အခန်း (၃၅၅၄-၃၅၅၇)
Vol. 181 Ch. 3554-3557
Chapter 3554
"သောက်...."
ရုတ်ချည်းဆိုသလိုပင် လုယွီ၏ခန္ဓာကိုယ်ပေါ်ရှိ မြေအောက်လောကပုံရိပ်ယောင်ကြီးမှနေ၍ ကျယ်လောင်သောအော်ငေါက်သံတစ်သံ ထွက်ပေါ်လာသည်။
တခြားအကြီးအကဲများသည် ထိုအသံကိုမကြားရသော်လည်း ယွဲ့ချင်၏နားအတွင်းတွင်မူ မိုးခြိမ်းသံတမျှ အလွန်ကျယ်လောင်သည်။
"အား....မကောင်းတော့ဘူး"
ယွဲ့ချင်၏မျက်နှာဖြူရော်သွားကာ သူမ၏မျက်လုံးကို အလျှင်အမြန်စုံမှိတ်လိုက်၏။
သို့ရာတွင် ဤသည်မှာ အလွန်နောက်ကျသွားလေပြီ။
သူမသည် ညှို့ငင်နည်းစနစ်ကိုအသုံးပြု၍ လုယွီကို မြှူဆွယ်လိုခြင်းဖြစ်သည်။သို့ရာတွင် လုယွီ၏စိတ်ဆန္ဒသည် ဤမျှထိခိုင်မာနေမည်ဟု သူမ မျှော်လင့်မထားမိချေ။သူမသည် နည်းလမ်းမျိုးစုံကို အသုံးပြုသည့်တိုင် လုယွီ၏စိတ်ကိုလှုပ်ခတ်စေနိုင်ခဲ့ခြင်းမရှိချေ။
အရေးအကြီးဆုံးအချက်မှာ လုယွီ၏အော်ငေါက်သံသည် သူမ၏ညှို့ငင်နည်းစနစ်ကို လုံးလုံးလျားလျား ပြိုကွဲသွားစေရုံသာမက သူမအား တန်ပြန်ရိုက်ခတ်မှုဒဏ်ကို ခံစားရစေသည်။
သူမ၏ညှို့ငင်နည်းစနစ်သည် အစွမ်းထက်သဖြင့် တန်ပြန်ရိုက်ခတ်မှုဒဏ်သည်လည်း အလွန်ပြင်းထန်ပေ၏။
ယွဲ့ချင်၏ခန္ဓာကိုယ်တစ်ခုလုံး မြေပြင်ပေါ်သို့ ခွေလဲကျသွားသည်။သူမ၏မူလက နူးညံချောမွေ့သော မျက်နှာပေါ်တွင် အရေးအကြောင်းများ စတင်၍ထွက်ပေါ်လာတော့သည်။
နတ်ဆိုးဂိုဏ်း၏မျိုးဆက်ဟောင်းမှ ကျင့်ကြံသူတစ်ယောက်ဖြစ်သော သူမ၏အသက်သည် အမှန်အားဖြင့် အိုမင်းနေလေပြီ။သူမသည် လျှို့ဝှက်နည်းစနစ်များကိုမှီခို၍ သူမ၏လှပချောမောသောပုံပန်းသွင်ပြင်ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
လုယွီသည် သူမ၏ညှို့ဓာတ်ကိုသာမက အထင်သေးစက်ဆုပ်ဖွယ်ကောင်းသော မှော်နည်းစနစ်ကိုလည်း ဖျက်ဆီးလိုက်ခြင်းပင်။
ရုတ်ချည်းဆိုသလိုပင် တစ်ချိန်က ချောမောလှပပြီး ညှို့အားပြင်းသော မိန်းမလှလေးတစ်ယောက်သည် ယခုချိန်၌ လုံးလုံးလျားလျား ဆွဲဆောင်မှုမရှိသော မိန်းမအိုကြီးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားလေပြီ။
"အကြီးအကဲယွဲ့ချင်...."
တခြားအကြီးအကဲများသည် သူမကိုကူညီပေးရန်အတွက် အလျင်စလိုပြေးဝင်လာကြလေ၏။
ထိုလူများ၏နဖူးများပေါ်တွင် မက်မွန်ပွင့်ပုံအမှတ်အသားများရှိနေသည်။သူတို့သည် ယွဲ့ချင်၏ထိန်းချုပ်ခြင်းခံထားရသူများဖြစ်သည်မှာ သိသာထင်ရှားသည်။
ယခုချိန်တွင် ယွဲ့ချင်သည် လုယွီအား မယှဥ်ပြိုင်နိုင်သည်ကို သိရှိသွားသဖြင့် နတ်ဆိုးသစ်စေ့များကို ထိုလူများကိုထိန်းချုပ်၍ လုယွီအားထိန်းထားရန် ကြံရွယ်နေခြင်းဖြစ်သည်။
"ဘယ်သူလှုပ်ရှားဝံ့လဲဆိုတာ ငါ ကြည့်ချင်တယ်"
လုယွီက အေးစက်စက်အော်ငေါက်ကာ မြေပြင်ပေါ်သို့ ခြေတစ်ချက်ဆောင့်နင်းလိုက်၏။
မြေပြင်တပြင်လုံးတုန်ခါသွားကာ ပြေးဝင်လာသောအကြီးအကဲများသည် တည်ငြိမ်စွာမတ်တတ်ရပ်နိုင်ခြင်းမရှိတော့ဘဲ လဲကျသွားတော့သည်။
လုယွီသည် သူ၏အင်္ကျီလက်ကိုခါယမ်းလိုက်ရာ လေပြင်များတိုက်ခတ်လာပြီး ထိုအကြီးအကဲများအားလုံးကို နံဘေးသို့လွင့်ထွက်သွားစေသည်။
အထွတ်အထိပ်ဂိုဏ်း၌ မြင့်မားသောအဆင့်အတန်းရှိသည့် အကြီးအကဲများသည် လုယွီအတွက် ပြိုင်ဘက်မဖြစ်နိုင်ချေ။
"မင်းက သတ္တိကောင်းသားပဲ...ငါ့အပေါ်မှာတောင် ညှို့ငင်ခြင်းနည်းစနစ်ကို အသုံးပြုဝံ့တယ်...ဘာဆက်ဖြစ်မလဲဆိုတာ မင်းသိလား"
