ်ကိုကြီးတို့သာ ဒီမှာ ညစာမစားရင် အစားအသောက်တွေ ဖြုန်းတီးရာကျတယ်နော်။ ဒီလိုဆို သိပ်မကောင်းဘူးလေ”

သူမက ဟွမ်ကျဲနှင့် စကားပြောရသည်ကို အတော်ကြီး ဈာန်ဝင်နေကာ ဤစုံတွဲ ညစာစားဖို့ စိတ်ရင်းဖြင့် မျှော်လင့်မိသည်ပင်။

92 03

ဟွမ်ကျဲနှင့် သူ့ခင်ပွန်းကလည်း တကယ်ကြီး ပြန်ကြဖို့ စိတ်အားထက်သန်နေတာမျိုး မဟုတ်နေ။ ယဥ်ကျေးသမှု အနည်းငယ် ဖလှယ်ကြပြီးနောက် သူတို့က တုံ့ဆိုင်းတုံ့ဆိုင်း ဟန်ဖြင့် သဘောတူလိုက်၏။

“ကောင်းပါပြီ၊ ကျနော်တို့ အနှောင့်အယှက်တော့ မပေးမိဘူး ထင်ပါရဲ့ဗျာ”

“ဒုက္ခမများပါဘူးဗျာ။ တူလေး အစုံနည်းနည်းလောက် ပိုချလိုက်ရုံပဲဟာ”

မီးဖိုဆောင်ထဲမှ အိမ်အကူက ဧည့်ခန်းထဲမှ စကားဝိုင်းကို နားရွက်လေးများ မြှောက်ကာ အားစိုက် နားထောင်နေရပါ၏။ ထိုမိသားစု သုံးယောက်က ဒီမှာပဲ ညစာ စားကြမည်ဟု ဆိုလာသည့်အခါ ပုံမှန်ထက် ပိုပြီး ပေါပေါများများကြီး ချက်ပြုတ်ရမည် ဖြစ်ကြောင်း သူမ သိရှိသွားပါ၏။

မီးဖိုဆောင်ထဲမှာ ညစာ ပြင်ပြီးပါပြီဟူသည့် ဖူကတော်၏ လောကွတ်က ထွင်လုံးကြီးသာဖြစ်ကာ တကယ့်တကယ်မှာတော့ ဤ မီးဖိုချောင်မှာ ယခုချိန်ထိ ဘာကိုမှ မချက်ပြုတ်ရသေးပေ။

ရှီလီခမျာ အမှန်ကြီး အံ့သြရတော့သည်။ (ဘယ်လိုလုပ်ပြီး လိုရင်းက သူများ အိမ်မှာ ဂုန်းဆင်းရဖို့ ဖြစ်သွားတာလဲဟင်)

အိမ်မှ ထွက်မလာမီက ၎င်းက အစီအစဥ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း မပြောခဲ့ဘူးလေ။

ညစာ စားချိန် နီးကပ်လာသည့်အခါ အကြီးတန်း လှုက်ရှားမှု စင်တာသို့ သွားရောက်ကာ သူ၏ ရဲဘော်ရဲဘက်များနှင့် စစ်တုရင် ကစားနေသည့် ဖူသခင်ကြီးသည်လည်း အိမ်ပြန်ရောက်လာခဲ့လေသည်။

အသက်ကိုးဆယ်နား ကပ်နေသော်လည်း သူက ယခုထိတိုင် အားမာန်အပြည့်နှင့် တက်ကြွနေဆဲဖြစ်ကာ တုတ်ကောက် မပါဘဲနှင့်တောင် သွက်လက်ဖျတ်လတ်စွာ လမ်းလျှောက်နိုင်လေသည်။

“အင်း… အိမ်မှာ ဧည့်သည်တွေ ရောက်နေတာပဲ”

ဖူမိသားစုက ဓလေ့ထုံးတမ်းကို လိုက်နာသည့် မိသားစု ဖြစ်ပေရာ သက်ကြီးဝါကြီးက သားအကြီးဆုံးနှင့်သာ နေထိုင်ပါ၏။

ထိုသခင်ကြီးကို အကြီးအကျယ်လေးစားသည့် ဖူကတော်က သခင်ကြီး ဘာကြားရတာကို နှစ်သက်ကြောင်း သိရှိသူမို့ သူကပင် ဦးဆောင် စကားဆိုလိုက်ပါ၏။

