ကျွန်တော့်အတွက် တစ်စုပဲ ချန်ခဲ့ပါ
Vol. 24 Ch. 348
ထိုအချိန်တွင် အိမ်ရာဝန်းအပြင်ဘက်မှ ကျင့်ကြံသူများ၏ အရှိန်အဝါကို ခံစားလိုက်ရသည်။ ရှန်မို လက်ဖဝါးကို တစ်ချက်ဝှေ့ယမ်းလိုက်ပြီး ထူးခြားသော မီးတောက်များ၏ အရှိန်အဝါကို လုံးဝ ဖုံးကွယ်လိုက်၏။ ထို့နောက် အကြည့်တို့သည် အိမ်ရာဝင်း တံခါးဝဆီသို့ ရောက်ရှိသွားသည်။
ထိုနေရာတွင် ရင်းနှီးသော ပုံရိပ်တစ်ခု အလျင်အမြန် လျှောက်လှမ်းဝင်လာ၏။ ကျိုးမင်ယီပင် ဖြစ်သည်။ ကျိုးမင်ယီ ပြုံးရွှင်စွာဖြင့် ဦးညွှတ် နှုတ်ဆက်လိုက်သည်။
"ကျွန်တော် ကျင့်ကြံသူရှန်ရဲ့ ကျင့်ကြံမှုကို လာနှောင့်ယှက်သလို ဖြစ်သွားသလားဗျာ"
ရှန်မိုက လက်ယမ်းပြလိုက်သည်။
“ရပါတယ်… ဆေးပစ္စည်းတွေ အားလုံး အဆင်သင့်ဖြစ်ပြီ ထင်တယ်”
ကျိုးမင်ယီက ခေါင်းငြိမ့်ပြ၍
"အတိအကျပါပဲ… အားလုံး ပြင်ဆင်ပြီးပါပြီ… ကျင့်ကြံသူရှန် အချိန်ရတာနဲ့ ဆေးစဖော်လို့ ရပါပြီ" သူ ပြောပြောဆိုဆိုဖြင့် သိုလှောင်လက်စွပ်တစ်ကွင်းကို ကမ်းပေးလိုက်သည်။ ရှန်မို အမှတ်မထင် လက်ခံလိုက်သော်လည်း ကျိုးမင်ယီ မျက်မှောင်ကြုတ်များကြောင့် စိုးရိမ်မှု ရှိနေကြောင်း သတိပြုမိလိုက်သည်။
"ကျင့်ကြံသူကျိုး... တစ်ခုခု အခက်အခဲရှိနေလို့လား… ကျွန်တော့်ကို ပြောပြပါဦး"
သူ ပြုံးလျက် မေးလိုက်သည်။
ကျိုးမင်ယီက ရယ်မောလျက်
"ကျင့်ကြံသူရှန်ရဲ့ မျက်လုံးတွေကို ဘယ်အရာမှ ဖုံးကွယ်လို့ မရပါလား… လူတွေက အကြီးအကဲ ချင်းမုက သူရဲ့ ရှေးယခင် သတ်မှတ်ထားတဲ့ စည်းကမ်းကို ဖောက်ဖျက်ပြီး တပည့်သစ်တွေ လက်ခံတော့မယ်လို့ ကောလာဟလတွေ လျှောက်ဖြန့်နေကြတယ်… ပြီးတော့ အကြီးအကဲ ချင်းမုနဲ့ ကျွန်တော်တို့ ထျန်းဟီဂိုဏ်းကြားက ပဋိပက္ခကိုလည်း လူသိရှင်ကြား ကြေညာနေကြတယ်… အဲ့သတင်းပြန့်သွားပြီးနောက် လူငယ်ဆေးဆရာ အတော်များများ ဆေးဖော်စပ်ခြင်းပြိုင်ပွဲမှာ ပါဝင်ဖို့ လက်လျှော့ကုန်တာပေါ့… ပြိုင်ပွဲဝင်ဖို့ အတင်းလုပ်နေတဲ့သူတွေလည်း နည်းလမ်းပေါင်းစုံနဲ့ ခြိမ်းခြောက်ခံနေရလို့ နုတ်ထွက်သွားပြီ"
ကျိုးမင်ယီက အံကြိတ်လျက်
