ဒါ ငါအကြိုက်ဆုံး ကြက်ကင်ပဲ
Vol. 24 Ch. 355
တဖြည်းဖြည်း ညမှောင်လာခဲ့ပြီ။
ထျန်းဟီ ကုန်သည်ကြီးများအသင်း၏ ခမ်းနားထည်ဝါလှသော ဝန်းကြီးအတွင်း၌ စားပွဲဝိုင်းအများအပြားရှိပြီး စားသောက်ပွဲကြီး ခင်းကျင်းထားသည်။ ထျန်းဟီဂိုဏ်းနှင့် ကျောက်စိမ်းဂိုဏ်းမှ ကျင့်ကြံသူများသည် ပျော်ပျော်ပါးပါး စုဝေးကာ ဂုဏ်ပြုနေကြ၏။ စားပွဲရှည်ကြီးများပေါ်တွင် လက်ရာမြောက်သော စားဖွယ်စုံနှင့် ဝိုင်ကောင်းများ အပြည့်ရှိနေသဖြင့် လူတိုင်း သွားရည်ကျစရာပင်။ ခွက်ချင်းတိုက်သံများ၊ ရယ်မောသံများနှင့်အတူ ဝန်းကျင်တစ်ခုလုံး ပျော်ရွှင်မှုများ လွှမ်းမိုးနေသည်။
ဤစားသောက်ပွဲမှာ ထိုနေ့က ရှန်မို၏ အံ့မခန်း အောင်မြင်မှုအတွက် ဂုဏ်ပြုခြင်းပင် ဖြစ်သည်။ လေးလံသောရေ အအေးလွန်ကဲ ဆေးလုံးထက် သာလွန်သည့် ဆေးလုံးကို သူ အောင်မြင်စွာ ဖော်စပ်နိုင်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ ဂုဏ်သရေရှိလှသော ဆေးဖော်စပ်ခြင်း ဆရာကြီး အကြီးအကဲချင်းမုပင်လျှင် ရှုံးနိမ့်မှုကို လက်ခံသွားခဲ့ရ၏။ ဤသတင်းမှာ နန်းမြို့တော်တစ်ခုလုံးတွင် တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့ပြီး လူသားများနှင့် ကျင့်ကြံသူများစွာတို့ စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။ အားလုံး အဘယ်ကြောင့် ဝမ်းမသာဘဲ နေပါမည်နည်း။
အရက်အနည်းငယ် သောက်ပြီးသည့်နောက် ကျင့်ကြံသူ အများအပြားမှာ ဝန်းအတွင်း၌ပင် မူးရူးလဲလျောင်းနေကြပြီ ဖြစ်သည်။ ကျင့်ကြံသူများအတွက် မူးရူးခြင်းမှာ ကိစ္စမဟုတ်ပေ။ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုလိုက်ရုံဖြင့် အရက်ရှိန်ကို ချက်ချင်း ပြယ်သွားစေနိုင်သည်။ သို့သော် ဤကဲ့သို့ ပျော်ရွှင်စရာ ကောင်းသော အချိန်တွင် အဘယ်ကြောင့် မူးရူးခြင်းကို မခံစားဘဲ နေလိမ့်မည်နည်း။
ရှန်မိုသည် ဝန်းအတွင်း နေရာအနှံ့ လဲလျောင်းနေကြသော ကျင့်ကြံသူများကို ကြည့်ကာ ပြုံးမိသည်။
ထို့နောက် သူ တစ်ချက်ခုန်လိုက်ရုံဖြင့် အမြင့်ဆုံး ခေါင်မိုးပေါ်သို့ ရောက်သွား၏။ ညဦးလေအေးလေးမှာ သူ့မျက်နှာကို လာတိုးသဖြင့် မူးချင်သလို ဖြစ်နေသည်များ တဖြည်းဖြည်း ပြေလျော့သွားသည်။
"မသောက်တော့ဘူးလား… ဘာလို့ ဒီအပေါ်ကို တက်လာတာလဲ"
အနောက်ဘက်မှ အမျိုးသမီး အသံတစ်ခု ထွက်လာသည်။ သူ လှည့်မကြည့်ရသေးခင်မှာပင် နူးညံ့ပြီး မွှေးပျံ့သော ကိုယ်သင်းနံ့လေးနှင့် လူတစ်ယောက် သူ့ရင်ခွင်ထဲသို့ တိုးဝင်လာ၏။ မူယုံးယွဲ့ပင်။ သူသည် ပုံမှန်အားဖြင့် စဉ်းစားဆင်ခြင်ဉာဏ်ရှိသူဖြစ်ပြီး အရက်သောက်ခဲလှသည်။ သို့သော် ဒီညတွင်တော့ ပျော်လွန်းသဖြင့် ပုံမှန်ထက် ပိုသောက်ထားမိပုံရ၏။ ဖြူဝင်းသော ပါးပြင်လေးများသည် ပန်းသီးမှည့်လေးလို နီမြန်းနေလေသည်။ သူ ထမသွားဘဲ နူးညံ့သော လက်မောင်းလေးဖြင့် ရှန်မို၏ လည်ပင်းကို ဖက်ထားလိုက်ပြီး ရုတ်တရက်
