← Chapters

ရွှေရောင်ကံကြမ္မာ

Vol. 24 Ch. 357

ရွှေရောင်ကံကြမ္မာ

Vol. 24 Ch. 357

အချိန်မှာ ညဉ့်နက်လာပြီ ဖြစ်သည်။

ရှန်မို ထျန်းဟီ ကုန်သည်ကြီးများအသင်းသို့ ပြန်လာပြီးနောက် သူ့အခန်းထဲတွင် တင်ပျဉ်ခွေ ထိုင်လိုက်၏။ အသင်းမှ မထွက်ခွာမီကပင် သူ ဓားအရှင်သခင်နှင့် တွေ့ဆုံရမည်ကို ကြိုတင်မြင်ခဲ့ပြီး ဖြစ်သော်လည်း ယခုကဲ့သို့ အရေးကြီးသော သတင်းအချက်အလက်များကို ရရှိလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။

"ကောင်းကင်ဘုံ အလိုတော်..."

"သူ့ရဲ့ စဉ်းစားပုံက သိပ်ပြီး အဆင်မပြေသလိုပဲ… နည်းနည်းလည်း တစ်ဖက်သတ် ဆန်တယ်"

ရှန်မို ထိုအတွေးကို ခေါင်းထဲမှ ထုတ်ပစ်လိုက်ပြီး သူ့ရှေ့ရှိ ချင်းလွမ်း သွေးအနှစ်ကိုသာ အာရုံစိုက်လိုက်သည်။ ထိုအရာသည် တစ်ကိုယ်လုံး နီရဲနေပြီး မှိန်ပျပျ မီးအလင်းရောင်အောက်တွင် နီမြန်းသော သလင်းကျောက်ကဲ့သို့ တောက်ပနေသည်။ အသေအချာ နားစွင့်ကြည့်လျှင် ရှေးဟောင်းကာလများဆီမှ ဖြတ်သန်းလာသော စူးရှသည့် အော်ဟစ်သံတစ်ခု ထွက်ပေါ်နေသကဲ့သို့ပင်။ ထိုအသံသည် စိတ်အာရုံ ထွေပြားမှုများကို ကြည်လင်စေပြီး မကောင်းသော အငွေ့အသက်များအား ပယ်ဖျက်ပေးနိုင်သည့် ထူးခြားသော စွမ်းအားရှိရာ ရှန်မို၏ စိတ်ကို ချက်ချင်း တည်ငြိမ်သွားစေသည်။

သူ စိတ်ကို ထိန်းချုပ်ကာ စတင်မွမ်းမံတော့၏။ သူ့လက်များမှ သွေးစွမ်းအင်လွှာများ ထွက်ပေါ်လာပြီး ချင်းလွမ်း သွေးအနှစ် တစ်ခုလုံးကို ဖုံးလွှမ်းလိုက်သည်။

ဘုံး!

သွေးစွမ်းအင်သည် နေရောင်ခြည်နှင့် တူပြီး သွေးအနှစ်သည် နှင်းလုံးနှင့် တူနေ၏။ သို့သော် ဤနေရောင်ခြည်သည် နွေးထွေးခြင်း မရှိဘဲ နှင်းလုံးမှာလည်း အလွန်အမင်း အေးစက်လှသည်။ နာရီပေါင်းများစွာ ကြာသွားသော်လည်း သွေးအနှစ်မှာ လျော့ပါးသွားသည့် အရိပ်အယောင် မရှိပေ။ တစ်နေ့လုံး ကုန်လွန်သွားပြီးနောက်မှ ရှန်မို သွေးစွမ်းအင် တစ်မျှင်စာကိုသာ မွမ်းမံနိုင်လေသည်။

ထိုတစ်မျှင်စာ စွမ်းအင်သည် သူ့ကိုယ်ထဲ ရောက်သွားသည်နှင့် အသက်ရှိသော ချင်းလွမ်းတစ်ကောင် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်တိုက်လိုက်သကဲ့သို့ပင်။ ၎င်းမှာ ရူးသွပ်စွာ သောင်းကျန်းတော့၏။

"နှိမ်နင်းစမ်း”

ရှန်မို ဟိန်းဟောက်လိုက်ပြီး သူ့ဧရာမ ဆင်မင်းစွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။ ထိုအခါမှသာ သွေးစွမ်းအင်သည် အသံတိုးတိုးဖြင့် ငြိမ်ကျသွားပြီး သူ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာတော့၏။ ဤသွေးစွမ်းအင် တစ်မျှင်တည်းကို အကုန်အစင် ဖော်စပ်နိုင်ရန် နောက်ထပ် နှစ်ရက် ကြာမြင့်လေသည်။