"ဒါ တစ်ယောက်ယောက်က နောက်ကွယ်ကနေ တမင် ကြိုးကိုင်နေတာပဲ”
"အကြီးအကဲ ချင်းမုအနေနဲ့ ပိုင်ထျန်းယွမ်ကို နောက်ဆုံး တပည့်ရင်းအဖြစ် သတ်မှတ်ထားပြီး နောက်ထပ် ဘယ်သူ့ကိုမှ လက်ခံမှာမဟုတ်ဘူးလို့ ကြေညာထားပြီးသားပါ… ပြီးတော့ ဆေးဆရာတွေဆိုတာ ဂုဏ်သရေရှိတဲ့သူတွေပဲ… သာမန်ကျင့်ကြံသူတွေက သူတို့ကို ခြိမ်းခြောက်ဖို့ မရဲကြဘူးလေ"
ရှန်မိုက ခေါင်းငြိမ့်ပြ၍
“ဒါ တစ်ယောက်ယောက်က ဆေးဖော်စပ်ခြင်းပြိုင်ပွဲကို တမင် ဖျက်ဆီးဖို့ ကြိုးစားနေတာပဲ… ထျန်းဟီဂိုဏ်းကို ဆန့်ကျင်နိုင်တဲ့ အင်အားစု သိပ်မရှိဘူးဆိုတော့ အကြီးအကဲ ချင်းမုကိုယ်တိုင် ဖြစ်ဖို့ များတယ်"
ကျိုးမင်ယီက ခါးသီးစွာ ပြုံးလျက်
"အကြီးအကဲ ချင်းမုလို ထင်ရှားတဲ့ ဆေးဆရာတစ်ယောက်ရဲ့ ဩဇာက အရမ်းကြီးမားပါတယ်… သူ တစ်ယောက်တည်းနဲ့တင် ဂိုဏ်းတစ်ခုလုံးကို စိန်ခေါ်နိုင်စွမ်း ရှိတာပဲ..."
ရှန်မိုက ခပ်တိုးတိုး ရယ်မိ၏။ ထိုအကြီးအကဲ ချင်းမုမှာ တကယ်ပင် စိတ်သဘောထား သေးသိမ်လှပေသည်။ ထျန်းဟီဂိုဏ်းမှ 'လေးလံသော အအေးလွန်ကဲဆေးလုံး' ဖော်နည်းအား ဝယ်ယူရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သည်ကို ငြင်းဆန်ခဲ့ပြီး ယခုမူ ဆေးဖော်စပ်ခြင်းပြိုင်ပွဲကိုပါ ဖျက်ဆီးရန် ထပ်ကြိုးစားနေခြင်းမှာ ထျန်းဟီဂိုဏ်း၏ အမွေအနှစ်ကို လုံးဝ အဆက်အပြတ်အောင် လုပ်ဆောင်နေခြင်းပင် ဖြစ်သည်။
"ကျွန်တော်တို့ ထျန်းဟီဂိုဏ်းရဲ့ အကြီးအကဲ (၉) လည်း အသင်းဆီကို ရောက်လာပါပြီ… သူ ဒီသတင်းကို ကြားတော့ အရမ်း စိတ်ထိခိုက်နေတာ… တစ်ချိန်က အကြီးအကဲ ချင်းမုရဲ့ တပည့်ဖြစ်ခဲ့ဖူးတော့... အတိတ်က ဆရာတပည့် သံယောဇဉ်ကို အားကိုးပြီး ဒီနေ့မနက်မှာပဲ လက်ဆောင်တွေ ပြင်ဆင်ပြီး အကြီးအကဲ ချင်းမုဆီကို သွားတွေ့ဖို့ ထွက်သွားပြီ" ကျိုးမင်ယီက သက်ပြင်းချကာ
“ဒါပေမဲ့... သူ အငြင်းခံရမယ်လို့ပဲ ကျွန်တော် ထင်ပါတယ်"
ထိုသို့ပြောပြီးနောက် သူ အနည်းငယ် မလုံမလဲ ဖြစ်ဟန်ဖြင့်
