← Chapters

ခေါင်းဆောင်ငယ် အောင်မြင်တော့မယ်

Vol. 24 Ch. 351

ခေါင်းဆောင်ငယ် အောင်မြင်တော့မယ်

Vol. 24 Ch. 351

အရိပ်သဏ္ဌာန်မှာ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဆက်လက်တင်ပြ၏။

"မကြာသေးခင်က မြို့တော်ထဲမှာ ကောလာဟလတစ်ခု ပျံ့နှံ့နေပါတယ်… အဲ့ဒါကတော့ ကျောက်စိမ်းဂိုဏ်းက ခေါင်းဆောင်ငယ် ရှန်မိုဟာ အကြီးအကဲ ချင်းမုနဲ့ ဆေးဖော်စပ်မှု ပြိုင်ပွဲလုပ်နေတယ် ဆိုတဲ့အကြောင်းပါ"

"သူတို့နှစ်ယောက်လုံးက 'အေးစက်လှသော ရေအနက်ပိုင်းဆေးလုံး' ကို ဖော်စပ်နေကြတာပါ… ဒါပေမဲ့ ရှန်မိုမှာတော့ ဆေးဖက်ဝင်ပစ္စည်း တစ်စုံတည်းပဲ ရှိပါတယ်"

ကျင်းဧကရာဇ်မှာ ခဏမျှ မှင်တက်သွား၏။

သူ့မျက်နှာပေါ်တွင် သိသိသာသာ အံ့အားသင့်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။ ရှန်မို မြို့တော်သို့ ရောက်ရှိလာခြင်းကို သူ၏ ကျယ်ပြန့်လှသော သတင်းကွန်ရက်မှတစ်ဆင့် သိရှိထားပြီးသား ဖြစ်သော်လည်း ယခုသတင်းကမူ သူ့ကို အငိုက်မိသွားစေသည်။

မည်သည့်အချက်အပေါ် အခြေခံပြီး ရှန်မိုက ဆေးဖော်စပ်မှု ပညာရှင်ကြီးတစ်ဦးကို စိန်ခေါ်ရဲသနည်း။ မည်သူကများ သူ့ကို ထိုမျှလောက် သတ္တိမျိုး ပေးထားသနည်း။

"အသေးစိတ် ရှင်းပြစမ်း"

ကျင်းဧကရာဇ်မှ အမိန့်ပေးလိုက်သည်။

အရိပ်သဏ္ဌာန်က ခေါင်းငြိမ့်ပြ၍ "စုံစမ်းကြည့်ရသလောက်တော့ ရှန်မိုရော အကြီးအကဲ ချင်းမုရောဟာ ပြိုင်ဆိုင်ဖို့ ရည်ရွယ်ချက် မရှိကြပါဘူး… ဒါပေမဲ့ ထျန်းဟီဂိုဏ်းက အကြီးအကဲ (၉) နဲ့ ပိုင်ထျန်းယွမ်တို့က ဒီကိစ္စကို တိတ်တဆိတ် သွေးထိုးပေးခဲ့တာဖြစ်ပြီး ဝူယင်းနန်းဆောင်ကလည်း ရှန်မိုက အကြီးအကဲ ချင်းမုကို စိန်ခေါ်နေပါတယ်ဆိုတဲ့ သတင်းကို အလျင်အမြန် ပျံ့နှံ့သွားအောင် လုပ်ခဲ့တာပါ"

"အခုဆို မြို့တော်ထဲက လူအတော်များများက ရှန်မိုကို အတိုင်းအဆမသိ မောက်မာတဲ့ လူမိုက်တစ်ယောက်လို့ ထင်နေကြပါပြီ… အဲ့ဒီကြားထဲမှာ နတ်ဆိုးမျိုးနွယ်တွေကို အမြောက်အမြား သတ်ဖြတ်ခဲ့တဲ့ သူရဲ့ ကျော်ကြားလှတဲ့ ဂုဏ်သတင်းတွေပါ လုံးဝမှေးမှိန်သွားခဲ့ရပါတယ်"

