မင်ယုရှန်းနဲ့ သူတော်စင်များ
Vol. 13 Ch. 129
အမှောင်ကုန်းမြေအတွင်း အချိန်တချို့ကြာပြီးနောက်မှာတော့ ရတနာအမြောက်မြားရရှိသွားသည့် အင်အားစုများမှာ စိတ်ကျေနပ်စွာဖြင့် ပြန်ထွက်လာခဲ့ကြသည်။
အင်အားစုအသီးသီး၏ ကျင့်ကြံသူများစွာ အဆုံးသတ်ခဲ့ရသော်လည်း ဖိနှိပ်လွန်းသည့် ချင်မိသားစု၏ အဆုံးသတ်က မကြာတော့မည်ဖြစ်ပြီး အရင်းအမြစ်များစွာ ရလာသည်ကလည်း ဆုံးရှုံးမှုထက်ပင် ပိုများနေလေသည်။
ရှယီက ဆေးပင်များ လက်နက်များကို စစ်ဆေးရန် အကျေနပ်ကြီးကျေနပ်နေသည်။ ထိုဆေးပင်များထဲ ရုပ်ခန္ဓာအတွက် ဆေးဖော်စပ်ရန်အရေးပါသည့် ရှားပါးဆေးပင်အချို့ပါဝင်ပြီး တန်ဖိုးမှာ အလွန်ကြီးမြင့်သည်။ ထို့အပြင် လက်နက်များကလည်း သူတော်စင်အဆင့်များစွာ ပါဝင်ပြီး ထိုလက်နက်များကြောင့် အင်အားစုများစွာမှာ ယခင်ကထက် အင်အားတောင့်တင်းလာတောမည်မှာ သေချာသည်။
ရှောင်ချီက သူတော်စင်များနဲ့အတူ ရှိနေပြီး သူ့စိတ်ထဲ မင်ယုရှန်းတို့အဖွဲ့နဲ့ ပြန်ဆုံရန် စိတ်အားထက်သန်နေသည်။ သူမတို့နောက်ကွယ်၌ ကြောက်မက်ဖွယ်ရာ ကျင့်ကြံသူတဦးရှိနေပြီး ထိုသူ၏အဆင့်က အင်မော်တယ်ထက်ပင် မြင့်မားနေသည်လား သံသယဝင်နေသည်။
ထိုစဥ် သူ့လိုပဲသံသယဝင်နေသည့် အခြားသူတော်စင်တပါးဖြစ်သည့် အရှေ့ပိုင်းသူတော်စင်က ရုတ်ချည်းမေးခွန်းထုတ်လာသည်။
“ရောင်းရင်းတို့ လျှိုမြောင်အတွင်းတုန်းက ဆုံခဲ့တဲ့ ဧကရီမင်တို့ကို သတိပြုမိကြလား”
ထိုမေးခွန်းက သစ်သားမြှားတစင်းကို သတိရသွားစေပြီး မူလက ရတနာအရင်းအမြစ်များကို စိတ်ကျေနပ်စွာ ကြည့်ရှုနေသည့် ရှယီပင် တုန်ယင်သွားသည်။
“ဟုတ်တယ် ကျုပ်တို့သူ့ကို လျှိုမြောင်ထဲမှာ ထပ်မတွေ့တော့ဘူး သူတို့ထွက်သွားကြတာများလား”
အနောက်ပိုင်းသူတော်စင်ရဲ့စကားကို ရှယီက တွေးတွေးဆဆပုံစံဖြင့် ထောက်ခံသည်။
“ဖြစ်နိုင်တယ် လျှိုမြောင်ထဲ ဘာမှမကျန်တော့ဘူး သူတို့က ဆေးပင်တွေ လက်နက်တွေထက် ထူးခြားတဲ့အရာတခုကို လာရှာတာနဲ့တူနေတယ် နောက်ပြီး ဟိုပုဂ္ဂိုလ်”
ထိုမျှပင်ပြောရသေးသည် အကုန်လုံးက ထိတ်လန့်ဟန် ဖြစ်လာကြပြီး မင်ယုရှန်းနဲ့ တွေ့ဆုံလိုစိတ်များ ဖြစ်လာကြသည်။ သူမအဖွဲ့ထဲမှ ကျင့်ကြံသူအမျိုးသမီး၏ အံ့သြမှင်သက်နေသည့် သခင်လေးယန်လား ဟူသည့် လေသံအရ ထိုပုဂ္ဂိုလ်ကို သူမတို့သိနေသည်မှာ သေချာသည်။
