← Chapters

သူ့အမြင်မှာ ငါက လှေနံသုံးဖက်နင်းနေတာပဲ

Vol. 24 Ch. 347

သူ့အမြင်မှာ ငါက လှေနံသုံးဖက်နင်းနေတာပဲ

Vol. 24 Ch. 347

ထိုအမျိုးသမီး ထွက်သွားပြီးနောက် ပိုင်ထျန်းယွမ် ကျောက်စိမ်းသေတ္တာရှည်ကို ဂရုတစိုက် ပြန်ကောက်ယူလိုက်သည်။ ထိုအမျိုးသမီး ထိတွေ့ခဲ့သော နေရာကို အသာအယာ ပွတ်သပ်နေမိ၏။ ထို့နောက် ခေါင်းငုံ့ကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

"အရမ်းမွှေးတာပဲ... တကယ်ကို မွှေးတာပဲ… လှလိုက်တာ”

ပိုင်ထျန်းယွမ်သည် တဖြည်းဖြည်း လွင့်ပျယ်ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ရနံ့လေးတွင် မိန်းမောနေပုံရသည်။ ထို့နောက် ပြတင်းပေါက်မှတစ်ဆင့် စားသောက်ဆိုင် အဝင်ဝဘက်သို့ လှမ်းကြည့်လိုက်သောအခါ အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ကျော့ရှင်းစွာ လမ်းလျှောက်သွားသည်ကို တွေ့ရ၏။ မကြာမီ မျက်တောင်တစ်ခတ်အတွင်းမှာပင် လူအုပ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။ ပင်လယ်ပြင်ကျယ်ကြီးထဲသို့ ရေစက်တစ်စက် စီးဝင်သွားသကဲ့သို့ပင်။

"ရွှယ်ကျီယီ... မင်းက ငါ့အပိုင်ပဲ… မင်းဟာ ငါ့အပိုင် ဖြစ်လာစေရမယ်"

ပိုင်ထျန်းယွမ် ထိုအမျိုးသမီးကို သူ၏ အပိုင်ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ထားသကဲ့သို့ လက်သီးကို ခပ်တင်းတင်းဆုပ်လိုက်သည်။

...

လမ်းမကြီးနှစ်ခုအကွာတွင်— သာမန်ကာလျှံကာဖြစ်သော သုံးထပ်တိုက်တစ်လုံး ရှိနေသည်။ တံခါးများကို တင်းတင်းကြပ်ကြပ် ပိတ်ထားပြီး အစောင့်အရှောက်များကိုလည်း မတွေ့ရပေ။ ဤလမ်းမှာ ထျန်းဟီကုန်သည်ကြီးများအသင်း အပြင်ဘက်မှ လမ်းနှင့် သိပ်မထူးခြားသော်လည်း ဖြတ်သန်းသွားလာသူ ဦးရေမှာ သိသိသာသာ နည်းပါးလှသည်။ ဖြတ်သွားဖြတ်လာ လုပ်သူများပင်လျှင် ထိုအဆောက်အအုံကို ကြောက်ရွံ့နေသည့်အလား ခြေလှမ်းများကို အရှိန်မြှင့်မိကြ၏။

မြို့တော်တွင် နေထိုင်သူ အများစု သိကြသည်မှာ ဤအဆောက်အအုံသည် အရိပ်ခန်းမ၏ အသင်းခွဲတစ်ခု ဖြစ်ပြီး အရိပ်ခန်းမသည် လုံကျောက်ပြည်နယ်တွင် အင်အားအကြီးဆုံး ဂိုဏ်းတစ်ခုပင်။ ထိုဂိုဏ်းမှာ ခြေရာလက်ရာမကျန် သတ်ဖြတ်ခြင်းတွင် နာမည်ကြီးပြီး ပုန်းလျှိုးကွယ်လျှိုးခြင်း၊ လုပ်ကြံခြင်းနှင့် အဆိပ်ခတ်ခြင်းတို့၌ ကျွမ်းကျင်သူများ ဖြစ်ကြ၏။ သူတို့ကို ဂိုဏ်းတစ်ခုဟု ခေါ်ဆိုမည့်အစား လူသတ်သမားအဖွဲ့အစည်းတစ်ခုဟု ခေါ်လျှင် ပိုမှန်ပေလိမ့်မည်။