"ကျင့်ကြံသူရှန်... အကြီးအကဲ (၉) က ခင်ဗျားနဲ့ ပတ်သက်ပြီး နည်းနည်းတော့ အမြင်စောင်းနေတယ်… သူ ပြန်လာတဲ့အခါ သူ့ကို သွားပြီး မဆွနဲ့ဦးနော်… မဟုတ်ရင် ဂိုဏ်းထဲက အကြီးအကဲတွေကြား ဆက်ဆံရေး တင်းမာသွားနိုင်လို့ပါ"
ရှန်မိုကတော့ ဂရုမစိုက်သလို ပြုံးနေသည်။ သူ ထျန်းဟီဂိုဏ်းတွင် ရက်အနည်းငယ် တည်းခိုခဲ့စဉ်ကပင် ဂိုဏ်းအတွင်း အုပ်စုကွဲနေသည်ကို သတိပြုမိခဲ့၏။ ခေါင်းဆောင်၊ အကြီးအကဲချုပ်နှင့် ကျိုးမင်ယီတို့ ဦးဆောင်သော အုပ်စုက ကျင့်စဉ်နှင့်ကိုက်ညီမည့် ဆေးလုံးများကို ကိုယ်တိုင် သုတေသနပြုရန် ယုံကြည်ကြသည်။ အကြီးအကဲ (၅) နှင့် (၉) တို့ပါဝင်သော အုပ်စုကမူ ပိုက်ဆံနှင့် ဝယ်လို့မရသည့်အရာ မရှိဟု ယူဆကြပြီး အထူးသဖြင့် အကြီးအကဲ (၉) မှာ အကြီးအကဲ ချင်းမုထက် သာသည့် ဆေးဆရာ လောကတွင် မရှိဟု အခိုင်အမာ ယုံကြည်ထားသူ ဖြစ်၏။
ထိုအချိန်တွင် အိမ်ရာဝန်း တံခါးပြင်ပမှ ခြေသံများ ထပ်မံ ထွက်ပေါ်လာသည်။ ယခုတစ်ကြိမ်တွင်မူ လူနှစ်ယောက်၏ အရှိန်အဝါများ ပါဝင်နေသည်။ တံခါးစောင့်များက အလျင်အမြန် တားဆီးကြသော်လည်း "ဝုန်း!" ကနဲ အသံနှင့်အတူ အိမ်ရာဝန်း တံခါးမှာ ပြင်းထန်စွာ ကန်ဖွင့်ခံလိုက်ရပြီး လူနှစ်ယောက် ဒေါသတကြီး ဝင်လာကြသည်။
တစ်ဦးမှာ ဆံပင်ဖြူနှင့် အဘိုးအို ထျန်းဟီဂိုဏ်း၏ အကြီးအကဲ (၉) ဖြစ်ပြီး၊ ကျန်တစ်ဦးမှာ မောက်မာသော အမူအရာရှိသည့် လူငယ် အကြီးအကဲ ချင်းမု၏ အချစ်ဆုံးတပည့် ပိုင်ထျန်းယွမ် ဖြစ်သည်။
ကျိုးမင်ယီက မျက်မှောင်ကြုတ်လိုက်သော်လည်း ယဉ်ကျေးစွာဖြင့်ပင် နှုတ်ဆက်လိုက်သည်။
“အကြီးအကဲ (၉)... ဘာဖြစ်လို့ ပြင်ပလူကို ဧည့်ရိပ်သာထဲ ခေါ်လာရတာလဲ… ကျင့်ကြံသူရှန်ကို အနှောင့်အယှက် ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”
အကြီးအကဲ (၉) မှ နှာခေါင်းရှုံ့လျက်
“ပြင်ပလူ ဟုတ်လား… ထျန်းယွမ်က ငါ့ရဲ့ ညီငယ်ပဲလေ… မင်းဘေးမှာ ရှိနေတဲ့လူကမှ တကယ့် ပြင်ပလူပဲ"
သူ အေးစက်သော မျက်နှာဖြင့် မေးခွန်းထုတ်လိုက်သည်။
