ဧကရာဇ်တစ်ယောက်အနေနဲ့ ပုန်ကန်သူကို ဦးမညွှတ်နိုင်ဘူး
Vol. 24 Ch. 354
အကြီးအကဲချင်းမု၏ စကားကို ကြားလိုက်ရသောအခါ ပိုင်ထျန်းယွမ် ခဏတာ မှင်တက်သွားသည်။
"ဆရာ... နောက်နေတာလား… လေးလံသောရေ အအေးလွန်ကဲ ဆေးလုံးဆိုတာကပဲ အရမ်းကို ရှားပါးလှတဲ့ ဆေးလုံးတစ်မျိုးလေ… သူက ဒါထက် ပိုကောင်းတဲ့ ဆေးလုံးကို ဘယ်လိုလုပ်ပြီး ဖော်စပ်နိုင်မှာလဲ"
အကြီးအကဲချင်းမု ပြန်မဖြေဘဲ ခေါင်းကိုသာ ခါယမ်းလိုက်ပြီး ဘာမှ ထပ်မပြောချင်တော့သည့် ပုံစံမျိုး လုပ်နေခဲ့သည်။
ဒုန်း!
ထျန်းဟီ ကုန်သည်ကြီးများအသင်း၏ တံခါးကြီးများ ဝုန်းခနဲ ပွင့်ထွက်သွားပြီး ကျိုးမင်ယီ၊ မူယုံးယွဲ့နှင့် ဟိုင်ချန်းခွန်တို့ မျက်နှာတွင် ဝင်းပသော အပြုံးများဖြင့် ထွက်လာကြသည်။ သူတို့ သုံးဦး၏ အလယ်တွင်တော့ ရှန်မို ရှိနေပြီး သူ့ကို အသေအချာ ကာကွယ်ပေးထားကြ၏။
"မိတ်ဆွေတို့ အားလုံးပဲ မင်္ဂလာပါ"
ကျိုးမင်ယီမှ ပြုံးရွှင်လျက် ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
ချန်ယွမ်ဂိုဏ်းမှ နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူတစ်ဦးက
"အကြီးအကဲကျိုး… ခုနက ဖြစ်သွားတဲ့ ဆူညံပွက်လောရိုက်မှုကြီးက ဘာလဲဗျ"
အခြားသူများလည်း ကျိုးမင်ယီကိုသာ ဝိုင်းကြည့်နေကြသည်။ သူတို့ ခန့်မှန်းထားသည်များ ရှိသော်လည်း ကျိုးမင်ယီထံမှ အတည်ပြုချက်ကို လိုချင်နေကြတုန်းပင်။
ကျိုးမင်ယီ ခပ်ပါးပါးလေး ပြုံးလိုက်ပြီး ရှန်မိုကို တစ်ချက်ကြည့်ကာ
"အားလုံးပဲ… ကျွန်တော်တို့ ထျန်းဟီဂိုဏ်းရဲ့ ဖိတ်ကြားချက်အရ ကျောက်စိမ်းဂိုဏ်းရဲ့ ခေါင်းဆောင်ငယ် ရှန်မိုက ကျွန်တော်တို့ဂိုဏ်းအတွက် ဆေးလုံးတစ်မျိုးကို ဖော်စပ်ပေးခဲ့ပါတယ်… အခုတော့ အဲဒီဆေးလုံးက အောင်မြင်စွာ ဖြစ်တည်လာပြီ ဖြစ်ပါတယ်… ဒါပါပဲဗျာ"
ချန်ယွမ်ဂိုဏ်းမှ ပညာရှင်က
"ဒါပေမဲ့ ဘာလို့ ဒီလောက်အထိ ထူးခြားတဲ့ ဖြစ်စဉ်တွေက ကြီးကျယ်ခမ်းနားနေရတာလဲ… ဒါက သာမန် လေးလံသောရေ အအေးလွန်ကဲ ဆေးလုံးကြောင့် ဖြစ်တာနဲ့ မတူဘူး… ဆေးပညာရှင် ရှန်မိုက တခြားဆေးလုံးတစ်မျိုးကို ဖော်စပ်ခဲ့တာလား"
ကျိုးမင်ယီ အားရပါးရ ရယ်မောလိုက်ပြီး
"အဲဒါကိုတော့ ကျွန်တော် မဖြေနိုင်ဘူးဗျ… မိတ်ဆွေရှန်မိုကိုပဲ ကိုယ်တိုင် ရှင်းပြခိုင်းလိုက်ပါ့မယ်"
ရှန်မို တည်ငြိမ်စွာပင်