အရိပ်ခန်းမသည် အမြဲတမ်း မူတစ်ခုကို ကိုင်စွဲထား၏။ ဈေးနှုန်းသာ အဆင်ပြေပါက သူတို့ မသတ်နိုင်သည့်သူ မရှိပေ။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ခန့်က ကျင်းနိုင်ငံကို ထိတ်လန့်တုန်လှုပ်စေခဲ့သော ကောင်းကင်လောင်ကျွမ်းခြင်းခန်းမ လူသတ်သမားအဖွဲ့အစည်းသည် အရိပ်ခန်းမ၏ ရှေ့ဆောင်ဖြစ်သည်ဟုပင် ကောလာဟလများ ရှိခဲ့သော်လည်း အတည်တော့မပြုနိုင်သေးပေ။

ဝုန်း။

တစ္ဆေတစ်ကောင်ကဲ့သို့ အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးသည် အဆောက်အအုံ၏ အဝင်ဝတွင် ရုတ်တရက် ပေါ်လာသည်။ သူ ဘာမှမလုပ်လိုက်သော်လည်း တံခါးများ အလိုအလျောက် ပွင့်သွား၏။

"သခင်မလေးကို ကြိုဆိုပါတယ်"

အတွင်းဘက်မှ ရိုသေလေးစားသော အသံတစ်ခု ထွက်ပေါ်လာသည်။

အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးသည် အဆောက်အအုံထဲသို့ အရှိန်ဖြင့် လှမ်းဝင်သွားပြီး သူဝင်သွားသည်နှင့် တံခါးများ ချက်ချင်း ပြန်ပိတ်သွားသည်။ အနက်ရောင်ဝတ်စုံဝတ်ထားပြီး ခန္ဓာကိုယ် လှပသည့် တခြားအမျိုးသမီးနှစ်ဦးမှာ သူ့ထံသို့ ချဉ်းကပ်လာပြီး အမိန့်ကို စောင့်ဆိုင်းနေကြသည်။

ရွှယ်ကျီယီမှ တည်ငြိမ်စွာ ပြောလိုက်၏။

"ထျန်းဟီကုန်သည်ကြီးများအသင်းထဲမှာ ရှိတဲ့ ငါတို့ရဲ့ သတင်းပေးတွေကို အခုချက်ချင်း အလုပ်စခိုင်းလိုက်… ဥက္ကဋ္ဌအသစ် ကျိုးမင်ယီရဲ့ နောက်ကြောင်းကို စုံစမ်းပါ… ပြီးတော့ ကျင့်ကြံသူရှန်လို့ သူခေါ်တဲ့ ကျင့်ကြံသူကိုလည်း သေချာစုံစမ်းထား"

"နားလည်ပါပြီ"

အမျိုးသမီးနှစ်ဦးမှာ ခေါင်းငြိမ့်ပြလိုက်ပြီး ဖျတ်ခနဲ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားကြသည်။

သူတို့ ထွက်သွားပြီးနောက် တောင်ဝှေးတစ်ချောင်းကို အားပြုထားသည့် သက်ကြီးအမျိုးသမီးတစ်ဦးသည် ရွှယ်ကျီယီထံသို့ ချဉ်းကပ်လာကာ

"သခင်မလေးကို ဂါရဝပြုပါတယ်"

ရွှယ်ကျီယိ ခပ်သာသာ ခေါင်းငြိမ့်ပြ၏။

"အဘွားကိုး... ကောင်းကင်ဖြတ်ဓားကျမ်းရဲ့ တခြားအခန်းတွေနဲ့ ပတ်သက်ပြီး သဲလွန်စ ရပြီလား”