"ကျွန်မကို နမ်းပါ"
ရှန်မိုက ရယ်မောလိုက်ပြီး
"ဆရာမက ဒီနေ့ တော်တော်လေး ပွင့်လင်းနေပါလား"
မူယုံးယွဲ့မှ
"ဒီည တမင်တကာ မူးအောင် သောက်ထားတာလေ"
ရှန်မိုလည်း ရယ်မောလျက် ခေါင်းငုံ့ကာ သူမကို နမ်းလိုက်ပါတော့သည်။ သူတို့၏ နှုတ်ခမ်းချင်း ထိတွေ့သွားသောအခါ အေးမြမှုက ရှန်မို၏ ရင်ထဲတွင် လှိုင်းထသွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဆက်သွားလေ..."
မူယုံးယွဲ့က ခပ်တိုးတိုးလေး ပြော၏။ ရှန်မို ပြုံးလိုက်ပြီး ရမ္မက်တောင်တန်းများပေါ်သို့ တက်လှမ်းရန် ပြင်လိုက်သည်။
ထိုအချိန်၌ ကောင်းကင်ယံသို့ စွမ်းအင်လှိုင်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး သူတို့၏ အာရုံကို ဆွဲဆောင်သွား၏။
ရှန်မို ချက်ချင်း ခေါင်းလှည့်ကြည့်ကာ
"ဟင်… ဒါ ကျိုးမင်ယီရဲ့ စွမ်းအင်ပဲ"
မူယုံးယွဲ့လည်း ချက်ချင်း အမူးပြယ်သွားပြီး ပါးပေါ်မှ နီမြန်းမှုများ ပျောက်ကွယ်သွားသည်။ သူ ချက်ချင်း တိုက်ခိုက်ရန် အသင့်ဖြစ်နေသည့် ကျားသစ်တစ်ကောင်ကဲ့သို့ တင်းမာသွား၏။ သို့သော် ရှန်မို လှည့်ကြည့်လိုက်သည့်အခါတွင်မူ အမူးသမားပုံစံ ပြန်လုပ်ကာ သူ့ နားထင်ကို ဖိထားရင်း
"ရှန်မို... ငါ အရမ်းမူးနေပြီ… သွားနားဖို့ ခေါ်သွားပါဦး"
သူ ညည်းတွားပြပြန်သည်။ ရှန်မိုလည်း ပြုံး၍ ခေါင်းငြိမ့်ပြ၏။
"ငါ နတ်ဘုရားပြောင်းလဲအဆင့် အထွတ်အထိပ်ကို ရောက်ပြီဟေ့… လုပ်နိုင်သွားပြီ”
ဝန်းအတွင်းမှ ကျယ်လောင်သော ရယ်မောသံကြီး ထွက်ပေါ်လာသည်။
“မိတ်ဆွေရှန်မို… မိတ်ဆွေရှန်မို ဘယ်မှာလဲ… ခင်ဗျားရဲ့ ထောင်ချီ အစွန်းရောက် အအေးဓာတ်ဆေးလုံးအတွက် ကျေးဇူးအများကြီး တင်ပါတယ်ဗျာ”
ကျိုးမင်ယီသည် ခေါင်မိုးပေါ်သို့ မြားတစ်စင်းလို လျင်မြန်စွာ ရောက်လာ၏။ သို့ရာတွင် သူ အရင်ဆုံး မြင်လိုက်ရသည်မှာ ရှန်မိုနှင့် မူယုံးယွဲ့တို့ ဖက်ထားကြသည်ကိုပင်။ သူ့ရယ်မောသံကြီး ချက်ချင်း ရပ်သွားပြီး နေရခက်စွာ ခေါင်းကုတ်လျက်
“အဲ... ကျွန်တော် လာတာ အချိန်မတော် ဖြစ်သွားသလား"
ရှန်မို နှုတ်ခမ်းကို မဲ့လိုက်ပြီး
"ခင်ဗျား ဘယ်လိုထင်လို့လဲ"
မူယုံးယွဲ့ကလည်း ရှန်မို၏ နောက်ကွယ်မှနေ၍ ကျိုးမင်ယီကို မျက်စောင်းထိုးလိုက်သည်။
ကျိုးမင်ယီ ချောင်းဟန့်ကာ
"ကျွန်တော် ပြန်ထွက်သွားရမလား"
ရှန်မို လက်ကာပြလိုက်ပြီး
"ထားလိုက်ပါတော့… ကျွန်တော်ပဲ သွားတော့မယ်… ဆရာမ... အရင်ဆုံး အခန်းထဲ လိုက်ပို့ပေးမယ်… ပြီးမှ ကျွန်တော် အပြင် ခဏထွက်လမ်းလျှောက်မယ်"
"အင်း... ကောင်းပြီ..."