"လေးလံသောရေ အအေးလွန်ကဲ ဆေးလုံးက ကိုးထပ်ကောင်းကင် မြစ်စာလိပ်ရဲ့ ကျင့်ကြံမှုနှုန်းကို ဆယ်ရာခိုင်နှုန်းကနေ နှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ တိုးပေးနိုင်တာ… ဒါက နှေးလွန်းတယ်… အဲဒါကြောင့် အသေအချာ စဉ်းစားပြီးတဲ့နောက် ကျွန်တော်က နည်းနည်းလေး ပြုပြင်မွမ်းမံပြီး ဆေးလုံးအသစ် တစ်မျိုးကို ဖော်စပ်လိုက်ပါတယ်… ကျွန်တော် အဲဒါကို ထောင်ချီ အစွန်းရောက် အအေးဓာတ်ဆေးလုံးလို့ အမည်ပေးထားတယ်… သူ့ရဲ့ အာနိသင်က အရင်ပုံစံထက် အများကြီး သာလွန်ပါတယ်”
ဒီစကားကို ကြားလိုက်ရသောအခါ ပိုင်ထျန်းယွမ်မှ ချက်ချင်းပင်
"ပေါက်ကရတွေ… အရင်ထက် ပိုကောင်းတယ် ဆိုတာကို သုံးကြည့်ပြီးမှပဲ ဆုံးဖြတ်လို့ ရတာလေ… မင်းက ဘာအထောက်အထားမှ မရှိဘဲ ဘယ်လိုလုပ်ပြီး ရလဒ်တွေကို လုပ်ကြံပြီး လျှောက်ပြောနေရတာလဲ"
အကြီးအကဲချင်းမု အသက်ကို ပြင်းပြင်းရှူလိုက်ပြီး
"ပါးစပ်ပိတ်စမ်း”
ပိုင်ထျန်းယွမ်မှ
"ဆရာ..."
သူ မယုံနိုင်စွာ ခေါ်လိုက်သော်လည်း အကြီးအကဲချင်းမုက အသံကို မြှင့်ကာ
"မင်းကို ပါးစပ်ပိတ်လို့ ပြောနေတယ်လေ… မင်း ဒီထက်ပိုပြီး အရှက်ကွဲချင်သေးလို့လား"
ထိုအခါမှ ပိုင်ထျန်းယွမ်လည်း ငြိမ်ကျသွားတော့၏။
စုဝေးနေကြသည့် ကျင့်ကြံသူများလည်း စတင်စဉ်းစားလာကြသည်။ ကောင်းကင်အဆင့် အောက်ရှိ ဆေးလုံးများသည် တကယ်ပင် သုံးစွဲကြည့်မှ အာနိသင်ကို သိနိုင်သည်မှာ မှန်သော်လည်း ကောင်းကင်အဆင့် ဆေးလုံးများသည် ဖော်စပ်နေစဉ်အတွင်း ထူးခြားသော ဖြစ်စဉ်များ အမြဲ ဖြစ်ပေါ်လေ့ရှိ၏။ အဆိုပါ ဖြစ်စဉ်များကို ကြည့်ခြင်းအားဖြင့် ဆေးလုံး၏ စွမ်းပကားကို ခန့်မှန်းနိုင်ပါသည်။ ယခု ရှန်မို၏ ထောင်ချီ အစွန်းရောက် အအေးဓာတ်ဆေးလုံးကြောင့် ဖြစ်ပေါ်လာသည့် လက္ခဏာများသည် အကြီးအကဲချင်းမု၏ ဆေးလုံးထက် ပို၍ အစွမ်းထက်သည်မှာ ငြင်းမရသော အမှန်တရားပင်။
အကြီးအကဲချင်းမုမှ ရှန်မိုကို ကြည့်ပြီး အသံတုန်တုန်ဖြင့်
"တစ်ခုလောက် မေးပါရစေ… မင်း အဲဒီဆေးကို ဘယ်လိုမျိုး အဆင့်မြှင့်လိုက်တာလဲ"
သူ မေးလိုက်သည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီး တစ်ခုလုံး ငြိမ်ကျသွားပြီး အားလုံး၏ အကြည့်များသည် အကြီးအကဲချင်းမုနှင့် ရှန်မိုကြားတွင် ကူးချည်သန်းချည် ဖြစ်နေသည်။
ရှန်မို အေးအေးဆေးဆေးပင်
"အရင်ဆေးရဲ့ အနှစ်သာရ ပမာဏကို လျှော့ချပြီး အနန္တမီးတောက် အပူချိန်ကို မြှင့်လိုက်တာပါ"