အဘွားအိုမှ အသံကို နှိမ့်ကာ

"ကျွန်မ သိရသလောက်တော့ 'ဖြတ်'၊ 'နုတ်'၊ 'သုတ်သင်' နဲ့ 'အမြစ်ဖြတ်' အခန်းတွေဟာ ကျောက်စိမ်းဂိုဏ်းရဲ့ ခေါင်းဆောင်ငယ် ရှန်မိုရဲ့ လက်ထဲမှာ ရှိနေပုံရပါတယ်… ကောင်းကင်လောင်ကျွမ်းခြင်း ဓားကျမ်း ကိုတော့ ချန်းယွမ်ဂိုဏ်းရဲ့ ခေါင်းဆောင်ဟောင်းက သိမ်းဆည်းထားပါတယ်… သူတို့က အဲဒီဓားကျမ်းကို ဓားအရှင်သခင်ရဲ့ မွေးနေ့ပွဲမှာ လက်ဆောင်အဖြစ် ဆက်သဖို့ ပြင်ဆင်နေကြတာပါ… မြေမီးတောက်ဓားကျမ်းနဲ့ ပတ်သက်လို့တော့ သခင်မလေး သိပြီးသားအတိုင်းပဲ… အခု ထျန်းဟီကုန်သည်ကြီးများအသင်းရဲ့ ဂိုဒေါင်ထဲမှာ ရှိနေပြီး ဆေးဖော်စပ်ခြင်းပြိုင်ပွဲရဲ့ ပထမဆုအဖြစ် သတ်မှတ်ထားပါတယ်"

ရွှယ်ကျီယီ လက်ယမ်းပြလိုက်သည်။

"သတင်းက ပြောင်းသွားပြီ… မြေမီးတောက်ဓားကျမ်းကို ထျန်းဟီကုန်သည်ကြီးများအသင်းက ကျင့်ကြံသူရှန် လို့ခေါ်တဲ့ တစ်ယောက်ကို ပေးလိုက်ပြီ… အခု အဲ့လူက ထျန်းဟီကုန်သည်ကြီးများအသင်းရဲ့ ဧည့်ရိပ်သာမှာ တည်းခိုနေတယ်"

အဘွားအို မျက်မှောင်ကြုတ်လိုက်သည်။ "မြေမီးတောက်ဓားကျမ်းဆိုတာ ထိပ်တန်း မြေအဆင့်ဝိညာဉ်လက်နက်တစ်ခုပဲ… ထျန်းဟီကုန်သည်ကြီးများအသင်းက ဘာဖြစ်လို့ အလွယ်တကူ ပေးလိုက်ရတာလဲ”

"ဒါကြောင့်ပဲ စုံစမ်းဖို့ လိုနေတာပေါ့"

ရွှယ်ကျီယီမှာ တည်ငြိမ်နေဆဲပင်။ "ကောင်းကင်ဖြတ်ဓားကျမ်းဟာ အရိပ်ခန်းမနဲ့ပဲ ထိုက်တန်တာ… တခြားသူတွေရဲ့ လက်ထဲကို မရောက်စေရဘူး"

အဘွားအိုမှ

"ဒါဆို ချန်းယွမ်ဂိုဏ်းကိုရော ဘယ်လိုလုပ်မလဲ”

"လမ်းခုလတ်မှာ ကြားဖြတ်တိုက်ခိုက်လိုက်… ဓားရူးမဟာမိတ်က တိုက်ခိုက်သလိုမျိုး ဖြစ်အောင် လုပ်လိုက်ပါ… အဲဒီအဖွဲ့ နှစ်ဖွဲ့က အရင်ကတည်းက ရန်ငြိုး အတော်ကြီးကြတာပဲ"

ရွှယ်ကျီယီ ဂရုမစိုက်သလို ပြောလိုက်သည်။

"နားလည်ပါပြီ"