လုယွီက ယွဲ့ချင်၏ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားလိုက်သည်။
နတ်ဆိုးသစ်စေ့များဖြင့် ထိန်းချုပ်ခြင်းကိုခံထားရသော အကြီးအကဲများသည် ရှေ့သို့တိုးလာလိုကြ၏။သို့ရာတွင် လုယွီသည် သူ၏လက်ကောက်ဝတ်ကိုလှုပ်ခတ်လိုက်ရာ အစွမ်းထက်သော ဖိအားအရှိန်အဝါတစ်ရပ်က မိုးကောင်းကင်ယံမှ ဆင်းသက်လာသည်။ထိုအရှိန်အဝါသည် ထိုအကြီးအကဲများကို မြေပြင်ပေါ်၌ဖိနှိပ်ထားသဖြင့် သူတို့အားလုံး မလှုပ်ရှားနိုင်တော့ချေ။
ထိုဖိအားထွက်ပေါ်လာချိန်တွင် ကြွင်းကျန်သောအကြီးအကဲများသည်လည်း ထိတ်လန့်တုန်လှုပ်သွားသည်။
နတ်ဆိုးသစ်စေ့များ၏ ထိန်းချုပ်ခြင်းကို မခံထားရသော အကြီးအကဲများ၏မျက်လုံးများ ပြူးကျယ်သွားကာ ရှေ့သို့ခြေတစ်လှမ်းမတိုးဝံ့တော့ချေ။
လုယွီ၏လှုပ်ရှားမှုသည် လေဟာနယ်ဥပဒေသ၏အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေလေပြီ။ဤလှုပ်ရှားမှုကို အသုံးပြုလိုက်ခြင်းကြောင့် သူသည် နယ်မြေသခင်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေမည်ကို သူတို့အားလုံး စိုးရိမ်ပူပန်နေကြသည်။
ဖြစ်နိုင်သည်မှာ လုယွီသည် နယ်မြေသခင်တစ်ယောက် ဖြစ်နေသလော...
မဟုတ်သေး...မည်သည်နည်းဖြင့် ဖြစ်နိုင်မည်နည်း....
လူအမြောက်အများ၏စိတ်အတွင်း၌ ဤအတွေးသည် ဖျတ်ခနဲထွက်ပေါ်လာသော်လည်း မကြာမီမှာပင် ပယ်ဖျယ်လိုက်ကြ၏။
လုယွီ၏အသက်သည် ငယ်ရွယ်နေဆဲပင်။သူ၏အသက်အရွယ်အရ သူ မည်မျှထိအစွမ်းထက်သည်ကို သာမာန်လူများ စိတ်ကူးယဥ်တွေးတောကြည့်နိုင်ရန် လွန်စွာခက်ခဲပေမည်။အကယ်၍ သူသည် နယ်မြေသခင်အဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဆိုပါက ကြီးမားသောပြက်လုံးတစ်ခုဖြစ်သွားပေမည်။
မည်သူကမျှ သူမကို ကူညီမပေးနိုင်သည်ကိုကြည့်ပြီး ယွဲ့ချင်၏ခန္ဓာကိုယ်တစ်ခုလုံး ကူကယ်ရာမဲ့စွာဖြင့် ပြင်းပြင်းထန်ထန်တုန်ရီသွားသည်။
"အ....အရှင်....ကျေးဇူးပြုပြီးတော့ ငါ့ကိုသနားညှာတာပေးပါ"
ယွဲ့ချင်သည် သူမ၏နောက်ဆုံးလက်ကျန်မှော်စွမ်းအားများကို အသုံးပြု၍ သူမ၏ချောမောလှအသော ပုံပန်းသွင်ပြင်ကို တဖန်ထပ်၍ထိန်းသိမ်းလိုက်၏။သူမသည် အသည်းအသန် အသနားခံတောင်းပန်နေသော်လည်း လုယွီ၏မျက်လုံးကို စေ့စေ့မကြည့်ဝံ့တော့ချေ။
လုယွီ စကားမပြောဆိုသည်ကိုကြည့်ပြီး ယွဲ့ချင်က ထပ်မံ၍အသနားခံတောင်းပန်လိုက်သည်။
"အရှင်....ငါက အရှင့်ရဲ့နယ်ရုပ်တစ်ရုပ်အဖြစ်နေပြီးတော့ အရှင့်ရဲ့အမိန့်တွေကို နားထောင်ပါ့မယ်...နောင်အနာဂတ်မှာ အရှင်ပေးအပ်တဲ့ ဘယ်အမိန့်ကိုမဆို ငါက မဆိုင်းမတွ လုပ်ဆောင်ပါ့မယ်"
သူမသည် နာကျင်ကြေကွဲစွာဖြင့် ပြောလိုက်သော်လည်း အချိန်အတော်ကြာသည့်တိုင် တုံ့ပြန်သံကိုမကြားရချေ။
ယွဲ့ချင်၏စိတ်နှလုံးသားအတွင်း၌ ဇဝေဇဝါဖြစ်သွားကာ သူမ၏ခေါင်းကိုမော့ကြည့်လိုက်သည်။ရုတ်တရက် ဓားချီတစ်လှိုင်းသည် သူမ၏မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်သွားပြီး ယွဲ့ချင်၏ခေါင်းကို ချက်ချင်းကြေမွှပျက်စီးသွားစေသည်။
Chapter 3555
"မင်းက ငါ့ရဲ့လက်အောက်ငယ်သားဖြစ်ဖို့ ထိုက်တန်လို့လား"
လုယွီ၏အသံက ယွဲ့ချင်၏နောက်မှ ထွက်ပေါ်လာသည်။
ယွဲ့ချင်၏အမြင်အာရုံ မှောင်မည်းသွားကာ သူမ၏မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုအရိပ်အယောင်များ ထင်ဟပ်လာပေ၏။နောက်ဆုံး၌ သူမသည် အစွမ်းအစမဲ့စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
