အခန်း (၃၅၄၆-၃၅၄၉)
Vol. 181 Ch. 3546-3549
Chapter 3546
ထို့နောက် လန်ဝူရှင်းသည် နောက်သို့ပြန်လှည့်ကာ ထွက်ခွာသွားတော့သည်။
ခြေလှမ်းတစ်လှမ်း....
ခြေလှမ်းနှစ်လှမ်း...
ခြေလှမ်းသုံးလှမ်းမြောက်အရောက်တွင် လန်ဝူရှင်း၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန်တုန်ခါသွားသည်။
"ဖူး...."
သူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာကာ မြေပြင်ပေါ်သို့ သတိလစ်မေ့မျောကျသွားတော့သည်။
မြေပြင်ပေါ်၌ နီစွေးသောသွေးကွက်ကြီး ရုတ်တရက်ထွက်ပေါ်လာလေရာ အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။
လန်ဝူရှင်း လဲကျသွားချိန်တွင် အနက်ရောင်ဝတ်စုံဝတ်လူတချို့သည် အဝေးမှနေ၍ ပျံသန်းလာသည်။ထို့နောက် သူတို့သည် လန်ဝူရှင်းကိုသယ်ဆောင်ကာ အလျှင်အမြန် ထွက်ခွာသွားလေသည်။
သူတို့သည် အထွတ်အထိပ်ဂိုဏ်းမှ အစွမ်းထက်ကျင့်ကြံသူများဖြစ်ကာ လန်ဝူရှင်း၏သစ္စာရှိလူယုံများပင်။
လန်ဝူရှင်း၏ရည်မှန်းချက်ပန်းတိုင်မှာ အလွန်ကြီးမားသည်။သာမာန်အားဖြင့် လူမည်မျှထိများများ သူ့အားတိတ်တဆိတ်စောင့်ကြည့်နေသည်ကို မည်သူမျှမသိနိုင်ချေ။သူသည် လုယွီကိုစိန်ခေါ်ရန် ရောက်ရှိလာခြင်းဖြစ်သည်။ဤနေရာတွင် အပြောင်းအလဲများစွာ ဖြစ်နိုင်သဖြင့် သူ့အားကာကွယ်ပေးနိုင်ရန်အတွက် လူတချို့ကို သူနှင့်အတူခေါ်ဆောင်လာခြင်းဖြစ်ပေ၏။
"လန်ဝူရှင်းက တကယ်ကြီး ရှုံးနိမ့်သွားတာလား"
"လက်ဝဲစစ်တပ်ရဲ့တပ်မှူးက လန်ဝူရှင်းကို ဒီအဆင့်ထိရောက်အောင် ဒဏ်ရာရရှိစေခဲ့တယ်...ဒါက တကယ့်ကို မယုံကြည်နိုင်စရာပဲ"
ဤတိုက်ပွဲကိုစောင့်ကြည့်နေကြသော ဂိုဏ်းချုပ်များက သူတို့အချင်းချင်း တီးတိုးပြောဆိုလိုက်ကြသည်။သူတို့အနက်မှအများစုသည် ထိတ်လန့်တုန်လှုပ်နေဆဲပင်။
အကယ်၍ သူတို့သည် ဤကိစ္စကို သူတို့၏မျက်လုံးများဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရခြင်းမဟုတ်ပါက သူတို့ယုံကြည်နိုင်မည်မဟုတ်ချေ။
လန်ဝူရှင်းသည် လက်ဝဲစစ်တပ်နယ်မြေ၏အစွမ်းထက်ထိပ်သီးကျင့်ကြံသူများအနက်မှတစ်ယောက်ပင်။
မျိုးဆက်ဟောင်းများမှ ကျင့်ကြံသူများပင်လျှင် လန်ဝူရှင်းနှင့်ယှဥ်ပြိုင်တိုက်ခိုက်ရာ၌ အနိုင်ရရှိမည်ဟု ယုံကြည်ချက်မရှိချေ။ထို့ပြင် အထွတ်အထိပ်ဂိုဏ်းမှ အကြီးအကဲအမြောက်အများသည်လည်း လန်ဝူရှင်း၏လက်အတွင်း၌ သေဆုံးသွားခဲ့ရသည်။
ဤသည်မှာ လက်ဝဲစစ်တပ်နယ်မြေတစ်ခုလုံးကို ပေါက်ကွဲသွားစေနိုင်သော သတင်းတစ်ပုဒ်ဖြစ်မည်မှာ သေချာပေါက်ပင်။ဤသတင်းသည် နယ်မြေတစ်ခုလုံးမှလူများ၏ စိတ်အာရုံများကို ဆွဲဆောင်နိုင်ပေလိမ့်မည်။
သူတို့၏စိတ်များအတွင်း၌ အတွေးတချို့ရှိနေခဲ့သော ဂိုဏ်းချုပ်တချို့သည် သူတို့ထံတွင် အသိစိတ်ကျန်ရှိနေပြီး လုယွီကို ပြောင်ပြောင်တင်းတင်း မဆန့်ကျင်ခဲ့မိသည့်အတွက် သူတို့ကိုယ်သူတို့ အလွန်ကျေးဇူးတင်နေမိသည်။
ယခင်က သူတို့သည် လုယွီ၏အကြောင်းကို ကောလဟာလအဖြစ်သာကြားဖူးပြီး သူကိုယ်တိုင်လှုပ်ရှားသည်ကို တွေ့မြင်ခဲ့ဖူးခြင်းမရှိချေ။
ယခုချိန်တွင် သူတို့၏မျက်လုံးများဖြင့် ပက်ပင်းမြင်တွေ့လိုက်ရလေပြီ။မည်သူကမျှ လုယွီကို ဆန့်ကျင်စကား မဆိုဝံ့တော့ချေ။
ပင်မခန်းမသို့ပြန်ရောက်ပြီးနောက် လုယွီသည် စစ်သားများအားလုံးကို ပြန်လည်ထွက်ခွာသွားစေသည်။