ကျင့်ကြံရေးလောက၌ ခွန်အားရှိသူကိုသာ ယုံကြည်ပြီး ထိုပုဂ္ဂိုလ်သာ ဆန္ဒရှိပါက လက်ရှိသူတော်စင်များ စုပေါင်း၍ပင် ရင်ဆိုင်နိုင်မည်မဟုတ်ချေ။
ရှောင်ချီက စိတ်အာရုံကို မြို့ငယ်လေးတခုလုံး လွှမ်းခြုံကာစစ်ဆေးလိုက်သည်။ မကြာခင်မှာပဲ မြို့ငယ်လေးအစွန်ရှိ တည်းခိုဆောင်တခု၌ မင်ယုရှန်းတို့ကို သတိပြုမိသွားပြီး တဖက်မှသူမကလည်း သတိပြုမိဟန်ရကာ မျက်မှောက်ကြုတ်သွားသည်။
ရှောင်ချီ၏စစ်ဆေးမှု၌ ရန်ပြုလိုသည့် အငွေ့အသက်လုံးဝမပါပေ။ ထိုအချက်ကြောင့် သူမက မတုန့်ပြန်တော့ပဲ တည်ငြိမ်သွားသည်။
“ကျုပ်သူတို့ကိုတွေ့ပြီ သွားတွေ့ကြရအောင်”
ထိုစကားကို အခြားသူများက မငြင်းဆန်ကြပေ။ ထိုမျှအရေးကြီးသည့်ပုဂ္ဂိုလ်ရဲ့ပေါင်ကိုသာ ဖက်ထားရမည်ဆိုပါက အရှက်မဲ့ရသည်လည်း တန်သည်။ ထိုစဥ် ရှယီက ချီစွမ်းအင်ပြောင်းလဲမှုကို သတိပြုမိသွားသည်။ မကြာခင် အခြားသူများက သက်ဆိုင်ရာနောက်လိုက်များကို အရင်ပြန်စေပြီး သူတို့လေးဦးကတော့ မင်ယုရှန်းဆီ ထွက်ခွာလာစဥ် လမ်း၌ ရှယီက စကားစသည်။
“ရောင်းရင်းတို့ ကျုပ်တို့လောကရဲ့ ချီစွမ်းအင် အပြောင်းလဲကိုသတိထားမိလား”
ထိုသို့မေးလိုက်သည်နှင့် အာရုံများနေသည့် အခြားသူများမှာ သတိပြုမိသွားပြီး မှင်သက်သွားကြသည်။ ချီစွမ်းအင်သန့်စင်မှုက လျှိုမြောင်အတွင်းမှ ရှေးဦးစွမ်းအင်ထက်ပင် အဆများစွာ သန့်စင်အားကောင်းနေပြီး ၎င်းတို့၏ကျင့်ကြံဆင့်များပင် လှုပ်ခတ်နေသည်။
သူတို့ကဲ့သို့ပင် ထျန်းဟွမ်လောကရှိ ကျင့်ကြံသူများမှာလည်း အပြောင်းလဲကို ခံစားမိလိုက်ကြပြီး ယန်ချန်ကိုသိထားကြသည့် ကျင့်ကြံသူများကတော့ ထိုကိစ္စမှာ ယန်ချန်နဲ့ တနည်းနည်းသက်ဆိုင်မည်ဟု တွေးကြသည်။ မည်သူမှ ထိုသို့အစွမ်းမရှိချေ။
မင်ယုရှန်းတယောက် နတ်သမီးသစ်ပင်ကို ထုတ်ယူကာ စားပွဲတခုပေါ်တင်ထားလိုက်ပြီး ပတ်ဝန်းကျင်ချီစွမ်းအင်ကို ခံစားနေစဥ် နတ်သမီးသစ်ပင်ကလည်း မြူးထူးစွာ လှုပ်ခါနေသည်။
“အင်း.. ဟိုအဖိုးကြီးတွေ ငါ့ဆီပြေးလာကြတော့မယ်”
