ဦးချိုတချောင်းပါ ရှေးဦးကျွဲသားရဲ
Vol. 13 Ch. 121
အမှောင်ကုန်းမြေချိုင့်ဝှမ်းက ခြောက်ခြားဖွယ်ရာ အငွေ့အသက်တို့ ဖုံးလွှမ်းထားသော်လည်း ကျင့်ကြံသူများကတော့ ထိုအချင်းအရာကို လျစ်လျူရှုထားကြသည်။
မင်ယုရှန်းတို့တဖွဲ့မှာမူ အမှောင်ကုန်းမြေချိုင့်ဝှမ်းထဲ သတိကြီးကြီးထားရင်း လျှိုမြောင်ထဲဆင်းသက်လာပြီးနောက် မတူညီသည့် လောကတခုကိုမြင်တွေ့ရချိန်မှာတော့ သူမတို့ခံစားနေခဲ့ရသည့် မသက်မသာခံစားချက်ကြီးက ပို၍ ပြင်းထန်လာသည်။
“အ ရှေ့မှာ အဆောက်အုံကြီးတခုရှိတယ်”
ထိုစဥ် မိသားစုကြီးနှစ်ခု၏ ရှေ့ပြေးစောင့်ကြည့်ရေး ကျင့်ကြံသူအချို့ ပြန်လည်ရောက်ရှိလာကာ သတင်းအချို့ ယူဆောင်လာကြသည်။ ထိုအရာက ချိုင့်ဝှမ်းအဆုံး၌ ကြီးမားသည့် ရဲတိုက်ကြီးတခုရှိနေပြီး ထိုရဲတိုက်ကိုဝင်ရောက် စစ်ဆေးကြရန်ဖြစ်သည်။
ချင်ထျန်တယောက် တက်ကြွသွားသည်။ လျှိုမြောင်ထဲ မည်သူကရဲတိုက်ခု ဆောက်ထားမည်နည်း။ ထို့အပြင် ရဲတိုက်ကိုဖုံးကွယ်ဖို့ လောကတခု ပြုလုပ်ရန်လိုအပ်မည်လား။
“သွားကြစို့…”
ချင်မိသားစု ရှောင်မိသားစုနဲ့ အခြားသူတော်စင် အင်အားစုများက ရှေ့ပြေးကျင့်ကြံသူများနောက်မှ လျင်မြန်စွာလိုက်ပါသွားကြတော့သည်။ နေ့တဝက်ခန့်သွားပြီးနောက် မီတာ ၁၀၀ ကျော်မြင့်မားသည့် ရဲတိုက်ကြီးတခုအား မျက်မြင်တွေ့လိုက်ရတော့သည်။
ရဲတိုက်ကြီး၏ ဗီသုကာလက်ရာမှာ ထူးခြားပြီး ထိုကဲ့သိုလက်ရာမျိုး ထျန်းဟွမ်လောက၌ မရှိချေ။
မင်ဝမ်က ရဲတိုက်ကြီးထဲ အလျင်စလိုမဝင်ရောက်ချေ။ အခြားသူများ ရဲတိုက်ထဲဝင်ရန် ပြင်ဆင်နေချိန်၌ မင်ဝမ်တို့အဖွဲ့နဲ့ အခြားသတိကြီးသည့် ကျင့်ကြံသူအချို့ကတော့ ရဲတိုက်ပတ်ပတ်လည်ကို စူးစမ်းနေလေသည်။
“ရဲဲတိုက်ကို စိတ်ဝိဉာဏ်အာရုံနဲ့ စစ်ဆေးလို့မရဘူး ထူးဆန်းတဲ့အစီရင်တွေနဲ့ ဖုံးကွယ်ထားတယ်”
မင်ဝမ်က ပြောသည်။ ထိုစကားကိုကြားလျင် မင်ယုရှန်းက
“ဟုတ်တယ် ကျွန်မစစ်ဆေးပြီးပြီ အပြင်ဘက်လက္ခဏာအရ ထူးခြားမှုမရှိဘူး ဒါပေမယ့် ရဲတိုက်ထဲမှာတော့ အန္တရာယ်ကြီးတဲ့ တစုံတရာကို ချုပ်နှောင်ထားတယ်လို့ ကျွန်မခံစားမိနေတယ်”