ဤအချိန်အခိုက်အတန့်တွင် ဖေးထျန်ကွမ်းတို့လူစုသည်လည်း သတင်းကြားသိရသဖြင့် အပြေးအလွှားရောက်ရှိလာကြ၏။သို့ရာတွင် လုယွီသည် မည်သူမျှ ကြားဝင်စွက်ဖက်ခြင်းမပြုရန် အမိန့်ပေးထားသဖြင့် သူတို့သည် ပြင်ပ၌စောင့်ဆိုင်းရုံသာ တက်နိုင်ခဲ့သည်။
"အရှင်...အဆင်ပြေရဲ့လား...ခုဏက ကောင်လေးရောက်လာတာကို ငါ တွေ့လိုက်ရတယ်...သူ့မှာ အရည်အချင်းတချို့ရှိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး...သူက ငါ့ကိုတောင် ဒဏ်ရာရသွားစေလုနီးပါးပဲ...ဒါပေမယ့် ငါက မြို့ထဲမှာဖြစ်နေလို့ သူ့ကိုလွှတ်ပေးလိုက်ရတာ....ငါ မြို့ပြင်ကိုရောက်တဲ့ချိန်ကျမှ ငါ့ရဲ့အစစ်အမှန်ပုံစံကိုပြောင်းပြီးတော့ သူ အသက်ရှင်သန်နေရတာကို နောင်တရအောင်လုပ်ပြမယ်"
အောင်းကွမ်းက သူ၏အစွယ်များကိုဖြဲဟ၍ ပြောဆိုသည်။
သူသည် လက်ဝဲစစ်တပ်ရုံးတော်၏ပြင်ပကို စောင့်ကြပ်ရန်အတွက် တာဝန်ယူထားရသူပင်။လန်ဝူရှင်း ဤနေရာတွင် ထွက်ပေါ်လာခဲ့ခြင်းကြောင့် အောင်းကွမ်းသည် သူ့အားဟန့်တားနိုင်ခဲ့ခြင်းမရှိဟုဆိုလိုသည်။
သို့ရာတွင် အစစ်အမှန်နဂါးတစ်ကောင်ဖြစ်သော အောင်းကွမ်း၏ပြန်လည်ကုစားနိုင်မှုစွမ်းရည်သည် အံ့အားသင့်ဖွယ်ကောင်းပေ၏။ထို့ပြင် သူ၏ခန္ဓာကိုယ်အရေပြားများမှာ မာကျောကြမ်းတမ်းသည်။အကယ်၍ သူသည် လန်ဝူရှင်းကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့လျှင်ပင် သူသည် ချက်ချင်းပြန်လည်ကောင်းမွန်လာပေမည်။
"ထားလိုက်တော့...နောင်အနာဂတ်မှာ ပိုပြီးအစွမ်းထက်လာအောင်သင်ယူပါ..သူက မင်းဟန့်တားနိုင်မယ့် လူစားမျိုးမဟုတ်ဘူး"
လုယွီသည် အောင်းကွမ်း၏သစ္စာရှိမှုကို သိရှိထားသည်။ထို့နောက် သူ၏လက်တစ်ဖက်ကိုမြှောက်လိုက်ခြင်းနှင့်အတူ ခရမ်းရောင်ချီဆေးလုံးတချို့က အောင်းကွမ်းထံသို့ ပျံဝဲသွားသည်။
အောင်းကွမ်းသည် အလွန်ပျော်ရွှင်သွားပေ၏။သူသည် ဆေးလုံးများကိုယူဆောင်ကာ ကျေးဇူးတင်စွာဖြင့် ထွက်ခွာသွားတော့သည်။
ဖေးထျန်ကွမ်းက မျက်မှောင်ကြုတ်လိုက်သည်။
"ပြင်ပဂိုဏ်းအင်အားစုကလူတွေက တကယ့်ကို မောက်မာထောင်လွှားနေတာပါလား...သူတို့က ရုံးတော်ကိုတောင် တိုက်ခိုက်ဝံ့တယ်...ဒါက တော်ဝင်နန်းတွင်းကို သူတို့ရဲ့မျက်လုံးထဲ နည်းနည်းလေးတောင် မထည့်တဲ့သဘောပဲ"
ဒေါသအရိပ်အယောင်များက သူ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
မည်သို့ပင်ဆိုစေကာမူ ဖေးထျန်ကွမ်းသည် အဆင့်မြင့်အရာရှိတစ်ယောက် ဖြစ်ခဲ့သူပင်။သူသည် တော်ဝင်နန်းတွင်း၏မြင့်မြတ်မှုနှင့်ပတ်သတ်၍ ဂရုစိုက်သည်။ပြင်ပဂိုဏ်းများသည် တော်ဝင်နန်းတွင်း၏အခွင့်အာဏာအောက်တွင် လက်အောက်ခံရပေမည်။
လန်ဝူရှင်းသည် ရုံးတော်အတွင်းသို့ဝင်ရောက်ကာ အရာရှိတစ်ယောက်ကို တိုက်ရိုက်စိန်ခေါ်ခဲ့သည်။ဤသည်မှာ သူ၏အောက်ခြေစည်းကိုထိပါးခြင်းပင်။
"အဲ့ဒီဂိုဏ်းတွေက အရမ်းမောက်မာဝံ့ကြွားတယ်...ရေအင်မော်တယ်ဂိုဏ်းရဲ့မဟာမိတ်ဖွဲ့စည်းမှုကလည်း အရမ်းနာမည်ကြီးနေတယ်...လက်ဝဲစစ်တပ်နယ်မြေထဲမှာရှိတဲ့ရုံးတော်တချို့ကလည်း စစ်ကူတွေ အကြိမ်ပေါင်းများစွာ တောင်းခံထားတယ်...ကြည့်ရတာတော့ ရေအင်မော်တယ်ဂိုဏ်းက သူတို့ကို ဖိအားပေးနေပုံပဲ"
ပေါင်လုံတုက ရုံးစာရွက်စာတန်းတချို့ကိုတင်ပြကာ ပြောဆိုသည်။