ကျင်းဧကရာဇ် အသံတိတ် ရယ်မောလိုက်ပြီး "ငါနားလည်ပြီ"

"ရှန်မိုကတော့ ဒီကိစ္စတစ်ခုလုံးမှာ မရည်ရွယ်ဘဲ သားကောင်ဖြစ်သွားတာပဲ… ထျန်းဟီဂိုဏ်းရဲ့ ဒီအကြီးအကဲ (၉) ဆိုတဲ့လူက တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ... အင်း… သူ ငါ့ကို မျက်နှာလိုမျက်နှာရ လုပ်ဖို့ ကြိုးစားနေတာ ဖြစ်ရမယ်"

အရိပ်သဏ္ဌာန်က

“အရှင်မင်းကြီးဟာ အလွန်ပင် အမြော်အမြင် ကြီးမားလှပါတယ်"

သူ ခေါင်းငြိမ့်ထောက်ခံလေ၏။

"ဆက်ပြောဦး… တခြား ဘာထူးခြားတဲ့ အဖြစ်အပျက်တွေ ရှိသေးလဲ"

ကျင်းဧကရာဇ်မှ လက်ယမ်းကာ မေးလိုက်သည်။

အရိပ်သဏ္ဌာန်က ရိုသေစွာဖြင့် ဆက်လက်တင်ပြ၏။

"နောက်ထပ် ဖြစ်ရပ်တစ်ခု ရှိပါသေးတယ်… ချန်းယွမ်ဂိုဏ်းက လက်ဆောင်တွေပါတဲ့ တိမ်တိုက်သင်္ဘောဟာ မိုပြည်နယ်ကို ဖြတ်ကျော်စဉ်မှာ ဓားရိုင်းမဟာမိတ်အဖွဲ့ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်… ခြေတည်အဆင့် ကျင့်ကြံသူ နှစ်ဦး အသတ်ခံခဲ့ရပြီး နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရသွားပါတယ်… လက်ဆောင် ပစ္စည်းတွေလည်း အခိုးခံလိုက်ရပါတယ်"

"ချန်းယွမ်ဂိုဏ်းက အလွန်အမင်း ဒေါသထွက်နေပြီး ဓားရိုင်းမဟာမိတ်အဖွဲ့အနေနဲ့ ပြစ်မှုကျူးလွန်သူတွေကို အပ်နှံဖို့နဲ့ ပစ္စည်းတွေ ပြန်ပေးဖို့ တောင်းဆိုနေပါတယ်… ဒါပေမဲ့ ဓားရိုင်းမဟာမိတ်အဖွဲ့ကတော့ သူတို့နဲ့ ဘာမှမဆိုင်ဘူးလို့ ငြင်းဆိုထားပြီး နှစ်ဖက်စလုံးက တင်းမာမှုတွေ မြင့်တက်နေလို့ စစ်ပွဲဖြစ်ဖို့ နီးစပ်နေပါပြီ"

ကျင်းဧကရာဇ်က ရယ်မောလိုက်ပြီး

"တကယ်ပဲ ဓားရိုင်းမဟာမိတ်အဖွဲ့က လုပ်တာ ဟုတ်လို့လား”

အရိပ်သဏ္ဌာန်က

“မသေချာပါဘူး… ဓားရိုင်းမဟာမိတ်အဖွဲ့က အမြဲတမ်း စုစည်းမှု အားနည်းတာကြောင့် သူတို့ ခေါင်းဆောင်ကိုယ်တိုင်တောင် ဘယ်သူလုပ်လဲဆိုတာ သိမှာမဟုတ်ဘူး… ကျွန်တော်တို့ရဲ့ သူလျှိုတွေကလည်း ဒီတိုက်ခိုက်မှုကို ဘယ်သူက နောက်ကွယ်ကနေ စီစဉ်ပြီး လုပ်ဆောင်ခဲ့တာလဲဆိုတာ ရှာမတွေ့သေးပါဘူး"

