← Chapters

ငါက လိုရင်းပဲပြောတတ်တယ်

Vol. 24 Ch. 358

ငါက လိုရင်းပဲပြောတတ်တယ်

Vol. 24 Ch. 358

[မွေးရာပါ သန့်ရှင်းသောသားတော် - အနီရောင်ကံကြမ္မာ။ သင်သည် သန့်ရှင်းသောသားတော်အဖြစ် မွေးဖွားလာခဲ့ပြီး မွေးဖွားချိန်တွင် ကောင်းကင်ယံ၌ အတိုင်းအဆမဲ့သော အလင်းတန်းများ ထွန်းလင်းခဲ့သည်။ ငယ်စဉ်ကတည်းက စည်းစိမ်ချမ်းသာများကြားတွင် ကြီးပြင်းခဲ့ပြီး ကျင့်ကြံခြင်း အရင်းအမြစ်များ ဘယ်သောအခါမှ မပြတ်လပ်ခဲ့ပေ။]]

[ကောင်းကင်ကို ဆန့်ကျင်သော ကံကောင်းမှု - ရွှေရောင်ကံကြမ္မာ။ သင့်ကံကြမ္မာသည် ထူးကဲသည်ထက်ပင် သာလွန်နေသည်။ အကယ်၍ ကံကောင်းခြင်းနတ်ဘုရား တကယ်ရှိခဲ့လျှင် သာမန်ပါရမီရှင်များသည် သူ၏ သားသမီးများသာ ဖြစ်သော်လည်း သင်... သင်ကတော့ သူ၏ ဖခင်ပင် ဖြစ်ပေလိမ့်မည်။]

[သိုင်းဘိုးဘေး ဆက်ခံသူ - အနီရောင်ကံကြမ္မာ။ အသက်သုံးနှစ်အရွယ်တွင် ကံကြမ္မာ၏ လမ်းညွှန်မှုဖြင့် သင်သည် ဝိညာဉ်တော်ဂိဏ်းရှိ ထပ်ခိုးတစ်ခုပေါ်သို့ တက်ခဲ့ပြီး ဖုန်တက်နေသော သာမန်သေတ္တာတစ်ခုအတွင်းမှ ကြာမြင့်စွာကတည်းက ပျောက်ဆုံးနေသော 'အရပ်ရှစ်မျက်နှာ သိုင်းဘိုးဘေး ကျမ်းစာအုပ်' ကို ရှာဖွေတွေ့ရှိခဲ့သည်။ သင်သည် သိုင်းဘိုးဘေး၏ ဆက်ခံသူများထဲမှ တစ်ဦးဖြစ်သည်။]

[ဘေးဒုက္ခကြီးများမှ လွတ်မြောက်သူ - အနီရောင်ကံကြမ္မာ။ သင့်ဘဝတွင် ဘေးဒုက္ခများစွာနှင့် ရင်ဆိုင်ရမည်မဟုတ်သော်လည်း ရင်ဆိုင်ရသည့် အခါတိုင်းတွင် အမြဲ အသက်ရှင်လွတ်မြောက်လိမ့်မည်။]

[ဘေးမှ ကံကောင်းခြင်းသို့ - ရွှေရောင်ကံကြမ္မာ။ ဘေးဒုက္ခတစ်ခုနှင့် ကြုံတွေ့ရတိုင်း မထင်မှတ်ထားသော အခွင့်အလမ်းတစ်ခု အမြဲတမ်း ပေါ်ပေါက်လာလိမ့်မည်။]

[ပုံမှန်မဟုတ်သော အလိုဆန္ဒ - အဖြူရောင်ကံကြမ္မာ။ သင့်အကြိုက်မှာ အနည်းငယ်... ထူးခြားသည်။ သင်သည် စိတ်တူကိုယ်တူ သူငယ်ချင်းများနှင့်အတူ ဓားချင်းယှဉ်ပြိုင် ကစားရသည်ကို နှစ်သက်သည်။]