Chapter 3547
လုယွီက ထိုရုံးစာရွက်စာတန်းများကိုယူကာ ဖတ်လိုက်သည်။
ရေအင်မော်တယ်ဂိုဏ်း၏ပင်မဂိုဏ်းသည် ယုံကြည်သက်ဝင်မှုကြယ်နယ်မြေ၏ ယုံကျိုးပြည်နယ်တွင်တည်ရှိသည်။ထိုဂိုဏ်း၏နယ်မြေသည် တသီးတခြားဖြစ်နေကာ ရိုသေလေးစားခံရသော အင်အားစုတစ်စုအဖြစ် ရပ်တည်နေခဲ့လေ၏။
ရေအင်မော်တယ်ဂိုဏ်းသည် အတိတ်တွင် သိုသိုသိပ်သိပ်နေခဲ့သော်လည်း ယုံကျိုးပြည်နယ်၏အစွမ်းထက်ဆုံးဂိုဏ်းတစ်ဂိုဏ်းဖြစ်သော ထိုဂိုဏ်း၏သြဇာအာဏာလွှမ်းမိုးမှုသည် နိမ့်ပါးခြင်းမရှိချေ။
ယုံကျိုးပြည်နယ်၏နယ်မြေအများစုကို ရေအင်မော်တယ်ဂိုဏ်းမှ လုံးလုံးလျားလျား ထိန်းချုပ်ထားခဲ့သည်။နယ်မြေခံတပ်မှူးဟု ပြောနိုင်သော ယုံကျိုးစီရင်စုသခင်သည် အမှန်အားဖြင့် ဟန်သာရှိသောတပ်မှူးတစ်ယောက်ဘဝနှင့် များစွာကွဲပြားခြားနားခြင်းမရှိချေ။
ဤရက်အနည်းငယ်အတွင်းတွင် ရေအင်မော်တယ်ဂိုဏ်းသည် မြင့်မြတ်နယ်မြေများနှင့်ပူးပေါင်း၍ မဟာမိတ်အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့သောသတင်းသည် လက်ဝဲစစ်တပ်နယ်မြေတစ်ခုလုံးအနှံ့ ပျံ့နှံ့နေလေပြီ။
ယုံကျိုးစီရင်စုသခင်သည် အန္တရာယ်ကို အာရုံခံမိပြီးဖြစ်သောကြောင့် သူ၏ယုံကြည်ရသောသစ္စာရှိလူယုံတချို့ကို တိတ်တဆိတ်စေလွှတ်၍ လုယွီထံမှ အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။
ဤသည်မှာ သာမာန်အရေးပေါ်ကိစ္စမျိုးမဟုတ်တော့ချေ။
ရှီးလျန်ကြယ်နယ်မြေသခင်ပင်လျှင် ရေအင်မော်တယ်ဂိုဏ်းကို မည်သို့မျှအရေးယူဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ယုံကျိုးစီရင်စုသခင် သိရှိထားသည်။သူ့အတွက် တစ်ခုတည်းသောနည်းလမ်းမှာ လက်ဝဲစစ်တပ်၏တပ်မှူးထံမှ အကူအညီတောင်းခံရန်ပင်။
"မင်း ဒီစာကို ဘယ်အချိန်ကရတာလဲ"
လုယွီက မေးမြန်းသည်။
"ဒီစာက ခုမနက်ခင်းမှာ ရုံးတော်ကို ရောက်လာတာပဲ...ငါက စားသောက်ပွဲပြီးမှ ဒီစာကို အရှင့်ဆီပေးဖို့ စီစဥ်ထားခဲ့တယ်"
ပေါင်လုံတုသည် စကားပြောဆိုနေရင်း ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။
ထို့နောက် တံခါး၏ပြင်ပမှနေ၍ အဆောင်လက်ဖွဲ့တစ်ခု ပျံသန်းလာကာ ပေါင်လုံတု၏လက်အတွင်းသို့ ကျရောက်လာသည်။
ပေါင်လုံတုသည် ထိုအဆောင်လက်ဖွဲ့ကို သူ၏လက်အတွင်း၌ကိုင်ထားကာ အချိန်တခဏကြာခန့် အာရုံခံကြည့်ပြီးနောက် သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။
"ယုံကျိုးစီရင်စုသခင်က အဆိပ်မိပြီးတော့ အိမ်တော်မှာ သေဆုံးသွားပြီ...အခုချိန်မှာ ယုံကျိုးစီရင်စုတစ်စုလုံး ဖရိုဖရဲဖြစ်နေတယ်...စီရင်စုကိုတည်ငြိမ်စေဖို့အတွက် ယုံကျိုးစီရင်စုကို ရေအင်မော်တယ်ဂိုဏ်းက လွှဲပြောင်းထိန်းချုပ်လိုက်ပြီလို့ ထုတ်ပြန်ကြေငြာထားတယ်"
"ရှီးလျန်ကြယ်နယ်မြေသခင်က အဲ့ဒီဂိုဏ်းကလူတွေနဲ့ အငြင်းပွားခဲ့ပြီးတော့ ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ ပြန်ရောက်လာတယ်...သူက အခု အိမ်တော်မှာ အနားယူနေတယ်"
ဖေးထျန်ကွမ်းက မျက်မှောင်ကြုတ်လိုက်၏။
"သူတို့က ပုန်ကန်ချင်နေတာလား"