ကျင်းဧကရာဇ် အေးအေးလူလူပင် ပြုံးလိုက်ရင်း "ချန်းယွမ်ဂိုဏ်းနဲ့ ဓားရိုင်းမဟာမိတ်အဖွဲ့ဟာ ရန်ငြိုးရှိနေတာ ကြာပြီ… ဒီဖြစ်ရပ်မရှိရင်တောင် သူတို့ကြားမှာ ပဋိပက္ခဖြစ်ဖို့က မလွဲမသွေပဲ… ငါတို့ ဝင်ရောက်စွက်ဖက်နေဖို့ မလိုပါဘူး… မင်း သွားနိုင်ပြီ"

"ဟုတ်ကဲ့ပါ"

အရိပ်သဏ္ဌာန် ခေါင်းငြိမ့်ပြကာ လျင်မြန်စွာ ပျောက်ကွယ်သွားတော့၏။

ကျင်းဧကရာဇ် ခပ်ပါးပါး ပြုံးလိုက်ရင်း

"ဓားအရှင်သခင်ရဲ့ မွေးနေ့စားပွဲလည်း နီးလာပြီဆိုတော့ စိတ်ဝင်စားစရာ ဖြစ်ရပ်တွေ အများကြီး ရှိလာဦးမယ်လို့ ထင်ပါတယ်"

ထို့နောက် သူ ရုပ်တုတစ်ခုကဲ့သို့ ငြိမ်သက်စွာ ရပ်နေရင်း တောင်ဘက်အရပ်သို့ ဆက်လက်ငေးကြည့်နေလေသည်။ သူ ရှစ်ရပ်ရှစ်ဒေသကို အောင်နိုင်ပြီး မရေမတွက်နိုင်သော နတ်ဆိုးမျိုးနွယ်များကို ချေမှုန်းခဲ့သည့် ဘိုးဘေးများ၏ ဒဏ္ဍာရီလာ စွမ်းဆောင်ချက်များကို ပြန်လည်စဉ်းစားနေခြင်းလော သို့မဟုတ် သူ၏ အနာဂတ် ရည်မှန်းချက်ကြီးများကို ပုံဖော်နေခြင်းလော ဆိုသည်မှာ မသေချာပေ။

...

ဝူယင်းနန်းဆောင်၏ အားသွန်ခွန်စိုက် ဝါဒဖြန့်မှုကြောင့် မြို့တော်အတွင်းရှိ အခြေအနေများမှာ တစ်နေ့ထက်တစ်နေ့ ပိုမို တောက်လောင်လာသည်။ လူအများအပြားမှာ ရှန်မိုနှင့် အကြီးအကဲ ချင်းမုတို့အကြား မကြာမီ ယှဉ်ပြိုင်မည့် ဆေးဖော်စပ်မှု ပြိုင်ပွဲအကြောင်းကို စိတ်အားထက်သန်စွာ ဆွေးနွေးနေမိကြ၏။

ယခင်က ရှန်မို သို့မဟုတ် အကြီးအကဲ ချင်းမု၏ အမည်ကို မကြားဖူးသူများပင်လျှင် သူတို့ကြားက ရန်ငြိုးရန်စအကြောင်းကို သိရှိရန် ကြိုးစားလာကြသည်။ ရလဒ်အနေဖြင့် သူတို့၏ အမည်များမှာ မြို့တော်ရှိ လူတိုင်းနီးပါး သိရှိသွားကြတော့သည်။

ထိုအတောအတွင်း ဓားအရှင်သခင်၏ မွေးနေ့စားပွဲမှာလည်း ပိုမိုနီးကပ်လာခဲ့သည်။ ဒေသအသီးသီးမှ အင်အားကြီးဂိုဏ်း ရှစ်ဂိုဏ်း၏ သံတမန်များမှာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ မြို့တော်သို့ ရောက်ရှိလာကြသည်။ ဆေးဖော်စပ်မှု ပြိုင်ပွဲ ကောလာဟလမှာလည်း သဘာဝကျကျပင် သူတို့ နားထဲသို့ ရောက်ရှိသွားခဲ့သည်။