“ကျမတို့ ဟွေ့ရှင်းက သိပ်မကြာသေးခင်တုန်းက သူ့ အတန်းဖော်လေးကို လူရမ်းကားတွေ လက်ထဲကနေ ကယ်ပေးလိုက်တယ်လေ။ ဒါကြောင့် ကလေးမိဘတွေ ရောက်လာပြီး သူ့ကို အထူးတလှယ် ကျေးဇူးလာတင်ကြတာ”

ထိုအကြောင်းပြချက်ကို ကြားသည့်အခါ ဖူသခင်ကြီးက ချက်ချင်းကို လန်းဆန်းရွှင်ပျလာကာ

“အို့..အဲ့လိုပေါ့လေ”

“အမှန်ပါပဲ။ အဲဒီ ရာဇဝတ်ကောင်တွေမှာ ဓားတွေတောင် ပါလာသေးတယ်လို့ ကြားမိတယ်။ ဒါပေမဲ့ ကျမတို့ ဟွေ့ရှင်းကတော့ ချွေးတစက်တောင် မထွက်ဘဲနဲ့ အဲဒီ လူရမ်းကား နှစ်ယောက်ကို အမှောက် သိပ်ပစ်လိုက်တယ်တဲ့လေ”

အစောကတည်းကပင် ခပ်ဝေးဝေးသို့ တွန်းပို့ခံထားရပြီးဖြစ်သည့် ထိုပိုးသား အောင်လံတော်ကြီးကိူ ဖူကတော်က နောက်တစ်ကြိမ် ယူထုတ်လာပြန်ကာ

“ဒါကို ကြည့်ပါဦး။ ဒီအောင်လံတော်က ဟွေ့ရှင်းကို ကျေးဇူးတင်ဖို့ သူတို့ ယူလာတာပေါ့”

ထို ရွှရောင် စာလုံးကြီး ရှစ်လုံးကို နေ့အလင်းသဖွယ် အလင်းရောင်အောက်မှာ ထပ်ပြီး တွေ့လိုက်ရပြန်သည်။

“ပြီးပြည့်စုံသော မိသားစု၏ တန်ဖိုးရှိသူ ထိုက်တန်သော ဆက်ခံသူများ”

ဖူသခင်ကြီးက ထိုစာလုံး ရှစ်လုံးကို အသံထွက်ကာ အကျယ်ကြီး အော်ဖတ်လိုက်ပြီး သူ့လေသံတွင် ပျော်ရွှင်ကျေနပ်ခြင်းတို့ ပြည့်နှက်နေပေသည်။

“ကောင်းသကွာ။ တကယ် ကောင်းသကွာ။ တကယ်ကြီး ကောင်းတာပဲဟေ့”

ဈေးကြီးလှသည့် လက်ဆောင် မဟုတ်သော်ငြား ဖူသခင်ကြီး၏ နှလုံးသားကိုတော့ ကိုင်လှုပ်နိုင်စွမ်း ရှိပါ၏။

92 04

သူက အလွန် နှစ်သိမ့်ကျေနပ်သည့် အကြည့်မျိုးဖြင့် ဖူဟွေ့ရှင်းကို ကြည့်လိုက်လေသည်။

ထိုဖူသခင်ကြီး ဘာနားထောင်ရတာကို နှစ်သက်ကြောင်း သိသည့် ဖူကတော်က ထိုခေါင်းစဥ်ကိုပင် တမင် ရွေးပြောလိုက်ပါ၏။

“ကျမ အထင်တော့ ဟွေ့ရှင်းက အဖေ့ အမွေကို ဆက်ခံလိမ့်မယ် ထင်ပါရဲ့။ သူက လူတွေကို ကယ်တင်ချင်တဲ့ နှလုံးသားမျိုး ရှိရုံမကဘူး။ အဲ့လိုလုပ်နိုင်တဲ့အပြင် အန္တရာယ် ကင်းကင်းနဲ့တောင် ထွက်လာနိုင်သေးတယ်”

ဖုသခင်မက မိတ်ဆက်ပေးလိုက်၏။

“အဖေ၊ ဒါက ဟွေ့ရှင်း ကယ်ပေးလိုက်တဲ့ ကလေးမလေးလေ”

ချက်ချင်းပင် အရိပ်အမြွက် ဖမ်းမိသွားသည့် ရှီလီက ထိုဖူသခင်ကြီးကို ယဥ်ကျေးစွာပင် နှုတ်ဆက်လိုက်၏။