မူယုံးယွဲ့မှာ ခေါင်းကို ကိုင်ထားဆဲပင်။ သို့သော် ကျိုးမင်ယီဘေးမှ ဖြတ်သွားသည့်အခါတွင်တော့ သူ့ကို ပြင်းထန်သော အကြည့်ဖြင့် စူးရှစွာ ကြည့်သွားခဲ့သည်။ ကျိုးမင်ယီမှာ ထပ်ပြီး ချောင်းဟန့်နေရုံသာ တတ်နိုင်သည်။
ထောင်ချီ အစွန်းရောက် အအေးဓာတ်ဆေးလုံး၏ အာနိသင်မှာ အံ့မခန်းလှသဖြင့် သူ့ကို နတ်ဘုရားပြောင်းလဲခြင်းအဆင့် အထွတ်အထိပ်သို့ ချက်ချင်း ရောက်ရှိစေခဲ့ခြင်း ဖြစ်သည်။ သူ ရင်ခုန်လွန်း၍သာ ပြေးလာခြင်း ဖြစ်သော်လည်း သူတို့နှစ်ယောက်... ထိုကဲ့သို့ ဖြစ်နေစဉ် ရောက်သွားမိမည်ဟု မည်သူက ထင်ပါမည်နည်း။
…
မူယုံးယွဲ့ကို အခန်းထဲ ပို့ပေးပြီးနောက် ရှန်မို သိပ်ကြာကြာ မနေဘဲ ထျန်းဟီ ကုန်သည်ကြီးများအသင်းမှ ထွက်လာခဲ့သည်။ သူ လျင်မြန်သော ခုန်ပျံမှုအချို့ဖြင့် နန်းမြို့တော်၏ အပြင်ဘက်သို့ ရောက်ရှိလာ၏။ ရှေ့သို့ ဆက်သွားရန် ရည်ရွယ်ထားသော်လည်း ရုတ်တရက် ခံစားချက်တစ်ခုကြောင့် ရပ်လိုက်မိသည်။ သူ၏ ကံကြမ္မာစနစ်ကို စစ်ဆေးကြည့်လိုက်သည့်အခါ မကြာသေးမီက ကံကောင်းမှုတစ်ခု ရရှိထားသည်ကို သတိပြုမိသွားပြီး ပြုံးလိုက်လေသည်။
"ဪ... ဒီလိုကိုး..."