မင်ယုရှန်းရဲ့တီးတိုးစကားကိုကြားလျင် ကျင်းလုံတို့ကလည်း ထောက်ခံလိုက်ကြပြီး သခင်လေးယန် ဟူသည့် စုလဲ့ရဲ့စကားက အင်အားစုများကို မည်မျှထိတုန်လှုပ်သွားစေနိုင်မှန်း တွက်ဆမိပြီးသား ဖြစ်သည်။
“သခင်လေးယန်ကို မထိခိုက်စေရင် ရပါပြီ ဒီလူတွေထဲ ရှောင်ဘိုးဘေးက ဖြောင့်မတ်တယ်လို့ ကျော်ကြားပါတယ်”
မင်ဝမ်က ဝင်ရောက်ပြောဆိုသည်။ သခင်လေးယန်၏ အစွမ်းကြောင့် တချိန်မဟုတ်တချိန် ထျန်းဟွမ်လောက၏ အင်အားစုများ သတိပြုမိသွားမည်ဖြစ်ပြီး စော၍သိထားခြင်းကလည်း အကျိုးတော့မယုတ်ပေ။
အဆုံ၏၌ ယန်ချန်မှာ သေမျိုးဘဝထဲ နစ်ဝင်နေပြီး အကျိုးပြုသည့် ကျင့်ကြံသူများကို ကူညီမည်ဖြစ်သည်။ ထို့အပြင် နောက်ထပ်ကပ်ဘေးများ၌ အဆိုပါအင်အားစုများ၏ အကူညီကိုရနိုင်ပါက ပို၍ကောင်းမည်ဟု သူတို့ထင်ကြသည်။
“ဧည့်သည်တော်တို့ ရုတ်တရက်ရောက်လာတာကို အပြစ်မမြင်ပါနဲ့ ကျုပ်တို့စကားစမြည်းပြောလို့ရနိုင်မလား”
လေထဲမှ စွမ်းအားအပြည့်ပါတဲ့ စကားသံတခုထွက်ပေါ်လာပြီး သူတော်စင်တပါးဖြစ်၍ အသံက ရည်ရွယ်သူများဆီကိုသာ ရောက်ရှိသွားသည်။
“မြေခွေးအိုကြီးတွေ ရောက်လာကြပြီ မြန်လိုက်တာ”
စုလဲ့က နှာခေါင်းရှုံ့ပြီး ဝေဖန်ပြောဆိုသည်။ ထိုစဥ် မင်ယုရှန်းကတော့ ထိုသူများရောက်လာပြီဖြစ်၍ လက်ခံတွေ့ဆုံရန်သာ ရှိတော့သည်ဟုတွေးကာ တည်းခိုဆောင်ထဲ ဝင်ရောက်ခွင့်ပြုလိုက်တော့သည်။
မကြာမီ သက်လတ်ပိုင်းသူတော်စင်သုံးပါး အသက်ကြီးနေသည့် သူတော်စင်တစ်ပါး စုစုပေါင်း ထျန်းဟွမ်လောက၏ ထိပ်သီးဒေသအသီးသီးရဲ့ သူတော်စင်များက မင်ယုရှန်းတို့ရှိရာ တည်းခိုဆောင်ထဲ ဝင်ရောက်လာကြတော့သည်။
“တေွ့ရတာဝမ်းသာပါတယ် ကျုပ်က ရှောင်မိသားစုဘိုးဘေး ရှောင်ချီပါ”
“ကျုပ်ကတော့ ရှမိသားစုခေါင်းဆောင် ရှယီပါ”
“ကျုပ်ကအရှေ့ပိုင်းသူတော်စင်ပါ”
“ကျုပ်က အနောက်ပိုင်း သူတော်စင်ပါ”
အကုန်လုံးက ဦးစွာနှုတ်ဆက်လာကြသည့်အတွက် မင်ယုရှန်းတို့ကလည်း ပြန်လည်နှုတ်ဆက်လိုက်ကြသည်။ မင်ဝမ်က
“ရောင်းရင်းတို့ ဘာကိစ္စအတွက်နဲ့ ရောက်လာကြတာလဲ”
မင်ဝမ်ရဲ့အမေးကိုကြားလျင် ရှောင်ချီက ကျောက်စိမ်းပြားကို ထုတ်ယူပြီး စားပွဲပေါ်တင်လိုက်သည်။ တဖက်တွင် နတ်သမီးရုပ်ထုနှယ် ထူးခြားတဲ့သစ်ပင်ကိုလည်း သတိပြုမိသွားပြီး စိတ်ထဲကျိတ်၍ တုန်လှုပ်သွားသည်။ အခြားသူများလည်း သူ့လိုပင်။