အကြီးအကဲချင်းမု၏ မျက်နှာမှာ တင်းမာသွား၏။ ပထမ ပြုပြင်မှုသည် တကယ်ပင် ဖြစ်နိုင်သော တိုးတက်မှုမျိုး ဖြစ်သော်လည်း ဒုတိယတစ်ခုမှာမူ... အရင်တုန်းက သူသည် သူ၏ခန္ဓာကိုယ်ထဲမှ ဝိညာဉ်လောင်ကျွမ်းစေသော ရှင်းမီးလျှံကို ထိန်းချုပ်နိုင်ရန် အသက်နှင့်ရင်း၍ ကြိုးစားခဲ့ရ၏။ အဆိုပါ မီးလျှံ၏ အပူချိန်မှာ အရမ်း မမြင့်လှသော်လည်း သဘာဝ မြေကမ္ဘာမီးများထက် များစွာ ပိုပူ၏။ အနန္တမီးတောက်၏ အပူချိန်ကို ထို့ထက်ပိုမြှင့်ရန်မှာ မဖြစ်နိုင်သော ကိစ္စပင်။ သူ၏ တစ်သက်လုံးတွင် လေးလံသောရေ အအေးလွန်ကဲ ဆေးလုံးကို ဘယ်တော့မှ အဆင့်မြှင့်နိုင်မည် မဟုတ်သည်မှာ ရှင်းသွားပြီ ဖြစ်၏။
အကြီးအကဲချင်းမုမှ ခါးသီးစွာ ရယ်မောလိုက်ပြီး
"ကံတရားပဲ… ဒါက ကံတရားပဲ… လူငယ်လေး... မင်းရဲ့ ဆေးဖော်စပ်ခြင်း လမ်းစဉ်က နောင်တစ်ချိန်မှာ ငါ့ထက် သေချာပေါက် သာလွန်သွားလိမ့်မယ်… ငါ သွားပြီ"
သူ ထိုသို့ပြောပြီး လူတိုင်း၏ အကြည့်များကို ဂရုမစိုက်တော့ဘဲ လှည့်ထွက်သွားခဲ့၏။
သူသည် ဂုဏ်သိက္ခာကို တန်ဖိုးထားသူ ဖြစ်သည့်အတွက် ယခုအခါ အရှက်ကွဲကုန်ပြီဖြစ်ကြောင်း သိလိုက်သည်။ အရင်က ပိုင်ထျန်းယွမ်၏ ကြွားဝါမှုများကြောင့် တစ်မြို့လုံးက ရှန်မိုနှင့် သူနှင့် ပြိုင်နေကြသည်ဟု သိကြ၏။ ယခု ရှန်မို၏ ဆေးလုံးသည် သူ့ဆေးလုံးထက် သာလွန်သွားပြီ ဖြစ်ရာ ဘယ်လိုပင် ရှင်းပြစေကာမူ သူ ရှန်မိုကို ရှုံးသွားပြီဟုသာ အားလုံးက သတ်မှတ်ကြတော့မည်။ ထို့ကြောင့် ဆက်လက် ငြင်းခုံနေမည့်အစား သိက္ခာရှိရှိ ရှုံးနိမ့်မှုကို လက်ခံပြီး ထွက်သွားခြင်းက ပိုကောင်းမည်ဟု သူ ဆုံးဖြတ်လိုက်ခြင်းပင်။ ပိုင်ထျန်းယွမ်မှ တစ်ခုခု ပြောချင်နေသော်လည်း ဆရာဖြစ်သူ၏ စူးရှသော အကြည့်အောက်တွင် ဘာမှ မပြောရဲဘဲ စကားလုံးများကို မျိုချလိုက်ရ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ဦး ပျောက်ကွယ်သွားကြတော့သည်။
အကြီးအကဲချင်းမု၏ စကားများသည် နောက်ဆုံး အမိန့်ချမှတ်လိုက်သလိုပင် ဖြစ်သည်။ ရှန်မို၏ အနာဂတ်သည် သူ့ထက်ပင် သာလွန်သွားနိုင်သည်တဲ့။ ဤသည်မှာ အချိန်တစ်ခု ရလာသည်နှင့် ရှန်မိုသည် ကျင့်ကြံခြင်းလောကတွင် ထိပ်တန်း ဆေးဖော်စပ်ခြင်း ဆရာကြီးတစ်ဦး ဖြစ်လာပေတော့မည်။ ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများလည်း သူတို့၏ ကိုယ်ကျိုးစီးပွားအတွက် စတင်တွက်ချက်လာကြတော့သည်။