လုယွီသည် ယွဲ့ချင်ကို သူ၏လက်အောက်သို့ခေါ်ဆောင်ရန် အနည်းငယ်မျှပင် ရည်ရွယ်မထားချေ။
သူသည် လူသစ်များကို လက်သပ်မွေးနေသော်လည်း လူတိုင်းကို ခေါ်ယူမည်မဟုတ်ပေ။
သူ့ရှေ့ရှိ ယွဲ့ချင်သည် ဂိုဏ်းတူအကြီးအကဲများကိုပင် နတ်ဆိုးသစ်စေ့များကိုအသုံးပြု၍ ထိန်းချုပ်ထားခဲ့သည်။အကယ်၍ သူသာ သူမကို သူ၏လက်အောက်သို့ ခေါ်ယူလိုက်ပါက နောင်အနာဂတ်တွင် သူ၏လက်အောက်ငယ်သားများအကြား၌ ဖရိုဖရဲကိစ္စများ ဖြစ်လာပေလိမ့်မည်။
ထို့ပြင် ယွဲ့ချင်သည် အတိတ်တွင် ဝရမ်းထုတ်ခံထားရသော နတ်ဆိုးကျင့်ကြံသူတစ်ယောက်ပင်။
ယွဲ့ချင် သေဆုံးသွားခြင်းနှင့်အတူ သူမ၏နတ်ဆိုးသစ်စေ့ဖြင့် ထိန်းချုပ်ခြင်းခံထားရသော အကြီးအကဲများသည်လည်း နိုးထလာကြ၏။
သူတို့သည် ယွဲ့ချင်၏အလောင်း တဖြည်းဖြည်းအေးစက်စပြုလာသည်ကို တွေ့မြင်လိုက်ရသည်။သူတို့သည် အိမ်မက်ရှည်ကြီးတစ်ခုမှ နိုးထလာသည့်အလား သူတို့၏ကိုယ်ရေးကိုယ်တာ အကျိုးအပြစ်များကို စစ်ဆေးနေကြတော့သည်။
"ငါ မင်းတို့ကို မေးပါရစေ...မင်းတို့ရဲ့ဂိုဏ်းချုပ် လန်ဝူရှင်း ဘယ်မှာလဲ"
လုယွီက အကြီးအကဲတစ်ယောက်ကိုကြည့်ကာ မေးမြန်းလိုက်၏။
ထိုအကြီးအကဲသည် အချိန်တခဏခန့် တွေဝေတုံ့ဆိုင်းနေသော်လည်း နောက်ဆုံး၌ ပြောဆိုလိုက်သည်။
"အုပ်ချုပ်သူအရှင်....ဂိုဏ်းချုပ်...သူ...သူက ပိတ်လှောင်ခံထားရတယ်"
လန်ဝူရှင်းသည် လုယွီ၏လက်အောက်သို့ ခိုဝင်မည်ဟူသောသတင်းသည် လက်ဝဲစစ်တပ်နယ်မြေတစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့သည်။
ဤသည်မှာ အထွတ်အထိပ်ဂိုဏ်းအား တခြားပြင်ပဂိုဏ်းအင်အားစုများ၏ရယ်စရာပြက်လုံးကြီးတစ်ခု ဖြစ်သွားစေခဲ့သည်။
ပြင်ပကျင့်ကြံခြင်းလောကရှိ ဂိုဏ်းအများစုနှင့် အုပ်ချုပ်ရေးအဖွဲ့အကြားတွင် သဟဇာတဖြစ်သောဆက်ဆံရေးမျိုးမရှိချေ။အမှန်အားဖြင့် သူတို့ကို သွေးကြွေးရန်ငြိုးရှိသော ရန်သူတော်များဟုပင် ယူဆနိုင်သည်။
လန်ဝူရှင်းသည် ထိုသတင်းကို ထုတ်ပြန်ကြေငြာလိုက်ချိန်တွင် အကြီးအကဲအများစုသည် သဘောတူညီခြင်းမရှိဘဲ ဆန့်ကျင်ခဲ့ကြလေ၏။
လန်ဝူရှင်းသည် အထွတ်အထိပ်ဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သဖြင့် သူ၏ထုတ်ပြန်ကြေငြာချက်သည် ဂိုဏ်းအတွက် ဂုဏ်ကျက်သရေညှိုးနွမ်းစေသောကိစ္စ ဖြစ်သွားခဲ့သည်။
သူသည် လူငယ်မျိုးဆက်ကိုသာ ထိန်းချုပ်နိုင်ခဲ့သည်။ထို့ပြင် လန်ဝူရှင်း၏အသက်အရွယ်သည် ငယ်ရွယ်သေးသဖြင့် အတွေ့အကြုံအရဖြစ်စေ အဆက်အသွယ်များအရဖြစ်စေ သူသည် တခြားအကြီးအကဲများကိုလိုက်မှီရန် လွန်စွာအလှမ်းကွာဟနေသည်။
အကြီးအကဲတချို့သည် ဂိုဏ်းချုပ်ရာထူးကို လိုချင်တပ်မက်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ယခုချိန်၌ သူတို့သည် ဤအခွင့်အရေးကိုအသုံးပြုကာ လန်ဝူရှင်းကို ဂိုဏ်းချုပ်နေရာမှ ဖြုတ်ချခဲ့ကြသည်။
သာမာန်အားဖြင့် လန်ဝူရှင်း၏ခွန်အားသည် အထွတ်အထိပ်ဂိုဏ်းတစ်ဂိုဏ်းလုံးကို ထိန်းချုပ်နိုင်သဖြင့် မည်သူကမျှ ဤကဲ့သို့ကိစ္စမျိုးကို ပြုလုပ်ဝံ့ခြင်းမရှိချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ ကွဲပြားခြားနားသွားလေပြီ။
လန်ဝူရှင်းသည် လုယွီကို စိန်ခေါ်ခဲ့ချိန်၌ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။