[သန့်ရှင်းသော မိုးကြိုး သိုင်းဝိညာဉ် ခန္ဓာ - ရွှေရောင်ကံကြမ္မာ။ သူတော်စင်အဆင့် ခန္ဓာကိုယ်ဖြစ်သည်။ သင့်ခန္ဓာကိုယ်သည် အလွန်အမင်း အစွမ်းထက်ပြီး အနည်းဆုံး နတ်ဘုရားနန်းတော်အဆင့်သို့ ရောက်ရန် ကံပါလာသူဖြစ်သည်။ အလွန်စွမ်းအားကြီးသော ရှေးဟောင်းသိုင်းဝိညာဉ်တစ်ခုသည် သင့်အတွင်း၌ ကိန်းအောင်းနေသည်—သူသည် တစ်ချိန်က အရပ်ရှစ်မျက်နှာကို သိမ်းပိုက်ရာတွင် သိုင်းဘိုးဘေးနောက်သို့ လိုက်ပါခဲ့သော စစ်သူကြီးကြီးတစ်ဦး ဖြစ်သည်။ သူကွယ်လွန်ပြီးနောက် သူ၏ဝိညာဉ်သည် နှစ်ပေါင်းများစွာ လွင့်မျောနေခဲ့ပြီးမှ ဤကမ္ဘာငယ်လေးတွင် လာရောက်အခြေချခဲ့သည်။ သူသည် သင့်ကို သခင်အဖြစ် အသိအမှတ်ပြုထားပြီး သင့်ဘဝတစ်လျှောက်လုံး ကာကွယ်ပေးလိမ့်မည်။ သင်၏ မိုးကြိုးဝိညာဉ်မြစ်ဖျားမှာလည်း ပြိုင်ဘက်ကင်းလှသဖြင့် လျှပ်စီးအခြေခံ သိုင်းပညာနှင့် နည်းစနစ်များကို လေ့ကျင့်ရာတွင် အားစိုက်မှု ထက်ဝက်ဖြင့် ရလဒ် နှစ်ဆ ရရှိလိမ့်မည်။]

ရှန်မိုသည် လင်းတုန်းထျန်း၏ ကံကြမ္မာစနစ်ကို ဖတ်ပြီးနောက် အလွန်အထင်ကြီးသွားမိသည်။

"ကောင်းကင်ကို ဆန့်ကျင်တဲ့ ကံကောင်းမှု… ဘေးကနေ ကံကောင်းခြင်းဆီ… သန့်ရှင်းတဲ့ မိုးကြိုး သိုင်းဝိညာဉ် ခန္ဓာ”

ဤရွှေရောင်ကံကြမ္မာ သုံးခုနှင့်ဆိုလျှင် လင်းတုန်းထျန်း၏ အနာဂတ် အောင်မြင်မှုများသည် ရှောင်ဖန်နှင့် ယဲ့ယန်တို့ထက်ပင် သာလွန်နေသည်မှာ မဆန်းတော့ပေ။ ရှန်မို၏ မျက်လုံးများ အနည်းငယ် တည်ကြည်သွား၏။ သူ ဆက်၍ဖတ်ကြည့်လိုက်သည်။

[မကြာမီ ကြုံတွေ့ရမည့် အခွင့်အလမ်း ၁ - ဓားအရှင်သခင်၏ မွေးနေ့စားသောက်ပွဲအတွင်း ဧကရာဇ်ကျင်းထံမှ တရားဝင်ကတိတစ်ခု ရရှိလိမ့်မည်—မကြာမီတွင် မင်းသမီးကြီးနှင့် လက်ထပ်ကာ တော်ဝင်သမက်တော် ဖြစ်လာလိမ့်မည်။] [မကြာမီ ကြုံတွေ့ရမည့် အခွင့်အလမ်း ၂ - ဓားအရှင်သခင်၏ စားသောက်ပွဲအပြီးတွင် ဧကရာဇ်ကျင်းသည် သင့်အား ကောင်းကင်အဆင့် ရတနာဖြစ်သော တာအိုမူလအသီးကို ကိုယ်တိုင် လက်ဆောင်ပေးလိမ့်မည်။]

[မကြာမီ ကြုံတွေ့ရမည့် အခွင့်အလမ်း ၃ - သုံးနှစ်အကြာတွင် ဝိညာဉ်တော်ဂိုဏ်း၏ သိုင်းဝိညာဉ်ဂူအတွင်း သင်၏သိုင်းဝိညာဉ်နှင့် ပေါင်းစပ်မိပြီး ကောင်းကင်အဆင့် သိုင်းပညာဖြစ်သော 'အရပ်ရှစ်မျက်နှာ ဧကရာဇ်လက်ဝါး' ကို နားလည်သဘောပေါက်သွားလိမ့်မည်။]

[မကြာမီ ကြုံတွေ့ရမည့် အခွင့်အလမ်း ၄ - ...]