တုံ့ပြန်မှုများမှာမူ အမျိုးမျိုး ကွဲပြားကြ၏။ ဥပမာအားဖြင့် တိုက်ကြီး၏ အစွန်းဆုံး မြောက်ဘက်တွင် တည်ရှိပြီး လောကီရေးရာများတွင် ပါဝင်ပတ်သက်မှု နည်းပါးလှသည့် နှင်းနန်းဆောင် မှာ ထိုကိစ္စအပေါ် စိတ်ဝင်စားမှု လုံးဝမရှိပေ။ အလားတူပင် သဲကန္တာရအနီး တိုက်ကြီး၏ အနောက်ဘက် အစွန်းတွင်ရှိသော ဓားရိုင်းမဟာမိတ်အဖွဲ့မှာလည်း ရှန်မိုဆိုသည်မှာ မည်သူမှန်းပင် မသိသဖြင့် ဘာတုံ့ပြန်မှုမှ မပြခဲ့ကြချေ။

အခြားတစ်ဖက်တွင်မူ တော်ဝင်မိသားစုနှင့် အကြီးအကဲ ချင်းမုတို့၏ ရေရှည်မဟာမိတ်များ ဖြစ်ကြသည့် ဝိညာဉ်တော်ဂိုဏ်း နှင့် ဝူယင်းနန်းဆောင်တို့ကမူ ရှန်မို၏ လုပ်ရပ်ကို ဗြောင်ကျကျပင် အထင်အမြင်သေးကြောင်း ဖော်ပြခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ချန်းယွမ်ဂိုဏ်းနှင့် ပင်လယ်နတ်ဘုရားကျွန်းတို့မှာမူ အတော်ပင် အံ့အားသင့်နေမိ၏။ ရှန်မိုအနေဖြင့် အဘယ်ကြောင့် ဆေးဖော်စပ်မှု ပညာရှင်ကြီးတစ်ဦးကို ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့သနည်းဆိုသည်ကို သူတို့လည်း နားမလည်နိုင်ကြပေ။ ကိုယ့်သေတွင်းကိုယ် တူးနေခြင်းလော။

...

ယွင်လိုင် တည်းခိုခန်းတွင်။

ထိုနေရာကို ကျောက်စိမ်းဂိုဏ်းမှ လာရောက်လည်ပတ်သော ကျင့်ကြံသူများ တည်းခိုရန်အတွက် ကြိုတင်စာရင်းပေး သတ်မှတ်ထားသည်။ ယခုအကြိမ်တွင် ကျောက်စိမ်းဂိုဏ်းမှ ကျင့်ကြံသူ စုစုပေါင်း နှစ်ဆယ်ကျော် မြို့တော်သို့ လာရောက်ခဲ့၏။ ထိုအဖွဲ့ကို ဦးဆောင်လာသူများမှာ ဟိုင်ချန်းခွန်နှင့် မုယုံးယွဲ့တို့ပင်။

ရောက်ရှိပြီး မကြာမီမှာပင် ရှန်မိုတစ်ယောက် အကြီးအကဲ ချင်းမုနှင့် ဆေးဖော်စပ်မှု ပြိုင်ဆိုင်တော့မည်ဟူသော ထိတ်လန့်ဖွယ် သတင်းကို သူတို့ ကြားလိုက်ရ၏။

"ဘာ… သခင်လေးက ဘာဖြစ်လို့ အကြီးအကဲ ချင်းမုနဲ့ ပြိုင်မှာလဲ… ဒါက..."