"ကျိုးမင်ယီ... ပြောစမ်းပါဦး… ငါ အပင်ပန်းခံ စုဆောင်းထားတဲ့ ဆေးဖော်စပ်တဲ့ ပစ္စည်းတွေကို ဘာလို့ သူ့လက်ထဲ ပေးလိုက်ရတာလဲ… အဲဒီဆေးသစ်ပင်တွေကို ရဖို့ ငါ ကျင်းနိုင်ငံအနှံ့ လှည့်လည်ပြီး ဘယ်လောက်တောင် အစီအစဉ်တွေနဲ့ လုပ်ခဲ့ရလဲ မင်းသိလား… ငါ့မြေးအတွက် 'လေးလံသောရေ အအေးလွန်ကဲဆေးလုံး' ငါးလုံး ဖော်ပေးဖို့ ငါ့ဆရာကို ငါ မျက်နှာပြောင်တိုက်ပြီး အသနားခံခဲ့ရတာ… အတိတ်က သံယောဇဉ်ကြောင့် မတတ်သာလို့ သဘောတူခဲ့တာ… အခုတော့ မင်းက အဲဒီပစ္စည်းတွေကို ဒီလူ့လက်ထဲ ပေးလိုက်တယ်ပေါ့… ဒါဟာ ငါတို့ ထျန်းဟီဂိုဏ်းအတွက် ဘယ်လောက် ဆုံးရှုံးမှုကြီးလဲ မင်းသိရဲ့လား”
သူပြောရင်းနှင့် ပို၍ ဒေါသထွက်လာသည်။
"ငါ့မြေးဟာ 'ကိုးထပ်ထျန်းဟီကျမ်းစာလိပ်' ကို လေ့ကျင့်နိုင်တဲ့ ထျန်းဟီဂိုဏ်းဝင် အနည်းငယ်ထဲက တစ်ယောက်ပဲ… ဒါပေမဲ့ အမြုတေအဆင့်မှာတင် နှစ်ပေါင်းနှစ်ဆယ်ကြာအောင် ပိတ်မိနေခဲ့တာ… သူ ထပ်ပြီး မစောင့်နိုင်တော့ဘူး”
ကျိုးမင်ယီ မျက်မှောင်ကြုတ်မိ၏။ ဆေးပစ္စည်း အားလုံးနီးပါးကို အကြီးအကဲ (၉) မှ စုဆောင်းခဲ့သည်မှာ အမှန်ပင်။ သို့သော် ကုန်ကျစရိတ်မှာ ဂိုဏ်း၏ ဘဏ္ဍာငွေထဲမှ ဖြစ်သည်။ နောက်ဆုံးတွင် အားလုံစ ဂိုဏ်း၏ ပိုင်ဆိုင်မှုသာ။ သူ၏ လက်ထဲမှ ဖြတ်သွားရုံနှင့် ဘယ်အချိန်ကစပြီး အကြီးအကဲ (၉) ၏ ကိုယ်ပိုင်ပစ္စည်း ဖြစ်သွားမည်နည်း။
ပိုင်ထျန်းယွမ် ရှန်မိုကို လှောင်ပြုံးဖြင့် ကြည့်လိုက်သည်။ “ကျောက်စိမ်းဂိုဏ်းရဲ့ ခေါင်းဆောင်ငယ် ရှန်မိုလား… တွေ့ရတာ ဝမ်းသာပါတယ်… မင်း ယုကျောက်မှာ လုပ်ခဲ့တဲ့ ကိစ္စတွေက မြို့တော်အထိ ပြန့်နေတာပဲ… ငါတောင် နည်းနည်း ကြားဖူးတယ်… ဒါပေမဲ့ မင်း ဆေးဖော်နိုင်လိမ့်မယ်လို့တော့ ငါ လုံးဝ မထင်ထားဘူး"
"ဒါမှမဟုတ် မင်းက ဥက္ကဋ္ဌကျိုးကို လိမ်ညာပြီး အဲဒီတန်ဖိုးကြီးတဲ့ ဆေးပစ္စည်းတွေကိုလိမ်ယူဖို့ ကြံစည်နေတာလား”
ရှန်မို ဂရုမစိုက်သလို ပြုံးနေ၏။
လိမ်ယူမယ် ဟုတ်လား။
အဲဒီဆေးပစ္စည်းတွေ တကယ် တန်ဖိုးရှိတာ မှန်ပေမဲ့ သူ့ကို ဆွဲဆောင်ဖို့တော့ မလုံလောက်သေးပါဘူး။
ကျိုးမင်ယီ သူ့ကို မြေမီးတောက်ဓားကျမ်း လက်ဆောင်ပေးခဲ့ခြင်း ကျေးဇူးသာ မရှိလျှင် ထျန်းဟီဂိုဏ်းအတွက် ထိုဆေးကို ဖော်ပေးရန် သူ သဘောတူမည် မဟုတ်ပေ။
