← Chapters

သူ့ဆေးလုံးက ပိုအဆင့်မြင့်တယ်

Vol. 24 Ch. 353

သူ့ဆေးလုံးက ပိုအဆင့်မြင့်တယ်

Vol. 24 Ch. 353

"အရှင်မင်းကြီးရဲ့ ရက်ရောတဲ့ ဆုလာဘ်တွေအတွက် ကျေးဇူးအထူးတင်ရှိပါတယ်"

အကြီးအကဲချင်းမုမှ ဦးညွှတ်ရန် ကြိုးစားရင်း တုန်ရီနေသော အသံဖြင့် ပြောလိုက်၏။

ဧကရာဇ်ကျင်း ချက်ချင်း ရှေ့သို့ တိုးလာပြီး သူ့ကို တွဲကူလိုက်ကာ

"ဒီလိုတွေ လုပ်နေဖို့ မလိုပါဘူး အကြီးအကဲချင်းမုရယ်… ကဲ ကျွန်တော့်မှာ လုပ်စရာ နိုင်ငံတော်ရေးရာတွေ ရှိသေးတာမို့ ပြန်ခွင့်ပြုပါဦး"

"ဟုတ်ကဲ့ပါ… အရှင်မင်းကြီးကို ရိုသေစွာ နှုတ်ဆက်လိုက်ပါတယ်"

အကြီးအကဲချင်းမု ခေါင်းငြိမ့်ပြ၏။

ပိုင်ထျန်းယွမ်နှင့် ဆေးဖက်ဝင်အပင်ဥယျာဉ် အစေခံများ အားလုံးကလည်း တညီတညွတ်တည်း နှုတ်ဆက်ကြ၏။

"အရှင်မင်းကြီးကို ရိုသေစွာ နှုတ်ဆက်လိုက်ပါတယ်”

ဧကရာဇ်ကျင်း နဂါးရထားလုံးပေါ်သို့ တက်လိုက်ပြီးနောက် မောင်းနှင်နေသော မိန်းမစိုးငယ်က အမိန့်ပေးလိုက်ရာ ရွှေရောင်အကြေးခွံရှိသော နဂါးမြင်း ရှစ်ကောင်တို့ ဟိန်းဟောက်ကာ ကောင်းကင်ယံသို့ ပျံတက်သွားပြီး ရထားလုံးကို နန်းတော်ဆီသို့ ဆွဲခေါ်သွားကြတော့၏။

ပိုင်ထျန်းယွမ်၏ စိတ်ထဲတွင် အတိုင်းမသိ ကျေနပ်နေမိသည်။ သူ ရယ်မော၍

"ဆရာက ဆေးဖက်ဝင် ပစ္စည်း လေးစုံလုံး သုံးခဲ့ရပေမဲ့ အခုတော့ ဆေးလုံးက နောက်ဆုံးမှာ ပြီးသွားပြီ… အင်အားကြီး ဂိုဏ်းငါးခုက လူတွေလည်း ချက်ချင်း လာဂုဏ်ပြုကြတယ်… အရှင်မင်းကြီး ကိုယ်တိုင်တောင် လာပြီး ဆုမွန်ကောင်း တောင်းပေးသေးတယ်… အဲဒါနဲ့ ယှဉ်လိုက်ရင် ဟိုကောင်စုတ် ရှန်မိုကတော့ ဘာလှုပ်ရှားမှုမှ မရှိသေးဘူး”

"သူ ကျရှုံးသွားတာ ကြာလှပြီလို့ ကျွန်တော် လောင်းရဲတယ်… ထျန်းဟီ ကုန်သည်ကြီးများအသင်းရဲ့ ဧည့်ရိပ်သာထဲမှာ ပုန်းပြီး ဘယ်သူမှ ဝင်မရအောင် ကျိုးမင်ယီကို တံခါးစောင့်ခိုင်းထားတာ… အဲ့ဒါလည်း သူ အချိန်ဆွဲနေတာပဲ ဖြစ်မှာ… သူက ဆရာလည်း ဆေးဖော်တာ ကျရှုံးပါစေလို့ မျှော်လင့်နေတာ ဖြစ်မယ်"