“ကျောက်စိမ်းဂိုဏ်းရဲ့ ခေါင်းဆောင်ငယ် ရှန်မိုကိုရော ဘယ်လိုလုပ်မလဲ”

အဘွားအို၏ လေသံမှာ ပို၍ လေးနက်သွားသည်။

"အဲဒီလူက အနိုင်ယူဖို့ မလွယ်ဘူး… နတ်ဆိုးတစ်သောင်းနယ်မြေရဲ့ အိမ်ရှေ့စံနဲ့ မင်းသား (၄) တို့လို နတ်ဆိုးမျိုးနွယ် ပါရမီရှင်တွေတောင် သူ့လက်ချက်နဲ့ အသက်ပျောက်ခဲ့ရတာ"

ရွှယ်ကျီယီ ခဏမျှ စဉ်းစားလိုက်သည်။

"သူ့ရဲ့ အစွမ်းက တကယ်ကို ကြီးမားတယ်… ရင်ဆိုင်ဖို့ မလွယ်ဘူး… ဒါပေမဲ့ အရင်ဆုံး ကျင်းဧကရာဇ်ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ပြီး သူ့ကို စမ်းသပ်ကြည့်လို့ရပါတယ်… အခုလောလောဆယ် 'ဖြတ်'၊ 'နုတ်'၊ 'သုတ်သင်' နဲ့ 'အမြစ်ဖြတ်' ဓားကျမ်းတွေကို မရနိုင်သေးရင်လည်း စောင့်နေလိုက်တာပေါ့… နောက်ပိုင်းမှာ သိမ်းပိုက်ဖို့ အခွင့်အရေးတွေ အများကြီး ရှိလာမှာပါ"

အဘွားအိုမှ ရိုသေစွာ ခေါင်းငြိမ့်ပြ၏။

“နားလည်ပါပြီ"

သူ ခဏမျှ တွန့်ဆုတ်နေပြီးမှ ဆက်ပြောသည်။

"ဒါနဲ့ သခင်မလေး... အကြီးအကဲ ချင်းမုက လူလွှတ်ပြီး ထျန်းဟီကုန်သည်ကြီးများအသင်းရဲ့ ဆေးဖော်စပ်ခြင်းပြိုင်ပွဲကို ဖျက်ဆီးပေးဖို့ အရိပ်ခန်းမရဲ့ အကူအညီကို တောင်းထားပါတယ်"

ရွှယ်ကျီယီ၏ အမူအရာမှာ အေးစက်သွားသည်။

“ငါ အကြီးအကဲ ချင်းမုနဲ့ ထပ်ပြီး မပတ်သက်ချင်တော့ဘူး"

အဘွားအိုမှ တုံ့ဆိုင်းစွာဖြင့်

“ဒါပေမဲ့ အကြီးအကဲ ချင်းမုက သွေးဝိညာဉ်တစ်သောင်းဆေးလုံးရဲ့ ဆေးဖော်နည်းကို ပေးမယ်လို့ ကမ်းလှမ်းထားတယ်..."

ရွှယ်ကျီယီ၏ အကြည့်များ စူးရှသွားသည်။

သွေးဝိညာဉ်တစ်သောင်းဆေးလုံးသည် လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်က အကြီးအကဲ ချင်းမု ကိုယ်တိုင် ဖော်စပ်ခဲ့သည့် ထူးခြားသော ဆေးလုံးတစ်မျိုးဖြစ်သည်။ ၎င်းကို သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်ကို သန်မာစေပြီး ကိုယ်ကာယ ကြံ့ခိုင်မှုအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို ချပေးနိုင်သည်။ ထို့အပြင် အရိပ်ခန်းမတွင် သွေးကို အခြေခံသည့် ရှားပါးသော ကျင့်စဉ်တစ်ခု ရှိပြီး လေ့ကျင့်ရာတွင် အထောက်အကူဖြစ်စေရန် သွေးဝိညာဉ်တစ်သောင်းဆေးလုံး အမြောက်အမြား လိုအပ်နေ၏။ အရိပ်ခန်းမသည် အကြီးအကဲ ချင်းမုထံမှ ဆေးဖော်နည်းကို ဝယ်ယူရန် ကြိုးစားနေသည်မှာ ကြာပြီ ဖြစ်သည်။