လက်ဝဲစစ်တပ်ရုံးတော်အတွင်း၌ သူ သတိလစ်မေ့မျောသွားခဲ့သည်မှာ သူ့အတွက် အလွန်အန္တရာယ်ကြီးမားသော အခြေအနေမျိုးဖြစ်ပေ၏။ကံကောင်းထောက်မစွာဖြင့် လုယွီသည် ဤအခြေကိုအခွင့်ကောင်းယူခြင်းမရှိဘဲ သူ့အားလွှတ်ပေးခဲ့သည်။
သူ ဂိုဏ်းသို့ပြန်လည်ရောက်ရှိလာပြီးနောက် ကုသမှုခံယူခဲ့သော်လည်း သူ၏ဒဏ်ရာများသည် အလျှင်အမြန်သက်သာကောင်းမွန်လာခြင်းမရှိချေ။
သူသည် လုယွီနှင့် ဆေဘာနည်းစနစ်ခြင်းယှဥ်ပြိုင်ခဲ့ရာတွင် အဆုံးသတ်၌ သူ ရှုံးနိမ့်ခဲ့ရလေ၏။
လုယွီ၏ဆေဘာဓားချက်သည် သူ့နှလုံးသား၏နံဘေးသို့ ထွင်းဖောက်သွားခဲ့သည်။ဤသည်မှာ သူ သေဆုံးသွားရန်အတွက် အနည်းငယ်မျှသာလိုအပ်သော အခြေအနေပင်။
ဤသည်မှာ လုယွီသည် သူ့အား သတိပေးလိုက်ခြင်းပင်။အကယ်၍ လုယွီသည် သူ့အား သတ်ဖြတ်လိုပါက အချိန်မရွေးပြုလုပ်နိုင်ပေမည်။
လန်ဝူရှင်းသည် ဤကိစ္စကို ကောင်းစွာသိရှိထားသည်။ထို့ကြောင့် သူ ဂိုဏ်းသို့ပြန်ရောက်သည်နှင့် လုယွီ၏လက်အောက်သို့ ဝင်ရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့လေ၏။
သို့ရာတွင် လန်ဝူရှင်းသည် မည်သို့ဆက်ဖြစ်မည်ကိုသိရှိသဖြင့် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချခဲ့သော်လည်း တခြားအကြီးအကဲများသည် ထိုသို့တွေးတောခြင်းမပြုချေ။
ထို့ကြောင့် အထွတ်အထိပ်ဂိုဏ်းသို့ လန်ဝူရှင်းပြန်ရောက်လာပြီး မကြာမီမှာပင် အကြီးအကဲတစ်စု၏ဖိနှိပ်ခြင်းကို ခံရလေ၏။
ယခုချိန်၌ အထွတ်အထိပ်ဂိုဏ်းတစ်ဂိုဏ်းလုံး နောင်အသစ်ခန့်အပ်မည့် ဂိုဏ်းချုပ်နေရာအတွက် ယှဥ်ပြိုင်နေကြသည်။ဤကဲ့သို့အချိန်အခိုက်အတန့်တွင် လုယွီ ရောက်ရှိလာမည်ဟု သူတို့အားလုံး မျှော်လင့်ထားမိခြင်းမရှိချေ။
"လန်ဝူရှင်း အခုဘယ်နေရာမှာလဲ"
လုယွီက မေးမြန်းသည်။
ထိုအကြီးအကဲက တုံ့ပြန်ပြောဆိုသည်။
"ရူးသွပ်နတ်ဆိုးနန်းတော်...သူ့ကို သွားတွေ့ဖို့အတွက် အရှင်တပ်မှူးက ငါတို့နဲ့အတူလိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်"
အကြီးအကဲတစ်စုသည် လုယွီ၏နောက်၌ မတ်တတ်ရပ်နေကာ သူ ဒေါသထွက်မည်ကို ထိတ်လန့်ကြောက်ရွံနေသဖြင့် စကားပင်မပြောဝံ့ကြချေ။
ဤသည်မှာ ခွန်အား၏ခြိမ်းခြောက်နိုင်မှုပင်။
လုယွီ၏တိုက်ခိုက်မှုသည် ယွဲ့ချင်အား ချက်ချင်းသတ်ဖြတ်နိုင်ခဲ့မှုမှတဆင့် သူ၏အစစ်အမှန်ခွန်အားကို ပြသပြီးလေပြီ။
"လမ်းပြပေးကြစမ်း"
လုယွီက ပြောဆိုလိုက်၏။
ဤအကြီးအကဲများရောက်ရှိလာခြင်းမှာ လုယွီအားစမ်းသပ်ရုံသက်သက်ပင်။တောင်ကြားအတွင်း၌ ပို၍အစွမ်းထက်သောကျင့်ကြံသူများ ပုန်းအောင်းနေသည်ကို လုယွီက အာရုံခံမိသည်။
Chapter 3556
ဤလူများသည် ထွက်ပေါ်လာခြင်းမရှိသော်လည်း လုယွီသည် သူတို့အား အလွတ်ပေးရန်ရည်ရွယ်မထားချေ။
"နားထောင်ကြစမ်း..."
"လန်ဝူရှင်းက ငါ့ရဲ့နောက်ကိုလိုက်ဖို့ ရွေးချယ်ပြီးမှတော့ သူက ငါ့ရဲ့လက်အောက်ငယ်သားဖြစ်သွားပြီ....သူ အဆင်ပြေနေရင် ဘာမှမဖြစ်ဘူး...ဒါပေမယ့် တကယ်လို့ မင်းတို့ကြောင့် သူ ဒဏ်ရာတစ်ခုခုရထားရင် အထွတ်အထိပ်ဂိုဏ်းက ဆက်ပြီးတည်ရှိနေစရာမလိုတော့ဘူး"
လုယွီ၏အသံက တောင်ကြားတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ပြင်ပမှစောင့်ကြည့်နေသူများပင်လျှင် လုယွီ၏အေးစက်စက်အသံကို ကြားနိုင်ပေ၏။
"ခုဏက ဝင်သွားတဲ့တစ်ယောက်က လက်ဝဲစစ်တပ်ရဲ့တပ်မှူးလုယွီလား..."