ရှန်မို့ မျက်ခုံးအနည်းငယ် တွန့်သွားသည်။ မင်းသမီးကြီးနှင့် လက်ထပ်ခြင်း၊ လျှို့ဝှက်စွာ တာအိုမူလအသီး ရရှိခြင်း သို့မဟုတ် သိုင်းဝိညာဉ်နှင့် ထိတွေ့ဆက်ဆံခြင်းများမှာ ကြားဖြတ်လုယူ၍ရသော အခွင့်အရေးများ မဟုတ်ပေ။ ကောင်းကင်ကို ဆန့်ကျင်သော ကံကောင်းမှုမှာ တကယ်ပင် ကွာခြားလှသည်။ သူ့ကံကြမ္မာများကိုပင် လုယူရန် ခက်ခဲလှ၏။

"ဒါပေမဲ့ နောက်နှစ်အနည်းငယ်ကြာလို့ ကုမင် ထွက်လာပြီး တိုက်ပွဲကြီးစတဲ့အခါကျရင်တော့ ကြားဖြတ်ဖို့ အခွင့်အရေးတွေ ရှိလာမှာပါ"

ရှန်မို စိတ်မပျက်သွားပေ။ ထိုအစား လင်းတုန်းထျန်း၏ အခြားအခွင့်အလမ်းအားလုံးကို မှတ်သားထားလိုက်သည်။ အချိန်တန်လျှင် သူ အရင်ဆုံး လက်ဦးမှုယူမည် ဖြစ်၏။

လင်းတုန်းထျန်း၏ ကံကြမ္မာစနစ်ကို ဆန်းစစ်နေသည်မှာ ကြာနေသကဲ့သို့ ထင်ရသော်လည်း တကယ်တမ်းတွင် ရှန်မိုသည် အရာအားလုံးကို မျက်တောင်တစ်ခတ်အတွင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်း အသေးစိတ်အချက်အလက်တိုင်းသည် သူ၏ဦးနှောက်ထဲတွင် စွဲထင်သွားလေ၏။

သူသည် လင်းတုန်းထျန်းကို တစ်ချက် ထပ်ကြည့်လိုက်သည်။ လင်းတုန်းထျန်းသည် နူးညံ့ပြီး ဖော်ရွေသော အပြုံးကို ဆက်လက်ထိန်းထားဆဲပင်။ ရိုးသားပြီး စိတ်ကောင်းရှိသော လူငယ်တစ်ဦး၏ စံပြပုံရိပ်ပင်။

အတိအကျပင် ထိုအချိန်၌ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"ဓားအရှင်သခင် ကြွရောက်လာပါပြီ"

ကျယ်ပြောလှသော ဓားအရှိန်အဝါတစ်ခု ကောင်းကင်မှ ကျဆင်းလာသည်။ လူတိုင်း၏ အကြည့်များမှာ နန်းဆောင်တံခါးဝဆီသို့ အလိုအလျောက် ရောက်သွားကြ၏။ ထိုနေရာတွင် လူတစ်ဦးတည်း ရပ်နေသည်။ ထိုလူသည် အဖြူရောင် ဝတ်ဆင်ထားပြီး ဆီးနှင်းကဲ့သို့ ဖွေးဖွေးလှုပ်နေသော ဆံပင်ရှည်များရှိကာ အရပ်မြင့်မြင့် ခန့်ညားထည်ဝါပြီး တက်ကြွလန်းဆန်းနေသူတစ်ဦး။