ကံမကောင်းစွာဖြင့် ဘယ်သောအခါမှ မရောင်းခဲ့ပေ။ သို့သော် ယခုမူ ဆေးဖော်စပ်ခြင်းပြိုင်ပွဲကို ဖျက်ဆီးပေးရန်အတွက် ဤမျှတန်ဖိုးရှိသော ရတနာကို ကမ်းလှမ်းလာခြင်း ဖြစ်သည်။

ရွှယ်ကျီယီမှ

"သွေးဝိညာဉ်တစ်သောင်းဆေးလုံးရဲ့ ဖော်နည်းက အရမ်းတန်ဖိုးကြီးတယ်… အကြီးအကဲ ချင်းမုမှာ တခြားတောင်းဆိုချက်တွေလည်း ရှိဦးမှာပဲ"

အဘွားအို ခေါင်းငြိမ့်၍

"ဟုတ်ပါတယ်… သူက မြူနှင်းပြည်နယ်ကနေ ဖမ်းဆီးထားတဲ့ ငွေရောင်ဦးချိုပါ မိစ္ဆာဘုရင် နှစ်ကောင်ကိုလည်း လိုချင်နေပါတယ် ဆေးလုံးအသစ်တစ်ခု သုတေသနလုပ်ဖို့အတွက် သုံးချင်လို့တဲ့"

ရွှယ်ကျီယီ သဘောပေါက်သွား၏။

"ဒါကတော့ သင့်တော်တဲ့ လဲလှယ်မှုပဲ"

သူ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

"မနက်ဖြန်ကျရင် ငါတို့လူတွေကို လောင်းကစားရုံတွေ မှောင်ခိုဈေးတွေနဲ့ တခြားလမ်းကြောင်းတွေကနေတစ်ဆင့် အကြီးအကဲ ချင်းမုက တပည့်တွေ ရှာနေတယ်ဆိုတဲ့ ကောလာဟလတွေကို ဖြန့်လိုက်ပါ… တစ်ချိန်တည်းမှာပဲ အကြီးအကဲ ချင်းမုနဲ့ ထျန်းဟီဂိုဏ်းကြားက ပဋိပက္ခကိုလည်း လူသိရှင်ကြား ကြေညာလိုက်ပါ… ဒါဆိုရင် ဆေးဆရာအများစုက ပြိုင်ပွဲမှာ ပါဝင်ဖို့ တွန့်ဆုတ်သွားကြလိမ့်မယ်… အကယ်၍ မကြောက်မရွံ့ဘဲ ပါဝင်မယ့်သူတွေ ရှိနေသေးရင် သူတို့ကို တစ်ယောက်ချင်းစီ လိုက်ရှာပြီး ပြိုင်ပွဲကနေ နုတ်ထွက်သွားအောင် ဖိအားပေးလိုက်ပါ… ဆေးဖော်စပ်ခြင်းပြိုင်ပွဲ လုံးဝ ပျက်စီးသွားအောင် လုပ်ရမယ်"

ရွှယ်ကျီယီ အကြည့်များမှာ စူးရှလျက်

“ငါတို့ သွေးဝိညာဉ်တစ်သောင်းဆေးလုံးရဲ့ ဆေးဖော်နည်းကို အမြန်ဆုံး ရအောင်ယူရမယ်"

"နားလည်ပါပြီ"

အဘွားအို ဦးညွှတ်၍ ထွက်ခွာသွားတော့သည်။

...