သူ့အတွင်း၌ ရှေးဟောင်း သတ္တဝါကြီးတစ်ကောင်၏ ဟိန်းဟောကိသံတစ်ခု ပဲ့တင်ထပ်သွားပြီး ဝေးလံသော ကမ္ဘာဦးကာလမှ ဧရာမ ဆင်မင်းကြီးတစ်ကောင် နိုးထလာသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအသံသည် ထျန်းဟီ ကုန်သည်ကြီးများအသင်း တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသဖြင့် လူတိုင်း လန့်ဖျပ်သွားကြ၏။ ရှန်မိုကိုယ်တိုင်လည်း အံ့သြသွားရသည်။ ချင်းလွမ်း သွေးအနှစ်၏ တစ်မျှင်စာ စွမ်းအင်လေးကပင် ဧရာမ ဆင်အစိတ်အပိုင်းတစ်ခုကို ဖွင့်ပေးနိုင်ပြီး ဆင်မင်းတစ်ကောင်၏ စွမ်းအားကို နိုးထစေနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"အဆင့် ၇ နတ်ဆိုးသတ္တဝါရဲ့ သွေးအနှစ်သာရ ဖြစ်ထိုက်ပါပေတယ်"

ရှန်မို၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ ဤသွေးအနှစ်သည် သူ့အတွက် အချိန်အတော်ကြာ အသုံးဝင်နေဦးမည် ဖြစ်၏။ ဧရာမ ဆင်မင်း တစ်ထောင်၏ စွမ်းအားကို ရရှိလျှင် သူ သဘာဝအတိုင်း အဆင့်တက်နိုင်လိမ့်မည်။ ထိုအချိန်တွင် 'ကောင်းကင်နှင့် မြေကမ္ဘာ မဟာမီးဖိုကျင့်စဉ်' ကိုပါ ကျွမ်းကျင်သွားပါက ချင်းလွမ်း သွေးအနှစ်ကိုသာမက လောကရှိ အရာအားလုံးကို ယခုထက် ပိုမိုမြန်ဆန်စွာ မွမ်းမံဖော်စပ်နိုင်တော့မည် ဖြစ်၏။

…

အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားပြီးနောက် ဓားအရှင်သခင်၏ မွေးနေ့စားသောက်ပွဲနေ့သို့ ရောက်ရှိလာခဲ့သည်။ ဤနေ့တွင် နန်းမြို့တော် တစ်ခုလုံး၌ မီးအိမ်များနှင့် အလံများဖြင့် တန်ဆာဆင်ထားပြီး ပျော်ပွဲရွှင်ပွဲ အငွေ့အသက်များ လွှမ်းခြုံနေသည်။ တော်ဝင်မိသားစုသည် မြို့တော်၏ စည်ကားသော လမ်းမများတွင် စတုဒိသာ စားသောက်ပွဲများကို ခင်းကျင်းပေးထား၏။

နန်းတော်အတွင်း၌မူ ပိုမို ခမ်းနားသော စားသောက်ပွဲကြီး စတင်နေပြီ ဖြစ်သည်။ ရွှေရောင်ဝင်းနေသော နန်းဆောင်ကြီးအတွင်း မီးအိမ်များကို အမြင့်တွင် ချိတ်ဆွဲထားပြီး အလံများ တလွှင့်လွှင့် ရှိနေသည်။ ဧကရာဇ်ကျင်းသည် နဂါးပလ္လင်ပေါ်တွင် ထိုင်နေပြီး ဩဇာကြီးသော ဂိုဏ်းအသီးသီးမှ ကိုယ်စားလှယ်များမှာ လှေကားထစ်၏ ဝဲယာဘက်တွင် နေရာယူထားကြ၏။

လက်ဝဲဘက်တွင် နန်းတော်နှင့် ရင်းနှီးဆုံးဖြစ်သော ဝိညာဉ်တော်ဂိုဏ်းရှိပြီး လက်ယာဘက်၌ ဂိုဏ်းကြီး ရှစ်ဂိုဏ်းထဲတွင် အချမ်းသာဆုံးနှင့် ကြားနေဝါဒကို ကျင့်သုံးသော ထျန်းဟီဂိုဏ်းမှ နေရာယူထားသည်။

ချန်းယွမ်ဂိုဏ်းနှင့် ဓားရူးမဟာမိတ်အဖွဲ့တို့မှာတော့ နှစ်ပေါင်း ထောင်ချီ ရန်ငြိုးရှိသဖြင့် သူတို့ကို တစ်ဖက်စီ ခွဲထားရသည်။ သို့သော်လည်း အချင်းချင်း တစ်ဦးကိုတစ်ဦး သတ်မတတ် ကြည့်နေကြ၏။