သူကား တခြားသူမဟုတ် ဓားအရှင်သခင် ကျီဖျင် ပင် ဖြစ်သည်။

သူ၏ ရုပ်ရည်မှာ သာမန်ပင်။ သူသာ သူ၏ စိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့် အရှိန်အဝါကို တမင်ဖျောက်ထားပြီး လူအုပ်ကြားထဲ ရပ်နေမည်ဆိုလျှင် သာမန် အဘိုးအိုတစ်ဦးနှင့် တူနေလိမ့်မည်။ သို့သော် သူ၏ အရှိန်အဝါကို အပြည့်အဝ ထုတ်ဖော်လိုက်သည့် အခါတွင်မူ သူသည် ကျင်းနိုင်ငံ၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ပင်။ အရှေ့ပင်လယ်ဘုရင်ကို ကုန်းမြေပေါ်သို့ ဆယ်နှစ်တိုင်တိုင် ခြေမချဝံ့အောင် စကားတစ်ခွန်းတည်းဖြင့် တားဆီးထားနိုင်ခဲ့သော ဓားအရှင်သခင်ပင် ဖြစ်၏။

ဧကရာဇ်ကျင်းသည် သူ၏နေရာမှ ထရပ်လိုက်သဖြင့် လူတိုင်းလည်း လိုက်ရပ်ကြသည်။ ဧကရာဇ်ကျင်းက ဦးညွှတ်ကာ

"ဘိုးဘေးကြီးကို ဂါရဝပြုပါတယ်"

ကျန်ရှိသော သူများလည်း လက်အုပ်ချီခြင်း၊ ဦးညွှတ်ခြင်းများဖြင့် တညီတညွတ်တည်း နှုတ်ဆက်ကြ၏။

"စီနီယာ့ကို ဂါရဝပြုပါတယ်"

ကျီဖျင်သည် ဧကရာဇ်ကျင်းထက် မျိုးဆက်များစွာ ကြီးသူဖြစ်၍ ဧကရာဇ်မှာ ပလ္လင်ပေါ်တွင် ရှိနေသော်လည်း ကျီဖျင်ကို 'ဘိုးဘေး' ဟု ခေါ်ရဆဲပင်။

"အားလုံး အားနာမနေကြပါနဲ့… ဒါက သာမန် မွေးနေ့စားသောက်ပွဲ တစ်ခုပါပဲ"

ကျီဖျင်က အားရပါးရ ရယ်မောလိုက်သည်။ ထို့နောက် ရှန်မို၏ ဘေးမှ ဖြတ်သွားစဉ် သူ့ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်ပြီး

"မိတ်ဆွေငယ်… စားသောက်ပွဲပြီးရင် ငါတို့ ဝိုင်သောက်ကြတာပေါ့"

ရှန်မိုကလည်း ပြုံးလျက် ခေါင်းငြိမ့်ပြကာ

"ဝမ်းမြောက်စွာ လက်ခံပါတယ်ဗျ”

ကျီဖျင်သည် ဧကရာဇ်ကျင်းဘေးရှိ ပလ္လင်ပေါ်သို့ တက်ထိုင်လိုက်သည်။ ကျီဖျင်ကို သိုင်းဘုရင်ဟု ဘွဲ့ပေးထားသော်လည်း လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်က ထိုဘွဲ့ကို ရရှိကတည်းက ဘာမှမပြောင်းလဲခဲ့ပေ။ သူ့ကို သိုင်းဘုရင်ဟု ခေါ်သူ အလွန်နည်းလှသဖြင့် လူအများစုမှာ ကျီဖျင်သည် တော်ဝင်မိသားစုမှ မင်းသားတစ်ပါး ဖြစ်ခဲ့သည်ကိုပင် မေ့နေကြလေပြီ။

"ဟင်"

လူအုပ်ကြီးမှာ ရှန်မိုဆီသို့ အလိုအလျောက် လှည့်ကြည့်မိသွားသည်။ ကျီဖျင်မှ ရှန်မိုနှင့် ရင်းရင်းနှီးနှီး စကားပြောလိုက်သည်မှာ သူတို့ကို အံ့အားသင့်သွားစေ၏။ သူ၏ လေသံအရဆိုလျှင် သူတို့မှာ ဘာမှ ဖုံးကွယ်စရာမလိုသော မိတ်ဆွေဟောင်းကြီးများကဲ့သို့ပင်။