(ဒါက ဒဏ္ဍာရီလာနတ်သမီးသစ်ပင်လား မှတ်တမ်းတွေထဲကအတိုင်း တကယ်ရှိနေတာပေါ့)
သူတော်စင်လေးပါးမှာ နတ်သမီးသစ်ပင်၏ တန်ဖိုးကိုသိသော်လည်း လောဘမတက်ရဲပေ။ တချက်သာကြည့်လိုက်ပြီး မျက်နှာလွှဲလိုက်ကြသည်။
“ကျုပ်က ဒီကျောက်စိမ်းပြားကို လာပို့တာပါ အစီရင်ထဲမှာတုန်းက ကျင့်ကြံသူမင်သာမကူညီရင် ကျုပ်တို့အကုန်လုံး ချင်ထျန်ကြောင့် အဆုံးသတ်ရမှာ သေချာပါတယ်”
ရှောင်ချီရဲ့စကားကို အခြားသူများကလည်း ခေါင်းညိတ်ပြပြီး ထောက်ခံဟန်ပြုကြသည်။ မင်ဝမ်က
“မဟုတ်တာပဲ ဒါက ကျုပ်တို့နဲ့လည်း သက်ဆိုင်နေတာမို့ ကူညီသလိုဖြစ်သွားတာပါ နောက်ပြီး တကယ့်အကူညီက ကျုပ်တို့မဟုတ်ပါဘူး”
မင်ဝမ့်စကားကြားလျင် သူတော်စင်လေးပါးမှာ တက်ကြွသွားသည်။ သူတို့သိလိုသည်ကလည်း ထိုစကားအနောက်မှ ပုဂ္ဂိုလ်ကြီး ဖြစ်သည်။
“ကျုပ်တို့သိပါတယ် ဒါက ကျောက်စိမ်းပြားကိာ ကျုပ်တို့ရယူဖို့ တွန့်ဆုတ်စေပါတယ် ဒါကြောင့် ကျင့်ကြံသူမင်ကပဲ ဆန္ဒရှိသလို စီမံပါ”
ရှောင်ချီက မင်ယုရှန်းကို စိုက်ကြည့်၍ ပြောလိုက်သည်။ သူမက မြေးအရွယ်သာဖြစ်သော်လည်း ခွန်အားကသူ့ထက်ပင် သာလွန်နေသေးသည်။ မင်ယုရှန်းက ကျောက်စိမ်းပြားကို တချက်ယူကြည့်လိုက်သည်။ နွေးထွေးသည့် စီးကြောင်းတခု သူမထံစီးဝင်လာပြီး မူလက ထိုကျောက်စိမ်းပြားကို မလိုချင်သော်လည်း ချက်ချင်းပဲ အတွေးတခုရသွားသည်။
ထိုအတွေးက သခင်လေးယန်ကို လက်ဆောင်ပေးလျင်ကော..။သခင်လေးအတွက် သာမန်အရာသာဖြစ်နိုင်သော်လည်း လက်ဆောင်ရဲ့တန်ဖိုးက ပေးသူရဲ့စေတနာအပေါ်သာ မူတည်သည်။
မင်ယုရှန်းတယောက် တည်ငြိမ်စွာရှိနေသည်ကိုကြည့်ပြီး မင်ဝမ်တို့က တိတ်ဆိတ်စွာစောင့်ဆိုင်းနေသည်။ တခဏကြာလျင် မင်ယုရှန်းက
“ဒီကျောက်စိမ်းပြားကို ကျွန်မလက်ခံလိုက်မယ် ဒါက ကျွန်မတို့ရဲ့သခင်လေးကို လက်ဆောင်အနေနဲ့ပေးလို့ရတယ်”
“ဟုတ်တာပေါ့ ဟုတ်တာပေါ့ ဒါက သာမန်လက်ဆောင်လေးပါ ဟုတ်တယ်မလား”
ရှယီက အားတက်သရော ဝင်ရောက်ပြောဆိုသည်။ ပုဂ္ဂိုလ်ကြီးအတွက်တော့ သာမန်ကျောက်စိမ်းပြားတချပ်သာ ဖြစ်မည်မှာ သေချာသည်။