…
"ဂိုဏ်ယူပါတယ် မိတ်ဆွေရှန်မို"
လေတိုးသံကဲ့သို့ သာယာသော အသံလေးတစ်ခုက တိတ်ဆိတ်မှုကို အရင်ဆုံး ဖြိုခွဲလိုက်သည်။ အားလုံး လှည့်ကြည့်လိုက်သောအခါ ဝတ်စုံနက်ဝတ်ပြီး မျက်နှာကို ပုဝါအနက်ဖြင့် အုပ်ထားသော အရိပ်ခန်းမ၏ သခင်မလေး ရွှယ်ကျီယီ ဖြစ်နေသည်။
ရှန်မို၏ မျက်နှာမှာမူ အပြောင်းအလဲ မရှိပေ။ ရွှယ်ကျီယီမှ အရင်ဆုံး လာဂုဏ်ပြုလိမ့်မည်ဟု သူ မထင်ထားခဲ့ရုံသာ။ ထိုမိန်းကလေးမှာ ရိုးရှင်းသူ မဟုတ်မှန်း သူ သိ၏။
ရွှယ်ကျီယီ စကားပြောပြီးသည့်နောက် တခြား ကျင့်ကြံသူများလည်း ရှေ့သို့ တိုးလာပြီး ဂုဏ်ပြုစကားများ ပြောကြတော့သည်။ ရှန်မို၏ အနာဂတ် မည်သို့ဖြစ်စေကာမူ ယခု အကြီးအကဲချင်းမုထက် သာသော ဆေးလုံးကို ဖော်စပ်နိုင်သည်ဆိုကတည်းက သူ၏ အရည်အချင်းမှာ ထူးခြားနေပြီ ဖြစ်၏။ အကန့်အသတ်မဲ့ အလားအလာရှိသည့် ဆေးဖော်စပ်သူတစ်ယောက်နှင့် မည်သူက မိတ်ဆွေ မဖြစ်ချင်ဘဲ နေမည်နည်း။
ချန်ယွမ်ဂိုဏ်းနှင့် ပင်လယ်နတ်ဘုရားကျွန်းမှ ကျင့်ကြံသူများမှာ အထူးပင် ဝမ်းသာနေကြသည်။ သူတို့သည် ကျောက်စိမ်းဂိုဏ်းနှင့် အရင်ကတည်းက မဟာမိတ် ဖွဲ့ထားမိ၏။ ယခု ရှန်မိုတစ်ယောက် ဆေးဖော်စပ်သည့် နေရာတွင် ပါရမီရှိမှန်း သိလိုက်ရသောအခါ သူတို့၏ ပျော်ရွှင်မှုမှာ အတိုင်းအထက်အလွန်ပင်။ အကြီးအကဲချင်းမု၏ ဆေးဖော်ခမှာ အဆမတန် များသလို သူကလည်း အမြဲတမ်း အားမနေပေ။ သို့သော် ရှန်မိုမှ အစွမ်းရှိမှန်း သက်သေပြလိုက်ပြီ ဖြစ်သဖြင့် နောင်တွင် သူတို့လိုအပ်လျှင် ရှန်မိုထံမှ အကူအညီ တောင်းနိုင်ပြီ ဖြစ်သည်။
တစ်ဖက်တွင်မူ လူအုပ်ကြီး၏ အဝေးကနေ... ရိုးရိုးဝတ်စုံ ဝတ်ထားသော ဧကရာဇ်ကျင်းသည် ထိုမြင်ကွင်းကို ကြည့်ရင်း သူ၏ အကြည့်များ တဖြည်းဖြည်း အေးစက်လာခဲ့သည်။ တစ်ခါတုန်းက ယုကျောက်ပြည်နယ်အုပ်ချုပ်ရေးမှူး ကျီချွမ်က ရှန်မိုကို စည်းရုံးပြီး ကျောက်စိမ်းဂိုဏ်းကို နန်းတော်၏ လက်အောက်ခံ ဖြစ်အောင် လုပ်ရန် အကြံပေးခဲ့ဖူးသည်။ သို့သော် ဧကရာဇ်မှ အဆိုပါ အကြံကို ပယ်ချခဲ့၏။ ရှန်မိုသည် အရင်က နန်းတော်၏ အာဏာကို ဆန့်ကျင်ခဲ့သူ ဖြစ်သည်။ ထိုအချိန်က ဧကရာဇ်မှာ ထိုကဲ့သို့ ပုန်ကန်သူတစ်ယောက်အား စည်းရုံးရန် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချစရာ မလိုဟု ထင်ခဲ့ခြင်း ဖြစ်၏။