"လုယွီက အထွတ်အထိပ်ဂိုဏ်းထဲကို ဝင်သွားတာပေါ့...ဒီသတင်းကို ဂိုဏ်းဆီအမြန်သတင်းပြန်ပို့ကြစမ်း"
အထွတ်အထိပ်ဂိုဏ်း၏နံဘေးပတ်ဝန်းကျင်တွင် တခြားဂိုဏ်းအင်အားစုများမှ သူလျှိုအမြောက်အများရှိနေလေ၏။
သူတို့သည် လုယွီ၏အသံကိုကြားချိန်တွင် သူတို့၏စိတ်နှလုံးသားများ တုန်ရီသွားသည်။ထို့နောက် သူတို့သည် သူတို့၏သက်ဆိုင်ရာဂိုဏ်းများဆီသို့ အလျှင်အမြန် အကြောင်းကြားကြတော့သည်။
ဤအချိန်အခိုက်အတန့်တွင် အထွတ်အထိပ်ဂိုဏ်းတစ်ဂိုဏ်းလုံး လုံးလုံးလျားလျား တိတ်ဆိတ်ငြိမ်သက်နေသည်။
အချိန်အတော်ကြာမှသာ လူအိုကြီးတစ်ယောက်၏အသံက တောင်ကြားအတွင်းမှ ထွက်ပေါ်လာသည်။
"ငါတို့က လန်ဝူရှင်းကို ဘာထိခိုက်ဒဏ်ရာရအောင်မှ လုပ်မထားဘူး...သူ့ကို ဖိနှိပ်ထားရုံသက်သက်ပဲ"
"အဲ့ဒီလိုဖြစ်ရင်တော့ အကောင်းဆုံးပဲ"
သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ အရိပ်အယောင်များက လုယွီ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
အကယ်၍ အထွတ်အထိပ်ဂိုဏ်းသည် သူ၏လက်အောက်ငယ်သားကို ထိဝံ့ပါက လုယွီသည် အလွန်မောက်မာထောင်လွှားနေသော ဤနတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းလုံးကို အမြစ်ပြတ်သုတ်သင်ရန် ဝန်လေးနေမည်မဟုတ်ချေ။
သူတို့သည် တောင်ကြားလမ်းတလျှောက် ပျံသန်းလာခဲ့ပြီးနောက် အထွတ်အထိပ်ဂိုဏ်းတစ်ဂိုဏ်းလုံးတွင် ထူထပ်သိပ်သည်းသောမြူခိုးများလွှမ်းခြုံနေသည်ကို သူ မြင်တွေ့လိုက်ရသည်။ထို့ကြောင့် ပြင်ပရှိလူများသည် အတွင်း၌မည်သည့်ကိစ္စများဖြစ်ပျက်နေသည်ကို တွေ့မြင်နိုင်ရန် လွန်စွာခက်ခဲပေမည်။
ပတ်ဝန်းကျင်ရှိတောင်နံရံများသည် မျက်နှာပြင်မညီမညာဖြစ်နေပြီး မတ်စောက်သည်။ရံဖန်ရံခါ မြူခိုးများအကြားမှ ထူးဆန်းသောဟိန်းဟောက်သံများ ထွက်ပေါ်လာသဖြင့် လူအများအား သူတို့၏နှလုံးသားအောက်ခြေမှလာသည့် ရှင်းမပြနိုင်သောထိတ်လန့်ကြောက်ရွံမှုမျိုးကို ပေးစွမ်းနိုင်သည်။
ထိုမြူခိုးများကိုဖြတ်ကျော်ပြီးနောက် တောင်ထိပ်တစ်ခုပေါ်တွင် ရှေးဆန်ပြီးကြီးကျယ်ခမ်းနားသော နန်းတော်တစ်ခုတည်ရှိသည်ကို တွေ့မြင်ရပေ၏။
ဤနန်းတော်၏ဖွဲ့စည်းတည်ဆောက်ပုံသည် ယခုလက်ရှိကောင်းကင်ဘုံနယ်မြေ၏ ဗိသုကာလက်ရာများနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားသည်။
ပြားချပ်သောခေါင်မိုးကို ရှည်လျားပြီးဖြောင့်တန်းသော တိုင်လုံးများက ထောက်ကန်ထားသည်။ကျောက်နံရံများသည် အလွန်အမင်းမာကျောကြမ်းတမ်းကာ အုတ်ချပ်တိုင်းတွင် အချိန်၏တိုက်စားမှုကို ခံခဲ့ရပုံဖြင့် ခြစ်ရာများအပြည့်ရှိနေသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် အနီးကပ်ကြည့်ရှုပါက ထိုကျောက်တုံးအုတ်ချပ်များ၏မျက်နှာပြင်များပေါ်တွင် ရှေးဟောင်းသင်္ကေတအက္ခရာများနှင့်အတူယှဥ်တွဲ၍ ဆင်ပုံအမှတ်အသားများရှိနေကာ အလွန်အမင်းရှေးကျပေ၏။
ခန်းမ၏အလယ်ဗဟိုတွင် ကြေးနီရုပ်ထုကြီးတစ်ခုရှိနေသည်။