ဟိုင်ချန်းခွန် ခဏမျှ မှင်တက်သွားသည်။

မုယုံးယွဲ့ မျက်မှောင်ကြုတ်လျက်

"ဒါ မဟုတ်သေးဘူး… သူက အဲ့လိုလူမျိုး မဟုတ်ပါဘူး… ဒါက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားတဲ့ နားလည်မှုလွဲတာတစ်ခု ဖြစ်နိုင်တယ်"

"အကြီးအကဲ ချင်းမုဆိုတာ ဆေးဖော်စပ်မှု နယ်ပယ်မှာ တကယ့်ကို ထိပ်တန်းပုဂ္ဂိုလ်ကြီး… တကယ့် ပညာရှင်ကြီးပဲ… ခေါင်းဆောင်ငယ်မှာ ဆေးဖော်စပ်မှု ပညာရှိရင်တောင် အဲ့ဒီလို ပုဂ္ဂိုလ်မျိုးနဲ့ ယှဉ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"

ဟိုင်ချန်းခွန်းမှ နဖူးကြောများ ရှုံ့လျက် ပြော၏။

"မို အခု ဘယ်မှာလဲ… ငါ သူ့ကို တွေ့ချင်တယ်"

မူယုံးယွဲ့မှ မေးသည်။

"သူ ထျန်းဟီ ကုန်သည်ကြီးများအသင်းမှာ ရှိနေပုံရတယ်… နေဦး… ငါလည်း မင်းနဲ့အတူ လိုက်ခဲ့မယ်"

ဟိုင်ချန်းခွန်းက စိုးရိမ်တကြီး ဆိုလိုက်၏။

သိပ်မကြာမီတွင် သူတို့နှစ်ဦး ထျန်းဟီ ကုန်သည်ကြီးများအသင်းသို့ ရောက်ရှိသွားပြီး ကျိုးမင်ယီနှင့် တွေ့ဆုံခဲ့သည်။ ကျိုးမင်ယီသည် သူတို့ကို ကျောက်စိမ်းဂိုဏ်းမှ ကျင့်ကြံသူများဖြစ်ကြောင်း သိရှိသည်နှင့် အလွန်ပင် ရိုသေလေးစားစွာ ဆက်ဆံလေ၏။

ခဏမျှ စကားပြောဆိုပြီးနောက် ကျိုးမင်ယီမှ ခေါင်းယမ်းလျက်

"မိတ်ဆွေ ရှန်မိုကို တွေ့ချင်တာ ကျွန်တော် နားလည်ပါတယ်… ဒါပေမဲ့ ကံမကောင်းတာက သူ အခု ဆေးဖော်စပ်မှုရဲ့ အရေးကြီးဆုံး အချိန်ကို ရောက်နေတာမို့ ဘယ်သူမှ နှောင့်ယှက်လို့ မရပါဘူး"

ဟိုင်ချန်းခွန် ခေါင်းကုတ်လိုက်ရင်း

"ကျွန်တော့်မှာ မေးစရာတစ်ခု ရှိပါတယ်… ကျွန်တော်တို့ ခေါင်းဆောင်ငယ်က ဘယ်တုန်းက ထျန်းဟီဂိုဏ်းနဲ့ ဒီလောက် ရင်းနှီးသွားတာလဲ"

မူယုံးယွဲ့မှလည်း

"ဟုတ်ပါတယ်… ကျွန်မ သိသလောက်တော့ ကျောက်စိမ်းဂိုဏ်းနဲ့ ထျန်းဟီဂိုဏ်းကြားမှာ သိပ်ပြီး ပတ်သက်မှု မရှိခဲ့ပါဘူး"

ကျိုးမင်ယီ ရယ်မောလိုက်ပြီး

"မိတ်ဆွေ ရှန်မိုက အရင်က ဘာဖြစ်ခဲ့လဲဆိုတာ ခင်ဗျားတို့ကို မပြောပြခဲ့ဘူး ထင်တယ်… ကောင်းပါပြီ… ကျွန်တော် အသေးစိတ် ရှင်းပြပါ့မယ်”