သို့သော် ယခုတော့ သူ အကြီးအကျယ် မှားသွားမှန်း ရှင်းသွားလေပြီ။ ရှန်မိုသည် အစွမ်းထက်ရုံသာမကဘဲ အနာဂတ် အလားအလာလည်း ရှိသလို ယခုအခါ ဆေးဖော်စပ်သည့် နေရာတွင်လည်း ထိပ်တန်း ပညာရှင် ဖြစ်နေပြီ။ သူသည် ငြင်းပယ်၍ မရသော တက်သစ်စ ကြယ်ပွင့်တစ်ပွင့် ဖြစ်လာပြီ ဖြစ်၏။ သူ့ကို မစည်းရုံးချင်သော ဂိုဏ်းဆိုသည်မှာ မရှိသလောက်ပင်။
"ဒါပေမဲ့ ဖြစ်ပြီးတာတွေက ဖြစ်ပြီးသွားပြီ… အုပ်ချုပ်သူ တစ်ယောက်အနေနဲ့ နန်းတော်ကို ဆန့်ကျင်ဖူးသူကို စည်းရုံးဖို့ ငါ ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချနိုင်ဘူး… အဲဒါက ကမ္ဘာကြီးကို ငါ့ရဲ့ အားနည်းချက်ကို ပြသရာ ရောက်လိမ့်မယ်"
ဧကရာဇ်ကျင်းမှ စဉ်းစားပြီးသည့်နောက် အကြည့်များ ပြတ်သားသွားသည်။
လောကကြီးတွင် ပါရမီရှင်များ ဘယ်တော့မှ မရှားပါ။ သမိုင်းတစ်လျှောက်တွင် ပါရမီရှင်များ များစွာ ပေါ်ပေါက် ပျောက်ကွယ်သွားခဲ့ကြသည်။ ရှန်မိုလည်း အတူတူပင် ဖြစ်လိမ့်မည်။ နတ်ဆိုးဧကရာဇ် ကုမင်သာ ကျင့်ကြံမှုမှ ထွက်လာလျှင် သူ၏ ပထမဆုံး ပစ်မှတ်မှာ ရှန်မိုပင် ဖြစ်လိမ့်မည်။ သေသွားသော ပါရမီရှင်မှာ ဘယ်သူ့အတွက်မှ တန်ဖိုးမရှိပေ။
"နန်းတော်ကို ပြန်မယ်"
ဧကရာဇ်ကျင်းမှ အမိန့်ပေးလိုက်ရာ ဘေးမှ မိန်းမစိုးငယ်သည် အရိုအသေပေးပြီး ထျန်းဟီ ကုန်သည်ကြီးများအသင်းဆီသို့ ပြေးသွားနေသော လူအုပ်ကြီးနှင့် ဆန့်ကျင်ဘက် အရပ်ဆီသို့ လျှောက်သွားရင်း ပျောက်ကွယ်သွားကြတော့၏။
ရှန်မိုမှ လူအုပ်နှင့် ဆန့်ကျင်ဘက် သွားနေသော လူနှစ်ယောက်ကို သတိထားမိလိုက်ပြီး ခပ်ပါးပါးသာ ပြုံးလိုက်သည်။
ထျန်းဟီ ကုန်သည်ကြီးများအသင်းတွင် ဖြစ်ပေါ်နေသော ဆူညံသံများသည် တစ်နေ့လုံး ကြာမြင့်ခဲ့၏။ ညရောက်မှသာ အားလုံး ငြိမ်သက်သွားတော့သည်။ ဟိုင်ချန်းခွန်မှာတော့ ပါးစပ်မပိတ်နိုင်အောင် ပြုံးနေခဲ့သည်။ တစ်နေ့လုံး ရှန်မိုအတွက် လာပေးကြသည့် ဂုဏ်ပြုလက်ဆောင်များကို လက်ခံနေရသဖြင့် သူ၏လက်များပင် ထုံကျဉ်နေပြီဟု ခံစားရ၏။
"ဟဲဟဲ… ငါ့ရဲ့ တန်ဟီဂိုဏ်းမှာတောင် ဒီနှစ်တွေအတွင်း ဆေးဖော်စပ်တဲ့ ဆရာကြီး အနည်းငယ်ပဲ ထွက်ပေါ်ခဲ့တာ… အကြီးအကဲချင်းမုလို ဆရာကြီးမျိုးဆိုတာကတော့ ငါတို့ အိမ်မက်တောင် မမက်ဖူးတဲ့ အရာပဲ… ဒါပေမဲ့ ရှန်မိုကတော့ ဒါကို တကယ်ပဲ လုပ်ပြနိုင်ခဲ့ပြီ”
ဟိုင်ချန်ခွန်းက ရယ်မောပြောဆိုရင်း ကျေနပ်နေလေ၏။