"မဟုတ်ဘူး...အရာအားလုံးက ဘောင်ထဲကပဲဖြစ်သွားခဲ့တာ...ရှီးလျန်ကြယ်နယ်မြေသခင်က ရေအင်မော်တယ်ဂိုဏ်းက ကြိုတင်ခင်းကျင်းထားတဲ့ ဝင်္ကပါတစ်ခုထဲကို မတော်တဆ ခြေချခဲ့မိတယ်....သူက ကြိုတင်ပြင်ဆင်ထားမှုမရှိတာကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့တာပဲ....ယုံကျိုးစီရင်စုသခင်ရဲ့ကိစ္စကလည်း ရေအင်မော်တယ်ဂိုဏ်းက လုပ်ခဲ့တာလို့ သက်သေပြစရာ ဘာမှမရှိဘူး"
ပေါင်လုံတုက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"သူတို့က သူတို့ရဲ့ခွန်အားကို ငါတို့ကိုပြသချင်ရုံသက်သက်ပဲ...တကယ်ကြီး တိုက်ခိုက်အုံးမှာမဟုတ်ဘူး...အဓိကခုခံကာကွယ်မှုနေရာတွေဖြစ်တဲ့ မြို့လေးမြို့ရှိနေသရွေ့ သူတို့က မဆင်မခြင်မလုပ်ဝံ့ဘူး"
အဓိကစစ်ရေးခုခံကာကွယ်မှုမြို့လေးမြို့သည် လက်ဝဲစစ်တပ်နယ်မြေ၏ ခုခံကာကွယ်မှုစည်းများပင်။ဤမြို့များသည် ပြင်ပ၌ ထန်အင်ပါယာ၏တိုက်ခိုက်မှုကို ခုခံကာကွယ်ရုံသာမက သူတို့သည် အတွင်းရှိပြင်ပဂိုဏ်းအင်အားစုများကိုလည်း ထိန်းချုပ်ကန့်သတ်နိုင်စွမ်းရှိသည်။
ပေါင်လုံတုသည် လက်ဝဲစစ်တပ်နယ်မြေအတွင်းရှိအခြေအနေများကို ကောင်းစွာသတိပြုမိပေ၏။
သူသည် ဤပြင်ပဂိုဏ်းအင်အားစုများ၏အခြေအနေကိုလည်း နားလည်သဘောပေါက်ထားသည်။
လုယွီ၏မျက်နှာပေါ်၌ အေးစက်စက်အပြုံးတစ်ခု ထင်ဟပ်လာသည်။
"သူတို့က သူတို့ကိုယ်သူတို့ တော်တော်လေး အထင်ကြီးနေကြတာပါလား...ငါက သူတို့ကိုတောင် သွားမရှာရသေးဘူး...သူတို့က ငါ့ကိုရင်ဆိုင်ဖို့ တွေးနေကြတာလား...သူရဲဘောကြောင်တဲ့ကောင်တစ်သိုက်ကများ....တကယ်လို့ သူတို့တွေအကုန်ပူးပေါင်းထားတယ်ဆိုရင်တောင် ထိုးနှက်မှုတစ်ခုကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး"
ထို့နောက် သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။
"မနက်ဖြန်ကနေစပြီးတော့...ဖေးထျန်ကွမ်းက အုပ်ချုပ်သူအရှင်အဖြစ် တာဝန်ယူရမယ်...ငါက ခရီးတစ်ခု ထွက်ရလိမ့်မယ်"
လက်ရှိနေရာတွင်ရှိနေသူများအားလုံး၏ စိတ်နှလုံးသားများ တုန်ရီသွားသည်။
လုယွီသည် ဝမ်မိသားစုကို အမြစ်ပြတ်သုတ်သင်ပြီးနောက် ရေအင်မော်တယ်ဂိုဏ်းဘက်သို့ဦးလှည့်ကာ ရင်ဆိုင်ဖြေရှင်းမည်ဟု သူတို့ မျှော်လင့်မထားမိချေ။
"အရှင်....အဲ့ဒီထိပ်သီးအင်အားစုသုံးစုအကြောင်း ငါ မင်းကို နည်းနည်းလောက် သတိပေးပါရစေ...ရေအင်မော်တယ်ဂိုဏ်းက အဲ့ဒီအင်အားစုသုံးစုထဲမှာ အင်အားအကောင်းဆုံးဆိုတာ သံသယဖြစ်စရာမရှိဘူး...အရင်တစ်ခေါက်တုန်းက မင်းသတ်လိုက်တဲ့ အဆင့်မြင့်အကြီးအကဲအရိုးစုက ရေအင်မော်တယ်ဂိုဏ်းရဲ့အဆင့်မြင့်အကြီးအကဲဆယ်ယောက်ထဲမှာ အားအနည်းဆုံးပဲ...ရေအင်မော်တယ်ဂိုဏ်းရဲ့စုပေါင်းအင်အားက လျှော့တွက်လို့မရဘူး....ငါတို့ ဂရုစိုက်ရမယ်"
ပေါင်လုံတုသည် အလေးအနက်ထားသောလေသံဖြင့်ပြောဆိုကာ သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသောအမူအယာမျိုး ထင်ဟပ်နေသည်။
လုယွီက သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုသည်။
"ဒါက အဆင်ပြေပါတယ်...ငါ့မှာ အစီအစဥ်တွေ ရှိပြီးသားပါ"
"မရဘူး...လက်ဝဲစစ်တပ်နယ်မြေရဲ့ အဆင့်မြင့်ဆုံးအရာရှိဖြစ်တဲ့ မင်းက ဘာလို့ဒီလောက်ထိ ခေါင်းမာနေတာလဲ....မင်း ကြိုပြီးသိထားရမယ့်ကိစ္စတွေအများကြီး ရှိနေသေးတယ်"
မမျှော်လင့်ဘဲ ပေါင်လုံတုသည် ရှေ့သို့လျှောက်လှမ်းသွားကာ လုယွီကို စေ့စေ့ကြည့်ပြီး ပြောဆိုလေ၏။