ထို့နောက် ရှန်မို ပိုင်ယန်မြို့တွင် မိစ္ဆာဆိုးကို မည်သို့ ချေမှုန်းခဲ့ပုံနှင့် ထျန်းဟီဂိုဏ်းမှ သစ္စာဖောက်တစ်ဦးကို မည်သို့ သတ်ဖြတ်ခဲ့ပုံတို့ကို ပြန်လည်ပြောပြလေသည်။

သူကိုယ်တိုင် ထိုဖြစ်ရပ်များကို မျက်မြင်တွေ့ရှိခဲ့သူဖြစ်၍ သူ၏ ပြောပြချက်များမှာ အလွန်ပင် အသေးစိတ်လှပြီး အားလုံးကို ကွက်ကွက်ကွင်းကွင်း မြင်သာစေသည်။ သူတို့ကိုယ်တိုင် ထိုနေရာသို့ ရောက်ရှိနေသကဲ့သို့ပင် ခံစားရစေ၏။

"ဘာ… မိစ္ဆာဆိုး ဟုတ်လား”

ဟိုင်ချန်းခွန် တုန်လှုပ်သွားပြီး သူ၏ ခပ်ဝဝ ခန္ဓာကိုယ်ကြီးမှာ သိသိသာသာ တုန်ယင်သွားသည်။

မူယုံးယွဲ့ပင်လျှင် သူမ၏ မျက်လုံးထဲရှိ အံ့ဩမှုကို မဖုံးကွယ်နိုင်တော့ပေ။

“တကယ့် မိစ္ဆာဆိုးတွေ ဒီလောကမှာ တကယ်ရှိနေလိမ့်မယ်လို့ ကျွန်မ တစ်ခါမှ မတွေးဖူးဘူး"

ကျိုးမင်ယီ သက်ပြင်းချ၍

“ကျွန်တော်တို့ ထျန်းဟီဂိုဏ်းမှာ ရှေးဟောင်း မှတ်တမ်းအချို့ ရှိပါတယ်… ကျွန်တော်ကလည်း စာဖတ်ဝါသနာပါသူဆိုတော့ အဲ့ဒီထဲက အချက်အလက်အချို့ကို စုစည်းပြီး သိခဲ့ရတာပါ"

"ဒါပေမဲ့ မိစ္ဆာတွေက အင်မတန် အင်အားကြီးတယ် မဟုတ်လား… ခေါင်းဆောင်ငယ်က သူတို့ကို ဘယ်လိုများ သတ်နိုင်ခဲ့တာလဲ”

ဟိုင်ချန်းခွန် အံ့အားသင့်စွာ မေးလိုက်သည်။

ကျိုးမင်ယီ ခေါင်းခါပြလျက်

“အဲ့ဒါတော့ ကျွန်တော်လည်း မသိဘူး… သူ့မှာ ဖုံးကွယ်ထားတဲ့ ဝှက်ဖဲတစ်ခုခု ရှိနေရမယ်"

သူတို့နှစ်ဦးစလုံးမှာ ရှန်မိုအပေါ် လေးစားမှုများ ပိုမိုတိုးပွားလာကြသည်။ မြေပြင်ကိုပင် ပုပ်သိုးစေနိုင်သည့် ကြောက်မက်ဖွယ် မိစ္ဆာဆိုးများကိုပင် ရှန်မိုက သတ်ဖြတ်နိုင်ခဲ့၍ သူ၏ အင်အား ထူးကဲလှသည်မှာ ထင်ရှားလှသည်။

မူယုံးယွဲ့ မျက်လုံးထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများ လျှပ်ခနဲ လက်သွား၏။ နှုတ်ခမ်းဖျားတွင်လည်း ခပ်ပါးပါး ပြုံးရိပ်လေး ပေါ်လာ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ လေးစားအားကျနေကြသည့် ရှန်မိုမှာ သူ့ချစ်သူဖြစ်သောကြောင့်ပင်။