“ဒါဆို ငါတို့ဘာလုပ်ကြမလဲ”
ကျင်းလုံက မေးသည်။ ရဲတိုက်ထဲဝင်မှသာ ထူးခြားသည့်အကြောင်းအရာအား သိရမည်မဟုတ်လော.။ မင်ယုရှန်းက တခဏကြာ စဥ်းစားပြုပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။
“အထဲဝင်ကြမယ် အမွေအနှစ်သာ သေချာရင် စမ်းသပ်မှုတွေ ရှိနိုင်တယ်”
ထိုစမ်းသပ်မှုများက မည်သို့နည်း။ ရဲတိုက်ကြီး အမွေအနှစ်များကကော ၎င်းတို့ထင်သလို ရိုးစင်းမည်လား..။
မင်ယုရှန်းတို့ဝင်ရောက်ချိန်၌ ရဲတိုက်အပြင်၌ ကျင့်ကြံသူအရေတွက်မှာ အနည်းဆုံးပမာဏပင် ဖြစ်နေလေပြီ။ ကြီးမားသည့် အဝင်တံခါးမှတဆင့် ရဲတိုက်ထဲရောက်ရှိသွားချိန်မှာတော့ မျက်စိတဆုံးကျယ်ပြန့်သည့် ကွင်းပြင်ကျယ်တခုကို တွေ့လိုက်ရသည်။
(ရဲတိုက်ထဲက နောက်ထပ်လောကတခုလား)
မင်ဝမ်တို့အတွေးများနေစဥ်မှာပဲ ကွင်းပြင်ကျယ်၏ အထက်ကောင်းကင်မှ ကြီးမားသည့် မျက်နှာကြီးတခု ထွက်ပေါ်လာတော့သည်။ ထိုမျက်နှာကြီးက ချွန်ထက်သည့် ဦးချိုတချောင်းရှိပြီး ဦးချိုက တမူထူးခြားစွာဖြင့် အစိမ်းရောင်တောက်ပကာ ကျွဲတကောင်၏မျက်နှာနဲ့ ဆင်တူသည့် အသွင်ပြင်ရှိသည်။
ထိုမျက်နှာကြီးက ကွင်းပြင်ကျယ်ကို စိတ်ကျေနပ်စွာ အုပ်မိုးကြည့်ပြီးနောက် စကားစပြောသည်။
“လူသား ကျင့်ကြံသူတွေပါလား မင်းတို့က ငါ့ရဲ့ရှေးဦးအမွေအနှစ်ကို စမ်းသပ်ဖို့ရောက်လာကြတာ ဖြစ်မယ်”
ချင်ထျန် ရှောင်ချီအပါအဝင် အခြားသူတော်စင်များမှာ အလေးအနက်ဖြစ်နေကြပြီး ထိုမျက်နှာကြီးက မည်သည့်ဖိအားမှမထုတ်လွှင့်ထားသော်လည်း မရိုးရှင်းဟု ခံစားနေရခြင်း ဖြစ်သည်။
“အမေွအနှစ်ကို အလွယ်တကူ ငါမပေးနိုင်ဘူး မင်းတို့မှာ ငါ့အမွေအနှစ်နဲ့ ထိုက်တန်မှု ရှိမရှိ ငါစစ်ဆေးရမယ်”
ထိုသို့ပြောလိုက်သည်နှင့် အချို့ကျင့်ကြံသူများမှာ တက်ကြွသွားပြီး ရှေးဦးအမွေအနှစ်မှာ မည်သည့်အရာမှန်း မသိသော်လည်း အင်မော်တယ်အမွေအနှစ်နဲ့ တူညီမည်ဟု ယူဆနေကြသည်။
မင်ယုရှန်းက ထိုထူးခြားသည့် မျက်နှာကြီးအား ဂရုတစိုက်လေ့လာနေသည်။ ၎င်းပြောသည့် စမ်းသပ်မှုက မည်သည့်အရာ ဖြစ်နိုင်သနည်း။