ထိုရုပ်ထုသည် သူ၏ခန္ဓာကိုယ်ကိုသားရဲတစ်ကောင်၏အရေပြားခြုံလွှမ်းထားသည့် လူရိုင်းတစ်ယောက်၏ပုံပန်းသွင်ပြင်မျိုးရှိနေလေ၏။သူသည် အရပ်ရှည်ပြီး ထွားကျိုင်းသန်မာပုံရကာ သူ၏လက်ဝဲဘက်လက်သည် သာမာန်လူသားများနှင့် ကွဲပြားခြားနားခြင်းမရှိချေ။သို့ရာတွင် သူ၏လက်ယာဘက်လက်ပေါ်တွင် အနက်ရောင်မီးတောက်တစ်ခု တွယ်ကပ်နေကာ ရှည်လျားသော မီးတောက်ဓားရှည်တစ်လက်အဖြစ် ဖွဲ့စည်းသွားသည်။
ထိုလူရိုင်းသည် အမွှေးရှည်ဆင်ကြီးတစ်ကောင်ပေါ်၌ထိုင်နေကာ သူ၏ဆံပင်များကို ခပ်လျော့လျော့စည်းနှောင်ထားပြီး အော်ဟစ်ကြုံးဝါးနေပုံဖြင့် သူ၏ပါးစပ်ကို ဖွင့်ဟထားသည်။
ထိုရုပ်ထုကိုကြည့်ခြင်းအားဖြင့် သူ၏ဒေါသတကြီးအော်ဟစ်သံကို ကြည့်မိသူ၏နားများအတွင်း၌ ကြားရနိုင်သည်။လူရိုင်း၏ပုံပန်းသွင်ပြင်သည် သူ၏စိတ်နှလုံးသားအတွင်း၌ ခတ်နှိပ်ထားသည့်အလား စွဲထင်သွားကာ လူအများအား ထိတ်လန့်ကြောက်ရွံခြင်းကို ခံစားရစေပေမည်။
"ဒါက မင်းတို့အထွတ်အထိပ်ဂိုဏ်းက ရူးသွပ်နတ်ဆိုးကို ဝတ်ပြုကိုးကွယ်တာလား"
လုယွီက ထိုလူရိုင်းရုပ်ထုကို စောင်းငဲ့၍ကြည့်လိုက်၏။
ရူးသွပ်နတ်ဆိုးမျိုးနွယ်သည် နတ်ဆိုးခန္ဓာကိုယ်ရှိသော်လည်း လူသားသွေးမျိုးဆက်တစ်ဝက်ကို ပိုင်ဆိုင်ထားသဖြင့် လူသားတစ်ဝက်နတ်ဆိုးတစ်ဝက်တည်ရှိမှုမျိုးပင်။
ထိုမျိုးနွယ်၏ဘိုးဘေးသည် ကောင်းကင်ဘုံနယ်မြေမှ ရှေးဟောင်းနတ်ဘုရားတစ်ပါးဖြစ်သည်။သို့ရာတွင် နောက်ပိုင်း၌ သူသည် အပြစ်တစ်ခုကြောင့် သေမျိုးလောကအတွင်း၌ ပျောက်ကွယ်သွားကာ သူ၏သွေးမျိုးဆက်သည်လည်း ကျိန်စာသင့်ခဲ့ရသည်။ထိုအချိန်မှစ၍ သူတို့သည် ဤပုံစံအတိုင်း ဖြစ်လာခဲ့လေ၏။
ရူးသွပ်နတ်ဆိုးများသည် အလွန်အမင်းကြမ်းရှသော ရှေးဟောင်းကုန်းမြေများထံသို့ နယ်နှင်ဒဏ်ပေးခြင်း ခံခဲ့ရသည်။သူတို့ထံတွင် အရင်းအမြစ်များမရှိရသည့်အပြင် သူတို့နေထိုင်ရသော ပတ်ဝန်းကျင်သည် အလွန်ကြမ်းတမ်းပေ၏။အသက်ရှင်သန်နိုင်ရန်အလို့ငှာ သူတို့သည် သဘာဝအလျောက်သွေးဆာသူများဖြစ်လာပြီး ပတ်ဝန်းကျင်ရှိတခြားမျိုးနွယ်များကို တိုက်ခိုက်လုယက်ကြတော့သည်။
ထို့ကြောင့် ရူးသွပ်နတ်ဆိုးများသည် ကလေးဘဝမှ အရွယ်ရောက်လူငယ်ဖြစ်သည်အထိ အလွန်ထူးခြားသန်မာသော ခွန်အားမျိုးကို ပိုင်ဆိုင်ထားသည်။အလွန်နည်းပါးသောကျင့်ကြံသူတချို့သာ သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်းရှိသည်။
"ဒါကအမှန်ပဲ...ငါတို့အထွတ်အထိပ်ဂိုဏ်းရဲ့ကျင့်ကြံနည်းစနစ်တွေအားလုံးက ရူးသွပ်နတ်ဆိုးမျိုးနွယ်ကနေ ဆင်းသက်လာခဲ့တာ"
ထိုအကြီးအကဲသည် အနည်းငယ်အံ့အားသင့်သွားပေ၏။လုယွီသည် အလွန်အသိပညာဗဟုသုတကြွယ်ဝကာ အကြည့်တစ်ချက်ဖြင့် ရုပ်ထု၏မူရင်းဇစ်မြစ်ကို ပြောဆိုနိုင်မည်ဟု သူ မျှော်လင့်မထားမိချေ။
လုယွီသည် ထိုသို့ထုတ်ဖော်ပြောဆိုလာသဖြင့် သူသည် ဖုံးကွယ်ထား၍မရတော့ဘဲ အမှန်အတိုင်းပြောဆိုလိုက်ရသည်။
"ဂိုဏ်းချုပ်က အဲ့ဒီထဲမှာ ပိတ်လှောင်ခံထားရတယ်...ဒါပေမယ့် ဒါက ငါတို့ဂိုဏ်းရဲ့အဆင့်မြင့်အကြီးအကဲဆယ်ယောက်ကျော် အတူပူးပေါင်းပြီးတော့မှ ဝင်္ကပါတစ်ခုဖွဲ့စည်းပြီး သူ့ကိုပိတ်လှောင်ထားခဲ့တာ"
Chapter 3557