ဤအချိန်အခိုက်အတန့်တွင် လက်ရှိနေရာတွင်ရှိနေသော လူအများစု ထိတ်လန့်တုန်လှုပ်သွားသည်။ဗိုလ်ချုပ်တချို့ပင်လျှင် ဤမြင်ကွင်းကိုမြင်တွေ့ချိန်၌ ကြက်သေသေသွားကာ သူတို့သည် ရှေ့တိုး၍ ပေါင်လုံတုကို ဆွဲထုတ်သွားသင့် မသွားသင့်ကို မသိရှိတော့ချေ။
Chapter 3548
လုယွီ၏စွမ်းအားဖြင့် သူသည် သူပြောဆိုသည့်စကားအတိုင်း လုပ်ဆောင်သူဖြစ်သည်။
သာမာန်အခြေအနေမျိုးအောက်တွင် ဖေးထျန်ကွမ်းပင်လျှင် လုယွီကို တမင်သက်သက် အတိုက်အခံပြောဆိုခြင်းမရှိချေ။
ဤအချိန်တွင် လုယွီထံတွင် သာလွန်ထူးကဲသောအရာရှိတစ်ယောက်၏စွမ်းအားကို ပိုင်ဆိုင်ထားပြီးလေပြီ။သူ၏လှုပ်ရှားမှုတိုင်းတွင် အရာရာတိုင်းကို ဖိနှိပ်ချုပ်ကိုင်နိုင်ပြီး လောကကြီးကိုအထင်အမြင်သေးနိုင်သော အရှိန်အဝါမျိုး ပါဝင်နေသည်။
သို့ရာတွင် ပေါင်လုံတုသည် ထိုအရာများကို ဂရုမစိုက်ချေ။
လုယွီက ပြုံးလိုက်သည်။
"မင်းက ငါ့ကို ဘာလုပ်စေချင်တာလဲ"
ပေါင်လုံတုက ပြောဆိုသည်။
"တကယ်လို့ အရှင်က အဲ့ဒီနေရာကိုသွားလိုက်လို့ မတော်တဆ တစ်ခုခုဖြစ်သွားမယ်ဆိုရင်...လက်ဝဲစစ်တပ်ရုံးတော်က ဘာဆက်လုပ်ရမှာလဲ....ထန်အင်ပါယာစစ်တပ်ကို ဘယ်လိုခုခံမှာလဲ...ပြင်ပဂိုဏ်းအင်အားစုတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမှာလဲ...ကျေးဇူးပြုပြီးတော့ ဆုံးဖြတ်ချက်ကို အလျင်စလိုမချပါနဲ့"
တခြားစစ်ဗိုလ်ချုပ်များသည် ပေါင်လုံတုကိုဟန့်တားဝံ့ခြင်းမရှိဘဲ သူတို့သည် ထူးဆန်းသောအကြည့်ဖြင့် သူ့အားကြည့်လိုက်ကြ၏။
လုယွီအား ဤကဲ့သို့ပြောဆိုဝံ့သောသတ္တိမျိုး သူ့အား မည်သူမှ ပေးလိုက်သနည်း..
ဖေးထျန်ကွမ်းသည် ရုတ်တရက် သူ၏အင်္ကျီလက်ကြားမှ စာလိပ်တစ်လိပ်ကိုထုတ်ယူကာ သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ညီလေးပေါင်...ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ မင်း ဘာမှစိုးရိမ်ပူပန်ဖို့မလိုဘူး...အရှင်က အရာရာတိုင်းကို စဥ်းစားတွေးတောပြီးသားပါ...တကယ်လို့ မတော်တဆကိစ္စတစ်ခုခု တကယ်ဖြစ်လာမယ်ဆိုရင် ရှီးလျန်ကြယ်နယ်မြေသခင်ကျူးကော်မင်က ရုံးတော်ကို တာဝန်ယူလိမ့်မယ်...ငါက ထန်အင်ပါယာကို ရင်ဆိုင်ဖို့အတွက် ရှေ့တန်းကို စီမံကွပ်ကွဲရမယ်...အရာရာတိုင်းက စီစဥ်ပြီးသားပဲ"
ပေါင်လုံတုသည် စာလိပ်ကိုယူကြည့်ပြီးနောက် ထိုအရာပေါ်တွင် နည်းဗျူဟာများကို ရှင်းရှင်းလင်းလင်းရေးသားထားသည်ကို မြင်တွေ့မိလေ၏။
လုယွီသည် လှုပ်ရှားမှုတိုင်းအပေါ် အသေးစိတ်ပြင်ဆင်ပြီးသားဖြစ်မည်ဟု သူ မျှော်လင့်မထားမိချေ။
"ဒီငယ်သားက အဆင်အခြင်မဲ့လွန်းသွားတယ်...ကျေးဇူးပြုပြီးတော့ အရှင်က ငါ့ကိုအပြစ်ပေးပါ"
ပေါင်လုံတုက ဦးညွှတ်အရိုအသေပြုကာ ပြောဆိုသည်။
လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
"မင်း ဘာကိုစဥ်းစားတွေးတောပြီး ပြောလိုက်တာလဲဆိုတာကို ငါ နားလည်သဘောပေါက်တယ်....ဒီလိုမျိုး စိတ်ထဲရှိတာကိုပြောတတ်တဲ့လူမျိုးက အရမ်းရှားပါးတယ်"
ဖေးထျန်ကွမ်းဖြစ်စေ သူ၏လက်အောက်မှ စစ်ဗိုလ်ချုပ်များဖြစ်စေ မူလကတည်းက သူ့ကို ရိုသေလေးစားခဲ့သူများဖြစ်သဖြင့် သူ ဒေါသထွက်မည်ကို အလွန်ထိတ်လန့်ကြောက်ရွံကြသည်။
တခြားတစ်ဖက်ရှိ ပေါင်လုံတုကမူ ကွဲပြားခြားနားပေ၏။သူသည် လုယွီ၏စိတ်ဆန္ဒကို မည်ကဲ့သို့ဖြည့်ဆည်းပေးရမည်ကို မသိရှိဘဲ သူ လုပ်ဆောင်ရန်လိုအပ်သောအရာကိုသာ ဂရုစိုက်သည်။