အကြီးအကဲချင်းမု အေးစက်စွာပင်

“မောက်မာတဲ့ လူငယ်တစ်ယောက်ပဲ… ဂရုစိုက်နေဖို့ မတန်ပါဘူး… ငါ သွားနားတော့မယ်… ထျန်းယွမ်... မင်း ဧည့်သည်တွေကို လိုက်ပို့လိုက်ဦး"

"ဟုတ်ကဲ့”

ပိုင်ထျန်းယွမ် ခေါင်းကို ခေါင်းငြိမ့်ပြ၏။

အကြီးအကဲချင်းမု အဆောင်ထဲသို့ ပြန်ဝင်ရန် ပြင်နေစဉ်မှာပင် ရွှယ်ကျီယီမှ တစ်ခုခုကို ရုတ်တရက် အာရုံရလိုက်ပြီး ခေါင်းကို မော့ကာ နန်းမြို့တော်၏ အပြင်ဘက်ဆီသို့ စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ ခဏအကြာတွင် အကြီးအကဲချင်းမုလည်း တစ်ခုခုကို အာရုံခံမိသွားပြီး မသေချာသော အကြည့်များဖြင့် ထိုအရပ်ဆီသို့ စိုက်ကြည့်နေမိသည်။

သူသည် ဆေးဖော်စပ်ခြင်း လမ်းစဉ်တွင် ဆရာကြီးတစ်ဦး ဖြစ်သဖြင့် ဆေးလုံးအမျိုးမျိုး အောင်မြင်စွာ ဖော်စပ်ပြီးသည့်အခါ ဖြစ်ပေါ်လာတတ်သည့် ထူးခြားသော ဖြစ်စဉ်များကို ကောင်းစွာ သိရှိထားသည်။ ကောင်းကင်အဆင့် ဆေးလုံးများဆိုလျှင် ဖြစ်ပေါ်လာသော လက္ခဏာများကို ပို၍ပင် သိရှိနေ၏။

ဥပမာအားဖြင့် သူ မကြာခဏ ဖော်စပ်လေ့ရှိသော နတ်ဘုရားမွမ်းမံဆေးလုံးဆိုလျှင် ပြီးဆုံးသွားသည့်အခါ မမြင်ရသော စွမ်းအင်လှိုင်းများ အရပ်ရပ်သို့ ပျံ့နှံ့သွားတတ်သည်။ ထိုအရာမှ လူတစ်ယောက်၏ ဝိညာဉ်ကိုပင် ရိုက်ခတ်နိုင်ပြီး စိတ်ထဲတွင် ခဏတာ ဟာတာတာ ဖြစ်သွားစေတတ်သည်။ အလားတူပင် လေးလံသောရေ အအေးလွန်ကဲ ဆေးလုံးတွင်လည်း ပုံစံတစ်ခု ရှိ၏။ ဆေးလုံးဖြစ်တည်လာသည့်အခါ ပတ်ဝန်းကျင်မှ ရေငွေ့များကို အမြောက်အမြား စုစည်းစေပြီး ဧရာမ ရေဓာတ်ဝိညာဉ်စွမ်းအင်များကို ဆွဲယူလိုက်ခြင်းပင်။

ယခုပင် ထိုအရပ်ဆီတွင် ဧရာမ ရေဓာတ်ဝိညာဉ်စွမ်းအင်လှိုင်းများ စုဝေးနေသည်ကို အထင်အရှား ခံစားလိုက်ရ၏။ ၎င်းမှာ သေချာပေါက် ဆေးလုံး ဖြစ်တည်လာသည့် လက္ခဏာပင်။ ထို့ပြင် ထိုဖြစ်စဉ်မှာ သူ၏ဆေးလုံး ဖြစ်တည်စဉ်ကထက် ပို၍ပင် ခံ့ညားထည်ဝါနေသေးသည်။