ရွှယ်ကျီယီ၏ မျက်လုံးများ အတွေးတစ်ခုဖြင့် ဝင်းလက်သွားသည်။ နတ်ဆိုးနိုင်ငံတော်မှ မင်းသား (၄) ယူဟိုင်မြို့ကို လာတိုက်စဉ်က ကျီဖျင် ပေါ်လာပြီး ရှန်မိုနှင့် ခဏတာ စကားပြောခဲ့သည်ကို သူ သိသည်။ သို့သော် သူတို့ ဆက်ဆံရေး ဤမျှအထိ နီးစပ်လိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။ သူ မသိလိုက်ဘဲ မျိုးဆက်ကျော် သံယောဇဉ်တစ်ခု ဖြစ်သွားခဲ့တာလား။

လင်းတုန်းထျန်း၊ ရှီကျင့်ထျန်း၊ တုချန်းချင်း နှင့် အခြားသူများသည်လည်း ထူးဆန်းစွာ ကြည့်နေကြ၏။ သူတို့လည်း ဤမမျှော်လင့်ထားသော မြင်ကွင်းကြောင့် အံ့သြနေကြသည်။ ဧကရာဇ်ကျင်းပင် အတူတူဖြစ်သည်။ ဓားအရှင်သခင်မှ စားသောက်ပွဲကြီးတွင် ရှန်မိုကို ယခုကဲ့သို့ လှမ်းခေါ်လိုက်ခြင်းသည် နောက်ကွယ်တွင် အဓိပ္ပာယ်တစ်ခုခု ရှိနေသလားဟု သူ တွေးနေမိ၏။

ဧကရာဇ်ကျင်းသည် သူ၏ဘေးမှ အဘိုးအိုကို ကြည့်လိုက်ရာ အဘိုးအိုသည် လက်တစ်ဖက်တွင် ကြက်ကင်၊ နောက်လက်တစ်ဖက်တွင် ဝိုင်ခွက်ကို ကိုင်ကာ အတွေးထဲ နစ်နေသည်ကို တွေ့လိုက်ရ၏။

"အဲဒီမှာ ကြောင်ပြီး ရပ်မနေနဲ့လေ… စားသောက်ပွဲက အမြည်းပဲ ရှိသေးတယ်… တကယ့် ဆွေးနွေးပွဲက နောက်မှ စမှာ"

ကျီဖျင် ပါးစပ်မှ ဆီများကို သုတ်ရင်း အားရပါးရ ရယ်လိုက်သည်။

“ကျီဝူ အရေးကြီးတဲ့ ကိစ္စတွေကို အရင် လုပ်စမ်းပါ"

ဧကရာဇ်ကျင်း လေးစားစွာဖြင့်

"နားလည်ပါပြီ ဘိုးဘေးကြီး"

ကျီဖျင်၏ ရှေ့တွင် သူသည် မိမိကိုယ်ကိုယ် ဧကရာဇ်ဟု မသုံးနှုန်းဝံ့ပေ။ သူ၏ အချက်ပြမှုအရ မိန်းမစိုး လူငယ်တစ်ဦးက ချက်ချင်း ပြောလိုက်၏။

"ဂိုဏ်းကြီးရှစ်ဂိုဏ်းက လက်ဆောင်ပဏ္ဏာတွေကို ဆက်သနိုင်ပါပြီ”

လက်ဆောင်ဆက်သခြင်း အခမ်းအနားမှာတော့ ထူးထူးခြားခြား မရှိလှပေ။ ဂိုဏ်းကြီးရှစ်ဂိုဏ်းသည် အလွန်တန်ဖိုးကြီးသော အရာများကို ဘယ်သောအခါမှ ပေးလိမ့်မည်မဟုတ်။ ထို့ပြင် ကျီဖျင်သည် နတ်ဘုရားပြောင်းလဲအဆင့် အထွတ်အထိပ်သို့ ရောက်နေသူ ဖြစ်ရာ နတ်ဘုရားနန်းတော်အဆင့်သို့ တက်လှမ်းရန် ကူညီပေးနိုင်သော ရတနာမျိုးမှလွဲ၍ ကျန်အရာများကို စိတ်ဝင်စားလိမ့်မည် မဟုတ်ပေ။ လက်ဆောင်ပေးခြင်းမှာ ကျင်းနိုင်ငံ၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်အပေါ် လေးစားမှုပြသည့် ရိုးရာဓလေ့တစ်ခုသာ ဖြစ်၏။