"အဲ့ဒီဝင်္ကပါကိုဖွင့်နိုင်ဖို့အတွက် အနည်းဆုံး ငါတို့ဂိုဏ်းရဲ့ အဆင့်မြင့်အကြီးအကဲတချို့လိုအပ်တယ်...ဒါပေမယ့် အခုချိန်မှာ အကြီးအကဲတချို့က ဂိုဏ်းကနေထွက်သွားပြီးတော့ ခုထိပြန်ရောက်မလာသေးဘူး...ဒါကြောင့် ကျေးဇူးပြုပြီးတော့ အရှင်တပ်မှူးက အထွတ်အထိပ်ဂိုဏ်းမှာ ရက်နည်းနည်းလောက်နေပြီး စောင့်ပေးပါအုံး"
အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးတောမိပုံဖြင့် ပြောဆိုလိုက်၏။
သူ ပြုလုပ်လိုက်သော မျက်နှာအမူအယာမှာ သူသည် တစ်စုံတစ်ခုကို ရုတ်တရက် အမှတ်ရသွားသည့်အလားပင်။
သို့ရာတွင် လုယွီသည် ထိုအကြီးအကဲ၏နံဘေး၌ စိတ်ဝိညာဥ်အားလှိုင်းဂယက်များ လှုပ်ခတ်သွားသည်ကို ရှင်းရှင်းလင်းလင်း အာရုံခံမိသည်။
တစ်စုံတစ်ယောက်သည် သူ့အား ဤသို့ပြောဆိုရန် ညွှန်ကြားလိုက်ခြင်းဖြစ်သည်မှာ သိသာထင်ရှားလှ၏။
ယခုချိန်၌ အထွတ်အထိပ်ဂိုဏ်းကို ချိပ်ပိတ်ထားလေရာ မည်သည်ကြောင့် ယခုထိတိုင် ပြန်ရောက်မလာသေးသော အဆင့်မြင့်အကြီးအကဲဟူ၍ ရှိနေမည်နည်း။
ဤသည်မှာ လုယွီကို တမင်သက်သက်အခက်တွေ့အောင် ပြုလုပ်ခြင်းဖြစ်ပေမည်။
အကယ်၍ ထိုအဆင့်မြင့်အကြီးအကဲများသည် တစ်နှစ် နှစ်နှစ်ကြာသည့်တိုင် ပြန်ရောက်မလာပါက လုယွီသည် ဤနေရာ၌ မည်မျှကြာကြာစောင့်ဆိုင်းနေရမည်နည်း။
လုယွီ၏မျက်နှာပေါ်၌ သုန်မှုန်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။သူသည် သူ၏နောက်မှ တောင်ကြားအတွင်းရှိ အမှောင်ထုကြီးကိုကြည့်ကာ ပြောဆိုလိုက်၏။
"မင်းတို့က ငါနဲ့ကစားဖို့ ကြိုးစားနေကြတာလား"
မည်သို့ပင်ဆိုစေကာမူ အထွတ်အထိပ်ဂိုဏ်းသည် နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းပင်။ဤနတ်ဆိုးကျင့်ကြံသူများသည် သူတို့၏ဂိုဏ်းမှအကြီးအကဲများကို သတ်ဖြတ်ခဲ့သောလုယွီကို မည်သည့်နည်းဖြင့် အလွတ်ပေးနိုင်မည်နည်း။
လန်ဝူရှင်းကို သူ ခေါ်ဆောင်သွားရန်မှာ လွယ်ကူသောကိစ္စတစ်ရပ် မဟုတ်နိုင်ချေ။
"အရှင်တပ်မှူး...ကျေးဇူးပြုပြီးတော့ မင်းရဲ့ဒေါသတွေကို လျှော့လိုက်ပါ....ဒီရူးသွပ်နတ်ဆိုးနန်းတော်က ငါတို့အထွတ်အထိပ်ဂိုဏ်းက ရူးသွပ်နတ်ဆိုးကို ဝတ်ပြုတဲ့နေရာပဲ...ပြီးတော့ အမွေအနှစ်တွေကိုဆက်ခံတဲ့ နေရာလည်းဖြစ်တယ်...ဒီနန်းတော်အတွင်းမှာ ရှေးဟောင်းရူးသွပ်နတ်ဆိုးရဲ့စွမ်းအားတွေ ကိန်းအောင်းနေတယ်....အခုချိန်က ယဇ်ပူဇော်မယ့်အချိန်မဟုတ်သေးဘူး...ဒါကြောင့် အထဲကိုဝင်သွားမယ်ဆိုရင် အရမ်းအန္တရာယ်များလိမ့်မယ်...မင်း အပြင်မှာပဲ ရက်နည်းနည်းလောက် စောင့်နေလိုက်ပါ...ငါတို့ဂိုဏ်းက အဆင့်မြင့်အကြီးအကဲတချို့ ပြန်ရောက်တာနဲ့....ငါတို့က ဂိုဏ်းချုပ်လန်ကို အပြင်ပြန်ထုတ်ပေးမှာပါ"
အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲက အပြုံးနှင့်ပြောဆိုသည်။
လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ကာ အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲ၏သတိပေးချက်ကို လျစ်လျှူရှုထားသည်။သူသည် တံခါးကိုတွန်းဖွင့်ကာ ရူးသွပ်နတ်ဆိုးနန်းတော်အတွင်းသို့ လျှောက်လှမ်းဝင်လိုက်၏။
ဘုန်း....