အကြီးအကဲချင်းမု ရုတ်တရက် ထရပ်လိုက်ပြီး တည်ငြိမ်သော အမူအရာဖြင့် ထိုအရပ်သို့ လက်ညှိုးထိုးကာ

"အဲဒါ ဘယ်နေရာလဲ"

ပိုင်ထျန်းယွမ်က သူ၏ဆရာ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သတိမထားမိဘဲ ဆရာကြည့်သည့်ဘက်သို့ လိုက်ကြည့်ကာ ရယ်မောလိုက်သည်။

"အဲဒါ ထျန်းဟီ ကုန်သည်ကြီးများအသင်းလေ… ဟို အသိဉာဏ်မရှိတဲ့ ကောင်စုတ်က အဲဒီက ဧည့်ရိပ်သာမှာ တည်းနေတာ… ဆရာ့မျက်လုံးက တကယ်ကို စူးရှတာပဲ… အဲဒီကောင်ရဲ့ နေရာကို တစ်ချက်ကြည့်ရုံနဲ့ သိတယ်နော်… တကယ့်ကို…"

သူ စကားမဆုံးမီမှာပင် အကြီးအကဲချင်းမုက ပြင်းထန်စွာ ဖြတ်ပြောလိုက်သည်။

"တိတ်စမ်း”

ပိုင်ထျန်းယွမ် ချက်ချင်းဆိုသလို ပခုံးလေးတွန့်သွားပြီး ဆက်မပြောရဲတော့ပေ။ သူ့ဆရာ ဘာကြောင့် ဤမျှ ဒေါသထွက်သွားသည်ကို သူ လုံးဝ မသိလိုက်ချေ။

"အဲဒါ... အဲဒါက ဆေးလုံးဖြစ်တည်တဲ့ လက္ခဏာပဲ”

အကြီးအကဲချင်းမု ကောင်းကင်နှင့် မြေကြီးကြားမှ စိတ်ဝိညာဉ်စွမ်းအင်များ ပြောင်းလဲနေသည်ကို အာရုံခံရင်း မျက်လုံးများ ပြူးသွားကာ

"မင်းက သာမန်ကာလျှံကာ ပြောနေတဲ့ အဲဒီလူငယ်… သူ ဆေးဖော်တာ အောင်မြင်တော့မယ်”

"ဘာ"

ပိုင်ထျန်းယွမ် အံ့သြတုန်လှုပ်ပြီး ကြောင်အသွားသည်။ အင်အားကြီး ဂိုဏ်းငါးခုမှ ကျင့်ကြံသူများလည်း တွေဝေသွားပြီး အားလုံး ထျန်းဟီ ကုန်သည်ကြီးများအသင်းဘက်သို့ လှည့်ကြည့်လိုက်မိ၏။

"မဖြစ်နိုင်ဘူး… လုံးဝ မဖြစ်နိုင်တာ"

ပိုင်ထျန်းယွမ် ချက်ချင်း ငြင်းဆိုလိုက်သည်။

"ဆရာ… သူက အပျော်တမ်းသမားသက်သက်ပဲ… ဆေးဖက်ဝင် ပစ္စည်းကလည်း တစ်စုံပဲ ရှိတာ… သူက ပထမဆုံးအကြိမ်တည်းနဲ့ ဘယ်လိုလုပ် အောင်မြင်နိုင်မှာလဲ… ဆရာတောင် သုံးကြိမ်ကျရှုံးပြီးမှ နောက်ဆုံးမှာ အောင်မြင်တာလေ… ရှန်မိုက တစ်ကြိမ်တည်းနဲ့ ဖော်စပ်နိုင်ရအောင် ဘယ်လို အရည်အချင်းမျိုး ရှိမှာမို့လဲ"