ဤနေရာရှိ မြင့်မားသော တောင်တန်းကြီးများမှာ ကောင်းကင်သို့ ထိုးတက်နေ၏။ ရှန်မိုသည် တောင်ထိပ်တစ်ခုပေါ်သို့ တက်ကာ တင်ပျဉ်ခွေထိုင်ရင်း လတ်ဆတ်သော တောင်ပေါ်လေကို ခံစားကာ လစန္ဒာကို ကြည့်နေမိသည်။ သို့သော် တစ်ခုခုကြောင့် သူ၏ ခန္ဓာကိုယ်မှာ မငြိမ်မသက် ဖြစ်နေ၏။ သူ့ကိုယ်ထဲမှ ရှေးဟောင်း စွမ်းအားတစ်ခု ရုန်းထွက်ရန် ကြိုးစားနေသကဲ့သို့ပင်။
"ဒါ နတ်ဘုရားဆင်မင်း ငရဲနှိမ်နင်းခြင်းကျင့်စဉ်လား… ခုနက ဆရာမနဲ့ ရှိနေတုန်း သွေးတွေ အရမ်းဆူဝေသွားလို့ ဒီကျင့်စဉ်က သူ့ဘာသာ နိုးထလာတာ ဖြစ်မယ်"
ရှန်မိုသည် သူ၏ ပုံရိပ်ငယ် အခြေအနေကို စစ်ဆေးလိုက်သည်။ သူ မသိလိုက်ဘဲနှင့်ပင် နောက်ထပ် ဧရာမ ဆင်မင်း ၉ ကောင်၏ စွမ်းအားကို ဖွင့်နိုင်ခဲ့ပြီ ဖြစ်သည်။ ယခုဆိုလျှင် သူသည် ဆင်စွမ်းအင် အပိုင်းအစ (၃၀၀) အထိ အသက်သွင်းနိုင်ခဲ့ပြီ ဖြစ်ရာ ဧရာမ ဆင်မင်း (၃၀၀) ၏ အားမာန်ကို ရရှိထားလေပြီ။
"ဆင်မင်း တစ်ထောင်ရဲ့ အားမာန် ရဖို့က မဝေးတော့ဘူး… ငါ့ရဲ့ အနှစ်သာရကိုသာ ထိန်းထားနိုင်ရင် ကုမင် သွေးနတ်ဘုရား သိုလှောင်ရုံကနေ ထွက်မလာခင်မှာ စွမ်းအင် တစ်ထောင် ဖွင့်နိုင်ဖို့က မခက်ခဲပါဘူး"
ရှန်မို ခပ်ပါးပါး ပြုံးလိုက်၏။ ထို့နောက် တွန့်ဆုတ်မနေဘဲ သူ၏ ခန္ဓာကိုယ်အတွင်းမှ နတ်ဘုရားဆင်မင်းများ၏ အစွမ်းကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။ ထိုစွမ်းအားသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ဟိန်းဟောက်သွားပြီး မိုးခြိမ်းသံကဲ့သို့ မြည်ဟီးနေ၏။ လက်သီးတစ်ချက် ထိုးလိုက်ရုံဖြင့် တောင်တစ်လုံးမှာ ဖုန်မှုန့်အဖြစ် ကြေပျက်သွားလေသည်။ ခြေတစ်လှမ်း နင်းလိုက်ရုံဖြင့် မြေကြီးများ တုန်ခါကာ မြစ်ရေများမှာ ပြောင်းပြန် စီးဆင်းသွားတော့၏။ သို့သော် နောက်တစ်ခဏတွင် သူ့စိတ်ဝိညာဉ်စွမ်းအင်ကို သုံးကာ အရာအားလုံးကို မူလအတိုင်း အားစိုက်စရာမလိုဘဲ ပြန်ဖြစ်အောင် လုပ်လိုက်သဖြင့် အနီးနားရှိ ရွာသားများမှာ ဘာမှ မသိလိုက်ကြပေ။ မနက်ကျလျှင် ရွာသားများ နိုးလာသည့်အခါ မြို့တော်နှင့် သူတို့ကို ခြားထားသော တောင်ကြီး သုံးလုံး ပျောက်ကွယ်သွားသည်ကို တွေ့ရမည် ဖြစ်သော်လည်း အားလုံးမှာ ညတွင်းချင်း ဖြစ်သွားခြင်းပင်။
ရှန်မို စိတ်ကျေနပ်သွားသဖြင့် ပြန်ရန် ပြင်လိုက်စဉ်မှာပင် ညကောင်းကင်ယံကို ဖြတ်၍ ဓားအလင်းတစ်ခုက သူ့ဆီသို့ တည့်တည့် ဦးတည်လာသည်။ ရှန်မို မျက်မှောင်ကြုတ်မိသော်လည်း မခုခံပေ။ ထိုအစား ဓားအလင်း နီးကပ်လာသည်ကိုသာ ကြည့်နေ၏။ ထိုအရာမှာ ပို၍ ကြီးမားလာပြီး သူ၏ မြင်ကွင်းတစ်ခုလုံးကို လွှမ်းမိုးသွားကာ တစ်ကမ္ဘာလုံးတွင် ထိုဓားတစ်ချက်သာ ရှိတော့သကဲ့သို့ ခံစားရသော်လည်း ရှန်မိုကတော့ မလှုပ်မယှက် ရှိနေဆဲပင်။
ဒိန်း!