ရှီလီ၏ ဖခင်နှင့် မိခင်တို့မှာ လူမှုဂုဏ်သရေ အဆင့်အတန်းကို အထိုက်အလျောက် ရရှိခဲ့ပြီးသူများပင်။ ထို့ကြောင့် သူတို့က ဖူသခင်ကြီးကို နှုတ်ဆက်သည့်အခါ ကယ်တင်ခံရသူ မိန်းကလေး၏ မိဘများအဖြစ်မဟုတ်လဲ သူတို့ရရှိထားသည့် အောင်မြင်မှုနှင့် လူမှုရေး အဆင့်အတန်းများဖြင့်သာ နှုတ်ဆက်လိုက်၏။

ထိုသခင်ကြီ၏ ရင်းနှီးမှုပြသည့် ပြယုဂ်ကတော့ သူတို့ကို ညစာ စားကြဖို့ ဖိတ်ခေါ်လိုက်ခြင်းပင်။

“မင်းတို့ ဒီမှာ ရှိနေမှတော့ ဘာလို့ ညစာ စားပြီးမှ မပြန်ကြတာလဲ။ ဟင်းပွဲ နည်းနည်းလောက် ထပ်ပြင်ဖို့ မီးဖိုချောင်ကို ပြောလိုက်မယ်။ ငါ ဒီနေ့ စိတ်အခြေအနေ ကောင်းနေလို့ ဝိုင်နည်းနည်းလောက် သောက်ကြတာပေါ့”

သခင်ကြီးက ဝိုင်သောက်ချင်သည်ဟု ဆိုလာသည့်အခါ အားလုံးက ငြင်းပယ်လိုက်ကြလေသည်။

“အဲ့လို လုပ်လို့ မရဘူးနော်။ ဆရာဝန် ဘာပြောထားလဲ မေ့သွားပြီလား။ အဖေ့ကို ဒီထက်ပိုပြီး သောက်ခွင့်မပြုဘူးနော်”

သူ့ကို သောက်ခွင့်မပြုကြောင်း ကြားသည့်အခါ သခင်ကြီးက စိတ်မပျော် ဖြစ်သွားတော့ကာ သူ့ကို တားမြစ်ပိတ်ပင်နေသည့် ထိုမျိုးဆက်ငယ်များကို ဆူဆဲကြိမ်းမောင်းလိုက်ပြီးနောက် သောက်ဖို့အတွက်ကိုတော့ မရမက မတောင်းဆိုပါပေ။

နောက်ဆုံးမှာတော့ သူက နည်းနည်းလေး မှားနေပြီဟု ခံစားလိုက်ရ၏။

“ငါက နေ့တိုင်း သောက်နေတာမှ မဟုတ်တာကို။ ငါ ဒီနေ့ စိတ်ခံစားချက် ကောင်းနေလို့ ဝိုင်တငုံ နှစ်ငုံလောက် သောက်တာက ဘာမှားနေလို့လဲ”

သခင်အိုကြီးက သကြားလုံးတောင်းသည့် ကလေးနှယ် ပြုမူနေသော်လည်း နောက်ဆုံးကျတော့ မအောင်မြင်ပါပေ။

သခင်အိုကြီးက နေ့တစ်ပိုင်းနီးပါးမျှ အပြင်ထွက်သွားခဲ့ကာ ကြည့်ရသည်မှာ ပင်ပန်းနွမ်းနယ်ပုံ ပေါ်နေပါ၏။ သူက သမ်းဝေနေသည်ကို ဖူကတော်က တွေ့သွားပြီး သူ့ကို စောင့်ကြပ်ကာ အိပ်ခန်းဆီ ခေါ်သွားတော့သည်။

သူမ သခင်အိုကြီး၏ အိပ်ခန်းထဲမှ ပြန်ထွက်လာသည့်အခါ ဧည့်ခန်းထဲမှာ နောက်ထပ် လူနှစ်ယောက် ပိုနေသည်ကို တွေ့လိုက်ရကာ ထိုလူနှစ်ဦးမှာ သူမ၏ သားနှင့် သူမ ယခင်က မမြင်ဖူးခဲ့သည့် မိန်းမငယ်လေးတို့ ဖြစ်လေသည်။ ထိုမိန်းကလေးက သားဖြစ်သူ၏ လက်မောင်းကို ချိတ်ထားပေရာ သူငယ်ချင်းတော့ မဖြစ်နိုင်ဘဲ စုံတွဲသာ ဖြစ်ပေလိမ့်မည်။

All Chapters