အကြီးအကဲချင်းမု အသက်ကို ပြင်းပြင်းရှူလိုက်ပြီး

"သွားကြစို့"

ပိုင်ထျန်းယွမ် ဇဝေဇဝါဖြစ်သွားကာ

"ဘယ်ကိုလဲ ဆရာ"

"ထျန်းဟီ ကုန်သည်ကြီးများအသင်းဆီကို”

အကြီးအကဲချင်းမုမှ လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

အကြီးအကဲချင်းမု ဤမျှအထိ အလေးအနက် တုံ့ပြန်သည်ကို မြင်သောအခါ ရွှယ်ကျီယီနှင့် တခြားလူများလည်း အံ့သြသွားပြီး နောက်မှ အမြန်လိုက်သွားကြသည်။

နန်းတော်၏ အထက် ကောင်းကင်ယံတွင်လည်း နဂါးရထားလုံးမှာ ရုတ်တရက် ရပ်တန့်သွားသည်။ ဧကရာဇ်ကျင်း မျက်မှောင်ကြုတ်ရင်း ထျန်းဟီ ကုန်သည်ကြီးများအသင်းဘက်သို့ စိုက်ကြည့်နေကာ

“ဒီမှာ ရပ်လိုက်… ရိုးရိုးဝတ်စုံ ပြင်ထားပါ… ငါ ကိုယ်တိုင် သွားကြည့်မယ်"

သူ အမိန့်ပေးလိုက်၏။

မိန်းမစိုးငယ်မှ

"ဟုတ်ကဲ့ပါ အရှင်"

ထိုအချိန်တွင် ထျန်းဟီ ကုန်သည်ကြီးများအသင်း အနီး၌ ကျင့်ကြံသူ အမြောက်အမြား စုဝေးနေကြပြီ ဖြစ်သည်။ အားလုံးမှာ အနည်းဆုံး မြုတေဖွဲ့စည်းခြင်းအဆင့်နှင့် အထက်များသာ ဖြစ်ကြ၏။ ဤအဆင့်ရှိ ကျင့်ကြံသူများသည် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို အာရုံခံနိုင်ပြီး ပတ်ဝန်းကျင်မှ အပြောင်းအလဲများကို ပို၍ သိရှိနိုင်ကြသည်။ ထို့ကြောင့်ပင် ထျန်းဟီ ကုန်သည်ကြီးများအသင်း အထက်တွင် ရေငွေ့များ အမြောက်အမြား စုစည်းနေသည်ကို သူတို့ ချက်ချင်း သတိထားမိလိုက်ခြင်း ဖြစ်သည်။ ယခုအချိန်တွင် မိုးတိမ်များ ဖြစ်ပေါ်လာသလောက်ကို ရှိနေပြီ ဖြစ်သည်။

"ထျန်းဟီ ကုန်သည်ကြီးများအသင်းထဲမှာ ဘာတွေ ဖြစ်နေတာလဲ… တစ်ယောက်ယောက်က အစွမ်းထက်တဲ့ ရေဓာတ် ကျင့်စဉ်တစ်ခုခုကို ကျင့်ကြံနေတာလား"

"မဟုတ်ဘူးလေ… မင်း မေ့နေပြီလား… မကြာသေးခင်ကမှ မြို့ထဲမှာ နာမည်ကြီးနေတဲ့ ရှန်မိုက အဲဒီမှာ ဆေးဖော်နေတာလေ"

"အေး ဟုတ်သားပဲ… အခုမှ သတိရတယ်… သူက အကြီးအကဲချင်းမုကိုတောင် စိန်ခေါ်ခဲ့တာပဲ”

"ဒီဖြစ်စဉ်က... သူ ဆေးဖော်လို့ ပြီးတော့မှာမို့လို့လား"