ဂိုဏ်းကြီးများအပြီးတွင် တော်ဝင်မိသားစုဝင်များ လက်ဆောင်ဆက်သသည့် အလှည့်သို့ ရောက်လာသည်။ ရှန်မို အနည်းငယ် အံ့သဩသွား၏။ တော်ဝင်မိသားစုဝင် အရေအတွက်မှာ သူထင်ထားသည်ထက် များစွာနည်းနေပြီး လူပေါင်း (၂၀) ကျော်သာ ရှိသည်။ ကျီဖျင်သည် တော်ဝင်မျိုးဆက်များကို ကြင်နာတတ်သော အဘိုးတစ်ဦးကဲ့သို့ ဆက်ဆံလေ၏။

သို့သော် သူတို့ကိစ္စပြီးသွား၍ မိန်းမစိုးများနှင့် နန်းတွင်းသူများ အပြင်သို့ ထွက်သွားပြီး နန်းဆောင်တံခါးကို ပိတ်လိုက်သည့်အခါတွင်မူ ဤစားသောက်ပွဲ၏ တကယ့်ရည်ရွယ်ချက် စတင်လာတော့၏။

ဧကရာဇ်ကျင်း ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

"အားလုံးပဲ ကျွန်တော်က စကားအရှည်ကြီး ပြောတတ်သူ မဟုတ်တဲ့အတွက် တည့်တည့်ပဲ ပြောပါမယ်"

"နတ်ဆိုးဧကရာဇ် ကုမင်ဟာ နောက် သုံးနှစ်အတွင်းမှာ သွေးနတ်ဘုရား သိုလှောင်ရုံကနေ ထွက်လာတော့မှာပါ… မင်းသား (၁) နဲ့ (၄) တို့ သေဆုံးသွားတာကို သူသိသွားတဲ့အခါတော့ သူ့ရဲ့ ဒေါသက အတိုင်းအဆမရှိ ဖြစ်လာပြီး လက်စားချေဖို့ သူ့တပ်တွေကို ဦးဆောင်ပြီး မြောက်ဘက်ကို တက်လာမှာ သေချာပါတယ်"

"နတ်ဆိုးတစ်သောင်းနယ်မြေကို ဂိုဏ်းတစ်ခုတည်းနဲ့ ခုခံဖို့ မဖြစ်နိုင်ပါဘူး… ဒီတစ်ကြိမ်မှာတော့ နန်းတော်နဲ့ ဂိုဏ်းကြီးရှစ်ဂိုဏ်း လက်တွဲလုပ်ဆောင်မှ ဖြစ်ပါလိမ့်မယ်… မဟုတ်ရင် နတ်ဆိုးအုပ်စုတွေက ကျွန်တော်တို့ နယ်စပ်ကို နင်းခြေသွားကြပါလိမ့်မယ်"

"ဒီည ကျွန်တော်တို့ ဒီမှာ စုဝေးတာက ဒီမဟာမိတ်အဖွဲ့ရဲ့ အသေးစိတ်အချက်အလက်တွေကို ဆွေးနွေးဖို့နဲ့ စနစ်တကျ မဟာဗျူဟာ ချမှတ်ဖို့ ဖြစ်ပါတယ်"

ဧကရာဇ်ကျင်းသည် နန်းဆောင်တစ်ခုလုံးကို ဝေ့ကြည့်လိုက်သည်။

"ခင်ဗျားတို့ အားလုံးက မိမိတို့ဂိုဏ်းရဲ့ အမာခံ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်… ခင်ဗျားတို့ရဲ့ စကားတွေဟာ ဂိုဏ်းရဲ့ ရပ်တည်ချက်ကို ကိုယ်စားပြုနိုင်တယ်။ အခု ဘယ်သူ အရင် စကားပြောချင်လဲ”

All Chapters