ဤသည်မှာ တခြားသူများကိုမကြောက်ရွံသော အရာရှိတစ်ယောက်ထံတွင်ရှိသည့် အမူအကျင့်ပင်။ထိုအမူအကျင့်သည် သူ၏ယခင် တော်ဝင်စုံစမ်းစစ်ဆေးရေးမှူးဟူသောရာထူးနှင့် လုံးလုံးလျားလျား လိုက်ဖက်ညီပေ၏။
"ပေါင်လုံတုပြောတာ အမှန်ပဲ...တကယ်လို့ နောင်အနာဂတ်မှာ မင်းတို့ ပြောချင်တာတစ်ခုခုရှိနေရင် ပွင့်ပွင့်လင်းလင်းထုတ်ပြောကြ....အရမ်းကြီး ကျင့်ဝတ်တွေ စောင့်ထိန်းနေစရာမလိုဘူး"
လုယွီက ပေါင်လုံတုကိုလက်ညှိုးညွှန်ကာ ပြောဆိုသည်။
"ငါက တော်ဝင်နန်းတွင်းကို သတင်းပို့ပြီးတာနဲ့...မင်းက ငါ့ရဲ့လက်အောက်က စစ်ဆေးရေးသံတမန်ဖြစ်သွားပြီ....နောင်အနာဂတ်မှာ မင်းက လက်ဝဲစစ်တပ်နယ်မြေတစ်ခုလုံးကို ကင်းလှည့်ပြီးစစ်ဆေးရမယ်...မင်း သွားချင်တဲ့ဘယ်နေရာမဆိုသွားနိုင်တယ်...မင်း ရောက်တဲ့ဘယ်နေရာမဆို ငါကိုယ်တိုင်ရောက်လာတာနဲ့ အတူတူပဲ"
တော်ဝင်စုံစမ်းစစ်ဆေးရေးမှူးနှင့် စစ်ဆေးရေးသံတမန်အကြားတွင် စကားလုံးတစ်လုံးသာ ကွာခြားသော်လည်း ကွာဟချက်မှာ မိုးနှင့်မြေတမျှကြီးမားသည်။
အရေးအကြီးဆုံးအချက်မှာ တော်ဝင်စုံစမ်းစစ်ဆေးရေးမှူးသည် တော်ဝင်နန်းတွင်းကို သတင်းပို့ရပြီး စုံစမ်းရေးသံတမန်သည် လုယွီထံသို့သာ သတင်းပို့ရပေမည်။
တခြားစကားပြောင်းဆိုရလျှင် ယနေ့မှစ၍ ပေါင်လုံတုသည် လုယွီ၏လက်အောက်ခံ လူယုံအရာရှိတစ်ယောက်ဖြစ်သွားကာ တော်ဝင်နန်းတွင်းနှင့် မည်သို့မျှမသက်ဆိုင်တော့ချေ။
ပေါင်လုံတု၏မုတ်ဆိတ်များ မသိမသာတုန်ရီသွားသည်။အချိန်တခဏကြာခန့် စဥ်းစားတွေဝေနေပြီးနောက် သူက ရိုသေလေးစားစွာပြောဆိုသည်။
"ငါက အရှင့်ရဲ့အမိန့်ကို လိုက်နာပါ့မယ်"
ဤသည်မှာ ပေါင်လုံတုသည် လုယွီ၏လက်အောက်သို့ အပြည့်အဝခိုဝင်လိုက်ပြီဟု ဆိုလိုခြင်းပင်။
"မှတ်ထားကြစမ်း...လက်ဝဲစစ်တပ်နယ်မြေထဲမှာ အကျင့်ပျက်ခြစားမှုတွေဖြစ်နေတာ အချိန်အတော်ကြာနေပြီ...ငါ ကောင်းကောင်းကြီးသတိပြုမိတဲ့ တချို့ကိစ္စတွေရှိနေတယ်....ငါ မင်းကို အသုံးပြုရတဲ့အကြောင်းအရင်းက...မင်းက ဘာကိုမှအကြောက်အလန့်မရှိလို့ပဲ....ငါက အကြောက်အလန့်မရှိတဲ့လူမျိုးကို လိုအပ်နေတယ်"
"တကယ်လို့ အန္တရာယ်တစ်ခုခုနဲ့တွေ့မယ်ဆိုရင် ငါက မင်းရဲ့နောက်ခံအဖြစ်ရှိနေမယ်...မင်း နားလည်ရဲ့လား"
လုယွီက သတိပေးလေ၏။
"ဟုတ်ကဲ့ပါ အရှင်"
ပေါင်လုံတု၏စိတ်နှလုံးသား လေးလံသွားသည်။
လုယွီသည် သူ့အားယုံကြည်သဖြင့် အရေးကြီးသောတာဝန်ကို ပေးအပ်ခြင်းဖြစ်ကြောင်း သူ သိရှိထားသည်။
ဝမ်မူကျီး သေဆုံးသွားသော်လည်း လက်ဝဲစစ်တပ်နယ်မြေအရာရှိအသိုင်းအဝိုင်းတွင် သူကဲ့သို့လူစားမျိုး မည်မျှထိများများ ပုန်းကွယ်နေမည်ကို မသိနိုင်ချေ။လုယွီသည် ဤကိစ္စများအားလုံးကို သူကိုယ်တိုင် လိုက်လံ၍ဖြေရှင်းနေရန်မှာ မဖြစ်နိုင်ချေ။
တာဝန်များကိုလွှဲပြောင်းပေးပြီးနောက် ဖေးထျန်ကွမ်းက ပြောဆိုသည်။
"အရှင်....မင်းက လက်ဝဲစစ်တပ်နယ်မြေရဲ့ထိပ်သီးအင်အားစုသုံးစုကို ရင်ဆိုင်ဖြေရှင်းမယ်ဆိုရင်...အရင်ဆုံးက ရေအင်မော်တယ်ဂိုဏ်း ဒါမှမဟုတ် အထွတ်အထိပ်ဂိုဏ်းဖြစ်သင့်တယ်...ဒါပေမယ့် မင်း အတတ်နိုင်ဆုံး ရွှေအလင်းဘုရားကျောင်းကို မထိတာက အကောင်းဆုံးဖြစ်လိမ့်မယ်"