"မဖြစ်နိုင်တာ… ရှန်မို့မှာ ဆေးဖက်ဝင် ပစ္စည်း တစ်စုံပဲ ရှိတာလေ… သူက ပထမဆုံးအကြိမ်မှာ အောင်မြင်ရအောင် ဘယ်လိုလုပ် ဒီလောက်အထိ ကံကောင်းနိုင်မှာလဲ"

ကျင့်ကြံသူများက အပြင်းအထန် ဆွေးနွေးနေကြပြီး အများစုမှာ ရှန်မို အောင်မြင်တော့မည်ကို မယုံကြည်နိုင်ပေ။ အချို့က ကိုယ်ရေးကိုယ်တာ အဆက်အသွယ်များကို သုံး၍ အထဲသို့ ဝင်ရန် ကြိုးစားကြသော်လည်း ပြတ်ပြတ်သားသား ငြင်းဆိုခံလိုက်ရသည်။ ထို့ကြောင့် အဝင်ဝတွင် ကျင့်ကြံသူများ ပို၍ စုဝေးလာကြကာ ဘာတွေ ဖြစ်နေသည်ကို သိချင်နေကြတော့၏။

ထိုစဉ် လူအုပ်ကြီး၏ အပြင်ဘက်မှ အာမေဍိတ်သံတစ်ခု ထွက်ပေါ်လာသည်။

"အကြီးအကဲချင်းမု”

"ဆေးဖော်စပ်ခြင်း ဆရာကြီး ကိုယ်တိုင် ရောက်လာပြီ"

"ခုနကတင် နန်းမြို့တော်က ဆေးဖက်ဝင်အပင်မျိုးစုံဥယျာဉ် အထက်မှာ ရေငွေ့တွေ စုနေတာ မြင်လိုက်သေးတယ်… အဲဒါက အကြီးအကဲချင်းမုက ဆေးလုံးကို အောင်မြင်အောင် ဖော်စပ်လိုက်လို့ ဖြစ်မှာ… ဒါပေမဲ့ အကြီးအကဲချင်းမုက ဘာလို့ ဒီကို ရောက်လာတာလဲ… သူလည်း ရှန်မို ဆေးဖော်တာ ပြီးတော့မယ်ဆိုတာကို အာရုံခံမိလို့လား"

"အကြီးအကဲချင်းမုရဲ့ နောက်ကို ကြည့်လိုက်ပါဦး… အရိပ်ခန်းမ၊ ဝိညာဉ်တော်ဂိုဏ်း၊ ချန်ယွမ်ဂိုဏ်း၊ ပင်လယ်နတ်ဘုရားကျွန်းနဲ့ နှင်းနန်းတော်ကြီးက ကျင့်ကြံသူတွေ အကုန်ပါလာတာပဲ"

ကျင့်ကြံသူများ တိုးတိုးတိတ်တိတ် ပြောဆိုနေကြပြီး သူတို့မျက်နှာများတွင် အံ့သြမှုများ ပြည့်နှက်နေကြ၏။ မကြာသေးမီကပင် ဤထူးခြားသော ဖြစ်စဉ်မှာ ဘာကြောင့်လဲ မသေချာသေးသော်လည်း ယခု အကြီးအကဲချင်းမု ကိုယ်တိုင် ရောက်လာပြီဖြစ်ရာ အဖြေမှာ ရှင်းသွားပြီဖြစ်သည်။ ရှန်မိုသည် ဆေးလုံးကို အောင်မြင်တော့မည်။

ရွှယ်ကျီယီမှ မှောင်မည်းလာသော မိုးတိမ်များကို စိုက်ကြည့်နေပြီး လှပသော မျက်နှာပေါ်တွင် ခံစားချက်တစ်ခု ပေါ်လာ၏။

"ပြီးသွားပြီ ဖြစ်ရမယ်… ဒါပေမဲ့ ဘာလို့လဲ... ဘာလို့ ဒီဖြစ်စဉ်က အကြီးအကဲချင်းမုရဲ့ ဆေးလုံးတုန်းကထက် ပိုပြီးတော့ အံ့သြစရာ ကောင်းနေရတာလဲ"