လုယွီ အတွင်းသို့ဝင်ရောက်ပြီးနောက် နန်းတော်၏သံတံခါးကြီး ပြန်ပိတ်သွားသည်။
လုယွီ ဝင်သွားသည်ကိုကြည့်ပြီး အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲ၏မျက်နှာပေါ်၌ အေးစက်စက်အပြုံးတစ်ခု ထင်ဟပ်လာသည်။
"သူက လောကကြီးရဲ့အကြောင်းကို အတွေ့အကြုံမရှိတဲ့ လူငယ်တစ်ယောက်ပဲ...စကားလုံးနဲ့ရန်စတာကိုတောင် သူက သည်းမခံနိုင်ဘူး....ဒီနန်းတော်ထဲကို ဘယ်လိုလုပ်ပြီးတော့ အလွယ်တကူဝင်ရောက်လို့ရမှာလဲ"
သူ၏နောက်ရှိ တခြားအကြီးအကဲတစ်ယောက်က စိုးရိမ်ပူပန်နေသောမျက်နှာအမူအယာဖြင့် ပြောဆိုလိုက်၏။
"တကယ်လို့ ငါတို့က သူ့ကို လှောင်ပိတ်ထားမယ်ဆိုရင်...တော်ဝင်နန်းတွင်းကို ဆန့်ကျင်ရာမကျဘူးလား...အကြီးအကဲတို့....ငါတို့ ဒီလိုလုပ်လို့ဖြစ်ပါ့မလား"
နတ်ဆိုးကျင့်ကြံသူများသည် အမြဲတစေ မောက်မာထောင်လွှားသူများဖြစ်သည်။
သို့ရာတွင် တော်ဝင်နန်းတွင်းနှင့် ရင်ဆိုင်ရချိန်တွင်မူ သူတို့သည် နှစ်ကြိမ်ပြန်စဥ်းစားရန် လိုအပ်နေဆဲပင်။
မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးအတွင်း၌ တာယွီတော်ဝင်နန်းတွင်းသည် အကြီးမားဆုံးအင်အားစုကြီးဖြစ်ပေ၏။ဂိုဏ်းတစ်ဂိုဏ်း၏အင်အား မည်မျှပင်ကြီးထွားသန်မာနေပါစေ တော်ဝင်နန်းတွင်း၏ရှေ့တွင် အရာရောက်ခြင်းမရှိချေ။
အထွတ်အထိပ်ဂိုဏ်းသည် လက်ဝဲစစ်တပ်နယ်မြေ၏ ထိပ်သီးအင်အားစုသုံးစုအနက်မှတစ်ခုဖြစ်သည့်တိုင် အကယ်၍ တော်ဝင်စစ်တပ်သည် သူတို့အားအမှန်တကယ်ရင်ဆိုင်ရန် လက်တံဖြန့်လာပါက သူတို့ ခုခံကာကွယ်နိုင်မည်မဟုတ်ပေ။
"မင်းတို့ ဘာတွေကြောက်နေကြတာလဲ...ဒါက မဟာအကြီးအကဲရဲ့အစီအစဥ်ပဲ...သူ့ကို နည်းနည်းလောက်ခံစားရအောင်လုပ်ပြီးမှ ပြန်ထုတ်ပေးလိုက်တာက အကောင်းဆုံးဖြစ်လိမ့်မယ်...သူ လုယွီက အခုမှ လက်ဝဲစစ်တပ်နယ်မြေကိုရောက်လာတာ....ဒီအချိန်က သူ့ရဲ့နာမည်ဂုဏ်သတင်းကို တည်ထောင်ရမယ့် အဖိုးတန်အချိန်ပဲ....တကယ်လို့ သူ ဒီနေရာမှာ တော်တော်များများ ခံစားသွားရရင်တောင် သူ ဘယ်သူကိုမှ ထုတ်ပြောမှာမဟုတ်ဘူး...သူ ကြိတ်မှိတ်ပြီး သည်းခံနေလိမ့်မယ်"
ထိုအဖြူရောင်ဝတ်စုံဝတ်အကြီးအကဲက ရူးသွပ်နတ်ဆိုးနန်းတော်ကိုကြည့်ကာ သရော်တော်တော်ပြောဆိုသည်။
"ပြီးတော့ တကယ်လို့ ဒီရူးသွပ်နတ်ဆိုးနန်းတော်ထဲမှာ သူ တစ်ခုခုဖြစ်သွားတယ်ဆိုရင်တောင်....သူက အဆင်အခြင်မဲ့ပြီးတော့ ခေါင်းမာမာနဲ့ အထဲကိုဝင်သွားလို့ပဲ...ငါတို့က သူ့ကို ဖိအားပေးပြီးဝင်ခိုင်းတာမဟုတ်ဘူး..သူက သူ့ရဲ့အကန့်အသတ်ကို သူ မသိဘူး..တကယ်လို့ သူ အဲ့ဒီထဲမှာသေသွားရင်တောင် ငါတို့နဲ့ဘာမှမဆိုင်ဘူး"
လုယွီသည် ရူးသွပ်နတ်ဆိုးနန်းတော်အတွင်း၌ အဆုံးသတ်ကောင်းမည်ဟု မည်သူကမျှ တွေးထင်ထားခြင်းမရှိချေ။
အထွတ်အထိပ်ဂိုဏ်းဝင်များအတွက်ပင် ဤရူးသွပ်နတ်ဆိုးနန်းတော်ကို တားမြစ်နေရာအဖြစ် သတ်မှတ်ထားသည်။အချိန်အတိုင်းအတာတစ်ခုရောက်မှသာ တစ်စုံတစ်ယောက်သည် ဤနေရာအတွင်းသို့ ဝင်ရောက်နိုင်ပေမည်။
အကြီးအကဲတချို့သည် ရူးသွပ်နတ်ဆိုးနန်းတော်အတွင်းသို့ သူတို့ဝင်ရောက်ခဲ့သည့်အချိန်ကို ပြန်လည်တွေးတောမိချိန်တွင် သူတို့အားလုံး ကူကယ်ရာမဲ့စွာဖြင့် တုန်ရီသွားသည်။
ဤအချိန်အခိုက်အတန့်တွင် ရူးသွပ်နတ်ဆိုးနန်းတော်အတွင်း၌....
လုယွီသည် နန်းတော်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် သူ အမှောင်ထုအတွင်းသို့ရောက်ရှိနေကြောင်း သိရှိသွားပေ၏။
နန်းတော်တစ်ခုလုံး ပိန်းပိတ်သည်အထိမှောင်မည်းနေကာ သူ၏လက်ချောင်းများကိုပင် သူ ပြန်မမြင်တွေ့နိုင်ချေ။ထောင့်တစ်နေရာ၌ရှိနေသော ညလင်းပုလဲတချို့ထံမှသာ ခပ်ဖျော့ဖျော့အလင်းရောင်များ ဖြာထွက်နေသည်။