Chapter 3549
လုယွီ၏မျက်ခုံး မြင့်တက်သွားသည်။
"ဘာလို့လဲ"
စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များ၏ ဝင်္ကပါဖွဲ့စည်းပုံများကို ခိုးယူသောကိစ္စ၌ ရွှေအလင်းဘုရားကျောင်း၏ ခြေရာလက်ရာများရှိနေသည်။
ဖေးထျန်ကွမ်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ဗုဒ္ဓဂိုဏ်းတွေက အခုချိန်မှာ တော်ဝင်နန်းတွင်းနဲ့ပူးပေါင်းထားတာကြောင့် ထန်အင်ပါယာကိုတိုက်ခိုက်တဲ့နေရာမှာ အမာခံကျောရိုးဖြစ်နေတယ်...တော်ဝင်နန်းတွင်းက ဒီကိစ္စတွေကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားတာမရှိပေမယ့်...သတင်းအချက်အလက်တွေ အရဆိုရင်...ဗုဒ္ဓဂိုဏ်းတွေရဲ့ထောက်ပံ့မှုကိုရရှိဖို့အတွက် တော်ဝင်နန်းတွင်းက....ဗုဒ္ဓကျင့်ကြံသူတွေကို ကြယ်မြစ်တွေမှာ အတားအဆီးမရှိ ဟောပြောခွင့်ပြုထားတယ်"
"ရွှေအလင်းဘုရားကျောင်းက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ ဘုရားကျောင်းငယ်လေးတစ်ခုဖြစ်ပြီး အရင်ကတော့ မသိသာမထင်ရှားတဲ့ အင်အားစုလေးတစ်ခုပဲ...ဒါပေမယ့် အခုလတ်တလောလအနည်းငယ်အတွင်းမှာ သူတို့ဂိုဏ်းရဲ့အင်အားက အရမ်းကြီးထွားလာတယ်...ရေအင်မော်တယ်ဂိုဏ်းက ခုလိုမျိုးကြီးမားတဲ့တုံ့ပြန်မှုမျိုး လုပ်ရတဲ့အကြောင်းအရင်းက မင်း ရောက်လာတာနဲ့ဆက်စပ်နေတယ်...တခြားတစ်ဖက်မှာတော့ ရွှေအလင်းဘုရားကျောင်းရဲ့ခြိမ်းခြောက်မှုက တစတစ ပိုပြီးမြင့်တက်လာလိမ့်မယ်"
"ဗုဒ္ဓဂိုဏ်းတွေရဲ့နယ်ရုပ်တစ်ရုပ်ဖြစ်တဲ့ ရွှေအလင်းဘုရားကျောင်းမှာ အစွမ်းထက်ကျင့်ကြံသူတွေရှိနေမှာ သေချာပေါက်ပဲ....တကယ်လို့ ငါတို့က အခုချိန်မှာ အဲ့ဒီဘုရားကျောင်းကို တိုက်ခိုက်လိုက်မယ်ဆိုရင် ဗုဒ္ဓကျင့်ကြံသူတွေရဲ့မကျေနပ်ချက်တွေ မြင့်တက်လာနိုင်ရုံတင်မကဘူး....အဲ့ဒီထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေနဲ့လည်း ရန်သူတွေဖြစ်သွားလိမ့်မယ်"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"သူတို့ ဟောပြောတာတွေ လုပ်တာမလုပ်တာကို ငါ ဂရုမစိုက်ဘူး..ဒါပေမယ့် တကယ်လို့ အဲ့ဒီလူတွေက ငါ့ကိုဟန့်တားဝံ့ရင် သူတို့နောက်မှာ ဘယ်သူရှိနေလဲဆိုတာကိုလည်း ငါ ဂရုစိုက်နေမှာမဟုတ်ဘူး"
ဗုဒ္ဓဂိုဏ်းသည် အလွန်အစွမ်းထက်ပေ၏။အတိတ်ဘဝ၌ သူ တာအိုသခင်အဖြစ် ရှိနေချိန်ကတည်းက ဗုဒ္ဓဂိုဏ်းသည် လောကကြီး၏အလျှို့ဝှက်ဆုံးအင်အားစုအဖြစ် ရပ်တည်နေခဲ့သည်။ဗုဒ္ဓဂိုဏ်းတွင် အစွမ်းထက်ကျင့်ကြံသူများသည် တိမ်စိုင်များကဲ့သို့ အလွန်ပေါများသည်။
သို့ရာတွင် လုယွီသည် ထိုကိစ္စများကို အနည်းငယ်မျှ ဂရုစိုက်ခြင်းမရှိချေ။
အတိတ်ဘဝတွင် သူသည် ကောင်းကင်ဘုံနယ်မြေ၏ အစွမ်းထက်ဆုံးကျင့်ကြံသူဖြစ်သော ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ကို စိန်ခေါ်ခဲ့သူပင်။ထို့ကြောင့် သူသည် ဗုဒ္ဓဂိုဏ်းကို ကြောက်ရွံနေရန် အကြောင်းမရှိချေ။
"ငါ ဒီကိစ္စနဲ့ပတ်သက်ပြီး အားလုံးသိထားတယ်....ငါ မရှိတဲ့အချိန်မှာ လက်ဝဲစစ်တပ်နယ်မြေရဲ့ကိစ္စတွေအားလုံး မင်းနဲ့လွှဲထားခဲ့မယ်"
ထိုသို့ပြောဆိုပြီးနောက် လုယွီသည် ရုံးတော်မှထွက်ခွာသွားခြင်းမရှိချေ။ထိုအစား သူသည် လျှို့ဝှက်ခန်းအတွင်းသို့ဝင်ကာ တံခါးပိတ်ကျင့်ကြံလိုက်၏။