ချန်ယွမ်ဂိုဏ်းနှင့် ပင်လယ်နတ်ဘုရားကျွန်းမှ ကျင့်ကြံသူများလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အကြီးအကျယ် တုန်လှုပ်နေကြသည်။

“ကျောက်စိမ်းဂိုဏ်းရဲ့ ခေါင်းဆောင်ငယ်က တိုက်ခိုက်ရေးမှာတင် မကဘဲ ဆေးဖော်စပ်တဲ့နေရာမှာလည်း ဒီလောက်အထိ ကျွမ်းကျင်လိမ့်မယ်လို့ ကျွန်တော် လုံးဝ မမျှော်လင့်ထားဘူး"

"ဟုတ်ပါ့… ကျောက်စိမ်းဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့လိုက်တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်သွားတယ်”

ဝိညာဉ်တော်ဂိုဏ်းနှင့် နှင်းနန်းတော်ကြီးမှ ကျင့်ကြံသူများသည်လည်း အခြေအနေကို နားမလည်နိုင်ဘဲ တစ်ဦးကိုတစ်ဦး ကြည့်နေကြ၏။ ထိုအချိန်တွင် ကောင်းကင်မှဖြစ်စဉ်မှာ နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်သည်။ မိုးတိမ်များ ပို၍ လေးလံလာပြီး ထို့နောက် နားကွဲမတတ် မြည်ဟီးလိုက်သော မိုးခြိမ်းသံနှင့်အတူ သည်းထန်စွာ ရွာသွန်းသော မိုးက ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

သို့သော် ထိုမိုးမှာ ထျန်းဟီ ကုန်သည်ကြီးများအသင်း၏ နယ်မြေထဲတွင်သာ ရွာသွန်းခြင်း ဖြစ်သည်။ ၎င်း၏ အပြင်ဘက်တွင်မူ ကောင်းကင်မှာ ကြည်လင်နေဆဲဖြစ်ပြီး နေရောင်ခြည်များက တောက်ပနေဆဲပင်။ ဤမြင်ကွင်းမှာ တကယ့်ကို ထူးဆန်းလွန်းလှ၏။ ၎င်းသည် သာမန်လူများ၏ အာရုံကိုပင် ဆွဲဆောင်သွားကာ သူတို့အတွက်မူ ဤမြင်ကွင်းမှာ နတ်ဘုရားတို့၏ ဖန်တီးမှုကဲ့သို့ပင်။

ထို့နောက် အားကောင်းသော စွမ်းအင်လှိုင်းတစ်ခု ထျန်းဟီ ကုန်သည်ကြီးများအသင်းထဲမှ ရုတ်တရက် ပေါက်ကွဲထွက်လာ၏။ ထူးခြားပြီး မွှေးပျံ့သော ရနံ့တစ်ခု လေထဲတွင် ပျံ့နှံ့သွားပြီး လူတိုင်း၏ နှာခေါင်းထဲသို့ ရောက်ရှိသွားသည်။ တစ်ချက်လေး ရှူလိုက်ရုံနှင့် သာယာလှပသော ပင်လယ်ပြင်ပေါ်တွင် နေဝင်ချိန်၏ ရွှေရောင်အလင်းတန်းများကို ခံစားနေရသကဲ့သို့ အေးချမ်းမှုကို ခံစားလိုက်ရ၏။

အကြီးအကဲချင်းမုမှ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"ပြီးသွားပြီ... သူ အောင်မြင်သွားပြီ… ပြီးတော့ သူဖော်စပ်တာက လေးလံသောရေ အအေးလွန်ကဲ ဆေးလုံးလည်း မဟုတ်ဘူး… အဲဒါထက် ပိုပြီးတော့ မြင့်မြတ်တဲ့အရာတစ်ခုပဲ..."

All Chapters