ဓားအလင်းသည် သူ၏ နဖူးနားတွင် ရပ်တန့်သွား၏။
“မင်းက တော်တော် သတ္တိရှိတဲ့ ကောင်လေးပဲ… ငါ မင်းကို သတ်လိုက်မှာ မကြောက်ဘူးလား"
အနောက်ဘက်မှ ရဲရင့်သော အသံတစ်ခု ထွက်လာသည်။ ရှန်မို လှည့်ကြည့်လိုက်သောအခါ ကျောက်တုံးကြီးတစ်ခုပေါ်တွင် ထိုင်နေသည့် အဖြူရောင် ဝတ်စုံဝတ် အဘိုးကြီးတစ်ဦးကို တွေ့လိုက်ရ၏။ သူ၏ ဘယ်ဘက်လက်တွင် ဝိုင်ဘူး ရှိပြီး ညာဘက်လက်တွင်တော့ ကြက်ကင်တစ်ကောင်ကို အားရပါးရ စားနေသည်။ ထိုသူမှာ ဓားအရှင်သခင်ပင်။
ရှန်မို ပြုံးလိုက်ပြီး
"စီနီယာ ဓားအရှင်သခင်က ပါရမီရှင်တွေကို တန်ဖိုးထားတတ်တာပဲ… ကျွန်တော့်ကို သတ်မှာ မဟုတ်ပါဘူး"
ကျီဖျင် အားရပါးရ ရယ်မောလိုက်ပြီး
"မင်းက အမြင်စူးရှတာပဲ… ငါ့ရဲ့ အားနည်းချက်ကို အကုန် မြင်နေတာကိုး"
ရှန်မိုကလည်း မတွန့်ဆုတ်ဘဲ သူ့ဘေးတွင် ဝင်ထိုင်လိုက်၏။ ထို့နောက် ကြက်ပေါင်တစ်ဖက်ကို ဆွဲဖဲ့ယူကာ အားနာခြင်းမရှိဘဲ စားလိုက်လေသည်။ မကြာမီမှာပင် သူတို့နှစ်ဦး ကြက်ကင်တစ်ကောင်လုံးကို ကုန်အောင် စားလိုက်ကြပြီး ရှန်မိုတစ်ယောက် ဝိုင်ကိုလည်း အတော်များများ သောက်လိုက်သေး၏။
ကျီဖျင် သက်ပြင်းချရင်း
"အဲဒါ ရနံ့တစ်ရာဥယျာဉ်က အကောင်းဆုံး ကြက်ကင်လေ… တစ်ကောင်ကို စိတ်ဝိညာဉ်ကျောက်တုံး (၅) တုံးတောင် ပေးရတာ… ငါ အရမ်းကြိုက်တာကို အခုတော့ မင်းက အကုန်စားပစ်လိုက်ပြီ"
ရှန်မို အားရပါးရ ရယ်မောကာ
"စီနီယာ ဓားအရှင်သခင်က ကျောက်စိမ်းပင်လယ်မြို့မှာ (၁၀) နှစ်ကြာ စောင့်ရှောက်ပေးရမှာ မဟုတ်ဘူးလား… ဘယ်လိုကြောင့် နန်းမြို့တော်ကို ရောက်လာတာလဲ"
ကျီဖျင် လိမ္မာပါးနပ်စွာ ပြုံးလိုက်ပြီး
"အဲဒါက ဟို နဂါးအိုကြီးကို လှည့်စားထားတာလေ… ငါက ကျောက်စိမ်းပင်လယ်မြို့မှာ (၁၀) နှစ်လုံးလုံး တကယ် ထိုင်နေမယ် ထင်လို့လား… အဲဒါက အရမ်း ပျင်းစရာကောင်းတာပေါ့… ဒါပေမဲ့ သူသာ တကယ် လာတိုက်ရင် ငါ ချက်ချင်း ပြန်ရောက်နိုင်တယ်… ပြဿနာ မရှိပါဘူး"
ရှန်မို၏ မျက်လုံးများမှာ ဝင်းလက်သွားသည်။ ၎င်းမှာ ကိုယ်ပွားဖန်တီးသည့် ကျင့်စဉ်တစ်ခုခု ဖြစ်နိုင်၏။
"အဲဒီအကြောင်းတွေ ထားလိုက်ပါတော့"
ကျီဖျင်မှဆက်၍
“ကောင်လေး... မင်းက ဆေးဖော်စပ်တဲ့ နေရာမှာ ဆရာကြီးတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားဘူး… ဒီနေ့ မင်းက ဟိုမြေခွေးအို ချင်းမုကိုတောင် ကျော်တက်သွားတာပဲ… အထင်ကြီးစရာပဲ"
ဓားအရှင်သခင်မှ လက်မထောင်ပြကာ ချီးကျူးလိုက်ပါတော့သည်။