နန်းတော်နှင့် ဆက်ဆံရေး အညံ့ဆုံး ဖြစ်သည့် ကျောက်စိမ်းဂိုဏ်းကိုတော့ တမင်တကာ လက်ယာဘက် အစွန်ဆုံးတွင် နေရာပေးထားလေ၏။

ရှန်မိုမှာ ထိုအရာများကို ဂရုမစိုက်ပေ။ ဤကလေးဆန်သော လှည့်ကွက်များသည် သူ့အတွက် အဓိပ္ပာယ်မရှိလှချေ။ သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဂိုဏ်းကိုယ်စားလှယ် အားလုံး ရောက်နေကြပြီဖြစ်သော်လည်း ပွဲ၏ အဓိက ပုဂ္ဂိုလ်ဖြစ်သူ ဓားအရှင်သခင် ကျီဖျင်မှာမူ မရောက်သေးပေ။

ကျောက်စိမ်းဂိုဏ်းမှ လူများ နေရာယူပြီးသည်နှင့် ချန်ယွမ်ဂိုဏ်းနှင့် ပင်လယ်နတ်ဘုရားကျွန်းမှ ကိုယ်စားလှယ်များ ချက်ချင်း ရောက်လာကြသည်။ သူတို့မှာ ရှန်မိုနှင့် ရင်းနှီးပြီးသားဖြစ်သော တုချန်းချင်း နှင့် ရှီကျင့်ထျန်း တို့ ဖြစ်ကြသည်။

ရှီကျင့်ထျန်းမှ ပြုံးလျက်

"မယုံနိုင်စရာပဲ အစ်ကိုရှန်ရယ်… ကျွန်တော်တို့ မြို့တော်ကို ရောက်တာ မကြာသေးပေမဲ့ ခင်ဗျားရဲ့ အံ့မခန်း စွမ်းဆောင်မှုကို ကြားလိုက်ရတယ်… ကောင်းကင်အဆင့် အဆင့်နိမ့်ဆေးလုံးကို တကယ် ဖော်စပ်နိုင်ခဲ့တာပဲ… ကျွန်တော့်အတွက်လည်း အဲဒီလို ဆေးလုံးမျိုး လုပ်ပေးဦးလေ"

တုချန်းချင်းမှာ ပိုပြီး တည်ငြိမ်ကာ လေးစားမှု အပြည့်ဖြင့်

"အစ်ကိုရှန်က ဆေးဖော်စပ်တဲ့ နေရာမှာ ဒီလောက် ကျွမ်းကျင်လိမ့်မယ်လို့ မထင်ထားဘူး… ဆရာကြီးချင်းမု ကိုယ်တိုင်တောင် ချီးကျူးရတယ်ဆိုတော့ တကယ် အထင်ကြီးစရာပဲ"

ရှန်မိုလည်း ပြုံးကာ ပြန်လည် နှုတ်ဆက်လိုက်သည်။

ထို့နောက် သူတို့နေရာသို့ ပြန်သွားကြပြီး ရှီကျင့်ထျန်းမှာမူ ဟန်ဆောင်မှုမရှိဘဲ စားပွဲပေါ်ရှိ အစားအစာများကို အငမ်းမရ စားသောက်နေသဖြင့် နန်းတွင်းသူများနှင့် မိန်းမစိုးများပင် ခိုးရယ်ကြရလေ၏။

…

ကျီဖျင် မရောက်လာသေးမီ ရှန်မိုသည် နန်းဆောင်အတွင်းရှိ လူများကို အကဲခတ်နေ၏။ ဤပွဲသို့ တက်ရောက်ခွင့်ရသူများသည် ဂိုဏ်းအသီးသီး၏ အမာခံ ပုဂ္ဂိုလ်များ ဖြစ်ကြပြီး ခေါင်းဆောင်များ ကိုယ်တိုင် မလာသော်လည်း သူတို့၏ ဆက်ခံမည့်သူ လူငယ်များကို လွှတ်လိုက်ခြင်း ဖြစ်သည်။

ရှန်မို၏ အကြည့်သည် ဝိညာဉ်တော်ဂိုဏ်းမှ သန်မာသော လူငယ်တစ်ဦးထံတွင် ရပ်တန့်သွားသည်။

"စိတ်ဝင်စားဖို့ကောင်းသားပဲ… သူ့ရဲ့ ကံကြမ္မာက သိုင်းဘိုးဘေးရဲ့ ဆက်ခံသူ ဖြစ်နေတာလား"