“စမ်းသပ်မှုကတော့ ရိုးရှင်းပါတယ် အစီရင်ထဲမှာ အချိန်အကြာဆုံး နေနိုင်သူက နတ်ဘုရားတပါးလို အစွမ်းထက်တဲ့ ရှေးဦးအမွေအနှစ်ကိုရလိမ့်မယ်”
အစီရင်ထဲ အချိန်အကြာဆုံး နေနိုင်သူလား။ ဒါက တခုတည်းသော စမ်းသပ်မှုဖြစ်ပေမယ့် ထိုတခုတည်းကပင် ကျင့်ကြံသူဘယ်လောက်များများ သေဆုံးရမည်နည်း။
“တခြားနည်းလမ်းတခု ထပ်ရှိသေးလား”
တစုံတရာ မသင်္ကာစရာအချို့ သတိပြုမိနေသည့် ရှောင်ချီက မေးခွန်းထုတ်သည်။ ရှေးဦးသားရဲက အပြင်းအထန် နှာမှုတ်လိုက်ပြီးနောက် ဒေါသတကြီးဆိုသည်။
“မင်းတို့ အမွေအနှစ်အတွက် ငါစီစဥ်ထားတဲ့ အစီရင်တွေကိုကျော်ဖြတ်ပြီး ဒီအထိရောက်လာကြပြီ မဟုတ်လား မင်းတို့မှာ စမ်းသပ်မှုကို ငြင်းဆန်ပိုင်ခွင့်မရှိဘူး လူသား”
အကုန်လုံးက အနည်းငယ်တုန်လှုပ်သွားကြသည်။ ထိုအရာက အတင်းအကျပ် စမ်းသပ်မှု ခံယူစေခြင်းမဟုတ်လား။ ထိုစဥ် ဒေါသထွက်သွားသည့် မျက်နှာကြီးက ပြင်းထန်တဲ့ ဖိအားများကို စတင်ထုတ်လွင့်လိုက်သည်။ ထိုဖိအားက သူတော်စင်များ တောင့်ခံနိုင်သည့် အရာမဟုတ်ချေ။
“အွတ်”
ပြင်းထန်တဲ့ကျင့်ကြံဆင့် ဖိအားကြောင့် မင်ယုရှန်း ရှောင်ချီ ချင်ထျန်နဲ့ အခြားသူတော်စင်များမှာ မြေပေါ်ဒူးထောက်ကျမတက် ဖြစ်သွားကြပြီး အခြားသူများမှာတော့ တိုက်ရိုက်ပင် ပြိုလဲကျသွားတော့သည်။
“ဟား…ဟား..ပုရွတ်ဆိတ်လေးတွေက ငါ့အစီစဥ်ကို ငြင်းဆန်ချင်နေတာလား မရတော့ဘူး”
ကျယ်လောင်တဲ့ ရယ်မောသံနဲ့အတူ မျက်နှာပုံရိပ်ကြီးက ကောင်းကင်ထဲမှ အပြည့်အဝ ထွက်ပေါ်လာတော့သည်။ ထိုပုံရိပ်က မီတာ ဆယ်ဂဏန်းမျှအရွယ်အစားရှိသည့် ကျွဲကြီးတကောင်ဖြစ်ကာ ထူးခြားချက်အနေဖြင့် ခက်ထန်သည့်မျက်နှာပေါက်နဲ့ အစိမ်းရောင်ဦးချိုတချောင်းတို့ကို ပိုင်ဆိုင်ထားသည်။
“စလိုက်ကြရအောင်..”
ရှေးဦးကျွဲသားရဲကြီး စကားဆုံးသည်နှင့် ကွင်းပြင်ကျယ်တခုလုံး အစိမ်းရောင်အလင်းများ ဖုံးလွှမ်းသွားကာ ထိုအလင်းရောင်များက ထူးခြားသည့်အစွမ်းတမျိုးဖြင့် ကျင့်ကြံသူများ၏ အသက်ဓာတ်အား စတင်စုပ်ယူရန် ကြိုးစားတော့သည်။