သူတို့ သုံးဦး ခဏမျှ ဆက်လက် စကားပြောဆိုနေကြသည်။ နောက်ဆုံးတွင် ဟိုင်ချန်းခွန်မှ ဦးညွှတ်၍

"ဒါဆိုရင်တော့ ကျွန်တော်တို့ သူ့ကို ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး… အခုတော့ ပြန်လိုက်ပါဦးမယ်"

မူယုံးယွဲ့မှ ခပ်တိုးတိုးဖြင့်

“သူ့ကို သေချာ ဂရုစိုက်ပေးပါဦးနော်"

ကျိုးမင်ယီလည်း လေးနက်စွာဖြင့်

"စိတ်ချပါ… မိတ်ဆွေ ရှန်မိုရဲ့ ဘေးကင်းလုံခြုံမှုကို ကျွန်တော် ရာနှုန်းပြည့် အာမခံပါတယ်… ကျွန်တော် ဒီဝန်းအပြင်ဘက်မှာ အမြဲတမ်း စောင့်ကြပ်နေပြီး ဘယ်သူ့ကိုမှ အထဲကို ပေးမဝင်ပါဘူး”

သူတို့နှစ်ဦး ပြန်ရန် လှည့်လိုက်စဉ်မှာပင် ထျန်းဟီ ကုန်သည်ကြီးများအသင်းအတွင်းမှ ပြင်းထန်လှသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။

အရပ်မျက်နှာ အသီးသီးမှ ရေငွေ့များမှာ အရှိန်အဟုန်ဖြင့် စုစည်းလာကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အဆောင်အယောင် ပရိဘောဂများ၏ မျက်နှာပြင်ပေါ်တွင် ရေစက်ကလေးများမှာ အလုံးအရင်းနှင့် စုဖွဲ့လာကြ၏။

ယခင် တန်ဟီဂိုဏ်း၏ ခေါင်းဆောင်၊ ဆေးဖော်စပ်မှု ကျွမ်းကျင်သူဖြစ်သော ဟိုင်ချန်းခွန်းကမူ ၎င်းမှာ 'ကောင်းကင်အဆင့်' ဆေးလုံးတစ်ခု ဖြစ်ပေါ်တော့မည့် နိမိတ်လက္ခဏာ ဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်သည်။

သူ၏ မျက်လုံးများမှာ တောက်ပသွားပြီး ချက်ချင်းပင် "ဥက္ကဋ္ဌကျိုး... ထျန်းဟီ ကုန်သည်ကြီးများအသင်းကို အမြန်ဆုံး ပိတ်လိုက်ပါ… ဘယ်သူ့ကိုမှ အဝင်အထွက် မပေးပါနဲ့”

“ခေါင်းဆောင်ငယ် ဆေးဖော်စပ်တာ ပြီးတော့မယ်”

ကျိုးမင်ယီ အလွန်အမင်း ဝမ်းသာသွားပြီး "ကောင်းပါပြီ… ကောင်းပါပြီ… ကျွန်တော် အခုချက်ချင်း အမိန့်ပေးလိုက်ပါ့မယ်”

ဟိုင်ချန်းခွန်နှင့် မူယုံးယွဲ့တို့သည် အိမ်ဝန်းအတွင်းသို့ အပြေးအလွှား သွားကြပြီး တံခါးဝတွင် အစောင့်အဖြစ် ရပ်နေကြ၏။

မူယုံးယွဲ့မှာ ဟိုင်ချန်းခွန်းဘက်သို့ လှည့်၍ မေးလိုက်သည်။

"အကြီးအကဲ ဟိုင်... အခုလို နိမိတ်လက္ခဏာတွေ ပေါ်လာပြီဆိုတော့ ဆေးလုံးဖော်စပ်မှု အောင်မြင်တော့မယ်ဆိုတာ ကျွန်မတို့ သေချာပေါက် ပြောလို့ရပြီလား”

All Chapters