ထိုလူငယ်သည်လည်း ရှန်မို၏ အကြည့်ကို သတိပြုမိသွားပြီး ဖော်ရွေသော အပြုံးဖြင့် တုံ့ပြန်သည်။ သို့သော် ထိုနွေးထွေးသော အပြုံးအောက်တွင် အမှောင်ထဲ၌ ချောင်းမြောင်းနေသော မြွေဆိုးတစ်ကောင်၏ အဆိပ်စွယ်များကဲ့သို့ ရက်စက်မှုများ ကိန်းအောင်းနေသည်ကို ရှန်မို မြင်နေရသည်။ ရှန်မိုကလည်း ပြန်ပြုံးပြပြီး ခေါင်းငြိမ့်လိုက်၏။

ကံကြမ္မာမှ သတ်မှတ်ထားသော အနာဂတ်တွင် ကျောက်စိမ်းဂိုဏ်းကို ပထမဆုံး စတင် တိုက်ခိုက်မည့်သူများမှာ ဝိညာဉ်တော်ဂိုဏ်းနှင့် အရိပ်ခန်းမတို့ ဖြစ်ကြောင်း သူ မမေ့သေးပေ။ ဤ သန့်ရှင်းသော သားတော်ဟု ခေါ်သူမှာ ရိုးသားယောင် ဆောင်နေသော်လည်း တကယ်တမ်းတွင်မူ အခွင့်အရေးရသည်နှင့် အသေအလဲ တိုက်ခိုက်မည့် ရက်စက်သော ကြံစည်သူတစ်ဦးသာ ဖြစ်၏။

ရှန်မိုသည် သူ၏ ကံကြမ္မာစနစ်ကို အသေးစိတ် စစ်ဆေးလိုက်သည်။

အမည်: လင်းတုန်းထျန်း

ကျင့်ကြံမှုအဆင့်: နတ်ဘုရားပြောင်းလဲခြင်း အစောပိုင်းအဆင့်

ကံကြမ္မာ: မွေးရာပါ သန့်ရှင်းသောသားတော်၊ ကောင်းကင်ကို ဆန့်ကျင်သော ကံကောင်းမှု၊ သိုင်းဘိုးဘေး ဆက်ခံသူ၊ အကျပ်အတည်းတွင် မတုန်လှုပ်သူ၊ ဘေးဒုက္ခနှင့် ကံကောင်းခြင်း ရောယှက်နေသူ၊ ပုံမှန်မဟုတ်သော အလိုဆန္ဒ၊ သန့်ရှင်းသော မိုးကြိုး သိုင်းဝိညာဉ်။

အနာဂတ်: နောက်နှစ်ပေါင်း ၆၀ တွင် သူသည် နတ်ဘုရားနန်းတော်အဆင့်သို့ ရောက်ရှိပြီး ကောင်းကင်ဘုံ အလိုတော်အရ နတ်ဆိုး ပင်လယ်သို့ ဆင့်ခေါ်ခံရလိမ့်မည်။ ထိုနေရာတွင် နတ်ဆိုးဘုရင် အများအပြားကို သတ်ဖြတ်လိမ့်မည်။ နောက်ဆုံးတွင် ဟင်းလင်းပြင် ဝဲဂယက်အတွင်းသို့ ဆွဲခေါ်ခံရပြီး ဤကမ္ဘာငယ်လေးမှ ထွက်ခွာသွားလိမ့်မည်။ ကမ္ဘာကြီးအတွင်းသို့ ရောက်ရှိသည့်အခါ သူသည် ဆက်လက် ကြီးထွားလာပြီး ယခင် သိုင်းဘိုးဘေးကို ကိုယ်တိုင် သတ်ဖြတ်ကာ သိုင်းဘိုးဘေး ဘွဲ့ထူးကို ရယူလိမ့်မည်။

ရှန်မို မျက်ခုံးပင့်လိုက်မိ၏။

လင်းတုန်းထျန်း၏ ကံကြမ္မာမှာ ဤကမ္ဘာမှ ထွက်ခွာပြီး အခြားကမ္ဘာသို့ သွားရမည့် ရွှေရောင် ကံကြမ္မာ ဖြစ်နေသည်။ ရှောင်ဖန်နှင့် ယဲ့ယန်တို့၏ အနီရောင် ကံကြမ္မာထက်ပင် တစ်ဆင့် မြင့်နေသည်။

ရှန်မို၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး လင်းတုန်းထျန်း၏ ကံကြမ္မာကို ပိုမို အသေးစိတ် စတင်လေ့လာတော့သည်။

All Chapters