ပိုင်ထျန်းယွမ် သူတို့သုံးဦးလုံးကို ဝေ့ကြည့်လိုက်ပြီး
"ဥက္ကဋ္ဌကျိုးက ဒီရှန်မိုကို ထိပ်တန်း မြေအဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခုလုံး တွန့်ဆုတ်မနေဘဲ ပေးလိုက်တယ်လို့လည်း ကြားတယ်နော်… ကျစ် ကျစ် ကျစ်... ထိပ်တန်း မြေအဆင့် စိတ်ဝိညာဉ်လက်နက်ဆိုတာ လမ်းဘေးက ဂေါ်ဖီထုပ် မဟုတ်ဘူးလေ… ကျင့်ကြံသူကျိုး... မင်းဟာ ထျန်းဟီဂိုဏ်းရဲ့ အကြီးအကဲ (၁၀) ရာထူးယူထားပြီး ဂိုဏ်းရဲ့ ပိုင်ဆိုင်မှုတွေကို ပြင်ပလူဆီ ဒီလောက် အလွယ်တကူ ပေးပစ်လို့ ရမယ်လို့ ထင်နေတာလား"
ကျိုးမင်ယီ မျက်မှောင်ကြုတ်လိုက်၏။ ထျန်းဟီကုန်သည်ကြီးများအသင်းထဲတွင် အုပ်စုအသီးသီးမှ သူလျှိုများ ရှိနေသည်ကို သူ သိထားပြီးသားပင်။ သို့သော် ပိုင်ထျန်းယွမ် ဤမျှမြန်မြန် သိသွားခြင်းမှာ အံ့ဩစရာကောင်း၏။
အကြီးအကဲ (၉) မှာ ထိုသတင်းကို ကြားသောအခါ စွံ့အသွားပြီး ဒေါသများ ပို၍ ထွက်လာသည်။
"ဘာ… ထိပ်တန်း မြေအဆင့် စိတ်ဝိညာဉ်လက်နက်ကို ပေးပစ်လိုက်တယ် ဟုတ်လား… မင်း ဒါကို ဂိုဏ်းကိုရော အစီရင်ခံခဲ့ရဲ့လား"
ကျိုးမင်ယီ အသက်ပြင်းပြင်း ရှူလိုက်ပြီး
"ကျင့်ကြံသူရှန်က ကျန်းကျောက်ရဲ့ မိစ္ဆာကျင့်ကြံသူတွေကို နှိမ်နင်းပေးခဲ့သလို ဂိုဏ်းရဲ့ သစ္စာဖောက်တွေကိုလည်း သုတ်သင်ပေးခဲ့တယ်… သူဟာ ငါတို့ ထျန်းဟီဂိုဏ်းအပေါ် ကူညီထားတဲ့ ကျေးဇူးတွေ အများကြီးပဲ… ငါ သူ့ကို မြေမီးတောက်ဓားကျမ်း ပေးဖို့ ဆုံးဖြတ်လိုက်တာပဲ ဘာဖြစ်လဲ… ခေါင်းဆောင်သာ ဒီမှာရှိရင်လည်း ဒီလိုပဲ ဆုံးဖြတ်မှာပဲ”
အကြီးအကဲ (၉) ဒေါသထွက်လွန်းသဖြင့် ရယ်မောကာ
“ကောင်းတယ်… အရမ်းကောင်းတယ်… ခေါင်းဆောင်က မင်းဘက်မှာ ရှိနေတိုင်း မင်း လုပ်ချင်ရာ လုပ်လို့ရမယ် ထင်နေတာလား… ငါ ထပ်ပြီး မငြင်းချင်တော့ဘူး… အဲဒီ ဆေးပစ္စည်း ငါးစုကို ငါ့ကို ပြန်ပေး”
ရှန်မို တည်ငြိမ်စွာဖြင့်
"ဒီဆေးပစ္စည်း ငါးစုထဲက လေးစုကို ခင်ဗျားတို့ကို ပြန်ပေးမယ်… ကျွန်တော့်အတွက် တစ်စုပဲ ထားခဲ့ပါ… အဲဒါဆို ဆေးဖော်ဖို့ လုံလောက်ပါတယ်။"