နှစ်ရက်အကြာတွင်— ထျန်းဟီကုန်သည်ကြီးများအသင်း၏ ဧည့်ရိပ်သာတွင် ရှန်မိုတစ်ယောက် ရေကန်တစ်ခု၏ အထက်၌ လွင့်ပျံနေသည်။ သူ၏ ခန္ဓာကိုယ်မှ အအေးဓာတ်များ ထွက်ပေါ်လာပြီး ရေကန်တစ်ခုလုံးကို ခဲသွားစေ၏။

"မင်းက တကယ်ကို ခေါင်းမာတာပဲ… မင်း လုံးဝ ပျက်သုဉ်းမသွားအောင် မိစ္ဆာနှလုံးသားကို ပေးခဲ့တာ ငါပဲလေ… အခုထိ ငါ့ကို ဒီလောက်တောင် ခုခံနေတုန်းလား"

ရှန်မို မျက်လုံးဖွင့်လိုက်ပြီး မတတ်သာသလို ပြုံးမိသည်။

ကိုးဘုံငရဲ ရေခဲမီးတောက်၏ ငြင်းဆန်မှုမှာ သူ ထင်ထားသည်ထက် ပိုနေသည်။ ဤရှေးဟောင်း မီးလျှံသည် ကြာစိမ်းမီးတောက် နှင့် နေစွမ်းအင်မီးတောက်တို့လို မဟုတ်ပေ။

ကြာစိမ်းမီးတောက်သည် ရှန်မို့တွင် နေစွမ်းအင်မီးတောက် ရှိသောကြောင့် သူ့ထံသို့ လိုလိုလားလား အညံ့ခံခဲ့ခြင်း ဖြစ်၏။ နေစွမ်းအင်မီးတောက်မှာမူ ထိုစဉ်က မွေးကင်းစ မီးလျှံလေးသာ ဖြစ်ပြီး ကိုယ်ပိုင်သိစိတ် မရှိသလောက်ပင်။ ရှန်မိုနှင့် ထိတွေ့လိုက်သည်နှင့် ဗီဇအရ သူ့ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားခဲ့သည်။

သို့သော် ကိုးဘုံငရဲ ရေခဲမီးတောက်ကတော့ မတူပေ။ ၎င်းသည် မိစ္ဆာများကို နှိမ်နင်းရင်း နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ပြီး ကိုယ်ပိုင်သိစိတ်မှာ အပြည့်အဝ ဖွံ့ဖြိုးနေပြီ ဖြစ်၏။ ရှန်မို သူ့ကို မိစ္ဆာနှလုံးသားတစ်ခု လက်ဆောင်ပေးခဲ့သော်လည်း ထိန်းချုပ်မှုကို ဗီဇအရ ခုခံနေဆဲပင်။ ပိုဆိုးသည်မှာ သူ၏ ခန္ဓာကိုယ်ထဲတွင် အခြားမီးတောက်များ ရှိနေ၍ ထူးခြားသော မီးလျှံများ၏ မာနကြောင့် ပို၍ပင် အညံ့မခံချင်ဘဲ ဖြစ်နေသည်။

"ကိုးဘုံငရဲ ရေခဲမီးတောက်ရဲ့ အမြင်မှာတော့ ငါဟာ လှေနှစ်စင်း သုံးစင်းကို တစ်ပြိုင်တည်း နင်းဖို့ ကြိုးစားနေတဲ့ လူယုတ်မာတစ်ယောက်လို ဖြစ်နေမှာပဲ" ရှန်မိုက ပြုံးမိ၏။

သူ့အနေနှင့် စိတ်ကျေနပ်မှု မရသေးပုံရသည်။ နောင်တွင် ကိုးဘုံငရဲ ရေခဲမီးတောက် သန့်စင်နိုင်ရန်အတွက် မိစ္ဆာနှင့် ပတ်သက်သည့် အရာများကို ပိုပြီး ရှာဖွေပေးရပေလိမ့်မည်။

All Chapters