ယခုချိန်တွင် သူသည် တာယွီကံကြမ္မာစွမ်းအား၏ကောင်းချီးပေးမှုကို ရရှိထားသဖြင့် သူ၏သုံးရက်တာကျင့်ကြံမှုသည် တခြားသူများ ပြင်းပြင်းထန်ထန်တစ်လခန့်လေ့ကျင့်မှုနှင့်ညီမျှသည်။သူ၏ကျင့်ကြံဆင့်သည် တစ်ရက်တွင် မိုင်ပေါင်းထောင်သောင်းချီ၍ ခရီးပေါက်သည်။
ဤသုံးရက်ကိုပြင်းပြင်းထန်ထန်ကျင့်ကြံပြီးနောက် လုယွီသည် မြေကမ္ဘာအင်မော်တယ်၏အတားအဆီးနေရာသို့ ရောက်ရှိနေသော သူ၏ကျင့်ကြံဆင့်ကို ဖိနှိပ်လိုက်၏။
အမှန်အားဖြင့် လုယွီ၏ယခုလက်ရှိကျင့်ကြံမှုအရှိန်နှုန်းဖြင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကို တစ်ချက်တည်းဖြင့် တက်လှမ်းနိုင်သည်။
သို့ရာတွင် လုယွီသည် ကျင့်ကြံခြင်းလောက၌ လူသစ်လေးတစ်ယောက်မဟုတ်ချေ။
အကယ်၍ သူသည် ယခုချိန်တွင် အတားအဆီးကိုချိုးဖျက်လိုက်ပါက သူ အလျှင်အမြန် ကျင့်ကြံဆင့်မြင့်တက်သွားနိုင်သော်လည်း နောင်အနာဂတ်တွင် သူ၏ကျင့်ကြံခြင်းအတွက် ကောင်းမွန်သောကိစ္စတစ်ရပ်မဟုတ်မည်ကို သူ ကောင်းစွာသိရှိထားသည်။
ဤဘဝတွင် လုယွီ ကျင့်ကြံရာ၌ အဆင့်တိုင်း စွမ်းအားများကိုစုဆောင်းကာ တည်ငြိမ်စွာတိုးတက်လာခြင်းဖြစ်သည်။ဤသည်ကြောင့် ကျင့်ကြံဆင့်နယ်ပယ်တူအတွင်းတွင် သူ့အားယှဥ်ပြိုင်နိုင်သောပြိုင်ဘက်မျိုး မရှိသလောက်ရှားပါးသွားစေသည်။
လုယွီ တံခါးပိတ်ကျင့်ကြံနေသော သုံးရက်အတွင်းတွင် ပြင်ပလောက၌ ဗြောင်းဆန်နေသည်။
အထွတ်အထိပ်ဂိုဏ်း၏ဂိုဏ်းချုပ်လန်ဝူရှင်းသည် လုယွီအား လာရောက်စိန်ခေါ်သည့်ကိစ္စသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်း၌ တောမီးပမာပျံ့နှံ့နေလေပြီ။
ပထမဆုံးအနေဖြင့် စားသောက်ပွဲသို့တက်ရောက်ကြသည့် ဂိုဏ်းချုပ်များသည် သူတို့၏ဂိုဏ်းများသို့ ပြန်ရောက်သည်နှင့် တော်ဝင်နန်းတွင်းအား ပေးဆောင်ရမည့် အခွန်အခများကိုတွက်ချက်ကာ ပေးပို့ခဲ့လေ၏။
တချို့ဂိုဏ်းများသည် တော်ဝင်နန်းတွင်း၏အပိုင်ဖြစ်သော မြေနေရာများကိုယူဆောင်ထားသည်အား ပြန်လည်လက်လွှတ်လိုက်ကြသည်။
လှုပ်ခတ်နေသောပြင်ပဂိုဏ်းအင်အားစုများနှင့် နှိုင်းယှဥ်ပါက နယ်မြေခံရုံးတော်များအားလုံး အံ့အားသင့်ဖွယ်ကောင်းအောင် တည်ငြိမ်နေသည်။
ချီဘုရင်အိမ်တော်၏အနောက်ဘက်ခြံဝန်း၌....
အဖိုးတန်ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသော မြင့်မြတ်သည့်အမျိုးသမီးတစ်ယောက်သည် ငိုယိုပြီး စာကြည့်ဆောင်အတွင်းသို့ ပြေးဝင်လာပေ၏။
ဤအချိန်အခိုက်အတန့်တွင် စာကြည့်ခန်းအတွင်း၌ ကြီးကျယ်ခမ်းနားသောအရှိန်အဝါရှိသည့် လူကြီးတစ်ယောက်သည် စားပွဲတစ်လုံးရှေ့၌ထိုင်ကာ တစ်စုံတစ်ခုကို ရေးသားနေသည်။သူ၏နောက်မှငိုသံကိုကြားချိန်တွင် သူ၏စာရေးသားနေခြင်းကို ရပ်တန့်လိုက်၏။
"အခုက ဘာပြဿနာရှိနေလို့လဲ"
သူက အေးစက်စက်လေသံဖြင့် မေးမြန်းသည်။
ထိုအမျိုးသမီးက ငိုယိုရင်း ပြောဆိုသည်။
"အရှင်...ရှင် လီအာကို ကူညီပေးရမယ်...ဝမ်ခန်းက လီအာရဲ့အနာဂတ်ခင်ပွန်းဆိုတာ အသိသာကြီးလေ...ဒါပေမယ့် အသစ်ရောက်လာတဲ့ လက်ဝဲစစ်တပ်တပ်မှူးက အမှားအမှန်ကို မခွဲခြားဘဲနဲ့ ဝမ်ခန်းကိုသတ်လိုက်တယ်...ဒါက ကျွန်မတို့လီအာရဲ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတာ မဟုတ်ဘူးလား...သူက နောင်အနာဂတ်မှာ ဘယ်လိုလုပ်ပြီးတော့ လက်ထပ်ရတော့မှာလဲ"